14 June, 2009

ခရီးသည် တစ်ယောက်ရဲ့ ခေတ္တနားခိုရာ


နိုင်ငံ့ဝန်ထမ်း ဆိုတော့လည်း တစ်နယ်က တစ်နယ် ပြောင်းရွှေ့ရတာ အဆန်းတော့ မဟုတ်ပါ။ ကိုယ်ကိုယ်တိုင်ကလည်း မရောက်ဖူးတဲ့ အရပ်ကို သွားရတာ ကြိုက်ပါတယ်။ နေရ ထိုင်ရ အဆင်ပြေတာ မပြေတာကတော့ တစ်ပိုင်းပေါ့လေ။ ပုသိမ် ဆိုတော့ နည်းနည်း နီးနေသေးလို့ စိတ်တောင် ဆိုးချင်ပါရဲ့။

မေမေက ရန်ကုန်မှာ အစည်းအဝေး ရှိတာကို လမ်းမကြုံ ကြုံတယ် ဆိုပြီး လိုက်ပို့တယ်လေ။ အဲဒါနဲ့ ဖေဖေ ကလည်း ပါလာရော။ မနက် ၈း၃၀ နေလဝန်း ကားစီးလာတာ ၁၂ မခွဲခင်လောက် ရောက်ပါတယ်။ ကိုယ့် ပစ္စည်းတွေ ချထားပြီးတော့ သူတို့က ရှေ့က တည်းခိုခန်းမှာ တည်းကြပါတယ်။

ကိုယ်ပိုင်တဲ့ နေရာကတော့ စိတ်ကျေနပ်စရာ လုံးဝ မကောင်းပါဘူး။ အိပ်ခန်း တစ်ခန်းတောင် သီးသန့် မရတဲ့ အဖြစ်မျိုးပါ။ အိမ်ခန်း တစ်ခန်းမှာ အိပ်ခန်း နှစ်ခန်းပါပါတယ်။ ထမင်းစားတာ၊ ဟင်းချက်တာ၊ ရေချိုးခန်း၊ အိမ်သာ ကတော့ Share သုံးရမှာပါ။ အိပ်ခန်းတစ်ခန်းကို နှစ်ယောက်နေရတဲ့ အပြင် စားပွဲတစ်လုံး ကုလားထိုင် တစ်လုံး တောင် ကိုယ်ပိုင် မရပါဘူး။ လွတ်လပ်မှု လိုလားတဲ့ ကိုယ့်အတွက်တော့ စိတ်ညစ်စရာပါပဲ။ ဘယ်တတ်နိုင်မလဲလေ... လူဆိုတာ ပျော်ရာမှာ မနေရ တော်ရမှာ နေရမှာပဲ မဟုတ်လား။

အဲဒီညနေကတော့ လိုင်းကားစီးပြီးတော့ သားအမိ သားအဖ သုံးယောက် မြို့ထဲထွက်ခဲ့ပါတယ်။ သူတို့ ပြန်ဖို့ ကားလက်မှတ်လည်း ဝယ်ရဦးမယ်လေ။ ရွှေမုဌောဘုရားကတော့ မြို့လည်မှာပဲမို့ ဝင်ဖူးခဲ့ပါတယ်။ တစ်ခြားနေရာတော့ မရောက်ဖြစ်တော့ပါဘူး။

အောက်ကပုံကတော့ ရွှေမုဌော ဘုရားမှာပါ။ ဘုရားတစ်ခုလုံး ပါချင်တာနဲ့ လူပုံ သိပ်မပေါ်လို့ တင်လိုက်တာ :D

ရုပ်ပွားတော်တွေရဲ့ မျက်နှာတော်တွေကလည်း ကြည်လင်သပ္ပါယ်ပြီး ပြုံးတော်မူနေတဲ့ ပုံတော်တွေချည်းပဲမို့ ကြည်ညိုလွန်းလို့ တင်လိုက်ပါတယ်။ နောက်ဘက်က ကနုတ်ပန်းတွေကလည်း တကယ့်ကို လှပါတယ်။


ကိုယ့်အကြောင်းလေး ကိုယ် ဖြတ်ပြောလိုက်ပါဦးမယ်။ ကိုယ်တို့ အိမ်ခန်းက လေးယောက်သာ စာရင်းရှိပေမယ့် အရင်ကတော့ ၅ ယောက်နေခဲ့တာပါ။ အခုတော့ နေတာက ၆ ယောက်၊ အိပ်တာကတော့ ၄ ယောက်ပါပဲ။ အိမ်ထောင်သည်က သုံးယောက်၊ အဲဒီထဲကမှ ကိုယ်ဝန်ရှိနေတာက နှစ်ယောက်ပါ။ နောက်တစ်ယောက်က ယူတော့မယ့် ဆဲဆဲပဲ ဆိုပါတော့။ နောက်တစ်ယောက်ကတော့ လောလောဆယ် အစီအစဉ် မရှိသေးသူ ထင်ပါရဲ့။ တစ်ယောက်က သူ့အမျိုးသားနဲ့အတူ အိမ်ခန်းငှားနေလို့ ညနေ ပြန်ပါတယ်။ တစ်ယောက်ကလည်း တစ်ခြားအဆောင်ကပါ၊ ဒါပေမယ့် သူ့ကောင်လေးရဲ့ အိမ်ကို သွားသွားအိပ်တာများပါတယ်။ (တစ်မျိုးမထင်ကြပါနဲ့ ယောက္ခမ အဒေါ်ကြီးနဲ့ ကိုရီးယား ကြည့်ဖို့ပါ)။

အားလုံးက သဘောကောင်းကြပါတယ်။ ကိုယ် နဲ့ မတည့်တဲ့သူ ဆိုတာမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ (တကယ်ပြောတာ :D) ကိုယ့် policy က မိတ်ဆွေနည်းရင်နည်းပါစေ ရန်သူ တစ်ယောက်မှ မရှိစေရဘူး ဆိုတာမျိုးပါ။

မနက် မနက်ဆို ၆ နာရီ မထိုးခင်လောက်ကတည်းက ခေါင်းရွက်ဈေးသည်တွေ သွားလာနေကြပါပြီ။ အိမ်ခန်းတွေက လမ်းမကြီး နဲ့နီးတယ်လေ။ လှမ်းခေါ်လိုက်ရင် ရတယ်။ လာနေကြဈေးသည်တွေ ကျတော့ အထဲအထိ လာရောင်းကြတယ်။ ဘုရားပန်း၊ သား ငါး၊ အသီးအရွက် သည် အစုံပါပဲ။ ပဲပြုတ်နံပြားသည်လည်း ပါတယ်။ ညည စောစော မအိပ်ပဲ မနက် မနက် စောစော မထချင်တာ ကိုယ့် အကျင့်ပေမယ့် ဒီမှာတော့ စောစောနိုးနေတတ်တယ်။ အရမ်းနောက်ကျရင်လည်း ချက်စရာ မဝယ်လိုက်ရလို့ စားစရာမရှိ ဖြစ်လိမ့်မယ်လေ။ ပြောသာပြောတာပါ၊ ကိုယ်က ဘာကိုမှ သိပ်ချက်တဲ့လူတော့ မဟုတ်ပါဘူး။ ပုံမှန်ချက်တာဆိုလို့ စနေ၊ တနင်္ဂနွေ လောက်ပါပဲ။ (လူတွေကလည်း နှုတ်ဆက်ရင် အလာပ သလာပ အနေနဲ့ ဘာဟင်းချက်လဲ လို့ မေးကြတာ သိပ်စိတ်ညစ်တာပဲ၊ နေ့တိုင်း ဝယ်စားတယ် ဆိုရင်လည်း မကောင်း။ ကိုယ်က ရုံးဖွင့်ရက်တွေမှာ ချက်ရင်တောင် ဘယ်တော့မှ သားငါး ဆီပြန်တွေ ချက်တဲ့လူ မဟုတ်ဘူး။ အသီးအရွက်နဲ့ တနင်္ဂနွေက ကြော်ထားတဲ့ အသားတို့၊ ပုဇွန်တို့နဲ့ ရောလိုက်ရုံလောက်ပဲ။ ရောတာလည်း တွေ့ရာ ရှိတာနဲ့ ရောတာ... ဟုတ်ဟုတ် မဟုတ်ဟုတ် :D)

နီးနီးနားနားမှာ ထမင်းပေါင်း၊ ထမင်းကြော် အစုံရတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တော့ ရှိပါတယ်။ စားစရာ မရှိရင် သွားသွားစားတယ်။ ရှေ့မှာလည်း သင်္ဘောသီးထောင်း ဘာညာရတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ စောင့်ရတာတော့ အသေကြာတယ်။ ကင်တင်းကတော့ ကျောင်းသားတွေများလို့ ဟင်းသွားဝယ်ချင်ပေမယ့် မဝယ်ဖြစ်ဘူး။ (တစ်ခါတလေလည်း အိမ်မှာ စားစရာ နေရာ မရှိလို့ ဆိုင်သွားစားရတယ်၊ မီးဖိုချောင်မှာစားရတယ်။ ထမင်းစားတဲ့ နေရာက ဧည့်ခန်းပဲလေ။ လူက ၆ ယောက် နေတာ၊ ဧည့်သည်က လာသေးတယ်။ ကိုယ်က ဖြစ်သလိုဟင်းနဲ့ ဘယ်လို လူတွေကြားထဲ စားမလဲ။)

ဘာပဲဖြစ်ဖြစ် ဒါတွေက စာဖွဲ့စရာ မဟုတ်တဲ့ အသေးအဖွဲတွေပါ။ အနေအထိုင် ကျဉ်းကျပ်တာက လွဲလို့ပေါ့။ ကျဉ်းတာကတော့... ကိုယ်ပိုင်တဲ့ နေရာဆိုလို့ ကုတင် တစ်လုံးပဲ ရှိပါတယ်။ Laptop မှာ စာရိုက်ဖို့တောင် ကုတင်ဘေးက ခုံရှည်မှာ တင်ထားတဲ့ ကိုယ့်သေတ္တာပေါ်မှာ တင်ပြီး ကုတင်ပေါ်က ထိုင်သုံးရတာပါ။ တိတ်ဆိတ်မှုကလည်း အိပ်နေကြတဲ့ အချိန်ကလွဲပြီး လုံးဝ မရှိတာပါ။ လူဆိုတာကတော့ နှစ်ယောက်ပေါင်းမိရင်ကို စကားသံ ထွက်မှာ သဘာဝပဲလေ။ အပြစ်မပြောချင်ပါဘူး။ တစ်ခုပဲ ရှိတာ တစ်ခါတစ်လေ (လာတဲ့ ဧည့်သည် ကျောင်းသူမလေးတွေက အစ) ပက်ပက်စက်စက် တွေ ညစ်ညစ် ညမ်းညမ်းတွေပြောကြတာပါပဲ။ ကိုယ်ကတော့ ဒီလိုမျိုး လုံးဝ မကြိုက်ဘူး။ ကိုယ့်သူငယ်ချင်းတွေလည်း ဒီလောက်အထိ လုံးဝ မပြောတတ်ကြပါဘူး။ (ပြောရရင်တော့ ကိုယ်က ယောင်္ကျားဆန်တဲ့ စိတ်ရှိတာ ကလေး အကြောင်း မိန်းမနဲ့ပတ်သက်တဲ့ အကြောင်းတွေတောင် သိပ်နားထောင်ချင်တာ မဟုတ်ဘူး။ သူတို့က အိမ်ထောင်သည်တွေဆိုတော့လည်း ခက်သားပဲ။)

သူများအတင်းတွေ ရေးနေတာတော့ မဟုတ်ပါဘူး။ ဒီဘလော့ကလည်း ကိုယ့်သူငယ်ချင်းတွေပဲ ဖတ်တာဆိုတော့ သူတို့ကို ပြောပြချင်တာတွေ တစ်ခါတည်း ရေးလိုက်တာပါ။

