02 April, 2013

ပိတောက်ပုံပြင်


(၁)

လင်းသစ်စ က April ကို မကြိုက်ပါ။ April မှာ သင်္ကြန်ပွဲတော် ရှိသောကြောင့် ဖြစ်သည်။ April မှာ ပိတောက်ပန်းများ ပွင့်တတ်သောကြောင့် ဖြစ်သည်။ သူက သင်္ကြန်ကို မုန်းသည်။ ပိတောက်ကို မုန်းသည်။ ဘာကြောင့်လဲ မေးလျှင် သူမဖြေတတ်ပါ။ သူ့မှာ သင်္ကြန်နှင့် ပတ်သက်သော၊ ပိတောက်နှင့် ပတ်သက်သော အတိတ် တစ်စုံတစ်ရာ ရှိဖူးသည်လည်း မဟုတ်ပါ။ သို့သော် သူ သိတတ်စ ကတည်းက ပိတောက်ကို မြင်လျှင် ခါးခါးသီးသီး မကြိုက်ခြင်း ဖြစ်မိသည်။ ပိတောက်တွေ ပွင့်လျှင် သူ့မေမေက ဘုရားတင်ဖို့ ဈေးထဲက ဝယ်လာတတ်သည်။ ဒါမှမဟုတ် ပိတောက်ပင်ရှိသော အိမ်က ခူးပြီး လာပေးလျှင် သူက အော်ဟစ် ငိုယိုရင်း ပိတောက်ပန်းတွေကို လွှင့်ပစ်ဖို့ ပြောတတ်သည်။ မေမေလည်း သူ့မြင်ကွင်းထဲကနေ ပိတောက်တွေကို မြန်မြန် ယူသွားပြီး ဘုရားကပ်လိုက်ကာ သူ့ကို ဘုရားစင်ရှေ့မသွားဖို့ ပြောသည်။ မေမေက သူ့ကို အမြင်ကပ် လာလျှင်တော့ အရင်ဘဝက ပိတောက်ပင်ပေါ်က ကျသေခဲ့သလား မသိဘူး ဟု ပြောတတ်သည်။ လူတစ်ယောက်မှာ Fobia တစ်ခု ရှိတတ်သည့်အတိုင်း သူ့မှာ ပိတောက် မုန်းသည့် ဖိုဘီးယား တစ်ခု ရှိနေခြင်းက မထူးဆန်းဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။

သူက ယောက်ျားလေး ပေမယ့် ပျော့နွဲ့နွဲ့ စာကြမ်းပိုး ကောင်လေး တစ်ယောက်သာ ဖြစ်သည်။ သူ့ အသက် ၂၅ နှစ် အတွင်း တစ်ခါမှ သင်္ကြန်မလည်ဖူး ဟုပြောလျှင် ကြားကြသူတွေက ထူးဆန်းကြမလား မသိပေ။ လူငယ် ယောက်ျားလေး တစ်ယောက် ဖြစ်နေသည့်တိုင် သူက သင်္ကြန်လည်ဖို့ကို လုံးဝ စိတ်မဝင်စားခဲ့ပါ။ သူငယ်ချင်းများ မည်သို့ပင် ခေါ်စေ ဘယ်သော အခါကမှ မလိုက်ခဲ့ပါ။ ငယ်ကတည်းက တစ်ခါမှလည်း ရေမပက်ခဲ့ပါ။ လူအများ ပျော်ရွှင် နှစ်ခြိုက်သော သင်္ကြန်၊ ပိတောက် ဆိုသော အရာများသည် သူ့အတွက်တော့ ဆန့်ကျင်ဘက် အသွင်ကို ဆောင်နေခဲ့ပါသည်။ မေမေ ပြောသလိုပင် သူ၏ အရင်ဘဝက သင်္ကြန်၊ ပိတောက် နှင့် ပတ်သက်သော အတိတ်ဆိုးများ ရှိခဲ့လေသလား မပြောတတ်ပါ။ သင်္ကြန်ဆိုလျှင် သူက အိမ်မှာသာ နေဖြစ်သည်။ ပြီးခဲ့သော နှစ်ကတော့ မေမေ တိုက်တွန်းတာနှင့် တရားစခန်း ဝင်ဖြစ်ခဲ့သည်။ တရားစခန်းမှာတော့ ဘာမှ နိမိတ်ဆိုးတွေ ဘာတွေ မမြင်ပဲ ပုံမှန် အလုပ်လုပ်နိုင်ခဲ့ပါသည်။

လင်းသစ်စက ဆရာဝန်တစ်ယောက်မို့ ခွဲတာစိတ်တာ သွေးသံရဲရဲတွေနှင့် ပတ်သက်ရသော်လည်း ဘာမှ ထူးထူးခြားခြား မဖြစ်တတ်ပါ။ လင်းသစ်စ ရဲ့ Fobia က ပိတောက်ပန်းများနှင့် သင်္ကြန်သာ ဖြစ်ပါသည်။
*********

ငုရုံ က မိန်းကလေး အတော်များများလိုပင် ပိတောက်ပန်းကြိုက်သူ ဖြစ်သည်။ ငုတွေ ပိတောက်တွေ ပွင့်သော ရာသီမှာ မွေးလို့ နာမည်ကိုပင် ငုရုံ လို့ ပေးထားခြင်း မဟုတ်လား။ သင်္ကြန်နားနီးလို့ မိုးလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာပြီး ပိတောက်တွေ ပွင့်လာလျှင် သူပျော်သည်။ သူ၏ ယောက်ျားလေး ဆန်သော စိတ်တစ်ခြမ်းက ယောက်ျားလေးလို ဝတ်ရတာမျိုးကို နှစ်သက်တတ်သလို မိန်းကလေး ဆန်သော စိတ်တစ်ခြမ်းက ပန်းကလေးတွေကို နှစ်သက်တတ်ပြန်သည်။ တစ်ခြားအချိန်မှာ ပန်းပန်လေ့ သိပ်မရှိသော်လည်း ပိတောက်တွေ ပွင့်လျှင်တော့ အိမ်နေရင်းပဲ ဖြစ်ဖြစ် တစ်ခက်လောက်တော့ ပန်တတ်သည်။

သူက သင်္ကြန်ဆိုသော အသံကို ကြားလျှင်ပင် ပျော်နေတတ်သူ ဖြစ်ပြီး ရပ်ကွက်ထဲက ပဏ္ဍပ်မှာ ရေပက်တာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုပြီး ရေပက်ခံ ထွက်တာပဲ ဖြစ်ဖြစ် လုပ်တတ်သူ ဖြစ်သည်။ သင်္ကြန်သည် သူ့အတွက် ပျော်စရာအတိ။ သို့သော် တစ်ခါတရံတော့ ဘာကိုမှန်း မသိ လွမ်းသလို ဆွေးသလိုလို ဖြစ်တတ်သည်။ တစ်ယောက်ယောက်ကိုပဲ လွမ်းချင်သလိုလို..။ သို့သော် သူ့မှာ လွမ်းစရာ ဆိုလို့ ဘာမှ မရှိ။ အသက် ၂၃ နှစ် ရှိခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်က ဘွဲ့ရပြီးပြီ ဖြစ်သည့်တိုင် ရည်းစားလည်း တစ်ယောက်မှ မရှိသေး။ တစ်ဖက်သတ် ကြိုက်ရသူပင် မရှိ။ သို့သည့်တိုင် တစ်ယောက်ယောက်ကို ပျောက်ဆုံးနေသလို လွမ်းသည့်စိတ်က သင်္ကြန်တွင်းတိုင်းမှာ တစ်ခါလောက်တော့ ပေါ်လာမြဲပင်။

ဒီနှစ်သင်္ကြန်တော့ ငုရုံတို့ ပျော်ရမှာ မဟုတ်တာ သေချာသွားလေပြီ။ ဒီနှစ် သင်္ကြန်တွင်းမှာ နယ်မြို့ရှိ အဘွားတို့ အိမ်မှာ တစ်အိမ်လုံး သွားနေမည် ဟု မေမေက ကြေငြာထားသည်။ အဘွားက ကျန်းမာရေး မကောင်းသဖြင့် ဒီနှစ် သင်္ကြန်တွင်းမှာ သား သမီး မြေးတွေ အားလုံးကို တွေ့ချင်သည် ဟု ဆိုသည်။ နယ်က အဘွားအိမ်ကို ငုရုံ တစ်ခါမှ မရောက်ဖူး။ မေမေတို့ တစ်ခါ သွားတုန်းကလည်း ငုရုံက ဆယ်တန်းမို့ မလိုက်ပဲ ကျန်ခဲ့ရသည်။ တကယ်တော့ မေမေ့ကို ဖေဖေနှင့် သဘောမတူသဖြင့် မေမေက အိမ်ပေါ်က ဆင်းလာသည် ဖြစ်သောကြောင့် အဘွားအိမ်နှင့် အဆက်အသွယ် ပြတ်နေခဲ့ခြင်း ဖြစ်သည်။
*********
(၂)

စီစီသည် ပိတောက်ရနံများနှင့်အတူ နိုးထလာသည်။ ဒီနေ့က သင်္ကြန် အတက်နေ့။ အချိန်သင့် အခါသင့်ပင် ပိတောက်ဖူးများက ပွင့်လာလေပြီ။ စီစီ့မှာ သင်္ကြန်အကြိုနေ့ကတည်းက ပိတောက်ဖူးလေးများကို တကြည့်ကြည့် လုပ်ကာ ပွင့်ဖို့ မျှော်ခဲ့ရသည်။ ဒီနေ့တော့ ပိတောက်ပန်းတွေ စိတ်ကြိုက်ပန်ပြီး ရေပက် မဏ္ဍပ်မှာ ရေပက်လို့ ရပြီ။ စီစီတို့ ခြံထဲက ပိတောက်ပင်ကြီးက အကြီးကြီး။ အပွင့်အမျိုးအစားကလည်း ကြီးပြီး ရွှေဝါရောင်တောက်တောက် အပွင့်လှလှ စိပ်စိပ်ပွင့်သည်။ စီစီက ငယ်ငယ်ကတည်းက ပိတောက်ပန်း အရမ်းကြိုက်သည်။

စီစီသည် အိပ်ရာထဲမှ ပြုံးပြုံးလေး ထလာပြီး မြန်မြန်ဆန်ဆန် မျက်နှာသစ် သွားတိုက်ကာ တစ်ဖက်ခြံသို့ သွားဖို့ပြင်သည်။ လရောင် ကို ပိတောက်ပန်း ခူးခိုင်းရမည်။ စီစီတို့ ငယ်ငယ်လေးတုန်းကတော့ အဖေက ပန်ခူးပေးခဲ့သည်။ လရောင် အရွယ်နည်းနည်း ရောက်လာကတည်းက စီစီ ပန်ဖို့ ပိတောက်ပန်းကို လရောင်ပဲ ခူးပေးခဲ့တာလေ။

လရောင်နှင့် စီစီ ဆိုတာ ခြံနီးခြင်းတွေ ဖြစ်တာမို့ ငယ်ကတည်းက လည်ပင်းဖက် ကြီးလာကြသူတွေ ဖြစ်ပြီး သူငယ်တန်းက ဆယ်တန်းအထိ ကျောင်းအတူတူ တက်ခဲ့ကြသူတွေ ဖြစ်သည်။ နှစ်ယောက်လုံး ဒီနှစ် ဆယ်တန်း ဖြေထားကြသည်။ ဆယ်တန်းလည်း ဖြေပြီးပြီမို့ ဒီနှစ် အိမ်က စိတ်ကြိုက် သင်္ကြန်လည်ခွင့် ပေးထားသောကြောင့် နှစ်ယောက်သား အကြိုနေ့ကတည်းက စက်ဘီးတစ်စီးနဲ့ မြို့ထဲပတ်သည်။ အကျနေ့ နဲ့ အကြတ်နှစ်ရက် မှာတော့ တစ်ခြား သူငယ်ချင်းများနဲ့ အတူတူ ကားငှားပြီး မြို့ပတ်ကာ ရေပက်ခံ ထွက်ခဲ့ပြီးပြီ။ ဒီနေ့တော့ ရပ်ကွက်ထဲက မဏ္ဍပ်မှာ ရေသွားပက်ဖို့ ချိန်းထားကြသည်။

“လရောင်ရေ လရောင်၊ မြန်မြန် အိပ်ရာ ထတော့လေ၊ ပိတောက်တွေ ပွင့်နေပြီ၊ ခူးပေးတော့”

စီစီက အသံလေး စာစာ စာစာနှင့် လရောင်တို့ အိမ်ထဲ ဝင်လာတော့မှ လရောင်က အိပ်ရာက ထသည်။ လရောင်ကို မျက်နှာ မြန်မြန် သစ်ခိုင်းပြီး ဗိုက်ဆာလို့ မုန့်စားဦးမယ် ဆိုတာကိုပင် မစားခိုင်းတော့ပဲ အတင်းဆွဲခေါ်လာခဲ့သည်။ လရောင် မေမေကတော့ သူတို့နှစ်ယောက်ကို ပြုံးကြည့်ပြီး ကျန်ခဲ့သည်။

ပိတောက်ပင်အောက် ရောက်တော့ စီစီက လောဘကြီးလာသည်။ အပေါ်ဘက် အကိုင်းက အပွင့်တွေကပဲ ပိုလှသလိုလို ပိုများသလိုလို ထင်လာပြီး လရောင်ကို အတင်း တက်ခိုင်းမိသည်။ စီစီ လက်ထဲမှာလည်း ပိတောက်ကိုင်းက နှစ်ကိုင်းလောက် ရှိပြီးသား ဖြစ်နေပြီ။ ဒါကိုတောင် ထပ်လိုချင်နေသေးသည်။ လရောင်က တော်လောက်ပြီ ဆိုတာကို စီစီက အတင်းတက်ခိုင်းသဖြင့် လရောင်ခဗျာ အပေါ်ထပ် တက်ရသည်။ အပေါ်ကိုင်းက ခပ်သေးသေးကလေး။ လရောင် ကိုယ်လုံးကို မခံနိုင်လောက်သည်ကို နှစ်ယောက်လုံး သတိမထားမိကြပါ။

လရောင် ပြုတ်ကျလာတော့ စီစီ လန့်ပြီးအော်လိုက်မိသည်။ စီစီ့လက်ထဲက ပိတောက်ခက်များ အောက် လွတ်ကျသွားသည်။ ပိတောက်ပင်အောက်မှာ ပြန့်ကျဲသွားသော ပိတောက်ပန်း အဝါပွင့်များမှာ ရဲရဲနီသွားကို မြင်လိုက်ရသည်။ အဲဒီနောက်တော့ စီစီ ဘာကိုမှ မသိတော့။
*********
(၃)

ငုရုံသည် အဘွားအိမ် ရောက်ရောက်ချင်းပင် ခြံထဲက ပိတောက်ပင်အိုကြီးကို တော်တော် မျက်စိကျသွားသည်။ ပိတောက်ပင်ကြီးက နှစ်ပေါင်း အတော်ကြာပြီ ဖြစ်တာ သိသာလောက်အောင် ပင်စည်က တုတ်ခိုင် အိုမင်းနေပြီ ဖြစ်သော်လည်း အခက်အလက်များကတော့ ဝေဆာ နေဆဲဖြစ်သည်။ အပင်ပေါ်ကို မော့ကြည့်မိတော့ အဖူးလေးများကို တွေ့ရသည်။ သင်္ကြန်မိုး တစ်ပြိုက်လောက် ရွာလိုက်လျှင် ပိတောက်တွေ ပွင့်တော့မှာ သေချာသည်။ ငုရုံသည် အဘွားခြံကြီးကို သဘောကျသွားမိသည်။ ရန်ကုန်မှာတော့ တိုက်ခန်းက ဘယ်လောက်ကျယ်သည် ဆိုဆို ခြံအကျယ်ကြီးလောက်တော့ လွတ်လွတ်လပ်လပ် မရှိ။ ပိတောက်ပန်း ဆိုလည်း သူများက လာရောင်းမှ ဝယ်ပြီး ဘုရားတင်နိုင်ခြင်းဖြစ်သည်။ ငုရုံလည်း နည်းနည်း ပန်တာပေါ့လေ။ ခုလို ပိတောက်ပန်းကို အပင်က ခူးပြီး ဘုရားတင်နိုင်မည် ဆိုလျှင် ဘယ်လောက် သဘောကျစရာ ကောင်းလဲနော်။

“ဘွားဘွား၊ ခြံထဲက ပိတောက်ပင်ကြီးက အကြီးကြီးပဲနော်၊ အဖူးလေးတွေ အများကြီးဖူးနေပြီ၊ ပွင့်ရင် အရမ်းလှမှာပဲ”
ငုရုံက သူ့စိတ်ထဲ ရှိသည့်အတိုင်း ပြောမိတော့ နဂိုကတည်းက မျက်နှာမကောင်းသော ဘွားဘွား မျက်နှာက သိသိသာသာ ပျက်သွားသည်ကို သတိထားမိသည်။ ငုရုံ စကားထဲ ဘာများ အမှားပါသွားသလဲ မသိတော့ပါ။ မေမေက စကားလွှဲပြီး တစ်ခွန်း နှစ်ခွန်း ပြောကာ နားကြတော့ ဟု ဘွားဘွားက ဆိုတာနှင့် ငုရုံ အတွက် ပေးထားသော အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ဘွားဘွားကလည်း ခုမှ တွေ့ရတဲ့ မြေးမလေးကို ကြိုဆိုတာ ဝမ်းပန်းတသာ မရှိပါလားနော် လို့ တွေးမိသေးသည်။ ခဏနေတော့ မေမေ ငုရုံအခန်းထဲ လိုက်လာသည်။

“ဘွားဘွားက သမီးကို သဘောမကျလို့ မဟုတ်ပါဘူး သမီးရယ်၊ သမီးက တစ်ယောက်ယောက်နဲ့ အရမ်းတူနေတော့ သူ့ညီမကို သတိရပြီး မျက်နှာပျက်နေတာပါ”

“သမီးက ဘွားလေးနဲ့ တူတာလားဟင် မေမေ”

“မဟုတ်ဘူး သမီးရဲ့၊ နည်းနည်းတော့ ထူးဆန်းတယ်၊ သမီးက ဘွားလေးစီစီရဲ့ သူငယ်ချင်း လရောင် နဲ့ ရုပ်ချင်း တော်တော် ဆင်နေတာ၊ သူတို့ ဆုံးသွားတော့ မေမေက ငယ်ငယ်လေး ရှိသေးတာ ဆိုတော့ မှတ်တော့ မမှတ်မိဘူး၊ ဓါတ်ပုံတွေ ပြန်ကြည့်ထားလို့ သိတာ၊ သမီးကို မမွေးခင်က မေမေ အိပ်မက်မက်ဖူးသေးတယ်၊ ကောင်လေး တစ်ယောက်က မေမေနဲ့ အတူလာနေမယ်လို့ ပြောတာ၊ အဲဒီ လရောင်ပဲ ထင်တယ်ကွယ်၊ သူတို့ အတူရှိနေသေးရင်တော့ သမီး ဘိုးလေး ဖြစ်နေမယ် ထင်တယ်၊ မေမေလည်း အစကတော့ မယုံဘူး၊ သမီးကို မွေးလာတော့ ခေါင်းမှာ အမာရွတ်ကလေး တစ်ခု ပါလာတယ်လေ၊ မေမေဖြင့် အဲဒီနေရာမှာ ဆံပင်တောင် မပေါက်မှာ စိုးရိမ်နေတာ၊ တော်သေးတာပေါ့၊ ငါ့သမီးကလေး ဆံပင်ကွက်ကြား ဖြစ်မနေပဲ ခုလို ထူထူပျော့ပျော့လေး ပေါက်လာလို့”

 “ပြီးတော့ သမီး၊ အဲဒီ ပိတောက်ပင် အကြောင်း ဘွားဘွားကို မပြောရဘူးနော်၊ ပိတောက်ပန်းတွေ ပွင့်ရင်လည်း မခူးရဘူးနော်”
“ဟင် မေမေကလည်း ဘာလို့လည်း”
“မေမေ သမီးကို နောက်မှ ပြောပြမယ်၊ အဲဒီ ပိတောက်ပင်အောက်ကိုလည်း မသွားရဘူးနော်၊ ကဲ ကဲ နားပြီးတော့ ရေလေး ဘာလေး ချိုး”
“ဟုတ် မေမေ”

ညကျတော့မှ မေမေ့ဆီက ပိတောက်ပင်ကြီးနှင့် ပတ်သက်သော ကြေကွဲစရာ ပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသည်။ ဘွားလေး စီစီသည် ပိတောက်ပင်ပေါ်မှ ပြုတ်ကျလာသည့် အချစ်ဆုံး သူငယ်ချင်းလေးကို သွေးသံရဲရဲနှင့် မြင်လိုက်ရပြီး သတိလစ်ရာသွားရာမှ သတိပြန်ရလာသည့် အချိန်တွင် စိတ်ဂယောက်ဂယက် ဖြစ်သွားခဲ့သည်။ သိပ်မကြာလိုက်ပါ။ အိမ်က မျက်ခြေမပြတ်ကြည့်ရှုထားသည့် ကြားမှ လွတ်သွားသည့် ညတစ်ညမှာပင် ထိုပိတောက်ကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။

“ဒါဆို ဒီပိတောက်ပင်ကြီးက နိမိတ်မကောင်းဘူးပေါ့နော်.. ဒါပေမယ့် ခုတ်တော့ မပစ်ဘူးနော် မေမေ”

“ခုတ်ပစ်ဖို့ လုပ်ကြသေးတယ်တဲ့ ဒါပေမယ့် သေသွားတဲ့ နှစ်ယောက်က သူတို့ အဲဒီ ပိတောက်ပင်ကြီးမှာ နေနေရပါတယ် လို့ အိပ်မက်ပေးကြလို့ မခုတ်ပဲ ထားခဲ့ရတယ်တဲ့။ မေမေ ငယ်ငယ်တုန်းက ကြားဖူးတာပဲ”

ငုရုံသည် လရောင် နှင့် စီစီ တို့ နှစ်ယောက်အကြောင်း စဉ်းစားပြီး ညအိပ်တော့ အိပ်မက်များပင် မက်နေသေးသည်။ အိပ်မက်ထဲတွင် လရောင်က ပိတောက်ပန်းတွေ ခူးနေပြီး စီစီက လက်ထဲမှာ ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နှင့်။ ခဏနေတော့ လရောင်က ပိတောက်ပင်ပေါ်မှ ပြုတ်ကျလာသည်။ လရောင်ခေါင်းမှထွက်သော သွေးတွေက ပိတောက်ပန်းတွေနှင့် ရောသွားသည်။ နောက်တော့ တဖြည်းဖြည်းနှင့် လရောင် မဟုတ်တော့ပဲ လရောင်နေရာမှာ ငုရုံ ကိုယ်တိုင် ဖြစ်သွားသည်။ ငုရုံတစ်ယောက် ထိတ်လန့်စွာ အော်ဟစ်ပြီး လန့်နိုးလာသည်။ ခုန မေမေ ပြောတာ စိတ်စွဲသွားလို့ ထင်သည်။ တကယ်တော့ ငုရုံက အဲလို အိပ်မက်တွေ ဘာတွေ သိပ်မက်တတ်လှတာ မဟုတ်ပါ။ မက်လျှင်လည်း ဘာတွေမှန်းမသိပဲ နိုးလာလျှင် ဘာမှ မမှတ်မိတော့တာ များသည်။ ခုအိပ်မက်ကတော့ တကယ့်ကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား။ ငုရုံသည် ရင်တွေ တလှပ်လှပ် တုန်နေသောကြောင့် ရေထသောက်ပြီး ပြန်အိပ်တာတောင် တော်တော်နှင့် အိပ်မပျော် ဖြစ်နေခဲ့သည်။
*********

