*************************************************
ဆရာဝန် တစ်ယောက်ဟာ သူ့ ရဲ့ လူနာ အသစ် တစ်ယောက်ရဲ့ ပုံမှန် မဟုတ်တဲ့ ရောဂါ အခြေအနေတစ်ခုကို သတိထားမိလို့ မေးတဲ့ အခါမှာ သူက ပြောပါတယ်။
http://www.funny-games.biz/jokes မှ မှီငြမ်းပါသည်။
တစ်နေ့တွင် ဘုန်းကြီး နှစ်ပါး သည် မြစ်ကမ်းနား တစ်ခုသို့ ရောက်လာကြသည်။ ထိုနေရာတွင် အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်ထားသော မိန်းကလေး တစ်ယောက်ကို တွေ့သည်။ သူမသည် သူမ၏ အဝတ်များကို ရေစိုမှာ စိုး၍ ရေထဲ ဖြတ်ကူးရန် မဝံမရဲ ဖြစ်နေသည်။ တစ်ပါးသော ဘုန်းကြီးသည် သူမကို သူ၏ ကျောတွင် ထမ်းပိုး၍ မြစ်ကို ဖြတ်ကူးလာခဲ့သည်။ တစ်ဖက်ကမ်းသို့ ရောက်သောအခါ ချထား၍ သူတို့ ခရီးကို ဆက်သွားကြသည်။
တစ်နာရီခန့်ကြာသောအခါ တစ်ခြားဘုန်းကြီးက “ဒီမယ် ငါ့ရှင် တကယ်တော့ မာတုဂါမကို မထိတွေ့ကောင်းဘူး မဟုတ်လား၊ ဒီလို ပြုမူတာဟာ ဝိနည်းကို ချိုးဖောက်တာပဲ” လို့ ထပ်ကာ ထပ်ကာ ပြောလာပါသည်။ ထိုအခါ မိန်းကလေးကို သယ်ဆောင်ခဲ့သော ဘုန်းကြီးက ပထမတော့ ဆိတ်ဆိတ်နေသေးသည်။ နောက်တော့ သူက “ငါက သူမကို မြစ်တစ်ဖက်ကမ်းမှာပဲ ချထားခဲ့ပါပြီ၊ ငါ့ရှင်က ဘာလို့များ ဒီအထိ သယ်လာရသေးတာတုန်း” လို့ ပြောလိုက်တော့သည်။
Chicken Soup for the Soul စာအုပ်မှ Irmgard Schloegl ၏ Two Monks ကိုမှီငြမ်းပါသည်။ ဒီလိုမျိုး ဆန်ဆန် ပုံပြင်မျိုး အရင်ကလည်း ဖတ်တော့ ဖတ်ဖူးပါလိမ့်မယ်။ စာရှည်ရှည် မရေးနိုင်သေးလို့ တင်လိုက်တာပါနော်...။
ဘယ်တုန်းက စခဲ့မိမှန်းမသိတဲ့
မိုးလွင် အတွက် သိတတ်စ အရွယ်မှစ၍ အတောင့်တဆုံး၊ အလိုချင်ဆုံး အရာမှာ ကိုယ်ပိုင်အိမ်တစ်လုံး ပင်ဖြစ်သည်။ သူတို့ သားအဖသည် အိမ်ခန်းငှား နေကြရာမှာ ကြာရှည် အဆင်မပြေသဖြင့် နေရာ အနှံ လျှောက်ပြောင်းခဲ့ရသည်။ သူ့အဖေသည် တတ်နိုင်သမျှလေးနှင့် နေရာတစ်ခု ငှား၍ရအောင် ဈေးအပေါဆုံး နေရာတစ်ခုကို အမြဲတစေ ရှာဖွေနေခဲ့ရသည်။ အိမ်ရှင်က ငှားခ တိုးတောင်းလျှင် မပေးနိုင်သဖြင့် နေရာခဲ့ရသည်ချည်း ဖြစ်သည်။ နေရာပြောင်းရဖန် များသောကြောင့် အဖေက တွန်းလှည်းလေးတစ်ခု လုပ်ထားပြီး ထိုတွန်းလှည်းပေါ်တွင် သူတို့ သားအဖပိုင် ပစ္စည်းအနည်းအကျဉ်းကို တင်ကာ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ကြရသည်။ ထို အခိုက်အတန့် အချိန်များကို သူ အမုန်းဆုံးပင်ဖြစ်သည်။
အဖေက ဘယ်လောက်ပင် ဆင်းရဲ ကျပ်တည်း နေသော်လည်း ရောက်လေရာ အရပ်မှာ သူ့ကိုကျောင်းတော့ ထားခဲ့သည်။ မိုးလွင်ကလည်း တစ်နှစ် တစ်တန်းတော့ အောင်အောင် ဖြေခဲ့သည်။ သို့သော် တစ်နှစ် တစ်ကျောင်း လောက်နီးနီး ပြောင်းနေရသည်ကိုတော့ သူမကြိုက်ပါ။ ရှိနှင့်ပြီးသော အတန်းကြီး ကလေးများက သူ့ကို အနိုင်ကျင့်ကြသည်။ သူငယ်ချင်း ရှိလာပြန်တော့လည်း ရင်းနှီးမှု ပိုလာချိန်မှာ ခွဲခွာရပြန်သည်။ နောက်ပိုင်းမှာ သူငယ်ချင်းရယ်လို့လည်း သူမထားတော့။ အတန်းကြီးလာတော့ သူ့လို အဆင့်အတန်းမျိုးကို အဖက်မလုပ်ချင်သူတွေ ကလည်း များလာသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုနဲ့ပဲ သူ ဆယ်တန်းအောင်ခဲ့သည်။ သူ ဆယ်တန်းအောင်သည့် နှစ်မှာပင် အဖေ ဆုံးသွားသည်။ သူ့အမေကတော့ သူ့ကို မွေးပြီးစဉ်ကပင် ဆုံးပါးခဲ့ခြင်း ဖြစ်သည်။
အဖေက မိုးလွင်ကို သူ့လို ဖြစ်မှာ စိုးရိမ်သည်။ သူ့လို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင် မပြုဖို့၊ အလုပ်ကြိုးစားဖို့၊ ကိုယ်ပိုင် အိမ်တစ်လုံး ဝယ်နိုင်အောင် ကြိုးစားဖို့ မှာခဲ့ရှာသည်။ အဖေ့ခမျာ သေသွားသည့် အချိန်အထိ သူနေချင်သော ကိုယ်ပိုင်အိမ်နှင့် နေမသွားရရှာပေ။ အဖေ ဆုံးပြီးနောက် မိုးလွင်လည်း ကျောင်းဆက်မတက်တော့ပါ။ သမာအာဇီဝ အလုပ်မျိုးစုံကို လုပ်ပြီး တတ်နိုင်သမျှ ကြိုးစားရှာဖွေကာ စုဆောင်းခဲ့ပါသည်။ လူငယ်သဘာဝ အပျော်အပါးနှင့် အချိန်မဖြုန်းပဲ အချိန်ရှိသမျှ ငွေရနိုင်မည့် အလုပ်ကိုသာ ရှာကြံ လုပ်ကိုင် ခဲ့ပါသည်။ မသေရုံတမယ် ခြိုးခြံ ချွေတာ စားသုံးကာ စစ်စစ်စီစီ သုံးစွဲ နေထိုင်ခဲ့သည်။
***
အချိန်ကာလ များစွာ ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးမှာတော့ မိုးလွင် တစ်ယောက် ကိုယ်ပိုင်အိမ် တစ်လုံးဝယ်နိုင်ခဲ့ပါပြီ။ ထိုအိမ်မှာ မိုးလွင်၏ အခြေအနေနှင့် စာလျှင် အတော်ပင် ကောင်းနေပါသည်။ နှစ်ထပ်တိုက်ကလေး ဖြစ်ပြီး အတော်ပင် သစ်လွင်နေပါသေးသည်။ လူချမ်းသာ ရပ်ကွက်၏ အစွန်ဆုံး နားကျပြီး အနီးအနားရှိ အိမ်များနှင့် အနည်းငယ် အလှမ်းဝေးသည်။ ပွဲစား တစ်ယောက် ကြားခံနှင့် ဝယ်ယူလိုက်ခြင်း ဖြစ်ပြီး ယခင်က ဘယ်သူတွေ နေခဲ့မှန်း သူမသိပါ။ ဈေးနှုန်းမှာ မတန်တဆ နည်းနေပြီး မိုးလွင် အနေနှင့် အချို အချောင် ရလိုက်ခြင်းဟုပင် ပြောရမည် ဖြစ်ပါသည်။ ထိုမျှလောက် ငွေကို ရဖို့ပင် သူ့မှာ မနည်းကြီး ကြိုးစား စုဆောင်းခဲ့ရခြင်း ဖြစ်ပါသည်။
အခုတော့ သူဆင်းရဲ ပင်ပန်းခဲ့ရသည့် အချိန်များ အဆုံးသတ်သွားပြီ ဖြစ်ပါသည်။ ခန့်ညားသော တိုက်တစ်လုံးကို သူပိုင်ဆိုင်ခဲ့ပါပြီ။ သူ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသော အိမ်ကို ရရှိခဲ့သည့် အချိန်တွင် သူ့အဖေကတော့ သူ့အနားမှာ မရှိနိုင်တော့ပါ။ ထိုအိမ်ကို သူတစ်ယောက်တည်းသာ ပြောင်းလာခဲ့ရသည်။ သူ့မှာ ပစ္စည်း များများစားစားလည်း မရှိသဖြင့် နေရာချထားခြင်း ကိစ္စမှာလည်း ခဏနှင့်ပင် ပြီးသွားပါသည်။ အိမ်ထဲကို လျှောက်ကြည့်ရင် သူ ကျေနပ်နေပါသည်။ ဤအိမ်သည် သူ တစ်ယောက်တည်း ပိုင်သော အိမ် ဖြစ်သွားပါပြီ။ သူ့အဖေကို ခေါ်ပြီး ပြလိုက်ချင်ပါသည်။ သူက အိမ်ကို ကြည့်ပြီး ပျော်ရွှင်နေသော်လည်း အိမ်အတွင်းတွင် နွေးထွေးမှုကို မခံစားရပဲ အေးစိမ့်စိမ့် ခံစားမှုမျိုး ဖြစ်နေပါသည်။ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသလို ခံစားရသည်။
နေ့ခင်းဘက်တွင် သူ့ချစ်သူ လာသည်။ သူတို့နှစ်ယောက် မေတ္တာရှိနေကြသည်မှာ ကြာပြီ ဖြစ်သော်လည်း အခြေအနေ မပေးသဖြင့် ခပ်ဝေးဝေး နေနေကြရဆဲ ဖြစ်ပါသည်။ ယခုတော့ သူ အိမ် တစ်လုံးဝယ်နိုင်ပြီ။ သူတို့နှစ်ယောက် အတူနေဖို့ အရေးမှာလည်း နီးလာပြီဟု ထင်ရပါသည်။ သူမကလည်း သူမ၏ မိသားစုကို လုပ်ကျွေးနေရသူ ဖြစ်သည်။ မောင်နှမများသော သူမ၏ အိမ်မှာ သူ့အနေနှင့် လိုက်နေဖို့ မဖြစ်နိုင်ခဲ့ပါ။ ယခုတော့ အဆင်ပြေပါတော့မည်။ သူမကလည်း သူ့အိမ်ကို သဘောကျပါသည်။ သူတို့ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ် စားသောက်ပြီး ညနေစောင်းတော့မှ သူမ ပြန်သွားခဲ့သည်။
***
ထိုနေ့ ညပိုင်းတွင် သူ တစ်ယောက်တည်း ဧည့်ခန်း၌ရှိသော တစ်လုံးထဲရှိသော တစ်လုံးတည်းသော နှစ်ယောက်ထိုင်ဆိုဖာတွင် ထိုင်၍ အေးအေးလူလူ တီဗွီ ကြည့်နေခဲ့ပါသည်။ နိုင်ငံတကာ သတင်းကြည့်နေရာမှ သတင်းကြေငြာသူသည် ရုတ်တရက် သူ့ကို လက်ညှိုးညွှန်ကာ “ဒီအိမ်က ခုချက်ချင်း ထွက်သွား” ဟုပြောလာပါတော့သည်။ သူ အံသြတုန်လှုပ်သွားပြီး ဘာသတင်းကို ကြေငြာနေပါလိမ့် ဟု အသေအချာ ပြန်ကြည့်မိသည်။ နောက်ခံ သတင်းရုပ်ပုံလည်း မရှိပါ။ သတင်းကြေငြာသူသည် သူ့ကို လက်ညှိုးထိုး၍ ပြောနေခြင်း ဖြစ်သည်။ ထိုသူက “ ဒီအိမ်မှာ မင်းကို နေခွင့်မပြုနိုင်ဘူး၊ ထွက်သွားပါ၊ အခုထွက်သွားပါ ” ဟုပြောသည်။ သူက ကြောင်ကြည့်နေဆဲ။ တီဗွီထဲမှ ထိုလူ၏ ကိုယ်တစ်ပိုင်း ထွက်လာပြီး လက်အရှည်ကြီး ဆန့်တန်းကာ သူ့ကို လည်ပင်းညှစ်တော့သည်။ သူ အတင်း ရုန်းကန်ကာ ခုံမှ ထပြီး ထွက်ပြေးရသည်။ ထိုလူလည်း ပျောက်သွားသည်။ သူ တီဗွီ ကြည့်ရင်း အိပ်ပျော်ကာ အိပ်မက်မက်ခြင်း ဖြစ်မည်ဟု ထင်မိသည်။
ဆိုဖာထိုင်ခုံမှာ သူပြန်ထိုင်လိုက်သည်။ ခဏကြာတော့ ထိုင်ခုံက သူ့အလိုလို ဒေါင်လိုက်စောင်းသွားပြီး သူလိမ့်ကျသွားသည်။ ဆိုဖာထိုင်ခုံက ဒေါင်လိုက်ရွေ့နေသည်။ မီးဖိုခန်းမှ ပစ္စည်းများက လေထဲတွင် ဝဲပျံကာ ဧည့်ခန်းသို့ ရောက်လာကြသည်။ သူ ကြောက်ရွံ၍ နံရံထောင့်တွင် ကပ်နေမိသည်။ ဆိုဖာထိုင်ခုံက ရွေ့လာပြီး သူ့ အပေါ်သို့ လာဖိသည်။ ဆိုဖာဆီမှ လာသည်ဟု ထင်ရသော အသံတစ်သံကို ကြားရသည်။ “ မသွားသေးဘူးလား၊ ထွက်မသွားသေးဘူးလား ” ဟူသော ဆိုဖာက ပြောသော အသံကို သူကြားရသည်။ “ မင်း အသက်နဲ့ ခန္ဓာမြဲချင်ရင် ဒီအိမ်က မြန်မြန် ထွက်သွား ” ဟူသော အသံကို ကြားရပြီး သားလှီးဓား တစ်ချောင်းက သူ့နားရွက်ဘေးသို့ လာစိုက်သည်။ သူ ပတ်ပြေးသည်။ သားလှီးဓားက သူထွက်သွားသော တံခါးဘောင်တွင် စိုက်လျက် ကျန်ခဲ့သည်။
