23 September, 2013

ထွက်ခွာခြင်းက ကပျာကရာနိုင်လေရဲ့



စိမ်းပြာရောင် တောင်တန်းများ…။ တလွန့်လွန့် မြစ်ရေ ကြည်လဲ့လဲ့များ…။ အစိမ်းရောင် သစ်ပင်တန်းများ…။ ရောင်နီက အမြဲတမ်း မလင်းတလင်း ဖြစ်နေသော အရပ်ဒေသ။ ခရမ်းရောင် ပန်းပွင့်များက လေမတိုက်ပဲ ယိမ်းက နေတတ်သည်။ အမှိုက်တစ်စ မရှိသော မြေညိုရောင် လမ်းမများက ကွေ့ကောက်နေသော်လည်း လှပသည်။ စိမ်းသက်ခြင်း ရနံမရှိသော လေပြေ ခပ်အေးအေး က မွှေးမြနေသယောင်…။

ဒီအရပ်ဒေသမှာ ကျွန်တော့်စိတ်ကို ကျွန်တော်ပိုင်သည်။ ကျွန်တော့်ကိုယ်ကို ကျွန်တော်ပိုင်သည်။ ဒီအရပ်ဒေသမှာ ကျွန်တော့်ကို လွှမ်းမိုး ချုပ်ချယ်မယ့်သူ မရှိ။ ဆူပူ ဆုံးမမယ့်သူ မရှိ။ ဒီအရပ်ဒေသမှာ ကျွန်တော်မုန်းသည့် ပွစိပွစိ အသံတွေ၊ ဆူပူသံတွေ၊ အတင်းတုတ်သည့် လေသံ သဲ့သဲ့တွေ မရှိ။ ငြိမ်းချမ်းလှသည်။ ဒီအရပ်မှာ ကျွန်တော် ဘယ်သူ့ကိုမှ မှီခိုစရာ မလို။ ကျွန်တော့်ကို ဘယ်သူနဲ့မှ နှိုင်းယှဉ်ပြောမယ့်သူ မရှိ။

 “မင်း အစ်ကိုကြီးဆို တစ်ခါမှ စာမေးပွဲ မကျဖူးဘူး၊ ဆေးတက္ကသိုလ်မှာ ဒီလောက် စာတွေ ခက်တာတောင် ပြန်ဖြေခဲ့ရတဲ့ ဘာသာဆိုတာ ရှားရှားပါးပါး၊ မင်းကျမှပဲ နှစ်ဝက် စာမေးပွဲကို လေးဘာသာ ကျရတယ်လို့”
ဖေဖေရဲ့ ဆူပူ ကြိမ်းမောင်းသံကို ကြားယောင်နေမိသေးသည်။
“မင်း ညီလေးဆို သူ့ဟာသူ ဂိုက် လုပ်ပြီး သူ့ကျောင်းစားရိတ်သူ ရှာနေတာ၊ နင်က သူ့ဆီကနေတောင် ပိုက်ဆံ ချေးသုံးသေးတယ်ဆို တော်တော် လိမ္မာတဲ့ အစ်ကိုပဲ”
မေမေက သူ အသုံးအဖြုံးကြီးလှတယ် လို့ အပြစ်ဆိုချင်သည်။
နှစ်ယောက်သားက တစ်ချိန်လုံး တစ်ရစပ် ပွစိ ပွစိနှင့် ဘာတွေ ပြောနေခဲ့မှန်းကို မမှတ်မိနိုင်တော့ပါ။ အဲဒါတွေကြောင့် အိမ်မပြန်ချင်တာကိုပဲ အတင်းကာရော ဖုန်းတွေ တဂွမ်ဂွမ် ဆက်ခေါ်လို့ ကျောင်းပိတ်ရက်မှာ မပြန်ချင်ပဲ ပြန်သွားခဲ့ရခြင်း ဖြစ်သည်။

စာမေးပွဲ ကျခြင်းက ဘဝမှာ ဘယ်နှရာခိုင်နှုန်းလောက်များ အရေးပါနေပါလိမ့်။ ကျွန်တော်က အဲဒါကို နားလည်ဖို့ မကြိုးစားချင်သူ ဖြစ်တာ သူတို့ကလည်း နားမလည်နိုင်။ စာမေးပွဲ တစ်ခါကျခြင်းက ဘဝကို ဘယ်လောက်တောင်များ အောက်ကျ နောက်ကျ ဖြစ်သွားစေလို့ ကြက်တူရွေး စာအံခြင်းများကို မက်မက်မောမော လုပ်နေရမတဲ့လဲ။ ဘွဲ့တစ်ခုရခြင်းက ဘဝကို ဘယ်လောက်တောင်များ ပြောင်းလဲ သွားစေမှာတဲ့လဲ။ လူတွေရဲ့ အထင်ကြီးမှုကို ကျွန်တော်က ထမင်းစား ရေသောက်လောက်မျှ မက်မောခြင်း မရှိတာသည် ကျွန်တော့်မိဘတွေ အတွက်တော့ တစ်ဒုက္ခ။

“အသုံးကို မကျတဲ့ကောင်၊ ငါတို့သားလို့ ပြောဖို့တောင် ရှက်တယ်။ အကြီးရော အငယ်ရော လိမ္မာပါရက်နဲ့ အလယ်ခေါင်ကျမှ ဘယ်လို ဗီဇမျိုး ဖြစ်လာတယ် မသိပါဘူး”
ဖေဖေ့ စကားသံကို ကြားယောင်မိလျှင် ကျွန်တော် ထိုအိမ်သို့ ဘယ်တော့မှ မပြန်တော့ဘူး ဆိုသည့် စိတ်မျိုး ဖြစ်မိသည်။
“နင့်ရုပ်ကို ပြင်စမ်း၊ ဆူပုတ်ပုတ် လုပ်မနေနဲ့၊ မိဘကိုပဲ မကျေနပ်တဲ့ ရုပ်နဲ့၊ ငါတို့ပေးတဲ့ ပိုက်ဆံ မယူပဲ နင့်ဘဝနင် ရပ်တည်လို့ ရလို့လား၊ ဒီနှစ် ကျလို့ကတော့ နောက်နှစ် ကျောင်းမထားတော့ဘူး၊ မိဘက ပြည့်စုံတယ် ဆိုပြီး ပေါ့ပေါ့ နေတတ်တဲ့သူကို ငါအမုန်းဆုံးပဲ”
မေမေ့ကို ပြန်ပြောဖို့ စကားလည်း ကျွန်တော့်မှာ မရှိခဲ့ပါ။ ထိုအိမ်ကို နောက်ထပ် ပြန်မလာတော့ဘူး ဆိုသည့် ဆုံးဖြတ်ချက်က ခိုင်မာလာသလို..။ ထိုအိမ်က ပိုက်ဆံကို မယူပဲ မရပ်တည်နိုင်သော ဘဝမှာ ထိုအိမ်ကို ပုန်ကန်လို့ရော ဖြစ်နိုင်ပါ့မလား..။
*****

ဒီအရပ်မှာတော့ စိတ်မဝင်စားပဲ နားထောင်ချင်ယောင် ဆောင်ရခြင်းတွေ မရှိ။ စိတ်မပါပဲ သင်ယူရခြင်း၊ ကျက်မှတ်ရခြင်းတွေ မရှိ။ တစ်ချိန်ကတော့ ကျွန်တော်လည်း လိမ္မာတဲ့ ကျောင်းသားလေးလို ဟန်ဆောင်ဖူးသည်။ စာမှန်မှန် မကျက်သည့်တိုင် ကျောင်းတော့ မှန်မှန်တက်ခဲ့သည်။ အတန်းထဲကို စဝင်လာကတည်းက စာတွေ တရပ်စပ်သင်နေတတ်သော မျက်မှန်နှင့် ရုပ်တည်နှင့် ဆရာမကို ကျွန်တော် တစ်စက်မှ သဘောမကျခဲ့ပါ။ အရှေ့ခုံတန်းက မိန်းကလေးတွေ စိတ်ဝင်တစား နားထောင်နေသည်ကို မြင်နေရသည်။ ကျွန်တော့်အတွက်တော့ ဂြိုဟ်သား ဘာသာစကားတွေ သင်နေသလိုပင်။ ပုံနှိပ်စာအုပ်ကို ဖွင့်ထားသော်လည်း ဘယ်စာမျက်နှာကို သင်နေသည်ကို ကျွန်တော်မသိခဲ့တဲ့ အကြိမ်တွေ များသည်။


ကျွန်တော်က တစ်ခြား ဘာကိုမှလည်း စိတ်မဝင်စားသူ ဖြစ်ခဲ့ဖူးသည်။ ကျွန်တော် စိတ်ဝင်စားတာ တစ်ခုတော့ ရှိသည်။ တွေးတော ငေးမောရခြင်းနှင့် စိတ်ကူးများကို ချရေးရခြင်း။ အတန်းထဲမှာ ရုပ်မချောသော ဆရာမများ သင်နေသည့် ပျင်းရိငြီးငွေ့စရာ သင်ခန်းစာတွေကို နားထောင်နေမည့်အစား ကျွန်တော့် ဇာတ်လမ်းထဲက ချစ်စရာ ကောင်မလေးကို စိတ်ကူးနေရခြင်းက ပိုကောင်းသည့်အကြောင်း ကျွန်တော်သိတာ ကြာပြီ ဖြစ်သော်လည်း ထုံးစံများကို မတွန်းလှန်ချင်သဖြင့် ဟန်ဆောင်ပန်ဆောင် နားလည်ချင်ယောင် ဆောင်နေရခြင်း ဖြစ်သည်။

ကျွန်တော်နှင့် ပုံမှန် ပေါင်းသင်းဖြစ်သော အချစ်ဆုံး သူငယ်ချင်းက တစ်ယောက်သာ ရှိသည်။ တစ်နေ့တော့ သူကပြောသည်။ Game ကစားတာက စွဲတတ်သည် ဆိုသည့်အကြောင်း။ ကျွန်တော်က ဘယ်အရာမှ ကျွန်တော့်ကို စွဲလမ်းအောင် မလုပ်နိုင်သည့်အကြောင်း ပြန်ပြီး လောင်းကြေး ထပ်ခဲ့သည်။

ကျွန်တော်က ကောင်မလေးတွေကိုလည်း စိတ်မဝင်စား။ ပဲများတတ်သည့် မိန်းကလေးတွေကို လှည့်ကို မကြည့်ချင်။ ကျွန်တော်က နှုတ်ခမ်းနီ ဆိုးတတ်သည့် မိန်းကလေးတွေ၊ မော်ကွန်းထိန်း ပြောနေသည့်ကြားက ဆံပင်အရောင် ဆိုးတတ်သည့် မိန်းကလေးတွေကို မုန်းသည်။ ကျွန်တော့်ချစ်သူက နှုတ်ခမ်းနီမဆိုးတတ်၊ ဆံပင်အရောင်မဆိုးတတ်ပါ။ သို့သော် ကျွန်တော့်ချစ်သူက ဆရာတော့လုပ်တတ်သည်။ ဆေးလိပ်သောက်ကြည့်ဖို့၊ ဘီယာသောက်ကြည့်ဖို့ စွဲဆောင်တတ်သည့် အပေါင်းအသင်းတွေကိုလည်း မုန်းသည်။ ကျွန်တော့်ကို စောင့်ကြည့် အကဲခတ်နေမည့် မျက်လုံးတွေကိုလည်း မုန်းသည်။

ကျွန်တော်က မိုးရွာတဲ့ နေ့တွေကိုလည်း မုန်းသည်။ မိုးရွာတဲ့ နေ့မှာ မဖြစ်မနေ အပြင်ထွက်စရာ အကြောင်း ရှိလျှင် ပိုတောင် မုန်းသေးသည်။ ဥပမာ ကျောင်းတက်ရခြင်း။ စောစော အိပ်ရာထရခြင်းကိုလည်း မုန်းသည်။ စောစော အိပ်ရာဝင်ရခြင်းကိုလည်း မုန်းသည်။ နေပူကျဲတောက်သော ရာသီဥတုကိုလည်း မုန်းသည်။ ကျွန်တော်က ကျွန်တော့်အသားတွေ နေလောင်မှာကို အသေကြောက်သူ ဖြစ်သည်။

ဒီအရပ်မှာကတော့ ရာသီဥတုက အမြဲ သာယာနေပါသည်။ မိုးတွေ ရွာသွန်းခြင်း မရှိ။ နေပူလောင်ခြင်း မရှိ။ လမိုက်ညလို မှောင်မည်းခြင်းမျိုးလည်း မရှိ။ ဒီအရပ်က လူတွေက ဆာလောင်မွတ်သိပ်ခြင်းလည်း မရှိ။ သစ်သီးတွေက ဘယ်တော့မှ မကြွေသလိုမျိုး အမြဲ ဝါဝင်းနေသည်။ မေမေ့ နှင်းဆီခင်းကို ဘယ်တော့မှ ကြည်နူးစိတ်နှင့် မကြည့်ခဲ့ဖူးသည့် ကျွန်တော်က ဒီအရပ်မှာ အမည်မသိ ပန်းတွေ အမြဲပွင့်တာကို အံ့သြ ငေးမောတတ် နေသည်။

ဒီအရပ်မှာ မလှပသည့် ချို့ယွင်းချက်က တစ်ခုလေးပဲ ရှိပါသည်။ ကျူးကျော်စော်ကားတတ်သည့် ရန်သူတော်တွေ ဖြစ်သည်။ ဒီလူတွေ ရှိလို့ ကျွန်တော် ဒီအရပ်ကို ရောက်လာရခြင်းပေါ့။ ကျွန်တော်က ဘယ်နေရာမှာမှ အသုံးမကျဘူး ဆိုတာ ဘယ်သူ ပြောခဲ့ဖူးသည့် စကားလဲ ဆိုတာ မေ့သွားဖို့ ဒီအရပ်က ကောင်မလေးက ကျွန်တော့်ကို သင်ပေးသည်။ အတန်းထဲက ကောင်မလေးတွေကို စေ့စေ့မကြည့်ဖူးသော ကျွန်တော်သည် အဲဒီကောင်မလေးကိုတော့ မကြည့်လို့မရသဖြင့် သူမ လှုပ်ရှားမှုတွေနောက် ထပ်ချပ်မခွာ လိုက်ခဲ့ရသည်။ အတူတူလက်တွဲပြီး ရန်သူတော်တွေကို ရင်ဆိုင်ခဲ့ရသည်။ အခုတော့ သူမနှင့် ကျွန်တော် တော်တော်တောင် ရင်နှီးနေပြီ။ သူမကို ကျွန်တော်က ကျွန်တော်သဘောကျသော်လည်း မဝတ်ရဲသော ပန်းရောင် ကိုယ်ကျပ် အင်္ကျီလေး ဝတ်စေပြီး သဘောကျနေခဲ့သည်။ ကျွန်တော့်ကို အထင်ကြီးသည့် ကလေးသူငယ်နှင့် သက်ကြီး ရွယ်အိုများလည်း ရှိသည်။ ရန်သူတော်တွေ လာလျှင် သူတို့ကို ကျွန်တော်က ဘေးကင်း လုံခြုံရာသို့ ပို့ပေးရသည်။ ကျွန်တော့်ကို အားကိုးသည့် လူမျိုးစု အကြီးအကဲလည်း ရှိသည်။ သူက ကောင်မလေး အဖေ ဖြစ်သည်။ သူက ကျွန်တော့်ကို အဖေ့လို မကောင်းပြောပြီး ဆူပူလေ့ရှိသူ မဟုတ်။ ကျွန်တော့် အကြံဥာဏ်တိုင်းကို လိုက်နာဆောင်ရွက်တတ်သူ ဖြစ်သည်။
*****

သူငယ်ချင်းက ကျွန်တော့်ကို စိတ်ပူစပြုသည်။ “မင်း အဲဒါကို စွဲလမ်းနေပြီ ငါ့လူ၊ မင်းပြောတော့ ဘာကိုမှ မစွဲလမ်းတတ်ဘူး ဆို၊ အခု ဖြတ်တော့၊ ငါ မင်းကို အစပြုပေးမိတာ မှားသွားတယ်”
“ငါ စွဲလမ်းတာ မဟုတ်ဘူး၊ ဖြတ်စရာ ကိစ္စဆို အချိန်မရွေး ဖြတ်လို့ရတယ် ကိုယ့်လူ၊ မဖြတ်ချင်သေးလို့ပါ၊ ငါ အဲဒီမှာ ပျော်တယ်ကွ” သူငယ်ချင်းကို ကျွန်တော်ပြောသည်။

သူ သိပ်စိတ်ပူနေမှာ စိုးသဖြင့် အဆောင် ပြန်လာပြီး ရေးလက်စ ဝတ္တုကို အဆုံးသတ်သည်။ ကျွန်တော် blog တစ်ခု လုပ်ဖို့ စိတ်ကူးရှိသော်လည်း မလုပ်ဖြစ်သေးပါ။ ကျွန်တော့်မှာ ရေးပြီးသား ဝတ္တုတွေ သုံး၊ လေး ပုဒ် လောက် ရှိသည်။ ဘယ် မဂ္ဂဇင်းကမှ အရေးလုပ် ဖော်ပြမှာ မဟုတ်သလို ကျွန်တော်ကလည်း ပို့ဖို့ စိတ်ကူး လုံးဝ မရှိပါ။ Internet မှာတော့ blog တစ်ခု လုပ်ပြီး တင်ချင်သည်။ ကောင်မလေးတို့ဆီ သွားနေရသည်နှင့် internet တောင် သုံးဖို့ အချိန်မရှိ ဖြစ်နေသည်။

စိတ်ပေါက်ပေါက် ရှိသည်နှင့် ကျွန်တော့် ဝတ္တုထဲက ကောင်မလေးကို သေခိုင်းလိုက်သည်။ အချစ်အတွက်ကြောင့် ရူးသွပ်ခြင်း..။ မိဘတွေက သဘောမတူသဖြင့်  ချစ်သူနှင့် မပေါင်းရတော့ဘူး ဆိုပြီး ကြိုးဆွဲချ သတ်သေ သွားခြင်း ဖြစ်သည်။ ရေးသာ ရေးသော်လည်း အချစ်ကြောင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းကို ကျွန်တော်က ဟားတိုက်ရယ်ချင်သည်။ အချစ်အတွက် အသက်ပင်သေသေ ဆိုတာကို မယုံကြည်နိုင်ပါ။ ကျွန်တော့်ချစ်သူ ဆရာဝန်မလောင်းလေးရော ကျွန်တော်နှင့် သူ့မိဘက သဘောမတူဘူး ဆိုလျှင် ကိုယ့်ကိုယ်ကို သတ်သေမှာတဲ့လား။ လုံးဝမှ မထင်ပါ။

သူနှင့် ကျွန်တော် မထင်မှတ်ပဲ ချစ်သူ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သူက ကိုကြီးတို့ ဆေးကျောင်းက ဂျူနီယာ။ ကိုကြီးဆီ သွားရင်းနှင့် ခင်မင်ခဲ့ခြင်း ဖြစ်သည်။ သူက ခင်ခင်မင်မင် အရောဝင်သဖြင့် ကျွန်တော်လည်း ချစ်သူ စမ်းထားကြည့်လိုက်ခြင်း ဖြစ်သည်။ သူက ကျွန်တော်မုန်းသော မိန်းကလေးတွေ ပုံစံမျိုး ဆံပင်အရောင်ဆိုး၊ နှုတ်ခမ်းနီ ဆိုးပြီး အလှပြင်တတ်သူ မဟုတ်။ ရိုးရိုးလေးနှင့် ချစ်စရာကောင်းသူ ဖြစ်သည်။ သူ့ကို ကျွန်တော် တကယ် ချစ်မချစ် သိပ်တော့မသေချာပါ။ သို့သော်လည်း သူနှင့် ကျွန်တော် ဘယ်တော့မှ စကားမများ၊ ရန်မဖြစ်။ အမြဲတမ်း ပြေလည်သည်။ သူ ဆရာလုပ်တာတွေကို ပြန်မပြော နားမထောင် လုပ်တာက လွဲလျှင်ပေါ့။ ကျွန်တော့် ချစ်သူလေးကို သတိတော့ရသည်။ အိမ်ပြန်တုန်းက တစ်ခါ တွေ့ခဲ့ပြီးနောက် သူ့ ဆုံးမစကားတွေလည်း နားထောင်ခဲ့ရသေးသည်။ အဆောင် ပြန်ရောက်ပြီးမှ ဖုန်းမဆက်ဖြစ်သေး။ သူကလည်း စာကျက်စရာ ရှိသေးတာတွေ ဘာတွေနှင့် ဖုန်းဆက်လျှင်လည်း ကြာကြာပြောချင်တာ မဟုတ်တော့ ကျွန်တော်ကလည်း မဆက်ဖြစ်တာ များသည်။
*****