ငုရုံ ဒီခြံကြီးထဲ ရောက်ပြီးနောက် သုံးရက်မြောက် ဖြစ်သည့် သင်္ကြန်အကျနေ့မှာပင် ပိတောက်ပင်ကြီးက တစ်ပင်လုံး မြိုင်မြိုင် ပွင့်လေတော့သည်။ ဒီနေ့ ပွင့်မည် ဆိုတာ ငုရုံ ညကတည်းက သိပြီးသား။ ပိတောက်ပင်အောက် မသွားနှင့် ဆိုသော်လည်း ပိတောက်ကြိုက်သော ငုရုံက ဘယ်သူမှ မသိအောင် ခိုးသွားပြီး ကြည့်ထားပြီးပြီ။ အခုလည်း မနက်စာ စားပြီးသည်နှင့် ဘယ်သူမှ မသိအောင် နောက်ဖေးပေါက်က ခိုးထွက်လာခဲ့ခြင်း ဖြစ်သည်။ ပိတောက်ပင်ကြီးက ဟိုဘက်ခြံနှင့် နီးသော ခြံဘေးဘက်မှာမို့ ငုရုံကို လိုက်မကြည့်လျှင် မမြင်နိုင်ပါ။
ငုရုံသည် ဖုထစ်နေသော ပိတောက်ပင် ပင်စည်ကို ကုတ်ကတ်ပြီး တက်ကာ အပင်ပေါ်ရောက်သွားသည်။ နှစ်ပေါင်းများစွာ တက်နေကြ အပင်လို့တောင် ထင်ရသည်။ ငုရုံက အဲဒီလိုလူမျိုး။ ပန်းကြိုက်တတ်သော မိန်းမစရိုက်အပြင် ခုလို ယောက်ျား ဆန်ဆန် အလုပ်မျိုးလည်း မကြာခဏ လုပ်တတ်သေးသည်။ ငုရုံက များများကြီး လောဘမကြီးပါဘူး။ ဘုရားတင်ဖို့ သုံးခက်လောက်၊ ငုရုံပန်ဖို့ အခက်ကလေး တစ်ခက်ဆို ရပြီပဲ။ ငုရုံက လက်လှမ်းမှီသော အပွင့်ဝေနေသည့် ပိတောက်ကိုင်း တစ်ကိုင်းကို မိမိရရ ချိုးလိုက်သည်။ ပိတောက်ကိုင်းကို မြေကြီးပေါ် ပစ်မချရအောင် အောက်ကနေ ဖမ်းပေးမယ့် တစ်ယောက်ယောက် ရှိလျှင် ကောင်းမှာပဲဟု တွေးလိုက်သေးသည်။ ခုတော့ မတတ်နိုင်ဘူးပေါ့ မြေကြီးပေါ် ပစ်ချရမှာပဲ။ ငုရုံသည် သိပ်မြင့်မြင့် မတက်ပါပဲ လက်လှမ်းမီရာ ချိုးတာနှင့်ပင် အပွင့်ဝေဝေ အကိုင်း တော်တော်များများ ရလိုက်သည်။

ငုရုံသည် လွယ်လွယ်ကူကူလေးပင် အပင်အောက် ပြန်ဆင်းလာခဲ့သည်။ ဒီပိတောက်ကိုင်းတွေ အများကြီးကို ဘယ်သူမှ မမြင်အောင် အိမ်ထဲ ဘယ်လို သွင်းရမလဲ။ ဘုရားပန်းကပ်ပြီးတာတောင် အများကြီး ပိုနေဦးမှာ။ ငုရုံသည် သူရောက်နေသော နေရာက တစ်ဖက်ခြံနှင့် အတော်နီးနေတာ သတိထားမိသွားပြီး ဟိုဟိုသည်သည် ကြည့်လိုက်တော့ သော့ခတ်မထားသည့် ဘေးတံခါးလေး တစ်ခုကို သွားတွေ့သည်။ တစ်ဖက်ခြံမှာ ပိတောက်ပင် ရှိပုံမပေါ်ပါ။ အိမ်နီးနားချင်း တွေပဲ ပိတောက်ပန်း သွားပေးသင့်တာပေါ့နော်။ ရန်ကုန်မှာတုန်းကဆို ဖေဖေ့ အသိအိမ်က သူ့ခြံထဲက ပိတောက်ပန်းတွေ ပွင့်တိုင်း လာပေးနေကြ မဟုတ်လား။
ငုရုံသည် သူ့ဟာသူ စိတ်ဆုံးဖြတ်ပြီး ဘေးတံခါးလေးကို ဖွင့်ဝင်ကာ တစ်ဖက်ခြံထဲသို့ ပိတောက်ကိုင်းများနှင့်အတူ ရောက်သွားသည်။ အိမ်ပေါက်ဝမှာ လူရိပ်တစ်ရိပ် မြင်တာနှင့် အတော်ပဲ ဆိုပြီး ဝမ်းသာအားရ ခေါ်လိုက်မိသည်။

“အိမ်ရှင်တို့ ပိတောက်ပန်း လာပေးတာပါ”

ထိုလူသည် ပိတောက်ပန်း ဆိုသော အသံကို ကြားပြီး ငုရုံလက်ထဲမှ ပိတောက်ပန်းများကို ကြည့်ကာ တွန့်ကနဲ ဖြစ်သွားသည်။ သူ့မျက်နှာက ငုရုံလက်ထဲ စက်ဆုပ်ရွံရှာစရာတွေ ကိုင်ထားသလို သဘောမျိုး ဖြစ်နေသည်။
“မင်း ဘယ်ကလဲ၊ ဘာလို့ ပိတောက်ပန်းတွေ ယူလာတာလဲ၊ အခုထွက်သွားစမ်း..”

သူက ရုတ်တရက် အော်ပြောတော့ ငုရုံပင် ကြောင်အအ ဖြစ်သွားသည်။ ဘယ်လိုပါလိမ့်။ စေတနာနဲ့ ပိတောက်ပန်းတွေ ဘုရားတင်ဖို့ လာပေးတာကို…။ နေပါဦး..။ ဒီအိမ်က ဗုဒ္ဓဘာသာ မဟုတ်ဘူးလားမသိ။ ဗုဒ္ဓဘာသာ မဟုတ်လည်း အလှပန်းအိုးတော့ ထိုးလို့ ရတာပဲ မဟုတ်လား။ ဒါကို ဒီလောက် စိတ်ဆိုးစရာလား..။
သူ့အသံကြောင့် အိမ်ထဲက အမျိုးသမီးကြီးတစ်ဦး ထွက်လာသည်။

“သားရေ.. ဘာဖြစ်တာလဲ”
“ပိတောက်ပန်း လာပေးတာတဲ့ ယူမထားနဲ့နော် မေမေ”
သူက ဒါပဲ ပြောပြီး ငုရုံကိုလည်း တစ်ချက်မှ ပြန်လှည့်မကြည့်တော့ပဲ အိမ်တွင်းသို့ ဝင်သွားတော့သည်။
“သားက ဒီလိုပဲ၊ အားနာလိုက်တာ..၊ သမီးက ပိတောက်ပန်းလာပေးတာလား”
“ဟုတ်ကဲ့ အန်တီ သမီးက ဟိုဘက်ခြံကပါ၊ ပိတောက်ပန်းတွေ အများကြီး ပွင့်နေတာနဲ့ အန်တီတို့လည်း ဘုရားပန်းကပ်ရအောင် လာပေးတာပါ”
“သြော်၊ ကျေးဇူးတင်ပါတယ် သမီးရယ်၊ သားက ပိတောက်ပန်းမကြိုက်လို့ ပြောတာပါ၊ ဘယ်လိုမှ သဘောမထားပါနဲ့နော်”
“ဟုတ် ရပါတယ် အန်တီ၊ ဒီပန်းတွေကို ထားခဲ့ရမလား ပြန်ယူသွားရမှာလား ဟင်…”
“အို ထားခဲ့ပါ၊ အန်တီက ကြိုက်ပါတယ်၊ ဘယ်သူမှ မတွေ့အောင်ယူပြီး ဘုရားတင်လိုက်ပြီး သူတို့ကို ဘုရားခန်းထဲ မလာနဲ့ ပြောရင် ရပါတယ်၊ ကျေးဇူးပဲနော်”

ငုရုံသည် အိမ်ပြန်လာရင်း ထိုအန်တီ့ ပြောစကားကို ပြန်စဉ်းစားနေမိသည်။ အဲဒီအိမ်မှာ ပိတောက်ပန်း မကြိုက်တာ ဟိုလူ တစ်ယောက်တည်း ဟုတ်ပုံမရ။ ငုရုံသည် အဲဒီအိမ်မှာ အအော် ခံရတာတင်မက အိမ်ပြန်ရောက်တော့လည်း ပိတောက်ပန်းခူးသည့်အမှုနှင့် ဘွားဘွား သီသီ၏ အဆူကိုလည်း ခံရသေးသည်။ ဒါတောင် ငုရုံက တံချူနှင့် ခူးတာလို့ လိမ်ပြောထားတာ ဖြစ်သည်။ ပိတောက်ပင်ပေါ် တက်မှန်းသာ သိလို့ကတော့ မလွယ်ပါ။
*********

နောက်နှစ်ရက်လောက် မှာတော့ ပိတောက်ပန်း မုန်းသော ထိုလူနှင့် ထပ်တွေ့ဖို့ အကြောင်းဖန်လာသည်။ ဘွားဘွားက ညဘက်ကြီး သွေးတိုးပြီး ခေါင်းမူးတော့ ဒေါ်ကြီးက ဟိုဘက်အိမ်ကို သွားပြောသည်။ ထိုလူက ဆရာဝန် ဆိုတော့ လာကြည့်ပေးခြင်း ဖြစ်သည်။ မေမေ့ အစ်မ အပျိုကြီး နှင့် ဟိုဘက်အိမ်က သူ့မေမေက သူငယ်ချင်းတွေ ဖြစ်သည်တဲ့။သူ့နာမည်က ဒေါက်တာလင်းသစ်စ။

ဘွားဘွားကို ကြည့်ပေးပြီး ပြန်တော့ သူက ငုရုံကို ဟိုနေ့က အော်မိသည့် ကိစ္စအတွက် တောင်းပန်သည်။ သူက ပိတောက်ပန်းဆို လုံးဝ မကြည့်ချင်၊ အနံမခံချင် လောက်အောင် ဖြစ်တတ်လို့ပါဟု ဆိုသည်။ ပြောရင်း ဆိုရင်း အဲဒီ ပိတောက်ပန်းများကို ငုရုံက အပင်ပေါ် တက်ခူးခဲ့မှန်း သူသိသွားတော့ သူကလည်း ငုရုံကို အစကတည်းက ရင်းနှီးပြီးသား သူ့သူငယ်ချင်းလိုမျိုး ဆူပြောပြန်သည်။ ထူးဆန်းတာက ငုရုံနှင့် သူ ခုမှ စစကားပြောဖူးတာ ဖြစ်သော်လည်း ရှိုးတိုးရှန်းတန်းတွေ မရှိပဲ ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်သွားသည်။ သူနှင့် ငုရုံ အစကတည်း သိကျွမ်းခဲ့ဖူးသူတွေလို…။

ဒေါ်ကြီး ပြောပြလို့ သူ့အကြောင်းတွေ သိရသည်။ သူကိုလည်း ဒီအိမ်က ဆုံးပါးသွားခဲ့သော ဘွားလေးစီစီ ဝင်စားတာလို့ သူ့အိမ် မိသားစုက ယုံကြည်ကြသည်။ သူက ယောက်ျားလေး ဖြစ်သဖြင့် အရပ်အမောင်း၊ ရုပ်ရည်တော့ ဘွားလေးစီစီ နှင့် သိပ်မတူသော်လည်း အစားအသောက် အနေအထိုင် အကြိုက်တူသည်ဟု သူ့အဘွားက ပြောဖူးသည်။ သူ ငယ်ငယ်တုန်းက အိပ်မက်ထဲမှာ ပိတောက်ပန်းနီနီတွေလို့ မက်ဖူးပြီး၊ လရောင်သေပြီ လို့လည်း ယောင်ယမ်းပြီး အော်ဖူးသည်။ နည်းနည်း ကြီးလာမှ အဲလို အိပ်မက်ယောင်တာ ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ စီစီဘဝတုန်းက သူ့ကြောင့်၊ သူ ပိတောက်ပန်း ခူးခိုင်း မိလို့ လရောင် သေရတယ် ဆိုပြီး ပိတောက်ပန်းကို မုန်းနေသည်ဟု သူတို့က ယူဆကြသည်။

*********
(၄)

လင်းသစ်စ က စီစီ ဝင်စားသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ငုရုံက လရောင် ဝင်စားသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒီဘဝမှာတော့ သူတို့နှစ်ယောက် သံယောဇဉ်က ရက်တိုတိုအတွင်း ခိုင်ခိုင်မာမာ ဖြစ်တည်ခဲ့လေသည်။ လင်းသစ်စ ပထမဆုံး တာဝန်အနေနှင့် ဒီမြို့နယ်မှာပဲ တာဝန်ကျတော့ သူ့အဘိုးအဘွားခြံထဲမှာပဲ နေနေသည်။ ငုရုံကတော့ လောလောဆယ် အလုပ်မရှိသေးသူမို့ ရန်ကုန်ပြန်ပြီး သင်တန်းတွေ ဆက်တက်နေသည်။ ဘာမှ ထူးခြားဆန်းပြားသော ဇာတ်လမ်းတွေ မရှိပါ။ ညတိုင်းလို တစ်ယောက်ယောက်က ဖုန်းစဆက်တတ်သည်။ ငုရုံကလည်း မိန်းကလေး ဆန်ဆန် မူတတ်သူ မဟုတ်ရာ လင်းသစ်စ မဆက်လျှင် သူကပဲ အရင် စဆက်တတ်သူ ဖြစ်သည်။

ငုရုံတို့က သူ့ဟာသူ အဆင်ပြေနေသော်လည်း အဆင်မပြေမှုကို စသည်က ဗေဒင်ကိန်းခန်း ဝါသနာပါသော လင်းသစ်စ၏ အဘိုး ဖြစ်သည်။ လင်းသစ်စ က လင်းက စမှည့်ထားသော်လည်း သောကြာသား ဖြစ်သည် တဲ့။ ငုရုံက နာမည်အတိုင်း တနင်္လာသမီး ဖြစ်သည်။ တနင်္လာ နှင့် သောကြာက အိမ်ထောင်ဖက် သက်မရှည် “သောက” ကိန်း မိနေသည်ဟု သူ့ဟာသူ တွက်ချက်ကာ မဖြစ်နိုင်ဟု သူ့မြေးကို ပြောသည်။ သူတို့ နှစ်ယောက်က ဒီလောက် ညတိုင်း ဖုန်းပြောနေတော့လည်း အိမ်ကလူတွေက နည်းနည်းတော့ ရိပ်မိလာကြသည်ပေါ့။ တကယ့်တကယ်တော့ သူတို့ နှစ်ယောက်က ဘာမှ မဟုတ်သေး။ ဒီလိုပဲ သူ့ဆေးရုံအကြောင်း၊ ကိုယ့်သင်တန်းအကြောင်း၊ သူ့အကြိုက်၊ ကိုယ့်အကြိုက် အလာပ သလာပ တွေ ပြောကြတာ ဖြစ်သည်။

လင်းသစ်စ အဘိုးက အဲလို ပြောသောအခါ ငုရုံ အဘွား ဒေါ်သီသီ ကလည်း ထောက်ခံသည်။ သူ့ခင်ပွန်းက တနင်္လာသား၊ သူက သောကြာသမီး ဖြစ်ပြီး သူ့ခင်ပွန်းက ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားသည့်အတွက် သူက ထိုဗေဒင် ကိန်းခန်းကို ယုံကြည်သည်။ အဲဒီအပြင် လင်းသစ်စ နှင့် ငုရုံတို့ နှစ်ယောက်တွဲမိလျှင် ကံကောင်းမည် မဟုတ်၊ အရင်ဘဝက အဖြစ်ကိုပဲ ကြည့်၊ အခုဘဝ နှစ်ယောက်ပေါင်းပြီး အဲလို အဖြစ်မခံနိုင် ဆိုပြီး အယူသည်းကြပြန်သည်။ အဲဒါနဲ့ပဲ သူငယ်ချင်း အဆင့်က မတက်သေးသော ငုရုံတို့ နှစ်ယောက်ကို ခုပဲ ကြိုက်နေကြပြီ ထင်ပြီး သင့်တော်သူ အသီးသီးနှင့် အိမ်ထောင်ရက်သား ချပေးကြမည်ဟု စီစဉ်ကြသည်။ ငုရုံ ဖေဖေ နှင့် လင်းသစ်စ ဖေဖေကတော့ ယောက်ျားသားတွေမို့ ဘာမှ ဝင်မပါပဲ ငုရုံတို့ စိတ်ကြိုက် သဘောတူသော်လည်း ကျန်မိသားစုဝင် အားလုံးက မဖြစ်မြောက်ရေးဘက်မှ မဲများကြသည်။

ကိုရီးယားရုပ်ရှင်တွေ ထဲကလို ငုရုံကို အိမ်ထောင်ဖက် တွေ့ဖို့ ပြောတော့ ငုရုံ တော်တော် စိတ်ညစ်သွားသည်။ လင်းသစ်စကိုလည်း ဆရာဝန်မလေး တစ်ယောက်နှင့် အတင်း ဖြစ်စေချင်နေသည် ဆိုသည်။ သောက တွေ ဘာတွေ ငုရုံတို့က မယုံကြည်ပါ။ သူ့ဘာသူ ဖြစ်ကိန်း ရှိတော့လည်း ဖြစ်ပေါ့၊ ဘာတတ်မလဲနော်…။ တနင်္လာနဲ့ သောကြာမို့ ဖြစ်ရမယ်လို့တော့ တစ်ထစ်ချ ပြောနိုင်ပါ့မလား…။

*********

“ငု နင် အိမ်ထောင်ဖက် တွေ့တယ်ဆို၊ ဘယ်လိုလဲ အဆင်ပြေရဲ့လား”
“အာ.. ကိုလင်းရာ၊ ပုံမလာပါဘူးဗျာ၊ ဒါပေမယ့် အဲလူကြီးက ကျွန်တော့်ကို သဘောကျသွားပြီတဲ့ ဘယ်လို လုပ်မတုန်း”
“ဟား ဟား.. မေမေ့ စကားနားထောင်လိုက်ပေါ့၊ သမီးလိမ္မာလေး မဟုတ်ဘူးလား”
“သမီးလိမ္မာလေး ပေမယ့် ကိုယ့်မချစ်တဲ့လူကိုတော့ မယူနိုင်ပါဘူးဗျာ၊ ဘယ်လိုလဲ၊ ကိုလင်းရော အိမ်က သဘောတူနဲ့ ဆရာဝန်မလေးနဲ့ တော်တော် အဆင်ပြေနေပြီလား၊ ချောချောလေးဆို”
“ချောပါတယ်၊ ဒါပေမယ့် မိတ်ဆွေတွေပါဟာ သူ့ကို ငါ ဘယ်လိုမှ ခံစားလို့ မရပါဘူး”
“ဟုတ်လား..”
“ငု ငါပြောစရာရှိတယ်”
“ပြောလေ ကိုလင်းရ၊ ခုလည်း ပြောနေတာပဲကို ဘာလဲ”
“ငါတို့ နှစ်ယောက် အိမ်ထောင်ပြုဖြစ်ရင် ကံမကောင်းနိုင်ဘူး ဆိုတာ နင်ယုံလား၊ နင်ကြောက်လား ဟင်..”
“ကိုလင်းကလည်း ဘာစိတ်ကူးပေါက်ပြီး မေးတာလဲ၊ ငုတော့ အဲလောက်ကြီး မယုံပါဘူး၊ ကြောက်လည်း မကြောက်ပါဘူး၊ ကိုယ့်မှာ ဖြစ်ဖို့ ကံပါလာရင်တော့ ဖြစ်မှာပဲပေါ့”
“ဒါဆို နင် ငါ့နောက်ကို လိုက်ရဲလား..”
“ကိုလင်းကလည်း ဘာတွေ ပြောနေတာလဲ”
“နင့်ကို ငါချစ်တယ်၊ စတွေ့ကတည်းက ငါ့စိတ်ထဲမှာ သတ်မှတ်ပြီးသား၊ ဘယ်လို စပြောရမှန်းမသိလို့ မပြောရဲသေးတာ၊ ခုအိမ်က ဟိုဆရာဝန်မလေးနဲ့ စေ့စပ်တော့မယ် တကဲကဲ လုပ်နေတယ်၊ ငါ လက်မခံနိုင်ဘူးဟ၊ ငါတို့ နှစ်ယောက် ခိုးပြေးကြရအောင်၊ နင် ငါ့နောက်ကို လိုက်မလား”
“ဟာ.. မဟုတ်တာပဲ ကိုလင်းကလဲ အဲလို မလုပ်နိုင်ပါဘူး၊ ဘယ်ဖြစ်မလဲ၊ ဆယ်ကျော်သက်တွေလည်း မဟုတ်”
“ငါတကယ် အတည်ပြောနေတာ၊ ငါအခု ခြံထဲဆင်းပြီး ဖုန်းပြောနေတာ၊ နောက် နှစ်ရက်လောက်နေရင် သင်္ကြန်ပိတ်ရက် ရောက်ပြီ ငါရန်ကုန် ဆင်းလာမလို့၊ နင် ငါ့ကို ချစ်တယ် မဟုတ်လား၊ မှန်မှန်ပြောဟာ..”
“ဟင်၊ အဲလို တစ်ခါတည်း ဖုန်းထဲက အဖြေတောင်းတဲ့ လူမျိုး ကြုံဖူးပါဘူး”
“ငု ကလည်း ဟာ နင်နဲ့ ငါနဲ့ ကြားမှာ မူနေစရာ လိုလိုလား”
“ဟွန်းး မမူပါဘူး ကိုလင်းရယ်၊ ငုကလည်း ကိုလင်းကလွဲပြီး တစ်ခြား ဘယ်သူ့မှ မချစ်နိုင်ပါဘူး”
“ဒါဆိုပြီးရော၊ ဒီသင်္ကြန်ပိတ်ရက်မှာ တို့တွေ နှစ်ဦးသဘောတူ လက်ထပ်ဖို့ စီစဉ်ရအောင်၊ ဒါဆို သူတို့လည်း ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူးလေ”
“ကိုလင်းရယ်၊ နေပါဦးဟာ၊ ခွင့်တော့ တောင်းကြည့်ရဦးမှာပေါ့၊ ငုတို့ တစ်ခါမှ ပွင့်ပွင့်လင်းလင်း ပြောမကြည့်ဖူးပဲနဲ့.. ခွင့်ပြုရင် ပြုမှာပါ”
“ရမှာမဟုတ်ဘူး၊ ငါသိပါတယ်၊ ငုလည်း သိသားနဲ့၊ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ပိုဆိုးနေမယ်၊ ငုကို တစ်ခါတည်း အိမ်ထဲမှာ ပိတ်ပြီး သူတို့ သဘောတူတဲ့လူနဲ့ ပေးစားလိုက်ရင် ဘယ်လိုလုပ်မလဲ”
“အင်.. အဲလိုတော့ ဘယ်ဖြစ်မလဲ”
“ဒါဆို ငါပြောတာ နားထောင်နော်၊ ငါစီစဉ်လိုက်မယ်”

*********

သင်္ကြန်ဆို တစ်ခါမှ ခရီးမထွက်ဖူးသော၊ တရားစခန်း ဝင်ချင်ဝင်၊ မဝင်လျှင် အိမ်တွင်းအောင်းလေ့ရှိသော လင်းသစ်စတစ်ယောက် အခုတော့ ခရီးထွက်ခဲ့ရသည်။ ကံကြမ္မာက ထူးခြား ဆန်းကြယ်သည်။ ပိတောက်မုန်းသော လင်းသစ်စ တစ်ယောက်မှ ပိတောက်ပန်းကြိုက်သော မိန်းကလေးနှင့် ဖူးစာဆုံရသည်။ သင်္ကြန်ခရီးထွက်ဖို့ ရွေးချယ်တော့ လင်းသစ်စက ပိတောက်တွေ သိပ်ဝေလေ့မရှိသော ပြင်ဦးလွင်ကို ရွေးချယ်လိုက်သည်။ ပိတောက်တွေ ပွင့်နေတာ မြင်လျှင် ခုထိ သူ့စိတ်က ရှုပ်ထွေးပြီး မနှစ်မသက် ဖြစ်မိတုန်း။