သူတစ်ချိုးတည်း ပြေးလာခဲ့ရာ ရဲဌာနသို့ ရောက်သွားသည်။ သူ့အိမ်တွင် တစ်ယောက်ယောက်က သူ့ကို သတ်ဖို့ ကြံစည်နေသည့် အကြောင်း ပြောကာ ရဲများကို သူ့အိမ်သို့ မရမက ခေါ်လာခဲ့သည်။ အိမ်တံခါးကို ဖွင့်ဝင်လိုက်တော့ ဗြောင်းဆန်နေသော ဧည့်ခန်းကို တွေ့ရသည်။ ဆိုဖာထိုင်ခုံက ဒေါင်လိုက်ဖြစ်နေသည်။ သားလှီးဓားက တံခါးဘောင်တွင် စိုက်နေသည်။ ဘာတစ်ခုမှတော့ မလှုပ်ရှား မပျံဝဲတော့။ သူက စောစောက ဖြစ်ရပ်ကို လိုက်လာသော ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ပြောတော့ သူတို့က မယုံကြည်နိုင်ပုံနှင့် သူသာလျှင် မူးပြီး ကြောင်ကာ ထင်ရာမြင်ရာ ပြောနေသည်ဟု စွပ်စွဲကာ သူတို့ အချိန်ကို ဖြုန်းသဖြင့် မကျေနပ်ကြပုံနှင့် ပြန်သွားကြသည်။ ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ထွက်သွားသည်နှင့် တပြိုင်နက် သားလှီးဓားနှင့် ဆိုဖာထိုင်ခုံက လှုပ်လာသည်ကို တွေ့ရသောကြောင့် သူ အလျင်အမြန်ပင် အပြင်ထွက်၍ တံခါးကို ပြန်ပိတ်လိုက်ရသည်။
ထိုညက သူသည် မိုးအလင်းရောင်းသော စားသောက်ဆိုင်ကလေးထဲမှာပင် ငုတ်တုတ်ငိုက်ခဲ့ရသည်။ မနက်မိုးလင်းတော့ သူ့အိမ်သို့ မပြန်မဖြစ် ပြန်ခဲ့ရသည်။ ညက သောင်းကျန်းခဲ့သော အိမ် မဟုတ်သကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်။ သူညက ကြောက်စိတ်ကြောင့် ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်ဟု ယူဆရအောင်လည်း ဧည့်ခန်းထဲမှ ပစ္စည်းများက သက်သေပြနေသည်။
အလုပ်ကို ရောက်တော့လည်း သူ့အပေါင်းအသင်းများကို ပြောမပြရဲပါ။ သူ့ကို ကြောင်သွားပြီဟု ထင်ကြလိမ့်မည်။ သို့ပေမယ့်လည်း ညရောက်မှာကို သူကြောက်နေသည်။ ထိုအိမ်ထဲမှာ ညကျလျှင် သူ တစ်ယောက်တည်း မနေရဲတော့။ သူ့သူငယ်ချင်းများကို အတူလာအိပ်ပေးရန် ခေါ်ထားသော်လည်း အကြောင်းအမျိုးမျိုးနှင့် ပြန်သွားကြသောကြောင့် နောက်ဆုံးမှာ သူ တစ်ယောက်တည်းသာ ကျန်သည်။ ဆိုဖာပေါ်တွင် မထိုင်ရဲတော့ပဲ ကြမ်းပေါ်တွင်သာ အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။
သူမျက်စိကို မှိတ်ကာစသာ ရှိသေးသည်။ လှေကားပေါ်မှ ဆင်းလာသော ခြေသံကို ကြားလိုက်ရသည်။ သူကလည်း မနေနိုင်ပဲ မျက်စိကို ဖွင့်ကြည့်မိသည်။ လှေကားပေါ်မှ ဆင်းလာသည်မှာ ခြေကျင်းဝတ် အထက်မှ ပြတ်နေသော ခြေထောက်ပြတ် နှစ်ဖက် ဖြစ်နေသည်။ သူ မျက်စိကို ဇွတ်ပြန်မှိတ် လိုက်သေးသော်လည်း ခြေသံက သူ့အနီးသို့ ရောက်လာသောအခါ သူမနေနိုင်တော့ပါ။ မျက်စိကို ဖွင့်ကြည့်တော့ ခြေထောက်နှစ်ဖက်က သူ့အနီးသို့ ရောက်နေလေပြီ။ သူ ထပြေးရပြန်သည်။ ပြေးရင်းနှင့်ပင် သူ့ခြေထောက်နှစ်ဖက်က လက်များ ဖြစ်သွားပြီး သူ့လက်များမှာ ခြေထောက်ဖြစ်သွားသည်ဟု ထင်လိုက်သည်။ ပြေးရင်းလွှားရင်းနှင့် နောက်ဆုံးတော့ အိမ်ပြင်အထိ ရောက်သွားရသည်ပဲ ဖြစ်သည်။
***
နောက်ည မှာတော့ သူ လုံးဝ အိမ်ထဲမှာ အိပ်ဖို့ မကြိုးစားတော့ပါ။ ညလုံးပေါက် ဖွင့်သော လမ်းဘေးဆိုင်ကလေး တစ်ဆိုင်ထဲမှာ အချိန်ဖြုန်းရန် ကြိုးစားနေစဉ် လူကြီး တစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။ သူက သူ့အိမ်အကြောင်းကို ပြောပြမိသည်။ ထိုလူကြီးက သူ့အဖြစ်အပျက်မှာ မထူးဆန်းဟု ဆိုသည်။ ဝိညာဉ် ဆိုသည်မှာ နှစ်မျိုးရှိကြောင်း၊ တစ်နေရာထဲတွင် စွဲမြဲနေသော ဝိညာဉ် နှင့် လွင့်မျောနေသော ဝိညာဉ် ဟူ၍ နှစ်မျိုး ရှိကြောင်း သူက ပြောသည်။ သူ့အိမ်မှ အနှောက်အယှက်မှာ သူ့အိမ်ကို စွဲနေသော မကျွတ်မလွတ်သေးသည့် ဝိညာဉ် တစ်စုံတစ်ရာ ကြောင့် ဖြစ်လိမ့်မည် ဟု ထိုလူကြီးက ပြောသည်။
ထိုလူကြီး၏ အမည်မှာ ဦးဘမင်းမောင် ဖြစ်သည်။ သူတို့ စကားပြောနေစဉ်မှာပင် လူကြီး တစ်ယောက် ဆိုင်ထဲ ဝင်လာသည်။ ဦးဘမင်းမောင် က သူတို့ စားပွဲသို့ ဖိတ်ခေါ်သည်။ စားပွဲထိုး ကမူ လာရောက် မေးမြန်းခြင်းမရှိ။ ဦးဘမင်းမောင် က စားပွဲထိုးကို ခေါ်ကာ ထိုလူကြီး အတွက် မှာပေးသည်။ တစ်ဖန်ခွက် ကုန်အောင် သောက်ပြီးနောက် ထိုလူကြီး ထပြန်သွားသည်။ ဘယ်သူ့ကိုမှ ဘာတစ်ခွန်းမှ မပြော။ ထိုလူ ပြန်သွားတော့မှ ဦးဘမင်းမောင် က ထိုလူသည် လွန်ခဲ့သော တစ်နှစ်ခန့်ကပင် သေဆုံးပြီးသူ တစ်ယောက်ဖြစ်သည် ဟုဆိုသည်။ ဦးဘမင်းမောင် တစ်ယောက် မူးပြီး ပြောချင်ရာ ပြောနေသည်ပင် သူက သဘောထားလိုက်သည်။
နှစ်ယောက်သား ဆက်သောက်ကြသည်။ သောက်နေကြ မဟုတ်သော သူ့မှာ နည်းနည်း လောက်နှင့်ပင် မူးနေပြီ။ နောက်တော့ သူ့ကို ဦးဘမင်းမောင်က အိမ်လိုက်ပို့ပေးသည်။ သူက သူ့အိမ်မှာပဲ အိပ်ရန် ပြောသည်ကို ထိုလူကြီးကလည်း လက်ခံသည်ဟု ထင်လိုက်သည်။ အမှန်တကယ်မှာတော့ အမူးလွန်၍ အိပ်ပျော်သွားသော သူ့ကို ထားခဲ့ပြီး ဦးဘမင်းမောင်က အိမ်ပြန်သွားခဲ့သည်။
ထိုညမှာတော့ သူ အိမ်အပြင်ကို ထွက်မပြေးရတော့ပါ။ သို့ပေမယ့် အိပ်မက်ထဲမှာတော့ ပြေးလွှားခဲ့ရပါသေးသည်။ သူ ငယ်ငယ်ကတည်းက ကြောက်ခဲ့ရသော ကြက်ဖဝဝကြီးများ လိုက်သဖြင့် ပြေးရခြင်းဖြစ်သည်။ နောက်ဆုံးမှာ အိမ်ခေါင်မိုးပေါ်သို့ သူ တက်ပြေးခဲ့ရသည်။ ထိုအချိန်မှာ မိုးကလည်း ရွာနေသေးသည်။ ကြက်ဖကြီးများကလည်း သူ့အနီးသို့ ဝိုင်းလာကာ သူနှင့် နီးလေပြီ။ လေပြင်းများတိုက်၍ လျှပ်စီးများလက်ကာ မိုးခြိမ်းသံများကိုလည်း ကြားရသည်။ ကြက်ဖကြီးများ ရှေ့တိုးလာသောကြောင့် သူ့မှာ ပြေးစရာမြေ မရှိဖြစ်ပြီး အိမ်ခေါင်မိုး ပေါ်မှ ခုန်ချရန် စဉ်းစားမိသည်။ သူ ခုန်ချကာနီးမှာပင် မိုးကြိုးက သူ့ကို ပစ်ချလိုက်သည် ဟုထင်လိုက်ပြီး သူ့အနီးမှာ လင်းလက်သွားသည်။ ထို့နောက် သူ ဘာမှ မသိတော့။
သူအိပ်ရာမှ နိုးလာသောအခါ ဆေးရုံရောက်နေသည်ကို တွေ့ရသည်။ သူ့ချစ်သူ ချိုရည်လည်း ရောက်နေသည်။ သူတို့ ပြောကြသည်က သူသည် အိပ်ပျော်ရင်း လမ်းလျှောက် ၍ ခေါင်မိုးပေါ်မှ ခုန်ချခဲ့သည်ဟု ဆိုသည်။ သူ့ကိုယ်သူ ရူးသွားပြီ ဟုပင် ထင်မိသည်။ ဦးဘမင်းမောင်လည်း ဘယ်ကကြားသည် မသိပဲ ရောက်လာသည်။ ထိုလူကြီးကိုတော့ သူ့အိပ်မက်ကို အမှန်အတိုင်း ပြောပြမိသည်။ ဦးဘမင်းမောင်က သူ့အတွင်းစိတ်မှ ကြောက်နေ၍ ဖြစ်ကြောင်း၊ အကြောက်လွန်နေခြင်းသည် မကောင်းကြောင်း၊ သူ့အိမ်မှ ပရလောကသားသည် သူကြောက်မှန်းသိ၍ ခြောက်နေခြင်း ဖြစ်ကြောင်း ပြောသည်။ ထိုအိမ်၏ နောက်ကြောင်း ရာဇဝင်ကိုလည်း စုံစမ်းကြည့်သင့်ကြောင်း ပြောလေသည်။
ဆေးရုံမှာ အိပ်ရသော ငါးညတာကာလသည် သူ့အတွက် (ထိုအိမ်သို့ ပြောင်းပြီးနောက်) အိပ်ရေးအဝဆုံး ဖြစ်သည်။ ဆေးရုံမှာ ဆက်နေလို့ မရတော့သည့် အချိန်မှာတော့ သူ့အိမ်ကို ပြန်ခဲ့ရသည်။ ချိုရည်က သူ့ကို လိုက်ပို့သည်။ နေ့ခင်းကြီး ဖြစ်သဖြင့်လည်း ဘာမှ ကြောက်စရာ မရှိပါ။ ချိုရည် ပြန်သွားတော့ သူ အိမ်ထဲမှာ သောင်းကျန်းပစ်လိုက်သည်။ ဆိုဖာကို ခြေထောက်နှင့် ကန်သည်။ နံရံကို ကန်သည်။ အိမ်ထဲမှ တစ္ဆေကို စိန်ခေါ်သည်။ မကြောက်ဘူး၊ မကြောက်ဘူး ဆိုသည့် အကြောင်း သူ့ကိုယ်သူပါ ယုံကြည်လာအောင် အော်ပြောသည်။
ထိုနေ့တွင် သူ့အိမ်မှ တစ္ဆေမကို သူ စတင်၍ တွေ့ရသည်။ ပထမတော့ သူက မသိပါ။ မိန်းကလေး တစ်ယောက် ဟုသာ ထင်သည်။ သူ့အိပ်ခန်းထဲမှာ အိပ်ရာ ပြင်ထားပြီး အခန်းထဲမှာပဲ အိပ်တော့မည် ဟု သူစိတ်ကူးထားသည်။ သူ့အခန်းထောင့်တွင် ထိုမိန်းကလေးကို တွေ့လိုက်ရခြင်းဖြစ်သည်။ ပထမတော့ သူက အနီးအနားမှ ဧည့်သည်တစ်ယောက်ယောက်လား ဟုပင် ထင်လိုက်သေးသည်။ နောက်တော့ မဖြစ်နိုင်မှန်း သိလိုက်ပါသည်။ သူက စကားပြောဖို့ ကြိုးစားတော့ မိန်းကလေးက သူမကို သူ မြင်နေသည်ကို အံသြသွားသည်။ သူမက သူ့ကို ဤအိမ်မှ ထွက်သွားဖို့ပြောသည်။ သူက သူဝယ်ထားသောအိမ် ဖြစ်သောကြောင့် ဖယ်မပေးနိုင်ကြောင်း၊ သူမကို သူ့အိပ်ခန်းထဲမှ ထွက်သွားဖို့ ပြောလိုက်သည်။
ဤအိမ်တွင် ခြောက်လှန့်နေသော ဝိညာဉ်သည် သူမပင် ဖြစ်သည်မှာ သေချာသည်။ ကြောက်လန့်စရာ ပုံသဏ္ဌန် မပြလျှင်တော့ သူက မကြောက်ပါ။ နောက်နေ့တွေ သူမနှင့် ထပ်တွေ့လျှင် ကောင်းကောင်း ဆွေးနွေးရမည်။ ဤအိမ်ပေါ်မှ ကြောက်လန့်၍ ထွက်ပြေးရသည့် အဖြစ်မျိုး နောက်ထပ် မဖြစ်စေရ ဟု ဆုံးဖြတ်ထားသည်။
ထို့နောက်ပိုင်းမှာ သူမကလည်းသူ့ကို အရင်လို ကြမ်းကြမ်းတမ်းတမ်း မခြောက်လှန့်တော့ပါ။ အိမ်ထဲမှာတော့ သူမကို လူပုံသဏ္ဌန် အတိုင်း တွေ့နေရသည်။ သူမနှင့် စကားပြောဖြစ်ကြသည်။ သူမ အကြောင်းကို သိလာရတော့လည်း ဤအိမ်မှ ထွက်မသွားနိုင်ဖြစ်နေသည့် အကြောင်းကို နားလည်လာသည်။ သူကလည်း သူ့အကြောင်းကို ပြန်ပြောပြလိုက်သည်။ သူမက သူ့ကို အိမ်မှ ထွက်သွားဖို့ နောက်ထပ် မပြောတော့ပါ။
စာအသစ် မရေးဖြစ်သေးလို့ (အားတဲ့ အချိန်လေးလည်း ရုပ်ရှင် ကြည့်တာ များနေလို့ ...ဟီး) လာတဲ့သူတွေ အလကားမဖြစ်အောင် ပုံလေးတွေ တင်လိုက်တယ်နော်...
