29 December, 2009

နှစ်သစ်အကြို

အိမ်ကို တစ်ပတ်လောက် ပြန်မှာမို့ Net သုံးဖြစ်မယ် မထင်ပါ...။ အိမ်မှာလည်း ကောင်းကောင်းအနားယူရမှာ မဟုတ်ပါဘူး..။ ပြန်လာရင် စာမေးပွဲလေး တစ်ခု ရှိလို့ စာလည်း နည်းနည်းတော့ ကြည့်ရဦးမယ်...။


ပြန်ကာနီး ကဗျာလေး တစ်ပုဒ် ကောက်ရေးပြီး တင်လိုက်တာပါ...။ တစ်ပတ်လောက်တော့ ပျောက်နေပါဦးမယ်...။ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ...။




၂၀၁၀ က တာဝန်လွှဲပြောင်းဖို့ကို
တံခါးဝမှာ ရပ်စောင့်နေတော့
၂၀၀၉ က သူ့တာဝန်ပြီးပြီဆိုပြီး
ဒီဇင်ဘာက သူ့လက်အေးကြီးထဲက
သက္ကရာဇ်ကို လွှတ်ချ...
၂၀၁၀ ဇန်နဝါရီက
ကမန်းကတမ်း လှမ်းဖမ်းလိုက်ရတယ်။


သူငယ်ချင်း..
မင်းလည်း
အသက်တစ်နှစ်ကြီးလာပြီ၊
လောဘ၊ ဒေါသ တွေလျှော့ပြီး
လွတ်လွတ်လပ်လပ် ရယ်လိုက်ပါ...
ဘဝက တိုတိုလေးပဲ...၊
ဘယ်သူ့မှ အာဃာတ မထားပဲ
လွယ်လွယ်ခွင့်လွှတ်လိုက်ပေါ့။
၂၀၀၉ က အမှားတွေ အတွက်လည်း 
နောင်တ မရကြေးလေ...။
၂၀၁၂ မှာ 
ကမ္ဘာကလည်း ပျက်ချင်ပျက်တော့မှာ မဟုတ်လား...။


၂၀၁၀ နှစ်သစ်မှာ
ငြီးငွေ့နေတဲ့ အဟောင်းတွေ စွန့်ပစ်

ပန်းတိုင်သစ်တွေချပြီး
လုပ်ချင်တဲ့ အရာတွေကိုသာ
ပျော်ပျော်ပါးပါး ဆက်လုပ်ကြတာပေါ့
သူငယ်ချင်း...။


သိင်္ဂါကျော်
29.12.2009
11:47 AM



ဒါလေးကတော့ မနှစ်က နှုတ်ဆက်ထားတဲ့ ကဗျာလေးပါ။



27 December, 2009

The 8th Myanmar ICT Week, Yatanarpon


ဒီ Post က မထင်မှတ်ပဲ 100 မြောက် Post ဖြစ်သွားပါတယ်...။ အခု ကျင်းပနေဆဲ ဖြစ်တဲ့ ICT week အမှတ်တရ ပုံလေးတွေပါ...။

ကားလမ်းပေါ်က အထိမ်းအမှတ်မုခ်ဦး (ခဏခဏ ဖြတ်သွားနေပေမယ့် ခုမှပဲ ရိုက်ဖြစ်တော့တယ်...)


   အဝင်ဝက ကြော်ငြာ...။


   စစချင်း မြင်ရမယ့် Yatanarpon Teleport အဆောက်အအုံ။


   ပြပွဲ ကျင်းပတဲ့ Cyber Hall အဆောက်အအုံကို ဘေးကနေ မြင်ရတဲ့ပုံ...။


 
   Cyber Hall ရှေ့ဘက်...။





သိပ်မစည်ကားတဲ့ ပြပွဲ အတွင်းဘက်...။


 
 





သိင်္ဂါကျော်
27.12.2009

22 December, 2009

ခရစ္စမတ်ချစ်သူ


ဒီဇင်ဘာ မို့ အပူချိန် Minus ရောက်နေပေမယ့် နှင်းတွေတော့ မကျသေးပါ။ ထုံးစံအတိုင်း မနက်မိုးအလင်းမှာ နေရောင်လင်းလာပေမယ့် အပူဓါတ်ကိုတော့ သိပ်မရ။ ကိုရီးယားမှာ နှစ်နှစ်ရှိခဲ့ပြီမို့ ဒီရာသီဥတုနဲ့တော့ အကျွမ်းတဝင် ရှိနေပါပြီ။ သူက ဒီဇင်ဘာမွေး၊ အေးတာကိုလည်း သဘောကျသူမို့ ဒီနိုင်ငံ ရာသီဥတုကို စိတ်မပျက်ပါ။ ကြိုးစား ရုံးကန်ရပေမယ့်လည်း ဒီမှာ စာသင်ရတာကိုလည်း သဘောကျပါသည်။ ဆရာတွေကလည်း တော်ကြသည်။ သဘောကောင်းကြပါသည်။ တစ်ခုပဲ ရှိသည်။ ဘာသာရေးနှင့် ပတ်သက်လို့တော့ ဆရာက အရမ်းဆွဲဆောင်ချင်သည်။ အဲဒီဆရာကလည်း သူတို့ အတန်းရဲ့ အဓိက ဆရာမို့ ငြင်းဆန်ဖို့ မဖြစ်နိုင်ပါ။ သူကယောင်္ကျားလေးလည်း ယောင်္ကျားလေးမို့ ဘာသာရေးကို ပြင်းပြင်းထန်ထန် မလုပ်ဖြစ်ပေမယ့် မိရိုးဖလာ ယုံကြည်မှုကတော့ ဖျောက်ဖျက်မရသော ယုံကြည်မှု အဖြစ်ရှိနေခဲ့ပြီးသား။ သူ့မိဘတွေကလည်း ဗုဒ္ဓဘာသာဝင် စစ်စစ်တွေ ဆိုတော့ ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး သိသင့်သလောက် သိသော်လည်း ဆရာ့ကို ပြန်ရှင်းပြလောက်သည်အထိ မတတ်ကျွမ်းတော့ ဒီအတိုင်းပဲ ပြောတာနားထောင်နေလိုက်သည်။ အဲလိုနဲ့ပဲ သူအပါအဝင် မြန်မာကျောင်းသား အားလုံးက ဆရာတွေနှင့် ဆက်ဆံရေး အဆင်ပြေဖို့ပဲ ရည်ရွယ်ပြီး Sunday School လည်း အပတ်တိုင်း တက်ဖြစ်နေကြသည်။ သောကြာ ညနေတိုင်း ရှိသော Bible Study ချိန်ကိုလည်း မပျက်ကွက်ရဲပါ။ ဆရာပြောဖူးသော စကားတစ်ခွန်းကို တော့ သူ ဘယ်တော့မှ မမေ့။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ များလို့ ဆင်းရဲနေတာ … တဲ့။ သူတို့ မြန်မာတွေ အားလုံး မခံချင်ပေမယ့် ပြန်မပြောတတ်လို့ ငြိမ်နေခဲ့ရသည်။ မပြန်ခင် တစ်နေ့နေ့ တော့ ဆရာ နားလည်အောင် ပြန်ပြောခဲ့ချင်ပါသည်။

သူမနှင့် စတွေ့ရတာလည်း Sunday School မှာပဲ ဖြစ်ပါသည်။ သူမတို့ အဖွဲ့က သူတို့ တက္ကသိုလ်က Conference တစ်ခုကို တက်ရောက်ရန် လာခြင်း ဖြစ်သည်။ သူမတို့ကလည်း သူတို့ ဆရာရဲ့ ဖိတ်ခေါ်မှုနဲ့ ရောက်လာကြသူများမို့ ရောက်ရောက်ချင်း ညဘက်မှာပဲ Sunday School ကို ရောက်လာကြခြင်း ဖြစ်သည်။ သူတို့အဖွဲ့ထဲက မိန်းကလေးတွေ အားလုံး နှင်းကာကုတ်အင်္ကျီရှည်ကြီးများ ဝတ်ထားကြသည်။ အပူပိုင်းနိုင်ငံက လာသူများ ထုံးစံ အတိုင်း ဒီရာသီဥတုကို စိုးရိမ်တကြီးနှင့် ပြင်ဆင်လာခဲ့ခြင်း ဖြစ်ဟန်တူသည်။ ဒီနိုင်ငံက မိန်းကလေးများကတော့ ဒီလို အင်္ကျီမျိုး ဝတ်လေ့မရှိကြပါ။ ဘယ်လောက်ချမ်းချမ်း ဖက်ရှင်ကျကျပဲ ဝတ်လေ့ရှိကြသည်။ အဲဒီလို နှင်းကာဂျာကင်မျိုးကို ယောင်္ကျားလေးများသာ ဝတ်လေ့ရှိတာပါ။ သူမတို့ ပုံစံက တစ်ခြားနိုင်ငံက ဆိုတာ သိသာနေသည်။ ထိုအဖွဲ့ကို မြင်မြင်ချင်းမှာပင် သူမကို သတိထားမိသွားခြင်း ဖြစ်သည်။ သူမက ချောလွန်း၊ တောက်ပလွန်းလို့တော့ မဟုတ်ပါ။ သူမက သူတကာထက် ဘာမှ ထူးထူးခြားခြား မရှိပါ။ သို့ပေမယ့် မျက်နှာလေးက ကလေးဆန်လွန်းသည်။ အညိုရောင် ဆံပင်ရှည်လေးများ အနားသတ်ထားသော မျက်နှာက အရုပ်မ မျက်နှာမျိုးလေး…။ အနက်ရောင် မျက်လုံးဝိုင်းလေးများက တောက်ပနေသည်။ ဓမ္မသီချင်း ဆိုဖို့ တန်းစီကြတော့ သူမက သူ့ဘေးမှာ ဖြစ်သွားသည်။ သူမ အရပ်ကလေးက သူ့ ပခုံးကိုပင် မမှီချင်။ ဖျတ်ခနဲ သူမကို ခိုးကြည့်မိတော့ မျက်တောင်စိပ်စိပ်တို့ ဝန်းရံထားသော မျက်ဝန်းတစ်စုံကို ဘေးတိုက် မြင်လိုက်ရသည်။ ပွင့်လိုက် ဟလိုက် နှုတ်ခမ်းလေးကို ကြည့်ရင်း သူ့ရင်တွေ ခုန်ချင်သလို ဖြစ်လာသည်။ projector screen က ဆိုနေကြ သီချင်းစာသားများကိုပင် မမြင်ချင်တော့။

သီချင်း ဆိုပြီး အချင်းချင်း မိတ်ဆက်ပေးတော့မှ သူမ နာမည်ကို သိလိုက်ရသည်။ သူမတို့ အဖွဲ့ အားလုံးနှင့် မိတ်ဆက်ပေးသော်လည်း သူမှတ်မိလိုက်တာ သူမ နာမည် တစ်ခုတည်းသာ ဖြစ်ပါသည်။ သူမ နာမည်က နှင်းဖြူဖြူ တဲ့။ သူမက နာမည်နှင့် လိုက်အောင်တော့ အသားမဖြူပါ။ သို့ပေမယ့် ထိုနာမည်လေးကို ကြားလိုက်ရသော သူ့ရင်မှာတော့ အေးမြမြလေး ခံစားလိုက်ရသည်။ သူမပြုံးလိုက်တော့ ပိုချစ်စရာ ကောင်းသွားသည်။ သူမမျက်နှာက သူတွေ့ဖူးသမျှ ကောင်မလေးတွေထဲမှာ အပြစ်အကင်းစင်ဆုံး…၊ အဖြူစင်ဆုံး ပုံစံ ပေါက်သည်။ ထိုတနင်္ဂနွေညက သူ့အတွက် အဓိပ္ပါယ်ရှိသွားလေပြီ။ အဲဒီညက သူမ အတွက် ကဗျာတစ်ပုဒ် ရေးဖြစ်သည်။

*****

သူတို့ ကျောင်းကို သူမတို့ အဖွဲ့ သုံးရက်လောက် လာသည်။ သူမ လာတိုင်းမှာ သူသွားနှုတ်ဆက်ဖြစ်သည်။ သူမကလည်း သူ့ကို မှတ်မိသွားပြီ။ တစ်ညကတော့ ကျောင်းထဲကနေ လိုင်းကား အတူစီးပြီး ညဈေးကို အားလုံး အတူတူ သွားဖြစ်ကြသည်။ နှင်းမကျပေမယ့် အေးစက်နေသော လေက မျက်နှာကို ခပ်ပြင်းပြင်းတိုးဝှေ့နေသည်။ ဒီလို ညမျိုးမှာ သူမ လက်ကို တွဲပြီး လျှောက်ချင်မိသည်။ သူမက ကလေး တစ်ယောက်လို အပြစ်ကင်း ပွင့်လင်းသည်။ ခရစ္စမတ်စ် အတွက် ထုံးစံ အတိုင်း လမ်းတိုင်းမှာ အကြီးအကျယ် မီးတွေ ထွန်းပြီး ပြင်ဆင်ထားကြတာကို တွေ့တော့ သူမက ကလေးတစ်ယောက်လို ပျော်ရွှင်နေသည်။ သူမတို့ မိန်းကလေးတွေကို ဓါတ်ပုံရိုက်ပေးရသည်။ ဦးထုပ်တွေဆောင်း၊ မာဖလာတွေ ပတ်နှင့်မို့ မျက်နှာကိုပင် သိပ်မမြင်ရချင်ပါ။

နောက်တစ်ရက် ကျတော့ ခရစ္စမတ်…။ ဆရာတို့ ခြံကျယ်ကြီးထဲမှာ ပွဲလုပ်တော့ ကျောင်းကလူတွေ အားလုံးနှင့် အတူ သူမတို့ ဧည့်သည်အဖွဲ့လည်း ပါသည်။ သူမ နှင့် သူ အတွေ့အကြုံတွေ တော်တော်များများ ပြောဖြစ်ကြသည်။ သူမတို့ အားလုံးနှင့် သူတို့ ဒီက မြန်မာ ကျောင်းသား အားလုံးလည်း ရင်းနှီး သွားကြသည်။ အမှန်တော့ သူတို့ မြန်မာအားလုံးက ဗုဒ္ဓဘာသာတွေ…။ ဒါပေမယ့် ထုံးစံအတိုင်း ခရစ္စမတ်စ် သီချင်းတွေ အတူ ဆိုကြသည်။ မုန့်တွေ အတူစား.. ဝိုင် အတူ သောက်ကြရင်း အားလုံး ပျော်ပျော်ပါးပါး နွှဲကြသည်။
 

ပြန်ကာနီးတော့ နှင်းတွေ စကျလာသည်။ တဖြည်းဖြည်း… တဖွဲဖွဲ… တစ်စတစ်စ နဲ့ သူတို့ ဦးထုပ်တွေပေါ်မှာ နှင်းစက်တွေ ကပ်ငြိကုန်ကြသည်။ သူမကတော့ ကလေးတစ်ယောက်လို ပျော်ရွှင်နေသည်။ လမ်းတွေ ပေါ်မှာ အဖြူရောင် ဝါဂွမ်းတွေ တစ်ဆုပ်စီကြဲထားသလို ပြန့်ကြဲနေသည်။ လမ်းဘေး သစ်ပင်တွေ ပေါ်မှာလည်း နှင်းတွေ တစ်ဆုပ်စီ တစ်ခဲစီ...။ လက်တွဲတဲ့ အခြေအနေ မဟုတ်ပေမယ့် သူမ အတူ ယှဉ်လျှောက်နေရင်း စည်သူလွင် ရဲ့ သီချင်းတစ်ပုဒ်ကို သတိရမိသည်။ 

“ခရစ္စမတ်စ် နေ့တို့ အဆုံးမသတ်ချင်ဘူး… ဆောင်းနှင်းလေးထဲ တွေ့ခဲ့သူ ချစ်ဦး … အေးချမ်းခြင်းများ ပေးအပ်မယ့်သူ မင်းရယ်… ဒီရင်ခွင်မှာလေ..  ထာဝရ မင်းပဲ ရှိနေမယ်..”
“ဒီ ခရစ္စမတ်စ် ရာ ငွေနှင်းလေး ကျချိန်မှာ ပျော်ခဲ့ပေါ့ မင်းရယ်ငါ .. အို အချစ်များစတဲ့ နေ့မှာပဲ..
အို အချစ်ဆိုတာ ကြယ်ရောင်ရယ်လင်းပြီ .. အချစ်သက်သေရယ်.. တိုင်တည်ထားခဲ့ပြီ ..”

