12 September, 2013

မမျှော်လင့်သော အကုသိုလ်


(၁)

၁၀လပိုင်း ၂၅ရက်နေ့။

အလောင်းကို တွေ့ရသော နေရာမှာ လမ်းဘေး ခြုံပုတ်အတွင်းဘက် တစ်နေရာတွင် ဖြစ်သည်။ နေရာက ကားလမ်းဘေး ဖြစ်သောကြောင့် ကားများအသွားအလာ ရှိသော်လည်း လမ်းလျှောက်သူ အသွားအလာကတော့ သိပ်မရှိလှပါ။ မိုးရာသီ ဖြစ်သော်ကြောင့် ပေါင်းပင်များလည်း ရှည်လျားနေသည် ဖြစ်ရာ အလောင်းကို ကားပေါ်ကနေ လွယ်လွယ်ကူကူ မမြင်နိုင်ခဲ့ပါ။ အလောင်းကို စတွေ့သောသူမှာ ကားလေလျော့ သဖြင့် အောက် ဆင်းကြည့်သော ကားမောင်းသမား တစ်ဦးက စတွေ့ခြင်း ဖြစ်သည်။ တွေ့ရှိသောသူက စိမ်းတို့ Crime Scene Investigation (မှုခင်းစုံစမ်းဖော်ထုတ်ရေးအထူးတပ်ဖွဲ့)သို့ အကြောင်းကြားသဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ အခင်းဖြစ်ရာနှင့် သက်ဆိုင်သော နယ်မြေရဲတပ်ဖွဲ့မှ ရဲအရာရှိ နှင့် ရဲတပ်သား နှစ်ယောက်လည်း ရောက်ရှိနေပါသည်။



စိမ်းဝတီတို့ အခင်းဖြစ်သော နေရာသို့ ရောက်သွားသောအခါ အလောင်းမှာ အတန်ငယ် ပုပ်ပွ နေလေပြီ။ ထို့အပြင် အလောင်းမှာ ခေါင်းပိုင်း မပါပဲ ကိုယ်လုံးချည်း ဖြစ်သည်။အမျိုးသမီးအလောင်း ဖြစ်ပြီး စိမ်း ခန့်မှန်းရသလောက် အသက် ၃၀ ကျော် ၄၀နီးပါး ဖြစ်လိမ့်မည်။ ဗမာဖြစ် ချည်ထည်ဝမ်းဆက်ကို ဝတ်ဆင်ထားသော်လည်း ပုံစံမှာ အဆင့်အတန်းမြင့်ပုံပေါက်နေသည်။ ဆွဲကြိုး၊ လက်စွပ်၊ နားကပ် စသည် တစ်ခုမှ မပါသဖြင့် ပစ္စည်းလု လူသတ် သဘောမျိုးတောင် သက်ရောက်နေသည်။ စိမ်းသည် အလောင်းကို စေ့စေ့စပ်စပ် လှန်လှောကြည့်သော်လည်း အလောင်း၏ ကိုယ်လုံး ကိုယ်ထည်တွင် သေစေလောက်သော ဒဏ်ရာဒဏ်ချက် တစ်ခုတစ်လေမှ မတွေ့ရပါ။ သေစေလောက်သော ဒဏ်ရာသည် ဖြတ်ထားသော ဦးခေါင်းပိုင်းတွင် ရှိနိုင်သည်။



စိမ်းဝတီတို့အဖွဲ့သည် အနီးအနား တောစပ်နှင့် ချောက်ထဲတွင် တတ်နိုင်သလောက် ရှာဖွေသော်လည်း ဦးခေါင်းပိုင်းကို မတွေ့ရသလို ဘာ ခြေရာ လက်ရာမှလည်း မတွေ့ရပါ။လူသတ်သမားသည် သေသူကို အလွယ်တကူ မသိစေလိုသော အကြံအစည်ဖြင့် တမင်ဖြတ်ယူထားခြင်း ဖြစ်ရာ အနီးအနားတွင်တော့ တွေ့နိုင်မည် မဟုတ်ပါ။ ရဲစွမ်းနိုင်ကတော့ အလောင်းထားသွားသူ၏ ခြေရာကို ကောက်ဖို့ ကြိုးစားနေရင်းမှ သတ်ဖြတ်ခဲ့သော နေရာတွင် ခေါင်းကိုပါ ဖြတ်ပြီးမှ ဤနေရာသို့ သယ်ယူလာခြင်း ဖြစ်ရမည်ဟု တွေးနေသည်။ အလောင်း အနီးတွင် သွေးစ သွေးနများ မတွေ့ရပါ။ အလောင်းက သွေးဆုပ်နေလေပြီ။စိမ်းအထင်တော့ သေနေသည်မှာ သုံးရက် လေးရက်လောက်ကြာပြီဟု ထင်ရသည်။ ရဲစွမ်းနိုင်ကလည်း ထိုကဲ့သို့ပင် ထင်သည်။



ထက်အာကာသည်အလောင်းနှင့် ပတ်ဝန်းကျင်ကို ရှုထောင့်မျိုးစုံမှ ဓါတ်ပုံရိုက်နေသည်။ အနီးအနားမှာ ပေါင်းပင်များ ပေါက်ရောက်နေသဖြင့် စိမ်းတို့ ခြေရာ အပါအဝင် လူနင်းထားသော ခြေရာ လက်ရာများ ရှိနေသော်လည်း ခြေရာတိတိကျကျ ရယူ၍တော့ မဖြစ်နိုင်ပါ။



နွယ်နီနိုင်ကတော့ အလောင်း၏ လက်နှစ်ဘက်စလုံးက လက်ဗွေရာကို ရယူနေသည်။ ဦးခေါင်းပိုင်း မပါသဖြင့် သေသူ မည်သူ ဖြစ်သည်ကို ပထမဆုံး ရှာဖွေကြရမည် မဟုတ်လား။ ကားလမ်းဘေး ဖြစ်သဖြင့် ဤအနီးအနား မြို့အပြင် တစ်ခြားမြို့မှ ကားနှင့် လာရောက် ပစ်သွားသည်လည်း ဖြစ်နိုင်သည်။ သို့သော် ပထမဆုံးတော့ အနီးအနားမြို့တွင် လူပျောက်တိုင်ထားခြင်း ရှိမရှိ အရင်စစ်ရမည် ဖြစ်သည်။နွယ်နီနိုင်နှင့် ထက်အာကာကို အနီးဆုံးမြို့သို့ သွားရောက် စုံစမ်းရန် လွှတ်လိုက်ပြီး စိမ်းနှင့် ရဲစွမ်းနိုင်က ဌာနသို့ ပြန်လာခဲ့ကြသည်။

*****



ဌာနသို့ ပြန်ရောက်ပြီးနောက် ရဲစွမ်းနိုင်က သူယူလာခဲ့သော လက်ဗွေရာများကို scan ဖတ်ကာ ကွန်ပျူတာထဲသို့ ထည့်သည်။ ထို့နောက် လက်ဗွေ Database ထဲမှ အလောင်းကို တွေ့ရှိသော နေရာနှင့် အနီးဆုံးမြို့တွင် နေထိုင်သူများ၏ လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးထားလိုက်သည်။စိမ်းဝတီကတော့ အလောင်းနှင့် ပတ်ဝန်းကျင်ကို ရိုက်ထားသော ဓါတ်ပုံများကို ကူးယူ၍ ပြန်စစ်ဆေးသည်။ ဘာမှ ထူးထူးခြားခြား မတွေ့ရှိရပါ။ တစ်ခြားတစ်နေရာတွင် သတ်ခဲ့ပြီးမှ ယူလာပြီး ပစ်ခဲ့မှန်း သိသာနေပါသည်။



ခဏနေတော့ စိမ်းဝတီ ရင်ခွဲရုံသို့ သွားလိုက်သည်။ စိမ်းတို့ဌာန၏ မှုခင်းဆရာဝန်ဖြစ်သော ဒေါက်တာဇလပ်ဖြူက အလောင်းကို စစ်ဆေးနေဆဲ ဖြစ်သည်။

“ဘာထူးခြားတာ တွေ့ပြီလဲ မဖြူ”

“ထူးခြားတယ်တော့ မဟုတ်ဘူး၊ သေတာက ၅ရက် လောက်တော့ ရှိပြီ။ ကိုယ်ခန့်မှန်းတာတော့ ခေါင်းဖြတ်လိုက်လို့ သေတယ် ထင်ရတယ်။ ကိုယ်ပေါ်မှာ ဘာဒဏ်ရာ ဒဏ်ချက်မှ မရှိဘူး။ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး မေ့နေတဲ့အချိန်မှာ လုပ်တာလည်း ဖြစ်နိုင်တယ်။ အဲဒီနောက် Freezer ထဲ လေး ငါး ရက်လောက် ထည့်ထားတယ် ထင်ရတယ်။ အဲဒီက အေးလာတဲ့ အရှိန်နဲ့ အသားတွေက သိပ်မပုပ်သေးဘူး ဖြစ်နေတာ။ သေချာ စစ်ကြည့်တော့ ရေခဲသေတ္တာထဲက ထုတ်ထားတဲ့ အသားတွေလို ဖြစ်နေတယ်။ ခု ရင်ဘတ်ကို ခွဲစိတ် ကြည့်နေတယ်။ တွေ့ရသမျှတော့ ဘာမှ ထူးထူးခြားခြား မရှိဘူး”

ဒေါက်တာဇလပ်ဖြူက စိမ်းကို မကြည့်ပဲ သူ ဖွင့်ထားသော အလောင်း၏ ရင်ဘတ်နဲ့ ဝမ်းဗိုက်ပိုင်းကို အာရုံစိုက်ရင်း ပြောသည်။

“ဒီအမျိုးသမီးက တော်တော် ကျန်းမာရေး ကောင်းတဲ့ အမျိုးသမီးပဲ၊ သူ့အတွင်းကလီစာတွေ ဘာမှ မပျက်စီးသေးဘူး၊ ကျန်းမာရေး လိုက်စားပုံရတယ်၊ ကြည့်လေ အသက် ၃၀ ကျော် အရွယ်မှာ ဗိုက်ခေါက်ကလည်း သိပ်မထူသေးဘူး၊ လေ့ကျင့်ခန်း မှန်မှန် လုပ်တဲ့သူ ဖြစ်ရမယ်။ ပြီးတော့ အပျိုကြီး စစ်စစ် သိလား၊ နှမြောစရာ ကောင်းလိုက်တာ ကွယ်”



“ဟုတ်လား၊ ကျေးဇူးတင်ပါတယ် မဖြူ၊ ခုလောလောဆယ်တော့ ကျွန်တော်တို့မှာ သေသူ ဘယ်သူ ဘယ်ဝါ ဆိုတာ သိရဖို့တောင် တော်တော် လုပ်ရဦးမှာ၊ သေသူမှာ လက်ဝတ်လက်စား တစ်ခုမှ မတွေ့ရတာလည်း လိုချင်လို့ ယူသွားတာ ဟုတ်ချင်မှ ဟုတ်မယ်၊ ဘယ်သူမှန်း သိမှာစိုးလို့ အစဖျောက်ထားတာ ဖြစ်မယ်”



“အင်း တော်တော် ရက်စက်တာပဲနော်၊ ဘယ်သူကများ လုပ်ပါလိမ့်”

“အဲဒါ ရှာရမှာ ကျွန်တော်တို့ အလုပ်ပေါ့ မဖြူရယ်၊ ပြန်လိုက်ဦးမယ်နော်”

“ဟုတ်ပါပြီ၊ ကိုယ်လည်း နောက်ထပ် ထူးခြားတာ တွေ့ရင် ပြောပါ့မယ်”

*****



ထက်အာကာ နှင့် နွယ်နီနိုင်တို့သည် အခင်းဖြစ်ပွားရာနှင့် အနီးဆုံး မြို့ရှိ ရဲဌာနသို့ လိုက်ပါသွားပြီး လူပျောက်တိုင်ထားသော မှုခင်းများကို စစ်ဆေးကြသည်။ ယခုရက်ပိုင်းအတွင်း လူပျောက်တိုင်ထားသော အမှု သုံးမှု ရှိသော်လည်း ယခု သေဆုံးသော အသက်အရွယ်နှင့် အမျိုးသမီးတော့ တစ်ယောက်မှ မပါပါ။စိမ်းဝတီကို ဖုန်းဆက်ပြောလိုက်တော့ စိမ်းက အနီးအနား မြို့ငယ်များမှာပါ စုံစမ်းပြီးမှ ပြန်လာဖို့ ပြောသည်။ ထိုစခန်းမှ ပြန်ထွက်လာပြီးနောက် နှစ်ယောက်သား အနီးဝန်းကျင်ရှိမြို့ငယ်လေးများတွင် စုံစမ်းရန်ကားဖြင့် ထွက်ခဲ့ကြသည်။ နယ်မြေ ရဲစခန်း ငါးခုကို မေးခဲ့ရာတွင် လူပျောက်တိုင်ထားသူ တစ်ယောက်သာ ရှိပြီး ကလေးငယ် တစ်ယောက်သာ ဖြစ်နေသည်။ ရပ်ကွက် ရုံးများမှာပါ လှည့်လည် မေးမြန်းခဲ့သော်လည်း သေဆုံးသူနှင့် အသက်အရွယ် ကိုက်ညီသူ တစ်ယောက်မှ မပါသည်နှင့် စိတ်ပျက် လက်ပျက် ပြန်ခဲ့ကြသည်။



စိမ်းဝတီသည် အခင်းဖြစ်ပွားရာ နေရာသို့ ကားနှင့် လာပစ်သည် ဆိုပါက ထိုနေရာသို့ မရောက်ခင် ဖြတ်လာရမည့် အနီးဆုံး Toll gate ရှိ CCTV ကင်မရာများကို သွားစစ်ဆေး လိုက်သေးသော်လည်း ဘယ်လိုလူကို target ထားပြီး ရှာရမှန်း မသိသည့်အတွက် ဘာမှ ထူးခြားမှု မရှိပါ။



အလောင်း၏ လက်ဗွေရာကို တစ်နိုင်ငံလုံးရှိ လူအများ၏ လက်ဗွေရာများ အပါအဝင် နိုင်ငံသားမှတ်ပုံတင်ပါ အချက်အလက်များ သိမ်းဆည်းထားသော Database နှင့် တိုက်ဆိုင်စစ်ဆေးရာတွင် အလောင်းတွေ့ရှိရာ နေရာနှင့် အနီးပတ်ဝန်းကျင် မြို့ရှိ လူများနှင့် အရင်ဦးဆုံး စစ်ဆေးကြည့်သော်လည်း တူသူ မရှိပါ။ စစ်ဆေးခြင်းကို စောင့်ကြည့်နေသော ရဲစွမ်းနိုင်က ထိုအကြောင်းကို စိမ်းဝတီကို ပြောတော့ စိမ်းဝတီက တစ်နိုင်ငံလုံးရှိ အမျိုးသမီးများနှင့် တိုက်ဆိုင် စစ်ဆေးကြည့်ရန် ပြောလိုက်သည်။ သေသူသည် အနီးပတ်ဝန်းကျင်က ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ ဘယ်မြို့က လာသည်ကို အတပ်မပြောနိုင်ပါ။ တစ်နိုင်ငံလုံး အချက်အလက်နှင့် တိုက်ဆိုင် စစ်ဆေးရန် အချိန်ကတော့ တော်တော်ကြာကြာ ယူလိမ့်မည်။ ထို နာရီပိုင်းများ အတွင်း ဘာမှ ထူးထူးခြားခြား လုပ်စရာ ရှိမည် မဟုတ်ပါ။

*****



(၂)

ရဲစွမ်းနိုင်သည် အထွေအထူး လုပ်စရာ မရှိသည်နှင့် အချက်အလက် တိုက်စစ်နေသော ကွန်ပျူတာ ရှေ့တွင် ထိုင်ပြီး ငိုက်နေရာမှ ထလိုက်ချိန်တွင် ကွန်ပျူတာပေါ်၌ အဖြေတစ်ခု တက်နေသည်ကို တွေ့လိုက်ရသည်။ ကြည့်လိုက်သောအခါ လက်ဗွေရာချင်း ၉၈.၇ ရာခိုင်နှုန်း ကိုက်ညီသူ ရှိသည် ဆိုသော အဖြေ ဖြစ်နေသည်။



စိမ်းဝတီနှင့် နွယ်နီနိုင်သည် ဦးခေါင်းမပါသော လူသတ်မှုကို ပြန်လည်သုံးသပ်ရင်း သဲလွန်စ တစ်ခုတစ်လေမှ မရှိသဖြင့် စိတ်ဓါတ်ကျနေစဉ် ရဲစွမ်းနိုင် လာခေါ်သဖြင့် လက်ဗွေရာ တူညီသူကို လိုက်လာကြည့်ကြသည်။ သေသူနှင့် လက်ဗွေ တိုက်ဆိုင် စစ်ဆေးခြင်း ၉၈ရာခိုင်နှုန်း တူညီသူမှာ ဒေါ်ခိုင်မြတ်စု၊ အသက် ၃၇ နှစ်၊ မန်နေဂျာချုပ်၊ KS Fashion မှ ဖြစ်နေသည်။စိမ်းဝတီသည် ချက်ချင်းပင် ရဲစွမ်းနိုင်ကို ခေါ်၍ KS Fashion ရှိရာသို့ ထွက်ခဲ့ကြသည်။



KS Fashion သို့ရောက်သောအခါ လက်ရှိ မန်နေဂျာချုပ် အဖြစ် တာဝန်ယူထားသူ ဒေါ်လှိုင်မြတ်စုက စိမ်းဝတီတို့ကို လက်ခံ စကားပြောသည်။

“ဟုတ်ကဲ့ ကျွန်မ ဘာများ အကူအညီ ပေးရမလဲ မသိဘူး”

သူမက ဖော်ဖော်ရွေရွေပင် ပြောသည်။ အသက်က ၃၇ ခန့်ရှိမည်။ ခေတ်မီသပ်ရပ်စွာ ဝတ်စားထားသော်လည်း ဖက်ရှင်ကုမ္ဗဏီမှ မန်နေဂျာချုပ် တစ်ယောက်အနေနှင့်တော့ ဝတ်ပုံစားပုံက အနည်းငယ် လိုနေသလိုပင်။ စိမ်းဝတီ ထင်ထားသလောက် ထည်ဝါမှု မရှိသလို ဖက်ရှင်ကျမှုလည်း မရှိပါ။ သာမန်ပင် ဖြစ်သည်။ ရုပ်ရည်က ဗိုလ်ဆန်ဆန် ချောသော်လည်း ဘာကြောင့်မှန်းမသိ၊ သူမ မျက်လုံးများကို စိမ်း သဘောမကျမိပါ။ စိမ်းကပင် ဦးဆောင်၍ သူမကို မေးခွန်းများ မေးလိုက်သည်။



“အစ်မ နာမည်က ဒေါ်လှိုင်မြတ်စုနော်၊ ဒေါ်ခိုင်မြတ်စုနဲ့ ဘာများတော်စပ်သလဲ မသိဘူး”

“ဟုတ်ကဲ့ ကျွန်မရဲ့ အမြွှာအစ်မပါ၊ သူက အခုတော့ လန်ဒန်မှာ နေနေတယ်”

“ဗျာ..၊ လန်ဒန်မှာ နေနေတယ် ဟုတ်လား၊ ဒါဆို သူက အခု မြန်မာနိုင်ငံမှာ မရှိတော့ဘူးလို့ ပြောတာလား”

“ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ ရှင်၊ သူက လန်ဒန်ကို အပြီးသွားနေတော့မယ် ဆိုပြီး သူ့ကုမ္ဗဏီကိုတောင် ကျွန်မကို လွှဲသွားခဲ့တာပါ”

“သူက ဘယ်တုန်းက သွားတာပါလဲ”

“၂၂ရက်နေ့က သွားတာပါ ဒီနေ့ ၂၇ ရက် ဆိုတော့ ၅ရက် လောက်တော့ ရှိပါပြီ”

“သူ သွားဖြစ်တာ သေချာရဲ့လား၊ ကျွန်တော်တို့ အခုလာတာက သေဆုံးသူကို အတည်ပြုဖို့ပါ၊ ဦးခေါင်းမပါတဲ့ အလောင်းတစ်လောင်း တွေ့ခဲ့ပါတယ်၊ လက်ဗွေရာကို စစ်ကြည့်တော့ ဒေါ်ခိုင်မြတ်စုနဲ့ ကိုက်ညီကြောင်း တွေ့ရလို့ လာပြောတာပါ”

“မဖြစ်နိုင်ပါဘူးရှင်၊ သူ တကယ်သွားတာပါ၊ သူသွားတဲ့ အချိန်မှာ ကျွန်မတော့ မရှိပါဘူး၊ သူက e-mail ပို့ပြီး ခေါ်ခဲ့လို့ ကျွန်မရောက်လာ ရတာပါ၊ အိမ်က အဒေါ်ကြီးနဲ့ ကောင်မလေးတွေတော့ ကောင်းကောင်းသိတာပဲလေ”

“ဟုတ်ကဲ့ပါ ဒေါ်ခိုင်မြတ်စု နိုင်ငံခြား သွားမသွား ဆိုတာတော့ လေဆိပ် အဝင်အထွက် မှတ်တမ်းကို စစ်ကြည့်ရင် ကျွန်တော်တို့ သိမှာပါ၊ ဒါနဲ့ ဒေါ်လှိုင်မြတ်စုက ဒေါ်ခိုင်မြတ်စု သွားပြီးမှ ဒီကို ရောက်လာတယ် ဆိုတော့ မန်နေဂျာချုပ် ရာထူးကို ဘယ်လို လွှဲသွားတာလဲ”

“မမက ဒီကုမ္ဗဏီမှာ ရှယ်ယာ အများဆုံးပိုင်တာလေ၊ ဘာဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် အရေးကြီးရင် ကြီးသလို အစည်းအဝေး မခေါ်ပဲ ချခွင့်ရှိတယ်တဲ့၊ ကျန်တဲ့ ဒါရိုက်တာတွေ၊ ရှယ်ယာဝင် လူကြီးတွေကိုလည်း e-mail ပို့ပြီး အကြောင်းကြားခဲ့ပါတယ်၊ ဘယ်သူကမှလည်း ကန့်ကွက်မယ့်လူ မရှိခဲ့ဘူးလို့ ပြောပါတယ်”

“ဒေါ်ခိုင်မြတ်စု က ဘာကြောင့် အလောတကြီး နိုင်ငံခြားကို ထွက်သွားတာလဲ ဆိုတာ သိပါသလား”

“အလောတကြီးရယ်တော့ မဟုတ်ပါဘူး၊ မမမှာ အစီအစဉ် ရှိပြီးသားပါ”

“အစီအစဉ် ရှိတယ်ဆို ဘာဖြစ်လို့ ကုမ္ဗဏီအစည်းအဝေး ကျင်းပပြီး ရာထူးလွှဲအပ်တာတွေ ဘာတွေ လုပ်မသွားတာလဲ”

“သူက တမင် အဲဒီလို မျက်နှာစုံညီ ပြောမထွက်လို့ပါတဲ့”

“အခုလို အပြီး သွားနေရတဲ့ အကြောင်းရင်းကိုရော ဒေါ်လှိုင်မြတ်စု သိပါသလား”

“သူ့ကိုယ်ရေးကိုယ်တာ ကိစ္စပါ၊ ရှင်တို့ကိုတော့ ပြောပြလိုက်ပါ့မယ်၊ သူ့ချစ်သူက ဘာသာခြားတစ်ယောက် ဖြစ်နေတယ်၊ မွတ်စလင်လေ၊ အဲဒီတော့ သူက လက်မထပ်နိုင်ဘူး ဖြစ်နေတယ်။ ဖြတ်လည်း မဖြတ်နိုင်ဘူးလေ၊ ဒီမှာ နေနေရင် ပိုပြီး မဖြတ်နိုင် ဖြစ်နေမှာ စိုးလို့နဲ့ တူပါတယ်၊ တစ်ခြားမှာပဲ နေဖို့ ဆုံးဖြတ်လိုက်တာပေါ့၊ သူက ဟိုကပဲ ဘွဲ့ရခဲ့တာလေ၊ သူ့အတွက် နေရေးထိုင်ရေး၊ အလုပ်အကိုင်ကလည်း ပူစရာ မရှိပါဘူး၊ အဆင်သင့်ပါပဲ၊ အဲဒါကြောင့် သွားတာပါ”



“အခု ဒေါ်လှိုင်မြတ်စုက ဘယ်မှာ နေတာပါလဲ”

“ကျွန်မ မမအိမ်မှာပဲ နေတာပါ”

“ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ဒေါ်လှိုင်မြတ်စုတို့ အိမ်ကို ခဏသွားပြီး အိမ်ကလူတွေကို နည်းနည်း မေးချင်ပါတယ်၊ ဖုန်းဆက်ပေးထားရင် ကောင်းမယ်ထင်တယ်”

“ဟုတ်ကဲ့ ကျွန်မ ဖုန်းဆက်ထားလိုက်ပါမယ်”