နှစ်ယောက်သား အိမ်တွေကိုတော့ သူငယ်ချင်းတွေနှင့် ခရီးထွက်မည် ဆိုပြီး ယုံအောင် ညာခဲ့ကြသည်။ အပေါင်းအသင်း မင်တတ်သော၊ မကြာခဏ ခရီးသွားလေ့ရှိသော ငုရုံကို ငုရုံအိမ်က သိပ်မအံ့သြသော်လည်း လင်းသစ်စ အိမ်ကတော့ တော်တော်အံသြပြီး စစ်လား ဆေးလား လုပ်ကြသေးသည်။ ရန်ကုန်က သူငယ်ချင်း တစ်ယောက်ကိုပင် အကူအညီတောင်းပြီး ပြောခိုင်းရသေးသည်။ လင်းသစ်စက ဦးဆုံး ရန်ကုန် ဆင်းလာပြီး ငုရုံနဲ့ ချိန်းရသည်။

ခုတော့ နှစ်ယောက်သား ရန်ကုန်-ပြင်ဦးလွင် စေတမန် Express ကားပေါ်တွင် ရောက်နေကြပြီ။ မကြီးမငယ်နှင့် ခိုးပြေးရတာ ရှက်စရာ ကောင်းပေမယ့် ပျော်စရာလည်း အကောင်းသား။ ငုရုံက ပြင်ဦးလွင် ရောက်ဖူးသော်လည်း လင်းသစ်စက တစ်ခါမှ မရောက်ဖူးပါ။  ကားပေါ်မှာ ရှိနေတုန်း ညဘက် မိုးတစ်ပြိုက်နှစ်ပြိုက် ရွာတာကို ကြုံရသည်။ မနက်စောစောစီးစီး ကားပေါ်က ဆင်းတော့ မြေသင်းနံတွေ နှင့်အတူ မြေပြင်က သိပ်သိပ်သည်သည်း ဖြစ်နေသည်။ ကြိုတင် မှာထားသော ဟိုတယ်မှာ တည်းကြသည်။ မနက်ကျလျှင် တရားရုံးမှာ လက်မှတ်သွားထိုးကြမည်။ မန္တလေးက သူငယ်ချင်း နှစ်ယောက် ဆင်းလာပြီး အသိသက်သေ လုပ်ပေးလိမ့်မည်။

မနက်စောစော ဟိုတယ်က ထွက်ပြီး လမ်းလျှောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ပိတောက်တွေ ပွင့်နေသော ပိတောက်ပင်တစ်ပင်ကို လမ်းဘေးမှာ မြင်ရသည်။ လင်းသစ်စက သူမကြိုက်သော အနံကို သတိထားမိသွားစဉ် ဟိုဟိုဒီဒီ မော့ကြည့်နေသော ငုရုံက ပိတောက်တွေကို စမြင်သွားသည်။ ပိတောက်တွေကို တံချူနှင့် ခူးနေသော လူတစ်ယောက် ရှိနေသည်။

“ဟယ် ဟိုမှာ ပိတောက်ပန်းတွေ ခူးနေတယ်၊ တစ်ခက်လောက် တောင်းပေးနော်”
ငုရုံသည် ရုတ်တရက်တော့ လင်းသစ်စ ပိတောက် မုန်းတာကို မေ့ပြီး ပြောလိုက်မိသည်။ ဖေဖေနှင့် အတူသွားရင်း အဲလို တွေ့လျှင်လည်း ဖေဖေ့ကို တောင်းခိုင်းဖူးသလို ပြောလိုက်မိတာ ဖြစ်သည်။ လင်းသစ်စလည်း ငုရုံဆွဲခေါ်ရာသို့ ပါသွားရင်း သူပြောသလိုပင် ပိတောက်ပန်း တောင်းပေးလိုက်သည်။ ပိတောက်ပန်းတွေ မြင်သော်လည်း အရင်လောက် စိတ်ထဲ မကြောက်ရွံမိတော့။ ချစ်သော မိန်းကလေးက ပိတောက်ကြိုက်သူ ဖြစ်နေ၍လား မပြောတတ်ပါ။ ပိတောက်တစ်ခက်က လင်းသစ်စ လက်ထဲ ရောက်လာသည်။ ငုရုံကလည်း သူမုန်းသော ပိတောက်တစ်ခက် သူ့လက်ထဲမှာ ရှိနေတာကို သဘောတကျ ဖြစ်သွားရင်း “ပန်ပေးလေ” ဟု ပြောမိသွားသည်။ လင်းသစ်စကလည်း ခါတိုင်းလို ပိတောက်တွေ့တာနဲ့ မျက်နှာလွှဲတာ၊ အော်ဟစ်တာတွေ မလုပ်တော့ပဲ အသာတကြည်ပင် ငုရုံခေါင်းက ကလစ်လေးကို ဖြုတ်ကာ ပန်ပေးလိုက်သည်။ ငုရုံကတော့ ပြုံးပြုံးကလေး…။ ငုရုံသာ အနားမှာ ရှိနေလျှင် လင်းသစ်စ အတွက်က ဘယ်အရာကိုမှ ကြောက်စရာ မလိုတော့ဟု ခံစားရသည်။

“ပိတောက်က ဘာမှ ကြောက်စရာ မကောင်းပါဘူး ကိုလင်းရယ်နော်..၊ ငုရုံနဲ့ ကိုလင်း စတွေ့တာလည်း ပိတောက်တွေ လာပေးရင်း စတွေ့တာလေ၊ ပိတောက်က ငုရုံတို့ ဖူးစာရှင်ပါနော်.. ငုရုံတို့ နှစ်ယောက်အတွက် ပိတောက်က ကောင်းခြင်းတွေပဲ ဆောင်ကျဉ်းလာမှာပါ ယုံထားလိုက်ပါနော်”
ငုရုံက လင်းသစ်စ လက်ကို တွဲခို လျှောက်ရင်း ပြောလိုက်မိသည်။
“ဒါပေါ့… ငုရုံသာ ငါ့အနားမှာ အမြဲရှိနေရင် ဘာမှ ဂရုမစိုက်ပါဘူး၊ အရာရာ ရင်ဆိုင်နိုင်ပါတယ်..”

သိင်္ဂါကျော်

19 March, 2013

နွေဦးသံဝေဂ

နွေဦးသစ်ရွက်တွေ ကြွေတယ်..
နွေဦးရွက်နုတွေ သစ်တယ်..
သစ်ရွက်တစ်ရွက်ရဲ့ သက်တမ်း
အရမ်းတိုတောင်းနေတာကိုပဲ မင်းမြင်မယ်
နွေဦးတွေ တစ်ခါပြီးတစ်ခါ လာနေတာ
ဘယ်လောက် မြန်တဲ့အကြောင်း
မင်း သတိထားမိမယ် မထင်ဘူး...။

ကလေးလေးတွေ တစ်ယောက်ပြီးတစ်ယောက်
မင်း မျက်စိရှေ့ ကြီးပြင်းလာကြတာကိုပဲ မင်းမြင်မယ်
အချိန် သင့်တာရော မသင့်တာရော
တဖြုတ်ဖြုတ် ဆုံးပါးကြတဲ့ အသက်တွေ အကြောင်း
မင်း သတိထားမိမယ် မထင်ဘူး...။

အရေပြားတစ်ထောက်က ဘာများအရေးပါသတဲ့လဲ
အရွယ်ကို ဘယ်သူကများရော လက်ဆွဲခေါ်ထားနိုင်သတဲ့လဲ
ဇရာကို မိတ်ကပ်လိမ်း ပန်းပန်ကြသူတွေ များနေတယ်
မင်းအလှအပနဲ့ ရမ္မက်ခေါ်ဆိုမှုက ဘာ့အတွက်များလဲ
နုပျိုမှုကို ထာဝရသိမ်းနိုင်မယ် ထင်သူတွေ များနေတယ်။

မင်းပိုင်ဆိုင်တယ်လို့ ထင်နေတဲ့ မြေတွေကို
ဘယ်ချိန်ထိ ပိုင်နိုင်မတဲ့လဲ
မင်းသေသွားတဲ့အခါ ၆ပေ တစ်ကွက်တောင်မှ အနိုင်နိုင်မဟုတ်လား။
မင်းပိုင်ဆိုင်တယ်လို့ ထင်နေတဲ့ စည်းစိမ်ဥစ္မာတွေကို
ဘယ်ဘဝအထိ သယ်ယူသွားနိုင်မယ် ထင်နေသလဲ
ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်နေကြတာ ကမ္ဘာအစမှ အဆုံးတိုင်ပဲလား
ဒီနေ့ ကမ္ဘာကြီး ပျက်သွားခဲ့ရင်
မင်း ပိုင်ဆိုင်တာတွေထက် မင်းကိုယ်တိုင်ရော တင်ကျန်နိုင်မှာတဲ့လား။

မင်းကိုလည်း ဘာကမှ မပိုင်ဘူး
မင်းကလည်း ဘာကိုမှ မပိုင်ဘူး
အရှိထက် အသိက ခက်ခက်နေကြဆဲ
ငါတို့ ကိုယ်၌က အချိန်မရွေး ကြွေကျနိုင်တဲ့
နွေဦးသစ်ရွက်တွေပါပဲလေ..
ဘာအတွက်များ မာနတွေနဲ့ ငြင်းခုန်နေကြဦးမလဲ...။

သိင်္ဂါကျော်
 

21 February, 2013

လရောင်အောက်မှာ ပွင့်တဲ့ပန်း


အကြောင်းတိုက်ဆိုင်ရင် သတိရတတ်ပါတယ်
သူပြောဖူးတဲ့ စကားတစ်ခွန်းတစ်လေ
ချိုမြိန်တဲ့ သစ်သီးတွေ ရာသီကုန်ရင်တောင်
ငှက်တွေ ဘယ်တော့မှ မမေ့သလိုမျိုး...။

မိုးတွေ အကြိမ်ကြိမ်ရွာတယ်...
မိုးတွေ အကြာကြီးခေါင်တယ်..
ဒါပေမယ့်
သစ်ပင်တွေ ဘယ်တော့မှ မိုးကို မမေ့သလိုမျိုး
ငါ့ နှလုံးသားထဲ ဖြတ်သွားဖြတ်လာတွေ သိပ်မများခဲ့ပါဘူး..
သတိရခြင်းတွေ သူ့နေရာနဲ့သူ သိမ်းထားတယ်...။

မင်း မေ့လိုက်နိုင်ပါတယ်..
မင်း ပြောင်းလဲနိုင်ပါတယ်..
ကတိတစ်ခု အတွက် မင်းကို ငါ မတုပ်နှောင်ဖူးတဲ့ အတွက်
မျိုးစေ့တွေ လေလွင့်ရာ ပန်းတွေ ပွင့်တတ်သလိုမျိုး
အချစ်တွေလည်း နေရာပြောင်းပြီး ပွင့်နိုင်တယ် မဟုတ်လား...။

တစ်ချို့ပန်းကလေးတွေ
လရောင်အောက်မှာမှ ပွင့်တတ်သလိုမျိုး
မပြောဖြစ်တော့မယ့် ငါ့ချစ်ခြင်းတွေ
တိတ်တဆိတ် ပွင့်ခဲ့ဖူးတယ်...
အများအမြင် နေရောင်အောက်မှာတော့ ငုံရုံကလေး ငုံလို့..။

ငှက်တွေ အသိုက်သစ်အတွက် အိပ်မက်မက်ဖူးကြသလိုမျိုး
မပြောကောင်း မဆိုကောင်း ချို့ယွင်းချက်တွေ မရှိတဲ့ ငါလည်း
အိပ်မက်တွေ မက်ဖူးပါရဲ့
လရောင်အောက်က ပန်းပွင့်လေးကို
မြတ်မြတ်နိုးနိုး နမ်းရှိုက်သူ တစ်ယောက် အကြောင်း...။

အိပ်မက်ကတော့ အိပ်မက်ပဲပေါ့..
တော်မဝင်တဲ့ ဇာတ်လမ်းတွေကို
ငါ့ နေရောင်အောက်မှာ နေရာမပေးနိုင်တဲ့အခါ
ငါ့အတ္တတွေနဲ့ငါ လှလှပပ ပျော်မွေ့လို့
ငါ့ရှင်သန်ခြင်းတွေနဲ့ငါ အချိန်တွေတောင် မလောက်မငဖြစ်လို့..
ဒီလိုပါပဲ..
ဒီလိုပါပဲလေ...။

သိင်္ဂါကျော်
(ခုတလော ဘလော့ကို ပစ်ထားတာ ကြာသွားပါတယ်.. မအားသေးတာရယ်.. စိတ်မပါသေးတာရယ်ကြောင့်  ဝတ္တု မရေးဖြစ်တာတောင် ကြာနေပါပြီ.. sorry ပါနော်...)

24 January, 2013

ချယ်ရီ ကို ချစ်တဲ့ ညီမလေး


ဝေတစ်ချို့ ကြွေတစ်ချို့ ပန်းနုရောင် ချယ်ရီပွင့်ကြီးကြီးများကို မြင်လိုက်ရတော့ ချယ်ရီကို ချစ်သော ညီမလေးကို သတိရသွားသည်။ ကျွန်တော်က ယောက်ျားလေးမို့ ပန်းတွေ ဘာတွေ သိပ်ခံစားတတ်သူ မဟုတ်သော်လည်း ရှုခင်းလှလှတွေကို ဓာတ်ပုံရိုက်ဖို့တော့ ဝါသနာပါသူဖြစ်ရာ ချယ်ရီတွေကို အဝေး အနီး ရိုက်ရင်း ညီမလေးကို ပြင်းပြင်းပျပျ သတိရလာခြင်း ဖြစ်သည်။ ချယ်ရီတွေ မြင်မှ သတိရသည် ဆိုတော့ အရင်အချိန်တွေမှာ လုံးဝ သတိမရပဲ မေ့နေသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်တော့် သတိရခြင်းတွေထဲမှာ ညီမလေး ရှိနေခဲ့တာ ညီမလေးနဲ့ ပထမဆုံး တွေ့ပြီးကတည်းကပါ။ ရူးသွပ်ခြင်းလို့ ယူဆပြီး မေ့ချင်ယောင်ဆောင်ဖူးသည်။ အလုပ်တွေ ရှုပ်ပြီး သတိမရ ဖြစ်သည့်အခါ ကျွန်တော့်ကိုယ် ကျွန်တော် ပုံမှန် ဖြစ်သွားပြီ ထင်လိုက်သော်လည်း အကြောင်းတွေ မကြုံကြုံအောင် တိုက်ဆိုင်ပစ်ပြီး သတိရသွားသည့်အခါ ညီမလေးနဲ့ ပတ်သက်သော ကျွန်တော့် ခံစားချက်ကို ကျွန်တော် ဆန်းစစ်ကြည့်ဖို့ လိုမှန်း သိလာသည်။ သို့ပေမယ့်လည်း အခြေအနေက မပေးသေး သောကြောင့် ကျွန်တော့် ခံစားချက်ကို ကျွန်တော် မသိချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်သည်။
*****

လွန်ခဲ့သော နှစ်က ချယ်ရီတွေ ပွင့်သည့်အချိန်မှာ သူငယ်ချင်းတွေနှင့် ပြင်ဦးလွင် တစ်ခေါက် ရောက်ဖြစ်ခဲ့သည်။ ကျွန်တော်က ကျွန်တော့် အားလပ်ချိန် ဝါသနာအရ ချယ်ရီတွေကို ဓာတ်ပုံရိုက်လိုသောကြောင့် ဖြစ်သည်။ ရန်ကုန်က လာလည်သော သူငယ်ချင်း လင်မယားကို လိုက်ပို့ရင်းနှင့် လောလောလတ်လတ် အတွဲဖြစ်သွားသော သူငယ်ချင်း နှစ်ယောက်လည်း ပါလာခဲ့သည်။ လာတာတော့ ကျွန်တော့်ကားနဲ့ အတူတူလာတာ ဖြစ်သော်လည်း သူတို့က သူတို့အတွဲနှင့် သူတို့ ဖြစ်သွားသောအခါ ကန်တော်ကြီးထဲမှာ ကျွန်တော်ကလည်း ကိုယ့်ကင်မရာနဲ့ကိုယ်သာ အဖော် လုပ်ခဲ့ရသည်။ ဇန်နဝါရီ လလယ် လောက်မို့ ချယ်ရီတွေက ပင်လုံးကျွတ် ပွင့်နေကြရာ ကျွန်တော်လည်း ကျွန်တော့် canon DSLR ကင်မရာနှင့် ချယ်ရီတွေ လိုက်ရိုက်နေခဲ့သည်။ ကျွန်တော်က မန္တလေးသားမို့ ပြင်ဦးလွင်ကို မကြာခဏ ရောက်ဖြစ်သော်လည်း ချယ်ရီပွင့်ချိန်ရယ်လို့တော့ တကူးတက မလာဖြစ်တာ များသည်။
 
 
အဲဒီမှာပဲ “သမီးတို့ကို group ပုံလေး ရိုက်ပေးပါလား အစ်ကိုကြီး” ဟု ဆိုကာ samsung ဖုန်းလေးကို ထိုးပေးလာသော ကောင်မလေးနှင့် ဆုံခဲ့ရခြင်း ဖြစ်သည်။ ဖြူဖွေးဝင်းမွတ်သော အသားအရေနှင့် အရပ်ရှည်ရှည် ကောင်မလေးက သူတို့ ကောင်မလေး လေးယောက် အုပ်စုထဲမှာ ထင်းနေသည်။ ဖျတ်ခနဲ အကြည့်ဆုံခဲ့သော အခိုက်အတန့်လေးမှာပင် ကောင်မလေး၏ ရွှန်းလဲ့သော မျက်နက်ဝန်းများကို သတိထားလိုက်မိသည်။ နှုတ်ခမ်းနီ ဆိုးထားပုံမရသော်လည်း ပန်းနုရောင် သမ်းနေသော နှုတ်ခမ်းလေးက အနည်းငယ် ထူသယောင် ထင်ရသော်လည်း ပုံကျလှပသည်။ မည်းနက် ထူအိသော ဆံပင်လေးများက ဂုတ်ဝဲ အတိလေး ညှပ်ထားသဖြင့် ကလေးလေး တစ်ယောက်နှင့် တူနေသည်။

ကျွန်တော်က သူတို့ကို တစ်ခြားနေရာတွေမှာပါ အုပ်စုလိုက်ပုံ ရိုက်ပေးဖို့ တာဝန်ယူလိုက်ပြီး သူတို့ ဖုန်းနဲ့အပြင် ကျွန်တော့် ကင်မရာနဲ့လည်း ရိုက်ပေးလိုက်သည်။ ကျွန်တော် စပ်စုလိုက်သဖြင့် သူမလေးတွေက ရတနာပုံမြို့သစ်မှာ အသစ်ဖွင့်လှစ်ထားသော နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေကြသော Second Year ကျောင်းသူလေးများ ဖြစ်ကြောင်း သိရသည်။ သူတို့ကလည်း internet သုံးသည် ဆိုသောကြောင့် ကျွန်တော့် ကင်မရာနှင့် ရိုက်ထားသော သူတို့ပုံများကို gmail နှင့် ပို့ပေးမည်ဟု ကတိပေးပြီး ရိုက်ပေးခဲ့ရခြင်း ဖြစ်သည်။ ဓာတ်ပုံရိုက်တာ ဝါသနာပါကြသော်လည်း သူများ ကောင်မလေးတွေလို ပဲများပြီး ပို့စ် ပေးတတ်သူများတော့ မဟုတ်ပါ။ ပီဘိ ကလေးမလေးတွေလို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနှင့် ချစ်စရာကောင်းကြသူများ ဖြစ်သည်။ သူမလေး တစ်ယောက်ကိုပဲ အနီးကပ်ပုံတွေပါ zoom ဆွဲပြီး ရိုက်ဖြစ်ခဲ့တာ နည်းနည်းတော့ အားနာသယောင် ဖြစ်ရသည်။ သူမလေးကတော့ ကျွန်တော် ငမ်းတာကို မသိသလို ပုံတိုင်းမှာ ဖြူစင်သော အပြုံးကလေးနှင့် ချစ်စရာ ကောင်းနေသည်။ 

 
နေလည်း နည်းနည်း မြင့်လာပြီး ကန်တော်ကြီး လမ်းလျှောက်ရင်း နည်းနည်းအိုက်လာကြတော့ အပေါ်ထပ် အနွေးထည်တွေ ချွတ်ပြီး ဓာတ်ပုံရိုက်ကြမည် ဖြစ်လာသည်။ သူမလေးက သူများထက် အရပ်တော်တော် ပိုရှည်နေသည် ထင်ရသည်မှာ အရပ်အပြင် ကြိုးသိမ်း ဒေါက်ဖိနပ် တစ်ညီတည်း အမြင့်ကပင် နှစ်လက်မလောက် ရှိနေသောကြောင့် ဖြစ်သည်။ အပေါ်က ကုတ်အရှည်ကြီးကို ချွတ်လိုက်တော့မှ သူမလေးဟာ ကလေးမလေး မဟုတ်ပဲ မိန်းကလေး တစ်ယောက်လို ရှိသင့်သော ကိုယ်လုံးကိုယ်ပေါက်မျိုးလည်း ရှိကြောင်းကို သတိထားမိလိုက်သည်။ ကျွန်တော်က ယောက်ျားတစ်ယောက် မဟုတ်လား။ ကိုယ်ကျပ် စပို့ရှပ် လက်ရှည်လေးနှင့် ဂျင်းဘောင်းဘီ အကျပ်လေးက ညီမလေးရဲ့ မော်ဒယလ် ကိုယ်လုံးလေးကို ပေါ်လွင်နေစေသည်။ “ညီမလေးက မော်ဒယ်လ် လုပ်သင့်တာ” လို့ ကျွန်တော်က စတော့ “မလုပ်ချင်ပါဘူး၊ သမီးက အင်ဂျင်နီယာပဲ လုပ်မှာ” လို့ သူကပြောသည်။

ညီမလေးတို့ ဓာတ်ပုံတွေ ပို့ပေးဖို့ဆိုပြီး gmail တောင်းပြီးနောက် လမ်းခွဲခဲ့ကြသည်။ သူတို့ နာမည်တွေ မမေးဖြစ်ခဲ့သလို ကျွန်တော့် နာမည်ကိုလည်း ပြောမပြဖြစ်ခဲ့ပါ။ ကျွန်တော်က မန္တလေးမှာ နေကြောင်းလောက်သာ ပြောဖြစ်ခဲ့သည်။ မန္တလေး ပြန်သော လမ်းတစ်လျှောက် ကျွန်တော့် စိတ်ထဲက တစ်စုံတစ်ရာ လွတ်ကျ ကျန်ခဲ့သလိုလို ခံစားနေခဲ့သည်။