သူမဘက်က သူနဲ့ ပတ်သက်ပြီး တစ်ခုခု လှုပ်ခတ်မှု ရှိမရှိ သူ မသိပေမယ့် … သူ့ရင်ထဲမှာတော့ သူမ ရှိနေခဲ့ပြီ ဆိုတာ သေချာသည်ထက်သေချာနေခဲ့ပြီ။ စိတ်ဝင်စားဖူးသော ကောင်မလေးတွေ ရှိပေမယ့် ဒီလောက်အထိ နှစ်နှစ်ကာကာ တစ်ခါမှ မဖြစ်စဖူး…။ မြင်မြင်ချင်းမှာပင် သူမက သူ့ဖူးစာရှင်ရယ်လို့ နှလုံးသားက သိရှိသွားခဲ့တာ…။ တစ်ချိန်မှာ သူ့နှလုံးသားကို သူမ နားလည်လာမည့် နေ့သို့ ရောက်လိမ့်မည် လို့ သူ မျှော်လင့်ပါသည်။
*****

မြင်မြင်ချင်း ချစ်တယ် ပြောလိုက်ရင် သူမ မယုံကြည်မှာစိုးသည်။ ပြီးတော့ ဧည့်သည်ကို စော်ကားသလို ဖြစ်သွားမှာ စိုးသည်။ ဒါနဲ့ပဲ ခရစ္စမတ် အပြီး နောက်တစ်ရက်မှာ သူမတို့ ပြန်သွားသည် အထိ သူဘာမှ မပြောလိုက်ရပါ။ ဒါပေမယ့် mail တော့ တောင်းထားလိုက်ပါသည်။ သူမရဲ့ gmail ကို invite လိုက်တော့ သူမက လက်ခံလိုက်ပေမယ့် online မှာတော့ သိပ်မတွေ့ဖြစ်ကြပါ။ သူက ညဘက်ကျမှ သုံးဖြစ်သည်။ သူမက နေ့လည်ပဲ သုံးတာများသည်။ သူက forward mail တွေရော... သာကြောင်း မာကြောင်း မေးသည့် mail တွေရော အားတဲ့အချိန်မှာ ပို့ခဲ့ပါသည်။ သူမက တစ်ခါတလေ မှာတော့ ခပ်တိုတို စာပြန်ပါသည်။ သူမ ကျောင်းပိတ်ရက် အိမ်ပြန်မှာတို့… စာမေးပွဲရှိလို့ စိတ်ညစ်နေတာတို့… စသည်ဖြင့် သူမ ဘက်ကလည်း အကြောင်းကြားချင်တာရှိလျှင် သူ့ကို mail ပို့တတ်လာသည်။

နောက်တော့ သူ နေ့ခင်းဘက် သုံးဖြစ်လျှင် သူမနှင့် တစ်ခါတလေ chat ထဲမှာ တွေ့ဖြစ်သည်။ နှုတ်ဆက်ကြသည်။ ကိုယ်လုပ်နေသော Research ရဲ့ အခက်အခဲတွေ အကြောင်း၊ အတွေ့အကြုံတွေ အကြောင်း မျှဝေ ဖြစ်ကြသည်။ တဖြည်းဖြည်းနဲ့ သူတို့ နှစ်ယောက် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေလို ဖြစ်လာသည်။ တကယ်တော့ သူက သူမထက် ၅ နှစ်လောက်တော့ ကြီးပါသည်။ အဲဒါကြောင့်လည်း သူမက သူ့ကို သူငယ်ချင်း တစ်ယောက်လို အပြင် အစ်ကိုကြီး တစ်ယောက်လိုလည်း သဘောထားသည်ဟု ပြောဖူးပါသည်။ သူကတော့ သူမကို ညီမလေး တစ်ယောက်လိုတော့ သဘောမထားနိုင်ပါ။ ဒါပေမယ့် သူ့အချစ်ကလည်း ဖြူဖြူစင်စင် အချစ်သာ ဖြစ်ပါသည်။ ပိုင်ဆိုင်ရတာ.. မပိုင်ဆိုင်ရတာကို အရေးမလုပ်လိုတဲ့ အချစ်မျိုးနဲ့ သူမကို ချစ်မြတ်နိုးမိနေခြင်းသာ။ သူ့ဘက်က ဘယ်လောက် ချစ်နေပေမယ့် လူချင်းတွေ့တာ မဟုတ်ပဲနဲ့တောင် သူမကို ဖွင့်ဟဖို့ ခက်နေခဲ့ပါသည်။ သူမက ရိုးရိုးသားသား ခင်မင်နေတာကို သူက ဖွင့်ပြောလိုက်မှ စိတ်ဆိုးပြီး အခင်အမင် ပျက်သွားမှာလည်း စိုးသည်။ သူ တစ်ယောက်တည်း သူမကို တိတ်တိတ်ဆိတ်ဆိတ် ချစ်နေခွင့် ရတာနဲ့ပဲ လောလောဆယ်တော့ ကျေနပ်နေရပါသည်။
*****

သူမနှင့် စတင်ခင်မင်ခဲ့ပြီး နှစ်နှစ်မြောက် ခရစ္စမတ်မှာ သူ မြန်မာနိုင်ငံကို ခဏပြန်လာခွင့် ရခဲ့ပါသည်။ ကျောင်းကတော့ မပြီးသေး…။ နောက်ထပ် တစ်နှစ်ကျော်လောက် ကျန်ပါသေးသည်။ သူ့အမေကလည်း ကျန်းမာရေး မကောင်းတာ အကြောင်းပြပြီး ပြန်လာခိုင်းသောကြောင့် ခရစ္စမတ် ပိတ်ရက်မှာ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ပြန်ဖို့ စီစဉ်နေကတည်းက သူမကို သတိရပြီး သူမကို တွေ့ဖြစ်အောင် သွားတွေ့မည်ဟု စိတ်ကူးနှင့် ပျော်နေခဲ့သည်။ သူ တစ်ယောက်တည်း ပြုံးနေမိသောကြောင့် သူငယ်ချင်းများကပင် စနောက်ကြသေးသည်။

သူပြန်လာမည် ဆိုတာ သူမကို ပြောလိုက်ပါသည်။ သူမကို ချစ်နေတဲ့ အကြောင်းကိုပါ ဇွတ်တိုးပြီး ပြောလိုက်သည်။ သူနှင့် တွေ့လျှင် အဖြေပြန်ပေးဖို့ စဉ်းစားပါလို့… ပြောပြီး သူမ ဘာမှ ပြန်မပြောခင်မှာ သူက အရင် ထွက်ပစ်လိုက်သည်။ စိတ်ဆိုးလည်း တွေ့မှပဲ တောင်းပန်တော့မည် ဟု စိတ်ကူးသည်။ သူမ အဆောင်ကို သူသိထားသည်။ သွားတွေ့ဖြစ်အောင် တွေ့ရမည်လေ..။

သို့ပေမယ့် သူ ရန်ကုန်ရောက်တော့ သူမက အဆောင်မှာ မရှိတော့ပါ။ ဒီဇင်ဘာကျောင်းပိတ်ရက်မှာ အိမ်ပြန်သွားလေပြီ။ သူမအိမ်က မန္တလေးမှာ ဆိုတာ သိပေမယ့် လိပ်စာ အတိအကျ မသိပါ။ သူမက သူ့ကို စိတ်ဆိုးလေသလား မသိ၊ အိမ်ပြန်တာကို သူ့ကိုလည်း ပြောမသွားပါ။ သူ့မှာ သူမကို တွေ့ချင်လွန်းလို့ အရူးတစ်ပိုင်း ဖြစ်ရတော့သည်။ online တက်တော့လည်း သူမကို မတွေ့ရပါ။ အိမ်ပြန်တုန်းမှာ internet နဲ့လည်း အဆက်ဖြတ်ထားပုံရသည်။ သူမကို mail ပို့ပြီး တောင်းပန်ရင်း တွေ့ချင်ကြောင်း ပြောထားပေမယ့် reply ပြန်မလာပါ။ လေးရက်လောက် အချိန်ကုန်သွားသည်။ သူနေမှာက ၁၀ ရက် တည်း…။ သူမကို မတွေ့ရပဲ ပြန်ရတော့ မလားမသိပါ။

ကံကောင်းချင်တော့ မန္တလေးက သူငယ်ချင်းတွေက သူ့ကို ခရစ္စမတ်လာဖို့ ဖိတ်ကြသည်။ တစ်ယောက်က ခရစ်ယာန်မို့ သူတို့ ခြံထဲမှာ ပွဲလုပ်နေကြ။ ကျောင်းတက်တုန်းက တစ်ခါရောက်ဖူးသည်။ အခု သူပြန်ရောက်နေတာ ကြားပြီး လာလည်ဖို့ ဖိတ်ခြင်း ဖြစ်သည်။ သူကလည်း မန္တလေးကို သွားချင်နေတာနဲ့ အတော်ဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် သူမ ရှိသော မြေကို နင်းရတော့လည်း သူမနှင့် ပိုနီးစပ်လာသလို ခံစားရသည်။ မလာခင် သူမကို သူ မန္တလေး လာမည့် အကြောင်းလည်း mail ပို့လိုက်သည်။ ပြီးတော့ ကဗျာတစ်ပုဒ် လည်း ပို့လိုက်သေးသည်။

မန္တလေးရောက်တော့ Internet ဆိုင်ဝင်ပြီး mail စစ်တော့ သူမ ဆီက စာတစ်စောင် ရောက်နေတာတွေ့တော့ သူပျော်သွားသည်။ သူမက အိမ်ဖုန်းနံပါတ် ပေးထားပြီး နောက် ငါးရက်လောက် မန္တလေးမှာ ရှိဦးမည် ဟု ရေးထားသည်။ အိမ်က ယူလာသည့် သူ့ mobile ဖုန်းနှင့် ချက်ချင်း ဆက်တော့ သူမနှင့် တန်းတွေ့သည်။ သူမက သူ့ကို စိတ်မဆိုးတော့ပါ ဟု ပြောသော်လည်း အိမ်လိပ်စာကိုတော့ လုံးဝမပေး။ အိမ်မှာက သူမ မိဘတွေပါ ရှိမှာ ဆိုတော့ သူ့ကို မလာစေချင်တာ သူ နားလည်နိုင်ပါသည်။ သူမရှက်နေဦးမည် ဆိုတာလည်း နားလည် ပေးလိုက်ပါသည်။ သူမ ရန်ကုန်ပြန်ရောက်ချိန် သူမပြန်ခင် တစ်ခါလောက် တွေ့ဖို့ကိုပင် သူမက သေချာကတိမပေးပါ။ အခုတော့ ဖုန်းပြောရတာလောက်နဲ့ပင် ကျေနပ်လိုက်ရပါသည်။
*****

ခရစ္စမတ်ညချမ်းက ဘယ်နေရာ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် လှပမြဲ လှပနေပါသည်။ သူငယ်ချင်းရဲ့ ခြံထဲမှာ လူတွေ စုံနေလေပြီ။ သူလည်း သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာပြီမို့ စကားပြောလို့ မကုန်နိုင်အောင် ဖြစ်နေဆဲ မှာပဲ.. တစ်ချိန်က သူမနှင့် အတူ ရှိခဲ့ဖူးသော ခရစ္စမတ် တစ်ညကိုလည်း သတိရနေသေးသည်။

သူငယ်ချင်းက သူနှင့် လက်ထပ်တော့မည့် ချစ်သူ ကောင်မလေးနဲ့ သူ့ကို မိတ်ဆက်ပေးမည် ဆိုပြီး မိန်းကလေး အဖွဲ့တစ်ခုနား ခေါ်သွားသည်။ အဲဒီမှာပဲ သူ့ခရစ္စမတ်က ပိုလင်းလက် သွားတော့သည်။ ထိုမိန်းကလေး အဖွဲ့ထဲမှာ သူမပါသည်။ သူမက သူ့သူငယ်ချင်းနှင့်ရော၊ သူငယ်ချင်းရဲ့ ချစ်သူနဲ့ပါ ငယ်သူငယ်ချင်းတွေ ဖြစ်နေသည်။ ကဲ ကောင်မလေးရေ.. ဘာတတ်နိုင်သေးလဲ.. ခုတော့ မင်း မရှောင်နိုင်တော့ဘူး မဟုတ်လား…။ ဖူးစာမှန်လို့ ပြန်တွေ့ကြတယ်လို့ မှတ်လိုက်ရမလား ကောင်မလေးရေ…။

သူငယ်ချင်းတွေက သူတို့ နှစ်ယောက်သိနေကြတာကို အံသြနေကြသည်။ သူမကို တွေ့ရလို့ သူပျော်သွားတာကိုလည်း သူငယ်ချင်းတွေက ရိပ်မိကုန်ကြပြီး ထုံးစံအတိုင်း စကြနောက်ကြတော့သည်။ သူမကလည်း သိပ်တော့ စိတ်ဆိုးပုံမရ…။ သူများတွေ ရှေ့မှာ မို့လား မသိ… အရယ်အမော မပျက်ပါ။ နောက်တော့ သူငယ်ချင်းများက ရှောင်ပေးကြပြီး သူတို့နှစ်ယောက်တည်း စကားပြောဖြစ်ကြသည်။ အဲလိုတော့လည်း သူမက အေးအေးဆေးဆေးပါပဲ။ မပြန်ခင် အလုပ်တွေ ရှုပ်နေလို့ သူ့ကို mail မပို့ဖြစ်တဲ့ အကြောင်း ပြောသည်။ သူပြောထားတာကို ဘယ်လို သဘောရသလဲ ဆိုတော့ စိတ်မဆိုးပါဘူး ဆိုပြီး ဝေ့လည်ကြောင်ပတ်လုပ်နေသည်။ ဂျင်းဘောင်းဘီရှည်၊ အနွေးထည်ရှည်ရှည် နှင့် သိုးမွေးဦးထုပ်လေး ဆောင်းထားသော သူမ ပုံစံက ကလေးလိုလို ချစ်စနိုးနှင့် အသည်းယားစရာလေး ဖြစ်နေသည်။ အအေးဓါတ်ကြောင့် ရဲနေသော သူမပါးလေးကို ဖျစ်ပြီး စချင်စိတ်ကိုတောင် မနည်းထိန်းထားရသည်။ ပွင့်ပွင့်လင်းလင်း အဖြေမပေးသေးပေမယ့် သူမ သူ့အပေါ် ရက်စက်မှာ မဟုတ်ဘူး ဆိုတာတော့ ယုံကြည်နေမိသည်။

ပျော်ပျော်ပါးပါး သီချင်းဆိုကြတော့ အားလုံး မဆိုမနေရဆိုပြီး သူငယ်ချင်းတွေက ကျပ်ကြသောကြောင့် သူမက Last Christmas သီချင်းကို ဆိုသည်။ သူမ အသံက Taylar Swift အသံနှင့်ပင် တူသလို ထင်ရပြီး ချိုချိုအေးအေးလေး…။ 


ကိုယ့်အလှည့်ကျတော့ စည်သူလွင်ရဲ့ ခရစ္စမတ်နေ့ချစ်သူ သီချင်းကို ဆိုလိုက်သည်။
“ခရစ္စမတ်မှာ စတွေ့ခဲ့ရတဲ့ ကျွန်တော့ရင်ထဲက တစ်စုံတစ်ယောက် အတွက်ပါ” ဆိုတော့ အားလုံးက လက်ခုပ်တီးကြသည်။



“ ခရစ္စမတ်စ် နေ့တို့ အဆုံးမသတ်ချင်ဘူး… ဆောင်းနှင်းလေးထဲ ချစ်ခဲ့ကြသူ မင်းရယ် ….

ဒီ ခရစ္စမတ်စ် ရာ ငွေနှင်းလေး ကျချိန်မှာ ပျော်ခဲ့ပေါ့ မင်းရယ်ငါ .. အို အချစ်များစတဲ့ နေ့မှာပဲ..
အို အချစ်ဆိုတာ ကြယ်ရောင်ရယ်လင်းပြီ .. အချစ်သက်သေရယ်.. တိုင်တည်ထားခဲ့ပြီ .. အိုး…

ကိုယ်တို့ နှစ်ဦး ချစ်တာ အားလုံးသိထားခဲ့ ... ကြင်နာခွန်းဆက်မယ်..တို့ရဲ့ ခရစ္စမတ်စ် လေး..

ခရစ္စမတ်စ် နေ့တို့ အဆုံးမသတ်ချင်ဘူး… ဆောင်းနှင်းလေးထဲ တွေ့ခဲ့သူ ချစ်ဦး … အေးချမ်းခြင်းများ ပေးအပ်မယ့်သူ မင်းရယ်… ဒီရင်ခွင်မှာလေ..  ထာဝရ မင်းပဲ ရှိနေမယ်..