“ဒေါ်လှိုင်မြတ်စု အနေနဲ့အပန်းမကြီးဘူးဆိုရင် ဒေါ်ခိုင်မြတ်စု လို့ ထင်ရတဲ့ အလောင်းကို သွားပြီး အတည်ပြုပေးနိုင်မလား မသိဘူးနော်၊ ဟုတ်ရင်လည်း ဟုတ်တယ်၊ မဟုတ်ရင်လည်း မဟုတ်ဘူး ပေါ့နော်”



စိမ်းဝတီသည် အလောင်း စစ်ဆေးရန်အတွက် မှုခင်းနှင့် ပတ်သက်သော အလောင်းများကို သီးသန့်ထားသော ရေခဲတိုက်သို့ သွားရန်ပြောပြီး ဒေါက်တာဇလပ်ဖြူ ဆီသို့ ညွှန်ပေးလိုက်သည်။

*****



စိမ်းဝတီနှင့် ရဲစွမ်းနိုင် တို့သည် ဒေါ်လှိုင်မြတ်စု ပေးလိုက်သော လိပ်စာအတိုင်း သူ့အိမ်သို့ သွားခဲ့ကြသည်။ ခန့်ညားလှပသော အပြာရောင် နှစ်ထပ်တိုက်ကြီးက ကျယ်ဝန်းသော ခြံကြီးအလယ်တွင် ထီးထီးတည်ရှိနေသည်။ တိုက်ကြီးက ကြီးသလောက် အိမ်တွင် အိမ်ထောင်ထိန်း အဒေါ်ကြီး ဒေါ်သိန်းသိန်း၊ အိမ်အကူ နော်ဖော နှင့် ဝေဝေ တို့သာ ရှိသည်။ ဒေါ်ခိုင်မြတ်စုသည် အပျိုကြီး ဖြစ်သည်။ မိဘများမှာ လွန်ခဲ့သော သုံးနှစ်ကပင် ကားတိုက်မှု ဖြစ်၍ ဆုံးပါးသွားကြပြီ ဖြစ်ကြောင်း သိရသည်။ ဒေါ်သိန်းသိန်းမှာ မိဘများ လက်ထက်ကတည်းက ဆွေမျိုးလို နေလာခဲ့သူ ဖြစ်သည်။ သို့သော် ဒေါ်ခိုင်မြတ်စုသည် စကားနည်းသူ ဖြစ်ပြီး သီးသန့် နေတတ်သူ ဖြစ်သောကြောင့် အရမ်းကြီး ရင်းနှီးကျွမ်းဝင်ခြင်း မရှိဟု ဆိုသည်။



“ဒေါ်ခိုင်မြတ်စု နိုင်ငံခြား ထွက်သွားတဲ့ အချိန်မှာ ဒေါ်ကြီး ရှိနေတယ်ပေါ့နော်၊ အဲဒီတုန်းက သူ့ပုံစံက တစ်ခုခု ထူးခြားတာများ သတိထားမိသလား ဟင်”

“ပုံစံက ထူးခြားတာ မထူးခြားတာတော့ မသိပါဘူးကွယ်၊ ဆိုင်းမဆင့် ဗုံမဆင့် သွားမယ်ဆိုပြီး ထသွားလိုက်တာပဲ၊ သွားကာနီးလည်း ဘာတွေ ရှုပ်နေမှန်းမသိပါဘူး၊ မျက်နှာချင်းတောင် ကောင်းကောင်း မဆိုင်လိုက်ရပါဘူးကွယ်။ လှိုင်မြတ်စု လာနေမယ်လို့ ပြောသွားတယ်၊ ဒေါ်ကြီးကဖြင့် ခါတိုင်းလို ခဏသွားတယ်ပဲ ထင်တယ်၊ နောက်တော့မှ အပြီးသွားနေတာတဲ့ကွယ်”

“ဒီအိမ်နဲ့ခြံကို ဘယ်သူပိုင်တာလဲ ဒေါ်ကြီး”

“သူတို့ညီအစ်မရဲ့ ဘိုးဘွားပိုင်ပဲလေ၊ ဒါပေမယ့် ဒေါ်ကြီး ပြောသင့်လားတော့ မသိဘူး၊ လှိုင်မြတ်စုက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကတည်းက နိုင်ငံရေး လုပ်ပြီး အဖမ်းခံရမှာ စိုးတာနဲ့ ထွက်ပြေးနေခဲ့တာ၊ မိဘတွေကလည်း အဲဒါတွေ လုပ်လို့ အမွေပြတ်စွန့်ခဲ့တယ်၊ သူတို့ မိဘတွေ မဆုံးပါးခင်ကတည်းက ခိုင်မြတ်စုကိုပဲ တိုက်ရော ခြံရော အမွေတွေ အားလုံးလွဲထားတယ်။ လှိုင်မြတ်စုကတော့ တက္ကသိုလ် စတက်တဲ့ နှစ်မှာပဲ အိမ်က ဆင်းသွားပြီး ခုမှ ပြန်ရောက်လာတာပဲ၊ ခိုင်မြတ်စုက သူ့ကို လွှဲသွားတယ် ဆိုတော့ သူတို့ချင်း အရင်ကတည်းက အဆက်အသွယ် ရှိကြသလားတော့ မသိဘူးပေါ့လေ”

“ဒေါ်ခိုင်မြတ်စု သွားပြီး ဘယ်နှရက်လောက်ကြာမှ ဒေါ်လှိုင်မြတ်စု ရောက်လာတာလဲ”

“၂ ရက်ပါ”

“ဘယ်ကနေ လာတယ်လို့ ပြောသလဲဟင်”

“ထိုင်းနိုင်ငံကနေ လေယာဉ်နဲ့ လာတယ်လို့ ပြောတာပဲ သူ့အစ်မဆီက internet ကပို့တဲ့စာ ရရခြင်း လာတာပဲတဲ့”

“သူတို့ ညီအစ်မက အမြွှာနော်၊ ဒေါ်ကြီးတို့ ဘာနဲ့ ခွဲကြသလဲ”

“လှိုင်မြတ်စု ရဲ့ ကျောပေါ်မှာ အမှတ်တစ်ခု ရှိတယ်လေ၊ ငယ်ငယ်ကတော့ ဝတ်ပုံစားပုံက မတူဘူး၊ ခိုင်က မိန်းကလေးဆန်တယ်၊ လှိုင်က ယောက်ျားလေးလို ဝတ်လေ့ရှိတယ်၊ အဲဒီတော့ ခွဲရလွယ်တယ်လေ၊ သူတို့က ဘယ်တော့မှ ဆင်တူ မဝတ်ဘူး”

“အဲဒီတော့ ပုံမှန်ဆိုရင်တော့ ခွဲဖို့ မလွယ်ဘူးပေါ့နော်”

“အင်း ဟုတ်တယ်”

“ကျေးဇူးပါပဲ ဒေါ်ကြီး နောက်သိချင်တာ ရှိမှ လာမေးပါဦးမယ်”



ထို့နောက် အိမ်မှ ကောင်မလေး နှစ်ယောက်ကို မေးမြန်းကြည့်သောအခါမှာလည်း ထူးထူးခြားခြား ဘာမှ ပိုမသိရပါ။ စိမ်းတို့ ပြန်သောအခါ အဒေါ်ကြီးက ခြံထဲအထိ လိုက်ပို့သည်။ ခြံထဲမှ အလှစိုက်ပန်းပင်လေးများက ညှိုးနေသည်။

“ဒေါ်ကြီးတို့ မာလီက အပင်တွေ ရေမလောင်းဘူးထင်တယ်၊ နေရှိန်ပြင်းတော့ ညှိုးတောင်နေပြီ”

ရဲစွမ်းနိုင်က အမှတ်တမဲ့ ပြောလိုက်သည်။

“ဟုတ်တယ် ဦးအေး ရှိတုန်းကဆို အပင်တွေကို သိပ်ဂရုစိုက်တာ၊ အခု အသစ်ခန့်ထားတဲ့ လူကတော့ ခြံစောင့်ရုံလောက်ပဲ ရတယ်ကွယ်”

“အရင်လူက ဘာဖြစ်လို့ ထွက်သွားတာလဲ ဒေါ်ကြီးရဲ့”

“မသိပါဘူး၊ အဲဒါလည်း ထူးဆန်းတာပဲ၊ သူလည်း ဒီမှာ မိသားစု လိုပဲ နေလာတာ ကြာပြီကို၊ ရုတ်တရက် သမီးဆီ ပြန်နေတော့မယ် ဆိုပြီး ပြန်သွားတာ၊ မခိုင် မသွားခင်လေးပါပဲ၊ ဒေါ်ကြီးတို့တောင် နှုတ်မဆက်သွားဘူး၊ မခိုင် ပြောမှပဲ သိရတယ်”

“သြော်”

“ဘာတွေ ဖြစ်နေမှန်းကို မသိပါဘူးကွယ်၊ ခြံစောင့်အပြင် မခိုင်ရဲ့ဒရိုင်ဘာကလည်း မခိုင်မရှိတော့ရင် အလုပ်မလုပ်တော့ဘူး ဆိုပြီး ထွက်သွားလို့ မလှိုင်က နောက်အသစ်တစ်ယောက် ထပ်ခန့်ထားရတာ”

“သြော်၊ ဒါနဲ့ ဒေါ်ခိုင်မြတ်စုကို လေဆိပ် လိုက်ပို့တာက ဘယ်သူ..”

“လူဟောင်းလေ၊ သူလိုက်ပို့ခဲ့တာ၊ အထဲကို ဝင်သွားတာ ကြည့်ပြီးမှ ပြန်ခဲ့တာလို့ ပြောတယ်၊ သူလည်း မခိုင်သွားလို့ တော်တော် စိတ်မကောင်း ဖြစ်နေတာ၊ သူ့သားက လာနေပါလို့ ခေါ်နေတာကိုတောင် မခိုင်ကို တစ်ခြား ဒရိုင်ဘာနဲ့ စိတ်မချဘူး ဆိုပြီး မောင်းပေးနေတာလေ၊ မခိုင် မရှိတော့ အလုပ်ထွက်သွားတာပေါ့”

“သြော် ဟုတ်ကဲ့၊ ခုလို ပြောပြပါ ကျေးဇူးပဲ ဒေါ်ကြီး”



ဒေါ်ခိုင်မြတ်စု၊ ဒေါ်လှိုင်မြတ်စု တို့ အိမ်မှ စိမ်းဝတီ နှင့် ရဲစွမ်းနိုင်တို့ ပြန်လာခဲ့ကြသည်။ နိုင်ငံခြားသို့ အပြီးထွက်သွားသော အမျိုးသမီးတစ်ယောက်၏ လက်ဗွေရာက သေဆုံးသူ၏ လက်ဗွေရာနှင့် တူနေခြင်းသည် ဘယ်လို အကြောင်းကြောင့်ပါနည်း။ တစ်ခုခုတော့ မှားနေပြီ ထင်သည်။ ဒေါ်ခိုင်မြတ်စုသည် နိုင်ငံခြားသို့ ထွက်မသွားခင် အသတ်ခံခဲ့ရခြင်းလား။ တကယ်ပဲ လန်ဒန်မြို့သို့ ထွက်ခွာသွားခဲ့သလား ဆိုသည်ကို သေချာအောင် အရင် လုပ်ရမည် ဖြစ်လေသည်။

*****

(၃)

စိမ်းဝတီနှင့် စွမ်းနိုင်သည် လေဆိပ်အဝင်အထွက် မှတ်တမ်းကို စစ်ဆေးရန် လေဆိပ်သို့ ကိုယ်တိုင်ပဲ သွားလိုက်ကြသည်။ ဒေါ်ခိုင်မြတ်စုသည် ထိုနေ့တွင် အမှန်တကယ်ပဲ ပြည်ပသို့ ထွက်ခွာသွားခဲ့ပါသည်။ သူမကို ပတ်စ်ပို့နှင့် တိုက်ဆိုင်စစ်ဆေးခဲ့သော ဝန်ထမ်းကိုယ်တိုင်က မှတ်မိသိရှိနေခဲ့သည်။ ဒေါ်ခိုင်မြတ်စုသည် ထိုင်း၊ စင်ကာပူ၊ ဂျပန် စသည့် နိုင်ငံများသို့ မကြာခဏ ဆိုသလို သွားနေကျ ဖြစ်နေသောကြောင့်ပင်။ ထိုနေ့က ဒေါ်ခိုင်မြတ်စု လိုက်ပါသွားသော ရန်ကုန်-ဘန်ကောက် လေယာဉ်ကို စစ်ဆေးကြည့်သော အခါ၌လည်း ထိုလေယာဉ်ပေါ်တွင် ဒေါ်ခိုင်မြတ်စု၏ ခုံနံပါတ်သည် အလွတ်ဖြစ်မနေပါ။ လိုက်ပါသွားသည်မှာ သေချာသည်။ ဒေါ်ခိုင်မြတ်စုသည် လန်ဒန်သို့ သွားသည် ဆိုသော်လည်း လန်ဒန်အထိ လက်မှတ်ကို မပြခဲ့ပါ။ ရန်ကုန်-ဘန်ကောက် လက်မှတ်ကိုသာ ပြခဲ့ပါသည်။ သတ်သတ်စီ ဝယ်ထားခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လန်ဒန် ရောက်သည် မရောက်သည်မှာ မသေချာသော်လည်း ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်ကတော့ သေချာနေသည်။



“ဘယ်လိုလဲ စွမ်းရေ၊ မင်းရဲ့ Fingerprint Program များ မှားနေသလား၊ ဒေါ်ခိုင်မြတ်စု ဆိုတဲ့ အမျိုးသမီးကတော့ သေဆုံးသူ မဟုတ်နိုင်ဘူးနဲ့ တူတယ်နော်”

“ဟာ ဘယ်နှယ့် စိမ်းရာ၊ အဲဒီ Program က ဘယ်တုန်းကမှ မမှားဖူးဘူး၊ ၉၈.၇  ရာခိုင်နှုန်းတောင် မှန်တဲ့လူက မသေချာပဲ နေပါ့မလား၊ တစ်ခုခုတော့ လွဲနေတယ်၊ ဒေါ်ခိုင်မြတ်စုက ထွက်သွားပြီးမှ ပြန်ဝင်လာတာများလား”

“အင်း၊ ဟုတ်တယ် ငါတို့ မေ့တော့မလို့၊ အထွက်စာရင်းပဲ စစ်ရသေးတာ၊ အဝင် မစစ်ရသေးရသေးဘူး၊ နောက်တစ်ရက်ကစပြီး အဝင်စာရင်း သွားပြန်စစ်ရအောင်”

“ဟုတ်”



သို့သော် ဒေါ်ခိုင်မြတ်စုသည် ထွက်ခွာပြီးကတည်းက ပြန်ဝင်မလာခဲ့ပါ။ သေချာသည်ကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်ဝင်မလာခဲ့ပါ။ ၂၄ရက်နေ့ အဝင်စာရင်းတွင် ဒေါ်လှိုင်မြတ်စုကို တွေ့ရသည်။ ထိုင်းနိုင်ငံမှ လာခြင်း ဖြစ်သည်။ ၂၂ရက်နေ့တွင် ဒေါ်ခိုင်မြတ်စုက ထွက်ခွာသွားပြီး ၂၄ရက်နေ့တွင် ဒေါ်လှိုင်မြတ်စု ဝင်ရောက်လာသည်။ ဒေါ်လှိုင်မြတ်စု သည်လည်း မြန်မာနိုင်ငံသား ပတ်စ်ပို့ကိုပင် ကိုင်ဆောင်သူ ဖြစ်သည်။



အကြောင်းမထူးသည်နှင့် နှစ်ယောက်သား ဌာနသို့ ပြန်လာခဲ့ကြသည်။ ဌာနကို ရောက်တော့ နွယ်နီနိုင်နှင့် ထက်အာကာလည်း ရှိနေသည်။ လူသတ်မှုနှင့် ပတ်သက်ပြီး ရရှိထားသော အချက်အလက်များကို ပြန်လည် သုံးသပ် ကြည့်ကြသည်။ လူသတ်တရားခံ နှင့် ပတ်သက်ပြီး သဲလွန်စကတော့ တစ်စုံတစ်ရာမှ ရှိမနေပါ။

“အဲတော့ ဒေါ်ခိုင်မြတ်စုကိုလည်း သေသူလို့ အတည်ပြုလို့ မရဘူးပေါ့”

ထက်အာကာက မေးသည်။

“နေဦး အဲလို ပြောဖို့က အရေးကြီးတာ တစ်ခု ရှိသေးတယ်၊ ဒေါ်လှိုင်မြတ်စုကို အတည်ပြုခိုင်းထားတာ ရှိသေးတယ်၊ မဖြူ ဆီလွှတ်လိုက်တယ်၊ သူ ပြပေးလိုက်လိမ့်မယ်၊ ဖုန်းဆက်လိုက်ဦးမယ်”



စိမ်းဝတီက ပြောပြောဆိုဆို ဒေါက်တာဇလပ်ဖြူဆီသို့ ဖုန်းဆက်လိုက်သည်။

“မဖြူ ခုနက သေသူရဲ့ ညီမလို့ ထင်ရတဲ့သူကို လွှတ်လိုက်တယ်၊ လာသလား ဟင်”

“အင်း လာသွားတယ်၊ ကိုယ်လုံးကို ကြည့်ရတာတော့ သူ့အမြွှာအစ်မ လုံးဝ မဟုတ်ပါဘူးလို့ အခိုင်အမာ ငြင်းသွားတယ်”

“သြော် အဲလိုလား၊ ကျေးဇူးပဲ မဖြူ”



“ခုတော့ မဟုတ်ဘူးဆိုတာ သေချာသွားပြီပေါ့”

ရဲစွမ်းနိုင်က ပြောလိုက်သည်။

“နေဦး စွမ်း၊ ဒေါ်လှိုင်မြတ်စုက အမြွှာညီမအရင်း ဆိုပေမယ့် အဝေးကြီးမှာနေတာ၊ အဆက်အသွယ်ရှိတယ် ဆိုပေမယ့် အတူတူနေတဲ့သူမှ မဟုတ်တာ၊ သူက ဟုတ်တယ် မဟုတ်ဖူး ပြောတာကို ယုံလို့ ရပါ့မလား၊ အိမ်မှာ အတူနေတဲ့ အဒေါ်ကြီးကို ကြည့်ခိုင်းသင့်တာ မဟုတ်လား”

“ဟုတ်တာပေါ့ စိမ်း၊ အဒေါ်ကြီးကမှ ပိုသိမယ် ထင်တယ်၊ ပြီးရင် ကျွန်တော်ပဲ သွားခေါ်ပြီး လိုက်ပို့လိုက်မယ်လေ”

စွမ်းနိုင်က ထောက်ခံသည်။

“အင်း ကောင်းတယ်၊ လူကြီး ဆိုတော့ သွားတတ်မှာ မဟုတ်ဘူး”



“ပြီးတော့ နိုင်ငံခြား အပြီးထွက်သွားရတဲ့ အကြောင်းရင်းက ခိုင်လုံရဲ့လား ဆိုတာလည်း သိဖို့ လိုသေးတယ်”

“ဟုတ်တယ် စိမ်း၊ ဒေါ်လှိုင်မြတ်စု ပြောလိုက်တဲ့ ဒေါ်ခိုင်မြတ်စုရဲ့ ချစ်သူ ဆိုတဲ့လူကိုလည်း မေးဖို့ လိုမယ် ထင်တယ်”

နွယ်နီက ပြောသည်။

“ဟုတ်တယ်၊ အဲဒီလူနဲ့ ပတ်သက်ပြီး နွယ်နီနဲ့ ထက် နဲ့ပဲ သွားစုံစမ်းလိုက်ပါ၊ ငါက ဒေါ်လှိုင်မြတ်စု အကြောင်း နည်းနည်း စုံစမ်းလိုက်ဦးမယ်”

*****



စိမ်းဝတီသည် တစ်ဖက်နိုင်ငံ နယ်စပ်တွင် ရောက်ရှိနေသော နေထွဋ်နှင့် နယ်ခံ အဆက်အသွယ် တစ်ယောက်ကို ဆက်သွယ်၍ ဒေါ်လှိုင်စုမြတ်အကြောင်း စုံစမ်းပေးရန် မေတ္တာရပ်ခံလိုက်သည်။ နယ်စပ်ဂိတ် အဝင်အထွက် များကိုပါ စစ်ဆေးပေးရန် ပြောလိုက်သည်။ ဘာကြောင့်မှန်းမသိ၊ အထောက်အထားလည်း မရှိသော်လည်း စိမ်းဝတီ စိတ်ထဲတွင် ဒေါ်လှိုင်စုမြတ်ကို သင်္ကာမကင်း ဖြစ်နေမိသည်။



စိမ်းဝတီသည် အထူးတလည် လုပ်စရာ မရှိသည်နှင့် ကွန်ပျူတာရှေ့တွင် ထိုင်ပြီး ဒေါ်ခိုင်မြတ်စု၊ ဒေါ်လှိုင်မြတ်စုတို့နှင့် ပတ်သက်သည်များကို ရှာကြည့်လိုက်သည်။ ဒေါ်ခိုင်မြတ်စု ၏ KS Fashion ကုမ္ဗဏီသည် အာရှအထိပင် ပျံနှံစ ပြုပြီး နာမည်ကောင်း ရနေသော brand တစ်ခု ဖြစ်သည်။ ဒေါ်ခိုင်မြတ်စုသည် London မှ ဒီဇိုင်းပညာ ဒီပလိုမာဘွဲ့ ရရှိထားသူ ဖြစ်သည်။ သူကိုယ်တိုင်လည်း ဒီဇိုင်းရေးဆွဲလေ့ ရှိသည်။ ယခုအချိန်အထိ ချစ်သူရည်စား မထားပဲ တစ်ကိုယ်တည်း နေလာခဲ့သူ ဖြစ်သည်။ သူမသည် ကျန်းမာရေး လိုက်စားသူလည်း ဖြစ်သည်။ အိမ်တွင် လမ်းလျှောက်စက်ဖြင့် နေ့စဉ် လျှောက်လေ့ ရှိပြီး လေ့ကျင့်ခန်း ပုံမှန် လုပ်လေ့ရှိကြောင်း မေးမြန်းခန်း တစ်ခုတွင် ဖော်ပြထားသည်။



ဒေါ်လှိုင်မြတ်နွယ်နှင့် ပတ်သက်၍တော့ အင်တာနက်ပေါ်တွင် ဘာမှ မရှိ။ သူမ၏ ခပ်ဝေးဝေးမှ ဓါတ်ပုံကို ဖော်ပြထားသော Facebook page တစ်ခု ရှိသည်။ သူမသည် ထိုင်းနိုင်ငံ တက္ကသိုလ်တစ်ခုမှ နိုင်ငံရေးသိပ္ဗံ အဓိကဖြင့် မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။ သူမ၏ စာမျက်နှာတွင် နိုင်ငံရေးနှင့် ပတ်သက်သော သတင်းများကို အများဆုံး တင်ထားသည်။ သူမသည် အိမ်မှ ဆင်းသွားကတည်းက နယ်စပ်ရှိ စခန်းတစ်ခုတွင် နေထိုင်ခဲ့ပုံရသည်။ သူမတွင် အတူနေ ချစ်သူ ရှိသည်။



ခဏကြာတော့ ရဲစွမ်းနိုင် ပြန်ရောက်လာသည်။

“အဒေါ်ကြီးက ဘာပြောလဲ”

စိမ်းက အလောတကြီး မေးလိုက်သည်။ စိမ်း စိတ်ထဲတွင် သေသူသည် ဒေါ်ခိုင်မြတ်စု ဖြစ်ရမည်ဟု ထင်နေသည်။

“အလောင်းက ရေခဲထားပြီးမှ ပြန်ပွနေတာဆိုတော့ အဒေါ်ကြီးက သေချာတော့ မပြောနိုင်ပေမယ့် ဒေါ်ခိုင်မြတ်စု ဖြစ်နိုင်တယ် လို့ ပြောတယ်၊ ပုံသဏ္ဍန်အချိုးအစားကလည်း တူတယ်တဲ့၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက ချော်လဲလို့ ခိုက်မိထားတဲ့ ဒဏ်ရာက အမာရွတ်ကိုလည်း ဘယ်ဘက် ဒူးမှာ တွေ့တယ် လို့ ပြောတယ်”

“ဟင် ဟုတ်လား၊ ဒါဆိုရင်တော့ သေချာပါတယ်၊ သေသူက ဒေါ်ခိုင်မြတ်စုပါ”

“သေသူက ဒေါ်ခိုင်မြတ်စု ဆိုရင် နိုင်ငံခြားကို ထွက်သွားတာက ဘယ်သူလဲ၊ သူနိုင်ငံခြား ထွက်တဲ့ အချိန်မှာ တကယ်တော့ သေပြီးနေပြီ မဟုတ်လား”

စွမ်းနိုင်က ပြောသည်။ စိမ်းက

“ဟုတ်တယ်လေ၊ နိုင်ငံခြားကို ထွက်သွားတာက ဒေါ်လှိုင်မြတ်စုလည်း ဖြစ်နိုင်တာပဲ၊ သူတို့နှစ်ယောက်က အမြွှာပဲ ပုံစံပြောင်းလိုက်ရင် ရပြီပဲဟာ..”



