08 June, 2014

ယုံကြည်ခြင်းငှာ မထိုက်တန်သော


 
(၁)

ဒုတိယအကြိမ်မြောက်သည်လည်း ကံမကောင်းခြင်း ဖြစ်ခဲ့ပြီလား ဟု သံသယတို့ဖြင့် မွန်းကြပ်နေခဲ့တာ လအနည်းငယ်လောက် တော့ ရှိလေပြီ။ သူနှင့် ကျွန်မ ဇာတ်လမ်း စတင်စဉ်က ချိုမြိန်နွေးထွေးခြင်း သူ့ကို ယုံကြည်အားကိုး ချစ်မြတ်နိုးလိုခြင်း များက ကျွန်မကိုယ်ကျွန်မ ထောင်ချောက်တစ်ခုထဲ သွင်းဖြစ်ခဲ့သော ဖြစ်စဉ်၏ အစတစ်ခု မျှသာ။

သူ့ ဖုန်းထဲက ကောင်မလေး တစ်ယောက်၏ message ကို တွေ့စဉ်မှာ ကျွန်မ စိတ်ထဲ အရင်တုန်းကလောက် သွေးဆူတာမျိုး၊ သဝန်တိုတာမျိုး မရှိတော့တာ ကျွန်မကိုယ်ကျွန်မတောင် အံသြမိသည်။ ပထမဆုံး အကြိမ်မှ မဟုတ်တော့တာလေ။ သူ့ ဝါသနာကိုလည်း ကျွန်မ အသိအမှတ်ပြုပြီးနေပြီ။ ဒါတောင် ကောင်မလေး ဖုန်းနံပါတ်က တစ်မြို့ထဲနေ ကျွန်မ မိတ်ဆွေ တစ်ယောက်၏ ဖုန်းနံပါတ်နှင့် ဆင်တူနေ၍ ဟုတ်နေမလား ဆိုပြီး ဆက်ကြည့်မိသေးသည်။ ကျွန်မ မိတ်ဆွေ ဖြစ်နေလျှင် သူ့အကြောင်း သေချာသိရဲ့လား၊ ဘာကြောင့် ဖြစ်ရသလဲ ဆိုတာ ကျွန်မ မေးကြည့်ချင်သည်။ သူမက ဖုန်းမှားနေသည်ဟု ပြန်ဖြေသည်ကို မကျေနပ်သေး၍ message ပို့မိတော့ သူမကလည်း မှားနေသည့်အကြောင်း ပြန်ပို့ရှာသည်။ ကျွန်မကို သူမ သိလိမ့်မည် မထင်ပါ။ သူ့ဖုန်းနှင့် သူ့ရှေ့မှာပင် ကျွန်မ သူမကို ခေါ်ကြည့်သည်။ သူမက ကျွန်မကို ဘယ်သူမှန်း မသိ ဖြစ်နေသည်။ ကျွန်မ သူ့အပေါ် သဝန်တိုခြင်း မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် သေချာအောင် လုပ်သော်လည်း မရပါ။ သူမသည် မိန်းမကောင်းလေး တစ်ယောက် ဖြစ်နေလျှင် သူမကို ကျွန်မလို အဖြစ်မျိုး မဖြစ်အောင် တားဆီးဖို့ ကျွန်မမှာ တာဝန်ရှိသည်ဟု ထင်သည်။ သူမက “ဘယ်သူလဲ ဟင်” ဟု မေးနေစဉ်မှာပင် ကျွန်မ ဖုန်းကို ချလိုက်မိသည်။ သူမကို ရိုင်းရိုင်းပျပျ ပြောလိုစိတ်တွေ ရုတ်တရက် ကျွန်မမှာ ဝင်လာသောကြောင့် ဖြစ်သည်။ စကားမဆုံးသေးပဲ ဖုန်းကျသွား၍ထင့် သူမက ပြန်ခေါ်သည်။ သူ ကျွန်မ ရှေ့မှာတော့ မကိုင်ရဲပါ။

ကျွန်မ သူမကို ကောင်းကောင်းမွန်မွန်ပဲ sms message ပို့လိုက်ပါသည်။ ကျွန်မသည် သူ့ မိန်းမ ဖြစ်သည့်အကြောင်း ကျွန်မ သူငယ်ချင်း ဖုန်းနှင့် တူ၍ ခေါ်မိသည့်အကြောင်း…။ အဲဒီနောက် ဘာကြောင့်မှန်းမသိ၊ ကျွန်မသည် သူမကို ကျွန်မအကြောင်း ပြောချင်စိတ် ပေါက်လာ၍ ကျွန်မ ဘဝ ဆိုးသည့်အကြောင်း နောက် ကြုံလျှင် ပြောပြမည့် အကြောင်း ထည့်ရေးလိုက်မိသည်။ သူမ ဆီမှ အချိန် အတော်ကြာသည်အထိ message ပြန်မလာပါ။ မတွေ့သေးတာလည်း ဖြစ်နိုင်သည်။ သူမ က သူ့ကို တကယ်ချစ်နေသူ ဖြစ်ခဲ့လျှင် ခံစားသွားရလိမ့်မည်။ ကျွန်မ စိတ်မကောင်းပါ။ ရောဂါကို ကြိုတင် မကုလျှင် ပိုပြင်းထန်လာတတ်သည် မဟုတ်လား။ သူနှင့် ကျွန်မ အတူတူ ရှိနေစဉ်မှာပင် သူ့ ဖုန်းဝင်လာသဖြင့် အပြင်ထွက် ပြောသည်။ သူမ ဆက်ခြင်း ဖြစ်သည်။ သူမက သူ့ကို ဖုန်းဆက်ပြီး ကျွန်မက သူ့ မိန်းမဆိုတာကို သေချာအောင် မေး၍ သူက ဝန်ခံလိုက်သည် ဆို၏။ သူမက သူ့ကို “ယုတ်မာလှချည်လား” ဟု ပြောသွားသည် ဆို၏။ သူမထက် အရင် ကျွန်မ သူ့ဖုန်းမှာ တွေ့ မိသည့်၊ သူမလိုပဲ သူနှင့် viber မှာ ပြောကြသည့် ကောင်မလေး တစ်ယောက်ကိုလည်း ကျွန်မ ဆက်သွယ်ခဲ့ပြီးပြီ။ ထိုကောင်မလေးကလည်း သူ့ အကြောင်း ကောင်းကောင်း မသိသူပါ။ ကောင်မလေးမှာ ချစ်သူ ရှိသဖြင့် သူ အီတာကို မခံနိုင်၍၊ block ထားပြီး ဖြစ်ကြောင်း ကျွန်မကို ပြန်ပြောခဲ့ဖူးသည်။

ခဏနေတော့ သူမ ဆီမှ message ပြန်လာပါသည်။ သူ နှင့် သူမက online မှာ တွေ့ပြီး ဖုန်းပြောကြတာပါ၊ ဘာမှ မဟုတ်ပါဘူး။ သူ့ကို လူလွတ် အောက်မေ့လို့ပါ။ ခုလို သိလိုက်ရတော့ နောက် မဆက်သွယ်တော့ပါဘူး တဲ့။ ကျွန်မကိုလည်း သူမက သူငယ်ချင်းလိုပဲ သဘောထားပါသည်။ နောက် အချိန်ရလျှင် ကျွန်မ ရင်ဖွင့်တာကို သူမ နားထောင်ချင်ပါသည် တဲ့။ သူနှင့် အတူရှိနေသဖြင့် ချက်ချင်းတော့ သူမဆီ ဖုန်းပြန်မဆက်မိပါ။ တစ်ရက်တော့ သူမဆီ ဖုန်းဆက်ပြီး ကျွန်မအကြောင်း၊ သူ့အကြောင်း ပြောပြချင်ပါသေးသည်။
*****
(၂)
မောင် နှင့် ကျွန်မ

ကျွန်မ အရင်လူနှင့် လွန်ခဲ့သော နှစ် နှစ်ဆယ်ကျော်လောက်က နှစ်ဦးနှစ်ဖက် ချစ်မြတ်နိုးမှုကို အခြေခံ အိမ်ထောင်တစ်ခု ထူထောင်ခဲ့ပါသည်။ ကျွန်မ မွေးရပ်ဇာတိ မဟုတ်သော သူ့ အလုပ်တာဝန်ကျရာ မြို့တွေကို လိုက်ပြောင်းရင်း နေခဲ့ကြသည်။ ကျွန်မက သူ့ကို မောင်လို့ မြတ်မြတ်နိုးနိုး ခေါ်ခဲ့သည်။ ကျွန်မတို့ မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိလာသည်။ ကျွန်မ အိမ်ထောင်ဖက်ရယ်၊ ကလေးနှစ်ယောက်ရယ် အတူရှိနေရသည့် ကျွန်မ ဘဝသည် ဘာမှ မလိုအပ်တော့ပဲ ပြီးပြည့်စုံသည့် ဘဝတစ်ခု ဖြစ်ခဲ့ပါသည်။ စီးပွားရေးလည်း ကျွန်မတို့မှာ ဘာမှ ပူပန်စရာ မရှိပါ။ ကျွန်မက ပညာရေး အားနည်းခဲ့သူမို့  ဆယ်တန်းပင် မအောင်ခဲ့ပါ။ မောင်နှင့် အိမ်ထောင်ကျပြီးနောက် မောင့်နောက်ကို လိုက်ရသည်ဖြစ်၍ ဘာမှ အပြင်စီးပွားရေး မလုပ်ဖြစ်ခဲ့ပါ။ ကလေးတွေ ရလာပြီးနောက် အိမ်မှာပဲ အိမ်မှုကိစ္စ၊ ကလေးကိစ္စပဲ လုပ်ပြီး အိမ်မှာပဲ နေတာများခဲ့သည်။ မောင်တစ်ယောက်တည်း အပြင်မှာ ထွက်ပြီး အလုပ်လုပ်နေတာကိုလည်း ကျွန်မ နည်းနည်းလေးမှ စိတ်မချ မဖြစ်ခဲ့ပါ။ ကျွန်မ တစ်ယောက်တည်းကို စွဲစွဲမြဲမြဲ ချစ်ခဲ့ပြီး ကျွန်မ အချစ်ကို ရဖို့  နှစ်နှစ်လောက် လိုက်ခဲ့သော မောင့်ကိုမှ မယုံလျှင်၊ ကျွန်မ ချစ်မြတ်နိုးသော ကျွန်မ၏ အိမ်ဦးနတ် ကိုမှ မယုံလျှင် ကျွန်မဘဝမှာ ဘယ်သူ့ကို ယုံကြည်ရမည်လဲ..။

ကျွန်မတို့ ဘဝက လူတကာ အားကျရလောက်အောင်ပင် သာယာ ပျော်ရွှင်ခဲ့ပါသည်။ ကျွန်မတို့ နှစ်ယောက် ပြင်းပြင်းထန်ထန် နာနာကျည်းကျည်း စကားများ ရန်ဖြစ်သည် ဆိုတာ မရှိစဖူးပါ။ မောင်က သားနှင့် သမီးကိုလည်း ဖူးဖူးမှုတ် ချစ်သည်။ ဂရုစိုက်သည်။ လိုလေသေးမရှိအောင် တတ်နိုင်သမျှထားသည်။ ကျွန်မကိုလည်း ကြင်နာယုယသည်။ မောင့်အရိပ်အောက်မှာ ကျွန်မ တစ်သက်လုံး ဒီလိုပဲ နွေးထွေး လုံခြုံစွာ နေရလိမ့်မည် ဟု ယုံကြည် ထင်မှတ်ထားခဲ့သည်။ သားနှင့် သမီးကလည်း လိမ်လိမ်မာမာပင် ကြီးပြင်းလာကြပြီး အထက်တန်းကျောင်း တက်သော အရွယ်တွေ ရောက်လာကြသည်။ သားနှင့် သမီးတို့ အတောင်အလက် စုံ၍ အိမ်မှ ပျံသန်းထွက်ခွာကြသည့်အခါ မောင်နှင့် ကျွန်မ နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် အပြန် မှီခိုရင်း ကြီးရင့် သေဆုံးသည့်တိုင် နေထိုင်ကြဖို့  အကြောင်းမှာ ကျွန်မ လားလားမှ တစ်ခြား သံသယအတွေးမဝင်ခဲ့ဖူးပါ။

မြေလတ်မြို့ကလေးမှာ တော်တော်ကြာကြာ နေကြရပြီးနောက် မောင် တစ်ခြား မိန်းကလေး တစ်ယောက်နှင့် တွေ့နေသည့်အကြောင်း ပတ်ဝန်းကျင်က လူတွေ သိရှိပြီးမှ ကျွန်မ ကြားရပါသည်။  ကျွန်မ တော်တော်နှင့် မယုံနိုင်ခဲ့ပါ။ မလိုသူတွေ ပြောသည့် အတင်းစကားရယ်လို့ မျက်စိမှိတ် ငြင်းချင်မိသေးသည်။ မောင် ခြေလှမ်း ပျက်နေသည်ဟု ကျွန်မ အသိစိတ်က သတိထားမိခဲ့သော်လည်း သံသယကို ကျွန်မဘာသာ လက်မခံလိုပဲ ပုံမှန်ဖြစ်သည် ဟု ကျွန်မကိုယ်ကျွန်မ ညာထားခဲ့တာ ကျွန်မသာ သိသည် မဟုတ်လား။ မောင့်ကို ပထမဆုံး အကြိမ် မေးတော့ မောင်က ဘာမှမဟုတ်ပါ တဲ့။ အသိမိတ်ဆွေ၊ တစ်ယောက်တည်း ရုံးကန်နေရသော ကလေးအမေလေးမို့ ကူညီစောင့်ရှောက်တာပါ တဲ့။ မောင့်ပါးစပ်က အဖြေကို ယုံချင်သောစိတ်နှင့် ကျွန်မ ယုံလိုက်ပါသည်။ ကျွန်မ စိတ်ထဲမှာတော့ အသည်းနှလုံးတွေ လောင်ကျွမ်း မတတ် ပူလောင်စ ပြုနေပါပြီ။

ဟိုက သည်က မနေနိုင်သူ ကျွန်မ မိတ်ဆွေ သူငယ်ချင်းများက ပြောကြသော်လည်း ကျွန်မ ဘာမှ ထွက်မစုံစမ်း၊ ဘာမှ မလှုပ်ရှားပဲ မောင် အပြင်မှာ ခဏတာ အပျော်ရှာပြီး အချိန်တန်လျှင် ပြတ်သွားမှာပဲ ဟု ကျွန်မ၏ သဝန်တို ပူလောင်စိတ်များကို ထိန်းချုပ်ပြီး နေခဲ့ပါသေးသည်။ မောင် အိမ်ပြန်မလာသော ညတွေ များလာသည်မှာ သမီးကပင် သတိထားမိလောက်အောင် ဖြစ်လာသည်။ သားကြီးကတော့ ယောက်ျား အချင်းချင်းမို့ မောင့် အကြောင်းကို ရိပ်မိပုံ ရသည်။ ကျွန်မ ကိုယ်တိုင် မောင့်နောက် လိုက်ကြည့်တော့ ထိုမိန်းကလေးကို မောင်ဝယ်ပေးထားသော အိမ်ကို တွေ့ရသည်။ နှစ်ပေါင်း ၂၀လောက် ပေါင်းလာသော ဇနီးကို ထားခဲ့ရလောက်အောင် ဆွဲဆောင်မှုရှိပြီး ချောမောလှပသော မိန်းကလေးမျိုးတော့ မဟုတ်ပါ။ သာမန် ရွက်ကြမ်းရေကျိုပင် ဖြစ်သည်။ မောင်နှင့် ကျွန်မသည် အသက် တစ်နှစ်လောက်သာ ကွာသည်မို့  ၂၅ လောက်သာ ရှိသော မောင့်မိန်းကလေးသည် မောင့်ထက် ၁၄ နှစ်လောက် ငယ်ပါသည်။ သို့သော် သူမသည် မုဆိုးမလား တခုလပ်လား မသိသည့် ကလေးတစ်ယောက် အမေ ဖြစ်သည်။

မောင့်ကို ဒုတိယအကြိမ် မေးတော့လည်း မောင်က မျက်စိမှိတ် ငြင်းပြန်သည်။ မောင့်မိန်းကလေး အိမ်ကို တွေ့ ခဲ့ပြီးပြီ၊ မောင် ဝယ်ပေးထားသည် ဟု ကြားသည့် အကြောင်း ပြောတော့ မောင်က အေးအေးပင် နေစရာ အပိုင်မရှိလို့ အိမ်ဝယ်သည့် နေရာမှာ ကူညီခဲ့ကြောင်း၊ သူနှင့် ရိုးရိုးသားသား ပတ်သက်တာ ဖြစ်ကြောင်း ဗြောင်လိမ်သည်။ ကျွန်မ တစ်သက်လုံး ယုံကြည်ချင်သော ကျွန်မ၏ အိမ်ဦးနတ်သည် ကျွန်မကို မျက်တောင်တစ်ချက် မခတ်ပဲ အကြိမ်ကြိမ် လိမ်ညာနေပြီ ဖြစ်သည်။ ကျွန်မ ဘဝသည် ရှေ့ဆက် သူ့အပေါ် ဘယ်လို ယုံကြည်ချက်နှင့် အတူတူ နေထိုင်သွားရမည် မသိပါ။ ထိုအချိန်အထိ ကျွန်မသည် မောင်နှင့် အပြီးတိုင် ပြတ်စဲဖို့ အတွေးကို မတွေးခဲ့သေးပါ။ ကျွန်မ စိတ်ထဲမှာတော့ မောင့်ကို မမုန်းတီးနိုင်သော စိတ်နှင့် မောင့်ကို နာကျည်းသော စိတ်တို့  ရောထွေးကာ နာကျင်မှုတို့က နှိပ်စက်နေပါသည်။

သားနှင့် သမီးကို စိတ်ချ လက်ချ ထားရစ်ဖို့ ကြံစည်တာ မဟုတ်ပေမယ့် အိပ်ပျက်ညတွေ များလာသောကြောင့် အရာအားလုံးကို မေ့ပြီး ပြည့်ပြည့်ဝဝ အိပ်စက်လိုစိတ်ဖြင့် ကျွန်မ အိပ်ဆေးတွေ အများကြီး သောက်လိုက်မိသည်။ ကံကောင်း၍လား၊ ကံဆိုး၍လားတော့မသိ၊ ကျွန်မ အသက် ဝိညာဉ်က ထွက်ခွာမသွားနိုင်သေးပဲ ဆေးခန်းသို့ ရောက်ခဲ့ရသည်။ သမီးလေး ငိုနေတာ မြင်တော့ ကျွန်မ မဆင်မခြင် လုပ်မိမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသည်။ မောင် ဆေးခန်းကို ရောက်မလာပါ။ နောက်မှ သိရသည်မှာ မောင့်မိန်းကလေး၏ ကလေး နေမကောင်း၍ ဆေးခန်းတွင် စောင့်ပေးနေရသည် တဲ့။ နောက်နေ့ သိသွားတော့လည်း “မသေကောင်း မပျောက်ကောင်း ငြိမ်းရယ်” ဆိုတာကလွဲပြီး ကျွန်မ ဘာကြောင့် အဲဒီလို လုပ်သည် ဆိုတာ လုံးဝ မမေးပါ။

နောက် တစ်လလောက် နေတော့ မောင်က ထိုမိန်းကလေးနှင့် တရားဝင် လက်ထပ်လိုက်ပါသည်။ သားကြီးနှင့် သမီးရော၊ ကျွန်မတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းများရော မောင်နှင့် ထိုမိန်းကလေး အကြောင်းကို သိသွားကြပါပြီ။ သားကြီး၏ သတိပေးစကားများရော၊ သမီးငယ်၏ ငိုယို တားမြစ်မှုများရော မောင့်အတွက် အရာမထင်တော့ပါ။ ကျွန်မကတော့ ဘာဆို ဘာကိုမျှ ပြောမနေချင်တော့ပါ။ မောင့် စိတ်ထဲမှာ ထိုမိန်းကလေးမှ လွဲ၍ ဘယ်သူမှ မရှိတော့တာ သေချာနေလေပြီ။ မောင်က ထိုမိန်းကလေးကို အပျော်သာ သဘောထား၍ ဖြတ်လိုက်ပြီ ဆိုပြီး ကျွန်မဆီ ပြန်လာလျှင် ကျွန်မက လက်ခံထားမိဦးမည်သာ ဖြစ်သည်။ ယခုလို မောင်က ကျွန်မ ဂုဏ်သိက္ခာကို နင်းခြေ၍ ကျွန်မကို ဇနီးကြီး အရာ ထားလိုက်သည်ကတော့ ကျွန်မ ခွင့်လွှတ်နိုင်စွမ်းထက် ကျော်လွန်သော အရာ ဖြစ်ခဲ့လေပြီ။

 မောင်နှင့် တစ်သက်လုံး မက်ဖို့ စိတ်ကူးထားသည့် ကျွန်မ၏ အိပ်မက်သည် အိပ်မက် သက်သက်သာ ဖြစ်ခဲ့လေပြီ။ မောင်နှင့် ကျွန်မ၏ စိတ်တို့သည် ထပ်တူမကျနိုင်တော့..။ မောင်နှင့် ကျွန်မ၏ အချစ်တို့သည် ဘဝဆုံးသည်အထိ ထပ်တူညီသော အချစ် မဖြစ်နိုင်တော့ပြီ။ ကျွန်မ ဘဝမှာ ချစ်သူဆို၍ မောင် တစ်ယောက်သာ ထားဖူး၍ လက်ထပ်ခဲ့သည်ကလည်း သူတစ်ယောက်သာ။ မောင့်တစ်ယောက်ကိုသာ အသက်ထက်ဆုံး ကျွန်မ ဘဝကို လုံခြုံစေမည့်သူလို့ ကျွန်မ သဘောထားခဲ့သည်။ အခုချိန်မှာတော့ ကျွန်မ စိတ်ကူးအိပ်မက်များ အပြီးတိုင် ပျက်စီးသွားခဲ့ပြီ။

ထုံးစံအတိုင်း အိပ်မပျော်သော ညတွေကလည်း ကျွန်မကို နှိပ်စက်မြဲမို့ ကျွန်မ အတွေးတွေ ဆင်ခြင်ဥာဏ်တွေလည်း ပုံမှန် မဟုတ်တော့လောက်အောင် ပျက်ယွင်းနေခဲ့သည်။ ကျွန်မ အမေက ကျွန်မတို့ အကြောင်းတွေ ကြားပြီး ရောက်နေခဲ့သည်။ ကျွန်မ မရှိလျှင် ကျွန်မ သားသမီးတွေကို သူတို့ အဖေ ထောက်ပံ့လိမ့်မည်။ ကြည့်ရှု ဂရုစိုက်ဖို့ကတော့ ကျွန်မ အမေ သူတို့ အဘွား အရှိသားပဲလေ။ တစ်ယောက်တည်း မနေတတ်ခြင်းသည် ကျွန်မ စိတ်ဓာတ်အင်အား ပျော့ညံခြင်း ဖြစ်သည်ဟု ကျွန်မကိုယ် ကျွန်မလည်း သိပေမယ့် လူက ဘာခံစားချက်မှ မသိနိုင်လောက်အောင် ထုံပေနေသည်။ ကျွန်မ အသိစိတ်ထဲတွင် ငြိမ်းငြိမ်း ချမ်းချမ်း အိပ်စက်သွားလိုခြင်းသာ ရှိသည်။ ဘယ်လောက် ပမာဏက ဘာဖြစ်နိုင် ဆိုတာမျိုးလည်း တွေးမနေပဲ အိပ်ဆေးတွေ သောက်အိပ်ခဲ့သဖြင့် အပြင်ဆေးခန်းကြီးသို့ နောက်တစ်ကြိမ် ရောက်သွားရသည်။ ဆေးခန်းပေါ်မှာ သတိရလာတော့ ကျွန်မကိုယ်ကျွန်မ မုန်းမိသွားသည်။ ဘာကြောင့် ဒီလိုမျိုး အသိဥာဏ်မဲ့ပြီး အရှက်ရစေသော အလုပ်ကို လုပ်မိသလဲ မသိပါ။ မောင် ဆေးခန်းကို ရောက်မလာခဲ့ပါ။ မောင့် မျက်နှာကို တွေ့ချင်လှချည်ရဲ့ မဟုတ်တော့အောင် နာကျည်းလှပြီ ဖြစ်သော်လည်း မောင့်ကို တစ်ခါတော့ တွေ့ပြီး မေးစရာ ပြောစရာလေး ရှိသေးသည်။

မောင် ဘာကြောင့် ကျွန်မအပေါ် ပြောင်းလဲ သွားခဲ့သလဲ၊ မောင် ဘာကြောင့် ဒီမိန်းကလေးကို ကျွန်မ နေရာမှာ အစားထိုးချင်ရသလဲ၊ မေးကြည့်ဖို့ ကိုပင် ကျွန်မ အတော် အားယူရသည်။ မောင့်ကို စကားတစ်ခွန်း မပြောနိုင်လောက်အောင် ကျွန်မ စိတ်ဓါတ်တို့ ပျက်ယွင်းနေခဲ့သည်။ မောင်က ခုအခြေအနေကျမှတော့ အမှန်အတိုင်း ဝန်ခံတော့သည်ပေါ့။
“အဲဒီ မိန်းကလေးက သနားစရာကောင်းတယ်၊ အားကိုးစရာလည်း မရှိရှာဘူး၊ ကလေးတစ်ယောက်နဲ့ ဒုက္ခရောက်နေရှာတာ၊ အစကတော့ မောင်လည်း ဒီတိုင်း ရိုးရိုး ကူညီတာပဲ၊ နောက်တော့ သူ့ကို မောင် ချစ်သွားတယ်၊ သူ့ကို တစ်ယောက်တည်း မထားနိုင်တော့ဘူး၊ ငြိမ်းကို ချစ်သလိုပဲ သူ့ကိုလည်း မောင်ချစ်တယ်၊ ငြိမ်းအပေါ် သစ္စာဖောက်မိတဲ့ အတွက် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် မောင်လည်း ဘာမှ မတတ်နိုင်ဘူး၊ ငြိမ်းကိုလည်း ချစ်တုန်းပဲ၊ သူ့ကိုလည်း ချစ်တယ်”

အဲဒီမိန်းကလေးက သနားစရာ ကောင်းတယ် တဲ့။ မောင့်ရဲ့ သစ္စာမဲ့မှုမှာ တစ်ယောက်တည်း အသက်ရှင်ကျန်ဖို့ပင် အားမရှိတော့တဲ့ ကျွန်မကတော့ဖြင့် သနားစရာ ကောင်းတယ်လို့ မောင်မထင်ဘူးပေါ့။ ကျွန်မမှာ အထောက်အပံကောင်းပေးနိုင်သည့် မိဘတွေ ရှိသည့်အတွက် တစ်ယောက်တည်းလည်း ရပ်တည်နိုင်သည်ဟု မောင် ထင်သည်လား။ ကျွန်မကို ချစ်တုန်းပဲ ဆိုသည့်အတွက် ကျွန်မက ကျေနပ်နှစ်သိမ့် နေရဦးမည်လား။ ဘယ်မိန်းမကမှ အချစ်ကို ခွဲဝေ မစားသုံးချင်ဘူး ဆိုတာ မောင်လည်း သိမှာပါ။ မောင်က ဟိုအိမ်မှာ တစ်ရက်၊ ဒီအိမ်မှာ တစ်ရက် နေချင်သည်ကို ကျွန်မက ကျေနပ်ပြီး မယားပြိုင်အနေနှင့် လက်ခံ ပေးရမည်လား။ ဒီဘဝ အတွက်တော့ ကျွန်မ နှင့် မောင် ပတ်သက်မှုကို တော်သင့်ပြီ မောင်။

“ကျွန်မ ကို ကွာရှင်းပေးပါ မောင်၊ ကျွန်မ အိမ်ကိုလည်း လုံးဝ မလာပါနဲ့တော့၊ သားနဲ့ သမီးကိုလည်း ကျွန်မပဲ ကြည့်မယ်၊ ကလေးစားရိတ်တောင် ပေးစရာ မလိုပါဘူး၊ ဒီအိမ်ကိုတော့ ကျွန်မကို ပေးထားလိုက်ပေါ့၊ ရှင့်သားနဲ့ သမီးလည်း နေမှာပဲလေ၊ ရှင်သာ ဒီအိမ်ရိပ်ကို မနင်းပါနဲ့တော့၊ ကျွန်မတို့ ပြတ်ပြတ်သားသား လမ်းခွဲကြရအောင်၊ ကလေးတွေနဲ့ တွေ့ချင်ရင် အပြင်မှာ တွေ့ပေါ့”
အိမ်က မောင့်အလုပ်က ပေးထားသည့် အိမ်မဟုတ်။ ငှားနေသော အိမ် ဖြစ်သည်။ ဒီစကားကို ပြောဖို့  အတော် အားယူရတယ် ဆိုပေမယ့် ကျွန်မ စိတ်ထဲတော့ အခိုင်အမာ ဆုံးဖြတ်ပြီးသား ဖြစ်နေပါပြီ။ ကျွန်မ မောင့်ကို ချက်ချင်း မေ့ပစ်ဖို့  ဖြစ်နိုင်ချင်မှ ဖြစ်နိုင်မှာ ပေမယ့် မုန်းတီးခြင်းထက် ပိုတဲ့ စိတ်နာကျည်းမှုတို့က ကျွန်မ စိတ်ထဲ ပြည့်သိပ်နေခဲ့ပြီပဲ။
“မဟုတ်တာကွာ၊ မဖြစ်နိုင်တာ၊ မောင် ငြိမ်းကို ကွာရှင်းမပေးနိုင်ဘူး၊ မောင့် သားနဲ့ သမီးရဲ့ အမေပဲ၊ မောင့်ဇနီးပဲ၊ ကွာမပေးနိုင်ဘူး၊ ဒီအိမ်ကို မလာရဘူး ဆိုရင် မလာပါဘူး၊ ကွာတော့ မပေးဘူး”
မောင့်ရည်ရွယ်ချက်က ဘာမှန်း သေချာ မသိပေမယ့် သူ ကျွန်မကို ဒုက္ခပေးချင်သည်ဟု ကျွန်မ စိတ်ထဲ အတွေးပေါက်သည်။ ကျွန်မမှာ သူ့ ဝဋ်ကြွေး မကုန်သေးသဖြင့် စာချုပ်ဖြင့် တုပ်နှောင်ထားသော ဘဝက လွတ်မြောက်ခွင့် မရသေးပါလား ဟု တွေးမိသည်။
“ရှင့် မျက်နှာကို တော့ ကျွန်မ ရှေ့မှာ ထပ်လာ မပြပါနဲ့တော့၊ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးတဲ့ အချိန်ကျမှပဲ တွေ့ကြတော့မယ်၊ ဦးမောင်မောင်”

