14 September, 2009

ညှိုးချိန်မတိုင်ခင် (ဇာတ်သိမ်း)

(၅)

အဲဒီအပတ် တနင်္ဂနွေ မှာပဲ နီလာဦးက မမေ့မလျော့ ခေမာညိုဆီ ဖုန်းဆက်လာပါသည်။ သူမတို့ နှစ်ယောက် မြေနီကုန်း မှာပဲ တွေ့ဖြစ်ကြပြန်သည်။

“နင် ဒီနေ့တော့ တကယ်အားတယ်ပေါ့၊ အရင်တစ်ခါလို ငါ့ကို တစ်ပိုင်းတစ်စ မလုပ်နဲ့နော်၊ ဇာတ်လမ်းဆုံးအောင် ပြောတော့၊ စောသွင် နဲ့ သက်စိုးထွဋ် ညီမ ဘယ်လို ဖြစ်ကြသေးလဲ”

“သက်စိုးထွဋ် နဲ့ ပတ်သက်တဲ့ အကြောင်းမို့ နင်က အရမ်းသိချင်နေတာလား ခေမာရဲ့ ဟီ ဟီ...”

“ငါ့တပည့်နဲ့ ပတ်သက်တယ်လေ သိချင်ရမှာပေါ့၊ လုပ်ပါ ဈေးမကိုင်နဲ့ ဆက်ပြောတော့...”

“ပြောပါ့မယ် ပြောပါ့မယ်၊ ပြောချင်လွန်းလို့ကို ချိန်းရတာပဲဟာ...

“အဲဒီနှစ်က သူတို့ ခြောက်ယောက်လုံး ဆယ်တန်း ကျတယ်၊ နောက်နှစ်ကျတော့ သက်စိုးက ရန်ကုန်မှာ ဘော်ဒါ သွားတက်တယ်၊ စောသွင်ကတော့ ကျောင်းမှာပဲပြန်တက်တယ်၊ သက်စိုး ညီမ သက်မြတ် ကလည်း ကျောင်းမှာပဲလေ၊ စောသွင်က ဗျူဟာ ပြောင်းလိုက်တယ်၊ အတန်းထဲမှာ ငြိမ်ငြိမ်သက်သက် နေတယ်၊ အသက်ကို တစ်ခါ နှစ်ခါ စာလိုက်ပေးတယ်၊ နင့်တုန်းကလောက်တော့ အနှောက်အယှက် မပေးဘူးတဲ့၊ အသက်ကလည်း စောသွင်လို ကောင်မျိုးကို ဦးနှောက်ထဲ မထားပါဘူး၊ သက်စိုး က ဒီကောင်တွေနဲ့ ပေါင်းနေပေမယ့် သူ့ညီမကို သူ့ သူငယ်ချင်းတွေနဲ့ လုံးဝ မပတ်သက်အောင်ထားခဲ့တာ၊ သူ့ညီမကို သိပ်တိုတတ်တာ...၊ အဲဒီတော့ စောသွင်အတွက် အကွက်ကောင်းပဲပေါ့၊”

“သက်စိုးထွဋ်ကို မကျေနပ်တာနဲ့ သူ့ညီမကို ချဉ်းကပ်တာလား ယုတ်မာလိုက်တဲ့ကောင်”

“အဲလောက်ဆိုရင် မယုတ်မာသေးဘူး၊ ခုမှ ယုတ်မာမှာ၊ စာမေးပွဲကြီး မဖြေခင်ပဲ အသက်ကို စောသွင်က အဓမ္မ ခိုးပြေးသွားတယ်၊ အသက် မိဘတွေ ခမျာ အမျိုးမျိုး စုံစမ်းပေမယ့် ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး၊ သက်စိုးကလည်း စာမေးပွဲ နီးနေပြီ ဆိုတော့ မပြောပဲ ထားထားတာ...၊ နောက် သုံးလလောက်ကြာမှ စောသွင်က စာရေးပြီး ဆက်သွယ်မှ အသက်ကို ပြန်ခေါ်နိုင်ခဲ့တယ်၊ ဘယ်လို ရေးခဲ့လဲ ဆိုတော့ ခေမာညိုကို ခိုးပြေးဖို့ လုပ်တုန်းက သက်စိုးက အပြင်းအထန် တားခဲ့လို့...အစားအနေနဲ့ သက်စိုး ညီမကို ခိုးပြေးသွားတာ ဆိုတဲ့အကြောင်း၊ အခု စွန့်ပစ်လိုက်ပြီမို့ လာခေါ်ဖို့ ရေးထားတာပဲ၊ အသက် အဖေ အမေတွေ ဘယ်လောက် ရင်ထုမနာ ဖြစ်မလဲ ဆိုတာ နင် စဉ်းစားသာကြည့်ပေတော့...”

“လူမဆန်တဲ့ အကောင်၊ သူများသားသမီးကို ပန်းကောင်းအညွန့်ချိုးပြီး ပစ်ထားတယ် ဟုတ်လား... ပြီးတော့ ဒီပြဿနာက ငါ့ကို မုန်းရာက စတာ... ဖြစ်မှ ဖြစ်ရလေ၊ ငါ ဒီကောင်ကို သတ်ပစ်ချင်တယ်....”

ဘယ်လို စကားလုံး သုံး၍ ပြောရမှန်း မသိအောင်ပင် စောသွင်ကို မုန်းသော စိတ်က ခေမာညို တစ်ကိုယ်လုံး ပြန့်နှံလာသည်။ အသက်က ကိုယ့်အစား သဘောမျိုး ဓားစာခံ ဖြစ်ရရှာတာကို တွေးပြီး ကိုယ့်ကိုကိုယ် မုန်းသည်။ ဘာဖြစ်လို့များ ခေမာညိုက စောသွင်လိုကောင်မျိုးကို ရန်သူဖြစ်အောင် လုပ်ခဲ့မိသလဲ...။

နီလာဦး ဆက်ပြောသော စကားများကိုပင် မကြားနိုင်လောက်အောင် ဖြစ်ရသည်။

“အသက် အိမ်ပြန်ရောက်လာတော့ ဟိုအကောင့်သွေးသားက ပါလာခဲ့တယ်၊ သူ့ အမေကလည်း သားဖွားမီးယပ် အထူးကု တစ်ယောက်မို့ အပြစ်မရှိတဲ့ ကလေးကို မဖျက်ဆီးပဲနဲ့ တစ်ခြားမှာ သွားမွေးစေခဲ့တယ်၊ အသက်ခမျာ စိတ်ရော ကိုယ်ရော မကျန်းမာတဲ့ အထဲက အဲဒီကလေးကို မွေးခဲ့တယ်၊ မကြာပါဘူး အသက် ဆုံးသွားတယ်၊ ကလေးကတော့ ကျန်းကျန်းမာမာပဲ ကျန်ရစ်တယ်၊ သူတို့ မိသားစုလည်း ရန်ကုန် အပြီးပြောင်း သွားကြတယ်လေ”

“သက်စိုးထွဋ် သိတော့ရော ဘယ်လိုနေလဲ၊ စောသွင်ကို သွားမသတ်ချင်ဘူးလား”

“သူ ဘယ်လို ခံနိုင်ရည် ရှိအောင် ကြိုးစားခဲ့လဲတော့ ငါမသိဘူး၊ စောသွင်ကို သွားမသတ်တာတော့ အမှန်ပဲ၊ အခုတော့ စောသွင်လည်း သူ့ အကုသိုလ်နဲ့သူ သွားပါပြီ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကပဲ အသည်းကင်ဆာနဲ့ သေပြီလေ၊ အသက်နဲ့ ကွဲပြီးမှ နောက်ထပ် မိန်းမ တစ်ယောက် ရသေးတယ်၊ အဲဒါလည်း မကြာပါဘူး ကွဲတာပဲ၊ သူ့မိဘ အိမ်ကလည်း နှင်ချထားတော့ အရက်တွေ မတရားသောက်ပြီး တေပေ လေလွင့်နေရင်းနဲ့ ဖြစ်တာပဲ”

“သက်စိုးထွဋ် နေရာမှာ ငါသာ ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် စောသွင်ကို သတ်မိမှာပဲ”

“ကဲ ကဲ တော်ပါပြီဟာ၊ ငါလည်း နင့်ကို စိတ်ညစ်စရာ တွေ ပြောနေမိတယ်၊ အဓိက ငါပြောချင်တဲ့ အကြောင်းက သက်စိုးထွဋ်က နင့်ကို တကယ် ချစ်တာ၊ ကလေးတစ်ယောက်အဖေ အမည် ခံနေရပေမယ့် အခုထက်ထိ ဘယ်သူနဲ့မှ အိမ်ထောင်ပြုခဲ့သေးတာ မဟုတ်ဘူး”

“တော်စမ်းပါ နီလာရယ်၊ အောင်သွယ်ဖို့ စဉ်းစားမနေပါနဲ့၊ ငါက အိမ်ထောင်ပြုဖို့ စိတ်ကိုမဝင်စားပါဘူး၊ တစ်ယောက်တည်း နေရတာ ဘယ်လောက်ငြိမ်းချမ်းလည်း နင်တို့လို ကလေးအတွက် ယောင်္ကျား အတွက် ပူစရာလည်း မရှိဘူး၊ သူ့မှာလည်း သူ့ဟာသူ ရှိမှာပါ၊ ငါ့ကို စောင့်နေတယ်တော့ မထင်ပါဘူးနော်...”

“နင်က ငါပြောတာကို မယုံဘူးပေါ့၊ သူပြောရင်တော့ ယုံမှာပါ”

“နင်လုပ်တာနဲ့ပဲ နောက်တစ်ခါတွေ့ရင် အနေခက်တော့မှာပဲ၊ သူ့ကို တကယ် ကျေးဇူးတော့ တင်ပါတယ်...၊ ငါ့ဘဝ ပျက်ရင်ပျက် မပျက်ရင်တောင် အရှက်ရပြီး အမည်းစက် ဖြစ်ရမယ့် အရေးက သူကာကွယ်ပေးခဲ့တာပဲ၊ ငါ့ကို ကာကွယ်ခဲ့တဲ့ အတွက် သူ့ညီမကို ဖျက်ဆီးခံခဲ့ရတယ်၊ ငါ တကယ် စိတ်မကောင်းဘူး ဟာ၊ ဘယ်မိန်းကလေးကိုမှ ဒီလို အဖြစ်မျိုး မဖြစ်စေချင်ဘူး”

“တကယ်တော့ စောသွင် ငါ့ကို ကားတင်ပြေးဖြစ်ခဲ့ရင် ကောင်းမှာ... ဒါဆို ဒီအညှိုးက အသက်ဆီအထိ ရောက်စရာ မလိုတော့ဘူး၊ ငါက အသက်လို ခပ်ပျော့ပျော့ မိန်းမ မဟုတ်ဘူး၊ အဲဒီတုန်းက ငါ့မှာ မောင်းချဓား တစ်ချောင်း အမြဲပါတယ်၊ အဲဒီခြောက်ကောင် နှောက်ယှက်နေတယ် ဆိုလို့ ဖေဖေက ဝယ်ပေးထားတာ၊ ငါ သူ့ကို အသေသတ်ပစ်ခဲ့မှာ၊ သူ့ကို မသတ်နိုင်တဲ့ အဆုံး ငါ့ကိုယ်ငါ ထိုးသတ်လိုက်မှာ သူ့ အစော်ကားတော့ မခံနိုင်ဘူး”

“နင်ကတော့ ပြောသလို လုပ်မယ့်လူပဲ ငါယုံတယ်... ပြီးခဲ့တာတွေ ထားလိုက်ပါတော့ဟာ၊ လျှောက်တွေးမနေပါနဲ့တော့၊ ငါတို့ စကားကောင်း နေတာလည်း ကြာသွားပြီ၊ ပြန်ကြရအောင်”

နီလာဦး နှင့် လမ်းခွဲပြီး ပြန်လာသော လမ်းမှာလည်း သက်စိုးထွဋ် ညီမလေး အကြောင်း တွေးနေမိဆဲပင်။ အညှိုးအတေးများ၏ အရင်းအမြစ်က သူတစ်ပါးကို နစ်နာစေအောင် ပြောတတ် လုပ်တတ်ခဲ့သော ခေမာညိုကြောင့်ပင် ဖြစ်သည်လေ။ “နှုတ်ကြောင့်သေ ဟူသော စကားပင် ရှိသည် မဟုတ်ပါလား...။

**********
(၆)

နောက်နှစ်ရက်လောက် အကြာ ညဦးပိုင်း တစ်ခုမှာ ခေမာညို ဘယ်လိုမှ မနေနိုင်သဖြင့် သက်စိုးထွဋ် အိမ်ကို ဖုန်းဆက်ဖြစ်သည်။ ကျော်ကျော်သက်လည်း မရှိသဖြင့် အေးအေးဆေးဆေး ပြောဖြစ်ကြသည်။ နီလာဦး နဲ့ တွေ့ဖြစ်ပြီး ကျော်ကျော်သက် အကြောင်း အားလုံး သိပြီးပြီ ဟု ပြောပြလိုက်သည်။ သူက ခေတ္တတော့ ငြိမ်သက်သွားသည်။ နောက်တော့မှ ကျော်ကျော်သက်ကို တစ်သက်လုံး မပြောဖို့ ခေမာညိုကို ကတိတောင်းလိုက်သည်။ ခေမာညိုကလည်း ပြောဖို့ရည်ရွယ်ချက် မရှိပါ။ သူ့အဖေ အရင်းဟာ စောသွင်လို လူမျိုးပါလို့ သိသွားမည့် အစား သက်စိုးထွဋ်ကို အဖေ အရင်းဟု ထင်နေတာက ပိုကောင်းပါသည်။

“အဲဒီနှစ်တွေမှာ စောသွင်ကို မသတ်ပဲ ရှင် ဘယ်လို နေနိုင်ခဲ့သလဲ ဆိုတာ ကျွန်မ အံသြတယ်၊ ကျွန်မသာ ဆိုရင် စောသွင်ကို သတ်ရမှ ကျေနပ်နိုင်မယ် ထင်တာပဲ”

“ကျွန်တော်လည်း အဲဒီတုန်းကတော့ ဒီလို စိတ်မျိုး ပေါ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် စောသွင်ကို သတ်လိုက်လို့ ကျွန်တော် ထောင်ကျသွားခဲ့ရင် မိဘတွေခမျာ ညီမလေး အတွက် စိတ်ဆင်းရဲ ရတဲ့ကြားမှာ ကျွန်တော့်အတွက် ထပ်ပြီး ပူပန်ရဦးမှာလေ၊ ညီမလေး ဆုံးသွားတော့လည်း ကျွန်တော် အရမ်းခံစားရပါတယ်၊ ဒါပေမယ့် လည်း စိတ်ဓာတ်ရေးရာ ချုံးချုံးကျနေတဲ့ မိဘနှစ်ပါးကို အားပေးဖို့... အပြစ်မရှိတဲ့ ကျွန်တော့် တူလေးကို စောင့်ရှောက်ဖို့ ကျွန်တော် စိတ်လိုက်မာန်ပါ လုပ်လို့ မဖြစ်ဘူး၊ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ၊ ကံကံ၏ အကျိုးကို ယုံကြည်သူတွေပါ၊ မကောင်းတာပြုတဲ့သူဟာ မကောင်းတဲ့ ပြစ်ဒဏ် ခံရမှာ ရှောင်လွှဲလို့ မရပါဘူး၊ အဲဒီလို သဘောပေါက်အောင် မေမေကလည်း နားချခဲ့တယ်လေ”

“ဟုတ်ပါတယ်၊ ရှင်ပြောတာ မှန်ပါတယ်၊ အမှန်တော့ ကျွန်မလည်း အခုမှ သိပြီး စိတ်ဆိုးလွန်းလို့ ပြောမိတာပါ၊ ရှင့်ကို စိတ်မကောင်းစရာ အတိတ် အကြောင်းတွေ ပြန်သတိရအောင် လုပ်မိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်နော်... ရှင့် အဖေနဲ့ အမေရော နေကောင်းကြရဲ့လား”

“ကောင်းပါတယ်၊ စင်ကာပူ ရောက်နေတာ ကျွန်တော်ကျောင်းပြီးကတည်းကပဲ၊ သူတို့အနေနဲ့ ကျော်ကျော့်ကို မြင်နေရရင် ညီမလေးကို သတိရပြီး စိတ်ဆင်းရဲရတယ်တဲ့လေ၊ ဒီမှာ နေတုန်းကလဲ သူများ အဘိုးအဘွားတွေလို မဟုတ်ဘူး၊ ခပ်စိမ်းစိမ်း ခပ်ခွာခွာပဲ နေခဲ့တာ၊ သားက သနားဖို့ ကောင်းပါတယ်”

“သြော်... ကျော်ကျော်က အဘိုးအဘွား ရဲ့ မေတ္တာလည်း မခံစားခဲ့ရဘူးပေါ့၊ ဒါနဲ့ အမေနာမည် ဒေါ်နန်းမူ ဆိုတာ ကရော”

“အဲဒါက၊ ကလေးမွေးရင်းနဲ့ ကလေးရော လူကြီးပါ ဆုံးသွားတဲ့ မေမေ့ လူနာ တစ်ယောက်ရဲ့ နာမည်ပဲ၊ သူ့ယောင်္ကျားကလည်း သူ ကိုယ်ဝန်ခြောက်လ လောက်ကပဲ အက်ဆီးဒင့်နဲ့ ဆုံးသွားခဲ့တာတဲ့”

“သြော်”

“ကျွန်တော်က အခုထက်ထိ တစ်ယောက်သောသူ ကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ခဲ့သေးသလို၊ ဘယ်သူနဲ့ မှလည်း လက်မထပ်ရသေးပါဘူးဗျာ၊ လက်ထပ်မယ်ဆိုရင်လည်း အဲဒီ တစ်ယောက်သောသူပဲ ဖြစ်ချင်တာ... ပြီးတော့ ကျွန်တော့်ကို ကလေးတစ်ယောက် အဖေ အနေနဲ့ လက်ခံနိုင်ပြီး၊ သားကိုလည်း မိခင်မေတ္တာနဲ့ ကြင်နာနိုင်မယ့်လူ ဖြစ်စေချင်တယ်”

အဲဒီ တစ်ယောက်သောသူက ဘယ်သူလဲလို့ ခေမာညိုက မမေးပါဘူး။ သူ့စကားက ဘယ်ကို ရည်ရွယ်တယ် ဆိုတာ သိသိကြီးပဲ။ နေပါဦးလေ။ ပြန်တွေ့ကြတာမှ မကြာသေးပဲ ဒီလောက်လောဖို့ မလိုပါဘူးနော...။ အဲဒီမြို့ကလေး အကြောင်း ပြန်တွေးမိတိုင်း အခင်ဆုံး သူငယ်ချင်း နီလာဦးတို့ အရင် သူ့မျက်နှာကိုပဲ အမြဲ ပြေးမြင်မိခဲ့ပေမယ့် အချစ်ဆိုတာ ဘာလဲလို့ ခေမာညို တကယ်ကို မသိသေးတာပါ။

**********
(၇)

ခေမာညိုသည် သက်စိုးထွဋ်၏ တောင်းပန်ချက်အရ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ မှာ တစ်နေ့ (၃) နာရီလောက် ကျော်ကျော်သက်တို့ အိမ်သို့ သွား၍ guide လုပ်ပေးဖြစ်သည်။ ကျော်ကျော်သက် နှင့်အတူ အတန်းထဲမှ စာအသင့်အတင့် တော်သော ကောင်မလေး နှစ်ယောက်၊ ကောင်လေး နှစ်ယောက် ကိုပါ အတူတူ guide လုပ်ပေးခြင်း ဖြစ်သည်။ တကယ်တော့ ကျော်ကျော်သက်မှာ ညံဖျင်းသော ကလေး တစ်ယောက် မဟုတ်ပါ။ ဥာဏ်ထက်မြက်သော်လည်း ကြိုးစားလိုစိတ် မရှိသဖြင့် မတော်ခြင်း ဖြစ်သည်။ သူ့ကို အပေါင်းအသင်း ပတ်ဝန်းကျင်ကောင်း တွင် ဝင်ဆံစေခြင်း ဖြင့် အပြိုင်အဆိုင် စာကြိုးစားသော သူငယ်ချင်းများနှင့်အတူ စာကြိုးစားလာခဲ့ပါသည်။

အဌမတန်း အောင်စာရင်းများထွက်တော့ ကျော်ကျော်သက်က ဂုဏ်ထူး သုံးဘာသာ၊ အောင်ကောင်းက သုံးဘာသာ၊ ဟိန်းခန့်က နှစ်ဘာသာ၊ မိုးနှင်းဖြူ နှင့် တူးတူးက ဘာသာစုံဂုဏ်ထူး ထွက်ကြသည်။

နောက်နှစ်မှာလည်း သူတို့ ငါးယောက်ကို ခေမာညိုပဲ guide လုပ်ပေးရပါသည်။ ဒီနှစ်တော့ သူတို့အိမ်မှာပဲ လုပ်ပါဟု မိုးနှင်းဖြူ မိဘများက ပြောသဖြင့် စုရပ်က ထိုအိမ်သို့ ရောက်သွားသည်။ ပွင့်သစ်စ ပန်းလေးလို လှလာပြီ ဖြစ်သော သူတို့ သမီးလေးကို စိတ်မချသဖြင့် မျက်စိအောက်မှာသာ ထားလိုခြင်းကို ခေမာညို နားလည်ပါသည်။ ကျော်ကျော်သက် နှင့် အောင်ကောင်း ကလည်း မိုးနှင်းဖြူလေး ပိုလှလာသည်ကို သတိပြုမိပြီး အရေးတယူ ရှိလာသည်ကို ခေမာညို ရိပ်မိတော့ သူတို့ စိတ်ကလေးတွေ အရောင် မပြောင်းရလေအောင် နားဝင်လွယ်မည့် စကားလေးတွေနှင့် အလိမ္မာသုံးကာ ဆုံးမရပါသေးသည်။

ကျော်ကျော်သက် တစ်ယောက်ကတော့ ရှစ်တန်းကျ ကျန်ခဲ့သည့် အပေါင်းအသင်းဟောင်းများနှင့် လုံးဝ အဆက်ပြတ်သွားပြီး လက်ဖက်ရည်ဆိုင် ကြာကြာထိုင်ခြင်း၊ ညဘက် ဂစ်တာတစ်လက်နှင့် အချိန်ဖြုန်းခြင်း၊ ရန်ဖြစ်ခြင်း တို့အစား အားလပ်ချိန်တွင် စာအုပ်ဖတ်ခြင်း၊ အားကစားလုပ်ခြင်း များဘက်သို့ ပြောင်းသွားသည်။ သက်စိုးထွဋ် ကိုယ်တိုင်လည်း သူ့သားကို ပို ဂရုစိုက်လာတာလည်း ပါသည်။

သက်စိုးထွဋ် ကတော့ ကျော်ကျော်သက် ပြောင်းလဲလာသည့် အတွက် ခေမာညိုကို ကျေးဇူးတင်လျက် ရှိပြီး လက်ထပ်ခွင့်ကိုတော့ အခွင့်သင့်တိုင်း တောင်းဆိုတတ်မြဲ။ ကိုယ့်ဘဝ အချိန်မတိုင်ခင် မနွမ်းခဲ့ရသည်မှာ သူ့ကျေးဇူးပါပဲ လို့ စိတ်ထဲမှာ အမြဲမှတ်ထင်လျက် ကျော်ကျော်သက်ကိုလည်း ကိုယ့်တူ ကိုယ့်သားလေးလိုပဲ သဘောထားနိုင်ခဲ့သော်လည်း သူ့ကို လက်ထပ်ဖို့ကိုတော့ ခုထိ စဉ်းစားနေဆဲပင်။ တကယ်တော့ လွတ်လပ်တဲ့ ကိုယ့် တစ်ကိုယ်တော် ဘဝကို စွန့်လွှတ်ဖို့ နှမြောနေသေးတာပါ။

**********

နွေကျောင်းပိတ်ရက်မို့ အိမ်မှာ မြဲနေသော ခေမာညို့ထံသို့ ကျောင်းစာနှင့် အစားမှ လွဲ၍ တစ်ခြား ဘာမှ စိတ်မဝင်စားတတ်သော ဟိန်းခန့် တစ်ယောက် မောကြီး ပန်းကြီး ပုံစံနှင့် ရောက်ချလာပါသည်။

“တီချယ် တီချယ်၊ ကျော်ကျော် နဲ့ မိုးနှင်း ခိုးရာလိုက် သွားကြပြီ”

“ဘာ၊ ဘာ ဖြစ်တယ်”

“ဒီကျောင်းပိတ်ရက် မှာ အောင်ကောင်း နဲ့ မိုးနှင်းကို စေ့စပ်ပေးကြတော့မလို့ သူတို့မိဘတွေက စီစဉ်နေကြတယ်တဲ့၊ အဲဒါ မိုးနှင်းက ကျော်ကျော့်ကိုပဲ ကြိုက်တာ၊ အောင်ကောင်းကို မကြိုက်လို့ သူတို့ နှစ်ယောက် ထွက်ပြေးကြတော့မယ်၊ ကျော်ကျော့် သူငယ်ချင်းတွေက ကူညီမယ် ပြောတယ်၊ တူးတူးလည်း သိလို့ နောက်က လိုက်သွားပြီ၊ ကျွန်တော်က တီချယ့်ကို လာပြောတာ…”

“ဒါဆို တို့လိုက်သွားကြရအောင်… နေဦး ကျော်ကျော့်အဖေ ဆီ ဖုန်းဆက်လိုက်ဦးမယ်”

အရေးကြီးကာမှ သက်စိုးထွဋ်“ ဟန်းဖုန်းမှာ ဘယ်လိုမှ ဆက်မရပါ။ လိုင်းမမိသော နေရာသို့ ရောက်နေပုံရသည်။ မတတ်နိုင်တော့။ ဟိန်းခန့်လာသော တက္ကစီနှင့်ပင် နှစ်ယောက်သား သွားရတော့သည်။ ဟိန်းခန့်၏ လမ်းပြမှုနှင့် ခေမာညိုတို့ ထိုခြံဝင်းနှင့် အိမ်လေးဆီသို့ ရောက်သွားသည်။ နီးနီးကပ်ကပ်တွင် လူနေအိမ်များ မရှိ။ တစ်နိုင် မွေးမြူရေး ခြံတစ်ခု ဖြစ်ပုံရပြီး ခြံရှင်များကိုတော့ မတွေ့ရ။

ခြံရှေ့ရောက်ရောက်ချင်း တူးတူ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ့ကို ဆီးမေးတော့..