ပြီးခဲ့တဲ့ အပတ်ကတော့ အဖေ လာလို့ သားအဖ နှစ်ယောက် ရေကြည် ရေနောက် လို့ နာမည်ကြီးတဲ့ ဆုတောင်းပြည့် လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော် ကို ဆိုင်ကယ်တစ်စီး ငှားပြီး မိုးတွေ ရွာလိုက် တိတ်လိုက် ဖြစ်နေတဲ့ကြားက သွားခဲ့ပါတယ်။ ဆိုင်ကယ်သမား ပေးလိုက်တဲ့ မိုးကာတစ်ထည်ပဲ ပါလို့ မိုးတွေ ရွှဲရွှဲစို နေပေမယ့် ရောက်အောင်တော့ သွားလိုက်ကြတယ်။ ဒီအရပ်မှာ တစ်လကျော် ကြာခဲ့ပေမယ့် မရောက်ဖြစ်သေးတာနဲ့လေ။ အဖေမှ လိုက်မပို့ရင်လည်း ကိုယ်ကရောက်ဖြစ်မှာ မဟုတ်ဘူး။ ဆိုင်ကယ် ငှားလို့ရပေမယ့် ကိုယ်က မစီးတတ်တော့ ခက်သား။ အောက်ကပုံကို မိုးတွေရွာနေတဲ့ကြားက ထီးဆောင်းပြီး ရိုက်ခဲ့တာပါ။

မောင်တော်ဗြပ္မာဒေဝ မင်းသားရဲ့ကန်က ရေကြည်ကန်ပါ။ အစ်မတော် ဝိဟာရဒေဝီရဲ့ ကန်က ရေနောက်ကန်ပါ။ သမိုင်းကို တော့ စာအုပ်တွေထဲမှာလည်း ပါနေတာပဲ ဆိုတော့ မပြောတော့ပါဘူး။ (တကယ်က မသိတာ ဟီး)။

အပြန်မှာ မိုး ကလည်း နည်းနည်း စဲ နေလို့ မဟာဗောဓိ မင်္ဂလာ စေတီတော်ကို ဝင်ခဲ့ပါတယ်။ ဆင်နှစ်ကောင် ရံထားတဲ့ ရပ်တော်မူ ရုပ်ပွားတော်ကလည်း သပ္ပါယ်လို့ သေချာ ရိုက်လာခဲ့ပါတယ်။

သိင်္ဂါကျော်
11. 6. 2009
3:33 PM
.

13 June, 2009

ပြောင်းလဲတတ်သော အရာ


(၁)

စံ နှင့် နေထွဋ် တို့၏ ချစ်သူသက်တမ်းက ၈နှစ် နီးပါး ရှိခဲ့လေပြီ။ နှစ်ယောက်သားမှာ အလုပ်တွေကိုယ်စီနဲ့မို့ လက်ထပ်ဖို့ကို လောလောဆယ် မစဉ်းစား ထားရသေးပေမယ့် နှစ်ဖက်မိဘတွေလည်း သိနေပြီ။ စံ အိမ်က သိသိချင်းတော့ သမီးကို နှမျောတတ်သော အဖေက သဘောမတူခဲ့ပေမယ့် ဒီလောက် နှစ်ပေါင်းကြာအောင် တွဲခဲ့ကြပြီးမှ အခုတော့လည်း မကန့်ကွက်တော့ပါ။ စံအတွက်တော့ သူတစ်ယောက်သာ စံ တစ်ဘဝလုံး အတွက် လက်တွဲဖော် အဖြစ် ယုံကြည်ခဲ့တာ သူ့ကို စချစ်ကတည်းက ခုချိန်ထိပါ။ စံတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ဘယ်သူကမှ မဖျက်ဆီးနိုင်ဘူးလို့လည်း ဘယ်အရာကမှလည်း မပြောင်းလဲစေနိုင်ဘူးလို့ ယုံကြည်ခဲ့မိပါသည်။ ယောင်္ကျားတစ်ယောက်ရဲ့ အချစ်က တစ်ချိန်ချိန်မှာတော့ ပြောင်းလဲသွားနိုင်တဲ့ အရာဆိုတာ ... စံ သိခဲ့ရချိန်မှာတော့...။

(၂)

သူငယ်ချင်း ဘဝက ချစ်သူအဖြစ် ကူးပြောင်းခဲ့ကြသူတွေမို့ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိ အစင်းသိ၊ နားလည်မှု ကိုယ်စီ ရှိခဲ့ကြသည်။ စိတ်သဘောထား၊ ဝါသနာဆိုတာကလည်း သိပ်ကြီး ကွဲကွဲလွဲလွဲ မရှိပဲ တူကြသူတွေ။ သူငယ်ချင်းတွေ အားလုံး ဆရာမတွေ အားလုံး လည်း တစ်နေ့တော့ လက်ထပ်ကြမယ့် ခိုင်ခိုင်မြဲမြဲ အတွဲတစ်တွဲပဲ ဆိုတာ သိထားကြသည်။

စံက Master ဘွဲ့မပြီးခင် ဝန်ထမ်း အလုပ်ဝင်ခဲ့သူမို့ ကျောင်းပြီးတော့ နယ်သွားရသည်။ သူကတော့ ရန်ကုန်မှာပဲ ကိုယ်အလုပ်လုပ်ရင်း ကျန်ခဲ့သည်။ နှစ်ယောက်စလုံးပဲ လက်ထပ်ဖို့ စိတ်ကူးမရှိကြသေးပဲ ကိုယ့်အလုပ်ကို လွတ်လပ်စွာ လုပ်ချင်သေးသည်။ တစ်ယောက်ကို တစ်ယောက်လည်း စိတ်မချ မဖြစ်ကြပါ။ စံအတွက်တော့ သူ့ကို အရာအားလုံးထက် ပို ယုံကြည်သူလေ။ သူနှင့် ဖုန်း အဆက်အသွယ်တော့ အမြဲရှိသည်။ စံ နယ်မှာရှိနေတုန်း သူနှစ်ခါလား မသိ လာလည်ဖူးသည်။ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးလည်း သိကြသည်။ သူက စံ ဒီ အစိုးရအလုပ်ဝင်လုပ်တာကို သိပ်တော့ကြိုက်ပုံ မရပေမယ့် ဘာမှတော့ မကန့်ကွက်ခဲ့ပါ။ လက်ထပ်ဖို့ကို ဘယ်သူကမှ စမပြောဖြစ်။ သူကလည်း သူဘဝသူ ရပ်တည်နိုင်အောင် ပိုက်ဆံရှာပြီးမှ လက်ထပ်ချင်သည်။ စံဘက်ကလည်း ဖေဖေက သိပ်သဘောမတူတော့ မလောချင်သေး။

ဒီလိုနဲ့ပဲ စံက ဘွဲ့လွန်သင်တန်း ထပ်တက်ဖို့ ပါသွားသည်။ စံ သဘောနဲ့တော့ သိပ်မတက်ချင်ပေမယ့် ဖေဖေ နဲ့ မေမေ က တက်စေချင်တော့လည်း တက်ဖြစ်ခဲ့သည်။ ရန်ကုန်မှာဆိုတော့ သူနဲ့ လည်း အမြဲတမ်း တွေ့ရမယ်လေ ဆိုပြီး စံက တက်ဖို့ ဆုံးဖြတ်ခဲ့သည်။ တကယ်လည်း သူနဲ့ ပိတ်ရက်တိုင်း တွေ့ဖြစ်သည်။ တစ်ခါတစ်လေ လည်း သူက ညနေဘက် စံ အဆောင်ကို လာပြီး နှစ်ယောက်သား အပြင်ထွက် လမ်းလျှောက်ကြသည်။

သူက လက်ထပ်ကြဖို့ စဉ်းစားလာချိန်မှာ စံက သင်တန်း မပြီးပဲ လက်ထပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေသည်။ နှစ်ဖက်စလုံးကတော့ စံတို့ သဘောပါ။ ဘယ်သူမှ ကန့်ကွက်မယ့်သူ မရှိ။ စံ သင်တန်းပြီးဖို့က သုံးနှစ်လောက် စောင့်ရမည်။ သူစောင့်မှာပဲ ဆိုတာ စံယုံကြည်သည်။ စံ စိတ်ထဲ ဘာမှ မစိုးရိမ်မိခဲ့။ စနေ တနင်္ဂနွေ အပတ်တိုင်း သူ့ဆီသွားသည်။ သူ့ဆီက ဝတ္တုစာအုပ်တွေ ယူလာပြီးဖတ်သည်။ သူ့ဆီမှာ အခွေအတူတူ ကြည့်ကြသည်။ တစ်ခါတစ်လေလည်း ရန်ဖြစ်ကြသည်။ စံ စိတ်ကောက်ရင်လည်း သူက သိပ်ချော့တတ်တာ မဟုတ်။ သူပြန်စခေါ်ရင်ပဲ စံက စိတ်ပြေလိုက်ရတာပါပဲ။ စံ အတွက်တော့ အဲဒီလောက်နဲ့လည်း ကျေနပ်သည်။ သူ့အနားမှာ နေရရင်ပဲ စံအတွက် နေပျော်သည်။ သူဘက်က ပြောင်းလဲသွားလိမ့်မည် ဆိုတာ အိပ်မက်ထဲမှာတောင် ထည့်မမက်ဖူးပါ။

(၃)

သူနည်းနည်း ပြောင်းလဲသွားတာကိုတော့ စံ ခံစားမိသလို ရှိသည်။ ဒါပေမယ့် ရိပ်တော့ မရိပ်မိခဲ့။ စံ့ အဆောင်ကို သူအလာကျဲသွားသည်။ စံကတော့ သူ့အခန်းကို အသွားမပျက်ခဲ့ပါ။ တဖြည်းဖြည်းနဲ့ သူက မအားဘူး ဆိုပြီး စံကို မလာနဲ့လို့ ပြောတဲ့ အပတ်တွေရှိလာသည်။ ကိုယ့်မှာလည်း စာလုပ်စရာတွေရှိတာပဲ။ သူက မလာနဲ့ဆိုလည်း မသွားဘူးပေါ့။ နည်းနည်းလေးမှ မရိပ်မိခဲ့တာ စံအမှားပဲလား။

ဟိုတစ်ဘက်ကိုလည်း စံက အတော်လေး အံ့သြမိသည်။ သူ့ အခန်း အနီးအနား က မုန့်ဆိုင်တွေ၊ စတိုးဆိုင်တွေ အားလုံးကို နှစ်ယောက်သား သွားဖူးတာ ခြေရာအထပ်ထပ်တောင် ကျန်နိုင်သည်။ အဲဒီ တစ်ယောက်က စံတို့နှစ်ယောက် အကြောင်းကို မသိပဲနေမှာ မဟုတ်ပါ။ စံတောင် သူမ အကြောင်းသိသေးသည်။ ၇ တန်းတောင် မအောင်ခဲ့ပဲ ဆွေမျိုးနီးစပ် စတိုးဆိုင်ဖွင့်ထားသော ဤအိမ်မှာ အရောင်းအကူ လာလုပ်နေသူဖြစ်သည်။ သူမ မိသားစုကလည်း မောင်နှမတွေ များပြီး သူမကို တာဝန်မယူနိုင်သဖြင့် ကိုယ့်ဟာကို ရပ်တည်ဖို့ ကြိုးစားနေရသူဖြစ်သည်။ သူက ပြောပြလို့ စံသိရတာပါ။ ဒါတောင် စံက သူ့ကို သံသယ မဖြစ်မိသေး။ ဝယ်နေကြဆိုင်က အရောင်းစာရေးမနဲ့ အလာပသလာပ ပြောရင်း သိတယ်ပဲ ထင်သည်။ သူ့လို ပညာတတ် ရည်မှန်းချက်ကြီးသူ တစ်ယောက်ကို ဒီလို အဆင့်က မိန်းကလေး တစ်ယောက်နဲ့ ဘယ်သူကရော ထင်မိမှာလဲ။

သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်း သိရှိရိပ်မိသူတွေ၊ လမ်းမှာ သူတို့နှစ်ယောက်ကိုတွေ့ကြသူတွေက စံ့ကို ခဏ ခဏ ပြောကြသည်။ စံက မယုံကြည်နိုင်။ အဲဒီ တစ်ယောက်လို့လည်း လုံးဝ မထင်မိ။ တစ်ခြားတစ်ယောက်ယောက်နဲ့ ရိုးရိုးသားသားလို့ပဲ ထင်မိသည်။ သူ့ကို မယုံကြည်ဘူး ထင်မှာစိုးလို့ ဖွင့်လည်း မမေးခဲ့။ စံတို့ နှစ်ယောက်ကြား ဒါမျိုး တစ်ခါမှ မရှိဘူးခဲ့တော့ ဘယ်လိုပြောရမှန်းမသိပါ။ တကယ်တော့ စံက သူ့ကို မျက်စိမှိတ် ယုံကြည်မိတာပါ။

သူများတွေကလည်း ပြောလွန်းမက ပြောလာ၊ စံကိုယ်တိုင်လည်း တစ်ခါ နှစ်ခါ တွေ့ အပြီးမှာတော့ သူ့ကို ဖွင့်မေးရတော့သည်။ သူက အေးအေးဆေးဆေးပဲ ဝန်ခံသည်။ ဟုတ်တယ် နင့်ကို စိတ်ပျက်နေပြီတဲ့။ အဲဒီ အရင်ကလည်း တစ်ခါ နှစ်ခါ ပြောဖူးသည်။ စံကို စိတ်ကုန်နေပြီ၊ မချစ်ချင်တော့ဘူး၊ စံက ကိုယ့်အတ္တကို အရမ်းဦးစားပေးတယ်တဲ့။ စံ့ကို စိတ်ကုန်ရအောင် စံက သူ့အပေါ် ဘာတွေများလုပ်မိလို့လဲ။ စံက စံအလုပ်၊ စံ ပညာရေးကိုပဲ စိတ်ဝင်စားကာ သူ့ကိုတော့ ဒုတိယနေရာမှာပဲ ထားတယ် လို့ စကားနာလည်း ထိုးဖူးသည်။ ဒါပေမယ့် ဒါတွေက ဒီလိုပဲ တစ်ယောက်ယောက်နဲ့ တစ်ယောက် ပြောကြတာပဲ လို့ စံ စိတ်ထဲ ဘာမှ မထားခဲ့မိ။ သူက ဒါကို တကယ်ကို ခံစားချက်နဲ့ ပြောခဲ့တာပေါ့။ တော်တော် အံသြစရာကောင်းပါလား။

စနေနေ့မှာ ပထမဆုံးသိလို့ အကြီးအကျယ် စကားများပြီးနောက် တနင်္ဂနွေ နေ့တော့ သူ့ဆီ မသွားတော့။
သူ ဖောက်ပြန်မှန်းသိပေမယ့် စံစိတ်ထဲတော့ သူ့ကို မပြတ်နိုင်သေး။ အဲဒီ တစ်ယောက်ကို သူ အပျော်တွဲတာပဲလို့ ထင်သည်။ တစ်နေ့တော့ စံနဲ့ပဲ လက်တွဲဖြစ်မှာပါပဲ လို့ တစ်ထစ်ချ ယုံကြည်နေတုန်းပါ။ နောက်တစ်ပတ် ပိတ်ရက် ရောက်ကာနီးတော့ သူကဖုန်းဆက်သည်။ တောင်းပန်တာတော့လည်း မဟုတ်။ လာမှာလား ဆိုတော့ စံကလည်း သွားမိပြန်သည်။ ခါတိုင်းလိုပဲ သူ့ကို နှိုးပြီး ရွှေတိဂုံ သွားကြသည်။

(၄)

သူ နောက်တစ်ယောက်နဲ့ တွဲနေမှန်း သိသိကြီးနဲ့ (စံ နဲ့က စနေ၊ တနင်္ဂနွေ ပဲ တွေ့ရတာလေ၊ ဟိုတစ်ယောက်နဲ့တော့ နေ့တိုင်း တွေ့နေနိုင်တာပေါ့) စံ သူ့ကို မဖြတ်နိုင်ပဲ ဆက်တွဲနေမိတာ ပဲ တော်တော် ကြာသည်။ သူငယ်ချင်းတွေကိုလည်း မပြောပါ။ အားလုံးကလည်း သူနဲ့ ဆိုတာသိကြသူချည်းမို့ သူနဲ့ပြတ်ကြရင် ဆိုတာကို မစဉ်းစားရဲ။ စံတစ်ယောက်တည်း ဘယ်လို နေရမလဲ ဆိုတာ မစဉ်းစားရဲ။ ဘယ်သူ့မှလည်း မပြောပြချင်တာမို့ တစ်ယောက်တည်း ကြိတ်ခံစားရသည်။ သူ့အိမ်ကလည်း ဒါကို မသိပဲ စံနဲ့လက်ထပ်ဖို့ကိုပဲ မြန်မြန် ဖြစ်စေချင်နေသည်။ သူက သူ့အိမ်ကို မပြောရဘူးလို့ စံ့ကို တားထားသည်။

တစ်ယောက်တည်း မခံနိုင်တဲ့ အဆုံးမှာ သူငယ်ချင်းတွေကို ဖွင့်ပြောမိတော့ အားလုံးက တစ်ညီတညွတ် တည်းပြောကြတာက ဖြတ်လိုက်တော့ တဲ့။ သူ နဲ့ ကိုယ် နှစ်ယောက်လုံးနဲ့ same batch လည်း ဖြစ်တဲ့ စံ သူငယ်ချင်း အရင်းခေါက်ခေါက်တွေက ပိုဆိုးသည်။ စံ ညီမကိုလည်း ပြောပြမိတော့ သူကလည်း အရမ်းဒေါသထွက်နေသည်။ နေထွဋ်ကို ဖုန်းဆက်ပြီး ရန်တွေ့ကြသည်။ အားလုံးက အရမ်းလည်း အံသြကြသည်။ သူ့လို လူမျိုးက ဒီလို သစ္စာပျက်တဲ့ လုပ်ရပ်ကို လုပ်တယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပါ။ နှစ်ပေါင်းများစွာ ချစ်ခဲ့တဲ့ စံတို့ အချစ်က ဒီလို အလွယ်တကူ ပျက်သွားနိုင်တယ်ဆိုတာ တကယ်အံ့သြစရာ။

သူကိုယ်တိုင်က စံကို ဖြတ်ချင်ပြီ ဆိုမှတော့ နှစ်ယောက်သား ချစ်သူ အဖြစ်က ပြတ်စဲပြီပေါ့။ ဒါပေမယ့် သူငယ်ချင်း အဖြစ်ကတော့ မပြတ်စဲသေး။ တွေ့ရင် ခေါ်သည်။ စကားပြောသည်။ ဒီအကြောင်းကို သင်တန်းမှာ သွားအတူ စားအတူ သူငယ်ချင်းက သိသွားတော့ ခါးခါးသီးသီး ဖြစ်သွားသည်။ “အဓိပ္ပါယ်မရှိတာ ဘာလို့တွေ့ရဦးမှာလဲ၊ ဒီလိုလူမျိုးနဲ့ လုံးဝပတ်သက်စရာ မလိုဘူး၊ လမ်းတွေ့ရင်လည်း နှုတ်မဆက်နဲ့၊ chat ထဲမှာလည်း ဘလော့ထားလိုက်တော့၊ သစ္စာမရှိတဲ့ လူကို မေ့လိုက်တော့” တဲ့။ သူမလို အသည်းနှလုံး မရှိတဲ့လူ ကတော့ မေ့လိုက်လို့ ပြောနိုင်မှာပေါ့။ ချစ်မှ မချစ်ဖူးပဲ။ ကိုယ်ကတော့ သူဟိုတစ်ယောက်ကို အပျော်တွဲပြီး ရိုးသွားတဲ့ အချိန်မှာ ကိုယ့်ဆီကို ပြန်လာဦးမလားလို့ မျှော်နေမိဆဲ ဆိုတာ ပြောလို့မကောင်းလို့သာ။ စံ့ အမေကို လည်း ပြောမိတော့ မေမေက ဗေဒင်တွေ ဘာတွေပါ မေးပြီး ယတြာတွေ ဘာတွေပါ ခြေထားသေးတယ်။ သူ့အိမ်ကိုလည်း သွားပြောလိုက်တော့ သူ့အိမ်က အဲဒီတစ်ယောက်နဲ့လုံးဝ သဘောမတူပါတဲ့။ သူကတော့ စံ သွားပြောရမလားလို့ အကြီးအကျယ် စိတ်တွေ ဆိုးလို့။

သူနဲ့ စပြတ်တဲ့ နေ့ကစပြီး နှင်းဆီပင်ကလေး တစ်ပင်လည်း စိုက်ထားသေးသည်။ သူနဲ့ပြန်ပြေလည်သွားရင် ဒီအပင်ကလေးကိုပြပြီး သူ့ကိုလွမ်းတိုင်း ဒီအပင်ကလေးကို ဂရုစိုက်ထားလို့ အပွင့်တွေ ဘယ်နှပွင့်ပွင့်ပြီးပြီ ဆိုတာ ပြရမယ်လို့ စံက စိတ်ကူးထားသေးသည်။

စံ မျှော်လင့်သမျှ နောက်ဆုံးရလာတာကတော့ သူ့ဆီက ဖိတ်စာတစ်စောင်ပါ။ သူက တကယ်ပဲ အဲဒီကောင်မလေးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီ။ Valentine Day မှာမှ လက်ထပ်မှာတဲ့။ အဲဒီဖိတ်စာကို လည်း စံ မယူခဲ့ပါ။ ရင်ထဲမှာ နာတာကို ဘယ်လိုမှ ဖြေသိမ့်ဖို့ မရှိ။ ဘာကြောင့်လဲပဲ အံသြသည်။ အဲဒီတစ်ယောက်က စံ့ထက် ဘာများ ပိုသာလို့ စံတို့ နှစ်ယောက်ရဲ့ နှစ်ပေါင်းများစွာက သံယောဇဉ်ကို ဖြတ်နိုင်ရတာလဲ။ သူ ဆေးများ မိထားသလားတောင် ထင်မိသည်။

တကယ်တော့ ယောင်္ကျားတွေရဲ့ စိတ်က ဒီလိုပဲ ပြောင်းလဲတတ်သည် ထင်သည်။ ပြီးတော့ သူတို့ကို အထင်တကြီးနဲ့ အားကိုး တာကိုမှ လိုချင်သည်လား။ ဘာမှ အသုံးမကျတဲ့သူကို ယူထားမှ သူတို့က ရှေ့က ဦးဆောင်ဦးရွက် ပြုလို့ရမယ်လို့ထင်သလား။ စံကတော့ ဒီလို မိန်းမမျိုး မဟုတ်။ ယောင်္ကျား တစ်ယောက်နှင့် တန်းတူ ရည်တူ ရပ်တည် နိုင်သည့် မိန်းမဖြစ်သည်။ ဒါကိုပဲ သူ မကြိုက်တာလား။ သူ အခုမှ အချစ်စစ် တွေ့သွားတယ်လို့ စံက ထင်ကို မထင်။ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်ပေါ့လေ။ ခုမှ အချစ်စစ်ဆိုရင် စံ့ကို ချစ်ခဲ့တဲ့ အချစ်က မစစ်ခဲ့တာလား။ ဒါမှမဟုတ် အချစ်ဆိုတာ အချိန်ကာလ အကန့်အသတ်နဲ့ ပြောင်းလဲတတ်တဲ့ အရာလား။ စံမသိပါ။