မောင်ကလည်း ကျွန်မ ဆန္ဒကို လက်ခံပြီး နှစ်ဦးသဘောတူ ကွာရှင်းကြမည်ဟု တရားရုံးကို သွားလိုက်ကြသေးသော်လည်း မောင့် မိဘတွေရော၊ ကျွန်မ မိဘတွေရော ရောက်လာကြပြီး ငိုယို တားဆီးကြသဖြင့် ကွာရှင်းကြဖို့ကိစ္စ ပျက်သွားခဲ့ပါသည်။

ကလေးတွေ ကျောင်းပိတ်ရက်နှင့် ကြုံသဖြင့် ကျွန်မတို့ ဇာတိမြို့လေးကို ပြန်ခဲ့သည်။ ကျွန်မအနေနှင့် အပြီးပြောင်းနေချင်သော်လည်း ကလေးတွေ ကျောင်းက မပြီးသေးသဖြင့် မြေလတ်မြို့လေးမှာပင် ပြန်နေဖို့ ဆုံးဖြတ်လိုက်သည်။ မောင့်ကို ရင်မဆိုင်ရဲသဖြင့် ထွက်ပြေးရာကျသည်။ မောင်လည်း သူ့ဘဝနှင့်သူ ပျော်နေချိန်မှာ ကျွန်မ လည်း ကျွန်မ သားသမီးတွေနှင့် ကောင်းကောင်းမွန်မွန် နေနိုင်ကြောင်း ပြသင့်သည် မဟုတ်လား။ ကျွန်မ ဇာတိမြို့ မှာ ကျွန်မနာမည်နှင့် ခြံတွေလည်း ရှိပြီးသားမို့ ဒီမှာ ဘာမှ သိပ်မလုပ်လျှင်ပင် ကျွန်မတို့ သားအမိတွေ စားဝတ်နေရေးက ပူစရာမလိုပါ။ မောင်နှင့် ကျွန်မ လုံးဝ ထပ်မတွေ့ ဖြစ်ကြပဲ အပြီး လမ်းခွဲခဲ့ကြပါပြီ။ ကြားလူက တစ်ဆင့် ထပ်တောင်းဆို ခဲ့သေးသော်လည်း မောင်က ကွာရှင်းစာချုပ်ကိုဖြင့် လုံးဝ လက်မှတ် ထိုးမပေးတော့ပါ။ ကျွန်မလည်း ထပ်မပြောတော့ပါ။ သားနှင့် သမီးက ပထမတော့ သူတို့ အဖေကို စိတ်နာပြီး သွားမတွေ့ကြပေမယ့် နောက်တော့ ဘယ်လိုတွေ သွေးဆောင်တာ ခံလိုက်ရသည်မသိ၊ သူတို့ အဖေ ပေးသည့် မုန့်ဖိုးတွေလည်း ယူသည်။ ကျွန်မ မသိအောင် တစ်ခါတစ်ရံလည်း တွေ့နေကြသည်ကို သိသော်လည်း ကျွန်မ မပြောတော့ပါ။ ကျွန်မ အတွက် မပတ်သက်၍ ရသော်လည်း သူတို့ က အဖေအရင်း တော်နေသဖြင့် မပတ်သက်ပဲ နေနိုင်မည် မဟုတ်သည်ကို ကျွန်မ နားလည်ပေး လိုက်ပါသည်။

မောင် မရှိသော ဘဝမှာ ကျွန်မ အသားကျခဲ့ပြီ ဆိုသော်လည်း တစ်ခါတစ်ရံတော့ စိတ်ကျရောဂါ ဟု ပြောရမလား မသိသည့် မျှော်လင့်ချက် ကင်းမဲ့သည့် မနေပျော်သော ခံစားချက်က နှိပ်စက်တတ်သည်။ သမီးက ကျွန်မ အဖော်မွန်လေး ဖြစ်သော်လည်း၊ ကျွန်မ စိတ်ကို ကျွန်မ ဘယ်လိုပင် ဆုံးမသော်လည်း အထီးကျန်သည့် စိတ်အစဉ်က မပြေလည်နိုင်အောင် ဖြစ်လာတတ်သည်။ ကျွန်မ ဘဝကို အမြဲ မှောင်မိုက်နေတော့မည့် ညတွေလို ထင်မိကာ ညဘက်တွေလည်း အိပ်ပျော်တစ်လှည့် မပျော်တစ်လှည့်ပင်။ အိပ်ပျော်ချင်စိတ်ဖြင့် အိပ်ဆေးတွေ သောက်မိပြန်တော့ နည်းနည်း များသွားကာ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် သတ်သေသည် ထင်ကြပြန်သည်။ ယောက်ျားတစ်ယောက်အတွက် ကျွန်မ ဘဝကို မစတေးသင့်ကြောင်း အသိစိတ်က သတိပေးသော်လည်း အသိလွတ်သွားခိုက်မှာ လုပ်မိသည်လား မပြောတတ်ပါ။ အဲဒီ တစ်ကြိမ်သည် နောက်ဆုံးပဲ ဖြစ်စေဖို့ စိတ်ဆုံးဖြတ်ပြီး ကျွန်မ အိပ်ခန်းထဲမှာလည်း အိပ်ဆေးပုလင်း လုံးဝ မထားတော့ပါ။
*****
(၃)
ကို နှင့် ကျွန်မ

ကျွန်မ ဘဝ၏ ညတာ အရှည်ဆုံး ညများထဲမှ သူ ဆွဲထုတ်ပေးခဲ့သည်ကို ကျွန်မ ကျေးဇူးတင်မဆုံး ရှိခဲ့ပါသည်။ မျှော်လင့်ချက် ကင်းမဲ့သော၊ မှောင်မိုက်၍ ဘယ်သောအခါမှ နေရောင်မမြင်ရတော့ဟု ထင်ခဲ့သော ကျွန်မနေ့ရက်များမှာ သူက တောက်ပသော နေမင်းတစ်စင်း အနေနှင့် ဝင်လာခဲ့သဖြင့် ကျွန်မ မငြင်းနိုင်ခဲ့ပါ။ နောက်ထပ် ယောက်ျားတစ်ယောက်ကို ထပ်မချစ်နိုင်တော့ ဟု ထင်ခဲ့ရာမှ သူနှင့်တွေ့တော့ ကျွန်မ မှာ အချစ်ရှိသေးသည်ဟု ကျွန်မကိုယ်ကျွန်မ ထင်မြင်လာအောင် သူက စွမ်းဆောင်နိုင်သူ ဖြစ်ခဲ့သည်။

ကျွန်မ အထီးကျန်စိတ်တွေ မပြေလည်နိုင်သေးသော်လည်း အများအမြင်မှာတော့ ကျွန်မဘဝ တည်တည်ငြိမ်ငြိမ် ဖြစ်စပြုနေသော အချိန်မှာ သူနှင့် စတွေ့ ခဲ့သည်။ မမျှော်လင့်ပဲ တစ်နေရာမှာ ဆုံခဲ့ပြီးနောက် သူက ကျွန်မ ဖုံးနံပါတ် တောင်းပြီး နေ့တိုင်းလို ဖုန်းဆက်သည်။ ကျွန်မ၏ အထီးကျန်ညတွေမှာ သူ့ဖုန်းကို စောင့်မျှော်ရခြင်းဖြင့် အဓိပ္ပါယ်ရှိလာသည်။ ဘာအတွက် အသက်ရှင်နေရမှန်း မသိအောင်ဖြစ်နေသည့် ကျွန်မ ဘဝက သူနှင့်တွေ့မှ သာယာနေပျော်ဖွယ် ဖြစ်လာသည်။ သူ့အကြောင်းကို ကျွန်မ ကောင်းကောင်း မသိသေးသော်လည်း သူက စကားပြောကောင်းသူ ဖြစ်သဖြင့် ခင်မင်မိသည်။ သူက ကြင်နာစွာ အားပေးတတ်သူ ဖြစ်သဖြင့် ကျွန်မ ခံစားချက်တွေကို ရင်ဖွင့်မိသည်။

သူနှင့် ကျွန်မ သက်တူ ရွယ်တူ သိပ်မကွာလှသဖြင့် သူငယ်ချင်းကောင်းတွေလို စကားပြောနိုင်သည်။ သူ့ မှာ မိန်းမ ရှိမရှိ  ဖွင့်မမေးမိပေမယ့် ကျွန်မကတော့ ကျွန်မ အရင်လူနှင့် ပတ်သက်သော ခံစားချက်များကို သူ့ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောမိသည်။ ကျွန်မမှာ ကလေးနှစ်ယောက် ရှိတာလည်း သူသိသည်ပင်။ သူက ကျွန်မ ဘဝ အကောင်းအဆိုး ခံစားချက်များ အားလုံးကို နားလည် ပေးနိုင်သူ၊ မျှဝေ ခံစားနိုင်သူ ဖြစ်လာသည်။

သူကလည်း အားရင် အားသလို ကျွန်မဆီ တစ်နေ့ သုံးခါလောက် ဖုန်းဆက်ရင် ဆက်တတ်သူ ဖြစ်သည်။ ညဘက်လည်း ဆက်တတ်သောကြောင့် သူ့ကို လူလွတ်တစ်ယောက်လို့တော့ သိထားသည်။ အပြင်မှာ တစ်ခါပဲ သူများ မိတ်ဆက်ပေးလို့ တွေ့ ဖူးခဲ့သော်လည်း ဖုန်းထဲမှာ စကားပြောခြင်းဖြင့် ကျွန်မတို့ နှစ်ယောက်က တော်တော်လေး ရင်းနှီးနေပြီ။ သူ့ဖုန်းလာလျှင် သားတို့ သမီးတို့ မသိအောင်လည်း လုပ်ရသေးသည်။ ကျွန်မသည် နှစ်ဆယ်ကျော် တစ်ယောက်လို လတ်ဆတ်သော ခံစားချက် ရှိနေဆဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိခဲ့ရသည်။

သူက မိန်းမတွေ ကြိုက်လောက်သော ခပ်ချောချော ယောက်ျား မဟုတ်ပါ။ အရပ်လည်း သိပ်မရှည်၊ အသားကလည်း မည်းသည်ဟုတောင် ပြော၍ရသော အသား၊ ကိုယ်လုံးကိုယ်ထည်ကလည်း ခပ်ဖြောင့်ဖြောင့် မဟုတ်ပဲ ခပ်ဖိုင့်ဖိုင့်ဟုတောင် ပြောရမလို ပုံစံမျိုးဖြစ်ပါသည်။ သို့ပေမယ့် သူက မိန်းမကျမ်း ကြေပုံရသည် ဟု ကျွန်မ နောက်မှ တွေးမိသည်။ သူ့အပြောများက ညက်သည်။ မိန်းမတစ်ယောက်ကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ သူနဲ့ သိပြီး တစ်လအတွင်းမှာ သူ့ ဆီက ချစ်သည် ဆိုသော စကား ကြားရတော့လည်း ကျွန်မ မအံသြမိခဲ့တော့ပါ။ အလွယ်တကူ ယုံကြည်ချင်မိသွားတာကလည်း သူ အပြောကောင်းသော အရည်အချင်း ကြောင့်ပင် ဖြစ်လိမ့်မည်။

သူက ကျွန်မကို တွေ့ချင်သည် ဆိုပြီး မနက်စောစောစီးစီး ကျွန်မ အိမ်ရှေ့ ရောက်လာတတ်သည်။ သားနှင့် သမီးက မနိုးသေးသဖြင့် အိမ်ရှေ့မှာ စကား တစ်ခွန်း နှစ်ခွန်းပြောပြီး သူပြန်သွားတတ်သည်။ အဲဒီနောက် သူက အပြင်မှာ တွေ့ရအောင် ဆိုပြီး ချိန်းလာပြန်သည်။ ကျွန်မ တစ်ခါ နှစ်ခါ ငြင်းသေးသော်လည်း နောက်တော့ သူ့ကို အားနာသဖြင့် သားတို့ မသိအောင် မနက်စောစော အကြောင်းပြ ထွက်ကာ သူနှင့် ဘုရားသို့ လိုက်သွားမိသည်။ နောက်တော့ သူအတင်းခေါ်သဖြင့် သူ့အိမ်ကို တစ်ခါ နှစ်ခါ လိုက်လည်မိသည်။ သူ့အိမ်က သူ့ ဝပ်ရှော့ရဲ့ နောက်ဘက်မှာပင် ဖြစ်ပြီး သူနှင့် သူ့တပည့်တစ်ယောက်ပဲ နေသည်။ ကျွန်မ စိတ်ထဲတွင် သူ့ မှာ မိန်းမ ရှိဖူးသလား၊ လူပျိုကြီးပဲလား ဆိုတာ သေချာအောင် မေးကြည့်ချင်သော်လည်း မေးမထွက်ခဲ့ပါ။

သူက ကျွန်မကို ချစ်သည့်အကြောင်း တွင်တွင်ပြောပြီး နေ့တိုင်းလို အဖြေတောင်းတတ်သည်။ ကျွန်မဘက်ကတော့ သူ့ကို သူငယ်ချင်းကောင်း တစ်ယောက်လို ခင်မင်မိတာ သက်သက်ပဲလား၊ သူ့ ကို ချစ်မိပြီလား ဆိုတာ သိပ်တော့ မသေချာပါ။ သူ့ကို ကျွန်မ တော်တော်ကြာသည်အထိ အဖြေ ပြန်မပေးခဲ့သေးပါ။ ကျွန်မ ဘဝက အချစ်သစ် ရှာရလောက်သည့် ဘဝမျိုးလည်း မဟုတ်ဘူး မဟုတ်လား။ ကျွန်မ အခြေအနေကို ကျွန်မ သိသော်လည်း ခဏခဏ အဖြေတောင်းသော သူ့ကို အားနာသည့်ပြင် သူ့ကို ကျွန်မ ချစ်မိသည်ကို ကျွန်မကိုယ်ကျွန် ထပ်မညာချင်သဖြင့် သူ့ကို ချစ်ကြောင်း ပြန်ဖြေလိုက်မိတော့သည်။ သူက ခေါ်ခိုင်းသဖြင့် သူ့ကို ကျွန်မ “ကို” ဟု ခေါ်သည်။

တစ်ညနေမှာတော့ သူ သိပ်မနေကောင်းသဖြင့် အပြင်မထွက်နိုင်သောကြောင့် ကျွန်မကို သူ့အိမ် ခဏ လာတွေ့ပါလား ဟု ဖုန်းဆက်သဖြင့် ကျွန်မ သွားမိသည်။ နေအပူဓာတ်ပင် မအေးသေးလောက်အောင် ညနေက စောလှပါသေးသည်။ သို့သော် သူ့ဆိုင်က စောစောစီးစီးပိတ်ပြီး သူ့ တပည့်များက ပြန်သွားကြလေပြီ။ သူ နေမကောင်းသဖြင့် ဆိုင်စောစောပိတ်သည်ဟုသာ တွေးလိုက်ပြီး ဘာမှ ထွေထွေထူးထူး မစဉ်းစားမိပါ။ ကို့ ကိုတွေ့တော့ အဲဒီလောက် နေမကောင်းတာ မဟုတ်ပဲ ကျွန်မကို တွေ့လိုသဖြင့် ဥာဏ်ဆင်ခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်မတို့  စကားထိုင်ပြောကြသည်။ ကျွန်မကိုယ်တိုင် ကော်ဖီ ထဖျော်ပြီး နှစ်ယောက်သား သောက်ကြသည်။ နောက်တော့ ကိုက ကျွန်မကို ချစ်သူလို ဖက်လား နမ်းလား လုပ်ချင်လာသည်။ အရင်ကတော့ ကျွန်မတို့ နှစ်ယောက် လူမြင်ကွင်းမှာသာ တွေ့ ကြသည် ဖြစ်သောကြောင့် ထိုအဖြစ်အပျက်မျိုး မရှိခဲ့စဖူး။ ချစ်သူတွေလို ပွေ့ဖက် နမ်းရှိုက်သည်ကို ချစ်သူမို့ သည်းခံကြည့်၍ ရသည် ဆိုသော်လည်း အဲဒီထက် အဆင့်တက်ဖို့ ကျွန်မဘက်က မလိုလားပါ။ ကျွန်မက ပြန်တော့မည် ပြင်သောအခါ ကိုက အိမ်ရှေ့ တံခါးကို ထပိတ်လိုက်ပြီး ပြန်ခွင့်မပေးပါ။ အဲဒီနောက်တော့ ကျွန်မ မလိုလားသော အခြေအနေမျိုးကို မလွှဲမရှောင်သာပဲ ဖြစ်သွားရသည်။ ကျွန်မက နဂိုကတည်းက ပိန်ပိန်ပါးပါး ပျော့ပျော့နွဲ့နွဲ့ လေး ဖြစ်ရာ သူလို လူကြမ်းတစ်ယောက် လက်ထဲက လွတ်အောင် ရှောင်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ခဲ့ပါ။ ချစ်ရသူမို့  ရက်ရက်စက်စက် နာကျင်အောင်လုပ်ပြီး မငြင်းဆန်ရက်တာလည်း ပါပါသည်။

ကျွန်မကိုယ်ကျွန်မ အရမ်းမှားခဲ့ပြီ ဆိုသည်ကို သိလိုက်ပြီးချိန်မှာ ပြန်ပြင်လို့ မရနိုင်တော့ပါ။ ငယ်ငယ်ရွယ်ရွယ် ဆယ်ကျော်သက်လည်း မဟုတ်ပါပဲ ယောက်ျားတစ်ယောက်ရဲ့  မာယာအောက်မှာ အမိခံလိုက်ရပါပြီ။ ကျွန်မ ဘာကြောင့် သူ့အပေါ် စိတ်ယိုင်ခဲ့ရပါလိမ့်။ ကျွန်မ အရမ်း အထီးကျန်နေခဲ့သည်။ သားနှင့် သမီးက သူတို့  အရွယ်နှင့် သူတို့ ၊ သူတို့ အပေါင်းအသင်းနှင့် သူတို့ မို့  ကျွန်မနှင့် သိပ် ပူးပူးကပ်ကပ် ရင်းရင်းနှီးနှီး မရှိ။ ကျွန်မကို ဂရုစိုက် ယုယမည့် တစ်စုံတစ်ယောက်ကို ကျွန်မ လိုအပ်နေသည့်အချိန်တွင် သူက တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာခဲ့သည်။ အခုတော့ သားနှင့် သမီးကိုရော၊ အမေ့ကိုပါ ဖွင့်ပြောရတော့မည့် အခြေအနေ ရောက်လေပြီ။ ကိုနှင့် ကျွန်မ အဆုံးစွန်အထိ ဖြစ်ခဲ့ပြီးမှတော့ ကို ကျွန်မကို လက်ထပ် ရပါမည်။ ကျွန်မသည် ပတ်ဝန်းကျင်တွင် ကိုယ့်ဂုဏ်သိက္ခာနှင့် ကိုယ် နေသူဖြစ်သည်။ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်လာခဲ့သော် ကို ကျွန်မနှင့်အတူ ရှိနေရပါမည်။

ကိုကလည်း ကျွန်မကို လက်ထပ်ပါမည် ဟု ပြောပါသည်။ သို့သော် ကျွန်မကို လက်မထပ်ခင် သူ့အကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြမည်၊ ကျွန်မကို လိမ်ညာ လက်မထပ်ပါ ဟု ဆိုခဲ့သည်။ သူက လူပျိုကြီး တစ်ယောက် မဟုတ်ပါ။ သူ့မှာ မိန်းမ ရှိသည့်ပြင် ကျွန်မလိုပင် အရွယ်ရောက်နေပြီဖြစ်သော သားသမီး နှစ်ယောက် ရှိသည်။ သူ့ အမျိုးသမီးက တစ်ဖက်ကမ်းက ရွာတွင် နေသည်။ သူ့အပြောအရတော့ သူတို့ နှစ်ယောက် ကွဲနေတာ၊ ခွဲခွာနေတာ ကြာပြီဟုဆိုသည်။ သူက ကျွန်မကို တကယ်ချစ်သဖြင့်၊ ကျွန်မကို ပိုင်ဆိုင်ချင်သဖြင့် စိတ်မထိန်းနိုင်ပဲ ဖြစ်သွားရခြင်း ဖြစ်ကြောင်း၊ သူ့ကို လက်ထပ်ဖို့  တောင်းပန်သည်။ ယခုအခြေအနေမှာတော့ သူ့ အခြေအနေ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မကတော့ လက်ထပ်ရတော့မည်သာ ဖြစ်ပါသည်။ ဒီ အသက်အရွယ်တွေမှာ ကျွန်မကိုယ်တိုင်လည်း အပျို မဟုတ်သည့် အခြေအနေမှာ သူ လူပျို မဟုတ်သည်ကို အကြောင်းပြပြီး ငြင်း၍လည်း မရတော့ပြီ။ ကျွန်မက အတ္တကြီးသည်ပဲ ဆိုဆို ပိုင်ရမှတော့ သူ့ကို တစ်ယောက်တည်း ပိုင်လိုသည်။ သူ့ ပထမ မိန်းမကို ကွာရှင်းဖို့ ပြောတော့ သူက ကျွန်မကို အရင် ကွာရှင်းခိုင်းသည်။ ဟုတ်သည်။ ကျွန်မက ကိုယ့်ဘဝကိုယ် ခဏ မေ့နေခဲ့မိသည်။

တစ်မြို့တစ်နယ်ရှိ သူ့မိဘများကလည်း သူ နောက်အိမ်ထောင်ပြုမည်ကို သဘောတူသည်ဟု သူက ဆိုပါသည်။ ကျွန်မအမေကလည်း ကျွန်မ အရင်လူကိုမေ့ပြီး ဘဝသစ် စနိုင်လျှင် သူ ဝမ်းသာသည်ဟု ဆိုကာ သဘောတူသည်။ သားနှင့် သမီးက သိပ်သဘောမတူလိုသော်လည်း အကြီးအကျယ်တော့ မကန့်ကွက်ကြပါ။ တစ်ခုပဲ ရှိပါသည်။ ကျွန်မသည် ယခုချိန်အထိ အရင်လူနှင့် စာချုပ်စာတမ်းနှင့် မကွာရှင်းရသေးခြင်းပင် ဖြစ်သည်။ ကျွန်မ အရင်လူကို ဖုန်းဆက်ပြီး ကျွန်မ နောက်အိမ်ထောင်ထူလိုသည်မို့  ကွာရှင်းစာချုပ် လက်မှတ်ထိုးပေးဖို့ တောင်းပန်ခဲ့သည်။ သို့သော် မောင်က လက်မှတ်တော့ ထိုးမပေးနိုင်၊ ကျွန်မ နောက်တစ်ယောက်နှင့် အတူနေလျှင်လည်း သူ့ဘက်ကတော့ နှောက်ယှက်ဖို့ မရှိပါ ဟု ဆိုသည်။

သို့သော် ဥပဒေ အရတော့ မြန်မာ အမျိုးသမီးတစ်ယောက်သည် အိမ်ထောင်ဖက်နှင့် တရားဝင် ကွာရှင်းထားခြင်း မရှိလျှင် နောက်ထပ် တစ်ယောက်နှင့် လက်ထပ်ခွင့် မရှိကြောင်း ကျွန်မ သိခဲ့ရသည်။ အကယ်၍ ပထမ အမျိုးသားက မကျေနပ်လျှင် ဒုတိယ အမျိုးသားကို မယားခိုး စွပ်စွဲခွင့် ရှိသည် ဟူ၏။ မြန်မာ အမျိုးသမီးတစ်ယောက်သည် မိမိ အိမ်ထောင်ဖက်က မယားငယ်၊ မယားပြိုင် ယူထားသည်ကို အကြောင်းပြပြီး ကွာရှင်းခွင့် တင်၍ မရပါ။ ရိုက်ပုတ် နှိပ်စက်တတ်သော ယောက်ျား ဆိုလျှင်တော့ ကွာရှင်းခွင့် တောင်း၍ ရကောင်းသည်။ တကယ်တော့ မြန်မာ ဗုဒ္ဓဘာသာတို့၏ ထိမ်းမြားလက်ထပ် ဥပဒေသည် တစ်လင် တစ်မယား စနစ် မဟုတ်ပါ။ ယောက်ျားတစ်ယောက်က မယားများစွာ ယူခွင့်ရှိသည်။ ကို့ဘက်ကလည်း သူ့ အမျိုးသမီးကို တရားဝင် မကွာရှင်းပဲနှင့် ကျွန်မကို တရားဝင် လက်ထပ်၍ ရပါသည်။ ကျွန်မ ဘက်ကသာ မရခြင်း ဖြစ်ပါသည်။

တကယ်တော့ ကို့ သားလေးက သူနှင့် အတူနေပါသည်။ ကျွန်မနှင့် ကိုတွေ့ကြသော အချိန်မှာသာ ရန်ကုန်ရှိ အဘိုးအဘွားများထံ နေပြီး တက္ကသိုလ် တက်နေသဖြင့် ကျွန်မနှင့် မတွေ့ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ကို့ သမီးလေးကတော့ အမေနှင့် အတူနေနေပါသည်။ ကို့ သားနှင့် သမီးကလည်း လိမ္မာပါသည်။ ကျွန်မအပေါ်ကိုလည်း ပုံမှန်ပင် ဆက်ဆံပါသည်။

ကိုသည် သူ့ ပထမ အမျိုးသမီးနှင့် တရားဝင် ကွာရှင်းထားခြင်း မရှိသည့်ပြင် အမှန်တကယ် ကွဲနေခြင်းပင် မဟုတ်ပဲ သူက အလုပ်လုပ်မည် ဆိုကာ ဒီမြို့မှာ လာနေခြင်းသာ ဖြစ်သည်။ ကို့ ပထမ အိမ်ထောင်ဖက်သည် ၈ တန်းပင် မအောင်သော ရိုးသားသော တောသူတစ်ယောက်ဖြစ်ကာ သူထားရာနေ စေရာသွားရသူ ဖြစ်သည်။ သူလှိမ့်တိုင်း ရသူပင် ဖြစ်သည်။ တစ်လတစ်ခါ၊ နှစ်လ တစ်ခါလောက်တော့ သူပြန်သည်ဟု သိရသည်။ သူပြန်သည် ဆိုသော်လည်း သူက ထောက်ပံ့ရသည် မဟုတ်ပါ။ ဟိုမှာက သူ့ဘာသာသူ ရွာအလျောက် လယ်တွေ ကိုင်းတွေနှင့် နေနိုင် စားနိုင်သူပင် ဖြစ်သည်။ သူပြသဖြင့် ထိုအမျိုးသမီး ဓာတ်ပုံကို ကျွန်မ မြင်ဖူးသည်။ တကယ်ကို ရိုးရိုးတုံးတုံး ပုံဖြစ်သည်။ “ကိုယ် ငယ်တုန်းက မှားမိတာပေါ့ကွာ၊ ကိုယ်က တုံးလွန်းတဲ့ မိန်းမတွေကိုလည်း မကြိုက်ဘူး၊ ထက်ထက်မြက်မြက် ရှိမှ ကြိုက်တာ” ဟု သူက ဆိုသည်။ “ကျွန်မက အဲလောက် မထက်မြက်ပါဘူး၊ ဆယ်တန်းတောင် မအောင်ခဲ့တာ” ဟု ကျွန်မက ပြောတော့ “ကိုယ်လည်း ဘွဲ့မရခဲ့ပါဘူး၊ ဒီပလိုမာလေး တစ်ခုပဲ ရခဲ့တာ၊ ပြီးတော့ မင်းကို ချစ်တယ်လေ ငြိမ်းရယ်၊ တကယ်ချစ်တာ၊ ချစ်လို့ လည်း ရအောင် ယူခဲ့တာပေါ့” ဟု သူက ဆိုတော့ ကျွန်မ ကျေနပ်ရပြန်သည်။