“မိုးနှင်းတို့ ထွက်သွားကြပြီ တီချယ်၊ သမီးကို ဖိုးထူးတို့ အုပ်စုက မလိုက်နိုင်အောင် တားထား ရုံမကဘူး.. အနိုင်ကျင့်ဖို့ ကြိုးစားကြတယ်၊ သမီး အတင်းရုံးကန်ပြီး ထွက်ပြေးလာရတာ”

တူးတူးက ဒေါသသံဖြင့် ပြောပြသည်။

အိမ်ထဲမှ ကောင်လေး သုံးယောက် ပြေးထွက်လာကြပြီး ခေမာညို့ကို တွေ့တော့မှ အရှိန်သတ် သွားကြသည်။ ဖိုးထူး၊ ဟန်ဌေး နှင့် တိုးဝင်း ဆိုသော ခေမာညို့ တပည့် ကျော်ကျော်သက် သူငယ်ချင်း လူဆိုးကလေးများ ဖြစ်သည်။

ထိုအချိန်မှာပင် တက္ကစီ တစ်စီး ထိုးစိုက်လာပြီး ကျော်ကျော်သက်နှင့် မိုးနှင်းဖြူ တို့ ဆင်းလာကြသည်။

“နင်တို့ မသွားဖြစ်တော့ ဘူးလား” တူးတူးက ဝမ်းသာအားရမေးသည်။

“သွားမှာ၊ နင့်ကို စိတ်မချလို့ ပြန်လာကြည့်တာ တူးတူး၊ ဟိုကောင်တွေ ကြားမှာ နင်တစ်ယောက်တည်း ဖြစ်နေလို့”

“ငါက သူတို့ လုပ်တိုင်း ငြိမ်ခံနေမယ့် ပျော့ပျော့ နွဲ့နွဲ့ မိန်းမမျိုး မဟုတ်ဘူး၊ ငါ့ကို စော်ကားလာလို့ကတော့ သူသေ ကိုယ်သေပဲ၊ တော်သေးတယ်၊ တီချယ်ညို တို့ရောက်လာလို့”

ထိုအခါမှ မိုးနှင်းဖြူ နှင့် ကျော်ကျော်သက်က ခေမာညိုကို သတိထားမိသွားသည်။

“သမီး မိုးနှင်း၊ တီချယ်နဲ့ ပြန်လိုက်ခဲ့ပါ၊ သမီး မိဘတွေဘက်က သမီး မနှစ်သက်တဲ့လူနဲ့ အတင်းအကျပ် မလုပ်အောင် တီချယ် တာဝန်ယူပြီး ပြောပေးပါ့မယ်၊ သမီးတို့ စဉ်းစားကြည့်စမ်းပါ၊ ဒီလို ငယ်ငယ်ရွယ်ရွယ် ပညာမစုံသေးတဲ့ အရွယ်မှာ နှစ်ယောက် တစ်ဘဝ နေကြမယ် ဆိုတာ စိတ်ကူးယဉ်တာ သက်သက်ပါပဲကွယ်၊ မင်းတို့ ဘာလုပ်ကိုင် စားသောက်ကြမလဲ၊ နှစ်ယောက်စလုံးလည်း အသက် မပြည့်ကြသေးဘူး၊ အဲဒီတော့ တီချယ်စကားကို နားထောင်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြမယ်နော်…”

သူတို့ နှစ်ယောက်ကို တော်တော်လေး နားချတော့မှ အိမ်ပြန်ဖို့ သဘောတူကြသည်။ သူတို့ ပြီးတော့ ဖိုးထူး တို့ကိုလည်း ပြောရသေးသည်။

“ကဲ ဖိုးထူး… မင်းတို့က ကိုယ့်သူငယ်ချင်း မိန်းကလေး တစ်ယောက်ကို အနိုင်အထက် ကျင့်ဖို့ ကြိုးစားကြတယ်ပေါ့… မင်းတို့ အပြစ်ကို သိကြရဲ့လား… မင်းတို့ မိဘတွေကို တိုင်မယ်၊ ရဲစခန်းမှာ အမှုဖွင့်မယ်ဆို မင်းတို့ အပြစ်ကျခံရမှာပဲ၊ အဲဒါဆို မင်းတို့ မိဘတွေလည်း သိက္ခာကျမယ်၊ အရှက်ကွဲမယ်၊ မင်းတို့ အသက်အရွယ်နဲ့ ဒီလို အပြုအမူမျိုး လုပ်စရာကို အကြောင်းမရှိဘူး၊ ဘာကြောင့်များ လုပ်တာလဲကွယ်”

“ကျွန်တော်တို့ တကယ်လုပ်မလို့ မဟုတ်ပါဘူး အန်တီ၊ တူးတူး လိုက်သွားမှာ စိုးလို့ ခြိမ်းခြောက်ရုံ သက်သက်ပါ၊ ခွင့်လွှတ်ပါ တီချယ်၊ မိဘတွေကို မတိုင်ပါနဲ့နော်..”

“တီချယ့်ကို တောင်းပန်ရမှာ မဟုတ်ဘူး၊ တူးတူးကို တောင်းပန်ရမှာ”

“ငါတို့ မှားပါတယ် တူးတူး၊ နင်ကျေနပ်အောင် တောင်းပန်ပါ့မယ်၊ အမှုမဖွင့်ပါနဲ့နော်”

သုံးယောက်စလုံးက တစ်ယောက်တစ်ပေါက် ပြော၍ တောင်းပန်ကြသည်။ တူးတူးက မကျေနပ်ပေမယ့် ဘာမှမပြောတော့။

“တီချယ်က ဒီကိစ္စကို မင်းတို့မိဘတွေလည်း မတိုင်ဘူး၊ အမှုလည်း မဖွင့်ဘူး၊ အဲဒီ အတွက် မင်းတို့ဘက်က ကတိ တစ်ခုတော့ ပေးရလိမ့်မယ်၊ နောက်နောင် မိန်းကလေး တစ်ယောက်ကို အလိုမတူပဲ ခိုးပြေးတာတို့၊ အဓမ္မကျင့်တာတို့ လုံးဝမလုပ်တော့ပါဘူး ဆိုတဲ့ ကတိပဲ၊ ပါးစပ်က လွယ်လွယ်ပြောရုံနဲ့ မပြီး ဘူးနော်၊ တကယ် တည်မတည် တီချယ် စောင့်ကြည့်နေမှာ”

“ဟုတ်ကဲ့၊ ကျွန်တော်တို့ ကတိ ပေးပါတယ် တီချယ်”

“ကျော်ကျော်ရော အဲဒီ ကတိ ပေးနိုင်မလား…”

“ကျွန်တော်လည်း ပေးနိုင်ပါတယ် တီချယ်”

“မင်းတို့ အနေနဲ့ ရှေ့ဆက်ရမယ့် ဘဝခရီးက အရှည်ကြီး ရှိသေးတယ်၊ လမ်းမှားကို လျှောက်မိရင် ဘယ်လိုမှ ပြင်လို့ မရပဲ ဖြစ်လိမ့်မယ်၊ ဒီအရွယ်မှာ ချစ်သူထားတာ အိမ်ထောင်ပြုတာတွေ လုပ်ရမယ့် အရွယ် မဟုတ်သေးဘူး၊ ဘွဲ့တစ်ခု ရပြီး၊ ကိုယ့် အလုပ်အကိုင်နဲ့ ကိုယ် ဖြစ်လာပြီ ဆိုတော့မှ ကိုယ်ရွေးချယ်ထားတဲ့လူ နဲ့ လက်တွဲကြပေါ့ကွယ်၊ ခုချိန်မှာတော့ ဒါတွေခဏလောက် မေ့ထားလိုက်ပါဦး၊ ကိုယ့်ဖူးစာဖက် မှန်ရင် အချိန်ဘယ်လောက်ကြာကြာ ဒီပတ်သက်မှုက မပျက်စီးနိုင်ပါဘူးကွယ်…”

“ကျွန်တော်တို့ နားလည်ပါပြီ၊ တီချယ်”

ဖိုးထူးတို့ သူတို့ကားနှင့် သူတို့ ပြန်သွားကြသည်။ သူတို့ ပြန်သွားမှ တူးတူးကို ပြောရသည်။

“တူးတူး၊ သမီး အမှုမဖွင့်နဲ့တော့နော်၊ ကိုယ့်ကို မုန်းနေတဲ့ ယောင်္ကျား တစ်ယောက်ဟာ ကိုယ့်အတွက် အကြီးအကျယ် အန္တရာယ်ပဲ၊ သူတို့ သမီးအပေါ် အမုန်းစ ရှည်မှာစိုးလို့ တီချယ်က ကျေအေးလိုက်တာပါ”

“သမီးလည်း ဘာမှမှ မဖြစ်တာ၊ အမှု မဖွင့်ချင်ပါဘူး တီချယ်”

“သမီးကို အောင်ကောင်းနဲ့ မစေ့စပ်ရအောင်တော့ အိမ်ကို ပြောပေးနော် တီချယ်” မိုးနှင်းဖြူကပြောသည်။

“စိတ်ချပါ မိုးနှင်းရယ်၊ ဒီနေ့ ကိစ္စကိုလည်း သမီး မိဘတွေကို မပြောပါဘူး”

သူတို့ကို ကိုယ့်အိမ်ကို ပြန်ပို့ပြီးမှ ခေမာညို ပြန်ခဲ့သည်။ သက်စိုး ကိုတော့ ညကျမှ ဖုန်းဆက်ပြီး ပြောပြရသည်။ သူက အံသြနေသည်။ ခေမာညိုက တော့ ကလေးတွေ အခြေအနေပြောင်းနေတာကို ရိပ်မိသင့်သလောက် ရိပ်မိပြီးသား။ ကလေးတွေ ငယ်ကြသေးသည်က လွဲလို့ မိုးနှင်းဖြူတို့ အခြေအနေကလည်း ဘာမှ ကန့်ကွက်စရာ မရှိသော အခြေအနေ။

နောက်တစ်နေ့မှာ မိုးနှင်းဖြူ မိဘများထံ နှစ်ယောက်သား သွားကြသည်။ ကံကောင်းချင်တော့ မိုးနှင်းဖြူ အမေနှင့် ခေမာညိုက တက္ကသိုလ်မှာ ကျောင်းနေဖက် ဖြစ်ခဲ့ဖူးသည်။ မိုးနှင်းဖြူက အောင်ကောင်းကို သဘောမကျပဲ တခြားကို သဘောကျနေကြောင်း အရိပ်အမြွက် ပြော၍ အတင်းအကျပ် မစီစဉ်သင့်ကြောင်း ပြောပြရသည်။ အတင်းအကျပ် စီစဉ်လျှင် မဖြစ်သင့်တာတွေ ဖြစ်ကုန်နိုင်ကြောင်း ပြောပြရသည်။ သူတို့ကလည်း အတင်းအကျပ် မစီစဉ်တော့ပါ ဟု ကတိပေးကြသည်။ အမှန်တော့ အောင်ကောင်း ကိုယ်တိုင်က သူ့မိဘများကို ပူဆာ၍ နှစ်ဖက်မိဘ တွေ့ကြပြီး လက်ခံနိုင်လောက်သော အခြေအနေမို့ အောင်ကောင်း နှင့် မိုးနှင်းဖြူ တို့ကိုယ်တိုင်လည်း အချင်းချင်း သဘောကျသည် ထင်၍ စီစဉ်ရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်။ အဲလို ဆိုတော့လည်း သက်စိုးကို ကျော်ကျော့် အဖေ အနေနှင့် မိတ်ဆက်ပေးပြီး ကလေးတွေ အခြေအနေကို အမှန်အတိုင်း ပြောပြလိုက်တော့သည်။ နောက်ဆုံးတော့ နှစ်ဖက်မိဘ လက်ခံထားပြီး ကလေးတွေ ကျောင်းမပြီးခင် မဖြစ်သင့်တာ မဖြစ်ရအောင် တည့်မတ်ပေးကြဖို့ သဘောတူလိုက်ကြသည်။

ကျောင်းတွေဖွင့်တော့ ခေမာညို guide လုပ်ခဲ့သည့် ကျော်ကျော်သက်တို့ ငါးယောက်လုံး အမှတ်ကောင်းကောင်းနှင့် ၉ တန်းအောင်ခဲ့ကြသောကြောင့် ဆယ်တန်း တန်းခွဲ A မှာ တက်ကြရသည်။ ဖိုးထူး တစ်ယောက် ရှစ်တန်းကို တစ်နှစ်ထပ်ကျခဲ့ပြီး ကျောင်းထွက်၍ သူ့အဖေ ဝပ်ရှော့တွင် ကူလုပ်နေသည်။ ဟန်ဌေး နှင့် တင်ဝင်း ကတော့ ရှစ်တန်း အောင်၍ ကိုးတန်း တက်ကြသည်။ ခေမာညိုလည်း ဘီအီးဒီ စာပေးစာယူ ဝင်ခွင့် အောင်၍ တက်ရမည်။ အရေးကြီးသော အတန်းမို့ ကျော်ကျော်သက်တို့ အားလုံး ဘာသာစုံ ကျူရှင် တက်ကြသော်လည်း ခေမာညိုကတော့ guide လုပ်ပေးနေရဆဲ ဖြစ်သည်။

သက်စိုးကို လည်း ခေါင်းညိတ်လိုက်ပေမယ့် လွတ်လွတ်လပ်လပ်နေချင်သေးသော ခေမာညိုက လက်ထပ်ဖို့ကို အချိန်ဆွဲနေဆဲ။ ခေမာညိုကို အလွန်တိုထွာ၍ အိမ်ထောင်မပြုစေချင်သော ဖေဖေ နှင့် မေမေ ကိုလည်း ဘယ်လို စပြောရမှန်းမသိပဲ ဖြစ်နေသည်။ နောက်ပြီး သက်စိုးက အများ အမြင်မှာ အရွယ်ရောက် ကလေးတစ်ယောက်၏ အဖေလည်း ဖြစ်နေသေးသည်လေ။

**********
(၈)
နှစ်နှစ်ကြာပြီးနောက်။

ကျော်ကျော်သက် က နည်းပညာ တက္ကသိုလ်၊ မိုးနှင်းဖြူနှင့် ဟိန်းခန့်က ကွန်ပျူတာတက္ကသိုလ်၊ တူးတူးက သူနာပြုတက္ကသိုလ် အသီးသီး တက်ရောက်လျက် ရှိကြသည်။ အောင်ကောင်းက တော့ စင်ကာပူမှာ ကျောင်းသွားတက်နေသည်။ တင်ဝင်း နှင့် ဟန်ဌေးလည်း ဖိုးထူး နှင့် အတူ ဝပ်ရှော့မှာ အလုပ်လုပ်ရင်း အဝေးသင် တက်နေကြသည်။ အရင်လို လူဆိုးလေးတွေ မဟုတ်ကြတော့။ ခေမာညို ရှစ်တန်းမှာ သင်ခဲ့ရသော ကလေးတွေက ခုဆို တက္ကသိုလ် အသီးသီး တက်နေကြပြီ။ ဆရာ ဆရာမ ဆိုသည်မှာ ပန်းပုဆရာ တစ်ယောက်၊ ဥယျာဉ်မှုး တစ်ယောက်လိုပင်..။ ကိုယ်ထုသော ပန်းပုရုပ်လေးတွေ တင့်တယ်လှပနေသည်ကို မြင်ရလျှင် ကိုယ်ပျိုးသော ပန်းပင်ကလေးများကို အဖူးအငုံ ဘဝတွင် ပိုးမကိုက်စေရအောင်၊ အချိန်မတိုင်ခင် မညှိုးနွမ်းစေရအောင် ပြုစုယုယ၍ အချိန်သင့် အခါသင့် ဝေဆာစွာ ပွင့်လာသည်ကို မြင်ရလျှင် ကျေနပ်ဝမ်းမြောက် ကြရသူများ ဖြစ်သည်။

ခေမာညိုလည်း ဘီအီးဒီ စာပေးစာယူ နှစ်နှစ်သင်တန်းကို ကွာလီဖိုင်းဖြင့် အောင်မြင်ခဲ့ပါသည်။ ခေမာညို့ မိဘများက သားတစ်ယောက် ကြီးကြီးမားမား ရှိနေသော ကလေးတစ်ယောက် အဖေ သက်စိုးထွဋ် နှင့် သဘောမတူချင်သလို သက်စိုး မိဘများ ကလည်း ခေမာညို နှင့် သက်စိုး ၏ ပတ်သက်မှု အပြည့်အစုံ ကို ဘယ်လိုက ဘယ်လို သိသွားမှန်း မသိပဲ လုံးဝ သဘောမတူနိုင် ဖြစ်နေသည်။ ဒီအတောအတွင်း သူလည်း သူ့အလုပ်နဲ့သူ ရှုပ်၊ ခေမာညို လည်းကျောင်းတစ်ဖက်၊ သင်တန်းက စာတစ်ဖက် မအားမလပ် ဖြစ်နေကြပြီး တစ်ပတ် တစ်ခါ တွေ့ဖြစ်ဖို့ပင် မနည်းချိန်းနေရသည်။ ညတိုင်းလို ဖုန်းတော့ ဆက်ဖြစ်ပါသည်။ မိဘတွေ သဘောတူလာအောင် ကြိုးစားကြဖို့ နှစ်ယောက်သား တိုင်ပင်ထားကြသော်လည်း ဘာမှ ရှေ့မဆက်ဖြစ်သေးပါ။

ကျော်ကျော်သက် နှင့် မိုးနှင်းဖြူ ကတော့ နှစ်ဖက်မိဘများ သဘောတူညီမှုနှင့် သူ့အိမ် ကိုယ့်အိမ် သွားလာ လည်ပတ်ခွင့် ပြုထားပါသည်။ ကျောင်းပြီးလျှင် လက်ထပ်ကြဖို့ အားလုံး စီစဉ်ပြီးသားမို့ သူတို့ ချစ်ခရီးလမ်းက ဖြောင့်ဖြူး နေပါပြီ။ ခေမာညိုတို့ နှစ်ယောက် အကြောင်းကို ကျော်ကျော်သက် တို့လည်း သိရှိနေကြပြီ ဖြစ်သော်လည်း ဘာကြောင့် လက်မထပ်သေးသည်ကိုတော့ သေချာမသိကြပါ။

**********

သက်စိုး၏ မိဘများ ခေတ္တပြန်လာကြသည်။ သူတို့က ခေမာညိုနှင့် ပတ်သက်ပြီး အသက် အပေါ် စောသွင်က လက်စားချေခဲ့သည် ကို သိနေကြသောကြောင့် သက်စိုးနှင့် ခေမာညိုကို လုံးဝ သဘောမတူနိုင်ကြောင်း လာရောက်နားချကြခြင်း ဖြစ်သည်။ သက်စိုးထွဋ်က ထိုကိစ္စမှာ ခေမာညို နှင့် လုံးဝ မပတ်သက်ကြောင်း၊ သူ နှင့် စောသွင်၏ ရန်ညှိုးသာ ဖြစ်ကြောင်း သူတို့ကို နားလည်အောင် မနည်းပြောရသည်။ ကျော်ကျော်သက် နှင့် ပတ်သက်၍လည်း ရှစ်တန်းဖြေပြီးကာစက ခိုးရာမလိုက်အောင် ခေမာညို ကိုယ်တိုင် လိုက်သွားပြီး ပြန်ခေါ်လာခဲ့ရသည့် အကြောင်း၊ ကျော်ကျော်သက်ကို သားတစ်ယောက်လို သဘောထားသည့် အကြောင်း… ပြောပြရသည်။ နောက်ဆုံးတော့ ခေမာညို နှင့် တွေ့ကြည့်ဖို့ သူတို့ သဘောတူကြသည်။