ရန်သူတော် ခေါင်းဆောင်က ရက်စက်သူဖြစ်သည်။ ခွန်အားကြီးပြီး မြန်ဆန်လှသူ ဖြစ်သည်။ သူ့ဘေးက နှစ်ယောက်မှာလည်း ထူးခြားသော အစွမ်းတွေ ရှိသည်။ ကျွန်တော့်မှာတော့ ခုထိ သူတို့လို အစွမ်းမျိုး မရသေး။ သို့သော် ကျွန်တော့်မှာ သူတို့ထက် နည်းဗျူဟာ ပိုပြည့်ဝသည်။ စာမေးပွဲ အောင်အောင် ဘယ်လို ကြိုးစားရမယ် ဆိုတဲ့ နည်းဗျူဟာမျိုးသာ မသိလျှင်နေမည်။ တိုက်ခိုက်မှုနှင့် ရှောင်တိမ်းမှုအတတ်မှာတော့ ကျွန်တော်က တစ်ဖက်ကမ်း ခတ်နေလေပြီ။ ကောင်မလေးနှင့် သူ့အဖေက ကျွန်တော့်အဖွဲ့သားတွေ ဖြစ်သည်။ ကျွန်တော်တို့က သူတစ်ပါးနယ်မြေကို သိမ်းပိုက်ဖို့ထက် ကိုယ်ပိုင်မြေကို သိမ်းပိုက် မခံရဖို့ အရေး ကြိုးစားနေသူများဖြစ်သည်။ ကျွန်တော်တို့ အရပ်က လိုတရမှုနှင့် လှပမှုကို သူတို့က မျက်စိကျကြသည်။

ဒီအရပ်ရဲ့ နယ်မြေအချုပ်အခြာအတွက် အမြဲတမ်း တိုက်ခိုက်နေရသည်။ ကျွန်တော်မရှိလျှင် ကောင်မလေးနှင့် သူ့အဖေ လူမျိုးစု ခေါင်းဆောင်တို့ နှစ်ယောက်တည်းသာ ဦးဆောင်ပြီး ခုခံရလိမ့်မည်။ အဲဒါကြောင့်လည်း ကျွန်တော်က ဒီအရပ်က မပြန်နိုင် ဖြစ်နေရခြင်း ဖြစ်သည်။ ဒီအရပ်က လူတွေက ကျွန်တော့် အကူအညီကို လိုသည်။ ကျွန်တော့်ကို အားကိုးသည်။ ဒီအရပ်မှာ ကျွန်တော့်ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချနိုင်သည်။ မှားသည့်အခါ မှားပေမယ့် သူတို့က ကျွန်တော့်ကို ဘယ်တော့မှ အပြစ်မမြင်ပါ။ ကမ္ဘာပေါ်မှာ မမှားဖူးသည့်လူ ဆိုတာ ဘယ်မှာ ရှိလို့လဲလေ။

သူတို့က ကျွန်တော့်ကို မပြန်စေချင်ကြ။ အဲဒီအရပ်မှာ ရှိနေရသည့်အခါ ကျွန်တော့်မှာ ဆာလောင်မွတ်သိပ်ခြင်းလည်း မရှိ။ အိပ်ချင်စိတ်လည်း မရှိ။ ကောင်မလေးနှင့် ကျွန်တော် လက်တွဲပြီး ရန်သူများကို တိုက်ခိုက်ကြသည်။ ကျွန်တော့်ဓါးသွားမှာ သွေးတစ်စက်စက် ကျလို့..။ ကောင်မလေးရဲ့ လှံဖျားမှာလည်း သွေးတစ်စက်စက် ကျလို့..။ ရဲရင့်ခြင်းက ကျွန်တော့် နှလုံးသွေးများထဲမှာ နစ်ဝင်လို့။ နယ်မြေကာကွယ်ရခြင်းက ကျွန်တော့် ဂုဏ်သိက္ခာကို ကျွန်တော် ယုံကြည်မိခြင်း၏ အစ။ ရဲဘော် ရဲဘက်တွေက သူရဲကောင်းစိတ် ရှိသူများချည်းသာ။ ကျွန်တော့်ကို စောင့်ကြည့်နေကျ စိမ်းသက်သက် မျက်လုံးပိုင်ရှင်တွေလို မဟုတ်။ ကျွန်တော့်ကိုယ်ကျွန်တော် လုံခြုံမှုကို စိတ်ချလက်ချ ရှိစေသည်။ ကျွန်တော်တို့ အဖွဲ့၏ စွမ်းအားကို ရန်သူတော်တွေ တော်တော် ခံစားသွားရသည်။ သူတို့ နောက်သို့ ပြန်ဆုတ်ခွာ သွားကြသည်။ သူတို့ရဲ့ မကောင်းဆိုးဝါး မျက်နှာများမှာ အစွမ်းကုန် ရှုံ့မဲ့လို့…။ ကျွန်တော်ကို ကျိန်းဝါးသွားသေးသည်။ “မင်း ထွက်မပြေးနဲ့နော်၊ နောက်တစ်ခေါက် တွေ့ကြမယ်” တဲ့…။
*****

ကျွန်တော့်အခန်းလေးသို့ ကျွန်တော် ပြန်လာခဲ့သည်။ ရေမိုးချိုးမည်။ ထမင်းထွက်စားမည်။ ဝတ္တုတစ်ပုဒ် စရေးမည်။ မနက်ဖြန်မနက် ကျောင်းတက်ချင် တက်မည်။ ကောင်မလေးတို့ ဒေသကို ခဏတော့ စိတ်ချ လက်ချ ထားခဲ့နိုင်သည်။ နက်ဖြန်ညမှ သွားမည်။

ထမင်းစားပြီး ပြန်ဝင်လာတော့ ဘယ်သူကိုမှ အပြင်မှာ မတွေ့သဖြင့် နှုတ်ဆက်ရ သက်သာသွားသည်။ မျက်နှာဖုံးစွပ်တွေကို ကျွန်တော်မုန်းသည်။ “အသုံးမကျတဲ့ ကောင်” ဆိုသော အဓိပ္ဗါယ်တွေကို သူတို့မျက်လုံးတွေထဲမှာ ကျွန်တော်က ဖတ်တတ်နေတော့ ခက်လှသည်။ သူတို့ပြုံးပြတာ တွေ့သော်လည်း ပြန်ပြုံးမပြချင်လှ။ အဲလို လုပ်ပြန်တော့လည်း ကျွန်တော်ပဲ မကောင်း ဖြစ်ရဦးမည်။ တစ်ယောက်ခန်းလေးထဲ နေရတာ ကျွန်တော် တော်တော် ကံကောင်းသည်။ နှစ်ယောက်ခန်းသာဆို သူများကို ဂရုစိုက်ရခြင်းတွေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မွန်းကြပ်နေရဦးမည်။

ဝတ္တုရေးဖို့ ပြင်သည်။ ကျွန်တော့်မှာ laptop ရှိသော်လည်း ဝတ္တုကို ဗလာစာအုပ်ထဲမှာ ဘောလ်ပင်နှင့် ချရေးရခြင်းကိုသာ ကျွန်တော်က နှစ်သက်သည်။ ဘာက စရမှန်းမသိ။ တစ်လုံးမှ စာမျက်နှာပေါ် ရောက်မလာ။ ကောင်မလေးတို့ အရပ်ကို သွားချင်စိတ် ပေါ်လာပြန်သည်။ ဒီည သွားမိလျှင် မနက်ဖြန် မနက် ကျောင်းတက်နိုင်တော့မည် မဟုတ်။ စာကြောင်း အသစ်တွေ ထွက်မလာသဖြင့် စာကြောင်း အဟောင်းတွေကို ပြန်ဖတ်နေမိသည်။ ဟိုတစ်ရက်က ဇာတ်သိမ်းခဲ့သည့် ဝတ္တု။ ဇာတ်လမ်းထဲက ကောင်မလေးက လည်ပင်းကို ကြိုးကွင်းစွပ်၍ သေသွားသည်ဟု ကျွန်တော် ရေးခဲ့သည်။ လည်ပင်းကို ကြိုးကွင်းစွပ်လိုက်လျှင် ဘယ်လိုများပါလိမ့်လို့ စဉ်းစားမိပြန်သည်။ ကြိုးပေးသတ်တယ် ဆိုတာလည်း အဲလိုပဲ နေမှာလို့ တွေးသည်။ ဘယ်လိုများ ခံစားရမလဲ ဟု စမ်းသပ်ချင်လာသည်။

မှေးခနဲ အိပ်ပျော်သွားမိသည်။ ကျွန်တော် မအိပ်တာ နှစ်ညလောက် ရှိပြီကို ကျွန်တော်က သတိမထားမိပေမယ့် ခန္ဓာကိုယ်ကတော့ အမှတ်ထားဟန်တူသည်။ အိပ်မက်ထဲမှာ ကောင်မလေးနှင့် တွေ့သည်။ ကျွန်တော်ရေးသော ဇာတ်လမ်းထဲက ကောင်မလေး မဟုတ်။ ကျွန်တော့်ချစ်သူ ကောင်မလေးလည်း မဟုတ်။ ကျွန်တော် သွားနေကျ အရပ်ဒေသက ကောင်မလေး ဖြစ်သည်။ မကောင်းဆိုးဝါး မျက်နှာနှင့် ရန်သူတော်များကို ကောင်မလေး တစ်ယောက်တည်း သူကိုင်နေကျ လှံတစ်ချောင်းနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
“မြန်မြန်လာပါ…၊ ရှင်မရှိလို့ မဖြစ်ဘူး၊ ဒီအရပ်ကို စွန့်မသွားပါနဲ့…၊ ဒီမှာပဲ အပြီးနေလိုက်ပါတော့…”
ကောင်မလေး အသံရော၊ တစ်ခြားလူတွေ အသံရော ကျွန်တော် ကြားရသည်။ ဝေးဝေးက ပဲ့တင်သံတွေလိုလို..။ နီးလာသလိုလို..။ ဝေးသွားသလိုလို…။ ကောင်မလေးကို ရန်သူတော်တွေ ဖမ်းသွားမှာကို ကျွန်တော် အဖြစ်မခံနိုင်ပါ။
“ငါ ဘယ်လို လာရမလဲ၊ ငါ အဲဒီမှာ အပြီး နေချင်တယ် ဘယ်လို လုပ်ရမလဲ”
ကျွန်တော်က တီးတိုး ပြန်မေးမိသည်။
“အဲဒါဆို ဒီမှာ မင်း အပြီးနေရလိမ့်မယ်”
အသံတစ်ခုက ပြတ်ပြတ်သားသား ပြောသည်။

ကျွန်တော် အလွန်ကြိုက်၍ သုံးခါပြန် ကြည့်ခဲ့သော avatar ဇာတ်ကားကို သတိရသွားသည်။ ဇာတ်သိမ်းခန်းမှာ မင်းသားက အဲဒီ အရပ်ကို အပြီးထွက်သွားခဲ့သည်။ သူချစ်သော မိန်းကလေးနှင့် မျိုးတူလူသား ဖြစ်သွားသည်။ အပြင်ဘက်က စိတ်ပျက်အားလျော့ရခြင်းတွေ မသန်စွမ်းခြင်းတွေနဲ့ ကင်းဝေးရာ သန်မာ ဖျတ်လတ်သော၊ အင်အားရှိသော လူသား ဖြစ်သွားသည်။

ကျွန်တော် အိပ်ရာက ကြည်ကြည်လင်လင် နိုးလာသည်။ “မင်း အဲဒီကနေ ထွက်ခွာခဲ့…၊ မင်းရဲ့ရှင်သန်ခြင်းကို စွန့်ခဲ့…” အသံကို ပြန်ကြားရသည်။ ကောင်မလေးနဲ့ အမြဲတမ်း အတူရှိဖို့အတွက် ကျွန်တော် လက်ရှိဘဝကနေ ထွက်ခွာမှ ဖြစ်နိုင်မည်။ ကျွန်တော် အိပ်ရာက ထလာခဲ့သည်။ ဝတ္တုထဲက ကောင်မလေး၏ ထွက်ခွာခြင်းကို သတိရသွားသည်။

ကျွန်တော့်မျက်စိက နိုင်လွန်ကြိုးခွေကို တွေ့သည်။ အဝတ်လှန်းကြိုး လုပ်ဖို့ ရည်ရွယ်ချက်နှင့် အိမ်ကနေ ယူလာခဲ့ခြင်းဖြစ်သည်။ အုတ်နံရံတွင် အဝတ်ကြိုးတန်းလုပ်ဖို့ သံရိုက်ပြီးသားက အသင့်ရှိနေသည်။ ရှင်သန်ခြင်းကို စွန့်ဆိုသော စကားကို စမ်းသတ်ကြည့်ချင်လာသည်။ ခုနကတည်းက တွေးတောနေသော လည်ပင်းကို ကြိုးကွင်းစွပ်ခံရသည့် ခံစားချက်ကို လည်း ကိုယ်တိုင် ခံစားဖူးသွားမည်။ ဒါနဲ့.. ကြိုးကို အဲဒီလို အစ်သွားအောင် ဘယ်လို ချည်ရတာပါလိမ့်။ ကျွန်တော်ဖတ်ဖူးသည့် မှုခင်း စာအုပ်တွေထဲက ပန်းချီသရုပ်ဖော် ကြိုးကွင်းများကို မြင်ယောင်လာသည်။

ကျွန်တော့်လည်ပင်းကို နိုင်လွန်ကြိုးခွေ ခေါက်တုံ့ရစ်ပြီး စွပ်လိုက်သည်။ ထို့နောက် အုတ်နံရံမှ သံကို ချည်သည်။ ကြိုးကွင်းက လည်ပင်းကို အစ်မလာပါ။ “ဘယ်လိုပါလိမ့်” ဟု ကျွန်တော် ဦးနှောက်ခြောက်သွားသည်။ ထွက်ခွာခြင်း ဆိုတာကလည်း လွယ်ကူသော အရာတော့ မဟုတ်ဘူးပဲ။ ကျွန်တော် ကြည့်ခဲ့ဖူးသော ရုပ်ရှင်များထဲက ကိုယ့်ကိုယ်ကို သတ်သေပုံကို သတိရသွားသည်။ ကုလားထိုင်ပေါ်တက်၊ ထုပ်တန်းမှာ ကြိုးချည်ပြီး နောက် ကုလားထိုင်ကို ခြေထောက်နဲ့ ကန်လိုက်တဲ့အခါ လည်ပင်းက ကြိုးကွင်းက တင်းသွားသည်။ အဲဒါဆိုရင် လျှာများ ထွက်နေမှာလား။ ကျွန်တော့်ကိုယ် ကျွန်တော် ရုပ်ပျက်ဆင်းပျက် ကြီးတော့ မစီရင်ချင်ပါ။ ကျွန်တော့်အခန်းမှာ ထုပ်တန်းလည်း မရှိ။ ထိုင်ခုံလည်း မရှိပါ။

ဒီစမ်းသပ်မှုက မဟန်သေးပါဘူးဟု ကျွန်တော် စဉ်းစားသည်။ ထွက်ခွာမှုတို့ ရှင်သန်မှုတို့ ဘာမှ စဉ်းစားမနေပါနဲ့။ ပြန်အိပ်တာပဲ ကောင်းမည် ဟုတွေးလိုက်သေးသည်။
“မင်းခြေထောက်ကို ကွေးလိုက်လေ၊ ရှင်သန်ခြင်းကို ရပ်တန့်စေချင်ရင်.. မင်းခြေထောက်ကို ကွေးလိုက်..”
အသံက ဘယ်က လာသည်မသိ။ ကျွန်တော်သွားနေကျ နေရာက လူမျိုးစု အကြီးအကဲ များလား..။ သူက ကျွန်တော့်ကို သူ့သမီးနဲ့ ပေးစားချင်နေသည်။ ကျွန်တော် ပြန်ပြန် သွားတာကို မလိုလား။ အဲဒီမှာပဲ ကျွန်တော့်ကို အမြဲ နေစေချင်သည်။

သူ့စကားအတိုင်း ကျွန်တော့် ခြေထောက်ကို ကွေးလိုက်သည်။ ကြိုးကွင်းက ကျွန်တော့်လည်ပင်းမှာ တင်းခနဲ ဖြစ်သွားသည်။

အဲဒီအရပ်မှာ ကောင်မလေးက လှံတံကိုဝံ့၍ တိုက်ခိုက်နေဆဲ…။ ကျွန်တော် ဝင်လာတော့ သူ အားတက်သွားသည်။ ကျွန်တော့်ကို ကြည့်၍ အပြုံးတစ်ချက်နှင့် နှုတ်ဆက်သည်။ အဲဒီအပြုံးကို အမြဲမြင်နေရလျှင် ကျွန်တော့်မှာ ဘာမှ နောင်တ ရစရာ မရှိ။ ကျွန်တော့် ဓါးကို မြှောက်လိုက်သည်။ ကျွန်တော်တို့ နှစ်ယောက် ကျောချင်းကပ်မိသည်။ ရန်သူတွေ အဝေးကို ရှဲသွားသည်။ သွေးညှီနံများကြားမှ ပန်းရနံမွှေးမွှေးကို ကျွန်တော် ရလိုက်သည်။ ရောင်နီကတော့ ထုံးစံအတိုင်း မလင်းတလင်း…။

သိင်္ဂါကျော်

22 September, 2013

ပေါင်းသင်းဆက်ဆံရေး အတွက် အချက် ၂၀



မိသားစု ဆိုသည်မှာ သွေးသားစစ်စစ်မှ မဟုတ်ပါ။ သင့်ကို သူတို့ဘဝထဲမှာ တန်ဖိုးထားပြီး ပါဝင်စေခဲ့သူများ၊ သင့် ခန္ဓာကိုယ် ကျန်းမာရေး၊ သင့် စိတ်ဓါတ် စွမ်းအား ထက်သန်မှု တို့ကို တိုးတက်စေသူများ၊ သင် လက်ရှိ ဘယ်သူလဲ ဆိုတာကို စိတ်ရော ကိုယ်ပါ လှိုက်လှိုက်လှဲလှဲ လက်ခံပြီး သင်လိုအပ်တာကို ထောက်ပံ့ပေးသူများ…။ ထိုကဲ့သို့သော သူများသည် သင်၏ မိသားစုဝင် ရင်းချာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမှန်တကယ် ပေါင်းသင်းသင့်သူများ ဖြစ်ပါ၏။

အောက်ပါ အချက်များမှာ ထိုကဲ့သို့ စစ်မှန် ထူးခြားသော ဆက်ဆံရေးကို ရှာဖွေ ပြုစုပျိုးထောင်ရန် အတွက် ဖြစ်ပါသည်။

၁။ မကောင်းမြင်တတ်သူများထံမှ ဖယ်ခွာပါ။
ဥာဏ်ရှိသူ၊ အလုပ်လုပ်သူ၊ အတွေးအကြံတူသူ လူကောင်းများနှင့်သာ ပေါင်းသင်းပါ။ သင့်ကို ကူညီမယ့် ဆက်ဆံရေးသာ ဖြစ်သင့်ပြီး သင့်ကို နာကျင်စေမယ့် ဆက်ဆံရေး မဖြစ်သင့်ပါ။ သင့်နံဘေးတွင် သင်ဖြစ်ချင်သော လူပုဂ္ဂိုလ်မျိုးကိုသာ ဝန်းရံနေပါစေ။ သင်အနေနှင့် သိကျွမ်းရတာ ဂုဏ်ယူစရာကောင်းသူ၊ သင်က လေးစားသူ၊ သင့်ကို ချစ်ခင်လေးစားသူ - သင့်တစ်နေ့တာကို အနည်းငယ်လေးပဲ ဖြစ်ဖြစ် ရိုးစင်းစွာ တောက်ပစေနိုင်သော သူငယ်ချင်းများကိုသာ ရွေးချယ်ပါ။ သင့်ကို မပျော်ရွှင်အောင်လုပ်မယ့် လူများနဲ့ အချိန်ကုန်စေဖို့အတွက် ဘဝဟာ တိုတောင်းလွန်းပါတယ်။

၂။ သွားပြီးသား သူများ ထွက်သွားပါစေ။
ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုက သင့်ဆီမှာ သူတို့ လိုချင်တာ ရှိနေသရွေ့ပဲ သင့်အနားမှာ ရှိနေမယ့် လူတစ်ချို့ ရှိနေတာပါပဲ။ သင်က သူတို့ကို မဖြည့်ဆည်းပေးနိုင်တဲ့ အချိန်မှာ သူတို့ ထွက်ခွာသွားမှာပါ။ သတင်းကောင်းကတော့ သင့်ကို နာကျင်စေတဲ့ အဲဒီ ပေါင်းပင်လို လူတွေ သင့်ဘဝထဲက ထွက်ခွာသွားပြီးတဲ့အခါ သင့်မှာ လူကောင်းတစ်ချို့ ကျန်ခဲ့တာကိုပါ။ ကျွန်တော်တို့ ရှားရှားပါးပါး အဖြစ်နဲ့ သူငယ်ချင်းတွေ ချစ်သူတွေ ဆုံးရှုံး ပြီးတဲ့အခါ ဘယ်သူက အစစ်အမှန်လဲ ဆိုတာ ရှာဖွေတွေ့ရှိတတ်ပါတယ်။ အဲဒါကြောင့် လူတွေ သင့်ဆီက ထွက်ခွာသွားကြတဲ့အခါ သူတို့ သွားကြပါစေ..။ သင့်ကို ချန်ထားရစ်ခဲ့သူတွေကို ချည်နှောင်ထားနိုင်စွမ်း သင့်မှာ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။ ဆိုလိုတာက သူတို့ဟာ ဆိုးတဲ့လူတွေ ဟုတ်ချင်မှ ဟုတ်မယ်။ သင့်ပုံပြင်ထဲမှာ သူတို့ ပါဝင်တဲ့ အပိုင်းက ပြီးဆုံးသွားပြီ ဆိုတာပါပဲ။