ကျွန်မတို့ နှစ်ယောက် အချင်းချင်းတာ့ သက်ဆိုင်သူတွေရယ်လို့ သတ်မှတ်ထားကြသော်လည်း တရားဝင်တော့ အတူမနေနိုင်ကြသေးပါ။ တရားဥပဒေအရ ကျွန်မသည် အရင်အိမ်ထောင်နှင့် မကွာရှင်းရသေးသောကြောင့် ဖြစ်သည်။ ကျွန်မတို့နှစ်ယောက် သူ့အိမ်မှာတော့ မကြာခဏ တွေ့လေ့ရှိပါသည်။ သူ့ဘက် ကျွန်မဘက် အခက်အခဲတွေ ရှိသော်လည်း ကျွန်မတို့ ကျော်လွှားနိုင်မည်ဟု ယုံကြည်သည်။ သူ့ စီးပွားရေးမှာ အရင်းအနှီးလိုသည် ဆို၍ ကျွန်မ သူ့ကို ချေးဖြစ်ခဲ့သည်မှာ သိန်း ၆၀ လောက်တောင် ရှိတော့မည်။ ကျွန်မတို့ နှစ်ယောက်က အရင်းနှီးဆုံး လူသားတွေ ဖြစ်နေသည့်အတွက် ကျွန်မ ဘာမှ တွက်မနေခဲ့ပါ။ သူ့ ဝင်ငွေက သူ့သားသမီးများကိုလည်း ထောက်ပံ့ရသေးသည် ဖြစ်ရာ ကျွန်မကို မပေးနိုင်လျှင်လည်း ကျွန်မ မတွက်ချက်ခဲ့ပါ။ ကျွန်မတို့ တစ်ယောက်နှင့် တစ်ယောက် အထီးကျန်ချိန်တွေ မေ့ပျောက်ပြီး အဖော်သဟဲ ဖြစ်ခဲ့ကြသည်။ ကျွန်မ နောက်ထပ်တစ်ကြိမ် သစ္စာဖောက် ခံရဦးမည်ဟု မတွေးဖြစ်ခဲ့ပါ။

သူက ကောင်မလေး တစ်ယောက်နဲ့ ဘယ်လို တွေ့သွားမှန်းမသိပဲ ရှုပ်ချင်သလို ဖြစ်ခဲ့သည်။ ကျွန်မ စိတ်ဆိုးပြီး ဇာတိမြေကို ပြန်နေသည်။ ကျွန်မကလည်း လွန်ခဲ့သော လအနည်းလောက်က စပြီး ကျွန်မ ကျန်းမာရေးကလည်း သိပ်မကောင်းသဖြင့် သူနှင့် အတူမနေဖြစ်တာ များခဲ့သည်။  သူက အလိုရမ္မက် ကြီးသူ တစ်ယောက် ဖြစ်ပြီး ကျွန်မမှာက သူ့လို စိတ်ဆန္ဒမျိုး မရှိသည်က များသည်။ ကျွန်မ ဆန္ဒမရှိပဲ သူလိုအပ်ခဲ့လျှင်လည်း ကျွန်မက ခွင့်မပြုပဲ ရန်ဖြစ်ခဲ့သည်က များသည်။ ကျွန်မ တစ်မြို့တည်းမှာ မရှိသည့်အခါ သူက နောက်ထပ် အသစ် အသစ်တို့  ရှာဖို့ ကြိုးစားသည်ကို ကျွန်မ ပြန်သိရသည်။ ဒေါသထွက်မိသော ကျွန်မကိုယ် ကျွန်မပဲ ပြန်တရားချရသည်။ သူ့မှာ အဲသလို အကျင့် ရှိခဲ့လို့ပဲ တစ်မြို့ တစ်ရွာက သူ့ မိန်းမကြီး ရှိလျှက် ကျွန်မနှင့် တွေ့ခဲ့သည် မဟုတ်လား။ ခုလည်း ကျွန်မ ရှိလျှက် သူ နောက်တစ်ယောက် တွေ့ဖို့ ကြိုးစားပြန်သည်။ ယောက်ျားဆိုသည်က ဖောက်ပြန်သော အမျိုးပဲ ဟု ကျွန်မက ကောက်ချက်ချရတော့မည်လား။ ကျွန်မ၏ ကံကြမ္မာကိုက သစ္စာဖောက် ခံရဖို့ ကံ ပါလာသည်လား။

ကျွန်မ မွေးရပ်မြေက ပြန်လာပြီး သူနှင့်တွေ့တော့ သူက ပုံစံမပျက် အလုပ်အရမ်း ကြိုးစားသူကြီးလို မအားမလပ် ပုံဖမ်းနေသည်။ တကယ်တော့ သူ ဒီမြို့က ကောင်မလေး တစ်ယောက်နှင့်  ဇာတ်လမ်း ဖြစ်နေသည်ကို ကျွန်မ သိပြီးပြီ။ သူ အဲလောက် အလုပ်မအားသည့်ကြားမှ ကြူနိုင်သည်ကို ကျွန်မ အံသြရသည်။ တစ်ယောက်နှင့် သူ အတူနေသည်အထိ ဖြစ်ခဲ့သည်ကို ကျွန်မသိသည်။ ကျွန်မသည် သူ့ မယားကြီးလို တုံးတုံးအအ သူထားရာနေမည့်သူ မဟုတ်ပါ။ သူ့ ဇာတ်လမ်းတွေကို ကျွန်မ သိကြောင်းတော့ ပြရမည်သာ။ ကျွန်မ သူ့ကို မေးကြည့်တော့ သူက ဝန်ခံသည်။ ပတ်သက်မှုတော့ ရှိသည် ဘာမှတော့ မဟုတ်သေးပါ ဆိုသည်။ ကျွန်မ အရင် ယောက်ျား တုန်းကလည်း အစကတော့ ဒီလိုပဲ ပြောခဲ့တာပဲ မဟုတ်လား။ “ကို အသစ်ရှာဖို့ စိတ်ကူး ရှိရင် ငြိမ်းကို လမ်းခွဲလိုက်တော့” ဟု ကျွန်မ ပြောတော့ သူက ကျွန်မကို လမ်းမခွဲနိုင်ပါ၊ နောက်တစ်ခါမဖြစ်စေရပါ ဟု ဆိုသဖြင့် ကျွန်မက စောင့်ကြည့်ဦးမည် ဟု ပြောလိုက်သည်။

ကျွန်မ ရှိနေတုန်း သူခြေငြိမ်နေသဖြင့် ကျွန်မလည်း သူနှင့် ပြေပြေလည်လည်နေပြီး စောင့်ကြည့်နေတုန်းမှာပင် သူက online ကတွေ့သော ကောင်မလေးနှင့်လည်း ဖုန်းဇာတ်လမ်း စနေတာကို သိလိုက်ရသည်။ နောက်တော့ ထိုကောင်မလေးက ချစ်သူ ရှိသည်ဟု ပြောကာ အဆက်ဖြတ်သွားသည် ဆို၏။ ကျွန်မ ထိုကောင်မလေးဆီ တစ်ခါ ဖုန်းဆက်ဖြစ်ခဲ့ကြောင်းတော့ သူ့ကို မပြောဖြစ်တော့။

သူနှင့် ကျွန်မ ရှေ့ဆက်၍ မဖြစ်နိုင်တော့ ဟု ကျွန်မ တွေးမိသည်။ သူက ကောင်မလေး တစ်ယောက်နှင့် အဆက်ဖြတ်ပြီ ဆိုလျှင်လည်း နောက်ထပ် တစ်ယောက် တွေ့သည်နှင့် အီစီကလီ လုပ်ဦးမည်ပဲ ဖြစ်သည်။ ကျွန်မကတော့ သူနှင့် အတူနေဖို့ကို ဘယ်လိုမှ စိတ်ကူးကြည့်လို့ မရတော့ပါ။ ကျွန်မ အသက်လည်း ကြီးလာပြီ။ သူ့ ဖောက်ပြန်ရေး ဇာတ်လမ်းတွေကိုလည်း လိုက် ဒေါသထွက် မနေချင်တော့ပါ။ သို့ပေမယ့် ကျွန်မ စိတ်က သိပ်တော့ မပြတ်ချင်သေးပါ။ ကျွန်မ သူ့ကို တကယ် ချစ်ခဲ့သည်ပဲ။  ကျွန်မကို အမေ့အိမ်မှာ ပျော်သလောက်နေပြီး ပြန်လာခဲ့ပါ၊ သူကတော့ ကျွန်မနှင့် လမ်းမခွဲဟု ဆိုသည်။ “အဲဒီကောင်မလေးတွေက အလကားပါကွာ၊ ကို ပျင်းလို့ အပျော်ရှာတာပါ၊ မင်းကိုပဲ ချစ်ခဲ့တာ သိရက်သားနဲ့ ငြိမ်း ရယ်” ဟု သူက ချော့သည်။ သို့ပေမယ့်လည်း သူ့ကို ကျွန်မက မယုံကြည်ထိုက်သူ ဟု သတ်မှတ်ပြီးပြီ။

အမေ့အိမ်မှာ တစ်လလောက် နေပြီး သူ့ကို စိတ်မချသဖြင့် ကျွန်မ ပြန်လာခဲ့ပြန်သည်။ သူ့မှာ ပေါ်တင် ဇာတ်လမ်းတစ်ခုတစ်လေ သေချာ ရှိနေလျှင်လည်း ကျွန်မကို လမ်းခွဲဖို့ ပြောမည် ဆိုပြီး ပြန်ခဲ့ခြင်း ဖြစ်သည်။ သူက လမ်းခွဲစကားလည်း အပြောမခံပဲ ကျွန်မကို အတင်း ပြန်လွှတ်သည်။ သူ အလုပ်များနေသည့် အချိန်မို့ ကျွန်မကို ဂရုမစိုက်နိုင်သည့်အကြောင်း၊ ကျွန်မ အမေက အသက်ကြီးပြီ ဖြစ်သဖြင့် ဂရုစိုက်သင့်သည့် အကြောင်း စသည်ဖြင့် အကြောင်းပြကာ ပြန်လွှတ်သဖြင့် တစ်ရက်သာ နေပြီး ပြန်သွားခဲ့ရသည်။ တကယ်တော့ သူ့မှာ ဖုန်းဆက်ရမည့် ဇာတ်လမ်း အသစ် တစ်ခု ရှိနေပြန်သည်ကို ကျွန်မက မသိခဲ့သေးပါ။ သူက ကျွန်မကို လမ်းမခွဲချင်သည်ကလည်း အကြောင်းရှိသည်။ ကျွန်မဆီက ယူထားသော သိန်း ဆယ်ဂဏန်း တို့ကို သူပြန်ပေးနိုင်သေးသည် မဟုတ်သောကြောင့် ဆိုသည်ကို ကျွန်မကလည်း သိသည်။ ကျွန်မကလည်း သူ့ကို အပြီး မပြတ်သေးခြင်းမှာ ထိုငွေကြေးတို့ကိုပါ အဆုံးမခံလိုက်နိုင်သောကြောင့်လည်း တစ်ကြောင်း ဖြစ်သည်။

ဟိုအရင်ကတော့ သူက ကျွန်မဆီ ဖုန်းတွေ ခဏတိုင်း ဆက်တတ်ခဲ့သော်လည်း ခုနောက်ပိုင်းမှာ ကျွန်မတို့ နှစ်ယောက် တစ်နေရာစီ ရှိနေသောအခါ ကျွန်မကသာ စခေါ်ရတာ များပါသည်။ သူ ခေါ်ချင်လျှင်လည်း ကျွန်မကို miss call ပေးတာတို့ ၊ ပြန်ခေါ်ပါ ဆိုတာတို့သာ လုပ်တတ်သည်။ တစ်ညတော့ ကျွန်မ သူ့ကို စစ်ချင်သဖြင့် ဖုန်းခေါ်သည်ကို သူ လုံးဝ မကိုင်ပါ။ အသံပိတ်ပြီး သူ စောစောစီးစီး အိပ်ပျော်နေသည်လား ထင်လိုက်သေးသော်လည်း မဖြစ်နိုင်ပါ။ ခဏကြာတော့ သူ့ဖုန်းက ဧရိယာပြင်ပပါ ဖြစ်သွားသေးသည်။ တကယ်တော့ သူက ကောင်မလေး တစ်ယောက်နှင့် ခရီးသွားနေသည်ကို နောက်မှ သိရသည်။ သူပြောလို့တော့ မဟုတ်ပါ။ သူနှင့် စာရင်းရှင်းစရာ ရှိလျှင်လည်း ရှင်းရအောင်၊ သူ့ဇာတ်လမ်းတွေကိုလည်း ကျွန်မ သေချာအောင် သိချင်သေးသဖြင့် သူရှိရာမြို့ကို ကျွန်မ ပြန်လာ ဖြစ်ခဲ့ပြန်သည်။

ကျွန်မ ပြန်လာပြီးနောက် သူ့ကို မသင်္ကာသဖြင့် သူမရှိခိုက် သူ့ဖုန်းကို ဆက်ကြည့်ရာ ကောင်မလေး အသစ် တစ်ယောက်၏ message ကို တွေ့သည်။ သူ့ကို မေးကြည့်တော့ ကျွန်မ ထင်နေသော ကျွန်မအသိ ဒီမြို့က မိန်းကလေး မဟုတ်ကြောင်း၊ တစ်ခြားမြို့က ဆရာမလေး တစ်ယောက် ဖြစ်ကြောင်း၊ ရိုးရိုးသားသား online မှာ သိသော သူငယ်ချင်းပါဟု ပြောသည်။ ရိုးသားသော မိန်းကလေး ဆိုလျှင်လည်း သူ့အလိမ်အညာမှာ မမိအောင် သူ့အကြောင်း ပြောပြဖို့ ကျွန်မ ဆုံးဖြတ်ထားသည်။ သူ့အချစ်ကို ဘယ်သူနှင့်မှ ခွဲဝေမယူချင်သော ကျွန်မ သဝန်တိုမှုကိုတော့ ကျွန်မကိုယ်ကျွန်မလည်း မသိချင်ယောင် ဆောင်ထားသည်။
*****

(၄)
သူမ နှင့် ကျွန်မ

သူမဆီ ကျွန်မ ဖုန်းဆက်ဖြစ်တော့ နှစ်ခါလောက် miss call ဖြစ်ပြီးမှ သူမက ကိုင်ပါသည်။ “အတန်းဝင်နေလို့ မကြားတာ အစ်မ” ဟု သူမက ပြောသည်။ သူမသည် တကယ်ပင် ကွန်ပျူတာ သင်တန်းတစ်ခုမှ ဆရာမလေး တစ်ယောက် ဖြစ်ပါသည်။ သူမက ကျွန်မတို့ ထက် ၈ နှစ်လောက် ငယ်သူ ဖြစ်ပါသည်။ ပညာတတ်ကလေး ဖြစ်ရဲ့ သားနှင့် ဘာကြောင့်များ ကို့ လို လူနှင့် ပတ်သက်ရပါသလဲ။ ကျွန်မ သမီးလေးနှင့် ကိုယ်ချင်းစာမိ၍ သူမကို မမှားရအောင် ကျွန်မ အကြောင်းတွေ ပြောပြပြီး သတိပေးလိုခြင်း ဖြစ်သည်။

“အစ်မတို့မှာ ကလေး မရှိဘူးလား” ဟု သူမက မေးသဖြင့် ကျွန်မက ကျွန်မနှင့် သူ အိမ်ထောင် ကိုယ်စီ၊ ကလေးကိုယ်စီ ရှိခဲ့ကြကြောင်း ပြောလိုက်ရသည်။ ကျွန်မ အရင်ယောက်ျားကလည်း ကျွန်မကို ထား၍ နောက်အိမ်ထောင် ပြုသွားခဲ့သည့် အကြောင်း ပြောတော့ သူမက အံသြသွားပုံရသည်။ ကျွန်မ အရင်ယောက်ျား အတွက် သုံးခါ အိပ်ဆေး သောက်ဖူးကြောင်း ပြောတော့ “မကောင်းတဲ့ ယောက်ျား အတွက်များ အစ်မရယ် အဲသလို မလုပ်ပါနဲ့၊ ကိုယ့်ဘဝကိုယ် တစ်ယောက်တည်း အေးအေးဆေးဆေး နေလိုက်စမ်းပါ၊ ကိုယ့်သားသမီးတွေလည်း ရှိသားပဲ” ဟု ဆိုသည်။ သူမသည် ကျွန်မထက် သတ္တိရှိမည့်ပုံ ပေါ်သည်။
“သူ နဲ့ အစ်မ ဖြစ်သွားတာကလည်း မယူမဖြစ်တဲ့ အခြေအနေ တစ်ခု ဖြစ်သွားလို့ပါကွယ်၊ အစ်မက သူ့ကို အားကိုးချင်လို့လည်း မဟုတ်ဘူး၊ အစ်မ ပိုက်ဆံနဲ့ ပိုက်ဆံ စားနိုင်သောက်နိုင်ပါတယ်၊ သူ့ကိုတောင် ထောက်ပံ့ထားရသေးတယ်၊ အဲသလိုပဲ ဖြစ်သွားတာ၊ အခုလည်း ညီမ တစ်ယောက်တည်း မဟုတ်ပါဘူး၊ တစ်ခြားကောင်မလေးတွေလည်း ရှိခဲ့တာ၊  အစ်မသူ့ကို စိတ်ကုန်သွားပြီ၊ သူ့ကို လမ်းခွဲတော့မယ်လို့ ပြောခဲ့တယ်၊ သူ့ကို ပေးထားတဲ့ အကြွေးဆုံးမှာစိုးလို့ အစ်မ ပိုက်ဆံတော့ ပြန်ပေးလို့ ပြောထားတယ်”
ကျွန်မ စကားအဆုံးမှာ သူမက အခြေအနေတစ်ခုကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလာသည်။
“ခက်ကိုလည်း အဲဒီလူကြီးက အဲသလို ကြံခဲ့တယ် အစ်မ၊ ဒါပေမယ့် ဘာမှ မဖြစ်ခဲ့ဘူး၊ ခက် ရအောင် ရုံးထွက်ခဲ့တယ်၊ အစ်မကို သိစေချင်လို့ အမှန်အတိုင်း ဖွင့်ပြောတာပါ၊ ခက်က အဲသလောက်တော့ လုပ်မယ် မထင်လို့ သူ့ကားနဲ့ လိုက်သွားမိတာ၊ ခက် မှားသွားတာပါ၊ ခက် ဘယ်လို ဖြစ်လို့ လိုက်သွားမိမှန်း မသိဘူး”

သူမ စကားကို ကြားတော့ ကျွန်မပါ ဆွံအသွားသည်။ သူက online ရိုးရိုးသားသား သူငယ်ချင်းပါ၊ ဖုန်းပြောရုံပါ လို့ ကျွန်မကို ပြောခဲ့သည်လေ။ ကျွန်မ သူမကို အထင်မသေးပါ။ သူ့ကိုသာ အထင်သေးမိပါသည်။

သူမက တစ်ခြားမြို့မှာ အလုပ်လုပ်နေသော်လည်း ပိတ်ရက်မှာ ဇာတိမြို့ကို ပြန်လာရင်း သူနှင့် တွေ့သွားခြင်း ဖြစ်သည်။
“ခက်က အစကတော့ သူ့ကို တစ်ခြားမြို့ကလို့ ထင်နေတာ၊ နောက်မှ ဒီမြို့က ဖြစ်နေတာ၊ စကားဆိုတာ ပြောပါများတော့ အမှားပါတယ် ဆိုတာ၊ ခက်ကတော့ အမှန်တွေ ပြောမိသွားတာ၊ ခက် အိမ်ကိုပါ ပြောလိုက်မိတော့ သူသိသွားတယ်လေ၊ မနက်စောစော လမ်းလျှောက်ရင်းနဲ့ ခက်အိမ်ရှေ့ ရောက်တယ်၊ ခက် ပြန်မယ် ဆိုတော့ သူက အတင်း လိုက်ပို့ မယ် လုပ်တာနဲ့ ခက်လည်း အားနာပြီး မငြင်းမိဘူး၊ အိမ်က မသိအောင် သူ့ကားနဲ့ ပြန်လာမိတာလေ”

“ခက်လေ online မှာ အဲလိုပဲ စကားပြောဖူးတဲ့သူတွေ ရှိပေမယ့် တစ်ခါမှ အပြင်မှာ မတွေ့ဖူးပါဘူး၊ အကြောင်းအမျိုးမျိုးပြပြီး ငြင်းခဲ့တာချည်းပဲ၊ သူနဲ့ကျမှ ဘယ်လိုဖြစ်သွားမှန်း မသိဘူး၊ ကြိုက်လောက်စရာ ပုံလည်း မဟုတ်ပဲနဲ့၊  သူက အပြောကောင်းတော့ အားနာပြီး တွေ့မိတာ၊ လူလွတ်ပဲ အောက်မေ့တာလေ၊ သူက ညဘက်လည်း ဖုန်းဆက်တာကိုး”
“ညီမက လူလွတ် ထင်မှာပေါ့၊ အစ်မတို့က အတူမနေကြဘူးလေ”
“သြော်..”

“ယောက်ျားတစ်ယောက်နဲ့  ညဘက်မှာ ကားနဲ့ လိုက်မိတာ ခက် အပြစ်ပါ အစ်မရယ်၊ ခက် စိတ်ထဲမှာတော့ ဒီလိုပဲ စကားပြောရင်း သွားကြမယ်၊ ဟိုရောက်ရင်လည်း အတူတူ ဟိုနေရာ ဒီနေရာ လျှောက်သွားပြီး ခက် အဆောင်ပြန်မယ်၊ အဲလို ရိုးရိုးတွေးမိတာ၊ ခက် တော်တော် ကလေးဆန်တာပဲ၊ ဒါပေမယ့် သူ့ကိုလည်း ကျေးဇူးတင်ပါတယ်လေ.. ခက်ကို နာကျင်အောင် မလုပ်ခဲ့ဘူး၊ ခက်ကို ဒီတိုင်း ပြန်လွှတ်ပေးခဲ့လို့ပါ။ သူ နှစ်ကြိမ် သုံးကြိမ် ကြံတာ ခက်က နည်းအမျိုးမျိုးသုံးပြီး ငြင်းတော့ မရနိုင်ဘူးဆိုတာ သူသိပြီး ခက်ကို အမြန်လမ်းမပေါ်မှာ ချပေးခဲ့တယ်၊ Express ကား ပြန်စီးပြီး ခက်ပြန်လာခဲ့ရတယ်”
သူမ အသံက ငိုသံပါလာသည်။ ရိုးသားသော မိန်းမ တစ်ယောက်အတွက် လက်ထပ်ရန် ရည်ရွယ်ထားသူ မဟုတ်သော ယောက်ျား တစ်ယောက်၏ အဓမ္မ ကြံစည်မှုကို ခံရခြင်းသည် ထိတ်လန့်စရာ မဟုတ်လား..။ ယောက်ျားဆိုတာ ယုံကြည်မှုနှင့် ထိုက်တန်သူများ မဟုတ်ကြောင်း သူမလည်း သိသွားပြီ ထင်သည်။

“ဖြစ်မှ ဖြစ်ရလေ ညီမရယ်၊ ကံသီလို့ပေါ့ကွယ်၊ အစ်မတုန်းကလည်း သူ အဲဒီလိုပဲ လုပ်ခဲ့တာပဲ”
“ဟုတ်ပါတယ် အစ်မရယ် ခက်လေ ပြန်ကို တွေးမကြည့်ချင်ဘူး၊ ဘာလို့ စိတ်ရူးပေါက်ပြီး သူ့ကားပေါ် လိုက်မိသလဲ မသိပါဘူး၊ သူ့ကားပေါ်မှာ ဘုရားစာတွေ ရွတ်ပြီး အဲဒီအခြေအနေ လွတ်မြောက်ဖို့ ဆုတောင်းလိုက်ရတာ..၊ ခက်က အဲလို လုပ်နေကျ လူမျိုးလည်း မဟုတ်ပါဘူး၊ တော်ပါပြီ အစ်မရယ်၊ နောက်ဆို online ကနေ မသိတဲ့ လူတွေနဲ့  ဖုန်းလည်း မပြောတော့ပါဘူး၊ တွေ့လည်း မတွေ့တော့ပါဘူး”

သူမ ပြောသည်များကို နားထောင်ရင်း ကျွန်မ သမီးလေးသာ သူမလို မလွတ်မလပ်လူတစ်ယောက် နှင့် တွေ့ခဲ့လျှင် ကျွန်မ ဘယ်လောက် ရင်ကျိုးရမည်လဲ ဟု စိုးရိမ်စိတ်ဝင်မိသည်။ ကျွန်မ သမီးလေးကိုလည်း internet သုံးလျှင် သတိထားဖို့ ပြောရဦးမည်။ သူကတော့ သမီးလေး တစ်ယောက် ရှိလျှက်နှင့် သမီးချင်း မစာနာသူ ဖြစ်သည်။ သူမ ပြောသည်ကို ကျွန်မ ယုံသည်။ သူမသည် ကျွန်မလို ပညာမတတ်သူမဟုတ်။ ဘွဲ့ နှစ်ဘွဲ့ ရထားသူ ဖြစ်လျှက်နှင့် သူ့ ကျော့ကွင်းထဲ ဆင်းမိဖို့ သီသီကလေးသာ လိုခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူမ သူ့လက်ထဲမှာ မှည့်တစ်ပေါက်မှ မစွန်းထင်း ခဲ့ခြင်း အတွက် ဝမ်းသာပါသည်။ သူမလို ရုံးမထွက်နိုင်သူ ဖြစ်ခဲ့လျှင်၊ သို့မဟုတ် ရုံးမထွက်ချင်သူ ဖြစ်ခဲ့လျှင် သူ့လက်ထဲမှာ အစွန်းအထင်း တစ်ခု အလွယ်တကူ ဖြစ်နိုင်မည်သာ ဖြစ်သည်။

ကျွန်မ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည်။ ဤကဲ့သို့ အကျင့် ရှိသူ တစ်ယောက်နှင့် ကျွန်မ ဆက်လက် ပတ်သက်ဖို့ မသင့်ဘူးထင်သည်။ သူ့ကိုလည်း ကျွန်မ သူနှင့် လမ်းခွဲချင်သည့် ကျွန်မစိတ်ကို ပြောဖြစ်ခဲ့သည်။ သူမကို ကျွန်မ ဖုန်းဆက်တော့ ကျွန်မမြို့ကို ကျွန်မ ပြန်ရောက်နေပါပြီ။ အဖေ နှင့် အမေက အသက်ကြီးပြီဖို့  အိမ်က ခြံလုပ်ငန်းများကိုလည်း ကျွန်မပဲ ဦးစီးပြီး လုပ်မယ့်သူ ရှိသည်။ ကျွန်မ သားနှင့် သမီးကို စောင့်ရှောက်ရဦးမည်။ ဘယ်ယောက်ျားနှင့်မှ ကျွန်မ မပတ်သက်လိုတော့ပါ။ ဒုတိယအကြိမ်မြောက် ကံမကောင်းခြင်း အတွက် ကျွန်မ မငိုတတ်တော့ပါ။ ကျွန်မ ယောက်ျားတွေ အကြောင်းကို ပိုသိသွားသည်ဟုပင် တွေးလိုက်ရပါသည်။ ကျွန်မ သူ့ဆီ မပြန်တော့ပါ။ ကျွန်မ အကြွေးတွေ ပြန်ဆပ်ဖို့ အဆင်သင့်ဖြစ်လျှင်၊ ကျွန်မကို ကွာရှင်းပေးဖို့ အဆင်သင့် ဖြစ်လျှင် ကျွန်မကို ဖုန်းဆက် ခေါ်ဖို့ သူ့ကို ပြောထားသည်။ သို့ပေမယ့် ကို့ကို ကျွန်မ ဘဝထဲက အပြီး ထုတ်ပစ်နိုင်ပြီလား ဆိုတာ သိပ်တော့ မသေချာသေးပါ။ မောင့်ကိုတော့ သားသမီးတွေ ကြောင့်သာ အခေါ်အပြော ရှိသည် ဆိုသော်လည်း သံယောဇဉ်ကတော့ လုံးဝ ပြတ်ခဲ့ပါပြီ။ ကို့ ကိုတော့…။ မောင့်ကို ကွာရှင်းပြီး ကို့ကို လက်ထပ်ခွင့်ရဖို့ ကျွန်မ ဆက်ကြိုးစားသင့်ရဲ့လား ကျွန်မ မတွေးချင်တော့ပါ။

သူမ အကြောင်း ကျွန်မ ကို့ကို ပြန်မမေးခဲ့ပါ။ သူမက ကျွန်မကို ယုံကြည်၍ ပြောထားသော ကိစ္စကို သူမ ဂုဏ်သိက္ခာ ကျအောင် ကျွန်မ မလုပ်တော့ပါ။ သူမကို ကျွန်မ နောက်ထပ် နှစ်ခါ သုံးခါ လောက် ဖုန်းဆက်ဖြစ်သည်။ miss call ဖြစ်သွားလျှင် သူမကလည်း ပြန်ဆက်တတ်သည်။ ကျွန်မ အကြောင်းတွေ သူမကို ပြောပြမိသည်။ သူမကို ကျွန်မ ညီမ တစ်ယောက်လို ခင်မင်မိသည်။ သူမ စကားများကို နားထောင်ရသည်မှာ ရိုးသား ပွင့်လင်းသော မိန်းကလေး တစ်ယောက် ဆိုတာ သိသာသည်။ သူမက အိမ်ထောင်ပြုရန် ရည်ရွယ်ချက် မရှိသေးသော အပျိုကြီးလေး ဖြစ်သည်။ လူဆိုတာ တစ်ခါတော့ မှားတတ်ကြတာပါပဲလေ။ အဲဒီအမှားထဲမှာ ဘဝ မပျက်ခဲ့တာ မြတ်စွာဘုရား စောင့်ရှောက်ခဲ့ခြင်းလို့ သာ ယုံလိုက်ပါတော့ ညီမလေးရေ..။