ကျော်ကျော်သက်ကတော့ အဘိုး အဘွားကို စိတ်နာနေသည်။ တကယ်တော့ သူ့ဘဝ အကြောင်းစုံကို သိခဲ့တာ ကြာလေပြီ။ ပထမဆုံး သက်စိုးနှင့် ခေမာညိုတို့ ဖုန်းပြောဖြစ်စဉ်ကပင် သူ့အဖေဘက်က ပြောသော စကားများကို ကျော်ကျော်သက်က အမှတ်တမဲ့ကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့အဖေက မသိစေချင်သော အကြောင်းအရာကို သူကလည်း သိကြောင်း မပြောခဲ့ပါ။ ထိုအကြောင်းကြောင့် သူ့ကို မကြည့်ချင်ကြဟု ဆိုသော သူ့အဘိုးအဘွားများကိုတော့ သူကလည်း တမ်းတစရာ အကြောင်းမရှိတော့ပါ။ အရင်ကတော့ သူ့အဘိုးအဘွား များက သူ့ကို တစ်ခါမှ လာမကြည့်တာ၊ သူတို့ဆီ အလည်လာဖို့ မခေါ်တာကို အံသြနေခဲ့သည်။ ခုတော့ မအံသြတော့။ စာလုပ်ဖို့ အကြောင်းပြပြီး သူငယ်ချင်းအိမ် သွားနေလိုက်သည်။ သက်စိုးကတော့ သူ့သားစိတ်ကိုလည်း နားလည်သည်။ သူ့အဖေ အမေတွေကိုလည်း သူ နားလည်သည်။ ကြားထဲက ဘာမှလုပ်မပေးနိုင်တာကိုသာ စိတ်မကောင်း ဖြစ်ရသည်။

ကျော်ကျော်သက် ပြောပြလို့ သက်စိုး မိဘတွေ ရောက်နေမှန်း ခေမာညို သိရသည်။ ကျော်ကျော်သက် ကလည်း သူတစ်ခုခု ခံစားရလျှင် ခေမာညိုကို ပြောပြနေကြ။ အဘိုး နှင့် အဘွားကို စိတ်မခုဖို့ ခေမာညိုက တော်တော် ဖြောင်းဖြ လိုက်ရသည်။ သို့ပေမယ့် သူက သူ့အိမ်ကိုတော့ မပြန်ချင်သေး ဆို၍ အိမ်မှာ ထမင်းလာစားခိုင်းရင်းနှင့် ခေမာညို့ မိဘတွေကိုပါ တစ်ခါတည်း မိတ်ဆက်ပေးလိုက်သည်။ အရင်က ရောက်ဖူးပေမယ့် အများနှင့် ဆိုတော့ ဘယ်သူဘယ်ဝါ သိပ်မသိခဲ့ပါ။ အဲဒီမှာတင် မေမေ တို့ကလည်း သူတို့ သဘောထားတွေကို ကျော်ကျော်သက် သိအောင်ပါ ပြောကုန်ကြသည်။ ခေမာညို့မှာ မိတ်ဆက်မပေးမိလျှင် ကောင်းမှာလို့ပင် ထင်မိသည်။ အခြေအနေကို သိသွားသော ကျော်ကျော်သက်က သက်စိုးထွဋ်က သူ့အဖေအရင်း မဟုတ်ကြောင်း၊ သူ့ဦးလေးသာ ဖြစ်ကြောင်း ပြောပြတော့မှ သက်စိုးကို သူ့အဖေအရင်း မဟုတ်တာ သူသိနေမှန်း ခေမာညို သိရသည်။ သူတို့က ကလေးတစ်ယောက် အဖေမို့ သဘောမတူကြောင်း ပြောနေပါလျက် ခေမာညိုက မဖြေရှင်းခဲ့ခြင်းကို အံသြနေကြသည်။ ခေမာညိုက ကျော်ကျော်သက်ကို မသိစေချင်သဖြင့် တမင် မပြောခဲ့တဲ့ အကြောင်း ရှင်းပြရသည်။

**********
“သက်စိုး နင့်မိဘတွေကို တွေ့ရမှာ ကြောက်တယ်ဟာ.. ဖြစ်ပါ့မလား”

“မကြောက်ပါနဲ့ ညိုရယ်၊ ငါ့ကို ယုံစမ်းပါ၊ အားလုံး အဆင်ပြေသွားမှာပါ”

အစကတော့ သူ့ကို လက်မထပ်ရလည်း ခေမာညို ဘာမှမဖြစ်လို့ ထင်ခဲ့သည်။ ခုကျတော့လည်း ခေမာညို့ကို လက်မခံမှာ စိုးထိတ်နေသည်။

သက်စိုးထွဋ် မိဘများ နှင့် ခေမာညို သွားတွေ့တော့ နှစ်ယောက်စလုံးက ဖော်ဖော်ရွေရွေ ဆက်ဆံကြသဖြင့် တွေ့ဆုံပွဲမှာ အဆင်ပြေပြေ ပြီးဆုံး သွားခဲ့သည်။ ကိုယ်နှစ်ယောက် အကြောင်းသာ မဟုတ်ပဲ ကျော်ကျော်သက် ၏ ခံစားချက်ကို ပါ သူတို့ သိအောင် ပြောပြဖြစ်သည်။ ကျော်ကျော်သက် က တမင် အိမ်မှာ မနေပဲ သူငယ်ချင်းအိမ် သွားနေသည့် အကြောင်း၊ မနေ့ညကတော့ ခေမာညို့ အိမ်မှာ ညအိပ်ခဲ့ကြောင်း ပြောပြလိုက်သည်။ သူတို့လည်း သူတို့ အမှားကို သိသွားကြပုံပါ။ ကျော်ကျော်သက်ကို လိုက်ခေါ်လိုက်ပါမည် ဟု ကတိပေးကြသည်။

သူ့မိဘတွေနှင့်တွေ့ပြီးတော့ ခေမာညို့မိဘတွေနှင့်လည်း တရားဝင် မိတ်ဆက်ပေးရအောင် ခေါ်သွား ရတော့သည်။ အရင်ကလည်း ခေမာညို့ကို အိမ်လိုက်ပို့တာ၊ ကျော်ကျော့် အဖေ အနေနှင့် လာဖူးတာတော့ ရှိပေမယ့် ခေမာညို့ ချစ်သူရယ်ပါလို့တော့ မိတ်ဆက် မပေးခဲ့သေးပါ။ သူ့အလှည့်ကျတော့ သူကလည်း ကြောက်နေသည်။ သို့ပေမယ့် ဖေဖေတို့ မေမေတို့ကလည်း သူ့အကြောင်း သိထားပြီးပြီမို့ ခေမာညိုတို့ အချစ်ကို အသိအမှတ်ပြုပြီး သဘောတူလိုက်ပါပြီ။

သဘောတူကြပြန်တော့လည်း နှစ်ဖက်မိဘက ခေမာညိုတို့ကို အသက်မငယ်တော့ဘူး ဆိုပြီး အချိန်သိပ်မဆွဲပဲ လက်ထပ်စေချင်ကြသည်။ အတားအဆီး မရှိတော့ဘူး ဆိုပြန်တော့ ခေမာညိုက လက်မထပ်သေးပဲ M.Ed ဆက်တက်ချင်သေးသည်။ ဒါပေမယ့်လည်း သူတို့ အလိုကို လိုက်ကာ ရက်ရွေးဖို့ သဘောတူ လိုက်ရပါတော့သည်။

(အရင် လက်ရေးမူ ကို မကြိုက်တော့တာနဲ့ တစ်ချို့ နောက်ဆုံးပိုင်းတွေကို ပြင်လိုက်ပါတယ်။ သူငယ်ချင်း တစ်ယောက်ကတော့ ကိုယ့်အရေးအသားက eassy လိုပဲတဲ့။ ကိုယ်က သိပ်လည်း မဖွဲ့နွဲ့တတ်တဲ့သူမို့ အချစ်အကြောင်း သိပ်ဝေဝေဆာဆာ မရေးနိုင်တာ ခွင့်လွှတ်ကြပါနော် :D)

သိင်္ဂါကျော်

09 September, 2009

၉-၉-၀၉


ညှိုးချိန်မတိုင်ခင် (၂) မတင်ခင် ဒီနေ့ ၉ ရက် ၉လ ၂၀၀၉ ဆိုပြီး Message တွေ တင်ကြ ပို့ကြတာနဲ့  blogger သူငယ်ချင်း အားလုံးနဲ့ အပြင်က သူငယ်ချင်းတွေ အားလုံးအတွက် 9 Wishes နဲ့ ပြည့်စုံ ပါစေကြောင်း အမှတ်တရ မေတ္တာပို့သ လိုက်ပါတယ်...

၁။ အချစ်စစ် ကို ရှာတွေ့ပြီး
၂။ အမြဲတမ်း ပြုံး နေနိုင်ကြပါစေ
၃။ ကျန်းမာခြင်း
၎။ ချမ်းသာခြင်း
၅။ အောင်မြင်မှု
၆။ အလှအပ
၇။ ကံကောင်းမှု များနဲ့ ပြည့်စုံပြီး
၈။ ချိုသောအိပ်မက်များ မက်၍
၉။ ချစ်စရာကောင်းသူလေး လို့ အများကမြင်ပါစေ။

သိင်္ဂါကျော်

ညှိုးချိန်မတိုင်ခင် (၁)