စိမ်းတို့နှစ်ယောက် ပြောဆိုဆွေးနွေး နေဆဲမှာပင် နွယ်နီနိုင်နှင့် ထက်အာကာတို့ ပြန်လာကြသည်။

“ဒေါ်ခိုင်စုမြတ်နဲ့ ချစ်နေကြတယ် ဆိုပြီး ရင်းနှီးတဲ့လူတွေ သိနေကြတာက MM Mart ပိုင်ရှင် ဦးမြင့်မြတ်တိုးပါ၊ သူနဲ့ကျွန်တော်တို့ သွားတွေ့ခဲ့တယ်”

“ဒေါ်ခိုင်မြတ်စုနဲ့ ပတ်သက်ပြီး ဘာတွေ ပြောသေးလဲ”

“သူတို့နှစ်ယောက် ခင်မင်ခဲ့ကြတာ သုံးနှစ်လောက် ရှိပြီတဲ့၊ သူက ဒေါ်ခိုင်မြတ်စုကို လက်ထပ်ခွင့် တောင်းခဲ့ဖူးပေမယ့် ဒေါ်ခိုင်မြတ်စုက ပြတ်ပြတ်သားသား ငြင်းခဲ့တယ်တဲ့၊ အဲဒီနောက် သူတို့နှစ်ယောက်က မိတ်ဆွေရင်းတွေလိုပဲ ဆက်ပြီး ခင်ခဲ့ကြတာ ကြာပြီတဲ့။ နှစ်ယောက်လုံး ခုထက်ထိ လက်မထပ်သေးပဲ ဖြူဖြူစင်စင် ဆက်ခင်နေတာပါတဲ့၊ အခု လောလောဆယ်မှာလည်း ဘာပြဿနာမှ မရှိပါဘူးတဲ့၊ နိုင်ငံခြား သွားမယ့်အကြောင်းလည်း သူ့ကို ဘာမှ ကြိုမပြောပဲ sms message တစ်စောင်ပဲ ပို့ခဲ့တာတဲ့၊ သူက message တွေ ထပ်ပို့ပေမယ့် တစ်စောင်မှ မပြန်တော့ဘူးတဲ့၊ သွားတုန်းကလည်း သေချာမသိလို့ လိုက်မပို့လိုက်ရဘူးတဲ့၊ သူက e-mail တွေ ပို့ထားပေမယ့်လည်း မပြန်ဘူးတဲ့၊ သူလည်း တော်တော်ကို အံ့သြနေတယ် လို့ ပြောပါတယ်”

“အင်း၊ ဘယ် စာပြန်တော့မလဲ၊ အဲဒီ mail တွေ ပို့တဲ့အချိန်မှာ ဒေါ်ခိုင်မြတ်စုက သေနေပြီလေ”

စိမ်းက ပြောလိုက်သည်။



အခြေအနေများအရ သေသူသည် ဒေါ်ခိုင်မြတ်စု ဖြစ်နိုင်ကြောင်း သုံးသပ်ပြလိုက်သည်။ အိမ်တွင် အတူနေအဒေါ်ကြီးက သေသူ၏ အမာရွတ်ကို မှတ်မိပုံ၊ ကိုယ်ခန္ဓာ အချိုးအစား တူတယ်ပြောပုံကိုပါ ပြောပြလိုက်သည်။ ထို့ပြင် ဒေါ်ခိုင်မြတ်စုတို့ အိမ်က ခြံစောင့်နှင့် ကားမောင်းသမား ထွက်သွားသည်ကိုပါ သတိရပြီး ပြောမိသည်။



“ဒီလို မဖြစ်နိုင်ဘူးလား၊ ဒေါ်လှိုင်မြတ်စုက သူပြောတဲ့ အချိန်မတိုင်ခင်ကတည်းက ရောက်လာခဲ့ပြီး သူ့အစ်မကို သတ်ခဲ့တယ်၊ ဘယ်မှ ပစ်ဖို့ အခွင့်အရေး မရသေးတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားတယ်၊ နောက်တော့ သူ့အစ်မ အနေနဲ့ လေဆိပ်ကနေ ထွက်သွားတယ်၊ နောက် ၂ရက်ကြာမှ သူကိုယ်တိုင်အနေနဲ့ အတည်အလင်း ပြန်ဝင်လာတယ်”



“စိမ်း စိတ်ကူးယဉ် လွန်းနေပြီ မဟုတ်လား၊ ညီအစ်မ အရင်းကြီးကို သတ်ပစ်တယ် ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်တယ်၊ နောက်ပြီး သူ့အစ်မ အနေနဲ့ ထွက်တာတို့ ပြန်ဝင်လာတာ တို့က စိတ်ကူးယဉ် ဆန်လွန်းတယ်၊ သက်သေလည်း မရှိဘူး မဟုတ်လား”

နွယ်နီနိုင်ကပြောသည်။



“အင်း”

စိမ်းက သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“သက်သေတော့ မရှိဘူးပေါ့၊ ငါတော့ အဲလိုပဲ ထင်နေတယ်၊ ရှာရမှာပေါ့.. သက်သေကို”

“ငါက ဒေါ်ခိုင်မြတ်စုတို့ အိမ်က အလုပ်ထွက်သွားတယ် ဆိုတဲ့ ခြံစောင့်ကို တွေ့အောင်ရှာပြီး ဘာဖြစ်လို့ ထွက်သလဲ ဆိုတာ နည်းနည်း မေးကြည့်မယ်၊ ထက်က ဒရိုင်ဘာကို တွေ့အောင် ရှာပြီးမေး၊ လေဆိပ်သွားတဲ့ နေ့က ဘာတွေ ထူးခြားလဲ ဆိုတာ၊ နွယ်နီနဲ့ စွမ်းက ဒေါ်ခိုင်မြတ်စု အသတ်ခံရတဲ့ ရက်ပိုင်းလောက်က သူတို့အိမ်နဲ့ အနီးတဝိုက် မီးပွိုင့်တွေက CCTV တွေကို အကုန်စစ်ကြည့်ပါ၊ ပြီးတော့ နယ်စပ်ဂိတ်တွေက အဝင်အထွက်ကို မေးထားတာ ဖက်စ် ထိုးရင် သေချာ ယူထားလိုက်ဦးနော်၊ ဌာနက mail ထဲကို ပို့ချင်လည်း ပို့လိမ့်မယ် စစ်ထားလိုက်ပေါ့”



ရဲစွမ်းနိုင်က စိမ်းနှင့် အမြင်တူသည်။ လက်ဗွေ စစ်ချက်ကို ယုံကြည်ပြီး သေသူသည် ဒေါ်ခိုင်မြတ်စု ဖြစ်ရမည်ဟု သူက ယုံသည်။ ဒေါ်လှိုင်မြတ်စုကိုလည်း သင်္ကာမကင်း ရှိသည်။ နွယ်နီနိုင်နှင့် ထက်အာကာကတော့ ဘာမှ ရေရေရာရာ မဝေခွဲနိုင်။ ညီအစ်မချင်း သတ်တာတော့ မဖြစ်နိုင်ဟု သူတို့က ယုံကြည်နေသည်။

*****

(၄)

စိမ်းသည် ဒေါ်ခိုင်မြတ်စုတို့အိမ်မှ အလုပ်ထွက်သွားခဲ့သော ခြံစောင့်ကြီး ဦးမြအေးကို ရှာတွေ့ခဲ့သည်။ အသက် ၅၅နှစ်ခန့်၊ သန်သန်မာမာနှင့် ရိုးသားပုံပေါက်သည်။ သမီးဖြစ်သူ မိသားစုနှင့် အတူတူ နေနေသည်။ ပထမတော့ သူက ဘာမှမပြောပါ။ ဘာအကြောင်းကြောင့် အလုပ်ထွက်ခဲ့သလဲ ဟု မေးသောအခါ သူ့သမီးက လာနေဖို့ ခေါ်သောကြောင့် အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟုသာ ပြောသည်။ ဒေါ်ခိုင်မြတ်စု အသတ်ခံရကြောင်း၊ အလုပ်မထွက်ခင်အချိန်က ထူးခြားမှုတစ်ခုခု ရှိခဲ့လျှင်ပြောပြဖို့ ပြောသောအခါမှ သူက သူ့ကို ဒေါ်ခိုင်မြတ်စုက လျှော်ကြေး ပိုက်ဆံပြီး အလုပ်ထွက်ခိုင်းခဲ့ကြောင်း ပြောပြတော့သည်။



“အဲဒီနေ့က မနက်စောစောစီးစီး ဧည့်သည်တစ်ယောက် ရောက်လာပါတယ်။ ကျုပ်က ထုံးစံအတိုင်း မေးတာကိုပဲ သူက မကြိုက်သလိုလိုနဲ့၊ နောက်တော့မှ အဲဒီ ဧည့်သည်က ကျုပ်တို့ မမလေး ခိုင်မြတ်စုရဲ့ ညီမမှန်း သိသွားလို့ ဖွင့်ပေးလိုက်တယ်လေ၊ အဲဒီနေ့က မမလေးက ကုမ္ဗဏီလည်း မသွားဘူး၊ နေ့လည်လောက်ကျတော့ ကျူပ်ကို အလုပ်ထွက်တော့လို့ ပြောတယ်၊ သူ့ညီမကို ကျုပ်က ချက်ချင်း ဝင်ခွင့်မပေးတာကိုများ စိတ်ခုသွားသလား မသိပါဘူး။ ကျုပ်လည်း ဘယ်သိပါ့မလဲ၊ သူ့ညီမက ကျုပ်အလုပ်ဝင်ကတည်းက အဲဒီအိမ်မှာ ရှိမှ မရှိတာကို၊ ပိုက်ဆံတော့ သုံးလစာ မက အများကြီးပေးလိုက်ပါတယ်၊ ကျုပ်ကို ဘယ်တော့မှ အဲဒီခြံနား မလာနဲ့လို့ ပြောလိုက်တယ်၊ နောက်တစ်နေ့ မနက်ပဲ ထွက်လာခဲ့ပါတယ်။ ကျုပ်ကို ထုတ်လိုက်တယ်လို့လည်း ဘယ်သူ့ကိုမှ မပြောပါနဲ့တဲ့။ ကျုပ်စိုက်ထားတဲ့ ပန်းပင်လေးတွေတော့ ထားခဲ့ရမှာ နှမြောသား၊ ဒါပေမယ့် ဘယ်တတ်နိုင်မလဲဗျာ၊ အိမ်ရှင်က မနေစေချင်မှတော့ ထွက်ခဲ့ရတာပေါ့”



“ဦးလေးကို အလုပ်ထွက်ဖို့ ပြောတာ ဒေါ်ခိုင်မြတ်စုလား၊ ဒေါ်လှိုင်မြတ်စုလား”

“ခိုင်မြတ်စု ပဲ ထင်တာပါပဲ၊ အဲလိုပဲ အိမ်နေရင်း ဝမ်းဆက်ကလေး ဝတ်ထားတာပဲ၊ ဦးလေးကို အလုပ်ထွက်ဖို့ ပိုင်ပိုင်နိုင်နိုင်ပြောတာ ခိုင်မြတ်စု မဟုတ်ရင် ဘယ်သူ ဖြစ်မလဲ၊ အသံက နည်းနည်းတော့မာတယ်၊ အရင်က တစ်ခါမှတော့ အဲလို မပြောဖူးဘူး”

“ဟုတ်ကဲ့ပါ ဦးလေး၊ တကယ်လို့ လိုအပ်လာရင် အဲဒီနေ့က ဒေါ်ခိုင်မြတ်စုရဲ့ ညီမ ဒေါ်လှိုင်မြတ်စု လာတယ် ဆိုတာကိုတော့ ဦးလေး ပြောပြပေးနိုင်တယ် မဟုတ်လား”

“ပြောနိုင်ပါတယ်၊ ဦးလေးက မသိလို့ မေးမြန်းပြီး စောင့်ခိုင်းမိတာ အားနာနေတာ၊ တကယ်တော့ သူလည်း ဒီအိမ်က အိမ်ရှင်ပဲလေ၊ သူ့ကို အဲလို လုပ်တော့ စိတ်ဆိုးသွားတယ် ထင်တယ်ကွယ်”



စိမ်းသည် ဦးမြအေးထံမှ အပြန်တွင် ညနေစောင်းနေလေပြီ။ ဦးမြအေး အိမ်ကို သိအောင် ရှာရသည်မှာ တနေကုန်ခဲ့သည်။ ဒေါ်လှိုင်မြတ်စုကို မေးချင်သည်များ ပေါ်လာသဖြင့် သူမကို ဖုန်းဆက်လိုက်တော့ ကုမ္ဗဏီမှာ မရှိတော့ပဲ အိမ်ပြန်ရောက်ပြီ ဆိုသဖြင့် အိမ်ကို လိုက်သွားလိုက်သည်။



“ဒေါ်လှိုင်မြတ်စု ဒီအိမ်ကို ဘယ်နေ့က ရောက်လာတာလဲ၊ ဒေါ်ခိုင်မြတ်စု နိုင်ငံခြားသွားပြီးမှ ရောက်လာတာလား၊ မသွားခင်က ရောက်လာတာလား ဆိုတာ သေချာအောင် ပြန်မေးကြည့်ချင်လို့ပါ”

စိမ်းက ပြောလိုက်သည်။

“မမ နိုင်ငံခြား သွားပြီးမှ ရောက်လာတာပါ၊ ၂၄ ရက်နေ့ပါ၊ မမက ကျွန်မ ရောက်လာအောင်ကို မစောင့်ပဲ ၂၂ ရက်နေ့ကတည်းက သွားခဲ့တာပါ”

“ဟုတ်ကဲ့ပါ”

စိမ်းက ယုံချင်ယောင် ဆောင်လိုက်သော်လည်း သူမ ညာနေတာကိုတော့ သေချာ သိသွားပြီ ဖြစ်သည်။ ခြံစောင့် ဦးမြအေးက သူမသည် ၂၀ ရက်နေ့ မနက်စောစော ရောက်လာကြောင်း သေချာ ပြောခဲ့ပြီးပြီ မဟုတ်ပါလား။



“သေသွားတဲ့ အလောင်းက မမ မဟုတ်တာ သေချာပါတယ်၊ မမ နိုင်ငံခြားမှာ ကောင်းကောင်းမွန်မွန်ရှိနေပါတယ်၊ မနေ့ညကပဲ ကျွန်မဆီ စာ (mail) ပို့ထားပါသေးတယ်”

“အဲဒီ mail လေး ကြည့်လို့ ရမလား မသိဘူးနော်”

“ရပါတယ် ခဏနော်”

ဒေါ်လှိုင်မြတ်စုက သူ့ ipad ကလေးကို ထုတ်ပြီး wireless ချိတ်ဆက်ကာ သူ့ e-mail ကို ဖွင့်ပြသည်။

စာမှာ ထူးထူးခြားခြား မဟုတ်ပါ။ သူမ အဆင်ပြေကြောင်း၊ လှိုင်မြတ်စုလည်း ဒီက အလုပ်မှာ အဆင်ပြေမယ် မျှော်လင့်တဲ့ အကြောင်း ဒါလောက်သာ ဖြစ်သည်။

ထိုအိမ်မှ စိမ်း ပြန်လာခဲ့သည်။ ဒေါ်လှိုင်မြတ်စု အပေါ် မသင်္ကာမှုက ပို၍တိုးလာလေသည်။

*****



နောက်တစ်နေ့မနက်မှာ အားလုံး ဆုံကြပြီး အမှုနှင့် ပတ်သက်၍ ဆွေးနွေးဖြစ်ကြသည်။



ထက်အာကာသည် ထိုအိမ်မှ အလုပ်ထွက်သွားသော ဒရိုင်ဘာ ဦးလေးကြီးနှင့် တွေ့ပြီး မေးခဲ့သည်။ ဒရိုင်ဘာကတော့ အလုပ်ထွက်ခိုင်း၍ ထွက်ခြင်း မဟုတ်ပဲ သူ့သဘောနှင့်သူ ထွက်သွားခြင်း ဖြစ်သည်။ ဒရိုင်ဘာက စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ဒေါ်လှိုင်မြတ်စု အတွက် အလုပ်လုပ်ပေးရမည်ကို သဘောမကျသောကြောင့် ထွက်သွားခြင်း ဖြစ်သည် ဟု သိရသည်။ ဒေါ်ခိုင်မြတ်စု သွားသောနေ့က သူပင် လိုက်ပို့ပေးခဲ့သည်။ သူမ လေဆိပ်အတွင်းဘက် ဝင်သည်အထိ စောင့်ကြည့်ခဲ့သည်ဟု သိရသည်။ သူ့အပြောအရတော့ ဒေါ်ခိုင်မြတ်စုက အခါတိုင်းထက်ပင် စကားနည်းနေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှ အပြီးထွက်ခွာမည် ဖြစ်သောကြောင့် စိတ်မကောင်းဖြစ်နေသည် ထင်သဖြင့် သူလည်း ဘာမှ မမေးခဲ့ကြောင်း သိရသည်။ ဘာဖြစ်လို့ သွားရသလဲဟု သူက စပ်စုသေးသော်လည်း သူမက ပြောမပြခဲ့ဟု သိရသည်။



စိမ်းကလည်း သူသိခဲ့သမျှကို ပြန်ပြောပြလိုက်သည်။ ခြံစောင့်ကြီး ဦးမြအေး ဆီမှ သိရသမျှနှင့် ဒေါ်လှိုင်မြတ်စုသည် ပထမတစ်ခေါက် အိမ်သို့ ရောက်ခဲ့ခြင်းကို လိမ်ထားသည့်အကြောင်း…။



“ဦးမြအေး ပြောတာ မှန်တယ်၊ ဒေါ်လှိုင်မြတ်စုက လိမ်ပြောတာပဲ” စွမ်းနိုင်က ပြောလိုက်သည်။

“ကျွန်တော်တို့ သူတို့ အိမ်ကို လာရမယ့် အနီးဆုံး လမ်းပေါ်က CCTV ကင်မရာတွေထဲက ပုံတွေကို လိုက်စစ်ပြီးပြီ၊ ဒေါ်လှိုင်မြတ်စု သို့မဟုတ် ဒေါ်ခိုင်မြတ်စုပေါ့၊ သူတို့က အမြွှာဆိုတော့ ကျိန်းသေတော့ မပြောနိုင်ဘူး ဆိုပေမယ့် တက္ကစီနဲ့ လာတာ ဆိုတော့ ဒေါ်ခိုင်မြတ်စု မဖြစ်နိုင်ပဲ ဒေါ်လှိုင်မြတ်စုပဲ ဖြစ်နိုင်တယ်၊ ဝတ်စားပုံကလည်း ရှပ်အင်္ကျီနဲ့ ခရီးဝေးက လာတဲ့ ပုံဆိုတော့ ဒေါ်လှိုင်မြတ်စု ဖြစ်တာ သေချာတယ်၊ အဲဒါ ၂၀ ရက်နေ့ကပဲ၊ ဒေါ်ခိုင်မြတ်စု အသတ်ခံရတယ်လို့ ယူဆရတဲ့ နေ့ကပဲ၊ သူတို့အိမ်ကို လာတဲ့ လမ်းပေါ်က CCTV နှစ်နေရာမှာ မျက်နှာ သေသေချာချာ တွေ့လိုက်ရတယ်”



“ကောင်းတယ်၊ အဲဒီ တက္ကစီ နံပါတ်ကိုရော မြင်ရသလား”

“တစ်နေရာမှာ မြင်လိုက်ရလို့ ကျွန်တော် မှတ်ထားတယ် စိမ်း”

“အဲဒီ တက္ကစီသမားကို ရှာပြီး မေးရမယ်၊ သူ ဘယ်ကနေ ငှားလာသလဲ ဆိုတာကို၊ ဟိုဘက် နယ်စပ်က တောင်းထားတဲ့ စာရွက်တွေရော ရောက်ပြီလား”

“ရောက်မလာသေးဘူး စိမ်း၊ စာတစ်စောင်တော့ ဝင်လာတယ်၊ ကျွန်တော်တို့ အဆက်အသွယ် ကိုသုတ ဆီက၊ သူ သေချာအောင် စုံစမ်းစရာလေးတွေ ရှိလို့ ဒီမနက်မှ ပို့ပေးမယ် လို့ ရေးထားတယ်”



ရဲစွမ်းနိုင်က သူမှတ်လာသော တက္ကစီနံပါတ်ကို ထည့်ပြီး တက္ကစီမောင်းသူများ စာရင်း (Database) မှာ ရှာနေသည်။



ခဏကြာတော့ ကိုသုတဆီမှ စာ (mail) ဝင်လာသည်။ ၁၈ ရက်နေ့က လှိုင်မြတ်စု နာမည်နှင့် နယ်စပ်ဂိတ်မှ ဝင်လာသူ ရှိကြောင်း အထောက်အထား အတိအကျပါသည်။ ထို့အပြင် နေထွဋ်ကလည်း ဒေါ်လှိုင်မြတ်စု အကြောင်းလည်း သူ စုံစမ်းထားသမျှ mail ပို့လာသည်။ ဒေါ်လှိုင်မြတ်စုသည် တစ်ဖက်နိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ဘွဲ့ရထားသည်မှာ အမှန်ဖြစ်သည့်အပြင် တိုက်ခိုက်ရေး သင်တန်းဆင်း လက်ရွေးစင် တစ်ယောက်လည်း ဖြစ်ခဲ့သည် ဟုဆိုသည်။ ယခုတော့ သူမသည် နယ်စပ်စခန်းမှ အပြီးထွက်ကာတစ်ဖက်နိုင်ငံသား ကပြားတစ်ယောက်နှင့် အတူနေနေသည်။ထိုသူမှာ လောလောဆယ် အလုပ်အကိုင် အဆင်မပြေသည့်အတွက် အကြွေးများစွာ တင်နေသည် ဟုဆိုသည်။ သူတို့သည် ကျဉ်းထဲ ကျပ်ထဲ ရောက်နေသဖြင့် လှိုင်မြတ်စုက မြန်မာနိုင်ငံရှိ သူ့မိသားစုထံသို့ ပြန်ကာ အကူအညီတောင်းရန် ကြံစည်ထားသည် ဆိုသော အတွင်း သတင်းပါရလာသည်။ ၁၈ ရက်နေ့က ဒေါ်လှိုင်မြတ်စုသည် မြန်မာနိုင်ငံသို့ ဝင်လာခဲ့ခြင်းမှာ သူ့မိသားစုထံ ငွေကြေး အကူအညီတောင်းရန် ဖြစ်ရမည်။ ထို့နောက် မည်သို့ ဖြစ်ခဲ့သည်ကို မသိနိုင်သေးပါ။



ရဲစွမ်းနိုင်က တက္ကစီသမား၏ ဖုန်းနံပါတ်ကို ရရှိသွားပြီး ၂၀ ရက်နေ့ မနက်စောစောက အမျိုးသမီးတစ်ယောက် ဘယ်နေရာက ငှားလာခဲ့သလဲ ဆိုသည့်အကြောင်းကို မေးမြန်းနေသည်။ ၂၀ ရက်နေ့ မနက်စောစောက အဝေးပြေးဂိတ်မှ ( ) ကားပေါ်မှ ဆင်းလာသော အမျိုးသမီး တစ်ယောက်ကို ထိုလိပ်စာသို့ ပို့ပေးခဲ့ရသည့်အကြောင်း အငှားကားမောင်းသူက မှတ်မှတ်မိမိ ပြောပြပါသည်။



စိမ်းဝတီကတော့ ဒေါ်လှိုင်မြတ်စုကို ပိုင်ပိုင်နိုင်နိုင် စွပ်စွဲနိုင်မည့် အချက် ဘယ်နှချက် ရှိသလဲဟု ပြန်လည် စဉ်းစားနေသည်။ တကယ်တမ်းတော့ ယခု ရရှိထားသော အချက်များက ဒေါ်လှိုင်မြတ်စု ၂၀ ရက်နေ့တွင် သူ့အစ်မအိမ်သို့ ရောက်လာကြောင်း အထောက်အထားများသာ ဖြစ်သည်။ သူမအစ်မကို သတ်ပြီး အလောင်းကို ဖျောက်ဖျက်ပါသည်ဟု သက်သေပြစရာက တစ်ခုမှ မရှိသေးပါ။ သို့သော် လှိုင်မြတ်စုက သူ့အစ်မ အိမ်သို့ ၂၄ ရက်နေ့မှ ရောက်လာပါသည် ဟု ဘာကြောင့် ညာရပါသနည်း။

*****

(၅)