မယုံကြည်ထိုက်သော ယောက်ျားများနှင့် တွေ့ဆုံခဲ့ရခြင်းသည် ကျွန်မ ဘဝ၏ အတိတ်ဝဋ်ကြွေးသာ ဖြစ်ပါသည်။ အဖြစ်အပျက်များသည် ဖြစ်ချိန်တန်၍ ဖြစ်ပျက်ခြင်းသာ ဖြစ်သည်။ အရင်လူနှင့်ရော၊ နောက်လူနှင့်ရော နှစ်ဦးအတူ ပျော်ခဲ့သော ရက်များလည်း ကျွန်မဘဝတွင် ရှိခဲ့ဖူးသည်ပဲ။ ယခုအချိန်မှာတော့ ဘယ်သူ့ အတွက်မှ ကျွန်မ ပူလောင်မသေင့်တာ့ပြီ။ ကျွန်မ ဘဝကို ကျွန်မဘာသာ တစ်ယောက်တည်းပဲ ပျော်ပျော်ရွှင်ရွှင် ရပ်တည်နိုင်အောင် ကြိုးစားတော့မည်ဟု ဆုံးဖြတ်လိုက်ပါပီ။

သိင်္ဂါကျော်

21 May, 2014

ကြာရှည် အောင်မြင်သော နှစ်ဦးဆက်ဆံရေး (သို့) လက်ထပ်ခြင်း ဖြစ်ရန်အတွက် လျှို့ ဝှက်ချက်


နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ မမှန်ကန်တဲ့ အယူအဆဟောင်းတွေကို ဖယ်ရှားပြီးတဲ့ အခါ ဆက်ဆံရေးဟာ လွယ်ကူလာမှာပါ။ အဲဒါဟာ ရိုးရိုးစင်းစင်းလေးပါ လို့ ပြောလို့တော့ မမှန်နိုင်ပါဘူး။ မြက်တွေဟာ တစ်ခြားလူတွေရဲ့ နေထိုင်မှုထဲမှာတော့ အမြဲတမ်း စိမ်းလန်း နေပုံပါပဲ။ ဘာကြောင့်လဲ ဆိုရင် လူအနည်းစုကသာ သူတို့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမှန်တရားတွေကို ထုတ်ဖော် မျှဝေလို့ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးသော ဆက်ဆံရေးတွေ (လက်ထပ်ခြင်း) တွေမှာ အမြဲတစေ အလေးထားမှုတွေ၊ ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ သင့်အနေနဲ့ ဆက်ဆံရေးတစ်ခု ရေရှည် တည်တံ့ဖို့ အတွက် ဂရုစိုက်အလေးထားမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ် ဆိုတာကို နားလည် လက်ခံနိုင်တယ် ဆိုရင် သင်ဟာ မှန်ကန်တဲ့ လမ်းပေါ် စတင်လျှောက်နေတာပါ။ 

၁။ ညှိနှိုင်းပါ 

နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတွေဟာ အယူချည်းပဲ မဟုတ်ပါဘူး။ ပေးဆပ်ရတာလည်း ရှိပါတယ်။ သင့်ကိုယ်သင် အများကြီး မပေးဆပ်နိုင်ဘူး ဆိုရင်၊ ဒါမှမဟုတ် သင့်ဘက်က ဘယ်လောက်များများ ပေးခဲ့ပြီး ပြန်ရတာကတော့ ဘယ်လောက် နည်းတယ် ဆိုပြီး မမျှတမှုကို ခံစားနေရရင် သင့်မှာ တစ်ဖက်ဖက်က ရတာထက် ပိုပေးဆပ်နေရတဲ့ မမျှတတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာ ဖြစ်နိုင်ပါတယ်။

 ဥပမာ စုံတွဲတွေဟာ အချစ် ဆိုတာကို ဘယ်အရာပဲ လာလာ ကောင်းအောင်လုပ်နိုင်တဲ့ အရာတစ်ခုအနေနဲ့ မှားယွင်း ယုံကြည်နေကြပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို အမှန်တကယ် ချစ်မြတ်နိုးရင် သူတို့က သင်တောင်းဆိုသမျှ အရာတိုင်းကို လုပ်ပေးလိမ့်မယ် လို့ ထင်နေကြပါတယ်။ ဒါပေမယ့် လူတွေမှာ သူတို့ ကိုယ်ပိုင် လိုအပ်ချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေ နဲ့ လွတ်လပ်စွာ ရှိနေကြပါတယ်။ ကျွန်မတို့ ရဲ့ ဘဝကို အတူကုန်ဆုံးချင်တဲ့ တစ်စုံတစ်ယောက် တွေ့ခဲ့တယ် ဆိုတာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဘဝကို ပေးဆပ်လိုက်ရမယ် ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ 

၂။ ဆက်သွယ်ပါ 

နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတွေ ဆက်လက် ရှင်သန်နေတယ်၊ ပြတ်တောက်သွားတယ် ဆိုတာ ဓားတစ်လက်နဲ့ လုပ်လို့ရတဲ့ အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြန်အလှန် ပြောဆို စကားများမှု တွေကနေပဲ ဖြစ်နိုင်တာပါ။ လူနှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် သူတို့ရဲ့ လိုအပ်ချက်တွေ၊ ခံစားချက်တွေ နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောဆို ဆွေးနွေးမှုသာ မရှိဘူး ဆိုရင် သူတို့ရဲ့ ဆက်ဆံရေး ဟာလည်း အရှည် တည်တံ့ဖို့ မဖြစ်နိုင်ပါဘူး။ စုံတွဲတွေဟာ ပုံမှန်အားဖြင့် ပွင့်လင်းတဲ့ တိုက်ရိုက် ကျတဲ့ ပြောဆို ဆက်ဆံရေး တစ်ခုတော့ ရှိကို ရှိရပါမယ်။ 

အဲဒါဟာ သူ့အပြုအမူနဲ့ ပတ်သက်ပြီး သင့်ရဲ့ အသေးအဖွဲ မကျေနပ်မှုတွေအတွက် သူ့ကို ဘယ်လောက် စိတ်ကုန်တဲ့ အကြောင်း စကားများခိုင်းတာ မဟုတ်ပါဘူး။ သင် လိုအပ်တယ်၊ သူ့ကို ပြောဖို့ လိုတယ် ဆိုတဲ့ ကိစ္စမျိုးကို သူ့ကို ပြောတဲ့အခါ လေးစားတဲ့ အမူအယာ မပျက်ပဲ သင့်ပြောဆိုမှုအပေါ် သင်ကိုယ်တိုင် ယုံကြည်မှု အပြည့်နဲ့ ပြောဆိုဖို့ပါပဲ။ 

 ၃။ သင့်ရဲ့ စစ်ပွဲကို သေချာ ဂရုစိုက်ပြီး ရွေးပါ 

လက်ထပ်ပြီးတဲ့ အခါ လူနှစ်ယောက် အတူနေကြတဲ့ အချိန်..၊ ဘယ်လို လူတွေပဲ ဖြစ်ဖြစ် အတူတူ ရှာဖွေတွေ့ ရှိကြတဲ့ အချက်ကတော့ မတူညီတဲ့ လူနှစ်ယောက် အတူတူ နေထိုင်ကြတာဟာ (အရင်က တစ်စုံတစ်ယောက်က သူတို့ကို ပြောခဲ့ဖူးတာတွေထက် ပိုပြီး) ခက်ခဲတယ်ဆိုတာပါ။ အချစ်က ကိစ္စတော်တော်များများကို ကျော်လွှားနိုင်တယ် ဆိုပေမယ့် နေ့စဉ် နေ့တိုင်း တစ်ခြားလူတစ်ယောက်နဲ့ အတူ နေထိုင်မှုဘဝမှာ ကိုက်ညီမှုတွေကို ရှာဖို့ ခက်ခဲမှာ အမှန်ပါ။ အထူးသဖြင့် သင်ကလည်း သင့်တစ်ယောက်တည်း ဘဝကို အချိန်တော်တော်ကြာကြာ ဖြတ်သန်းခဲ့ပြီးလို့ပါ။ 

သင့်ရဲ့ ပေါက်ကွဲချင်နေတဲ့ စိတ်တွေကို ဘာ အငြင်းပွားတဲ့ကိစ္စ နဲ့ ဖြစ်ရမလဲ ဆိုတာကို ပြင်ဆင်ရပါမယ်။ ဥပမာ သင်တကယ်ပဲ အသေးအဖွဲ သွားတိုက်ဆေး အဖုံးကိစ္စ၊ ရေချိုးတဲ့ကိစ္စ စတာတွေနဲ့ အငြင်းပွားချင်တာလား။ သင့်ရဲ့ အားအင်တွေကို ငွေကြေးကိစ္စ၊ ကလေး ကိစ္စ၊ အလုပ်အကိုင်ကိစ္စ စတဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေမှာ သုံးရဦးမှာ ဖြစ်ပါတယ်။ သင်သိထားတဲ့အတိုင်း အဲဒီကိစ္စတွေကမှ လူတစ်ယောက်အတွက် အမှန်တကယ် အရေးပါတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ စုံတွဲ အများစုဟာ အရေးမပါတဲ့ အသေးအမွှား ကိစ္စလေးတွေအတွက်နဲ့ အငြင်းပွားနေကြတာ များပါတယ်။

 ၄။ သင့်ရဲ့ လိုအပ်ချက်တွေကို ဖုံးကွယ်မထားပါနဲ့ 

တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ဆက်ဆံရေးတစ်ခု ကြာလာတဲ့အခါ (လက်ထပ်တာ ကြာလာတဲ့အခါ) ကျွန်မတို့ကိုယ် ကျွန်မတို့ တစ်ခြားသူတစ်ဦးရဲ့ လိုအပ်ချက်နဲ့ ဆန္ဒတွေ နောက်ကွယ်မှာ ဒုတိယနေရာ ထားတတ်လာပါတယ်။ ကလေးရှိလာတဲ့ အတွက် အလုပ်လုပ်ဖို့ကို စွန့်လွှတ်လိုက်ရတာ၊ အိမ်ထောင်ဖက်ရဲ့ အလုပ်အကိုင်နောက်ကို လိုက်ပြီး တစ်ခြား တစ်မြို့တစ်ရွာကို ပြောင်းရတာ မျိုးတွေ ရှိလာတတ်ပါတယ်။ အဲဒါက ပြဿနာမရှိပါဘူး။ သင့်ကိုယ်သင် ဆန်းစစ် ကြည့်တဲ့အခါ အဲဒီကိစ္စတွေက သင့်အပေါ် တကယ် ပြဿနာ ရှိသလား မရှိဘူးလား ဆိုတာ အစစ်အမှန် ခံစားချက်ကို သိဖို့ လိုအပ်ပါတယ်။ ရှိတယ် ဆိုရင်တော့ သင့်အိမ်ထောင်ဖက်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဖြစ်နိုင်သလောက် ညှိနှိုင်းကြည့်ရမှာ ဖြစ်ပါတယ်။ 

လူနှစ်ယောက် အတွက် လိုအပ်ချက်တွေ၊ ဆန္ဒတွေ တစ်ထပ်တည်း ကျဖို့ ဆိုတာ ရှားပါးလှပါတယ်။ အဲဒါဟာ စိတ်ကူးယဉ်မှု သက်သက်ပါပဲ။ အဲဒီအစား တစ်ခါတစ်ရံမှာ သင်တို့ နှစ်ယောက်ရဲ့ သွားရမယ့် လမ်းတွေကို ခွဲခြားရပါလိမ့်မယ်။ သင့် ဆန္ဒကို အရေးပါတဲ့ ကိစ္စတွေ ဖြစ်ပေါ်တဲ့ အချိန်မှာ ထုတ်ဖော်ပါ။ တစ်ယောက်နဲ့ တစ်ယောက် လေးစား ပွင့်လင်း တဲ့ စိတ်ထားနဲ့ ဖော်ပြနိုင်မယ့် နည်းလမ်းကို ရှာရမှာ ဖြစ်ပါတယ်။ 

၅။ ယုံကြည်မှု နဲ့ ရိုးသားမှုရဲ့ အရေးကြီးတဲ့ အချက်ကို လျှော့မတွက်မိပါစေနဲ့ 

 မတူညီတဲ့ လူတွေမှာ မတူညီတဲ့ ပတ်သက်မှုတွေ ရှိပေမယ့် လူတိုင်းလိုလိုပဲ သူတို့ရဲ့ တွဲဖက် (အိမ်ထောင်ဖက်) ဆီက ယုံကြည်ရမှုနဲ့ ရိုးသားမှုကိုတော့ အားလုံးထက် တန်ဖိုးထားကြပါတယ်။ ဘာကြောင့်ပါလဲ..။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ လက်တွဲဖော် ဆိုတာ အချိန်အကြာကြီး သံသယတွေ မေးခွန်းတွေ မရှိပဲ မှီခို နေထိုင်ချင်တဲ့လူ ဖြစ်နေတဲ့ အတွက်ကြောင့်ပါပဲ။ သင့် လက်တွဲဖော်ဟာ တစ်ချို့ အချက်ကလေးတွေမှာ သိပ်ပြီး မရိုးသားခဲ့တာကို သင် သတိထားမိပါလိမ့်မယ်။ လူတိုင်းဟာ အဖြူရောင် မုသားတွေ ပြောဖူးကြသူတွေ ချည်းပါပဲ။ အထူးသဖြင့် ပထမဆုံး ဒိတ်လုပ်တဲ့ အချိန်တွေမှာပါ။ 

ပိုပြီး ကြီးမားတဲ့ မရိုးသားမှုတွေကိုတော့ အာရုံစိုက်ဖို့ လိုပါလိမ့်ပါမယ်။ ဥပမာ သင့်လူက ရှေ့နေတစ်ယောက် လို့ ပြောပေမယ့် တစ်ခါမှ အမှုမလိုက်တာကို သင်တွေ့ရတာမျိုး၊ သူ ကလေး ချစ်တတ်တယ် လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ မဟုတ်တာကို တွေ့ရမျိုး ရှိတတ်ပါတယ်။ 


ခိုင်မာတဲ့ လက်ထပ်ခြင်း (သို့) ဆက်ဆံရေးများဟာ အမှန်တကယ်တော့ သင် လေးစား ယုံကြည် ချစ်ခင်ရတဲ့ လူတစ်ယောက်နဲ့ ကောင်းမွန်တဲ့ အပြန်အလှန် စကားပြောတစ်ခုလိုပါပဲ။ သူတို့ဟာ အမြဲတမ်း ပြောင်းလဲနေတယ်၊ စိတ်ဝင်စားစရာကောင်း နေတယ်၊ အံသြစရာကောင်းအောင် ရလာဒ်ကောင်းတွေ ရနေတယ်၊ တစ်ခါတရံ အံအားသင့်စရာတွေ ဖြစ်နေတယ်။ အဲဒီလိုလူနဲ့ စကားဆက်ပြောဖို့ ဆိုရင် အဲဒီလူ နောက်ဆက်ပြီး ဘာပြောမလဲ ဆိုတာကို သင်က ကြည့်ချင်စိတ်ရှိနေပြီး သင့်အနေနဲ့ သဘောမတူချင်တဲ့ အရာ ရှိရင်တောင်မှ သူ့ရဲ့ အယူအဆကို လေးစားရပါမယ်။

 ကောင်းမွန်တဲ့ အပြန်အလှန် စကားပြောဆိုမှု တစ်ခုမှာ အဆုံးသတ်ကိုလည်း ထိန်းသိမ်းထားနိုင်ဖို့ လိုသလို မျိုးပါပဲ။ သင့်ဘဝမှာ သင် ဂရုစိုက် တန်ဖိုးထားတဲ့ အရာတွေကို ဂရုစိုက်သလိုပဲ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ကိုလည်း ပုံမှန် ဂရုစိုက်ပြီး အလေးထားပေးဖို့ လိုအပ်ပါတယ်။ 
လူနှစ်ယောက် လက်ထပ်လိုက်တာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ လက်ထပ်ခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက် တလေးတစား ဂရုတစိုက် အပြုအမူမျိုးနဲ့ ပွင့်လင်း ရိုးသားစွာ ဆက်ဆံတတ်ဖို့ သင်ကြားလေ့လာရမယ့် လုပ်ငန်းစဉ်ရဲ့ အစတစ်ခုသာပဲ ဖြစ်ပါတယ်။ 

John M. Grohol ၏ "5 Secrets to a successful Long-Term Relationship or Marriage" ကို သင့်လျော်သလို ပြန်ဆိုပါသည်။ 

သိင်္ဂါကျော်

03 April, 2014

ပျက်ချိန်တန်တဲ့ ရောဂါ


အတ္တကင်းယောင်ဆောင်ပြီး
ဆီမီး ထွန်းညှိချင်သူတွေ များနေလေရဲ့ ။
တကယ့်တကယ်တမ်းကျ
ကိုယ့်ကိုယ်ကိုယ် တစ်စက်ကလေးမှ အလောင်ကျွမ်း မခံနိုင်ကြ။

တစ်ဖက်စွန်းရောက်တွေက
မြှောက်လိုက်ကြ ပင့်လိုက်ကြ
တွန်းလိုက်ကြ ထိုးလိုက်ကြ
ကိုယ်ယုံကြည်ရာကမှ မှန်သတဲ့လား။
အမှန်နဲ့ အမှားကြားက ဒွိဟတွေလွန်ဆွဲ
လောကဟာ ဒီအတိုင်းပါပဲ၊
ဘယ်သူက အမှားကင်းတဲ့ အမှန်အစစ်ကို
ယုံကြည်နိုင်မလဲ။

ကမ္ဘာမြေကြီးကစပြီး
ဖောက်လွဲဖောက်ပြန်နေတဲ့ ဒီခေတ်မှာ
ရလိုမှုကို ရူးသွပ်ပြီး လောဘသင့်။
ယုံကြည်မှုကို ရူးသွပ်ပြီး မောဟသင့်။
စိတ်အလိုကျ မဖြစ်တိုင်းမှာ ဒေါသသင့်။
ဒီမှိုင်းတွေနဲ့ ရောဂါသင့်နေတဲ့ ကမ္ဘာကြီးလည်း
ပျက်လုနီးချိန်ရောက်ပေါ့။

ကိစ္စရပ်တိုင်းဟာ ကံစီမံရာ အတိုင်းပါပဲ၊
ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေလည်း
ပျက်စီးပျောက်ကွယ်ရမယ့် တစ်နေ့တော့ ရှိလာမှာ သေချာတဲ့အခါ
ကိုယ် မပိုင်ဆိုင်နိုင်တာတွေကိုလည်း
ထိန်းသိမ်းဖို့ ကြိုးစားသင့်ပါရဲ့လား။

ဘယ်တော့မဆိုပါပဲ
မမျှတမှုတွေက တိုးသထက် တိုးလာဖို့ပဲရှိတယ်။
စစ်မီးတောက်တွေလည်း
ငြှိမ်းရင်းငြှိမ်းရင်းနဲ့ပဲ
တစ်စတစ်စ ပွားများလာလေရဲ့။

မကောင်းမှုကို သိလျှက်နဲ့ မိုက်မဲနေကြဆဲ။
မောဟတွင်းနက်သူတို့  မိုက်မဲနေကြဆဲ။
လောဘတွင်းနက်သူတို့ ငရဲမကြောက်ကြဆဲ။
ဒေါသတွင်းနက်သူတို့ လောင်ကျွမ်းနေကြဆဲ။

ကမ္ဘာကြီးက သူ့ကိုယ်သူ ဆေးကြောသန့်စင်ချင်လာတဲ့အခါ
သူ့ကပ်ဆိုးရောဂါတွေ ဝေမျှလိမ့်မယ်။
အဲဒီအခါကျမှတော့
ကမ္ဘာကြီးကို အပြစ်မတင်ကြေးပေါ့။

သိင်္ဂါကျော်
31.3.2014

02 April, 2014

အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများထံမှ လမ်းညွှန်ချက် ၅ ချက်


အောက်ပါအချက်များဟာ အမျိုးသမီးများအတွက် American Express က ပြုလုပ်တဲ့ CEO Boot Camp မှာ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ ဖြစ်တဲ့ Tory Burch၊ Angie Hicks၊ Robin Chase၊ Jean Chatzky နဲ့ Melinda Emerson တို့က သူတို့ရဲ့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်လာဖို့ အတွက် သူတို့ရဲ့ အမြင်တွေ၊ အကြံဉာဏ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့  သင်ခန်းစာတွေကို ဆွေးနွေးကြရာမှ ကောက်နုတ်ထားခြင်း ဖြစ်ပါတယ်။

၁။ ယုံကြည်မှု

အောင်မြင်ဖို့  ဟောပြောသူတိုင်းက ထပ်ခါ ထပ်ခါ ပြောလေ့ ရှိတာကတော့ သင့်ရဲ့ အကြံဉာဏ်၊ သင့်ရဲ့ အမြင်နဲ့  သင့်ကိုယ်သင် စီးပွားရေး လောကထဲကို ရောက်အောင် ဘယ်လို သွားရောက်မယ် ဆိုတဲ့ ယုံကြည်မှုက အရေးကြီးတဲ့ အကြောင်းပါပဲ။ အများစုကတော့ အဲဒီ ယုံကြည်ချက်ကို ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တဖြည်းဖြည်း ယိုစိမ့်ထွက်လာအောင် အထောက်အပံ့ ပေးကြပါတယ်။ Zipcar ကို တည်ထောင်တဲ့ Robin Chase က ဆွေးနွေးခဲ့တာကတော့ “အကယ်၍ သင်ဟာ တစ်စုံတစ်ရာကို ဘယ်လိုလုပ်ရမှန်း မသိတဲ့အခါ အဲဒီအလုပ်အပေါ် သင့်ရဲ့ လုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး ယုံကြည်မှုကို ပြသပါ။ ပြီးတော့မှ ပြန်ပြီး သင်ယူပါ။” တဲ့။  Mally Beauty ကို တည်ထောင်တဲ့ Mally Roncal ပြောတဲ့ စကားတစ်ခွန်းကတော့ “သင် မလုပ်နိုင်ခင် အထိ အတုလုပ်ပါ”။ သင့်ရည်မှန်းချက်ကို ဦးတည်တဲ့ လမ်းကြောင်းရှည်တစ်လျှောက် အောင်မြင်တဲ့အထိ သွားနိုင်ဖို့  မသေချာသေးတဲ့ အချိန်မှာတောင် ယုံကြည်ချက်ကို တိုးလာအောင်၊ ကိုယ့်ကိုယ်ထဲက ယိုစိမ့်ထွက်လာအောင် လုပ်ရမယ် လို့  Mally က ပြောပါသေးတယ်။

၂။ ကြံ့ကြံ့ခံနိုင်မှုက အောင်မြင်ဖို့ အတွက် အရေးကြီးတဲ့ အချက်ပါ။

အောင်မြင်တဲ့ ခေါင်းဆောင်တွေထဲက အားလုံးလိုလိုပဲ သူတို့  “No” လို့ ပြောတဲ့ အချိန်တစ်ခုကို ဝေမျှဖူးကြပါတယ်။ သို့ပေမယ့် သူတို့ အမြင်ကို တစ်နည်းနည်း နဲ့တော့ ဆက်လက် အကောင်အထည်ဖော်တာပါပဲ။ အဓိက အရေးကြီးတာကို ပြန်ပြောရရင်တော့ ဇွဲလုံလ ရှိဖို့နဲ့  ကြံ့ကြံ့ခံနိုင်ဖို့ပါပဲ။ Angie’s List ကို တည်ထောင်တဲ့ Angie Hicks က အကြံပြုတာကတော့ “ရည်မှန်းချက်ကို အာရုံစူးစိုက်ပါ၊ အခက်အခဲကို ကြံ့ကြံ့ခံ သည်းခံပါ။ ရည်မှန်းချက်ကို ရအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ပါ တဲ့။ အဆိုးဆုံး အရာကတော့ “မဖြစ်နိုင်ဘူး မရနိုင်ဘူး No” လို့ ပြောတာပါပဲ။ ကိုယ်ပိုင် Lifestyle brand ကို ဒီဇိုင်းထွင်သူ တည်ထောင်သူ Tory Burch က သူမရဲ့  တံဆိပ်၊ သူမရဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး၊ သူမရဲ့ စီးပွားရေး အစီအမံ စတာတွေနဲ့ ပတ်သက်ပြီး  မသေချာ မရေရာဘူး ထင်တဲ့ သံသယ အများကြီး တက်လာတဲ့အခါ သူမ လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာကတော့ “ကိုယ်ချမှတ်ထားတဲ့ လမ်းကြောင်း ပေါ်မှာပဲ နေပါ၊ တစ်ခြားလူတွေရဲ့  ထင်မြင်ချက်တွေကို နားမထောင်ပါနဲ့” တဲ့။

၃။ သင့်မှာ အောင်မြင်ဖို့အတွက် ထူးခြားဆန်းသစ်တဲ့ အကြံဉာဏ် ရှိစရာမလိုပါဘူး။

Angie Hicks နဲ့ Robin Chase အပါအဝင် အောင်မြင်နေတဲ့ အမျိုးသမီး လုပ်ငန်းရှင် အများစုက ထပ်ပြောတာကတော့ ဒီ အံသြဖွယ်ရာ လှုံဆော်ပေးတဲ့ အရာပါပဲ။ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ အလားအလာ ရှိတဲ့သူ အများအပြားဟာ သူတို့ရဲ့  အကြံဉာဏ်ဟာ သူများနဲ့ မတူ တမူထူးခြားတယ် ဆိုတာ သူတို့ ကိုယ်တိုင် မယုံကြည်တဲ့အတွက် စီးပွားရေးတစ်ခု စတင်ဖို့ ရာ စိတ်အားထက်သန်မှု လျှော့နည်းသွားတတ်ပါတယ်။ Angie နဲ့ Robin နှစ်ယောက်လုံး ထောက်ခံ ပြောကြားတာကတော့ သင့် အကြံဉာဏ်ရဲ့  ထူးခြား ဆန်းသစ်မှု အားနည်းတယ် ဆိုရင် အဲဒါကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတဲ့ အပေါ်မှာ ပိုပြီး အာရုံစိုက်ပါ လို့ ဆိုပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ သူတို့ရဲ့ ကုမ္ပဏီတွေကို ဈေးကွက်မှာ တူညီတဲ့ လုပ်ငန်းတွေ ရှိတဲ့ကြားက ထိုးဖောက်ထွက်ခဲ့တာ ဖြစ်ပါတယ်။ တူညီတဲ့ အရာများကြားမှာ သူတို့ကို ထူးခြားစေခဲ့တာကတော့ သူတို့ရဲ့ အမြင်၊ အကောင်အထည်ဖော်တဲ့ နည်းဗျူဟာ နဲ့  ကြံ့ကြံ့ခံနိုင်စွမ်းတို့ ပဲ ဖြစ်ပါတယ်။

၄။ သင့်လုပ်ငန်းကို မစတင်ခင်မှာ ပြန်လည်ထွက်ရမယ့် နည်းလမ်းကို သိထားပါ။

ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများဖြစ်တဲ့ Jean Chatzky နဲ့  Valerie Coleman တို့က သင့်ရဲ့ စီးပွားရေး လုပ်ငန်းကို စတင်နေတဲ့ အချိန် အစောပိုင်းမှာ ပြန်နှုတ်ယူရမယ့် အစီအစဉ်ကို သိထားဖို့လည်း လိုတယ် ဆိုတဲ့ အကြောင်း ဆွေးနွေးခဲ့ပါတယ်။ ပြန်နှုတ်ထွက်ရမယ့် အစီအစဉ်တစ်ခု ရှိထားခြင်းဟာ သင့်ရဲ့ နှစ်တို၊ နှစ်ရှည် စီးပွားရေး ဗျူဟာကိုသာမက သင့်ရဲ့ ဘဏ္ဍာရေး ဆုံးဖြတ်ချက်တွေကို လမ်းညွှန်ရာမှာလည်း အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။

၅။ မှန်ကန်သော အဆက်အသွယ်များ နှင့် ဆက်သွယ်ခြင်းကို အာရုံစိုက်ပါ။

ဦးဆောင်သူတိုင်းဟာ အဆက်အသွယ်ကောင်း တည်ဆောက်ခြင်းကို သေချာပေါက် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကလည်း အောင်မြင်မှုရဲ့  လျှို့ဝှက်ချက် တစ်ခုပါ။ “အဲဒါက ကိုယ်ပိုင်သီးသန့် ခရီးတစ်ခု မဟုတ်ပါဘူး၊ အဲဒါက အသင်းအဖွဲ့ တစ်ခုပဲလေ” လို့ Tory Burch က သူမရဲ့  အကြံပေးမှုကို နိဂုံးချုပ်ခဲ့ပါတယ်။ တစ်ခြား အမျိုးသမီးတွေ၊ စီးပွားရေးလုပ်ငန်း ဦးဆောင်သူတွေနဲ့  ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ခြင်းဟာ အရေးပါတဲ့အကြောင်း အများစုက ထောက်ခံပြောကြားကြပါတယ်။ Angie Hicks ကတော့ “ တစ်ခြားသူတွေကို ပြိုင်ဘက်တွေလို့ သဘောမထားပါနဲ့၊ တစ်ယောက်နဲ့ တစ်ယောက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သူတွေလို့ သဘောထားပါ” လို့ ဆိုပါတယ်။

