22 October, 2009

အိပ်မက်ပူပူ



အဲဒီနွေမှာ
အနောက်ဘက်က ပန်းခင်းတွေ
ညနေခင်း နွမ်းလျသလိုမျိုး
နေ့ဘက် သွပ်တရှိန်ရှိန်
ပိတ်လှောင်ကျဉ်းကြပ်
အခန်းကျဉ်းထဲကည
အိပ်မက်ဖို့ အခွင့်အရေး သိပ်မရပါပဲလျက်
မောဟခါးခါးတွေဝါး
လောဘပူပူတွေ မျိုသောက်
မစ္ဆိရိယ မီးလျှံတွေ တညီးညီး နဲ့
အိပ်မက်တွေလည်း အပူလောင်ခဲ့။


နေရာလည်း မရှိ
ဝေဒနာလည် မရှိ
ဘလာဟင်းလင်း ရင်ခွင်နဲ့လူ
ညပျက်ညရဲ့ အမှောင်တစ်ဝက်အောက်
ပြေးထွက်လျှောက်ခဲ့လေတယ်။

(ခပ်ငယ်ငယ်က ရေးထားတဲ့ ကဗျာလေးပါ)

သိင်္ဂါကျော်

21 October, 2009

ယဉ်တကိုယ်မယ်

ဘာရယ်တော့ မဟုတ်ပါဘူး။ မျက်စိ အစာကျွေးရအောင်ပါ။ အိန္ဒိယ ဆာရီ ဝတ်ထားတဲ့ ရုရှ မော်ဒယ်လ် တစ်ယောက်ရဲ့ ပုံတွေပါ။ စာလည်း မရေးဖြစ်သေးတာနဲ့..။ :)


 
 
 
 
 




20 October, 2009

သွေးစွန်းလက်ဝါး (ဇာတ်သိမ်း)



စိမ်းဝတီ လည်း ဘယ်လို စဉ်းစားရမှန်းမသိလောက်အောင်ပင် ဦးနှောက်ထဲတွင် ရှုတ်ထွေးလာသည်။ တကယ်လို့ နေဇာမင်းသည် နေဇာ ခေါ် ခန့်လေး ဖြစ်နေပါက ဖြူဖြူထိုက် အတွက် အန္တရာယ် ဖြစ်နိုင်သည်။ သူတို့ နောက်သို့ စိမ်း လိုက်သွားပြန်လျှင်လည်း ဦးဘသောင်းထိုက် ကို ရည်ရွယ်ကာ လုပ်ကြံလာခဲ့လျှင် မကာကွယ်လိုက်နိုင်မှာ စိုးရသည်။

နောက်ဆုံးတော့ ဖြူဖြူထိုက်တို့ဆီ လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပြီး ဦးစိုးမြတ်ကို သတင်းပို့လိုက်သည်။ ဦးဘသောင်းထိုက်မှာ ဦးစိုးမြတ်၏ ဆရာလည်း ဖြစ်ခဲ့ဖူးရာ သူကိုယ်တိုင် လာအိပ်ပေးမည် ဆို၍ ဤအိမ်အတွက် စိတ်ချသွားသည်။

ဤမြို့ကို လာခဲ့သော PRADO အစိမ်းပုပ်ရောင် ကားနှင့်ပင် ဖြူဖြူထိုက်တို့ ရောက်နေသော မြို့သို့ ညတွင်းချင်း မောင်းထွက်ခဲ့သည်။ မြို့ချင်းက သိပ်မဝေးပါ။ ဦးဘသောင်းထိုက် သားကြီး ၏ လိပ်စာ အတိုင်း ရောက်အောင် သွားတော့ ညသန်းခေါင်ကျော်နေပြီ ဖြစ်သည်။ အားနာနာနှင့်ပင် နှိုး၍ ဖြူဖြူထိုက်တို့ ဘယ်မှာတည်းသည်ကို မေးရသည်။ ဖြူဖြူထိုက်တို့က မြို့ထဲရှိ ကြယ်စင် တည်းခိုခန်းတွင် တည်းမည် ဟု ပြောသွားသည် ဆိုသည်။ အသုဘက မနက်ဖြန် နေ့လည် နှစ်နာရီ ချမည် ဟုဆိုသည်။

ကြယ်စင် တည်းခိုခန်းသည် ညလုံးပေါက်ဖွင့်သော တည်းခိုခန်း ဖြစ်သည်။ စိမ်းဝတီသည် အခန်းတစ်ခန်း ယူလိုက်ပြီး ဝန်ထမ်းကတ်ကို ပြ၍ ဖြူဖြူထိုက် နှင့် နေဇာမင်း တို့၏ အခန်းနံပါတ် များကို မေးလိုက်သည်။ စိမ်း အစိုးရိမ် လွန်နေခြင်းလည်း ဖြစ်နိုင်သည်။ သို့ပေမယ့် မဖြစ်ခင်မှာ ကြိုတင် ဂရုစိုက်တာက အကောင်းဆုံးပင်။