(၅)

ကျောက်ရုပ်အသည်းနှလုံးနဲ့ သူငယ်ချင်းကတော့ ပြောသည်။ “ယောင်္ကျားတွေ ဆိုတာ ဒီလိုပါပဲတဲ့။ ကိုနေထွဋ်ကိုတော့ ဒီလိုလူမျိုးထဲ မပါလောက်ဘူးထင်တာ နောက်ဆုံးတော့ ဒီလိုပါပဲလား” တဲ့။ “အဲဒီ မင်္ဂလာဆောင်ကို နင်ကသွားဦးမှာလား” တဲ့။ ဒီ ဖိတ်စာပေးခံရတဲ့ အထိ စံသူနဲ့ တွေ့နေသေးတာကိုပဲ “မတွေ့ပါနဲ့တော့ ဆိုတာကို ဘာလို့သွားတွေ့လဲ” ဆိုပြီး သူငယ်ချင်းက မကျေမနပ်ဖြစ်နေသေးသည်။ သူ့ဆီက ငှားထားတဲ့ စီဒီခွေတွေ၊ စာအုပ်တွေ အားလုံး သွားပြန်ပေးတာပါလို့ ပြောရသည်။

“အချစ်ဆိုတာ အလကားပါပဲ၊ အချိန်ကြာသွားရင် မေ့ပျောက်သွားမှာပါ “ တဲ့ သူငယ်ချင်းကတော့ အားပေးသည်။ သူမကတော့ မချစ်တတ်တဲ့လူပဲ။ စံ ခံစားချက်ကိုများ စာနာပေးမယ် မရှိ။ နောက်တော့ မေ့သွားမှာပါ ဆိုတာပဲ ပြောပြောနေသည်။ စံအတွက်တော့ ဟုတ်နိုင်ပါ့မလား။ ဒီသံယောဇဉ် ဒီအချစ်က အမြစ်တွယ်ခဲ့တာ ကြာပြီ ဆိုတော့ ဘယ်လိုပဲ နှုတ်ပစ်ပေမယ့် ဒဏ်ရာ ဒဏ်ချက်ကတော့ ကျန်နေမှာပါပဲ။

ငယ်သူငယ်ချင်း အရင်းအနှီးကြီး ပြောတာကမှ ပိုဆိုးသေးသည်။ စံကို အိမ်က သဘောတူတဲ့လူနဲ့ မြန်မြန် ယူလိုက်တော့ တဲ့။ တကယ်လို့များ ဟိုအကောင်ရဲ့ အိမ်ထောင်ရေးက ရေရှည် အဆင်မပြေခဲ့ဘူး ဆိုရင် နင်နဲ့ ပြန်ဆက်မှာ စိုးတယ် တဲ့၊ ရက်ရက်စက်စက် ပြောရက်သည်။ စံက ဒီလိုတော့ လုံးဝ အဖြစ်မခံပါ။ သူ့ကိုလည်း စိတ်ကုန်ခဲ့ပါပြီ။ စိတ်ကုန်တာမှ မုန်းတာ နာကျည်းတာထက်ကို ပိုသည်။ စံ အချစ်ကို ပစ်ပယ်ခဲ့တာ၊ စံကို အရှက်ရအောင်လုပ်ခဲ့တာ။ (တစ်ချို့ မေးကြသည်၊ နေထွဋ် လက်ထပ်သွားတာ နင်နဲ့ မဟုတ်ဘူးလား တဲ့၊ စံ ဘယ်လိုမျက်နှာနဲ့ ဒါကို ဖြေရမလဲ၊) ဒါကိုမှ စံက ခွင့်လွှတ်နိုင်ဖို့ဆိုရင် တရားရှင်ဖြစ်မှပဲ ဖြစ်မည်။ စံက တရားရှင်တော့ မဟုတ်သေးပါ။ ခုထိ မမေ့နိုင်သေးပေမယ့်လည်း သူ့ကို တစ်သက်လုံး တသ ပြီး နေသွားဖို့တော့ မရည်ရွယ်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် နှုတ်ပစ်လိုက်တဲ့ အပင်နေရာမှာ အချစ်သစ်ပင် အသစ်တစ်ပင် ပြန်ပေါက်လာဖို့တော့ မျှော်လင့်ပါသေးသည်။


(သူငယ်ချင်းက သူ့အကြောင်းရေးလို့ စိတ်များဆိုးမလားမသိ...)


သိင်္ဂါကျော်

13.6.2009

9:48 AM


10 June, 2009

ပိုကောင်းသော မနက်ဖြန်

အတိတ်က ကြိုးစားအားထုတ်မှုတွေကနေ အသီးအပွင့်တွေ ထွက်ပေါ်လာတယ်။ အခု လုပ်နေတဲ့ အရာတွေက မနက်ဖြန် မှာ သီးပွင့်လာဖို့ပဲ။ ဒီနေ့မြင်ရတဲ့ ပြောင်းဖူးစေ့ကလေး ဟာ မနက်ဖြန်မှာ ဘယ်လိုပုံစံ ဖြစ်လာမှာလဲ။

ကိတ်မုန့်ဖုတ်တာကို စိတ်ကူးကြည့်စမ်းပါ။ သူ့အထဲမှာ ပါဝင်ရမယ့် အရာတွေ (မုန်လာဥဝါ၊ သကြား၊ ကြက်ဥ၊ မုန့်နှစ်၊ အမွှေးအကြိုင်၊ သစ်ကြားသီးအစေ့ စသဖြင့်) ကို ခွက်တစ်ခုထဲမှာ ရောနှောသွားအောင် ပေါင်းစပ်ရမယ်။ မှန်းဆကြည့်လိုက်စမ်းပါ။ တစ်ချို့နေရာတွေမှာ သကြားများချင်များနိုင်တယ်၊ တစ်ချို့ သစ်ကြားသီး များချင်များနိုင်တယ်။

ဘဝလမ်းခရီး မှာလည်း အဲဒီလိုပါပဲ။ မင်းဘဝ ရဲ့ပါဝင် ပတ်သက်မှုတွေ... အခုလက်ရှိ အခိုက်အခန့် ကိုပဲ ကြည့်လိုက်ပါ။ အတွေ့အကြုံတွေ ပေါင်းစပ်ထားတာပဲ။ အဲဒီထဲမှာမှ ပိုပြီး အားကောင်းတဲ့ အရာတွေက လွှမ်းမိုးနေလိမ့်မယ်။ မင်းရဲ့ မျှော်လင့်ချက် ဆိုတာ သီးသန့် စွမ်းအင် တစ်ခုကို ပေါင်းထည့်ထားတာပါ။ ဒါဟာ အားထုတ်ကြိုးပမ်းမှု စွမ်းအားတွေကို ပေါင်းစပ် လုပ်ကိုင်ပြီး နောက်ဆုံး အထွတ်အထိပ် မှာ ထွက်ပေါ်လာမယ့် အရာပဲ ဖြစ်ပါတယ်။ ဘာ ထွက်ပေါ်လာမလဲ ဆိုတာကတော့ ကြိုးစားအားထုတ်မှုတွေထဲက အားကြီးကြီး လွှမ်းမိုးထားတဲ့ အရာပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။
မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ကြည့်လိုက်ပါ။ နေရောင်ကို မှန်ဘီလူး တစ်လက် စုပြီး စာရွက်တစ်ရွက် ရဲ့ ထောင့်စွန်းကို မီးလောင်အောင် လုပ်ဖူးသလား။ တောက်ပတဲ့ နေရောင်ကို တစ်နေရာမှာ ဆုံစေတဲ့အခါ နေက နေ အပူဓါတ် ထွက်လာတာပဲ။ မင်းရဲ့ အာရုံစူးစိုက်မှုကို ပိုကောင်းတဲ့ အတွေး နဲ့ ခံစားချက်တွေပေါ်မှာ စူးစိုက်ထားလိုက်ရင် အားကောင်းတဲ့ ပေါင်းစပ်မှု တစ်ခုကို မင်း ဆွဲဆောင်လာနိုင်လိမ့်မယ်။

ပျော်ရွှင်ခြင်းကိုပဲ ရည်ရွယ် အာရုံထားနေရင် အဲဒါ မကြာခင် ပြည့်ဝလာမှာပဲ။ ပြဿနာတွေအပေါ်မှာပဲ အာရုံစိုက်နေရင်တော့ မင်း ဒါတွေကိုပဲ တစ်ချိန်လုံး ဖြေရှင်းနေရမှာပဲ။ မင်းရဲ့ မနက်ဖြန်တွေကို ပိုပြီး ကောင်းမွန်စွာ မခံစားချင်ဘူးလား။ မင်းဘာကိုပဲ လိုချင် လိုချင်၊ ဒီအရာအပေါ်မှာ အာရုံစူးစိုက်မှုတော့ သေချာပေါက်ပေးရမယ်။ ညအိပ်ရာဝင်ကာနီးတိုင်း ဆယ်မိနစ်ဖြစ်ဖြစ်၊ ဆယ့်ငါးမိနစ်ဖြစ်ဖြစ် မင်းလိုချင်တဲ့အရာ အာရုံစိုက်ပြီး တွေးတော စိတ်ကူးပါ။ ပုံဖော်ကြည့်ပါ။

မင်းရဲ့ အာရုံစူးစိုက်မှုတွေကို မင်း မျှော်လင့်တဲ့ အရာ၊ ဖြတ်ကျော်ရမယ့် အရာတွေပေါ်မှာ စူးစိုက်ထားနိုင်ရင် မင်းရဲ့ အားထုတ်မှု စွမ်းအားကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီပဲ။ အချစ်၊ ပျော်ရွှင်ခြင်း စတာတွေကို ပေါင်းစပ်ခြင်းအားဖြင့် မင်းရဲ့ ရည်ရွယ်ရာဆီကို တွန်းကန်အား မဲ့ လွတ်လပ်တဲ့ အခြေအနေ နဲ့ လှမ်းသွားနိုင်ပါလိမ့်မယ်။ ဒီလို အာရုံစူးစိုက်နိုင်စွမ်း မြင့်လာတာနဲ့ အမျှ မင်း နဲ့ မင်းဖြစ်ချင်တဲ့ ဆန္ဒ ကြားက အကွာအဝေးဟာ ကျဉ်းလာပါလိမ့်မယ်။ လိုတာကတော့ ကောင်းမွန်တဲ့ အတွေးတွေ ဖြစ်ထွန်းလာဖို့ မင်းရဲ့ စိတ်အားထက်သန်မှုကို ဖွင့်ဟထားဖို့ပါပဲ။

မင်းရဲ့ ခန္ဓာကိုယ်မှာ အဖျက်သဘောဆောင်တဲ့ အတွေးတွေ ဝင်လာတဲ့ အချိန်မှာ ဒါဟာ မင်းဖြစ်ချင်တဲ့ ဆန္ဒကို မဖြစ်နိုင်အောင် ဆန်ကျင်တွန်းလှန်သလိုပဲ။ အဲဒီလို အတွေးတွေကို နှစ်ပေါင်းများစွာ ကြာအောင် တွေးခဲ့ဖူးပါစေ အခု စပြီး လွှတ်ချပစ်လိုက်ပါ။ ကိတ်မုန့် ဖုတ်တဲ့ အခါ အရသာမကောင်းတာတွေကို မထည့်သလိုပဲ အဲဒီအရာတွေကို သွားပါစေတော့။ အဲဒီ အရသာတွေက မင်းနှစ်သက်တဲ့ အရာနဲ့ ပိုဝေးသွားစေမယ့် အရာတွေပဲ။