Anjali Varma ၏ 5 Guiding Principles from Successful Women ကို သင့်လျော်သလို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

04 March, 2014

အထီးကျန် နွေဦး


နွေဦးက မလာစဖူး စောစောလာတဲ့အခါ
ငါ့ တည်ငြိမ်ချင်ယောင်ထားတဲ့ စိတ်ကလေးလည်း
လေရူးတိုက်ရာ လွင့်ပါရ။

မနက်ခင်းကလေးရေ
လာမြဲတန်း အတိုင်းသာလာပါ။
Good Morning နှုတ်ဆက်သူရှိမှ သာယာစတမ်းဆို
ငါ့မနက်ခင်းတွေ သာယာဖို့ အကြောင်း ရှိတော့မှာမဟုတ်။

အဲဒီ ကြုံလှီနေတဲ့ နှင်းဆီတစ်ပင် ပွင့်ဖို့ ခဲယဉ်းသလိုမျိုး
ငါ့နှလုံးသားက ခဲခဲယဉ်းယဉ်း ပွင့်လာခဲ့ဖူးပါရဲ့
မသန်မစွမ်း နှင်းဆီကလေးက ကြာကြာတောင် မတောက်ပနိုင်ရှာ
မင်းထားခဲ့တဲ့ အထီးကျန်မှုမှာ ခြောက်သွေ့ နွမ်းလျဆဲ။

ရေသောက်မြစ် ကျိုးပြတ်သွားတဲ့ သစ်တစ်ပင်
ဘယ်တော့မှ မရှင်သန်နိုင်တော့သလိုမျိုး
အချစ်ခံရခြင်းနဲ့ နွေးထွေးခဲ့ဖူးတဲ့ ဆောင်းနေ့ ညတွေ
ဘယ်တော့မှ ပြန်မရနိုင်ခြင်းကို
သတိမရချင်ပဲ ရနေလျှက်...။

ဥပေက္ခာပြု ခံရခြင်းမှာ နာကျင်တတ်မယ်ဆို
ငါ့ကိုယ်ငါ ဆက်လက် ရှင်သန်ချင်စရာတောင် မရှိတော့မယ့်ပုံမျိုး။
မင်းထားခဲ့ပုံက ပဟေဠိဆန်လေရဲ့ ။

သတိရမယ့်သာရ
ရေရေရာရာ မရှိခဲ့ပုံက
ဆောင်းအိပ်မက်တွေလို အနှစ်သာရမဲ့ခဲ့လေတယ်။
အိပ်မက်မက်ခြင်းမှာ မပျော်မွေ့သူကို
ဘာကြောင့် အိပ်မက်မက်ခိုင်းချင်သတဲ့လဲ။

လာသမျှတိုင်းက အတုအယောင်ဖြစ်လျှက်
မသိချင်ယောင်နဲ့ သာယာနေချင်သေးသူ
ခဏတာပွင့်တဲ့ ပန်းတစ်ပွင့်ကို
အမြဲတမ်းပိုင်ဆိုင်ရာလို ခေါင်းမော့ချင်တဲ့ ပန်းတစ်ပင်ဟာ ငါဖြစ်ခဲ့လေတယ်။

သိသိကြီးပါပဲ
အမြဲတမ်းပိုင်ဆိုင်နိုင်မှာက အထီးကျန်ညတွေ ဆိုတာ။
မိုက်မိုက်မဲမဲနဲ့ ခဏတဖြုတ် ပျော်ချင်ခဲ့မိတာ တစ်ခုပါပဲ။

အားနွဲ့မှုကို မသိချင်ယောင် ဆောင်လိုက်ပါတယ်
မလာနိုင်တော့မယ့် message ကို မျှော်ရလောက်အောင်လည်း
အားလပ်နေသူ မဟုတ်ရပါဘူး။

အဲဒီ ရေခံမြေခံ မကောင်းတဲ့ နှင်းဆီကလေးတောင်
အညွန့်သစ် တက်နိုင်သေးတဲ့အခါ
ငါ့ညတွေ နေပျော်ပါတယ်။
နွေဦးက သာသာယာယာ ရှိလှတာ
ကိုယ်တိုင်မှ မခံစားတတ်ရင် ငါ့ဇာတ်လမ်းတွေ ဘယ်လှပပါ့မလဲ။

ခြေခင်းလက်ခင်းသာတဲ့အခါ
ဇာတ်လမ်း အသစ် ရှာဖြစ်ချင် ရှာဖြစ်လိမ့်မယ်။
နွေညမှာ သာတဲ့ လကလေးကလည်း အရင်လိုပါပဲ။
ငါ့နှလုံးသားက ခံတပ်ကလည်း အရင်လို အခိုင်အမာ ကာရံဆဲပါပဲ။

(သိင်္ဂါကျော်)
3.3.2014

13 February, 2014

ဖေဖော်ဝါရီ ဗယ်လင်တိုင်း (February Valentine)

ဖေဖော်ဝါရီ ဆိုတာ
ဇန်နဝါရီ ပြီးတော့ နောက်တစ်လပေါ့
စိုင်းစိုင်း သီချင်းထဲက မှတ်တမ်း
နှင်းကြွင်းတွေ လက်စသိမ်းပြီး
နွေဦးကို ခေါ်ဆောင်တော့မယ့် လ။

ဖေဖော်ဝါရီဆိုတာ
ငါ့အတွက်တော့
ကဗျာတစ်ပုဒ် ဖြစ်လောက်စရာလည်း
မှတ်တမ်း မှတ်ရာ မရှိခဲ့ပါဘူး
ပေါက်ပွင့်နီနီတွေ ကြည့်ပြီး လွမ်းရမလားပဲ။

၁၄ ရက် ဖေဖော်ဝါရီ
အုတ်အော်သောင်းတင်းနဲ့
ချောကလက်တွေ ပလူပျံတဲ့ နေ့ ဆိုလည်း
ပန်းတစ်စည်း အရုပ်တစ်ရုပ်မှ
မရဖူးတဲ့ ငါ့အတွက်
ဗယ်လင်တိုင်းရဲ့ အဓိပ္ပါယ်လည်း
ဖွင့်ဆို မဖွဲ့နွဲ့ ရဲပါဘူး။

ဗယ်လင်တိုင်း အမှတ်တရ သီချင်းတွေပဲ
ရင်ဘတ်အတုနဲ့ ခံစားပြီး နေတတ်ခဲ့တဲ့
မင်းနဲ့ မတွေ့ခင် နှစ်များစွာထဲ
ဒီတစ်နှစ်တော့
မင်းမရှိတဲ့ ဗယ်လင်တိုင်းကို
ရင်ဘတ်အစစ်နဲ့ ခံစားပြီး
မနေတတ်တော့တဲ့ဘဝ ဖြစ်အောင်
ပြုစားခံခဲ့ရခဲ့။

ဒီနှစ် ဖေဖော်ဝါရီ ၁၄ လည်း
ရင်ဘတ်ထဲမှာ
မင်းရှိနေတာကလွဲရင်...
အမှတ်တရ တစ်စုံတစ်ခု
အလိုက်သိပေးဖို့
မျှော်လင့်မိတာက လွဲရင်...
ငါ တစ်ယောက်တည်း
ဖြတ်သန်းဆဲ ပါပဲလေ။

(သိင်္ဂါကျော်)

20 January, 2014

နေရပ်ဒေသ မသိသော ကြယ်


သူက ကျွန်မ ကမ္ဘာကို ခဏ အလည်လာသော ကြယ်တစ်စင်းသာ ဖြစ်သည်။ စကြဝဠာထဲမှာ သွားချင်ရာ သွားနေသော ကြယ်တစ်စင်းနှင့် ကျွန်မက အမှတ်မထင် ကြုံခြင်းမျှသာ။ မတော်တဆ စိတ်ကူးယဉ် ကမ္ဘာမှာ တွေ့ခဲ့ကြသည်။ နောက်တော့ ရုတ်တရက် ပျောက်ရှသွားသည်။ ကြယ်တစ်စင်းသာ ဖြစ်ခဲ့လျှင် သူ့ ပတ်လမ်းကြောင်းထဲသို့ ပြန်ရောက် သွားခြင်းသာ ဖြစ်ပါစေ ဟု ကျွန်မ ဆုတောင်းသည်။ ကျွန်မကလည်း ကြယ်တစ်စင်း ဆိုလျှင် ဆွဲငင်အားပြင်းသော ကြယ်ထက် တွန်းကန်အား များသော ကြယ်တစ်စင်းသာ ဖြစ်သည်။
★★★

ချစ်ခြင်းဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို ကျွန်မ သေချာ နားမလည်ခဲ့ပါ။ အချစ်ဆိုသော အရာကို စစ်၏ မစစ်၏ ပြောနိုင်ဖို့ရာ ဘယ်လို အချက်အလက်များနှင့် တိုင်းတာရမည်ကို ကျွန်မ မသိခဲ့။ လူတစ်ယောက်ကို တကယ် ချစ်သလား၊ မချစ်သလား ကျွန်မကိုယ် ကျွန်မ ဘယ်တုန်းကမှ မဆန်းစစ်တတ်ခဲ့ပါ။ ကျွန်မ ဘဝမှာ ကျွန်မ ပါးစပ်က ချစ်တယ် လို့  ပထမဆုံး ပြောဖူးသူ သူ့ကိုလည်း ဘယ်လောက်အထိ ချစ်ခဲ့ မချစ်ခဲ့ ခုထက်ထိ ကျွန်မကိုယ် ကျွန်မ သေချာ မသိပါ။

ကျွန်မ ဘဝ တစ်လျှောက် အသက် ၃၀ကျော်မှာ အချစ်ဆိုသော အရာနှင့် မျက်ဝါးထင်ထင် ပတ်သတ်ခဲ့ဖူးတာလည်း မရှိတော့ မခံစားတတ်တာကလည်း ကျွန်မ အပြစ်လို့ မဆိုသာဘူး မဟုတ်လား။ ကျွန်မ ပတ်ဝန်းကျင်ကလည်း ယောက်ျားသား ရှားသည်။ ကျွန်မကလည်း ယောက်ျားတွေ ကြိုက်တတ်သည့် ပုံစံမျိုး မဟုတ်။ ဟေသာထက် ဆိုသော နာမည်က အစ မိန်းမမဆန်။ မျက်နှာပေါ်မှာ နှုတ်ခမ်းနီ တစ်စက် မတင်တတ်သည့် ကျွန်မ ပုံစံက မိန်းမ မဆန်။ ပခုံးအထက် ဆံပင်ကနေ ဘယ်တော့မှ အရှည်မထားတတ်သူ၊ အင်္ကျီကို မိန်းမ မဆန်သော ခပ်ပွပွ တွေသာ အမြဲ ဝတ်တတ်သူ ကျွန်မကိုယ်ကျွန်မလည်း ဘယ်တုန်းကမှ မိန်းမ တစ်ယောက်လို လှပသည်ဟု မထင်ခဲ့ပါ။ အဲဒီတော့ အသက် ၃၀ ကျော်လာသည့်တိုင် ချစ်ခွင့် တောင်းခံသူ တစ်ယောက်မှ မရှိခဲ့တာ အဆန်းတကြယ် မဟုတ်ပါ။

တစ်ခါတလေတော့လည်း ရိုးရိုးစင်းစင်း ဘဝက ပျင်းစရာ ကောင်းသည် ထင်ခဲ့သည်။ ပြင်ပက အစစ်အမှန် ကျွန်မ ဘဝကို စိတ်တိုင်းမကျသည့်အခါ အားလပ်ချိန်များမှာ online ပေါ် အချိန်ကုန်တတ်လာသည်။ အခုလို သိပ်များများစားစား internet မသုံးနိုင်ကြသေးသည့် လွန်ခဲ့သော နှစ်များကတည်းက ကျွန်မမှာ online ပေါ်က သူငယ်ချင်း တော်တော်များများ ရှိခဲ့သည်။ သူငယ်ချင်းတွေထဲမှာ ယောက်ျားလေးတွေရော မိန်းကလေးတွေရော ပါသည်။ အစောပိုင်း သုံးကာစ ကာလ လောက်က သူငယ်ချင်းများမှာ ကျွန်မအပေါ် ရိုးသားကြသည်။ နောက်ပိုင်းကျတော့ ကျွန်မအပေါ် မရိုးမသား ပြောဆိုချင်သူတွေ တွေ့လာသည်။ ကျွန်မ စိတ်ထဲ ဆိုးဆိုးဝါးဝါး မကြိုက်သူများကိုတော့ ချက်ချင်း block လိုက်တာ များသည်။ ကျွန်မ စိတ်ထဲ သူတို့  identity ကို မှန်မှန်ကန်ကန် ပြောသည် ထင်သူ၊ ကျွန်မ ခင်မိသူများကိုတော့ တွေ့ ချိန်တိုင်းမှာ စကားပြောဖြစ်သည်။ အဲသလို လူကတော့ သိပ်များများ စားစား မရှိခဲ့ပါ။

သူငယ်ချင်းကနေ ချစ်သူ ဖြစ်လိုကြောင်း ပြောလာသူ တစ်ယောက်စ နှစ်ယောက်စ မက ရှိခဲ့ပေမယ့် သူတို့ ဘက်က အပျော်သဘော သက်သက် မဟုတ်ပဲ ကျွန်မကို နည်းနည်းပဲ ဖြစ်ဖြစ် ချစ်တာတော့ သေချာသည်ဟု ခံစားမိခဲ့ပေမယ့် ကျွန်မဘက်ကတော့ သူငယ်ချင်းလိုပဲ ဆက်လက် ခင်ဖို့သာ ပြောဖြစ်ခဲ့တာပင်။ ကျွန်မက အားနာတတ်တာလား၊ မပြတ်သားတာလား ကျွန်မကိုယ်ကျွန်မတော့ မဝေဖန်လိုပါ။ ကျွန်မ စိတ်ထဲ သူတို့ကို မချစ်ဖူး ထင်ပေမယ့် သူတို့ က ကျွန်မကို ချစ်သည့်အပေါ်မှာ သာယာသလိုလို ဖြစ်မိတာ မိန်းကလေး အများစု သဘာဝပါလို့  လျှော့လျှော့ပေါ့ပေါ့ တွေးဖြစ်သည်။

တနင်္လာသားတစ်ယောက် နှင့်တော့ အများထက်ပိုပြီး နည်းနည်း ရင်းနှီးမိခဲ့သည်။ online မှာပါပဲ။ သူလည်း ညနေဘက် ညဘက်တွေ အိမ်မှာ အမြဲတမ်းသုံး။ ကျွန်မကလည်း အိမ်နှင့် အဝေး ရောက်နေချိန်မှာ စကားပြောဖော် မရှိပဲ online ပေါ် အမြဲတက်။ အဲလိုနှင့် သူရော ကျွန်မရော စာရေးတာ စာဖတ်တာကလည်း ဝါသနာ တူသူတွေမို့ စကားပြောဖြစ်ခဲ့ ကြသည်။ သူက ကျွန်မကို ချစ်သည် ပြောသည်။ ကျွန်မကတော့ သူငယ်ချင်းလိုပဲ ခင်သည် လို့ ပြန်ပြောခဲ့သည်။ သူက ချစ်သည် လို့ ခဏခဏ ပြောတာကို ကျွန်မက ဘာမှ ပစ်ပစ်ခါခါ ပြန်မငြင်းပဲ (တကယ်တော့ အားနာလို့) smile လေးတွေ ရိုက်ပြီး မသိချင်ယောင် ဆောင်နေသည့်အခါ သူ့ဘက်က ကျွန်မကို ချစ်သူလို့ သတ်မှတ်လာသည်။ ကျွန်မဘက်ကလည်း တစ်ခြားလူတွေထက် သူ့ကို ပိုပြီး စိတ်ထဲမှာ ရင်းနှီးလာသည်။ ချစ်သည် မထင်ပေမယ့် ကျွန်မ အတွေးထဲမှာ သူ့အတွက် နေရာပေးလာမိသည်။ ကျွန်မက ဘယ်အကြောင်းအရာပဲ ဖြစ်ဖြစ် တွေးနေတတ်သူမို့  ကျွန်မ အတွေးထဲ ပါလာတိုင်းလည်း ချစ်နေမိသူလို့တော့ မဆိုနိုင်ပါ။

ကျွန်မ ရန်ကုန်ပြန်လာလျှင် လေဆိပ်ကနေ စောင့်ကြိုမည် ဆိုသော အဲဒီတစ်ယောက်က ကျွန်မ ပြန်မလာခင် နှစ်လလောက်မှာပင် online ပေါ်က မပြောမဆိုနှင့် ရုတ်တရက် ပျောက်သွားခဲ့သည်။ တစ်လလောက် ကြာမှ သူ နယ်စပ်မှာ အလုပ်အသစ် ပြောင်းသွားလို့ online မသုံးဖြစ်တဲ့ အကြောင်း mail အတိုလေး တစ်စောင်သာ ရောက်လာသည်။ ကျွန်မ ရန်ကုန် ပြန်ရောက်တော့ သူတောင်းထားဖူးသော ကျွန်မ ဖုန်းနံပါတ်ကို mail နဲ့ ပို့ပေးဖြစ်သည်။ အတော်ကြီး ကြာတော့မှ တစ်ခါ ဆက်လာသည်။ နောက်လည်း ထပ်မဆက်။ သူ ကျွန်မကို ချစ်စကား ပြောခဲ့ဖူးသော ချစ်သူများနေ့မှာ message ပို့တော့ သူက ဖုန်းပြန်ဆက်သည်။ အဲဒါ သူများဖုန်းမို့ မဆက်ဖြစ်တာပါတဲ့။ အမှန်အတိုင်း ပြောရလျှင် ကျွန်မ သူ့ရဲ့  ပြင်ပသဏ္ဍန်ကို မချစ်ပါ။ အဆက်အသွယ် မပြတ်ချင်သော သူငယ်ချင်း သံယောဇဉ်သာလျှင် ရှိပါသည်။ သူနှင့် အဆက်အသွယ် ပြတ်နေတာ ကျွန်မ စိတ်မကောင်းပေမယ့် သူနှင့် အမြဲမပြောဖြစ်တော့ ပျင်းသည်နှင့် နောက်ထပ် သူငယ်ချင်း အသစ်တွေ ရှာထားခဲ့ပါသည်။ သူကလည်း ကျွန်မကို လွယ်လွယ်ပြောခဲ့ပြီး လေးလေးနက်နက် ရည်ရွယ်ချက် မရှိခဲ့သူပဲ မဟုတ်လား။ သို့ပေမယ့် သူ့ကိုလည်း ခုချိန်ထိ အကြောင်း တိုက်ဆိုင်ချိန်များမှာ သတိရနေပါသေးသည်။

အဲဒီနောက် ကျွန်မကို ချစ်သည် ဆိုသူ နှစ်ယောက် သုံးယောက်လောက် online မှာတွေ့သည်။ တစ်ယောက်ကတော့ သူတစ်ခါ ပြော ကျွန်မက တစ်ခါ ငြင်းပြီးသည့် နောက်ပိုင်းမှာ ထပ်မပြောတော့ပဲ ကျွန်မ အလိုအတိုင်း သူငယ်ချင်းလိုပဲ ဆက်ဆံနေခဲ့သည်။ ခုထက်ထိလည်း အဆက်အသွယ်မပြတ်။ ကျွန်မကို ရိုးရိုးသားသား ပြောဆို ဆက်ဆံသူကို (သူ့ဘက်က မရိုးမသား ဖြစ်နေနိုင်တာ သိပေမယ့်လည်း) ကျွန်မ ဘက်က မိတ်ပျက်အောင် လုပ်စရာ မလို ဟုထင်သည်။ မနက်တိုင်းလိုလို သူက viber က morning message ပို့လေ့ ရှိသည်။ ကျွန်မက internet သုံးဖို့ အားလျှင် ပြန်နှုတ်ဆက်သည်။ မအားလျှင်လည်း ပြန်နှုတ်မဆက်ဖြစ်။ သူ မအားသော ညဘက်ကျမှ good night လုပ်ချင် လုပ်လိုက်သည်။ ကျွန်မတို့ကြားမှာ အလာပ သလာပ နှုတ်ဆက်စကား ကလွဲပြီး ဘာမှ မပြောသည့်အတွက် ကျွန်မလည်း အနှောက်အယှက် မဖြစ်ပါ။ သူကလည်း ကျွန်မ စိတ်ဆိုးမှာ ကြောက်ရှာသည်။ ကျွန်မ internet လိုင်း ပြတ်သွားလို့  ပြောနေရင်းနှင့် အဆက်ပြတ်သွားလျှင်ပင် ကျွန်မ စိတ်ဆိုးသည် ထင်ပြီး မနေတတ်သူ ဖြစ်သည်။ သူ့ကိုတော့ ကျွန်မက ဘယ်လိုမှကို မချစ်တာပါ။ သူငယ်ချင်းကောင်း တစ်ယောက်လိုသာ ခံစားချက် ရှိပါသည်။

နောက်ထပ်က ကျွန်မထက် အတော်ငယ်မယ့် ကောင်ကလေး တစ်ယောက် (စတွေ့ စဉ်က သူပြောသော အသက်အရပေါ့)။ နောက်တော့ သူပြောသလောက် မငယ်တာ သူ့ ပုံတွေ တွေ့လို့ သိသည်။ အစကတည်းက စိတ်ထား သိပ် မစစ်မှန်တာ သိပေမယ့် သူ့ ပလီပလာ အပြောများမှာ ကျွန်မကလည်း အားနာပါနာ သာယာပြီး ပြန်ပတ်သက်နေခဲ့သည်။ နောက်တော့ ကျွန်မရဲ့  တစ်ယောက်သော သူနှင့် တွေ့သည်။ အဲဒါကလည်း အဲဒီ ကောင်ကလေးက သူ့  gmail account ကို ဆောက်ပေးပြီး ကျွန်မ account ကို invite လုပ်ပေးလိုက်သည် ထင်သည်။ သူနှင့် တွေ့ ပြီး နည်းနည်း ကြာတော့ အဲဒီ ကောင်ကလေးက အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်မကို ဖြတ်သည်။ ကျွန်မက တစ်ခြားလူနှင့် chat တာ အဲဒီ ကောင်ကလေးကို သစ္စာဖောက်တာ ဖြစ်ရသလား။ အဲဒီ ကောင်ကလေးကို ချစ်ပါသည် လို့ ကျွန်မဘက်က တစ်ခါမှ တိတိကျကျ မပြောခဲ့ဖူးပါ။ ကျွန်မက သူငယ်ချင်းလို ဆက်လက်ခင်ချင်သော်လည်း သူ့ ဘက်က အဆက်အဆံ မလုပ်လိုပုံ ပေါ်သည်နှင့် ကျွန်မက အဲဒီ ကောင်ကလေးကို block ခဲ့တော့သည်။ အဲဒီ ကောင်ကလေးက သူ့သူငယ်ချင်းတွေနှင့်အတူ facebook account ကိုလည်း အတူတူ သုံးကာ ကောင်မလေး မှန်သမျှကို ကြူနေတာကိုလည်း ကျွန်မက သေချာ သိနေသည်။ ကျွန်မ ဘက်ကလည်း အလေးအနက် ချစ်ခြင်း မဟုတ်သည်မို့ သူ့ကို အလိုက်သင့် ဆက်ဆံခဲ့ပေမယ့် နောက်ဆုံး သူ့ ဘက်က စိတ်သဘောထားကြောင့် ကျွန်မလည်း ဖြတ်ခဲ့ရသည်ပင်။ အဲဒီလို ကောင်ကလေးနှင့် ပတ်သက်ပြီးမှ သိလာသော သူ့ကိုလည်း ကျွန်မက ယခုထိတိုင်ကို စိတ်ဒုန်းဒုန်းချပြီး မယုံနိုင်ခဲ့ပါ။
★★★

ကျွန်မက အပျော်အပါး မက်သော ကြယ်တစ်စင်း ဆိုလျှင် သူကလည်း ကျွန်မလိုပင် ဖြစ်လိမ့်မည်။ ကျွန်မက ကျွန်မ စိတ်ကူးယဉ် online ကမ္ဘာမှာ ကြယ်တစ်စင်း ဖြစ်သည်။ ကျွန်မ မကြိုက်နှစ်သက်ပဲ ရှေ့ဆက်နေရသော အသက်မွေးမှုဘဝ၊ ကျွန်မ လက်မခံချင်သော မိသားစု အတွင်းရေးများကို မေ့ထား၍ ရသော နေရာသည် online ပေါ်မှာသာ ရှိသည်။ ကျွန်မကို online ပေါ်မှာ ဇာတ်လမ်းရှုပ်သည်ဟု ပြောလိုလျှင် အပြင်မှာ ရှုပ်သူတွေထက်တော့ အပြစ်ကင်းသည်ဟု ထင်သည်။ သူလို ကိုယ်လို အတူတူ လူများ ပတ်သက်ခြင်းသည် ဘယ်သူ့ကိုမှ နစ်နာ စေခြင်း မရှိဟု ကျွန်မ ထင်သည်။ ကျွန်မကို အပြင်မှာ တွေ့လိုသည်ဟု တောင်းဆိုသူများကို အကြောင်းအမျိုးမျိုးပြ၍ ငြင်းခဲ့သည်သာ ဖြစ်သည်။

သူနှင့် ကျွန်မက မတော်တဆ ဆုံမိသည့် ကြယ်နှစ်စင်း။ သူ့ဘက်က ကြိုတင် ကြံစည်မှု ရှိခဲ့သည်လားလို့ ကျွန်မက သင်္ကာမကင်း ရှိခဲ့ပေမယ့် သူက ငြင်းတော့ ကျွန်မက ဆက်ပြီး ပြဿနာ မရှာဖြစ်ခဲ့ပါ။ သူက ကျွန်မလို စာဖတ် ဝါသနာ ပါသူ ဆို၍ ကျွန်မက သူ့ကို သူငယ်ချင်းလိုခင်မင်ဖို့ ဆုံးဖြတ်ခဲ့မိတာပင်။ သူက အချိန်တိုအတွင်း ကျွန်မကို ချစ်သည် ဆိုတော့ ကျွန်မကလည်း ထုံးစံအတိုင်း သူငယ်ချင်းလိုပဲ ဆက်ခင်ဖို့ ချက်ချင်း ပြန်ပြောခဲ့တာပါ။ ကျွန်မ ကိုယ်၌က သံသယ များလွန်းသူမို့  ကျွန်မကို ချစ်သည် ဆိုသူတိုင်းကို မယုံကြည်နိုင်ခဲ့ပါ။ အချစ်ဆိုသော အရာက ကျွန်မကို လာပတ်သက်တဲ့အခါများကလည်း တစ်ခါမှ တစ်သက်တာ မဆန်ခဲ့တော့ ကျွန်မက အချစ်ကို မယုံကြည်ခြင်းမှာလည်း သဘာဝကျသည် ထင်သည်။

သူက မိန်းကလေးတွေနှင့် စကားပြောဆိုရာမှာ ကျွမ်းကျင်သူ ဖြစ်ပုံရတာ ကျွန်မ ခန့်မှန်းမိပါသည်။ သူ ပြောလျှင် ကျွန်မမှာ မငြင်းချင်၊ မငြင်းနိုင် ဖြစ်ရသည်။ သူနှင့် online မှာ သိတာ ဘယ်လောက်မှ မကြာသေးပါပဲ သူက ဖုန်းနံပါတ် တောင်းတော့လည်း ကျွန်မက ပေးလိုက်မိသည်။ ကျွန်မ ဖုန်းနံပါတ်ကို ပေးမိသော online သူငယ်ချင်း ဆိုလို့ သူ့အရင် လေးယောက်သာ ရှိတာ ကျွန်မ မှတ်မိသည်။ အဲဒီလူတွေကလည်း တစ်ခါလောက်စီသာ ကျွန်မဆီ ဖုန်းဆက်ဖူး တာမို့ ဖုန်းနံပါတ် ပေးလိုက်လည်း သိပ်ကြီး ပြဿနာ မရှိလှဘူးလို့  ထင်ခဲ့သည်။ သူကတော့ chat ရတာထက် ဖုန်းပြောရတာ ပို ဝါသနာ ပါသူမှန်း နောက်မှ သိရသည်။ ပြီးတော့ ညဘက်ကျမှ ဆက်သည်။ ကျွန်မက အစ်မဖြစ်သူနှင့် အိပ်ခန်း တစ်ခန်းထဲ အတူ အိပ်သူမို့ အားနာရသည်။ သူကတော့ သူ့မိသားစုနှင့်ပင် အတူမနေပဲ တစ်ယောက်တည်း နေသူဖြစ်သောကြောင့် လွတ်လွတ်လပ်လပ် ဖုန်းပြောလို့ ရသည်ထင်သည်။ သူ ကျွန်မကို သုံးကြိမ် လောက် ဆက်အပြီးမှာ သူ့ ဖုန်းကို reject list ထဲ ထည့်လိုက်သည်။ နောက်နေ့ မနက်ကျတော့ သူ့ miss call တွေ အများကြီး တွေ့ရတာမို့  နှစ်ရက်လောက် နေတော့ အားနာတာနှင့် ပြန်ဖြုတ်လိုက်မိသည်။ အဲဒီကစပြီး ကျွန်မ စိတ်ကို ကျွန်မ မထိန်းချုပ်နိုင်ပဲ သံယောဇဉ် အမှားတွေ ငြိမိတော့တာပင်။