အိမ်ပြန်တုန်းက သွားခဲ့တဲ့နေရာလေးပါ။ ပြည်မြို့အထွက် ပြည်-ရန်ကုန် လမ်းမပေါ် (ရွှေတောင်မြို့ မရောက်ခင်လောက်) မှာ တည်ရှိပါတယ်။
ရဟန္တာရှစ်ဆယ် ရဲ့ ရုပ်ထုတော်တွေကို ဂူလေး တစ်ခုစီနဲ့ ထုလုပ်ထားပါတယ်။ ရှေးဟောင်းလက်ရာများ ဖြစ်ပါတယ်။ သမိုင်းကြောင်းကိုတော့ မမှတ်ထားမိလို့ မရေးနိုင်တာ ခွင့်လွှတ်ပါ။
ပြည်ကိုရောက်ရင် သွားလည်ဖို့ တစ်နေရာတိုးတာပေါ့နော်...။







.....
အခုတော့ ကျွန်တော့်ဘဝထဲမှာ ကျွန်တော် အသားကျသွားခဲ့ပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကထက်စာရင် နည်းနည်းလည်း ဟန်ကျလာပါပြီ။ ကျွန်တော့် မှာ အလုပ်တစ်ခုလည်း ရှိနေပြီလေ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ လို့ အဖေက ပြောဖူးတယ်။ ကျွန်တော့် အလုပ်က တံမြက်စည်း လှည်းတဲ့ အလုပ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အလုပ်မှာ ကျွန်တော် ပျော်ပါတယ်။ ကိုယ့်ဘဝကို ကိုယ် မကျေမနပ် မဖြစ်အောင် ကြိုးစားပြီး နေနေပါတယ်။ အဖြူ အစိမ်း ကျောင်းသားတွေကို ငေးကြည့် အားကျတာမျိုးလည်း မရှိတော့ပါဘူး။
***
ကျွန်တော့်ကို မွေးတော့ မြစ်ကမ်းနားမှာ ဆောက်ထားတဲ့ တဲလေးတွေထဲက တဲတစ်လုံးထဲမှာပေါ့။ တိုက်ပေါ်က လူတွေကတော့ အဲဒီနေရာကို အောက်ချိုင်းလို့ ခေါ်တယ်လေ။
ကျွန်တော့်အဖေ နဲ့ အမေ မှာ ကျွန်တော် က ပထမဆုံးကလေးတဲ့။ ကျွန်တော့်ကို ရတော့မယ်ဆိုတော့ အဖေက အရူးအမူး ပျော်ခဲ့တယ်တဲ့။ တစ်ချို့ကတော့ ကျွန်တော်ဟာ ဂြိုဟ်ကောင်လေးလို့ ပြောကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကို မွေးပြီး ကျွန်တော့်အမေ သေသွားတယ်လေ။ အဖေကတော့ အမေသေရတဲ့ တရားခံက ဆင်းရဲခြင်းကြောင့်တဲ့။ ဒါဟာ အမှန်ပဲလို့ အခုတော့ ကျွန်တော် နားလည်လာပါပြီ။
ကျွန်တော့် အဖေရော အမေရော ဆိပ်ကမ်း ကုန်တင် ကုန်ချ အလုပ်သမားတွေပါ။ အမေ့ ခမျာလည်း ကိုယ်ဝန် လရင့်တဲ့ အထိ အလုပ်လုပ် ခဲ့ရတယ်။ ဆေးရုံမှာ မမွေးရပဲ အရပ်လက်သည်နဲ့မို့ အချိန်ကြာပြီး မဖြစ်သင့်တာ ဖြစ်ခဲ့ရတာတဲ့။ အာဟာရ မပြည့်ဝ လို့ အားနည်းနေတာလည်း ပါတယ်။ အမေ့ကို ဆေးရုံ မပို့နိုင်ခဲ့တာ၊ အာဟာရ ပြည့်အောင် မကျွေးနိုင်ခဲ့တာ သူ့အပြစ်ပဲလို့ အဖေက အမြဲတမ်း စိတ်မကောင်းဖြစ်နေခဲ့တယ်။ အဖေတို့ အမေတို့လို လူတွေမှာ ကျန်းမာရေး ဗဟုသုတဆိုတာ ဘာမှ မသိရှာတဲ့လူတွေပဲ။ အဖေကတော့ နည်းနည်းပါးပါး သိခဲ့ပါရဲ့။ ဒါပေမယ့် အဖေကကော ဘာများ လုပ်နိုင်မှာလဲ။ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ဘဝတွေလေ။ တစ်ချို့တွေများ အဖေတို့ထက် ပိုဆိုးတာပေါ့။ ကလေးတွေက တစ်ပြုံကြီးနဲ့။ ကလေးတွေ မွေးမွေးပြီး ကျွေးမထားနိုင်တော့ ကလေးတွေက ကိုယ့်ဝမ်းစာကိုယ် ရှာစားနေကြရတယ်။ ကျွန်တော်တို့မြို့က လူတွေကတော့ အဲဒီ ကလေးတွေကို ရှာဖွေရေးလေးတွေလို့ ခေါ်ကြတယ်။
***
“သားကြီးလာရင် အဖေ့လို အလုပ်သမား မဖြစ်စေရဘူး” လို့ အဖေက ပြောခဲ့တယ်။ ကျွန်တော့်ကိုလည်း ကျောင်းထားပေးခဲ့တယ်။ ငါးနှစ် မပြည့်ခင် ကတည်းက မူကြိုထားပေးခဲ့တယ်။ ကျွန်တော်ဟာ ကျောင်းစနေရကတည်းက ကျောင်းမှာ မပျော်ဘူး ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျွန်တော် ဟာ ကျောင်းမှာ ပျော်တဲ့ ကလေးတစ်ယောက်ပါ။ အဖြူနဲ့ အစိမ်း ဝတ်ပြီး ကျောင်းစတက်ရတော့လည်း ပျော်တာပါပဲ။ တစ်ပတ်မှာ ကျောင်းပိတ်ရက် နှစ်ရက် ရှိတာကိုတောင် ကျွန်တော်က များလွန်းပြီ ထင်ခဲ့တာ...။ ကျောင်းပိတ်ရင် ကျွန်တော့်နေရာက ကမ်းနားမှာပဲလေ။
ကမ်းနားက ကျွန်တော်တို့ တဲကလေးက ဖျက်လိုက်ရတော့ စုတ်စုတ်ပြတ်ပြတ် ရပ်ကွက်တစ်ခုက သူများ အဖီလေးတစ်ခုမှာ ငှားနေရတယ်။ အဖေက ကမ်းနားမှာ အလုပ်လုပ်တော့ ကျွန်တော်လည်း ကမ်းနားမှာပဲ နေပူပူ မိုးရွာရွာ ဆော့ခဲ့တာ။ နေရိပ်တယ်ဆိုပြီး သူများ အိမ်ရှေ့ သံမံတလင်းပေါ် တက်ဆော့ရင်တော့ အော်ငေါက်ခံရတတ်တယ်။ ဒါပေမယ့် အဖော်တွေက ခေါ်ရင်တော့ အဲဒီ အိမ်ရှေ့ သွားဆော့တာပါပဲ။ ကျွန်တော့်လိုပဲ လမ်းပေါ်ကို ကစားကွင်း အမှတ်ထားနေရတဲ့ ကလေးတွေလည်း အများသားပဲလေ။ သူတို့တွေမှာ ကျောင်းတောင် မတက်ရရှာဘူး။ ကျွန်တော်က ကဗျာတွေ ဘာတွေ ရွတ်ပြရင် သူတို့မှာ ငေးလို့...။
ကျွန်တော့် အဖေကလည်း ငါးတန်း၊ ခြောက်တန်းလောက် အထိ ကျောင်းနေဘူးတော့ ကျွန်တော့်ကို တစ်ခါတလေ စာသင်ပေးနိုင်သေးတယ်။ ဘယ်လိုပဲ နေရ နေရ အဖေနဲ့ နေရတာ ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့် အဖေက သူများ အဖေတွေလို အရက်လည်း မသောက်တတ်ဘူး။ အဖေ့ ခမျာ ကျွန်တော် စားဖို့ ထမင်းတွေ ဟင်းတွေ လည်း ချက်ရသေးတယ်။ နောက် မိန်းမ ယူဖို့ သူများတွေက ပြောကြပေမယ့် အဖေက စိတ်မကူးခဲ့ဘူး။
ဒီလိုနဲ့ ကျွန်တော်လည်း နှစ်တန်းအောင်ပြီး သုံးတန်းတက်နေတုန်းမှာ အဖေ့ ကျန်းမာရေး ညံလာတယ်။ နေပူမရှောင် မိုးရွာမရှောင် ပင်ပင်ပန်းပန်း လုပ်ခဲ့တဲ့ ဒဏ်တွေပေါ့။ ဆရာဝန်ပြဖို့လည်း ပိုက်ဆံ မလောက်တော့ လမ်းဘေးကွမ်းယာဆိုင်က ဆေးတွေနဲ့ပဲ ကုနေရတယ်။
တစ်နေ့မှာတော့ ကျွန်တော့် ဘဝ အတွက် ကံဆိုးမိုးမှောင် ကျခဲ့ရတယ်။ အဖေ ဆေးရုံ ရောက်နေတယ် ဆိုလို့ ကျွန်တော့်ကျောင်းကို လူကြီး တစ်ယောက် လိုက်လာပြီး ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ အဖေ ခါတိုင်းလိုပဲ နေမကောင်း ဖြစ်နေတယ်လို့ အောက်မေ့မိတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ဘူး။ သူတို့ ပြောကြတာတော့ ဆန်အိတ်ပုံကြီး ပြိုကျလာပြီး အဖေ့ကို ပိသွားတာလို့ ပြောကြတယ်။ ကျွန်တော် ဆေးရုံရောက်တော့ အဖေ အသက်မရှိတော့ဘူး။ ဘာရယ် ညာရယ် သေချာ မသိပေမယ့် အဖေ့ကို နောက်ထပ်မတွေ့ရတော့ လို့ နားလည်လို့ ငိုမိတယ်။
ပွဲရုံ ပိုင်ရှင်က အသုဘစရိုက် ထုတ်ပေးပြီး အဖေ့ အပေါင်းအသင်းတွေက ကြည့်လုပ်လိုက်ရတယ်။ လိုက်ပို့မယ်သူလည်း ဘယ်သူမှ မရှိပါဘူး။ အဖေ့လို အလုပ်သမား တစ်ချို့ပဲ ခြေလျင်လိုက်ပို့ကြတယ်။ အဖေ့ အသုဘချတော့ လမ်းမှာ အသုဘတစ်ခု ချလာတာနဲ့ တိုးတယ်။ ကားတွေ၊ မြင်းလှည်းတွေ၊ လူတွေ အများကြီး ပဲ။ ကျွန်တော် တစ်ခါက အဲဒီလို လူတန်းကြီး တွေ့လို့ အဖေ့ကို မေးကြည့်တော့ အဖေက အသုဘချတယ် လို့ ခေါ်တယ်၊ လူသေလို့ သင်္ချိုင်းကို ပို့တာ လို့ ပြောခဲ့ဘူးတယ်။ အဲတော့မှ ကျွန်တော်သိသွားတာ။ အခုတော့ အဖေကို သင်္ချိုင်းကို ပို့ရတော့ ဟိုအသုဘလို လူတွေ အများကြီးလည်း လိုက်မပို့ဘူးလို့ တွေးပြီး ကျွန်တော်ငိုတာပဲ။ ကျွန်တော့် အနားမှာ အဖေ ဘယ်တော့မှ မရှိတော့ဘူး လို့ တွေးမိရင် လက်မခံချင် သလိုပဲ။ အိမ်မက် မက်နေသလားလို့ ထင်မိပါရဲ့။ ဒါပေမယ့် အိမ်မက် မဟုတ်ဘူး။
***
အဖေ မရှိတော့တာနဲ့ ကျွန်တော့် ဘဝကတော့ ပျက်တာပဲ။ ကျွန်တော်တို့မှာ အမျိုးဆိုတာ ရှိတာ မဟုတ်ဘူး။ အဖေကလည်း ဘာမှ စုဆောင်းထားတာ မရှိဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝတွေလေ။ အဖေ လည်းဆုံးရော ကျွန်တော် ကျောင်းတက်ဖို့ နေနေသာသာ စားစရာကို မရှိလို့ လမ်းပေါ် ထွက်ရှာရတယ်။
လမ်းပေါ်က ကျွန်တော့် သူငယ်ချင်းတွေက ပြောကြတယ်။ အမှိုက်ပုံတွေ မှာ စားလို့ရသေးတဲ့ စားစရာတွေ ရှိတတ်တယ် ဆိုလို့ ကျွန်တော် ရှာကြည့်တော့ ဘာမှ မရှိပါဘူး။ ကျွန်တော် တော့ အမှိုက်တွေပဲ တွေ့တယ်။ ခရမ်းချဉ်သီး အပုပ်တွေ၊ အုန်းသီး အပုပ်တွေ၊ ဖရဲသီး အခွံတွေပဲ တွေ့...၊ ဘာသွားစားလို့ရမှာလဲ။ နေ့ခင်းအထိ ကျွန်တော် ဘာမှ မစားရသေးဘူး။ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ ဗိုက်ကလည်း တော်တော် ဆာနေပြီ။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့က အမှိုက်ပုံထဲက ခရမ်းချဉ်သီးတို့ အုန်းသီးတို့ ကောက်ရတယ်တဲ့။ ကျွန်တော်ကတော့ ရွံတယ်။ ကျွန်တော်တို့ သားအဖက ဟင်းမကောင်းရင် ဆန်မကောင်းရင်သာ နေမယ်။ အပုပ်အစပ်တော့ မစားခဲ့ပါဘူး။ အခုမှ ကျွန်တော့်မှာ ခက်ပြီ။ သူငယ်ချင်းတွေက ပြောကြတယ်။ ကားဂိတ်တွေမှာ သွားပြီး တောင်းပါလားတဲ့။ ဒါပေမယ့် အဲဒီလို လုပ်ဖို့တော့ ကျွန်တော်က နည်းနည်း အသက်ကြီးနေပြီ လို့လည်း ပြောကြတယ်။ ကျွန်တော် သူတောင်းစား ဖြစ်ရတော့မှာပဲ။ မတတ်နိုင်ဘူးလေ ဆိုပြီး သွားတောင်းကြည့်တယ်။ တစ်ပြားမှ မရဘူး။ ကားပေါ်က လူတွေ အော်ငေါက်တာပဲ ခံရတယ်။