နှင်းမှုံတွေ ပျံကြဲတဲ့ လမ်းပေါ်မှာ အချစ်များနဲ့ နွေးစေပါ အို လက်ချင်းတွဲလို့ သွားမယ်.. ချမ်းနေရင် ထွေးဖက်လို့ထား… တို့ အချစ်စိတ်ကြောင့် ကြယ်ရောင်များ လင်းလာ အနွေးဆုံး…
ကိုယ်တို့ နှစ်ဦး ချစ်တာ လောကကြီးသိခဲ့.. ကြင်နာခွန်းဆက်မယ်.. ခရစ္စမတ်စ် လေး..

ခရစ္စမတ်စ် နေ့တို့ အဆုံးမသတ်ချင်ဘူး… ဆောင်းနှင်းလေးထဲ တွေ့ခဲ့သူ ချစ်ဦး … အေးချမ်းခြင်းများ ပေးအပ်မယ့်သူ မင်းရယ်… ဒီရင်ခွင်မှာလေ..  ထာဝရ မင်းပဲ ရှိနေမယ်.. ”




သူမကို ကြည့်လိုက်တော့ သူမကလည်း ပြုံးနေသည်။ သူ ဆိုပြီး ဆင်းလာတော့ သူမက ပြောသည်။ “နှင်းလည်း ဒီသီချင်းကို အရမ်းကြိုက်တာ..” တဲ့။ သူမမျက်လုံးထဲမှာလည်း ကြည်နူးမှု အရိပ်အယောင်တွေကို သူ မြင်နေရပါသည်။ နှင်းတွေ မကျပေမယ့်လည်း နှင်းဖြူဖြူ ဆိုသော ကောင်မလေး တစ်ယောက် ရှိရုံနှင့်ပင် သူ့ခရစ္စမတ်က လှနေပါသည်။ သူမ အပေါ် သူ့ မြတ်နိုးခြင်းတွေ အတွက်လည်း အသွားအပြန်ရှိလိမ့်မည် လို့ ယုံကြည်ထားပါသည်။ ကိုယ့် တစ်သက်တာလုံးမှာ နှင်းဖြူဖြူ တွေ ထာဝရ ကျစေချင်တာပါ ကောင်မလေးရယ်…။

သိင်္ဂါကျော်
22.12.2009
10:32 PM


20 December, 2009

Christmas Lights


စာလည်း မရေးဖြစ်... မအားလည်း မအားတာနဲ့ ကိုယ် ကြိုက်တဲ့ Christmas Night ပုံလေးတွေ google ကရှာပြီး စုထားတာကို တင်လိုက်ပါတယ်...။ ကိုယ်က အဲလို မီးရောင်စုံတွေ ကြည့်ရတာကို သဘောကျတယ်..။ မြန်မာနိုင်ငံမှာတော့  ခရစ္စမတ်ကို သိပ်ထွေထွေထူးထူး လုပ်လေ့မရှိကြဘူးလေ..။



 

 
 
 
 
 


 



ခရစ္စမတ်စ် မှာ ပျော်ရွှင်ပါစေ...

သိင်္ဂါကျော်

14 December, 2009

စိုးအတွက် အမှတ်တရ ...


ကိုယ်တို့ ကျောင်းတက်တုန်းက အခင်ဆုံး သူငယ်ချင်း သုံးယောက် ရှိပါတယ်။ တစ်ယောက်က chinese၊ တစ်ယောက်က indian ပါ။ ချောင်းသာ သွားကြတော့ အတန်းကြီး အစ်ကိုကြီးတွေက သတိထားမိသွားပြီး ချစ်ကြည်ရေးအသင်း လားလို့တောင် နောက်ကြပါတယ်။ Chinese မလေး ကတော့ အိမ်ထောင်ကျသွားပါပြီ။ သုံးယောက် အခင်အမင် တူကြပေမယ့် စိတ်ဓါတ်တို့ အကျင့်စရိုက်တို့ကျတော့ ကိုယ်တို့ နှစ်ယောက်က ပိုတူကြပါတယ်..။ သောကြာသမီး ချင်းလည်း တူ... ဒီဇင်ဘာမွေး ဓနုရာသီဖွား ချင်းလည်း တူတယ်လေ..။ ကိုယ့်မွေးနေ့က ဒီဇင်ဘာ ၁ ရက်၊ သူမ မွေးနေ့က ဒီဇင်ဘာ ၁၅ ရက်ပါ။

ကိုယ်တို့ နှစ်ယောက်က စာအုပ်ကြိုက်တာချင်းလည်း တူတယ်..။ ဘာသာပြန် စုံထောက် ဝတ္တုတွေဆို နှစ်ယောက်လုံး အသည်းအမည်း ကြိုက်ကြတယ်။ နိုင်ငံခြားကားဆို Action / Horror မှ ကြိုက်ကြတာ..။ ထွက်သမျှ ကားတွေ အကုန် အလွတ်မပေးပဲ ကြည့်ကြတာ..။ အရင်ကတော့ ငှားကြည့်၊ အခုတော့ ဝယ်ကြည့်ကြတယ်။ Korea Drama လည်း အလွတ်မပေးပါဘူး။ သီချင်း ဆိုလည်း ထွက်သမျှ အခွေ အကုန်နားထောင်။ Hip Hop ကို အစက ကိုယ်က မကြိုက်ဘူး၊ သူ အစလုပ်ပေးတာကို နားထောင်ရင်းနဲ့ တစ်ချို့ သိပ်မစစ်တဲ့ hip hop သီချင်းတွေ ကြိုက်သွားတယ်..(သိပ်စစ်ရင် စကားတွေပဲ ပြောတာလေ.. အဲဒါတော့ သိပ်မကြိုက်ဘူး၊ သူကတော့ အဲဒါမျိုးလည်း ကြိုက်တာပဲ။)

Master တက်တုန်းကဆို ပိတ်ရက်တိုင်းမှာ နှစ်ယောက်သား ရုပ်ရှင် မှန်မှန် ကြည့်ကြတယ်..။ ဟို သူငယ်ချင်း တစ်ယောက်က အိမ်ထောင်မကျခင် ကတည်းက ရုပ်ရှင် သိပ်မကြိုက်တဲ့သူမို့ အိမ်ထောင်လည်း ကျပြီးရော ပိုဆိုးတော့တာပေါ့။ လျှောက်လည်ချင်ရင် ကိုယ်တို့ နှစ်ယောက်ပဲ ရှိတော့တာလေ..။ (Master ဆက်မတက်တဲ့ တစ်ခြား သူငယ်ချင်းတွေကတော့ ကျောင်းပြီးတော့ နယ်ပြန်သွားကြတယ်လေ။) ကိုယ်တို့ နှစ်ယောက်က ရုပ်ရှင်ကြည့်ပြီး အပြန်မှာ ဖြစ်ဖြစ်၊ မကြည့်ခင် ဖြစ်ဖြစ် အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်း အိမ်ကို ဝင်ပြီး ဟိုပြော ဒီပြော ပြောကြပေါ့။ သူကလည်း ကိုယ်တို့ လွတ်လွတ်လပ်လပ် သွားလာနေတာကို နည်းနည်းတော့ အားကျမှာပေါ့။ (ကိုယ့်အထင်ပြောတာပါ)။ သူ့ဆီက ပြန်လာပြီးတော့ ကိုယ်တို့ နှစ်ယောက်က ပြောကြသေးတာ.. “သူက ကျောင်းတုန်းက ဒီလောက်စာတွေ တော်တာ၊ ခုတော့ အိမ်ထောင်ရှင်မကြီး ဖြစ်ပြီး ဘာအလုပ်မှလည်း မလုပ်ဘူး၊ သူ့ ဘဝကြီးတော့ တုံးသွားပြီ၊ ငါတို့တော့ ဒီလို မနေနိုင်ပါဘူး” ဆိုပြီး အတင်းပြောကြသေးတာ...။ ဒီလို စိတ်ဓါတ်မျိုး ရှိလို့ ထင်ပါရဲ့။ နှစ်ယောက်သားက ကိုယ့်ဘဝကိုယ် ရုံးကန် အလုပ်လုပ်ပြီး အပျိုကြီး တွေပဲ ဖြစ်နေကြတာ..။ ဟိုသူငယ်ချင်းမကတော့ ဘာမှ အပူအပင်မရှိ အိမ်ထောင်ရှင်မ ဘဝနဲ့ သူ့ဟာသူ ပျော်ရွှင် အေးချမ်းလို့..။

သူ့မှာ ကိုယ်မကြိုက်တဲ့ အကျင့်တွေလည်း ရှိပါရဲ့။ ရုပ်ရှင်ကြည့်ဖို့ ချိန်းကြပြီဆို ကိုယ်ချည်း အမြဲတမ်း စောင့်ရတာပဲ။ အဲဒါနဲ့ သူ့ကို ပြောဖူးတယ်။ “သူငယ်ချင်းမို့သာ နင့်ကို ဒီလောက်စောင့်တာ.. ရည်းစားသာဆို ဒီလိုအမြဲနောက်ကျရင် ဖြတ်တာကြာပြီ” လို့...။ ကိုယ်တို့နှစ်ယောက် ဆိုတာ ဘယ်တော့မှ ကြော်ငြာတွေ၊ ရုပ်ရှင် Trialerတွေ ဘာတွေ မမီပါဘူး။ ဝင်လိုက်ရင် အမြဲတမ်း မီးက မှိတ်ပြီးနေပြီ။ တစ်ခါတစ်လေကျ အခွေကြည့်ပြီးပါလျက် မြင်ကွင်းကျယ် ကြည့်ချင်တယ် ဆိုပြီး ပြန်ကြည့်ကြသေးတယ်..။ မှတ်မိတာတော့ Mission Impossible တို့ Transformers တို့ ကို နှစ်ခါပြန်ကြည့်ကြတယ်...။ အဲလို ကားတွေကလည်း ရုပ်ရှင်ရုံမှာ ကြည့်ရတာ ပိုကောင်းတယ်လေ။ နိုင်ငံခြားကားပဲလား ဆိုတော့ .. မဟုတ်သေးဘူး။ တစ်ခါတစ်လေ  နိုင်ငံခြားကား ကြည့်စရာ မရှိတော့ရင် မြန်မာကားလည်း ကြည့်ကြတာပါပဲ...။ ပြီးတော့ တစ်ခါမှ အကောင်းမပြောကြဘူး။

ခု သူ Sg ရောက်သွားတော့ ကိုယ် ရန်ကုန် မှာ ရှိတဲ့အချိန်တောင် ရုပ်ရှင် မကြည့်ဖြစ်တော့ပါဘူး။ ကြည့်စရာ အဖော်လည်း မရှိဘူးလေ...။ အခွေပဲ ကြည့်ဖြစ်တော့တယ်...။ တစ်ခြား သူငယ်ချင်းတွေနဲ့ကြည့်ဖြစ်တာက ရှားပါတယ်..။ သူတို့က ကိုယ့်လောက် ဝါသနာ မကြီးကြဘူးလေ။ သူလည်း ဟိုမှာ အခွေ ဈေးကြီးလို့ ဒီမှာလို အမြဲမဝယ်နိုင်လို့ စိတ်ညစ်နေလေရဲ့။

ကိုယ်တို့ နှစ်ယောက်က shopping ကလည်း ထွက်သလား မမေးနဲ့။ အဓိကကတော့ သူကပိုဝယ်တာပါ။  အင်္ကျီ အဝတ်အစား၊ ဖိနပ်တွေ ဘာတွေ ကျတော့ သူနဲ့ကိုယ် အကြိုက်ချင်း မတူပြန်ဘူး။ သူက အိန္ဒိယနွယ်ဖွားမို့ သူကြိုက်တဲ့ အရောင်တွေ သူကြိုက်တဲ့ ရှုပ်ရှုပ်ရှက်ရှက်တွေ ကိုယ်က မကြိုက်ဘူး။ ဒါပေမယ့် မီးခိုးရောင် ကြိုက်တာချင်းကျတော့ တူပြန်ရော..။

ကိုယ် နိုင်ငံ့ဝန်ထမ်း အလုပ်ဝင်ဖြစ်တာ သူနဲ့ အတူတူ မို့လို့ပါ။ ပထမဆုံး ပိုစတင်ချတော့လည်း သူ့ဇာတိကို အတူတူပဲ။ ခုတော့ သူကထွက်ပြီး လွတ်လပ်စွာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေပြီ။ ကိုယ်ကတော့ ခုထိ ဒီထဲမှာ ကျန်နေတုန်း။ သူသွားပြီးတော့ ကိုယ့်ကို အမျိုးမျိုး လိုက်ခဲ့ဖို့ ခေါ်ပါရဲ့။ ကိုယ့်က အဲလို သွားဖို့ အခြေအနေ မပေးလို့ပါ။ ပြောရရင် သူက အရင်ကတည်းက သူ့အိမ်မှာ သမီးကြီး၊ စီးပွားရေးကိုလည်း ဦးဆောင်ပြီး လုပ်နိုင်တဲ့သူပါ။ အဲဒါကို စီးပွားရေး မလုပ်ချင်ပဲ ကိုယ့်ပညာနဲ့ကိုယ်ပဲ ရပ်တည်ချင်တယ် ဆိုပြီး ထွက်သွားခဲ့တာပါ။ ကိုယ်တို့က ဘဝကို ဒီလို ရုံးကန်နေမှ အဓိပ္ပါယ် ရှိတယ်လို့ ထင်ကြသူတွေလေ..။ သူက ခုတော့ စိတ်ပျော့လာပြီ ထင်ပါရဲ့ ဘဝအဖော် ရှာဖို့ ရည်ရွယ်နေပြီ.. ကိုယ်လည်း မတားပါဘူး.. နှစ်ကိုယ်တူ အချစ်ဆိုရင် အဆင်ပြေကြဖို့ ဆုတောင်းပြီးသားပါ။ (သူလည်း ခုထိတော့ မတွေ့သေးဘူး ထင်ပါရဲ့)။ တာဝန် ဝတ္တရား တစ်ရပ် အနေနဲ့တော့ မလုပ်နဲ့လို့ သာ ပြောဖူးတာပါ။ သူ့အိမ်က ထုံးစံအတိုင်း အိမ်ထောင်ချပေးချင်တယ်လေ..။ သူက ကိုယ့်လို မဟုတ်ဘူး။ စွံတယ်။ လာတောင်းကြသူတွေ အများကြီး။ သူက တစ်ယောက်မှ မကြိုက်လို့ အဲလို ထွက်သွားတာလေ...။ ကိုယ်ကလည်း အားပေးတယ်.. မကြိုက်ရင် မယူနဲ့လို့။ အရင်က ပြောခဲ့ကြဖူးတယ်... အဲလို မယူလို့ အိမ်က အမွေပြတ်စွန့်ရင်လည်း နင်နဲ့ငါနဲ့ နှစ်ယောက် နေကြမယ် .. လို့..။

သူက ကိုယ့်ထက် အများကြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်...။ သောကြာသမီး ပီသစွာ စကားလည်း ပြောတယ်..။ ကိုယ်ကတော့ အရင်းအနှီး သူငယ်ချင်းတွေကလွဲရင် သိပ်စကားမပြောတတ်တဲ့သူပါ။ အခုတော့ ကိုယ်လည်း အသက်ကြီးလာလို့ အရင်လောက်တော့ မအေးတော့ဘူးပေါ့။ အရင်နှစ်က Sg ကို သွားလည်ကြတော့ သူ့ဆီ ရောက်သေးတယ်။ တစ်ခြား  အလုပ်တူ သူငယ်ချင်းတွေလည်း ပါတယ်လေ။ သူကတော့ နုပျိုလှပလို့ အလန်းပဲ...။ သူတင်မဟုတ်ပါဘူး။ နိုင်ငံခြား ရောက်နေသူတိုင်းပါပဲ။ ကိုယ်တို့ကတော့ ပုံစံခွက်ထဲမှာ နေရသူတွေမို့ ပိုပြီး ရင့်ရော်သလားလို့တောင် ထင်ရပါတယ်..။ အဲဒီတုန်းက သူ့တိုက်ခန်းမှာ သူချက်ကျွေးတဲ့ ထမင်း တစ်နပ် စားခဲ့သေးတာပေါ့။

သူနဲ့ ကိုယ် မတူတာတွေထဲမှာ .. သူက ထမင်း ဟင်း ချက် တာကို စိတ်ဝင်စားတယ်။ ကိုယ်ကတော့ ဟင်းချက်ရတာ အပျင်းဆုံး။ တစ်ယောက်တည်းဆို အမြဲတမ်း ဖြစ်သလို စားနေကြ။ သူကတော့ တစ်ယောက်တည်းလည်း အားနေရင်တော့ ကောင်းကောင်း ချက်စားတယ်။ မအားရင်သာ ဖြစ်သလိုစားတာ..။ ကိုယ်ကတော့ ဟင်းကို စိတ်ရှည်လက်ရှည် ချက်ဖို့ ဘယ်တော့မှ မအားဘူး.. ဟီးဟီးး။

အပြင်မှာ သူနဲ့ ကိုယ် မတွေ့ရတာ တစ်နှစ်ကျော်ပြီပေါ့..။ Online မှာတော့ တွေ့နေပါတယ်..။ ကိုယ့်အလုပ်နဲ့ ကိုယ် ဆိုတော့ စကားတော့ သိပ်မပြောဖြစ်ကြဘူးပေါ့။

မွေးနေ့ကိတ်ကို ဒီကပဲ ပို့လိုက်တယ်နော်...



ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်မယ့် သူငယ်ချင်း စိုး မွေးနေ့မှာ ပျော်ရွှင်ပါစေ...။ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် ကြိုးစားနိုင်ပြီး ဖူးစာရှင် ချောချောလေးနဲ့လည်း တွေ့ဆုံနိုင်ပါစေ...။ သည်နှစ် မွေးနေ့မှသည် နောင်လာမယ့် မွေးနေ့ပေါင်းများစွာတိုင်အောင် ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်း ကျနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်...။



သိင်္ဂါကျော်
14.12.2009
11:33


12 December, 2009

Love in December




Love in December (Club 8)

so this is love
in the end of december
quiet nights
quiet stars
and i'm here
monday to sunday
cause you're fragile
and i'm weak

so you fall
when the nights grow longer
into sleep
and won't wake up

and i'm here
i'm sitting beside you
and i'll wait until the spring

don't you worry
i'll be there for you
don't worry about me
you know me better than that
don't you worry
i'll be there for you
i'll catch you if you would fall

so you drift
when the days grow colder
away from me
and won't look back
far away
and i can't guide you
but i'm here
til the spring

don't you worry
i'll be there for you
don't worry about me
you know me better than that
don't you worry
i'll be there for you
i'll catch you if you would fall

don't you worry
i'll be there for you
don't worry about me
you know me better than that
don't you worry
i'll be there for you
i'll catch you if you would fall

i'll catch you if you would fall


--------------------------------------

10 December, 2009

တိမ်မည်းရိပ်လွင့် နေခြည်ဆင့် (ဇာတ်သိမ်း)


(၄)

            သူ မတွေးချင်သော အကြောင်းအရာများကို ပြန်တွေးပြီး သုံးသပ်ကြည့်မိခဲ့သည်။ သူ ဘယ်လိုအချိန်မှာ စိတ်ဖောက်ခဲ့သလဲ။ အိပ်ပျော်ရင်း လမ်းလျှောက်ခဲ့သလဲ…။ ရက်စွဲများကို ပြန်တွက်ကြည့်ခဲ့သည်။ သူက လေးလ တစ်ကြိမ်လောက် နီးပါး စိတ်ဖောက်တတ်ခဲ့သည်။ များသော အားဖြင့်က လပြည့်ညများ။ မေမေပြော၍ သိခဲ့ရသော နေ့များအားလုံးကို သူရေးမှတ်ထားခဲ့သည်။ သူ့သားကောင် ဖြစ်ခဲ့ရသော မိန်းကလေးများက တော်တော်ကို အရေအတွက် များခဲ့ပြီ။ တစ်ချို့ကတော့ အသက်ပါပေးခဲ့ရသည်။ တစ်ချို့မိန်းကလေးများကို သူ အသိစိတ်ဖြင့် သိပင် မသိခဲ့။ ညဘက်ထွက်ရင်း တွေ့ခဲ့ခြင်း ဖြစ်သည်ဟု မေမေက ပြောခဲ့သည်။ လေးလပြည့်သော လပြည့်ညများမှာ သူ ကျူးလွန်နေကြ ဖြစ်နေခဲ့သည်။ နောက်လာမယ့် နှစ်ရက်မှာ လပြည့်ည ဖြစ်သည်။ ဒီတစ်ခါ သားကောင်က ဘယ်သူ ဖြစ်မယ် ဆိုတာ သူ မသိနိုင်။ ဘယ်တုန်းကမှလည်း သူ အစီအစဉ်နှင့် ကျူးလွန်ခဲ့ခြင်းမဟုတ်။ သူ့ဟာသူလည်း ဘာတစ်ခုမှ မမှတ်မိခဲ့။ ရက်တွေကို မေမေ မသိအောင် မှတ်ထားခဲ့ပေမယ့် မေမေ ပြောတဲ့အတိုင်း အဲဒီ အကြောင်းတွေကို သူ မတွေးမိအောင် ကြိုးစားနေခဲ့သည်။
ခုတော့ ဒီအကြောင်းကို သူစဉ်းစားမှ ဖြစ်တော့မည်။ နောက်ထပ် သားကောင်ကို ခက်သစ္စာ မဖြစ်စေချင်။ သူမကို အလုပ်က ထုတ်သင့်ရင် လည်း ထုတ်ရမည်။ သို့သော် ဝတ်မှုံ ဆိုသော သူ့အတွင်းရေးမှုးမ တုန်းကလည်း သူက အလုပ်ထွက်ခိုင်းလို့ ထွက်သွားပေမယ့် နောက်ညမှာပဲ ထိုအဖြစ်ဆိုးက ဖြစ်ခဲ့ရသည်။ လူသတ်မှု တစ်ခုလုံးကို ဘာသံမှ မကြားရအောင် မေမေ ဘယ်လို ဖြေရှင်းခဲ့သလဲ သူ မသိပါ။ သူက မေးသော်လည်း မေမေက မပြောပြပါ။ သူ့လက်မှာ သွေးစွန်းခဲ့တာ သုံးကြိမ်မြောက်ပေါ့…။ ပြီးခဲ့သော နှစ်ကြိမ်ကိုတော့ သူ သေချာ မမှတ်မိတော့ပါ။ ဒီတစ်ကြိမ်မှာတော့ သူ တော်တော် ခံစားခဲ့ရသည်။ ဒီလို တဏှာရူး လူသတ်သမား ဘဝနဲ့ ဘာကြောင့် အသက်ဆက်ရှင်ရမလဲ လို့ သူ စပြီးတွေးမိလာသည်။ သူ ကိုယ်ကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့သည်။ သို့ပေမယ့် မေမေ သိသွားပြီး အထမမြောက်ခဲ့။ သူသာ ကိုယ့်ကိုကိုယ်သတ်သေလျှင် မေမေလည်း သတ်သေမည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ထိုအကြံအစည်ကို သူစွန့်လွှတ်ခဲ့ရသည်။ အတွင်းရေးမှုး မိန်းကလေး မခန့်တော့ ဟုဆုံးဖြတ်ပြီး တစ်လလောက်နေခဲ့သော်လည်း အလုပ်မှာ အဆင်မပြေသဖြင့် အတွင်းရေးမှုး တစ်ယောက် ထပ်ခန့်ခဲ့ရပြန်သည်။ ထိုမိန်းကလေးကို အန္တရာယ် မဖြစ်စေဖို့ သူ့မှာ တာဝန်ရှိနေပါသည်။ နောက်လပြည့်ညမှာ ဘယ်သူ့ကိုမှ နောက်ထပ်သားကောင် မဖြစ်စေချင်ပါ။ အဲဒါကြောင့်ပဲ သူကိုယ်သူ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်း ပြောရလျှင် မေမေ့မှာလည်း တာဝန်ရှိသည်။ ဒါကြောင့် မေမေလည်း သူ့ကိုယ်သူ အဆုံးသတ်ချင် အဆုံးသတ်ပါစေတော့ ဟု စဉ်းစားမိခဲ့သည်။
အခုတော့ ခက်သစ္စာက သူ့ကို ကယ်တင်ခဲ့သည်။ သူ့အကြောင်းကို မသိ၍သာ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ သူ့အကြောင်းကို ဖွင့်ပြောပြချင်သည်။ အပြစ်ဒဏ်ကို ခံယူချင်စိတ်လည်း ဖြစ်လာသည်။ တစ်လောကလုံးက သူ့ကို ရွံမုန်းပါစေ သူ ဂရုမစိုက်ချင်ပါ။ သို့ပေမယ့် သူမက သူ့အကြောင်းသိ၍ ရွံမုန်းမှာကို စဉ်းစားမိတော့ သူ့ရင်ထဲမှာ နာကျင်လာသည်။
#####

သူသတိရလာတော့မှ ခက်သစ္စာပြန်ခဲ့သည်။ အတူနေ အန်တီလေးကို ရပ်ခဲ့ရသော ကားကို မောင်းပြီး ယူလာကြိုခိုင်းရသည်။ သူ့အမေကို သူ့ဟာသူ ဖုန်းဆက်မည် ဆိုသဖြင့် သစ္စာလည်း အကြောင်းကြား မပေးတော့။ တကယ်တော့ သူ့ကို သစ္စာမေးချင်နေသည်။ မမေးခဲ့ရ။ သူကလည်း ဘာမှ မပြောချင်သည့်ပုံ ဆိုတော့ မမေးသေးပဲ ထားခဲ့သည်။ တိုက်ခန်းကို ပြန်ရောက်တော့လည်း သူ့ကို စိတ်ပူပြီး သစ္စာ အေးအေးဆေးဆေး မနေနိုင်ပါ။ ရေမိုးချိုး အဝတ်လဲပြီးတော့ သူ့အတွက် အစားအသောက်ပါဝယ်ပြီး ပြန်သွားခဲ့သည်။ ဟိုရောက်တော့ သူက ဆေးခန်းကို အတင်းပြောပြီး ဆင်းသွားပြီ ဟုဆိုသည်။ သူ့အိမ်က ဖုန်းကို ဆက်လိုက်တော့ လာကိုင်သူက မေသွယ်မြင့်။ သူမကို မေးကြည့်ပြီး သူပြန်ရောက်နေပြီ ဆိုမှ စိတ်ချသွားရသည်။ အခြေအနေကိုလည်း မေသွယ့်ကိုတော့ ပြောပြလိုက်သည်။
သူမကို ဖုန်းတစ်ချက် မဆက်ပဲနဲ့ ပြန်ချသွားသည်။ လူကို တော်တော်စိတ်ပူအောင် လုပ်တတ်သည်။ အိမ်မှာ သူထပ်ကြံစည်မှာကိုလည်း စိုးရိမ်သည်။ သူ့အမေကိုတော့ သစ္စာ ဖုန်းမဆက်ချင်လို့ တမင် ဆက်မပြောတာပါ။ သူ့ဖုန်းကို ဆက်ချင်ပေမယ့်လည်း တမင် မဆက်ပဲ နေလိုက်သည်။ ဒီထက် ဂရုစိုက်ပြလို့လည်း မကောင်းဘူး မဟုတ်လား...။
နောက်တစ်ရက်မှာ ဘာမှ မဖြစ်သလို သူက ရုံးတက်သည်။ အားနည်းနေပုံရပေမယ့် သူ့ကိုယ်သူ ထိန်းထားပုံရသည်။ မနေ့က အကြောင်းကို သူမပြောချင်မှန်းသိလို့ သစ္စာလည်း မမေးတော့ပါ။ ညနေကျတော့ သူက ကိစ္စရှိလို့ ဆိုပြီး အစောကြီး ရုံးဆင်းသွားသည်။ သစ္စာကိုတော့ အလုပ်တွေ တစ်ပုံတစ်ပင်နဲ့ ထားခဲ့သည်။ သူ့ကို မသင်္ကာသော သစ္စာကလည်း သိပ်အရေးမကြီးသော အလုပ်တွေကို ပြီးအောင် မလုပ်ပဲ သူမမြင်အောင် သူ့နောက်က လိုက်ခဲ့ပြန်သည်။ ဒီတစ်ခါတော့ သူက ကွန်ဒို တိုက်ခန်းတွဲ အဆောက်အအုံ တစ်ခုပေါ် တက်သွားသည်။ အပေါ်ဆုံး ကား ပါကင် အထပ်မှာ ကားရပ်ခဲ့ပြီး လုံခြုံရေးလှေကား အတိုင်း အပေါ်ဆက်တက်သွားသည်။ သစ္စာလည်း ကားရပ်ခဲ့ပြီး သူ့ကို မှီအောင် လိုက်ခဲ့ရသည်။ သစ္စာထင်သည့် အတိုင်းပင် သူက ခေါင်မိုးထပ်မှ ခုန်ချဖို့ ရည်ရွယ်ချက်နှင့် အစွန်းသို့ တိုးသွားနေပြီ။ သစ္စာ ထိတ်လန့်သွားပြီး သူ့ကို အော်ခေါ်မိသည်။

“ဆရာ၊ မလုပ်ပါနဲ့”
“မင်း ဘာဖြစ်လို့ လိုက်လာပြန်တာလဲကွာ… သွားပါ၊ ပြန်ပါ၊ ကိုယ့်ဟာကိုယ် အေးအေး နေပါရစေ”
“မဟုတ်ဘူး၊ ဆရာ အဲဒီလို ကြံဦးမှာကို သိလို့ကို လိုက်လာတာ… မနေ့ကလည်း ကျွန်မကို မပြောပဲ ပြန်သွားတာ ဘယ်လောက်စိတ်ပူရတယ် မှတ်လဲ”
“မင်း ကိုယ့်အကြောင်းကို ဘာမှ မသိပါဘူးကွာ.. သိသွားရင် မင်းကိုယ်တိုင်တောင် တွန်းချချင်နေလိမ့်မယ်”
“အဲဒါဆိုလည်း ကျွန်မကို ပြောပြပါ… ဘာကြောင့်လဲ ဆိုတာ ပြောပြပါ၊ ဒီလို နည်းလမ်းနဲ့တော့ မလုပ်ပါနဲ့.. အထူးသဖြင့် ကျွန်မရှေ့မှာ မလုပ်ပါနဲ့…”

သူ ရှေ့ဆက်မတိုးတော့ပဲ သူမဆီ ပြန်လျှောက်လာသည်။ နှစ်ယောက်သား အမိုးပေါ်မှာပဲ စကားပြောဖြစ်ကြသည်။ သူက သူ့အကြောင်း အကုန်ပြောပြခဲ့သည်။ အံသြစရာ ကောင်းသည်က သူ့ဆီမှာ အလုပ်မဝင်ခင်က ဝတ်မှုံ အတွက် သူ့ကို ရွံရှာမုန်းတီးခဲ့သော ခံစားမှုမျိုးကို ပြန်မခံစားမိတော့တာပါ။ သူဟန်ဆောင်နေတာ မဟုတ်ပါ။ သူ့နဂို စိတ်ရင်းက ဒီအမှုမျိုးကို အလိုမရှိပဲ ရောဂါကြောင့် ဖြစ်ခဲ့ရခြင်းသာ ဖြစ်လိမ့်မည်။ သူ့ကို တရားခံ မဖြစ်ပါစေနဲ့ လို့ တောင်းခဲ့မိသောဆုဟာ အခုလို သူကိုယ်တိုင် ပြောပြတဲ့နောက်တော့ ဘယ်လိုမှ မပြည့်နိုင်တော့ပါ။ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် သစ္စာ သူ့ကို နားလည်ပေးချင်သည်။
#####
(၅)