အိမ်ပြန်ရောက်ရောက်ချင်း ဓာတ်ပုံတွေ memory card ထဲက ထုတ် laptop ထဲထည့်ကြည့်ပြီး ကျွန်တော့်လက်ရာ ကျွန်တော် သဘောကျနေသည်။ ချယ်ရီတွေကို မဟုတ်ပါ။ ညီမလေး ပုံတွေကိုသာ ဖြစ်သည်။ ညဘက် ချက်ချင်း memory stick ထဲထည့် internet ဆိုင်သွားပြီး ညီမလေးဆီ ပို့လိုက်သည်။ အဲဒီတုန်းက ဖုန်းပေါ်ကလည်း internet သုံးလို့ မရသေးချိန် ဖြစ်သည်။ Gtalk မှာ ညီမလေးကို invite လိုက်သော်လည်း တက်မလာပါ။ ညီမလေးက online မှာ မရှိဘူးထင်သည်။ နောက် လေးရက်လောက် နေမှ ညီမလေးဆီက ကျေးဇူးတင်ကြောင်း စာတစ်စောင် ပြန်ရောက်လာပြီး chat friend list ထဲမှာ ညီမလေး နာမည် ပေါ်လာသည်။ နောက်ထပ် ရက်တွေ တော်တော်များများ ကြာသည့်အထိ ညီမလေးနှင့် online မှာ မတွေ့ဖြစ်ခဲ့ကြပါ။ ကျွန်တော်ကလည်း ဆောက်လုပ်ရေး site ထဲမှာ လုပ်နေရသူမို့ ရုံးထိုင်ပြီး internet အမြဲ သုံးနေနိုင်သူ မဟုတ်ပဲ နားရက် ညနေပိုင်း တစ်ပတ် နှစ်ရက်လောက်သာ online တက်ဖြစ်သူ ဖြစ်သည်။ ညီမလေးကလည်း ကျောင်းတက်နေရသူမို့ တစ်ခါတလေလောက်သာ ဆိုင်မှာ internet သုံးဖြစ်လိမ့်မည်။

တိုက်တိုက်ဆိုင်ဆိုင် တစ်လအတွင်း နှစ်ခါလောက်တော့ ညီမလေးနှင့် online မှာ တွေ့လိုက်သည်။ ညီမလေး နာမည်က မေသံစဉ် ဖြစ်ပြီး ရန်ကုန် ဇာတိဖြစ်ကြောင်း သိလာရသည်။ အရင်က ကျွန်တော် online တက်ဖြစ်လျှင် နိုင်ငံခြားမှာ အလုပ်လုပ်နေကြသော ကျောင်းနေဘက် သူငယ်ချင်းတွေနှင့် ပြောဖြစ်သည်၊ online မှာ မတော်တဆ တွေ့ဖြစ်သော ကောင်မလေးတွေနဲ့ ဘာဘာညာညာ ပြောဖြစ်သည်။ ခုတော့ online တက်ဖြစ်လျှင် ညီမလေး ရှိလေသလားလို့ အရင် ရှာဖြစ်သည်။ သို့ပေမယ့်လည်း မတွေ့ဖြစ်တာတော့ များပါသည်။ ကျွန်တော် အားသည့်အချိန်က ညဘက်မှ ဖြစ်ပြီး ညီမလေးကတော့ မိန်းကလေးမို့ ညဘက် ဆိုင်ကို ထွက်သုံးမှာ မဟုတ်ပါ။

တကယ်တော့ ကျွန်တော့်မှာ လောလောဆယ် ချစ်သူ မရှိဘူး ဆိုသော်လည်း ကျောင်းတုန်းကတော့ သုံးယောက်၊ လေးယောက်လောက် ရှိဖူးပါသည်။ ကျွန်တော်ကိုယ် ကျွန်တော်မို့ ပြောတာ မဟုတ်ပါ။ မိန်းကလေး တစ်ယောက်ကို ကျွန်တော် လိုက်ချင်ပြီ ဆိုလျှင် မရရအောင် လိုက်လေ့ ရှိခဲ့ပြီး လိုက်လို့ မရတာလည်း မရှိခဲ့ဖူးပါ။  သို့ပေမယ့် တွဲခဲ့ဖူးသော မိန်းကလေး တစ်ယောက်ယောက်ကို လေးလေးနက်နက် အမြဲတမ်း တွဲဖို့ စဉ်းစားလိုက်တိုင်း ငြီးငွေ့ပြီး နောက်ဆုတ်ခဲ့မိသည်သာ ဖြစ်သည်။ ခုနောက်ပိုင်း အသက်လည်း နည်းနည်းကြီးလာပြီ ဖြစ်သောကြောင့် တကယ် မချစ်သော မိန်းကလေးတွေနဲ့ မတွဲတော့ပဲ အလုပ်ကိစ္စပဲ အာရုံစိုက် လုပ်နေခဲ့တာ တော်တော်ကြာလေပြီ။ ခု နှစ်ပိုင်းများမှာ ကျွန်တော့် စိတ်ထဲ ဘယ်မိန်းကလေးမှ ရှိမနေခဲ့ပါ။ အနီးအနားမှာ ကျွန်တော်သာ စလိုက်လျှင် ပါလာနိုင်သည့် တစ်ယောက်စ နှစ်ယောက်စ ရှိတာ ယောက်ျားလေးပီပီ သိသော်လည်း ဇာတ်လမ်း မစချင်တော့သဖြင့် မသိချင်ယောင် ဆောင်နေခဲ့သည်။

အခုတော့ ကျွန်တော့် အားလပ်ချိန်များမှာ ညီမလေး အကြောင်း မကြာခဏ တွေးဖြစ်နေသည်။ ကျွန်တော့် ကွန်ပျူတာထဲမှာ ရှိနေဆဲ ညီမလေး ဓာတ်ပုံတွေကို ပြန်ကြည့်ဖြစ်နေသည်။ ကျွန်တော့်မှာ ညီမ မရှိပဲ အစ်မတစ်ယောက်၊ အစ်ကို တစ်ယောက်သာ ရှိပြီး အငယ်ဆုံးသား ဖြစ်နေသောကြောင့် ညီမလေးလို ခင်မင်ချင်တာပါလို့ ကိုယ့်ကိုယ်ကို အကြောင်းပြပြီး ညီမလေးနှင့် online မှာတွေ့ဖို့ ညီမလေး တက်လေ့ရှိသော စနေလို နေ့မျိုးမှာ online ပေါ် တက်ဖြစ်အောင် ကြိုးစားခဲ့သည်။ ညီမလေး ဖုန်းနံပါတ်ကို တောင်းတော့ ရခဲ့သော်လည်း ညီမလေး စိတ်အနှောက်အယှက် ဖြစ်မှာ စိုးသဖြင့် သိပ်မဆက်ဖြစ်ခဲ့ပါ။ ညီမလေး အဆောင် နေရာကို သိသော်လည်း သွားလည်ဖို့ မကြိုးစားခဲ့ပါ။ ညီမလေးကလည်း ကျွန်တော့်ကို လာလည်ဖို့ မဖိတ်ခေါ်ပါ။ ညီမလေးက ခုမှ ၁ရ နှစ် ကျော်ကျော်သာ ရှိသေးရာ ကျွန်တော့်ထက် ၁၀ နှစ် ငယ်သည်။ တကယ်ပဲ ကျွန်တော့် ညီမ အငယ်ဆုံးလေးလို သဘောထားနိုင်ဖို့ ကြိုးစားခဲ့ပါသည်။
*****

ကျွန်တော် ဂျပန်နိုင်ငံကို သင်တန်း ခြောက်လ သွားတက်ရသည်။ ညီမလေးကလည်း စာမေးပွဲ နီးနေပြီ ဆိုပြီး online မတက်သဖြင့် ညီမလေးနှင့် online မှာ မတွေ့ဖြစ်သောကြောင့် message ပို့ထားခဲ့သည်။ ရောက်ကာစ ရက်များမှာ အထိုင်မကျသေးသဖြင့် ကျွန်တော် internet လည်း သိပ်မသုံးဖြစ်သလို ညီမလေးလည်း သိပ်မသုံးဖြစ်။

ကျွန်တော် ဂျပန်ရောက်ပြီး ဒုတိယလ လောက်ကျမှ ညီမလေးနှင့် online မှာ ပြန်တွေ့သည်။ ခဏပါပဲ...။ ညီမလေးက စာမေးပွဲကြီးပြီးလို့ ကျောင်းပိတ်ကာ အိမ်ပြန်နေသည်ဆို၏။ နောက်တော့ ညီမလေးကလည်း ဖုန်းပေါ်မှာ internet သုံးသည်။ ကျွန်တော်လည်း ဖုန်းပေါ်မှာ internet သုံးသည်။ သို့သော် ကျွန်တော်လည်း သင်တန်းတက်၊ သူလည်း ကျောင်းတက်နေရသောကြောင့် တစ်နေ့ တစ်ခါလောက် နှုတ်ဆက် ဖြစ်တာက လွဲလို့ ဘာမှတော့ သိပ်မပြောဖြစ်ပါ။ ဘာမှ မဟုတ်ပေမယ့်လည်း ညီမလေးကို မနက်တိုင်း Morning လို့ နှုတ်ဆက်ပြီးမှ ကျွန်တော့် မနက်ခင်းတွေကို စတင်ဖြစ်လာသည်။ ကျွန်တော့်နိုင်ငံက မနက်အိပ်ရာထ နှုတ်ဆက်သည့်အချိန်မှာ နှစ်နာရီ နောက်ကျသော မြန်မာနိုင်ငံမှာ ညီမလေး အိပ်နေဆဲလည်း ဖြစ်နိုင်သည်။ ညီမလေးကတော့ တစ်ခါတလေလည်း ပြန်နှုတ်ဆက်သည်။ တစ်ခါတလေ တစ်နေကုန် ဘာမှ ပြန်မပြောတာလည်း ရှိသည်။

အနီရောင် မေပယ်လ်ရွက်တွေကို မြင်ခဲ့ချိန်တုန်းကလည်း ညီမလေးကို သတိရမိသည်။ ဓာတ်ပုံရိုက် ဝါသနာပါသော ညီမလေးကို ဆောင်းဦးသစ်ရွက်တွေနဲ့အတူ ဓာတ်ပုံ ရိုက်ပေးချင်လှသည်။

ဆောင်းရင့်လာတော့ နှင်းတွေ အရိပ်အယောင်ပေးလာသည်။ ကျွန်တော် ရောက်နေသော မြို့မှာ နှင်းတွေ များများ မကျပဲ နည်းနည်း ဖွဲဖွဲ အစအနလောက်သော မြင်ရသော်လည်း မန္တလေးလို နေရာက ကျွန်တော့် အဖို့တော့ ဆောင်းသရုပ်က တော်တော်ကြီးကို ပီပြင်နေလေပြီ။

ပြန်ကာနီးလမှာ ကံကောင်း ထောက်မပြီး ချယ်ရီပွင့်ချိန်နှင့် ကြုံကြိုက်သဖြင့် ချယ်ရီပန်း ပွဲတော် လုပ်သော နေရာကို သွားဖြစ်သည်။ ချယ်ရီတွေပွင့်တာ မြင်ရင် အရမ်းသဘောကျတယ် လို့ ပြောခဲ့ဖူးသော ညီမလေးကို အတူ ရှိစေချင်လာသည်။ ပြင်ဦးလွင်က သေးသေးကွေးကွေး ချယ်ရီပွင့်တွေကို မက်မက်မောမော ရှိခဲ့ဖူးသော၊ ချယ်ရီပင်အောက်မှာ အလှကြီး လှခဲ့ဖူးသော ညီမလေးကို ဒီက ချယ်ရီပင်တွေ အောက်မှာ ဓာတ်ပုံ ရိုက်ပေးချင်လှသည်။ ပြီးတော့ ညီမလေးက ဆောင်းတွင်းမှာ မွေးသောကြောင့် နှင်းကျတာကို သဘောကျသတဲ့။ နှင်းကျသော တိုင်းပြည်ကို ခဏလောက် သွားဖူးချင်လှသည် ဟု ဆိုခဲ့ဖူးသည်။ ညီမလေးနဲ့သာ အတူတူ ခရီးထွက်ရရင် ဘယ်လောက် ပျော်စရာ ကောင်းလိုက်လေမလဲ။ ဒီမှာ နှင်းဖွဲဖွဲတွေ မကြာခဏ ကျလေ့ရှိသည်။ ညီမလေးသာ ရှိလျှင် ပျော်မှာပဲ လို့ တွေးမိသည်။ ကျွန်တော့် ဘဝမှာ ဘယ်မိန်းကလေးကိုမှ ဒီလောက် အချိန်ကြာကြာအထိ စိတ်ထဲ ထည့်ထားမိတာမျိုး  ညီမလေး ကလွဲလျှင် မရှိခဲ့ဖူးပါ။ ငယ်ငယ်က ထားခဲ့ဖူးသော ရည်းစားတွေတောင်မှ တစ်ယောက်ကို တစ်နှစ်လောက်သာ ကြာခဲ့တာပါ။

ညီမလေးကို ချယ်ရီတွေချည်း ရိုက်ထားသော ပုံတွေ ပို့ပေးလိုက်သည်။ ညီမလေးက ကျွန်တော်ပုံရော မကြည့်ရဘူးလား ဆိုသဖြင့် ချယ်ရီပင်အောက်မှာ ရိုက်ထားသော ပုံတစ်ချို့ ပို့ပေးဖြစ်သည်။ ခုနောက်ပိုင်း ညီမလေးနှင့် ကျွန်တော် facebook မှာလည်း အဆက်အသွယ် ရှိသည်။ ညီမလေးက အချစ် ဒဿန စာစုတွေ share လုပ်လျှင် ကျွန်တော့်မှာ ညီမလေးများ အချစ်ကို စိတ်ဝင်စားချင်နေပြီလား လို့ စိုးရိမ်မကင်း ဖြစ်ရသည်။ ညီမလေးကို မေးလျှင်တော့ ဘာမှ မပြောင်းလဲ သေးပါဘူး ပဲ အမြဲ ဖြေသည်။ ကျွန်တော်က အချိန်တို သင်တန်းမှာ ကြိုးစားပမ်းစား လုပ်ဆောင်နေရသဖြင့် နေ့ဘက် online သိပ်မတက် ဖြစ်ချိန်မှာ ညီမလေးကတော့ သူ့ကျောင်းမှာ wireless နဲ့ ဖုန်းပေါ်မှာ သုံးနေသည် ဆိုပြီး online ပေါ် မကြာခဏ ရောက်နေတတ်သည်။ ကျွန်တော့်ကို တွေ့လျှင် စနှုတ်ဆက် တတ်လာသည်။ ညီမလေးဆီက message တစ်ကြောင်း ရောက်နေလျှင် ကျွန်တော့် နေ့ရက်တွေ သာသာယာယာ ရှိနေခဲ့သည်။ ညီမလေးနှင့် မတွေ့ဖြစ်သော ကျွန်တော့် နေ့ရက်တွေကိုတော့ ခြောက်ခြောက်သွေ့သွေ့ ဖြတ်သန်းရသည်။
*****

ညီမလေးတို့နှင့် စသိပြီးကတည်းက ပိတ်ရက်မှာ ညီမလေးဆီ သွားလည်ရင် ကောင်းမလား မကြာခဏ စဉ်းစားကြည့် ခဲ့မိသော်လည်း ဘာက ဘယ်လို ကိုယ့်စိတ်ကိုယ် တားဆီးမိမှန်း မသိပဲ မသွားဖြစ်ခဲ့ပါ။ ညီမလေးကို အပြင်မှာ တွေ့ဖြစ်လျှင် ကျွန်တော့် စိတ်တွေ ပို ဖောက်ပြန်လာမလား စိုးရိမ်မိခဲ့သည်။ တကယ်တော့ မဖြစ်သင့်ဘူး မဟုတ်လား။ ညီမလေးက ခုမှ ကျောင်းတက်တုန်း ရှိသေးတာလေ။


ညီမလေးတို့ ကျောင်းသစ်ထဲကို တစ်ခေါက်တော့ ဦးတည်ရာမဲ့ စိတ်မထိန်းနိုင်ပဲ ရောက်သွားခဲ့ဖူးသည်။ သို့ပေမယ့် ညီမလေး ဘယ်အခန်းမှာ တက်သလဲလည်း မသိခဲ့ပါ။ ဖုန်းဆက်ပြီးလည်း မခေါ်ချင်ခဲ့ပါ။ ကျောင်းဝင်းထဲမှာ တစ်ချို့တွေ သွားလာနေသော်လည်း ညီမလေးနဲ့တော့ မတွေ့ခဲ့ရပါ။ ကျောင်းအားချိန် ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူ အတွဲလေးများကို မြင်တော့ ညီမလေး မှာရော အဲသလိုများ ရှိနေပြီလားလို့ စိတ်ထဲ တစ်မျိုးဖြစ်မိခဲ့သည်။ ကျွန်တော့် စိတ်ထဲတော့ ဒီအရွယ် ဆိုတာ ကလေးပဲ ရှိသေးတယ် အောက်မေ့ပြီး ကျွန်တော့်စိတ် ကျွန်တော်တောင် အရောင်မဆိုးမိအောင် ထိန်းနေသော်လည်း သူတို့ အရွယ်နှင့် သူတို့ကလည်း အတွဲလေးတွေ ရှိနေကြသည်ကိုး။ ညီမလေး လို မိန်းမချောလေး မှာလည်း သူနှင့် ရွယ်တူတန်းတူ ကောင်လေး တစ်ယောက်လောက်တော့ ရှိနေနိုင်သည် မဟုတ်ပါလား။ ကျွန်တော် ဘာကြောင့် အဲသလို တစ်ခါမှ မတွေးမိခဲ့ရသလဲ…။ ညီမလေးမှာ ရည်းစားရှိနေရင်လို့ တွေးလိုက်မိတော့ အခုပဲ ညီမလေးကို ပြေးတွေ့ပြီး ရည်းစားစကား ပြောပစ်ချင်စိတ် ပေါက်သွားခဲ့သည်။ အဲဒါ ဆိုလျှင် ညီမလေးက စိတ်ဆိုးမှာလား.. တွေးမိတော့ ညီမလေးကို ဖုန်းဆက်မခေါ်ပဲ ကျောင်းဝင်းထဲက ပြန်လာခဲ့မိသည်။

ညဘက်ကျတော့ ညီမလေးကို ဖုန်းဆက်ရင်းနဲ့ ချစ်သူ ရှိသလား မေးခဲ့တော့ ညီမလေးက “မရှိပါဘူး၊ ညီမလေးက အဲဒါတွေ စိတ်မှ မဝင်စားတာ၊ ညီမလေးက roll no ကောင်းဖို့ပဲ စိတ်ဝင်စားတာ” ဆိုမှ ပူလောင်နေသော ကျွန်တော့် စိတ်တွေ နည်းနည်း ငြိမ်းချမ်းသွားခဲ့ရသည်။ ညီမလေးက roll no 1 မဟုတ်သော်လည်း 10 အတွင်းမှာတော့ ဝင်သည် ဆို၏။ ဟုတ်မှာပါလေ…။ ညီမလေးက ယောက်ျားတစ်ယောက် မျက်စိထဲမှာ မိန်းမချော ဖြစ်နေပေမယ့် သူ့ကိုယ်သူတော့ အဲလို သဘောထားသေးတာ မဟုတ်ပါဘူး။ ဖိနပ်မြင့်မြင့် ကြိုက်တတ်တာက လွဲရင် အလှပြင်ဖို့ စိတ်မဝင်စားပဲ ကလေးလိုပဲ နေတတ်သူပါ။ ညီမလေး စာကြိုးစားပါစေ။ ကျွန်တော့်ကြောင့် အနှောက်အယှက် မဖြစ်လို၍ တကူးတက သွားမတွေ့ဖို့ ဆုံးဖြတ်သည့် အတိုင်းပဲ တည်နိုင်အောင် ကြိုးစားနေခဲ့သည်။

အခုတော့ ညီမလေးကို သတိရခြင်းတွေက တားမနိုင် ဆီးမရ..။ နိုင်ငံတွေ ခြားနေတဲ့ ခဏတာ အချိန်ကျမှ ညီမလေးဆီ ပြေးသွားချင်စိတ်တွေ တဖွားဖွား ဖြစ်နေသည်။ ဒီမှာ သူငယ်ချင်းတွေ၊ မိသားစုတွေ အဝေးကို ရောက်နေရ၍များ ကျွန်တော် ပိုပြီး အထီးကျန်မှုကို ခံစားမိသလား မသိပါ။ ညီမလေး အပေါ်ထားသော ကျွန်တော့်စိတ်ကို ကျွန်တော် ပြန်ဆန်းစစ် ကြည့်သင့်ပြီထင်သည်။ ကျွန်တော့်ကိုယ် ကျွန်တော် ဝန်မခံချင်ပေမယ့် ကိုယ့်စိတ်ကိုယ်တော့ သိနေပြီးသား မဟုတ်လား..။ ညီမလေးကို ကျွန်တော့်အနားမှာ ရှိစေချင်မိသည်။ မကွယ်မဝှက်စတမ်း ပြောရလျှင် တစ်သက်လုံးပေါ့…။ ဒါကတော့ ကျွန်တော့် စိတ်ကူးယဉ်မှု သက်သက် ရယ်သာပါ။ ညီမလေးကို ကျွန်တော့် အနားမှာ တစ်သက်လုံး ခေါ်ထားဖို့ ကြိုးစားကြည့်မည် ဆိုလျှင်တောင် ညီမလေး ဘွဲ့တွေ ဘာတွေ ရမယ့် အချိန်တစ်ခု အထိတော့ စောင့်ရဦးမည် မဟုတ်လား..။ ကျွန်တော်က စောင့်နိုင်ပေမယ့် ညီမလေးက အဲဒီ အတောအတွင်း တစ်ယောက်ယောက်ကို တွေ့သွားခဲ့လျှင်ရော…။ အဲသလောက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ဇာတ်နာအောင် ဇာတ်လမ်း မဆင်သင့်ဘူး ထင်သည်။

ညီမလေး ကျွန်တော့်အပေါ် ဘယ်လို သဘောထားမလဲ တွေးမိရင် စိတ်ထဲ တစ်ခုခု ပိကျသလို လေးလံလာသည်။ ညီမလေးက ကျွန်တော့်အပေါ် အလေးအနက် မရှိဘူး ထင်သည်။ ကျွန်တော့်ကို online မှာ တွေ့လျှင်ပင် ဘယ်တော့မှ စနှုတ်ဆက်တာမျိုး သိပ်မရှိ။ ကျွန်တော်ကသာ ညီမလေးကို အမြဲတမ်း စတင် နှုတ်ဆက်ရသူ ဖြစ်သည်။ ညီမလေးဆီ လာလည်ရင် ကောင်းမလား ဆိုတော့ မလာပါနဲ့ အဆောင်မှာ ဧည့်သည်ကို စကားလက်ခံ ပြောဖို့ နေရာ မရှိဘူး စသည်ဖြင့် မရေမရာ အကြောင်းပြချက်တွေ ပြောခဲ့သည်။ ဘာပဲဖြစ်ဖြစ် သတ္တိမွေးပြီး ခု ဂျပန်က ပြန်ရောက်လျှင်တော့ ကျွန်တော် ညီမလေးဆီ တစ်ခေါက်သွားချင်သည်။ လက်ဆောင် ပေးမည် ဆိုသော အကြောင်းပြချက်နှင့် ဆိုလျှင်တော့ ညီမလေး လက်ခံနိုင်စရာ ရှိသည်။
*****

ဂျပန်က ပြန်ရောက်ရောက်ချင်းတော့ အလုပ်ကိစ္စတွေရှုပ်နေသဖြင့် internet လည်း မသုံးအားပဲ ညီမလေးဆီ သွားဖို့ စိတ်သာ ရှိသော်လည်း မသွားဖြစ်ခဲ့ပါ။ ညီမလေးနှင့် ကျွန်တော်က အပြင်မှာ တစ်ခါတည်းသာ ဆုံခဲ့ဖူးတာ ဖြစ်သောကြောင့် အကြောင်းရှာပြီး သွားတွေ့ရမှာ ရှက်သလိုလို ဖြစ်မိတာလည်း ပါသည်။ တွေ့ချင်သည်။ သို့သော် ကျွန်တော်က ညီမလေးတို့ အရွယ် မဟုတ်သောကြောင့် သူတို့ ကျောင်းကို သွားရမှာတော့ ကြောင်တောင်တောင် နိုင်သလို ခံစားမိသည်။ ညီမလေးဆီ ဖုန်းဆက်မယ် လုပ်ပြီး contact list ထဲက ညီမလေး ဓာတ်ပုံလေးနှင့် ထည့်ထားသော ညီမလေး နာမည်ကို ရှာကြည့်ပြီးမှ call ကို မနှိပ်ဖြစ်ပဲ ပြန်ချထားလိုက်မိသည်။ ကျွန်တော့်စိတ်ကို ကျွန်တော် မလုံခြင်းများလား…။