သူနှင့် ကျွန်မ သိကာစက သူက ကျွန်မကို ညတိုင်း ဖုန်းဆက်သည်။ ကျွန်မက ဖုန်းပြောတာ ဝါသနာမပါလို့ ညတိုင်း မဆက်ဖို့ ပြောသော်လည်း မရပါ။ ခဏပဲ ဖြစ်ဖြစ်တော့ ပြောလိုက်ရမှ ကျေနပ်သည်။ ကျွန်မက ဘယ်လိုပဲ သူငယ်ချင်းလို သဘောထားတယ် ပြောပြော သူကတော့ ကျွန်မကို ချစ်သည့် အကြောင်း ညတိုင်းပြောသည်။ အစ်မကတော့ ကျွန်မကို နှာခေါင်း ရှုံလှပြီ။ ညပိုင်းမှ ဆက်တယ် ဆိုကတည်းက အီစီကလီ လုပ်ချင်သူ မို့တဲ့။ ကျွန်မက အားနာလို့ ပြောနေတာပါ ဆိုတော့ ဘာမှ အားနာစရာ အကြောင်း မရှိဘူးတဲ့။ ကျွန်မအစ်မက သူမချစ်သူနှင့် ယူမည် ဆုံးဖြတ်ထားသည့်နှစ်မှာ မယူလိုက်နိုင်သည့်နောက် ချစ်သူကို အဆက်ဖြတ်ကာ အပျိုကြီး လုပ်မည် ကြွေးကြော်နေသူ ဖြစ်သည့်အတွက် ဘယ်ယောက်ျားကိုမှ အကောင်းမြင်ပေးမည် မဟုတ်ပါ။  

တစ်ခါတစ်ရံတော့လည်း ဖုန်းကို silent လုပ်ကာ အိပ်ရာထဲမှာ သူနှင့် အပြန်အလှန် sms message ပို့ဖြစ်ကြသည်။ (အစ်မကတော့ ထုံးစံအတိုင်း မျက်စိပျက်မည် ဆိုပြီး ကျွန်မကို မျက်စောင်းတစ်ထိုးထိုးနှင့်ပေါ့)။ စကားပြောဖြစ်သည့် အကြိမ် များလာလျှင် ထုံးစံအတိုင်း ကျွန်မက ကျွန်မအကြောင်းတွေ အမှန်အတိုင်း ပြောမိပြန်ကာ သူ့အကြောင်းကိုတော့ စပ်စုရာ ကျမည် စိုးသည်နှင့် ဘာမှ သိပ်မမေးဖြစ်ပါ။ သူပြောသလောက်သာ ကျွန်မ သိသည်။ ကျွန်မ သိသလောက် သူ့ အကြောင်းတွေကလည်း ကျွန်မအတွက် ကြိုက်ချင်စရာ တစ်ကွက်မှ မရှိပါ။ သူက နိုင်ငံရေး လုပ်သဖြင့် ရှစ်တန်းနှင့် ကျောင်းထွက်ခဲ့ရပြီး ဘွဲ့မရ ဟု ဆိုသည်။ တကယ် ဟုတ်မဟုတ်တော့ ကျွန်မ မသိပါ။ သူ နိုင်ငံရေး စိတ်ဝင်စားတာတော့ သူ့ ပြောစကားများအရ ကျွန်မ သိသည်။ ကျောင်းဆက်မတက်ဖြစ်သည်အထိ နိုင်ငံရေး လုပ်သည် ဆိုတော့ သူ ထောင်များ ကျခဲ့သေးသလား၊ ဒါမှမဟုတ် ထွက်ပြေး ပုန်းရှောင် နေခဲ့ရသူလား ကျွန်မ အသေးစိတ် ထပ်မမေးခဲ့ပါ။ သူက အစိုးရဝန်ထမ်း မဟုတ်တာတော့ သေချာသည်။ ဘွဲ့မရမှတော့ အစိုးရဝန်ထမ်းလည်း ဖြစ်စရာ အကြောင်းမရှိပါ။ သို့ပေမယ့် သူ ဘယ်မှာ ဘယ်လို အလုပ်လုပ်သည် ဆိုတာ ကျွန်မ တစ်ခါမှ သေသေချာချာ မမေးမိ။ သူ့ အိမ် ကို သွားဖို့ စိတ်ကူးမရှိသည်နှင့် သူ့အိမ် ဘယ်နေရာမှာ ဆိုတာလည်း ကျွန်မ တစ်ခါမှ မမေးဖြစ်။ သူပြောလို့ သူက ကျွန်မထက် ၅နှစ် ကြီးတယ် ဆိုတာတော့ သိသည်။ သူ့မှာ ချစ်သူ တစ်ယောက် ရှိဖူးသည် ဆိုတာလည်း သူပြောလို့ သိသည်။ ဆရာမ တစ်ယောက်ဖြစ်ပြီး သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲခဲ့တာ ကြာပြီတဲ့။

တော်တော်လေး ခင်မင်မိပြီးမှ မမျှော်လင့် သိလိုက်ရသည်က သူက လူမျိုးခြား၊ ဘာသာခြား ဖြစ်နေသည် ဆိုတာပါ။ သူက ကျွန်မ မေတ္တာသုတ် ရွတ်ပြီးမှ ပဌာန်းရွတ်တာကို မေတ္တာလည်း ပို့သေး နှင်လည်း နှင်သေး မလုပ်သင့်ပါဘူး ဘာညာ ပြောတတ်သဖြင့် ကျွန်မ စိတ်ထဲ ဗုဒ္ဓဘာသာပဲ ထင်ခဲ့သည်။ ကျွန်မ မိုးကုတ် တရားစခန်း ဝင်သည်ဆိုတော့ သူက ၇ လောက်နှင့် တရားရော ရခဲ့ရဲ့လား ဘာညာ ဆိုတော့လည်း သာမန်ပဲ ထင်ခဲ့ပြန်သည်။ သူကလည်း မိုးကုတ် တရားခွေတွေ သူ အကုန် နားထောင်ဖူးသည် ဆိုခဲ့သေးသည်ကိုး။ ဖြစ်ပျက် ရှုမှတ်တာထက် ဘုရားကို အာရုံပြုပြီး ဝင်သက် ထွက်သက် မှတ်တာက ပိုမကောင်းဘူးလား ဆိုတော့ သူ့ အတွေးအခေါ်က နည်းနည်းတော့ တစ်မျိုးပဲလို့သာ ထင်လျှက် သူနှင့် အပြန်အလှန် ငြင်းမိသေးသည်။ သူက သူလည်း တရားထိုင်ဖူးသည် လို့ပင် ဆိုသေးသလားလို့။ အဲဒီလိုနှင့် အဲဒီ ငြင်းခုန်သည့် နေ့မှာပဲ သူက သူဘာသာခြား မျိုးနွယ် ဖြစ်ကြောင်း ပြောတော့ ကျွန်မမှာ အံ့သြ မင်သက်လို့  ဘာမှကို မပြောနိုင်လောက်အောင် ဖြစ်ရသည်။ သူက သူ ဘာကိုမှ မယုံကြည် မသက်ဝင်ကြောင်းလည်း ပြောခဲ့ဖူးသည်။ ကျွန်မကပင် သူ့ကို ဘာသာမဲ့လို့ ပြောဖူးသေးသည်။ တကယ်တမ်းကျ တော်တော် အံ့သြဖို့ ကောင်းသည့်အဖြစ်ပါလား။ ကျွန်မက သူတောင်းသဖြင့် ကျွန်မ ဓါတ်ပုံ ပို့ခဲ့မိဖူးသော်လည်း သူပို့သော ဓါတ်ပုံက ဝါးတားတားနှင့် ရုပ်ကိုမှ ဖမ်းလို့မရသော ပုံ ဖြစ်နေခဲ့သည်ကိုး။

သူ ဘာသာခြားမှန်း သိကတည်းက သူ့ကို ကျွန်မ ဒီထက်ပိုပြီး အကျွမ်းတဝင် မဆက်ဆံသင့်မှန်း ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့သည်။ သို့ပေမယ့်လည်း သူ့ ဖုန်းလာလျှင် ကျွန်မ အားနာပြီး မကိုင်ပဲ မနေနိုင်ပြန်ပါ။ သူက စကားပြောကောင်းသူ၊ ဆွဲဆောင်မှုကောင်းသူ၊ ယုံချင်စရာ မကောင်းသူမှန်း ကျွန်မ နားလည်သည်။ ချစ်သူ အနေနှင့် အတိအလင်း ပတ်သက်လို့ မဖြစ်နိုင်သူ မှန်းလည်း သိသည်။ သို့ပေမယ့် သူငယ်ချင်းလို ခင်လို့ ရသည်ပဲ ရယ်လို့ ကျွန်မကိုယ်ကျွန်မ လျှော့ပေါ့ စိတ်ဖြေကာ သူနှင့် ဆက်လက် ပတ်သက်မိခဲ့သည်။ အချစ်နှင့် ပတ်သက်လျှင် ကျွန်မက အရိုင်း၊ သူက လူလည်။ ကျွန်မက သူ့ကိုလည်း လျှော့တွက်ခဲ့မိသည်။ သူက ကျွန်မကို “ယောက်ျားတွေကို မယုံနဲ့နော် ဟေ” လို့ ပြောတတ်သေးသည်။ အရင်ကောင်ကလေးနှင့် ကျွန်မရဲ့ online ပတ်သက်မှုကို သူလည်း သိချင် သိလိမ့်မည်။ “ကျွန်မက ဘယ်ယောက်ျားကိုမှ မယုံပါဘူး” ဆိုတော့ “ကိုယ့်ကိုတော့ ယုံပါကွာ” တဲ့။ တတ်လည်း တတ်နိုင်သည်။

သူက ကျွန်မကို ထူးထူးခြားခြား စတွေ့ကတည်းက “ဟေ” လို့ ခေါ်သည်။ online ရော အပြင်ကရော သူငယ်ချင်း အပေါင်းအသင်း အားလုံးက ဟေသာထက် ဆိုသည့် ကျွန်မနာမည်ကို ထက်ထက် လို့သာ ခေါ်ကြသည်။ သူ့ကို ထက်ထက်လို့ ခေါ်ဖို့ ပြောတာ ဘယ်လိုမှကို မရပါ။ သူက ဟေ မှ ဟေ ပဲ။ ကျွန်မ နားထဲ စကြားကာစကတော့ တစ်မျိုးကြီး ဖြစ်နေသည်။ နောက်တော့လည်း သူ့ ခေါ်သံကို အကျွမ်းတဝင်နှင့်၊ ခုချိန်မှာတော့ လွမ်းမိနေလေပြီ။

သူ ကျွန်မကို ဖုန်းခေါ်သည့် အခါတိုင်းမှာ “ဟေ၊ အရမ်းချစ်တာပဲ ကွာ” ဆိုသည့် စကားတစ်ခွန်းကတော့ အမြဲတမ်း ပါသည်။ ကျွန်မက အဖြေပြန်မပေးလျှင် ဖုန်းမချဘူး ဆိုတာမျိုးလည်း လုပ်တတ်သေးသည်။ “သူငယ်ချင်းလိုပဲ ချစ်တာ..၊ ညီမလေး လိုပဲ ချစ်တာ..” ဆိုပြီး ကျွန်မက ဖုန်းကို အရင် ချချ ပစ်ခဲ့တာ ညပေါင်းမနည်းခဲ့ပါ။ နောက်တော့ ကျွန်မ သူ့ အပြောတွေမှာ မျောပါမိသည်။ သူ့ အသံကပဲ ဆွဲဆောင်မှု ရှိတာလား၊ သူကပဲ အပြောကောင်းလွန်းတာလားတော့ မသိ။ (သူကတော့ အပြောကောင်းလိုက်တာလို့ ပြောလျှင် တစ်ခါမှ ငြိမ်မနေ၊ ရင်ထဲက လာတဲ့ စကားတွေပါ လို့ ဆိုတတ်သေးသည်။) သူက ဖုန်းမချပဲ အကြာကြီး ပြောပြီး ဂျီကျနေတာ ရစ်နေတာကို မခံနိုင်တာလည်း ပါသည်။ ကျွန်မက အစ်မ အငြိုအငြင်ခံပြီး မီးဖိုခန်းထဲ အစ်မ မကြားအောင် ပြောရပါသည် ဆိုမှ အရစ်နှင့်တွေ့တော့ ခက်သည်။ နောက်ဆုံး ကျွန်မ အရှုံးပေးလိုက်ရသည်။ သူ့ကို အဖြေ ပြန်ပေးဖြစ်ခဲ့သည်။ သူက ကျွန်မကို စကားအမျိုးမျိုး ပြောပြီး လှည့်ပတ်တောင်းခဲ့တာလေ။ ကျွန်မက မချစ်ပါဘူး၊ ချစ်လား မချစ်လား သေချာလည်း မသိဘူး ဆိုတော့ သူက “စကားလေးနဲ့ ချစ်တယ် ပြောတာပဲ ဘာဖြစ်လဲ ပြောပါ” တဲ့။ “တကယ် ချစ်ချစ် မချစ်ချစ် သူ စိတ်ချမ်းသာအောင် ချစ်တယ် ပြောပါ” ဆိုတာမျိုးနှင့် တစ်ဂျီဂျီ လုပ်တတ်သည်။ ကျွန်မ အဖြေပြန်မပေးလျှင် တစ်ညလုံး ဖုန်းခေါ်နေမှာ ဆိုတာမျိုးက လာသေးသည်။ အဲဒါတွေကြောင့်ပဲ ကျွန်မဘဝမှာ ဘယ်သူ့ကိုမှ မပြောဘူးသေးတဲ့ အဖြေတစ်ခုကို သူ့ကို ပေးဖြစ်ခဲ့သည်။ သူ့ကို ကျွန်မ တကယ်ချစ်မချစ် မသေချာပါ။ သူ ကျွန်မကို တကယ် ချစ်မချစ်လည်း မသေချာပါ။ သို့ပေမယ့် သူ့ကို စိတ်ချမ်းသာစေချင်သည်။ အဲဒါနဲ့ပဲ သူ့ကို ချစ်ကြောင်း ပြန်ပြောခဲ့မိသည်။ သူကလည်း ပြောသည်လေ။ သူလည်း အပျော် ချစ်တာပါပဲ တဲ့။ ကျွန်မ မကြိုက်လျှင် အပြင်မှာလည်း လာမရှာပါဘူးတဲ့။ အပျော် ချစ်ရုံပဲ ချစ်ပါ ဆိုတော့ ကျွန်မကလည်း အီစီကလီ ပြန်လုပ်မိသည်ပေါ့။

ကျွန်မတို့ အိမ်က တစ်ခါတစ်လေ ရက်ပိုင်းလောက် ညပိုင်း ဖုန်းမမိတာမျိုး ရှိတတ်သည်။ အဲဒီအခါ သူက မယုံမကြည်နှင့် ပြဿနာ ရှာတတ်သေးသည်။ တစ်ခါတစ်လေ ကျွန်မက တစ်ခုခု လုပ်နေလို့၊ ဖုန်းသံ မကြားလို့ သူ့ဖုန်းကို ချက်ချင်း မကိုင်မိလျှင်လည်း “ဘယ်သူနဲ့ chat နေလို့ အကြာကြီး နေမှ ကိုင်တာလဲ” ဆိုပြီး ရစ်တတ်သေးသည်။ ကျွန်မက စိတ်မကောက်ရပဲ သူက ယောက်ျားတန်မဲ့ စိတ်ကောက်တတ်သည်။ ကျွန်မ ဖုန်း လိုင်းမမိတာကိုလည်း မယုံမကြည်နှင့် ကျွန်မက တမင်လုပ်ထားတယ် ထင်သေးသည်။ သူ စိတ်ကောက်လျှင် ကျွန်မကပဲ မနေနိုင်သူမို့ အမြဲတမ်း အလျှော့ပေးပြီး စခေါ်ရတာပါ။ ဒါပေမယ့် သူက စကားတတ်သူဆိုတော့ သူစိတ်ကောက်တယ် စိတ်ဆိုးတယ် လို့ ဘယ်တော့မှ ဝန်မခံ။ ကျွန်မ ဥပေက္ခာကို မခံစားနိုင်လို့ပါတဲ့။ ဘာမဟုတ်တဲ့ အကြောင်းလေး တစ်ခုတစ်လေလောက်နဲ့လည်း “နောက် ဘယ်တော့မှ ဖုန်းမဆက်ပါနဲ့တော့၊ မခံစားနိုင်လို့ပါ၊ message တွေလည်း မပို့ပါနဲ့” ဆိုတာမျိုး message ပို့တတ်သေးသည်။ ကျွန်မက အမြင်ကတ်ကတ်နှင့် ပစ်ထားလိုက်လျှင် တစ်ရက်လောက် နေတော့ သူပဲ sms message ဖြစ်ဖြစ် viber message ဖြစ်ဖြစ် စပို့ ပြီး ခေါ်တတ်တာပင်။

ကျွန်မက တစ်မနက်မှာ ပျင်းပျင်း ရှိသည်နှင့် သူ့ကို Good Morning ဆိုပြီး sms ပို့ပြီး နှုတ်ဆက်လိုက်တော့ သူကလည်း “morning honey” ဆိုပြီး reply ပြန်သည်။ နောက်တော့ သူက ကျွန်မ message လေးမှ မရလျှင် သူ့မနက်ခင်းတွေပဲ မပြည့်စုံတော့သလို ပြောသည်နှင့် ကျွန်မကလည်း အကျင့်ပါပြီး ပို့မိသည်။ နောက်ပိုင်းမှာ သူက ညတိုင်း ဖုန်းမဆက်တော့ပေမယ့် ကျွန်မတို့ နှစ်ယောက် မနက်တိုင်းတော့ sms message ပို့ဖြစ်ကြသည်။ သူ့ကို အပြင်မှာ တစ်ခါမှ သူခေါ်ခိုင်းသလို ကို လို့ မခေါ်ဘူးပေမယ့် sms ထဲမှာတော့ မင်္ဂလာပါ ကိုကို တွေ ဘာတွေ လုပ်မိသည်။ ကိုကို ဆိုတာကတော့ အစ်ကို တစ်ယောက်လို ခင်မင်မှုနှင့်လည်း ခေါ်လို့ ရတာပဲ မဟုတ်လား။ သူကလည်း အဲဒါကိုပဲ သဘောတကျနှင့်။ သူက တစ်ခါတစ်ရံတော့ ပြောသေးသည်။ သူ့ကို ဖုန်း ဆက် ဆက်နေသည့် ကောင်မလေးတွေ အများကြီး ရှိသတဲ့။ ဒါပေမယ့် ကျွန်မလောက် သူ့ကို ဂရုစိုက်သူ မရှိဖူးဘူး တဲ့။ သူကလည်း ကျွန်မ တစ်ယောက်ကိုပဲ ချစ်တာပါတဲ့။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ။ နားဝင်ချိုအောင် ပြောသော စကားဆိုတော့လည်း နားဝင်ချိုမိသည်ပင်။
★★★

ကျွန်မတို့ ဖုန်းပြောဖြစ်ကြသည် ဆိုပေမယ့် သူ့အကြောင်းကို ကျွန်မ ဘာတစ်ခုမှ တိတိကျကျ မသိလှပါ။ ကျွန်မကိုယ်တိုင်ကလည်း သူငယ်ချင်း မိန်းကလေး အချင်းချင်းမှာတောင် ကိုယ်ရေးကိုယ်တာ စပ်စုဖို့ ဝန်လေးလှသူ ဖြစ်ရာ သူစိမ်းတစ်ယောက်အပေါ်လည်း စပ်စု မနေချင်ပါ။ သူကလည်း သူ့အကြောင်းကို သိပ်မပြောတတ်။ သူ့မှာ အစ်မတွေ ညီမတွေ တူမတွေ ရှိတာတော့ သူ့စကားတွေမှ တစ်ဆင့် သိရသည်။ သူ့အမေက သူ့ကို ကောင်မလေးတွေနှင့် ဖုန်းဆက်တာ online မှာ ရှုပ်တာကို မကြိုက်ကြောင်းလည်း ပြောဖူးသည်။ သူဖုန်းဆက်လျှင် အီစီကလီ လုပ်သူများရဲ့ ထုံးစံအတိုင်း မရေမရာတာတွေသာ ပြောသည်ဟု ကျွန်မက ထင်သည်။ ကျွန်မကို ချစ်သည့်အကြောင်း ပြောသည်။ ကျွန်မဆီက အဖြေကို မရမက ပြန်တောင်းသည်။ ကျွန်မကတော့ ဒီအတိုင်း သူငယ်ချင်းတွေနှင့် ပြောသလို ဘာလုပ်နေလဲ၊ ထမင်းစားပြီးပြီလား စသည့် အလာပ သလာပ လောက်သာ ပြန်ပြောတာများသည်။ ဒါကိုပဲ သူက သူ့ဆီ ဖုန်းဆက်သည့် ကောင်မလေးတွေထဲမှာ သူ့ကို ထမင်း စားပြီးမပြီး ဂရုစိုက်သူ တစ်ယောက်မှ မရှိ၊ ကျွန်မ တစ်ယောက်တည်းသာ သူ့ကို ဂရုစိုက်တာ ဟု ဆိုဖူးသည်။ ကျွန်မကတော့ အဲဒီလို စကားမျိုးမပြောလျှင် သူတို့ အချင်းချင်း ဘာတွေများ အီစီကလီ ပြောနေကြပါလိမ့်ဟု တွေးမိခဲ့သည်။ သူက ကျွန်မကို အဲဒီလို ပြောပြီး ကောင်မလေးတွေနှင့် ပတ်သက်ပြီး သဝန်တိုစေချင်သေးသည်။ ကျွန်မက ချစ်တယ် ဆိုတဲ့ စကားကို ကောင်မလေးတွေကို ပြောနေကျပဲ မဟုတ်လား ဆိုလျှင်တော့ ကိုယ်က တွေ့ရာလူကို ချစ်တယ် ပြောတတ်တဲ့လူ မဟုတ်ဘူးတဲ့၊ ကျွန်မ တစ်ယောက်တည်းကိုပဲ ချစ်တယ် ပြောဖူးတာပါ တဲ့။ ကျွန်မကလည်း စိတ်ထဲက မယုံကြည်ချင်လျှက်နှင့်ပင် သူမေးလျှင်တော့ ယုံပါတယ် ပဲ ပြန်ပြောဖြစ်ခဲ့သည်။

သူနှင့် ကျွန်မ ဆုံခဲ့တာ ရှစ်လကျော် ကိုးလလောက် ရှိသည့် အချိန်အတွင်း အကြီးအကျယ် စိတ်ဆိုးခဲ့ကြတာ နှစ်ကြိမ် သုံးကြိမ် လောက်တော့ ရှိမည်။ အများဆုံးက သုံးညလောက်ပဲ တစ်ယောက်နဲ့ တစ်ယောက် မခေါ်ပဲ နေကြသည်။ တစ်ခါကတော့ ကျွန်မက သူ့ကို ဖြတ်ချင်နေတာ ကြာပြီ ပြောမိ၍ သူက စိတ်ဆိုးပြီး မခေါ်ပဲ နေသည်။ သူ့အပြောကတော့ စိတ်ထိခိုက်သွားတာပါတဲ့။ သူက စိတ်ဆိုးပြီး ဘာမှ ပြန်မပြောလျှင် ကျွန်မကလည်း ကျွန်မ ပြောချင်တာတွေ viber ထဲကနေ message ပို့ပြီး ပြောသည်။ နောက်တော့ သူက မျက်ရည်ကျနေသည့် smile လေးတွေ ပို့သည်။ နောက်တော့ ကျွန်မကပဲ အလျော့ပေးလိုက်ရပြန်သည်။ “ဟေ့ ကို တကယ် ချစ်တာပါ” တဲ့။ ကျွန်မက ရုပ်ဆိုးတယ် အပြင်မှာတွေ့ရင် ချစ်မှာ မဟုတ်ဘူး ဆိုတော့ ဓါတ်ပုံထဲက ဟေက အပြင်က ဟေ နဲ့ မတူဘူးလားတဲ့။ ဓါတ်ပုံက အတုကြီးလား လို့ ဆိုပြန်သေးသည်။ ဘာလို့ အတု ရမှာလဲ ကျွန်မ ပုံပဲ ဆိုတော့ အဲဒီ ဓာတ်ပုံထဲက ကျွန်မကို ချစ်တာတဲ့။ ကျွန်မကို အပြင်မှာ တွေ့ချင်တယ် ဆိုတော့ ကျွန်မက အပြင်မှာ ကျွန်မ ရုပ်ဆိုးတာ မြင်ရင် ချစ်မှာ မဟုတ်တော့ဘူးလို့ ၊ ကျွန်မကလည်း သူ့ အပြင်က ပုံကို မကြိုက်ပါဘူး လို့ ဆိုတော့ သူက မတွေ့သေးလို့ပါ တဲ့။

နောက်ဆုံး တစ်ကြိမ် ကျွန်မတို့နှစ်ယောက် အကြီးအကျယ် စိတ်ဆိုးပြီး နောက်ပိုင်းတော့ သူလည်း မခေါ်မပြော စိတ်ဆိုးတာမျိုး မရှိတော့ပါ။ ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပိုပြီး နားလည်ပေးတတ်လာသည် ထင်သည်။ တစ်ခါတစ်လေကျ သူက ကျွန်မ စိတ်မကောက်တတ်တာကိုပင် သူ့ကို သိပ်မချစ်လို့ သဝန်မတိုတာ၊ စိတ်မကောက်တာ စသဖြင့် ကျွန်မကို ဂျီကျသေးသည်။ ကျွန်မလည်း တစ်ခါတစ်ရံတော့ သူ့ကို စိတ်ခုမိတာမျိုး၊ မယုံနိုင်တာမျိုး ရှိပေမယ့် အဲဒါမျိုးတွေကို လိုက်ပြောနေရမည့် အခြေအနေမျိုး မဟုတ်ဟု ထင်သဖြင့် မပြောဖြစ်တော့ပါ။ ကျွန်မတို့ နှစ်ယောက်က အတည်တကျ ချစ်သူတွေမှ မဟုတ်တာ။ online ပေါ်မှာ၊ ဖုန်းပေါ်မှာ အီစီကလီ အပျော်ချစ် အဆင့်သာ ရှိသည် မဟုတ်လား။ သူ့ကိုတော့ အဲဒီလို မပြောဖြစ်ပေမယ့် ကျွန်မကိုယ် ကျွန်မတော့ အဲဒီလိုပဲ နားချထားသည်။ သူ ကျွန်မကို အလေးမထားဘူး လို့ ခံစားရလျှင်လည်း သူ့ကို နားလည် ပေးလိုက်ပါသည်။ ကျွန်မက ဘယ်သူ့ကိုမှ ပြဿနာ မရှာတတ်သည့် သူမျိုးပါ။ ကျွန်မကိုယ်ကျွန်မလည်း အကောင်းသမား ဖြစ်ဖို့ ကြိုးစားနေသူလို့ သဘောထားသည်။