၃။ သင်မသိတဲ့ လူတွေကို မျှတတဲ့ အခွင့်အလမ်း ပေးပါ။
သင် လူတစ်ယောက်ကို ကြည့်တဲ့အခါ - ဘယ်သူပဲ ဖြစ်ဖြစ် လူတိုင်းမှာ ပုံပြင်တစ်ပုဒ် ရှိတယ်ဆိုတာ သတိရပါ။ လူတိုင်းမှာ သူတို့ကို ပြောင်းလဲစေခဲ့တဲ့ တစ်စုံတစ်ရာကို ဖြတ်သန်းခဲ့ရတယ်။ သူတို့ ကြီးပြင်းလာဖို့ တွန်းအားပေးခဲ့တဲ့ တစ်စုံတစ်ရာ ရှိခဲ့တယ်။ သင်သာ သူတို့ကို အခွင့်အလမ်းတစ်ခု ပေးရင် သူတို့မှာလည်း ထူးခြားတဲ့ တစ်စုံတစ်ရာကို ပြန်ပေးဖို့ ရှိပါတယ်။ အဲဒါကြောင့် ဆက်ဆံရေး အဟောင်းက ကြာရှည် အဆင်မပြေတော့ဘူး ဆိုတဲ့အခါ ဆက်ဆံရေး အသစ်ကို စတင်ကြည့်ပါ။ မရင်းနှီးတဲ့ နယ်ပယ်ထဲကို ဝင်သွားနေတယ်ဆိုတာ သိနေရင်းနဲ့ပဲ ပေါင်းသင်းဆက်ဆံရေး အသစ်ကို ထိတွေ့ပါ။ သင်ယူလေ့လာဖို့၊ စိန်ခေါ်ဖို့၊ သင့်ဘဝကို ပြောင်းလဲစေမယ့် တစ်စုံတစ်ယောက်ကို တွေ့ဖို့ အစဉ်အမြဲ အသင့်ရှိနေပါ။

၎။ လူတိုင်းကို ကြင်နာပါ၊ လေးစားပါ။
သင့်အပေါ်မှာ ရိုင်းပြတဲ့ လူပင် ဖြစ်ပါစေ၊ လူတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံပြီး ရိုသေလေးစားပါ။ သူတို့ မကောင်းသော်လည်း သင်ကတော့ ကောင်းရပါမယ်။ ရိုသေလေးစားထိုက်သူ ရယ်လို့ ခွဲခြား သတ်မှတ်ရိုးမရှိပါ။ လူတိုင်းကို အဆင့်အတန်း တပြေးညီ သတ်မှတ်၍ ကောင်းမွန်စွာ ဆက်ဆံပါ။ လူတွေက သင့်ရဲ့ ကြင်နာမှုကို သတိထားမိ လာကြမှာပါ။

၅။ လူများကို သူတို့ရဲ့ အရှိအတိုင်း လက်ခံပါ။
များသောအားဖြင့် သူတို့ကို ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဲဒါကြောင့် သင့်ကိုယ်သင် မလိုအပ်ပဲ စိတ်ပင်ပန်းမှု အဖြစ်မခံပါနဲ့။ တစ်ခြားလူတွေကို ပြောင်းလဲဖို့ ကြိုးစားတာထက် သူတို့ကို သင်ကပဲ အထောက်အပံ့ ပေးလိုက်ပါ။ ဥပမာ အနေနဲ့ ရှေ့ဆောင်လမ်းပြ ပြုလိုက်ပါ။

၆။ သူတစ်ပါးကို အားပေးထောက်ပံ့ပါ။ ကောင်းချီးပေးပါ။
သင့်နံဘေးက အပေါင်းအသင်းများ ရှိနေခြင်းရဲ့ အံသြစရာကောင်းမှုကို အသိအမှတ်ပြု တန်ဖိုးထားခြင်းက ကောင်းမွန်တဲ့ နေရာဌာနများ- ထုတ်လုပ်ဖန်တီးနိုင်သော၊ ကျေနပ်နှစ်သိမ့်မှု ပေးစွမ်းနိုင်သော၊ အေးချမ်းသော နေရာများ ကို ဦးတည်စေမှာပါ။ အဲဒါကြောင့် အဲဒီအတွက် တိုးတက်မှုကို ဖြစ်စေတဲ့ အဲဒီလူများ အတွက် ပျော်ရွှင်စွာနေပါ။ သူတို့ အောင်မြင်မှုတွေ အတွက် ဝမ်းမြောက်ကြောင်းပြောပေးပါ။ သူတို့ရဲ့ ချီးကျူးမှုတွေ အတွက် ပွင့်လင်းစွာ ကျေးဇူးတင်ကြောင်း ပြောပါ။ သွားတဲ့ အရာတွေက ပြန်လာတတ်ပါတယ်။ လူအများကို သင်က ဝမ်းမြောက်ဝမ်းသာ ကောင်းချီးပေးမှုက နောင်တစ်ချိန်မှာ သင့်အတွက် ကောင်းချီးပေးမှုအနေနဲ့ ရောက်လာမှာပါ။

၇။ မပြည့်စုံလှတဲ့ သင်ကိုယ်တိုင်ရဲ့ ပြည့်စုံမှု
သင့်ကိုသင် တစ်ခြားတစ်ယောက်လို ဖြစ်အောင် ကြိုးစားနေတဲ့ ဒီလို ရူးသွပ်တဲ့ ကမ္ဘာကြီးမှာ သင့်ရဲ့ ကောင်းမွန်မှုကို စွမ်းနိုင်သမျှ ထိန်းသိမ်းတယ်။ အဲဒီတော့ သူတို့က သင်ရဲ့ မတူညီမှုတွေအတွက် သင့်ကို ရယ်မောတယ်၊ သင်ကလည်း အဲဒီလိုပဲ သူတို့ကို ပြန်ရယ်မောတယ်။ သင့်ကို ပြုံးစေတဲ့ လူတွေနဲ့ အချိန်များများ အတူနေပါ။ သင့်ကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ လူတွေနဲ့ အချိန်နည်းနည်းပဲ နေပါ။  ကျွန်တော်တို့ဟာ လူတိုင်းအတွက် ပြည့်စုံသူ ဖြစ်မပေးနိုင်ပါဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို သိဖို့ အချိန်ယူကြိုးစားပေးတဲ့ တစ်ချို့လူနည်းနည်းအတွက်၊ ကျွန်တော်တို့ကို ချစ်တဲ့ လူအနည်းငယ် အတွက်ပဲ ပြည့်စုံတဲ့သူ ဖြစ်နိုင်မှာပါ။ အဲဒီ လက်ရွေးစင် လူတစ်ချို့က ကျွန်တော်တို့ရဲ့ မပြည့်စုံလှတဲ့ ပြည့်စုံမှုကိုပဲ ချစ်ကြတာပါ။

၈။ လူများကို ခွင့်လွှတ်ပြီး ရှေ့ဆက်တိုးပါ။
သင့်အသည်းနှလုံးထဲမှာ အမုန်းတရားတွေ ထည့်ထားပြီး သင့်ဘဝကို မနေပါနဲ့။ သင်မုန်းတဲ့ လူတွေထက် သင့်ကိုယ်သင် ပိုမို နာကျင်စေပါလိမ့်မယ်။ ခွင့်လွှတ်ခြင်းဆိုတာ “မင်း ငါ့ကို လုပ်ခဲ့တဲ့ ကိစ္စက အိုကေပါတယ်” လို့ ပြောတာ မဟုတ်ပါဘူး။ “မင်းလုပ်ခဲ့တဲ့ အရာ အတွက် ငါ့ပျော်ရွှင်မှုကို ထာဝရ ပျက်စီးအောင် လုပ်ခွင့်မပြုဘူး” လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းဟာ ကုစားခြင်းပါပဲ။ သင့်ရဲ့ အတိတ်ကို ဖျက်ဆီးပစ်ရမယ်၊ ဘာဖြစ်ခဲ့တယ် ဆိုတာ မေ့ပစ်လိုက်ရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ခါးသီး နာကျည်းမှုတွေကို ထွက်သွားစေဖို့ ဆိုလိုတာပါ။ အဲဒီအစား မတော်တဆမှုကနေ သင်ခန်းစာ ယူပြီး သင့်ဘဝကို ရှေ့ဆက်လျှောက်ဖို့ပါ။ သင့်ကို နာကျင်စေခဲ့သူတွေကို မုန်းနေတဲ့ အချိန်တွေ လျော့လာတဲ့အခါ သင့်ကို ချစ်တဲ့သူတွေအတွက် အချိန်တွေ ပိုပေးလာနိုင်တာကို သတိရပါ။

၉။ နေ့တိုင်း တစ်ခြားသူတွေအတွက် နည်းနည်းလောက် လုပ်ဆောင်ပေးပါ။
တစ်ခါတစ်ရံမှာ အသေးအဖွဲ အရာလေးတွေက တစ်ခြားသူတွေရဲ့ အသည်းနှလုံးမှာ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်သွားနိုင်ပါတယ်။ သင်ဟာ လူတိုင်းအတွက် အရာရာတိုင်းကို လုပ်ဆောင်မပေးနိုင်ပါဘူး။ ဒါပေမယ့် လူအနည်းစုအတွက်တော့ အရာရာတိုင်း ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒီ သင့်ဘဝထဲက လူတစ်ချို့က ဘယ်သူတွေ ဆိုတာ ဆုံးဖြတ်ရွေးချယ်ပြီး သူတို့ကို သစ္စာရှိရှိ ဆက်ဆံပါ။

၁၀။ သင့်ရဲ့ သူငယ်ချင်း အစစ်အမှန် တွေကို ဂရုစိုက်ပေးပါ။
ကျွန်တော်တို့ ကြီးပြင်းလာတဲ့အခါ သူငယ်ချင်း အရေအတွက် များဖို့ထက် စစ်မှန်တဲ့ သူငယ်ချင်း ရှိဖို့က ပိုပြီး အရေးကြီးတယ် ဆိုတာ စဉ်းစားတတ်လာပါတယ်။ ဘဝဆိုတာ ပါတီပွဲ တစ်ခုလိုပါပဲ။ သင် လူအများကြီး ဖိတ်တယ်၊ တစ်ချို့က စောစော ပြန်သွားတယ်၊ တစ်ချို့က တစ်ညလုံး နေတယ်၊ တစ်ချို့က သင်နဲ့ အတူရယ်မောတယ်၊ တစ်ချို့က သင့်ကို ရယ်မောတယ်။ ပျော်ပွဲ ပြီးဆုံးချိန်မှာတော့ သင့်ကို အမှိုက်တွေ အရှုပ်အပွတွေ ကူညီပြီး ရှင်းလင်း ပေးမယ့်သူက နည်းနည်းပဲ ကျန်ခဲ့ပါတယ်။ များသောအားဖြင့်တော့ အဲဒီ အမှိုက် အရှုပ်တွေကို ဖွခဲ့တဲ့သူကလည်း ကျန်ခဲ့တဲ့ သူတို့ မဟုတ်ကြပါဘူး။ အဲဒီလူတွေက သင့်ဘဝမှာ သူငယ်ချင်း အစစ်တွေပါပဲ။

၁၁။ အမြဲတမ်း သစ္စာစောင့်ထိန်းပါ။
အချစ်စစ်နဲ့ စစ်မှန်တဲ့ ခင်မင်မှု ဆိုတာ ခွဲခြားလို့ ရတဲ့အရာ မဟုတ်ပါဘူး။ အဲဒီလို ဆက်ဆံရေးတွေ ဆိုတာ လူနှစ်ယောက် အတူတူ ရှိမနေတောင်မှပဲ တစ်ယောက်အပေါ် တစ်ယောက် စိတ်ရင်း အစစ်အမှန် ရှိနေတာပါ။ ဆက်ဆံရေးတစ်ခု ဖြစ်လာပြီ ဆိုတာနဲ့ သစ္စာစောင့်ထိန်းမှု ဆိုတာ ရှိရမှာပါ။ အဲဒါ ရွေးချယ်စရာ မဟုတ်ပါဘူး။ ဦးစားပေးရမယ့် အရာပါ။ သစ္စာရှိမှု ဆိုတာ အရာရာတိုင်းပါပဲ။

၁၂။ သင်နဲ့ ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံပြီး နေတာ ပိုကောင်းပါတယ်။
လူသားချင်း ဆက်ဆံရေးမှာ မိုင် အကွာအဝေးတွေက တိုင်းတာစရာ မဟုတ်ဘူး ဆိုပေမယ့် သက်ရောက်မှုတော့ ရှိပါတယ်။ လူနှစ်ဦး မိုင်များစွာ ဝေးကွာနေပေမယ့် ဘေးချင်းယှဉ်လျှက်လို ရှိနေနိုင်ပါတယ်။ သင် ဂရုစိုက်တဲ့သူ တစ်စုံတစ်ယောက်ကို ဥပေက္ခာပြုမထားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အာရုံစိုက်မပေးနိုင်တာက ဒေါသထွက်တဲ့ စကားလုံးတွေထက် သူ့ကို ပိုပြီး နာကျင်စေလို့ပါပဲ။ သင်နဲ့ ပတ်သက်သူတွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေပါ။ သင့်မှာ သူငယ်ချင်း အရေအတွက် များများ မလိုအပ်ပေမယ့် အနည်းငယ်သော သူငယ်ချင်းကောင်းတွေတော့ ရှိနေရမယ် ဆိုတာ သတိရပါ။  အဲဒီလိုလူတွေကို ဂရုစိုက်ပေးဖို့က အရေးကြီးတဲ့ အလုပ်တစ်ခုပါ။

၁၃။ သင့်ရဲ့ ကတိစကားတွေကို ထိန်းသိမ်းပါ၊ အမှန်အတိုင်း ပြောပါ။
သင် တစ်စုံတစ်ရာ လုပ်မယ်လို့ ပြောခဲ့ရင် တကယ် လုပ်ပါ။ တစ်နေရာ သွားမယ်လို့ ပြောထားရင် အဲဒီ နေရာမှာ ရှိနေပါ။ သင် တစ်စုံတစ်ရာ ခံစားရတယ် လို့ ပြောရင် တကယ်ပဲ ဖြစ်ပါစေ။ သင် မလုပ်နိုင်ရင်၊ မဟုတ်နိုင်ရင်၊ မလိမ်ပါနဲ့။ လူတွေကို ရှေ့တင် အမှန်အတိုင်း ပြောတာက အမြဲတမ်း ပိုပြီး ကောင်းမွန်ပါတယ်။ လူတွေရဲ့ ဦးခေါင်းတွေ၊ အသည်းနှလုံးတွေနဲ့ ကစားပွဲ မကစားပါနဲ့။ တစ်ဝက်တစ်ပြက် အမှန်တရားတွေလည်း မပြောပါနဲ့။ သင့်ကို ယုံကြည်ချင်တဲ့ လူတွေက သင့်ဆီက အမှန်စစ်စစ်ကိုပဲ လိုချင်တာပါ။ တစ်ဝက်တစ်ပြက် အမှန် ဆိုတာ လိမ်တာထက် ပိုပြီး မကောင်းပါဘူး။ အချစ်နဲ့ သူငယ်ချင်းချင်းခင်မင်မှုကို မနာကျင်စေဖို့ သတိထားပါ။ လိမ်ညာပြောတာ၊ လှည့်စားတာ၊ လှည့်ပတ်တာက လူတွေရဲ့ခံစားချက်တွေကို နာကျင်စေပါတယ်။ သင့်ကိုယ်သင် မသေချာပဲနဲ့ သူတစ်ပါးရဲ့ ခံစားချက်ကို ဘယ်တော့မှ ရှုပ်ထွေးအောင် မလုပ်ပါနဲ့။ အမြဲတမ်း ပွင့်လင်း ရိုးသားပါ။

၁၄။ သင် လိုချင်တဲ့ အရာကို ပေးပါ။
သင် မပေးချင်တဲ့ အရာကို မမျှော်လင့်ပါနဲ့။ ရွှေရောင် စည်းမျဉ်းကို စတင် လိုက်နာပါ။ သင် အချစ်ကို လိုချင်ရင် အချစ်ကို ပေးပါ။ သူငယ်ချင်း မိတ်ဆွေ လိုချင်ရင် ဖော်ရွှေ ခင်မင်ပါ။ ငွေကြေး လိုချင်ရင် အလုပ်လုပ်ပါ။ ရိုးရိုးလေးပါပဲ။ ဒါပေမယ့် အလုပ်ဖြစ်ပါတယ်။

၁၅။ သင် ဆိုလိုချင်တဲ့ အရာကိုပဲ ပြောဆိုပါ။ ပြောတဲ့အတိုင်းလည်း အဓိပ္ဗါယ် ရှိပါစေ။
သူ့အလိုလို သိဖို့ မျှော်လင့်နေတာထက် သင့်ဘဝထဲက လူတွေကို သူတို့ လိုချင်တဲ့ သတင်းအချက်အလက်တွေ ပေးပါ။ သတင်းအချက်အလက် ဆိုတာက ဆက်သွယ်မှု လုပ်ငန်းဆောင်တာကို ချောမွေ့ပြေပြစ်အောင် ထိန်းသိမ်းပေးတဲ့ အရာပါ။ တစ်ခြား လူတွေရဲ့ စိတ်ကို ဖတ်ဖို့ မကြိုးစားပါနဲ့။ တစ်ခြားလူတွေကိုလည်း သင့်စိတ်ကို ဖတ်ခွင့် မပြုပါနဲ့။ မိသားစုအတွင်း၊ သူငယ်ချင်း မိတ်ဆွေချင်း၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များအတွင်း ဖြစ်တဲ့ ပြဿနာ အများစုဟာ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ပေါင်းသင်းဆက်ဆံမှု ညံဖျင်းတဲ့ အချက်ကနေ စတင် တတ်ပါတယ်။

၁၆။ တစ်ခြားလူများကို သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခွင့်ပေးပါ။
သင့်ရဲ့ အတိတ်က အတွေ့အကြုံအရ မဆုံးဖြတ်ပါနဲ့။ သူတို့ရဲ့ နေထိုင်မှု ဘဝဟာ သင်နဲ့ မတူညီပါဘူး။ တစ်ဦးတစ်ယောက် အတွက် ကောင်းတဲ့အရာ ဖြစ်နိုင်ပေမယ့် တစ်ခြားတစ်ယောက် အတွက်တော့ မကောင်းနိုင်ပါဘူး။ တစ်ဦးတစ်ယောက်အတွက် မကောင်းတဲ့အရာ ဖြစ်ပေမယ့် တစ်ခြားတစ်ယောက်ရဲ့ ဘဝကို ပိုကောင်းအောင် ပြောင်းပေးနိုင်တာမျိုးလည်း ရှိပါတယ်။ လူတွေကို သူတို့ ကိုယ်ပိုင် အမှားတွေ လုပ်ခွင့်ပေးပြီး သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချပါစေ။

၁၇။ နည်းနည်းပြောပြီး များများ နားထောင်ပါ။
အကြံဥာဏ် နည်းနည်းပဲ ပေးတာက မကြာခဏ ဆိုသလို အကောင်းဆုံး အကြံဥာဏ် ဖြစ်တတ်ပါတယ်။ လူတွေက အကြံဥာဏ် အများကြီး မလိုပါဘူး။ သူတို့လိုတာက နားထောင်ပေးမယ့် နားတစ်စုံရယ်၊ အပြုသဘောဆောင်တဲ့ ခွန်အားဖြည့်ပေးမှုရယ် ပါပဲ။ သူတို့ လိုချင်တဲ့အရာက သူတို့ စိတ်တွင်း တစ်နေရာမှာ ရှိပြီးသားပါ။ စဉ်းစားတွေးတောဖို့ အချိန်ပဲ လိုတာပါ။ သူတို့ရဲ့ ဦးတည်ချက် မသေချာတဲ့ ခရီးတွေကို ဆက်လက် သုံးသပ်ဖို့ လိုတဲ့အခါ၊ ဦးတည်ရာလမ်းကြောင်းကို ရှာဖွေဖို့လိုတဲ့အခါ ကူညီပေးဖို့ပါပဲ။

၁၈။ အရေးမပါတဲ့ ငြင်းခုန်မှုတွေကို ဒီတိုင်း ထားလိုက်ပါ။
သင့်အတွက် မှန်မယ့်အရာက တစ်ခြား တစ်စုံတစ်ယောက်ဆီမှာ မှားဖို့ မရှိပါဘူး။ အမှန်တရားဆီ ဦးတည်တဲ့ လမ်းတွေ အများကြီး ရှိပါတယ်။ အချိန်တွေ အများစုမှာ အဲဒါက အဲဒီလောက်များများ ပြဿနာ မရှိလှပါဘူး။

၁၉။ မသုံးမဝင်တဲ့၊ နာကျင်စေတဲ့ ဝေဖန်ချက်တွေကို လျစ်လျူရှုပါ။
ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်မပေးနိုင်ပါဘူး။ သူတို့က သင့်အကြောင်းကို နားထောင်ပေးခဲ့ပေမယ့် သင်ခံစားရသလို ခံစားရမှာ မဟုတ်ပါဘူး။ သင် ဘာပဲ လုပ်လုပ် သင်နဲ့ အမြင်မတူတဲ့သူ တစ်ယောက်ယောက်တော့ အမြဲတမ်း ရှိနေမှာပါပဲ။ သင့် နှလုံးသားက မှန်တယ်လို့ ယုံကြည်တာကိုပဲ လုပ်ဖို့ အာရုံစိုက်ပါ။ လူအများစု ဘယ်လို ထင်မယ်၊ သင်နဲ့ ပတ်သက်ပြီး ဘာပြောကြမယ် ဆိုတာက အရေးမကြီးလှပါဘူး။ ကိုယ့်ဟာကိုယ် ဘယ်လို ခံစားရတယ် ဆိုတာကပဲ အရေးကြီးတာပါ။