သောကြာညမှာ ညီမလေးဆီက ဖုန်းဝင်လာသည်။ ကျွန်တော့်ရင်တွေ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်လို ခုန်သွားသည်။ ညီမလေးက ကျွန်တော့်ဆီ တစ်ခါမှ စမဆက်ဖူးခဲ့ပါ..။ “ကိုကြီး ပြန်ရောက်နေပြီ မဟုတ်လား၊ ဘာဖြစ်လို့ ညီမလေးဆီ ဖုန်းမဆက်တာလဲ၊ အလုပ်တွေ ရှုပ်နေလို့လား” တဲ့။ အလုပ်ရှုပ်နေတာတော့လည်း အမှန်ပါပဲ..။ ဒါပေမယ့် ဖုန်းမဆက်တာကတော့ ကျွန်တော့် ခံစားချက်တွေ စိတ်လွတ်လက်လွတ် ပြောမိသွားမှာ စိုးလို့ ထင်သည်။ ညီမလေးလည်း ကျွန်တော့်လိုပဲ ထပ်တူညီ သတိရခြင်း တစ်ချို့တလေ ရှိတယ်ဆို ကျွန်တော် ကျေနပ်ပါသည်။ ကျွန်တော် ဘာကြောင့် ဂေါက်တောက်တောက် အတွေးမျိုးနဲ့ ညီမလေးကို တကူးတက ရှောင်နေစရာ လိုသလဲ။ ယောက်ျား ပဉ္ဖင်း မိန်းမ ပုခက်တွင်း ဆိုတဲ့ စကားတောင် ရှိသေးတာပဲ…။ ညီမလေးနဲ့ ကျွန်တော်က ၁၀နှစ်ပဲ ကွာတာ မဟုတ်လား…။

“ညီမလေး မနက်ဖြန် ကျောင်းပိတ်တယ် မဟုတ်လား၊ ကိုယ်လာခဲ့မယ် ရမလား” ဆိုတော့ ညီမလေးက အခါတိုင်းလို အကြောင်းပြချက်တွေ ပေးပြီး ငြင်းဆန်မနေပဲ “ရပါတယ်၊ ဘယ်မှ မသွားဘူး” လို့ ပြန်ပြောသည်။ ညီမလေး အတွက် ရည်ရွယ်ပြီး ဝယ်ဖြစ်ခဲ့တဲ့ ချစ်စရာ ဂျပန်မအရုပ်ကလေးရယ်၊ ဒူးဖုံးရုံ ဂါဝန်ကလေးရယ်၊ ညီမလေးရဲ့ခြေထောက် သေးသေးလေးနဲ့ မှန်းပြီး ဝယ်လာတဲ့ ကြိုးသိုင်းဖိနပ် မြင့်မြင့်ကလေးရယ် မနက်ဖြန် တွေ့လျှင် ညီမလေးကို ပေးရမည်။ ဂါဝန်ကလေးကတော့ ပြင်ဦးလွင် ဆောင်းတွင်းမှာ ဝတ်လို့ မရသေးတော့ စိန်ပန်းပြာတွေ ပွင့်မယ့် နွေရောက်မှပဲ ဝတ်ပေါ့ ညီမလေးရယ်…။ 
*****

ညီမလေးတို့ အဆောင်က ညီမလေး ပြောသည့်အတိုင်း ဧည့်သည် တွေ့ဆုံဖို့ ဧည့်ခန်း မရှိလေရာ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာပဲ ထိုင်ပြီး စကားပြောဖြစ်သည်။ မတွေ့ကြသည့် တစ်နှစ်အတွင်း ညီမလေးက ပိုလှလာသည်။ ကျွန်တော့် ရင်ခွင်ထဲမှာပဲ သိမ်းထားချင်လောက်အောင် စိတ်မချချင်စရာ ဖြစ်သည်။ အပြင်မှာ တွေ့တာ တစ်နှစ်လောက် ကြာပြီးမှ ဒုတိယတစ်ခါ တွေ့ဖြစ်တာ ဖြစ်သော်လည်း ညီမလေးနှင့် ကျွန်တော်က ရှိုးတို့ ရှန်းတန့် ဖြစ်မနေပဲ ခင်မင်ပြီးသားသူတွေလို စကားတွေ ရင်းရင်းနှီးနှီး ပြောဖြစ်သည်။ ကျွန်တော် ဝယ်လာသော ကြိုးသိုင်းဖိနပ်လေးကလည်း ညီမလေး ခြေထောက်နှင့် ကွက်တိပင်။

ညီမလေးက ဒီနေ့ ဈေးသွားစရာ ရှိသည်၊ သူငယ်ချင်းတွေက မန္တလေး ဆင်းသွားလို့ အဖော်မရှိကြောင်း ပြောတော့ ကျွန်တော်က လိုက်ပို့မည် ပြောလိုက်သည်။ ညီမလေး ကျွန်တော့် ဆိုင်ကယ်နောက်က ပါလာတော့ ကျွန်တော့်အပျော်တွေ အဆုံးမရှိ ဖြစ်ရသည်။ ညီမလေးကို ဒီနှစ် ချယ်ရီတွေ သွားကြည့်ပြီးပြီလား မေးတော့ ညီမလေးက မသွားရသေးဘူး ပြောသည်။ သွားမလား ပြောတော့ ချယ်ရီ ချစ်သူကလေးက မငြင်းပါ။ နှစ်ယောက်သား နောက်ကျ ချယ်ရီတွေ ပင်လုံးကျွတ် ပွင့်နေတာကို လျှောက်ကြည့်ရင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။ ကျွန်တော့် ကင်မရာ အကြီး မပါသဖြင့် နှစ်ယောက်သာ ဖုန်းနဲ့ပဲ ဓာတ်ပုံ ရိုက်ဖြစ်ခဲ့သည်။ ညီမလေးက ချယ်ရီတွေကို မြင်ရတာနဲ့ပင် အရင်နှစ်ကလို ကလေးတစ်ယောက်လို ပျော်နေမြဲ။ ညီမလေး ပြုံးနေတာကို မြင်တော့ ကျွန်တော်ကလည်း တစ်ခါမှ ခုလောက် မကြည်နူးဖူးသလို ပျော်သည်။ ညီမလေးကို ပြင်ဦးလွင် ဈေးကို လိုက်ပို့ပြီး သူ လိုအပ်တာလေးတွေ ဝယ်တာကို နောက်ကလိုက်သည်။


အပြန်ကျတော့ ညီမလေး မရောက်ဖူးဘူး ဆိုသည့် ဗိုလ်ချုပ်ရွာ ဟု ခေါ်သော အိမ်ရာတွေရှိသည့် လမ်းဘက်က ပတ်ပြန်သည်။ အဲဒီလမ်းမှာကလည်း ချယ်ရီပင် လှလှတွေ ရှိသည်လေ။ ညီမလေးက ထုံးစံအတိုင်း ချယ်ရီပင်တွေ ခြံရံသည့် လမ်းပေါ်မှာ ဓာတ်ပုံရိုက်သည်။ ညီမလေးရဲ့ ကိုကြီး ခေါ်သံအောက်မှာ ကျွန်တော် နှလုံးသားတွေ အရည်ပျော်ကျနေသည်မှာ မြင်ရက်စရာ မရှိတော့…။ ညီမလေး ချစ်သော ချယ်ရီပန်းခိုင်တစ်ခိုင်ဟာ ကျွန်တော် ဖြစ်ချင်လာသည်။

ညီမလေးကို အဆောင်ရှေ့ လိုက်ပို့ပြီး ကျွန်တော်ပြန်ခဲ့သည်။ ညီမလေး ပုံရိပ်တွေ ခေါ်သံတွေ ကျွန်တော့် သတိရခြင်းတွေထဲ နောက်တစ်ခါ ပြန်မတွေ့မချင်း လွမ်းစရာတွေ ဖြစ်နေဦးမည်။ ညီမလေးကို လက်လွတ် ဆုံးရှုံးရမှာ တွေးကြည့်ရုံနှင့်ပင် ကျွန်တော့်မှာ သွေးပျက်ရသည်။ ညီမလေးကို ချစ်တယ် ပြောဖို့ ကျွန်တော် သတ္တိမွေးမှ ဖြစ်တော့မည်။ ဘာတွေပဲဖြစ်ဖြစ်… ဘယ်လောက်ပဲ စောင့်ရပါစေ.. ညီမလေးကို ကျွန်တော့်အနားမှာ တစ်သက်လုံး ထားနိုင်ဖို့ ကျွန်တော် ကြိုးစားရတော့မည်။ ကျွန်တော့်စိတ်ရင်းမှန်ကို ညီမလေး နားလည်ပြီး တုံ့ပြန်နိုင်မယ့် အချိန်ထိ ညီမလေး အနားမှာ ကျွန်တော်ရှိနေမည်။ ကျွန်တော့်စိတ်ကို ကျွန်တော် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးသွားတော့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးနှင့် ပြုံးမိသွားသည်။ မန္တလေးမြို့ထဲ ရောက်တော့ မီးပွိုင့်စောင့်နေဆဲ လက်ဖက်ရည်ဆိုင် တစ်ဆိုင်က ဖွင့်ထားသော သီချင်း တစ်ပုဒ်က နားထဲ တိုးဝင်လာသည်။ ကျွန်တော် ခုတလော ကြိုက်နေသော စိုင်းစိုင်းသီချင်းလေး။ ညီမလေးကို ဆိုပြချင်မိသွားသည်။

“…..
 ညီမလေးလို သူငယ်ချင်းလို နားလည်ပေးမယ် မင်းကို နောက်ပြီးကျတော့ ရည်းစားလေး ဖြစ်ချင်လို့  ….
 ဒီကမ္ဘာပေါ် မိန်းမချောလေးတွေ မိန်းမလှလေးတွေ တွေ့ကြုံနေလည်း
 ဒီတစ်ခါမှာ မင်းတစ်ယောက်ထဲသာ ငါ့ဘဝတစ်လျှောက်မှာ အဆုံးသတ်ချစ်သူပဲ ..
 ချာတိတ်ကလေးရေ မင်းနဲ့ ချစ်ခွင့်ရချင်လို့
 ချာတိတ်ကလေးရေ ငါ့ရဲ့ အချစ်တို့ နားလည်ဦး
 ချာတိတ်ကလေးရေ ကောင်မလေးရေ ငါ့ကို နားလည်ဦး
 ချာတိတ်ကလေးရေ ကောင်မလေးရေ ငါ့အချစ်ကို နားလည်ဦး ..
……”
*****
သိင်္ဂါကျော်

11 January, 2013

လွမ်းတတ်တဲ့သူ


ဖြူဖြူကျော်သိန်းအသံကို သိပ်မကြိုက်ဘူး
ဒါပေမယ့် 
ချယ်ရီလမ်း သီချင်းကို နားထောင်ရင်း
တစ်ယောက်သောသူကို သတိရနေတယ်...
ချယ်ရီတွေက အိမ်ရှေ့မှာတော့ ကြွေမနေပါဘူး...
ကန်တော်ကြီးမှာတော့ ဝေနေရောပေါ့...
ကုန်ကြမ်း ရှာတာလို့ ယူဆပြီး မယုံပဲ နေချင်လည်း နေနိုင်ပါတယ်
လွမ်းတတ်ဖူးတယ် ဆိုတာ ကောင်းတဲ့ အတွေ့အကြုံတော့ မဟုတ်ဘူးနော့..။

စစ်ပွဲသံတွေ အငြင်းပွားသံတွေ ကြားမှာ
အလွမ်းအကြောင်း စာဖွဲ့ရတာ တစ်ကိုယ်ကောင်းဆန်ရာများ ကျနေလေသလား၊
ကျွန်တော်က သတင်းတွေ အတင်းတွေ နဲ့ သိပ် သဟဇတ မဖြစ်တဲ့လူမို့ပါ
အပြင်မှာ ကမ္ဘာပျက်ကာနီးရင်တောင်
အခန်းတံခါးပိတ်ပြီး ကိုယ့်သီချင်းကိုယ် ညည်းရင်း
ကိုယ့်ကဗျာကိုယ် ဆက်ရေးနေမယ့်လူပေါ့။

အဲဒီလူက လွမ်းတတ်သလား လို့
အတင်း ပြောဖို့ မကြံပါနဲ့
ကျွန်တော့် အလွမ်းစာအုပ်ကို ခင်ဗျား မမြင်ဖူးသေးဘူး
ခင်ဗျားကို ဖွင့်ပြဖို့လည်း စိတ်ကူးတော့ မရှိသေးဘူး။
ကျွန်တော့် ကဗျာတွေ ခင်ဗျား ရင်ဘတ်နဲ့ ခံစားရင်
နည်းနည်းတော့ လွမ်းတတ်လာလိမ့်မယ်။

ခင်ဗျား မသိလို့ပါ
ကျွန်တော်က လွမ်းတတ်တဲ့သူ
ချစ်တတ်သလား မချစ်တတ်ဘူးလား မသေချာပေမယ့်
လွမ်းတတ်တာတော့ သေချာတယ်...
သင်ပေးတဲ့လူက သင်ပေးခဲ့လို့ပါ၊
စောင့်ရမလား မစောင့်ရမလား မသေမချာနဲ့
တွေ့နေကြ  လိမ္မော်ရောင် ညနေတိုင်း လွမ်းတယ်၊
ဖုန်းနဲ့ နှုတ်ဆက်နေကြ ပန်းနုရောင် မနက်တိုင်း လွမ်းတယ်၊
ဘာမှ ထူးထူးခြားခြား မရှိဘူး ဆိုပေမယ့်
သူ တစ်စွန်းတစမှ ရှင်းမပြခဲ့ဖူးဘူး
ဘာကြောင့် ထားခဲ့လဲ ဆိုတာ....။
သူ ပြန်မလာလို့ ရာခိုင်နှုန်း များပါတယ်
ဒါပေမယ့်လည်း
ကျွန်တော်ကိုယ် ကျွန်တော် ကျန်နေခဲ့သူ မဟုတ်ဘူးလို့ ယူဆပြီး
အလွမ်းစာအုပ်ကို ဆက်ရေးနေတယ်...။

(သိင်္ဂါကျော်)
 

07 January, 2013

လေယူရာ ယိမ်းတတ်သော်လည်း ပန်းချင်းတော့ မတူပါ



မို့တစ်ယောက် အရင်လို facebook မှာ active မဖြစ်နိုင်တာ နည်းနည်းတောင် ကြာခဲ့ပြီ။ ကျောင်းမှာ အလုပ်တွေ ရှုပ်နေတာလည်း ပါသည်။ အရင်လိုလည်း chat စရာ သံယောဇဉ်တွေ မရှိတော့တာလည်း ပါသည်။ နှစ်ရက် သုံးရက် တစ်ခါလောက် ကျောင်းမှာ စက်သုံးခိုက် ခဏတဖြုတ်ဝင်ပြီး ပေါ်လာတာလေးတွေ Like တာလောက်တော့ လုပ်နေသေးသည်။ အချိန်မရှိတာကတော့ တကယ်ကို online ပေါ်တက်ဖို့ အရင်လို အချိန်မရှိတော့။ အိမ်မှာ အတူလာနေသည့် တူမ တစ်ယောက်ကိုလည်း ချက်ပြုတ် ကျွေးမွေးပြီး Guide လုပ်နေရသေးသည်။
*****

Facebook ကို စသုံးကာစကတော့ ရှုခင်း ဓါတ်ပုံတွေသာ တင်ခြင်း Farmville ဆော့ခြင်းလောက်သာ လုပ်ရာက နောက်တော့ သူငယ်ချင်းတွေ ဓါတ်ပုံတင်တာ အားကျပြီး ကိုယ့်ပုံကို friend only လုပ်ပြီး တင်ဖြစ်သည်။ ဒါပေမယ့် သူငယ်ချင်းတွေကတော့ Bachelor တုန်းက same batch တွေ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ လောက်သာ ရှိသည်။

အရင် နှစ် ကတော့ တစ်နှစ်လုံးလိုလို နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း သင်တန်း တက်နေခဲ့တာမို့ အပြင်မှာ သူငယ်ချင်းလည်း မရှိ၊ စကားလည်း သိပ်မပြောဖြစ်တာမို့ online တော့ အမြဲဝင်ဖြစ်ခဲ့သည်။ Gtalk မှာ ဝင်လာသမျှလူ လက်ခံပြီး နောက်မှ အသက်ကွာလွန်း ပြောမကောင်းလွန်းသည့် လူတွေကိုသာ block ပြန်လုပ်ဖြစ်သည်။ အရင်ကတည်းက account ထဲမှာ ရှိနေပြီး မတွေ့တာကြာသည့် သူငယ်ချင်း တစ်ချို့တလေ နှင့်ပါ ပြန်တွေ့ ဖြစ်သည်။ 

တစ်ယောက်တည်း မြန်မာစကား မပြောဖြစ်တာ ကြာလာသည့်အခါ အထီးကျန်သယောင်ယောင် ရှိလာသည်နှင့် Facebook မှာလည်း တစ်ချို့တလေ မသိတဲ့ လူတွေကိုပါ သူငယ်ချင်း အနေနှင့် လက်ခံထားဖြစ်သည်။  မို့ ရောက်နေသည့် နိုင်ငံက မြန်မာနိုင်ငံနှင့် ငါးနာရီလောက် အချိန် ကွာသည့်နိုင်ငံ ဖြစ်ရာ မို့ ညနေဘက် သုံးသည့် အချိန်မှာ တွေ့ရတတ်သည့် ညဘက် အိမ်ကနေ သုံးသည့်သူများ၊ ညပိုင်းမှ အလုပ်ပြီး၍ online တက်တတ်သူများနှင့် စကားပြောဖြစ်ခဲ့သည်။

ဟိုးအရင် ကျောင်းတက်စဉ် တစ်နေကုန် စက်ခန်းထဲ မထိုင်မနေရ နေကို နေခဲ့ရသည့် အချိန်များကလည်း online သူငယ်ချင်းများ ထားခဲ့ဖူးပါသည်။ အရင်ကတော့ Facebook က ခေတ်မစားသေးတော့ Zorpia မှာ သူငယ်ချင်း ဖြစ်ကြသည်။ Gtalk မှာ စကားပြောဖြစ်ကြသည်။ ဘယ်သူပဲ ဖြစ်ဖြစ် မို့က သူငယ်ချင်း ဖြစ်လိုရုံ သက်သက်သာ ဖြစ်ပါသည်။ မို့က အပြင်မှာ မသိသူတွေနဲ့ ချက်ချင်း သူငယ်ချင်းဖြစ်ဖို့ ခဲယဉ်းသည်။ မို့နဲ့ သိပ်မခင် သူတွေက မို့ကို အရမ်းစကားနည်းကြောင်း သိကြသည်။ တကယ်လည်း မို့က သူများ စိတ်ဝင်စားအောင် စကားပြောဖို့ထက် နားထောင်သမား သက်သက်သာ ဖြစ်ပါသည်။ အကြောင်းသိ သူငယ်ချင်း အရင်းအချာတွေ နဲ့လောက်ပဲ စကားများများ ပြောတတ်သူ ဖြစ်သည်။

မို့က online မှာလည်း သူများတွေလောက် စကားပြောကောင်းသူတော့ မဟုတ်ပါ။ တွေ့ကြ၊ နှုတ်ဆက်ကြပြီး တစ်ဖက်က စကားစ အရှည်သဖြင့် မဆက်ချင်သူ ဖြစ်ခဲ့လျှင် နောက်ပိုင်း နှုတ်မဆက်ဖြစ်ကြတော့။ တစ်ချို့တလေ နှင့်တော့ နောက်ပိုင်း စကားသိပ် မပြောဖြစ်သော်လည်း ယခုထိ သူငယ်ချင်းတွေ အဖြစ် ရှိနေကြသည်။ မို့ရဲ့ online သူငယ်ချင်းတွေထဲမှာ မိန်းကလေးတွေလည်း ပါသည်။ ယောက်ျားလေးတွေလည်း ပါသည်။ စကားသာ ပြောပေမယ့် online က ဘယ် ယောက်ျားလေး တစ်စိမ်း တစ်ယောက်ကိုမှ မို့ ဓါတ်ပုံကို မပြစဖူးပါ။ မို့ဟာ ယောက်ျားတစ်ယောက် ကြိုက်လောက်သည့် ရုပ်ရည် လှတပတမျိုး မဟုတ်တာကိုလည်း ကိုယ့်ကိုယ်ကို သိသည်။ ဓါတ်ပုံပြလိုက်ပြီး မိတ်မပျက်ချင်တာလည်း ပါသည် ဆိုပါတော့။


နောက်ပိုင်း ကျောင်းပြီးတော့ internet တနေကုန် မသုံးဖြစ်တော့သည့် အချိန်တွေမှာ သူငယ်ချင်း အရင်းတွေကလွဲပြီး ဘယ်သူနဲ့မှ စကားမပြောဖြစ်ခဲ့တော့။ အရင်နှစ်ကတော့ တစ်နေကုန် ကျောင်းမှာကော၊ အဆောင်မှာပါ internet ပြန်သုံးဖြစ်ပြီး သူငယ်ချင်း အသစ်တွေ ပြန်ထားဖြစ်ခဲ့သည်။ ရောက်စ လကပင် ညနေပိုင်း talk ဝင်ဖြစ်တော့ အရင် သူငယ်ချင်းဟောင်း တစ်ယောက်နှင့် ပြန်ဆုံဖြစ်သည်။ သူကလည်း အဲဒီ အချိန်များမှာ ညပိုင်း အိမ်မှာ သုံးဖြစ်နေသူ ဖြစ်သည်။ မို့နှင့် ဝါသနာတူ၊ အကြိုက်တူသူမို့ စကားပြော ဖြစ်ကြသည်။ အဲဒီတုန်းက မို့ကိုယ်တိုင်ကလည်း မူမှန်စိတ် မဟုတ်ဘူး ထင်သည်။ သူက မို့ဓါတ်ပုံကို မြင်ချင်သည် ဆိုတော့ ဘာမှ တွက်မနေတော့ပဲ မို့ ဓါတ်ပုံတွေ အမြဲလို တင်တတ်သည့် facebook မှာပါ သူ့ကို လက်ခံလိုက်သည်။ သူက mail ထဲက ဓါတ်ပုံတောင်းတော့ မို့ကလည်း mail ထဲကနေ ပုံတွေ ပို့မိသည်။ နောက်တော့ ထုံးစံအတိုင်း သူက ဇာတ်လမ်းတွေ ရှာလာသည်။

Online မှာ လက်ရှိ နံပါတ် မရှိသူချင်း တွေ့ကြလျှင် ဒါမျိုး ပြောနေကျပဲလားလို့ မို့ဦးနှောက်က မှန်မှန် တွေးတတ်ပါသော်လည်း နည်းနည်းတော့ သာယာမိသေးသည်။ သူ့ကို သူငယ်ချင်းလိုပဲ ဆက်ခင်ဖို့ ပြောရင်း စကားတွေတော့ ဆက်ပြောဖြစ်ခဲ့သည်။ ယုံနိုင်စရာ မရှိပေမယ့် မို့ကို ချစ်သည် လို့ ပြောခံရတာ ဒါပထမဆုံး ဖြစ်သည်။ မို့ဟာ ချစ်ခင်စရာ ကောင်းသည့် မိန်းကလေးလို့ သူ့စိတ်ထဲ ထင်သည့်အတွက် ကျေးဇူးတင်သည်။ သို့သော် မို့ဘက်က သူ့ကို အဖြေတော့ ပြန်မပေးနိုင်ခဲ့ပါ။ မို့ ပြန်ကာနီး လပိုင်းတွေမှာ သူကလည်း အလုပ်နေရာ ပြောင်းသွားသည် ဆိုပြီး online မဝင်နိုင်ကြောင်း စာတစ်စောင်ပို့ကာ အကြာကြီး ပျောက်သွား ခဲ့သည်။