ကျွန်မ အဘိုးအဘွားအိမ် ပြန်သည့်အခါ သူ ညဘက်ကြီး ဖုန်းဆက်လျှင် လူကြီးတွေ သိမည် စိုးသည့်အတွက် သူ့ကို မဆက်ဖို့ ပြောခဲ့ရသည်။ သူက ဖုန်းမဆက်ပေမယ့် message တော့ ပို့သေးသည်။ အဲဒီတော့လည်း ကျွန်မက အိမ်က cordless ဖုန်းကို မီးဖိုခန်းထဲ ယူပြီး လူကြီးတွေ မသိအောင် ခိုးဆက်ရသည်။ ဖုန်းဆက်ပြီးလျှင် တာဝန်တစ်ခု ပြီးတာပေါ့။ ညနက်မှ သူဖုန်းခေါ်မှာ၊ message ပို့မှာ စောင့်စရာ မလိုတော့ဘူးပေါ့။ တစ်ညတစ်လေထက်ပိုပြီး သူနှင့် အဆက်အသွယ် မရလျှင် ကျွန်မ ကိုယ်တိုင်ကလည်း တစ်ခုခု လိုနေသလို ခံစားတတ်နေလေပြီ။ ကျွန်မ ဖုန်းဆက်တိုင်း သူက “ကျေးဇူးတင်ပါတယ် ဟေရယ်” လို့ အမြဲ ပြောတတ်သည်။ ခုနောက်ပိုင်း သူက ကျွန်မ သူ့ကို ချစ်တာကို ကျေးဇူးတင်သည့်အကြောင်းပါ ထည့်ပြောတတ်သည်။ “ကိုက ဟေ့ကို တကယ်ချစ်တာ.. ဟေ မယုံရင်လည်း မတတ်နိုင်ဘူးကွာ” လို့ ပြောတိုင်း ကျွန်မကလည်း သူ့ကို ယုံချင်မိသည်။ အစတုန်းကတော့ အပျော်ချစ်တာပါလို့ သူကလည်း ပြောခဲ့တာကြောင့် ခုနောက်ပိုင်း “တကယ်ချစ်တာပါ” လို့ ပြန်ပြောနေသည် ထင်၏။ ကလေးကလား စကားတွေ အမြဲပြောမနေပါနဲ့ ဆိုသော်လည်း သူက မရပါ။ ချစ်တာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး တဲ့။ အမြဲတမ်းလိုလို “ဟေ” “အရမ်းချစ်တာပဲ ကွာ” ဆိုတာမျိုးကို ပြောမြဲ။ ကျွန်မက သူများကြားမှာ စိုးရိမ်လို့ ဒါမျိုး မပြောချင်ပေမယ့် သူက မရပါ။ သူပြောတိုင်းမှာ ကျွန်မကိုပါ ပြန်ပြောစေချင်သည်။ ကျွန်မကတော့ သူပြောစေချင်သလို နူးနူးညံညံ ဖွဲ့ဖွဲ့ နွဲ့နွဲ့ ဘယ်တော့မှ ပြန်ပြောလေ့ မရှိပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် သူနဲ့ ကျွန်မက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြီးဆုံးသွားမယ့် ဇာတ်လမ်းတို တစ်ပုဒ်ပါပဲလေ။ ကျွန်မက အလေးအနက် ခံစားမနေသင့်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားသည်။ ဒါပေမယ့်လည်း သူနဲ့ ဘယ်တော့မှ မတွေ့တော့မယ့် ဇာတ်လမ်း အဆုံးသတ်မယ့် နေ့ကို တွေးမိလျှင် ကျွန်မ ရင်ထဲမှာ ဟာ လာသလိုပင်။ သူ့မှာ ကျွန်မ မကြိုက်သော အချက်တွေသာ ရှိသည်။ သူပြောသည့်အတိုင်း ကျွန်မ သိထားသမျှပေါ့လေ။ ဘွဲ့လေးတစ်ခုမှ မရ ဆိုတာကို မကြိုက်။ သူ့ပို့ထားသည့် ဓါတ်ပုံထဲက သူ့ရုပ်ရည်ကို မကြိုက်။ သူ လူမျိုးခြား၊ ဘာသာခြား ဖြစ်နေတာကို မကြိုက်။ သူ နိုင်ငံရေးကို စိတ်ဝင်စားပြီး ပါတီ တစ်ခုမှာ အဖွဲ့ဝင် ဖြစ်နေတာကို မကြိုက်။ သူ စိတ်သဘောထား မကြီးတာကို မကြိုက်။ ဘာကိုမှ မကြိုက်ပဲနှင့် ကျွန်မ ဘာကြောင့် သူနှင့် ဆက်သွယ် ဖြစ်နေသလဲ။ သူ ပြောသမျှ ချစ်စကားကို နားထောင်ကောင်းနေသလဲ ကျွန်မ ကိုယ် ကျွန်မလည်း နားမလည်နိုင်ပါ။ ဖုန်းနံပါတ်တစ်ခုနှင့် gmail address တစ်ခုသာ သိသော လူတစ်ယောက်ကို ကျွန်မ နှစ်နှစ်ကာကာ သံယောဇဉ် ထားလို့ မရနိုင်ဘူး ဆိုတာ ကျွန်မ သိပါသည်။

ကျွန်မ သူ့ကို ဖြတ်ချင်သည်။ သူ့ကို တစ်ချိန်မှာ ဖြတ်ကို ဖြတ်ရမည် ဆိုတာသိသည်။ သို့ပေမယ့်လည်း မဖြတ်နိုင် ဖြစ်နေသည်။ ပတ်ဝန်းကျင် သူငယ်ချင်း အသိုင်းအဝိုင်းမှာ ပေါ်ပေါ်ထင်ထင် တွဲပြဖို့ရာ ကျွန်မမှာ သတ္တိမရှိပါ။ သူကလည်း သတ္တိရှိရှိနှင့် ဇွတ်တိုးပြီး ကျွန်မအနားကို ပေါ်မလာခဲ့ပါ။ ကျွန်မမွေးနေ့ကို သူမေ့နေခဲ့တာကိုလည်း ကျွန်မက စိတ်မကောက်ဖြစ်ခဲ့ပါ။ ချစ်သူ အစစ်တွေမှ မဟုတ်တာလေ လို့ တွေးခဲ့သည်။ ချစ်သူ အစစ်တွေမှ မဟုတ်ပဲ ကျွန်မ သူ့ ဆီက ဘာမှ အများကြီး မမျှော်လင့်လိုပါ။ သူ့မွေးနေ့တုန်းကတော့ သူက သူ့သူငယ်ချင်းတွေကို ကျွေးမှာ၊ ကျွန်မပါ လာမလား လို့ ဖိတ်ဖူးသည်။ ကျွန်မက မလာတော့ပါဘူး ပြောတော့ သူလည်း စိတ်မဆိုးပါ။ သူ့ကိုလည်း တကူးတက မွေးနေ့လက်ဆောင် ပို့မပေးဖြစ်ပါ။ သူကတော့ ကျွန်မမွေးနေ့ သူမေ့သွားတာကို တောင်းပန်သည် ဆိုပြီး မွေးနေ့လက်ဆောင် ပို့မည် ဟု ဆိုသည်။ နောက်တော့ ကျွန်မပြောသလို အရုပ်ကြီးကြီး တစ်ရုပ် ဝယ်ထားပြီးပြီ၊ သူကိုယ်တိုင် လာတွေ့ မှ ပေးမည် ဟုဆိုပြန်သည်။ ထိုမွေးနေ့ လက်ဆောင်ကလည်း ခုချိန်ထိ ရောက်မလာခဲ့တော့ပါ။ တကယ်တော့ ကျွန်မနှင့် သူက တစ်နာရီကျော် နှစ်နာရီလောက် ဆိုင်ကယ်နှင့် လာရုံနှင့် ရောက်သည့် အကွာအဝေးမှာ နေထိုင်ကြတာပါ။ သူ မလာချင်လို့သာ မရောက်ခြင်း ဖြစ်သည်။ သူက အရင်ကတည်းကတော့ ကျွန်မကို တွေ့ချင်သည် ဟု ခဏခဏ ပြောဖူးပါရဲ့။ ချစ်သူတွေလို တွေ့ချင်သည် ဆိုတော့ ကျွန်မကလည်း ဟိုဟို ဒီဒီ အကြောင်းပြပြီး ငြင်းခဲ့ဖူးသည်။ ရန်လည်း ဖြစ်ခဲ့ဖူးပြီမို့ သူကလည်း ကျွန်မ စိတ်ဆိုးမှာ ကြောက်သလား သူပဲ အလုပ်များပြီး မလာနိုင်သလားတော့ မသိနိုင်၊ တွေ့ဖို့ကိစ္စကို သိပ်မပြောတော့ပါ။

သူက မထင်ရပဲ ကျွန်မလိုပင် စိတ်ကူးယဉ်တတ်သူ ဖြစ်သည်။ သူ့စိတ်ကူးထဲမှာ ကျွန်မနဲ့ တူသည့် သမီးလေး တစ်ယောက်ပါ ဖန်တီးထားသေးသည်။ “သမီးလေး နေကောင်းလား၊ ဘာလုပ်နေလဲ၊ ငိုနေလား၊ အိပ်နေပြီလား” ဆိုတာမျိုး ပြောတတ်သေးသည်။ အစပိုင်းတော့ ကျွန်မက သဘောမပေါက်ပဲ လျှောက်မပြောပါနဲ့ လို့ ဆိုခဲ့သော်လည်း နောက်ပိုင်းတော့ သူမေးလျှင် သူ့လိုပင် “သမီးလေး အိပ်နေပြီ၊ မငိုပါဘူး၊ သမီးလေးက သိပ်သဘောကောင်းတာ” စသဖြင့် ပြန်ပြောတတ်လာသည်။ သူက ကျွန်မဆီက morning message ကို နေ့တိုင်း စောင့်စားတတ်သလို ကျွန်မကလည်း သူ ညဘက် ဖုန်းခေါ်ဖို့၊ message ပို့ဖို့ကို မျှော်နေကြ ဖြစ်နေသည်။ တစ်ခါတစ်လေ သူဖုန်းကဒ်သိပ်မရှိတော့လို့ ဖုန်းခေါ်ပါလို့ sms ပို့တတ်သေးသည်။ ဖုန်းကဒ်မရှိလည်း မခေါ်နဲ့တော့ပေါ့ ဘာဖြစ်လဲ ဆိုတော့ “ဟေ့ အသံလေး ကြားချင်လို့ပါကွာ” လို့ ဆိုတတ်သေးသည်။ အစကတော့ ကျွန်မတို့ နှစ်ယောက်လုံး အပျော်သဘောထားခဲ့ပေမယ့် တဖြည်းဖြည်းနှင့် အစစ်အမှန် ခံစားချက် ရှိလာသည်ဟု ခံစားမိလာသည်။

ကြာလာရင် သံယောဇဉ် ပိုကြီးလာမှာ သိပေမယ့် ကျွန်မဘက်က ပြတ်တော့မယ် ဆိုတာမျိုး မပြောချင်၊ မပြောနိုင်ခဲ့ပါ။ သူက ကျွန်မကို စိတ်ကုန်ပြီး ဖြတ်သွားလျှင် ကောင်းမှာပဲ လို့ တစ်ခါတစ်လေ စဉ်းစားသည်။ ဘာပဲဖြစ်ဖြစ် အတူလက်တွဲလို့ ဖြစ်နိုင်သူ မဟုတ်တာ သေချာနေခဲ့သည်ပဲ။ သူ့ဘက်ကလည်း တစ်ခါမှ ဟေ့ကို လက်ထပ်ချင်သည် ရယ်လို့ မပြောဖူးပါ။ အရင်တုန်းကပဲ ကျွန်မကို လာတွေ့ပြီး တစ်ခါတည်း ခိုးပြေးမည် လိုက်မလား ဆိုပြီး စသလို နောက်သလိုသာ ပြောဖူးသည်။ ကျွန်မနှင့် သူ မဖြစ်နိုင်တာ တကယ်တော့ သူလည်း သိမှာပါ။ တစ်ခါကတော့ သူက “အတူတူနေချင်တယ် ဟေရယ်၊ တစ်သက်လုံး အတွက်ပါ”  လို့ message အပြန်အလှန် ပို့နေခိုက်မှာ ပြောဖူးသည်။ ကျွန်မရင်ထဲ တစ်မျိုးဖြစ်သွားခဲ့သည်။ “မဖြစ်နိုင်တာတွေ မပြောပါနဲ့ အပျော်ချစ်တာပဲ” လို့ ပြန်ပို့တော့ “ဘာပြောရမှန်းတောင် မသိတော့ပါဘူး ကွာ” ဆိုပြီး ဆက်မပြောတော့။ ကျွန်မကလည်း တစ်ခြားအကြောင်း ပြောပြီး good night လုပ်လိုက်ကြသည်။
★★★


New Year ညက ကျွန်မတို့အိမ်မှာ ကျွန်မ သူငယ်ချင်းတွေ၊ အစ်မ သူငယ်ချင်းတွေနှင့် မုန့်လုပ်စားကြပြီး သူငယ်ချင်း တစ်ချို့က ကျွန်မတို့အိမ်မှာ ညအိပ်သည်။ သူငယ်ချင်းတွေနှင့် ညလယ်စာ စားနေခိုက် သူ့ဆီက ဖုန်းလာတော့ မကြားပဲ miss call ဖြစ်သွားသဖြင့် ကျွန်မပဲ ပြန်ခေါ်လိုက်ရသည်။ သူငယ်ချင်းတွေကိုလည်း မသိစေချင်သဖြင့် ကျွန်မမှာ အိမ်နောက်ဘက် ခြံထဲ ထွက်ခေါ်ရခြင်း ဖြစ်သည်။ သူကလည်း သူငယ်ချင်းတွေနှင့် အတူရှိနေပုံရသည်။ နည်းနည်းလည်း သောက်ထားပုံ ရသည်။ သူ့ကိုမေးတော့ ဟုတ်တယ် နည်းနည်းသောက်ထားတာ၊ ဧည့်သည်တွေလည်း ရောက်နေလို့၊ ကျွန်မဆီ တက်လာဖို့ရာ မလာနိုင်ဖြစ်နေလို့ စိတ်ညစ်နေတယ် လို့ ဆိုသည်။ ကျွန်မက ရယ်တော့ သူ့ကို မဟားပါနဲ့ လို့ စိတ်ဆိုးချင်သေးသည်။ သူက အဲလိုပါပဲ ဘာမှမဟုတ်လည်း စိတ်လုပ်ချင်နေတာ မဟုတ်လား။ သူ့ဘေးမှာ လူတွေ ရှိနေသလားတော့မသိ၊ သူက ဘာမှ ထပ်မပြောပဲ “ဟေ ပြောလေ” ဆိုတော့ ဘာပြောရမှာလဲ လို့ ကျွန်မက ပြောမိသည်။ တကယ်တော့ သူက သူ့ကို ချစ်တယ် ဆိုတာ ပြောစေချင်တာမှန်း သိသည်။ သူက “တော်ပါပြီကွာ၊ ချတော့မယ်” တဲ့။ “၁၂ မှ ပြန်ဆက်နော်” တဲ့။ ကျွန်မက “I love you” လို့ ခပ်တိုးတိုး ပြောတာကိုတောင် သူကြားချင်မှ ကြားမည်။ ၁၂ ထိုးတော့ သူငယ်ချင်းနှင့် တစ်အိပ်ရာထဲ အိပ်သဖြင့် သူ့ကို ဖုန်းပြန်မဆက်ဖြစ်ပါ။ Good Night message တော့ ပို့လိုက်သည်။ သူ့ဘက်က ပြန်မပို့ပါ။ ကျွန်မလည်း စိတ်ထဲ မထားပဲ အိပ်လိုက်သည်။ အဲဒီညက သူနှင့်တွေ့တာ နောက်ဆုံးမှန်း သိလျှင် ကျွန်မ သူ့ကို ချစ်သည် ဆိုတာ သူကြားအောင် သေချာ ပြောလိုက်မိမည် ထင်သည်။

၂၀၁၄ ရဲ့ နှစ်ဆန်း တစ်ရက်နေ့မှာ ကျွန်မက ထုံးစံအတိုင်း သူ့ကို Morning message ပို့တော့ နှစ်သစ် ဆုတောင်းပါ ထည့်ပို့ဖြစ်သည်။ message ထဲမှာဆို ညွန့်တတ်သည့် ကျွန်မက “တို့နှစ်ယောက် အချစ်တွေ ဆက်လက် ရှင်သန်ပါစေ” ဆိုတာမျိုးပါ ထည့်ပို့လိုက်သေးသည်။ သူ့ဆီက ပြန်စာ မလာပါ။ ရှားရှားပါးပါး တစ်ခါတစ်ရံ သူ့ဆီက message မပြန်တာမျိုး ရှိဖူးသည်။ သူက message မပို့ဖြစ်တာကို ညကျမှ ဖုန်းဆက်တောင်းပန်တတ်တာမျိုး ရှိတော့ ကျွန်မကလည်း ထူးထူးခြားခြား ခံစားမနေပါ။ ညဘက်အထိ သူက ဖုန်းမဆက်တော့ ကျွန်မလည်း နောက်နေ့ မနက်မှာ message မပို့တော့။ သူက နောက်နေ့ညလည်း ဖုန်းမဆက်တော့မှ ကျွန်မက မနေနိုင်မထိုင်ဖြစ်ပြီး သူ့ဆီ message စပို့သည်။ သူ့ဘက်မှ ဘာမှ ပြန်မလာပါ။ ကျွန်မလည်း စိတ်ဆိုးပြီး နေလိုက်သည်။ နှစ်သစ်မှာ သံယောဇဉ်အဟောင်းတွေ ဖြတ်ချင်သလား လို့ message ပို့တော့လည်း ဘာမှ ပြန်မလာပါ။ နောက်ထပ် သုံးရက်လောက်နေတော့မှ မနက်စောစော သူ့ဆီ ဖုန်းခေါ်ကြည့်တော့ “လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့်… ” နှင့် တိုးသည်။ ကျွန်မလည်း အတော် အံသြသွားသည်။ သူ အိပ်ရာမနိုးလို့များ ပိတ်ထားသလား ထင်ပြီး နေ့လည် တစ်ခါ ညနေတစ်ခါ ခေါ်သည်။ ပိတ်ထားတုန်းပင်။ အဲဒီကတည်းက သူ့ဖုန်းကို ဆက်တိုင်းမှာ စက်ပိတ်ထားသည်သာ ပြောတော့သည်။

သူနှင့် နောက်ဆုံးတွေ့တုန်းက ကျွန်မတို့ ဘာမှ ထွေထွေထူးထူး မပြောဖြစ်ခဲ့ကြပါ။ သူ့ဖုန်းကဒ် ပိတ်သွားတာ၊ ပျက်သွားတာ၊ လိုင်းမမိသည့်နေရာ ရောက်နေတာ ဆိုလျှင်လည်း ကျွန်မကို တစ်ခြားဖုန်းနှင့် ဆက်သင့်သည်။ ဖုန်းနံပါတ်တစ်ခုနှင့် gmail တစ်ခုသာ သိသော သူက ဖုန်းလည်းပိတ်ထား၊ online လည်း မဝင်တော့သည့်အခါ သူနှင့် ကျွန်မ အဆက်အသွယ် ပြတ်သွားသည်။ ကျွန်မ ဖြစ်စေချင်သည့်အတိုင်းပါပဲ။ ကျွန်မဖြတ်စရာမလိုပဲ သူ့ဘက်က စတင်၍ အဆက်အသွယ်ဖြတ်ခဲ့ပြီလေ။ ဒါပေမယ့်လည်း ဒီလိုပုံစံနှင့် သူ ပျောက်ဆုံးသွားတော့ ကျွန်မစိတ်ထဲ အမျိုးမျိုး ဇာတ်လမ်းဆင်ပြီး တွေးနေမိသည်။ ကျွန်မဖုန်းကို reject list ထဲထည့်ထားသလား မသင်္ကာလို့ အစ်မဖုန်းနှင့် တစ်ခါဆက်ကြည့်တော့လည်း ဖုန်းပိတ်ထားသည်ပဲ ပြောသည်။ သူ ကျွန်မကို အဲဒီလို လုပ်စရာ ဘာအကြောင်းမှတော့ မရှိပါ။ ကျွန်မက သူ ပွင့်ပွင့်လင်းလင်း ပြတ်ပြီ ပြောလျှင်လည်း ရသည့်သူပဲ၊ သူ့ကို လိုက်တွယ်ကပ်နေမှာမှ မဟုတ်ပဲ။ ဒီဖုန်းနံပါတ်နှင့် ရှုပ်ခဲ့သော ဇာတ်လမ်းတွေ အားလုံးကို ဖြတ်ချင်၍ ဖုန်းကဒ်အသစ် ဝယ်ကိုင်နေတာလည်း ဖြစ်နိုင်သည်။ သူ့ရဲ့ 91 နှင့် စသော ဖုန်းက မမိသော နေရာတွေလည်း များသည်။ ဖုန်းမမိသော အရပ်ဒေသကိုများ ရုတ်တရက် ထွက်သွားရလို့ ကျွန်မကို ဖုန်းမဆက်လေသလား၊ နိုင်ငံရပ်ခြားပဲ သွားလေသလား တွေးကာ သူ့ကို နားလည်ပေးချင်သော ကျွန်မက ဘယ်အချိန် သူ့ဖုန်း ပြန်လာမလဲလို့ မသိစိတ်က မျှော်နေမိသေးသည်။

အစပိုင်းက ၂ ရက်တစ်ခါလောက် ဆက်ကြည့်မိသေးသော်လည်း ဖုန်းပိတ်ထားသည် ဆိုတာကို ကြားရသော ရက်သတ္တပတ်တွေ များလာသောအခါ ကျွန်မလည်း သူ့ဖုန်းကို မဆက်မိတော့ပါ။ ကျွန်မ မဖြစ်စေချင်သော အတွေးကလည်း စိတ်ထဲမှာ ပေါ်ပေါ်လာသည်။ သူ တစ်စုံတစ်ခုများ ဖြစ်နေလေသလား လို့ပါ။ ဖုန်းရော လူရော တစ်ခုခု ဖြစ်သွားခဲ့သလား ဆိုသော အတွေးက ကျွန်မစိတ်ကို နှောက်ယှက်နေသည်။ ကျွန်မအသံလေး မကြားရရင် မနေနိုင်ပါဘူး ဆိုသူက ရက်ပေါင်းများစွာ ကြာအောင် ဖုန်းမဆက်တာဟာ သူ တစ်ခုခု ဖြစ်သွားလို့သာ ဖြစ်ရမည်။ အဲဒီလို တွေးမိရင် သူ့ဖုန်းကိုလည်း မဆက်ချင်တော့ပါ။ သူ မဟုတ်သော တစ်ယောက်ယောက်က ကိုင်ပြီး တစ်ခုခု ပြောလိုက်မှာလည်း ကြောက်နေသည်။ အဲဒီလို ဆိုလျှင် သူ ကျွန်မကို အကြောင်းမရှိပဲ ပစ်မထားဘူး။ ကျွန်မကို တကယ်ချစ်တာပါ ဆိုတာကို သိလိုက်ရမှာ ဖြစ်ပေမယ့် ကျွန်မက အဲဒီလိုမျိုးတော့ မဖြစ်စေလိုပါ။ ကျွန်မကို လိမ်ညာကာ သစ္စာဖောက်သွားတာမျိုးပဲ ဖြစ်ပါစေ..၊ အပျော်သဘောနှင့်မို့ ဇာတ်လမ်း အပြီးဖြတ်သွားတာမျိုးပဲ ဖြစ်ပါစေ..၊ သူ့ကို သူ့နေရာမှာသူ ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေပဲ ရှိနေစေချင်ပါသည်။ သူ့ခြေရာကို ကျွန်မ ပြန်မရှာချင်ပါ။ viber နှင့် message ပို့စဉ်က သူ့ location ကို ကျွန်မ မှတ်ထားလိုက်မိတာ ရှိသော်လည်း လိုက်ရှာ စုံစမ်းဖို့ စိတ်ကူး ကျွန်မမှာ မရှိပါ။

ကျွန်မထံသို့ အလည်လာသော ကြယ်ကလေး သူ့ပတ်လမ်းကြောင်းထဲကို သူ ပြန်ရောက်သွားတာမျိုးပဲ ဖြစ်ဖို့ ကျွန်မ မျှော်လင့်ပါသည်။ သူ့ကို ကျွန်မ မကြွေလွင့်စေချင်ပါ။ ရုပ်ရှင်တွေ ဝတ္တုတွေ ထဲကလို သူ အကြာကြီး သတိမေ့နေပြီးမှ ကျွန်မဆီ ပြန်ရောက်လာဦးမလား လို့ နတ်သမီးပုံပြင်လိုမျိုး စိတ်ကူးကိုလည်း ကျွန်မ မရပ်တန့်နိုင်သေးပါ။ သူမရှိလို့ ကျွန်မ အစားမပျက်၊ အအိပ်မပျက်၊ အနေအထိုင် မပျက်ပါ။ Morning message လည်း ပို့စရာမလို၊ ညဘက်လည်း ဖုန်းစောင့်စရာမလို၊ ကျွန်မ ဖုန်းလိုင်း ပျက်နေလည်း စိတ်ပူစရာ မလိုတော့ပါ။ အရင်လို ချစ်သူမရှိသော လွတ်လပ်မှုကို ပြန်ရလို့ ကျွန်မ ပျော်ရမည် မဟုတ်လား။ သူနှင့် ကျွန်မ ဘယ်လိုမှ မဖြစ်နိုင်တာ သိလို့ တစ်နေ့နေ့ ပြတ်ဖို့ကို ကျွန်မ မျှော်လင့်ခဲ့ပြီးသား မဟုတ်လား..။ ဒါပေမယ့်လည်း ကျွန်မ ကြယ်ကလေး သူ့အရပ်ဒေသမှာသူ လင်းနေတာကိုတော့ ဝေးဝေးကနေပဲ ဖြစ်ဖြစ် ကျွန်မ မြင်ချင်ပါသေးသည်။

သိင်္ဂါကျော်


07 January, 2014

လူငယ်နှင့် ရည်မှန်းချက်ကို ပြုစုပျိုးထောင်ခြင်း


တက်ကြွလန်းဆန်းတဲ့ အရွယ်ဖြစ်တဲ့ လူငယ်တိုင်းမှာ ရည်မှန်းချက်ဆိုတာ ရှိကြပါတယ်။ တစ်ချို့ကတော့ ပတ်ဝန်းကျင်က လေးစား အားကျစရာ ဘဝတွေကို ကြည့်ပြီး အဲဒီလို ဖြစ်ရင် ကောင်းမှာပဲလို့ ရည်မှန်း လိုက်ကြတာမျိုးလည်း ရှိပါတယ်။ တစ်ချို့ကတော့ မိဘ အသိုင်းအဝိုင်းက ငယ်ငယ်ကတည်းက ရိုက်သွင်းထားတဲ့ အတိုင်း ဒီဘဝ ရောက်ရမယ်၊ ဖြစ်ရမယ် ဆိုတာမျိုးကိုပဲ ကိုယ့်ရည်မှန်းချက် အနေနဲ့ ထားလိုက်ကြတာမျိုးလည်း ရှိပါတယ်။ တစ်ချို့ကတော့ ကိုယ်တိုင် ဖြစ်ချင် ရောက်ချင်တဲ့ ဘဝကို ရည်မှန်းချက် သတ်မှတ်ထားကြတာလည်း ရှိပါတယ်။ တကယ်တော့ ကိုယ့်ဘဝအတွက် ရည်မှန်းချက် သတ်မှတ်တယ် ဆိုကတည်းက ကိုယ်တကယ် အဟုတ် ဖြစ်ချင်တဲ့ ကိစ္စကိုပဲ ပန်းတိုင် ထားသင့်တာပါ။ ငယ်ငယ်က ကျွန်တော့် ရည်မှန်းချက် ဆိုပြီး စာစီစာကုံး ရေးကြရတော့လည်း တကယ့် ကိုယ့်ရည်မှန်းချက်ကို ရေးတဲ့ ကလေးက ရှားပါတယ်။ ဖတ်ထားတဲ့ စာစီစာကုံး စာအုပ်တွေထဲက ထုတ်နှုတ်ရေးကြတာပဲ များပါတယ်။ နားလည်တတ်တဲ့ ကလေးအရွယ်ကတည်းက သူ အမှန်တကယ် ဝါသနာပါပြီး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် အသက်မွေးဝမ်းကြောင်းမှု လုပ်သွားနိုင်မယ့် ဘဝကို ရည်မှန်းတတ်ဖို့ မိဘ ဆရာ တွေက တိုက်တွန်း အားပေး သင့်ပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ အချိန် အသက်မွေးဝမ်းကြောင်းမှု ရွေးကြတဲ့ အခါမှာလည်း လူငယ် တော်တော်များများဟာ ကိုယ်ဘာကို တကယ် ဖြစ်ချင်တယ် ဆိုတာကို သေချာ မစီစစ်ကြတာ များပါတယ်။ အမှတ်များတဲ့ သူများကလည်း သူတို့အမှတ်နဲ့ ကိုက်ညီတဲ့ ဆရာဝန်လိုင်း၊ အင်ဂျင်နီယာလိုင်း၊ ခေတ်အလိုက် အမှတ်မြင့်တဲ့ တက္ကသိုလ်များမှာ တက်လိုက်ကြတယ်။ အမှတ် အသင့်အတင့် ရသူများကလည်း အလုပ်အကိုင် အဆင်ပြေနိုင်တယ်၊ ဝင်ငွေကောင်းနိုင်တယ်လို့ အများကပြောကြတဲ့ လိုင်းတွေကို လျှောက်လိုက်ကြ၊ တက်လိုက်ကြပါတယ်။ ကိုယ်ဘာကို ဝါသနာပါသလဲ၊ ဘာကို လုပ်ချင်တာလဲ ဆိုတာ သေချာ မစဉ်းစားကြတာ များပါတယ်။ တစ်ချို့လည်း စဉ်းစားခွင့်မရှိပဲ မိဘ အသိုင်းအဝိုင်းက လျှောက်ခိုင်းတဲ့ လမ်းကိုပဲ လျှောက်လိုက်ကြတာပါပဲ။ တစ်ချို့ကျတော့လည်း ကိုယ့်လုပ်ချင်တာ တစ်ခုတော့ ရှိပေမယ့် ဒါကို ဖြစ်အောင် လုပ်မှ လုပ်နိုင်ပါ့မလား လို့ မဝံ့မရဲ ဖြစ်ပြီး “ငါ ဒီလမ်းကို ကိုယ့်ဟာကိုယ် ရွေးလျှောက်လို့ မအောင်မြင်ခဲ့ရင် မိဘဆွေမျိုးတွေက အပြစ်တင်ကြမှာပဲ၊ သူတို့ လျှောက်ခိုင်းတဲ့ လမ်းပဲ လျှောက်လိုက်ပါမယ်လေ” ဆိုတာမျိုးလည်း ရှိကြပါတယ်။ တကယ်တမ်း အသက်မွေးဝမ်းကြောင်း ပြုကြတဲ့ အခါကျတော့ ကိုယ် စိတ်မဝင်စား၊ ဝါသနာ မပါတဲ့ ပညာရပ်၊ လုပ်ငန်း ဖြစ်တဲ့ အတွက် အလူးလူး အလိမ့်လိမ့်နဲ့ပဲ မအောင်မမြင် ဖြတ်သန်း ကြရတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ တစ်ချို့လည်း ကိုယ်ဖြစ်ချင်တာ မဟုတ်ပေမယ့် ဖြစ်သင့်တာကို အောင်အောင်မြင်မြင် ဖြစ်မြောက်အောင် လုပ်နိုင်သူတွေလည်း ရှိကြပါတယ်။