(၁)
ဒီကလေးကို ခေမာညို အကြိမ်ကြိမ် ခေါ်ယူ၍ ဆုံးမပြီးပြီ။ ဆူဆူပူပူ တစ်လှည့်၊ ချော့ချော့မော့မော့ တစ်ခါ ဆိုသလို အာပေါက်အောင်လည်း ပြောခဲ့သည်။ မကြာခဏ ခွင့်မတိုင်ပဲ ကျောင်းပြေးတတ်ပြီး အရင်လပတ် စာမေးပွဲတွင်လည်း ခေမာညို သင်သော အင်္ဂလိပ်စာ တစ်ဘာသာတည်းသာ အောင်ခဲ့သည်။ ကျော်ကျော်သက် ဆိုသော သည်ကောင်ကလေးသည် ခေမာညို ဆူပူသမျှကို ပန်း နှင့် ပေါက်သလောက်သာ သဘောထားသည်။ ဆရာ၊ ဆရာမများကို ကလန်ကဆန် ပြန်မပြောတတ်တာ တစ်ခုကတော့ တော်သေးသည် ဆိုရမည်။ ထိုကလေးက ပြန်မပြော နားမထောင် အစားထဲက ဖြစ်သည်။
ခေမာညို အတန်းပိုင် လုပ်ရသော အဌမတန်း (A) သည် အမှတ်နှင့် စီထားခြင်း မဟုတ်သောလည်း တော်သူများသည်။ လိမ္မာကြသည်။ လူ ၆၀ လောက်ထဲတွင် ဆိုးသူက နှစ်ယောက် သုံးယောက်လောက်သာ ရှိသည်။ ထိုအထဲတွင် ကျော်ကျော်သက် ပါသည်။ သူ့ အပေါင်းအသင်းများက အဆိုးဆုံး၊ အညံဆုံး အတန်းဟု ဆရာများက သတ်မှတ်ထားသော (F) တန်းမှ ဖြစ်သည်။ ကျောင်းပြေးသည်။ သူ မတက်ချင်သည့် အချိန်ဆို အတန်းလစ်သည်။ အိမ်စာ ပေးသမျှကို မှန်မှန်မလုပ်။ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများက သူတို့ ကိုယ်တိုင် ဆူပူ ဆုံးမရုံမက အတန်းပိုင်ဖြစ်သော ခေမာညိုကို တိုင်ကြသည်။ ခေမာညိုက သူ့ကို အုပ်ထိန်းသူ အဖေဖြစ်စေ၊ အမေ ဖြစ်စေ ခေါ်လာခိုင်းသော်လည်း ဘယ်သူမှ လိုက်မလာပါ။ သူက အိမ်ကို ပြောမပြသောကြောင့် ဖြစ်နိုင်သည်။
ဆရာ၊ ဆရာမ အားလုံးက ဆူပူကြပ်မတ်ထားသဖြင့် ယခုလပတ်မှာတော့ ဘာသာစုံအောင်သည်။ အမှတ်ကတော့ သိပ်များများ မဟုတ်။ အောင်ရုံသာ။ ဘာပဲ ဖြစ်ဖြစ် တော်သေးသည် ဟု အောက်မေ့နေဆဲ... ယခု ခွင့်မတိုင်ပဲ ကျောင်းပျက်နေသည်မှာ လေးရက်ရှိပြီ။ ဒီတစ်ခါတော့ ခေမာညိုက သူ့အိမ်ကို စာပို့လိုက်ပြီ။ စာရင်းထဲတွင် သူ့အဖေ နာမည်က ဦးသက်စိုးထွဋ်၊ အင်ဂျင်နီယာ၊ စိုးဆောက်လုပ်ရေး၊ အမေက ဒေါ်နန်းမူ၊ ကွယ်လွန်။ သူက တစ်ဦးတည်းသော သားဖြစ်သည်။ အဖေက အလုပ်များပြီး သားကို လှည့်မကြည့်နိုင်သည့်ပြင် မိတဆိုး ဖြစ်သဖြင့်လည်း အလိုလိုက်ထားပုံ ရသည်။ သို့ကြောင့်သာ ကလေးက ဆိုးနေခြင်း ဖြစ်ပုံရသည်။
ဦးသက်စိုးထွဋ် ဆိုသော အမည်ကို ကြည့်၍ လွန်ခဲ့သော ဆယ့်လေး ငါးနှစ်က ခေမာညိုနှင့် တစ်တန်းတည်း နေခဲ့ဖူးသော သက်စိုးထွဋ် ဆိုသော ကောင်လေး တစ်ယောက်ကို ပြန် အမှတ်ရမိသည်။ အခင်ဆုံး သူငယ်ချင်း ဖြစ်သောကြောင့် သတိရခြင်းတော့ မဟုတ်ပါ။ ခေမာညို ကြည့်မရသော၊ တစ်တန်းလုံး၊ တစ်ကျောင်းလုံး အော့ကြောလန် အဖွဲ့ထဲမှ ဖြစ်သောကြောင့်သာ မှတ်မိနေခြင်း ဖြစ်ပါသည်။
**********
(၂)
ခေမာညို့ မိဘများက အစိုးရဝန်ထမ်းများ ဖြစ်သည်မို့ တစ်နယ်ပြီး တစ်နယ်၊ တစ်မြို့ပြီး တစ်မြို့ ပြောင်းနေခဲ့ရသည်။ ခေမာညို ကိုးတန်းနှစ်တွင် မြေလတ်မြို့လေး တစ်မြို့မှ အထက်တန်း ကျောင်းတွင် နေခဲ့ရသည်။ အသစ်ပြောင်းလာသူ ဖြစ်သော်လည်း စာတော်သူမို့ မကြာခင်မှာပင် ဆရာ ဆရာမများနှင့် အတန်းဖော် သူငယ်ချင်းများ၏ ချစ်ခင်မှု ခေမာညို ရရှိပါသည်။ ထိုစဉ်က ခေမာညိုတို့အထက်ကျောင်းတွင် ရင်ဖုံးအင်္ကျီနှင့် ထမီရှည်ရှည် ဝတ်ရမည်ဟု စည်းကမ်းချက် မရှိသော်လည်း မြန်မာဆန်ပြီး မိန်းမပီသလွန်းသော မေမေ့ကြောင့် ခေမာညိုက ရင်ဖုံးနှင့် ထမီကိုပဲ ဝတ်ခဲ့ရပါသည်။ ထိုပုံစံကြောင့်လည်း ယောင်္ကျားလေးများ၏ စိတ်ဝင်စားမှုကို ပိုခံခဲ့ရပါသည်။ မေမေ့ကြောင့်သာ အဲဒီလို ပုံစံ ဝတ်သော်လည်း ခေမာညိုက ရှက်တတ် ကြောက်တတ်သော ယဉ်ကျေးသိမ်မွေ့သူလေးတော့ မဟုတ်ခဲ့ပါ။ ခေမာညိုကို စနောက်သော၊ စာပေးသော ကောင်လေးများကို ရှက်ရွံပုံ လုံးဝမပါသော ခပ်တည်တည် အကြည့်၊ ခပ်တင်းတင်း မျက်နှာနှင့် သာ တုံ့ပြန်ခဲ့ပါသည်။ လွန်လာလျှင်တော့ ခေမာညို့ ပါးစပ်မှ ရက်ရက်စက်စက် ချိုးချိုးဖဲ့ဖဲ့ ပြောပစ်လိုက်ဖို့ ဝန်လေးသူ မဟုတ်ပါ။
ခေမာညိုကို စိတ်အနှောက်အယှက် အပေးဆုံးမှာ ကောင်လေး ခြောက်ယောက် အဖွဲ့ ဖြစ်သည်။ သူတို့လည်း ကိုးတန်းပေမယ့် ခေမာညို နှင့် တန်းခွဲခြင်းတော့ မတူပါ။ သူတို့က ခေမာညိုကိုသာ မဟုတ်၊ ကောင်မလေး တိုင်းကို ခြေလှမ်းမှားအောင် ပြောင်လှောင် စနောက်ကြသူများဖြစ်သည်။ ကိုးတန်းအောင်ပြီး ဆယ်တန်းတက်သော အခါမှာလည်း အမှတ်နှင့် ခွဲထားခြင်း မဟုတ်သဖြင့် ခေမာညို နှင့် လူဆိုးလေး ခြောက်ယောက်ထဲမှ နှစ်ယောက်က အတန်းချင်းတူသွားသည်။  ကျောင်းမှန်မှန်တက်ပြီး စာမှန်မှန် မကြိုးစားသော ထိုခြောက်ယောက်သည် ဥာဏ်ကောင်း ၍သာ ကိုးတန်းကို နှစ်ချင်းပေါက် အောင်လာခြင်း ဖြစ်မည်။ အရင်က နာမည်တွေ မသိပေမယ့် ခေမာညိုတို့ အတန်းထဲရောက်လာမှ ထိုနှစ်ယောက်မှာ သက်စိုးထွဋ် နှင့် ဟန်ဝင်း ဖြစ်ကြောင်း သိလာသည်။
ခေမာညိုတို့ သူငယ်ချင်း တစ်စုက အရေးကြီးသော အတန်း ဖြစ်သည့်အတွက် အသည်းအသန် စာကြိုးစားနေသလောက် ကောင်လေးများကတော့ အစွမ်းကုန် ဆိုးပေတေနေသည်။ ကျောင်းပြေးသည်။ ရန်ဖြစ်သည်။ ဆေးလိပ် နှင့် အရက်ကို စမ်းသတ်ကြသည်။
အဲဒီလို နေလာရင်း...သက်စိုးထွဋ်က ခေမာညိုကို မရိုးမသား စိတ်ဝင်စားသယောင် အမူမယာများ ပြလာသလို ဟန်ဝင်း ကလည်း ခေမာညို့ သူငယ်ချင်းတစ်ယောက်ကို စာလိုက်ပေးသည်။ သူငယ်ချင်းက မယူသဖြင့် သုံးရက်မြောက် နေ့တွင် လွယ်အိတ်ထဲ ခိုးထည့်ထားသည်။ သူငယ်ချင်းက လွှင့်ပစ်ရန် ပြင်သော်လည်း ခေမာညိုက ဆရာမကို ပေးလိုက်သဖြင့် စာပေးသော အကောင် ကောင်းကောင်း အဆူခံလိုက်ရသည်။ အဲဒီနောက် သူတို့က ခေမာညို့ကို အကြီးအကျယ် မကျေမနပ်ဖြစ်ကာ ပစ်မှတ်ထားလာသည်။
သူတို့ထဲမှ စောသွင် ဆိုသော တစ်ယောက်က ခေမာညိုကို စကားလိုက်ပြောသည်။ သူတို့ အဖွဲ့ထဲမှပဲ မင်းနိုင် ဆိုသော တစ်ကောင်ကလည်း ရိသဲ့သဲ့ လုပ်လာသည်။ တစ်ခြားတစ်ကောင်ကလည်း တိတိလင်းလင်း မဟုတ်ပဲ မကြားတစ်ကြား ရည်းစားစကား လိုလို ဘာလိုလို ပြောချင်လာသည်။ ခေမာညိုကို တကယ်ကြိုက်တာ မဟုတ်ပဲ သက်သက် နှောက်ယှက်နေတာ အသိသာကြီးပင် ဖြစ်သည်။ စောသွင်က အဆိုးဆုံး ဖြစ်သည်။ အတန်းပိုင် ဆရာမ ကိုပင် တိုင်ပြောရသည့် အဆင့် ရောက်လာသည်။ ဆရာမက သတိပေး ဆုံးမသော်လည်း သူတို့ အလေးမထား။ တစ်ခါတလေ ခေမာညိုတို့ အိမ်ရှေ့တွင် ဂစ်တာ လာတီးကာ သံသေးသံကြောင်နှင့် ဆိုတတ်ကြသေးသည်။
သူတို့ ခြောက်ယောက်ထဲတွင် နည်းနည်းပါးပါး အေးသည် ဟုဆိုနိုင်သော သက်စိုးထွဋ်ကပါ ခေမာညို့ကို ရည်းစားစကား ပြောလာသောအခါ ဒေါသက ထိန်းမရတော့ပါ။ သူ့ကို တော်တော်ကြီး နစ်နစ်နာနာ ရက်ရက်စက်စက် ပြောပစ်လိုက်သည်။ ဘာတွေပြောခဲ့သလဲ ဆိုတာ ယခုပြန်စဉ်းစားတော့ မမှတ်မိတော့ပါ။ အသားဖြူသော သူ့မျက်နှာမှာ ခပ်နီနီ ဖြစ်ကျန်ခဲ့သည်ကို မှတ်မိသည်။ သက်စိုးထွဋ်က အဲသည့်တစ်ခါ နှင့်ပင် တော်တော်လန့်သွားပုံရပြီး နောက်ထပ် လာမစတော့ပါ။ မျက်နှာပြောင်ပြီး အရှက်မရှိသော စောသွင်နှင့် တစ်ခြား နှစ်ကောင်ကတော့ ခေမာညို ဘယ်လောက်ပြောပြော လိုက်ပတ်သက်ကြတုန်းပင်။
စာမေးပွဲကြီး နီးလာသောကြောင့် ခေမာညိုတို့မှာ စာတွေရဲ့ ဖိအားဖြင့် မအားမလပ် ဖြစ်နေသောအချိန်။ တစ်နေ့ ညနေဘက် ကျောင်းဆင်းချိန်တွင် စောသွင်က ပြဿနာရှာလာသည်။ ဆရာမ၏ ဆူပူမှုကြောင့် လဝက်လောက် ငြိမ်နေရာမှ တစ်စခန်းထ လာခြင်းဖြစ်သည်။ ခေမာညို့ ရှေ့မှ ပိတ်ရပ်၍ ရည်းစားစကား ပြောသည်။ လမ်းဖယ်ခိုင်း သော်လည်း ဖယ်မပေးပဲ ထုပ်ဆီးတိုးသလို လုပ်နေသည်။ တစ်ခွန်း နှစ်ခွန်း ပြော၍ မရသောအခါ ခေမာညို သည်းခံနိုင်စွမ်းကုန်သွားသည်။ သူ့ကို ပါးရိုက်လိုက်သည်။ ထိုအကောင်ကလည်း လျင်သလား မပြောနှင့်။ ခေမာညို့ လက်ကို ဖမ်းကိုင်ထားသည်။ သူ့ပါးကို မရိုက်မိ။ သို့ပေမယ့် ခေမာညိုက ချက်ချင်း ဆိုသလို ဘယ်လက်နှင့် သူ့မျက်နှာကို ရိုက်ချလိုက်တော့ သူခံလိုက်ရသည်။ ခေမာညို့ လက်ကိုလည်း လွှတ်ပေးလိုက်ရသည်။ နောက်ဘက်တွင် ကျောင်းသား ကျောင်းသူ တစ်ဖွဲ့ကြီး လာနေသဖြင့် သူဘာမှ ထပ်မလုပ်ရဲပဲ ပြန်လှည့်သွားသည်။
ခေမာညိုက ဆရာမကို တိုင်သဖြင့် ဆရာမလည်း စိတ်ဆိုးပြီး ကျောင်းအုပ်ဆရာမကြီှးဆီ တင်လိုက်သည်။ ဆရာမကြီးက စောသွင်၏ မိဘများကိုပါ ခေါ်၍ သတိပေးသည်။ စောသွင်ကို နောက်နောင် ထိုကဲ့သို့ အနှောက်အယှက် မပြုတော့ပါကြောင်း ခံဝန်ချက်တွင် လက်မှတ်ထိုးခိုင်းသည်။ နောက်တစ်ကြိမ် ဖြစ်ခဲ့လျှင် ကျောင်းထုတ်မည် ဟု သတိပေးလိုက်သည်။
အဲဒီနောက်ပိုင်းကျမှ ခေမာညို့ အတွက် အနှောက်အယှက် ကင်းသွားသည်။ သက်စိုးထွဋ်ကလည်း ကျန်ငါးယောက်နှင့် သိပ်မတွဲပဲ ရှောင်ဖယ်ဖယ် လုပ်နေပုံရသည်။ တခြား ဘယ်မိန်းကလေးကိုမှလည်း သိပ်မစ မနောက်ရဲတော့ပဲ သူတို့ ခြေငြိမ်သွားသည်။ စားမေးပွဲ နီးနေ၍လည်း ဖြစ်လိမ့်မည်။
စာမေးပွဲကြီး စစ်သောအခါ ခေမာညိုသည် အပြည့်အဝ စိတ်တိုင်းမကျ သော်လည်း တော်တော် ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်ခဲ့ပါသည်။ ခေမာညိုတို့ တုန်းက မြို့ရှိ အထက်တန်းကျောင်း သုံးကျောင်းတွင် ခုံနံပါတ် နှင့် အမည် လိုက် ခွဲချ၍ ကျရာ စာစစ်ဌာနတွင် ဖြေဆိုရခြင်း ဖြစ်ရာ ဟိုခြောက်ယောက်နှင့် ခေမာညိုမှာ ကျောင်းချင်းမတူသဖြင့် သူတို့ မျက်နှာတွေကို မြင်မနေရခြင်းကလည်း ပို၍ စိတ်ချမ်းသာစရာ ကောင်းသည်။
စာမေးပွဲ နောက်ဆုံးနေ့တွင် ထိုခြောက်ယောက် အချင်းချင်း ရန်ဖြစ်သဖြင့် ရဲဌာန အချုပ်ခန်းထဲပင် ရောက်သွားသေးသည် ဟုကြားသည်။ ဘာအကြောင်းကြောင့်လဲတော့ ခေမာညို မသိပါ။ စာမေးပွဲပြီး၍ နောက်သုံးရက် အကြာမှာ ခေမာညိုတို့ မိသားစု ထိုမြို့ကလေးမှ ပြောင်းရွှေ့ခဲ့ရသည်။ ထိုမြို့မှ သူငယ်ချင်းများနှင့် မဆုံဖြစ်သည်မှာလည်း ပြောင်းခဲ့သော အချိန်မှစ၍ ယခုထိပင် ဖြစ်သည်။
**********
 (၃)
နောက်တစ်နေ့တွင် ကျော်ကျော်သက်၏ အဖေ ဦးသက်စိုးထွဋ် ဆိုသူ လာတွေ့ပါသည်။ ခေမာညိုတို့ ဆရာမများ နားနေခန်းတွင် သူ့ကို ခေါ်၍ စကားပြောကြသည်။ တွဲဖက်အတန်းပိုင် နှင့် ခေမာညို ပဲ ရှိသည်။ တစ်ခြား ဆရာ ဆရာမများက အတန်းဝင်နေကြသည်။
ခေမာညိုသည် ထိုလူ့မျက်နှာကို တွေ့ဖူးသလို ထင်မိသည်။ ထိုလူကလည်း ခေမာညို့ကို တွေ့တော့ အံသြသွားပုံဖြင့် သေချာကြည့်နေသည်။ တည်ကြည်သန့်ပြန့်သော လူကြီးလူကောင်း ပုံစံအပြည့်နှင့် ထိုအင်ဂျင်နီယာကို တစ်ချိန်က လူဆိုးလေး သက်စိုးထွဋ် ဖြစ်လိမ့်မည် ဟု ခေမာညိုက လုံးဝ မထင်မိခဲ့ပါ။ ကျောင်းဝင်းရှေ့တွင် ရပ်ထားသော မီးခိုးရောင် surf ကားရပ်၍ သူဆင်းလာသည်ကိုလည်း ခေမာညိုတို့ လှမ်းမြင်ခဲ့ရသည် မဟုတ်လား။
“ကျွန်တော် ကျော်ကျော်သက် အဖေပါ၊ ဆရာမနာမည် ခေမာညို များလား”
“ဟုတ်ပါတယ်ရှင်”
တိုင်စာထဲတွင် အတန်းပိုင်ဆရာမ ဟုသာ ရေးခဲ့သည်။ ခေမာညို့နာမည်ကို ထည့်မရေးခဲ့ပါ။
“ဆရာမ ကျွန်တော့်ကို မမှတ်မိဘူးလား၊ ဟိုအရင် ကိုးတန်း ဆယ်တန်း တုန်းက ကျွန်တော်တို့ တစ်ကျောင်းတည်း နေဖူးတယ်လေ”
သူက ပြောလာတော့မှ သူ့မျက်နှာကို ခေမာညို မှတ်မိသွားသည်။
“သက်စိုးထွဋ်၊ ကျွန်မက နာမည်တူတာပဲလို့ အောက်မေ့နေတာ၊ ရှင်ဖြစ်မယ်လို့ မထင်မိဘူး”
“ကျွန်တော်လည်း ဟုတ်မှဟုတ်ပါ့မလားလို့၊ ခင်ဗျားကို ခုချိန်မှာ ဆရာဝန် ဖြစ်နေလိမ့်မယ်လို့ ထင်ထားတာ”
“ဒီလိုပေါ့ရှင်၊ ကျွန်မ ဆေးတက္ကသိုလ် အမှတ် မမှီခဲ့ပါဘူး၊ စက်မှုတော့ မီပေမယ့် ဝါသနာမပါတာနဲ့ ရိုးရိုးမေဂျာပဲ ယူခဲ့တာ...၊ ထိုင်ပါဦး”
“ဟုတ်ကဲ့၊ သားနဲ့ ပတ်သက်ပြီး ပြောစရာ ရှိတာ ပြောပါ၊ ကျွန်တော်လည်း အခုတလော အလုပ်များနေတာနဲ့ သားကို ဂရုမစိုက်မိသလို ဖြစ်နေပါတယ်”
“ကျော်ကျော်သက်က ဥာဏ်ကောင်းပေမယ့် ကြိုးစားချင်စိတ်က မရှိဘူး၊ ခွင့်မတိုင်ပဲ ကျောင်းပြေးတာကလည်း ခဏခဏပဲ၊ သူပေါင်းတဲ့ အပေါင်းအသင်းတွေကလည်း ပြောရမယ်ဆိုရင် ကလေကချေ လူဆိုးလေးတွေချည်းပဲ၊ ကျွန်မတို့လည်း ဆုံးမပေမယ့်...ကျွန်မတို့မှာက ဒီကလေး တစ်ယောက်တည်း ကြည့်ရှု ဆုံးမရတာ မဟုတ်ဘူးလေ၊ အဲဒါကြောင့် မိဘတွေ အနေနဲ့လည်း တစ်ဖက်က ကူပြီး ပြောဆို ဆုံးမ ပေးဖို့ပါ။”
“ဟုတ်ကဲ့ ကျွန်တော် ပြောပါဦးမယ် ဆရာမ”
“သူက ဆရာမတွေကို ကလန်ကဆန်တော့ ဘယ်တော့မှ ပြန်မပြောဘူး၊ ဒါပေမယ့် သူက ပြန်မပြော နားမထောင် လူစားမျိုး၊ အတန်းထဲမှာ စာမေးရင်လည်း ဘယ်တော့မှ မရဘူး၊ ပထမ လပတ်မှာ ကျွန်မ ဘာသာ ၅ မှတ်ပဲ ရတယ်လေ၊ အဲဒါ သူ့ကို အတင်းမောင်းတော့မှ ဒီလပတ်တော့ ၄၀ ရတယ်။”
“နောက်ပြီးတော့ ရန်ပွဲတွေ၊ ရိုက်ပွဲတွေ မှာလည်း သူ အမြဲ ပါတယ်လို့ ကျွန်မတို့ကြားတယ်၊ ဒီကလေး အကြောင်းကို ကျွန်မတို့ သိသလို သူ့မိဘတွေ သိမှ သိပါ့မလားလို့ ... ကျွန်မတို့ ခေါ်ပြောတာပါ”
တွဲဖက်အတန်းပိုင် သိပ္ပံဆရာမ ကလည်း ဝင်ပြောသည်။
“ဟုတ်ပါတယ်၊ ကျွန်တော် မသိပါဘူး၊ နေ့တိုင်းလည်း ကျောင်းသွားမယ် ဆိုပြီး သွားနေတာပဲ၊ ရန်ဖြစ်တာ ကျွန်တော့် ပတ်ဝန်းကျင်မှာ မဖြစ်တော့ မသိပါဘူး၊ ပြောပြတာ ကျေးဇူးပါပဲဗျာ၊ ကျွန်တော် သူ့ကို ဆုံးမပါ့မယ်”
အဲဒီနောက် သိပ္ပံဆရာမက အတန်းရှိသောကြောင့် ထွက်သွားသည်။ ခေမာညို နှင့် သူပဲ ဆက်ပြောဖြစ်ကြသည်။
“ကလေးကို ဆူပူ အပြစ်တင်တာမျိုးလည်း အရမ်းကြီး မလုပ်ပါနဲ့၊ ကျွန်မတို့ ရှင်တို့လည်း တစ်ချိန်က လူငယ် ဖြစ်ခဲ့တာပဲ၊ လူငယ်တွေရဲ့ စိတ်ကို နားလည်အောင် ကြိုးစားပြီး ပြုပြင်ပြောင်းလဲ ပေးရမှာ ကျွန်မတို့ တာဝန်ပဲလေ၊ ဟင်း ဟင်း၊ တကယ်တော့ ကျော်ကျော်က ရှင် ငယ်ငယ်ကလောက်တောင် ဆိုးတာ မဟုတ်ပါဘူး”
“ကျွန်တော့် တုန်းကတော့ ခင်ဗျားပြောခဲ့တဲ့ စကားတွေကြောင့် အသိဝင်ခဲ့တာ ဗျ”
“ကျွန်မက ဘာတွေများ ပြောခဲ့မိပါလိမ့်”
“တစ်ချို့ စကားလုံးတွေကို ကျွန်တော် မှတ်မိနေတုန်းပါဗျာ၊ မိဘ ဆွေမျိုး၊ ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာတဲ့၊ လူတစ်ယောက် ဖြစ်ပြီး ကိုယ့်တာဝန်ကိုယ် မကျေရင် တန်ဖိုးမဲ့တဲ့ လူပဲတဲ့၊ တန်ဖိုး မရှိတဲ့ လူတစ်ယောက်ကို သယ်ထားရတာ ကမ္ဘာမြေကြီး သက်သက် လေးနေတာတဲ့၊ အဖိုးတန်တဲ့ အချိန်တွေကို ပျော်ပါးဖို့၊ ရန်ဖြစ်ဖို့ ဖြုန်းတီးနေတာ တော်တော် နှမြောဖို့ကောင်းတယ်တဲ့...၊ အမှန်တရား တွေ ဆိုတာ ကျွန်တော် လက်ခံလိုက်မိတယ်”
“ငယ်ငယ်တုန်းက ကျွန်မက တော်တော် ဆိုးတယ်၊ ကိုယ့်စိတ်နဲ့ မတွေ့ရင် ပက်ကနဲ ပြောလိုက်မိတာပဲ၊ သူများ နာမယ့် စကားမျိုးဆို စဉ်းစားစရာ မလိုပဲ အလိုလို ပါးစပ်က ထွက်တတ်တယ်၊ ကျွန်မ ဒီလောက်ပြောတာတောင် စောသွင်လို ကောင်မျိုးကတော့ မမှုပါဘူး၊ အသက်ကြီးလာတော့လည်း စိတ်ထဲရှိတဲ့ အတိုင်း လွှတ်ကနဲ မပြောမိအောင် ထိန်းနိုင်သွားပါပြီ”
ခေမာညို စိတ်ထင်လို့ပဲလား မသိပါ။ စောသွင် နာမည်ကို ကြားလိုက်တော့ သူ့မျက်နှာ တစ်မျိုးဖြစ်သွားသည်။
“ဒါနဲ့ ကလေးအမေက ဘယ်တုန်းက ဆုံးသွားတာလဲ”
ခေမာညိုက စကားလမ်းကြောင်းပြောင်းလိုက်သော အခါ သူ့မျက်နှာက ပိုပျက်သွားသည်။
“သားကို မွေးပြီး ကတည်းကပါပဲ”
“သြော်၊ ဖြစ်မှ ဖြစ်ရလေ...”
သူ့အမူအယာက ပျက်နေသောကြောင့် ခေမာညိုမှာ ကလေးအမေ အကြောင်းကို ထပ်မမေးရဲတော့ပါ။ ကြည့်ရတာ... အခုအချိန်အထိ နောက်ထပ်အိမ်ထောင်လည်း မပြုသေးပုံ ထောက်လျှင် ကလေးအမေကို လွမ်းဆွတ် နေဆဲ ဖြစ်ပုံရသည်။
“ကျွန်တော် အလုပ်ရှိသေးလို့ ပြန်လိုက်ပါဦးမယ် မခေမာညို၊ သားအတွက် ကျွန်တော် အချိန်ပေးပြီး ဆွေးနွေးကြည့်ပါ့မယ်၊ ဒါ ကျွန်တော့် Address Card ပါ၊ ကျော်ကျော်သက် အကြောင်းကို တိုင်ချင်ရင် အိမ်ဖုန်းပဲ ဖြစ်ဖြစ်၊ ဟန်းန် ဖုန်းပဲဖြစ်ဖြစ် ဆက်လို့ ရပါတယ်”
“ဟုတ်ကဲ့၊ ခုလို အချိန်ပေးပြီး လာတဲ့ အတွက် ကျေးဇူးပါ”
**********
(၄)
ခေမာညိုသည် ကျောင်းကအပြန် မေမေ မှာသော ပစ္စည်း တစ်ချို့ကို မြေနီကုန်း City Mart ဝင်ရာမှ ဆယ်တန်း တုန်းက တစ်တန်းတည်း အတူတူလည်း ထိုင်ခဲ့သော နီလာဦး နှင့် တွေ့သည်။ ထိုမြို့မှ ထွက်လာပြီးနောက် ပထမဆုံး တွေ့ဖြစ်သော သူငယ်ချင်းပင် ဖြစ်သည်။ နီလာသည် အရင် ဆယ်ကျော်သက်က ကိုယ်လုံးနှင့် ဘာမှ မဆိုင်အောင် ဝလာသည်။ သူတို့နှစ်ယောက် Season မှာပင် ခဏထိုင်ဖြစ်ကြသည်။
“နင် အိမ်ထောင်ကျပြီလား နီလာ”
“အင်းပေါ့၊ ဘယ်သူ ဖြစ်မလဲ မှန်းကြည့်၊ ဆယ်တန်းတုန်းက ငါတို့ အတန်းထဲကပဲ”
ဆယ်တန်းတုန်းက တစ်တန်းသား ကောင်လေးတွေ အကုန်လုံးကိုတော့ ခေမာညို မမှတ်မိတော့ပါ။ အတန်းထဲမှာ စာတော်သော ကျောင်းသားနှစ်ယောက် သုံးယောက်နှင့် လူဆိုးလေး ခြောက်ယောက်ကိုသာ သေချာသိခဲ့တာ...။ သူတို့တော့ မဖြစ်နိုင်ဘူး ထင်ပါသည်။
“ငါ မမှန်းတတ်ပါဘူး ဟာ”
“ဟင်း ဟင်း ဟန်ဝင်းလေ...၊ နင်အမြင်ကပ်တဲ့ ခြောက်ယောက် အဖွဲ့ထဲကပဲ”
“သြော်သိပြီ၊ နင့်ကို စာပေးဖူးတဲ့ တစ်ယောက်ပဲ၊ ငါ ဆရာမကို ပေးလိုက်လို့ ဆူခံလိုက်ရတဲ့ကောင်ပဲ မဟုတ်လား၊ နင်က သူ့ကိုကြိုက်တယ်ပေါ့၊ မထင်မိပါဘူး ဟယ်”
“ငါလည်း စဉ်းစားပါသေးတယ်၊ ဒါပေမယ့် သူက ငါ ကောလိပ် တက်တဲ့ တစ်လျှောက်လုံး လိုက်နေတာ ဆိုတော့ သနားပြီး ပြန်ကြိုက်လိုက်တာ”
“နင့်အိမ်က သဘောတူရဲ့လား”
“ဘယ်တူမှာလဲ၊ ငါကျောင်းပြီးသွားတော့ သူနဲ့ငါ ခိုးပြေးတာလေ၊ ငါ့အိမ်က ခုထိ မခေါ်ဘူး”
“နီလာရယ် နင်မိုက်လိုက်တာ..၊ အခု ဘယ်လိုလဲ အဆင်တော့ ပြေတယ် မဟုတ်လား”
“သူက ငါ့ကို တကယ်ချစ်တာပါ၊ ငါ့အပေါ်မှာလည်း ကောင်းပါတယ်၊ သူက ဆယ်တန်းမအောင်တော့ အခု ကွန်တိန်နာ ကားကြီးတွေမောင်းနေတယ်၊ ငါက ကုမ္ပဏီ တစ်ခုမှာ ဝင်လုပ်နေတယ်၊ ကလေး နှစ်ယောက် ရနေပြီ၊ နင်ရော အခုထိ အပျိုကြီးပဲလား”
“အင်း၊ ငါလည်း အဲဒီမြို့က ထွက်လာပြီးကတည်းက ဘယ်သူနဲ့မှ မတွေ့ဘူး၊ ဆုံမယ့် ဆုံတော့လည်း ... ဟိုတလောက သက်စိုးထွဋ် နဲ့ တွေ့တယ်၊ အခု နင်နဲ့ တွေ့တယ်”
“သက်စိုးထွဋ်နဲ့ ဘယ်မှာ တွေ့တာလဲ”
“ငါ့အတန်းထဲက ကောင်လေးရဲ့ အဖေ ဖြစ်နေတယ်လေ၊ ကျောင်းပြေးလွန်းလို့ တိုင်စာပို့တော့ လာတွေ့ရင်းနဲ့မှ သိတာ၊ သူက အခု အင်ဂျင်နီယာ ဖြစ်နေတယ် ဟဲ့၊ အရင်ကနဲ့ တခြားစီပဲ..”
“ငါသိပါတယ်၊ ငါတို့ ရန်ကုန် ရောက်ပြီး မကြာဘူး သူနဲ့ တွေ့တယ်လေ၊ သုံးနှစ်လောက် ရှိပြီပေါ့၊ သက်စိုးထွဋ် အကြောင်းကို သူကလွဲရင် အသိဆုံးက ငါတို့ နှစ်ယောက်ပဲ၊ နင့်ကို လည်း ပြောပြစရာတွေ ရှိသေးတယ်၊ အဲဒီ နင့်အတန်းက ကလေးကို ဘယ်သူ့ ကလေး မှတ်သလဲ”
“သူ့ကလေး ပဲလေ မဟုတ်ဘူးလား”
“မဟုတ်ဘူး၊ သူ့သားမဟုတ်ဘူး၊ သူ့တူလေးပါ”
“ဘယ်လို၊ ဘာလို့...”
“နင် အံသြသွားလား၊ သူ့ညီမကိုတော့ နင် မှတ်မိတယ် မဟုတ်လား ငါတို့ ထက် တစ်တန်းငယ်တယ်လေ၊ စာလည်းတော်တယ်၊ ဒါပေမယ့် သူ့အစ်ကိုရဲ့ ညီမ ဖြစ်လို့ ကံဆိုးရရှာတယ်”
“ဒါဖြင့် အဲဒီ သူ့ညီမ သားပေါ့ ဟုတ်လား၊ နင်လေသံ နားထောင်ရတာ ပုံမှန် မဟုတ်တဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ရှိပြီနဲ့တူတယ်”
“အမှန်ပဲ၊ အဲဒီ ဇာတ်လမ်းက နင်နဲ့လည်း ပတ်သက်တယ်”
“ဘာ... ငါနဲ့”
ခေမာညို အတော်ကို အံသြသွားပါသည်။ သက်စိုးထွဋ် ညီမ နှင့် ခေမာညို ဘာများ ပတ်သက်မှု ရှိနိုင်ပါမည်နည်း။
“ငါ အစက စပြောမှ နင် ဇာတ်ရည်လည်လိမ့်မယ်၊ ငါတို့ ဆယ်တန်း စာမေးပွဲ ပြီးတဲ့နေ့က သူတို့ အဖွဲ့ ရန်ဖြစ်ကြတာ နင်သိတယ်မဟုတ်လား၊ အားလုံး အချုပ်ထဲတောင် ရောက်သွားကြသေးတယ်“
“အင်း၊ ငါကြားမိပါတယ်”
“ဘာကိစ္စနဲ့ ဖြစ်ကြတာလဲ ဆိုတာရော နင်သိလား”
“မသိဘူး၊ အဲဒါနဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်လို့ပေါ့ ဟာ၊ အဲဒီ စာမေးပွဲပြီးတဲ့ နေ့က စောသွင်က နင့်ကို ကားတင်ပြေးဖို့ စီစဉ်ထားတာ၊ ညနေဘက် နင် စာအုပ်ဆိုင် သွားမှာပဲ ဆိုပြီး စာအုပ်ဆိုင် သွားတဲ့လမ်းက လူလည်းရှင်းတော့ နင့်ကို အဲဒီမှာ ကားတင်ပြေးဖို့ လုပ်ထားတာ၊ သူ့အစ်ကို ဝမ်းကွဲ လူမိုက်က ကားမောင်းပေးမယ်၊ နောက် တစ်ယောက်လည်း ပါဦးမယ်၊ အဲဒီအကြောင်းကို သူ့ဟာသူ စီစဉ်ထားပြီးမှ သူ့အဖွဲ့ကို ပြောပြတော့ သက်စိုးထွဋ်က အပြင်းအထန် ကန့်ကွက်တယ်၊ မိုက်ရိုင်းတဲ့ အကောင် ဆိုပြီး စောသွင်ကို ထိုးရာက သူတို့ ရန်ဖြစ်ကြတယ်လေ၊ သက်စိုးထွဋ် ဘက်က ဟန်ဝင်းနဲ့ ထက်ခေါင်၊ စောသွင်ဘက်က မင်းနိုင်နဲ့ စိုးမင်းဝင်း သုံးယောက်စီ အကြီးအကျယ် ဖြစ်ကြတာပဲ၊ အချုပ်ထဲမှာကို ထိန်းသိမ်းခံလိုက်ရသေးတယ်၊ နင့်ကို ခိုးပြေးမယ့် အစီအစဉ်လည်း ပျက်သွားတာပေါ့ဟာ”
“ငါ တစ်စွန်းတစ်စမှ မသိခဲ့ရပါလား ဟယ်”
ကံကောင်းလို့ပေါ့။ ကံကောင်းလို့ ဆိုတာထက် သက်စိုးထွဋ် ကျေးဇူးကြောင့်သာ လူယုတ်မာရဲ့ လက်က ခေမာညို သီသီလေး လွတ်ခဲ့ရတာပါလားနော်...။
နီလာဦးက ဆက်ပြောပြန်သည်။
“ရဲဌာနမှာ သက်စိုးထွဋ် က နင့်နာမည်ကို လုံးဝမပြောခဲ့ဘူး၊ စောသွင်ကလည်း သူ့အကြံ မအောင်တော့ မပြောတော့ဘူးလေ၊ အဲဒါကြောင့် ဘယ်သူမှ မသိလိုက်တာ...”
“တကယ် မိုက်ရိုင်းတဲ့အကောင်ပဲ၊ ငါက သူ့ကို ပက်ပက်စက်စက် ပြောခဲ့ရုံတင်မက ပါးလည်း ရိုက်ခဲ့သေးတယ်၊ ဆရာမကြီးဆီလည်း တိုင်ခဲ့သေးတယ် ဆိုတော့ ငါ့ကို အညှိုးအတေးထားပြီး လက်စားချေချင်တာ ဖြစ်မှာပေါ့”
“အဲဒီအကောင်က တကယ်အညှိုးကြီးတဲ့ကောင်ပဲ၊ သူ့အကြံအစည် သက်စိုးထွဋ်ကြောင့် ပျက်သွားတော့ အဲဒီကတည်းက သက်စိုးထွဋ်ကို အတေးအမှတ်ထားခဲ့တာပဲ”
“အဲ ၅ နာရီတောင် ထိုးတော့မှာပဲ၊ ငါ့ကလေး မူကြိုက သွားကြိုရဦးမယ်၊ ဇာတ်လမ်းကလည်း ပြောလို့ကောင်းနေတာ... နောက်မှ တွေ့ကြမယ် ဟေ့ နင့်ဖုန်းနံပါတ် ပေးထား၊ ငါဆက်ပြီး ချိန်းမယ်လေ၊ ခုတော့ သွားပြီနော်”
နီလာဦးသည် ခေမာညို့ ဖုန်းနံပါတ်ကို တွေ့ရာစာရွက်မှာ မှတ်သွားပြီး သူ့ဖုန်းနံပါတ်လည်း ပြန်မပေးပဲ ပျာယီးပျာယာ ထွက်သွားသဖြင့် ခေမာညို့မှာ သူ့ကို မေးချင်တာတွေ ရှိသေးသော်လည်း မမေးရတော့ပဲ ကျန်ခဲ့ရသည်။ သက်စိုးထွဋ် ညီမ က ဘာဖြစ်သွားလို့ သူ့သားက ဦးလေးဖြစ်သူထံမှာ နေနေရတာလဲ...။ ခေမာညိုသည် တစ်ပိုင်းတစ်စ ထားခဲ့သော ဇာတ်လမ်းကို သိချင်စိတ် ပြင်းပြနေသော်လည်း ဘာမှ မတတ်နိုင်တာမို့ နီလာဦး ဖုန်းဆက်လာမှာကိုပဲ မျှော်ရတော့မည်။
**********