သူ့ကို သစ္စာ ကောင်းကောင်း ဖြောင်းဖြလိုက်နိုင်သည်။ စိတ်ရောဂါ အထူးကု ဆရာဝန် တစ်ယောက်ယောက်နှင့် ပြသရန် သူ့ကို ပြောခဲ့သည်။ သူကပြောတော့ သူ့အမေ က ညတိုင်း ဆေးတိုက်သော်လည်း သူက သောက်ချင်မှ သောက်ကြောင်း.. ဆရာဝန်နှင့်တော့ တစ်ခါမှ မပြဘူးကြောင်း ပြောသည်။ သူနှင့် အတူ လိုက်၍ ဆရာဝန်ပြပေးမည်ဟု ပြောထားသော်လည်း နောက်နေ့တော့ ချက်ချင်း မသွားဖြစ်ကြပါ။
ထိုနေ့က လပြည့်နေ့ ဖြစ်သောကြောင့် သူက ကြောက်လန့်နေသည်။ စိတ်စွဲလန်း မနေဖို့…၊ ထိုကိစ္စကိုမေ့ထားဖို့… သူ့ကို ပြောရသည်။ စိတ်အေးချမ်းအောင် တရားမှတ်ဖို့လည်း သူ့ကို သင်ပေးခဲ့သည်။ သူပြောသမျှ အကြောင်းအရာတွေကိုလည်း မေသွယ့်ကို ပြန်မပြောပြဖြစ်ပါ။ သစ္စာစိတ်ထဲ ဘယ်လိုပဲ ဖြစ်နေနေ သစ္စာတို့ အချိန်ကုန်ခံပြီး လိုက်ခဲ့သော အကြောင်းရင်းကိုတော့ မေ့ထားပစ်လို့ မဖြစ်နိုင်ပါ။
လပြည့်ညမို့ လရောင်က ပြတင်းပေါက်က ဖြာကျနေတော့ ပြတင်းပေါက်ကို မပိတ်ချင်တာနဲ့ ဒီတိုင်းပဲ ဖွင့်အိပ်လိုက်သည်။ မေသွယ်ကတော့ တစ်ခါတလေ ပြန်အိပ်ပေမယ့် များသောအားဖြင့်တော့ ဟိုအိမ်မှာပဲ အိပ်သည်။ မေသွယ်ကို ဒီနေ့ည သူ့ကို အထူးဂရုစိုက်ပြီး စောင့်ကြည့်ပါလို့ အရိပ်အမြွက်ပြောပြီး မှာထားသည်။ အန်တီလေးကလည်း နိုင်ငံခြား သွားတော့မည့် သူ့သူငယ်ချင်းကို နှုတ်ဆက်ရင်း ဒီနေ့ည အဲဒီအိမ်မှာပဲ အိပ်သည်။ ဒီညတော့ တိုက်ခန်းမှာ သစ္စာတစ်ယောက်တည်း အိပ်ရသည်။ ခဏနဲ့ အိပ်မပျော်နိုင်ပဲ သူ့အကြောင်းတွေးကာ ဒီည သူ့အိမ်မှာ ဘာထူးခြားမလဲလို့ ဟိုတွေးဒီတွေး တွေးနေမိသည်။ သူ ဒီကို ရောက်လာလိမ့်မည် ဟု ဘယ်လိုမှ တွေးမိစရာ အကြောင်းမရှိ။ သူဒီအိမ်ကို တစ်ခါမှလည်း မလာဖူးပါ။ သို့ပေမယ့် မမျှော်လင့်ထားသော အဖြစ်အပျက်က ဖြစ်လာသည်။    
သစ္စာတို့ တိုက်ခန်းက နှစ်ထပ်မှာ ရှိပြီး ဝရံတာလည်း ရှိသည်။ တစ်ဖက်အခန်း ဝရံတာက တစ်ဆင့် ပိုက်လုံးကို တွယ်ပြီး ကူးလာနိုင်သည်။ သို့ပေမယ့် ပြတင်းပေါက်မှာတော့ သံတိုင်ရှိပါသည်။ လွယ်လွယ်နဲ့တော့ ဝင်မရနိုင်ပါ။ သစ္စာ အိပ်ပျော်သွားခိုက်မှာ ဝင်လာသူက ပြတင်းပေါက် သံတိုင်ကို ဖြတ်ပြီးသွားခဲ့သည်။ ထိုလူ အခန်းထဲကို ခုန်ဝင်လာသော အချိန်မှာတော့ သစ္စာ အိပ်ရာက နိုးသွားပါပြီ။ ခေါင်းအုံးအောက်က မောင်းချဓားကို စမ်းကိုင်ထားရင်း သူဘာလုပ်မလဲ စောင့်နေမိသည်။ ရန်ကုန်ကို ဒီကိစ္စကြောင့် လာကတည်းက ဒီမောင်းချဓားကို အမြဲဆောင်ထားဖို့ မေသွယ်က လက်ဆောင်ပေးထားခြင်း ဖြစ်သည်။


ဝင်ရောက်လာသူက ပစ္စည်းခိုးချင်သော သူခိုးတစ်ယောက် မဟုတ်ပါ။ အိပ်ပျော်နေသည်ဟု ထင်သော သစ္စာကို မကောင်းကြံချင်သူသာ ဖြစ်ပါသည်။ သူ့လက်ထဲမှ ဓားမြှောင်က လက်ခနဲ ဖြစ်သွားသည်ကို လရောင်ဖြင့် မြင်လိုက်ရသည်။ သစ္စာကလည်း ပျော့နွဲ့နွဲ့ မိန်းကလေးတော့ မဟုတ်။ တက်ခဲ့ဖူးသော သင်တန်းများထဲတွင် ကရာတေး သင်တန်းလည်း ပါဖူးသည်မို့ လွယ်လွယ်တော့ အညံမခံနိုင်ပါ။ သူ့လက်ထဲမှ ဓားကို ကန်ထုတ်လိုက်တော့ သူက ခုခံလိမ့်မည်ဟု မျှော်လင့် မထားသဖြင့် ဓားလွင့်ကျသွားသည်။ ဓားနှင့် မခြိမ်းခြောက်နိုင်သောအခါ အင်အားဖြင့် ချုပ်ကိုင် အနိုင်ကျင့်ဖို့ ကြိုးစားတော့သည်။ ထိုသူက လရောင်ကို ကျောခိုင်းထားသည့်ပြင် ရုံးကန် လှုပ်ရှားနေရသည်မို့ သူ့မျက်နှာကို သေချာမမြင်ရ။ သစ္စာလက်ထဲမှာ မောင်းချဓားကတော့ ရောက်လာပြီ။ သူ့ကို ချက်ကောင်းထိအောင် သေချာကြိုးစားပြီးမှ ထိုးထည့်လိုက်တော့ သူယိုင်သွားသည်။ နောက်တစ်ချက် ထပ်ထိုးထည့်ပြီးမှ မီးခလုတ်ရှိရာသို့ ပြေးပြီး ဖွင့်ရသည်။ ထိုလူ လုံးဝထွက်မပြေးနိုင်တော့ပဲ သွေးအိုင်ထဲမှာ လဲနေတော့သည်။ သူ့မျက်နှာကို သေချာမကြည့်မိသေးပဲ ရဲစခန်းနှင့် အရေးပေါ် သို့ ဖုန်းဆက်ရသည်။
ထိုလူက လုံးဝကို မလှုပ်တော့။ ဆေးရုံတောင် မရောက်ခင် သေများသွားပြီလားမသိ။ သစ္စာ လက်ဆများ များသွားပြီလား မသိပါ။ ငြိမ်သက်နေသော သူ့ကို မထိပဲ သေချာကြည့်မိတော့မှ ကိုယ့်ရဲ့ ဘော့စ် ကောင်းမြင့်မို ဖြစ်နေတာကို တွေ့ရတော့သည်။ ဒီ လပြည့်ညကို သတိထားဖို့ သူ အစကတည်းက ပြောထားသားနဲ့။ သစ္စာ မှားသွားပြီ။ သူ့ကို ဒီလောက်ထိ မလုပ်သင့်။ သူ.. သူ သေများသွားပြီလား..။ သစ္စာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ သူ များ ဖြစ်မလားလို့ သစ္စာလုံးဝ မစဉ်းစားမိ။ သိခဲ့ရင် ဒီလောက်ထိ လုပ်မိချင်မှ လုပ်မိမည်။ ခုတော့ ကိုယ့်ကိုကိုယ် ကာကွယ်ရင်း လက်လွန်သွားပြီ။
မေသွယ့်ကို ဖုန်းဆက်လိုက်တော့… တော်တော် စိတ်ချရတဲ့ စုံထောက်မက အိပ်ပျော်ရာမှ နိုးလာခြင်း ဖြစ်သည်။ သစ္စာ ပြောပြတော့ သူတော်တော် အံသြသွားသည်။
“မဖြစ်နိုင်ဘူး၊ ငါ သူ့အခန်းကို သွားကြည့်လိုက်ဦးမယ်၊ သူ့အခန်းက ဘယ်တော့မှ လော့ခ်ချမထားဘူး၊ သူဘယ်မှ မသွားဘူးလို့ ငါထင်တယ်”
ခဏ စောင့်နေရပြီးမှ သူမ ဆီက စကားပြန်လာသည်။
“သူ ရှိတယ်၊ အခန်းထဲမှာ အိပ်နေတုန်းပဲ၊ နင် တစ်ခုခု မှားနေပြီ ထင်တယ် သစ္စာ”
“မမှားပါဘူး၊ ငါ့အခန်းထဲက လူက သူမှ သူပဲ၊ နင်အိပ်ချင်မူးတူးနဲ့ စောင်ပုံကြီးကို ကြည့်လာခဲ့တာလား”
“ဘယ်က ဟုတ်ရမှာလဲ ငါ ခုပဲ သူ့ကိုတောင် လှုပ်နှိုးခဲ့သေးတယ်၊ လုံးဝ နိုးမလာတာနဲ့ ထားခဲ့တာ..”
ထိုအချိန်မှာပဲ ambulance ကားရော၊ ရဲတွေရော ရောက်လာကြသည်။
“မေသွယ် ရေ ငါနောက်မှ ပြန်ဆက်တော့မယ်၊ ရဲတွေ ရောက်လာလို့”
သူတို့ မေးမြန်းကြသည်။ စစ်ဆေးကြသည်။ သူ့အလောင်းကို ယူသွားကြသည်။ သစ္စာကို ဘယ်မှ မသွားဖို့ မနက်ကျ စခန်းကို လာရောက် အစစ်ခံဖို့ ပြောကြသည်။ အန်တီလေးကို ဖုန်းဆက်ပြီး ပြန်မလာခိုင်းချင်သောကြောင့် တစ်ယောက်တည်းပဲ ဧည့်ခန်းမှာ ထိုင်နေရင်း ဘာကြောင့်မှန်းမသိ ငိုမိတော့သည်။
#####

(၆)

မေသွယ်သည် သစ္စာနှင့် ဖုန်းပြောပြီးနောက် တော်တော် စိတ်ရှုပ်သွားသည်။ ညကြီးမင်းကြီး တိုက်ခန်းကို ပြန်ရအောင်လည်း မဖြစ်နိုင်ပါ။ ထိုအချိန်မှာပင် အိမ်ရှေ့မှ ကားဝင်လာသံကို ကြားလိုက်ရသည်။ ကိုယ့်အခန်းကိုယ် ပြန်ဝင်နေပြီး အသံနားထောင်တော့ ကောင်းမြင့်မို၏ အမေ ဒေါ်မိမိမော် ပြန်လာခြင်း ဖြစ်သည်။ ဒီလို ညကြီးသန်းခေါင် သူမ ဘယ်နေရာမှ ပြန်လာပါသလဲ…။ သူမ ထွက်သွားတာကိုပင် မေသွယ် မသိလိုက်ပါ။ သစ္စာဖုန်းဆက်မှ နိုးလာခြင်း ဖြစ်သည်။ သူမက မေသွယ့်ကို အိပ်ပျော်နေသည် ဟုပင် ထင်နေပုံရသည်။ အရူးတစ်ယောက်လိုပင် ပါးစပ်မှ တတွတ်တွတ် ပြောနေသည်။ သူမ၏ အိပ်ခန်းက အောက်ထပ်မှာ ရှိပြီး သူ့သားအိပ်ခန်းက အပေါ်ထပ်မှာ ရှိသည်။ သူမ အိပ်ခန်းထဲသို့ ဝင်သွားသံ ကြားရသည်။ နောက်ပြန်ထွက်လာသည်။ 

“သူ့ကိုပါ သတ်ပစ်မှ ဖြစ်မယ်.. သူ့ကို သတ်ပြီး ဖျောက်ဖျက် ပစ်ရမယ် ဒါမှ ငါ တစ်သက်လုံး ကြံစည်လာတာတွေ မပျက်စီးမှာ…”
“တစ်ယောက်ကတော့ ရေခဲတိုက်ကို ရောက်နေပြီ နောက်တစ်နေ့ကျရင် သတင်းတွေ ထွက်လာလိမ့်မယ် မြင့်မိုရ် ကုမ္ပဏီ ပိုင်ရှင် ကောင်းမြင့်မို က တဏှာရူး လူသတ်သမား ဆိုပြီးတော့ … ဒါလည်း ကောင်းတာပဲ၊ တစ်ခါတည်း အေးရော.. ”
သူမ တစ်ယောက်တည်း ပြောနေတာကို မေသွယ် နားနဲ့ဆတ်ဆတ် ကြားလိုက်ရတော့မှ ဤကိစ္စထဲတွင် သူမပါ ပါဝင်နေမှန်း သိလိုက်ရသည်။ သို့သော် သူမ ပြောနေတာတွေကိုတော့ နားမလည်ပါ။
            သူမ အခန်းထဲမှ ထွက်လာပြီး မီးဖိုခန်းထဲ ဝင်သည်။ နောက် အပေါ်ထပ် တက်သွားသံ ကြားရတော့ ကမန်းကတန်း လိုက်တက်ရသည်။ သူမကတော့ ရှေ့လောကြီးနေသဖြင့် လုံးဝ မသိပါ။ သူမ အကြံကို မေသွယ် သိသလို ရှိသွားသည်။ ယုံတော့ မယုံနိုင်စရာပါ။ သို့ပေမယ့် မေသွယ် ထင်သည့်အတိုင်းပင် ကောင်းမြင့်မို ၏ အခန်းထဲသို့ ဝင်သွားသည်ကို တွေ့ရသည်။ သူကတော့ နိုးမှာ မဟုတ်ပါ။ ကြည့်ရတာ အိပ်ဆေးသောက် အိပ်ပုံရသည်။
            သူမ လက်ထဲတွင် သားလှီးဓား တစ်ချောင်း ကိုင်ထားသည်။ သူမ ကြည့်ရတာ မူမှန်ပုံ မရတော့။ ကောင်းမြင့်မိုကို တကယ်ပင် သတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။ သူမကို တားဆီးဖို့ မေသွယ် အကြိတ်အနယ် ကြိုးစားလိုက်ရသည်။ မူမမှန်သော အင်အားမို့ အသက်အရွယ်နှင့် မမျှအောင် အားကြီးသည်။ စားပွဲပေါ်က ပန်းအိုးနှင့် ခေါင်းကို ရိုက်လိုက်မှ ငြိမ်ကျသွားသည်။ ပန်းအိုးက ခပ်သေးသေးမို့ အရှိန်ကတော့ သိပ်မများပါ။ သူမကို ကြိုးတုပ်ပြီးမှ ရဲစခန်းကို ဖုန်းဆက်ရသည်။ ပြီးတော့ သူ့ကို နှိုးရသည်။ မျက်နှာကို ရေနဲ့ပက်ပြီးတော့ကို နှိုးရခြင်း ဖြစ်သည်။ သူနိုးလာတော့ အခြေအနေက မယုံနိုင်စရာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
            တစ်သက်လုံး အမေအရင်း အနေနှင့် ချစ်ခင်လာသူက အကြံအစည်နှင့် မွေးစားထားသူ မိထွေး တစ်ယောက် ဖြစ်နေသည်။ သူ့အမေ ပြောသော အကြောင်းအရာတွေကို သူ မယုံကြည်ချင်သော်လည်း မယုံလို့မရတော့ပါ။ မထူးတော့ပြီမို့ ရဲအရာရှိများ ရှေ့၌ပင် အကြောင်းစုံကို ဖွင့်ဟဝန်ခံနေခြင်း ဖြစ်သည်။ သူမ စိတ်ကလည်း ပုံမှန် မဟုတ်တော့ပါ။ တစ်သက်လုံး ဖုံးဖိထားသမျှကို အကုန်ပေါ်ကုန်ပြီ ဖြစ်သဖြင့် သွေးရူးသွေးတန်းစိတ်ဖြင့် လျှောက်ပြော နေခြင်းလည်း ဖြစ်သည်။
#####