မင်းစိတ်ကူးကြည့်နိုင်သလောက် မင်းလိုချင်တဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေကို ရှာဖွေပြီး မင်းရဲ့ အာရုံကို ဒါတွေ အပေါ်မှာ စူးစိုက် ထိန်းချုပ်ထားနိုင်ရင် တစ်နေ့မှာ လက်တွေ့ ခံစားရမှာ အသေအချာပါ။

( Leon Cautillo ၏ Having Tomorrow Be a Great Day ကို မှီငြိမ်းပါသည်။)

သိင်္ဂါကျော်

07 June, 2009

ဒဿဂီရိလို ယောင်္ကျား မယ်ကုဝဏ်လို မိန်းမ

(၁)
သူမနဲ့ သူနဲ့ ကို လူတိုင်းက လိုက်ဖက်ညီသော စုံတွဲလေးတစ်တွဲလို့ သတ်မှတ်ကြသည်။ သူမကိုယ်တိုင်လည်း သူ့ကို လက်ခံပြီးကတည်းက တစ်သက်တာအတွက် ရည်ရွယ်ခဲ့မိသည်။ ဒီတစ်သက်မှာ သူနဲ့သူမ က ဖူးစာရှင် အစစ်တွေရယ်လို့ တွေးထင်ထားခဲ့မိသည်။ တကယ်လည်း သူမတို့ အချစ်သက်တမ်းက ၆နှစ်လောက် ကြာရှည်ခဲ့ပါသည်။ အဲဒီ အချိန် အတောအတွင်းမှာပဲ သူ့အကြောင်း၊ သူ့အကျင့်တွေကို သူမ သိလာရပါသည်။ ဒါတွေကို သူမ တစ်သက်လုံး သည်းခံနိုင်ပါ့မလား ဆိုတာ သူမကိုယ် သူမ သံသယ ရှိလာပါသည်။ သူမ ရဲ့ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားတဲ့ အခါမှာတော့...။

(၂)
သူ့ကို အဖြေပေးပြီး သုံးလေးလလောက် အကြာမှာပင် သူ့အကျင့်ကို သူမရိပ်မိလာသည်။ သူက ကောင်မလေးတွေကို တော်တော်ကို အရောဝင်ချင်သည်။ သူ့ကို မေးတော့ သူငယ်ချင်းပါ၊ အသိတွေပါ ပဲ အမြဲပြောသည်။ သူမက တအားကြီးလည်း သဝန်တိုတတ်သူ မဟုတ်ပါ။ ရိုးရိုးသားသား မိန်းကလေး သူငယ်ချင်းတွေ ဆိုရင် ဘာပြောစရာ ရှိမှာလဲ။ ဒီလိုနဲ့ပဲ သူ့အပြောအတိုင်း လက်ခံလိုက်ရတာ အကြိမ်ကြိမ်ပါ။ သူများတွေ အမြင်မှာတော့ သူမကပဲ တအားသဝန်တိုပြီး နေရာတကာ လိုက်ပြောနေတယ်လို့ ထင်ကြစရာ။ သူကတော့ အများအမြင်မှာ ရိုးရိုးသားသား အေးအေးဆေးဆေး ကောင်ကလေးပေါ့။ ဆရာ ဆရာမတွေ အမြင်မှာလည်း အဲဒီလိုပဲ။ သူက စာလည်းကြိုးစားသလို ပုံမျိုးနဲ့ ဆိုတော့ ဆရာမတွေကလည်း ချစ်ကြသည်။ သူနဲ့ ချစ်သူဖြစ်သွားတာ သူမ ကံကောင်းသည် လို့ အားလုံးက မြင်ကြသည်။ တမင် တကာ လုပ်ထားတာ မဟုတ်ပါပဲလည်း သူက မခုတ်တတ်တဲ့ ကြောင်ပုံ မျိုး။

ပထမဆုံး တစ်ခါ ကောင်မလေး တစ်ယောက်နဲ့ တွဲနေတာကို သူမနဲ့ ပက်ပင်းတိုးတော့ သူ ဘာမှ ညာလို့ မရတော့။ သူမက သူတို့ နှစ်ယောက်ကို သွားခေါ်ပြီး ရန်တွေ့ပစ်မိသည်။ သူမက ဒေါသကြီးသည်။ မကောင်းမှန်းသိပေမယ့်လည်း မပြင်နိုင်။ သူ့ကောင်မလေး သွားပြီးနောက် သူမတို့ နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ကြသည်။ သူကလည်း သူ့ကို သိက္ခာချ သည်ဟုဆိုကာ စိတ်ဆိုးသည်။ ပထမဆုံး အကြိမ် သူနှင့် သူမ ပြတ်ကြသည်။ သူနှင့် အဲဒီကောင်မလေးလည်း ပြတ်သွားကြသည်။
နှစ်ရက်၊ သုံးရက် လောက်ကြာတော့ သူက သူမကို နည်းအမျိုးမျိုးနှင့် လိုက်ချော့သည်။ နဂိုကမှ မပြတ်နိုင်ပဲ ဟန်လုပ်နေရသည့် သူမကလည်း ကြာကြာတောင် မချော့လိုက်ရပဲ ပြန်ဆက်ဖြစ်ကြသည်။ သူက ခဏတော့ ခြေငြိမ်ငြိမ် နေပြီး ခွေးမြီးကောက် ကျီတောက်စွပ် သလို ကောင်မလေးတွေနှင့် ပြန်တွဲပြန်သည်။ ကောင်မလေး တစ်ယောက် တစ်ယောက်ကို ကြာကြာတော့လည်း မတွဲ။ ကောင်မလေးတွေ တစ်ယောက် ပြီး တစ်ယောက် သူမ ကွယ်ရာမှာ တွဲသည်။ ပက်ပင်း တွေ့တဲ့ အချိန်တွေမှာ ရန်ဖြစ်ကြသည်။ ပြတ်ပြီ ပြတ်ပြီ အော်ပြီး ပြတ်ကြသည်။ နောက်တော့ သူက ပြန်ချော့ သူ့စကားလုံးတွေအောက်မှာ ပျော်ဝင်ပြီး သူမက ပြန်ပြေလည်။ ဒီလိုနဲ့ ပြတ်လိုက် ဆက်လိုက် အကြိမ် ပေါင်းလည်း မနည်းတော့။

သူက သူမ တစ်ယောက်တည်းကို တကယ်ချစ်တာပါတဲ့၊ ကောင်မလေးတွေကို တော့ သာယာမိလို့ အပျော်တွဲတာပါတဲ့။ ဘယ်သူ့ကိုမှ သူမလောက် မချစ်ခဲ့ပါတဲ့။ ဒါကိုလည်း သူမက ယုံကြည်ပါသည်။ သူမနှင့် ချစ်သူသက်တမ်းကလည်း ရှည်ကြာခဲ့ပြီပဲ။ တစ်ခြား ဘယ်သူနဲ့မှတော့ အဲဒီလောက် မကြာခဲ့ဘူးလေ။ ဒါပေမယ့် သူမကလည်း သူနှင့် ကောင်မလေး တစ်ယောက်ကို တွဲတွေ့ရတိုင်းမှာ ဒေါသကို မထိန်းနိုင်။ ဒီမြို့လေးက ကျဉ်းကျဉ်းလေးပဲ။ သူဘယ်လောက်ပဲ ရှောင်ရှောင် တစ်ကြိမ် မဟုတ် တစ်ကြိမ်တော့ တိုးမှာပဲလေ။

ကောင်မလေးတွေကရော သူ့မှာ ရည်းစားရှိမှန်း သိသိကြီးနဲ့လား၊ မသိပဲနဲ့ပဲ တွဲကြသလား မသိပါ။ တစ်ချို့ကတော့လည်း သူ့လိုပဲ အပျော်။ တစ်ချို့ကျတော့လည်း သူ့အကြောင်း မသိပဲ သူ့အပြောမှာ တကယ်ကြွေကြရှာသည်။ သူမက နောက်ပိုင်းမှာ ကောင်မလေးတွေကို အားနာလာတော့ အမိဖမ်းပြီး ရန်မတွေ့ချင်တော့။ ကောင်မလေး တွေကို တနည်းနည်းနဲ့ ခင်လာအောင် လုပ်ပြီး သူ့အကြောင်းကို ယုံအောင် ပြောပြရသည်။ တစ်ချို့ ကောင်မလေးတွေနဲ့ဆို တကယ်ကိုပင် သူမနှင့် သူငယ်ချင်း ဖြစ်သွားကြသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့အကျင့်ကတော့ မပြောင်းပါ။

(၃)
နောက်ဆုံးအကြိမ် မတိုင်မီ တစ်ကြိမ်...။ ဒီတစ်ကြိမ်မှာတော့ သူမ သူ့ကို တော်တော် စိတ်ကုန်လာသည်။ ဒီလို ခဏ ခဏ လည်း ဖြစ်မနေချင်တော့။ နှစ်ဖက် မိဘကလည်း သိနေကြပြီး လက်ထပ်ဖို့ သဘောတူညီမှုလည်း ရထားပြီးနေမှ သူ့ဘက်က ဆင်ခြင်သင့်ပြီလို့ ထင်သည်။ သူမသူ့ကိုချစ်သလိုပဲ သူလည်း သူမကို တကယ်ချစ်တယ် ဆိုတာလည်း သိပါသည်။ ဒါပေမယ့် ဘာကြောင့် သူမ တစ်ယောက်တည်းနဲ့ မနှစ်သိမ့်နိုင်တာလဲ။ သူမ အဖို့ကတော့ သူနှင့် ချစ်ခဲ့ပြီးကတည်းက တစ်ခြားတစ်ပါးသော ယောင်္ကျားတွေကို စိတ်ကူးထဲတောင် မထည့်တော့တာပါ။ သူကျတော့ ဘာကြောင့် ဒီဝါသနာကို ဆက်လုပ်နေရသေးတာလဲ။ သူက ကောင်မလေးတွေ အပေါ်မှာ အခွင့်အရေး ယူတတ်သူလည်း မဟုတ်ပါပဲ၊ လက်ကလေး ကိုင်ရုံလောက်သာ ရှိတာလည်း သူမ ကောင်းကောင်းသိပါသည်။ ကောင်မလေးတွေ သူ့အပေါ်ကြွေကြတာကို သာယာတာလား...၊ အဲဒီလို သူ့ဘေးမှာ ကောင်မလေး အသစ်တစ်ယောက်ယောက် ရှိနေမှပဲ နေပျော်တာလား...။ အဲဒီ တစ်ကြိမ်မှာတော့ သူ့ကို ပြင်းပြင်းထန် ပြောပြီး ကတိတောင်းခဲ့သည်။ နောက်တစ်ခါ ကောင်မလေး တစ်ယောက်နဲ့ တွဲတာ ထပ်တွေ့ရင် တကယ် အပြတ်ပဲလို့။