ရည်မှန်းချက် ဆိုတာက အံသြစရာ ကောင်းတဲ့ အရာပါ။ အရမ်းများလွန်းရင်လည်း မကောင်း၊ အရမ်း နည်းလွန်းရင်လည်း မကောင်းပါဘူး။ အများကြီး ရည်မှန်းထားပြီး ဖြစ်မလာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်လည် မတည်ဆောက်ချင်တော့ပဲ ဘဝပျက်တဲ့အထိ ဖြစ်သွားတတ်တာတွေ ရှိပါတယ်။ ရည်မှန်းချက် မရှိပဲ ဘဝကို ရေလိုက် ငါးလိုက် နေကြသူများမှာလည်း ဘာမှ တိုးတက် အောင်မြင်မှု ဆိုတာ မရှိနိုင်ပဲ တသမတ်တည်း ဘဝကို ဖြတ်သန်း နေရတတ်ပါတယ်။ ကိုယ် ဘာကို အောင်မြင်အောင် လုပ်ချင်သလဲ၊ ဘယ်အချိန်မှာ ဖြစ်ချင်တာလဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်သင့်ပါတယ်။

ရည်မှန်းချက် တစ်ခု သေသေချာချာ ရှိလာရင် အဲဒါက ကိုယ့်ဘဝမှာ ကြုံတွေ့လာမယ့် အခက်အခဲတွေကို ကျော်ဖြတ်ဖို့ တွန်းအားပေးပြီး အဲဒီနောက်မှာတော့ ကိုယ်တန်ဖိုးထားတဲ့ အရာကို ရအောင် ယူနိုင်မှာပါ။ ဘဝရည်မှန်းချက်သာ မရှိခဲ့ရင်၊ ကိုယ့်ဘဝကို ဘယ်လို ပုံစံနဲ့ ဘယ်နေရာ ရောက်အောင် လျှောက်မယ် ဆိုတဲ့ လမ်းကြောင်းသာ သေချာ သတ်မှတ် မထားခဲ့ရင်၊ အဲဒီ ဘဝက ပျင်းစရာ ကောင်းတဲ့ ဘဝ ဖြစ်မှာပါပဲ။ စာရေးဆရာ Maxwell Maltz က ဒီလိုပြောပါတယ်။ “သင့်မှာ သင့်အတွက် လုံလောက်တဲ့ ပန်းတိုင် မရှိဘူး၊ သင့်ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ၊ ကြိုးပမ်းအားထုတ်နိုင်စွမ်းတွေကို ရည်မှန်းချက်ပန်းတိုင် ရောက်အောင် သွားဖို့ အသုံးပြုခြင်း မရှိဘူး၊ အဲသလို ဘာမှမရှိခြင်းဆိုတာ သင်ဟာ စိတ်ကူးဉာဏ် ကွန့်မြူးပြီး နေထိုင်နေခြင်း မရှိဘူးဆိုတဲ့ ရောဂါ လက္ခဏာ တစ်ခုပါတဲ့။

လူငယ်တိုင်းမှာ အိပ်မက်တွေတော့ ရှိကြတာချည်းပါပဲ။ ဒါပေမယ့်လည်း ကြီးပြင်းလာတဲ့ အခါမှာ အဲဒီအိပ်မက်အတိုင်း လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့သူက ရှားပါးပါတယ်။ သစ်သီးတိုင်းမှာ သစ်စေ့ဆိုတာ ပါလာပေမယ့် အဲဒီ သစ်စေ့တိုင်းက သစ်ပင်သစ် တစ်ပင်အနေနဲ့ မရှင်သန် မပေါက်မြောက်နိုင်ကြပါဘူး။ အနည်းငယ်လောက်သာပဲ အောင်မြင်တဲ့ အပင်တစ်ပင် ဖြစ်လာနိုင်သလိုပါပဲ။ လူငယ်အများစုက “ငါလုပ်ရင် ဖြစ်မှ ဖြစ်ပါ့မလား” ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်မကြီး၊ မယုံကြည်တတ်တဲ့ စိတ်ကြောင့် ကိုယ့်ဆီမှာ ရှိတဲ့ ရည်မှန်းချက် အိပ်မက်ကို ဥပေက္ခာပြုပြီး အလွယ်လမ်းကို လိုက်လိုက်ကြပါတယ်။ အဲဒီအခါ အသက်မွေးဝမ်းကြောင်း အနေနဲ့ အလုပ်တစ်ခု မလုပ်မဖြစ် လုပ်နေရတဲ့ အခြေအနေမှာ လုံးဝ အလုပ်မှာ စိတ်ပါဝင်စားခြင်းမရှိ၊ တိုးတက်အောင် လုပ်လိုစိတ်မရှိပဲ ဖြစ်သွားပြီး ဝတ္တရားတစ်ရပ် အနေနဲ့သာ လုပ်ဆောင်နေရတဲ့ အဖြစ်မျိုး ဖြစ်သွားတတ်ပါတယ်။ အဲဒီလို လူတစ်ယောက်အတွက် တိုးတက်အောင်မြင်ဖို့ဆိုတာ တော်တော် ဝေးကွာနေပါပြီ။

တစ်ချို့ အိပ်မက်တွေကတော့ အိပ်မက် သက်သက် ဖြစ်ပြီး တကယ်တမ်း ဖြစ်မြောက်လောက်အောင် စိတ်အားထက်သန်မှု မရှိတဲ့အခါ အိပ်မက် အဆင့်မှာပဲ ရှိနေပြီး ရည်မှန်းချက် အဆင့်ကို ရောက်မလာတော့ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ဦးတည် အာရုံစိုက်ပြီး ကိုယ်ရည်မှန်းချက် အစစ်အမှန်ကို ရှာဖွေဖို့က အရေးကြီးလှပါတယ်။ ဘယ်လို အမျိုးအစား ရည်မှန်းချက်က အသင့်တော် အကောင်းမွန်ဆုံး ဖြစ်နိုင်မလဲ။ ရိုးရိုးလေးပါပဲ။ ကိုယ့်အတွက် ဘယ်အရာက တန်ဖိုးအရှိဆုံး ဖြစ်မလဲ ဆိုတာ စဉ်းစားဖို့ပဲပေါ့။ ကိုယ် တကယ့်ကို အစစ်အမှန် လိုချင်တဲ့ ဆန္ဒ၊ ကိုယ်တိုင် ရရှိပိုင်ဆိုင်လိုတဲ့ အရာ ဖြစ်ရပါမယ်။ တစ်ခုတော့ သတိထားဖို့ ရှိပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်က တစ်ကိုယ်ကောင်း ဆန်လွန်းနေသလား။ လူမဆန်လောက်တဲ့ ရည်မှန်းချက်မျိုးလား။ သူတစ်ပါးကို ထိခိုက်စေနိုင်သလား။ အဲသလိုမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ရည်မှန်းချက် ဆိုတာက ကိုယ့်ကို လူတစ်ယောက်အနေနဲ့ ပိုမို ကောင်းမွန်စေနိုင်တဲ့၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ တစ်ခြားသူတွေ အပေါ်ကိုလည်း ပိုမို တိုးတက်ကောင်းမွန် စေနိုင်တဲ့ အခြေအနေမျိုးသာ ဖြစ်သင့်ပါတယ်။

ရည်မှန်းချက် ကို သတ်မှတ်တဲ့ အခါမှာ သင့်တော်တဲ့ အချိန်ကိုလည်း ရွေးချယ် တတ်ရပါမယ်။ ဥပမာ.. ကိုယ်က အခုမှ တက္ကသိုလ် ဝင်တန်းတောင် မအောင်မြင်သေးပဲနဲ့၊ အဆိုတော် ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ကြိုးစားနေမယ် ဆိုရင်၊ စာရေးဆရာ ဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် ကြိုးပမ်းအားထုတ်နေမယ် ဆိုရင် အချိန်မသင့်သေးဘူး လို့ ပြောရပါမယ်။ ကိုယ့်အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုက အနည်းဆုံးတော့ ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရပါမယ်။ ကိုယ့်မိဘ ကိုယ်တော့ အတန်အသင့် ထောက်ပံ့နိုင်လောက်တဲ့ အခြေအနေမျိုး ရှိသင့်ပါတယ်။ ကိုယ့်အသက်မွေးဝမ်းကြောင်းမှု ခိုင်မာပြီ ဆိုတဲ့အခါ ကိုယ်ဝါသနာပါတဲ့ ရည်မှန်းချက်ကို စတင် လုပ်ဆောင်ဖို့ အချိန်က ဘယ်တော့မှ နောက်မကျပါဘူး။

ရည်မှန်းချက် တစ်ခုကို ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည် ချမှတ်ပြီးပြီ ဆိုကြပါစို့။ အဲဒီ ရည်မှန်းချက်ကို ရအောင်၊ ရောက်အောင် စတင်ပြီး တည်ဆောက်ကြရမှာပါ။ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် သွားဖို့ အတွက် အဆင့်တွေ ထပ်မံ ခွဲခြားပြီး တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်းစီ အောင်မြင်အောင် လုပ်ဆောင်သွားရမှာပါ။ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေ တစ်ခုချင်း တစ်ခုချင်းစီကို စာရွက်ပေါ်မှာ ချရေးထားပါ။ အဲဒါကို ဖြစ်မြောက်ဖို့ အတွက် ဘာတွေ လိုအပ်သလဲ၊ ကိုယ့်ဘက်က ဘာအရည်အချင်းတွေ ဖြည့်ဆည်းထားဖို့ လိုသလဲ ဆိုတာလည်း ချရေးထားပါ။ ဘယ်အချိန်လောက်မှာ ပြီးအောင် လုပ်မလဲ ဆိုတာကိုလည်း ချရေးထားပါ။ နောက်ဆုံး ရည်မှန်းချက် အကြီးကြီးကို ရောက်တဲ့ အထိ ရည်မှန်းချက် အသေးလေးတွေကို အသေအချာ အစီအစဉ် ဆွဲထားဖို့ လိုအပ်ပါတယ်။ အဲသလို ချရေးပြီးပြီ ဆိုတဲ့အခါ ဘယ်အချိန် စလုပ်ရမလဲ ဆိုတဲ့အခါ.. ကိုယ့်ရည်မှန်းချက်ကို သတ်မှတ်ပြီးပြီ ဆိုတာနဲ့ ချက်ချင်းပဲ စတင်လို့ ရပါပြီ။ ဟိုနေ့မှ၊ ဒီနေ့မှ ရယ်လို့ ရက်ရွေးနေရင်တော့ ဘယ်တော့မှ စတင်ဖြစ်တော့မယ် မဟုတ်ပါဘူး။

ရည်မှန်းချက်တစ်ခု သတ်မှတ်ပြီး ရအောင် လုပ်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင် ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ်တိုင်ရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်မှု အပြည့်အဝ ထားရပါတော့မယ်။ ကိုယ်သတ်မှတ်ထားတဲ့ အဆင့်တိုင်း အဆင့်တိုင်းကို ဖြစ်နိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာ နဲ့ အောင်မြင်ပြီးမြောက်မယ့် အချိန်မှာ ရလာမယ့် ရလာဒ်ကိုပဲ စိတ်ကူးတွေးတောပြီး ကြိုးစားရပါမယ်။ မဖြစ်နိုင်ပါဘူး၊ စိတ်ကူးယဉ်နေတာပါ ဆိုတဲ့ အတွေးမျိုးကို ဘယ်တော့မှ မတွေးပါနဲ့။ ကိုယ့်ရည်မှန်းချက်၊ ကိုယ် လုပ်ချင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အဖျက်အဆီး အနှောက်အယှက် ပေးမယ့် အဆိုးမြင်တတ်သူတွေနဲ့ တတ်နိုင်သမျှ မပေါင်းသင်းပါနဲ့။ အဆိုးမြင်သမားများက ကိုယ့်ကို အကြံဉာဏ်ကောင်း ပေးမယ့်အစား စိတ်ဓါတ်ကျစရာတွေပဲ ခေါင်းထဲထည့်ပေးပါလိမ့်မယ်။ “မင်းလောက် ဉာဏ်တုံးတဲ့ကောင်က ဘယ်တော့မှ ဆယ်တန်းအောင်မှာ မဟုတ်ဘူး”၊ “မင်း အရည်အချင်းလောက်နဲ့ မင်းရည်မှန်းထားတဲ့ ဘဝကို ရမှာတဲ့လား မဖြစ်နိုင်တာ စိတ်ကူးယဉ်မနေပါနဲ့ကွာ” ၊ “မင်းက အဲဒီ အလုပ်မှာ အောင်မြင်ချင်တာလား၊ ဟားဟား ဟုတ်မှလည်း လုပ်ပါကွာ” စတဲ့ အပျက်သဘော မြင်တတ်တဲ့ သူတွေရဲ့ စကားတွေကို ခေါင်းထဲ အရောက်မခံပါနဲ့။ ကိုယ်နဲ့ ရည်မှန်းချက်တူသူတွေ၊ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရရှိပိုင်ဆိုင်ထားသူတွေနဲ့ တိုင်ပင် နှီးနှောပြီး လမ်းညွှန်ပြသမှုကို ခံယူပါ။ အပြုသဘော အကောင်းမြင်သမားတွေနဲ့ နီးနီးကပ်ကပ် နေတဲ့အခါ ကိုယ်တိုင်လည်း အပြုသဘော စိတ်ထားတွေ တိုးပွားပြီး ရည်မှန်းချက်အောင်မြင်ဖို့ နီးကပ်လာပါလိမ့်မယ်။

ရည်မှန်းချက်ကို ပြုစုပျိုးထောင်တဲ့ နေရာမှာ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုက စိတ်အားထက်သန်မှုပဲ ဖြစ်ပါတယ်။ ပြင်းပြင်းပြပြ စိတ်အားထက်သန်မှုက ကိုယ့်ရဲ့ အိပ်မက်တွေထဲမှာ လက်တွေ့ နေထိုင်ခွင့်ကို ရရှိစေနိုင်ပါလိမ့်မယ်။ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုကို လေးလေးနက်နက် စိတ်ပါလက်ပါ ရှာဖွေ လုပ်ကိုင်တတ်သူဟာ ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို ပြသပြီး ကိုယ့်ပတ်ဝန်းကျင်ကို ပိုမို ကောင်းမွန်စေမယ့်သူ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်နိုင်တဲ့သူ ဖြစ်ပြီး ကိုယ့်ဘဝကို ပျော်ရွှင် ကျေနပ်မှု ရှိရှိနဲ့ နေသွားနိုင်မယ့်သူ ဖြစ်ပါတယ်။ စိတ်အားထက်သန်မှု ရှိတဲ့သူဟာ အရှုပ်အထွေး အနှောက်အယှက် တွေ ကြားထဲက ကိုယ်သွားရမယ့် လမ်းကို ရအောင် ရှာနိုင်သူ ဖြစ်ပါတယ်။ ကိုယ့်အင်အားကိုလည်း ပျမ်းမျှထက်ကိုပိုပြီး အသုံးချနိုင်သလောက် သုံးတတ်တဲ့သူ ဖြစ်ပါတယ်။ ကိုယ့်မှာ စိတ်အားထက်သန်မှုသာ ရှိနေပါစေ။ ကိုယ့်ရည်မှန်းချက်ကို ပြုစုပျိုးထောင်ရာမှာ ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

ဒီနေ့ခေတ်မှာ အပျော်အပါး အပန်းဖြေစရာတွေ ကလည်း သိပ်ကို များပြားလှပါတယ်။ လူငယ် လူရွယ် အများစုဟာ ကိုယ့်ဘဝ တိုးတက်မှုအတွက် ကြိုးစားရမယ့် အစား အပျော်အပါးတွေထဲမှာ စိတ်မထိန်းနိုင်ပဲ မျောပါ အချိန်ကုန်နေတတ်ကြပါတယ်။ ကိုရီးယားရုပ်ရှင်တွေ၊ music concert တွေ၊ computer game တွေ အပြင် ခုခေတ်မှာ လူတိုင်း internet သုံးနိုင်နေတဲ့အခါ facebook၊ gtalk စတာတွေကကလည်း တစ်နေ့တစ်နေ့ရဲ့ အချိန်တွေကို အတော်ကုန်ဆုံးစေတာ တွေ့နေရပါတယ်။ ကိုယ့်ရည်မှန်းချက်ကို အောင်မြင်လိုတဲ့ လူတစ်ယောက်ဟာ ကိုယ့်ရည်မှန်းချက်ကို သွေဖြည်သွားစေမယ့် အရာတွေအတွက် ကိုယ့်ကိုယ်ကို အဆုံးရှုံး မခံပါဘူး။ ဘဝ အောင်မြင်မှုကို လိုလားတဲ့ လူငယ်ဟာ ဘယ်လို အခက်အခဲ အခြေအနေတွေပဲရှိရှိ.. ဘယ်လို အပျော်အပါးတွေကပဲ ဆွဲဆောင် ဆွဲဆောင်.. ကိုယ်လုပ်ရမယ့် အရာကိုပဲ အာရုံစိုက်ပြီး လုပ်ကိုင်တတ်ရပါမယ်။

စိတ်အားထက်သန်မှု ရှိတဲ့သူဟာ သူ့ပတ်ဝန်းကျင်က သာမန်လူတွေထက် ပိုပြီး တီထွင် ဖန်တီး နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်း ရှိပါတယ်။ သူ့စိတ်ကူး အကြံအစည် တစ်ခုကို အကောင်အထည်ပေါ်လာအောင် သူ့မှာ ရှိသမျှ စွမ်းရည် အကုန်သုံးပြီး လုပ်ကိုင်တဲ့ အတွက် အချိန်တစ်ခု ကြာတဲ့အခါမှာ အစစ်အမှန် ဖြစ်ပေါ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ဘဝရဲ့ ဖန်ဆင်းရှင်ဟာ သူကိုယ်တိုင်ပဲလို့ ယုံကြည်သူ ဖြစ်ပါတယ်။ သမားရိုးကျ သာမန်ဘဝမှာ မနေလိုသူ ဖြစ်ပါတယ်။ သူဟာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ နောက်ထပ် ဘယ်လို အရာတွေက သူ့ကို ထိခိုက်စေမလဲဆိုတာကို ကြောက်ရွံမနေသူ ဖြစ်ပါတယ်။ သူဟာ သူဆန္ဒရှိတဲ့ သူ့အနာဂါတ်အတွက် အကျိုးသက်ရောက်မှု ရှိနိုင်မယ့် လိုအပ်ချက်တွေ အပေါ်မှာပဲ တုံပြန် ပြုမူလှုပ်ရှားပါတယ်။

စိတ်အားထက်သန်မှု ရှိတဲ့အခါ ကိုယ့်ရဲ့ အိပ်မက်က ဘယ်လို ပုံစံဆိုတာ ကောင်းကောင်း နားလည် နိုင်တဲ့အပြင် ကိုယ့်လိုချင်တဲ့အရာကို ရကိုရနိုင်တယ် ဆိုတာ အမှန်တရား တစ်ခုဖြစ်တယ် လို့ သိထားပါတယ်။ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်လိုတဲ့ လူငယ်တစ်ယောက် အနေနဲ့ ကိုယ့်အိပ်မက် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်နိုင်ပြီးတဲ့နောက် ကိုယ့်အိပ်မက် အကောင်အထည်ပေါ်တဲ့ အဆင့်ရောက်အောင် ကိုယ့်မှာ ရှိသမျှ အစွမ်းအစ အကုန် ထုတ်သုံးပြီး ဦးတည် လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။ ရင်ဆိုင်ရမယ့် အခက်အခဲ တွေအတွက် ကြောက်စိတ်ကို ကျော်လွှားဖြတ်သန်း ရမယ့် အရာတစ်ခု အနေနဲ့ သိရှိပြီး ကိုယ့် အတွင်းစိတ်က အင်အားနဲ့ စိတ်အားထက်သန်မှုရဲ့ ညွန်ကြားပြသမှုနဲ့ ကြောက်စိတ် ဝင်မလာအောင် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

ကိုယ် အမှန်တကယ် လိုချင်တဲ့ ရည်မှန်းချက်က ဘာလဲ၊ ကိုယ် ဘာလုပ်ရမလဲ ဆိုတာကို သိရှိပြီးတဲ့သူဟာ ကိုယ့်စိတ်နှလုံးသား ထဲက လိုအပ်ချက်ကို ဖတ်ရှု အဓိပ္ဗါယ်ဖော်နိုင်တဲ့သူ ဖြစ်ပါတယ်။ ပန်းတိုင် သတ်မှတ် နိုင်ပြီးတဲ့အခါ စိတ်အားထက်သန်မှု၊ ပုံမှန်ထက် သာလွန်တဲ့ ဖန်တီးနိုင်စွမ်း၊ ကျေနပ်နှစ်သိမ့်မှု များကို လက်ဆောင်အနေနဲ့ လက်ခံ ရယူနိုင်မှာပါ။ အဲသလို လူတစ်ယောက် အနေနဲ့ သူ့လို လမ်းကြောင်းကို လျှောက်လှမ်းချင်တဲ့ တစ်ခြားလူတွေကိုလည်း သူလက်ခံ ကျင့်သုံးတဲ့ စိတ်အားထက်သန်မှု၊ ဖန်တီးနိုင်မှု တွေကို မျှဝေ ပေးနိုင်ပါတယ်။ အမြဲတမ်း စိတ်အားထက်သန်မှုနဲ့ တက်ကြွနေတတ်တဲ့သူ၊ အကောင်းမြင်ဝါဒနဲ့ အပြုသဘောထား ထားတတ်တဲ့သူနဲ့ တွေ့ဆုံရတဲ့အခါ သူ့ရဲ့ ပျော်ရွှင်မှုက သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း ကူးစက်စေပါလိမ့်မယ်။

ကိုယ့်ရည်မှန်းချက်ကို ပေါက်မြောက်အောင် ပြုစုပျိုးထောင်လိုတဲ့ လူငယ်များဟာ ကိုယ့်ကိုယ်ကို စိတ်အားထက်သန်မှုရှိတဲ့သူ ဖြစ်အောင် မွေးမြူရပါမယ်။ မနက်မိုးလင်း အိပ်ရာထကတည်းက ပျော်ရွှင်တက်ကြွစွာနဲ့ တစ်နေ့တာ အလုပ်ကို စတင်ကာ ကိုယ့်ရည်မှန်းချက်ကို ဦးတည် သွားနေတယ်လို့ စိတ်ထဲမှာထားပြီး နေထိုင်ရပါမယ်။ လူငယ်တိုင်းဟာ ကိုယ်တိုင် ရူးရူးမူးမူး ဝါသနာပါတဲ့ အလုပ်၊ ကိုယ်အစစ်အမှန် လိုချင်တဲ့ ရည်မှန်းချက်ကို ရှာဖွေ သတ်မှတ်ပြီး အောင်မြင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့် အရည်အချင်းနဲ့ အမှန်တကယ် မသင့်တော်တဲ့ ပတ်ဝန်းကျင်၊ ကိုယ့်အတွက် တိုးတက်လမ်းမရှိတဲ့ အလုပ်၊ ကိုယ့်ကို စိတ်ဓါတ်ကျ စိတ်ပင်ပန်းစေပြီး သက်တောင့်သက်သာ မရှိတဲ့ အရပ်ဒေသက ကိုယ့်ရည်မှန်းချက် အတွက်လည်း အထောက်အကူ မပေးနိုင်ဘူး ဆိုရင်တော့ အဲသလိုအရာတွေ ဆီကနေ မြန်မြန်ပဲ စွန့်ခွာသင့်ပါတယ်။ ကိုယ် အမှန်တကယ် ဘာကို သဘောကျသလဲ၊ ကိုယ့်ခံစားချက်ကို ဘာက ကောင်းမွန်စေသလဲ၊ ဆိုတာကို သေချာ စဉ်းစားဆင်ခြင်ပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ကိုယ်တိုင် ယုံကြည်နိုင်မယ့် စစ်မှန်တဲ့ ဘဝမှာပဲ နေထိုင်သင့်ပါတယ်။

လူငယ်တွေ အနေနဲ့ ရည်မှန်းချက်ကို ပြုစုပျိုးထောင်ရာမှာ ကျင့်သုံးရမယ့် အချက်လေးတွေကို နောက်ထပ် အကျဉ်းချုပ်ရေးပြရရင် အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
-       Lao-Tzu ရဲ့ “မိုင်ထောင်ပေါင်း များစွာရှည်တဲ့ ခရီးတစ်ခုကို ခြေတစ်လှမ်းနဲ့စတင်တာပါ” ဆိုတဲ့ စကားကို လက်ကိုင်ထားပါ။
-       ကိုယ့်ရဲ့ ရည်မှန်းချက်က သင့်မြတ်မှန်ကန်ကြောင်း သေချာပါစေ။ ကိုယ့်ရဲ့ ပန်းတိုင်က တိကျသေချာတဲ့ တစ်စုံတစ်ရာ ဖြစ်ရပါမယ်။ ကိုယ်လုပ်မယ် ဆိုတဲ့အရာကို ဘယ်လောက်ထိ ပြီးမြောက်အောင် လုပ်မယ် ဆိုတာကို တိုင်းတာလို့ရနိုင်ရပါမယ်။ ကိုယ့်အနေအထားနဲ့ အောင်မြင်နိုင်လောက်တဲ့ အရာ ဖြစ်ရပါမယ်။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တစ်ခု မဟုတ်ပဲ လက်တွေ့ကျတဲ့ ရည်မှန်းချက် ဖြစ်ရပါမယ်။ သတ်မှတ်ထားတဲ့ အချိန်တစ်ခု အတွင်းမှာ ဖြစ်အောင်လုပ်နိုင်တဲ့ အရာ ဖြစ်ရပါမယ်။
-       ကိုယ့်ရဲ့ ရည်မှန်းချက်ကို စာရွက်ပေါ်မှာ ချရေးထားပါ။ ကိုယ်တစ်ယောက်တည်း မြင်အောင် ဒိုင်ယာရီထဲ ချရေးထားတာ ဖြစ်ရင်တောင်မှ အဲဒီလို ချရေးထားခြင်းက ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အားအင်တွေ ပေးစွမ်းနိုင်လို့ပါပဲ။
-       ကိုယ် ချမှတ်ထားတဲ့ ရည်မှန်းချက် အဆင့်တစ်ဆင့် အောင်မြင်တိုင်းမှာ ကောင်းမွန်သော ခံစားချက်နဲ့ နေထိုင်ပါ။ ကိုယ့်စိတ်ကို မှန်ကန်အောင်ထားပြီး ပြုံးနေပါ။ ကိုယ်လုပ်သော အလုပ်ကို စိတ်ကောင်း စေတနာကောင်းထားပြီး လုပ်ကိုင်၊ အပြုသဘော စိတ်ကိုထားပြီး လုပ်ကိုင်၊ ကိုယ့်ရည်မှန်းချက်ကို စိတ်ထဲမှာ တကယ် ဖြစ်နေတဲ့အတိုင်း စိတ်ကူးကြံစည်၊ အဲသလို ဆိုရင် ရည်မှန်းချက် ပြီးမြောက်နှုန်းက ပိုမိုပြီး မြန်ဆန်လာပါလိမ့်မယ်။
-       အရာရာတိုင်းကတော့ ကိုယ်စီစဉ်ထားတဲ့အတိုင်း တသွေမတိန်း ဖြစ်လာကြတာ မဟုတ်ပါဘူး။ ဘယ်လို အနှောက်အယှက် ရှိပါစေ၊ ကိုယ့်ရည်မှန်းချက်ကိုတော့ မြဲမြဲ ဆုပ်ကိုင်ထားပါ။ ဒါပေမယ့် ပြောင်းလဲသင့်တဲ့အခါမှာ ပြောင်းလဲ လုပ်ကိုင်နိုင်ပါစေ။
-       ကိုယ့်ရည်မှန်းချက်ကို လျှောက်လှမ်းရာမှာ အပျက်သဘော မကောင်းမြင်တတ်တဲ့ လူတွေ ဝေဖန်တဲ့ စကားကို အလေးမထားပဲ အပြုသဘော အကြံဉာဏ်ပေးတတ်သူ၊ အားပေးတတ်သူတွေနဲ့သာ ပေါင်းသင်းပါ။ ကိုယ်နဲ့ ဆင်တူ ရည်မှန်းချက်ကို အောင်မြင်ပြီးသူတွေရဲ့ အလေ့အထကို စံနမူနာယူပါ။

လူငယ်လူရွယ်တိုင်း ရောက်တဲ့နေရာ ရောက်တဲ့အချိန်ကပဲ စတင်ပြီး ကိုယ့်ကိုယ်ကို ပြုပြင်ကာ ကိုယ်အမှန်တကယ် လုပ်ချင်တဲ့ ရည်မှန်းချက်ကို စိတ်အားထက်သန်စွာနဲ့ ပြုစုပျိုးထောင်ကြရင် အောင်မြင်ပြီးမြောက်တဲ့ နေ့ရက်ကို ရောက်ရှိလာကြမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။ အထက်ပါ အကြံပေးချက်များကို လိုက်နာကျင့်သုံးကြမယ် ဆိုရင် လူငယ်တိုင်းရဲ့ အိပ်မက်သစ်စေ့တိုင်း ရည်မှန်းချက် သစ်ပင် အနေနဲ့ ကြီးပြင်းရှင်သန် လာနိုင်ကြမှာ ဖြစ်ပါတယ်။

မှီငြမ်း :
http://www.citehr.com/153501-how-accomplish-your-ambition.html
http://www.theenthusiasm.com/en/informatie/artikels/?article=62
http://www.more-selfesteem.com/newsletter20.htm

သိင်္ဂါကျော်