လှိုင်မြတ်စုထံသို့ လူတစ်ယောက်က ဖုန်းဆက်လာသည်။ သူ မသိသော နံပါတ်တစ်ခု ဖြစ်သည်။ စကား ပြောလိုက်တော့မှ အလုပ်ထုတ်ပစ်လိုက်သော  ခြံစောင့်ကြီး ဦးမြအေး ဖြစ်နေသည်။ အဲဒီနေ့က လှိုင်မြတ်စု လုပ်ခဲ့သမျှ အားလုံးကို သူသိနေသည် ဟု ဆိုသည်။ ရဲကို ဖွင့်မပြောစေချင်လျှင် သူ့ကိုပိုက်ဆံပေးရမည်ဟု ငွေညှစ်ခြင်း ဖြစ်သည်။ သူသိနေတာ ဖြစ်နိုင်ပါ့မလား။ ခိုင်မြတ်စု အခန်းထဲမှာ ဖြစ်သမျှကို သူသိနေသည် ဆိုခြင်းမှာ ဘယ်နည်းနှင့်မှ မဟုတ်နိုင်ပါ။ သူ့ကို အလုပ်ထွက်ရန် ပြောသူမှာ ခိုင်မြတ်စု မဟုတ်ကြောင်း သိနေသည်လား။ ဘာပဲဖြစ်ဖြစ် သူ ဘယ်လောက် ရိပ်မိနေသလဲတော့ အစ်အောက် ကြည့်ရမည်။

“ကျွန်မ ဘာမှ မဟုတ်တာ မလုပ်တဲ့ အတွက် ဘာမှ ကြောက်စရာ မရှိပါဘူး။ ရှင်နဲ့လည်း ဘာမှ ပတ်သက်စရာ မရှိပါဘူး”

“ဘာမှ မလုပ်ဘူး ဟုတ်လား၊ မင်းအစ်မ ခိုင်မြတ်စုကို သတ်ခဲ့တယ်လေ၊ ခေါင်းဖြတ်ပြီး ခေါင်းကို ခြံထဲမှာ မြှုပ်ထားတယ်၊ ကိုယ်လုံးကို ကားနဲ့ သယ်သွားတယ်။ တစ်နေရာရာမှာ ပစ်ဖို့ နေမှာပေါ့၊ ကျုပ်ခြံထဲက ထွက်သွားပေမယ့် အိမ်မပြန်သေးပဲ မင်းကို မသင်္ကာလို့ စောင့်ကြည့်နေတာ”

“အဘိုးကြီး၊ ရှင် အခြေအမြစ်မရှိပဲ လျှောက်ပြောမနေပါနဲ့၊ ရှင်ပြောတာကို ဘယ်သူက ယုံမှာလဲ၊ ရှင့်ကိုတောင် ပြန်တရားစွဲ လို့ရသေးတယ်။”

“မင်း ထွက်သွားခိုင်းခိုင်းချင်း ကျုပ် ထွက်မသွားခဲ့ဘူးကွ၊ မင်းကို မသင်္ကာလို့ စောင့်ကြည့်နေခဲ့တာ၊ မင်းအစ်မရဲ့ ခေါင်းကို ဘယ်နေရာမှာ မြှုပ်ထားသလဲ ဆိုတာတောင် ကျုပ်သိတယ်၊ မင်းပြောသလိုပဲ ကျုပ် ရဲကို တိုင်ရင် ရဲက ယုံပါ့မလား ဆိုပြီး တိတ်တိတ်လေး ထွက်လာခဲ့တာ၊ မနေ့က ရဲမေ တစ်ယောက် လာမေးတယ်၊ ကျုပ်မပြောလိုက်သေးဘူး၊ အင်း… မင်းက ကျုပ်တောင်းတဲ့အတိုင်း မပေးနိုင်ဘူး ဆိုရင်တော့ နောက်တစ်ခါ လာမေးရင် အမှန်အတိုင်း ပြောလိုက်ရမှာပဲ”



“ကောင်းပြီလေ၊ ဦးလေးနဲ့ ကျွန်မ လာတွေ့ပြီး လိုချင်တဲ့ ပိုက်ဆံကို ပေးမယ်၊ မနက်ဖြန် နေ့ခင်း ၂ နာရီ၊ ကျွန်မရုံးခန်းနဲ့ မျက်စောင်းထိုး အဆောက်အအုံက (…) ကွန်ဒိုက အခန်းနံပါတ် (…) ကိုလာခဲ့ပါ၊အဲဒီအခန်းက ကျွန်မ အိမ်မပြန်နိုင်တဲ့အခါ ခဏတဖြုတ်နေတဲ့ အခန်းပဲ၊ အခန်းဖွင့်တဲ့ နံပါတ်က (….)။ ကျွန်မ မရောက်သေးရင်လည်း ဝင်ပြီး စောင့်နေပါ၊ ရဲတွေ ပါလာတာ၊ တစ်ယောက်ယောက် ပါလာတာ တွေ့ရင် တစ်ပြားမှ ရမှာမဟုတ်တော့ဘူးနော်၊ ဦးလေး ပြောတာတွေက သက်သေမရှိတဲ့ အတွက် ကျွန်မကတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”

“ကောင်းပါပြီ၊ ဦးလေးလည်း ငွေအရမ်း လိုနေလို့ ပြောရတာပါကွယ်”

*****



ဒေါ်လှိုင်မြတ်စု၏ လက်ပွေ့အိတ်ထဲမှ ထွက်လာသော လိုင်စင်မဲ့ သေနတ်ကလေးသည် ဦးမြအေးကို ချိန်လျှက်သား ရှိနေသည်။ ကုမ္ဗဏီမှ လူများကတော့ ဒေါ်လှိုင်မြတ်စု သူ့ရုံးခန်းထဲမှာ ရှိနေသည်ဟု ထင်နေကြလိမ့်မည်။ သူ့သီးသန့်ရုံးခန်းမှာက ဝင်ပေါက် နှစ်ပေါက်ရှိသည်။ ဝင်နေကျ ဝင်ပေါက်ကို အတွင်းမှ သော့ခတ်ခဲ့ပြီး အသုံးမပြုသော တစ်ဖက်အပေါက်မှ ရုပ်ဖျက်ပြီး ထွက်ခဲ့ခြင်း ဖြစ်သည်။ အတွင်းရေးမှူးမလေးကိုလည်း တစ်နာရီလောက် အတွင်း လာမရှာနိုင်အောင် အလုပ်ပေးခဲ့ပြီးသား ဖြစ်သည်။



“ဦးလေး တကယ်သိတာပဲ ဖြစ်ဖြစ်၊ သိချင်ယောင် ဆောင်ပြီး ညာပြောတာပဲ ဖြစ်ဖြစ် ခွင့်မလွှတ်နိုင်ဘူး၊ ဦးလေး အလုပ်ထွက်သွားရတဲ့ အတွက် တန်ရာ တန်ကြေးထက် အများကြီးပိုပြီး ပေးထားပြီးသားလေ၊ ကျွန်မကို အဲဒီလို လုပ်တဲ့အတွက် ဦးလေး သေရတော့မယ်၊ စိတ်မကောင်းပါဘူး”

“ဦးလေး ညာမပြောပါဘူး၊ မင်းအစ်မကို မင်း တစ်ခုခု လုပ်ခဲ့တာ သိထားတယ်၊ ဦးလေး သိချင်တာ တစ်ခုပဲ ရှိတယ်၊ မင်းတို့ဟာ ညီအစ်မ အရင်းတွေပါကွယ်၊ ဘာကြောင့်များ အဲဒီလို လုပ်ရက်ခဲ့တာလဲ ဆိုတာ ဦးလေး မသေခင် ပြောပြသွားပါ”



“ဟုတ်တယ်၊ ဦးလေးက သေရတော့မှာပဲ၊ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဦးလေး ထင်သလို ကျွန်မအစ်မကို သတ်ချင်လို့ သတ်ခဲ့တာ မဟုတ်ပါဘူး၊ ကျွန်မက သူ့ဆီက ပိုက်ဆံလေး နည်းနည်းလောက် ချေးဖို့ လာတာပါ၊ မိဘအမွေတွေလည်း သူပဲ ရထားတာ၊ သူ ဒီလောက် ချမ်းသာနေပြီပဲ၊ ကျွန်မ လိုတဲ့ ပိုက်ဆံလေး နည်းနည်းလောက် လွှဲပေးတော့ ဘာဖြစ်သွားမှာမို့လဲ၊ အဲဒါကို သူက သူတောင်းစားကို ပေးသလောက်ပဲ ပေးပြီး နောက်ဘယ်တော့မှ ထပ်မလာနဲ့ လို့ ပြောတယ်လေ၊ အဲဒီတော့ ကျွန်မက စိတ်ဆိုးပြီး တွန်းပစ်လိုက်မိတာပေါ့၊ တကယ်တော့ ဦးလေး မမြင်ခဲ့ဘူး မဟုတ်လား၊ အထင်နဲ့ လျှောက်ပြောနေတာ မဟုတ်လား။ ”

“ကျုပ်ကို အလုပ်ထွက်ဖို့ပြောတာ မမလေး ခိုင်မြတ်စု မဟုတ်ဘူးဆိုတာ သိတယ်၊ သူဆိုရင် ဘယ်တော့မှ အဲဒီလို ပြောမှာ မဟုတ်ဘူး”

“သူ လဲကျပြီး စားပွဲစောင်းနဲ့ တိုက်မိသွားတယ်၊ သွေးတော့ သိပ်မထွက်ဘူး၊ ဒါပေမယ့် အသက်မရှိတော့ဘူး၊ သူ့နေရာမှာ ကျွန်မ အစားဝင်နေရရင် ကောင်းမလားလို့ စဉ်းစားသေးတယ်၊ ဒါပေမယ့် ကျွန်မက သူ့လိုမျိုး တစ်သက်လုံး မနေနိုင်ဘူး၊ အဲဒါကြောင့် သူ့နေရာမှာ ခဏပဲ အစားဝင်ပြီး သူ့ကို ဘယ်သူမှန်းမသိအောင် ပစ်လိုက်ဖို့ စိတ်ကူးလိုက်တာ၊ စီစဉ်စရာ ရှိတာတွေ စီစဉ်ဖို့ သူ့ကို ခေါင်းဖြတ်ပြီး ရေခဲ သေတ္တာထဲ ခဏထည့်ထားရသေးတယ်၊ နောက်မှ ပစ်လိုက်ရတာ၊ ခေါင်းကိုတော့ ဦးလေး ပြောသလိုပဲ ခြံထဲမှာပဲ လုံလုံခြုံခြုံ မြှုပ်ထားလိုက်ရတာပေါ့၊ ခု အဲဒါတွေ ဦးလေး သိသွားပြီ ဆိုတော့ ဦးလေး သေရတော့မှာ.. ကျွန်မ အချိန်အများကြီး မပေးနိုင်ဘူး၊ ကုမ္ဗဏီ ပြန်သွားရဦးမှာ”



လှိုင်မြတ်စုက လုံခြုံရေးခလုတ် ဖွင့်ထားပြီးသား ပစ္စတိုကလေးကို ဦးမြအေး၏ နဖူးတည့်တည့်သို့ ချိန်လိုက်သည်။

“သေနတ်ကို ချလိုက်ပါ ဒေါ်လှိုင်မြတ်စု”

အမျိုးသားတစ်ယောက် နှင့် အမျိုးသမီး တစ်ယောက်က သေနတ်ကိုယ်စီနဲ့ သူ့ကို ချိန်ထားသည်ကို တွေ့လိုက်ရသည်။ တစ်ရက်က သူ့ကို မေးခွန်းများ လာမေးခဲ့သော မှုခင်းစုံစမ်းဖော်ထုတ်ရေး အထူးတပ်ဖွဲ့က ဟုဆိုသည့် အရာရှိနှစ်ယောက် ဖြစ်နေသည်။

“ဒေါ်လှိုင်မြတ်စုကို လူသတ်မှုနဲ့ ဖမ်းလိုက်ပါပြီ”

လှိုင်မြတ်စုက သေနတ်ကို သူတို့ဘက်သို့ လှည့်ချိန်လိုက်သည့် အချိန်မှာပင် ဦးမြအေးကလည်း သွက်လက်စွာပင် ပစ်ကွင်းထဲမှ ထွက်၍ စိမ်းတို့ နောက်သို့ ရောက်သွားသည်။

“ရှင်တို့မှာ ဘာသက်သေ ရှိလို့လဲ”

“ခုနက ဒေါ်လှိုင်မြတ်စု ပြောတဲ့ စကားတွေ အကုန် အသံဖမ်းထားပါတယ်”



စိမ်းဝတီက ဦးမြအေးကိုယ်ပေါ်တွင် ထည့်ပေးထားသော အသံဖမ်းစက်လေးကို ပြရင်း ပြောလိုက်လေသည်။

“ပြီးတော့ ဒေါ်လှိုင်မြတ်စု ၂၀ ရက်နေ့မနက်က အဲဒီအိမ်ကို ရောက်လာတဲ့ အကြောင်းလည်း သက်သေတွေ ရှိနေတယ်လေ၊ ဒေါ်ခိုင်မြတ်စုက ၂၀ ရက်နေ့မှာ အသတ်ခံလိုက်ရတာပဲ၊ အလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားပြီး ဒေါ်ခိုင်မြတ်စု ဟန်ဆောင်ပြီး နေတယ်၊ဒေါ်ခိုင်မြတ်စုက နဂိုကတည်းက အိမ်က လူတွေနဲ့ စကားသိပ်မပြောတဲ့ လူဆိုတော့ ဟန်ဆောင်ရတာ သိပ်ပြဿနာမရှိဘူး၊ ကုမ္ဗဏီကိစ္စ ဘယ်လိုစီစဉ်လို့ ရမလဲလို့ ခင်ဗျား အဆက်အသွယ်တွေဆီ စုံစမ်းတယ်၊ နောက်တော့ ဒေါ်ခိုင်မြတ်စု ကွန်ပျူတာကနေ e-mail တွေ ပို့တယ်၊ သူ့ e-mail account က သူ့စက်ထဲမို့ အမြဲဝင်ထားတာဆိုတော့ အဆင်ပြေတယ်၊ သူ့ဖုန်းကနေ message တွေ ပို့တယ်၊လေယာဉ်လက်မှတ်က ၂၂ ရက်အတွက်ပဲ ရတော့ အဲဒီနေ့မှ ဒေါ်ခိုင်မြတ်စု ပတ်စ်ပို့နဲ့ နိုင်ငံခြားထွက်တယ်၊ ပြီးတော့ ၂၄ ရက်နေ့မှ လှိုင်မြတ်စု အဖြစ်နဲ့ အိမ်ကို ဝင်လာတယ်၊ ပြန်ရောက်မှ ရေခဲသေတ္တာထဲက အလောင်းကို ထုတ်ပြီး ကားလမ်းဘေးမှာ သွားပစ်တယ်၊ ဖြစ်စေချင်တာက ဒေါ်ခိုင်မြတ်စု နိုင်ငံခြား သွားပြီးမှ အလောင်းကို တွေ့စေချင်လို့ပဲ မဟုတ်လား”



“ရှင်က ဇာတ်လမ်းဆင်တာ တော်သားပဲနော်”

“ကျွန်တော်တို့ လူတွေ ခင်ဗျား အခန်းနဲ့ ခင်ဗျားခြံထဲကို ဝရမ်းနဲ့ သွားရှာနေပါပြီ၊ တကယ်လို့များ ဒေါ်ခိုင်မြတ်စု ရဲ့ခေါင်းကို တွေ့ရရင်တော့ သက်သေက တော်တော်ခိုင်လုံသွားပါပြီ”

“ဦးမြအေးကိုလည်း ရှင်တို့ လုပ်ခိုင်းတာလား”

“ဟုတ်တယ်၊ ဦးမြအေးကို အဲဒီလို ပြောဖို့ သင်ပေးလိုက်တာ၊ ခင်ဗျား ကိုယ့်စိတ်ကို မလုံပဲ တစ်နေရာမှာ တွေ့မယ် ဆိုတာ သိနေတယ်လေ၊ ဒေါ်ခိုင်မြတ်စုကို ခင်ဗျား သတ်တယ် ဆိုတာ ကျွန်တော်သိနေတယ်၊ ဒါပေမယ့် သက်သေက မရှိဘူးလေ”

စိမ်းဝတီက ပြောလိုက်သည်။

ဒေါ်လှိုင်မြတ်စု ဘာမှ မပြောနိုင်တော့ပါ။

*****

ခြံကျယ်ကြီး အတွင်းမှာ လူဦးခေါင်းလေးတစ်ခုကို ဘယ်နေရာမှာ မြှုပ်ထားမှန်းမသိပဲ ရှာရသည်မှာ တကယ်တော့ လွယ်ကူသော အလုပ်မဟုတ်ပါ။ တကယ် မြှုပ်မမြှုပ် သေချာသည်လည်း မဟုတ်ပါ။ ကိုယ်လုံးကို ပစ်သလို ဦးခေါင်းကိုပါ တစ်နေရာရာမှာ ပစ်ခဲ့လည်း ဖြစ်နိုင်သည် မဟုတ်ပါလား။ သို့သော် ထူးဆန်းစွာပင် ဒေါ်လှိုင်မြတ်စုက သူ့အစ်မ ဦးခေါင်းကို ခြံထဲမှာသာ မြှုပ်ထားခဲ့သည်။ ထက်အာကာ၏ အချစ်တော် အယ်ဇေးလ်ရှင်းခွေးကြီး၏ ကျေးဇူးကြောင့်လည်း အချိန်ကုန် သက်သာသွားသည်။ အပွင့်သေးလေးများပွင့်သော နှင်းဆီပင် အသစ်ကလေး၏ အောက်တည့်တည့်မှာ ဖြစ်သည်။ အပင်ကလေးမှာ စိုက်သာထားပြီး ရေမှန်မှန်မလောင်းသောကြောင့် ညှိုးနွမ်းစပြုနေလေပြီ။စိမ်း၏ သက်သေမရှိသော တွေးတောချက်က မှန်ကန်သွားလေသည်။



ဒေါ်လှိုင်မြတ်စုက အားလုံးဝန်ခံသောအခါ ပြောပြသည်မှာ သူသည် ဒေါ်ခိုင်မြတ်စု အနေနှင့် နိုင်ငံခြားမသွားခင် ထိုအခန်းမှာ နေစဉ်က သော့ခတ်ထားသော ရေခဲသေတ္တာနားမှာ ဒေါ်ခိုင်မြတ်စု၏ ခေါင်းပြတ်ကြီးကို မြင်မြင်နေသောကြောင့် ထိုခေါင်းကို ထုတ်ယူ၍ ညဘက် ဘယ်သူမှ မသိအောင် ခြံထဲတွင် မြှုပ်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။



ဒေါ်ခိုင်မြတ်စု၏ ဦးခေါင်းခွံတွင် ဒေါ်လှိုင်မြတ်စု ပြောသည့်အတိုင်း ခိုက်မိသည့် ဒဏ်ရာတစ်ခု ရှိနေပါသည်။ သို့သော် စစ်ဆေးချက်အရ ဒေါက်တာဇလပ်ဖြူက ပြောသည်မှာ ခေါင်းမှ ဒဏ်ရာကြောင့် သေခြင်း မဟုတ်ပဲ ခေါင်းဖြတ်လိုက်သော အခါမှ သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ဆိုပါသည်။



မည်သို့ပင်ဖြစ်စေ အမြွှာညီအစ်မအဖြစ် မွေးဖွားလာလျှက်နှင့် တစ်ယောက်နှင့် တစ်ယောက် ရုပ်ရည်ချင်း တူသော်လည်း စိတ်ဓါတ်ခြင်း မတူ၊ ဘဝချင်း မတူခဲ့ပဲ တစ်ယောက် ပယောဂနှင့် တစ်ယောက်က သေခဲ့ရရှာသည်။ မိဘများသာ ရှိသေးလျှင် ဘယ်လောက်များ ရင်ထုမနာ ဖြစ်လေမည် မသိပါ။ မိဘများ ရှိသေးလျှင်လည်း ဤကဲ့သို့ ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ ယခုတော့ နှစ်ယောက်လုံးအတွက် ဝဋ်ကြွေးကြမ္မာက ရှောင်လွှဲ၍ မရနိုင်ခဲ့ပါ။



သိင်္ဂါကျော်



(နည်းပညာဆိုင်ရာစုံစမ်းချက်များ၊ အဖွဲ့အစည်း နာမည်များသည် စိတ်ကူးသက်သက်သာ ဖြစ်ပါကြောင်း..။ မရေးတာ ကြာပြီ ဖြစ်သဖြင့် ဟာကွက် ရှိပါက စာရေးသူ၏ ချို့ယွင်းချက်သာ ဖြစ်ပါကြောင်း..)

09 September, 2013

ကိုယ့်ကိုယ်ကို ဖတ်ရှုခြင်း


ပရဟိတ သမားလည်း မဟုတ်ဘူး
အတ္တဟိတ သမားလည်း မဟုတ်ဘူး
ကမ္ဘာမြေကြီး ကိုယ့်တစ်ယောက်အတွက် ပိုမလေးလောက်အောင်တော့
ကိုယ့်တာဝန်ကိုယ်ကျေပြီး 
အသက်ရှင်သန်နေသူပါ။

ကြင်နာတတ်သူလည်း မဟုတ်ဘူး
ရက်စက်တတ်သူလည်း မဟုတ်ဘူး
လက်တွေ့ကျကျ မြင်ပြီး နားလည်ပေးတတ်သူလို့
ကိုယ့်ကိုယ်ကိုတော့ လျှော့လျှော့ပေါ့ပေါ့ တွေးထားတယ်။

ပဲ့ကိုင်ရှင်လည်း တစ်ခါမှ မဖြစ်ဖူးဘူး
မေတ္တာရှင်မလေးလိုလည်း တစ်ခါမှ ဟန်မဆောင်ဖူးဘူး
အမေ့ရဲ့ ဒုက္ခအိုးလေးတော့ ဖြစ်ချင်ဖြစ်မယ်
သူတစ်ပါးအပေါ်တော့ ဒုက္ခမပေးတတ်ဖို့ ကြိုးစားသူပါ။

တစ်ခါတလေ 
ကိုယ့်ကိုယ်ကို ဒုက္ခပေးတတ်တယ်
တစ်ခါတလေ
ကိုယ့်ကိုယ်ကို အချစ်လွန်တတ်တယ်
တစ်ခါတလေ
သိရက်နဲ့ မိုက်မိုက် နေတတ်တယ်
တစ်ခါတလေ
လုပ်သင့်တာတွေ အတွက် အပျင်းထူနေတတ်တယ်။
တစ်ခါတလေ
လုပ်ချင်တာတွေ အတွက် အိပ်မက်မက် နေတတ်တယ်။

အသက်ရှင်ရခြင်းက ပျင်းစရာ ကောင်းလာတဲ့အခါ
စွန့်စားခန်းတွေ အိပ်မက်ချင်လာပြန်လာတယ်။
ကြိုးစားအားထုတ်ရခြင်းက ပင်ပန်းလာတဲ့အခါ
ပေါ့ပေါ့ပါးပါးတွေထဲ ပျော်အောင်နေချင်လာပြန်တယ်။

ကိုယ့်ဘဝကို မကျေမနပ် ဖြစ်လာတဲ့အခါ
အောက်ကို ငုံကြည့်ရင်း ဖြေသာလိုက်။
ကိုယ့်ဘဝကို ကျေနပ်နေတဲ့အခါ
အပေါ်ကို မော့ကြည့်ရင်း မဖြေသာလိုက်။

မွေးနေ့တွေသာ တိုးတိုးလာတယ်
မှတ်တမ်းမှတ်ရာက ဘာမှတောင် မရှိသေးပါလေ။

သိင်္ဂါကျော်

ဘာသာပြန် ဆောင်းပါးတွေလည်း ရေးဖို့ကြိုးစားရင်း မရေးဖြစ်ပါဘူး။ စုံထောက်ဝတ္တုလည်း မရေးတာကြာလို့ ရေးဖို့ ကြိုးစားရင်း ပြီးကို မပြီးဘူး ဖြစ်နေပါတယ်။ ဘလော့ကို ပစ်ထားရာ မကျအောင် ကဗျာမဟုတ် ဘာမဟုတ်တွေပဲ တင်ဖြစ်နေတာပါ။   :)

05 September, 2013

လမ်းမခွဲမချင်း


မင်းနဲ့ ငါရဲ့ အချစ်က
တစ်နေ့နေ့ပြီးဆုံးမယ် ကြိုသိသော
ဇာတ်လမ်းတစ်ခုသာဖြစ်ရဲ့။

ညှိမရသော နားလည်မှုများ၊
ရင်မဆိုင်ဝံ့သော မတူညီမှုများ၊
အတည်တကျ ချပြဖို့ မဖြစ်နိုင်သော အချစ်တစ်ခု၊
အပြန်အလှန် မယုံကြည်နိုင်ခြင်းများ၊
ပြင်ဆင်နိုင်ခြင်း မရှိပေမယ့်လည်း
ရေစီးကြောင်း သံယောဇဉ်လို
ငြိတွယ်ခြင်းက ဖြတ်ဖို့ ခက်နေရဲ့။