တစ်လလောက်တောင် သူက ခြေငြိမ်နေခဲ့သည်။ အဲဒီနောက် အသစ်ပြောင်းလာတဲ့ အတန်းငယ်က ကောင်မလေးကို သူလိုက်နေတယ်လို့ သတင်းကြားသည်။ ဒီကျောင်းကပဲ ဆိုရင်တော့ သူနှင့်သူမ ချစ်သူတွေ ဆိုတာ မသိပဲနေမှာ မဟုတ်ပါ။ သူမ ဘာမှ မပြောပဲ အခြေအနေကို စောင့်ကြည့်နေသည်။ နောက်ဆုံးတော့ ဘုရားမှာ သူတို့နှစ်ယောက်ကို တွေ့သည်။ သူတို့နှစ်ယောက်ကလည်း သူမကို မြင်တော့ အိုးတိုးအမ်းတမ်း။ သူမ ဘာမှ မပြောပဲ လှည့်ထွက်ခဲ့သည်။ ညနေကျမှ သူထိုင်နေကျ ဘီယာဆိုင်ကို လိုက်သွားပြီး သောင်းကျန်းသည်။ သူနှင့် အတူထိုင်နေသည့် သူငယ်ချင်းကိုလည်း အားမနာနိုင်ပဲ သူ့ကို ဆိုင်ထဲက ဆွဲထုတ်ပြီး အပြင်တစ်နေရာမှာ ထုံးစံ အတိုင်း ရန်ဖြစ်ကြသည်။ ဒီတစ်ခါတော့ တော်တော်လည်း ဒေါသထွက်သည်။ စိတ်လည်းကုန်သည်။ သူများတွေက ဘယ်တော့ လက်ထပ်ကြမလဲလို့တောင် မေးနေကြတဲ့ အချိန်ကျမှ ဒီလိုဖြစ်ရသေးသည်။ တကယ်အပြတ်ပဲ ဘယ်တော့မှ ပြန်မဆက်တော့ဘူး လို့ သူ့ကို ပြောခဲ့သည်။ သူမ စကားကို တည်အောင်လုပ်တော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ကျောင်းပြီးပြီးချင်းက ရန်ကုန်မှာ လျှောက်ထားတဲ့ အလုပ်ကလည်း ခေါ်စာရောက်လာသည်။ အဲဒီအလုပ် လျှောက်တုန်းက သူက သဘောမကျခဲ့။ အခုတော့ သူ့ကိုလည်း ဘာမှ ပြောနေစရာမလိုတော့။ သူမ ရန်ကုန်ကို ထွက်လာခဲ့သည်။ သူနဲ့ အဝေးမှာ နေရရင် သူ့စကားလုံးတွေလည်း မကြားရတော့ သူ့ဘက်ကို ပြန်ပါစရာ အကြောင်းလည်း မရှိတော့။ အိမ်ကို လည်း သူနဲ့ ပြတ်ပြီ ဆိုတဲ့ အကြောင်း သေချာပြောခဲ့သည်။ သူမ ဘယ်မှာ နေတယ်၊ ဘယ်မှာ လုပ်တယ် ဆိုတာလည်း သူ့ကို မပြောဖို့ အိမ်ကို ရော၊ အရင်းနှီးဆုံး သူငယ်ချင်းတွေကို ပါ မှာခဲ့သည်။

အလုပ်က လခကောင်းသလောက် အလုပ်လည်း များသည်။ သူ့အကြောင်းကို တွေးနေမိဖို့ အချိန်မရှိ။ သူ့ကို တကယ်ကို မေ့သွားသည်။ သူ့ကို မချစ်တော့တာတော့ မဟုတ်။ သူမဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံး ချစ်ခဲ့တာ သူတစ်ယောက်သာပါပဲ။ နောက်ထပ်လည်း ထပ်မချစ်ချင်၊ မချစ်ရဲတော့ပါ။ ဒါပေမယ့် သူ့ကို တကယ်ကို စိတ်နာသွားခဲ့ပါပြီ။ သူ့အကြောင်းကိုလည်း တစ်ခြားလူတစ်ယောက် အကြောင်းလို အေးအေးဆေးဆေး နားထောင်နိုင်ပါပြီ။ သူက သူမ လိပ်စာ နှင့် ဖုံးနံပါတ် တောင်းသည်ဟုဆိုသည်။ သူမက မှာထားလို့ ဘယ်သူကမှ မပြောကြပါ။ သူ့ဘက်က သူမကို မပြတ်နိုင်တာတော့ သေချာသည်။ သူ့အကျင့်ကို မပြင်နိုင်တာကလည်း သေချာသည်။ သူမကို ပြန်ဆက်ဖို့ ကြိုးစားရင်းနဲ့ပဲ ကောင်မလေး နောက်ထပ် တစ်ယောက်နဲ့လည်း တွဲနေဆဲပဲ။ တကယ်လို့များ သူနဲ့ လက်ထပ်ပြီးခဲ့ရင်လည်း သူ့အကျင့်ကဖျောက်နိုင်မှာ မဟုတ်ပါ။ ခုလို လက်မထပ်ခင် ဖြတ်နိုင်လိုက်တာ သူမ ကံကောင်းသည်။ ခုချိန်မှာတော့ သူ့ဆီက ဘယ်လို စကားမျိုးနဲ့ပဲ ဆွဲဆောင်ပါစေ၊ သူမက ပြန်ပြေလည်တော့မှာ မဟုတ်ပါ။ သူ့ကို ဘယ်လိုပဲ ချစ်နေဆဲပဲ ဖြစ်ပါစေ...သူ့နဲ့ ပြန်ပတ်သက်ဖို့ကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါ။

(မှတ်ချက်။ ။ ဒဿဂီရိဘီလူး ဆိုတာကတော့ ခေါင်းဆယ်လုံး မျက်နှာဆယ်ခုရှိလို့ မျက်နှာများတဲ့ ယောင်္ကျားလို့ပြောတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒေါသကြီး ပြီး စိတ်မှတ်ကြီးတဲ့ မိန်းကလေးတစ်ယောက် အဖြစ် ဘီလူးမ နာမည် တစ်ခုပေးချင်တာ စိတ်ထဲမှာ မယ်ကုဝဏ် ဆိုတဲ့ နာမည်တစ်ခုပဲ ပေါ်လာလို့ ဒီခေါင်းစဉ်ကို ပေးလိုက်တာပါ။ မယ်ကုဝဏ်ရဲ့ စရိုက်သဘာဝနဲ့ မပတ်သက်ပါဘူး။)

(သိင်္ဂါကျော်)
၇.၆.၂၀၀၉

ပုသိမ်မိုး

မိုး မိုး
မျှော်တုန်းကတော့ မလာ မလာ နဲ့
လာပြန်တော့လည်း
သည်းသည်းမည်းမည်း
မိုးဖြူမစဲ မိုးမည်းစွေရွာလို့။

အသည်းခွဲတတ်တဲ့
မိုးနာမည်နဲ့ ချစ်သူမျိုးလည်း
မရှိခဲ့ဖူးပါပဲ
မိုးကို
ငါမုန်းတယ်။

ဇွန် ဇူလိုင်
မိုးနဲ့အမြဲမိတ်ဖွဲ့နေတတ်တဲ့ လမျိုး
အဲဒီလိုလမျိုးမှာ
အားလုံးနဲ့အဝေး
တစ်စိမ်းတို့ အရပ်မှာ
မိုးကလည်း သည်းသည်းရွာလို့ကောင်းတဲ့
Weekend days တွေမှာ
ငါလည်း
တစ်နေကုန် အိမ်တွင်းအောင်းပြီး
မိုးကြောက်တဲ့ သတ္တဝါလို
အထီးကျန် တွေးရင်းငေးရင်း
လွမ်းစရာ မရှိပါပဲ
လွမ်းချင်သလိုလိုတောင်
ဖြစ်လာပါရော...။

(သိင်္ဂါကျော်)
၇.၆.၂၀၀၉

24 May, 2009

လူကြောက်

ခုနေခါမှာ
ငါ့ကိုမေးလာကြည့်
ဘဝမှာ
ရည်မှန်းချက်ကဘာလဲလို့..
ငါမပြောတတ်တော့ဘူး...
ဘဝကပေးလာတဲ့
လမ်းကြောင်းထဲမှာပဲ
အလိုက်သင့်မျောပါနေလို့ပေါ့။

အသက်က ၃၀
ငွေများများ ရှာနိုင်တဲ့အလုပ်လည်း
တစ်ခါမှမလုပ်ဖူးလို့
သဌေးဖြစ်ဖို့လည်း
ရည်မှန်းလို့မရဘူး။

အောင်မြင်ကျော်ကြားမှုဆိုတာကလည်း
ငါနဲ့မသက်ဆိုင်တဲ့အရာတစ်ခုဖြစ်နေဆဲပဲ၊
ဒါပေမယ့် ငါလည်း
ဆန်ကုန်မြေလေး တစ်ယောက်တော့
မဟုတ်ခဲ့ပါလေ..
တာဝန်တွေရှိတယ်
ဝတ္တရားတွေ ရှိတယ်၊
ပုံစံခွက်ထဲအမြဲမနေချင်ပေမယ့်
လူတစ်ယောက်မှာရှိသင့်တယ်ဆိုတဲ့
အသက်မွေးမှုတစ်ခုတော့လုပ်နေလေရဲ့...။

ကိုယ့်အိပ်မက်မဟုတ်ခဲ့တော့လည်း
ထိပ်ဆုံးရောက်အောင်လည်း မကြိုးစားနိုင်၊
နောက်ဆုံးမှာလည်း ထိုင်မနေချင်တဲ့သူမို့
ဆန္ဒနဲ့ဘဝကြား
ဒုက္ခတွေများနေဆဲပဲ...။
အိပ်မက်တွေလည်း နှစ်မြှုပ်ထားရဆဲပဲ...။

အိပ်မက်ကိုအကောင်အထည်ဖော်ဖို့
အခွင့်အလမ်းအဆင်သင့် မရှိတဲ့သူမို့
အနည်ကျဘဝကိုလည်း
စွန့်ခွာဖို့သတ္တိနည်း...
ဒီလိုနဲ့ပဲ...
ဘဝရေစီးထဲ
အလိုက်သင့်မျောပါရင်း
အသက်တွေလည်း
တစ်နှစ်ပြီးတစ်နှစ် ကြီးလာပေါ့...။

(သိင်္ဂါကျော်)

19 March, 2009

ရွှေစက်တော်ခရီး


ကိုယ်တို့ မြို့နဲ့ ရွှေစက်တော်နဲ့ သိပ်အဝေးကြီး မဟုတ်ပေမယ့်လို့ တစ်ခါမှ မရောက်ဖြစ်ခဲ့ဘူး။ ကိုယ်ကလည်း အိမ်မှာ နေတဲ့ အချိန် သိပ်မရှိပဲ အဝေးမှာပဲ အမြဲနေနေတော့ မိသားစုနဲ့ အတူတူ ဘယ်ခရီးမှ သိပ်မသွားဖြစ်ခဲ့ဘူး။ ဒီတစ်ကြိမ်တော့ သွားဖြစ်အောင် သွားမယ်ဆိုပြီး ကျောင်းပိတ်ရက် သုံးရက်မှာ အိမ်ပြန်ခဲ့ပါတယ်။ ပြန်ဖြစ် မပြန်ဖြစ် မသေချာဖြစ်နေပြီး ပြန်မယ့် နေ့မှပဲ အိမ်ကို ဖုန်းဆက်လိုက်ရပါတယ်။ (မသွားခင် ကင်မရာတစ်လုံးတော့ ပြေးဝယ်ခဲ့ရသေးတယ်)

အိမ်ကလည်း ဘာမှ မစီစဉ်နိုင်ပဲ လိုင်းကားလက်မှတ်ပဲ ဝယ်ထားနိုင်ပါတယ်။ အိမ်ရောက်ပြီး နောက်နေ့ မနက်စောစောမှာပဲ ရွှေစက်တော်ကို ထွက်ခဲ့ကြပါတယ်။


လမ်းမှာ ဖုန်ကလည်း အရမ်းထူ၊ ကားကြီးကလည်း တအိအိနဲ့ မကွေးကို ညနေ ၄ နာရီ ကျော်မှ ရောက်သွားပါတယ်။ ရွှေစက်တော် လိုင်းကား လွတ်သွားလို့ လေးဘီးတစ်စီး ငှားပြီး သွားကြရပါတယ်။ တစ်ချို့နေရာမှာ နှာခေါင်းစည်း နဲ့တောင် သွားရပါတယ်။ ညဘက်မှာ အောက်စက်တော်ရာ ကို ဖူးခဲ့ပါတယ်။



ကိုယ်တို့ သွားတဲ့ အချိန်က သုံးရက်ဆက်ပိတ်တဲ့ ရက်မို့ လူအရမ်း များနေပါတယ်။ မန်းချောင်းထဲက ရေကလည်း နောက်ကျိ ပြီး ရေမှော်တွေနဲ့မို့ သိပ်ပျော်စရာ မကောင်းတော့ပါဘူး။