၂၀။ ကိုယ်ကိုယ်တိုင်နဲ့ ဆက်သွယ်မှုကိုလည်း ဂရုစိုက်ပေးပါ။
အနာကျင်ဆုံး အရာတွေထဲက တစ်ခုက တစ်ခြားလူတွေကိုပဲ ဂရုစိုက် ချစ်ခင်ပေးနေပြီး ကိုယ့်ကိုယ်ကို ဆုံးရှုံးခြင်းပါ။  သင့်ကိုယ်သင် အထူးသီးသန့်အနေနဲ့ ချစ်ခင်ဖို့ကို မေ့လျော့နေတာပါ။ တစ်စုံတစ်ယောက်က သူတို့ သင့်ကို ချစ်တဲ့အကြောင်း ပြောခဲ့ဖူးတဲ့ အချိန်က သင်ဘယ်လို ခံစားခဲ့ရသလဲ ဆိုတာ တွေးကြည့်ပါ။ တစ်စုံတစ်ယောက်က သင် အလုပ်ကောင်းကောင်း လုပ်ခဲ့တယ် ဆိုပြီး ချီးကျူးခဲ့ဖူးတဲ့ အချိန်၊ သင့်ကို နေရာကောင်းတစ်ခုခုကို ခေါ်သွားခဲ့တဲ့ အချိန်၊ အဲဒီအချိန်တွေတုန်းက သင်ပျော်ရွှင်ခဲ့ဖူးတယ် မဟုတ်လား။ အဲဒီ တစ်စုံတစ်ယောက်က သင်ကိုယ်တိုင် ဖြစ်ခဲ့ရင်ရော…။

 20 Things to Start Doing in Your Relationships by PositiveMed Team ကို သင့်လျော်သလို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

13 September, 2013

နောင်တနှင့်အတူ ဘဝကို ရှင်သန်ခြင်းသည် အရှုံးကို ရင်ဆိုင်ရသည်ထက် ဆိုးသည်


 ရို့စ်သည် မိသားစုနှင့်အတူဗီယက်နမ် ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံသို့ လာခဲ့စဉ်က သူ့အသက်မှာ ရှစ်နှစ်သာ ရှိသေးသည်။ သူက သူ့အဖေလိုဆရာဝန် တစ်ယောက်ဖြစ်လာမည် ဟုတွေးထားခဲ့သည်။ သူသည် ဆေးပညာဘွဲ့ ရရှိပြီးနောက် အရိုးအကြောဌာနတွင် နာရီပေါင်းများစွာ ကြာအောင် အလုပ်လုပ်ခဲ့ရသည်။

ဘွဲ့လွန်တက်ရန် အချိန်ကျရောက်လာသောအခါ ရို့စ်သည် သူ့အသည်းနှလုံးက ဤအလုပ်ထဲတွင် ရှိမနေသည်ကို တွေ့လာသည်။ သူသည် သူ့အိပ်မက်နောက်သို့ လိုက်ချင်လာခဲ့သည်။ သူက ရှုံးနိမ့်ရခြင်းသည် နောင်တရခြင်းလောက် မဆိုးဟု သဘောပေါက်ခဲ့သည်။ သူသာ သူ့အိပ်မက် နောက်သို့ မလိုက်ခဲ့လျှင် သူ့တစ်စိတ်တစ်ပိုင်းက သေနေသလိုမျိုး ခံစားခဲ့ရသည်။

သူက ဖိနပ်များကို ချစ်သည်။ သူ၏ သင်တန်းကာလတစ်လျှောက် ခြေထောက်ပေါ်တွင် ရပ်ခဲ့ရသော ကြမ်းတမ်းသောနာရီများစွာ..။ အဲဒီနောက် သူသည် ဖိနပ်များကို သွားကြည့်ခြင်းအားဖြင့် သူ့ကိုယ်သူဆုချခဲ့သည်။ သူသည် သူ၏ နာကျင်နေသော ခြေထောက်များအတွက် သက်သာမည့် ကုထုံးပေးမည့် ဆိုင်တစ်ဆိုင်သို့ သွားရလိမ့်မည်။ တစ်နေ့တာလုံး မတ်တပ်ရပ်ပြီး အလုပ်လုပ်နိုင်မည့် ဖိနပ်တစ်ရံကို ဒီဇိုင်းဆွဲဖို့ရာ သူတောင့်တမိသည်။ ရို့စ်သည် စတိုင်လ်ကျသော ဖိနပ်တစ်ရံ စီးလိုသည်။ အထူးသဖြင့် သူ့ခြေထောက်ကို မနာမကျင်စေမည့် ဖိနပ်အမြင့်တစ်ရန် ဖြစ်သည်။ သူမကို တားဆီးနိုင်မည့် တစ်ခုတည်းသောအရာသည် ရှုံးနိမ့်မှာကို ကြောက်ရွံ့မှုပင် ဖြစ်ခဲ့သည်။

သူသည် သူ၏ အရှုံးကိုကြောက်ရွံ့မှုကို ကျော်လွှားနိုင်ပြီးသောအခါ သူ့ကိုတားဆီးနိုင်သောအရာ ဘာမှ မရှိတော့ဟု စဉ်းစားမိခဲ့သည်။ သူ၏ ဆေးပညာသင်ကြားခဲ့မှုက လေ့လာရာတွင် လွယ်ကူစေရန် အထောက်အပံ ဖြစ်ခဲ့သည်ကို တွေ့ရသည်။ သူ့အိပ်မက်ကို သူရှုံးနိမ့်ပါက ဆေးပညာဘက်ကို ပြန်သွားနိုင်ကြောင်း သူသိနေသောကြောင့်ပင်။

ဖိနပ်လုပ်ငန်းလုပ်ကိုင်ကြသော အီတလီမှ လူတစ်ချို့နှင့် သိကျွမ်းသည့် အရောင်းစာရေးများထဲမှ တစ်ယောက်နှင့် သူငယ်ချင်း ဖြစ်ခဲ့သည်။ သူသည် ဖိနပ် ဘယ်လိုလုပ်သည်ကို လေ့လာရန် အတွက် မီလန်မြို့သို့ ဦးတည်ခဲ့သည်။ သူသည် ခြေထောက် ကုထုံးကုသသောဆိုင်မှ အမျိုးသမီးများကို ဘယ်လိုဖိနပ်မျိုးလိုချင်သည်ကို မေးကြည့်ခဲ့သည်။ သူသည် လူဦးရေထဲမှ အစိတ်အပိုင်းကြီးကြီး ဖြစ်သော သူတို့ ခြေထောက်များအတွက် ပိုက်ဆံများများ ကုန်ကျခံနိုင်မည့်သူများကို တွေးဆခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သူသည် အသေးစား စီးပွားရေးလုပ်ငန်းကော်မတီ ထံမှ ချေးငွေ ဒေါ်လာ နှစ်သိန်း ရရှိခဲ့သည်။

တံဆိပ်အသစ် တစ်ခုကို စရန်အတွက် ဒေါ်လာ ၁၀ မီလီယံလောက် ကုန်ကျမည်ဟု သူ့ကိုပြောခဲ့သည်။ သူ့တွင် ထိုမျှလောက် ပိုက်ဆံမရှိခဲ့ပါ။ သို့သော် ဖိနပ်ဆိုင် အမြောက်အမြားသို့ သူ၏ နမူနာဖိနပ်များကို ပြသရန် စိတ်အားထက်သန် ခဲ့သည်။

သူသည် အကြိမ်များစွာ စိတ်ပျက်အားလျှော့စရာများ ကြုံခဲ့ရသည်။ သို့သော် သူ့အိပ်မက်ကို် မစွန့်လွှတ်ခဲ့ပါ။ သူ၏ အိပ်မက်ကို အကောင်အထည်ဖော်ခြင်း၏ ရလာဒ်အနေဖြင့် သူ၏ ဖိနပ်စင်တန်းကို ကမ္ဘာတစ်ဝှန်းရှိ ဆိုင်ပေါင်း ၂၂၀ကျော်မှာ တွေ့မြင်နိုင်သည်။ အမေရိကန်နိုင်ငံတွင် ဆိုင်ပေါင်း ၄ဆိုင်၊ ပြင်သစ်တွင် တစ်ဆိုင် ရှိသည်။ ထိုဖိနပ်များသည် ဈေးမသက်သာလှပါ။ ဒေါ်လာ ၂၀၀ နှင့် ၄၀၀ ကြားတွင် ရှိသည်။ သို့သော် ကိတ်မုန့် ပူပူများ ရောင်းနေရသလိုပင် ရောင်းရသည်။ ထိုဖိနပ်များသည် စတိုင်ကျသည်၊ သက်တောင့်သက်သာရှိသည်၊ လှပသည်။

သူသည် ခွဲစိတ်ကုဆရာဝန် လုပ်နေသော (မတ်တပ်ရပ်ပြီး အလုပ်လုပ်နေရသော) ထောင်ပေါင်းများစွာသော အမျိုးသမီးများကို အကူအညီပေးသူ ဖြစ်ကြောင်း သူအရင် ဆုံခဲ့ဖူးသည့် ပါမောက္ခက ပြောသည်။ သူ့ အကူအညီသည် နည်းနည်းကလေး ဖြစ်သော်လည်း သူသည် နာကျင်မှုမှ သက်သာရာရနေဆဲ ဖြစ်သည်။ သူသည် ယခုအခါ ဖိနပ်အရန်ပေါင်း ၂၀၀ကျော် ပိုင်ဆိုင်နေပြီ ဖြစ်သည်။ နောင် အနာဂါတ်တွင် ဖိနပ်ဈေးနှုန်းများ ပိုမို သက်သာလာဖွယ်ရာ ရှိသည်။

ရို့စ်သည် ပထမဆုံးအနေနှင့် ထိုလုပ်ငန်းထဲသို့ ဝင်ရောက်ရန် ကံကောင်းသောရပ်နားချိန် အခိုက်အတန့်ကလေးရရှိခဲ့သည်။ သို့သော် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ဖို့နှင့် အိပ်မက်နောက် ကောက်ကောက်ပါအောင် လိုက်ဖို့တော့ လိုသည်။ ကျွန်တော်တို့ အားလုံးကတော့ ရို့စ်လို ဖြစ်နိုင်ကြမည် မဟုတ်ပါ။ သို့သော် သူ့အကြောင်းသည် မျှော်လင့်ချက်နှင့် စိတ်ကူးဥာဏ် ကွန့်မြူးခြင်း၏ နမူနာပုံပြင်တစ်ပုဒ် ဖြစ်သည်။ သူနှင့် သူ့မိသားစုသည် ဘာမှ မရှိပဲနှင့် လာခဲ့ကြသည်။ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားသည်၊ မျှော်လင့်ချက်ကိုမစွန့်လွှတ်၊ ကောင်းသောအလုပ်၊ ကောင်းသောကိုယ့်ကျင့်တရားနှင့် နေထိုင်သည်။ အဲဒီလိုနှင့် သူသည် အောင်မြင်သောပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့သည်။

သိင်္ဂါကျော်

A True Success Story - Taryn Rose Started a Multi Million Dollar Business Making Shoes
Living a Life of Regret is Worse Than Failure by Shana Dines ကိုသင့်လျှော်သလို ပြန်ဆိုပါသည်။

12 September, 2013

မမျှော်လင့်သော အကုသိုလ်


(၁)

၁၀လပိုင်း ၂၅ရက်နေ့။

အလောင်းကို တွေ့ရသော နေရာမှာ လမ်းဘေး ခြုံပုတ်အတွင်းဘက် တစ်နေရာတွင် ဖြစ်သည်။ နေရာက ကားလမ်းဘေး ဖြစ်သောကြောင့် ကားများအသွားအလာ ရှိသော်လည်း လမ်းလျှောက်သူ အသွားအလာကတော့ သိပ်မရှိလှပါ။ မိုးရာသီ ဖြစ်သော်ကြောင့် ပေါင်းပင်များလည်း ရှည်လျားနေသည် ဖြစ်ရာ အလောင်းကို ကားပေါ်ကနေ လွယ်လွယ်ကူကူ မမြင်နိုင်ခဲ့ပါ။ အလောင်းကို စတွေ့သောသူမှာ ကားလေလျော့ သဖြင့် အောက် ဆင်းကြည့်သော ကားမောင်းသမား တစ်ဦးက စတွေ့ခြင်း ဖြစ်သည်။ တွေ့ရှိသောသူက စိမ်းတို့ Crime Scene Investigation (မှုခင်းစုံစမ်းဖော်ထုတ်ရေးအထူးတပ်ဖွဲ့)သို့ အကြောင်းကြားသဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ အခင်းဖြစ်ရာနှင့် သက်ဆိုင်သော နယ်မြေရဲတပ်ဖွဲ့မှ ရဲအရာရှိ နှင့် ရဲတပ်သား နှစ်ယောက်လည်း ရောက်ရှိနေပါသည်။



စိမ်းဝတီတို့ အခင်းဖြစ်သော နေရာသို့ ရောက်သွားသောအခါ အလောင်းမှာ အတန်ငယ် ပုပ်ပွ နေလေပြီ။ ထို့အပြင် အလောင်းမှာ ခေါင်းပိုင်း မပါပဲ ကိုယ်လုံးချည်း ဖြစ်သည်။အမျိုးသမီးအလောင်း ဖြစ်ပြီး စိမ်း ခန့်မှန်းရသလောက် အသက် ၃၀ ကျော် ၄၀နီးပါး ဖြစ်လိမ့်မည်။ ဗမာဖြစ် ချည်ထည်ဝမ်းဆက်ကို ဝတ်ဆင်ထားသော်လည်း ပုံစံမှာ အဆင့်အတန်းမြင့်ပုံပေါက်နေသည်။ ဆွဲကြိုး၊ လက်စွပ်၊ နားကပ် စသည် တစ်ခုမှ မပါသဖြင့် ပစ္စည်းလု လူသတ် သဘောမျိုးတောင် သက်ရောက်နေသည်။ စိမ်းသည် အလောင်းကို စေ့စေ့စပ်စပ် လှန်လှောကြည့်သော်လည်း အလောင်း၏ ကိုယ်လုံး ကိုယ်ထည်တွင် သေစေလောက်သော ဒဏ်ရာဒဏ်ချက် တစ်ခုတစ်လေမှ မတွေ့ရပါ။ သေစေလောက်သော ဒဏ်ရာသည် ဖြတ်ထားသော ဦးခေါင်းပိုင်းတွင် ရှိနိုင်သည်။



စိမ်းဝတီတို့အဖွဲ့သည် အနီးအနား တောစပ်နှင့် ချောက်ထဲတွင် တတ်နိုင်သလောက် ရှာဖွေသော်လည်း ဦးခေါင်းပိုင်းကို မတွေ့ရသလို ဘာ ခြေရာ လက်ရာမှလည်း မတွေ့ရပါ။လူသတ်သမားသည် သေသူကို အလွယ်တကူ မသိစေလိုသော အကြံအစည်ဖြင့် တမင်ဖြတ်ယူထားခြင်း ဖြစ်ရာ အနီးအနားတွင်တော့ တွေ့နိုင်မည် မဟုတ်ပါ။ ရဲစွမ်းနိုင်ကတော့ အလောင်းထားသွားသူ၏ ခြေရာကို ကောက်ဖို့ ကြိုးစားနေရင်းမှ သတ်ဖြတ်ခဲ့သော နေရာတွင် ခေါင်းကိုပါ ဖြတ်ပြီးမှ ဤနေရာသို့ သယ်ယူလာခြင်း ဖြစ်ရမည်ဟု တွေးနေသည်။ အလောင်း အနီးတွင် သွေးစ သွေးနများ မတွေ့ရပါ။ အလောင်းက သွေးဆုပ်နေလေပြီ။စိမ်းအထင်တော့ သေနေသည်မှာ သုံးရက် လေးရက်လောက်ကြာပြီဟု ထင်ရသည်။ ရဲစွမ်းနိုင်ကလည်း ထိုကဲ့သို့ပင် ထင်သည်။



ထက်အာကာသည်အလောင်းနှင့် ပတ်ဝန်းကျင်ကို ရှုထောင့်မျိုးစုံမှ ဓါတ်ပုံရိုက်နေသည်။ အနီးအနားမှာ ပေါင်းပင်များ ပေါက်ရောက်နေသဖြင့် စိမ်းတို့ ခြေရာ အပါအဝင် လူနင်းထားသော ခြေရာ လက်ရာများ ရှိနေသော်လည်း ခြေရာတိတိကျကျ ရယူ၍တော့ မဖြစ်နိုင်ပါ။



နွယ်နီနိုင်ကတော့ အလောင်း၏ လက်နှစ်ဘက်စလုံးက လက်ဗွေရာကို ရယူနေသည်။ ဦးခေါင်းပိုင်း မပါသဖြင့် သေသူ မည်သူ ဖြစ်သည်ကို ပထမဆုံး ရှာဖွေကြရမည် မဟုတ်လား။ ကားလမ်းဘေး ဖြစ်သဖြင့် ဤအနီးအနား မြို့အပြင် တစ်ခြားမြို့မှ ကားနှင့် လာရောက် ပစ်သွားသည်လည်း ဖြစ်နိုင်သည်။ သို့သော် ပထမဆုံးတော့ အနီးအနားမြို့တွင် လူပျောက်တိုင်ထားခြင်း ရှိမရှိ အရင်စစ်ရမည် ဖြစ်သည်။နွယ်နီနိုင်နှင့် ထက်အာကာကို အနီးဆုံးမြို့သို့ သွားရောက် စုံစမ်းရန် လွှတ်လိုက်ပြီး စိမ်းနှင့် ရဲစွမ်းနိုင်က ဌာနသို့ ပြန်လာခဲ့ကြသည်။

*****



ဌာနသို့ ပြန်ရောက်ပြီးနောက် ရဲစွမ်းနိုင်က သူယူလာခဲ့သော လက်ဗွေရာများကို scan ဖတ်ကာ ကွန်ပျူတာထဲသို့ ထည့်သည်။ ထို့နောက် လက်ဗွေ Database ထဲမှ အလောင်းကို တွေ့ရှိသော နေရာနှင့် အနီးဆုံးမြို့တွင် နေထိုင်သူများ၏ လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးထားလိုက်သည်။စိမ်းဝတီကတော့ အလောင်းနှင့် ပတ်ဝန်းကျင်ကို ရိုက်ထားသော ဓါတ်ပုံများကို ကူးယူ၍ ပြန်စစ်ဆေးသည်။ ဘာမှ ထူးထူးခြားခြား မတွေ့ရှိရပါ။ တစ်ခြားတစ်နေရာတွင် သတ်ခဲ့ပြီးမှ ယူလာပြီး ပစ်ခဲ့မှန်း သိသာနေပါသည်။



ခဏနေတော့ စိမ်းဝတီ ရင်ခွဲရုံသို့ သွားလိုက်သည်။ စိမ်းတို့ဌာန၏ မှုခင်းဆရာဝန်ဖြစ်သော ဒေါက်တာဇလပ်ဖြူက အလောင်းကို စစ်ဆေးနေဆဲ ဖြစ်သည်။

“ဘာထူးခြားတာ တွေ့ပြီလဲ မဖြူ”

“ထူးခြားတယ်တော့ မဟုတ်ဘူး၊ သေတာက ၅ရက် လောက်တော့ ရှိပြီ။ ကိုယ်ခန့်မှန်းတာတော့ ခေါင်းဖြတ်လိုက်လို့ သေတယ် ထင်ရတယ်။ ကိုယ်ပေါ်မှာ ဘာဒဏ်ရာ ဒဏ်ချက်မှ မရှိဘူး။ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး မေ့နေတဲ့အချိန်မှာ လုပ်တာလည်း ဖြစ်နိုင်တယ်။ အဲဒီနောက် Freezer ထဲ လေး ငါး ရက်လောက် ထည့်ထားတယ် ထင်ရတယ်။ အဲဒီက အေးလာတဲ့ အရှိန်နဲ့ အသားတွေက သိပ်မပုပ်သေးဘူး ဖြစ်နေတာ။ သေချာ စစ်ကြည့်တော့ ရေခဲသေတ္တာထဲက ထုတ်ထားတဲ့ အသားတွေလို ဖြစ်နေတယ်။ ခု ရင်ဘတ်ကို ခွဲစိတ် ကြည့်နေတယ်။ တွေ့ရသမျှတော့ ဘာမှ ထူးထူးခြားခြား မရှိဘူး”

ဒေါက်တာဇလပ်ဖြူက စိမ်းကို မကြည့်ပဲ သူ ဖွင့်ထားသော အလောင်း၏ ရင်ဘတ်နဲ့ ဝမ်းဗိုက်ပိုင်းကို အာရုံစိုက်ရင်း ပြောသည်။

“ဒီအမျိုးသမီးက တော်တော် ကျန်းမာရေး ကောင်းတဲ့ အမျိုးသမီးပဲ၊ သူ့အတွင်းကလီစာတွေ ဘာမှ မပျက်စီးသေးဘူး၊ ကျန်းမာရေး လိုက်စားပုံရတယ်၊ ကြည့်လေ အသက် ၃၀ ကျော် အရွယ်မှာ ဗိုက်ခေါက်ကလည်း သိပ်မထူသေးဘူး၊ လေ့ကျင့်ခန်း မှန်မှန် လုပ်တဲ့သူ ဖြစ်ရမယ်။ ပြီးတော့ အပျိုကြီး စစ်စစ် သိလား၊ နှမြောစရာ ကောင်းလိုက်တာ ကွယ်”