မြင့်မို၊ ခင်မြတ်ကောင်း နှင့် မိမိမော် တို့က စတိတ်ကျောင်း ကတည်းက သူငယ်ချင်းတွေ ဖြစ်သည်။ မြင့်မို နှင့် မိမိမော်က လူကုံထံ အသိုင်းအဝိုင်းမှ ဖြစ်သော်လည်း ခင်မြတ်ကောင်းကတော့ အမေ တစ်ခု သမီးတစ်ခု ဘဝနှင့် ဆင်းရဲရှာသည်။ သို့သော် မြင့်မို ၏ အချစ်က ခင်မြတ်ကောင်း အပေါ်မှာသာ ရှိနေခဲ့သည်။ သူတို့ နှစ်ယောက် အကြောင်းကို မြင့်မို၏ မိဘများ သိသွားတော့ လုံးဝ သဘောမတူ။ သူတို့ သဘောတူသူက မိမိမော် ဖြစ်ခဲ့သည်။ ထိုအကြောင်းကို သိရတော့ မိမိမော်က မြင့်မိုကို တိတ်တခိုး ချစ်ရသူမို့ ဝမ်းသာခဲ့သည်။ သူတို့ သုံးယောက်လုံး ဘွဲ့တစ်ခုစီ ရအပြီးမှာ မြင့်မို အမေက သူ့ ကျန်းမာရေးကို အကြောင်းပြ၍ မိမိမော်နှင့် စီစဉ်ဖို့ ကြိုးစားသည်။ မြင့်မို လည်း မငြင်းဆန်သာ သဖြင့် လက်ခံခဲ့ရသည်။ သို့သော် လက်ထပ်ပွဲ စကာနီး ကျကာမှ မြင့်မိုက ထွက်ပြေးသွားခဲ့သဖြင့် မိမိမော် အရှက်ရခဲ့ရသည်။ မြင့်မို ကိုလည်း တစ်သက်မကျေနိုင် ဖြစ်ခဲ့ရသည်။
မိမိမော်သည် သူမ၏ အာဃာတများကို သိုဝှက်ထားပြီး မြင့်မို တို့ကို ပြေပြေလည်လည် ပြန်ဆက်ဆံခဲ့သည်။ မြင့်မို အိမ်ကလည်း ပြန်မခေါ်သဖြင့် သူတို့ နှစ်ယောက် ကိုယ့်ဟာကိုယ် ရုံးကန်ခဲ့ရသည်။ ခင်မြတ်ကောင်း အမေကလည်း ဆုံးပါးသွားခဲ့ပြီး ဖြစ်သည်။ ခင်မြတ်ကောင်းသည် အမြွှာ သားလေး နှစ်ယောက် မွေးအပြီးမှာ ကျန်းမာရေးညံလာပြီး ဆုံးပါးသွားခဲ့သည်။ ကလေးနှစ်ယောက်နှင့် ကျန်ခဲ့သော မြင့်မိုကို သူ့အိမ်က ပြန်ကြည့်ရတော့သည်။ မိမိမော်ကလည်း ကလေး နှစ်ယောက်ကို ကူညီပြီး ကြည့်ရှုပေးခဲ့သည်။ မြင့်မို ကတော့ သူ့မိန်းမကို တမ်းတရင်း အရက်သမားလုံးလုံး ဖြစ်နေပြီ။ နောက်ဆုံးတော့ ကလေးနှစ်ယောက် ရှေ့ရေး အတွက် မြင့်မိုက မိမိမော်ကို လက်ထပ်ခဲ့သည်။ မိမိမော်ကလည်း သူမကို လက်ထပ်ခဲ့ပေမယ့် နည်းနည်းလေးမှ ဂရုမစိုက်သော မြင့်မိုကို နာကျည်းသည်။
သူတို့ လက်ထပ်ပြီး သိပ်မကြာခင်မှာပင် မြင့်မို မိဘ နှစ်ပါးက ကားမှောက်ပြီး ဆုံးသွားသည်။ ကလေးတွေ နှစ်နှစ် အရွယ်မှာ မြင့်မို လည်း အသည်းကင်ဆာဖြင့် ဆုံးသွားတော့ ကလေးတွေ တာဝန်ကို မိမိမော်ပဲ ယူရသည်။ ကလေးတွေကလည်း မိမိမော်ကိုပင် အမေလို့ထင်ကြသည်။ မိမိမော် ဘက်ကတော့ ဒင်းတို့ကို နည်းနည်းမှ မေတ္တာမရှိ။ သူတို့ မိဘတွေ အပေါ်မုန်းသော အမုန်းကို သူတို့ အပေါ်ကို ပုံချချင်သည်။ ထိုအချိန်မှာ ဘာသာပြန် ဝတ္တုတစ်အုပ်ကို မိမိမော် ဖတ်လိုက်ရသည်။ မူရင်းဝတ္တုကိုတော့ မမှတ်မိတော့။ ဘာသာပြန်နာမည်က ချောက်ချောက်ချားချား ဟုထင်သည်။ အမြွှာနှစ်ယောက်ကို မြေတိုက်ထဲမှာ ပိတ်ထားပြီး အပြင်ထွက်လျှင် တစ်ယောက်တည်း အနေနှင့်ပဲ ထွက်စေသည်။ နောက်ဆုံးမှာ စိတ္တဇ လူသတ်သမားများ ဖြစ်လာကြသည်။ ထိုဝတ္တုကို ဖတ်ပြီး မိမိမော် အကြံ တစ်ခု ရခဲ့သည်။ ရန်ကုန်ပြောင်းလာခဲ့သည်။ ပတ်ဝန်းကျင်မှ လူအားလုံးကို တစ်ဦးတည်းသော သားကိုသာ ပြထားသည်။ တစ်ယောက်ကိုတော့ တစ်ခြား တစ်နေရာမှာ ရှင်သန်စေသည်။
            ကံဆိုးရှာသူ တစ်ယောက်မှာတော့ နှိပ်စက်မှုများ ဖိနှိပ်မှုများနှင့် အရွယ်ရောက်လာသည်နှင့် အမျှ စိတ်ဒဏ်ရာက ပိုများလာခဲ့သည်။ သူ့နာမည်ကလည်း ကောင်းမြင့်မို ပင်ဖြစ်သည်။ သူတို့နှစ်ယောက်တွင် နာမည် တစ်ခုတည်းသာ ရှိသည်။ တစ်ယောက်ရှိသော နေရာမှာ တစ်ယောက်က နေ့ခင်းဘက် အပြင်ထွက်ခွင့် မရှိ။ ညဘက်ကျမှသာ ထွက်ခွင့်ရသည်။ ကံကောင်းသော သူ့အမြွှာ တစ်ယောက်ကို မုန်းတီးအောင်လည်း လုပ်ထားသည်။ စိတ်ကြွဆေးများတိုက်၍ ညဘက် အမှုများ ကျူးလွန်အောင် ဖန်တီးပေးသည်။ ကျူးလွန်ရမည့်သူ ကို မိမိမော် ကိုယ်တိုင် လိုက်ပြသည်။ စုံစမ်းထားသော လိပ်စာများ အတိုင်း သူကိုယ်တိုင် လိုက်ပို့သည်။ ကျူးလွန်ခံရသူများမှာ အိမ်မှ အိမ်ဖော်များ နှင့် ကုမ္ပဏီပိုင်ရှင် ကောင်းမြင့်မို ၏ အတွင်းရေးမှုးများ.. ဖြစ်သည်။ တစ်ခါတစ်ရံတော့ မိမိမော် မစီစဉ်ပေးသည့် အမှုများကိုလည်း သူ ညဘက်ထွက်ရင်း စိတ်မထိန်းနိုင်ပဲ ကျူးလွန်မိသည်များ ရှိခဲ့သည်။
သတ်ဖြတ်တဲ့ အထိ လက်လွန်သွားမိတာက သုံးကြိမ် ရှိခဲ့သည်။ ချက်ချင်းပင် ဒေါ်မိမိမော် သိသွားပြီး အလောင်းများကို ဖျောက်ဖျက် ပစ်ခဲ့သည်။ ထောက်ကြံဘက်တွင် သူတို့ မိသားစုပိုင် ခြံကြီး တစ်ခြံ ရှိသည်။ ထိုခြံထဲမှာ သွားရောက်မြှုပ်နှံထားခဲ့ ခြင်းဖြစ်သည်။ ထိုခြံကြီး အကြောင်းကို ကုမ္ပဏီပိုင်ရှင် ကောင်းမြင့်မို ပင် လုံးဝ မသိ။ ညမင်းသား ကောင်းမြင့်မို ကတော့ သိသည်။ သူကိုယ်တိုင်လည်း ထိုခြံကြီးထဲရှိ တစ်ထပ်တိုက် အောက်ဘက် မြေတိုက်ခန်းထဲမှာ နေရခြင်း ဖြစ်သည်။ နေ့ခင်းဘက် အပြင်ထွက်ခွင့် မရှိသော်လည်း အစစအရာရာ ပြည့်စုံအောင် စီစဉ်ပေးထားသည်။ ခြံစောင့်ကြီးမှာလည်း ဒေါ်မိမိမော် ၏ လူယုံ ဖြစ်သည်။ ညမင်းသား ကောင်းမြင့်မိုမှာ ကိုယ်ပိုင် အသိဥာဏ် မရှိ။ မိမိမော် သွင်းပေးထားသော အသိဥာဏ် လောက်သာ ရှိသည်။ ထိုဘဝက လွတ်မြောက်ဖို့ လုံးဝ မကြိုးစားရဲပါ။ ငယ်ငယ်ကတည်းက မိမိမော်က နှိပ်စက်နည်း ပေါင်းစုံနှင့် နှိပ်စက်ခဲ့သဖြင့် ဘယ်လိုမှ မလွန်ဆန်ဝံ့ ဖြစ်နေသည်။
ကုမ္ပဏီပိုင်ရှင် ကောင်းမြင့်မို ကို နှိပ်စက်ပုံကတော့ တစ်မျိုး။ ဘယ်သောအခါမှ ကိုယ်ထိလက်ရောက် မလုပ်ခဲ့။ စိတ်ဓါတ်ကိုသာ ပျက်စီးစေ၊ သိမ်ငယ် စေခဲ့သည်။ ညဘက် အိပ်ပျော်ရင်း လမ်းလျှောက်ကာ အမှုများ ကျူးလွန်ခဲ့ကြောင်း ပြောပြသည်။ ငယ်ငယ်ကတည်းက အိမ်က ခွေးလေး ကြောင်လေးများကို ညဘက် သူ လမ်းထလျှောက်ရင်း သတ်ထားသည့် ပုံမျိုး လုပ်ထားသည်။ အရွယ်ရောက်လာတော့… ညမင်းသား ကောင်းမြင့်မို ကျူးလွန်ခဲ့သမျှ အမှုတွေကို သူ့ကျူးလွန်ခဲ့ပုံမျိုး ပြောပြသည်။ ညတိုင်း စိတ်ကျဆေးများ၊ အိပ်ဆေးများ တိုက်၍ ညဘက် အပြင် မထွက်အောင် လုပ်ထားသည်။ ထိုင်းမှိုင်း လေးလံပြီး စိတ်မကြည်မလင် နှင့် မှန်မှန်ကန်ကန် မတွေးနိုင်အောင် လုပ်ထားသည်။ ကိုယ့်ကိုကိုယ် အပြစ်တင်၍ အရိပ်မည်း အောက်ကလည်း ရုံးမထွက်ရဲအောင် လုပ်ထားသည်။ ဒီလို အခြေအနေကြားမှပင် ကောင်းမြင့်မိုက ကုမ္ပဏီ အလုပ်ကိုတော့ အောင်မြင်အောင် လုပ်နိုင်ခဲ့သေးသည်။ သူလုပ်ချင်ရာ လုပ်နိုင်အောင် စီးပွားရေး တစ်ခုတော့ ခိုင်မာဖို့ လိုသဖြင့် ဒေါ်မိမိမော်က စီးပွားရေးမှာတော့ ဘာမှ ဝင်မစွက်ပဲ ကောင်းမြင့်မို ကို လုပ်ပိုင်ခွင့် အပြည့် ပေးထားခဲ့သည်။ အတွင်းရေးမှုးမလေး များကို ဒုက္ခရောက်အောင် လုပ်တာက လွဲလို့ပေါ့လေ။
အဲလို အခြေအနေမျိုးမို့ ကောင်းမြင့်မိုမှာ ရင်းနှီးသော သူငယ်ချင်းမရှိ။ ချစ်သူရည်းစား မရှိ။ အစဉ်အမြဲ အထီးကျန်နေခဲ့သည်။ သူ့ကိုယ်သူ စိတ်ရောဂါ ဝေဒနာရှင် တစ်ယောက်လို ခံစားနေခဲ့သည်။ ရဲစခန်းမှာလည်း ဝန်ခံခွင့် မပေး၊ ကိုယ့်ကိုယ်ကို သတ်သေခွင့်လည်း မပေးခဲ့။ မှန်ကန် တည်ကြည်သော သူ့ပုံမှန်စိတ်က ထိုကိစ္စ ကို လုံးဝ လက်မခံနိုင်။ ရုန်းထွက်ခွင့်ကလည်း မရှိသော ဘဝမှာ သူ့စိတ်က နောက်ကျိ အနည်ထိုင်နေခဲ့သည်။
#####

ဒေါ်မိမိမော် ကို လက်ထိပ် ခပ်ထားပြီး စခန်းကို ခေါ်သွားရန် ဆင်ဝင်အောက်ရှိ ကားပေါ်သို့ တင်ကာနီးတွင် သူမက ထွက်ပြေးသွားသဖြင့် ရဲအရာရှိများက နောက်မှ ပြေးလိုက်သွားရသည်။ ရူးသွပ်သော အင်အားဖြင့် ပြေးသည်မို့ သူတို့ လိုက်မမီခင် လမ်းမကြီးပေါ် ရောက်သွားသည်။ လာနေသော ကားအကြီးကြီး ရှေ့သို့ ဇွတ်အတင်း ပြေးဝင်သွားသည်ကို ဘယ်သူမှ မတားလိုက်နိုင်တော့ပါ။
#####

နောက်တစ်ရက်မှာ မေသွယ် အလုပ်ထွက်ခွင့်တောင်းရင်း သူနှင့် စကားပြောဖြစ်ကြသည်။

“ဒါဆို ခင်ဗျားက အစကတည်းက အကြံအစည်နဲ့ ဒီအိမ်မှာ လုပ်နေတာပေါ့ ဟုတ်လား”
“ဟုတ်တယ်.. ဒါပေမယ့် ကျွန်မတို့က ရှင့်ကိုပဲ အာရုံစိုက်ပြီး ရှင့်အမေကို အာရုံ မစိုက်မိလို့ ဘာမှ မသိခဲ့ရပါဘူး”
“ဘာပဲ ဖြစ်ဖြစ် ခင်ဗျား ကျွန်တော့်ကို ကယ်နိုင်ခဲ့တာပဲလေ”
“ရှင့် အပေါ် အထင်မှားမိတဲ့ အတွက် တောင်းပန်ပါတယ်..၊ ရှင့် ရဲ့ အတွင်းရေးမှုး ဖြစ်ခဲ့ဖူးတဲ့ ဝတ်မှုံ ဆိုတာ ကျွန်မတို့ သူငယ်ချင်းပဲ.. သူ့ကြောင့် ကျွန်မတို့ ဒီကို ရောက်ခဲ့တာပဲ”
“ကျွန်မတို့ ဆိုတော့…”
“ရှင့် ရဲ့ အတွင်းရေးမှုး ခက်သစ္စာလေ..”
“ဗျာ.. သစ္စာကောလား..”
“ဟုတ်တယ်.. ဒီလပြည့်ညရဲ့ သားကောင်က သစ္စာပဲလေ၊ ခုတော့ မုဆိုးကို အသေသတ်လိုက်နိုင်တဲ့ သားကောင် ဖြစ်သွားတယ်..”