သူမရှိတော့ အရင်လို သူနဲ့ စကားပုံမှန် မပြောရတော့သည့် မို့ရဲ့ ညပိုင်းတွေက အထီးကျန်ဆန် လာပြန်သည်။ မို့ သူ့ကို မချစ်ပါ။ သို့သော် လွမ်းမိသည်။ သူ့ကို လွမ်းသည့် အလွမ်းကို ပျောက်အောင် တစ်ခြားလူတွေနှင့် စကားပြောကြည့်မိသည်။ သို့သော် ခင်လောက်စရာ လူက သိပ်မတွေ့ရ။ အများစုက တစ်ကြိမ် နှစ်ကြိမ် ပြောအပြီးမှာ သာမန် လောက်သာ ဖြစ်သွားသည်။ ခင်မင်မိသူ နှစ်ယောက် သုံးယောက်လောက်တော့ ရှိပါသည်။ သူတို့ ဟာ သူတို့ တစ်ရေးနိုး ထသုံးသလား မသိပေမယ့် မမ နဲ့တွေ့ဖို့ တမင် ညဘက် အိပ်ရေးပျက် ခံပြီး ဝင်တာပါ ဆိုတာမျိုးကို မဟုတ်မှန်း သိသော်လည်း သဘောကျမိသေးသည်။ မို့ Facebook ထဲမှာ စိမ်းတာတွေ့သည့် အချိန်တိုင်း နှုတ်ဆက်တတ်သည့် ကောင်လေး တစ်ယောက် ကတော့ ယခုထိ ရိုးရိုးသားသား တွေ့လျှင် နှုတ်ဆက်တတ်ဆဲ ပါ။

ပြန်ကာနီး တစ်လ အလိုလောက်မှာ ကောင်လေး တစ်ယောက် နှင့် သူငယ်ချင်း ဖြစ်ခဲ့ပြန်သည်။ သူကလည်း အိမ်ကနေ ညပိုင်း သုံးနေသူမို့ သူ့ဘက်က ည အချိန်မတော်မှာ မို့နှင့် တွေ့ပြီး စကားပြော ဖြစ်ကြခြင်း ဖြစ်သည်။ လက်ခံ စကားပြောပြီးမှ သူ့ profile ကို ကြည့်မိတော့ မို့ ထက် တော်တော်ကြီး ငယ်နေတာကို တွေ့ရတော့ အမှန် ဟုတ်မဟုတ် မသိပေမယ့် စိတ်ထဲ တစ်မျိုးဖြစ်ရသည်။ မို့က ကိုယ့်ထက် အရမ်းငယ်သူတွေနှင့်တော့ စကားပြောလေ့ မရှိပါ။ အရွယ် အရမ်းကွာသော ကိုယ့်တပည့် အရွယ်တွေနှင့် စကားပြောရတာ သိပ်မကောင်းဟု ထင်သောကြောင့် ဖြစ်သည်။ သူ့ကို restricted friend လုပ်ထားသောကြောင့် မို့ ဓါတ်ပုံတွေ သူ မမြင်ဘူးသေးပဲ စကားပြောဖြစ်ကြခြင်း ဖြစ်သည်။ နောက်တော့ ထုံးစံအတိုင်း သူက ဓါတ်ပုံ မြင်ချင်သည် ဆိုသောကြောင့် မို့က restricted ဖြုတ်ပြီး မို့ပုံတွေ သူ့ကို ပြမိသည်။ မို့ ဘာကြောင့် အဲဒီအချိန်က စိတ်ရူးပေါက်ခဲ့မိမှန်း မသိပါ။ တစ်ယောက်တည်း အထီးကျန်လွန်းလို့လည်း ဖြစ်နိုင်သည်။

ထုံးစံအတိုင်း ကောင်လေးက မို့ကို ချစ်စကား ဆိုလာတော့ ထုံးစံအတိုင်း မို့က ငြင်းခဲ့ပါသည်။ မို့ဟာ ခေတ္တယာယီ online ခင်မင်မှုကို သာယာမိချင် သာယာမိမှာ ဖြစ်ပေမယ့် မို့ဟာ မဆင်ခြင်နိုင်သော အရွယ်မှ မဟုတ်တာလေ။ သူ profile မှာ ပါသော မွေးနေ့ အရဆိုလျှင် မို့ဟာ သူ့အဒေါ် အရွယ်လောက်ပင် ရှိနေလေတာ။ နောက်တော့ အဲဒါက သူ့မွေးနေ့ အမှန် မဟုတ်တာကို သိရသည်။ သို့ပေမယ့် သူက မို့ထက် ၁၀ နှစ်ကျော်တော့ ငယ်နေသေးတာပင်။ မို့ရဲ့ အနီးကပ်မဟုတ်သော ဓါတ်ပုံတွေကို မြင်ပြီး အထင်အမြင် မှားနေမှာ စိုးသောကြောင့် မို့ အသက်ကို ဖွင့်ကို ပြောပြီး သူ့ကို တားမြစ်ရသေးသည်။ သူကတော့ အသက်ကွာတာကို ထည့်တွက်စရာ မလိုပါတဲ့။ ယုံဖို့ မသင့်သည်ကို မို့ သိသော်လည်း သူ့ကို နည်းနည်းတော့ သဘောကျလာမိသည်။

မို့ အသက်အရွယ်နှင့် ဒီအချိန်ထိ single ဖြစ်နေမှု အပေါ် လွယ်လွယ် ရမလား ရယ်လို့ ချစ်စကား ပြောကြ ဆိုကြ နိုင်သည်ကို မို့ နားမလည်တာ မဟုတ် နားလည်ပါသည်။ မို့ဟာ အချစ်မှာ အလွယ်တကူ ကျရှုံးတတ်သူ မှ မဟုတ်လေတာ။ သူငယ်ချင်းများက နှလုံးသား မရှိသူဟု သမုတ်တာကိုတောင် ခံခဲ့ရသူ ပေပဲ။ မို့ ရဲ့ online ဇာတ်လမ်းတွေကို အပြီးသတ်မှ ဖြစ်မည်ကို မို့သိပါသည်။ မို့ ပြန်ကာနီး ပစ္စည်းတွေ သိမ်းနေသည့် ညမှာ ကောင်လေးနှင့် တွေ့တော့ မို့ ပြန်တော့မည့် အကြောင်း ပြောလိုက်သည်။ ဟိုကို ပြန်ရောက်လျှင် မို့ online အမြဲတမ်း သုံးဖြစ်တော့မှာ မဟုတ်တော့သည့် အကြောင်း၊ သူနှင့် နောက်ထပ် online မှာ တွေ့ဖြစ်တော့မှာ မဟုတ်ကြောင်း ပြောလိုက်တော့ သူ ရစ်တာကို မို့ တစ်ညလုံးလို ခံလိုက်ရသည်။ ပြန်ရောက်လျှင် အိမ်မှာ ခဏနေဦးမှာမို့ online တက်ဖြစ်မှာ မသေချာတာလည်း တကယ်မို့လို့ အမှန်အတိုင်း ပြောလိုက်ခြင်းသာ ဖြစ်သည်။

မို့မှာ ပစ္စည်းသိမ်းရင်း သူနှင့် chat ရင်း ညတောင် တော်တော် နက်သွားသည်။ မို့ဘက်က ညနက်ချိန် ဆိုလျှင် သူ့ဘက်မှာတော့ မနက်ပင် အရုဏ်တက်တော့မည်။ နောက်ဆုံးတော့ သူ ရစ်တာ မခံနိုင်သည်နှင့် မို့ရဲ့ မြန်မာနိုင်ငံက ဖုန်းနံပါတ်ကို ပေးလိုက်ရတော့သည်။ သူနှင့် စကားပြောနေရတော့ မို့က online ဖြစ်နေသည်မို့ ညဘက်ကျမှ အားတတ်သည့် တစ်ခြား သူငယ်ချင်း တစ်ယောက်ကလည်း စကားလာပြောနေသဖြင့် မို့က မိတ်မပျက် ပြောနေရသေးသည်။ အဲဒီ တစ်ယောက်ကလည်း မို့ ဖုန်းနံပါတ်တောင်းတော့ မို့လည်း မထူးပါဘူး ဆိုပြီး ပေးဖြစ်လိုက်သည်။ အဲဒီတစ်ယောက် ကလည်း မို့အပေါ်မှာ မရိုးတာ သိသိနှင့်ပင် နိုင်ငံချင်း မတူတာမို့ ဆက်မှာ မဟုတ်လောက်ပါဘူး ဆိုပြီး ပေးလိုက်တာလည်း ပါသည်။
*****

မို့ မိဘတွေနှင့် အစ်ကို မိသားစုက ပဲခူးမှာ နေသည်။ မို့ အိမ်မှာ ခဏ နေခိုက် မို့ ဖုန်းနံပါတ် ပေးမိခဲ့သော ဟိုနှစ်ယောက်က ဖုန်းဆက်သေးသည်။ အမေ့ရှေ့မှာ ဖုန်းလာတော့ အမေက ဘာရယ် မဟုတ် ဘယ်သူ့ဆီကလဲ မေးသည်။ မို့ဆီကို အရင်က ဘယ် သူငယ်ချင်း ယောက်ျားလေးကမှ ဖုန်းမဆက်ဖူး သဖြင့် မပြောရဲပဲ အမေ သိသော သူငယ်ချင်းတွေ နာမည်ကို လွှဲပြောလိုက်ရသေးသည်။ ဆတ်ဆတ်ဆော့ဆော့ ဖုန်းနံပါတ် ပေးထားမိပြီး အမေ့ရှေ့ သူတို့ ဖုန်းလာမှာ စိုးရိမ်နေရသည်။ အိမ်မှာ နှစ်ပတ်လောက် နေပြီး ရန်ကုန် ပြန်လာခဲ့ရသည်။

မို့က မို့အလုပ်ရှိရာ ရန်ကုန်မှာသာ အနေများတာမို့ အရင်ကတော့ အဆောင်မှာ နေသော်လည်း မို့ မသွားခင်လေးကမှ တိုက်ခန်းတစ်ခန်း ဝယ်ထားဖြစ်ခဲ့သည်။ အစ်ကို့ အမျိုးသမီး အစ်မက ပြင်ပေးထားသည်မို့ အခု ပြန်လျှင် အသင့် တက်နေရုံပါပင်။ သူ ပြင်ပေးထားကလည်း အကြံအစည် ရှိသည်လေ။ သူ့သမီးကို ဒီနှစ်တော့ မို့ ဆီမှာ အတူထားမည် တဲ့လေ။ မို့ကလည်း တစ်ယောက်တည်း တိုက်ခန်းမှာ နေဖို့ မသင့်တော်သည်နှင့် တူမ လာနေမည်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။

တူမက ကွန်ပျူတာတက္ကသိုလ် တက်နေသူ ဖြစ်ပြီး ပထမနှစ် စတက်စကတော့ မို့ကလည်း အဆောင်မှာ နေသူမို့ လိုက်နေလို့ မရသည်နှင့် သူလည်း သူ့သူငယ်ချင်းတွေနှင့် အဆောင်မှာနေသည်။ အဲဒီနှစ်ကတော့ ကျောင်းချင်းလည်း မတူတော့ သူ့ကိုလည်း သိပ်ကြည့်မပေးဖြစ်လိုက်။ မို့ စိတ်ထဲတော့ တက္ကသိုလ်မှာ တစ်နှစ်တစ်တန်း အောင်ဖို့ဆိုတာ အဲလောက်ကြီး ခက်ခဲသော ကိစ္စ မဟုတ်လို့ ထင်ထားတာပင်။ မို့ ဘဝမှာ တစ်ခါမှ စာမေးပွဲ ကျဖူးတာ မရှိသောကြောင့် စာမေးပွဲ ဆိုတာ ဖြေလျှင် မထူးချွန်လျှင်သာ ရှိမည်၊ အောင်တော့ အောင်ရမည်လို့ စိတ်ထဲ မှတ်ထားတာပင်။ သို့သော်လည်း တူမတော်ကတော့ ပထမနှစ်ကို စာမေးပွဲ ကျလေသည်။ နောက်နှစ်ကျတော့လည်း မို့က နိုင်ငံခြားမှာ ကျောင်းသွားတက်နေသဖြင့် သူ့ကိစ္စကို မသိပြန်ပါ။ အဲဒီနှစ်တော့ သူ့အမေက သူ့အဆောင် နှစ်ပတ်တစ်ခါလို လိုက်သွားပြီး ကြပ်မတ်ခဲ့သဖြင့် ပထမနှစ် အောင်သွားသည်။ ဒီနှစ် ဒုတိယနှစ် ရောက်ပြီ။ သူ့အောက် အငယ်ကောင်ကလည်း ဒီနှစ် ၈ တန်း ရောက်ပြီ ဆိုတော့ အပေါင်းအသင်း မမှားအောင် စောင့်ကြည့်နေရတော့မှာမို့ သူ့အမေက ဒီနှစ်တော့ တူမတော်ကို မို့အခန်းမှာ အတူထားမည်ဟု ဆိုလာသည်။

အဒေါ် ဆရာမ တစ်ယောက်လုံး ရန်ကုန်မှာ ရှိနေပြီး တူမကိုမှ စာမေးပွဲ အောင်အောင် မကြပ်မတ် နိုင်လျှင် တော်တော်ကို အဒေါ်ကောင်း မပီသရာ ရောက်တော့မည်။ သို့ပေမယ့် မို့က တက္ကသိုလ် စတက်ကတည်းကလည်း ရန်ကုန်မှာပဲ တက်ခဲ့ပြီး အလုပ်နဲ့ နယ်ဘက်လည်း တစ်နှစ်၊ နှစ်နှစ်လောက် သွားလိုက် သေးသည်။ နောက်ပိုင်း ကျောင်းဆက်တက်တော့လည်း ရန်ကုန်မှာပဲ ပြန်တက်ရတော့ ပဲခူးအိမ်ကို ဧည့်သွား ဧည့်လာလောက်သာ ရောက်သူ ဖြစ်ရာ တူ၊ တူမ တွေနဲ့လည်း သိပ်အခင်ကြီး မဟုတ်လှပါ။ တူမ နှင့် gtalk မှာတော့ သူငယ်ချင်း လုပ်ထားသည်။ သူ စာမေးပွဲ ကျသည့် နှစ်က သူ့ကို gtalk မှာ တော်တော် တွေ့ခဲ့ရသည်။ မို့က ကိုယ်တိုင်လည်း လွတ်လပ်တာ ကြိုက်သူမို့ သူများကိုလည်း ဟိုလိုလုပ် ဒီလိုလုပ် သိပ်မပြောချင်သူ ဖြစ်ရာ သူ့ကို ဆူဆူပူပူလည်း မလုပ်ဖြစ်ခဲ့ပါ။ သူ့အမေကိုလည်း မတိုင်မိခဲ့။ နောက်တော့ သူ စာမေးပွဲကျသည် ဆိုမှ မို့ ဂရုမစိုက်မိလေခြင်းလို့ စိတ်မကောင်းတောင် ဖြစ်ရသေးသည်။ ဒီနှစ်တော့ နှစ်ချင်းပေါက် အောင်ဖို့ရာ မို့မှာပင် တာဝန်ရှိနေလေပြီ။
*****

မို့ ရန်ကုန်ပြန်ရောက်ပြီးနောက် ကျောင်းတွေ မဖွင့်သေးတာမို့ ခဏ အားနေခိုက် gsm ဖုန်းထဲကနေ internet သုံးဖြစ်သည်။ တော်တော် စွဲလမ်းနေပြီ ဖြစ်သော facebook ကလေး တစ်နေ့ တစ်ခါမှ အနည်းဆုံး ဖွင့်မကြည့်ရရင် မနေနိုင် ဖြစ်နေတုန်းပင်။ မို့ရဲ့ online သံယောဇဉ်လေးတွေနှင့် ခဏ တဖြုတ်လောက်ပဲ ဖြစ်ဖြစ် စကားပြောဖြစ်ဆဲ။ စကားတတ်သော ကောင်ကလေးရဲ့ ပလီပလာ စကားတွေထဲမှာ နစ်မျောရမလို ဖြစ်ဆဲ။ တစ်ခါနှစ်ခါလောက် ညဘက် တစ်နာရီလောက် ကြာအောင်လည်း ဖုန်းပြောဖူးသည်။ သူ တောင်းသော အဖြေကို မပေးရအောင် မို့ကလည်း လှည့်ပတ် ရှောင်သည်။ သို့သော် အပြီးမဖြတ်ပဲ သူငယ်ချင်းပဲ ဘာပဲ လုပ်ထားတာ တကယ်တော့ မို့ မကောင်းမှန်း ကိုယ့်ဟာကိုယ်လည်း သိပါသည်။

နဂိုက ရိုးရိုးသားသားပါပဲလို့ ယုံကြည်ပြီး ခင်မင်မိသူ တစ်ယောက်ကလည်း ဆန်းဆန်းပြားပြား ဖြစ်ချင်လာတော့ စိတ်နည်းနည်း ပျက်မိပေမယ့် စိတ်တော့ မဆိုးခဲ့မိ။ သူ့ကို ချက်ချင်း အပြတ်ငြင်းပြီး သူငယ်ချင်းလိုပဲ ဆက်ခင်နေခဲ့တာပင်။ အရင်ကလည်း online မှာ သူငယ်ချင်းတွေ ရှိပေမယ့် ရိုးရိုးသားသား ပဲ စကားပြောသည်။ online မှာ ကြူတတ်သူထဲ မို့ မပါ ဟု ခုထက်ထိ ကြွေးကြော်ထားသူ ဖြစ်သည်။ ခုတော့ ကိုယ့်ကိုယ်ကို နည်းနည်း ဆင်ခြင်သင့်သည် ထင်လာသည်။

မို့က online က အချစ်ကို မယုံကြည်။ လောလောလတ်လတ်ပဲ နမူနာ တစ်ခုကို တွေ့ခဲ့ရပြီးပြီ။ မို့ဘက်က တရားဝင် အဖြေပေး မထားသဖြင့် မို့ ချစ်သူ ဟု ပြော၍ မရသော်လည်း သူ့ဘက်က မို့ကို သူ့ချစ်သူပါလို့ သဘောထားပြီး တစ်သက်စာ အတွက်ပါ ဘာဘာညာညာ ကတိတွေ ပေးထားသူက မပြောမဆို အဆက်အသွယ် ဖြတ်သွားခဲ့ပြီ မဟုတ်လား။ ဖုန်းနံပါတ် တောင်း၍ ပေးထားဖူးသော်လည်း တစ်ခါမှ ဆက်မလာခဲ့။ မို့က သူ့ကို မချစ်နိုင်ခဲ့သော်လည်း သံယောဇဉ်တော့ နည်းနည်း ရှိခဲ့လေရာ စိတ်ထဲတော့ အကြောင်းသင့်တိုင်း သတိရမိနေသေးသည်။ နယ်စပ်မှာလို့ နောက်ဆုံးပြောဖူးသော သူ့ကို သူ မိန်းမပဲ ရနေပြီလား၊ ဘုန်းကြီးပဲ ဝတ်သွားသလား၊ သူပုန်လက်ချက်နဲ့ပဲ သေပြီလား၊ အဆင်ပြေရဲ့လားလို့ မေးချင်သေးသော်လည်း ဘယ်သူ့ကို မေးရမည် မသိတော့ပါ။

မို့က အချစ်ကို မယုံကြည်သော်လည်း ကိုယ့်ကို ချစ်သည် ဟု ပြောလာသူများကို မချစ်ဘူးဟု ပြန်ပြောရတာ အားနာသည်။ သို့သော် ချစ်လိုက်ပါ ဆိုတော့လည်း မချစ်နိုင်ပါ။ အဲဒီတော့ အားနာပါးနာနှင့် လိုက်လိုက်လျောလျော စကားတွေ ပြောနေရင်းက ကြာတော့ သူတို့စိတ်ထဲ တစ်မျိုးထင်မှာလား စိုးရိမ်လာပြန်သည်။ လူကြီးဆန်သူက မချစ်၍ မချစ်တာကို လက်ခံနိုင်သော်လည်း ကလေးဆန်သူကတော့ ဘာလို့လည်း အတင်းမေးပြီး အဖြေတောင်းဆဲ။ အဲဒီ ကောင်ကလေး ပဲပေါ့။ မို့မှ အဖြေမပေးရင် အတင်းပဲ ကားတင် ပြေးတော့မှာ ဆိုတာမျိုး၊ မို့က မချစ်ဘူး ပြောရင်ပဲ တိုက်ပေါ်က ခုန်ချလိုက်တော့မယ် ဆိုတာမျိုးလည်း ပြောတတ်သေးသည်။ သူ တော်တော် ကလေးဆန်တာ သိသည်။ ရယ်လည်း ရယ်ချင်သည်။ သို့သော် ကိုယ့် ပယောဂကြောင့်တော့ သူ့ကို စိတ်မဆင်းရဲ စေချင် (သူ စိတ်ဆင်းရဲတာ ဟုတ်ချင်မှ ဟုတ်မှာလည်း သိသည်) တာနှင့် သူ့ကို ချော့မော့ထားရသည်။
*****

ကျောင်းတွေ ပြန်ဖွင့်တော့ တူမချော ရောက်လာသည်။ တူမတော်က ခေတ်လူငယ် ခပ်သွက်သွက်၊ အချိုးမပြေ ကလေး ဖြစ်သော်လည်း မို့က ရှေးအဘွားကြီး မဟုတ်သေး သောကြောင့် အဆင်မပြေစရာတော့ ဘာမှ မရှိပါ။ နှစ်ယောက်သားက မိုးလင်းတာနှင့် သူလည်း သူ့ကျောင်း ဖယ်ရီ အမှီသွား၊ မို့လည်း ကိုယ့်ကျောင်း ဖယ်ရီ အမှီသွား နှင့် ညနေကျမှသာ ပြန်ဆုံကြသည်။ ကိုယ်တစ်ယောက်တည်းဆို ဖြစ်သလို အခြောက်အခြမ်းနှင့် စားသောက်တာ များသော်လည်း တူမလေး ရှိနေတော့ ညနေဘက်မှာ ဟင်းလေး ဘာလေး ချက်ရသည်။ မနက် ထမင်းဘူး ထည့်ဖို့ချက်ရသည်။ ညနေဘက် အရည်သောက်လေး ဘာလေး ချက်ရသည်။ ချက်ပြုတ် စားသောက်ပြီးတော့ တီဗွီက ကိုရီးယားကားလေးကလည်း ကြည့်ချင်သေးသည်။ အဲဒီတော့ Facebook ထဲဝင်ပြီး like ကလေး ဘာလေး လုပ်ဖို့တောင် တစ်ချို့နေ့တွေ မဝင်ဖြစ်တော့။ ကျောင်းမှာလည်း စာသင်ချိန်တွေ ဆက်နေသဖြင့် အားသည့်အချိန် ခဏလောက်သာ mail လေး ဘာလေး စစ်ဖြစ်သည်။