“ဟုတ်လား၊ ကျေးဇူးတင်ပါတယ် မဖြူ၊ ခုလောလောဆယ်တော့ ကျွန်တော်တို့မှာ သေသူ ဘယ်သူ ဘယ်ဝါ ဆိုတာ သိရဖို့တောင် တော်တော် လုပ်ရဦးမှာ၊ သေသူမှာ လက်ဝတ်လက်စား တစ်ခုမှ မတွေ့ရတာလည်း လိုချင်လို့ ယူသွားတာ ဟုတ်ချင်မှ ဟုတ်မယ်၊ ဘယ်သူမှန်း သိမှာစိုးလို့ အစဖျောက်ထားတာ ဖြစ်မယ်”



“အင်း တော်တော် ရက်စက်တာပဲနော်၊ ဘယ်သူကများ လုပ်ပါလိမ့်”

“အဲဒါ ရှာရမှာ ကျွန်တော်တို့ အလုပ်ပေါ့ မဖြူရယ်၊ ပြန်လိုက်ဦးမယ်နော်”

“ဟုတ်ပါပြီ၊ ကိုယ်လည်း နောက်ထပ် ထူးခြားတာ တွေ့ရင် ပြောပါ့မယ်”

*****



ထက်အာကာ နှင့် နွယ်နီနိုင်တို့သည် အခင်းဖြစ်ပွားရာနှင့် အနီးဆုံး မြို့ရှိ ရဲဌာနသို့ လိုက်ပါသွားပြီး လူပျောက်တိုင်ထားသော မှုခင်းများကို စစ်ဆေးကြသည်။ ယခုရက်ပိုင်းအတွင်း လူပျောက်တိုင်ထားသော အမှု သုံးမှု ရှိသော်လည်း ယခု သေဆုံးသော အသက်အရွယ်နှင့် အမျိုးသမီးတော့ တစ်ယောက်မှ မပါပါ။စိမ်းဝတီကို ဖုန်းဆက်ပြောလိုက်တော့ စိမ်းက အနီးအနား မြို့ငယ်များမှာပါ စုံစမ်းပြီးမှ ပြန်လာဖို့ ပြောသည်။ ထိုစခန်းမှ ပြန်ထွက်လာပြီးနောက် နှစ်ယောက်သား အနီးဝန်းကျင်ရှိမြို့ငယ်လေးများတွင် စုံစမ်းရန်ကားဖြင့် ထွက်ခဲ့ကြသည်။ နယ်မြေ ရဲစခန်း ငါးခုကို မေးခဲ့ရာတွင် လူပျောက်တိုင်ထားသူ တစ်ယောက်သာ ရှိပြီး ကလေးငယ် တစ်ယောက်သာ ဖြစ်နေသည်။ ရပ်ကွက် ရုံးများမှာပါ လှည့်လည် မေးမြန်းခဲ့သော်လည်း သေဆုံးသူနှင့် အသက်အရွယ် ကိုက်ညီသူ တစ်ယောက်မှ မပါသည်နှင့် စိတ်ပျက် လက်ပျက် ပြန်ခဲ့ကြသည်။



စိမ်းဝတီသည် အခင်းဖြစ်ပွားရာ နေရာသို့ ကားနှင့် လာပစ်သည် ဆိုပါက ထိုနေရာသို့ မရောက်ခင် ဖြတ်လာရမည့် အနီးဆုံး Toll gate ရှိ CCTV ကင်မရာများကို သွားစစ်ဆေး လိုက်သေးသော်လည်း ဘယ်လိုလူကို target ထားပြီး ရှာရမှန်း မသိသည့်အတွက် ဘာမှ ထူးခြားမှု မရှိပါ။



အလောင်း၏ လက်ဗွေရာကို တစ်နိုင်ငံလုံးရှိ လူအများ၏ လက်ဗွေရာများ အပါအဝင် နိုင်ငံသားမှတ်ပုံတင်ပါ အချက်အလက်များ သိမ်းဆည်းထားသော Database နှင့် တိုက်ဆိုင်စစ်ဆေးရာတွင် အလောင်းတွေ့ရှိရာ နေရာနှင့် အနီးပတ်ဝန်းကျင် မြို့ရှိ လူများနှင့် အရင်ဦးဆုံး စစ်ဆေးကြည့်သော်လည်း တူသူ မရှိပါ။ စစ်ဆေးခြင်းကို စောင့်ကြည့်နေသော ရဲစွမ်းနိုင်က ထိုအကြောင်းကို စိမ်းဝတီကို ပြောတော့ စိမ်းဝတီက တစ်နိုင်ငံလုံးရှိ အမျိုးသမီးများနှင့် တိုက်ဆိုင် စစ်ဆေးကြည့်ရန် ပြောလိုက်သည်။ သေသူသည် အနီးပတ်ဝန်းကျင်က ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ ဘယ်မြို့က လာသည်ကို အတပ်မပြောနိုင်ပါ။ တစ်နိုင်ငံလုံး အချက်အလက်နှင့် တိုက်ဆိုင် စစ်ဆေးရန် အချိန်ကတော့ တော်တော်ကြာကြာ ယူလိမ့်မည်။ ထို နာရီပိုင်းများ အတွင်း ဘာမှ ထူးထူးခြားခြား လုပ်စရာ ရှိမည် မဟုတ်ပါ။

*****



(၂)

ရဲစွမ်းနိုင်သည် အထွေအထူး လုပ်စရာ မရှိသည်နှင့် အချက်အလက် တိုက်စစ်နေသော ကွန်ပျူတာ ရှေ့တွင် ထိုင်ပြီး ငိုက်နေရာမှ ထလိုက်ချိန်တွင် ကွန်ပျူတာပေါ်၌ အဖြေတစ်ခု တက်နေသည်ကို တွေ့လိုက်ရသည်။ ကြည့်လိုက်သောအခါ လက်ဗွေရာချင်း ၉၈.၇ ရာခိုင်နှုန်း ကိုက်ညီသူ ရှိသည် ဆိုသော အဖြေ ဖြစ်နေသည်။



စိမ်းဝတီနှင့် နွယ်နီနိုင်သည် ဦးခေါင်းမပါသော လူသတ်မှုကို ပြန်လည်သုံးသပ်ရင်း သဲလွန်စ တစ်ခုတစ်လေမှ မရှိသဖြင့် စိတ်ဓါတ်ကျနေစဉ် ရဲစွမ်းနိုင် လာခေါ်သဖြင့် လက်ဗွေရာ တူညီသူကို လိုက်လာကြည့်ကြသည်။ သေသူနှင့် လက်ဗွေ တိုက်ဆိုင် စစ်ဆေးခြင်း ၉၈ရာခိုင်နှုန်း တူညီသူမှာ ဒေါ်ခိုင်မြတ်စု၊ အသက် ၃၇ နှစ်၊ မန်နေဂျာချုပ်၊ KS Fashion မှ ဖြစ်နေသည်။စိမ်းဝတီသည် ချက်ချင်းပင် ရဲစွမ်းနိုင်ကို ခေါ်၍ KS Fashion ရှိရာသို့ ထွက်ခဲ့ကြသည်။



KS Fashion သို့ရောက်သောအခါ လက်ရှိ မန်နေဂျာချုပ် အဖြစ် တာဝန်ယူထားသူ ဒေါ်လှိုင်မြတ်စုက စိမ်းဝတီတို့ကို လက်ခံ စကားပြောသည်။

“ဟုတ်ကဲ့ ကျွန်မ ဘာများ အကူအညီ ပေးရမလဲ မသိဘူး”

သူမက ဖော်ဖော်ရွေရွေပင် ပြောသည်။ အသက်က ၃၇ ခန့်ရှိမည်။ ခေတ်မီသပ်ရပ်စွာ ဝတ်စားထားသော်လည်း ဖက်ရှင်ကုမ္ဗဏီမှ မန်နေဂျာချုပ် တစ်ယောက်အနေနှင့်တော့ ဝတ်ပုံစားပုံက အနည်းငယ် လိုနေသလိုပင်။ စိမ်းဝတီ ထင်ထားသလောက် ထည်ဝါမှု မရှိသလို ဖက်ရှင်ကျမှုလည်း မရှိပါ။ သာမန်ပင် ဖြစ်သည်။ ရုပ်ရည်က ဗိုလ်ဆန်ဆန် ချောသော်လည်း ဘာကြောင့်မှန်းမသိ၊ သူမ မျက်လုံးများကို စိမ်း သဘောမကျမိပါ။ စိမ်းကပင် ဦးဆောင်၍ သူမကို မေးခွန်းများ မေးလိုက်သည်။



“အစ်မ နာမည်က ဒေါ်လှိုင်မြတ်စုနော်၊ ဒေါ်ခိုင်မြတ်စုနဲ့ ဘာများတော်စပ်သလဲ မသိဘူး”

“ဟုတ်ကဲ့ ကျွန်မရဲ့ အမြွှာအစ်မပါ၊ သူက အခုတော့ လန်ဒန်မှာ နေနေတယ်”

“ဗျာ..၊ လန်ဒန်မှာ နေနေတယ် ဟုတ်လား၊ ဒါဆို သူက အခု မြန်မာနိုင်ငံမှာ မရှိတော့ဘူးလို့ ပြောတာလား”

“ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ ရှင်၊ သူက လန်ဒန်ကို အပြီးသွားနေတော့မယ် ဆိုပြီး သူ့ကုမ္ဗဏီကိုတောင် ကျွန်မကို လွှဲသွားခဲ့တာပါ”

“သူက ဘယ်တုန်းက သွားတာပါလဲ”

“၂၂ရက်နေ့က သွားတာပါ ဒီနေ့ ၂၇ ရက် ဆိုတော့ ၅ရက် လောက်တော့ ရှိပါပြီ”

“သူ သွားဖြစ်တာ သေချာရဲ့လား၊ ကျွန်တော်တို့ အခုလာတာက သေဆုံးသူကို အတည်ပြုဖို့ပါ၊ ဦးခေါင်းမပါတဲ့ အလောင်းတစ်လောင်း တွေ့ခဲ့ပါတယ်၊ လက်ဗွေရာကို စစ်ကြည့်တော့ ဒေါ်ခိုင်မြတ်စုနဲ့ ကိုက်ညီကြောင်း တွေ့ရလို့ လာပြောတာပါ”

“မဖြစ်နိုင်ပါဘူးရှင်၊ သူ တကယ်သွားတာပါ၊ သူသွားတဲ့ အချိန်မှာ ကျွန်မတော့ မရှိပါဘူး၊ သူက e-mail ပို့ပြီး ခေါ်ခဲ့လို့ ကျွန်မရောက်လာ ရတာပါ၊ အိမ်က အဒေါ်ကြီးနဲ့ ကောင်မလေးတွေတော့ ကောင်းကောင်းသိတာပဲလေ”

“ဟုတ်ကဲ့ပါ ဒေါ်ခိုင်မြတ်စု နိုင်ငံခြား သွားမသွား ဆိုတာတော့ လေဆိပ် အဝင်အထွက် မှတ်တမ်းကို စစ်ကြည့်ရင် ကျွန်တော်တို့ သိမှာပါ၊ ဒါနဲ့ ဒေါ်လှိုင်မြတ်စုက ဒေါ်ခိုင်မြတ်စု သွားပြီးမှ ဒီကို ရောက်လာတယ် ဆိုတော့ မန်နေဂျာချုပ် ရာထူးကို ဘယ်လို လွှဲသွားတာလဲ”

“မမက ဒီကုမ္ဗဏီမှာ ရှယ်ယာ အများဆုံးပိုင်တာလေ၊ ဘာဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် အရေးကြီးရင် ကြီးသလို အစည်းအဝေး မခေါ်ပဲ ချခွင့်ရှိတယ်တဲ့၊ ကျန်တဲ့ ဒါရိုက်တာတွေ၊ ရှယ်ယာဝင် လူကြီးတွေကိုလည်း e-mail ပို့ပြီး အကြောင်းကြားခဲ့ပါတယ်၊ ဘယ်သူကမှလည်း ကန့်ကွက်မယ့်လူ မရှိခဲ့ဘူးလို့ ပြောပါတယ်”

“ဒေါ်ခိုင်မြတ်စု က ဘာကြောင့် အလောတကြီး နိုင်ငံခြားကို ထွက်သွားတာလဲ ဆိုတာ သိပါသလား”

“အလောတကြီးရယ်တော့ မဟုတ်ပါဘူး၊ မမမှာ အစီအစဉ် ရှိပြီးသားပါ”

“အစီအစဉ် ရှိတယ်ဆို ဘာဖြစ်လို့ ကုမ္ဗဏီအစည်းအဝေး ကျင်းပပြီး ရာထူးလွှဲအပ်တာတွေ ဘာတွေ လုပ်မသွားတာလဲ”

“သူက တမင် အဲဒီလို မျက်နှာစုံညီ ပြောမထွက်လို့ပါတဲ့”

“အခုလို အပြီး သွားနေရတဲ့ အကြောင်းရင်းကိုရော ဒေါ်လှိုင်မြတ်စု သိပါသလား”

“သူ့ကိုယ်ရေးကိုယ်တာ ကိစ္စပါ၊ ရှင်တို့ကိုတော့ ပြောပြလိုက်ပါ့မယ်၊ သူ့ချစ်သူက ဘာသာခြားတစ်ယောက် ဖြစ်နေတယ်၊ မွတ်စလင်လေ၊ အဲဒီတော့ သူက လက်မထပ်နိုင်ဘူး ဖြစ်နေတယ်။ ဖြတ်လည်း မဖြတ်နိုင်ဘူးလေ၊ ဒီမှာ နေနေရင် ပိုပြီး မဖြတ်နိုင် ဖြစ်နေမှာ စိုးလို့နဲ့ တူပါတယ်၊ တစ်ခြားမှာပဲ နေဖို့ ဆုံးဖြတ်လိုက်တာပေါ့၊ သူက ဟိုကပဲ ဘွဲ့ရခဲ့တာလေ၊ သူ့အတွက် နေရေးထိုင်ရေး၊ အလုပ်အကိုင်ကလည်း ပူစရာ မရှိပါဘူး၊ အဆင်သင့်ပါပဲ၊ အဲဒါကြောင့် သွားတာပါ”



“အခု ဒေါ်လှိုင်မြတ်စုက ဘယ်မှာ နေတာပါလဲ”

“ကျွန်မ မမအိမ်မှာပဲ နေတာပါ”

“ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ဒေါ်လှိုင်မြတ်စုတို့ အိမ်ကို ခဏသွားပြီး အိမ်ကလူတွေကို နည်းနည်း မေးချင်ပါတယ်၊ ဖုန်းဆက်ပေးထားရင် ကောင်းမယ်ထင်တယ်”

“ဟုတ်ကဲ့ ကျွန်မ ဖုန်းဆက်ထားလိုက်ပါမယ်”



“ဒေါ်လှိုင်မြတ်စု အနေနဲ့အပန်းမကြီးဘူးဆိုရင် ဒေါ်ခိုင်မြတ်စု လို့ ထင်ရတဲ့ အလောင်းကို သွားပြီး အတည်ပြုပေးနိုင်မလား မသိဘူးနော်၊ ဟုတ်ရင်လည်း ဟုတ်တယ်၊ မဟုတ်ရင်လည်း မဟုတ်ဘူး ပေါ့နော်”



စိမ်းဝတီသည် အလောင်း စစ်ဆေးရန်အတွက် မှုခင်းနှင့် ပတ်သက်သော အလောင်းများကို သီးသန့်ထားသော ရေခဲတိုက်သို့ သွားရန်ပြောပြီး ဒေါက်တာဇလပ်ဖြူ ဆီသို့ ညွှန်ပေးလိုက်သည်။

*****



စိမ်းဝတီနှင့် ရဲစွမ်းနိုင် တို့သည် ဒေါ်လှိုင်မြတ်စု ပေးလိုက်သော လိပ်စာအတိုင်း သူ့အိမ်သို့ သွားခဲ့ကြသည်။ ခန့်ညားလှပသော အပြာရောင် နှစ်ထပ်တိုက်ကြီးက ကျယ်ဝန်းသော ခြံကြီးအလယ်တွင် ထီးထီးတည်ရှိနေသည်။ တိုက်ကြီးက ကြီးသလောက် အိမ်တွင် အိမ်ထောင်ထိန်း အဒေါ်ကြီး ဒေါ်သိန်းသိန်း၊ အိမ်အကူ နော်ဖော နှင့် ဝေဝေ တို့သာ ရှိသည်။ ဒေါ်ခိုင်မြတ်စုသည် အပျိုကြီး ဖြစ်သည်။ မိဘများမှာ လွန်ခဲ့သော သုံးနှစ်ကပင် ကားတိုက်မှု ဖြစ်၍ ဆုံးပါးသွားကြပြီ ဖြစ်ကြောင်း သိရသည်။ ဒေါ်သိန်းသိန်းမှာ မိဘများ လက်ထက်ကတည်းက ဆွေမျိုးလို နေလာခဲ့သူ ဖြစ်သည်။ သို့သော် ဒေါ်ခိုင်မြတ်စုသည် စကားနည်းသူ ဖြစ်ပြီး သီးသန့် နေတတ်သူ ဖြစ်သောကြောင့် အရမ်းကြီး ရင်းနှီးကျွမ်းဝင်ခြင်း မရှိဟု ဆိုသည်။



“ဒေါ်ခိုင်မြတ်စု နိုင်ငံခြား ထွက်သွားတဲ့ အချိန်မှာ ဒေါ်ကြီး ရှိနေတယ်ပေါ့နော်၊ အဲဒီတုန်းက သူ့ပုံစံက တစ်ခုခု ထူးခြားတာများ သတိထားမိသလား ဟင်”

“ပုံစံက ထူးခြားတာ မထူးခြားတာတော့ မသိပါဘူးကွယ်၊ ဆိုင်းမဆင့် ဗုံမဆင့် သွားမယ်ဆိုပြီး ထသွားလိုက်တာပဲ၊ သွားကာနီးလည်း ဘာတွေ ရှုပ်နေမှန်းမသိပါဘူး၊ မျက်နှာချင်းတောင် ကောင်းကောင်း မဆိုင်လိုက်ရပါဘူးကွယ်။ လှိုင်မြတ်စု လာနေမယ်လို့ ပြောသွားတယ်၊ ဒေါ်ကြီးကဖြင့် ခါတိုင်းလို ခဏသွားတယ်ပဲ ထင်တယ်၊ နောက်တော့မှ အပြီးသွားနေတာတဲ့ကွယ်”

“ဒီအိမ်နဲ့ခြံကို ဘယ်သူပိုင်တာလဲ ဒေါ်ကြီး”

“သူတို့ညီအစ်မရဲ့ ဘိုးဘွားပိုင်ပဲလေ၊ ဒါပေမယ့် ဒေါ်ကြီး ပြောသင့်လားတော့ မသိဘူး၊ လှိုင်မြတ်စုက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကတည်းက နိုင်ငံရေး လုပ်ပြီး အဖမ်းခံရမှာ စိုးတာနဲ့ ထွက်ပြေးနေခဲ့တာ၊ မိဘတွေကလည်း အဲဒါတွေ လုပ်လို့ အမွေပြတ်စွန့်ခဲ့တယ်၊ သူတို့ မိဘတွေ မဆုံးပါးခင်ကတည်းက ခိုင်မြတ်စုကိုပဲ တိုက်ရော ခြံရော အမွေတွေ အားလုံးလွဲထားတယ်။ လှိုင်မြတ်စုကတော့ တက္ကသိုလ် စတက်တဲ့ နှစ်မှာပဲ အိမ်က ဆင်းသွားပြီး ခုမှ ပြန်ရောက်လာတာပဲ၊ ခိုင်မြတ်စုက သူ့ကို လွှဲသွားတယ် ဆိုတော့ သူတို့ချင်း အရင်ကတည်းက အဆက်အသွယ် ရှိကြသလားတော့ မသိဘူးပေါ့လေ”

“ဒေါ်ခိုင်မြတ်စု သွားပြီး ဘယ်နှရက်လောက်ကြာမှ ဒေါ်လှိုင်မြတ်စု ရောက်လာတာလဲ”

“၂ ရက်ပါ”

“ဘယ်ကနေ လာတယ်လို့ ပြောသလဲဟင်”

“ထိုင်းနိုင်ငံကနေ လေယာဉ်နဲ့ လာတယ်လို့ ပြောတာပဲ သူ့အစ်မဆီက internet ကပို့တဲ့စာ ရရခြင်း လာတာပဲတဲ့”

“သူတို့ ညီအစ်မက အမြွှာနော်၊ ဒေါ်ကြီးတို့ ဘာနဲ့ ခွဲကြသလဲ”

“လှိုင်မြတ်စု ရဲ့ ကျောပေါ်မှာ အမှတ်တစ်ခု ရှိတယ်လေ၊ ငယ်ငယ်ကတော့ ဝတ်ပုံစားပုံက မတူဘူး၊ ခိုင်က မိန်းကလေးဆန်တယ်၊ လှိုင်က ယောက်ျားလေးလို ဝတ်လေ့ရှိတယ်၊ အဲဒီတော့ ခွဲရလွယ်တယ်လေ၊ သူတို့က ဘယ်တော့မှ ဆင်တူ မဝတ်ဘူး”

“အဲဒီတော့ ပုံမှန်ဆိုရင်တော့ ခွဲဖို့ မလွယ်ဘူးပေါ့နော်”

“အင်း ဟုတ်တယ်”

“ကျေးဇူးပါပဲ ဒေါ်ကြီး နောက်သိချင်တာ ရှိမှ လာမေးပါဦးမယ်”



ထို့နောက် အိမ်မှ ကောင်မလေး နှစ်ယောက်ကို မေးမြန်းကြည့်သောအခါမှာလည်း ထူးထူးခြားခြား ဘာမှ ပိုမသိရပါ။ စိမ်းတို့ ပြန်သောအခါ အဒေါ်ကြီးက ခြံထဲအထိ လိုက်ပို့သည်။ ခြံထဲမှ အလှစိုက်ပန်းပင်လေးများက ညှိုးနေသည်။

“ဒေါ်ကြီးတို့ မာလီက အပင်တွေ ရေမလောင်းဘူးထင်တယ်၊ နေရှိန်ပြင်းတော့ ညှိုးတောင်နေပြီ”

ရဲစွမ်းနိုင်က အမှတ်တမဲ့ ပြောလိုက်သည်။

“ဟုတ်တယ် ဦးအေး ရှိတုန်းကဆို အပင်တွေကို သိပ်ဂရုစိုက်တာ၊ အခု အသစ်ခန့်ထားတဲ့ လူကတော့ ခြံစောင့်ရုံလောက်ပဲ ရတယ်ကွယ်”

“အရင်လူက ဘာဖြစ်လို့ ထွက်သွားတာလဲ ဒေါ်ကြီးရဲ့”

“မသိပါဘူး၊ အဲဒါလည်း ထူးဆန်းတာပဲ၊ သူလည်း ဒီမှာ မိသားစု လိုပဲ နေလာတာ ကြာပြီကို၊ ရုတ်တရက် သမီးဆီ ပြန်နေတော့မယ် ဆိုပြီး ပြန်သွားတာ၊ မခိုင် မသွားခင်လေးပါပဲ၊ ဒေါ်ကြီးတို့တောင် နှုတ်မဆက်သွားဘူး၊ မခိုင် ပြောမှပဲ သိရတယ်”

“သြော်”

“ဘာတွေ ဖြစ်နေမှန်းကို မသိပါဘူးကွယ်၊ ခြံစောင့်အပြင် မခိုင်ရဲ့ဒရိုင်ဘာကလည်း မခိုင်မရှိတော့ရင် အလုပ်မလုပ်တော့ဘူး ဆိုပြီး ထွက်သွားလို့ မလှိုင်က နောက်အသစ်တစ်ယောက် ထပ်ခန့်ထားရတာ”

“သြော်၊ ဒါနဲ့ ဒေါ်ခိုင်မြတ်စုကို လေဆိပ် လိုက်ပို့တာက ဘယ်သူ..”