မဖြစ်မနေ လမ်းခွဲ မရောက်မချင်း
မသိမသာ ချစ်ခြင်းတွေ တိုးတိုးလာ။
ခဏခဏ ရန်ဖြစ်ရင်းနဲ့
ခဏခဏ အစမ်းပြတ်ကြ
ခဏခဏ ပြန်ပြန်ဆက်ကြ။
သိုသိုသိပ်သိပ် လွမ်းချင်းတွေညည်းရင်း
သိသိသာသာ မကြိုက်ခြင်းတွေကိုတောင် ဥပေက္ခာပြု။

ချစ်ခြင်းတစ်ခုက ဘဝမှာ အရေးမပါတဲ့အကြောင်း
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြောရင်း
လမ်းခွဲတစ်ခုကို ကောင်းကောင်းဖြတ်သန်းနိုင်ဖို့ ကြိုးစားရင်း
ရေစီးထဲမှာ မျောမြဲ မျောနေဆဲ။

သိင်္ဂါကျော်

09 August, 2013

ဆယ်ကျော်သက် အိပ်မက်မှား

ကောင်မလေးရဲ့ အသိတွေက
မြူနှင်းကျ မနက်ခင်းလို ဝေဝေဝါးဝါး
ဘဝ ဟာ ဘာလဲလို့ မသိနိုးနားနဲ့
လုပ်သင့်ခြင်း မလုပ်သင့်ခြင်းတွေလည်း
မှားမှားယွင်းယွင်း ရွေးချယ်လို့။

ကောင်မလေးက
လှပခြင်းကို ကိုးကွယ်တယ်
ကိုယ့်ကိုယ်ကို ခြယ်သလို့
တစ်မျက်နှာအလှကို ပီပီသသပြ
စတိုင်ကလည်း ကျကျနနထုတ်လို့
အချစ်ခံရခြင်းတွေကို သဘောကျ
လှလှပပ ကျေနပ်နေတဲ့အခါ
ကိုယ့်ကိုယ်ကို
စိတ်ကူးထဲက မင်းသမီးလေးလို့ ထင်တယ်။

ကောင်မလေးက
လွတ်လပ်ခြင်းကို ကိုးကွယ်တယ်
လူဆိုတာ လုပ်ချင်ရာ လုပ်သင့်သတဲ့။
ဘောင်တွေကို မုန်းလာတဲ့အခါ
စိတ်တွေက ဟိုမရောက် ဒီမရောက်နဲ့
သစ်ရွက်ကြွေတိုင်း ရယ်တတ်တဲ့ အရွယ်ကို
ခုထိ မလွန်မြောက်သေးသူ ဖြစ်နေတယ်။

ကောင်မလေးက
အချစ်ကို ကိုးကွယ်တယ်
အရွယ်တွေ အချိန်တွေ အခြေအနေတွေ
ဘာကိုမှ ကြည့်စရာ မလိုပါဘူးတဲ့
အချစ်ကို အချစ်နဲ့ တုံ့ပြန်တဲ့အခါ
လောကကြီးက သာယာတယ် ထင်သတဲ့။

လှပခြင်း နဲ့ အချစ်က ဘဝကို ချိုမြိန်စေတဲ့ အခိုက်အတန့်ကို
ဓါးသွားပေါ်က ပျားရည်စက်လို မက်မောရင်း
ကောင်မလေးက
သူ့ကိုယ်သူ မမြင်တော့ဘူး
ဘယ်အရွယ်မှာ ဘယ်အရာကို လုပ်သင့်တယ်
ဘယ်အရာကို မလုပ်သင့်ဘူး ဆိုတာ...။

တစ်သက်တာ စိတ်ချမ်းသာမှုက
သူတစ်ပါးပေးမှ ရရမယ့် အရာ မဟုတ်ဘူးဆိုတာ
ကောင်မလေး နားလည်ဖို့ ငယ်သေးတယ် ဆိုပေမယ့်
တစ်သက်တာ စိတ်ချမ်းသာမှုက
တန်ဖိုးရှိတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့
ရပ်တည်နိုင်မှုပေါ်မှာ မူတည်တယ် ဆိုတာ
ကောင်မလေး နားလည်စေချင်တယ်။

ကောင်မလေးတို့ အရွယ်မှာ
သင်ယူသင့်တာတွေကို သင်ယူနိုင်ဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာ
ကောင်မလေး နားလည်စေချင်တယ်။
စိတ်အလိုလိုက်ခြင်းက ဘဝကို ပျက်စီးစေနိုင်တယ်ဆိုတာ
ကောင်မလေး နားလည်စေချင်တယ်။

ပတ်ဝန်းကျင်လေးစားတဲ့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဟာ
ပညာပြည့်ဝမှုနဲ့ ဣနြေ္ဒ သိက္ခာ ကိုယ်ကျင့်တရား ပေါ်မှာ မူတည်နေတယ် ဆိုတာ
ကောင်မလေး နားလည်စေချင်တယ်။

သိင်္ဂါကျော်

02 August, 2013

ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ပါစေ


သင့်ကိုယ်သင် ချစ်မြတ်နိုးတတ်ဖို့ လိုပါတယ် တဲ့။ ဒါပေမယ့် အဲဒါ ဘာကို ဆိုလိုပါသလဲ။ သင် အေးနေတဲ့ အချိန်မှာ ကော်ဖီ ပူပူ တစ်ခွက် သောက်တတ်သလား။ သင် ကြိုက်နှစ်သက်တဲ့ အဝတ်အစား တွေ့အခါ ဝတ်စုံအသစ် ဝယ်ဝတ်သလား။ သင် လုပ်ချင်တာ ရှိတဲ့အခါ ဘာပဲဖြစ်ဖြစ် လုပ်တတ်သလား။ အပြင်ဘက်မှာ အေးနေတဲ့အခါ နွေးနွေးထွေးထွေး ဝတ်ပြီး ထွက်တတ်သလား။ ဒါတွေက ကိုယ့်ကိုယ်ကို ချစ်လို့ လုပ်တာတွေပဲပေါ့။

သင့်ကိုယ်သင် ချစ်မြတ်နိုးခြင်း ဆိုတာ မိဘက သူချစ်မြတ်နိုးတဲ့ သားသမီးကို ချစ်သလို သင့်ကိုယ်သင် ပြုမူ ဆက်ဆံခြင်းပဲ ဖြစ်ပါတယ်။

သင်ဟာ အရွယ်ရောက်ပြီးသူ တစ်ယောက်ပဲလို့ ဆိုကြပါစို့။ သင့်ရဲ့ အတွင်းထဲမှာတော့ ကလေး တစ်ယောက် ရှိနေဆဲပါပဲ။ အဲဒါတွေက အသက်အရွယ် ကြီးမလာချင်တဲ့၊ မရင့်ကျက်ချင်သေးတဲ့ သင့်ရဲ့ ခံစားချက်တွေပါပဲ။ ဒါပေမယ့် အပြင်ဘက်က သင်က ရင့်ကျက်လာပါတယ်။ သင့်ရဲ့ အတွင်းစိတ်ထဲက ကလေးလေးကို ဘယ်လို ဂရုစိုက်မယ်၊ ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ်၊ ဘယ်လို ဆက်ဆံရမယ် ဆိုတာကို လေ့လာရပါမယ်။

သင့်အတွင်းထဲက ကလေးငယ်ကို သင်ဂရုမစိုက်တဲ့အခါ သင်ဟာ တစ်ယောက်တည်း အထီးကျန်ပြီး အပြင်ကမ္ဘာရဲ့ မပျော်ရွှင်စရာတွေကို ကြောက်ရွံနေမယ်၊ ဘာလုပ်ရမှန်းမသိ၊ ဘယ်နေရာမှာ အကူအညီရှာရမှန်း မသိ ဖြစ်နေမယ်၊ သင့်ကိုသင် ဘယ်လို ကာကွယ်ရမယ် မသိ ဖြစ်နေမယ်။ သင်ဟာ အမြဲတမ်း ကြောက်ရွံစိတ်တွေ၊ သံသယတွေ ပြည့်နှက်ပြီး ပင်ပန်းနေလိမ့်မယ်။ သင်ဟာ အမြဲတမ်း ဒေါသတွေ ထွက်နေပြီး အချိန်တိုင်းလိုလို ကြောက်ရွံနေပြီး သင့်ကိုယ်သင် ပျောက်ဆုံးနေပါလိမ့်မယ်။

အဲဒါ ဘာကြောင့်ပါလဲ။ သင့်အတွင်းထဲမှာ ရှိတဲ့ ကလေးငယ်ကို ဘယ်သူကမှ ဂရုမစိုက်လို့ပါပဲ။ သင်က အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေး လို့ ဆိုကြပါစို့။ သင့်အတွင်းထဲမှာ ရှိတဲ့ ၄နှစ်အရွယ် အေးအေးလေး ရှိနေပါတယ်။ သင်က အပြင်မှာ တစ်ခြားလူတွေကို ဂရုစိုက်နေရတယ်၊ အလုပ်တွေ ရှုပ်နေတယ်၊ နေ့တိုင်း နေ့တိုင်း ကိစ္စပေါင်း မြောက်မြားစွာ လုပ်ကိုင်နေရလို့ အေးအေးကို လျစ်လျူရှု ထားမိပါတယ်။ သင် အမြဲတမ်း သူများကိစ္စတွေ လုပ်ပေး၊ သူများ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနေရတဲ့ အခါ ညတိုင်းလို မောပန်းပြီး အိပ်ရာဝင်ချိန်မှာ ငိုမိတာမျိုး ဖြစ်ပါလိမ့်မယ်။ သင်ဟာ အကြောင်းပြချက်မရှိ ဒေါသတွေ ထွက်နေတာမျိုးလည်း ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ဒီခံစားချက်တွေ အားလုံးဟာ သင့်အတွင်းထဲက ကလေးငယ်က သင့်ရဲ့ အာရုံစိုက်မှုကို ရချင်လို့ ကြိုးစားနေတာပါပဲ။

စိတ်ကူးကြည့်လိုက်ပါ သင့်နံဘေးမှာ မိဘ၊ လင်ယောက်ျား၊ အပေါင်းအသင်း သူငယ်ချင်းတွေ၊ လေးနှစ်အရွယ် အေးအေးလေး ရှိနေပါတယ်။ အေးအေးလေးကို ဘယ်သူကမှ ဂရုမစိုက် သတိမပြုမိကြပါဘူး၊ သူက တစ်ခုခုကို ပြောဖို့ ကြိုးစားတဲ့အခါ၊ အာရုံစိုက်မှု ခံရဖို့ ကြိုးစားတဲ့အခါ သင်က သူ့ကို “ပါးစပ်ပိတ်ထားစမ်း၊ နင့်ကို ဂရုစိုက်ဖို့ ငါ့မှာ အချိန်မရှိဘူး” လို့ ပြောလေ့ရှိတယ်။ သူ ဘယ်လို ခံစားရမယ်လို့ သင်ထင်ပါသလဲ။ သူ ဘာလုပ်လိမ့်မယ်လို့ သင်ထင်ပါသလဲ။ ပထမတော့ သူက သင့် အာရုံစိုက်မှုကို ရဖို့ အော်ဟစ် ငိုကြွေးမယ်။ နောက် အချိန်ကြာလာတာနဲ့ အမျှ သူဟာ ဒေါသ ထွက်လာပါလိမ့်မယ်။ သင်ဟာ အပြင်ကမ္ဘာမှာ ဒေါသထွက်နေတယ်လို့ ထင်တယ်။ ဒါပေမယ့် သင့်အတွင်းထဲက ကလေးငယ်က သင့်ကို ဒေါသထွက်နေတာပါ။ သူက သင် သူ့ကို ဂရုမစိုက်လို့ ဝမ်းနည်းပြီး ဒေါသ ထွက်နေတာပါ။ သင်က သူ့ကို မရှိသလို ပြုမူနေတယ်။

ကျွန်တော်တို့ အတွင်းထဲက ကလေးငယ် ကို မရှိသလို ပြုမူနေထိုင်တာလောက် ဆိုးဝါးတာ မရှိတော့ပါဘူး။ ဆိုလိုတာက ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မရှိသလို နေထိုင်ဖို့ ကြိုးစားနေသလို ဖြစ်နေလို့ပါပဲ။

ကမ္ဘာပေါ်မှာ အဆိုးဆုံး ခံစားချက်က ကိုယ်ကိုယ်တိုင်အပေါ် သစ္စာမရှိတာပါပဲ။ ဒါထက် ဆိုးတာ ဘာမှ မရှိပါ။

ကျွန်တော်တို့ အကြိမ် ဘယ်လောက်များများ သူတစ်ပါး စိတ်ကျေနပ်ဖို့ အတွက် ကိုယ့်ခံစားချက်တွေကို ဥပေက္ခာပြုခဲ့ကြဖူးပါသလဲ။ ကျွန်တော်တို့ အကြိမ် ဘယ်လောက်များများ အတွင်းထဲက အေးအေးလေးကို “ပါးစပ်ပိတ်ထားစမ်း၊ နင့်ကို မမြင်ချင်ဘူး” စသဖြင့် ပြောခဲ့ဖူးပါသလဲ။ အေးအေးလေး နေရာက ဝင်ကြည့်ပါ။ သူ့ခံစားချက်ကို ဖော်ထုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပြီး မအောင်မြင်တဲ့အခါ စွန့်လွှတ်လိုက်မှာပါ။ သူ သိပ်ကို ပင်ပန်း လာလိမ့်မယ်။ သူက ဒီလိုပြောပါလိမ့်မယ်။ “ကိစ္စမရှိပါဘူး၊ သူက ငါ့ကို မချစ်ဘူး၊ သူက ငါ့ကို ဂရုမစိုက်ဘူး။ ငါက တန်ဖိုးမှ မရှိတာ…” အဲဒီနောက် သူ စိတ်ဓါတ်ကျ လာပါလိမ့်မယ်။

သင်က တစ်ခြားလူတွေကြောင့်၊ အလုပ်ကြောင့်၊ သင့်ကလေးတွေ ဒါမမဟုတ် သင့်အိမ်ထောင်ဖက်၊ သင့်မိဘ ကြောင့် စိတ်ဓါတ်ကျနေတယ် လို့ ထင်လိမ့်မယ်။ တကယ်တော့ ဘယ်သူ့ရဲ့ အပြစ်မှ မဟုတ်ပါဘူး။ သင်က သင့်အတွင်းထဲက ကလေးငယ်ကို ပစ်ပယ်ထားတဲ့ အတွက်ကြောင့်ပါပဲ။ သင် စိတ်ဓါတ်ကျနေတဲ့ အကြောင်းအရာက မပြောင်းလဲသေးပဲ ရှိနေဆဲ ဖြစ်တဲ့အခါ တစ်ခုတည်းသော နည်းလမ်းက သင့်အတွင်းထဲက ကလေးငယ်ကို တကယ့် အပြင်က ကလေးငယ် တစ်ယောက်ကို ဂရုစိုက်သလို ဂရုတစိုက် ကြည့်ရှုပေးဖို့ပါပဲ။

သင့်ကိုယ်သင် မိဘတွေကို ချစ်မြတ်နိုးသလို ချစ်မြတ်နိုးတတ်ဖို့ လေ့လာပါ။

ပထမဆုံး သင့်အတွင်းထဲက အမေ တစ်ယောက်ကို ပြုစု ပျိုးထောင်ပါ။ တကယ်လို့ ကံကောင်းထောက်မလို့ သင့်မှာ ဂရုစိုက်ပေးမယ့် အမေ တစ်ယောက် ရှိတယ် ဆိုရင် သူ့ကို စံနမူနာ ယူပါ။ မရှိရင်တော့ အတွင်းဘက်က အမေကို ကိုယ့်ဘာသာ ဖန်တီးထားပါ။ သင့်မှာ ခံစားချက် တစ်စုံတစ်ရာ ရှိတဲ့ အခါတိုင်း သင့်ရဲ့ အတွင်းထဲက အမေက သင့်ရဲ့ အေးအေးလေးကို ဘာဖြစ်သလဲ ဆိုတာ ကြင်ကြင်နာနာ မေးမြန်းပါလိမ့်မယ်။ သင့်ရဲ့ အတွင်းထဲက ကလေးငယ် ပြောတဲ့ စကားကို နားထောင်ရပါမယ်။ အမေက ကလေးငယ်ကို နှစ်သိမ့်မှု ပေးတဲ့အခါ လေးလံတဲ့ ခံစားချက်တွေ တော်တော်လေး လျော့ပါးသွားပါလိမ့်မယ်။ အဲဒီနောက် သင်က “နားလည်ပါတယ်” လို့ ပြောမယ်။ အဲဒီ စကားလုံးတွေက သိပ်ကို အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုရင် တစ်ချို့အချိန်တွေမှာ ကျွန်တော်တို့ဟာ သိပ်ပုံမှန်မဟုတ်တဲ့ ခံစားချက် တွေ ရှိလာတဲ့အခါ အဲဒါတွေကို ဥပေက္ခာပြုပြီး တားဆီးထားတတ်ကြပါတယ်။ အဲလို လုပ်တာဟာ အဲဒီ ခံစားချက်တွေကို ပိုပြီး လေးလံအောင် လုပ်လိုက်သလိုပါပဲ။ အမေက ပြောတယ်။ “သမီးကို အမေ နားလည်ပါတယ်၊ အချစ်ကလေး၊ အမေ့ရင်ခွင်ထဲကို လာခဲ့ပါ၊ အမေ မင်းကို ချစ်ပါတယ်” စသဖြင့် ပြောလိမ့်မယ်။ အဲဒီနောက် “သမီး ဘာလိုချင်သလဲ” လို့ မေးလာလိမ့်မယ်။ ကလေးငယ်က တစ်ခုခု ပြောလာတဲ့အခါ “အမေတို့ အဖေ့ကို မေးကြည့်ကြမလား”လို့ အမေက ပြောမယ်။

အဲဒီတော့ ဒီနေရာက စပြီး သင့်အတွက် အပြင်ကမ္ဘာမှာ အကာအကွယ်ပေးမယ့် သင့်အတွင်းထဲက အဖေ တစ်ယောက်ကို ဖန်တီးဖို့ လိုလာပါပြီ။ သင့်အနေနဲ့ လေးနှစ်အရွယ်ကလေး တစ်ယောက် ကျောင်းမှာ ပြဿနာ ဖြစ်လာတာမျိုး၊ အိမ်နီးနားခြင်းတွေနဲ့ ပြဿနာတက်တာမျိုးကို ဖြေရှင်းတတ်ချင်မှ ဖြေရှင်းတတ်ပါမယ်။ အဲဒီတော့ သင် ဘယ်လို ကြိုးစားမှာလဲ။ သင့်ရဲ့ အတွင်းဘက်ထဲက အဖေကို ဂရုစိုက်ခိုင်းရပါမယ်။ သင့် အတွင်းထဲက အဖေဟာ သင့်ရဲ့ အတွင်းဘက်ထဲက သင် ဆုံးဖြတ်ချက်တွေ ချဖို့၊ ပြုမူလှုပ်ရှားဖို့ အဖို အင်အားဓါတ်ပါ။ ညွှန်ကြားပြသသူပါ။

သင့်ရဲ့ ကလေးငယ်မှာ လိုအပ်ချက် တစ်စုံတစ်ရာ ရှိလာတဲ့အခါ… တစ်စုံတစ်ယောက်နဲ့ ပတ်သက်လို့.. တစ်နေရာရာကို သွားဖို့.. တစ်ခုခု စီစဉ်ဖို့ စတာတွေမှာ အတွင်း အမေက သူ့ရဲ့ ခံစားချက်တွေကို ဂရုစိုက်ပေးတတ်သလို အတွင်း အဖေကလည်း အပြင်ထွက်ပြီး လှုပ်ရှားရမယ့် ကိစ္စတွေကို လုပ်ဆောင် ပေးတတ်ပါတယ်။ သင့်ရဲ့ အတွင်းဘက် အဖေဆိုတာ သင့်ရဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းဖို့၊ လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့၊ သဘောထားချင်း မတိုက်ဆိုင်မှုတွေကို စီစဉ်ဖို့ စတဲ့ ကိစ္စရပ်တွေကို ပြင်ပကမ္ဘာမှာ လုပ်ဆောင်ပေးဖို့အတွက် လိုအပ်တဲ့ သင့်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ တကယ်လို့ သင့်မှာ ဖခင်ကောင်း တစ်ယောက် မရှိခဲ့တဲ့အတွက် အဲဒီအပိုင်းကို ပျောက်ဆုံးခဲ့တယ်ဆိုရင်တော့ အဲဒီလို အဖေတစ်ယောက်ကို သင်ကိုယ်တိုင်ပဲ ဖန်တီး ရပါလိမ့်မယ်။

အမှန်တကယ်တော့ သင့်ရဲ့ အတွင်းဘက်ထဲက ကလေးငယ်၊ အမေနဲ့ အဖေ အားလုံးဟာ သင့်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ သင်ပါပဲ။ အဲဒါဟာ သင့်စိတ် အတွင်းဘက်ထဲမှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာနဲ့ သင့်ကိုယ်သင် ဘယ်လို ချစ်မြတ်နိုးရမယ် ဆိုတာ သင်ယူနိုင်ဖို့အတွက် ပုံစံပြထားခြင်း သက်သက်သာ ဖြစ်ပါတယ်။

သင့်ကိုယ်သင် ချစ်မြတ်နိုးခြင်း ဆိုတာ သင့်ရဲ့ အတွင်းစိတ်ထဲက ကလေးငယ် ပြောသမျှကို နားထောင်ခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ခံစားချက်တွေကို နားလည်ပေးပြီး သူဖြစ်ချင်တဲ့ လမ်းကို လျှောက်လှမ်းပေးခြင်းပါပဲ။ သင့်ကိုယ်သင် ချစ်မြတ်နိုးခြင်း ဆိုတာ “သင့်ကိုယ်သင် ချစ်မြတ်နိုးတဲ့အကြောင်း သင် ဖြစ်ချင်တာတွေ ဖြစ်လာမယ် ဆိုတဲ့အကြောင်း” မနက်တိုင်း၊ သင့်မျက်စိတွေ စဖွင့်တိုင်း၊ သင် အိပ်ရာဝင်ချိန်တိုင်း၊ ပြီးတော့ သင့်မှာ ခံစားချက် တစ်စုံတစ်ရာ ရှိလာတဲ့ အခါတိုင်း ပြောပေးခြင်းပါပဲ။

သင့်ကိုယ်သင် ချစ်မြတ်နိုးခြင်း ဆိုတာ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ နက်ရှိုင်းတဲ့ အတွင်းစိတ်နဲ့ ဆက်သွယ်ခြင်းပါပဲ။ အဲဒါဟာ သင့်ကိုယ်ပိုင် ချစ်ခင်မြတ်နိုးစရာ မိသားစုတစ်ခုကို သင့်အတွင်းဘက်ထဲမှာ ဖန်ဆင်း ထားခြင်းပါပဲ။ အဲဒီအခါ သင်ဘယ်တော့မှ အထီးကျန်တယ်လို့ ခံစားရမှာ မဟုတ်တော့ပါဘူး။ သင် ဘယ်နေရာကိုပဲ သွားသွား၊ အခုအချိန်ကစပြီး သင့်ရဲ့ အတွင်းဘက် မိသားစုနဲ့ အတူတကွ ရှိနေလို့ပါပဲ။ သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ သင့်ကို ချစ်မြတ်နိုးမယ့်၊ သင့်ကို ကာကွယ်ပေးမယ့် သူတွေ ရှိနေပါတယ်။ သင့်ကိုယ်သင် ဂရုတစိုက် နားထောင်ပေးပါ။ သင့်ရဲ့ အာရုံစိုက်မှုနဲ့ ချစ်မြတ်နိုးမှုကို အချိန်အကြာကြီး စောင့်ဆိုင်းနေတဲ့ အဖိုးတန်တဲ့ ကလေးငယ်တစ်ယောက်ကို ဂရုစိုက်ပေးပါ။ အဲဒါဟာ သင့်ရဲ့ အတွင်းဘက်က ကြိတ်ခံစားနေရတဲ့ ဒဏ်ရာအနာတရတွေကို အကောင်းဆုံး ကုစားပေးခြင်းပါပဲ။

သိင်္ဂါကျော်

Learn how to love yourself ကို သင့်လျော်သလို ပြန်ဆိုပါသည်။
http://www.theenthusiasm.com/en/informatie/artikels

05 July, 2013

ငှက်တစ်ကောင်ရဲ့ မချိုသောနေ့များ


နေ့တွေ မချိုဘူး
ကိုယ့်စိတ်နဲ့ ကိုယ် ပြန်ပြန် ရန်ဖြစ်နေရတယ်
သံယောဇဉ် အတုအယောင်တွေနဲ့
ခဏ ခဏ ငြိမိတဲ့
ငှက်တစ်ကောင်က ငါပါ။


မမြင့်တမြင့် ပျံပျံနေတဲ့ ငှက်တစ်ကောင်မှာလည်း
အတောင်းညောင်းတဲ့ နေ့တော့ရှိတတ်တယ်။
ဆွဲဆောင်မှုတွေ သိပ်မလုပ်ပါနဲ့
စိတ်ကူးယဉ်နဲ့ လက်တွေ့က ဘယ်တော့မဆို ရန်ဘက်ပဲ မဟုတ်လား။

မမှီခိုချင်သလို အမှီလည်း မခံနိုင်တဲ့
ခရီးသွားငှက်တစ်ကောင်က ငါပါ။
တန်းတူ ပျံသန်းဖို့မှ မယှဉ်နိုင်ခဲ့ရင်
လက်ကမ်းတာက အလကားပဲ ဖြစ်လိမ့်မယ်။

အကောင်းမြင်သမားလို
ကျရာနေရာမှာ ပျော်ပျော်နေနေတိုင်းလည်း
ဘဝဟာ ပြီးပြည့်စုံပြီတဲ့လား
တစ်ခါ တစ်ခါ
မရောင့်ရဲနိုင်မှုက စကားတီးတိုး ဆိုတတ်တယ်။

ဘဝဟာ ဘယ်အချိန်ကတည်းက မှားနေခဲ့သတဲ့လဲ။
ရွေးချယ်မှု မရှိခဲ့တဲ့ ဖြစ်တည်မှုအတွက်
လိမ်လိမ်မာမာနဲ့ အသုံးမကျတဲ့လူဟာ ငါပါ။
ကိုယ်တိုင် တည်ဆောက်မှုရဲ့ ရလာဒ်က
သမားရိုးကျနဲ့ ရပ်ရပ်နေတတ်တယ်။

တိမ်မည်းတွေတောင် ငွေရောင် အနားသတ် ရှိတဲ့အခါ ရှိတယ်
မိုးတွေ ရွာမယ် သိပေမယ့်
တိမ်ကြားထဲက နေခြည်ဖျော့တစ်ချို့ကို မျှော်လင့်သလိုမျိုး
ငါလည်း
စိတ်ကူးယဉ်ခွင့် ရှိပါရစေ။

သိင်္ဂါကျော်

20 June, 2013

ကောင်မလေးရေ... (ကောင်မလေး အတွက် ၇)


ကောင်မလေးရေ...