အဲဒီနေ့က ညနေအထိ ဘာမှ မစားရဘူး။ ကျွန်တော် ငိုချင်လာတယ်။ အဖေ့ကိုလည်း သတိရလိုက်တာ။ ကျောင်းကပြန်လာတဲ့ သူငယ်ချင်း တစ်ယောက် နဲ့ တွေ့တော့ သူက မင်းဘာလုပ်နေတာလဲ တဲ့၊ ဘာဖြစ်လို့ ကျောင်းမတက်တာလဲ လို့ သူကမေးတယ်။ ငိုချင်ရက် လက်တို့သလို ဖြစ်သွားတယ်။ ကျွန်တော် ဘာမှ မပြောပဲ ပြေးလာခဲ့တယ်။
အလစ်သုတ်တဲ့ အလုပ်လည်း ကျွန်တော် မလုပ်ချင်ဘူး။ သူများ ပစ္စည်းခိုးတာ မကောင်းဘူးလို့ အဖေက ပြောဖူးတယ်။ နောက်ပြီးတော့ သူများ ပစ္စည်း အလစ်သုတ်လို့ မိသွားရင် ဘာလုပ်မလဲလို့ တွေးပြီး ကြောက်နေတာပဲ။ အဲဒီလို လုပ်ဖို့ စိတ်ကူးကို မရှိပါဘူး။
ဒီလိုနဲ့ပဲ လမ်းတွေပေါ်မှာ ရှာဖွေရေးကလေး တစ်ယောက် တိုးလာခဲ့တာပေါ့။
***
တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းရင်း ကျွန်တော့် အသက်ကို ဘယ်လို ဆက်ရှင်အောင် မွေးရမယ်ဆိုတာ သိလာသလိုပဲ။
တစ်မြို့လုံးမှာ ကျွန်တော်တို့ ခြေရာတွေချည်းပဲပေါ့။ တွေ့ရာ ကြုံရာစား။ တွေ့ရာ ကြုံရာနေ။ တွေ့ရာ ကြုံရာမှာ အိပ်။ ဒါ က ကျွန်တော်တို့ ဘဝပဲ။ ညနေ ညနေ တွေမှာ တော့ ထမင်းကျန် ဟင်းကျန်လေး ဘာလေး စားရတတ်ပါတယ်။ တစ်ခြား ကောင်လေးတွေကတော့ အဖေ အမေ ရှိကြသေးတော့ သူတို့ ရလာတာတွေကို ပေါင်းစပ် ချက်ပြုတ်ပေးမယ့်သူ ရှိသေးတယ်။ ကျွန်တော့်မှာတော့ တစ်ယောက်တည်းပဲ။
ကျွန်တော် တက်ခဲ့တဲ့ ကျောင်းနားကိုလည်း မယောင်မလည် နဲ့ ရောက်သွားတတ်သေးတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ၊ ဆရာမတွေ မမြင်အောင် ပုန်းလျှိုး ကွယ်လျှိုးပေါ့။ ကောင်းကောင်းမွန်မွန် ဝတ်စားပြီးတော့ အမေတွေ၊ အဖေတွေ လိုက်ပို့တဲ့ ကောင်လေးတွေကို ကျွန်တော် ငေးကြည့်တတ်ခဲ့တယ်။ အဲဒီ အချိန်တုန်းကပါ။ လူမမြင်အောင် မျက်ရည်လည်း ကျတတ်သေးတယ်။
အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကျွန်တော်နဲ့ ဘဝတူ ကောင်လေး ကောင်မလေး တွေနဲ့ အလိုက်သင့် ရောပြီး နေတတ်ခဲ့ပါပြီ။ ရှာနိုင် ဖွေနိုင်မှ စားရမယ့် ကျွန်တော်တို့ ဘဝမှာ ရှက်တာ ကြောက်တာတွေ မရှိမှ ဖြစ်မှာပါ။ အဲဒါကြောင့်ပဲ ကျွန်တော် တို့ကို လူတော်တော် များများက မျက်မုန်းကျိုးတတ်သေးတယ်။ ဒါကလည်း သူတို့ဘက်ကကြည့်ရင်တော့ မှန်ပါတယ်။ တစ်ချို့ ကလေးတွေက လက်ဆော့တတ်ကြတယ်။ ပြတင်းပေါက်သံတိုင် ကြားက လက်နှိုက်ပြီး မုန့်ခိုးစားတယ်၊ လစ်ရင် လစ်သလို အိမ်ပေါက်ဝနားက ပစ္စည်းတွေ ယူတတ်သေးတယ်။ ဆေးတွေ ဘာတွေ လင်ပန်းနဲ့လှမ်းထားရင် ဆေးတွေ သွန်ပြီး လင်ပန်းကို ယူတတ်သေးတယ်။ ဆိုင်တွေက ပစ္စည်းကို လစ်ရင် လစ်သလို အလစ်သုတ်ကြတယ်။ ကျွန်တော်ကတော့ အဲဒီလို လုပ်ဖို့ ခုထိ လက်မရဲသေးဘူး။
ကျွန်တော်တို့ ကြက်သွန်နီ လက်ကားဒိုင်တွေ ရှိတဲ့နေရာကို သွားကြတယ်။ အဲဒီမှာ တစ်နေကုန်တဲ့ နေ့လည်းရှိတယ်။ အောက်မှာ ကျတဲ့ ကြက်သွန်တွေကို ကောက်ကြတယ်။ တစ်ခါ တလေ တော်တော်များများ ရပါတယ်။ အဲဒီ ကြက်သွန်တွေကို လမ်းဘေးက ဈေးသည်တွေ ဆီမှာ သွားသွင်းကြတယ်။ တစ်ခြမ်းပုပ်လို့ လွှင့်ပစ်ထားတဲ့ အာလူးတွေလည်း ကျွန်တော်တို့ ကောက်တာပဲ။ ပွဲရုံတွေနားမှာလည်း ကျွန်တော်တို့လို ကလေးတွေ ယောင်လည်လည် လုပ်နေတတ်တယ်။ ဆန်တို့ နှမ်းတို့ ပဲတို့ ကျသမျှ ကောက်ဖို့ အတွက်ပေါ့။ နောက်တော့ ပွဲရုံက လူတွေကလည်း ပါးလာတယ်။ အောက်က ခင်းပြီးမှ လုပ်စရာ ရှိတာ လုပ်ကြတယ်။ ပြီးတော့ အောက်မှာ ကျတာ ကိုပါ ပြန်ယူတယ်။ ကျွန်တော်တို့ကိုလည်း မောင်းထုတ်တတ်ကြတယ်။ ဒီလူတွေမှာ နည်းနည်းမှ စာနာစိတ်မရှိဘူး။ ကျွန်တော်တို့လို ကလေးတွေက ဒါမျိုးလေးတွေ ရမှ အလုပ်ဖြစ်တာ။ သူတို့ အတွက် ဒါတွေ လောက်က ဘာများ နစ်နာသွားမှာ မို့လဲ လို့ ကျွန်တော်တွေးမိတယ်။
တစ်ချို့ကလေးတွေဆိုရင် နားမလည်သေးတဲ့ အရွယ် ဆိုတော့ တွေ့ကရာ အကုန် ကောက်ကြတာပဲ။ အိုးအကွဲတွေ၊ ပန်းအနွမ်းတွေ...၊ ကောက်လာတာ သူတို့ အိမ်က မိဘတွေက ဆူကြရော။ ကျွန်တော်တို့ ကောက်တဲ့ အထဲမှာ ပလတ်စတစ်တို့ ၊ စက္ကူ အတိုအစတို့၊ ရေသန့် ပုလင်းအခွံ တို့လည်း ပါတယ်။ အဲဒါတွေ ဝယ်တဲ့ ဆိုင်ကို ပြန်သွင်းလို့ ရတယ်လေ။
တစ်ခါတရံတော့ အဖေ့ကို သတိရမိတယ်။ ဒါပေမယ့် အဖေ့ အကြောင်းကို မတွေးမိအောင် နေပါတယ်။ အဖေ့ အဖြစ်က ဆိုးလွန်းပါတယ်။ အဖေ မသေသင့်သေးဘူးလို့ ကျွန်တော် အမြဲတမ်းတွေးမိနေတယ်။ ကျွန်တော့် အပေါင်းအသင်းတွေရဲ့ မိဘတွေက သိပ်ပြီးတော့ စရိုက်ကြမ်းလွန်းတယ်။ ကျွန်တော့် အဖေက အဲဒီလို မဟုတ်ဖူး။ သီချင်းတောင် အော်ဟစ် မဆိုတတ်ဖူး။ အရေမရ အဖတ်မရ ညစ်ညစ် ပတ်ပတ် စကားတွေလည်း လျှောက်မပြောတတ်ဖူး။
ဒီလိုနဲ့ပဲ အပေါင်းအသင်းတွေနဲ့ အော်ဟစ် ရယ်မောရင်း အဖေ့ကို မေ့အောင် ကြိုးစားခဲ့ရတယ်။
***
အဲဒီနောက်တော့ စည်ပင်သာယာက တံမြက်စည်းလှည်းတဲ့ အလုပ်ကို ကျွန်တော်နဲ့ ကျွန်တော့် အပေါင်းအသင်း တစ်ချို့ လုပ်ခဲ့တယ်။ ကျွန်တော်တို့ စည်ပင်သာယာ တံဆိပ်ပါတဲ့ လက်ပြတ် အပေါ်အင်္ကျီ တစ်ထည်စီ ရတယ်။ နေ့စား လခ ရတယ်။ အဲဒီငွေက ဘယ်လောက်နည်းနည်း တောင်းစားပြီးမှ ရတဲ့ငွေ မဟုတ်တဲ့ အတွက် ကျွန်တော် ဝမ်းသာပါတယ်။
ကျွန်တော်တို့ နေပူကျဲကျဲမှာ အလုပ်လုပ်ရတယ်။ ဈေးထဲမှာ ဆိုလည်း ညစ်ပတ်တဲ့ အမှိုက်တွေ သိမ်းရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဘယ်တော့မှ မခို မကပ်ခဲ့ဘူး။ ကျွန်တော်လုပ်ရတဲ့ နေရာမှာတော့ အမှိုက်တစ်စ မရှိအောင် လုပ်ခဲ့တာချည်းပါပဲ။
ကျွန်တော်တို့ အလုပ်သိမ်းပြီး ပြန်ချိန်ဆို မိုးချုပ်နေပြီပေါ့။ လမ်းပေါ်မှာ ကျွန်တော်တို့ပဲ ရှိသလို သီချင်းတွေ အော်ဟစ်ဆိုပြီး ပြန်လာကြတယ်...။ တစ်ချို့လည်း ဖြောင့်ဖြောင့် မပြန်သေးပဲ လမ်းဘေးမှာ သားရေကွင်းပစ်ပြီး ဆော့နေကြသေးတာ...။ ကြည့်လိုက်ရင်တော့ အပူအပင်ဆိုတာ မရှိသလိုပဲ။ ကလေးအရွယ်တွေပဲ ရှိသေးတော့လည်း ရှေ့ရေး နောက်ရေး တွေးနေစရာ မရှိတော့ ပျော်သလို နေကြတာပေါ့။ ညဘက်ကျတော့ တစ်ချို့က ရလာတဲ့ ပိုက်ဆံလေးတွေနဲ့ ဗီဒီယိုရုံ သွားကြည့်တတ်ကြတယ်။
လူဖြစ်လာတဲ့ ဘဝထဲမှာ ကျွန်တော်တို့ဘဝထက် ဆိုးတာ မရှိဘူးလို့ ထင်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့လို ကလေးတွေက ကိုယ့်ဘဝကိုယ် သနားပြီး စိတ်ဓာတ်ကျ နေရလောက်အောင် အသိဥာဏ် မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာ မဟုတ်ဘူး။ ကျွန်တော်ကမှ အားလုံးထဲမှာ စာလေးနည်းနည်း ဖတ်တတ်ပြီး အဖေ့ရဲ့ ဆုံးမထားတာတွေကြောင့် လိမ္မာသေးတာ...။ သူများတွေက ပိုဆိုးတယ်။ ပိုရိုင်းတယ်။ သူတို့ မိဘတွေကလည်း သူတို့လိုပဲ ကြီးလာတဲ့သူတွေ ဆိုတော့ ဆုံးမသွန်သင်ဖို့ရာ အသိဥာဏ် မရှိကြဘူး။ ဒီလိုနဲ့ပဲ ဒီလို မျိုးဆက်တွေပဲ တစ်ဖြည်းဖြည်း ပွားများလာတာပေါ့...။
***
ကျွန်တော် တွေးနေမိတာ တစ်ခု ရှိသေးတယ်။ ကျွန်တော်သေရင် ဘယ်လိုများ သင်္ချိုင်း အောင်ပို့မလဲလို့...။ ကျွန်တော့် အပေါင်းအသင်း ရှာဖွေရေး ကလေးတွေတော့ အသုဘ လိုက်ပို့ကြလိမ့်မယ်လို့ တွေးမိတယ်။ ကျွန်တော် သေများသွားရင် ဘယ်သူက အသုဘ စားရိတ် စိုက်ပေးမှာလဲ။ ကျွန်တော်က သေတာကို ကြောက်စရာလို့ မမြင်ပါဘူး။ သေသွားရင် ကောင်းတယ်လို့တောင် တွေးမိသေးတယ်။ အဖေ နဲ့လည်း တွေ့ရင် တွေ့ရမှာ။