မနက်ဘက် အထက်စက်တော်ရာတက်ပြီး ဖူးရတာကတော့ ကြည်နူးစရာပါ။



အောက်ဘက်ရှုခင်းကတော့ အတော်ကို လှပါတယ်။



အနှစ် ၅၀ က ဗောဓိညောင်ပင်မှာလည်း ညောင်ထောက်ခဲ့ပါသေးတယ်။




နောက်တစ်နေ့ ၁၀ နာရီလောက်မှာ ပြန်ထွက်ခဲ့ပြီး အလာတုန်းက ကားနဲ့ပဲ ကျောင်းတော်ရာ ကို သွားခဲ့ပါတယ်။ ဖုန်တွေလူးပြီး လူရုပ်မပေါ်တော့လောက်အောင် ပေတူးပြီး ကျောင်းတော်ရာကို ရောက်သွားကြပါတယ်။ အဲဒီက ဆက်ပြီး မင်းဘူးစက္ကန်းတဲ၊ နဂါးပွက်တောင်တော် တို့ကို သွားပြီး မကွေးကို ပြန်အရောက်မှာတော့ ကားလက်မှတ် ကြိုမမှာမိတဲ့ အတွက် ကားမရတော့ပဲ မကွေး အဝေးပြေးဂိတ်မှာ တစ်ည အိပ်ခဲ့ရပါသေးတယ်။


အဲဒီက ဆက်ပြီး မင်းဘူးစက္ကန်းတဲ၊ နဂါးပွက်တောင်တော် တို့ကို သွားပြီး မကွေးကို ပြန်အရောက်မှာတော့ ကားလက်မှတ် ကြိုမမှာမိတဲ့ အတွက် ကားမရတော့ပဲ မကွေး အဝေးပြေးဂိတ်မှာ တစ်ည အိပ်ခဲ့ရပါသေးတယ်။


ဘာမှ ထူးထူးထွေထွေ မဟုတ်ပေမယ့် ကိုယ်သွားခဲ့တဲ့ ခရီးလေးတွေကို အမှတ်တရ ဖြစ်စေချင်လို့ တင်လိုက်တာပါ။ သည်းခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပဲနော်...။


(သိင်္ဂါကျော်)


12 March, 2009

တတိယအကြိမ်မြောက် ဇလွန်ဘုရားဖူး

ဇလွန်ကို ပထမဆုံး Graduate ဒုတိယနှစ်တုန်းက သွားခဲ့တာပါ။ သူငယ်ချင်းသုံးယောက် သွားခဲ့ကြတာ။ ဘုရားဖူးကားကတော့ သန်းဌေးနဲ့ရောင်းရင်းများ လား၊ စိန်ဝင်းနဲ့ရောင်းရင်းများလား မမှတ်မိတော့ဘူး။ အဲဒီတုန်းက ဗိုလ်မြတ်ထွန်းတံတားကြီး မဆောက်ရသေးလို့တစ်ဖက်ကမ်းကို ဇက်နဲ့ ကူးခဲ့ရပါတယ်။ မနက်လည်း အစောကြီး သွားရပါတယ်။

နောက်တစ်ခေါက်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သူငယ်ချင်းတစ်ချို့က မရောက်ဖူးသေးဖူး ဆိုတာနဲ့ ဇလွန်လိုင်းကားနဲ့သွားခဲ့ကြတာပါ။ အဲဒီတုန်းက ရာသီဥတုက နွေခေါင်ခေါင် မဟုတ်လို့ ဖုန်တွေတော့ သိပ်မလူးခဲ့ပါဘူး။

ဒီတစ်ခေါက်တော့ အိမ်က မိသားစုနဲ့ အတူသွားတာပါ။ သူတို့က တစ်ခါမှ မရောက်ဖူးသေးလို့ ရန်ကုန်ရောက်တုန်း သွားဖို့စီစဉ်လိုက်တာပါ။ ၂၁.၂.၂၀၀၉ ။ ရွှေအိုးစည် ဘုရားဖူးကားကို လမ်းထိပ်မှာ ထွက်စီးပြီးသွားကြတာပါ။ ဒီခရီးမှာတော့ ဓာတ်ပုံ တစ်ပုံမှ မရိုက်ခဲ့နိုင်ပါဘူး။ ကိုယ့် ကင်မရာ ပျောက်သွားလို့ပါ။ (ဘွဲ့ယူတဲ့နေ့မှာ ပျောက်သွားတာပါ၊ ဘွဲ့ယူအပြီး ဆရာမတွေနဲ့ ဓါတ်ပုံရိုက်ဖို့လုပ်ကြတော့ သိဂီရွှေရည်က ဓါတ်ပုံဆရာတွေက ခြေရှုပ်နေလို့ သူတို့နဲ့ပဲ ရိုက်လိုက်ရတယ်။ ဓါတ်ပုံဖိုးတွေလည်း ပိုတောင်းသွားကြတယ်။ ကိုယ့် ကင်မရာကို လက်ထဲမှာ ကိုင်ထားရာက ပြန်အထွက်မှာ ခဏချမိခဲ့တာ... ပြန်သွားရှာတော့ မတွေ့တော့ပါဘူး။ မနက်က ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ ပါသွားလို့ အရမ်းနှမြောတာ...။)

ဓနုဖြူ ကျိုက်ကလွန်ဗွန်း ဘုရားက မြွေကြီး ၂၆ ကောင်ကို လည်း ဓါတ်ပုံ မရိုက်ခဲ့ရပါဘူး။ အဲဒီ မြွေကြီးတွေက ဘုရားဂေါပက လူကြီးတစ်ယောက်ကို အိပ်မက်ပေးပြီး လာခဲ့တာပါတဲ့။ ၃၃ ကောင် ပြည့်အောင်လာမယ်လို့ ပြောခဲ့ပြီး တစ်ကောင်စ နှစ်ကောင်စ တစ်ဖြည်းဖြည်း လာခဲ့တာ ၂၇ ကောင် တိတိ ရောက်လာခဲ့ပါတယ်တဲ့။ ၃၃ ကောင် တော့ မပြည့်ခဲ့ပါဘူး။ ၂၇ ကောင်မှာ တစ်ကောင်က သေသွားခဲ့ပါတယ် တဲ့။

ပြည်တော်ပြန် ရုပ်ရှင်တော်မြတ်ကြီးကိုတော့ ဘယ်နှစ်ကြိမ်ပဲဖူးဖူး အရမ်းကို ကြည်နူးရပါတယ်။

လမ်းတစ်လျှောက် မှာတော့ ဖုန်တွေကတော့ ထပ်ထပ်ကြမ်း နေတာပါပဲ။ အရင်တစ်ခါလို လိုင်းကားနဲ့ဆိုရင်တော့ မလွယ်ပါဘူး။ အခု မှန်လုံကားနဲ့မို့လို့ပဲ တော်ပါတော့တယ်။
ကင်မရာ ပြန်ဝယ်ပြီးရင် တစ်ခေါက်ထပ်လာဦးမယ်လို့ ဆုတောင်းခဲ့ပါတယ်။

16 February, 2009

ကျိုက်ထီးရိုးခရီးသည်


Thesis အပြီးမှာ သူငယ်ချင်းတွေ အားလုံး တကွဲတပြား မဖြစ်ခင် ခရီးသွားဖို့ ရွေးလိုက်တော့ မရောက်ဖူးတဲ့သူလည်းရှိ၊ ရက်နည်းနည်းနဲ့လည်း သွားနိုင်တဲ့ ကျိုက်ထီးရိုးဘုရားဖူး သွားဖို့ ဖြစ်လာပါတယ်။ ကိုယ်ကတော့ ဘယ်ခရီးပဲ ဖြစ်ဖြစ် လိုက်မယ့်သူပါ။ ဆရာမတွေ အပါအ၀င် တစ်တန်းလုံးနီးပါး လိုက်ဖြစ်လိမ့်မယ်လို့ ထင်ထားပေမယ့် ဆရာမတွေက အကြောင်းအမျိုးမျိုးနဲ့ မအားကြလို့ (သွားခွင့်မရတာက အဓိကပါ၊ အကျယ်ချုပ် ချထားခံရတယ်လို့တောင် ထင်စရာပဲ၊ ကိုယ်တို့ ခွင့်ရတာတောင် ကံကောင်းလို့။) မလိုက်ဖြစ်လို့။ ဆရာမ မလိုက်တော့ မစည်းလုံးဘူး အပြောခံရမှာ ကြောက်ပြီး လိုက်မယ့်သူတွေတောင် မလိုက်ဖြစ်ဘူးဆိုတော့ နောက်ဆုံးမှာ ၂၄ ယောက် ရှိတဲ့ အထဲ ကိုယ်တို့ ရဲဘော်ရဲဘက် ၉ ယောက်ပဲ သွားဖြစ်ခဲ့ကြတယ်။

ရွှေကြေးစည်ဘုရားဖူးကား နဲ့ ည ၁၀ နာရီ လောက်မှာ လမ်းထိပ်က ထွက်စီးခဲ့တာ ကင်ပွန်းစခန်းကို မနက် ၂ နာရီခွဲ လောက် ရောက်ပါတယ်။ ထမင်းဆိုင်မှာ တောင်တက်ကားစခန်း ဖွင့်မယ့် ၆ နာရီ အထိ စောင့်ရင်းနဲ့ အိပ်နေကြတဲ့ သူငယ်ချင်းတွေပါ။



မသွားခင်ကတော့ အပြောကြီးထားကြတာ... ကင်ပွန်းစခန်းကနေ တက်မယ်ပေါ့။ တကယ်တမ်းလည်း ရောက်ရော မတက်ချင်ကြတော့ဘူး။ အောက်ကပုံက တောင်တက်ကားစခန်းမှာ ရိုက်ထားတာပါ။



မဲခွဲလိုက်တော့ ခြေလျင်တက်မယ့် ဘက်ကတော့ များပါရဲ့... ဒါပေမယ့် နောက်ဆုံးတော့ (အပေါ်ရောက်မှပဲ တစ်ခြားတောင်တွေ တက်ကြမယ်ပေါ့၊ ကားရှိတဲ့ နေရာမှာ ကားနဲ့ပဲ တက်ကြမယ် ဆိုပြီး) ကားနဲ့ပဲ ရသေ့တောင်ထိ တက်ခဲ့ကြတယ်။ ရသေ့တောင် ရောက်မှပဲ ကားမရှိတော့လို့ ခြေလျင်တက်ကြရတယ်။ လမ်းနှစ်ခွတွေ့တော့ ခြေလျင်လမ်းကို ရွေးလိုက်တာ တော်တော်ကို ဆိုးတယ်။ လမ်းကြမ်းတာကို ပြောတာ မဟုတ်ဘူး။ ညစ်ပတ်တာကို ပြောတာ။ မောရတဲ့ အထဲမှာ အနံအသက်က မကောင်းပဲ လေကောင်းလေသန့် မရတော့ တော်တော် စိတ်ညစ်စရာ ကောင်းပါတယ်။ ကျိုက်ထီးရိုးတောင်တန်းကို ကျန်းမာရေး အဖွဲ့ တစ်ဖွဲ့လောက်လာပြီး ပညာပေးသင့်တယ်လို့ တောင်ထင်မိပါရဲ့။