နင်နဲ့ ပတ်သက်ရင်
နားမလည်နိုင်ခြင်းက ငါ့ကို ဖမ်းစားတယ်။

တစ်ခါတစ်လေတော့လည်း
နင့်ရဲ့ ငါ့အပေါ် သံယောဇဉ်ကို ငါခံစားမိပါရဲ့..။
တစ်ခါတစ်လေတော့လည်း
နင့်အသည်းနှလုံးက ငါ့အပေါ် အေးစက်ဆဲလို့ ငါထင်မိပါရဲ့..။

နင့်ကို ငါအရမ်းချစ်တယ် လို့ နေ့တိုင်း ပြောတာကို
နင်က ကြားရဖန်များလို့ အလေးမထားချင်ဘူး။
နင့်အသံကို ငါနေ့တိုင်း ကြားချင်တယ် လို့ ပြောတာကို
နင်က အပိုတွေ ပြောတယ်လို့ ထင်နေတယ်။

နင့်စကားကို နားထောင်ပြီး ငါဖုန်းမဆက်တဲ့အခါ
နင်က message တွေ စပို့တတ်တယ်။
ငါဖုန်းဆက်လို့ ငါ့ကို ချစ်လား မေးတဲ့အခါ
နင်ဘယ်တော့မှ ဝန်မခံချင်ဘူး။

ကောင်မလေးရေ...

နင့်ကို ငါ သိပ်ချစ်မိသွားတာက လွဲရင်
နင့်အကြောင်း ငါဘာမှ သိပ်မသိသလို
ငါ့အကြောင်းလည်း နင်ဘာမှ မမေးတတ်ဘူး။

ကောင်မလေးရေ...

နင်က ထားခဲ့ခံရမှာစိုးလို့ မချစ်ချင်တဲ့အကြောင်း ပြောတယ်၊
ငါက ထားခဲ့ခံရမှာစိုးလို့ နင်ချစ်တာကို ခံချင်တဲ့အကြောင်း ပြောတယ်၊
ဒီလိုနဲ့ပဲ
ညတာတွေ ရှည်တယ်၊ သံယောဇဉ်ကြိုးတွေ ရှည်တယ်
ဒီလိုနဲ့ပဲ
မပြတ်သားမှုတွေ ရှည်တယ်...။
ဒီလိုနဲ့ပဲ
နင့်ကို ပိုတိုးတိုး ချစ်မိနေတယ်...။

(သိင်္ဂါကျော်)

16 June, 2013

ချစ်ခြင်းနဲ့ စကားစမြည်


အချစ်ခံရခြင်းမှာ ရူးသွပ်မှုက
သာသာယာယာ ရှိတတ်တယ်...
အဓိပ္ဗါယ်မဲ့ တွေးတောခြင်းတွေနဲ့ ကြီးစိုး
အတည်တကျ မရှိတဲ့ မျှော်လင့်ခြင်းတွေနဲ့
အသားတောင် ကျနေပြီ။

ချစ်ခြင်းတစ်ခုခုနဲ့
နက်နက်ရှိုင်းရှိုင်း မပတ်သက်ချင်ဘူး
ဘယ်သူ ဘယ်လိုပဲ ဆွဲဆောင် ဆွဲဆောင်ပါ
ကိုယ့်ကိုယ်ကို ချောက်ထဲ ခုန်ချဖို့ သတ္တိမှ မရှိလေတာ။

ဘယ်သူက ယုံကြည်ခြင်းကို ရက်ရက်ရောရော သက်သေပြဖူးသလဲ
ရက်အပိုင်းအခြား တစ်ခုလောက်သာ ငြိတွယ်ကြ စွဲလမ်းကြ
ချစ်ခြင်းလို့ ပြောပြောနေကြတဲ့ စကားတစ်ခွန်းရဲ့
သက်တမ်းကုန် ရက်စွဲက သိပ်မကြာတတ်တာ
သိသိ နေတော့ ခက်တယ်။

ကိုယ်ကိုကပဲ အတ္တ များတတ်လေသလား
ကိုယ်ကိုကပဲ သံသယ များတတ်လေသလား
ကိုယ့်နှလုံးသားကိုယ် ကာကွယ်တာပါ
ကိုယ့်ဘက်က ချစ်ခြင်းတစ်ခုကို ခိုင်ခန့်တည်မြဲစေခဲ့ရင်
တစ်ချိန်ချိန်မှာ တစ်ဖက်သက် ဖြစ်သွားမှာ စိုးရိမ်သူမို့။

ဒါပေမယ့်လည်းလေ
အားနာပါးနာ သံယောဇဉ်တွေက ဒုက္ခပေးတတ်မယ်ဆိုတာ သိသိနဲ့
တစ်ခါတလေ တွယ်ငြိခံဖူးတယ်။
အားနာပါးနာ စကားစမြည်တွေက
တစ်ယောက်ယောက်ရဲ့ မျှော်လင့်ချက်တွေကိုလည်း မတိုးစေချင်ဘူး။

ဒီလိုနဲ့ပဲ
စွဲလမ်းခြင်းတွေမှာ သာယာ ယစ်မူး ရူးသွပ်၊
သံယောဇဉ်တွေ ပြောင်းလဲ ပျောက်ဆုံး အသစ်ဖြစ်၊
ချစ်ခြင်းတွေကို ဆက်လက်ပြီး မယုံမကြည်နိုင်။
ဒီလိုနဲ့ပဲ
လျှောက်ဆဲ လမ်းမှာ တစ်ယောက်တည်း ပျော်မွေ့။

သိင်္ဂါကျော်

10 June, 2013

တူမလေး ဖတ်ဖို့



တူမလေးရေ..

တီလေး ရေးတဲ့စာကို ခဏလောက်လေးပဲ အချိန်ပေးပြီး ဖတ်စေချင်တယ်ကွယ်။ တူမလေးက တီလေးတို့ မျက်ကွယ်မှာ တက္ကသိုလ်ကျောင်းကြီး တက်နေပြီ ဆိုတော့   ပြောချင်တာလေးတွေ စာရေးလိုက်တာပါ။ အရင်ကဆို တူမလေးက တီလေး တို့နဲ့ ခဏလေးတောင် ညအိပ် ညနေ ခွဲဖူးတာ မဟုတ်ဖူးလေ။ အခုဆို အဆောင်မှာပဲ သူငယ်ချင်းတွေနဲ့ နေပြီး ကျောင်းပိတ်ရက်မှ အိမ်ပြန်လာနိုင်တာ မဟုတ်လား။ တကယ်တော့ တူမလေးကို ပညာရေးမို့လို့သာ အဲဒီလို ခွဲထားရတာ တီလေး နည်းနည်းမှ စိတ်မချဘူးကွယ်။

တူမလေးက ကလေးစိတ်ပဲ ရှိသေးပြီး ဟိုဟိုဒီဒီ စိတ်မဝင်စားတတ်တာ တီလေး သိပါတယ်။ တူမလေးက ရည်မှန်းချက်ကြီးတဲ့သူ ဆိုတာလည်း သိတယ်။ ဒီတက္ကသိုလ်ကိုလည်း တူမလေး ဝါသနာပါလို့ အပေါ်ဆုံးမှာထားပြီး လျှောက်ခဲ့တာလေ။ တူမလေးက Master ဘွဲ့ဆက်တက်ခွင့် ရဖို့အထိ မှန်းထားတာ မဟုတ်လား။ တူမလေးတို့ကျောင်းက Ph.D ဒေါက်တာဘွဲ့ရ ဆရာမလေးတွေ (ငယ်ငယ်လေးတွေတော့ မဟုတ်ဘူး ၃၀ ဝန်းကျင်ပေါ့) ကိုလည်း အားကျတယ်လို့ ဖုန်းဆက်တုန်းက ပြောဖူးတယ် မဟုတ်လား။ တီလေးက တူမလေးရဲ့ ရည်ရွယ်ချက်တွေ နည်းနည်းလေးမှ လွဲချော်မသွားစေချင်လို့ပါ။

တူမလေးတို့ ကျောင်းမှာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်ရင် စာမေးပွဲ မဖြေရဘူးတဲ့။ တူမလေးကတော့ နေမကောင်းတဲ့ အချိန်ကလွဲလို့ ကျောင်းမပြေးပါဘူး လို့ ပြောတာကို ယုံပါတယ်နော်..။ တူမလေးက ကျောင်းခေါ်ချိန် မပြည့်လို့ စာမေးပွဲ မဖြေရအောင် လုပ်မယ့်သူတော့ မဟုတ်တာ တီလေး သေချာသိပါတယ်။ တူမလေး သူငယ်ချင်း တစ်ယောက်ကတော့ အရင်လက ကျောင်းခေါ်ချိန် မပြည့်လို့ အိမ်က မိဘ လိုက်လာရတယ်လို့ ပြောတော့ တီလေး တူမလေးက လိမ္မာလို့ တော်သေးတယ်လို့ တွေးမိပါတယ်။ တူမလေးတို့ကို ကျောင်းခေါ်ချိန် ပြည့်ရမယ်လို့ စည်းကမ်းထားထားတာကလည်း အလကား တင်းကျပ်ထားတာ မဟုတ်ဘူးလေ။ ကျောင်းမှန်မှန်တက်တဲ့ ကျောင်းသားမှ ဒီလို တစ်နှစ်လုံးသင်ထားတဲ့ စာတွေကို နားလည် သဘောပေါက်ပြီး စာမေးပွဲဖြေနိုင်မှာ မို့ပေါ့ကွယ်။

ပထမအရွယ်မှာ ပညာရှာ ဆိုတဲ့ စကားကို တူမလေးတို့ ကြားဖူးနေကြပါ။ အခု တူမလေးတို့ အရွယ်မှာ ကျေပွန်အောင် လုပ်ရမယ့် တာဝန်က ကျောင်းက သင်တဲ့ စာတွေကို နားလည်သဘောပေါက်အောင် လုပ်ပြီး စာမေးပွဲ အောင်အောင် ဖြေဖို့ပဲ ရှိတာပါကွယ်။ တူမလေးတို့ သင်ရတဲ့ စာတွေက ဆယ်တန်းစာတွေနဲ့ လုံးဝမတူပဲ အဆင့်မြင့်သွားတာဆိုတော့ အစမှာ နည်းနည်း စိတ်ဓါတ်ကျတာမျိုးလည်း ရှိချင်ရှိမယ်။ ဒါပေမယ့် “ကျောင်းမှန်မှန်တက် စာမခက်” ဆိုတဲ့ စကားလည်း ရှိသားပဲ။ ကျောင်းမှန်မှန်တက်ပြီး ဆရာမ သင်တာ သေချာ စိတ်ပါလက်ပါနဲ့ နားထောင်ရင် တဖြည်းဖြည်း အကျွမ်းတဝင်ဖြစ်လာမှာပါ။ တူမလေးတို့က ဆယ်တန်းတုန်းကတော့ ကျူရှင်နဲ့ ဂိုက်နဲ့ စာသင်၊ စာကျက်လာကြတာ ဆိုတော့ ဆရာမက တစ်ခါ သင်လိုက်တဲ့ အချိန်မှာ သင်တာတွေ အကုန်ကို လိုက်မမှီနိုင်တဲ့ သူတွေလည်း ရှိချင် ရှိမယ်ပေါ့။ ဒါပေမယ့်လည်း ကိုယ် နားမလည်လိုက်တဲ့ အပိုင်းလေးတွေကို တစ်နေ့စာ တစ်နေ့ ပြန်လိုက်ကြည့်ပြီး နားလည်လိုက်တဲ့ သူငယ်ချင်းကို ပြန်မေး၊ ဆရာမကို ပြန်မေး.. အဲဒီလို လုပ်သွားရင် အဆင်ပြေသွားမှာပါ။ စာမေးရတာ ဘာမှ ရှက်စရာ ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဆရာ၊ ဆရာမ တွေ ဆိုတာကလည်း စားဝတ်နေရေး အတွက် အပြင်မှာ ကျူရှင်သင်တဲ့သူ လူနည်းစုလောက်တော့ ရှိချင်လည်း ရှိမှာ ဆိုပေမယ့် စာလာမေးတဲ့သူကိုတော့ ပြောမပြဘူး ဆိုတဲ့သူ ဘယ်သူမှ မရှိပါဘူးကွယ်။

တူမလေးက ဥာဏ်လည်း ကောင်းပြီးသားပဲ.. ဆယ်တန်းတုန်းကတောင် အမှတ် အများကြီး ရခဲ့လို့ ဒီကျောင်းကို ရောက်တာ မဟုတ်လားကွယ်။ သင်တဲ့ စာတွေကို နည်းနည်းလောက် အာရုံစိုက်လိုက်ရင် မလိုက်နိုင်ဘူး ဆိုတာ ရှိမှာ မဟုတ်ပါဘူး။ အဲဒီလို စာကို အာရုံစိုက်နိုင်ဖို့ ဆိုတာကလည်း တစ်ခြား အာရုံတွေ မများမှ ဖြစ်မှာလေ။ တူမလေးကို အဲဒါ ပြောချင်တာပါ။ တူမလေးကို ဆက်သွယ်ရ လွယ်ကူအောင် ဆိုပြီး တီလေး တို့က ဖုန်းဝယ်ပေးထားတယ်၊ ဟန်းဆက်ကလည်း touch screen အကောင်းစား၊ အင်တာနက်လည်း သွင်းပေးထားတယ်။ တူမလေးတို့ အဆောင်ကလည်း wifi နဲ့ အင်တာနက် free ပေးသုံးထားတယ်၊ ကျောင်းမှာလည်း wifi နဲ့ အင်တာနက် ရတယ် ဆိုတော့ အဲဒီ အင်တာနက်တွေများ အရမ်း သုံးနေသလားလို့ တီလေးက နည်းနည်းတော့ စိတ်ပူမိတယ်ကွယ်။ ဟိုတစ်ခေါက် အိမ်ပြန်လာတုန်းကတောင် တီဗွီကြည့်နေရင်းနဲ့ ဖုန်းထဲက အင်တာနက်ကို ဖွင့်ပြီး chat နေသေးတယ် မဟုတ်လား။ တီလေးက ပြပါဦး ဆိုတော့ သူငယ်ချင်းတွေပါ ဘာမှမဟုတ်ဘူး ဆိုပြီး မပြဘူးလေ။ အခု အင်တာနက်ကို စွဲလမ်းစေတဲ့ ရောဂါ တစ်ခုအဖြစ်တောင် သတ်မှတ်လိုက်ပြီ တဲ့နော်။ facebook တို့ talk တို့မှာ online က တွေ့တဲ့လူတွေနဲ့ chat တာကလည်း စွဲလမ်းတတ်တာပဲနော်။ တူမလေးက အတွေ့အကြုံမရှိ၊ ဘာမှမသိသေးတဲ့ ကလေးပဲ ရှိသေးတာ ဆိုတော့ online ပေါ်က ယောက်ျားလေး တစ်စိမ်းတွေနဲ့ စကားပြောပြီး သာယာ စွဲလမ်းသွားမှာ တီလေးက စိုးရိမ်တယ်ကွယ်။ အားတဲ့ အချိန် ခဏ လုပ်တယ် ဆိုပေမယ့် အဲဒီအရာတွေမှာ အာရုံက ဖြတ်မရဖြစ်ပြီး ကျောင်းစာမှာ ပေါ့သွားမှာ စိုးရတယ်လေ။ တူမလေးက တော်ရုံတန်ရုံ အောင်တာထက် ထူးထူးချွန်ချွန် အောင်ချင်တာ မဟုတ်လား…။

တူမလေးရေ…။ လူဆိုတာ ကိုယ့်ဘဝရဲ့ လက်ရှိအချိန်မှာ အရေးကြီးဆုံး လုပ်ရမယ့်အရာကို ဦးစားပေးပြီး လုပ်ရမယ်။ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အရေးမပါတဲ့ အရာတွေအတွက် ကုန်ဆုံးစေလို့ မဖြစ်ဘူးလေ။ game ကစားတဲ့ဘက်ကို အာရုံအရမ်းဝင်စားသွားလို့ စာမေးပွဲ ကျသွားတဲ့ ကျောင်းသားတွေ၊ ရည်စားထားပြီး စာကို စိတ်မဝင်စားတော့ပဲ စာမေးပွဲကျကြတဲ့ ကျောင်းသားတွေ.. တီလေး တွေ့ဖူး ကြားဖူး နေတယ်လေ။ တူမလေးကို စာ၊ စာ၊ စာချည်းပဲလုပ်နေဖို့ တီလေးက ပြောတာ မဟုတ်ပါဘူး။ အနီးအနားက မရောက်ဖူးတဲ့ နေရာတွေ သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက် သွားမယ် ဆိုလည်း အန္တရယ် မရှိမယ့် နေရာဆို တီလေးတို့ ခွင့်ပြုလိုက်တာ တူမလေး သိပါတယ်။ တစ်ခါတလေတော့ စိတ်အနားပေးဖို့ ကိုယ်လုပ်ချင်ရာလေး လုပ်ပေါ့။ အင်တာနက်ကိုလည်း မသုံးနဲ့လို့မပြောပါဘူး။ (ပြောလည်း သုံးမှာပဲ ဆိုတာ သိနေတယ်လေ) အချိန်လေး ကန့်သတ်ပြီး လုပ်ဖို့ အာရုံအရမ်းစိုက်မသွားဖို့ ပြောတာပါ။ ကိုယ်လုပ်ရမယ့် အိမ်စာတွေ၊ ဖတ်ရမယ့် စာတွေ လုပ်ပြီးပြီဆို ခဏတဖြုတ် အင်တာနက်သုံးတာကို တီလေးတို့ ခွင့်ပြုပါတယ်။ တစ်ချို့တလေတွေလို ကျောင်းဝင်းထဲမှာ အင်တာနက် ရနေတယ် ဆိုပြီး ကျောင်းချိန်ပါ ပြေးပြီး သုံးနေတာမျိုးတော့ လုံးဝ မကောင်းဘူး ပေါ့ကွယ်။ တစ်ချို့တွေ ဆရာမက ရှေ့မှာ ကြိုးစားပမ်းစား စာရှင်းနေတဲ့ အချိန်မှာ ဖုန်းကို ကြည့်ပြီး တစ်ယောက်တည်း ပြုံးနေတာတို့ ဘာတို့က ဆရာမကို မလေးစားရာ ကျတဲ့အပြင် ကိုယ့်အတွက် အရေးကြီးတဲ့ သင်ခန်းစာတွေလည်း လွတ်သွားနိုင်တာပေါ့။ တီလေး တူမလေးတော့ အဲဒါမျိုး ဘယ်တော့မှ မလုပ်လေနဲ့နော်..။

တူမလေးရေ တကယ်တော့ အင်တာနက် ဆိုတာ online ပေါ်မှာ တွေ့တဲ့ လူတွေ တစ်ယောက်နဲ့ တစ်ယောက် အရေမရ အဖတ်မရတွေ ပြောဖို့၊ Facebook တို့ Twitter တို့ပေါ်က အတင်းအဖျင်းတွေ ဖတ်ဖို့တဲ့ ပိုပြီး တန်ဖိုးရှိတဲ့ အရာပါကွယ်။ chat တယ်ဆိုတာကလည်း အပြင်မှာ မသိတဲ့ လူတွေနဲ့ ချစ်ကြောင်း ကြိုက်ကြောင်း ပြောဖို့ထက် ကိုယ့်နဲ့ နှစ်လရှည် ခင်မင်ခဲ့တဲ့ အဝေးရောက် သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့က အဓိကပါ။ အင်တာနက်လေး ရနေတယ် ဆိုတော့ တူမလေးတို့ သင်ရတဲ့ ဘာသာရပ်တွေထဲက ကိုယ်နားမလည်တဲ့ အသုံးအနှုန်း၊ စကားလုံးတွေကို ရှာဖွေ ကြည့်လို့ရတယ်လေ။ တူမလေးတို့ ကျောင်းဝင်းထဲမှာ အင်တာနက် ရအောင် လုပ်ပေးထားတယ် ဆိုတာကလည်း အဲဒီလို အကျိုးရှိရှိ သုံးလို့ရအောင်လို့ပါ။

တူမလေးက အခုဆို စတိတ်ကျောင်းတုန်းကနဲ့ မတူအောင် အလှအပကိုလည်း စိတ်ဝင်စားတတ်နေပြီ မဟုတ်လား။ အရင်က ကလေးလို ဆံပင် အတိုအကပ်ကလေး ထားခဲ့ရာက အခုတော့ ဆံပင်နည်းနည်း ရှည်အောင် ထားတော့မယ် တဲ့လား။ တူမလေးအမေ တီလေး အစ်မကတော့ သူကိုယ်တိုင်လည်း အလှအပကို စိတ်ဝင်စားတဲ့သူ ဆိုတော့ သူ့သမီးကလေး လှချင်တာကိုလည်း သဘောကျနေသေးရဲ့။ နှုတ်ခမ်းနီလေး ခရင်မ် လေးပါ ဝယ်ထည့်ပေးလိုက်သေးတယ်။ တူမလေးကလည်း ကလေး ရုပ်ကလေး ဆိုပေမယ့် ပြင်လိုက်ရင်တော့ မိန်းမချောလေး မဟုတ်လား။ တီလေးကတော့ တူမချောလေးကို တိုတယ်ပဲ ဆိုချင်ဆို ချစ်ကြ ကြိုက်ကြသူတွေ များမှာစိုးလို့ သိပ် အလှမပြင်စေချင်ဘူးကွယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က ပြန်မကြိုက်သည့်တိုင် ကိုယ့်ကို ချစ်တယ် ကြိုက်တယ် ဆိုရင် မိန်းကလေး ဆိုတော့ စိတ်ထဲမှာ သာယာမယ်၊ အဲဒီအကြောင်းကို တွေးပြီး စာကျက်ပျက်မယ်၊ ကိုယ့်ကိုယ်ကို ပိုလှအောင် ပြင်မယ်၊ အဲဒီလိုနဲ့ ကျောင်းစာဘက်မှာ အားလျော့သွားမှာ စိုးတယ်ကွယ်။ အဲဒါကြောင့် တူမလေး အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျောင်းသူဆိုတာ အမြဲ အမှတ်ရနေပြီး တစ်ခါတလေ သွားတဲ့ လာတဲ့ အခိုက်၊ ပွဲလမ်း ရှိတဲ့အခိုက်ပဲ အလှအပ ပြင်ပြီး နေ့စဉ်ကျောင်းသွားတိုင်းတော့ အလှအပကို အချိန်ပေးပြီး ပြင်မနေဖို့ ပြောချင်တာပါ။