“လူဟောင်းလေ၊ သူလိုက်ပို့ခဲ့တာ၊ အထဲကို ဝင်သွားတာ ကြည့်ပြီးမှ ပြန်ခဲ့တာလို့ ပြောတယ်၊ သူလည်း မခိုင်သွားလို့ တော်တော် စိတ်မကောင်း ဖြစ်နေတာ၊ သူ့သားက လာနေပါလို့ ခေါ်နေတာကိုတောင် မခိုင်ကို တစ်ခြား ဒရိုင်ဘာနဲ့ စိတ်မချဘူး ဆိုပြီး မောင်းပေးနေတာလေ၊ မခိုင် မရှိတော့ အလုပ်ထွက်သွားတာပေါ့”

“သြော် ဟုတ်ကဲ့၊ ခုလို ပြောပြပါ ကျေးဇူးပဲ ဒေါ်ကြီး”



ဒေါ်ခိုင်မြတ်စု၊ ဒေါ်လှိုင်မြတ်စု တို့ အိမ်မှ စိမ်းဝတီ နှင့် ရဲစွမ်းနိုင်တို့ ပြန်လာခဲ့ကြသည်။ နိုင်ငံခြားသို့ အပြီးထွက်သွားသော အမျိုးသမီးတစ်ယောက်၏ လက်ဗွေရာက သေဆုံးသူ၏ လက်ဗွေရာနှင့် တူနေခြင်းသည် ဘယ်လို အကြောင်းကြောင့်ပါနည်း။ တစ်ခုခုတော့ မှားနေပြီ ထင်သည်။ ဒေါ်ခိုင်မြတ်စုသည် နိုင်ငံခြားသို့ ထွက်မသွားခင် အသတ်ခံခဲ့ရခြင်းလား။ တကယ်ပဲ လန်ဒန်မြို့သို့ ထွက်ခွာသွားခဲ့သလား ဆိုသည်ကို သေချာအောင် အရင် လုပ်ရမည် ဖြစ်လေသည်။

*****

(၃)

စိမ်းဝတီနှင့် စွမ်းနိုင်သည် လေဆိပ်အဝင်အထွက် မှတ်တမ်းကို စစ်ဆေးရန် လေဆိပ်သို့ ကိုယ်တိုင်ပဲ သွားလိုက်ကြသည်။ ဒေါ်ခိုင်မြတ်စုသည် ထိုနေ့တွင် အမှန်တကယ်ပဲ ပြည်ပသို့ ထွက်ခွာသွားခဲ့ပါသည်။ သူမကို ပတ်စ်ပို့နှင့် တိုက်ဆိုင်စစ်ဆေးခဲ့သော ဝန်ထမ်းကိုယ်တိုင်က မှတ်မိသိရှိနေခဲ့သည်။ ဒေါ်ခိုင်မြတ်စုသည် ထိုင်း၊ စင်ကာပူ၊ ဂျပန် စသည့် နိုင်ငံများသို့ မကြာခဏ ဆိုသလို သွားနေကျ ဖြစ်နေသောကြောင့်ပင်။ ထိုနေ့က ဒေါ်ခိုင်မြတ်စု လိုက်ပါသွားသော ရန်ကုန်-ဘန်ကောက် လေယာဉ်ကို စစ်ဆေးကြည့်သော အခါ၌လည်း ထိုလေယာဉ်ပေါ်တွင် ဒေါ်ခိုင်မြတ်စု၏ ခုံနံပါတ်သည် အလွတ်ဖြစ်မနေပါ။ လိုက်ပါသွားသည်မှာ သေချာသည်။ ဒေါ်ခိုင်မြတ်စုသည် လန်ဒန်သို့ သွားသည် ဆိုသော်လည်း လန်ဒန်အထိ လက်မှတ်ကို မပြခဲ့ပါ။ ရန်ကုန်-ဘန်ကောက် လက်မှတ်ကိုသာ ပြခဲ့ပါသည်။ သတ်သတ်စီ ဝယ်ထားခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လန်ဒန် ရောက်သည် မရောက်သည်မှာ မသေချာသော်လည်း ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်ကတော့ သေချာနေသည်။



“ဘယ်လိုလဲ စွမ်းရေ၊ မင်းရဲ့ Fingerprint Program များ မှားနေသလား၊ ဒေါ်ခိုင်မြတ်စု ဆိုတဲ့ အမျိုးသမီးကတော့ သေဆုံးသူ မဟုတ်နိုင်ဘူးနဲ့ တူတယ်နော်”

“ဟာ ဘယ်နှယ့် စိမ်းရာ၊ အဲဒီ Program က ဘယ်တုန်းကမှ မမှားဖူးဘူး၊ ၉၈.၇  ရာခိုင်နှုန်းတောင် မှန်တဲ့လူက မသေချာပဲ နေပါ့မလား၊ တစ်ခုခုတော့ လွဲနေတယ်၊ ဒေါ်ခိုင်မြတ်စုက ထွက်သွားပြီးမှ ပြန်ဝင်လာတာများလား”

“အင်း၊ ဟုတ်တယ် ငါတို့ မေ့တော့မလို့၊ အထွက်စာရင်းပဲ စစ်ရသေးတာ၊ အဝင် မစစ်ရသေးရသေးဘူး၊ နောက်တစ်ရက်ကစပြီး အဝင်စာရင်း သွားပြန်စစ်ရအောင်”

“ဟုတ်”



သို့သော် ဒေါ်ခိုင်မြတ်စုသည် ထွက်ခွာပြီးကတည်းက ပြန်ဝင်မလာခဲ့ပါ။ သေချာသည်ကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်ဝင်မလာခဲ့ပါ။ ၂၄ရက်နေ့ အဝင်စာရင်းတွင် ဒေါ်လှိုင်မြတ်စုကို တွေ့ရသည်။ ထိုင်းနိုင်ငံမှ လာခြင်း ဖြစ်သည်။ ၂၂ရက်နေ့တွင် ဒေါ်ခိုင်မြတ်စုက ထွက်ခွာသွားပြီး ၂၄ရက်နေ့တွင် ဒေါ်လှိုင်မြတ်စု ဝင်ရောက်လာသည်။ ဒေါ်လှိုင်မြတ်စု သည်လည်း မြန်မာနိုင်ငံသား ပတ်စ်ပို့ကိုပင် ကိုင်ဆောင်သူ ဖြစ်သည်။



အကြောင်းမထူးသည်နှင့် နှစ်ယောက်သား ဌာနသို့ ပြန်လာခဲ့ကြသည်။ ဌာနကို ရောက်တော့ နွယ်နီနိုင်နှင့် ထက်အာကာလည်း ရှိနေသည်။ လူသတ်မှုနှင့် ပတ်သက်ပြီး ရရှိထားသော အချက်အလက်များကို ပြန်လည် သုံးသပ် ကြည့်ကြသည်။ လူသတ်တရားခံ နှင့် ပတ်သက်ပြီး သဲလွန်စကတော့ တစ်စုံတစ်ရာမှ ရှိမနေပါ။

“အဲတော့ ဒေါ်ခိုင်မြတ်စုကိုလည်း သေသူလို့ အတည်ပြုလို့ မရဘူးပေါ့”

ထက်အာကာက မေးသည်။

“နေဦး အဲလို ပြောဖို့က အရေးကြီးတာ တစ်ခု ရှိသေးတယ်၊ ဒေါ်လှိုင်မြတ်စုကို အတည်ပြုခိုင်းထားတာ ရှိသေးတယ်၊ မဖြူ ဆီလွှတ်လိုက်တယ်၊ သူ ပြပေးလိုက်လိမ့်မယ်၊ ဖုန်းဆက်လိုက်ဦးမယ်”



စိမ်းဝတီက ပြောပြောဆိုဆို ဒေါက်တာဇလပ်ဖြူဆီသို့ ဖုန်းဆက်လိုက်သည်။

“မဖြူ ခုနက သေသူရဲ့ ညီမလို့ ထင်ရတဲ့သူကို လွှတ်လိုက်တယ်၊ လာသလား ဟင်”

“အင်း လာသွားတယ်၊ ကိုယ်လုံးကို ကြည့်ရတာတော့ သူ့အမြွှာအစ်မ လုံးဝ မဟုတ်ပါဘူးလို့ အခိုင်အမာ ငြင်းသွားတယ်”

“သြော် အဲလိုလား၊ ကျေးဇူးပဲ မဖြူ”



“ခုတော့ မဟုတ်ဘူးဆိုတာ သေချာသွားပြီပေါ့”

ရဲစွမ်းနိုင်က ပြောလိုက်သည်။

“နေဦး စွမ်း၊ ဒေါ်လှိုင်မြတ်စုက အမြွှာညီမအရင်း ဆိုပေမယ့် အဝေးကြီးမှာနေတာ၊ အဆက်အသွယ်ရှိတယ် ဆိုပေမယ့် အတူတူနေတဲ့သူမှ မဟုတ်တာ၊ သူက ဟုတ်တယ် မဟုတ်ဖူး ပြောတာကို ယုံလို့ ရပါ့မလား၊ အိမ်မှာ အတူနေတဲ့ အဒေါ်ကြီးကို ကြည့်ခိုင်းသင့်တာ မဟုတ်လား”

“ဟုတ်တာပေါ့ စိမ်း၊ အဒေါ်ကြီးကမှ ပိုသိမယ် ထင်တယ်၊ ပြီးရင် ကျွန်တော်ပဲ သွားခေါ်ပြီး လိုက်ပို့လိုက်မယ်လေ”

စွမ်းနိုင်က ထောက်ခံသည်။

“အင်း ကောင်းတယ်၊ လူကြီး ဆိုတော့ သွားတတ်မှာ မဟုတ်ဘူး”



“ပြီးတော့ နိုင်ငံခြား အပြီးထွက်သွားရတဲ့ အကြောင်းရင်းက ခိုင်လုံရဲ့လား ဆိုတာလည်း သိဖို့ လိုသေးတယ်”

“ဟုတ်တယ် စိမ်း၊ ဒေါ်လှိုင်မြတ်စု ပြောလိုက်တဲ့ ဒေါ်ခိုင်မြတ်စုရဲ့ ချစ်သူ ဆိုတဲ့လူကိုလည်း မေးဖို့ လိုမယ် ထင်တယ်”

နွယ်နီက ပြောသည်။

“ဟုတ်တယ်၊ အဲဒီလူနဲ့ ပတ်သက်ပြီး နွယ်နီနဲ့ ထက် နဲ့ပဲ သွားစုံစမ်းလိုက်ပါ၊ ငါက ဒေါ်လှိုင်မြတ်စု အကြောင်း နည်းနည်း စုံစမ်းလိုက်ဦးမယ်”

*****



စိမ်းဝတီသည် တစ်ဖက်နိုင်ငံ နယ်စပ်တွင် ရောက်ရှိနေသော နေထွဋ်နှင့် နယ်ခံ အဆက်အသွယ် တစ်ယောက်ကို ဆက်သွယ်၍ ဒေါ်လှိုင်စုမြတ်အကြောင်း စုံစမ်းပေးရန် မေတ္တာရပ်ခံလိုက်သည်။ နယ်စပ်ဂိတ် အဝင်အထွက် များကိုပါ စစ်ဆေးပေးရန် ပြောလိုက်သည်။ ဘာကြောင့်မှန်းမသိ၊ အထောက်အထားလည်း မရှိသော်လည်း စိမ်းဝတီ စိတ်ထဲတွင် ဒေါ်လှိုင်စုမြတ်ကို သင်္ကာမကင်း ဖြစ်နေမိသည်။



စိမ်းဝတီသည် အထူးတလည် လုပ်စရာ မရှိသည်နှင့် ကွန်ပျူတာရှေ့တွင် ထိုင်ပြီး ဒေါ်ခိုင်မြတ်စု၊ ဒေါ်လှိုင်မြတ်စုတို့နှင့် ပတ်သက်သည်များကို ရှာကြည့်လိုက်သည်။ ဒေါ်ခိုင်မြတ်စု ၏ KS Fashion ကုမ္ဗဏီသည် အာရှအထိပင် ပျံနှံစ ပြုပြီး နာမည်ကောင်း ရနေသော brand တစ်ခု ဖြစ်သည်။ ဒေါ်ခိုင်မြတ်စုသည် London မှ ဒီဇိုင်းပညာ ဒီပလိုမာဘွဲ့ ရရှိထားသူ ဖြစ်သည်။ သူကိုယ်တိုင်လည်း ဒီဇိုင်းရေးဆွဲလေ့ ရှိသည်။ ယခုအချိန်အထိ ချစ်သူရည်စား မထားပဲ တစ်ကိုယ်တည်း နေလာခဲ့သူ ဖြစ်သည်။ သူမသည် ကျန်းမာရေး လိုက်စားသူလည်း ဖြစ်သည်။ အိမ်တွင် လမ်းလျှောက်စက်ဖြင့် နေ့စဉ် လျှောက်လေ့ ရှိပြီး လေ့ကျင့်ခန်း ပုံမှန် လုပ်လေ့ရှိကြောင်း မေးမြန်းခန်း တစ်ခုတွင် ဖော်ပြထားသည်။



ဒေါ်လှိုင်မြတ်နွယ်နှင့် ပတ်သက်၍တော့ အင်တာနက်ပေါ်တွင် ဘာမှ မရှိ။ သူမ၏ ခပ်ဝေးဝေးမှ ဓါတ်ပုံကို ဖော်ပြထားသော Facebook page တစ်ခု ရှိသည်။ သူမသည် ထိုင်းနိုင်ငံ တက္ကသိုလ်တစ်ခုမှ နိုင်ငံရေးသိပ္ဗံ အဓိကဖြင့် မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။ သူမ၏ စာမျက်နှာတွင် နိုင်ငံရေးနှင့် ပတ်သက်သော သတင်းများကို အများဆုံး တင်ထားသည်။ သူမသည် အိမ်မှ ဆင်းသွားကတည်းက နယ်စပ်ရှိ စခန်းတစ်ခုတွင် နေထိုင်ခဲ့ပုံရသည်။ သူမတွင် အတူနေ ချစ်သူ ရှိသည်။



ခဏကြာတော့ ရဲစွမ်းနိုင် ပြန်ရောက်လာသည်။

“အဒေါ်ကြီးက ဘာပြောလဲ”

စိမ်းက အလောတကြီး မေးလိုက်သည်။ စိမ်း စိတ်ထဲတွင် သေသူသည် ဒေါ်ခိုင်မြတ်စု ဖြစ်ရမည်ဟု ထင်နေသည်။

“အလောင်းက ရေခဲထားပြီးမှ ပြန်ပွနေတာဆိုတော့ အဒေါ်ကြီးက သေချာတော့ မပြောနိုင်ပေမယ့် ဒေါ်ခိုင်မြတ်စု ဖြစ်နိုင်တယ် လို့ ပြောတယ်၊ ပုံသဏ္ဍန်အချိုးအစားကလည်း တူတယ်တဲ့၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက ချော်လဲလို့ ခိုက်မိထားတဲ့ ဒဏ်ရာက အမာရွတ်ကိုလည်း ဘယ်ဘက် ဒူးမှာ တွေ့တယ် လို့ ပြောတယ်”

“ဟင် ဟုတ်လား၊ ဒါဆိုရင်တော့ သေချာပါတယ်၊ သေသူက ဒေါ်ခိုင်မြတ်စုပါ”

“သေသူက ဒေါ်ခိုင်မြတ်စု ဆိုရင် နိုင်ငံခြားကို ထွက်သွားတာက ဘယ်သူလဲ၊ သူနိုင်ငံခြား ထွက်တဲ့ အချိန်မှာ တကယ်တော့ သေပြီးနေပြီ မဟုတ်လား”

စွမ်းနိုင်က ပြောသည်။ စိမ်းက

“ဟုတ်တယ်လေ၊ နိုင်ငံခြားကို ထွက်သွားတာက ဒေါ်လှိုင်မြတ်စုလည်း ဖြစ်နိုင်တာပဲ၊ သူတို့နှစ်ယောက်က အမြွှာပဲ ပုံစံပြောင်းလိုက်ရင် ရပြီပဲဟာ..”