“စိတ်မကောင်းပါဘူး ကိုကောင်းမြင့်မို၊ ရှင်တော့ အိမ်ဖော်ရော အတွင်းရေးမှုးရော အသစ်ထပ်ခေါ်ရတော့မယ်.. ”
“သစ္စာ ကလည်း အလုပ်ထွက်မှာပဲလား”
“ထွက်မှာပေါ့ သူက မန္တလေးမှာ သူ့မိသားစု အလုပ်ရှိပြီးသား၊ နောက်ပြီးတော့ ကျွန်မ အစ်ကို နဲ့လည်း လက်ထပ်တော့မှာလေ၊ လူကြီးချင်းလည်း စေ့စပ်ပြီးသား”

ဒီကိစ္စက ထည့်မပြောလည်း ရပေမယ့် မေသွယ်က တမင်ပြောခြင်း ဖြစ်သည်။ သစ္စာက သူ့အပေါ်မှာ စိတ်ယိုင်ချင်နေတာ သိသည်။ သူ့အကြောင်းကို အစတုန်းကလို ပွင့်ပွင့်လင်းလင်း မပြောတော့။ ထိန်ချန်ထားတာတွေ ရှိမှန်း မေသွယ်သိသည်။ သစ္စာကို မေသွယ့် အစ်ကို နဲ့သာ သဘောတူချင်သည်။ လူကြီးချင်း ပြောဆိုလို့ သစ္စာကလည်း အတင်းအကျပ် မငြင်းပေမယ့် ခုလောလောဆယ် လက်ထပ်ကြဖို့တော့ မဟုတ်သေးပါ။ သို့ပေမယ့် ဒီလို ပြောထားမှ တော်ကာကျမည်။

“ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်.. ကျွန်တော့် ဘဝထဲမှာ တစ်သက်လုံး မိုးနေတဲ့ အရိပ်မည်းအောက်က လွတ်ခဲ့ရလို့ပါ”
#####

(၇)

            သူ့ ဘဝရဲ့ တိမ်မည်းရိပ်တွေ လွင့်ပျောက်ပြီ ဆိုပေမယ့် သူ လုံးလုံးလျားလျား မပျော်နိုင်သေးပါ။ မေမေ သူ့အပေါ် ကြံစည်ရက်သည် ဆိုပေမယ့် သူ့ဘက်ကတော့ မနာကျည်းပါ။ မေမေ့ကို သနားမိပါသည်။ ထို့အပြင် မရင်းနှီးခဲ့ရသော ညီလား အစ်ကိုလား မသိသည့် ဟိုတစ်ယောက် ကိုလည်း သနားမိပါသည်။ ထိုကိစ္စတွေကို စီစဉ်နေရသေးသည်မို့ သုံးရက်လောက် ခွင့်ယူထားခဲ့ရသည်။ သစ္စာလည်း နှုတ်ထွက်စာ တင်သွားလောက်ပါပြီ။ သူမ မရှိတော့မယ့် သူ့ရုံးခန်းကို သွားဖို့ရာ ဝန်လေးနေပေမယ့် အလုပ်ကို ပစ်ထားလို့ မရသည်မို့ လာခဲ့ရသည်။ သူ့အတွက် မနက်ခင်း ကော်ဖီ တစ်ခွက် ဖျော်ပေးမည့်သူ မရှိ။ စားပွဲပေါ်က ပန်းအိုးတွေလည်း နွမ်းနေသည်။
            သူ့ဘဝ တစ်သက်တာလုံးမှာ ပထမဆုံး (နောက်ဆုံးလည်းဖြစ်နိုင်သည့်) ခင်တွယ်ခဲ့မိသော မိန်းကလေး…။ သူမရဲ့ အကြင်နာ မေတ္တာတွေကို အစစ်အမှန်လို့ သူက ယုံကြည်ခဲ့သည်။ သူမကို ချစ်ခဲ့မိသည်။ တကယ်တော့ သူမ သူ့ဆီမှာ ဝင်လုပ်ခဲ့ခြင်းကိုက စုံစမ်းလိုသော အကြံအစည်နှင့် လုပ်ခဲ့ခြင်း ဖြစ်သည်။ သူမရဲ့ စေတနာ မေတ္တာတွေ ဆိုတာကလည်း ဟန်ဆောင်တာပဲလား…။ သူမကိုလည်း မပြစ်မတင်ချင်ပါ။ ကိုယ့်ရဲ့ ကံကိုက ဆိုးခြင်းသာ ဖြစ်ပါလိမ့်မည်။

            ရုံးစတက်သော ထိုတစ်နေ့လုံး သူ့မှာ အဆင်မပြေပါ။ အတွင်းရေးမှုး မရှိတာလည်း ပါသည်။ သုံးရက်စာ အလုပ်အကြွေးတွေကလည်း စိတ်ကို ညစ်ညူးစေသည်။ ဘာတစ်ခုမှလည်း စိတ်တိုင်းမကျသလို ဖြစ်နေသည်။ အလုပ်ထဲမှာလည်း စိတ်မဝင်စား…။ စောစောပြန်၍ အိမ်မှာလည်း မနေချင်။ တစ်နေ့တာက တကယ့်ကို ကုန်ခဲလှပါသည်။ နောက်တစ်ရက်လည်း အဲဒီလိုပင် ဖြတ်သန်းရဦးမည်။

              နောက်တစ်နေ့ မနက်မှာ အစည်းအဝေး တစ်ခုရှိလို့ သွားရသည်။ အစည်းအဝေးကိုလည်း မနည်း စိတ်ဝင်စားချင်ယောင် ဆောင်ခဲ့ရသည်။ သူ ပြန်လာတော့ ၁၁ နာရီကျော်နေပြီ။ အပြင်ဘက် အတွင်းရေးမှုး စားပွဲမှာ ခက်သစ္စာကို တွေ့တော့ သူ အံသြသွားသည်။ သူမ ပြုံးပြ နှုတ်ဆက်တာကို ပင် ပြန်မပြုံးနိုင်အောင် ဖြစ်ရသည်။ သူမ ဘာလာလုပ်ပါလိမ့်…။ သူ အခန်းထဲ ဝင်လာပြီး ခဏနေတော့ သူမ လိုက်ဝင်လာသည်။
“မနက်အစောကြီး ကတည်းက ပြန်ရောက်တာ ဆရာ၊ အိပ်ပျော်သွားလို့ ခုမှ လာရတာ…၊ သစ္စာ ရောက်တော့ ဆရာ အစည်းအဝေး သွားပြီ ဆိုလို့”
“သစ္စာ ဘာဖြစ်လို့ ပြန်လာတာလဲ၊ အလုပ်ထွက်သွားပြီ အောက်မေ့နေတာ၊ မန္တလေးမှာလည်း အလုပ်ရှိတယ် ဆို”
“အလုပ်ထွက်သွားတယ်လို့ ဘယ်သူကပြောလဲ၊ သစ္စာ ခွင့်သုံးရက် ယူသွားတာပါ၊ .. ဒီကို အကြံအစည်နဲ့ စဝင်ခဲ့မိတာ၊ ဆရာ့ကို အထင်လွဲမိတာလည်း တောင်းပန်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီအလုပ်က ကိုယ့်အရည်အချင်းနဲ့ကိုယ် ရထားတာပဲ၊ ဘာလို့ ထွက်ရမှာလဲ၊ ဘာလဲ ဆရာက သစ္စာကို ထွက်စေချင်တာလား၊ သစ္စာ လိမ်မိတာ ခွင့်မလွှတ်နိုင်ဘူးလား”
“မဟုတ်ပါဘူးကွာ၊ သစ္စာကို အစကတည်းက အပြစ်မတင်မိပါဘူး၊ မင်း ပြန်လာမှာ မဟုတ်ဘူးလို့ မသွယ်က ပြောလို့ပါ၊ မင်း ဟိုမှာ လက်ထပ်ဖို့လည်း စီစဉ်စရာ ရှိတယ်ဆို…”
“ဟာ မဟုတ်ပါဘူး၊ မေသွယ်က ဘာတွေ လျှောက်ပြောထားတာလဲ…၊ ဟိုနေ့က ကိစ္စကို အန်တီလေးက အိမ်ကို ဖုန်းဆက်ပြောလိုက်လို့ အိမ်က ချက်ချင်း ပြန်လာခဲ့ဆိုတာနဲ့ ဒီကကိစ္စတွေ ပြီးပြီးချင်း ပြန်သွားတာ၊
 ပြန်ပြီးတော့ ချော့ရတယ်လေ..၊ ဒီမှာ ဆက်လုပ်ဖို့ မနည်းပြောခဲ့ရတာ၊ ပြီးတော့ အဲဒီ မင်္ဂလာကိစ္စကိုလည်း စီစဉ်ချင်တယ်ဆိုတာနဲ့ တစ်ခါတည်း ငြင်းခဲ့ပြီ၊ မေသွယ့် အစ်ကို ဆိုတာ ငယ်ငယ်တည်းက ကိုယ့်အစ်ကို လိုပဲ သတ်မှတ်ထားတာ… ဘယ်လိုမှ မဖြစ်နိုင်ပါဘူး လို့ ငြင်းခဲ့ပြီး ထွက်လာတာ… သိလား၊ သစ္စာမှာ အပြစ်မရှိပဲနဲ့ အလုပ်ထုတ်ဖို့ မစဉ်းစားနဲ့နော်..”
“ဟုတ်လား၊ အဲလိုလား…မထုတ်ပါဘူးကွာ၊ ကိုယ်လည်း မနေ့ကမှ ရုံးတက်တာ၊ မင်းမရှိတဲ့ တစ်ရက်ကို ကိုယ့်မှာ ရူးတော့မလို ဖြစ်နေတာ၊ သစ္စာကို တစ်သက်လုံး ကိုယ့်အနားမှာ နေပေးဖို့ ကိုယ်က တောင်းပန်ချင်တာပါ”

သစ္စာကလည်း သူ့အနားမှာ တစ်သက်လုံးနေဖို့ ဆုံးဖြတ်ပြီးမှ ပြန်လာခဲ့တာပဲလေ။ သူ့ကို ချစ်မိပြီမို့ သူ့ကို ပျော်ရွှင်စေချင်သည်။ သူ့ဒဏ်ရာတွေကို ကုစားပေးချင်သည်။ တိမ်မည်းရိပ်အောက်မှာ နေခဲ့ရသော နေ့ရက်တို့ ကုန်ဆုံးပြီဖြစ်လို့ သူ့ဘဝမှာ နေခြည်ဖြာသော နေ့ရက်များသာ ရှိစေချင်တာ သစ္စာရဲ့ စိတ်ရင်းအမှန်ပါ။
#####

သိင်္ဂါကျော်
9.12.2009
3:55 p.m

09 December, 2009

တိမ်မည်းရိပ်လွင့် နေခြည်ဆင့် (၁)


(၁)

မေသွယ်မြင့်၊ ခက်သစ္စာ နှင့် ဝတ်မှုံ တို့က ဟိုးငယ်ငယ် မူလတန်း ကတည်းက တစ်ကျောင်းတည်း အတူတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေ။ ကျူရှင်တက်ကြတော့လည်း အတူတူ။ ဆယ်တန်းအောင်ပြီး သင်တန်းတွေ တက်ကြတော့လည်း အတူတူ။ တက္ကသိုလ် တက်တော့မှ မတူကြတော့လို့ အရင်လို တပူးတွဲတွဲ မဟုတ်တော့ပေမယ့် ကျောင်းပိတ်ရက်မှာတော့ တွဲဖြစ်ကြတုန်း။ ကျောင်းပြီးတော့ အလုပ်တွေ ကိုယ်စီ နဲ့မို့ ပိုလို့ အနေဝေးသွားကြပေမယ့် ဖုန်းအဆက်အသွယ်တော့ မပြတ်ရှိနေကြဆဲ ဖြစ်သည်။ ဝတ်မှုံ ပျောက်ဆုံးနေသည် ဆိုသော သတင်းကို သယ်ယူလာသူက မေသွယ်မြင့် ဖြစ်သည်။ သူတို့ နှစ်ယောက်က ရန်ကုန်မှာ အလုပ်လုပ်နေကြသူတွေမို့ မန္တလေးမှာပဲ မိသားစုလုပ်ငန်းတွေ ကူလုပ်ပေးနေသော ခက်သစ္စာထက်တော့ ပို အဆက်အသွယ် ရှိကြသည်။ မေသွယ်မြင့်က ရဲအရာရှိ တစ်ယောက်ဖြစ်နေပြီး ဝတ်မှုံကတော့ ကုမ္ပဏီတစ်ခုမှာ အတွင်းရေးမှူး လုပ်နေခဲ့ကြသည်။ 

 သူတို့ နှစ်ယောက်လုံးနှင့် ဖုန်းအဆက်အသွယ် မရတာ နှစ်ပတ်ခန့် ရှိခဲ့ပြီး အခုမှ မေသွယ်မြင့်က ဖုန်းဆက်လာခြင်းဖြစ်သည်။ မေသွယ်မြင့်က အလုပ်ကိစ္စနှင့် ခရီးထွက်ရာက ခုမှ ပြန်ရောက်ခြင်းဖြစ်ပြီး မသွားခင်ကလည်း ခက်သစ္စာကို ပြောသွားခဲ့သည်။ ဝတ်မှုံကတော့ ဘာမှ အကြောင်းမကြားပဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ကုမ္ပဏီကလည်း အလုပ်ထွက်သွားပြီ ဟု ဆိုသည်။ သူ့တိုက်ခန်းမှာလည်း မရှိ။ သူ့ဖုန်းကိုလည်း လုံးဝ ဆက်သွယ်လို့မရ ဖြစ်နေသည်။ ဝတ်မှုံမှာ လောလောဆယ် တွဲနေတဲ့ ချစ်သူဆိုတာမျိုးလည်း ဘယ်သူမှ မရှိတာ ခက်သစ္စာတို့ နှစ်ယောက်လုံး သိသည်။ မေသွယ်မြင့်ကတော့ ရဲအရာရှိပီပီ သူစုံစမ်းဦးမည် ဟု ဆိုသည်။ နယ်မြေ ရဲစခန်းသို့လည်း အကြောင်းကြားထားပြီးပြီ။ ခက်သစ္စာကတော့ အိမ်မှာ ထိုင်၍ စိတ်ပူနေရုံအပြင် ဘာမှ မလုပ်နိုင်ပါ။
#####

    မေသွယ် အစစအရာရာ စုံစမ်း အပြီးမှာ အခြေအနေတစ်ခုကို သိလာရသည်။ ခက်သစ္စာ နှင့် မေသွယ်တို့ နှစ်ယောက်သားက ကိုယ့်အားကိုယ်ကိုးကာ ဝတ်မှုံ အတွက် အမှန်တရားတစ်ခုကို ရှာဖွေချင်ကြသည်။ မေသွယ်ကတော့ သူ့အလုပ်မှာ ပွင့်ပွင့်လင်းလင်း ခွင့်တောင်းကာ လစာမဲ့ခွင့်ယူပြီးကို ဤကိစ္စကို လုပ်တော့မည် ဖြစ်သည်။ သစ္စာလည်း ရန်ကုန်မှာ အလုပ်တစ်ခုခု အတွေ့အကြုံ ရအောင် လုပ်ချင်သည် လို့ အကြောင်းပြပြီး ထွက်လာခဲ့သည်။ တကယ်လည်း အလုပ်တစ်ခု ဝင်လုပ်မှာပဲ မဟုတ်လား။ သစ္စာလည်း ဝတ်မှုံ နှင့် အတူ Secretary သင်တန်း တက်ခဲ့ပြီး Certificate ရထားသူ ဖြစ်သည်။ Computer ၊ Accounting တို့နှင့် ပတ်သက်ပြီးလည်း အောင်လက်မှတ်တွေ ရထားသည်။ မြင်းမိုရ် ကုမ္ပဏီ ဥက္ကဌ ရဲ့ အတွင်းရေးမှုး အလုပ်ကို ရလိမ့်မည် လို့တော့ မျှော်လင့်ရပါသည်။
#####


(၂)

            ကောင်း အတွက်တော့ အသက်ရှင်နေရသည်ကပင် ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေပြီ။ သူ အသက်ရှင် နေသည်မှာ မေမေ တစ်ယောက် အတွက် ပင် ဖြစ်သည်။ မေမေက သူ့ကိစ္စတွေ အားလုံးကို ဖြေရှင်းပေးခဲ့သည်။ သူ တစ်ခုခု ကိုယ့်ကိုယ်ကို မကြံစည်နိုင်အောင် အမြဲတမ်း စောင့်ကြည့် စိုးရိမ်နေသူ ဖြစ်သည်။ ဒီတော့လည်း မေမေ့ကို ငဲ့ကွက်၍ သူ့နောက်သို့ အစဉ်လိုက်နေသော အရိပ်မည်းကို မေ့ထားလိုက်သည်။ အချိန်တိုင်း အလုပ်ကိုသာ ဖိလုပ်နေတော့ အလုပ်ကတော့ အရမ်း အောင်မြင်သည်။ ဘယ်လောက်ပဲ အများက အားကျရသော အောင်မြင်သော လုပ်ငန်းရှင် ဖြစ်နေပါစေ သူ့အတွက်တော့ ပျော်ရွှင်မှုမရှိသော ဘဝက ဘာမှ အဓိပ္ပါယ် မရှိပါ။