တောင်ပေါ်ကို အတက် လမ်းမှာ ထိုင်နေကြတဲ့ ကိုယ့်သူငယ်ချင်းတွေ။



တည်းခိုခန်းမှာ ရေမိုးချိုးပြီးတော့ တည်းခိုခန်းက ညွှန်းတဲ့ ထမင်းဆိုင်မှာ စားပြီး အနီးဆုံးလို့ သူတို့ ဒေသခံတွေပြောတဲ့ ကျောက်ထပ်ကြီး ဘုရားကို သွားခဲ့ကြပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်မှာ ရေးထားတာကတော့ ကျောက်ထပ်ကြီးသို့ မိနစ် ၆၀ တဲ့။ ဒါပေမယ့် အဲဒီအညွှန်းက ဆင်နဲ့ သွားတာကို ပြောတာပါတဲ့။ အခု ဆင်နဲ့ မသွားတော့တဲ့ ခေတ်မှာလည်း လမ်းညွှန်ဆိုင်းဘုတ်ကို ပြင်မထားပါဘူး။

လမ်းမှာ ဝင်ဖူးခဲ့ရတဲ့ ဘုရားလေးတွေ ... ကျောက်ဆီယိုဘုရား၊ နဂါးဘုရား၊ ဖားဘုရား နဲ့ ဘွဲ့တော်မမှတ်မိတော့တဲ့ ဘုရားလေးတွေပါ။


ဇွတ်အတင်း အလှူခံကြလို့ နဂိုအခံ သဒ္ဓါတရားကို ပျောက်မသွားအောင် ကြိုးစားပြီး လှူဖြစ်တဲ့ နေရာလည်း လှူဖြစ်ခဲ့ပါရဲ့ (ရွှေဆိုင်းတွေ၊ ရေပုံးတွေကို လက်ထဲ လာထည့်ပေးတော့ လှူလိုက်ရရော) မလှူဖြစ်တဲ့ နေရာလည်း မလှူဖြစ်ခဲ့ပါဘူး (ပင်ပင်ပန်းပန်း လာတော့လာပြီး သဒ္ဓါတရား မရှိတဲ့သူတွေလို့ ပြောခံရပြန်ရော)၊ အဖွဲ့လိုက် စုလှူတဲ့နေရာလည်း လှူခဲ့ပါတယ်။ ကိုယ်လည်း မိဘဆီက လက်ဖြန့်တောင်းနေရတဲ့သူမို့ များများစားစားတော့ ဘယ်လှူနိုင်ပါ့မလဲ။ လှူတော့ လှူချင်တာပေါ့။

ပင်ပင်ပန်းပန်းနဲ့ ပဲ ကျောက်ထပ်ကြီးဘုရားကို ရောက်ခဲ့ပါတယ်။



ကျောက်ထပ်ကြီးဘုရားမှာ ဆည်းလည်း နဲ့ ရွှေဆိုင်း ကပ်လှူပေးဖို့ ဘုရားပေါ်ကို ဆိုင်းထားတဲ့ ကြိုးပေါ်ကတက်နေတဲ့ ပုံပါ။ သူတို့ ဒီလူကို ကြိုးမင်းသားလေးလို့ ခေါ်ကြပါတယ်။




လမ်းမှာ မောမောနဲ့ ထိုင်နေကြတာ...။ ကိုယ်တို့ကတော့ ခုံမြင်ရင်ကို ထိုင်ချင်နေတော့တာပဲ။



ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်မိပါရဲ့။ ကျောက်ထပ်ကြီးကို အသွားအပြန် ၄ နာရီ လောက်ကို ကြာခဲ့ပါတယ်။ ဒေသခံတွေအတွက်တော့ အသွားအပြန် ၂ နာရီ ဆိုတာတောင် လွန်လှပြီ ဆိုပဲ။ အပြန်မှာတော့ ကိုယ့်ခြေထောက်ကို ပြန်မကြည့်ရဲလောက်အောင် ပေတူးလာခဲ့ပါတယ် (မပေပဲ နေပါ့မလား... ဒီလောက် ဖုန်ထူ လမ်းကြမ်းတာကို)။ လက်ဖက်ရည်ဆိုင်ထိုင်တော့ ဆိုင်ကကောင်မလေးတွေက ခြေထောက်တွေ ကြည့်ပြီး ကျောက်ထပ်ကြီးက ပြန်လာတာလားလို့ မေးပါတယ်။ စားသောက်ပြီးတော့ နောက်တစ်နေ့ တက်မယ်လို့ ရည်ရွယ်ထားတဲ့ ရေတံခွန်တောင် အကြောင်းမေးတော့ အကွာအဝေးကတော့ ကျောက်ထပ်ကြီးနဲ့ အတူတူပဲ၊ လမ်းကတော့ အရမ်းမတ်ပြီး ကြမ်းတယ်လို့ ဆိုပါတယ်။ သူတို့ အတွက် ကျောက်ထပ်ကြီးက မြေပြန့်ပါတဲ့။ ကိုယ်တို့အတွက်တော့ တော်တော်ကြိုးစား သွားခဲ့ရတာပါ။ ဒီထက်ဆိုးတဲ့လမ်းဆိုရင်တော့ မဖြစ်နိုင်ဘူး လို့ ဆုံးဖြတ်လိုက်ပြီး တစ်ခြားနေရာ မေးမြန်းကြည့်ပါတယ်။

ကိုယ်တို့ Second Year တုန်းကတော့ နှစ်ရက်အတွင်း ရသေ့တောင်ကစလို့ တောင်တွေ အများကြီး တက်ခဲ့တာပဲ။ ကိုယ်မှတ်မိတာတော့(ဓါတ်ပုံတွေထဲ ပါနေလို့) အပြင်မြစိမ်း၊ အတွင်းမြစိမ်း လောက်ပဲ။ အဲဒီတောင်တွေ အကြောင်း မေးကြည့်တော့ အခုသွားခဲ့တာထက် အများကြီး ဝေးတယ်လို့ ဆိုပါတယ်။ အရင်ကတော့ ဒီလောက်ပင်ပန်းတယ်လို့လည်း မထင်ခဲ့ပါဘူး။ အခုလည်း ကိုယ်ကတော့ သွားချင်တဲ့ လူများရင် ရေတံခွန်တောင်ပဲ ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ် သွားမယ့်ဘက်ကပဲ။ ဒါပေမယ့် အများက မသွားချင်တော့ဘူး ဆိုတော့လည်း မသွားရုံပဲပေါ့။ ကိုယ်ကိုယ်တိုင်လည်း မသွားတာကောင်းတယ်လို့ ထင်မိပါရဲ့။ တစ်ရက် အလကားထိုင်နေရမှာလည်း မနေချင်ဘူး။ ဘယ်သူ့ကိုမှလည်း ဆွဲဆောင်လို့ မရတော့ဘူး။ ရန်ကုန်မှာတောင် နည်းနည်းလေးမှ လမ်းမလျှောက်ပဲ တက္ကစီပဲ စီးနေတဲ့သူတွေဆိုတော့ ဘယ်ခံနိုင်ပါ့မလဲလေ။

နောက်တစ်နေ့မနက် စောစော ဆွမ်းတော်ကြီးကပ်အပြီး ရိုက်ထားတဲ့ပုံ။



မနက်စာစားပြီးတော့ ကျီးပါးစပ် တစ်ခုကိုပဲ သွားပြီး ထမင်းစားချိန်မတိုင်ခင် ပြန်လာခဲ့ကြပါတယ်။



ကျီးပါးစပ်လိုဏ်ဂူထဲက ဘုရားပါ။ လိုဏ်ဂူထဲတွင် တစ်ဖွဲ့စီ ၀င်ပြီး ဖူးရပါတယ်။ အထဲမှာ သမိုင်းကြောင်း ရှင်းပြပြီး အလှူခံနေတဲ့သူ တစ်ယောက်ရှိပါတယ်။



တစ်နေ့ခင်းလုံး တည်းခိုခန်းမှာ အိပ်နေကြတာပါ။ ညနေဘက် အိပ်ရေးဝတော့မှ လမ်းဆင်းလျှောက်ပြီး ဆည်းဆာ ရှုခင်းလေး ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ ညဘက်ကျမှ ဘုရားရင်ပြင်တော်ပေါ်တက်ပြီး အေးအေးဆေးဆေး ကန်တော့ကြပါတယ်။



ပြန်ကာနီး တည်းခိုဆောင်ရှေ့မှာ...။



အဆင်း တောင်တက်ကားပေါ်ကရိုက်ထားတဲ့ လမ်းကလေး။



ကင်ပွန်းစခန်းကိုရောက်တော့ ကားလက်မှတ်မရှိတော့ဘူး ဆိုလို့ ဒေါသတွေဖြစ်ရသေးတယ်။ တောင်ပေါ်ရောက်ရောက်ချင်း ပြန်မယ့်ရက်ကို အကြောင်းကြားထားပါရက် ရွှေကြေးစည်ဂိတ်က ဖုန်းလက်ခံသူက တာဝန်မဲ့လို့ လက်မှတ်ကို သေချာ မစီစဉ်ထားတာပါ။ တစ်ယောက်တည်းသာဆို တခြားမှာ လက်မှတ်တစ်စောင်ထပ်ဝယ်ပြီး ပြန်နေရလောက်ပြီ။ အဖွဲ့များပြီး ပြောနိုင်လွန်းလို့သာ စိန်ဝင်းနဲ့ရောင်းရင်းများ ကားနဲ့ ပြန်စီစဉ်ပေးတာပါ။

အပြန်မှာတော့ ထုံးစံအတိုင်း ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားနဲ့ ပဲခူး ရွှေမော်ဓော ဘုရားကို ဝင်ပေးပါတယ်။

ဘာပဲဖြစ်ဖြစ် အမှတ်တရ ခရီးလေးပါပဲ။ ပုံမှန် ဘဝထဲမှာတော့ လုပ်စရာ အလုပ်တွေက စောင့်ကြိုနေမှာပါ။ အဲဒီလို ခရီးမျိုးတွေ အမြဲတမ်းသွားနေချင်ပါတယ်


(သိင်္ဂါကျော်)





01 January, 2009

ဒီဇင်ဘာ ၃၁ မှ ဇန်နဝါရီ တစ် သို့





ဒီဇင်ဘာ ၃၁
အသစ်မဖြစ်တော့မယ့် အဟောင်းတွေကို
ထားခဲ့တော့မယ်။



နှစ်ဟောင်းကို စွန့်ခဲ့ပြီလို့
ကျူးရင့်သူတိုင်း
စိတ်အဟောင်းတွေကို
တကယ်ကြေးချွတ်နိုင်ကြရဲ့လား။



နှစ်ဟောင်းက
မပြီးသေးတဲ့ အလုပ်တွေကလည်း
အဟောင်းပဲ၊
မပစ်နိုင်သေးတဲ့ အချစ်ကလည်း
အဟောင်းပဲ၊
မရပ်နိုင်သေးတဲ့ ဝင်သက်ထွက်သက်ကလည်း
အဟောင်းပဲ၊
မပြောင်းနိုင်သေးတဲ့ ဒီမျက်နှာကလည်း
အဟောင်းပဲ။

ကဲ...
ဘယ်လိုဖြစ်လို့
အားလုံးအသစ်လို့ အော်ချင်ရတာလဲ။



ဘယ်လိုပဲပြောပြော
အော်ပါရစေ
၃၁ ဒီဇင်ဘာမှာ
အဟောင်းတွေအားလုံး ပစ်ခဲ့ပြီလို့
ခဏပဲဖြစ်ဖြစ်
စိတ်ချမ်းသာပါရစေပေါ့။



ဇန်နဝါရီ တစ် မှာ
အဟောင်းတွေကြားထဲ ပြန်မသွားချင်ဘူး
စိတ်ချမ်းသာစရာတွေပဲလုပ်ပြီး
တစ်နှစ်လုံးပျော်ရအောင်
ပျော်ပျော်နေချင်တယ်။
ဒါလည်း
အိပ်မက်ဟောင်းတစ်ခုပဲ ဖြစ်နေပြန်ရော။




(သိင်္ဂါကျော်)


ပုံများကို Forward mail တစ်ခုနှင့် photobucket.com တို့မှ ယူထားပါတယ်။