စိမ်းတို့နှစ်ယောက် ပြောဆိုဆွေးနွေး နေဆဲမှာပင် နွယ်နီနိုင်နှင့် ထက်အာကာတို့ ပြန်လာကြသည်။

“ဒေါ်ခိုင်စုမြတ်နဲ့ ချစ်နေကြတယ် ဆိုပြီး ရင်းနှီးတဲ့လူတွေ သိနေကြတာက MM Mart ပိုင်ရှင် ဦးမြင့်မြတ်တိုးပါ၊ သူနဲ့ကျွန်တော်တို့ သွားတွေ့ခဲ့တယ်”

“ဒေါ်ခိုင်မြတ်စုနဲ့ ပတ်သက်ပြီး ဘာတွေ ပြောသေးလဲ”

“သူတို့နှစ်ယောက် ခင်မင်ခဲ့ကြတာ သုံးနှစ်လောက် ရှိပြီတဲ့၊ သူက ဒေါ်ခိုင်မြတ်စုကို လက်ထပ်ခွင့် တောင်းခဲ့ဖူးပေမယ့် ဒေါ်ခိုင်မြတ်စုက ပြတ်ပြတ်သားသား ငြင်းခဲ့တယ်တဲ့၊ အဲဒီနောက် သူတို့နှစ်ယောက်က မိတ်ဆွေရင်းတွေလိုပဲ ဆက်ပြီး ခင်ခဲ့ကြတာ ကြာပြီတဲ့။ နှစ်ယောက်လုံး ခုထက်ထိ လက်မထပ်သေးပဲ ဖြူဖြူစင်စင် ဆက်ခင်နေတာပါတဲ့၊ အခု လောလောဆယ်မှာလည်း ဘာပြဿနာမှ မရှိပါဘူးတဲ့၊ နိုင်ငံခြား သွားမယ့်အကြောင်းလည်း သူ့ကို ဘာမှ ကြိုမပြောပဲ sms message တစ်စောင်ပဲ ပို့ခဲ့တာတဲ့၊ သူက message တွေ ထပ်ပို့ပေမယ့် တစ်စောင်မှ မပြန်တော့ဘူးတဲ့၊ သွားတုန်းကလည်း သေချာမသိလို့ လိုက်မပို့လိုက်ရဘူးတဲ့၊ သူက e-mail တွေ ပို့ထားပေမယ့်လည်း မပြန်ဘူးတဲ့၊ သူလည်း တော်တော်ကို အံ့သြနေတယ် လို့ ပြောပါတယ်”

“အင်း၊ ဘယ် စာပြန်တော့မလဲ၊ အဲဒီ mail တွေ ပို့တဲ့အချိန်မှာ ဒေါ်ခိုင်မြတ်စုက သေနေပြီလေ”

စိမ်းက ပြောလိုက်သည်။



အခြေအနေများအရ သေသူသည် ဒေါ်ခိုင်မြတ်စု ဖြစ်နိုင်ကြောင်း သုံးသပ်ပြလိုက်သည်။ အိမ်တွင် အတူနေအဒေါ်ကြီးက သေသူ၏ အမာရွတ်ကို မှတ်မိပုံ၊ ကိုယ်ခန္ဓာ အချိုးအစား တူတယ်ပြောပုံကိုပါ ပြောပြလိုက်သည်။ ထို့ပြင် ဒေါ်ခိုင်မြတ်စုတို့ အိမ်က ခြံစောင့်နှင့် ကားမောင်းသမား ထွက်သွားသည်ကိုပါ သတိရပြီး ပြောမိသည်။



“ဒီလို မဖြစ်နိုင်ဘူးလား၊ ဒေါ်လှိုင်မြတ်စုက သူပြောတဲ့ အချိန်မတိုင်ခင်ကတည်းက ရောက်လာခဲ့ပြီး သူ့အစ်မကို သတ်ခဲ့တယ်၊ ဘယ်မှ ပစ်ဖို့ အခွင့်အရေး မရသေးတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားတယ်၊ နောက်တော့ သူ့အစ်မ အနေနဲ့ လေဆိပ်ကနေ ထွက်သွားတယ်၊ နောက် ၂ရက်ကြာမှ သူကိုယ်တိုင်အနေနဲ့ အတည်အလင်း ပြန်ဝင်လာတယ်”



“စိမ်း စိတ်ကူးယဉ် လွန်းနေပြီ မဟုတ်လား၊ ညီအစ်မ အရင်းကြီးကို သတ်ပစ်တယ် ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်တယ်၊ နောက်ပြီး သူ့အစ်မ အနေနဲ့ ထွက်တာတို့ ပြန်ဝင်လာတာ တို့က စိတ်ကူးယဉ် ဆန်လွန်းတယ်၊ သက်သေလည်း မရှိဘူး မဟုတ်လား”

နွယ်နီနိုင်ကပြောသည်။



“အင်း”

စိမ်းက သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“သက်သေတော့ မရှိဘူးပေါ့၊ ငါတော့ အဲလိုပဲ ထင်နေတယ်၊ ရှာရမှာပေါ့.. သက်သေကို”

“ငါက ဒေါ်ခိုင်မြတ်စုတို့ အိမ်က အလုပ်ထွက်သွားတယ် ဆိုတဲ့ ခြံစောင့်ကို တွေ့အောင်ရှာပြီး ဘာဖြစ်လို့ ထွက်သလဲ ဆိုတာ နည်းနည်း မေးကြည့်မယ်၊ ထက်က ဒရိုင်ဘာကို တွေ့အောင် ရှာပြီးမေး၊ လေဆိပ်သွားတဲ့ နေ့က ဘာတွေ ထူးခြားလဲ ဆိုတာ၊ နွယ်နီနဲ့ စွမ်းက ဒေါ်ခိုင်မြတ်စု အသတ်ခံရတဲ့ ရက်ပိုင်းလောက်က သူတို့အိမ်နဲ့ အနီးတဝိုက် မီးပွိုင့်တွေက CCTV တွေကို အကုန်စစ်ကြည့်ပါ၊ ပြီးတော့ နယ်စပ်ဂိတ်တွေက အဝင်အထွက်ကို မေးထားတာ ဖက်စ် ထိုးရင် သေချာ ယူထားလိုက်ဦးနော်၊ ဌာနက mail ထဲကို ပို့ချင်လည်း ပို့လိမ့်မယ် စစ်ထားလိုက်ပေါ့”



ရဲစွမ်းနိုင်က စိမ်းနှင့် အမြင်တူသည်။ လက်ဗွေ စစ်ချက်ကို ယုံကြည်ပြီး သေသူသည် ဒေါ်ခိုင်မြတ်စု ဖြစ်ရမည်ဟု သူက ယုံသည်။ ဒေါ်လှိုင်မြတ်စုကိုလည်း သင်္ကာမကင်း ရှိသည်။ နွယ်နီနိုင်နှင့် ထက်အာကာကတော့ ဘာမှ ရေရေရာရာ မဝေခွဲနိုင်။ ညီအစ်မချင်း သတ်တာတော့ မဖြစ်နိုင်ဟု သူတို့က ယုံကြည်နေသည်။

*****

(၄)

စိမ်းသည် ဒေါ်ခိုင်မြတ်စုတို့အိမ်မှ အလုပ်ထွက်သွားခဲ့သော ခြံစောင့်ကြီး ဦးမြအေးကို ရှာတွေ့ခဲ့သည်။ အသက် ၅၅နှစ်ခန့်၊ သန်သန်မာမာနှင့် ရိုးသားပုံပေါက်သည်။ သမီးဖြစ်သူ မိသားစုနှင့် အတူတူ နေနေသည်။ ပထမတော့ သူက ဘာမှမပြောပါ။ ဘာအကြောင်းကြောင့် အလုပ်ထွက်ခဲ့သလဲ ဟု မေးသောအခါ သူ့သမီးက လာနေဖို့ ခေါ်သောကြောင့် အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟုသာ ပြောသည်။ ဒေါ်ခိုင်မြတ်စု အသတ်ခံရကြောင်း၊ အလုပ်မထွက်ခင်အချိန်က ထူးခြားမှုတစ်ခုခု ရှိခဲ့လျှင်ပြောပြဖို့ ပြောသောအခါမှ သူက သူ့ကို ဒေါ်ခိုင်မြတ်စုက လျှော်ကြေး ပိုက်ဆံပြီး အလုပ်ထွက်ခိုင်းခဲ့ကြောင်း ပြောပြတော့သည်။



“အဲဒီနေ့က မနက်စောစောစီးစီး ဧည့်သည်တစ်ယောက် ရောက်လာပါတယ်။ ကျုပ်က ထုံးစံအတိုင်း မေးတာကိုပဲ သူက မကြိုက်သလိုလိုနဲ့၊ နောက်တော့မှ အဲဒီ ဧည့်သည်က ကျုပ်တို့ မမလေး ခိုင်မြတ်စုရဲ့ ညီမမှန်း သိသွားလို့ ဖွင့်ပေးလိုက်တယ်လေ၊ အဲဒီနေ့က မမလေးက ကုမ္ဗဏီလည်း မသွားဘူး၊ နေ့လည်လောက်ကျတော့ ကျူပ်ကို အလုပ်ထွက်တော့လို့ ပြောတယ်၊ သူ့ညီမကို ကျုပ်က ချက်ချင်း ဝင်ခွင့်မပေးတာကိုများ စိတ်ခုသွားသလား မသိပါဘူး။ ကျုပ်လည်း ဘယ်သိပါ့မလဲ၊ သူ့ညီမက ကျုပ်အလုပ်ဝင်ကတည်းက အဲဒီအိမ်မှာ ရှိမှ မရှိတာကို၊ ပိုက်ဆံတော့ သုံးလစာ မက အများကြီးပေးလိုက်ပါတယ်၊ ကျုပ်ကို ဘယ်တော့မှ အဲဒီခြံနား မလာနဲ့လို့ ပြောလိုက်တယ်၊ နောက်တစ်နေ့ မနက်ပဲ ထွက်လာခဲ့ပါတယ်။ ကျုပ်ကို ထုတ်လိုက်တယ်လို့လည်း ဘယ်သူ့ကိုမှ မပြောပါနဲ့တဲ့။ ကျုပ်စိုက်ထားတဲ့ ပန်းပင်လေးတွေတော့ ထားခဲ့ရမှာ နှမြောသား၊ ဒါပေမယ့် ဘယ်တတ်နိုင်မလဲဗျာ၊ အိမ်ရှင်က မနေစေချင်မှတော့ ထွက်ခဲ့ရတာပေါ့”



“ဦးလေးကို အလုပ်ထွက်ဖို့ ပြောတာ ဒေါ်ခိုင်မြတ်စုလား၊ ဒေါ်လှိုင်မြတ်စုလား”

“ခိုင်မြတ်စု ပဲ ထင်တာပါပဲ၊ အဲလိုပဲ အိမ်နေရင်း ဝမ်းဆက်ကလေး ဝတ်ထားတာပဲ၊ ဦးလေးကို အလုပ်ထွက်ဖို့ ပိုင်ပိုင်နိုင်နိုင်ပြောတာ ခိုင်မြတ်စု မဟုတ်ရင် ဘယ်သူ ဖြစ်မလဲ၊ အသံက နည်းနည်းတော့မာတယ်၊ အရင်က တစ်ခါမှတော့ အဲလို မပြောဖူးဘူး”

“ဟုတ်ကဲ့ပါ ဦးလေး၊ တကယ်လို့ လိုအပ်လာရင် အဲဒီနေ့က ဒေါ်ခိုင်မြတ်စုရဲ့ ညီမ ဒေါ်လှိုင်မြတ်စု လာတယ် ဆိုတာကိုတော့ ဦးလေး ပြောပြပေးနိုင်တယ် မဟုတ်လား”

“ပြောနိုင်ပါတယ်၊ ဦးလေးက မသိလို့ မေးမြန်းပြီး စောင့်ခိုင်းမိတာ အားနာနေတာ၊ တကယ်တော့ သူလည်း ဒီအိမ်က အိမ်ရှင်ပဲလေ၊ သူ့ကို အဲလို လုပ်တော့ စိတ်ဆိုးသွားတယ် ထင်တယ်ကွယ်”



စိမ်းသည် ဦးမြအေးထံမှ အပြန်တွင် ညနေစောင်းနေလေပြီ။ ဦးမြအေး အိမ်ကို သိအောင် ရှာရသည်မှာ တနေကုန်ခဲ့သည်။ ဒေါ်လှိုင်မြတ်စုကို မေးချင်သည်များ ပေါ်လာသဖြင့် သူမကို ဖုန်းဆက်လိုက်တော့ ကုမ္ဗဏီမှာ မရှိတော့ပဲ အိမ်ပြန်ရောက်ပြီ ဆိုသဖြင့် အိမ်ကို လိုက်သွားလိုက်သည်။



“ဒေါ်လှိုင်မြတ်စု ဒီအိမ်ကို ဘယ်နေ့က ရောက်လာတာလဲ၊ ဒေါ်ခိုင်မြတ်စု နိုင်ငံခြားသွားပြီးမှ ရောက်လာတာလား၊ မသွားခင်က ရောက်လာတာလား ဆိုတာ သေချာအောင် ပြန်မေးကြည့်ချင်လို့ပါ”

စိမ်းက ပြောလိုက်သည်။

“မမ နိုင်ငံခြား သွားပြီးမှ ရောက်လာတာပါ၊ ၂၄ ရက်နေ့ပါ၊ မမက ကျွန်မ ရောက်လာအောင်ကို မစောင့်ပဲ ၂၂ ရက်နေ့ကတည်းက သွားခဲ့တာပါ”

“ဟုတ်ကဲ့ပါ”

စိမ်းက ယုံချင်ယောင် ဆောင်လိုက်သော်လည်း သူမ ညာနေတာကိုတော့ သေချာ သိသွားပြီ ဖြစ်သည်။ ခြံစောင့် ဦးမြအေးက သူမသည် ၂၀ ရက်နေ့ မနက်စောစော ရောက်လာကြောင်း သေချာ ပြောခဲ့ပြီးပြီ မဟုတ်ပါလား။



“သေသွားတဲ့ အလောင်းက မမ မဟုတ်တာ သေချာပါတယ်၊ မမ နိုင်ငံခြားမှာ ကောင်းကောင်းမွန်မွန်ရှိနေပါတယ်၊ မနေ့ညကပဲ ကျွန်မဆီ စာ (mail) ပို့ထားပါသေးတယ်”

“အဲဒီ mail လေး ကြည့်လို့ ရမလား မသိဘူးနော်”

“ရပါတယ် ခဏနော်”

ဒေါ်လှိုင်မြတ်စုက သူ့ ipad ကလေးကို ထုတ်ပြီး wireless ချိတ်ဆက်ကာ သူ့ e-mail ကို ဖွင့်ပြသည်။

စာမှာ ထူးထူးခြားခြား မဟုတ်ပါ။ သူမ အဆင်ပြေကြောင်း၊ လှိုင်မြတ်စုလည်း ဒီက အလုပ်မှာ အဆင်ပြေမယ် မျှော်လင့်တဲ့ အကြောင်း ဒါလောက်သာ ဖြစ်သည်။

ထိုအိမ်မှ စိမ်း ပြန်လာခဲ့သည်။ ဒေါ်လှိုင်မြတ်စု အပေါ် မသင်္ကာမှုက ပို၍တိုးလာလေသည်။

*****



နောက်တစ်နေ့မနက်မှာ အားလုံး ဆုံကြပြီး အမှုနှင့် ပတ်သက်၍ ဆွေးနွေးဖြစ်ကြသည်။



ထက်အာကာသည် ထိုအိမ်မှ အလုပ်ထွက်သွားသော ဒရိုင်ဘာ ဦးလေးကြီးနှင့် တွေ့ပြီး မေးခဲ့သည်။ ဒရိုင်ဘာကတော့ အလုပ်ထွက်ခိုင်း၍ ထွက်ခြင်း မဟုတ်ပဲ သူ့သဘောနှင့်သူ ထွက်သွားခြင်း ဖြစ်သည်။ ဒရိုင်ဘာက စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ဒေါ်လှိုင်မြတ်စု အတွက် အလုပ်လုပ်ပေးရမည်ကို သဘောမကျသောကြောင့် ထွက်သွားခြင်း ဖြစ်သည် ဟု သိရသည်။ ဒေါ်ခိုင်မြတ်စု သွားသောနေ့က သူပင် လိုက်ပို့ပေးခဲ့သည်။ သူမ လေဆိပ်အတွင်းဘက် ဝင်သည်အထိ စောင့်ကြည့်ခဲ့သည်ဟု သိရသည်။ သူ့အပြောအရတော့ ဒေါ်ခိုင်မြတ်စုက အခါတိုင်းထက်ပင် စကားနည်းနေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှ အပြီးထွက်ခွာမည် ဖြစ်သောကြောင့် စိတ်မကောင်းဖြစ်နေသည် ထင်သဖြင့် သူလည်း ဘာမှ မမေးခဲ့ကြောင်း သိရသည်။ ဘာဖြစ်လို့ သွားရသလဲဟု သူက စပ်စုသေးသော်လည်း သူမက ပြောမပြခဲ့ဟု သိရသည်။



စိမ်းကလည်း သူသိခဲ့သမျှကို ပြန်ပြောပြလိုက်သည်။ ခြံစောင့်ကြီး ဦးမြအေး ဆီမှ သိရသမျှနှင့် ဒေါ်လှိုင်မြတ်စုသည် ပထမတစ်ခေါက် အိမ်သို့ ရောက်ခဲ့ခြင်းကို လိမ်ထားသည့်အကြောင်း…။



“ဦးမြအေး ပြောတာ မှန်တယ်၊ ဒေါ်လှိုင်မြတ်စုက လိမ်ပြောတာပဲ” စွမ်းနိုင်က ပြောလိုက်သည်။

“ကျွန်တော်တို့ သူတို့ အိမ်ကို လာရမယ့် အနီးဆုံး လမ်းပေါ်က CCTV ကင်မရာတွေထဲက ပုံတွေကို လိုက်စစ်ပြီးပြီ၊ ဒေါ်လှိုင်မြတ်စု သို့မဟုတ် ဒေါ်ခိုင်မြတ်စုပေါ့၊ သူတို့က အမြွှာဆိုတော့ ကျိန်းသေတော့ မပြောနိုင်ဘူး ဆိုပေမယ့် တက္ကစီနဲ့ လာတာ ဆိုတော့ ဒေါ်ခိုင်မြတ်စု မဖြစ်နိုင်ပဲ ဒေါ်လှိုင်မြတ်စုပဲ ဖြစ်နိုင်တယ်၊ ဝတ်စားပုံကလည်း ရှပ်အင်္ကျီနဲ့ ခရီးဝေးက လာတဲ့ ပုံဆိုတော့ ဒေါ်လှိုင်မြတ်စု ဖြစ်တာ သေချာတယ်၊ အဲဒါ ၂၀ ရက်နေ့ကပဲ၊ ဒေါ်ခိုင်မြတ်စု အသတ်ခံရတယ်လို့ ယူဆရတဲ့ နေ့ကပဲ၊ သူတို့အိမ်ကို လာတဲ့ လမ်းပေါ်က CCTV နှစ်နေရာမှာ မျက်နှာ သေသေချာချာ တွေ့လိုက်ရတယ်”



“ကောင်းတယ်၊ အဲဒီ တက္ကစီ နံပါတ်ကိုရော မြင်ရသလား”

“တစ်နေရာမှာ မြင်လိုက်ရလို့ ကျွန်တော် မှတ်ထားတယ် စိမ်း”

“အဲဒီ တက္ကစီသမားကို ရှာပြီး မေးရမယ်၊ သူ ဘယ်ကနေ ငှားလာသလဲ ဆိုတာကို၊ ဟိုဘက် နယ်စပ်က တောင်းထားတဲ့ စာရွက်တွေရော ရောက်ပြီလား”

“ရောက်မလာသေးဘူး စိမ်း၊ စာတစ်စောင်တော့ ဝင်လာတယ်၊ ကျွန်တော်တို့ အဆက်အသွယ် ကိုသုတ ဆီက၊ သူ သေချာအောင် စုံစမ်းစရာလေးတွေ ရှိလို့ ဒီမနက်မှ ပို့ပေးမယ် လို့ ရေးထားတယ်”



ရဲစွမ်းနိုင်က သူမှတ်လာသော တက္ကစီနံပါတ်ကို ထည့်ပြီး တက္ကစီမောင်းသူများ စာရင်း (Database) မှာ ရှာနေသည်။



ခဏကြာတော့ ကိုသုတဆီမှ စာ (mail) ဝင်လာသည်။ ၁၈ ရက်နေ့က လှိုင်မြတ်စု နာမည်နှင့် နယ်စပ်ဂိတ်မှ ဝင်လာသူ ရှိကြောင်း အထောက်အထား အတိအကျပါသည်။ ထို့အပြင် နေထွဋ်ကလည်း ဒေါ်လှိုင်မြတ်စု အကြောင်းလည်း သူ စုံစမ်းထားသမျှ mail ပို့လာသည်။ ဒေါ်လှိုင်မြတ်စုသည် တစ်ဖက်နိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ဘွဲ့ရထားသည်မှာ အမှန်ဖြစ်သည့်အပြင် တိုက်ခိုက်ရေး သင်တန်းဆင်း လက်ရွေးစင် တစ်ယောက်လည်း ဖြစ်ခဲ့သည် ဟုဆိုသည်။ ယခုတော့ သူမသည် နယ်စပ်စခန်းမှ အပြီးထွက်ကာတစ်ဖက်နိုင်ငံသား ကပြားတစ်ယောက်နှင့် အတူနေနေသည်။ထိုသူမှာ လောလောဆယ် အလုပ်အကိုင် အဆင်မပြေသည့်အတွက် အကြွေးများစွာ တင်နေသည် ဟုဆိုသည်။ သူတို့သည် ကျဉ်းထဲ ကျပ်ထဲ ရောက်နေသဖြင့် လှိုင်မြတ်စုက မြန်မာနိုင်ငံရှိ သူ့မိသားစုထံသို့ ပြန်ကာ အကူအညီတောင်းရန် ကြံစည်ထားသည် ဆိုသော အတွင်း သတင်းပါရလာသည်။ ၁၈ ရက်နေ့က ဒေါ်လှိုင်မြတ်စုသည် မြန်မာနိုင်ငံသို့ ဝင်လာခဲ့ခြင်းမှာ သူ့မိသားစုထံ ငွေကြေး အကူအညီတောင်းရန် ဖြစ်ရမည်။ ထို့နောက် မည်သို့ ဖြစ်ခဲ့သည်ကို မသိနိုင်သေးပါ။



ရဲစွမ်းနိုင်က တက္ကစီသမား၏ ဖုန်းနံပါတ်ကို ရရှိသွားပြီး ၂၀ ရက်နေ့ မနက်စောစောက အမျိုးသမီးတစ်ယောက် ဘယ်နေရာက ငှားလာခဲ့သလဲ ဆိုသည့်အကြောင်းကို မေးမြန်းနေသည်။ ၂၀ ရက်နေ့ မနက်စောစောက အဝေးပြေးဂိတ်မှ ( ) ကားပေါ်မှ ဆင်းလာသော အမျိုးသမီး တစ်ယောက်ကို ထိုလိပ်စာသို့ ပို့ပေးခဲ့ရသည့်အကြောင်း အငှားကားမောင်းသူက မှတ်မှတ်မိမိ ပြောပြပါသည်။