 #####

            ထုံးစံအတိုင်း အတွင်းရေးမှုး တစ်ယောက် ထွက်သွားပြန်လေတော့ နောက်အသစ်တစ်ယောက် ထပ်ခေါ်ရပြန်သည်။ သူကိုယ်တိုင်က အလုပ်ကို အရမ်းလုပ်နိုင်သူမို့ သူ့ အတွင်းရေးမှုး ဆိုတာလည်း ပေးထားသော လခ များသလောက် အလုပ်များများ လုပ်ရသည်သာ ဖြစ်သည်။ ဒီတစ်ခေါက် အတွင်းရေးမှုးမလေး ကလည်း ထက်ထက်မြက်မြက် သွက်သွက်ကလေးပဲ ဖြစ်သည်။ သူက မိန်းကလေး ဝန်ထမ်းတိုင်းကို အလုပ်နဲ့ ဆိုင်တာက လွဲလို့ ဘာဘာညာညာ အပိုတွေနှင့် ရင်းနှီးအောင် လုပ်တတ်သူ မဟုတ်ပါ။ သူ့အတွင်းရေးမှုးမ ဟာ သူ့အတွက် ကော်ဖီဖျော်ပေးစရာ မလို၊ ပန်းအိုးထိုးပေးစရာမလို၊ အလုပ်ကိစ္စများကိုသာ သူကျေနပ်အောင် လုပ်နိုင်ဖို့လိုသည်။
သို့သော် ဒီအတွင်းရေးမှုးမကတော့ သူ့ပုံစံကို ပြောင်းဖို့ ကြိုးစားနေသည်။ ပထမဆုံး တစ်ရက်က ပြောထားပေမယ့် မရ။ မနက်တိုင်း ကော်ဖီတစ်ခွက် မှန်မှန်ပို့သည်။ သူ့စားပွဲပေါ်နှင့် အပြင်ဘက် သူမ စားပွဲပေါ်မှာ ပန်းအိုး မှန်မှန်ထိုးသည်။ သူကလည်း ဒီလို အသေးအဖွဲ ကိစ္စမျိုးကို အကျယ်ကျယ် မပြောချင်သူမို့ ဒီအတိုင်းကြည့်နေလိုက်တော့သည်။ သူက နေ့လည်စာ ဆိုလည်း ဆိုင်မှာ သွားစားဖြစ်တာက နည်းသည်။ မေမေက နေ့လည်စာ လာပို့ချင်တာကိုလည်း တားထားပြီး အကူ ကောင်လေးကို ဝယ်ခိုင်းပြီး ဘာဂါ တစ်လုံးလောက်နှင့် ပြီးချင်လည်း ပြီးလိုက်တာပဲ ဖြစ်သည်။ ဒါကို သူမ သိတော့ သူ့အတွက် နေ့လည်စာကိုပါ စီစဉ်ချင်သည်။ အလုပ်သိပ်မရှုပ်သည့်နေ့တွေမှာ သူမနှင့် အတူ နေ့လည်စာ စားရအောင် အတင်းခေါ်သည်။ အလုပ်နည်းနည်း ရှုပ်ရင်တော့ မှာပြီး ကျွေးသည်။ သူက နဂိုတည်းက သူ့ကို ဂရုစိုက်တာကို မကြိုက်။ မေမေက အိမ်မှာဆို သူ့ကို အရိပ်တကြည့်ကြည့် ဂရုစိုက်လွန်းလို့ပင်။ အထူးသဖြင့် မိန်းကလေးတွေနှင့် မရင်းနှီးလိုသော သူ့အတွက် သူ့အတွင်းရေးမှုး၏ ဂရုစိုက်မှုက နည်းနည်းတော့ စိတ်အနှောက်အယှက် ဖြစ်ရသည်။ သူမ၏ ပုံစံကလည်း တမင် အရောဝင်ခြင်းမျိုး မဟုတ်ပဲ ရိုးရိုးသားသားမို့ သူဘက်က ပြောဖို့လည်း ခက်သည်။ 
ကြာလာတော့လည်း သူမ၏ နံနက်ခင်း ကော်ဖီ တစ်ခွက်ကို မသောက်ရလျှင် တစ်ခုခုလိုနေသလို ဖြစ်လာသည်။ အရင်က မေမေက သူ့ကို ဘယ်တော့မှ ကော်ဖီမတိုက်။ နံနက်စာစားဖြစ်ခဲ့လျှင်လည်း နွားနို့တို့ အိုဗာတင်းတို့သာ ဖြစ်လေ့ရှိသည်။ သူ့ရောဂါကြောင့် မနက်ဆို ဘယ်တော့မှ ခေါင်းထဲမှာလည်း မကြည်လင်ချင်။ စက်ရုပ်တစ်ရုပ်လိုပဲ မလုပ်မဖြစ် သဘောထားနှင့် အလုပ်လုပ်လာခဲ့သူ ဖြစ်သည်။ သူမ၏ ကော်ဖီတစ်ခွက်ကို သောက်အပြီးမှာ သူ့နံနက်ခင်းများက ပိုပြီး ကြည်လင်အသက်ဝင်လာသည်။ ခံစားချက်မရှိသော သူလိုလူပင် သူမထိုးပေးသော ပန်းအိုးလေးများ၏ အလှအပကို ခံစားတတ်လာသည်။ တဖြည်းဖြည်းနှင့် သူ့ဘက်က သူမကို ငြိတွယ်မိလျှင် ခက်တော့မည်။ အဲဒီလို ဖြစ်သွားလို့ မရဘူးဆိုတာ သူသိပြီးသား။ အဲဒါဆို သူပိုပြီး ရင်နာရလိမ့်မည်။ သူ့ဘက်က ခံစားချက်မရှိခဲ့သော မိန်းကလေးများ အတွက်တောင် သူဘယ်လောက် စိတ်မကောင်း ဖြစ်ခဲ့ရသလဲ။ သူ့အပေါ်အုပ်မိုးထားသော ကျိန်စာဆိုးက ဘယ်တော့မှ ပြယ်နိုင်ပါ့မလဲ…။ နောက်ထပ် မဖြစ်တော့ဘူး ဆိုရင်တောင် အတိတ်က အရိပ်ဆိုးများက သူ့နောက်ကို အစဉ်လိုက်နေတော့မှာပဲ ဖြစ်သည်။
အဲဒီကိစ္စနှင့် ပတ်သက်ပြီး သူဘယ်တော့မှလည်း နားမလည်ခဲ့။ သူကတော့ ညတိုင်း အိပ်ပျော်နေခဲ့တာပဲ ဖြစ်သည်။ ဖြစ်ခဲ့တိုင်းလည်း သူဘာမှ မမှတ်မိခဲ့ပါ။ သူ့မေမေ ပြောသလောက်သာ သိခဲ့ရသည်။ ဘာကြောင့်လဲ…။ ဘာကြောင့် မေမေက မတားဆီးနိုင်သလဲ..။ သူမသိနိုင်သော အကြောင်းအရာသာ ဖြစ်ပါသည်။
#####

(၃)

သစ္စာ နှင့် မေသွယ် နှစ်ယောက်သား အလုပ်ဝင်လုပ်နေခဲ့တာ နှစ်လကျော် သုံးလနီးပါး ရှိခဲ့ပြီ ဖြစ်ပေမယ့် ဘာမှ ထူးထူးခြားခြား စုံစမ်းမရခဲ့သေး။ သစ္စာကမှ သူနှင့် တော်တော်လေး ရင်းနှီးနေသော အဆင့်ကို ရောက်နေသေးသည်။ မေသွယ်ကတော့ သူနှင့် စကားတောင် ကောင်းကောင်း မပြောဘူးသော အခြေအနေဖြစ်နေသည်။ အတွင်းရေးမှုး နှင့် အိမ်ဖော် တစ်ယောက် ၏ အခြေအနေကတော့ ဘယ်တူနိုင်မလဲလေ။ သို့ပေမယ့် သစ္စာတို့ မလာခင်က ထင်ခဲ့သော အခြေအနေနှင့်တော့ တစ်ခြားစီ ဖြစ်နေသည်။ သစ္စာတို့ စုံစမ်းချင်သော တရားခံက သူမှ ဟုတ်ရဲ့လားလို့ ထင်စရာပင် ဖြစ်နေသည်။ သူက ဘယ်မိန်းကလေးကိုမှ အရောတဝင်မနေ။ သူ့အကြည့်၊ သူ့အပြောတွေက တည်ကြည်သည်။ အလုပ်ထဲမှာ မို့လည်း မဟုတ်။ အပြင်မှာလည်း ဒီလိုပုံစံပင် ဖြစ်သည်။ သူက တခြားယောင်္ကျားတွေလို ညဘက်လည်း အပြင်သိပ်ထွက်တတ်သူ မဟုတ်။ အလုပ်နှင့်ပတ်သက်သော ဒင်နာတွေကလွဲလျှင် ဘယ်ကိုမှ မသွားတတ်ပဲ အလုပ်ကနေ အိမ်ကိုသာ တန်းပြန်တတ်သူ ဖြစ်သည်။
သို့သော် သူ့အမေ နှင့် သူ နှစ်ယောက်တည်းသာ နေသောအိမ်တွင် အိမ်ဖော်မလေးများ ပျောက်ဆုံးခဲ့မှု၊ သူ့ အတွင်းရေးမှုးမလေးများ ပျောက်ဆုံးခဲ့မှု များ၏ တရားခံက သူမှ မဟုတ်လျှင် ဘယ်သူ့ကို စွပ်စွဲနိုင်စရာ ရှိပါသလဲ ဟု မေသွယ်ကတော့ ရရှိထားသော အချက်အလက်များအရ သံသယတရားခံ အဖြစ် သူ့ကိုသာ သတ်မှတ်ထားဆဲ။ သစ္စာကတော့ သူမဟုတ်နိုင်ဟု ထင်သည်။ သူ့ကို ဒီလို တရားခံမျိုးလည်း မဖြစ်စေချင်။ သစ္စာက သူ့စိတ်ဓာတ်၊ သူ့လုပ်ရည်ကိုင်ရည် ကိုလည်း လေးစားမိသည့်ပြင် စိတ်ရင်းနှင့် ခင်မင်မိခဲ့ပြီမို့ သူ့ကို သံသယတရားခံ အဖြစ်မှ လွတ်စေချင်သည်။
#####

            သစ္စာက သူ့အတွင်းရေးမှုးမို့ ရုံးကို တစ်ခါတရံ လာတတ်သော သူ့အမေကိုလည်း တွေ့ဖူးပါသည်။ ချောချောခန့်ခန့်၊ အသက်ထက်ငယ်သည်ဟုပင် ထင်ရသော သူ့အမေသည် အပြင်ပန်းကြည့်ရင်တော့ သားကို တော်တော်ချစ်သော သာမန်အမေတစ်ယောက်ပင် ဖြစ်သော်လည်း ဘာလို့မှန်းမသိ သစ္စာကတော့ သူမကို သဘောမကျ။ သူမ၏ မျက်လုံးများက လျှို့ဝှက်တတ်မည့်ပုံလို၊ မူမမှန်သည့်ပုံလို သစ္စာစိတ်ထဲထင်နေသည်။ တကယ်တော့လည်း အဲလို ထင်စရာ ဘာအကြောင်းပြချက်မှတော့ မရှိ။
            အဲဒီတစ်နေ့ကတော့ အလုပ်လည်း သိပ်မများသဖြင့် သူကလည်း ပုံမှန်ရုံးချိန် အတိုင်း ပြန်သွားသည်။ သူ့မှာ အခါတိုင်းတော့ ဒရိုင်ဘာ ရှိသည်။ ဒီနေ့တော့ ဒရိုင်ဘာက ခွင့်ယူထားသဖြင့် သူကိုယ်တိုင်ပဲ မောင်းပြန်သွားသည်။ သူနှင့် အတူတူလောက်ပင် သစ္စာလည်း ပြန်ခဲ့သည်။ သစ္စာကလည်း အိမ်ကကားယူလာပြီး ကိုယ့်ဟာကိုယ် မောင်းတက်သူ ဖြစ်သည်။ သူတစ်ယောက်တည်း ပြန်တုန်း သစ္စာသူ့နောက်ကို လိုက်ကြည့်ဖို့ စိတ်ကူးပေါက်သွားသည်။ ဒီနေ့လို ခပ်စောစော ပြန်ရမည့်နေ့မျိုးမှာ သူ အိမ်ကိုပဲ တန်းပြန်မှာလား.. ဘယ်ကိုသွားဦးမလဲလို့ သိချင်လာသည်။ မပြန်ခင် သူ့မျက်နှာကလည်း တစ်မျိုးဖြစ်နေသည်လို့ သစ္စာထင်သည်။ အဲဒါနဲ့ပဲ သစ္စာသူ့ကားနောက် ခပ်လှမ်းလှမ်းမှ လိုက်ခဲ့သည်။
            သူ အိမ်ကို တန်းမပြန်ပါ။ သူ့အိမ်ကို သစ္စာ တစ်ခါမှ မရောက်ဖူးသော်လည်း မေသွယ်ပြောထားသဖြင့် ဘယ်နားမှာ ဆိုတာ သိနေပါသည်။ သူ့ကို ကြည့်ရတာ ကားလျှောက်မောင်းနေသလိုပင်။ တစ်ပတ်လောက် လျှောက်မောင်းပြီးတော့ လှိုင်တက္ကသိုလ်ဝင်း လူပြတ်သော တစ်နေရာတွင် ရပ်သွားပါသည်။ သူရပ်သွားတော့ သစ္စာလည်း နည်းနည်းကျော်သွားပြီးမှ ရပ်လိုက်ရသည်။ ဒီနေရာတွေက ကားရပ်ပြီး မကောင်းသော မိန်းမတွေနှင့် စခန်းသွားကြသော နေရာတွေ…။ ဒါပေမယ့် သူ့ကားပေါ်မှာ ဘယ်သူမှ မပါတာတာလည်း သစ္စာသိသည်။ ရုံးကထွက်လာကတည်းက သူ့ကားက ဘယ်မှာမှ မရပ်ခဲ့။ သစ္စာလည်း ရုံးကစထွက်ကတည်းက သူ့နောက်က လိုက်ခဲ့ခြင်း ဖြစ်သည်။ သူ ဘာလုပ်မလို့ပါလိမ့်…။
ကားရပ်ထားတာ နာရီဝက်နီးပါး ကြာလာသည့် အခါမှာတော့ သစ္စာ မနေနိုင်တော့ပါ။ ကားပေါ်က ဆင်းပြီး သူ့ကားရှိရာသို့ လာခဲ့မိသည်။ သူတွေ့သွားတော့လည်း လမ်းမှာ ဖြတ်လာရင်း သူ့ကားကို တွေ့လို့ နှုတ်ဆက်တာပေါ့ ဘာဖြစ်လဲ ဆိုပြီး…။ သူ့နေရာကို လှမ်းကြည့်လိုက်တော့ စတီယာရင်ပေါ်မှာ မှောက်နေသည့် သူ့ကို တွေ့လိုက်ရတော့ သူ နေမကောင်းဖြစ်ပြီး ရပ်သွားသလား ဆိုပြီး သစ္စာလန့်သွားသည်။ စောစောကတည်းက စောင့်မနေပဲ လာလိုက်ရမှာ…။ သူတော်တော် နေမကောင်း ဖြစ်နေသလား…။ တစက္ကန့် အတွင်း အတွေးများ ပြေးလွှားသွားပြီး သူ့ကားတံခါးကို ဖွင့်လိုက်တော့ လော့ခ် ချမထားသဖြင့် ဖွင့်လို့ရသွားသည်။ သူ သတိလစ်နေသည်။ ဒက်ရှ်ဘုတ်ပေါ်မှာ ဆေးကတ် အခွံတစ်ခုတွေ့သည်။ သူဘာဖြစ်သလဲ ဆိုတာ သစ္စာ လုံးဝ မှန်မှန်ကန်ကန် မတွေးနိုင်သေးပါ။ သစ္စာ့ကားကို လော့ခ်ချ ပိတ်ခဲ့ပြီး သူ့ကို တစ်ဖက်ခုံကိုပို့ ၊ မောင်းသူနေရာမှာ ထိုင်ပြီး ဒီနေရာနှင့် အနီးဆုံး နေရာက သူငယ်ချင်းရဲ့ ဆေးခန်းသို့ မောင်းသွားရသည်။ ဆေးခန်း ရောက်လို့ လုပ်စရာ ရှိတာ လုပ်အပြီးမှာမှ သူငယ်ချင်း ဆရာဝန်မ ပြောသော စကားကြောင့် သစ္စာ အရမ်း အံသြသွားရသည်။ သူက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာ ဖြစ်နိုင်သည် ဆိုပါလား။ ဆေးရုံကို သွားခိုင်းပေမယ့် သူ့ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးသောကြောင့် သူငယ်ချင်းကို တောင်းပန်ကာ ဆက်ထားခိုင်းရသည်။ သူ ဆေးမှား သောက်တာပါလို့လည်း ဇွတ်ငြင်းရသေးသည်။ ထိုဆေးခန်းကြီးရဲ့ ပိုင်ရှင်ကလည်း ထိုသူငယ်ချင်း ဆရာဝန်မပဲမို့ တော်သေးသည်။
သူသတိမရသေးသော အချိန်မှာ သီးသန့်ခန်းထဲက သူ့ကုတင်ဘေးမှာ ထိုင်ရင်း သစ္စာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူ့ဖုန်းနှင့် သူ့အမေကို အသိပေးရမလား၊ အသိမပေးရဘူးလား.. ဝေခွဲမရ ဖြစ်နေသည်။ သူက မသိစေချင်လျှင် သစ္စာက သူ့သဘောအတိုင်း ဖုံးဖိပေးထားချင်သည်။ သစ္စာ သူ့နောက်ကများ လိုက်မသွားခဲ့ရင် သူ့ကို ဘယ်သူမှ အချိန်မီ တွေ့ကြမှာမဟုတ်။ အခုက အချိန်မီလို့သာ သူ့ကို ကယ်နိုင်လိုက်တာ၊ နောက်ကျသွားရင် မရနိုင်ဟု ဆရာဝန်က ပြောသည်။ သူ ဘာကြောင့် ဒီလို ကြံစည်ရတာလဲ… စိတ်ဖောက်လာလို့လား…။ သူ့မှာ ဘာများ စိတ်ညစ်စရာ ရှိသလဲ…။
#####

ဆက်ပါဦးမည်..

သိင်္ဂါကျော်