အဲဒီလို တွေးနေမိတဲ့ နေ့မှာပဲ ကျွန်တော်သိတဲ့ ကျွန်တော့်ထက် ငယ်တဲ့ ကောင်မလေး တစ်ယောက် သေသွားတယ်။ ကားပေါ်က ဒီဇယ်ပေပါတွေ ချနေတာကို အဲဒီကောင်မလေးက ဖြတ်ပြေးရင်း ပေပါ တစ်လုံး ပိသွားတာလို့ မြင်လိုက်တဲ့ လူတွေက ပြောကြတယ်။ ဆေးရုံ မရောက်ခင် လမ်းပေါ်မှာပဲ သေသွားတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ အဲဒီနေရာကို ပြေးကြည့်တော့ အလောင်းမရှိတော့ပါဘူး။ သွေးကွက် တစ်ချို့နဲ့ ဆီးတွေ၊ ဝမ်းတွေပဲ တွေ့ရတော့တယ်။
ကျွန်တော်လည်း တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်တော့် အဖေလို အဖြစ်မျိုး ဖြစ်သွားတာကို ကျွန်တော် မကြားချင် မမြင်ချင်ပါဘူး။ အဲဒီကလေးမက မိထွေးနဲ့နေရတာ ဆိုတော့ သူများတွေထက် ဆိုးတာပေါ့။ အဲဒီကောင်မလေးကို သိတဲ့လူတွေက ဝဋ်ကျွတ်သွားတာလို့ ပြောကြတယ်။ သူ့လို ကလေးမမျိုးကို ဘယ်သူကမှ နှမြောတသ ဖြစ်မနေပါဘူး။ ဒီအဖြစ်အပျက်ကို မြင်လိုက်ရတဲ့သူတွေလည်း တစ်ရက် နှစ်ရက်လောက်မှာ မေ့သွားကြတယ်။
ကျွန်တော်တို့လို ကလေးမျိုးတွေ လူ့လောကထဲက ထွက်သွားဖို့ ဒီလောက် လွယ်ကူလွန်းတာကို မုန်းမိတယ်။
ကျွန်တော်တို့ ဘဝတွေဟာ တကယ့်ကို တန်ဖိုးမဲ့ ဘဝတွေပါ။ ကြီးလာတဲ့ အခါကျ အချင်းချင်း အိမ်ထောင်ပြုကြ။ ပြီးတော့ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးလာရင် လမ်းပေါ် လွှတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ လမ်းပေါ်က မျိုးဆက်တွေ ပြန့်ပွားလာကြတယ်။ ဘယ်လို အဆုံးသတ်ဖို့ ဖြစ်နိုင်မှာလဲ။ဘယ်လို တိုးတက်ဖို့ ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့ အားလုံးရဲ့ ဘဝတွေ တိုးတက်ဖို့ ဘယ်သူတွေကများ လုပ်ပေးနိုင်မှာလဲ။ ကျွန်တော်တို့က ကိုယ့်ဘာသာကိုယ်ရော... ဒီလို တန်ဖိုးမဲ့ ဘဝထဲက ဘယ်လို ရုန်းထွက်နိုင်ပါ့မလဲ။
ကျွန်တော်တို့လို ကလေးတွေကို ပညာသင်ပေးမယ့်၊ ကျွန်တော်တို့ကို လက်ရှိဘဝထဲက ဆွဲထုတ်ပြီး ရွေးချယ်စရာ ရှိတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေ သင်ပေးမယ့် တန်ခိုးရှင်လို တစ်စုံတစ်ရာကို စောင့်မျှော်နေကြပါတယ်။ အများစုမှာတော့ ဒီလို ဘဝထဲက ရုန်းထွက်ချင်စိတ် မရှိလောက်အောင် ကို အသိဥာဏ်နုံနဲ ကြပါတယ်။ အလုပ်လုပ်ချင်စိတ် မရှိပဲ တောင်းရမ်း ခိုးဝှက် စားသောက်ချင်သူတွေကလည်း အများသားလေ။ ပထမဆုံး အနေနဲ့ သူတို့ကို အသိစိတ် ဝင်လာအောင် အရင်လုပ်ရမှာ...။
ဘာပဲ ဖြစ်ဖြစ်ပေါ့လေ...။ လောလောဆယ်ဆယ် မှာတော့ ကျွန်တော်တို့ မြို့က လမ်းမကြီးတွေ၊ လမ်းကြို လမ်းကြားတွေမှာ အိတ်ကလေးတွေ ဗန်းကလေးတွေ ကိုင်ပြီး လျှောက်သွားနေကြတဲ့ ကလေးတွေ ရှိနေကြပါတယ်။
(ဟိုးအရင်တုန်းက ရေးထားတဲ့ လက်ရေးမူလေးတွေ့လို့ ပြန်ရိုက်ပြီး တင်လိုက်တာပါ။)
သိင်္ဂါကျော်
ပြည်မြို့ သဒ္ဓမ္မမဉ္စူ ဆရာတော်ဘုရားကြီး ပေးသနားတော်မူသော ဂါထာတော်မြတ်ဖြစ်ပါသည်။
ဆရာတော်ကိုယ်တိုင် လက်ရေးဖြင့် ရေး၍ တက္ကသိုလ်ဆရာမ များကို ပေးထားခြင်း ဖြစ်ပါသည်။
နံနက် နေထွက်ချိန်တွင် နေမင်းကြီး ရှိရာသို့ ကြည့်၍ တတ်နိုင်သလောက် ရွတ်ဆိုရန် ဖြစ်ပါသည်။
“ အယံ - ဤနေမင်းကြီးသည်၊ ဥဒေတိ - တက်လတ်၏။
တံ - ထိုနေမင်းကြီးကို၊ နမာမိ - ရှိခိုးပါ၏။ “
(ရာထူးတက်ရတော့မယ့် အချိန် အပိုင်းအခြား ပြည့်ချိန်မှာ သူများ အသုတ်နဲ့ မတူ အမြဲတမ်း နောက်ကျတတ်တဲ့ ကိုယ်တို့ Batch ကလူတွေ ရွတ်ဖို့သင့်ပါတယ် ... :D)
ကိုယ်က ငယ်ငယ်ကဆို ကောင်ကလေး သိပ်ဖြစ်ချင်ခဲ့တာမို့ ကောင်မလေး ကဗျာတွေ သီချင်းတွေ တင်တာပါ။ :D
တကယ်ပြောတာ...ငယ်ငယ်ကဆို ကိုယ်သိပ်သဘောကျတဲ့ ကောင်မလေး တွေလည်း ရှိခဲ့ဖူးတယ်...။ ကိုယ်က ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် (မာရဇ္ဇ သီချင်းထဲကလို) နဲ့ ဆေးဆိုးပန်းရိုက်မျက်နှာ မဟုတ်တဲ့ natural innocent မျက်နှာမျိုး နဲ့ ကောင်မလေးတွေကို သဘောကျတယ်။
ဒီဘလော့ကိုတောင် ယောင်္ကျားလေး နာမည်နဲ့ လုပ်ထားတာ..ကောင်ကလေး အနေနဲ့ ရေးမလို့ နောက်တော့ ဓါတ်ပုံတွေလည်း တင်ချင်တာနဲ့ အမှန်အတိုင်းပဲ ရေးတော့တာ..:D
ဒီသီချင်းလေးကလည်း အဟောင်းပဲ ဖြစ်မှာပါ... အခုတလော ကြိုက်မိလို့...သီချင်းဆိုတဲ့ ဆိုတဲ့ D ယံ ကလည်း မျက်မှန်လေးနဲ့ ချစ်စရာလေးမို့ ...ကြိုက်တယ် ဟီး ဟီး...
ဒီ link မှာ download လုပ်နိုင်ပါတယ်။
(၁)
ထွန်းနေ နယ်ကပြန်ရောက်တော့ သက်လျာဆီ သွားဖို့ပြင်သည်။ အဲဒီမှာ မေမေ့ဆီက သတင်းဆိုးကို ကြားရသည်။ လွန်ခဲ့တဲ့ သုံးရက်ကပဲ သက်လျာ ကိုယ်ကိုယ်ကို သတ်သေသွားလို့ ဒီနေ့ပဲ အသုဘချပြီးပြီ တဲ့။ သက်လျာ ၊ သူ့ အချစ်ဆုံး သူငယ်ချင်း၊ သူ့ အချစ်ဆုံး မိန်းကလေး။ သူမကိုယ့်ကို မချစ်ဘူး ဆိုတာသိလို့ ကိုယ်အချစ်တွေကို ထပ်မပြောတော့ ပေမယ့် ခုချိန်ထိ သူမကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ခဲ့။ ခုတော့ ဘယ်လို ဖြစ်ရသလဲ။ သူမလို သွက်လက်ထက်မြက်သော မိန်းကလေး က ဘာအကြောင်းကြောင့် ကိုယ့်ကိုယ်ကို သတ်သေရပါသလဲ။ အချစ်ရေး၊ အိမ်တွင်းရေး ပြဿနာ ဆိုတာမျိုးလည်း သူသိသလောက်တော့ သူမမှာ မရှိပါ။ မဖြစ်နိုင်ပါ။ သူမ ကိုယ့်ကိုယ်ကို သတ်သေတယ် ဆိုတာ သူ ဘယ်လိုမှ မယုံကြည်နိုင်ပါ။
သူ သက်လျာ အိမ်သို့ သွားရန်ပြင်ဆင်နေဆဲ မေမေ့ ဆီမှ နောက်ထပ် သတင်းဆိုးတစ်ခုကို ထပ်မံ ကြားရပြန်သည်။ “သား သူငယ်ချင်း အောင်နိုင်လည်း အဲဒီရက်လောက်ကပဲ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတယ်”
အောင်မြင်နေသော လူငယ် လုပ်ငန်းရှင်တစ်ယောက်။ ကောင်မလေးတွေ ထည်လည်း တွဲပြီး ပျော်ပျော် နေတတ်သူ။ သူလိုလူက ဘာအကြောင်းကြောင့် ကိုယ့်ကိုယ်ကို သတ်သေရသလဲ။ အသတ်ခံရတယ် ဆိုတာကမှ ဖြစ်နိုင်ချေရှိဦးမည်။ သူ့စီးပွားပြိုင်တွေက ဖြစ်ဖြစ်၊ သူအသည်းခွဲဖူးသော ကောင်မလေး တစ်ယောက်ယောက် ကပဲ ဖြစ်ဖြစ် သတ်နိုင်သည်။ ခုတော့...။
***
(၂)
သက်လျာခင်၊ ထွန်းနေနိုင် နှင့် အောင်နိုင်သူ တို့သည် စတိတ်ကျောင်း ကတည်းက အတန်းတူ သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ သက်လျာခင် သည် နာမည်လိုပင် လူကလည်း ဖြူဖြူနွဲ့နွဲ့ ပျော့ပျောင်းသော ဆံနွယ်ရှည်များနှင့် မိန်းကလေးပီသသော ပုံစံရှိသော်လည်း စိတ်ဓါတ်ကတော့ လူပုံစံနှင့် တခြားစီ။ မာကျောပြီ်း ယောင်္ကျားဆန်သည်။ အဲဒါကြောင့်လည်း သူမ၏ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်က မိန်းကလေးတွေ မဟုတ်ပဲ ယောင်္ကျားလေးတွေ ဖြစ်နေတာပင်။ ဆယ်တန်းအောင်ပြီး တစ်ကျောင်းစီ တက်ကြရပေမယ့် သူတို့သုံးယောက်က အခင်အမင် မပျက်ခဲ့ကြပါ။ သူမက ကွန်ပျူတာတက္ကသိုလ် တက်ခဲ့ပြီး အောင်နိုင်သူက စီးပွားရေးတက္ကသိုလ်၊ ထွန်းနေနိုင်ကတော့ သင်္ချာ အဓိက တက်ခဲ့ကြသည်။
သက်လျာတို့ တက္ကသိုလ်မှာတော့ မိန်းကလေးပဲ များသဖြင့် ခင်သမျှ သူငယ်ချင်းများမှာလည်း မိန်းကလေးများသာဖြစ်သည်။ ဟိုနှစ်ယောက်နှင့်တော့ ဖုန်းအဆက်အသွယ် မပြတ်ခဲ့ပါ။ အောင်နိုင်သူ ကတော့ ငယ်ငယ်ကတည်းက ကောင်မလေးများကို စိတ်ဝင်စားတတ်ခဲ့သူမို့ တက္ကသိုလ်ရောက်ချိန်မှာ တစ်ယောက်ပြီး တစ်ယောက်တွဲသည့် အဆင့်သို့ ရောက်တော့သည်။ သူဘယ်ကောင်မလေးကို လိုက်နေတယ်၊ ဘယ်သူနဲ့တော့ ပြတ်ပြီ ဆိုတာမျိုးကိုလည်း သက်လျာကို အမြဲ ပြောတတ်သည်။ သက်လျာများ သဝန်တို မလားလို့ တမင်ပြောပြောနေတာလည်း ဖြစ်နိုင်သည်။ ထွန်းနေနိုင်ကတော့ ခပ်အေးအေး သမားမို့ ကောင်မလေးတွေကို သိပ်စိတ်မဝင်စားတတ်သူလား။ ဒါမှမဟုတ်လည်း သက်လျာကိုပဲ စောင့်နေဆဲလား။ မသိနိုင်ပါ။