လှရုံပဲ လှပြီး အရည်အချင်း မရှိတဲ့ မိန်းကလေးထက် မလှရင်တောင် အရည်အချင်းရှိတဲ့ မိန်းကလေးကို လူတွေက ပိုလေးစား အားကျကြတယ် တူမလေးရဲ့…။ ကိုယ်ပိုင်အရည်အချင်း ရှိမှ ကိုယ့်ဘဝ တစ်သက်တာလုံး ဘယ်သူ့ကိုမှ ပုံအပ် အားကိုးနေစရာ မလိုပဲ နေနိုင်မှာလေ။ အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို လုပ်နိုင်ဖို့ဆို ကိုယ့်ပညာရေးကလည်း ကိုယ်ရည်မှန်းထားတဲ့ အတိုင်း ပြီးမြောက်မှ ဖြစ်နိုင်မှာပေါ့။ တူမလေးတို့ အရွယ်မှာ ပထမ ဦးစားပေး လုပ်ရမယ့် အလုပ်က ပညာရေးပဲ။ အချစ်ရေး မဟုတ်သေးဘူး။ ဘွဲ့တစ်ခု ရကာနီးမှ၊ တက္ကသိုလ် နောက်ဆုံးနှစ်လောက်မှ ချစ်သူထားကြရင်လည်း နောက်မကျသေးပါဘူးကွယ်။ အချစ်ကို ဦးစားပေးမိလို့ ဘဝရည်မှန်းချက် ပျက်ရတယ် ဆိုတာမျိုးလောက် ညံတဲ့လူ လောကမှာ မရှိဘူး။ အချစ်ဆိုတာ ဘဝထဲက အစိတ်အပိုင်းသေးသေးလေး တစ်ခု သက်သက်ပါပဲ။ ဘဝတစ်ခုလုံးမှ မဟုတ်တာကွယ်။ အချစ်ကို ဘဝတစ်ခုလုံးပေးပြီး ကိုးကွယ်တဲ့သူကတော့ သူ့ဘဝရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်တွေကို ဆုံးရှုံးရလိမ့်မယ်ကွယ့်။ ကိုယ့်ရည်မှန်းချက် ပြီးမြောက်မှ အချစ်ကို ရှာလည်းပဲ ကိုယ့်အဆင့်အတန်းနဲ့ ကိုက်ညီ၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ လူတစ်ယောက်တော့ တွေ့နိုင်မှာပါ။ အရွယ်မတိုင်ခင် အချစ်ကို ဦးစားပေးခဲ့ပြီး အဆင်ပြေ အောင်မြင်နေတဲ့ သူတွေ ဆိုတာ အနည်းစု လောက်သာ ရှိကြတာပါ။ ဒုက္ခရောက်သွားကြတာ များပါတယ်။ ငယ်ရွယ်တုန်း တွေ့တဲ့ အချစ်က စစ်မှန်တည်တံ့ တယ်ဆိုတာလည်း ရှားပါတယ်။

တလောက တူမလေးတို့ ကျောင်းက တတိယနှစ် ကျောင်းသူတစ်ယောက် အိမ်ထောင်ပြုပြီး ကျောင်းဆက်မတက်တော့ဘူး ဆိုတဲ့ အကြောင်းကြားတော့ တီလေးဖြင့် နှမြောလိုက်တာ။ တားမရလို့ ယူချင်ကြရင်လည်း တက်လက်စ ကျောင်းလေးတော့ ပြီးအောင် ဆက်တက်ကြပေါ့ကွယ်။ အခုခေတ်မှာ မိန်းမတစ်ယောက် အိမ်ထောင်ပြုပြီး မှီခိုသူ သက်သက် ဖြစ်နေတာကို တီလေးဖြင့် အားမရဆုံးပဲ။ ငယ်ငယ်ရွယ်ရွယ်တွေ မင်္ဂလာဆောင်တာ ဖိတ်ရင် သိပ်မသွားချင်ဘူး။ အဲဒါမျိုးကို အားပေးရာ ကျတယ်လို့ ကိုယ့်စိတ်ထဲကိုယ် ထင်မိလို့လေ။ ဒါပေမယ့်လည်း အတည်တကျ တစ်သက်တာ အတွက် ရည်ရွယ်ပြီး လက်ထပ်ကြတယ် ဆိုတာတော့ဖြင့် ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့။

တီလေးရဲ့ တူမလေး ကလေးစိတ်သာသာကို ပြောဖို့ သင့်မသင့်တောင် မသိတော့ပါဘူး။ ဒါပေမယ့် တူမလေးတို့ ကျောင်းက အကြီးတန်းတွေ အကြောင်းဆိုတော့ တူမလေးလည်း ကြားချင်ကြားနေမှာပါ။ facebook ထဲမှာတောင် တင်လိုက်ကြသေးတယ်လို့ ကြားတယ်။ တူမလေးတို့ ကျောင်းအသိုင်းအဝိုင်းမှာ ပြန့်သွားလို့ရေးတဲ့သူ ဘယ်သူလဲ ဆိုပြီး တရားခံ ရှာကြသေး ဆိုလားပဲ။ ဘယ်အတန်းက ဘယ်ကျောင်းသားနဲ့ ဘယ်ကျောင်းသူကဖြင့် ချစ်သူရည်စား အဆင့်ထက် ပိုပြီး နေနေတာ ကြာပြီ။ ဘယ်အတန်းက ကျောင်းသူတစ်ယောက်ကတော့ဖြင့် ဘယ်ကျောင်းသား ဘယ်သူဘယ်ဝါကို ချူစားနေတာ..။ ကျောင်းသူတစ်ယောက်ကတော့ဖြင့် ဘယ်လောက်ပေးရင် ခေါ်လို့ ရတယ် ဆိုတာမျိုး တဲ့။ စုံစမ်းကြည့်လိုက်တော့ သက်သက်မဲ့ အပုပ်ချတာ မဟုတ်ပဲ တကယ် ဟုတ်နေနိုင်တာကို တွေ့ရသတဲ့။ တီလေးလည်း ခိုင်လုံတဲ့ သတင်းရပ်ကွက်က တိုးတိုးတိတ်တိတ် ကြားတာပေါ့လေ။ တီလေးကတော့ တူမချင်း ကိုယ်ချင်းစာပြီး အဲဒီလို ရေးတဲ့သူကို ဒေါသထွက်တယ်ကွယ်။ ဒါပေမယ့် တကယ်တမ်းကျတော့လည်း ကိုယ့်ဘက်က အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ပဲနဲ့တော့ သက်သက်မဲ့ အပုပ်ချခံရမှာ မဟုတ်ဘူးလေ။ ကိုယ်က နာမည်ကြီး မင်းသမီးမှ မဟုတ်တာပဲ။

တူမလေးရေ…။ မိန်းကလေး တစ်ယောက်အတွက် အရေးကြီးဆုံးက ကိုယ်ကျင့်သိက္ခာပါပဲ။ ဘယ်လောက်ပဲ ရုပ်ရည်ချောချော၊ ဘယ်လောက်ပဲ မျိုးရိုးကြီးကြီးက လာလာ၊ ဘယ်လောက်ပဲ ပညာတွေ တတ်တတ်၊ မှန်ကန်တဲ့ စိတ်နေစိတ်ထား၊ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား ရှိမှသာ ဘဝတစ်သက်တာလုံး ခိုင်ခိုင်မာမာ မျက်နှာမော့ပြီး ရပ်တည်နိုင်မှာပါ။ တူမလေးတို့ အရွယ်ဆိုတာ တကယ့်ကို ဖြူစင်သန့်ရှင်း အစွန်းအထင်း ကင်းတဲ့ ဘဝ ပိုင်ရှင်လေးတွေ။ ရှေ့လျှောက် လူအဖြစ် ရပ်တည်ဖို့ အချိန်တွေ အများကြီး ကျန်သေးတယ်ကွယ့်။ သူများနိုင်ငံ၊ သူများ ယဉ်ကျေးမှုတွေက လက်မထပ်ခင် အတူနေခြင်းကို ဘယ်လိုပဲ လွတ်လပ်စွာ သဘောထား၊ သဘောထား၊ ဘယ်လောက် ငယ်တဲ့ အရွယ်ကပဲ စမ်းသတ်ကြည့်ကြ၊ စမ်းသတ်ကြည့်ကြ တို့နိုင်ငံ လူ့အသိုင်းအဝိုင်းကတော့ ဘယ်လိုမှ လက်မခံကြပါဘူး။ တို့နိုင်ငံ တို့ယဉ်ကျေးမှုက အဲသလို ကိစ္စတွေကို ဘယ်လိုမှ ခွင့်ပြုမပေးနိုင်ဘူး။ ဖြစ်လည်း မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ အဖြူရောင် အဝတ်စမှာ အစွန်းအထင်း တစ်ခု စွန်းထင်းပြီးရင် ဘယ်လိုပဲ ချွတ်ချွတ် နဂို အဖြူရောင် ပြန်မရနိုင်သလိုပဲ လူတစ်ယောက်မှာလည်း အကျင့်သိက္ခာနဲ့ ပတ်သက်တဲ့ အစွန်းအထင်း တစ်ခု စွန်းထင်းပြီးရင် ဘယ်လိုမှ နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ဘူးကွယ်။ မကောင်းမှု ဆိုတာ ဆိတ်ကွယ်ရာ မရှိဘူးလို့ မြတ်စွာဘုရား ဟောခဲ့တာပဲ။

စဉ်းစားကြည့်လိုက်ပါ။ မိန်းကလေးတစ်ယောက် အဲသလို ကိစ္စမျိုးနဲ့ နာမည်ပျက်စရာ ရှိခဲ့ရင် နီးစပ်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက မသိပဲ နေပါ့မလား။ တစ်ခါလေး မှားဖူးတာ၊ နှစ်ခါလေး မှားဖူးတာ ဆိုပြီး အချိန်ကြာသွားရင် အတိတ်ကို ထားခဲ့မှာပဲ၊ ဘယ်သူမှ မသိနိုင်တော့ပါဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား။ တစ်နေ့တော့ သိကြမှာပဲကွယ့်။ ယောက်ျားလေးတွေ ဆိုတာကလည်း ကိုယ်သာ အကျင့်ပျက်ရင် ပျက်မယ်၊ လူပျိုရည် ပျက်ချင် ပျက်ခဲ့မယ်။ ကိုယ်နဲ့ ပတ်သက်တဲ့၊ လက်ထပ်ယူမယ့် မိန်းကလေးကိုတော့ ပြစ်မျိုးမှည့်မထင် ဖြစ်ချင်ကြတာ သဘာဝပဲ။ ချစ်သူ ယောက်ျားသား အတွက်လည်း တစ်ခါ ရဖူးတယ် ဆိုရင် ဒီမိန်းကလေးဟာ ဒီကိစ္စမှာ လွယ်ပါတယ် ဆိုပြီး တန်ဖိုးထားချင်မှာ မဟုတ်ဘူးကွယ်။ တူမလေးတို့ သိပြီးသား ဆရာတော်တစ်ပါးရဲ့ ဆုံးမစကားလေးကို ပြန်ပြောပေးရရင် “ခြေဆေးတယ် ဆိုတာ ရေအိုင်ထဲက ရေကိုပဲ ခြေဆေးကြတာ၊ ရေအိုးထဲက ရေကိုတော့ ခြေမဆေးကြပါဘူး” ဆိုတာလေးကို သတိထားစေချင်တယ်။ ကိုယ်ဘက်က တည်တည်ကြည်ကြည် သိက္ခာရှိရှိ ဖြူဖြူစင်စင် နေမယ်၊ ယောက်ျားလေးဘက်က ခေါ်တဲ့ ဆိတ်ကွယ်ရာတိုင်း မလိုက်ဘူး ဆိုရင် ရေအိုင်ထဲက ရေ မဖြစ်နိုင်တော့ဘူးပေါ့ကွယ်။ ချစ်သူတောင် မရှိသေးတဲ့ တူမလေးကတော့ အဲလို မလုပ်ဘူး ဆိုတာ တီလေး သိပြီးသားပါကွယ်။ ဒါပေမယ့် ပြောပြထားတာပါ။   

တီလေး ပြောချင်တာက တက္ကသိုလ်မှာ ချစ်သူရည်စား ထားတာ၊ သူငယ်ချင်းတွေကနေ ချစ်သူဖြစ်ကြတာ..၊ တက္ကသိုလ် ကျောင်းဝင်းထဲမှာ၊ ကင်တင်းမှာ ကြည်ကြည်နူးနူး သွားကြ လာကြ ဆိုတာ ဟို ရှေးရှေးကတည်းက ရှိခဲ့ကြတယ်၊ ရှိကြမှာပဲ။ ဒါပေမယ့် တီလေးတို့ ခေတ်ကတော့ အများအမြင် သင့်တော်ရုံလောက်ပဲ သွားလာခဲ့ကြတာပါ။ (တီလေးကိုယ်တိုင်တော့ အဲဒီလို သွားလာတဲ့ အထဲမှာကို မပါခဲ့ဘူးနော်…။ တူမလေးလည်း မပါစေချင်ဘူးဆိုတာ ထပ်ပြောချင်သေးတယ်) တီလေးတို့ ခေတ်က အခုခေတ်လို ဆရာ၊ ဆရာမလည်း ဂရုမစိုက်၊ ဘယ်သူ့ကိုမှ မရှက်မကြောက် ဖက်ကြ ပြုကြ အမြင်မတော်အောင် နေထိုင်ကြတာတွေတော့ မရှိခဲ့ပါဘူး။ အခုတော့ အဲဒီလို နေထိုင်ကြတာကိုပဲ ဘာမှ ရှက်စရာ မဟုတ်ဘူးလို့ ထင်နေကြတယ်။ နိုင်ငံခြားကားတွေ အကြည့်များတာလည်း ပါမှာပေါ့ကွယ်။ အဲဒီလို နေတာ ထိုင်တာကို ဆုံးမ လိုက်ရင်ပဲ ပါမောက္ခချုပ်က၊ ကျောင်းအုပ်ကြီးက၊ မော်ကွန်းထိန်းက၊ ဆရာမက လူအခွင့်အရေးကိုပဲ ချိုးဖောက်သလိုလို ပြောချင်ဆိုချင်ကြသေးတယ်။ ယောက်ျားလေး ဆိုတာကတော့ကွယ် ကြီးကြီးငယ်ငယ် အများစုက အခွင့်အရေး ရမယ် ဆိုရင်တော့ ယူချင်ကြမှာပဲ။ မိန်းကလေးများဘက်က မသင့်တော်ဘူး၊ လက်မခံနိုင်ဘူး၊ ဖြူဖြူစင်စင် ချစ်သူများ အဖြစ်နဲ့ နေမယ် ဆိုတာမျိုး နားဝင်အောင် ပြောကြရမှာကွယ့်။ မဟုတ်ရင်တော့ နစ်နာရမှာက မိန်းကလေးပဲ ဖြစ်မှာလေ။ တီလေးတို့ မြန်မာမိန်းကလေး တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ အပျိုစင်ဘဝကို မင်္ဂလာဦးည အထိ ထိန်းသိမ်းထားသင့်တာပါ။ တူမလေးတို့ အရွယ်ငယ်ငယ် မပြောနဲ့ အရွယ်ရောက်သူများတောင် မလုပ်သင့်တဲ့ အရာဆိုတာ သိထားသင့်ပါတယ်နော်။ ဘယ်သူတွေက ဘယ်ခေတ်ရောက်လို့ ဘယ်လို လွတ်လွတ်လပ်လပ် လုပ်နိုင်ပါပြီ ပြောပြော မြန်မာ့ယဉ်ကျေးမှု ဘောင်အတွင်းက လိုက်နာရမယ့် ကျင့်ဝတ်တွေကိုတော့ လိုက်နာကြမှသာ အများကတန်ဖိုးထား လေးစားမယ့် မြန်မာမိန်းကလေး ပီသမှာပေါ့ကွယ်။

ကဲပါလေ..။ တီလေး ပြောချင်တာတွေက တူမလေး တစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ တူမလေးတို့ အရွယ် ကျောင်းသူလေးတွေတိုင်းကို နားလည်အောင် ပြောပြချင်တာပါ။ စာလည်း ရှည်သွားပြီ ဆိုတော့ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ တူမလေးလည်း ကျန်းမာရေးကို ဂရုစိုက်၊ စာလည်း ကြိုးစား၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ။ ဘယ်ယောက်ျားလေး သူငယ်ချင်းကိုမှလည်း ယုံယုံကြည်ကြည်နဲ့ နှစ်ယောက်တည်း မသွားလာနဲ့နော်။ တီလေး တူမလေးကတော့ လိမ္မာပြီးသား၊ စာတော်ပြီးသား ဆိုတော့ ဘာမှ အထူးတလည် ပြောနေစရာ မလိုတာ သိပါတယ်ကွယ်။ ပိုပြီးတော့ ဂရုစိုက်နိုင်အောင်လို့ ပြောတာပါ။

ချစ်တဲ့
အန်တီလေး

13 May, 2013

အောင်မြင်မှုအတွက် အကောင်းမြင်ဝါဒ

အကောင်းမြင် အပြုသဘော တွေးတောခြင်းဟာ ဘဝအောင်မြင်မှု အတွက် သော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ လူတိုင်းမှာ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်။ အကောင်းမြင်တတ်ခြင်းနဲ့ သူတို့ လုပ်နေတဲ့ အရာအပေါ်မှာ စိတ်အားထက်သန်မှု ရှိခြင်းပဲ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကြောင်း အလုပ်မှာ အောင်မြင်ကျော်ကြားနေသူတွေကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ အောင်မြင်မှုကို ရရှိဖို့ အတွက် ရိုးရှင်းတဲ့ အကြံဉာဏ် တစ်ခုကနေ စတင်ခဲ့ပြီး စစ်မှန်တဲ့ ဆန္ဒနဲ့ အပြုသဘော ရှုမြင်တတ်မှုက သူတို့ ဆန္ဒကို အမှန်တကယ် ဖြစ်လာစေခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့မှာ ခဏတဖြုတ် လုပ်ချင်စိတ်တွေ ဖြစ်လာအောင် တွန်းအားပေးတဲ့ အကြံဉာဏ်တွေကတော့ အများကြီး ရှိခဲ့ကြတာပါပဲ။ အဲဒီထဲကမှ အနည်းငယ်သော အကြံဉာဏ်လေးတွေလောက်ပဲ ကျွန်တော်တို့ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ဖြစ်လာပြီး အကောင်အထည်ဖော်တဲ့ အချိန်မှာ အခက်အခဲတွေ ရှိရင်လည်း ရအောင် ကျော်လွှားပြီး အောင်မြင်မှုဆီ ဦးတည်တတ်တာပါ။

ကျွန်တော်တို့ရဲ့ အလုပ်အကိုင်၊ ကိုယ်ရေးကိုယ်တာဘဝ၊ ပညာရေး၊ စတာတွေမှာ ကိုယ်ပိုင် ရည်ရွယ်ချက် ရည်မှန်းချက်တွေ ထားရှိတတ်ကြပါတယ်။

အဲဒီ ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်အောင် ဘယ်လို အကောင်အထည်ဖော်မလဲ။

ရည်မှန်းချက်တော့ ချထားပါရဲ့၊ ဒါပေမယ့် အခက်အခဲတွေ ကြုံလာတဲ့အချိန်မှာ စွန့်လွှတ်ရမှာလား။

ရုတ်တရက် ပျက်စီး ကျိုးပျက်သွားနိုင်တဲ့၊ ဖိအားတွေ ဖြစ်လာနိုင်တဲ့၊ ဘယ်တော့မှ တကယ့် ရည်မှန်းချက် အဖြစ် မရောက်နိုင်တဲ့ အကြံဉာဏ်တစ်ခု အပေါ်မှာ ကျွန်တော်တို့ စိတ်အားထက်သန် နေမိတာလား။

ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှု နဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ ဘယ်လို ထိန်းသိမ်းထားမလဲ။

အောက်ပါ ဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်နာ ကျင့်သုံး ကြည့်စေချင်ပါတယ်။

အမြဲတမ်း အပြုသဘော တွေးတောပြီး သင့် လုပ်နိုင်စွမ်းကို ယုံကြည်ပါ

အောင်မြင်တဲ့ လူတွေရဲ့ ကွာခြားချက်က စိတ်အားထက်သန်မှု ရှိတယ်၊ သူတို့ ပန်းတိုင်ကို သူတို့ ယုံကြည်တယ်၊ သူတို့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်လိမ့်မယ်ဆိုတာ သူတို့ သိထားတယ်။ သူတို့ မျှော်လင့်ရုံ မျှော်လင့်တာ မဟုတ်ဘူး၊ ဒါကို သေချာ သိထားတာပါ။ သူတို့က သူတို့ လမ်းဆုံး ပန်းတိုင်နဲ့ ပတ်သက်ပြီး အမြဲတမ်း အကောင်းမြင် အပြုသဘောပဲ တွေးတောတယ်။ သူတို့ ဘယ်တော့မှ မကောင်းမြင် အပျက်သဘောတွေ ခဏလေးတောင်မှ သူတို့ စိတ်ထဲကို အဝင်မခံဘူး။
သူတို့ ဘယ်တော့မှ အလွယ်တကူ မစွန့်လွှတ်ဘူး၊ ဒါပေမယ့် သူတို့ ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို အဆုံးအထိ တိုက်ခိုက်တတ်ကြတယ်။ သူတို့အတွက် သူတို့ ရည်မှန်းချက်ကို လွှတ်ချလိုက်တာက ရွေးချယ်စရာ တစ်ခု မဟုတ်ပါဘူး။ သူတို့ရဲ့ အောင်မြင်မှုကို တားဆီးမယ့် အရာက ဘယ်လောက် ကြီးပါစေ မကြောက်ရွံတတ်ဘူး။ ဒီလူတွေက သူတို့ရဲ့ ပန်းတိုင်ကို သွားဖို့ လမ်းမရှိရင်တောင် ကိုယ်တိုင်ဖောက်ပြီး သွားတတ်တဲ့ လူတွေပါ။

သူတို့က တကယ့်ကို အရည်အချင်းရှိတဲ့ လူတွေ ဖြစ်ပြီးတော့ ကျွန်တော်တို့နဲ့ အရမ်းကို ကွာခြားနေသလား။ ထူးဆန်းသလိုတော့ ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့လည်း ကျွန်တော်တို့ ရည်မှန်းချက်ကို အာရုံစူးစိုက်ဖို့ ကူညီပေးမယ့် ကျွန်တော်တို့စိတ်ထဲက အောင်မြင်ခြင်းမီးတောက်ကလေး ကို ရိပ်သိမ်းနိုင်ကြပါတယ်။ အဲသလို အောင်မြင်ဖို့ဆိုရင် သင်လည်း ဘဝကို အပြုသဘော နည်းလမ်းနဲ့ပဲ ချဉ်းကပ်ရပါလိမ့်မယ်။ ဒါက အောင်မြင်ဖို့အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံး အဆင့်ပဲ ဖြစ်ပါတယ်။ သင်က အကောင်းမြင်သမား တစ်ယောက် မဟုတ်ဘူး၊ အပြုသဘော တွေးတတ်တဲ့သူ မဟုတ်ဘူး ဆိုရင်တော့ သင်ဘယ်လို နည်းလမ်းမျိုးတွေနဲ့ပဲ ကြိုးစား ကြိုးစား သင့် ရည်မှန်းချက်ကို ရောက်ဖို့က အခွင့်အလမ်း အနည်းငယ်သာ ရှိမှာပါ။ အပြုသဘော တွေးတောတတ်မှုက သင့်ကို သင့်ရဲ့ အောင်မြင်မှုဆီကို လမ်းပြပေးမှာ ဖြစ်ပါတယ်။

တိကျ သေချာတဲ့ ရည်မှန်းချက်ကို သတ်မှတ်ပါ

ရည်မှန်းချက်ကို ပေါက်မြောက်နိုင်ဖို့အတွက် ပထမဆုံး တိကျ သေချာတဲ့ ရည်မှန်းချက်တစ်ခု သတ်မှတ်ခြင်းဟာ အဓိက အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘာဖြစ်ချင်တယ် ဆိုတဲ့ ရည်မှန်းချက်ကို သေချာ ဆုံးဖြတ်ချက် မချနိုင်ဘူး ဆိုရင်တော့ အောင်မြင်ဖို့အတွက် လမ်းမရှိနိုင်ပါဘူး။

သင့်ကို ရည်မှန်းချက်ကနေ လွတ်မြောက်သွားစေမယ့် တံတား ဟူသမျှကို ဖျက်ဆီးပစ်ပါ။ သင့်ကိုယ်သင် ဒီ ရည်မှန်းချက် လမ်းဆုံးကနေ မလွတ်မြောက်နိုင်ဘူးလို့စိတ်ကူးကြည့်မယ် ဆိုရင် ဒါကို အောင်မြင်ဖို့အတွက် သင့်အစွမ်း ရှိသမျှနဲ့ တိုက်ခိုက်မှာ ဖြစ်ပါတယ်။ လမ်းဆုံးရင် သင့်ရည်မှန်းချက်ကို ရောက်ကို ရောက်မယ် ဆိုတဲ့ အပြုသဘော အတွေးကလည်း သင့်လုပ်ငန်းကို မှန်ကန်တဲ့ လမ်းဆီ ဦးတည်ပေးမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အမြဲတမ်း သတိပေးနေပါ