စိမ်းဝတီကတော့ ဒေါ်လှိုင်မြတ်စုကို ပိုင်ပိုင်နိုင်နိုင် စွပ်စွဲနိုင်မည့် အချက် ဘယ်နှချက် ရှိသလဲဟု ပြန်လည် စဉ်းစားနေသည်။ တကယ်တမ်းတော့ ယခု ရရှိထားသော အချက်များက ဒေါ်လှိုင်မြတ်စု ၂၀ ရက်နေ့တွင် သူ့အစ်မအိမ်သို့ ရောက်လာကြောင်း အထောက်အထားများသာ ဖြစ်သည်။ သူမအစ်မကို သတ်ပြီး အလောင်းကို ဖျောက်ဖျက်ပါသည်ဟု သက်သေပြစရာက တစ်ခုမှ မရှိသေးပါ။ သို့သော် လှိုင်မြတ်စုက သူ့အစ်မ အိမ်သို့ ၂၄ ရက်နေ့မှ ရောက်လာပါသည် ဟု ဘာကြောင့် ညာရပါသနည်း။

*****

(၅)

လှိုင်မြတ်စုထံသို့ လူတစ်ယောက်က ဖုန်းဆက်လာသည်။ သူ မသိသော နံပါတ်တစ်ခု ဖြစ်သည်။ စကား ပြောလိုက်တော့မှ အလုပ်ထုတ်ပစ်လိုက်သော  ခြံစောင့်ကြီး ဦးမြအေး ဖြစ်နေသည်။ အဲဒီနေ့က လှိုင်မြတ်စု လုပ်ခဲ့သမျှ အားလုံးကို သူသိနေသည် ဟု ဆိုသည်။ ရဲကို ဖွင့်မပြောစေချင်လျှင် သူ့ကိုပိုက်ဆံပေးရမည်ဟု ငွေညှစ်ခြင်း ဖြစ်သည်။ သူသိနေတာ ဖြစ်နိုင်ပါ့မလား။ ခိုင်မြတ်စု အခန်းထဲမှာ ဖြစ်သမျှကို သူသိနေသည် ဆိုခြင်းမှာ ဘယ်နည်းနှင့်မှ မဟုတ်နိုင်ပါ။ သူ့ကို အလုပ်ထွက်ရန် ပြောသူမှာ ခိုင်မြတ်စု မဟုတ်ကြောင်း သိနေသည်လား။ ဘာပဲဖြစ်ဖြစ် သူ ဘယ်လောက် ရိပ်မိနေသလဲတော့ အစ်အောက် ကြည့်ရမည်။

“ကျွန်မ ဘာမှ မဟုတ်တာ မလုပ်တဲ့ အတွက် ဘာမှ ကြောက်စရာ မရှိပါဘူး။ ရှင်နဲ့လည်း ဘာမှ ပတ်သက်စရာ မရှိပါဘူး”

“ဘာမှ မလုပ်ဘူး ဟုတ်လား၊ မင်းအစ်မ ခိုင်မြတ်စုကို သတ်ခဲ့တယ်လေ၊ ခေါင်းဖြတ်ပြီး ခေါင်းကို ခြံထဲမှာ မြှုပ်ထားတယ်၊ ကိုယ်လုံးကို ကားနဲ့ သယ်သွားတယ်။ တစ်နေရာရာမှာ ပစ်ဖို့ နေမှာပေါ့၊ ကျုပ်ခြံထဲက ထွက်သွားပေမယ့် အိမ်မပြန်သေးပဲ မင်းကို မသင်္ကာလို့ စောင့်ကြည့်နေတာ”

“အဘိုးကြီး၊ ရှင် အခြေအမြစ်မရှိပဲ လျှောက်ပြောမနေပါနဲ့၊ ရှင်ပြောတာကို ဘယ်သူက ယုံမှာလဲ၊ ရှင့်ကိုတောင် ပြန်တရားစွဲ လို့ရသေးတယ်။”

“မင်း ထွက်သွားခိုင်းခိုင်းချင်း ကျုပ် ထွက်မသွားခဲ့ဘူးကွ၊ မင်းကို မသင်္ကာလို့ စောင့်ကြည့်နေခဲ့တာ၊ မင်းအစ်မရဲ့ ခေါင်းကို ဘယ်နေရာမှာ မြှုပ်ထားသလဲ ဆိုတာတောင် ကျုပ်သိတယ်၊ မင်းပြောသလိုပဲ ကျုပ် ရဲကို တိုင်ရင် ရဲက ယုံပါ့မလား ဆိုပြီး တိတ်တိတ်လေး ထွက်လာခဲ့တာ၊ မနေ့က ရဲမေ တစ်ယောက် လာမေးတယ်၊ ကျုပ်မပြောလိုက်သေးဘူး၊ အင်း… မင်းက ကျုပ်တောင်းတဲ့အတိုင်း မပေးနိုင်ဘူး ဆိုရင်တော့ နောက်တစ်ခါ လာမေးရင် အမှန်အတိုင်း ပြောလိုက်ရမှာပဲ”



“ကောင်းပြီလေ၊ ဦးလေးနဲ့ ကျွန်မ လာတွေ့ပြီး လိုချင်တဲ့ ပိုက်ဆံကို ပေးမယ်၊ မနက်ဖြန် နေ့ခင်း ၂ နာရီ၊ ကျွန်မရုံးခန်းနဲ့ မျက်စောင်းထိုး အဆောက်အအုံက (…) ကွန်ဒိုက အခန်းနံပါတ် (…) ကိုလာခဲ့ပါ၊အဲဒီအခန်းက ကျွန်မ အိမ်မပြန်နိုင်တဲ့အခါ ခဏတဖြုတ်နေတဲ့ အခန်းပဲ၊ အခန်းဖွင့်တဲ့ နံပါတ်က (….)။ ကျွန်မ မရောက်သေးရင်လည်း ဝင်ပြီး စောင့်နေပါ၊ ရဲတွေ ပါလာတာ၊ တစ်ယောက်ယောက် ပါလာတာ တွေ့ရင် တစ်ပြားမှ ရမှာမဟုတ်တော့ဘူးနော်၊ ဦးလေး ပြောတာတွေက သက်သေမရှိတဲ့ အတွက် ကျွန်မကတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”

“ကောင်းပါပြီ၊ ဦးလေးလည်း ငွေအရမ်း လိုနေလို့ ပြောရတာပါကွယ်”

*****



ဒေါ်လှိုင်မြတ်စု၏ လက်ပွေ့အိတ်ထဲမှ ထွက်လာသော လိုင်စင်မဲ့ သေနတ်ကလေးသည် ဦးမြအေးကို ချိန်လျှက်သား ရှိနေသည်။ ကုမ္ဗဏီမှ လူများကတော့ ဒေါ်လှိုင်မြတ်စု သူ့ရုံးခန်းထဲမှာ ရှိနေသည်ဟု ထင်နေကြလိမ့်မည်။ သူ့သီးသန့်ရုံးခန်းမှာက ဝင်ပေါက် နှစ်ပေါက်ရှိသည်။ ဝင်နေကျ ဝင်ပေါက်ကို အတွင်းမှ သော့ခတ်ခဲ့ပြီး အသုံးမပြုသော တစ်ဖက်အပေါက်မှ ရုပ်ဖျက်ပြီး ထွက်ခဲ့ခြင်း ဖြစ်သည်။ အတွင်းရေးမှူးမလေးကိုလည်း တစ်နာရီလောက် အတွင်း လာမရှာနိုင်အောင် အလုပ်ပေးခဲ့ပြီးသား ဖြစ်သည်။



“ဦးလေး တကယ်သိတာပဲ ဖြစ်ဖြစ်၊ သိချင်ယောင် ဆောင်ပြီး ညာပြောတာပဲ ဖြစ်ဖြစ် ခွင့်မလွှတ်နိုင်ဘူး၊ ဦးလေး အလုပ်ထွက်သွားရတဲ့ အတွက် တန်ရာ တန်ကြေးထက် အများကြီးပိုပြီး ပေးထားပြီးသားလေ၊ ကျွန်မကို အဲဒီလို လုပ်တဲ့အတွက် ဦးလေး သေရတော့မယ်၊ စိတ်မကောင်းပါဘူး”

“ဦးလေး ညာမပြောပါဘူး၊ မင်းအစ်မကို မင်း တစ်ခုခု လုပ်ခဲ့တာ သိထားတယ်၊ ဦးလေး သိချင်တာ တစ်ခုပဲ ရှိတယ်၊ မင်းတို့ဟာ ညီအစ်မ အရင်းတွေပါကွယ်၊ ဘာကြောင့်များ အဲဒီလို လုပ်ရက်ခဲ့တာလဲ ဆိုတာ ဦးလေး မသေခင် ပြောပြသွားပါ”



“ဟုတ်တယ်၊ ဦးလေးက သေရတော့မှာပဲ၊ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဦးလေး ထင်သလို ကျွန်မအစ်မကို သတ်ချင်လို့ သတ်ခဲ့တာ မဟုတ်ပါဘူး၊ ကျွန်မက သူ့ဆီက ပိုက်ဆံလေး နည်းနည်းလောက် ချေးဖို့ လာတာပါ၊ မိဘအမွေတွေလည်း သူပဲ ရထားတာ၊ သူ ဒီလောက် ချမ်းသာနေပြီပဲ၊ ကျွန်မ လိုတဲ့ ပိုက်ဆံလေး နည်းနည်းလောက် လွှဲပေးတော့ ဘာဖြစ်သွားမှာမို့လဲ၊ အဲဒါကို သူက သူတောင်းစားကို ပေးသလောက်ပဲ ပေးပြီး နောက်ဘယ်တော့မှ ထပ်မလာနဲ့ လို့ ပြောတယ်လေ၊ အဲဒီတော့ ကျွန်မက စိတ်ဆိုးပြီး တွန်းပစ်လိုက်မိတာပေါ့၊ တကယ်တော့ ဦးလေး မမြင်ခဲ့ဘူး မဟုတ်လား၊ အထင်နဲ့ လျှောက်ပြောနေတာ မဟုတ်လား။ ”

“ကျုပ်ကို အလုပ်ထွက်ဖို့ပြောတာ မမလေး ခိုင်မြတ်စု မဟုတ်ဘူးဆိုတာ သိတယ်၊ သူဆိုရင် ဘယ်တော့မှ အဲဒီလို ပြောမှာ မဟုတ်ဘူး”

“သူ လဲကျပြီး စားပွဲစောင်းနဲ့ တိုက်မိသွားတယ်၊ သွေးတော့ သိပ်မထွက်ဘူး၊ ဒါပေမယ့် အသက်မရှိတော့ဘူး၊ သူ့နေရာမှာ ကျွန်မ အစားဝင်နေရရင် ကောင်းမလားလို့ စဉ်းစားသေးတယ်၊ ဒါပေမယ့် ကျွန်မက သူ့လိုမျိုး တစ်သက်လုံး မနေနိုင်ဘူး၊ အဲဒါကြောင့် သူ့နေရာမှာ ခဏပဲ အစားဝင်ပြီး သူ့ကို ဘယ်သူမှန်းမသိအောင် ပစ်လိုက်ဖို့ စိတ်ကူးလိုက်တာ၊ စီစဉ်စရာ ရှိတာတွေ စီစဉ်ဖို့ သူ့ကို ခေါင်းဖြတ်ပြီး ရေခဲ သေတ္တာထဲ ခဏထည့်ထားရသေးတယ်၊ နောက်မှ ပစ်လိုက်ရတာ၊ ခေါင်းကိုတော့ ဦးလေး ပြောသလိုပဲ ခြံထဲမှာပဲ လုံလုံခြုံခြုံ မြှုပ်ထားလိုက်ရတာပေါ့၊ ခု အဲဒါတွေ ဦးလေး သိသွားပြီ ဆိုတော့ ဦးလေး သေရတော့မှာ.. ကျွန်မ အချိန်အများကြီး မပေးနိုင်ဘူး၊ ကုမ္ဗဏီ ပြန်သွားရဦးမှာ”



လှိုင်မြတ်စုက လုံခြုံရေးခလုတ် ဖွင့်ထားပြီးသား ပစ္စတိုကလေးကို ဦးမြအေး၏ နဖူးတည့်တည့်သို့ ချိန်လိုက်သည်။

“သေနတ်ကို ချလိုက်ပါ ဒေါ်လှိုင်မြတ်စု”

အမျိုးသားတစ်ယောက် နှင့် အမျိုးသမီး တစ်ယောက်က သေနတ်ကိုယ်စီနဲ့ သူ့ကို ချိန်ထားသည်ကို တွေ့လိုက်ရသည်။ တစ်ရက်က သူ့ကို မေးခွန်းများ လာမေးခဲ့သော မှုခင်းစုံစမ်းဖော်ထုတ်ရေး အထူးတပ်ဖွဲ့က ဟုဆိုသည့် အရာရှိနှစ်ယောက် ဖြစ်နေသည်။

“ဒေါ်လှိုင်မြတ်စုကို လူသတ်မှုနဲ့ ဖမ်းလိုက်ပါပြီ”

လှိုင်မြတ်စုက သေနတ်ကို သူတို့ဘက်သို့ လှည့်ချိန်လိုက်သည့် အချိန်မှာပင် ဦးမြအေးကလည်း သွက်လက်စွာပင် ပစ်ကွင်းထဲမှ ထွက်၍ စိမ်းတို့ နောက်သို့ ရောက်သွားသည်။

“ရှင်တို့မှာ ဘာသက်သေ ရှိလို့လဲ”

“ခုနက ဒေါ်လှိုင်မြတ်စု ပြောတဲ့ စကားတွေ အကုန် အသံဖမ်းထားပါတယ်”



စိမ်းဝတီက ဦးမြအေးကိုယ်ပေါ်တွင် ထည့်ပေးထားသော အသံဖမ်းစက်လေးကို ပြရင်း ပြောလိုက်လေသည်။

“ပြီးတော့ ဒေါ်လှိုင်မြတ်စု ၂၀ ရက်နေ့မနက်က အဲဒီအိမ်ကို ရောက်လာတဲ့ အကြောင်းလည်း သက်သေတွေ ရှိနေတယ်လေ၊ ဒေါ်ခိုင်မြတ်စုက ၂၀ ရက်နေ့မှာ အသတ်ခံလိုက်ရတာပဲ၊ အလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားပြီး ဒေါ်ခိုင်မြတ်စု ဟန်ဆောင်ပြီး နေတယ်၊ဒေါ်ခိုင်မြတ်စုက နဂိုကတည်းက အိမ်က လူတွေနဲ့ စကားသိပ်မပြောတဲ့ လူဆိုတော့ ဟန်ဆောင်ရတာ သိပ်ပြဿနာမရှိဘူး၊ ကုမ္ဗဏီကိစ္စ ဘယ်လိုစီစဉ်လို့ ရမလဲလို့ ခင်ဗျား အဆက်အသွယ်တွေဆီ စုံစမ်းတယ်၊ နောက်တော့ ဒေါ်ခိုင်မြတ်စု ကွန်ပျူတာကနေ e-mail တွေ ပို့တယ်၊ သူ့ e-mail account က သူ့စက်ထဲမို့ အမြဲဝင်ထားတာဆိုတော့ အဆင်ပြေတယ်၊ သူ့ဖုန်းကနေ message တွေ ပို့တယ်၊လေယာဉ်လက်မှတ်က ၂၂ ရက်အတွက်ပဲ ရတော့ အဲဒီနေ့မှ ဒေါ်ခိုင်မြတ်စု ပတ်စ်ပို့နဲ့ နိုင်ငံခြားထွက်တယ်၊ ပြီးတော့ ၂၄ ရက်နေ့မှ လှိုင်မြတ်စု အဖြစ်နဲ့ အိမ်ကို ဝင်လာတယ်၊ ပြန်ရောက်မှ ရေခဲသေတ္တာထဲက အလောင်းကို ထုတ်ပြီး ကားလမ်းဘေးမှာ သွားပစ်တယ်၊ ဖြစ်စေချင်တာက ဒေါ်ခိုင်မြတ်စု နိုင်ငံခြား သွားပြီးမှ အလောင်းကို တွေ့စေချင်လို့ပဲ မဟုတ်လား”



“ရှင်က ဇာတ်လမ်းဆင်တာ တော်သားပဲနော်”

“ကျွန်တော်တို့ လူတွေ ခင်ဗျား အခန်းနဲ့ ခင်ဗျားခြံထဲကို ဝရမ်းနဲ့ သွားရှာနေပါပြီ၊ တကယ်လို့များ ဒေါ်ခိုင်မြတ်စု ရဲ့ခေါင်းကို တွေ့ရရင်တော့ သက်သေက တော်တော်ခိုင်လုံသွားပါပြီ”

“ဦးမြအေးကိုလည်း ရှင်တို့ လုပ်ခိုင်းတာလား”

“ဟုတ်တယ်၊ ဦးမြအေးကို အဲဒီလို ပြောဖို့ သင်ပေးလိုက်တာ၊ ခင်ဗျား ကိုယ့်စိတ်ကို မလုံပဲ တစ်နေရာမှာ တွေ့မယ် ဆိုတာ သိနေတယ်လေ၊ ဒေါ်ခိုင်မြတ်စုကို ခင်ဗျား သတ်တယ် ဆိုတာ ကျွန်တော်သိနေတယ်၊ ဒါပေမယ့် သက်သေက မရှိဘူးလေ”

စိမ်းဝတီက ပြောလိုက်သည်။

ဒေါ်လှိုင်မြတ်စု ဘာမှ မပြောနိုင်တော့ပါ။

*****

ခြံကျယ်ကြီး အတွင်းမှာ လူဦးခေါင်းလေးတစ်ခုကို ဘယ်နေရာမှာ မြှုပ်ထားမှန်းမသိပဲ ရှာရသည်မှာ တကယ်တော့ လွယ်ကူသော အလုပ်မဟုတ်ပါ။ တကယ် မြှုပ်မမြှုပ် သေချာသည်လည်း မဟုတ်ပါ။ ကိုယ်လုံးကို ပစ်သလို ဦးခေါင်းကိုပါ တစ်နေရာရာမှာ ပစ်ခဲ့လည်း ဖြစ်နိုင်သည် မဟုတ်ပါလား။ သို့သော် ထူးဆန်းစွာပင် ဒေါ်လှိုင်မြတ်စုက သူ့အစ်မ ဦးခေါင်းကို ခြံထဲမှာသာ မြှုပ်ထားခဲ့သည်။ ထက်အာကာ၏ အချစ်တော် အယ်ဇေးလ်ရှင်းခွေးကြီး၏ ကျေးဇူးကြောင့်လည်း အချိန်ကုန် သက်သာသွားသည်။ အပွင့်သေးလေးများပွင့်သော နှင်းဆီပင် အသစ်ကလေး၏ အောက်တည့်တည့်မှာ ဖြစ်သည်။ အပင်ကလေးမှာ စိုက်သာထားပြီး ရေမှန်မှန်မလောင်းသောကြောင့် ညှိုးနွမ်းစပြုနေလေပြီ။စိမ်း၏ သက်သေမရှိသော တွေးတောချက်က မှန်ကန်သွားလေသည်။



ဒေါ်လှိုင်မြတ်စုက အားလုံးဝန်ခံသောအခါ ပြောပြသည်မှာ သူသည် ဒေါ်ခိုင်မြတ်စု အနေနှင့် နိုင်ငံခြားမသွားခင် ထိုအခန်းမှာ နေစဉ်က သော့ခတ်ထားသော ရေခဲသေတ္တာနားမှာ ဒေါ်ခိုင်မြတ်စု၏ ခေါင်းပြတ်ကြီးကို မြင်မြင်နေသောကြောင့် ထိုခေါင်းကို ထုတ်ယူ၍ ညဘက် ဘယ်သူမှ မသိအောင် ခြံထဲတွင် မြှုပ်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။



ဒေါ်ခိုင်မြတ်စု၏ ဦးခေါင်းခွံတွင် ဒေါ်လှိုင်မြတ်စု ပြောသည့်အတိုင်း ခိုက်မိသည့် ဒဏ်ရာတစ်ခု ရှိနေပါသည်။ သို့သော် စစ်ဆေးချက်အရ ဒေါက်တာဇလပ်ဖြူက ပြောသည်မှာ ခေါင်းမှ ဒဏ်ရာကြောင့် သေခြင်း မဟုတ်ပဲ ခေါင်းဖြတ်လိုက်သော အခါမှ သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ဆိုပါသည်။



မည်သို့ပင်ဖြစ်စေ အမြွှာညီအစ်မအဖြစ် မွေးဖွားလာလျှက်နှင့် တစ်ယောက်နှင့် တစ်ယောက် ရုပ်ရည်ချင်း တူသော်လည်း စိတ်ဓါတ်ခြင်း မတူ၊ ဘဝချင်း မတူခဲ့ပဲ တစ်ယောက် ပယောဂနှင့် တစ်ယောက်က သေခဲ့ရရှာသည်။ မိဘများသာ ရှိသေးလျှင် ဘယ်လောက်များ ရင်ထုမနာ ဖြစ်လေမည် မသိပါ။ မိဘများ ရှိသေးလျှင်လည်း ဤကဲ့သို့ ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ ယခုတော့ နှစ်ယောက်လုံးအတွက် ဝဋ်ကြွေးကြမ္မာက ရှောင်လွှဲ၍ မရနိုင်ခဲ့ပါ။



သိင်္ဂါကျော်



(နည်းပညာဆိုင်ရာစုံစမ်းချက်များ၊ အဖွဲ့အစည်း နာမည်များသည် စိတ်ကူးသက်သက်သာ ဖြစ်ပါကြောင်း..။ မရေးတာ ကြာပြီ ဖြစ်သဖြင့် ဟာကွက် ရှိပါက စာရေးသူ၏ ချို့ယွင်းချက်သာ ဖြစ်ပါကြောင်း..)