သက်လျာကတော့ သူတို့နှစ်ယောက်ကို ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးသားပါ။ ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း အချိန်က သူတို့နှစ်ယောက်လုံးက တစ်ရက်တည်းမှာပဲ သက်လျာကို ချစ်ရေးဆိုခဲ့ဖူးသည်။ သက်လျာလည်း တော်တော်အံ့သြသွားသည်။ သက်လျာ စိတ်ထဲမှာက သူတို့အပေါ် ဘယ်လိုမှ မပြောင်းလဲခဲ့။ သူတို့နှစ်ယောက် စိတ်ထဲ အဲလို ပြောင်းနေလိမ့်မည်လည်း ထင်မထားပါ။ ဒီလို ကြားရတော့လည်း စိတ်တော့ မဆိုးပါ။ သူတို့ကို သူငယ်ချင်းထက် ဘယ်လိုမှ မပိုနိုင်ဘူး၊ ဘယ်တော့မှလည်း ပိုမှာ မဟုတ်ဘူးဆိုတာ အေးအေး ပဲ ရှင်းပြခဲ့ပါသည်။ သူတို့ကလည်း နောက်တစ်ခါ ထပ်မပြောတော့ပါ။ ပြောလျှင် သူငယ်ချင်း အဖြစ်က အပြတ်ပဲ လို့ သက်လျာက သူတို့ကို ပြောထားတာကိုး။ ခုထိလည်း သူတို့က သက်လျာရဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။
ကျောင်းပြီးတော့ သက်လျာက ကုမ္ပဏီမှာ အလုပ်ဝင်သည်။ ထွန်းနေက ရဲအရာရှိ ဖြစ်သွားသည်။ အောင်နိုင်ကတော့ စီးပွားရေးပဲ လုပ်သည်။ သူတို့ နှစ်ယောက်လုံး အားတဲ့အချိန်မှာ သက်လျာဆီ လာလည်ကြသည်။ ဖုန်းလည်း မကြာခဏ ပြောဖြစ်သည်။
***
သက်လျာက အဖြူရောင်ကြိုက်သည်။ အဖြူရောင်အင်္ကျီတွေ သက်လျာမှာ အများကြီးရှိသည်။ လုံချည်ဆိုလည်း အဖြူရောင်ပါသည့် အဆင်တွေပဲ ရွေးဝယ်ဖြစ်သည်။ ပန်းဆိုလည်း အဖြူရောင်ပန်းတွေကို သက်လျာ အကြိုက်ဆုံး။ စံပယ်၊ ဇီဇဝါ၊ ငွေပန်း အဖြူရောင်ပန်းတွေ အကုန်လုံး သက်လျာကြိုက်သည်။ သက်လျာတို့ခြံထဲမှာ စံပယ်ရုံတစ်ရုံ၊ ငွေပန်းရုံကြီး တစ်ရုံ ရှိသည်။ ဇီဇဝါပင် နှစ်ပင်လည်း ရှိသည်။ အဖြူရောင် အပွင့် သေးသေးလေးတွေ ပွင့်သည့် နှင်းဆီပင် တစ်ပင်ကလည်း တော်တော်ကြီးနေပြီ။ ပွင့်လည်း အရမ်းပွင့်သည်။ ဒီခြံကလေးက မေ့မေ့ ဘက်က အဘိုးအဘွားတွေရဲ့ ခြံ။ အဘွားက ပန်းပွင့်တဲ့ အပင်တွေကို ချစ်တတ်သူမို့ သူပြိုးထောင်ထားခဲ့တာတွေပါ။ နှင်းဆီပင်ကလေးကတော့ သက်လျာဝယ်လာပြီး စိုက်ထားတာ။ ခြံထဲမှာ အဖြူရောင် မဟုတ်သည့် ကစ်မီကွစ်တို့၊ နွယ်သာကီလို ပန်းမျိုးတို့လည်း ရှိပါသေးသည်။ အဲဒါတွေကိုတော့ သက်လျာက စိတ်မဝင်စား။ စံပယ်တွေကို မှန်မှန် ရေလောင်းပေးပြီး မနက်တိုင်း ဘုရားကပ်ရတာကို သက်လျာက အရမ်းကြည်နူးသည်။ မွှေးပျံနေတဲ့ ဘုရားဆောင်ထဲမှာ ရှိခိုးရတဲ့ ကြည်နူးမှုကို ဘယ်အရာမှ လိုက်မမီ။ စံပယ်တို့၊ ငွေပန်းတို့၊ ဇီဇဝါတို့ ကပ်ပြီးတိုင်း သက်လျာ တောင်းနေကျ ဆုတစ်ခု ရှိပါသည်။ “ ဘုရားတပည့်တော်မ ၏ ဘဝ သက်တမ်း တစ်လျှောက်လုံး ဖြူစင်သန့်ရှင်းသော အပျိုစင်ဘဝဖြင့် နေထိုင်ရပါလို၏“ ။
ဖေဖေ့ကြောင့် မေမေ စိတ်ဆင်းရဲခဲ့ရတာကို ပြန်တွေးမိရင် ဘယ်ယောင်္ကျားကိုမှ သက်လျာသိပ်မယုံချင်။ ဖေဖေ နှင့် မေမေ နှစ်ယောက်စလုံး အထူးကု ဆရာဝန်ကြီးတွေ ဖြစ်ပြီး သူငယ်ချင်း ဘဝက ချစ်သူ အဆင့်တက်ခဲ့ကြသူတွေ ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု ရှိခဲ့ကြသူတွေ ဖြစ်ပေမယ့် ဖေဖေ့ ဘက်က သစ္စာဖောက်မှုကြောင့် သက်လျာ ခုနှစ်တန်းနှစ်မှာ ဖေဖေ နှင့် မေမေ ကွာရှင်းခဲ့ကြပြီး မေမေ့ မိဘတွေ နေထိုင်ရာ ဒီခြံကလေးသို့ သားအမိနှစ်ယောက် ဆင်းလာခဲ့ကြသည်။ မေမေလည်း သူ့အလုပ်မှာပဲသူ အာရုံစိုက်ထားပြီး သက်လျာကိုပဲ ဂရုစိုက်ကာ ခုထက်ထိ နောက်အိမ်ထောင်လည်း မပြုခဲ့ပါ။
ခုတော့ အဘိုး နဲ့ အဘွားလည်း ဆုံးပါးခဲ့ပါပြီ။ သက်လျာနှင့် မေမေ နှစ်ယောက်တည်းသာ ကျန်သည်။ သက်လျာက ဒီတစ်သက် အိမ်ထောင်မပြုဖို့ ဆုံးဖြတ်ထားသည်။ မတော်တဆ သက်လျာဘက်က တစ်ယောက်ယောက်ကို ချစ်မိသွားတာပဲ ဖြစ်ဖြစ်၊ ကံဆိုးမိုးမှောင် ကျတာမျိုးပဲ ဖြစ်ဖြစ်၊ အဲဒီလိုမျိုးနဲ့ အိမ်ထောင်ပြုလိုက်ရမှာ စိုးတာမို့ ဒီလို ဆုတောင်းကို တောင်းရတာပါ။ သူများတွေကြားရင်တော့ နားလည်နိုင်မှာ မဟုတ်ပါ။ သက်လျာရဲ့ ဆုံးဖြတ်ချက်ကိုလည်း ယုံကြည်ကြမှာ မဟုတ်ပါ။ သက်လျာ ပတ်ဝန်းကျင်က အိမ်ထောင်တွေမှာ တစ်မျိုးမဟုတ် တစ်မျိုး ပြဿနာ ရှိနေတာကို သက်လျာက တွေ့နေမြင်နေတော့လည်း ဒီ ဆုံးဖြတ်ချက်က ခိုင်မာသည်ထက် ခိုင်မာလာရပါသည်။
ယောင်္ကျားဘက်က သစ္စာဖောက်မှုကြောင့် ပြတ်စဲရတဲ့ အိမ်ထောင်တွေ အများကြီး တွေ့နေရသည်။ အိမ်ထောင်ထူထောင်စဉ်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်လို့ ယူကြသူတွေပါပဲ။ ဖေဖေ နဲ့ မေမေ လိုပေါ့။ နောက်ပိုင်းကျမှ ပြောင်းလဲသွားတာက ယောင်္ကျားတွေ ဘက်ကပါပဲ။ မေ့မေ့ ညီမဝမ်းကွဲ ဒေါ်လေးငယ် ကျတော့ တစ်မျိုး။ သူ့ယောင်္ကျားက သူများလို ဖောက်ပြန်တာတော့ မရှိ။ ဒါပေမယ့် တစ်သက်လုံး ဘာမှ မလုပ်ပဲ ထိုင်စားနေသူ။ အရင် ခပ်ငယ်ငယ်ကဆို ဖဲရိုက်၊ အရက်သောက်တာက ပါသေးသည်။ ခုအသက်ကလေးရလာတော့ အရက်မသောက်၊ ဖဲမရိုက်တော့ပေမယ့် ဘာအလုပ်အကိုင်မှမလုပ်ပဲ နှစ်လုံး၊ သုံးလုံး ထိုးကာ လျှောက်သွားနေသူ ဖြစ်နေဆဲ။ ဒေါ်လေးငယ်လို အရာရှိမကြီးတစ်ယောက် အတွက် ထိုယောင်္ကျားက တကယ်ကို ဂုဏ်သိက္ခာ ထိခိုက်စရာ။ ဒီလို ဥပမာတွေကြောင့်လည်း သက်လျာ စိတ်ထဲ ဘယ်ယောင်္ကျား တစ်ယောက်ကိုမှ မယုံကြည်နိုင်ပဲ အိမ်ထောင်ရေးကို ကြောက်သော စိတ်က အမြစ်တွယ်နေခဲ့ပြီ။ ဒါ့အပြင် အများပြောကြသလို အပျိုကြီး လူပျိုကြီးတွေက ဗြဟ္မာပြည်က လာတယ်ဆိုတာလည်း ဟုတ်ချင်ဟုတ်နိုင်သည်။ သက်လျာက သက်လျာရဲ့ ခန္ဓာကိုယ်ကို ထာဝရ ဖြူစင်စွာ နေထိုင်သွားချင်သည်။
***
သက်လျာအတွက် အချစ်ဆိုတာ မရှိနိုင်ဘူးဟု ထင်ခဲ့သည်။ ထွန်းနေ တို့ အောင်နိုင် တို့လို နှစ်ပေါင်းများစွာ သံယောဇဉ်ကြီးခဲ့သူတွေ အပေါ်တောင် အချစ်အဖြစ် မပြောင်းလဲနိုင်ပဲ သူငယ်ချင်းလိုပဲ သဘောထားဆဲ ဆိုတော့ သက်လျာ မချစ်တတ်ဘူး လို့ ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့မိသည်။ ဒါပေမယ့်လည်း အချစ်ဆိုတာ အတော်ထူးဆန်းသော အရာပဲ ဖြစ်သည်။
သက်လျာ သူ့ကိုတော့ ချစ်မိပြီလို့ထင်သည်။ သူနှင့် သက်လျာ တွေ့ကြပုံကလည်း မဆန်းပါ။ သက်လျာနှင့် ကုမ္ပဏီမှာ အတူတူ အလုပ်လုပ်ကြသည်။ နောက်တော့ သူ့ဘက်က ပြောင်းလဲလာသည်။ သက်လျာက မသိချင်ယောင်ဆောင်နေသည်။ တစ်နေ့မှာတော့ သူက သက်လျာကို ဖွင့်ပြောလာသည်။ သက်လျာဘက်က သူ့ကို ချစ်မိတယ် ထင်ပေမယ့် ဝန်မခံချင်ပါ။ ဘယ်တော့မှ ဝန်မခံချင်ပါ။ သက်လျာ ချစ်ရမှာ ကြောက်သည်။ လက်ထပ်ရမှာ ကြောက်သည်။ ဒါကြောင့် သူ့ကိုလည်း မချစ်နိုင်ကြောင်း ချက်ချင်း အဖြေပေးတော့ သူကမကျေနပ်ပဲ အတင်း စဉ်းစားခိုင်းသည်။ သက်လျာရဲ့ စိတ်ကို သက်လျာ မနိုင်ပဲ သူ့ကို ဆွဲမထားချင်ပါ။
သူ့အကြောင်း ထွန်းနေ ကိုတောင် ပြောပြမိသေးသည်။ အောင်နိုင် ထက်စာရင် ထွန်းနေက သက်လျာအပေါ် ပိုရိုးသားသည်ဟုထင်သည်။ ပထမ တစ်ခါ ငြင်းပြီး ကတည်းက ဒီအကြောင်း လုံးဝ မပြောတော့။ သက်လျာ အပေါ် ဖြူဖြူစင်စင် ပဲ ခင်မင်သည်။ အောင်နိုင်ကတော့ သူ့မှာ လက်ရှိ ကောင်မလေးတွေလည်း ရှိရဲ့သားနှင့် အခွင့်ကြုံရင် ကြုံသလို သက်လျာကို စောင့်နေဆဲ ဖြစ်ကြောင်း ပြောတတ်သည်။ ဒါကြောင့်ပဲ ဒီအကြောင်းကို ထွန်းနေ ကိုသာ တိုင်ပင်မိသည်။ ထွန်းနေ က အာကာဦး အကြောင်းကို စုံစမ်းကြည့်ပြီး သက်လျာနှင့် သဘောတူသည်။ အာကာဦးကို ယုံကြည်ကြည့်ဖို့ သက်လျာကို ပြောသည်။ ဒါပေမယ့်လည်း သက်လျာ သူ့ကို အဖြေ ပြန်မပေးဖြစ်ပါ။
ဒီလိုနဲ့ပဲ သူလည်း စင်ကာပူကို ထွက်သွားသည်။ သက်လျာနှင့် mail အဆက်အသွယ်တော့ ခုထိ ရှိသည်။ Chat မှာလည်း တစ်ခါတရံ တွေ့သည်။ သူက သက်လျာကို စင်ကာပူ လာဖို့ အမြဲပြောသည်။ သက်လျာက မေမေ့ကို မထားခဲ့နိုင်သဖြင့် သွားဖို့ မစဉ်းစားပါ။ သူသွားတာ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီ ဒီဇင်ဘာ ပိတ်ရက်မှာ သူခဏ ပြန်လာမည် ဟုပြောသည်။ သူကလည်း ခုချိန်ထိ သက်လျာဆီက အဖြေကို စောင့်နေဆဲ။