အရင်က ကျွန်တော် Facebook သိပ်မသုံးပါဘူး၊ မမနဲ့ပဲ စကားပြောတာပါ ဆိုသည့် ကောင်လေး ရဲ့ friend list ထဲမှာ ကောင်မလေးတွေ အများကြီး ရောက်နေတာကိုတော့ သိလိုက်သေးသည်။ အဲဒါတင်မကပဲ သူ့ wall ပေါ်မှာပါ ကောင်မလေးတွေနှင့် ဇာတ်လမ်း လုပ်နေတာကို တွေ့သည်။ Public မှာတောင် အဲဒီလောက် တင်နေရင် chat ထဲမှာ ဘယ်လောက် ပြောနေမလဲ ဆိုတာ တွေးကြည့်ရုံနှင့် သိသာသည်။ မို့က အဲဒါကို သဝန်တိုရမှာလား။ ဘာမှ မဆိုင်ဘူး ထင်သည်။ သူ့ကို နောက်တစ်ယောက် ရှာ ကြိုက်စမ်းပါ လို့ မို့ပဲ ပြောထားဖူးတာ မဟုတ်လား။ သူက စနှုတ်မဆက်တော့ သူ စိမ်းနေတာ တွေ့သည့် တစ်ခါတရံမှာ မို့က စနှုတ်ဆက်မိတာ ကိုလည်း ကိုယ့်ကိုယ်ကို မကျေနပ်မိပြန်ပါ။ မို့ဘက်က စနှုတ်ဆက်ရင် သူက ကောင်းကောင်းမွန်မွန် ပြန်ပြောပေမယ့် အရင်လို ချစ်တယ် မပြောတော့။ အဖြေလည်း မတောင်းတော့။ ဖုန်းလည်း လုံးဝ မဆက်တော့။ သူစိမ်းဆန်လာသည်ကို မို့ ခံစားသိရှိလာရတော့ စိတ်ထဲ တစ်မျိုးတော့ ဖြစ်မိသည်။ သူ့ကို သံယောဇဉ် တွယ်မိတာလား၊ မို့မာန ကိုပဲ ထိခိုက်လို့လား ခွဲခြား မသိနိုင်ပါ။ မို့ကို ဂရုစိုက်သော တစ်ယောက်သောသူ နှင့် စကားတွေ ပြောဖြစ်နေစဉ် မှာပင် မို့ကို ဂရုမစိုက်တော့သော ကောင်လေးကို သတိတရ ရှိနေမိသေးသည်။ သူ online တက် မတက် စောင့်ကြည့်နေမိသော ကိုယ့်ကိုယ်ကို စိတ်ကုန်မိသောကြောင့် သူနှင့် ပတ်သက်သမျှ ဘာမှ မသိရ မကြားရအောင် သူ့ကို unfriend လုပ်ပစ်လိုက်မိသည်။ လုပ်လိုက်ပြီးတော့လည်း စိတ်က မပြတ်နိုင်ပဲ message အဟောင်းများက တစ်ဆင့် သူ့ profile ကို သွားကြည့်မိနေသေးသည်။

မို့က တစ်စုံတစ်ယောက်ကို ချစ်မိပြီလို့ ဘယ်တော့မှ ဝန်မခံနိုင်ပါ။ အမှန်တကယ် မဟုတ်တာလည်း ကိုယ့်ကိုယ်ကို သိနေသည်လေ။ မို့က အဲဒီ တစ်စုံတစ်ယောက်တင်မှ မကပဲ အားလုံးကို သံယောဇဉ် ထားတတ်သူ ဖြစ်နေလေသလား။ သံယောဇဉ် အတိမ်အနက်တော့ တူချင်မှ တူမည် ဖြစ်ပေမယ့် မို့က ကိုယ့်အပေါ် ရိုးသားသော သူငယ်ချင်း ကောင်လေး များကိုပါ မတွေ့တာကြာရင် သတိတရ ရှိတတ်သည့်သူလေ။ အများက မို့ဟာ အသည်းနှလုံး မရှိသူရယ်လို့ သတ်မှတ် ကြပေမယ့် တကယ်တမ်းတော့ မို့ အသည်းနှလုံးက ခံစားလွယ်တတ်သည့် အသည်းနှလုံး ထင်သည်။ အတည်တကျ ချစ်ရမည် ဆိုလျှင်လည်း ချစ်နိုင်မည့်သူ မဟုတ်ပါပဲ ထားရစ်ခံရသော အခါများ၌လည်း စိတ်ထဲမှာတော့ တစ်မျိုးတမည် ခံစားလိုက်ချင်သေးသည်။

ကိုယ့်စိတ်ကိုယ် မပြတ်သားနိုင်ပဲ ခဏတာ စိတ်အလိုလိုက်မိပေမယ့် မို့က ကိုယ့်မာနကိုယ် အမြဲတမ်း တောက်ပအောင် ထိန်းထားချင်သည့်သူလေ။ တွယ်မိတွယ်ရာ သံယောဇဉ် နွယ်ကို ဖြတ်ရမယ် ဆိုတာ ကောင်းကောင်းနားလည် သူပါ။ မို့ အသက်အရွယ်၊ မို့ ဂုဏ်သိက္ခာနဲ့ online ဇာတ်လမ်းတွေ မရှာသင့်တော့တာလည်း ကောင်းကောင်း နားလည်ပါသည်။ ကောင်ကလေးကိုတော့ လုံးဝ message လည်း မပို့ သူ့ wall ကိုသွားမကြည့်တော့ပဲ ဖြတ်လိုက်သည်။ ကောင်ကလေးကလည်း မို့ကို ဂရုမစိုက်တော့ပဲ သူ့ ကောင်မလေးတွေနှင့် ကြူလို့ ကောင်းနေလိမ့်မည်။

ကောင်ကလေးကို ဖြတ်ချင်တာနှင့်ပင် တဖြည်းဖြည်းနှင့် အားနာပါးနာ ခင်မင်မှုနှင့် မျှော်လင့်ချက် ပေးမိသလို ဖြစ်နေသော သူတစ်ယောက်ကိုရော၊ ဘာမှ မဟုတ်တဲ့ သူငယ်ချင်း မက သံယောဇဉ် တစ်ပင် နှစ်ပင် ကိုရော ဖြတ်ဖို့ ကြိုးစားမိသည်။ ကိုယ်က ငြင်းခဲ့ပြီးတာတောင် ကိုယ့်ကို အမြဲတစေ ဂရုတစိုက် ချစ်နေသေးသော တစ်စုံတစ်ယောက်ကိုလည်း မို့က သံယောဇဉ်တွေ နှောင်ငင်ပြီး သူနှုတ်ဆက်တိုင်း ပြန်နှုတ်မဆက်ဖြစ်တာကို အားနာကာ ကိုယ်ဝင်သည့်အချိန်မှာ စတင်နှုတ်ဆက်တာမျိုး လုပ်လာခဲ့ပြီး မပြတ်နိုင်သည့် ဇာတ်လမ်း ဖြစ်နေခဲ့သေးတာ။ တကယ်တော့လည်း သူ့အပေါ်တော့ ဘာဆိုဘာစိတ်မှ မရှိခဲ့သည့်တာ ကိုယ့်ကိုယ်ကို သိနေတော့ မဖြစ်နိုင်သည့် ဇာတ်လမ်းကို ဖြတ်တာ ကောင်းသည် လို့ မှန်မှန်ကန်ကန် တွေးမိသွားတာလည်း ပါသည်။

ခုတော့ မို့တစ်ယောက် facebook မှာ မ chat ဖြစ်တာပင် အတော်ကြာခဲ့လေပြီ။ ကိုယ့်ပုံကိုယ် တင်ဖို့လည်း သိပ် စိတ်မဝင်စားတော့သလို သူငယ်ချင်းး အရင်းခေါက်ခေါက်များ သိစေရန် အတွက် Group ပုံလေးတွေ လောက်ပဲ တစ်ရံတစ်ခါ ဆိုသလို တင်ဖြစ်တော့သည်။
*****

တူမချော မီးငယ်က ကျောင်းဖွင့်ကာစ ကတော့ ကျောင်းမှန်မှန်သွား၊ စာမှန်မှန်ကြည့် လုပ်နေသားပင်။ အဲဒီအပြင် သူ့ဖုန်းလေး ဖွင့်ဖွင့်ပြီး သူ့ laptop နှင့် ချိတ်ကာ internet သုံးသုံးနေတာတော့ တွေ့သည်။ စက်ကတော့ သူ့အမေက သူ ပူဆာသဖြင့် မနှစ်ကတည်းက ဝယ်ပေးထားခြင်း ဖြစ်ပြီး ဖုန်းကတော့ ဒီနှစ်မှ ဝယ်ပေးပြီး internet သွင်းပေးထားခြင်း ဖြစ်သည်။ အရင်ကတော့ internet သုံးလျှင် ဆိုင်မှာ သွားသုံးနေကျ ဖြစ်သည်။ ကျောင်းဖွင့်ကာစ စာလည်း သိပ်မများသေးချိန်မို့ အားသည့်အချိန် internet တာကို ဘာမှ မပြောတော့ပါ။ မို့ကိုယ်တိုင်လည်း သုံးချင်နေတာပဲလေ။ ခုနောက်ပိုင်းမှ ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး ဖြတ်ထားလို့ အမြဲ သုံးမနေတော့တာ။ ကလေးဆိုတော့ သုံးချင်မှာပဲ ဆိုပြီး နားလည်ပေးထားသည်။ အရင် မို့တို့ Ph.D တက်တုန်းက စာမှ စာပဲ တစ်နေကုန် လုပ်ရမည် ဆိုပြီး internet ပေါ်မှာ pdf file ကလွဲလို့ တစ်ခြား တစ်ခုခု ဖွင့်ကြည့်တာ မိလျှင် ဆူခံခဲ့ရသည့် ဘဝတွေကို သတိတရ ရှိနေသောကြောင့် ကလေးတွေကို မချုပ်ချယ် ချင်တာ ဖြစ်သည်။

မီးငယ်က တစ်ဘာသာတော့ ကျူရှင် တက်ရမှ ဖြစ်မည် ဆိုသဖြင့် ထားပေးရသည်။ ကျန်တာတော့ သူ လိုက်နိုင်မည် ထင်သည်ဟု ဆိုသည်။ တစ်ချို့ စာတွေတော့ မို့လည်း နားမလည်လျှင် ကြည့်တော့ ပေးနိုင်သည်မို့ မီးငယ်ကို နားမလည်သည့် ဘာသာ မေးဖို့ ပြောထားပါသည်။ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ လောက် guide သဘောမျိုး သူ့စာတွေကို ကြည့်ရှုပေးရသည်။ ကျောင်းတက်စ လတွေမှာတော့ မီးငယ် ကြည့်ရတာ စာလည်းမှန်မှန် ကြည့်ပြီး အဆင်ပြေနေပုံ ပေါ်သဖြင့် မို့က သဘောတကျ ဖြစ်နေခဲ့သည်။ သူ့ကျောင်းမှာလည်း မို့ သူငယ်ချင်း တစ်ချို့ ရှိတာမို့ စာ နားမလည်တာ ရှိလျှင်လည်း မေးလို့ ပြုလို့ ရအောင် သူ့ဆရာမတွေကို အပ်ပေးထားရသေးသည်။ အဲသလို လုပ်ပေးနေတာမို့ မီးငယ် internet သုံးတာလောက်ကို မို့က ဘာမှ ဝင်စွက်ဖက် မနေခဲ့တော့။  အဲဒီတစ်ခုက နောက်တော့မှ ပြဿနာကြီးကြီး တက်မည်မှန်း မို့ ကြိုသိခဲ့လျှင်တော့ အစကတည်းက အမုန်းခံပြီး တားမြစ်ခဲ့ပါသည်။

*****
မီးငယ်က အရင် မို့နှင့် အဆက်အသွယ် ရှိသော gmail ကို မသုံးတော့ပဲ အသစ်တစ်ခု သုံးနေဟန်တူသည်။ မီးငယ် လည်း Facebook သုံးမှန်း သိသော်လည်း အဒေါ်နှင့် တူမက သူ့အကြောင်း၊ ကိုယ့်အကြောင်း မသိစေချင်သောကြောင့် ဘယ်သူကမှ မေးမြန်းပြီး friend လုပ်မထားကြပါ။ မို့ကတော့ နောက်ပိုင်း friend request မှန်သမျှကိုလည်း လက်မခံတော့ပဲ အပြင်က ကိုယ့်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် အရင်းတွေမှန်း သေချာသူ လောက်သာ လက်ခံတော့သည်။ chat ကိုလည်း online ဘယ်တော့မှ လုပ်မထားတော့ပါ။ မို့ဟာ ခဏတဖြုတ် လေလွင့်သူ ဖြစ်မိတာသာ ဖြစ်ပြီး ကိုယ့်ကိုယ်ကို ကျေနပ်နေသော တစ်ဦးတည်းဘဝကို ပြောင်းလဲဖို့ရန် စိတ်ကူးရှိသူ မဟုတ်လေပါ။ မို့ ကိုယ်တိုင်က ချောချောလှလှ၊ ချမ်းချမ်းသာသာ perfect princess လေး မဟုတ်သည့် ဘဝမှာ perfect သတို့သားကို စိတ်ကူးမျှပင် ယဉ်မကြည့်ဘူးပါ။ သို့သော် ဒီအတိုင်း ကိုယ်နဲ့ မလိုက်ဖက်သော အခြေအနေ၊ ပတ်ဝန်းကျင်၊ အသက်အရွယ် တွေကို လျစ်လျှူရှု လက်ခံလိုက်ဖို့ရာလည်း မို့ နှလုံးသားက အဲလောက်ကြီး strong ဖြစ်လောက်အောင် အချစ်မကြီးတတ်ဘူး ဖြစ်နေပြန်သည်။

မီးငယ် တစ်ယောက် midterm မှာ အဆင်ပြေပြေ စာမေးပွဲ ဖြေနိုင်ခဲ့ကြောင့် မို့လည်း နိုင်ငံရပ်ခြား တစ်လ သင်တန်းကို စိတ်ဖြောင့်ဖြောင့် သွားတက်နိုင်ခဲ့သည်။ မို့ သွားနေတုန်း ရန်ကုန် တိုက်ခန်းမှာတော့ မီးငယ် အမေက လာနေ မပေးနိုင်ပဲ ဆွေမျိုးနီးစပ်ထဲက စိတ်ချရသော အဒေါ်တစ်ယောက်ကို မီးငယ်နှင့်အတူ နေခိုင်းထားခဲ့သည်။

တာဝန်ဝတ္တရားများက ခေတ္တ ကင်းလွတ်ပြီး ကျောင်းသား ပြန်ဖြစ်သွားခိုက် မို့လည်း facebook ပေါ် ပြန်ရောက်မိ ပြန်သည်။ အရင်ကလိုတော့ chat ထဲ သိပ် မဝင်ဖြစ်တော့ပါ။ ကိုယ့်သူငယ်ချင်း အရင်းတွေက လွဲလျှင် အသစ်တွေလည်း သိပ် လက်မခံဖြစ်တော့။ အရင်က ရိုးရိုးသားသား ခင်မင်ဖူးသူတွေ နှုတ်ဆက်တာလောက်ပဲ ပြန်နှုတ်ဆက်ပြီး ကြာကြာတော့ မပြောဖြစ်တော့ပါ။ မို့ ဝါသနာအရ ခရီးသွားရင်း ရိုက်ထားသော ဓါတ်ပုံလေးတွေတော့ သူငယ်ချင်း တစ်ချို့ပဲ မြင်သာအောင်လုပ်ပြီး တင်ဖြစ်သည်။ အနည်းငယ် အားနေသည်မို့ သံယောဇဉ် ဟောင်းလေးတွေကို မသိမသာ သွားကြည့်မိသေးသည်။ နောက်ပိုင်းမှာ တစ်ပတ်တစ်ခါလောက် နာမည်ပြောင်းတတ်သော ကောင်ကလေးရဲ့ နာမည်က မီးငယ်ကိုချစ်တဲ့ ကိုကို ဖြစ်နေကာ wall ပေါ်မှာတင် လက်ရှိ ကြူနေသော ကောင်မလေး နာမည်က မီးငယ် ဖြစ်နေတာကို တွေ့ရသဖြင့် အိမ်က မီးငယ်ကို သတိရသွားကာ ဖုန်းခေါ်ပြီး စကားပြောဖြစ်လိုက်သေးသည်။ အိမ်က မီးငယ်ကတော့ အားလုံး အဆင်ပြေသည် ဆို၏။

အရင်က မို့ကို အမြဲတမ်း သတိရနှုတ်ဆက်ပြီး ခင်မင်ခဲ့သူ တစ်ယောက်နှင့် မို့ကို ချစ်စကား တစ်ခါ ပြောဖူးသူ တစ်ယောက်ကတော့ သူတို့ အားလပ်ရက် မြန်မာနိုင်ငံ ခဏ ပြန်လာမည်ဟု ပို့ထားသော message များကို မို့က မပြန်ပဲ မသိချင်ယောင် ဆောင်နေခဲ့သည်မို့ ခုတော့ စိတ်ဆိုးနေသည်ထင့်။ မို့ကို အဆက်အသွယ် မလုပ်ကြတော့။ အဲဒါကိုပဲ မို့က စိတ်သက်သာရာ ရနေပါသည်။ မို့က မဖြစ်နိုင်သော မျှော်လင့်ချက်ကို မပေးလိုပါ။ မို့မို့ လို့ပဲ သူတို့ သိထားသည့် ဒေါက်တာသွင်မို့မို့ထက်ဟာ အခုချိန်မှာတော့ လေယူရာ ယိမ်းတတ်သည့် ပန်းတစ်ပွင့် အဖြစ်က အမြင်မှန်ရကာ နှုတ်ထွက်ခဲ့ပြီ ဖြစ်ပါသည်။

မို့ နိုင်ငံခြားသင်တန်း လတစ်ဝက်လောက် နေတော့ anime ကောင်မလေး ပုံလေးနှင့် မီးငယ် ဆိုသည့် နာမည်တစ်ခု ကို friend request မှာ တွေ့လိုက်ရသည်။ မိန်းကလေး ပေမယ့် မို့ မသိသည့်သူပဲ ဆိုပြီး လက်မခံဖြစ်သေး။ ရန်ကုန် အိမ်ကို ဖုန်းဆက်တော့ မီးငယ်က သူ friend request ပို့ထားကြောင်း၊ တီလေး ပိုက်ဆံကုန်သည် ဖုန်းဆက်မနေပါနဲ့၊ facebook ကပဲ video chat ကြရအောင်ပါ ဟု ဆိုလာသဖြင့် မီးငယ် ဆိုတာ ကိုယ့်တူမမှန်း သိပြီး လက်ခံလိုက်ရသည်။ မီးငယ်နဲ့ ညနေပိုင်း facebook video chat နဲ့ ပြောဖြစ်သည်။ ရန်ကုန် connection ကလည်း တော်တော်တော့ ကောင်းသားပါ။ မို့စိတ်ထဲတော့ ကိုယ့်တူမက ဒီအဒေါ်မို့လို့ပဲ video chat တာ ထင်နေသည်။ တစ်ခြား တစ်ခြား ကောင်လေး များနှင့် အဲလို chat နေလိမ့်မည်တော့ စိတ်ထဲထင်မထား။ မို့ မရှိတဲ့ တစ်လ အတွင်း သူက တော်တော်လေး အခြေအနေ တိုးတက် နေမှန်းလည်း လုံးဝမှ မရိပ်မိ။ မို့ ရှိလျှင်မှ ဖုန်းကြာကြာပြောတာ၊ internet ကြာကြာ သုံးတာ မြင်လျှင် သူ့ကို အနည်းအပါး ပြောတတ်သေးသည်။ အခု ပြောမည့်သူ မရှိတော့ စိတ်ကြိုက် ဖြစ်နေလေတာ။ မို့ခမျာ နည်းနည်းမှ မရိပ်မိခဲ့ပါ။

မီးငယ်ရဲ့ facebook timeline ကို သွားကြည့်မိတော့ ကိုယ့်တူမရဲ့ friend list ထဲမှာ ယောက်ျားလေးတွေသာ အများစု ဖြစ်နေလေတာကို တွေ့ရတော့သည်။ သူ့ပုံသူတော့ဖြင့် public လုပ် မတင်တာ တော်သေးသည်။ ဒါပေမယ့်လည်း ခင်မင်သွားလျှင်တော့ မို့လိုပဲ သူ့ဓါတ်ပုံကို ကောင်ကလေးတွေကို ပေးချင် ပေးနေနိုင်သည်။ မို့သည် ကိုယ့်တုန်းက လုပ်ခဲ့သော်လည်း ကိုယ့်တူမကိုတော့ အဲဒီလို မလုပ်စေချင်ပဲ စိုးရိမ်စိတ်တွေတောင် ဖြစ်လာမိသည်။ ဒါပေမယ့် ခေတ်လူငယ်တွေကလည်း ကိုယ့်ကိုယ်ကိုတော့ သိတတ်ကြပါသည်။ အလည်လေးတွေပါ။ Online ပေါ်မှာ အပျော် ပြောကြ ဆိုကြ ကြူကြတာ ဖြစ်မှာပါ၊ ကိုယ့်ဘဝကိုယ် နစ်မွန်းအောင်တော့ လုပ်မယ် မထင်ပါဘူး လို့ ကိုယ့် တူမကို အထင်ကြီး ထားလိုက်ပါသည်။ နောက်တစ်ခါ မီးငယ် နှင့် တွေ့တော့ online မှာ အချိန်သိပ် မဖြုန်းဖို့၊ ကိုယ့်စာကိုယ် လုပ်ဖို့ ဆုံးမလိုက်ရသေးသည်။

သူကတော့ တီလေး စိတ်မပူပါနဲ့ သူ စာတွေ ရပါတယ် တဲ့။ ပြီးတော့ ပြောလိုက်သေးသည်။ “တီလေး ကလည်း facebook တော်တော် သုံးတာပဲ၊ သမီးက အရင်က မသိဘူး၊ သူငယ်ချင်းတွေလည်း အများကြီး၊ ပုံတွေလည်း အများကြီး တင်ထားတာ” တဲ့။ တူဝရီး ဆိုပေမယ့် နှစ်ယောက်သားက သူငယ်ချင်းလိုလည်း ပြောနေ ဆိုနေကြမို့ သူကလည်း မို့ကိုဆို နည်းနည်းလေးမှကို မကြောက်ပါ။ မို့ကလည်း ပြောလိုက်ပါသည်။ “ငါ့ သူငယ်ချင်းတွေ အများစု အပြင်မှာ သိတဲ့လူတွေ၊ မိန်းကလေးတွေ များတယ်၊ နင့်လို မဟုတ်ဘူး” လို့။ သူကလည်း ပြန်ပြောသည်။ “အဲဒါတွေက အပျင်းပြေ chat တာပါ၊ သူငယ်ချင်းတွေပါ၊ ဘာမှ မဟုတ်ပါဘူး” တဲ့။ မို့ကတော့ ပြောလိုက်ပါသည်။ “ငါက ဘွဲ့ သုံးဘွဲ့ တောင် ရပြီးပြီ၊ နင်က ခုမှ တစ်ဘွဲ့တောင် ရသေးတာ မဟုတ်ဘူး၊ ငါသုံးလို့ ငါ့ကို ဘာမှ မထိခိုက်စေဘူး၊ နင်သာ အဲဒါတွေထဲ စိတ်ပါသွားပြီး စာမေးပွဲ ကျနေမယ်၊ ငါပြန်လာရင် နင့်ကို internet သုံးချိန် ကန့်သတ်ရမယ်” ဆိုတော့ ထိတ်ထိတ် ပြာပြာနှင့် “သမီးက အားတဲ့ အချိန်ပဲ သုံးတာပါ၊ စာမေးပွဲ အောင်အောင် ဖြေမှာပါ တီလေးရယ်” လို့ ဆိုတော့လည်း ယုံပေးလိုက်ရသည်။

မီးငယ်ရဲ့ wall ပေါ်မှာ ပေါ်ပေါ်လာနေသော အချစ်ဒဿန ဓါတ်ပုံများကို တင်သူက မီးငယ်ကိုချစ်တဲ့ ကိုကို ဆိုသူ ဖြစ်နေတာကို မို့ တွေ့ရလေသောအခါ မို့ရဲ့ သံယောဇဉ်ဟောင်း ကောင်ကလေး နာမည်ပဲ ဆိုတာ ပြန်သတိရသွားသည်။ သူ့ profile ကို သွားကြည့်လိုက်တော့လည်း တကယ် ဟုတ်နေခဲ့သည်။ သူတို့ နှစ်ယောက်က wall ပေါ်မှာ public တင်ပြီးတော့ကို အပြန်အလှန် ကြူနေကြတာ ဖြစ်သည်။ မီးငယ်က ဒါကို သူ့ဒေါ်လေး မြင်ချင်လည်း မြင်ပါစေ ဆိုပြီး ဂရုမစိုက်လေသလား၊ သူ့ဒေါ်လေးက ဒါမျိုး ဆူမှာ မဟုတ်ဘူး ဆိုပြီး မို့ကို အရေးပဲ မလုပ်လေသလား မသိပါ။ မို့ကတော့ အဒေါ် တစ်ယောက်မို့ ဒီလို ပလီစိချောက်ချက် ပြောပြောပြီး ကောင်မလေးတွေ ဆီက အဖြေတောင်းတတ်သော ကောင်လေးနဲ့ အပျော်သဘောပဲဖြစ်စေ အဲသည်လောက် အထိ မပတ်သက်စေချင်ပါ။