(အရင်က ရေးထားတဲ့ ဝတ္တုလေးပါ၊ ပြီးအောင် မရိုက်နိုင်သေးတာနဲ့ ပြီးသလောက်လေး အရင်တင်လိုက်ပါတယ်...)


သိင်္ဂါကျော်

04 September, 2009

ပထမဆုံးကြိုက်မိသော Blog များ


ဝက်ဝံလေး Tag ထားတဲ့ Post ပါ။ အကြိုက်ဆုံး ဘလော့တွေလို့ Tag ထားပေမယ့် ဒီခေါင်းစဉ်ကို နည်းနည်း ပြောင်းပါရစေ။ ဖတ်တဲ့ blog တွေကလည်း တဖြည်းဖြည်းနဲ့ များလာတော့ အကြိုက်ဆုံး ရယ်လို့ ပြောရမှာ ခက်လာ ပါတယ်။ ကိုယ်ကတော့ ပုဂ္ဂိုလ်စွဲလည်း မရှိပါဘူး။ စာကောင်းကောင်းလေး တွေ့တဲ့အချိန်မှာ အဲဒီ blogကို ကြိုက်လိုက်တာပါပဲ။ အမည်နာမနဲ့ပြောရမယ်ဆိုရင်တော့ ဒီလို ပြောပါရစေ။

“ပထမဆုံး ဖတ်မိ ကြိုက်မိတဲ့ blog များ” လို့ပါ။

ကိုယ့်ကို blog တွေဖတ်ဖို့ အတူ ကျောင်းတက်တဲ့ သူငယ်ချင်း နှစ်ယောက်က စညွှန်းတာပါ။ အဲဒါတွေ ဖတ်ရင်းနဲ့ အားကျပြီး ရေးချင်တဲ့ ပိုးကလည်း အရင်ကတည်းက ရှိလေတော့ ကိုယ်ပိုင် blog ပါ စလုပ်ဖြစ်ခဲ့ပါတယ်။

ပထမဆုံး စဖတ်တာ နိုင်းနိုင်းစနေ ရဲ့ blog ပါ။ ကိုယ်မဖတ်နိုင်တဲ့ တရုတ်ဘာသာက ဘာသာပြန်ထားတဲ့ ပိုစ် ကောင်းကောင်းလေးတွေ အမြဲ ဖတ်ရလို့ ကြိုက်ပါတယ်။

နောက် ရွှေပြည်သူ ရဲ့ blog မှာလည်း တစ်ခါတစ်လေ ဆောင်းပါး ကောင်းကောင်းလေးတွေ ဖတ်ရလို့ သွားသွား ဖတ်တယ်။

နိုင်ငံရေးနဲ့ ပတ်သတ်တာတွေ စိတ်မဝင်စားပေမယ့် မေငြိမ်း ကို ဝတ္တုတွေ ကြိုက်ခဲ့ဖူးတဲ့ စာရေးဆရာမ ရဲ့ blog မို့လို့ သူတင်တဲ့ ဝတ္တုတို အသစ်လေး၊ အဟောင်းလေးတွေ သွားသွားဖတ်ရလို့ ကြိုက်တယ်။

နောက်တစ်ယောက်က ရေခဲပြင်ပေါ်က ပန်းကလေး ခွန်မြလှိုင်။ သူ့တင်တဲ့ စာလေးတွေလည်း ကြိုက်တယ်။ သူ့ရဲ့ ဂမ္ဘီရ အခန်းဆက် ဝတ္တုရှည် တစ်ပုဒ် လည်း ဖတ်လို့ကောင်းတယ်။

နောက်ဆုံး တစ်ယောက်က ခုတလော စာသိပ်မရေးပေမယ့် သူရေးတဲ့ အတိုအစလေးတွေကိုက ဖတ်ကောင်းလို့ သွားသွားဖတ်တဲ့ စာရေးဆရာမ မိုးချိုသင်း

ငါးယောက် လို့ ကန့်သတ်ထားတော့လည်း ရပ်လိုက်ရပြီပေါ့။ ကိုယ် အားရင် အမြဲတမ်း သွားသွား ဖတ်နေတဲ့ blog တွေ ရှိပါသေးတယ်။ အများကြီး...။ link ထားတာတွေကိုပဲ ကြည့်ပါတော့။ သွားဖတ်တယ် ဆိုကတည်းက ကြိုက်လို့ သွားဖတ်တာပေါ့။ မကြိုက်ပဲနဲ့ တော့ သွားဖတ်ပါ့မလား နော်...။

(ဝက်ဝံလေးရေ ကျေနပ်တယ် မဟုတ်လား...)

သိင်္ဂါကျော်

03 September, 2009

အိမ်ပြန်လမ်းများ




















နေစောင်းပြီ ဆိုတာနဲ့
နာရီကို ကြည့်ပြီး
ဆင်းချိန်ကို မျှော်ကြသူတွေရဲ့
အပြန်လမ်းများ...။

လာကြိုတဲ့ ကားပေါ်ထိုင်ရင်း
မဝင်သေးတဲ့ နေကိုကြည့်
အိမ်က ထမင်းဝိုင်းမှာ
ဘာဟင်း ပါမလဲ တွေးရင်း
ပြန်ကြသူတွေ။

ချစ်သူ့လက်ကို တွဲပြီး
လောကကြီးကိုမေ့
အပြန်လမ်းကိုတောင်
ဆွဲဆန့်ထားချင်စိတ်နဲ့ လျှောက်ကြသူတွေ။

ကျပ်သိပ်ပိတ်လှောင် ဘတ်စ်ကားထဲက
နိစ္စဓူဝ ဘဝတွေလည်း
ပညာရေး၊ အချစ်ရေး၊
အလုပ်အရေး၊ မိသားစုအရေး
အတွေးမော ကိုယ်စီနဲ့ ခရီးဆက်ကြ။

နေမမြင် လမ်းများထဲ
မစွန်းထင်းစေလိုတဲ့ သိက္ခာနဲ့
ကြောက်စိတ်ကို အားတင်း
လာကြိုသူ ကင်းတဲ့ဘဝမှာ
ခပ်သုတ်သုတ် လျှောက်ပြန်နေကြ
မိန်းမငယ်လေးတွေ။

ပြန်ရောက်တဲ့အခါ
ကြိုနေမယ့် ထမင်းဝိုင်းလည်း မရှိ
ပြန်ရတဲ့လမ်းမှာ
တွဲကူဖေးမမယ့် သူလည်း မရှိ
မိသားစုရဲ့ အဝေးမှာ
ကိုယ့်ဘဝကိုယ် ကျောင်းကြသူတွေရဲ့
အပြန်လမ်းကလည်း
အထီးကျန်။

ပက်ကျိတွေ အစာရှာထွက်တဲ့
ညနေခင်းလမ်းပေါ် လျှောက်ရင်း
ဝင်သွားတဲ့ နေကို မကြည့်အားခဲ့တဲ့ သူတွေရဲ့
အပြန်လမ်းတွေ။

Bus ၊ MRT
ကိုယ်ပိုင်ကား၊ လိုင်းကား
တက္ကစီ၊ ဆိုင်ကယ်
စက်ဘီး၊ ဆိုင်ကား
ထော်လာဂျီ၊ မော်တော်
စီးတော်ယာဉ် အမျိုးမျိုးနဲ့
အိမ်ပြန်ကြသူတွေ။

မတူညီတဲ့ အိမ်ပြန်လမ်းများထဲ
နောက်တစ်ရက် အတွက် မျှော်လင့်ချက်နဲ့
လှုပ်ရှားသွားလာကြသူတွေ
ကမ္ဘာမဆုံးသရွေ့တော့

သိင်္ဂါကျော်
2.9.2009
8:15 PM

20 August, 2009

ဗိုင်းရပ်စ်



(၁)
ကူးစက်ရောဂါ ဟူသမျှကို ကာကွယ်နိုင်ခဲ့ပြီးဖြစ်သော ၂၀၂၅ ခုနှစ်။
ဒီဇင်ဘာ ၃၊ ည ၁၁ နာရီ။

ဒေါက်တာသက်ထားသည် ကူးစက်ရောဂါ ဆိုင်ရာ ပါရဂူဘွဲ့ကို မကြာသေးခင်ကမှ နိုင်ငံရပ်ခြား တိုင်းပြည်က ရယူလာသူ ဖြစ်သည်။ သူမသည် သူမ၏ စာတမ်းတစ်ခု အတွက် ပြင်ဆင်နေခိုက် ပါရဂူဘွဲ့ အတူတက်ခဲ့သော သူငယ်ချင်း ဆရာဝန် ဒေါက်တာ ဆူထရာဆင်း ထံမှ Message တစ်ခု ဝင်လာသည်ကို ဖတ်လိုက်ရသည်။ သူမတို့ နှစ်ယောက်သည် တိရိစ္ဆာန်မှ တစ်ဆင့် စတင်ခဲ့သော ကူးစက်ရောဂါများ၏ ဆင့်ပွားပြောင်းလဲ ဖြစ်စဉ်များကို အတူတူ သုတေသန ပြုခဲ့ကြသည်။ ယခု မိခင်နိုင်ငံများသို့ ပြန်ရောက်တော့လည်း ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။ သူ့Message ပါ အကြောင်းအရာမှာ သူ့ဆီမှ နမူနာ ဗိုင်းရပ်စ် နှင့် ဖြေဆေးများကို ခိုးယူသွားခြင်း ခံရကြောင်း ပင်။ Message က တစ်ဝက်တစ်ပျက်နှင့် ရပ်သွားခဲ့သည်။ အကျိုးအကြောင်း ဘာမှ ပြန်မေးလို့မရ။ သူကိုယ်တိုင် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ပြီ ထင်သည်။
*****

ဒီဇင်ဘာ ၄၊ နံနက် ၈ နာရီ ၄၅။

အဆိုးဝါးဆုံး ကူးစက်ရောဂါ တစ်ခု ကူးစက်ခံထားရသော မိန်းကလေး တစ်ယောက် TG 5431 နှစ်ထပ်လေယာဉ် ကြီးပေါ်တွင် ပါလာသည်ကို ဘယ်သူမှ သတိမထားမိကြ။ သူမကိုယ် သူမလည်း မသိ။ သူမ စီးလာသော လေယာဉ်ပေါ်တွင် လူပေါင်း ၄၀၀ ကျော် ပါလာခဲ့သည်။ လေယာဉ်ပေါ်တွင် အအေးမိသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်လာသော်လည်း ရိုးရိုးတန်းတန်း ဟုပင်ထင်သည်။ လေယာဉ်ပေါ်မှ ဆင်း၍ အိမ်သို့ ပြန်လာခဲ့သည်။ အအေးမိပျောက်ဆေး သောက်သော်လည်း မသက်သာပါ။
*****

ဒီဇင်ဘာ ၄၊ နံနက် ၁၀ နာရီ။

ဒေါက်တာသက်ထားသည် ညက ဒေါက်တာ ဆူထရာဆင်း ထံမှ Message နှင့် ပတ်သက်ပြီး စဉ်းစားရင်း စိတ်ရှုပ်ခဲ့သောကြောင့် အိပ်ရာဝင်နောက်ကျခဲ့ရသည်။ အိပ်ရာထလည်း နောက်ကျသွားသောကြောင့် သုတေသနဌာနသို့ သွားရန် အချိန်နောက်ကျနေသဖြင့် အရင်လိုနေခဲ့သည်။ ဟိုရောက်မှ သူမ၏ လုပ်ဖော်ကိုင်ဖက် ဒေါက်တာရဲစိုးထက် ကို ပြောပြရမည် ဟု စဉ်းစားရင်း သူမ၏ Sport ကားအနီလေးကို လမ်းမကြီးပေါ်သို့ အတက်မှာပင် ကုန်တင်ကား တစ်စီးက ဖြတ်တိုက်သွားသည်။ ဒေါက်တာသက်ထားသည် ပွဲချင်းပြီး ဆုံးသွားခဲ့သည်။
*****

ဒီဇင်ဘာ ၄၊ နေ့လည် ၁ နာရီ။

National Security Agency (NSA) ရှိ Server Computer သို့ Firewall များကို ကျော်ဖြတ်၍ Message တစ်စောင် ရောက်လာခဲ့သည်။ ပြီးခဲ့သော တစ်နှစ်က အကြမ်းဖက်မှုနှင့် ဖမ်းဆီးထားခဲ့သော ဒေးဗစ်ကျော်ဇော ကို ဒေါ်လာငွေ သန်း ၃၀၀ နှင့် အတူ လွှတ်ပေးရန် နှင့် ထိုကဲ့သို့ မလုပ်ပါက မြို့တော် တစ်ခုလုံးကို ဗိုင်းရပ်စ် ပြန့်ပွားစေမည် ဟူသော ခြိမ်းခြောက်စာ ဖြစ်သည်။ ထိုစာနှင့် ပတ်သက်၍ အားလုံး အလုပ်ရှုပ်သွားသည်။ ဘယ်ကပို့သလဲ။ တမင်သက်သက် နောက်ပြောင်သော စာလား။ အမှန်တကယ် ခြိမ်းခြောက်ခြင်းလား ဆိုသည်ကို သိအောင် လုပ်ရတော့မည်။ Agent စိမ်းဝတီ အတွက် ဒေးဗစ်ကျော်ဇောနှင့် ပတ်သက်၍ အရင်ဆုံး သိအောင် စုံစမ်းရမည်။ သူမ ကွန်ပျူတာလေး နှင့် Central Database ကို ချိတ်ဆက်ကာ သံသယရှိသူများ စာရင်းကို ရှာဖွေရသည်။ ဒေးဗစ်ကျော်ဇော ၏ ဇာတိရုပ် အစစ်အမှန်နှင့် သူ့ အဆက်အသွယ်များ...။ သူသည် နောက်ပြောင်ရုံသက်သက်တော့ ခြိမ်းခြောက်မည့်သူ မဟုတ်။
*****

ဒီဇင်ဘာ ၄၊ ည ၉ နာရီ။

ရောဂါ တစ်ခု ကူးစက်ခံထားရသော ထိုမိန်းကလေးသည် အအေးမိ ရောဂါလက္ခဏာများ ပိုပြင်းထန်လာသည်။ သူမကိုယ် သူမ ဘာဖြစ်မှန်း မသိခင်မှာပင် ဆုံးသွားသည်။ သူမ အဖေက ဆေးရုံအုပ်ကြီးတစ်ယောက်။ သေဆုံးပြီးနောက်မှ ဘာရောဂါဆိုတာ သေချာစမ်းသပ် စစ်ဆေးသည်။ နောက်တစ်နေ့ နံနက် ၁၀ နာရီမှာ သူမ၏ ရောဂါသည် ၂၀၀၉ ခုနှစ်က ဖြစ်ပေါ်ခဲ့ဖူးသော ဗိုင်းရပ်စ် တစ်ခုထက် ပို၍ ပြင်းထန်သော မူကွဲ ဗိုင်းရပ်စ် တစ်မျိုး ဖြစ်နေကြောင်း တွေ့ရှိရသည်။

TG 5431 နှင့် ပြန်လာသူ တစ်ယောက်ဖြစ်သော ဒေါက်တာဒေါ်လွင်လွင်သည် တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်ပြီး ပြန်လာသော နေ့မှာပင် ကျောင်းသို့သွားခဲ့သည်။ စာသင်ခန်းသုံးခန်းမှာ စာဝင်သင်ခဲ့သည်။ ဆရာမ နားနေခန်းတွင် အခြားဆရာမများနှင့် ထမင်း အတူစားခဲ့သည်။ သူမနေမကောင်း ဖြစ်ချင်နေသဖြင့် ကျောင်းမဆင်းခင်မှာပင် ပြန်လာခဲ့သည်။ ထိုနေ့ညပိုင်းမှာပင် သူမ ဆုံးသွားသည်။

TG 5431 နှင့် ပြန်လာသော အသည်းအထူးကု ဒေါက်တာသူရ သည်လည်း မနက်ပိုင်း ဆေးရုံသို့ သွား၍ လူနာကြည့်ခဲ့သည်။ နေ့လည်ဘက် ဆေးခန်းထိုင်ရင်း အအေးမိချင် သလို ဖြစ်လာသည်။ လူနာတွေကို စောစော ဖြတ်၍ ပြန်လာခဲ့သည်။ ညနက်ပိုင်းမှာ ရုတ်တရက် ဖောက်လာပြီး ဆုံးသွားသည်။

သူတို့ နှစ်ယောက်သည် ဗိုင်းရပ်စ်ကူးစက်ခံလာသူ မိန်းကလေး၏ ဘယ်နှင့် ညာတွင် ထိုင်ခဲ့သူများဖြစ်သည်။

ဝတ်မှုံသည် ဒေါ်လွင်လွင် သင်သော အတန်းတစ်တန်းတွင် ရှေ့ဆုံးတန်းမှ ထိုင်သော ကျောင်းသူ တစ်ယောက် ဖြစ်သည်။ သူမတွင် အထက်တန်း အရွယ်နှင့် အလယ်တန်း အရွယ် ညီမ နှစ်ယောက်ရှိသည်။ ကျောင်းမှ ပြန်လာပြီး ညပိုင်းတွင် နေထိုင်မကောင်း စဖြစ်လာသည်။ ဆေးခန်းသွားပြသော အခါ ကူးစက်ရောဂါ ဟု သံသယရှိသဖြင့် ဆေးရုံတင်ခိုင်းသည်။
*****

(၂)

ကေသရီ ဆိုသော နာမည်ကို အမေက ပေးခဲ့ခြင်း ဖြစ်သည်။ အဖေ ပေးထားသော နာမည်က တစ်ခုရှိသည်။ တကယ်က ကေသရီ အဖေကလည်း လမ်းဘေး လူမိုက်တစ်ယောက်ပင် ဖြစ်သည်။ အမေကတော့ ရောင်းစားခံရ၍ အဖေတို့ နိုင်ငံကို ရောက်လာသူ ဖြစ်သည်။ အမေက ရောင်းစားသူတို့ လက်မှ ထွက်ပြေးလာစဉ် အဖေနှင့် တွေ့ခြင်းဖြစ်သည်။ အဖေကလည်း အမေ့ကိုတော့ တကယ်ချစ်ခဲ့သည်။ သူတို့နှစ်ယောက် အတူနေခဲ့ကြသည်။ ကေသရီကို မွေးသည်။ တစ်နှစ်လောက် အကြာမှာတော့ အမေ့မိဘများ က စုံစမ်းရှာဖွေ တွေ့ရှိ၍ ခေါ်ယူသွားသည်။ တစ်နှစ်သား ကေသရီကို ထားခဲ့ပြီး အဖေ မသိအောင် လိုက်ပါသွားခြင်း ဖြစ်သည်။

ကေသရီ ကြီးလာတော့ အဖေက လူမိုက် မလုပ်တော့ပဲ မူးယစ်ဆေး အရောင်းအဝယ် လုပ်သည်။ အမေတို့ နိုင်ငံဘက်ထိ သွားလုပ်ရသည်။ တစ်နေ့မှာ အဲဒီနိုင်ငံက စစ်တပ်နှင့် တိုးပြီး ပစ်ကြခတ်ကြရင်း အဖေ သေသွားသည်။ အဖေပါသွားသော ပစ္စည်းအားလုံးလည်း အသိမ်းခံလိုက်ရသည်။ ကေသရီမှာ တက္ကသိုလ်တက်ကာနီး အချိန်။ အဖေဆုံးသွားပြီးနောက် မတက်နိုင်တော့။ အဖေ့ပါတနာများကလည်း အဖေဆီပါသွားပြီး သိမ်းခံလိုက်ရသော ပစ္စည်းများနှင့် ပတ်သက်ပြီး ကေသရီကို ပြဿနာ ရှာချင်သည်။ အဲဒီလိုနဲ့ ကေသရီ ကိုယ်တိုင် အဖေ့နေရာမှာ လှုပ်ရှားရတော့သည်။ ကေသရီ့ကို စွန့်ပစ်သွားသော၊ အဖေ့ကို သေစေခဲ့သော အဲဒီနိုင်ငံကို ကေသရီ မုန်းသည်။