***
(၃)
အဲဒီနေ့က သက်လျာ ရုံးပိတ်ရက်မို့ အိမ်မှာ ရှိနေပေမယ့် မေမေကတော့ ဆေးခန်းသွားရသည်။ အိမ်က အဒေါ်ကြီး တူအရီးကလည်း အဒေါ်ကြီးညီမ ကောင်မလေး အမေ နေမကောင်းသဖြင့် ရွာကို ပြန်နေသည်။ အိမ်မှာ သက်လျာတစ်ယောက်တည်း ကျန်သည်။ အဲဒီအချိန်မှာ အောင်နိုင်သူ လာသည်။ သက်လျာလည်း တစ်ယောက်တည်း ပျင်းနေတုန်း သူလာတော့ စကားပြောဖော်ရပြီ ဆိုပြီ ဝမ်းသာအားရ တံခါးဖွင့်ပေးမိသည်။
ပထမတော့ ရောက်တတ်ရာရာ ပြောနေကြရင်း သူက သူ့လက်ရှိ ကောင်မလေးကို ဖြတ်လိုက်ပြီ ဖြစ်ကြောင်း၊ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မလိုက်ချင်တော့ကြောင်း ပြောသည်။ သက်လျာကလည်း “ နင် မငယ်တော့ဘူးနော် လက်ထပ်ဖို့ ရည်ရွယ်ပြီးမှပဲ တွဲပါတော့ ဟာ” ဟု ပြောမိသည်။ သူက အဲဒီမှာ တစ်စခန်းထတော့သည်။
“လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူက အစကတည်းက ရှိတယ်လေ၊ သူက ခေါင်းမညိတ်သေးလို့ စောင့်နေတာပဲ၊ သက်လျာ နင် ငါ့ကို လက်ခံပါတော့ ငါ ဘယ်ကောင်မလေး နဲ့ မှလည်း မတွဲချင်တော့ဘူး၊ နင့်ကိုပဲ ချစ်တယ်၊ နင့်ကိုပဲ လက်ထပ်ချင်တယ်”
“အောင်နိုင်၊ နင့်ကိုငါ ဘယ်တော့ ချစ်သူလို ပြောင်းချစ်လို့ ရမှာ မဟုတ်ဘူး၊ နင့်ကို ငါ မချစ်ဘူး၊ နင်က ငါ့အတွက် အမြဲတမ်း သူငယ်ချင်းပဲ”
“နင်က အာကာဦးကိုတော့ အဖြေပြန်ပေးဖို့ စဉ်းစားနေတယ်ဆို၊ မလုပ်နဲ့နော် သက်လျာ၊ နင်ဟာ ငါ့အတွက်ပဲ ဖြစ်ရမယ်၊ ဘယ်သူ့အတွက်မှ မဟုတ်ရဘူး”
“သေလိုက်ပါလား အောင်နိုင်၊ ငါက နင့်အတွက်လည်း မဟုတ်ဘူး၊ ဘယ်သူ့အတွက်မှ မဟုတ်ဘူး၊ ငါလက်ထပ်ဖို့ စိတ်ကူးမရှိဘူး၊ စိတ်ကူးရင်တောင် နင်တော့ မဟုတ်ဘူး၊ ငါချစ်တဲ့သူပဲ ဖြစ်မှာပေါ့”
အဲဒီမှာတင် အောင်နိုင်သူက စိတ်ရိုင်းဝင်သွားတော့တာ ဖြစ်သည်။
***
(၄)
ထွန်းနေ သက်လျာအိမ်သို့ သွားသည်။ ဖြေမဆည်နိုင်ဖြစ်နေသော သက်လျာအမေကို မမေးချင်ပေမယ့် အကြောင်းစုံသိအောင်တော့ မေးမှဖြစ်မည်။ သက်လျာက သူမဆောင်ထားလေ့ရှိသော ခြောက်လက်မ မောင်းချဓားဖြင့် ကိုယ့်ကိုယ်ကို ထိုးသတ်ခဲ့ခြင်းဖြစ်သည်တဲ့။ နယ်မြေ ရဲများလည်း စစ်ဆေးပြီးပြီ၊ ရင်ခွဲရုံမှာလည်း စစ်ဆေးပြီးပြီ။ သူကိုယ်သူ သတ်သေခြင်း ဖြစ်သည်ဟု အားလုံးက ဆုံးဖြတ်ကြသည်။ အိမ်ထဲသို့ ဘယ်သူမှ ချိုးဖောက်ဝင်ရောက်လာသည့် လက္ခဏာ မရှိ။ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည့်ပုံ မတွေ့ရ။ သူမအိမ်ယာထဲမှာ ကိုယ့်ကိုယ်ကို ထိုးခဲ့ခြင်းဖြစ်သည်။ ဓားပေါ်တွင် သူမ လက်ဗွေရာမှ အပ တစ်ခြားမရှိ။ ဘယ်လိုပဲ ဖြစ်ပါစေ။ သူကတော့ မယုံကြည်ပါ။ သူမ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတာကို မယုံကြည်ပါ။ မိန်းကလေးတစ်ယောက်က တကယ် ကိုယ့်ကိုယ်ကို သတ်သေချင်တယ် ဆိုလည်း တခြားနည်းတွေ အများကြီး ရှိတာပဲလေ။ ဘယ်သူမှ ကိုယ့်ကိုယ်ကို ဓားနှင့်ထိုး၍တော့ သတ်သေမည် မဟုတ်ပါ။
အဲဒီ မောင်းချဓားကို သူဝယ်ပေးခဲ့ခြင်းဖြစ်သည်။ တစ်ခါက သူမက ပြောဖူးသည်။ ဘဝမှာ အလိုမတူပဲ အကြမ်းဖက်ခံရမှာကို အကြောက်ဆုံးပဲ တဲ့။ သူက အဲဒီလို အမှုတစ်ခု အကြောင်းကို ပြောပြမိတော့ သူမက ပြောခြင်းဖြစ်သည်။ နောက်တစ်ခါတွေ့တော့ သူက အဲဒီ မောင်းချဓားကို လက်ဆောင်ပေးခဲ့သည်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက်လို့ ပြောခဲ့သည်။ သူမကလည်း သဘောကျသည်။ ဓားက သေးသေးလေး လို့တောင် ပြောသေးသည်။ ဓားကသေးပေမယ့် လူသေနိုင်တယ်၊ နှလုံးတည့်တည့်ကိုသာထိုး လို့ သူက စနောက်ရင်း ပြောခဲ့သေးသည်။ အခုတော့ ဒီဓားနဲ့မှ သေရသည်။ သူသာ ဒီဓားကို လက်ဆောင်မပေးမိခဲ့ရင်...။
***
အောင်နိုင်သူနှင့် ပတ်သက်လို့တော့ နယ်မြေ ရဲဌာနမှာပဲ မေးရသည်။ သူက မိဘများနှင့် အတူမနေပဲ တစ်ယောက်တည်း ကွန်ဒိုတိုက်ခန်းမှာ နေသူဖြစ်သည်။ သူ့တိုက်ခန်းက ဆယ်ထပ်အမြင့်မှာ ရှိသည်။ ညသန်းခေါင်ကျော် အချိန်လောက်တွင် ဝရံတာမှ ခုန်ချခဲ့ခြင်းဖြစ်သည်။ သူများက တွန်းချသည် ဟု ထင်စရာ ခြေရာ လက်ရာ ဘာမှမရှိ။ ကိုယ်တိုင်ခုန်ချတာ သေချာသည်ဟု အထောက်အထားများ အရ ဆုံးဖြတ်လိုက်ကြပြီးဖြစ်သည်။ ထူးဆန်းတာ တစ်ခုက သူ့ကိုယ်ပေါ်မှာ ဓားဒဏ်ရာ နှစ်ချက်တွေ့ရခြင်းဖြစ်သည်။ သို့သော် ဆေးထည့်၍ ပတ်တီးစည်းထားပြီးဖြစ်သည်။ ရန်ဖြစ်သတ်ပုတ်၍ အောက်ပြုတ်ကျခြင်း လုံးဝ မဟုတ်နိုင်။ ထွန်းနေ အနေနှင့် အဲဒီဓားဒဏ်ရာ နှစ်ချက်ကို စစ်ဆေးကြည့်ချင်သည်။ ခုမှတော့ မဖြစ်နိုင်တော့။ ဆေးစစ်ချက်ကို ပဲ တောင်းကြည့်ရတော့သည်။ ခြောက်လက်မ မောင်းချဓားနှင့် ထိုးခံရသည်ဟု ထင်မြင်ကြောင်း ရေးထားသည်။
ခြောက်လက်မ မောင်းချဓား...။ ဒါ တိုက်ဆိုင်မှု ဖြစ်နိုင်ပါ့မလား။ ဇာတ်လမ်းကို မှန်းဆမိသလို ရှိလာသည်။ သူ ခရီးမသွားခင်ကပဲ အောင်နိုင်နှင့် တွေ့သေးသည်။ သူက သက်လျာကို အသည်းအသန် ပြန်ဖြစ်နေသည်။ သက်လျာကို ခိုးပြေးရင် ကောင်းမလား ဟု နောက်သလို ပြောင်သလို ပြောလို့ သူက တားမြစ်ခဲ့ရသေးသည်။ သက်လျာရဲ့ အချစ်က ဘယ်သူ့ဆီမှာ ဆိုတာ အောင်နိုင်သိအောင် ပြောခဲ့ရသေးသည်။ ဒီတော့...။ သက်လျာ ရဲ့အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန် အောင်နိုင် ရောက်သွားခဲ့ရင် ဒီအခွင့်အရေးကို သူအသုံးမချဘူးလို့ ပြောနိုင်ပါ့မလား။ ကိုယ့်ခြံ ကိုယ့်ဝင်း တွေနဲ့ မို့ သူဝင်သွား၊ ထွက်သွားတာကို ဘယ်သူမှ မမြင်လိုက်တာလည်း ဖြစ်နိုင်သည်။ သက်လျာဟာ ဒီမောင်းချဓားကို သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက်ပဲ သုံးမှာ။ အဲဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဓားကို လုကြမည်။ ဒါပေမယ့် ဘယ်လိုဖြစ်တာလဲ...။
သက်လျာ ပြောဖူးသော စကားတစ်ခွန်းကို သူ ပြန်ကြားယောင်မိသည်။ “ငါက နောက်ဆုံးအချိန် အထိ ငါ့ဘဝကို အဖြူရောင်ပဲ ဖြစ်ချင်တာ” ။ သက်လျာ အာကာဦးကို ချစ်နေမှန်း သူသိတော့ မစားရတဲ့ စပျစ်သီးကို ချဉ်တယ် ပြောချင်တဲ့ အထဲမှာ သူမပါတာမို့ အာကာဦးကို ချစ်နေရင်လည်း အဖြေပြန်ပေးလိုက်ဖို့ ဖြောင်းဖြဖူးသည်။ အဲဒီမှာ သက်လျာက ပြန်ပြောခဲ့ခြင်း ဖြစ်သည်။ အာကာဦးကို ချစ်ပေမယ့်လည်း လက်မထပ်ချင်ပါ တဲ့။
တကယ်လို့များ သူမရဲ့ နောက်ဆုံးအချိန်ဟာ တစ်စုံတစ်ဦး ရဲ့ စော်ကားမှုကို ကာကွယ်ရင်းနဲ့ ဖြစ်ခဲ့ရတယ် ဆိုရင်...။ အဲဒီကိစ္စက ပြီးမြောက်သည် ဖြစ်စေ၊ မပြီးမြောက်သည် ဖြစ်စေ သူမ သိက္ခာကို ထိခိုက်သည်ဟု သက်လျာက ထင်ကောင်းထင်မည်။ အဲဒီတော့ သူမ ဓားထိုးခံရခြင်း အဖြစ်မှာ တစ်ခြား ဘယ်သူ တစ်ဦးတစ်ယောက်မှ မပါဝင်ပဲ ကိုယ့်ကိုယ်ကို သတ်သေခြင်း ဖြစ်အောင် လုပ်လိုက်သည်။
***
ထွန်းနေ သက်လျာတို့အိမ် တစ်ခေါက်ထပ်ရောက်သည်။ သက်လျာ မေမေက သက်လျာမှာ စိတ်ဒဏ်ရာတွေ ရှိနေလို့ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ထင်နေရှာသည်။ အိမ်ထောင်ရေး အဆင်မပြေ ခဲ့တဲ့ သူတို့မိဘတွေ အပြစ်လည်း ပါသည်ဟု ဖြေမဆည်နိုင် ဖြစ်နေသည်။ အနည်းဆုံး သက်လျာမေမေ တော့ အဖြစ်မှန်ကို သိသင့်သည်။
“အန်တီ့ကို မမေးသင့်မှန်းသိပေမယ့် ထပ်မေးပါရစေ အန်တီ၊ ရုန်းရင်းဆန်ခပ် ဖြစ်ထားပုံ မရတာ သေချာရဲ့လား ဟင်၊ တစ်ခုခု လွဲနေတာမျိုး ရှိမရှိ စဉ်းစားကြည့်ပါဦး”
“မင်းက လွဲနေတာ ဆိုမှ တစ်ခုတော့ သတိထားမိတယ်၊ အဲဒီတုန်းကတော့ အရမ်းပူနေတော့ သတိမထားမိဘူးပေါ့၊ အဲဒီနေ့ မနက်က အန်တီ ကိုယ်တိုင် ဧည့်ခန်းက စားပွဲမှာ ပန်းအိုးထိုးခဲ့တာ၊ အဲဒီပန်းအိုးက ကွဲပြီး အမှိုက်ပုံးထဲ ရောက်နေတယ် ကွဲ့၊ ကျန်တာတော့ ဘာမှ ခြေရာ လက်ရာ မပျက်ပါဘူး”
“ခြေရာ လက်ရာ မပျက်အောင် တမင်ပြန်လုပ်ထားတာလည်း ဖြစ်နိုင်တယ် မဟုတ်လား အန်တီ၊ ကွဲသွားတဲ့ ပန်းအိုးကိုတော့ အသစ်ဖြစ်အောင် လုပ်လို့ မရဘူးပေါ့”
“မင်းပြောချင်တာ...”