သင့်ဆန္ဒ သင့်ရည်မှန်းချက် အောင်မြင်ဖို့နဲ့ ပတ်သက်ပြီး သင့်ကိုယ်သင် ပုံမှန် သတိပေးနေသင့်ပါတယ်။ ဥပမာ သင့်မှာ စီးပွားရေး ရည်မှန်းချက် တစ်ခု ရှိတယ် ဆိုရင် နောက်တစ်ဆင့် ဘာလုပ်မယ် ဆိုတာမျိုး အစီအစဉ်ဆွဲထား သင့်ပါတယ်။ အဲဒီနောက် သင် ပုံမှန် မြင်နေနိုင်မယ့် နေရာမျိုးမှာ ဘာလုပ်စရာတွေ ရှိနေတယ် ဆိုတာ ကပ်ထားပါ။

လူတိုင်း သူတို့ရဲ့ ရည်မှန်းချက်ကို မေ့မသွားအောင် သတိပေးနေဖို့ ကိုယ်ပိုင် နည်းလမ်း ရှာဖွေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို သတိပေးနေဖို့ကလည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲလိုမှသာ သင် ဘယ်လောက် အောင်မြင်ချင်နေတယ် ဆိုတာကို မေ့မသွားပဲနဲ့ အောင်မြင်မှုကနေ သွေဖည်မသွားအောင် လုပ်ပေးနိုင်တာ မို့ပါပဲ။တစ်ချိန်တည်းမှာပဲ သင့်ကို တွန်းအားပေးမယ့်အပြင် သင့်ရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ပိုမို နားလည်လာအောင် အကူအညီ ပေးနိုင်မယ့် အချက်အလက်တွေ ဗဟုသုတတွေကို ရှာဖွေဖို့လည်း မမေ့သင့်ပါဘူး။ သင့်ရည်မှန်းချက်နဲ့ သင့်လျော်တဲ့ စာအုပ်တွေ၊ web site တွေကို ဖတ်ရှု၊ ကြည့်ရှုခြင်း ကလည်း ကောင်းမွန်တဲ့ စတင်ခြင်း ဖြစ်ပါတယ်။

စိတ်ကူးသစ်တွေ ရယူပါ

ရည်မှန်းချက် အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ လူတွေရဲ့ စိတ်အားထက်သန်မှုကို လေ့လာတာကလည်း သင့်ကိုယ်ပိုင် စိတ်အားထက်သန်မှုကို အမြင့်ဆုံးအဆင့် ရောက်အောင် ထိန်းသိမ်းထားနိုင်ဖို့ အတွက် အရေးကြီးပါတယ်။ အောင်မြင်နေတဲ့ လူတွေကို မပြိုင်ဆိုင်နိုင်ရင်တောင် အပြုသဘောအတွေးနဲ့ စတင်ပြီး အောင်မြင်သူတွေကို ဥပမာယူပြီး သူတို့ အတွေ့အကြုံတွေကို ကိုယ်ပိုင် တိုးတက် အောင်မြင်မှုအတွက် အကူအညီပေးနိုင်မယ့် ဗဟုသုတ အရင်းအမြစ်တွေ အဖြစ် သဘောထား ကြည့်မြင်သင့်ပါတယ်။

အကြီးဆုံး အမှားကတော့ သင်က အရာအားလုံးသိပြီးသား ဖြစ်လို့ ဘယ်သူကမှ အသိအမြင် ထပ်မပေးနိုင်တော့ဘူးလို့ထင်နေတာပါပဲ။ တစ်ချို့အရာတွေကို သင့်ထက် ပိုကောင်းအောင် လုပ်နိုင်ပြီး အောင်မြင်အောင် လုပ်နိုင်နေတဲ့ လူတွေ ဆီကနေ လေ့လာပြီး သင့်ရဲ့ ချို့ယွင်းချက်တွေကို ပိုကောင်းအောင် ကြိုးစားသင့်ပါတယ်။

အပျက်သဘော မကောင်းမြင်တတ်တဲ့ သူတွေကို ရှောင်ကြဉ်ပါ

သင်ကိုယ်တိုင် တစ်ခါမှ မတွေးဖူးတဲ့ အရာတွေကို သင့်ပတ်ဝန်းကျင်က လူတစ်ချို့က တမင်ပဲ ဖြစ်ဖြစ် အမှတ်တမဲ့ပဲ ဖြစ်ဖြစ် အပျက်သဘော ပြောပြီး သင့်ရည်မှန်းချက်ကို ပျက်စီးစေတတ်ပါတယ်။ ယုံကြည်မှုနဲ့ လုပ်ဆောင်နိုင်တဲ့ အရာ တစ်ခုခုကို ကြိုးစားမကြည့်ပဲနဲ့ ဘဝကို အပျက်ဘက်ပဲ ရှေးရှုနေတဲ့ မကောင်းမြင်တတ်တဲ့ လူတွေ သင့်ပတ်ဝန်းကျင်မှာ ရှိနေရင် သင့်ရည်မှန်းချက်ကို ရောက်အောင် ကြိုးစားတဲ့ နေရာမှာ ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အဲသလို လူတွေက သင့် စိတ်အားထက်သန်မှုကို လျော့နည်းစေပြီး သင့်စိတ်ထဲက အကောင်းမြင်စွမ်းအင်တွေကိုပါ ပြောင်းလဲစေကာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်စေမှာ ဖြစ်လို့ပါပဲ။

အမြဲတမ်း အပြုသဘော တွေးတောတတ်တဲ့ အကောင်းမြင် ဝါဒီတွေနဲ့ နီးနီးကပ်ကပ် ရှိနေရင်တော့ သင့်ကို ကြိုးစားမြဲ ကြိုးစားဖို့ တွန်းအားပေးတတ်တဲ့ အတွက် သင့်ရည်မှန်းချက်ကို လွယ်လွယ်ကူကူ ရောက်နိုင်မှာ ဖြစ်ပါတယ်။

သင့်ရည်မှန်းချက်တွေ သင့်အိပ်မက်တွေကို မှားယွင်းတဲ့ လူတွေကို သွားမပြောမိပါစေနဲ့၊ သူတို့ရဲ့ ဝေဖန် အကြံပေးမှုတွေ အောက်မှာ သင့်ကို စိတ်ပျက်စေမှာ မို့လို့ပါပဲ။

သင့်ရည်မှန်းချက်နဲ့ ပတ်သက်ပြီး သင့်ကို နားလည်ပေးပြီး အထောက်အကူ ပေးနိုင်တဲ့လူ၊ ဒါမှမဟုတ် သင်နဲ့ ရည်မှန်းချက် တူညီတဲ့ သူတွေနဲ့ မျှဝေပါ။ ဒီလိုလူတွေနဲ့မှ အတွေ့အကြုံတွေ ဗဟုသုတတွေ အချင်းချင်းမျှဝေပြီး အားနည်းချက်တွေ အခက်အခဲတွေ အတွက်လည်း တစ်ယောက်နဲ့ တစ်ယောက် ကူညီ ထောက်ပံ့နိုင်ကြမှာ ဖြစ်ပါတယ်။

အကောင်းဘက်က တွေးတော ခံစားပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

နောက်တစ်ချက်က သင့်ကိုယ်သင် သဘာဝအတိုင်း ဘယ်လို ခံစားမိသလဲ ဆိုတာပါပဲ။ သင်ကိုယ်သင် ကောင်းမွန်တယ် လို့ ခံစားမိသလား ဒါမှမဟုတ် သင်က မှန်ကို ရှောင်တတ်တဲ့လူလား။ သင့်ရဲ့ပုံပန်းသဏ္ဍန်၊ အဝတ်အစား၊ ကိုယ်အလေးချိန်၊ သပ်ရပ်သန့်ရှင်းမှု စတာတွေကိုရော ဂရုစိုက်ရဲ့လား၊ ဒါတွေကို ပြုပြင်ဖို့အချိန်မပေးနိုင်ဘူးလား။

ဒီအချက်ကို တစ်ခြားဘက်က ကြည့်ကြပါစို့။ တကယ်လို့သင်သာ သင့်ရည်မှန်းချက်ကို အောင်မြင်ပြီးပြီ ဆိုရင်ရော ဒါတွေကို ကောင်းမွန်အောင် ဘယ်လို လုပ်မှာလဲ။ အခုနဲ့ အတူတူပဲဖြစ်မှာလား၊ ပြောင်းလဲမှာလား။ ဒီမေးခွန်းကို ပြောင်းပစ်မှာပေါ့ ဖြေတယ် ဆိုရင် အခုကတည်းက စတင်ပြီး သင်အောင်မြင်ပြီးသားလို့ စဉ်းစားပြီး ပြောင်းလဲလိုက်ပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကိုယ့်ပုံပန်းသဏ္ဍန်ကိုလည်း စတင် ပြောင်းလဲလိုက်ပါ။

သင်ဟာ အောင်မြင်မှု လမ်းမပေါ် ရောက်နေပြီလို့ ခံစားနေသင့်ပါတယ်။ သင် အောင်မြင်မယ်လို့ ယုံကြည် တွေးတောပြီး အဲဒီအတိုင်း ပြုမူနေထိုင်တဲ့ အခါ သင်ဟာ အောင်မြင်မှုနဲ့ ပိုပြီး နီးကပ်လာပါလိမ့်မယ်။

သင့်အောင်မြင်မှုအတွက် ကိုယ်တိုင် ပြင်ဆင်ပါ

ဥပမာ သင်က အဆင့်မြင့် ရာထူးကြီးသူ တစ်ဦး ဖြစ်ချင်တယ် ဆိုပါစို့။ သင့်အထက်အရာရှိတွေ ဘယ်လိုပုံစံ ဝတ်စားဆင်ယင်သလဲ၊ ဆံပင်ပုံ ဘယ်လိုထားသလဲ ဆိုတာမျိုး သတိထားကြည့်ဖူးပါသလား။ ကိုယ့်ကိုယ့်ကို ယုံကြည်မှု ရှိနေတဲ့ သူတို့ ပုံစံနဲ့ သင်နဲ့ ကွာခြားနေတယ် ဆိုတာကိုရော သတိထား ကြည့်ဖူးပါသလား။ သင့်ရည်မှန်းချက်က သူတို့ထဲက တစ်ယောက် ဖြစ်ဖို့ ဆိုရင် ခုကတည်းက စတင်ပြီး အဝတ်အစား အမူအယာ၊ ဆက်ဆံပုံ စတာတွေကို အတုခိုးသင့်ရင် ခိုးရပါမယ်။

သင့်စိတ်ထဲမှာ ရှိတဲ့ သင့်ရဲ့ ပုံရိပ် အစစ်အမှန်ကို သင်ဖန်တီးနိုင်ပြီ ဆိုရင် သင့်ရည်မှန်းချက်ကို ရနေပြီးတဲ့ လူလို စတင်ပြီး ပြုမူလှုပ်ရှားပါ။

အခုကပဲ စတင်လိုက်ပါ

သင့် ရည်မှန်းချက်ကို အောင်မြင်ဖို့အတွက် အဓိက အရေးကြီးတဲ့ အဆင့်ကတော့ သင့်ရဲ့ စတင် လုပ်ဆောင်မှုကို မနက်ဖြန်မှ၊ နောက်တစ်နေ့မှ၊ တနင်္လာနေ့မှ စလုပ်မယ် ဆိုပြီး မရွှေ့ဆိုင်းဖို့ပါပဲ။ အဲသလို ရွှေ့ဆိုင်းနေခြင်းက သင့်အားနည်းချက် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ သဘော ဖြစ်စေပါတယ်။

သင် တစ်စုံတစ်ရာကို အမှန်တကယ် အောင်မြင်ချင်တယ် ဆိုရင် အခုကပဲ စတင်လိုက်ပါ။ အခုလောလောဆယ်ဟာ မှန်ကန်တဲ့ အချိန်ပါပဲ။ ရွေ့လျှားမှုတိုင်း၊ ခြေလှမ်း တစ်ဆင့်ချင်းတိုင်းဟာ သင့် ရည်မှန်းချက် ပန်းတိုင်ကို ဦးတည်နေသင့်ပါတယ်။


 
ကျွန်တော်တို့ရဲ့ အောင်မြင်မှုက ကြိုးစားအားထုတ်မှု၊ အချိန်၊ ယုံကြည်မှုနဲ့ အဲဒါတွေကို ခွဲဝေ အသုံးချတတ်မှုနဲ့ ပတ်သက်နေပါတယ်။ ကြိုးပမ်းအားထုတ်မှုက ရလာတဲ့ အကျိုးအမြတ်က ကျွန်တော်တို့ ရည်မှန်းချက်ကို အောင်မြင်အောင် တွန်းအားပေးတဲ့ လုပ်ချင်တဲ့ စိတ်ဆန္ဒတွေအပေါ်မှာ အခြေခံပါတယ်။

ကျွန်တော်တို့မျှော်လင့်ချက်တွေကို မပျက်ပြားစေပဲ၊ မစွန့်လွှတ်ပဲ ကိုယ်ကိုယ်တိုင်အပေါ် ယုံကြည်သင့်ပါတယ်။ ကျွန်တော်တို့ အိပ်မက်ခဲ့တဲ့ အရာတွေကို အောင်မြင်ဖို့ အချိန်အတိုင်းအတာ တစ်ခုပဲ လိုတယ်လို့ ရိုးရိုးလေးပဲ ယုံကြည်ထားလိုက်ပါ။ ကျွန်တော်တို့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ သစ္စာဖောက်ရင် ကိုယ့်နောက်ကျောကိုယ် သစ္စာဖောက်တဲ့ သဘောပါပဲ။

သွားရမယ့် လမ်းတစ်လျှောက်မှာ ကြုံတွေ့လာမယ့် အခက်အခဲတွေ အပေါ်မှာ အာရုံမစိုက်ပဲနဲ့ အောင်မြင်လာတဲ့အခါ ဘယ်လောက်များ ကျေနပ်စရာ ကောင်းမလဲ ဆိုတဲ့ အပေါ်မှာပဲ အာရုံစိုက်ထားပါ။ အပြုသဘောအတွေးက ကျွန်တော်တို့ကို လိုချင်တဲ့ ဆန္ဒတွေဆီ ရောက်ဖို့ ဦးဆောင်ပေးပါတယ်။ အရာရာတိုင်းကို အောင်မြင်အောင် ကြိုးစားနိုင်တယ် ဆိုတဲ့ စိတ်ဓါတ်ကလေးက သင့်ကို ပျော်ရွှင်မှုနဲ့ ယုံကြည်မှုကို ဖြစ်စေမှာပါ။

ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ဆန္ဒတွေ၊ အိပ်မက်တွေကို အမှန်တကယ် ဖြစ်စေဖို့အတွက် အချိန်က ရောက်နေပါပြီ။ ကျွန်တော်တို့ကို တားနိုင်တဲ့ တစ်ခုတည်းသောအရာက ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။



Alex Chris ရဲ့ Thinking positive is the key to your success ကို သင့်လျော်သလို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

10 May, 2013

မေဦးမိုး


ငြီးငွေ့တေးသွားတွေ ဆိုညည်းနေတုန်း
ပြတင်းပေါက်ထဲ မိုးငွေ့တွေ ရိုက်ခတ်လာတယ်
မိုးခေါင်ရေရှားရပ်ကွက်က ငါးတွေ ရယ်မောစပြုလာပေါ့။
ပက်ကြားအက် စိတ်ဓါတ်တွေကတော့
ရေအိုင်ထဲလို အလွယ်တကူ ဖြည့်ဖို့ လွယ်မှာမဟုတ်ဘူး။

ဝိုင်တစ်စက်မှ မသောက်ပဲ မူးနေသူပါ..
အလိမ်အညာအငွေ့တွေ မိနေခဲ့တာ အတော်ကြာပြီးတဲ့နောက်
နွေနှောင်းရဲ့ ရူးသွပ်အရိပ်တွေ ပြန်မလိုချင်တာ အထာကျရဲ့။

မင်းမသိတဲ့ငါနဲ့ ငါမသိတဲ့မင်းရဲ့ ဇာတ်လမ်းပဲ
မိုးတိမ်ညိုတွေရဲ့ အစကို ရှာမတွေ့နိုင်သလိုမျိုး
ဘယ်သူက စခဲ့မိမှန်းတောင် မသိလိုက် မသိဘာသာနဲ့
ဖြုန်းခနဲ ရွာချလိုက်လေတယ်။

မေက မေလို မကျင့်ကြံနိုင်မှတော့
ငါ့တစ်ကိုယ်စာ အတ္တကို ဘာကိစ္စ ထိန်းသိမ်းရမလဲ
မိုးဆိုတာ ရွာချင်တဲ့ အချိန် ရွာမှာပါ
အကြောင်းရင်း သိဖို့က ငါ့အလုပ်မှ မဟုတ်လေတာ။

မေက မေပီပီသသ ခဏတောင် မနေနိုင်ခဲ့တာ
အဲဒီ မိုးတွေ စလာကတည်းကပေါ့..။
ငါ့ပန်းပွင့်ကလေးတွေ အနားသတ်မလှမှာစိုးလို့
စိုရုံရွာဖို့ တောင်းပန်ချင်တာတောင် မရတဲ့အခါ
သည်းကြီးမည်းကြီးကိုသာ မငြိုငြင်ဖို့ ရှိပါတော့တယ်..။

မေက မုတ်သုန်ကို ကြိုဆိုရမှာလား မကြိုဆိုရမှာလားတောင် မသေမချာနဲ့ပဲ
ကောင်းကင်ရဲ့ မျက်ရည်နဲ့ နွေနှောင်းတွေကို လှပစေ..
ဘယ်အချိန်ကတည်းက မာကျောအေးခဲ နေတဲ့ နှလုံးသားမို့လည်း
ရွာချချိန်မှာတောင် အေးခဲ နေခဲ့တာလေ..။

သိင်္ဂါကျော်
 

02 May, 2013

ကြူတတ်သူ မဟုတ်ပါ

အသိခေါက်ခက် အဝင်နက်နေခဲ့တယ်
စိတ်အာဟာရလို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးပြီး
အချစ်ခံရအောင် ကြိုးစားနေခဲ့မိသလိုလို။

ပျော်ပျော်ပါးပါး သန့်သန့်ရှင်းရှင်းလေးပါ
ကျွန်မကို နွေးထွေးစေတဲ့ စာကြောင်းလေးတွေ လက်ခံပေးရုံ
သူတို့ကို နာကျင်စေရမှာ စိုးလို့ပါ
တမင်တကာ မပြတ်သားခဲ့မိရုံ။

မချစ်တတ်ဘူးလို့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး
အချစ်ကို သိမ်းထားရုံ သိမ်းထားခဲ့မိတယ်
ဘယ်သူ့ကိုမှ ထွက်မသွားခိုင်းရက်ဘူး။
ကျွန်မနှလုံးသားကိုသာ အနာကျင်ခံပြီး
ထွက်သွားချိန်ကို စောင့်ပါ့မယ်။

ကျွန်မကို မိုက်မဲတယ်လို့ ပြောချင်ကြသလား
အများကြီးစီစစ်ပြီးမှ သူငယ်ချင်းအနည်းငယ်လောက်သာ ရွေးချယ်ထားတာပါ၊
ချစ်ခြင်းရဲ့ ဖြစ်ပျက်သဘောတရားကို နားလည်နေပေမယ့်
ယုံကြည်လောက်အောင် ပြောကြတဲ့အခါ
လက်ရှိ ခံစားချက်လေးကို ယုံပေးလိုက်တယ်
တခဏလေးပဲဖြစ်ဖြစ် စိတ်ချမ်းသာရပါစေပေါ့။

ကျွန်မကို မျက်နှာများတယ်လို့ စွပ်စွဲချင်ကြသလား
message တစ်ကြောင်းစာမှ ကတိတွေ မပေးခဲ့ဖူးသူပါ
ချစ်ခြင်းတရားကို မျက်နှာလွဲခဲပစ် မပြုလိုရုံ သက်သက်သာ။

လူတိုင်းဟာ ချစ်ခြင်းတရားမှာ သာယာတတ်ရဲ့
အိပ်မက်ဆိုတာ နိုးလာတဲ့အချိန်မှာ ပျက်ပြယ်မယ်သိသိနဲ့ပဲ
မက်ခဲ့ဖူးကြသလိုမျိုး
အပြင်လောကမှာ ဘယ်သူ့ရဲ့ ဂရုစိုက်မှုကိုမှ မခံရဖူးတဲ့ ကျွန်မလိုလူက
စိတ်ရင်းမှန် ဟုတ်မဟုတ် မသိနိုင်တဲ့ နှစ်လိုစရာ message တွေအပေါ်မှာ ပျော်ဝင်ရင်း
ခေတ္တခဏလောက် အထီးကျန်မှုကနေ ရှောင်ထွက်လိုရုံ သက်သက်သာ။

သိင်္ဂါကျော်

28 April, 2013

အသိုက်မဆောက်ချင်တဲ့ ငှက်

ရွေးချယ်ခွင့် မရခဲ့တဲ့ ပုတ်အဲ့အဲ့ အသိုက်ထဲမှာ နေထိုင်ရင်း
အရာရာ အကောင်းမြင်နိုင်ဖို့ ကြိုးစားနေတယ်
အတ္တတွေ မာနတွေနဲ့ အထာကျပြီးသား သူတို့စိတ်ထဲ
ကိုယ်မှ ဝင်ပြုပြင်ခွင့် မရှိတာ
ပါးစပ်က တရားအကြောင်း ဘယ်လောက်ပြောပြော
သူတို့စိတ်ကို မပြုပြင်နိုင်သေးတာ သူတို့ကိုယ်သူတို့ မမြင်နိုင်ဘူး။
ဒီလိုပါပဲလေ..
ကိုယ့်စိတ်ကိုယ်တောင် ပြင်ဆင်မယ် ခဏခဏ ကြိမ်းဝါးရင်း
မပြင်ဆင်နိုင်သေးတာ ကိုယ်တိုင် သိချင်မှ သိမယ် မဟုတ်လား။

မွေးဖွားလာခြင်းကို မပြင်ဆင်နိုင်ဘူး
ဘာတွေပဲ မှားယွင်းနေပါစေ
ရွေးချယ်ခြင်းက ကိုယ်လုပ်ခဲ့တဲ့ အရာမဟုတ်ဘူး။
ကိုယ်လုပ်နိုင်တာ ဘာရှိမလဲ တွေးကြည့်ဖို့ တစ်ခုပဲ ရှိတယ်။

တစ်ခါပျက်ဖူးတဲ့ အသိုက်ကို ပြန်ဆက်ခဲ့ရင်
နေထိုင်သူတွေရဲ့ အမူအကျင့်တွေ မပြင်သရွေ့တော့
အက်ကြောင်းရာ မှေးမှိန်ဖို့က လွယ်ကူတဲ့ အရာ မဟုတ်ဘူး။
ဘာကြောင့် အဲလောက် ပုတ်အဲ့တဲ့ အသိုက်ထဲ
သေတဲ့အထိ နေထိုင်ဖို့ ရွေးချယ်နိုင်သလဲ
ကိုယ်မသိနိုင်တဲ့ အရာတွေ များတာပဲ ဖြစ်မှာပါ။

ကိုယ်ကိုယ်တိုင် အသိုက်တစ်ခု ဆောက်ဖို့ ကြောက်ရွံခဲ့တယ်
မှားယွင်းခြင်းက တစ်သက်တာအတွက် ဘယ်လောက် ခါးသီးစရာ ကောင်းသလဲဆိုတာ
မြင်နေတွေ့နေကြ ဖြစ်နေလို့လည်း ဖြစ်မယ်။
ခဏခဏ အသိုက်တွေ ပျက်နေကြတာ
မြင်နေတွေ့နေကြ ဖြစ်နေလို့လည်း ဖြစ်မယ်။

အပြင်ယံ ခိုင်မာဖို့ အတွင်းလှိုက် ပုတ်ဆွေးနေတဲ့ အသိုက်မျိုး
ရှင်းလင်း ခွဲခွာလိုက်ကြပြီးတဲ့ အသိုက်တစ်ခြမ်းဆိုလည်း
ဘယ်လောက်ပဲ ပြန်လည်တည်ဆောက်ပါစေ တစ်ခုလုံးအပြည့် ပြန်မဖြစ်နိုင်တော့တာမျိုး
မြင်နေတွေ့နေကြမို့ ကိုယ်တိုင်တည်ဆောက်ဖို့ ကြောက်ရွံခဲ့တာ
ကိုယ့်စိတ္တဇ သက်သက်လည်း ဖြစ်နိုင်ရဲ့။

အသိုက်ထဲမှာ တစ်သက်တာ လုံခြုံစိတ်ချရဖို့
မသေချာမှုတွေ များများလာတဲ့အခါ
ကိုယ်ဟာ
အသိုက်တစ်ခုအတွက် ယုံကြည်မှုမရှိတဲ့
ခရီးသွားငှက်တစ်ကောင် ဖြစ်လာခဲ့တယ်။

သိင်္ဂါကျော်