ကေသရီ့ နောက်ဆုံး အတွဲ ဒေါက်တာ ဆူထရာဆင်း ကတော့ ကေသရီ အကြောင်း ဘာမှမသိ။ မိဘမဲ့ အရောင်းစာရေးမလေး တစ်ယောက် အဖြစ်သာ သိသည်။ သူ နှင့် အတူနေရင်း သူ့အလုပ်အကြောင်း သိလာသည်။ အဲဒီမှာတင် ကေသရီ ဦးနှောက်ထဲသို့ ဆိုးညစ်သော အကြံအစည် တစ်ခု ဝင်လာခဲ့ခြင်း ဖြစ်သည်။ ကေသရီ ၏ တိုက်ခန်းမှာ ငှားနေသော မိန်းကလေးကလည်း ကေသရီ မုန်းသော နိုင်ငံကပင် ဖြစ်သည်။ သူမက မကြာခင် သူမ၏ နိုင်ငံသို့ ကျောင်းပိတ်ရက် ပြန်လိမ့်မည်။

ဒေါက်တာ ဆူထရာဆင်း ၏ ကိုယ်ပိုင် ဓါတ်ခွဲခန်းတွင် စမ်းသပ်ထား သော ဗိုင်းရပ်စ် နှင့် ဖြေဆေးများကို ခိုးယူရုံ မက သူ့ကိုပါ ဗိုင်းရပ်စ် များ ထိုးပေးခဲ့သည်။ ဗိုင်းရပ်စ် ပြန့်ချင် ပြန့်ပါစေ။ ဒီနိုင်ငံကို လည်း ကေသရီက သိပ်ခင်တွယ်လှတာ မဟုတ်ပါ။ သို့သော် သူမသေခင်မှာ Message တစ်စောင်ပို့ခဲ့တာ ကေသရီ သိသွားသည်။ ဘယ်သူ့ကို ပိုတယ် ဆိုတာ သိပြီးနောက်မှာတော့ ကေသရီ့ ဆီက ပစ္စည်းများကို ဝယ်နေကြ ဖောက်သည် ရစ်ချတ်ကျော်ဇော ဆီသို့ ဆက်သွယ်ရတော့သည်။ ရစ်ချတ်ကျော်ဇော၏ အဆက်အသွယ်များက အဲဒီ တစ်နိုင်ငံလုံးမှာ ရှိသည်။
*****

ဒေါက်တာရဲထက်စိုးသည် ဒေါက်တာသက်ထား၏ စီနီယာ ဖြစ်ပြီး သူတို့နှစ်ယောက်သည် ဓါတ်ခွဲခန်း တစ်ခုတည်းတွင် ကူးစက်ရောဂါ ဆိုင်ရာ ဗိုင်းရပ်စ်များကို အတူတူ သုတေသန ပြုနေသူ ဖြစ်သည်။ ဒေါက်တာသက်ထား ၏ မတော်တဆမှုကို ကြားရသောအခါ မယုံနိုင်အောင်ဖြစ်မိသည်။ သူမကို တိုက်သွားသော ကုန်တင်ကားကို အစအနပင် ရှာမရခဲ့။ အခင်းဖြစ်ပွားပုံကို မေးမြန်းသိရှိပြီးသောအခါ ကားတိုက်မှုကို တမင်ဖန်တီးခြင်း များလားဟု သူက ထင်လာသည်။ ဒေါက်တာသက်ထား ၏ Mobile Phone လေးမှာ ကွဲသွားသော်လည်း Memory card ကတော့ အကောင်းအတိုင်း ကျန်ရစ်သေးသည်။ သူ့ဖုန်းထဲသို့ ထည့်ကြည့်တော့ ညကပို့ထားသော Message ကို တွေ့ရသည်။ သူမ၏ laptop မှာတော့ ဘယ်လိုမှ recover ပြန်လုပ်လို့ မရလောက်အောင်ပင် ပျက်စီးသွားခဲ့သည်။ ဒေါက်တာသက်ထား သေဆုံးရခြင်းမှာ မတော်တဆ လုံးဝမဖြစ်နိုင်တော့။ သူမ နှင့် ဒေါက်တာ ဆူထရာဆင်းတို့ နောက်ဆုံးတွေ့ရှိထားသော ဗိုင်းရပ်စ်နှင့် ပတ်သက်မည်မှာ သေချာသည်။

သူသည် ဗိုင်းရပ်စ် နမူနာနှင့် ဖြေဆေး နမူနာကို ယူ၍ လုံခြုံသော နေရာမှာ ထားရန် စဉ်းစားမိသည်။ ဒီနိုင်ငံမှာ မဟုတ်သော်လည်း ဤကိစ္စက ပေါ့၍ မဖြစ်ပါ။ သို့သော် သူ စိုးရိမ်သည်မှာ နောက်ကျနေပါပြီ။ ဓါတ်ခွဲခန်းသို့ သူတို့လူတစ်ယောက် ရောက်နေပြီး ဖြစ်သည်။ သူက သတင်းပို့လိုက်သည်နှင့် သူ့အပေါင်းအပါများပါ ရောက်လာသည်။ လုံခြုံရေးဂိတ်ကို တစ်ပတ်ရိုက်၍ ကျော်ခဲ့ကြသည်။ သူတို့သည် အထဲရောက်သည်နှင့် ဒေါက်တာရဲထက်စိုး အပါအဝင် သူ့လက်ထောက် နှင့် လူတစ်ချို့ကို အချိန် အနည်းငယ် အတွင်းမှာပင် ထိန်းနိုင်ခဲ့သည်။ ဒေါက်တာရဲထက်စိုးနှင့်အတူ ဗိုင်းရပ်စ် နှင့် ဖြေဆေး နမူနာများကိုပါ ယူဆောင်၍ ပြန်ထွက်လာခဲ့ကြသည်။ ဓါတ်ခွဲခန်းထဲမှာလည်း ဗုံးတစ်လုံး လက်ဆောင်အဖြစ် ထားခဲ့သည်။
*****
(၃)
ဒီဇင်ဘာ ၅ ရက်

ရစ်ချတ်ကျော်ဇော မြို့တော်သို့ ရောက်လာသည်။ သူတို့၏ တောင်းဆိုချက်ကို တရားဝင် ထပ်ပို့သည်။ ကေသရီလည်း ရောက်လာသည်။ ကေသရီ၏ ရည်ရွယ်ချက်မှာ ဗိုင်းရပ်စ်ကို ပြန့်နိုင်သမျှ ပြန့်အောင် လုပ်ဖို့ပင် ဖြစ်သည်။ မြို့တော်၏ လူအစည်ကားဆုံး နေရာများကို သူမ ရွေးချယ်ပြီးဖြစ်သည်။ သူမ၏ အကြံအစည်ကို တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်ရမည်။ ထိုအကြံအစည်နှင့် ပတ်သက်၍ ရစ်ချတ်ကျော်ဇောပင် မသိပေ။ ကေသရီ တစ်ယောက်တည်းသာ လုပ်ရမည် ဖြစ်သည်။ သူမကိုယ် သူမ ကာကွယ်ရန် အတွက် ဖြေဆေးလည်း ရှိထားသည် မဟုတ်ပါလား။ ထိုနေ့အဖို့ သူမသည် ပစ်မှတ် နေရာများကို သွားရောက် ကြည့်ရှု၍ အစီစဉ်များ အသေးစိတ် ရေးဆွဲရမည် ဖြစ်သည်။
*****

ဝတ်မှုံ ဆိုသော ကျောင်းသူလေး ဆေးရုံပေါ်မှာ ဆုံးသွားသည်။ ဆရာဝန်များ အံသြတကြီးနှင့် ရောဂါ ရှာဖွေသော အခါမှ ကူးစက်ရောဂါ ဖြစ်ကြောင်း သိသွားကြသည်။ သူမ၏ ညီမ နှစ်ယောက်မှာ ဘာမှ မဖြစ်သေးပဲ ကျောင်းသို့ သွားကြသည်။

ထို့နောက် ဆေးရုံများသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။
*****

စိမ်းဝတီသည် ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးခဲ့ရသော မိန်းကလေးကို သွားရောက်စစ်ဆေးခဲ့သည်။ သူမ၏ လက်မောင်းမှ ဆေးထိုးအပ်ရာကို တွေ့ခဲ့သဖြင့် တမင်သက်သက် လုပ်ကြံခြင်း ဖြစ်သည်မှာ သေချာသည်။ ထိုမိန်းကလေး၏ ကိုယ်ရေးရာဇဝင်ကို နောက်ကြောင်းပြန်လိုက် ကြည့်ရသည်။ သူမ တက်ခဲ့သောကျောင်း၊ အတူနေခဲ့သူများ…။ စုံစမ်းရင်းနှင့် သူမ ငှားနေသော အိမ်ရှင်မိန်းကလေး၏ ကိုယ်ရေးရာဇဝင်ကိုလည်း သိလာသည်။ ယခု လောလောဆယ်သူမ၏ နေအိမ်တွင် မရှိပါ။ သူမ နယ်စပ်သို့ သွားသည်ဟု ယူဆရသည်။ သူမကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်မည်။ ဤဇာတ်လမ်း၏ တရားခံ အရင်းအမြစ်မှာ သူမပင် ဖြစ်နိုင်သည်။ သူမတွင် ဗိုင်းရပ်စ်များ ရှိနေသည် ဆိုပါက ပိုမို ပြန့်နှံအောင် လုပ်ကောင်းလုပ်နိုင်သည်။ ဒေါက်တာရဲထက်စိုး ကို ခေါ်ဆောင်၍ ဗိုင်းရပ်စ်များ ခိုးယူသွားသူတို့နှင့် လည်း အဆက်အစပ် ရှိနိုင်သည်။ ထိုလူများမှာ ရစ်ချတ်ကျော်ဇော၏ အဖွဲ့ ဖြစ်နိုင်သည်။ သူတို့က သူတို့ တောင်းဆိုချက် ရလျှင် ဗိုင်းရပ်စ်ကို ဖြန့်ချင်မှ ဖြန့်မည်။ သို့သော် ကေသရီ ဆိုသော မိန်းကလေးကတော့ အကြောင်းမဲ့ ဖြန့်နိုင်သည်။

စိမ်းဝတီသည် လူစည်ကားရာ အရပ်များနှင့် ကူးစက်ရောဂါ ပြန့်နှံလွယ်သော အထင်ကရ နေရာများသို့ လုံခြုံရေးများ လွှတ်၍ အခြေအနေကို စောင့်ကြည့်ခိုင်းလိုက်သည်။ စိမ်းကိုယ်တိုင်ကတော့ Satellite နှင့် သာမက နေရာအနှံရှိ CCTV ကင်မရာများနှင့် ချိတ်ဆက်ထားသော Face Tracking System အတွင်းသို့ ဝင်ရောက်၍ ကေသရီ၏ ဓါတ်ပုံကို ထည့် ၍ ရှာခိုင်းလိုက်သည်။ ချက်ချင်းတော့ တွေ့မှာ မဟုတ်။ ရှာရသော အချိန်ကတော့ ကြာနိုင်ပေမယ့် သူမ ဤနိုင်ငံ အတွင်းသို့ ရောက်နေတာ သေချာလျှင်တော့ တစ်ချိန်ချိန် တွေ့မှာ သေချာသည်။
*****

(၄)
ဒီဇင်ဘာ ၆ ရက်

NSA မှ မုန်းအောင်သည် ကေသရီကို စုံစမ်းရန် တာဝန်ပေးခံရသူများမှာ တစ်ယောက် အပါအဝင် ဖြစ်သည်။ လူများများကို အချိန်တို အတွင်း ကူးဖို့ဆိုလျှင် ရေသန့်စက်ရုံများက အကောင်းဆုံး ဟု သူက စိတ်ကူးမိသည်။ တစ်နိုင်လုံး အသောက် အများဆုံး ရေသန့် စက်ရုံတစ်ခု သို့ သူသွားခဲ့သည်။ သူ့ကတ်ကို ပြ၍ စက်ရုံ အတွင်းအပြင် လှည့်လည်နေခဲ့သည်။ သူက ပင်မ ရေလှောင်ကန်ကို ဦးတည်၍ စောင့် ကြပ်နေခဲ့သည်။ ဘာရယ်တော့မဟုတ်... သူ့စိတ်ထဲ ထင်မိ၍ လာစောင့်ကြည့်ခြင်းသာ ဖြစ်သည်။ စက်ရုံ၏ လုံခြုံရေးက စိတ်ချရဖွယ် ရှိသည်။ သူစိတ်ချသွားသည်။ ဤနေရာမှာ အချိန်မဖြုန်းပဲ တခြားနေရာသွားလျှင် ကောင်းမည်ဟု တွေးလိုက်သည်။ ထိုအချိန်မှာပင် remote control နှင့်သွားသော ကားလေးတစ်စီးသည် ပင်မ ရေလှောင်ကန်ပေါ်သို့ တက်သွားသည်ကို တွေ့လိုက်ရသည်။ ကလေး တစ်ယောက်ယောက် ဆော့နေခြင်း ဖြစ်နိုင်သည်။ သို့သော် အနီးအနားမှာ ကလေး တစ်ယောက်မှ မမြင်ရပါ။ ကားကလေးက ထရပ်ကား ပုံစံ ဖြစ်ပြီး နောက်တွဲကို လှန်၍ရသော ပုံစံ ဖြစ်သည်။ ရေလှောင်ကန်၏ တစ်ခုတည်းသော အဆက်နေရာ။ အနည်းငယ်မျှသော လေဟာနယ် တစ်ခု ရှိနေသည်။ ကားကလေးက ထိုနေရာသို့ ဦးတည် သွားနေခြင်း ဖြစ်သည်။ မုန်းအောင် ရိပ်မိသွားသည့် အချိန်မှာ နောက်ကျသွားလေပြီ။ ကားကလေးက နောက်တွဲကို လှန်ချလိုက်သည်။ တစ်စုံတစ်ရာက ရေလှောင်ကန်ထဲသို့ ပြန့်နှံသွားပြီ ဖြစ်သည်။

Remote control ကိုင်သူကို ရှာဖို့ကြိုးစားရာသော်လည်း ဘယ်သူမှ မရှိ။ ဝန်းအပြင်တွင် ရပ်ထားသော ကားတစ်စီးကို သတိထားမိချိန်မှာ ကားက မောင်းထွက်သွားပြီ ဖြစ်သည်။ ဌာနချုပ်ကို ချက်ချင်း အကြောင်းကြားလိုက်သည်။ စက်ရုံ တာဝန်ရှိသူများကို ပြောဆိုရာတွင် သူတို့က မယုံကြည်ကြ။ သက်သေ အဖြစ် ကစားစရာ ကားကလေးကတော့ ကျန်ခဲ့သည်။ စက်ရုံ ခေတ္တ ပိတ်ဖို့ကိုတော့ အထက်မှ အမိန့်နှင့်မှ ဖြစ်မည်။ မုန်းအောင်ကတော့ နောက်ထပ် အစားအသောက် စက်ရုံ များကို စောင့်ကြည့်ရန် ကားကို မောင်းထွက်ခဲ့သည်။
*****

ကေသရီသည် ကားတစ်စီး ငှား၍ သူမ၏ အစီအစဉ်ကို အကောင်အထည် ဖော်နေသည်။ ရေသန့်စက်ရုံမှာ လူသိသွားသော်လည်း နောက်ထပ် သုံးနေရာကို တော့ ဘာမှ အနှောက်အယှက် မရှိပဲ ဖြန့်ဝေနိုင်ခဲ့သည်။ နိုင်ငံတကာ လေဆိပ်မှ ပင်မ အဲကွန်းကြီး တစ်ခု၊ လူစည်ကားရာ ဈေးကြီး တစ်ဈေးနှင့် Shopping Mall ကြီး တစ်ခု ဖြစ်သည်။ နောက်ထပ် လူကြိုက်အများဆုံး အချိုရည် စက်ရုံတစ်ခုနှင့် ရေသန့် စက်ရုံကြီး တစ်ခုသို့ သွားရန် စီစဉ်ထားသည်။

ကေသရီ ရွေးထားသော အချိုရည် စက်ရုံက လုံခြုံရေး မတင်းကျပ်လှ။ သူမ မှာ ဝင်ခွင့်ကတ် မရှိသော်လည်း ဝတ်စုံ တစ်စုံ ရှိထားသည်။ လူရှင်းသော ဘေးဘက် အုတ်တံတိုင်းကို ကျော်ဝင်ခဲ့သည်။ remote control ကားကို မသုံးပဲ သူမ ကိုယ်တိုင် သွား၍ သေချာအောင် လုပ်မည် ဖြစ်သည်။ အနှောက်အယှက် မရှိ လုပ်နိုင်ခဲ့ပြီးနောက် အထွက်ကိုတော့ ဝင်ပေါက်မှပင် ထွက်ရန် ဆုံးဖြတ်သည်။ အထွက်မှာ ကတ်ကို မစစ်။ အဝင်မှာသာ စစ်သည်။

ထိုအချိန်မှာပင် မုန်းအောင် ရောက်လာသည်။ စက်ရုံထဲ မဝင်ခင် လမ်းဘေးမှ ကားတစ်စီးကို သတိထားမိသွားသည်။ ထိုကားသည် ရေသန့် စက်ရုံမှ မောင်းပြေးသွားသော ကားနှင့် အတော်ဆင်သည်။ ထိုကားသာ ဆိုလျှင်တော့ အတော်ကို အတင့်ရဲသည် ဟု ဆိုရမည်။ သူကြည့်နေဆဲမှာပင် စက်ရုံထဲမှ ဝန်ထမ်း အမျိုးသမီး တစ်ယောက် ထွက်လာသည်။ ထမင်းချိုင့်၊ ခြင်း စသည်ဖြင့် ဘာမှ မပါ။ သူမက ဝင်ပေါက်နှင့် အတော်ဝေးသေးသော ထိုကားဆီသို့ လျှောက်လာသည်။ မုန်းအောင် ခေါင်းထဲတွင် အချက်ပေးသံများ မည်သွားသည်။ သူက စိမ်းဝတီကို သတင်းပို့လိုက်ပြီး ထိုကားဆီသို့ သွားသည်။ ဒီတစ်ခါတော့ အလွတ်ခံ၍ မဖြစ်။
*****

Face Tracking System ကို စောင့်ကြည့်နေသော ကွန်ပျူတာ ကျွမ်းကျင် မာမာစိုး က Shopping Mall တစ်ခုမှ CCTV ကင်မရာတွင် ကေသရီ၏ ပုံရိပ်ကို တွေ့သည် ဟု system က ပြကြောင်း သတင်းပို့လာသည်။ တစ်ချိန်တည်းမှာပင် မုန်းအောင်ကလည်း ကေသရီကို တွေ့ပြီဟု သတင်းပို့ပြီး ချက်ချင်းချသွားသည်။ စိမ်းဝတီလည်း ချက်ချင်းပင် သူမ၏ sport ကားကလေးပေါ် တက်ပြီး မုန်းအောင်၏ ဖုန်း တည်နေရာကို ကားထဲရှိ GPS system မှ ရှာပြီး လိုက်သွားသည်။

စိမ်း ရောက်သွားချိန်တွင် လမ်းဘေးတွင် လဲကျနေသော မုန်းအောင်မှ အပ ဘယ်သူ့ကိုမှ မတွေ့ရတော့ပါ။ မုန်းအောင်သည် ဓားဒဏ်ရာ ကြောင့် သေရခြင်းဖြစ်သည်။ သူ့ကို ပွေ့မည်ပြုပြီးမှ သူ့ လက်အနေအထားကို သတိထားမိသွားသည်။ စိမ်းတို့၏ လျို့ဝှက် ခြေဟန် လက်ဟန် တစ်ခု။ သူ့အနား မကပ်ပါနှင့် ဆိုသည့် အဓိပ္ပါယ်။ စိမ်း လက်တွန့်သွားသည်။ ဘာကြောင့် သူ့အနားမကပ်ဖို့ သတိပေးသွားရသလဲ။ ဖြစ်နိုင်သည်မှာ သူ့လည်း ဗိုင်းရပ်စ် ကူးစက် ခံခဲ့ရတာ ဖြစ်နိုင်သည်။ စိမ်း လည်း သူ့ကို မကိုင်တော့ပဲ လူနာတင်ကားနှင့် ဌာနချုပ်ကို သတင်းပေးရသည်။ နေရာကို ကြည့်လိုက်တော့ အချိုရည် စက်ရုံ တစ်ခု အနီးမှာ ဖြစ်နေသည်။ နောက်ဆက်တွဲ ထိန်းချုပ်ရမည့် နေရာတစ်နေရာ ရှိနေပြန်ပြီ။ စိမ်းဝတီ မရောက်သေးခင်လေး မှာပင် လတ်လတ်ဆတ်ဆတ် ထည့်သွင်း ပက်ကင်ပိတ်ပြီးသော အချိုရည်ဗူးများကို တင်ထားသော ဖြန့်ဝေရေး ကားတစ်စီး ထွက်သွားခဲ့သည်ကိုတော့ စိမ်းဝတီလည်း မသိလိုက်ပါ။

ကေသရီ ၏ ကားနှင့် ပတ်သက်ပြီး အနီးအနား ပတ်ဝန်းကျင်မှာ သိနိုင်သလောက်မေးသည်။ ထိုကားကို တွေ့လိုက်သူ တစ်ယောက် နှစ်ယောက် ရှိသော်လည်း ကားနံပါတ်ကို မမှတ်မိကြ။ ဘာမှ အတိအကျ မပြောနိုင်ကြ။ မီးပွိုင့်များရှိ ကင်မရာများမှ ပုံရိပ်များကို သိမ်းဆည်းထားသော central database နှင့် ချိတ်ဆက်၍ စုံစမ်းသော်လည်း ကိုယ့်ဘက်က ကားနှင့် ပတ်သက်၍ တိကျသော အချက်အလက် မရှိသောကြောင့် ဘာမှ မထူးခြား။

စိမ်းဝတီလည်း တတ်နိုင်သလောက် ရေသန့်စက်ရုံတွေ၊ အချိုရည် စက်ရုံတွေ ဘက်သို့ ကားပတ်မောင်းရင်း စုံစမ်းသော်လည်း ထိုနေ့အဖို့ ထူးခြားမှု တစ်စုံတစ်ရာ ရှိမလာခဲ့ပါ။

မုန်းအောင်ကို ဆေးရုံမှာ စစ်ဆေးရင်း သိရှိရသည်မှာ ထင်သည့် အတိုင်းပင် ဓားဖြင့် အထိုးခံရပြီးမှ ဗိုင်းရပ်စ်ကို လက်မောင်းရင်းတွင် ဆေးထိုးအပ်ဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်။
*****

ကေသရီကတော့ သူမ အစီအစဉ် အတိုင်း နောက်ဆုံးပိတ် အဖြစ် ရေသန့် စက်ရုံ တစ်ခုအနီးသို့ သွားပြီး remote control ကားလေး တစ်စီးနှင့် အရင်လိုပင် အစီအစဉ်ကို အကောင်အထည် ဖော်လိုက်သည်။ ထို့နောက် သူမ တည်းခိုသော ရစ်ချတ်ကျော်ဇော တို့ စခန်းသို့ ပြန်လာခဲ့သည်။
*****
မာမာ ကတော့ Shopping Mall မှ ထွက်ခွာသွားသော ပုံရိပ်ကို recognize လုပ်နိုင်ပြီ ဖြစ်သောကြောင့် tracking လိုက်ဖို့ကြိုးစားနေသည်။ သို့သော် ထိုအဆင့်မှာ မလွယ်လှပါ။