“အန်တီ သိပါတယ်၊ တိုက်ပေါ်က ခုန်ချပြီး သေသွားတယ် ဆိုတဲ့ ကျွန်တော်တို့ သူငယ်ချင်း အောင်နိုင့် ကိုယ်ပေါ်မှာလည်း ခြောက်လက်မ မောင်းချဓား ဒဏ်ရာ နှစ်ချက်တွေ့ရတယ် အန်တီ၊ ဒါပေမယ့် သေတဲ့အချိန်မှာတော့ ပတ်တီး စည်းပြီးနေပြီ”
“အဲဒီနေ့က အန်တီက ညနေတော်တော် နောက်ကျမှ ပြန်ရောက်တယ်လေ၊ အဲဒီတော့ ဖြစ်ပြီးတာ ကြာနေပြီ၊ ရဲတွေကို ဆက်ပြီးတော့ မင်းဆီဆက်တယ်၊ မင်းက ခရီးသွားနေတယ် ဆိုလို့ မောင်အောင်နိုင် ဆီကို ဆက်တယ်၊ သူ့အသံက တစ်မျိုးကြီးပဲ၊ နေမကောင်းဘူးလား လို့တောင် ထင်လိုက်သေးတယ်၊ သူ မလာဘူးလေ၊ နောက်နေ့တွေကျမှ သူ့အကြောင်းကြားရတယ်၊ ဒါပေမယ့်... မင်းတွေးသလို ဖြစ်နိုင်ပါ့မလားကွယ်”
“သေချာတာပေါ့ အန်တီ၊ စဖြစ်တာ ဧည့်ခန်းမှာပဲ၊ သူတို့ ဓားကိုလုရင်းနဲ့ သက်လျာကို ထိုးမိသွားတယ်၊ သူ့ကိုယ်သူ မရတော့ဘူး ဆိုတာ သက်လျာ သိမယ်၊ ဒီတော့ အိပ်ခန်းထဲကို သွားတယ်၊ အပြင်မှာ ခြေရာ လက်ရာ မပျက်အောင် လုပ်ခိုင်းပြီး သူ့ကို ပြန်ခိုင်းမယ်၊ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ ပြောမယ်၊ ဓားပေါ်က လက်ဗွေရာတွေကို ဖျက်လိုက်မယ်...”
“ဘာကြောင့် အဲဒီလိုတွေ လုပ်ဖို့ လိုမလဲကွယ်၊ အဲဒီလိုတွေ လုပ်မယ့် အစား အန်တီ့ဆီပဲ ဖုန်းလေး တစ်ချက် ဆက်လိုက်ပါတော့လား၊ အချိန်မီ သိရင် ကယ်ရင် ကယ်နိုင်မှာ...”
“သူ့ဒဏ်ရာ အနေအထားက မကယ်နိုင်ဘူးဆိုတာ အန်တီသိပါတယ်၊ အဲဒီလိုတွေ ဘာကြောင့်လုပ်ရလဲ ဆိုတော့... သက်လျာက သူ့ဘဝ နောက်ဆုံး အချိန်ထိ အဖြူရောင်ပဲ ဖြစ်စေချင်တယ်လေ”
“ဒါ သူ့လော်မာတာမှ မဟုတ်ပဲကွယ်၊ ပြီးတော့ ဘာမှလည်း မဖြစ်ခဲ့ပါဘူး”
“ဘာမှ မဖြစ်ပေမယ့်လည်း သက်လျာလို ဘဝတစ်လျှောက်လုံး အစွန်းအထင်း မရှိအောင် နေခဲ့တဲ့သူ အဖို့ သိက္ခာကျစရာလို့ တွေးမှာပဲလေ၊ အဝေးက ကြားရမယ့် သူတွေဆိုရင် ဒီကိစ္စ ဖြစ်မြောက်လား မဖြစ်မြောက်လား ဆိုတာ သေချာနိုင်ပါ့မလား...”
“အဓိပ္ပါယ် မရှိတာကွယ် ဒီလို ခုခံကာကွယ်လို့ ဖြစ်ရတာပဲ သူ့မှာ သိက္ခာကျစရာ မရှိပါဘူး”
“သက်လျာက ဒီကိစ္စမျိုးနဲ့ ပတ်သက်ရင် နည်းနည်းတော့ အစွန်းရောက်တယ်လေ အန်တီ”
“ဒါဖြင့် အောင်နိုင်က ဘယ်လိုဖြစ်ရတာလဲ”
“သူအိမ်ပြန်သွားပြီး သူ့စိတ်သူ ထိန်းနေတုန်း၊ သက်လျာ မသေနိုင်ဘူးလို့လည်း ဖြေပြီး တွေးချင်တွေးနေမှာပေါ့လေ၊ အဲဒီ အချိန်မှာ အန်တီ ဖုန်းဆက်တော့ သက်လျာဆုံးတာကို သူသိသွားတယ်၊ သူ့အပေါ် အပြစ်မတင်ပဲ ကိုယ့်ကိုယ်ကို သတ်သေသလို လုပ်သွားတာကလည်း သူ့ကို စိတ်ထိခိုက်စေမှာပဲလေ၊ သူကလည်း လူဆိုးမှ မဟုတ်ပဲ၊ မတော်တဆ စိတ်မထိန်းနိုင်လို့ ဖြစ်သွားတဲ့ ကိစ္စမဟုတ်လား၊ နောက်ဆုံးတော့ သူမနေနိုင်တော့ပဲ အဲဒီလို လုပ်လိုက်တော့တာပဲ”
“မင်းပြောတာ ဖြစ်နိုင်ပါတယ်၊ မောင်ထွန်းနေ၊ အဲဒီလိုပဲ ဖြစ်မှာပါပဲ၊ သမီးက ကိုယ့်ကိုယ်ကို သတ်သေမယ့် လူမျိုးတော့ မဟုတ်ပါဘူး”
“ဒါကို ကျွန်တော်တို့ နှစ်ယောက်ပဲ သိရင်တော်ပါပြီ အန်တီ၊ တစ်ခြား ဘယ်သူ့ကိုမှ မသိပါစေနဲ့တော့၊ သက်လျာ ဖြစ်စေချင်သလိုပဲ ဖြစ်ပါစေတော့”
***
(၅)
သြော်... သက်လျာ၊ သက်လျာ...။ ယောင်္ကျားတွေကို မယုံကြည်ဘူး လို့ ပြောပြောနေပေမယ့် ဒီ ငယ်သူငယ်ချင်းကိုတော့ ယုံကြည်လို့ တစ်ယောက်တည်းနေတဲ့ အိမ်တံခါးကို ဖွင့်ပြီး လက်ခံ စကားပြောခဲ့တာ...။ ဒီလို အဖြစ်မျိုး ဖြစ်လိမ့်မယ်လို့လည်း ဘယ်သူက ထင်ပါ့မလဲလေ။ ဖြစ်လေရာ ဘဝတိုင်းမှာ ဒီလို အဖြစ်ဆိုးမျိုး မကြုံဖို့ ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းရယ်...။
***
သိင်္ဂါကျော်
23.6.2009
10:45 PM
ကျွန်တော့် အိမ်နီးချင်း အမျိုးသမီး တစ်ယောက်မှာ ငါးဧက ကျယ်တဲ့ မြင်းခြံ တစ်ခု ရှိပါတယ်။ ကျွန်တော့် ဥယျာဉ် အတွက် သူမရဲ့ ခြံထဲက မြေသြဇာ ယူဖို့ ခွင့်ပြုထားပါတယ်။
၂၀၀၉ မတ်လ ၁၁၊ ဗုဒ္ဓဟူးနေ့မှာ ကျွန်တော့် မြေး လေးနှစ်အရွယ် ဝီလ် နဲ့ ကျွန်တော် ဟာ မြင်းချေးကျုံးဖို့ လက်တွန်းလှည်းတစ်ခုနဲ့ မြင်းခြံထဲကို သွားခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ယောက် မြင်းခြံထဲကို မကြာခဏ သွားနေကျဖြစ်ပြီး မြင်းတွေစားဖို့ ပန်းသီး၊ မုန်လာဥနီ စတာတွေလည်းယူသွားတတ်လို့ မြင်းတွေနဲ့လည်း ကောင်းကောင်း ရင်းနှီးနေပါပြီ။
ဒီနေ့လည်း သူတို့စားဖို့ ပန်းသီးတွေ ပါလာပါတယ်။ အထဲကို ရောက်တယ် ဆိုရင်ပဲ နီကြန်ကြန်အရောင် မြင်းသုံးကောင်က ကျွန်တော်တို့နားကို ရောက်လာပါတယ်။ သူတို့ကို ပန်းသီးတစ်လုံးစီ ကျွေးနေတုန်းမှာပဲ အနက်ရောင်မြင်းတစ်ကောင် ပြေးလာတာကို တွေ့ပါတယ်။ ဝီလ် ကလည်း အနက်ရောင်အကောင်ဖို့ ပန်းသီးချန်ထားဦးနော် လို့ပြောပါတယ်။ အနက်ရောင်မြင်း ရောက်လာတာနဲ့ ကျွန်တော့်လက်ထဲက ပန်းသီးကို ယူစားပါတယ်။
၂၀၀၉ မတ်လ ၁၈၊ ဗုဒ္ဓဟူးနေ့မှာလည်း ဝီလ် နဲ့ ကျွန်တော် မြေသြဇာသယ်ဖို့ တစ်ခါထပ် သွားပြန်ပါတယ်။ မြင်းတွေဖို့ ပန်းသီးတွေလည်း ယူသွားပါတယ်။ အနီရောင် မြင်းသုံးကောင် ရောက်လာပြီး ကျွန်တော်တို့ ကျွေးတာကို စားပါတယ်။ အနက်ရောင်မြင်းကို ဘယ်နေရာမှာမှ မတွေ့ရပါဘူး။
နောက်တစ်နေ့ကျတော့ ကျွန်တော့် အိမ်နီးချင်း ကို မြင်းတစ်ကောင်စီးဖို့ ပြင်နေတာတွေ့လို့ ခြံစည်းရိုးနားသွားပြီး သူမခြံထဲက မြေသြဇာ အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။ သူမကလည်း ကျွန်တော်မယူရင်လည်း သူမ မြင်းစောင်းထဲမှာ အလကား စုပုံနေမှာဖြစ်လို့ ယူပါလို့ ဝမ်းမြောက်ဝမ်းသာ ပြောပါတယ်။ ကျွန်တော်က အနက်ရောင်မြင်းနဲ့ ပတ်သက်ပြီး မေးကြည့်မိတော့ သူမက ရေဗင် သေသွားပြီ ဖြစ်ကြောင်း ပြောပါတယ်။ လွန်ခဲ့ အပတ်ကမှ သူ့ကို ပန်းသီးကျွေးခဲ့သေးတာမို့ အံသြသွားပြီး ဘယ်အချိန်က သေသလဲလို့ မေးမိပါတယ်။ သူမပြောတာကတော့ အောက်တိုဘာလကပါတဲ့။ ကျွန်တော် လည်း စိတ်အနှောက်အယှက် ဖြစ်သွားပြီး သူမ နောက်နေတာလားလို့ ပြန်မေးမိပါတယ်။ ဘာလို့ဆို ပြီးခဲ့တဲ့ အပတ်ကမှ သူ့ကို ပန်းသီးကျွေးခဲ့သေးတယ်လို့ ပြောပြလိုက်ပါတယ်။ သူမက မြင်းတွေဟာ တစ်ခါတရံ သူတို့သေပြီးတာတောင်မှ သူတို့ရဲ့ စားကျက်ဟောင်းမှာ ကျက်စားလေ့ရှိသေးကြောင်း ပြောပါတယ်။
ကျွန်တော်လည်း ပိုပြီးသေချာချင်တာနဲ့ ကျွန်တော့် မြေးကို အရင်အပတ်က အိမ်နီချင်းခြံထဲမှာ မြင်းဘယ်နှကောင် တွေ့ခဲ့သလဲလို့ မေးတော့ သူက အနီရောင် သုံးကောင်နဲ့ အနက်ရောင် တစ်ကောင် လို့ ပြန်ဖြေပါတယ်။ ကျွန်တော် နေရတာပိုကောင်းသွားပါတယ်။ ဘာလို့ဆို ဒီအဖြစ်အပျက် တစ်ခုလုံး အိပ်မက်လို့တောင် ထင်နေလို့ပါပဲ။ ရေဗင် ဟာ သူသေဆုံးပြီး ခြောက်လကြာမှ ကျွန်တော့် ရှေ့မှာ ပေါ်လာတာ သံသယရှိစရာ မလိုပါ။
(Bobby Wallace ရဲ့ Ghost Horse ကို ပြန်ဆိုပါသည်။)
20.6.2009
10:09 AM
လောလောဆယ် ကြိုက်နေတဲ့ သီချင်းလေးရဲ့ စာသားလေးပါ။ ဆိုတာက ဇင်အောင် ပါ။ ဒီမှာ download လုပ်လို့ ရပါတယ်။ Youtube မှာလည်း ရှိပါတယ်။
ဒီတစ်ညတော့ ကောင်မလေးရာ
သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ
ဂစ်တာလေး တစ်လက် ကိုယ်ထမ်းလို့လာ
မင်းလေးအိပ်ပြီလား...
မအိပ်သေးလည်း ကောင်မလေးရာ
ဒီသီချင်းလေး ခံစားပေးပါ
ကောင်မလေး အတွက်
ကိုယ်ရေးထားတာ မီးလေးဖွင့်ပါဦး
ကောင်မလေးရဲ့ အိမ်အပြင်ဘက်မှာ
လေပြေလေးနဲ့ ကိုယ်သီချင်းငြီးတာ
အဖေ အမေ ကြားလို့ စိတ်ဆိုးမိမလား မင်းလေး ပြောကူဦး
တစ်ညလုံးလည်း ဆိုနေဦးမှာ
သံစဉ်ငြီးလို့ ကိုယ်မောတဲ့အခါ
အသံမကြားလို့ အိပ်မသွားနဲ့ကွာ
တစ်ချက်တော့ တောင်းပန်မယ် ကလေးလေး ရယ်
မင်းအတွက်နဲ့ သီချင်းလေးရေးတာ သိပ်ချစ်လို့ပါကွာ
အမြဲတမ်းပဲ မင်းလေး အတွက်ပါ ကလေးရာ
ချစ်တယ် ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ
ကလေးလေး နားရောက်ခဲ့တဲ့ အခိုက်မှာ
လွမ်းတယ် လွမ်းတယ် လွမ်းတယ် အမြဲတမ်း လွမ်းနေမယ်
အခြေအနေပေးခဲ့ရင် နေ့တိုင်း တွေ့ချင်တယ်