မီးငယ်နှင့် online မှာတွေ့တော့ အဲသည် ကောင်လေးနှင့် ဘယ်လိုလဲ မေးမိသည်။ သူက အဖြေတောင်းနေတာ ဖြစ်ပြီး မီးက စိတ်မဝင်စားပါ လို့ ဆိုသည်ကို စိတ်ချရလေမလား တော့ မသိပါ။ မို့က wall ပေါ်က စာလောက်သာ မြင်ရတာ ဖြစ်ပြီး သူတို့ chat ထဲမှာ ဘယ်လောက် ပြောဆိုနေမည်ကို မို့ သိနိုင်တာမှ မဟုတ်တာလေ။ မို့လို အသက်အရွယ်၊ မို့လို နှလုံးသား ခပ်ရင့်ရင့် ကိုတောင် ကြွေလုနီးအောင် ပြောတတ် ဆိုတတ် ရှိသော အဲဒီ ကောင်နောက်ကို တူမလေး ပါသွားမှာ အတော်လေး စိုးရိမ်လာသည်။ မှန် မမှန် သိပ်မသိသော်လည်း ထိုကောင်ကလေးဟာ တက္ကသိုလ်ပြီးအောင် မတက်ခဲ့ပဲ external နဲ့ ထွက်ခဲ့သောကြောင့် ဘွဲ့တစ်ခုတောင်မှ မရဟု သူပြောဖူးတာ သတိရသည်။ အလုပ်တစ်ခုခုတော့ လုပ်နေသလို ပြောဖူးသည်။ အဲသလို ကောင်ကလေးမျိုးနှင့် တူမကို သဘောမတူနိုင်တာတော့ အမှန်။ မို့ကိုယ်တိုင်က ပညာတတ် အသိုင်းအဝိုင်းကမို့ တူမကိုလည်း ပညာတတ်ဖြစ်စေချင်သည်။ သူ ပတ်သက်မည့်သူကိုလည်း အနည်းဆုံး ဘွဲ့ရ ပညာတတ်ကလေးတော့ ဖြစ်စေချင်သည်။

သို့ပေမယ့် မီးငယ်ကိုတော့ အဲဒီကောင်က တစ်ခါတုန်းက တီလေးကိုပါ အဖြေ တောင်းဖူးတယ် လို့ ဘယ်လို ပြောရမည်နည်း။ သွယ်ဝိုက်ပြီးတော့သာ online မှာ တွေ့သည့် အချစ်က စိတ်မချရကြောင်း၊ မယုံရကြောင်း၊ ဘယ်သူ့ကိုမှ မယုံဖို့ စသဖြင့် မီးငယ်ကို ပြောရသည်။ မီးငယ် က ဘာပြန်ပြောသလဲ ဆို… online မှာတင် တွေ့တာ မဟုတ်ဘူး၊ ဖုန်းလည်း ဆက်ဖူးပါတယ်၊ လူကိုလည်း မြင်ဖူးပါတယ် တဲ့။ မို့မှာ စိတ်တွေ ပူပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားသည်။ ဒီခေတ် ကလေးတွေက ဒီအရွယ်မှာ ရည်းစားကိုယ်စီ ရှိနေကြတာ၊ မို့ ကျောင်းက တပည့်တွေလည်း မြင်နေလို့ သိပေမယ့် ကိုယ့်တူမကိုတော့ ကလေးပဲလို့ ထင်နေသေးသည်။ သူကတော့ မို့ဘာပဲ ပြောပြောလည်း ပန်းနဲ့ပေါက်သလို သဘောထားကာ ဘာမှ ဆင်ခြင်မှာ မဟုတ်တာလည်း သိနေသည်။

ကောင်လေးကို message ပို့ကာ မို့ကို အပ်ထားသော ကလေးမလေးမို့ မင်း မပတ်သက်ပါနဲ့တော့ လို့ ပြောလျှင် ကောင်းမလားတောင် စဉ်းစားသေးသည်။ သို့သော် ပြတ်လက်စ အဆက်အဆံကို ပြတ်နေစေချင်သည်။ သူတို့ အချင်းချင်း တော်တော်ကြီး ရင်းနှီးလို့ ပြန်ပြောလျှင် မို့လည်း တစ်ချိန်က ဒီလို ကောင်လေး ငယ်ငယ်နှင့် အီစီကလီ မဖြစ်တဖြစ် စကားပြောဖူးတယ် ဆိုတာမျိုး တူမလေးကိုလည်း ပြန်မသိစေချင်။ ခက်သည်။ နောက်ဆုံး ဘယ်လိုမှ မနေနိုင်တာနှင့် သူ့အမေဆီ ဖုန်းဆက်ပြီး ရန်ကုန် လာကြည့်ပြီး နည်းနည်း ထိန်းဖို့ ပြောလိုက်ရသည်။ သူ့အမေက ဘာမှ မသိ။ ငါ့သမီးက အဲလို စိတ်မျိုး မရှိပါဘူး တဲ့။ အတူနေ အဒေါ်ကြီးကလည်း ပြောသည်၊ ဘယ်မှလည်း လျှောက်သွား မနေပါဘူး၊ ကျောင်းနဲ့ အိမ်ပါပဲ တဲ့။ ဘယ်မှ မသွားပဲ အိမ်ထဲကနေ ရည်စားထားလို့ ရနေသော ခေတ်ကို အစ်မက နားမလည်။ online ပေါ်က တွေ့နေကြတယ် လို့ ပြောပြီးမှ အစ်မကို internet အကြောင်း၊ facebook နဲ့ gtalk အကြောင်း နာရီဝက် လောက် ဖုန်းခ အကုန်ခံပြီး ရှင်းလိုက်ရသေးသည်။ နည်းနည်းလောက် သဘောပေါက် သွားတော့မှ “မဖြစ်ဘူး၊ ငါ့ သမီးကို ဘာမှန်း ညာမှန်း မသိတဲ့ အကောင်တွေနဲ့ အဖြစ်မခံနိုင်ဘူး” ဆိုပြီး ရန်ကုန် လိုက်သွားမည် လုပ်သည်။ ဖုန်းတောင် ပြန်သိမ်းမယ် ဆိုလို့ မို့က “သိပ်လည်း မချုပ်ချယ်ပါနဲ့ ပိုဆိုး သွားပါ့မယ် အစ်မရယ်၊ အခု သူက အားတဲ့ အချိန် သုံးတာ နေမှာပါ၊ စာမေးပွဲ အောင်အောင် ဖြေမယ်လို့ မို့ကို ကတိပေး ထားပါတယ်” လို့ ပြန် နှစ်သိမ့် လိုက်ရသေးသည်။
*****

မို့ ပြန်လာပြီး တစ်ပတ်လောက်တော့ မီးငယ်က ကျောင်းစာတွေ ပုံမှန် လုပ်ပြနေသဖြင့် မို့လည်း ထူးထူးခြားခြား အဖြစ် မရှိလောက် ပါဘူးလေ ဆိုပြီး စိတ်အေးနေလိုက်သည်။ သူ့ကို သိပ်လည်း မဆူရဲပါ။ မို့က သိပ်ဆူပြောပြီး ချုပ်ချယ် လိုက်ရင် မို့ကိုပါ ပွင့်ပွင့်လင်းလင်း မပြောတော့ပဲ လုပ်ချင်ရာ ခိုးလုပ်နေမှာ စိုးရသည်။ “ဘွဲ့တစ်ခု ရပြီးမှ ရည်းစားထားရင်လည်း နောက်မကျသေးပါဘူး၊ အခုတော့ စိတ်မကူးပါနဲ့ဦး” ဆိုတာမျိုး ချော့ချော့မော့မော့ အရိပ်အမြွက်သာ ပြောထားရသည်။

“မီးငယ်မှာ ချစ်သူရှိနေပြီလား” ဆိုတော့ “တီလေးကလည်း အဲလိုလည်း မဟုတ်ပါဘူး” ဆိုပြီး ပြုံးစိစိ လုပ်နေသဖြင့် မို့က သိပ်တော့ မသင်္ကာပါ။ မို့မကြားအောင် ခိုးခိုးပြောနေသည့် ဖုန်းပြောချိန်တွေ တော်တော်လေး များနေပြီ ဖြစ်တာ သတိထားမိသည်။ အပြင်ထွက်ပြီး လမ်းများနေတာလည်း မဟုတ်တော့ ပြောရတာလည်း ခက်လှသည်။ စာကျက်နေပါသည် ဆိုပြီး သူ့အခန်းထဲသူ chat နေတာကို မို့က အချိန်တိုင်းလည်း လိုက်ပြော မနေနိုင်ဘူး မဟုတ်လား။ အဲသလောက်က ပြောနေစရာ မဟုတ်ဘူး လို့ ထင်နိုင်ပေမယ့် အဲဒီ ကလေးမက ပထမနှစ်ကလည်း ဒီလိုတွေ လုပ်လို့ တစ်နှစ်ကျပြီးပြီ မဟုတ်လား။ ဒီနှစ်လည်း အဲသလို ဖြစ်သွားမှာကို အမေနှင့် အဒေါ်က စိုးရိမ် နေကြတာပင်။

သူ့အမေက ကျူရှင်အထိပါ လိုက်ချောင်းတော့လည်း ကျူရှင် မှန်မှန် တက်သည်။ အိမ်မှာလည်း မို့နဲ့အတူ စာလုပ်ပြသည်။ နှစ်ပတ်လောက် နေပြီးတော့ သူ့အမေလည်း ပဲခူးအိမ် စိတ်မချတာနှင့် ပြန်သွားသည်။ မို့လည်း ခါတိုင်းလိုပဲ စိတ်ချလက်ချ လွှတ်ထားသည်။ ညဘက်တွေမှာ သူဘာလုပ်နေလဲ ဆိုပြီး သူ့အခန်းထဲ ဝင်ဝင်ကြည့်တော့လည်း သူက အေးအေးဆေးဆေး စာကြည့်နေသည်ကို တွေ့သဖြင့် စိတ်ပူလောက်စရာ မရှိပါဘူး လို့ ထင်လိုက်သည်။ အမှန်တော့ သူက အဲဒီ online အဆက်အသွယ်ကို မို့ သူ့ကို လာမကြည့်နိုင်သည့် ကျောင်းပြန်လာကာစ ဟင်းချက်နေချိန်တို့၊ TV မှာ ကိုရီးယားကား ကြည့်နေချိန်တို့ မှာ လုပ်နေတာ ဖြစ်သည်။

နောက်ဆုံးတော့ ဒေါက်တာသွင်မို့မို့ထက်က ကိုယ့်စိတ်နဲ့ နှိုင်းပြီး တူမတော်ကို လျှော့တွက်ခဲ့မိခြင်းပင် ဖြစ်တော့သည်။ စနေနေ့တစ်ရက်မှာ မီးငယ်က ထုံးစံအတိုင်း ကျူရှင် သွားတက်သည်။ မို့က တစ်ယောက်တည်း ဈေးဝယ်ထွက်သည်။ ဈေးမပတ်ရတာ သုံးပတ်လောက် ရှိပြီမို့ ဟင်းချက်စရာတင်မက အင်္ကျီလေး၊ ဖိနပ်လေး၊ အိတ်ကလေး ဆိုပြီး လျှောက်ကြည့်၊ လျှောက်ဝယ်နေလိုက်တာ မနက်ကတည်းက တစ်ယောက်တည်း ထွက်ခဲ့ပြီး ညနေမှပင် ပြန်ရောက် တော့သည်။ မို့ အိမ်ပြန်ရောက်တော့ မီးငယ်က ပြန်မရောက်သေးပါ။ ခါတိုင်းဆိုလျှင် ကျူရှင်က မနက်ပိုင်းတင် ပြီးတာမို့ အိမ်ကျမှ နေ့လည်စာ ထမင်းစားတာပင်။ ဘာလို့ မရောက်သေးလဲလို့ တွေးလိုက်သော်လည်း သြော် သူလည်း ကိုယ့်လိုပဲ ဈေးပတ်သလား၊ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်သလား တစ်ခုခု ဖြစ်မည်ဟု ထင်လိုက်သည်။ သူ့ကို တစ်နေရာရာ သွားလျှင် မို့ကို ပြောပြီးမှ သွားဖို့ ပြောထားတာမို့ ခါတိုင်းတော့ ပြောသွားနေကြ။ မနက်ကတော့ သူလည်း ဘာမှ မပြောခဲ့ပါ။ ဒီနေ့ မို့က အရင်ထွက်ခဲ့ပြီး သူက နောက်မှ ထွက်တာ ဖြစ်သည်။

သီချင်းတွေ အကျယ်ကြီး ဖွင့်ပြီး စိတ်အေးလက်အေး ဟင်းချက်နေသော မို့သည် မီးငယ်ဆီမှ message ကို တစ်နာရီလောက် ကြာပြီးမှ တွေ့ခဲ့ခြင်း ဖြစ်သည်။
“တီလေး၊ မီးငယ် ခိုးရာလိုက်သွားပါပြီ၊ မီးငယ် အိမ်ကိုလည်း မပြောရဲလို့ပါ။ ကိုကို့ အိမ်ကလည်း မိန်းမ ပေးစားတော့မယ် ဆိုလို့ အချိန်ဆွဲလို့ မဖြစ်တော့လို့ပါ၊ မီးငယ် ကိုကို့ကို ချစ်တယ်၊ မခွဲနိုင်လို့ပါ။ တီလေးပဲ မေမေတို့ကို ပြောပေးပါတော့”
မို့သည် ကမ္ဘာကြီးပဲ ရပ်သွားသလို၊ နှလုံးသွေးပဲ ရပ်သွားသလို ခံစားလိုက်ရပြီး ဆိုဖာပေါ် အရုပ်ကြိုးပြတ်တောင် ဖြစ်သွားရသည်။ မီးငယ် ဖုန်းကို ပြန်ဆက်တော့ ထင်သည့်အတိုင်း ပိတ်ထားသည်။ မို့သည် မီးငယ် ရဲ့ ကိုကို ဆိုတာကို ဘယ်သူ ဘယ်ဝါလည်း မသိပါ။ online ပေါ်က ဟိုကောင်လေး ပဲလား လို့ ထင်ပေမယ့်လည်း မသေချာပါ။ တစ်ချိန်က သူ ဆက်ခဲ့ဖူးသည့် ဖုံးနံပါတ်ကိုလည်း မို့က contact list ထဲက အပြီးဖျက်လိုက်ပြီးပြီမို့ ဖုန်း ဆက်ကြည့်ချင်စိတ် ပေါ်လာ သော်လည်း မသိတော့ပါ။

အံသြစရာ ကောင်းလှပါပေရဲ့။ အဲသလိုမျိုး လုပ်စရာလား ဟင်..။ ရည်းစား ထားချင်လည်း ထားပေါ့။ ခိုးပြေးသည့် အထိအောင် ဆိုတာကတော့ မလွန်လွန်းဘူးလား။ မို့ရဲ့ တူမ ဖြစ်ပြီး အဲသလောက်တောင် ဦးနှောက် မရှိသူလား။ ခုတော့ မို့က သူ့အဖေနဲ့ အမေကို ဘယ်လို ပြောရမတုန်း။ မို့ လက်ထဲကနေ ယောက်ျားနောက် လိုက်ပြေးသွားသတဲ့။  ခုမှတော့ မတတ်နိုင်တော့ပါ။ သူ့အမေကို ဖုန်းဆက်ပြီး ပြောလိုက်ရသည်။ အဘိုးအဘွားတွေ သိလျှင်လည်း သွေးတိုးလိမ့်ဦးမည်။ သူ့အမေက သူ့သမီးသာ ဒေါသ ထွက်နေပေမယ့် မို့ကိုတော့ အပြစ်မတင်ရှာပါ။
*****
မို့တို့ တစ်အိမ်လုံး မီးငယ် ခိုးရာလိုက်သည်ကို စိတ်ဆင်းရဲကာ သဘောမကျကြသော်လည်း မိန်းကလေး တစ်ယောက် ခိုးပြေးသွားပြီးမှတော့ လိုက်ရှာ၊ ပြန်သိမ်း၊ အဆက်ဖြတ်ခိုင်း ဆိုတာမျိုးတွေ လုပ်နေဖို့တော့ စိတ်ကူးမရှိလေရာ ယောက်ျားလေးဘက်က ပြန်အပ်မည် ဆိုလျှင်တော့ လက်ခံလိုက်တော့မည် ဟုသာ စိတ်ကူးထားပါသည်။ သို့သော် တကယ်တမ်းမှာတော့ ယောက်ျားလေးဘက်က မိဘများက လာရောက် တောင်းရမ်းခြင်း ပြန်အပ်ခြင်း လုံးဝ မရှိပဲ မီးငယ်က သူပြန်လာပါရစေ လို့ သူ့အမေကို ဖုန်းဆက်ပြီး နှစ်ယောက်သား ပဲခူးအိမ်ကို တက်လာကြသည်။ စုံစမ်းကြည့်တော့ ယောက်ျားလေးဘက်က သူ့ဘာသာသူ ခိုးပြေးတာကို ဘာမှ တာဝန်ယူပြီး လုပ်မပေးနိုင်ဘူး ဟု ဆိုသဖြင့် သမီးရှင်ဖြစ်သော အစ်မတို့ဘက်ကသာ မင်္ဂလာဆွမ်းကျွေးလေး လုပ်ပေးမည်လို့ စီစဉ်ရတော့သည်။ မိန်းကလေး တစ်ယောက်ရဲ့ တစ်သက် တစ်မင်္ဂလာကို ပြီးစလွယ် လုပ်လိုက်ရမှာတော့ ဝမ်းနည်းစရာ ကောင်းလှသည်။

မိန်းကလေး တစ်ယောက်ကို ခိုးပြေးသွားသော်လည်း ကောင်လေးမှာ ဘာမှ စုဆောင်းထားတာ မရှိ၊ စီစဉ်ထားတာမရှိ၊ လက်ရှိ လုပ်နေသော အလုပ်ကနေတောင် မကြာခင်ကမှ ထွက်ခဲ့ရသည် ဟုဆိုသည်။ လူကြီးတွေကသာ သူတို့ ရှေ့ရေးအတွက် စိတ်ပူရ၊ ဒေါသဖြစ်ရ၊ စီစဉ်ရနှင့် အလုပ်ရှုပ်နေရသော်လည်း သူတို့ကတော့ ပျော်ပျော်ပင်။ သူတို့နှစ်ယောက် အရင်က ကိုယ်ပုံကိုယ် တင်လေ့ မရှိသော Facebook မှာပင် နှစ်ယောက်တွဲပုံတင်ကာ နှစ်ယောက်သား tag လုပ်ထားကြသေးသည်။ မီးငယ်ရဲ့ ချစ်သူ ကောင်လေးမှာ တစ်ချိန်က မို့ သူငယ်ချင်း ကောင်ကလေး အမှန်ပါပင်။ ခုတော့ သူတို့ နှစ်ယောက် အပြန်အလှန် စိတ်ရင်းနဲ့ ချစ်သွားကြတာ ဖြစ်မည်ဟု မို့ ယုံကြည်လိုက်ပါသည်။ တကယ်တမ်း ဘဝကို နှစ်ယောက်တွဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးလျှင်လည်း ရှေ့လျှောက် ကောင်းကောင်း နေသွားကြဖို့ မျှော်လင့် ပါသည်။ အခုလောလောဆယ်တော့ မိန်းကလေး မိဘများကပဲ တင်ကျွေးတာဖို့ ရှိတာပေါ့လေ။

မီးငယ်ကတော့ သူကျောင်းဆက်တက်ပါမည် ဟုဆိုသည်။ လောလောဆယ် သူတို့ကို တိုက်ခန်းတစ်ခန်း ဝယ်မပေးနိုင် သေးလျှင်တော့ မို့က သူတို့နှင့်တော့ အတူတူ မနေလိုတာကြောင့် သူတို့ကို ဒီမှာထားပြီး မို့ပဲ အဆောင်ပြောင်း နေဖို့ စိတ်ကူးထားပါသည်။ သန်ဘက်ခါ မင်္ဂလာဆွမ်းကျွေး ရှိသောကြောင့် မို့ မနက်ဖြန် ပဲခူး ပြန်ရမည်။ စိတ်ထဲမှာ မီးငယ် ကောင်လေးက မို့ကို မှတ်မိနေမှာ နည်းနည်း စိုးရိမ်နေသည်။ မို့ တစ်ချိန်က စိတ်ရူးပေါက်ခဲ့တာကြောင့် အခုတော့ မျက်နှာ ဘယ်နား ထားရမည် မသိဖြစ်နေလေပြီ။ မို့ဘက်က ဘာမှ လွန်မထားပေမယ့် ဘာပဲဖြစ်ဖြစ် သူ မမှတ်မိအောင်တော့ နေရမည်သာ။ မို့သည် မနက်ဖြန် သွားဖို့အတွက် ဘီရိုထဲက အစ်မ ချုပ်ပေးထားသော တစ်ခါမှ မဝတ်ဖူးသည့် ပါတိတ်ဝမ်းဆက် နှစ်စုံနှင့် မင်္ဂလာပွဲအတွက်တော့ တလောကမှ ချုပ်ထားပြီး တစ်ခါမှ မဝတ်ဖြစ်သေးသည့် ခါးတိုရင်ဖုံး အင်္ကျီနှင့် ပိုးချိတ်လုံချည် တစ်စုံ ထုတ်လိုက်သည်။ အမြဲတပ်နေသော frameless မျက်မှန် နက်ပြာကိုင်းခပ်သေးသေးကို ချွတ်ပြီး အပိုအနေနှင့် သိမ်းထားသော ကျွဲကော်ကိုင်း မျက်မှန်ကို ထုတ်လိုက်သည်။ ကျောင်းမှာ တပ်သော ဆံထုံးထုံးသည့် ဘိုးနှစ်ခုလောက်ကိုလည်း အဆင်သင့် ထုတ်ထားလိုက်သည်။ အသွားကတည်းက အဲသည်ပုံစံ ပြင်သွားရမည်။ သူတို့ မင်္ဂလာပွဲ ပြီးသည့် ညနေမှာပင် ပြန်လာဖို့ စိတ်ကူးသည်။

သွင်မို့မို့ထက်ဟာ မီးငယ်လို အချစ်ကို ကိုးကွယ်တတ်သူ မဟုတ်တာ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရတော့မှာပါပဲ။ မို့က သူများကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကို ပိုချစ်တာကြောင့် ခုထက်ထိ တစ်ကိုယ်တည်း နေနေတာပါ။ သူများလို ပိုက်ဆံ အများကြီး ရှာနိုင်သူ မဟုတ်ပေမယ့် မို့က ကိုယ့်ခြေထောက်ပေါ်ကိုယ်တော့ ရပ်တည်နိုင်ပါသေးသည်။ အဲလို နေရာက အချစ်ကို ကိုးကွယ်မိလို့ အခြေအနေပျက်ခဲ့ရရင် သူများတကာ ဝိုင်းထိုးမယ့် လက်ညှိုးတွေကို လက်မခံချင်သူလည်း ဖြစ်သေးသည်။ အဲသည့်အပြင်လည်း မို့က တစ်စုံတစ်ယောက်ကို မို့ဘဝမှာ မရှိမဖြစ် လိုအပ်လာလိမ့်မည်ဟု ခုထက်ထိကို မထင်မိသေး။ ပန်းတစ်ပွင့် ဖြစ်လို့ သဘာဝအတိုင်း လေယူရာ ယိမ်းမိချင် ယိမ်းမိမှာ ဖြစ်ပေမယ့် တစ်ချို့က ခူးဆွတ်လွယ်သည့် ပန်းများဖြစ်ပြီး တစ်ချိုကတော့ အပင်မှာသာ နေလိုသည့် ပန်းများ ဖြစ်ကြပါသည်။

သိင်္ဂါကျော်