(၄)
ဒီဇင်ဘာ ၇ ရက်

ဗိုင်းရပ်စ် မှာ စတင်ပြန့်နှံနေပြီ ဖြစ်သည်။ တစ်မြို့လုံး လည်း ဗိုင်းရပ်စ် အကြောင်း သိရှိသွားပြီ။ လူတိုင်း လူတိုင်း Mask များနှင့် ဖြစ်ကုန်ပြီ။ လူစည်ကားရာနေရာများလည်း ခါတိုင်းလောက် မစည်ကားတော့။ တစ်ချို့က အပြင်ထွက်ရမှာကိုပင် ကြောက်လာကြပြီ။ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများရော၊ နိုင်ငံတော် အကြီးအကဲ များလည်း အခြေအနေကို သိကုန်သည်။ နိုင်ငံတော် ဆေးဝါးသုတေသနဌာနကို ဖြေဆေး အမြန်ဆုံး ထုတ်ခိုင်းသော်လည်း ဘယ်ကစလို့ စရမှန်းမသိ ဖြစ်နေသည်။ ရုပ်မြင်သံကြား ဌာနများကလည်း ဗိုင်းရပ်စ် မကူးစက်အောင် ဘယ်လို နေရထိုင်ရမည် ဆိုတာ ထုတ်လွှင့် ပေးနေသည်။

ရစ်ချတ်ကျော်ဇော ၏ ခြိမ်းခြောက်မှုသည် အမှန်ဖြစ်ကြောင်း သိသာနေပြီ။ တာဝန်ရှိသူများက ညှိနှိုင်းရန် ကြိုးစားနေကြပြီ။ သူ့ဆီမှာ ဖြေဆေး အမှန်တကယ် ရှိမရှိ သေချာရန် ဆောင်ရွက်နေကြသည်။ သူတို့ကလည်း ဒေါက်တာရဲထက်စိုးနှင့်အတူ ဗိုင်းရပ်စ်ရော ဖြေဆေးပါ ရှိကြောင်း ဗီဒီယို Message နှင့် သက်သေပြသည်။
*****

ရစ်ချတ်ကျော်ဇောက ဒေါက်တာရဲထက်စိုးကို ဖမ်းဆီးလာခဲ့ခြင်းမှာ ခြိမ်းခြောက်ရန် သက်သက် သာ ဖြစ်သော်လည်း ကေသရီ ရောက်လာသောအခါ ဖြေဆေး နှင့် ဗိုင်းရပ်စ်ကို ထပ်မံ ပွားများအောင် ထုတ်လုပ်ခိုင်းသည်။ ဒေါက်တာရဲထက်စိုး ကတော့ ငြင်းဆန်နိုင်ဆဲ ဖြစ်သည်။ သူမက သွေးအေးအေးနှင့် ရက်ရက်စက်စက် နှိပ်စက်၍ မရရအောင် လုပ်ခိုင်းရန် ဆုံးဖြတ်ထားသည်။ သူမမှာ ရှိသော ဗိုင်းရပ်စ်က ကုန်သွားပြီ ဖြစ်သည်။ တစ်နိုင်ငံလုံး ပြန့်ပွားစေဖို့ဆိုလျှင် နောက်ထပ် ထပ်လိုဦးမည်။ ထိုကိစ္စတွင် ရစ်ချတ်နှင့် သဘောထားခြင်း မတိုက်ဆိုင်။ ရစ်ချတ်က ဗိုင်းရပ်စ်ကို မပြန့်ပွားစေချင်။ သူ့အစ်ကို လွတ်လာလျှင် ဗိုင်းရပ်စ်နှင့် ဖြေဆေးကို ပြန်ပေးလိုက်ချင်သည်။ သူတို့ ဖျက်ဆီးခဲ့သဖြင့် ဖြေဆေးနှင့် ပတ်သက်သော မှတ်တမ်း မှတ်ရာ လည်း ဘာမှ မကျန်တော့ပါ။ သူတို့ဆီမှာပဲ နမူနာက ရှိတော့သည်။

ကေသရီ့မှာ နောက်ထပ် အကြံအစည်တွေ ရှိသေးသည်။ သူမ၏ အဆက်အသွယ် ဗုံးလုပ်ခြင်းနှင့် ဖောက်ခွဲခြင်း ကျွမ်းကျင်သူ တစ်ယောက်၏ အကူအညီဖြင့် ဗိုင်းရပ်စ် ထည့်ထားသော ဗုံးများကို ကောင်းကင်ပေါ်မှ ကြဲချရန်ှ စဉ်းစားထားသည်။ ထိုအကြံအစည် အထမြောက်ရန် အတွက် ဗိုင်းရပ်စ်များကို အပြင်မှာ မပွားခင် ဓါတ်ခွဲခန်းတွင် ပွားများရန် အရေးကြီးသည်။ သူမကိုယ် သူမ ကာကွယ်ရန် အတွက်လည်း ဖြေဆေး ထပ်လိုသည်။ ထိုအလုပ်ကို သူမ မလုပ်တတ်သဖြင့် ဒေါက်တာရဲထက်စိုး ကို အတင်းအကျပ် လုပ်ခိုင်းနေရခြင်းပင် ဖြစ်သည်။ သူတို့ နေသော နေရာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သော ဓါတ်ခွဲခန်း တစ်ခုလည်း အဆင်သင့် ရှိနေသည်။ ဓါတ်ခွဲခန်းခြင်း မတူညီသော်လည်း လုပ်၍ ဖြစ်နိုင်သည်။

ဗိုင်းရပ်စ် အကြောင်းကို သေချာ ဃဃနန သိရှိထာားသော ဒေါက်တာ ရဲထက်စိုးမှာတော့ အခြေအနေကို အလွန်အမင်း စိုးရိမ် နေရပါပြီ။ သူ့ကို ခုံတစ်လုံးပေါ်တွင် လက်ပြန်ကြိုးတုပ်ပြီး ခြေထောက်ကိုလည်း ခုံနှင့် တုပ်ထားသည့်ပြင် တစ်ချိန်လုံး စောင့်ကြည့်နေကြသဖြင့် ဘယ်လိုမှလည်း လွတ်မြောက်လမ်း မမြင်ပါ။ ညနေမှ ပြန်ရောက်လာသော ကေသရီ ဆိုသော မိန်းကလေးက သူ့ကို နှိပ်စက်လို့ အားရသွားသောကြောင့် သူမ အိပ်ခန်းထဲသို့ ဝင်သွားချိန်မှာပင် သူ့ကို စောင့်ရသော အစောင့်ထံသို့ ဖုန်းဝင်လာသဖြင့် ပြောသည်။ ပြောအပြီးမှာပင် သူ့ဆရာက ခေါ်သောကြောင့် ဖုန်းကို ချပြီး ဧည့်ခန်းထဲ သွားသည်။ ရဲထက်စိုးလည်း အခွင့်အရေးကို လက်လွတ်မခံပဲ လက်ပြန်ကြိုးတုပ်ထားသော သူ့လက်ကို စားပွဲပေါ်သို့ မရောက်ရောက်အောင် ဆွဲယူ၍ အရေးပေါ် message တစ်ခု ပို့လိုက်သည်။ အစောင့် ပြန်လာသောအခါ နေမြဲအတိုင်း ဖြစ်အောင် မနည်းကြိုးစားလိုက်ရသည်။
*****

ဒေါက်တာရဲထက်စိုး ပို့သည်ဟု ယူဆရသော message တစ်ခု ဝင်သည်ကို စိမ်းဝတီတို့ သိသိချင်း နေရာကို trace လိုက်ပြီး ချက်ချင်း ထွက်ခဲ့ကြသည်။ ပေါ်ပေါ်တင်တင် ဝင်တိုက်ဖို့တော့ မဖြစ်နိုင်ပါ။ သူတို့ဆီမှာ ဓားစာခံက ရှိနေသည် မဟုတ်ပါလား။ သူတို့နေရာ အသေးစိတ်ကို ကားပေါ်က screen မှာပင် ကြည့်ရှု၍ အစီအစဉ် ဆွဲသွားရသည်။ ခြံဝင်းထဲမှ အစောင့် နှစ်ယောက်ကို အသံတိတ် ရှင်းလိုက်ကြသည်။ ဧည့်ခန်းထဲမှာ ဝိုင်းဖွဲ့နေသူများထဲတွင် ရစ်ချတ်ကျော်ဇောလည်း ပါသည်။ စိမ်းဝတီကတော့ နောက်ဘက်မှ ဝင်သည်။ ဒေါက်တာရဲထက်စိုး ကို ထားသည်ဟု မှန်းထားသော အခန်းသို့သာ ဦးတည်သည်။ မီးဖိုခန်းထဲမှ ထွက်လာသူ တစ်ယောက်ကိုတော့ သိပ်လိုက်ရသေးသည်။ ဒေါက်တာရဲထက်စိုးကို စောင့်နေသော အစောင့်မှာလည်း သူ့သေနတ်ကို ထုတ်ချိန် မရလိုက်ပဲ စိမ်းလက်ချက်မိသွားရသည်။ ထိုအချိန်မှာပင် ပါးနပ်သော ကေသရီက အခြေအနေကို သိသွားပြီး ခေါင်မိုးထပ်ကို တက်သွားသည်။ တိုက် ဘေးနံရံမှ ဆင်းချိန်တွင် လာရောက်ဖမ်းဆီးသော တပ်ဖွဲ့ဝင်များ အားလုံးက အိမ်ထဲသို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူမ ထွက်ဖို့ အခွင့်သာသွားသည်။ ဧည့်ခန်းထဲမှ ထွက်ပြေးလာသော ရစ်ချတ်ကလည်း အချိန်မီ ကေသရီ့ ကားအနီးသို့ ရောက်လာသည်။ ဒေါက်တာရဲထက်စိုးကို ကြိုးဖြေပေးပြီးနောက် ပြေးထွက်လာသော စိမ်းဝတီမှာ ကေသရီတို့ ကားကို မမှီလိုက်တော့ပါ။ ဗိုင်းရပ်စ် နှင့် ဖြေဆေးမှာ ကေသရီ နောက် ပါသွားသည်မှာ သေချာသည်။

စိမ်းက သူမ ကားပေါ်တက်ပြီး စက်နှိုးစဉ်မှာပင် ရဲထက်စိုးကလည်း ကားပေါ်တက်လာသည်။ သူတို့ ကေသရီတို့ ကားနောက်သို့ လိုက်ခဲ့ကြသည်။ အားလုံးကိုလည်း အကြောင်းကြားလိုက်သည်။ ကင်းလှည့် ရဲကားတွေလည်း ထိုလမ်းကြောကို ဦးတည်၍ လိုက်လာကြသည်။ ရုပ်ရှင်တွေထဲကလိုပင် သူတို့ ကားချင်း လိုက်တမ်း ပြေးတမ်း ကစားကြသည်မှာ အချိန်အတော်ကြာသည် အထိပင်။ မီလုမီခင် ဖြစ်လာသော်လည်း ကွန်တိန်နာ ကားကြီး တစ်စီး၏ အပိတ်ကို ခေတ္တခံလိုက်ရပြီးနောက် ကေသရီတို့ ကားကို မျက်ခြေပြတ်သွားသည်။ ဘယ်လိုမှ မတတ်နိုင်။
*****
ရစ်ချတ် ဆီမှ ခြိမ်းခြောက်သော message ထပ်ရောက်လာသည်။ သူ့ဆီတွင် ဗိုင်းရပ်စ် ရှိနေတုန်းပဲ ဆိုသည်ကို မမေ့အောင် ပို့ခြင်း ဖြစ်ပါသည်။ ဒေါက်တာရဲထက်စိုးကို ဖြေဆေးထုတ်ရန် ပြောသော အခါ သူ့တို့ စမ်းသပ်ခဲ့သော မှတ်တမ်းအားလုံး ဖျက်ဆီးခံလိုက်ရ ကြောင်း ပြောသည်။ သူရုံးမှာ သုံးနေကျ laptop မှာလည်း ဖျက်ဆီးခံရသည့် အထဲ ပါသွားပြီ။ ဖြေဆေး formula ကို ပြန်မရပဲနှင့် သူဘယ်လိုမှ အချိန်တိုအတွင်း ပြန်မဖော်နိုင်။ တစ်ခုတော့ ရှိသည်။ သူ့ အိမ်မှ laptop မှာတော့ နောက်ဆုံး update မဟုတ်သော formula file တစ်ခု ရှိနေနိုင်သည်။

စိမ်းတို့ နှစ်ယောက် သူ့ laptop ကို ပြန်ယူရန် ဒေါက်တာရဲထက်စိုးအိမ် သို့ သွားကြသော်လည်း နောက်ကျသွားခဲ့သည်။ သူတို့ မလာခင်မှာပင် သူ့အိမ်ကို ဝင်မွှေ သွားကြသည်။ laptop ကိုလည်း ယူသွားကြသည်။ ဤ ဖော်မြူလာများမှာ ဒေါက်တာရဲထက်စိုး ထက်ပင် တန်ဖိုးရှိပါသည်။ အခြေအနေမှာ ဆိုးနေဆဲ ပင် ဖြစ်ပါသည်။

ဗိုင်းရပ်စ် ကူးစက်ခံရသော လူနာများမှာလည်း ဆေးရုံများသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာနေကြသည်။ ဆေးရုံမှာလည်း ထိန်းထားရုံကလွဲပြီး ပျောက်ကင်းအောင် ကုသမပေးနိုင်ပါ။
*****

(၅)
ဒီဇင်ဘာ ၈ ရက်

ရစ်ချတ် Warning ပေးထားသော နောက်ဆုံးနေ့ ဖြစ်သည်။ လဲလှယ်ရန် အစီအစဉ် အားလုံး လုပ်ပြီးပြီ။ ၅၅ ထပ် ဟိုတယ်၏ ခေါင်မိုးထပ်တွင် ရဟတ်ယာဉ်၊ ဒေးဗစ်နှင့် ဒေါ်လာ သန်း ၃၀၀ အလဲအလှယ်လုပ်ရန်စီစဉ်ထားသည်။ အချိန်က နံနက် ၁၀ နာရီ။ လိုလိုမည်မည် စနိုက်ပါ သမားများလည်း အားလုံး စီစဉ်ပြီးသွားပြီ။ ဒေးဗစ်ကျော်ဇော ကျခံနေရသော အကျဉ်းထောင်မှ ထောင်မှုးကြီး တစ်ယောက်တည်း လာရောက်၍ အလဲအလှယ် လုပ်ရမည် ဖြစ်သည်။

ကေသရီ တို့ဘက်ကလည်း ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားသည်။ နာရီဝက် အလိုကျမှ သူတို့ ပြင်ဆင်ထားသော အလဲအလှယ် နေရာကို ပြောင်းခိုင်းလိုက်သည်။ တစ်ဖက်က မပြောင်းချင် သော်လည်း မတတ်သာ သဖြင့် သဘောတူလိုက်ရသည်။ စောင့်ကြည့်သူများ မထားရန် သူတို့က တောင်းဆိုသည်။

သတ်မှတ်ထားသော အချိန်အတွင်း နှစ်ဖက်စလုံး လဲလှယ်ရန် အသင့်ဖြစ်နေပြီ။ ခြောက်လမ်းသွား လမ်းဆုံ တစ်နေရာ။ ရဟတ်ယာဉ်ကို မယူတော့ ဟု ပြန်ပြောလိုက်သည်။ ထိုအပြောင်းအလဲကို ရစ်ချတ်က သိပ်သဘောမတူချင်သော်လည်း ကေသရီ အပြောကောင်းသဖြင့် လက်ခံလိုက်ရသည်။ ထောင်မှုးကြီးက ဒေးဗစ် နှင့် သန်း ၃၀၀ ကို ယူလာသည်။ ရစ်ချတ်က ဗိုင်းရပ်စ် နှင့် ဖြေဆေးကို အသင့်ပြင်ထားသည်။ (ဒေါက်တာရဲထက်စိုး ၏ laptop ကို ယူသွားသည်ကိုတော့ ရစ်ချတ် တို့က ဝန်မခံပါ၊ ဝန်မခံ သဖြင့် အလဲအလှယ် လုပ်ရန်လည်း ပြော၍ မရနိုင်ပါ။ ထိုကိစ္စကလည်း တကယ်တော့ ကေသရီ တစ်ယောက်တည်း လုပ်ခဲ့တာသာ ဖြစ်သည်။) အခု အချိန်းအချက်မှာ ကေသရီက ကားမောင်းဖို့ တာဝန်ယူထားသည်။

စိမ်းဝတီက ထောင်မှုးကြီးကို ကားမောင်းပို့သည်။ ကားဒရိုင်ဘာ တစ်ယောက်နှင့် အလဲအလှယ်လုပ်မည့်သူ တစ်ယောက်စီသာ ပါရမည်ဟု သူတို့ သဘောတူထားကြသည်။ ထောင်မှုးကြီး က ဒေးဗစ်ကို ခေါ်လာ၍ လက်ထိတ်ဖြုတ်ပေးပြီး ဒေါ်လာ သန်း ၃၀၀ သေတ္တာနှင့် အတူ ပေးအပ်သည်။ ရစ်ချတ် က ဗိုင်းရပ်စ်နှင့် ဖြေဆေး သေတ္တာကို ဖွင့်ပြသည်။ အစစ်အမှန် ဖြစ်အောင် ဘယ်လိုကြည့်ရမည် ဆိုသည်ကို ထောင်မှုးကြီးကို ရဲထက်စိုးက ပြောပြထားပြီးသား။ စိမ်းဝတီ ကလည်း ကားထဲမှ စောင့်ကြည့်နေသည်။

ဖြစ်ပျက်သွားသော အဖြစ်အပျက်က မြန်ဆန်လှသည်။ ကေသရီက ကားအနားမှာပင် ရှိသေးသော ရစ်ချတ်ဆီမှ သေတ္တာကို ယူ၍ ပစ္စတိုကို ထုတ်ကာ ဒေးဗစ်နှင့် ထောင်မှုးကြီးကို ပစ်လိုက်သည်။ တစ်ဆက်တည်းပင် ကြောင်ကြည့်နေသော ရစ်ချတ်ကို ပစ်လိုက်သည်။ သူမသည် အစကတည်းကပင် ဤ အလဲအလှယ်ကို လုပ်ရန် ရည်ရွယ်ချက် မရှိပါ။ ထို့နောက် ချက်ချင်းပင် ကားကို တရကြမ်း မောင်းထွက်သွားသည်။ ကေသရီ အဲလို လုပ်မည်ဟု ထင်မထားသော စိမ်းဝတီ မှာလည်း ဘယ်လိုမှ မတားဆီးလိုက်နိုင်ပါ။ ကေသရီ ကားနောက်က လိုက်ရုံပင် ရှိတော့သည်။

စိမ်းဝတီ အချက်ပေးလိုက်သဖြင့် အသင့်စောင့်နေသော ကင်းလှည့် ရဲကားများ စုရောက်လာသည်။ ကေသရီ က ကားမောင်းကျွမ်းသည်။ သူမ ကားထဲမှ ကွန်ပျူတာ စနစ်ကလည်း လမ်းကြောင်းမှန်ကို ရှာဖွေ၍ အတားအဆီးများကို ဖြတ်ကျော်ရန် အကူအညီပေးသည်။ သူမ အကူအညီ တောင်းထားသော ကွန်တိန်နာ ကား သုံးစီးကလည်း ရဲကားများကို အနှောက်အယှက်ပေးသည်။ နောက်ဆုံးတော့ ရဲကားများ အားလုံး ကျန်ခဲ့ပြီး စိမ်းဝတီ၏ ကားတစ်စီးသာ ကျန်တော့သည်။ နှစ်စီး စလုံးက sport ကားတွေမို့ ကားပြိုင်ပွဲ ဝင်နေသလောက်ကို မောင်းကြသည်။

ကေသရီက ကုန်တိုက်ကြီး တစ်ခု၏ မြေညီထပ်ထဲသို့ မောင်းဝင်သွားတော့ လူတွေ အားလုံးက ရုတ်ရုတ်သဲသဲ ရှောင်ကြသည်။ သူမက ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ တိုးဝင်သွားသည်။ စိမ်းဝတီက လိုက်ဝင်သော်လည်း လူတွေကို ရှောင်နေရသဖြင့် ခရီးမတွင်ပဲ ဖြစ်နေသည်။ ကေသရီကတော့ ကားတွေတက်၍ ရသော ပထမထပ် ကားရပ်နားစခန်း သို့ပင် ရောက်သွားပြီ။ ဆိုင်ခန်း မှန်များကိုလည်း တိုက်ခွဲပစ်ခဲ့သည်။ ကေသရီက တစ်ဖက် အဆောက်အအုံသို့ ဒုတိယထပ်မှ ကူးရန် ရည်ရွယ်ချက်နှင့် သူမကားကို ကားတက်သော ဓာတ်လှေကားထဲသို့ မောင်းဝင်သွားလိုက်သည်။ စိမ်းဝတီ ရောက်လာတော့ မမှီုတော့။ ထိုနေရာက ကုန်တိုက်ကြီးများ အတွဲလိုက် ဆက်စပ်နေသော နေရာ။ ပထမထပ်မှာ တစ်တိုက်နှင့် တစ်တိုက် အလှအပ အနေနှင့် ဆက်ထားသော အင်္ဂတေလမ်းများ ရှိပြီး ဒုတိယထပ်မှာမှ ကားကူးနိုင်သော မိုးပျံလမ်း ရှိသည်။ စိမ်းဝတီက ကေသရီ့ အကြံကို သိသော်လည်း ဓါတ်လှေကား မမှီတော့ သဖြင့် ပထမထပ် စင်္ကြန်လမ်းမှ ကူးရန် ပြင်သည်။ စိမ်းကားက သိပ်အလေးချိန် မရှိလောက် ဟု မျှော်လင့်ရပါသည်။ စိမ်းက အရှိန်မြှင့်၍ အကာအရံ အုတ်တံတိုင်းကို ဝင်တိုက်ပြီး လမ်းကျဉ်းကျဉ်းကို အရှိန်နှင့် ဖြတ်လိုက်သည်။ လမ်းက သိပ်တော့ မရှည်သဖြင့် အဆင်ပြေပြေနှင့် တစ်ဖက်သို့ ရောက်သွားသည်။ ထိုအချိန်တွင် ကေသရီကလည်း ဒုတိယထပ် ကားကူးလမ်းမှ ဖြတ်လာနေပြီ။ ကေသရီ အောက်သို့ ဆင်းလာလိမ့်မည် ဟု စိမ်းကထင်သဖြင့် ဒုတိယထပ်သို့ တက်မလိုက်ပဲ ပထမထပ်မှ စောင့်နေသည်။ ထင်သည့်အတိုင်း ကေသရီ၏ ကားအနီရောင်လေး ပေါ်လာသည်။ စိမ်းက သူမကားကို ရှေ့မှ ဖြတ်ပိတ်လိုက်သည်။ သို့သော် ကားအနီကို မောင်းလာသော မိန်းကလေးမှာ ကေသရီ မဟုတ်ပါ။ ကြောက်လန့်နေသော ဈေးဝယ်တစ်ယောက်သာ ဖြစ်သည်။ ထိုမိန်းကလေးကို စစ်မေးနေစဉ်မှာပင် ကေသရီက စက်လှေကားမှ ခပ်တည်တည် ဆင်းသွားလေပြီ။

ရဲကားများလည်း ကုန်တိုက် စကွဲယား သို့ ရောက်နေပြီ စိမ်းက သတင်းပို့သဖြင့် ကေသရီကို စောင့်ဖမ်းရန် ပြင်နေကြသည်။ သို့သော် ငွေရောင်ဆံပင်တိုနှင့် တရုတ်အဘွားကြီး တစ်ယောက်ကိုတော့ သူတို့ သတိထားမကြည့်မိလိုက်ကြပါ။ ထိုအဘွားကြီးမှာ ကေသရီ ရုပ်ဖျက်ထားခြင်း ဖြစ်သည်။ ကေသရီ တစ်ယောက် ရဲတွေအများကြီး ကြားမှ လွတ်မြောက် သွားပြန်လေပြီ။ ကားဂိတ်၊ လေဆိပ် အပါအဝင် နေရာအနှံ ကေသရီ၏ ပုံကို ပို့ပြီး စောင့်ကြည့်ခိုင်းထားသည်။ စိမ်းဝတီ လည်း ဖြစ်နိုင်မည့်် သတင်းရနိုင်မည့် နေရာများသို့ လိုက်လံ စုံစမ်းနေရသည်။
*****

ရောဂါ ကူးစက်မှုကလည်း လျှင်မြန်စွာ ပြန့်ပွားလာနေသည်။ တစ်ချို့က တစ်ခြားတစ်မြို့ တစ်ရွာသို့ပင် ပြောင်းရွှေ့၍ ရှောင်ကြသည်။ တစ်ချို့ကလည်း လူစည်ကားရာကို ကြောက်သဖြင့် ဘယ်မှ မသွားပဲ အိမ်တွင်းအောင်းနေသူများလည်း ရှိသည်။ ကျန်းမာရေး ဌာနကလည်း ကုသရန် ဖြေဆေးကို ခုထိ ရှာမတွေ့သေးပါ။ ကူးစက်နှုန်းမှာ ကြောက်ခမန်းလိလိ တိုးပွားလာနေပြီး အနီးအနား မြို့များသို့ပင် စတင်ရောက်ရှိ နေပေပြီ။

*****

(၆)
ဒီဇင်ဘာ ၉ ရက်

မာမာကတော့ Face Tracking system ကောင်းမွန်တိကျစွာ အလုပ်လုပ်နေသည် ကိုစောင့်ကြည့်နေသည်။ ကေသရီ နှင့် စိမ်းဝတီ လိုက်တန်းပြေးတန်း ကစားနေသည်ကိုလည်း သူမ၏ system က သိနေသည်။ ကေသရီ အနေနှင့် ဘယ်လောက်ပဲ ရုပ်ဖျက်ထားပါစေ တစ်ခါ recognize လုပ်ပြီးလျှင် ဘယ်လိုမှ ညာလို့ရမှာ မဟုတ်ပါ။ မာမာက စိမ်းဝတီ နှင့် ဆက်သွယ်ပြီး အခြေအနေကို ပြောသည်။ စိမ်းက သူပြောသည့်နေရာကို နောက်က လိုက်သည်။ သီသီကလေး လွဲလွဲသွားသည်။ စိမ်းနှင့် အတူ ရဲထက်စိုးလည်း ပါလာသည်။ သူ့ကို နေခဲ့ရန် ပြောသော်လည်း မရပဲ အတင်းလိုက်လာခြင်း ဖြစ်သည်။

ကေသရီသည် နယ်စပ်ကို ထွက်ဖို့ ကြံစည်နေသည် မဟုတ်။ အသစ်လဲထားသော ကားဖြင့် မြို့ထဲမှာ ပတ်မောင်းနေခြင်းသာ ဖြစ်သည်။ မြို့ထွက်ပေါက်များ ပိတ်ထားမှန်းသိ၍ အကြံအစည်ထုတ်ကာ လျှောက်သွားနေခြင်းလည်း ဖြစ်နိုင်သည်။ ကေသရီက နောက်ဆုံး အချီကြီး အနေဖြင့် နေရာ တစ်နေရာမှာ ဗိုင်းရပ်စ်ကို ပြန့်ပွားအောင် လုပ်ခဲ့ရန် ကြံစည်နေခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ကို ထပ်မံ ထုတ်လုပ်၍ နေရာအနှံအပြား ဗုံးဖြင့် ဖောက်ခွဲရန် အကြံအစည်ကို လက်လျော့လိုက်ပြီး လက်ကျန်ဗိုင်းရပ်စ် ကိုသာ တစ်နေရာမှာ ဖောက်ခွဲခဲ့ပြီးလျှင် နယ်စပ်သို့ ထွက်ပြေးရန် စီစဉ်ထားသည်။

ရဲကားများနှင့် စိမ်းဝတီ၏ ကားက လိုက်ရှာနေသလို ကင်းလှည့် ရဟတ်ယာဉ် နှစ်စီးကလည်း တစ်မြို့လုံးပတ်၍ ကေသရီ၏ ကားကို ရှာဖွေနေသည်။

မိုးလုံလေလုံ နိုင်ငံတကာ အဆင့်မီ အားကစားရုံကြီးတွင် Asian နိုင်ငံများ ဖိတ်ခေါ်ဘောလုံးပွဲ ရှိသည်ကို စိမ်းဝတီ သတိရသွားသည်။ မြန်မာက ဗိုလ်လုပွဲ တက်သည်မို့ ယနေ့အဖို့ ဤပွဲက လူအစည်ကားဆုံး ဖြစ်လိမ့်မည်။ အခြားမြို့ကြီးများမှ ဝါသနာရှင်များပါ လာကြည့်ကြလိမ့်မည်။ အကယ်၍များ ကေသရီက သူမမှာ ကျန်သော ဗိုင်းရပ်စ်ကို ပြန့်နှံစေချင်သည် ဆိုလျှင် အကောင်းဆုံး နေရာပင် ဖြစ်သည်။ စိမ်းဝတီသည် ထိုနေရာသို့ ကားကို မောင်းလာခဲ့သည်။ ပွဲစဖို့ နှစ်နာရီ လောက် လိုသေးသော်လည်း လူတော်တော်များမျာ ရောက်နေကြပြီ။ မြန်မာနိုင်ငံ အလံများ ကိုင်ဆောင်၍ စိတ်ဓာတ်တက်ကြွ နေသော လူများမှာ နှစ်နာရီ အလိုကပင် ရောက်ရှိ နေရာဦး ပြီးနေကြပြီ။ စိမ်းဝတီ နှင့် ရဲထက်စိုးသည် အားကစားရုံကြီး ထဲတွင် ပြေးလွှား ရှာဖွေရင်း စိတ်မောလာသည်။ တိတိကျကျ ဘာကို ရှာရမှန်းလည်း မသိသော အခြေအနေ ဖြစ်သည်။ မာမာ့ ဆီမှလည်း နောက်ထပ် အဆက်အသွယ် ဝင်မလာ။ စဉ်းစားရင်း ပြေးလွှားနေစဉ်မှာပင် မာမာ့ ဆီမှ ဖုန်းဝင်လာသည်။ ကေသရီ ဤ အားကစားရုံသို့ ရောက်နေသည်တဲ့။

မာမာစိုး သည် ဖြစ်ပျက်နေသော အခြေအနေကို ကောင်းကောင်းသိသည်။ ကေသရီ အားကစားရုံ ထဲမှာ ဆိုရုံနှင့် စိမ်းဝတီကို အထောက်အပံ့ သိပ်မပေးနိုင်ကြောင်း သူမ သိသည်။ Satellite ချိတ်ဆက်ထားသော Detail Tracking System ကို Run ကြည့်လိုက်သည်။ Google Earth ထက် အစပေါင်းများစွာ အသေးစိတ် ဆင်း၍ ကြည့်နိုင်သော စနစ် တစ်ခု ဖြစ်သည်။ ကေသရီ ၏ ဓါတ်ပုံ နှင့် အားကစားရုံ၏ တည်နေရာ လတ္တီကျု၊ လောင်ဂျီကျု စသည့် Parameter အများအပြား ထည့်သွင်းပေးရသည်။ ထိုမျှလောက် အသေးစိတ်ကို တစ်ခါမှ မရှာဖွေဖူးသေး သော်လည်း ဒီတစ်ခါတော့ အောင်မြင်အောင် စမ်းသပ်ရမည်။ ပုံရိပ်များ ရလာသော အခါတွင်လည်း ကြည်လင်သော အသေးစိတ် ပုံများ ဖြစ်အောင် ထပ်မံချဲ့ ကြည့်ရသည်။

ကေသရီကို အရိပ်အရောင်မျှ မမြင်ရသော်လည်း ပွဲစဖို့ အချိန်က တဖြည်းဖြည်း နီးလာပြီ။ စိမ်းဝတီ ခေါ်လိုက်သဖြင့် သူမ အဖွဲ့သားများ လည်း ရောက်လာပြီး ရှာဖွေနေပြီ။ ရဲထက်စိုးက ဘယ်လို နေရာမှာ မဆို ရှင်သန်နိုင်သော ဗိုင်းရပ်စ် ၏ ခံနိုင်ရည်အား အကြောင်း ပြောပြပြီး ဗိုင်းရပ်စ်ကို ဘယ်နေရာတွင် သွားထည့်ထားနိုင်မည်ကို စဉ်းစားကြည့်ကြသည်။ ထိုအချိန်မှာပင် မိုးပျံ ပူဖောင်းများက အမိုးပေါ်သို့ ထိအောင် တက်လာသည်။ မိုးပျံပူဖောင်းထဲထည့်သော ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ထဲတွင်လည်း ဗိုင်းရပ်စ်က ရှင်သန်ကောင်း ရှင်သန်နိုင်လိမ့်မည်။ ပူဖောင်းများကို ဘယ်သူ လွှတ်လိုက်သလဲ ဟု သွားမေးကြည့်ကြသော အခါ Happy Airbus ဆိုသော ပူဖောင်း ကုမ္ပဏီမှ ကားနှင့် လာသော ဆံပင်ရှည်ရှည်နှင့် လူတစ်ယောက် လာရောက် လုပ်ကိုင်သွားကြောင်း သိရသည်။ ထိုလူမှာ ရုပ်ဖျက်ထားသော ကေသရီ ဖြစ်နိုင်သည်။ သေချာသည်ထက် သေချာသွားသည်မှာ မာမာက ဖုန်းဆက်၍ Happy Airbus ဆိုသော ကားအနီးတွင် ကေသရီ ရှိနေကြောင်းပင်။ ထိုကားသည် ယခု အားကစားရုံ၏ နောက်ဘက် ဝင်ပေါက်တွင် ရပ်ထားဆဲ ဖြစ်ကြောင်းလည်း သိရသည်။

စိမ်းဝတီက ကေသရီကို လွတ်မသွားအောင် အားကစားရုံ နောက်ဘက် အပေါက်သို့ အားသွန်၍ ပြေးသည်။ ရဲထက်စိုးကတော့ မိုးပျံပူဖောင်းများကို ဘယ်လိုလုပ်ရမလဲ ဟု စဉ်းစားရင်း ကျန်ခဲ့သည်။ သူသတိရသွားသည်မှာ ထိုအားကစားရုံ၏ ဖန်အမိုးအကြည် သည် နှစ်ခြမ်းခွဲပြီး ဖွင့်၍ ရကြောင်းပင်။ သူက တာဝန်ရှိ အစောင့်များကို မေးမြန်း၍ အမိုးကို ဖွင့်ပစ်ရန် သွားသည်။ သူ့ကို မသိသော လုံခြုံရေး အစောင့်များက တားသော်လည်း သူက အတင်း ထိုးကြိတ် ဖြတ်ပြေးရတော့သည်။ ဤအမျိုးအစား ပူဖောင်းများမှာ မဖောက်ပစ်ပါက တော်တော် မြင့်မြင့် အထိ တက်ရောက်နိုင်ပြီး အောက်သို့ တော်ရုံနှင့် ကျလာမည် မဟုတ်ပေ။

ကေသရီသည် သူမ၏ ကားပေါ်မှ ပွဲစမည့် အချိန်ကို စောင့်နေသည်။ သူမ လွှင့်တင်ခဲ့သော ပူဖောင်းများထဲသို့ ဗိုင်းရပ်စ် ပါသော ဓါတ်ငွေ့များ ထည့်ထားပြီး သုံးလုံး မှာတော့ ပူဖောင်းတွေကို ပေါက်ကွဲစေရုံ သက်သက်သာ အလွန်သေးငယ်သော ခဲစေ့ များ နှင့် ပြုလုပ်ထားသော ဗုံး ပိစိ လေးများ တပ်ဆင်ထားသည်။ ထို ဗုံးလေးများကို အဝေးထိန်းစနစ်နှင့် ဖောက်ခွဲရန် သူမ စောင့်နေခြင်း ဖြစ်သည်။ စိမ်းဝတီကို မြင်လိုက်သောအခါ အခြေအနေ မကောင်းတော့မှန်း သိသောကြောင့် ခလုတ်ကို နှိပ်ပြီး ကားကို မောင်းထွက်သည်။ ကေသရီ၏ မူလ အစီအစဉ်မှာ ရုပ်ဖျက်၍ အဝေးပြေးဂိတ်သို့သွားပြီး Asian လမ်းမကြီးမှသွားသော Express ကားတစ်စီးစီးကို စီးကာ သူမ နိုင်ငံသို့ ပြန်ရန်ပင် ဖြစ်သည်။

စိမ်းဝတီ၏ ကားက ရှေ့ပေါက်မှာ ရပ်ထားခဲ့သောကြောင့် အနီးအနားတွင် ရပ်ထားသော ဆိုင်ကယ်တစ်စီးပေါ် တက်၍ လိုက်သည်။ ရဲထက်စိုးက အားကစားရုံ ခေါင်မိုးကို ဖွင့်လိုက်ပြီး ပြန်လာသောအခါ စိမ်းဝတီက ကေသရီနောက်သို့ လိုက်နေမှန်း သိသွားသည်။ သူက စိမ်းဝတီ၏ ကားကို မောင်း၍ နောက်မှ လိုက်လာသည်။ မာမာ ကို ဆက်သွယ်ပြီး နေရာကို မေးရင်း လိုက်လာခြင်း ဖြစ်သည်။

လူရှင်းသော ကားလမ်းသို့ ရောက်လာကြသောအခါ ကေသရီက ကားပြတင်းမှ နောက်သို့လှည့်ပြီး စိမ်းဝတီကို ပစ်သည်။ စိမ်းကလည်း ကေသရီ၏ ကားဘီးကို ချိန်ရွယ်၍ ပစ်သည်။ အပြန်အလှန် ပစ်နေကြရင်းနှင့် ကေသရီ၏ ကားဘီးကိုလည်း တည့်တည့်မတ်မတ် နှစ်ချက်လောက်ထိပြီး ကားက တရွတ်ဆွဲကာ လမ်းဘေး အုတ်တိုင်ကို တိုက်မိပြီး တစ်စောင်းလဲသွားသည်။ ကေသရီ ပစ်သော ကျည်ဆံကလည်း စိမ်း၏ သေနတ်ကိုင်လက် ပခုံးကို ထိကာ သေနတ်လွတ်ကျရုံမျှမက ဆိုင်ကယ်ကြီးကိုပါ မထိန်းနိုင်တော့ပဲ ကားရှေ့ဘက်နား ထိ သွားပြီးမှ လဲကျသွားသည်။ ဆိုင်ကယ်ကြီးက ပိနေသဖြင့် ရုတ်တရက် ထမရသော စိမ်းအနားသို့ ကေသရီက အရင်ရောက်လာသည်။
“ငါ ဒီကို လာကတည်းက သေမှာ ရှင်မှာကို ဂရုမစိုက်ပဲ လာခဲ့တာ၊ မင်းက ငါ့ အကြံအစည်ကို ဖျက်ဆီးတယ်၊ မင်းကိုတော့ ငါ့လက်နဲ့ သတ်ရမှ ကျေနပ်မယ်” ကေသရီက ပြောသည်။
စိမ်း သေနတ်က အဝေးကို လွင့်စင်သွားပြီ ဖြစ်ပြီး နောက်ထပ် ခါးကြားမှ တစ်လက်ကလည်း မထုတ်ရသေး။ သူမသေနတ် ကတော့ အသင့် ချိန်ပြီးသား ဖြစ်နေပြီ။
“မင်း ငါ့ကို သတ်ရင်လည်း ပြေးလို့ လွတ်မယ်လို့ မထင်နဲ့၊ မင်းဘယ်လိုနည်းနဲ့မှ ပြေးလို့ မလွတ်တော့ဘူး၊ မင်းဇာတ်လမ်း ဆုံးနေပြီ”

ထိုအချိန်တွင် ရဲထက်စိုး ရောက်လာသည်။ ရှေ့မှာ လဲကျနေသော ကားမှာ ကေသရီ ၏ ကားဖြစ်ကြောင်း သိလိုက်သည်နှင့် သူ့ကားကို အနီးအထိ မသွားတော့ပဲ ရပ်လိုက်ပြီး ဒက်ရှ်ဘုတ်ထဲမှ သေနတ် တစ်လက်ကို ယူကာ ဆင်းလာခဲ့သည်။ ပူဖောင်း ကုမ္ပဏီ ကားထဲသို့ သေနတ်နှင့် ချိန်ပြီး ကြည့်တော့ ကေသရီကို မတွေ့ရပဲ သူ့ laptop လေးကိုသာ ရှေ့ခုံပေါ်မှာ တွေ့ရသောကြောင့် ဝမ်းသာအားရ ယူလိုက်သည်။ ကေသရီသည် ကွန်ပျူတာ ကျွမ်းကျင်သူ မဟုတ်သောကြောင့် ဗိုင်းရပ်စ် file ကို ကူးယူဖျက်ပစ်ဖို့ နေနေသာသာ security ကောင်းသော computer ကို ဖွင့်၍ပင် မရပါချေ။ ကျွမ်းကျင်သူ ရှာရန် အချိန်လည်း မရသောကြောင့် ဒီအတိုင်း သယ်လာခြင်း ဖြစ်သည်။

ရှေ့ဘက် နည်းနည်း ကျော်ကြည့်လိုက်တော့ ကေသရီ နှင့် စိမ်းဝတီကို တွေ့ရသည်။ သူ့ကို ဘယ်သူမှ သတိမထားမိကြ။ သူက ကေသရီကို သေနတ်နှင့် ချိန်ရင်း ရှေ့တိုးသွားသည်။
“ခင်ဗျား အကြံအစည်တွေ အကုန်ပျက်သွားပြီ ကေသရီ၊ ရပ်တန်းက ရပ်လိုက်ပါတော့”
သူက ပြောတော့မှ ကေသရီ၏ သေနတ်က သူ့ဘက်သို့ လှည့်လာသည်။
ကေသရီက ဟားတိုက်ရယ်ပြီး သူ့ အပေါ်ဝတ် ကုတ်အင်္ကျီကို ဖွင့်ပြသည်။ ရင်ဘတ်တွင် ဗုံးများ ကပ်ချည်ထားသည်ကို တွေ့ရသည်။ Remote ကိုပါ သေနတ်မကိုင်သော လက်တစ်ဖက်က ကိုင်ပြီး “ပစ်လိုက်လေ၊ သုံးယောက်စလုံး ဗိုင်းရပ်စ် ဖြေဆေးနဲ့ အတူတူ သွားကြမယ်” ဟု သူမက ခြိမ်းခြောက်သည်။

သူတို့ နှစ်ယောက် အခြေအတင် ပြောနေချိန်တွင် စိမ်းဝတီက သူ့သေနတ် တစ်လက်ကို ထုတ်ဖို့ အချိန်ရသွားသည်။ ရဲထက်စိုးက ကေသရီကို ချိန်ထားသော လက်ကို အောက်ပြန်ချလိုက်ချိန်မှာပဲ ကေသရီက သူ့ကို ပစ်ဖို့ပြင်သည်။ သို့သော် စိမ်းဝတီက လက်ဦးသွားသည်။ ကေသရီသည် Remote ကို နှိပ်ချိန် မရလိုက်ပဲ မိုက်ဇာတ်သိမ်းသွားရသည်။
*****

၇ ရက် ကြာပြီးနောက်

ဒေါက်တာရဲထက်စိုးက ဗိုင်းရပ်စ် ဖြေဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ အားကစားရုံမှ ပျံတက်စေခဲ့သော မိုးပျံပူဖောင်းများနှင့် ပတ်သက်၍လည်း ပတ်ဝန်းကျင် နေရာအနှံကို သတိပေး ကြေငြာကာ ကျလာသော ပူဖောင်းများအား သိမ်းဆည်းခြင်းဖြင့် ဗိုင်းရပ်စ် မပြန့်နှံအောင် ထိန်းသိမ်းနိုင်ခဲ့သည်။ ဗိုင်းရပ်စ် ကူးစက် ခံရသူများကိုလည်း ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့သည်။ နောက်ပိုင်းမှာ ကူးစက်ပြန့်နှံခြင်းကို အမြစ်ဖြတ် တားဆီးရန် လူထု အားလုံးကို ကာကွယ်ဆေး ထိုးပေးခြင်း အစီအစဉ်ကို ဆက်လက် အကောင်အထည် ဖော်လျက်ရှိသည်။

ပခုံးတွင် သေနတ်ဒဏ်ရာ ရပြီး ခြေထောက်ကတော့ ဆိုင်ကယ်ပိသဖြင့် အနည်းငယ်နာသွားသော စိမ်းဝတီမှာ ဆေးရုံ ခဏ တက်ခဲ့ရပြီး ဗိုင်းရပ်စ်ဖြေဆေး ထုတ်လုပ်ရန် အလုပ်ရှုပ်နေသော ရဲထက်စိုးမှာလည်း လာရောက် မကြည့်နိုင်ခဲ့ပါ။ ယခုတော့ ဆေးရုံမှ လွန်ခဲ့သော သုံးရက်ကပင် ဆင်းခဲ့ပြီးနောက် ခွင့်ရက်ကို ဆက်လက်ခံစားနေသည့် စိမ်းဝတီ နှင့် လွန်ခဲ့သော ၇ ရက်လုံး ပင်ပင်ပန်းပန်း လုပ်ခဲ့ရပြီး ယခုမှ နားရသော ရဲထက်စိုးတို့မှာ ချောင်းသာ ကမ်းခြေသို့ အပန်းဖြေရန် ရောက်ရှိနေခဲ့လေပြီ။

ယခုတော့လည်း လောကကြီးက ပြန်လည် သက်ဝင်၍ သာယာလှပ လာပြီ ဖြစ်ပေသည်။

သိင်္ဂါကျော်
25. 8. 2009
12:54 AM

(မည်သည့် နိုင်ငံခြား ရုပ်ရှင်ကို မှ မှီငြမ်းထားခြင်း မဟုတ်ပါ။ ကြည့်ခဲ့ဖူးသော၊ ဖတ်ခဲ့ဖူးသော ရုပ်ရှင်၊ ဝတ္တုတို့၏ သြဇာလွှမ်းမိုးမှု တော့ ပါကောင်း ပါနိုင်ပါသည်။)