စိမ်း သည် ကိုယ့်အခန်းထဲ ပစ္စည်းထားပြီး ဖြူဖြူထိုက် အခန်းရှေ့သို့ လာခဲ့သည်။ သူမကို နှိုးရကောင်းနိုး၊ မနှိုးရကောင်းနိုး စဉ်းစားနေခိုက်မှာပင် အခန်းထဲမှ ညည်းတွားသံ သဲ့သဲ့နှင့် ရုန်းကန်လှုပ်ရှားသံ သဲ့သဲ့ကို ကြားရသည်။ အောက်ထပ်ရှိ မန်နေဂျာကို သွားခေါ်ပြီး သော့အပို ဖြင့် ဖွင့်ကာ ဝင်လိုက်ရသည်။ ဖြူဖြူထိုက်သည် ကုတင်ပေါ်တွင် လူးလိမ့်နေပြီး လည်ပင်းပေါ်မှ တစ်စုံတစ်ရာကို ဆွဲခွာရန် ကြိုးစားနေပါသည်။ ထိုအရာမှာ လက်ပြတ်ကြီး တစ်ဖက်ပင် ဖြစ်သည်။ စိမ်း ပြေးသွားပြီး ဆွဲခွာသော အခါမှာတော့ အလွယ်တကူ ပြုတ်ပါလာပြီး စိမ်းလက်ထဲမှ ရုန်းထွက်ကာ တံခါးပေါက်မှ ထွက်ခွာသွားသည်။ ထိုလက်ပြတ်ကြီးမှာ လူသေကောင်လက်လို အေးအေးစက်စက်ကြီး ဖြစ်ပြီး ညိုမည်း ခြောက်ကပ်နေသည်။ စိမ်းလည်း ခဏမျှကြောင်နေပြီးနောက် လက်ပြတ်ကြီး ထွက်သွားရာနောက်သို့ လိုက်ကြည့်သောအခါ အစအနပင် မမြင်ရတော့ပါ။ ဖြူဖြူထိုက် အခန်းထဲ ပြန်ဝင်ခဲ့သောအခါမှ နံရံများ ပေါ်မှ သွေးလက်ဝါးရာများကို သတိထားမိသည်။

သွေးပျက်မတတ်  ကြောက်ရွံထိတ်လန့်နေသော ဖြူဖြူထိုက်ကို နှစ်သိမ့်ပြီးနောက် သော့တောင်းကာ နေဇာမင်း အခန်းကို ဝင်ကြည့်သောအခါ အိပ်မောကျနေသော နေဇာမင်းကို တွေ့ရသည်။ အခန်းထဲတွင်လည်း ဘာမှ မသင်္ကာစရာ မတွေ့ရပါ။ သို့သော် သူတို့နှစ်ယောက် အခန်းမှာ ကပ်လျက် ဖြစ်ရာ ဟိုဘက်အခန်းမှ ထွက်လာသော လက်ပြတ်ကြီးသည် ဒီဘက်အခန်းထဲသာ ဝင်သွားခဲ့ပါက စိမ်းနောက်ကျသွားသော တခဏ အတွင်းမှာ မျက်ခြေပြတ်သွားနိုင်သည် မဟုတ်ပါလား။ စိမ်းဝတီက နေဇာမင်းကို နှိုးလိုက်တော့ ဘာမှ မသိသော အိပ်မှုံစုံမွှား ပုံစံနှင့် ထလာသည်။ သူ့အခန်းထဲတွင် စေ့စေ့စပ်စပ် ရှာသော်လည်း မသင်္ကာစရာ ဘာမှ မတွေ့ရပါ။ ထူးခြားတာဆို၍ ကလေးများကစားသော လက်တစ်ဝါးစာ ဂိမ်းစက်ကလေး တစ်ခုသာ ရှိသည်။

တကယ်တမ်းမှာတော့ လက်ဝါးပြတ်ကြီးသည် ပြတင်းပေါက်မှ ထွက်၍ အပြင်ဘက် အုတ်နံရံတွင် ကပ်နေခြင်းသာ ဖြစ်သည်ကို စိမ်းဝတီ မသိခဲ့ပါ။

***

ထိုညက စခန်းမှူး ဦးစိုးမြတ်တို့မှာလည်း အလားတူ အဖြစ်မျိုး ကြုံခဲ့ရသည်ကို ပြန်ရောက်တော့မှ စိမ်းဝတီ သိရပါသည်။ သွေးများပေနေသော လက်ဝါးပြတ်ကြီး နံရံတွင် ကပ်နေစဉ် ဦးစိုးမြတ်က မြင်ခဲ့ခြင်းဖြစ်သည်။ သူ သေနတ်နှင့် အချက်များစွာ ပစ်တော့မှ အောက်သို့ ပြုတ်ကျလာခဲ့သည်။ နံရံတွင် သွေးလက်ဝါးရာ တစ်ခု ကျန်ခဲ့သည်။ လက်ဝါးအလယ်နှင့် လက်ကောက်ဝတ် အရင်းနားတွင် ကျည်ဆံရာများ ရှိနေသော်လည်း တစစီ ပြုတ်ထွက် ပျက်စီး မသွားခဲ့ပါ။ အမှန်တကယ်တော့ ထိုလက်ပြတ်ကြီးမှာ ကလေးကစားစရာ ရီမုတ်ကွန်ထရိုး နှင့် သွားသော ကား၊ လေယာဉ် တို့ကဲ့သို့ အရုပ်တစ်ခုသာ ဖြစ်ပြီး အပေါ်ယံတွင် လူအရေပြားနှင့် တူအောင် လုပ်ထားပြီး ခန့်ကြီး ၏ လက်ဗွေရာအတုကို ကပ်ထားခြင်းသာ ဖြစ်သည်။ သွေးများမှာ တိရိစ္ဆာန်သွေးများ ဖြစ်သည်။ တစ်စုံတစ်ယောက်က တစ်နေရာမှ ရီမုတ်ကွန်ထရိုး နှင့် လက်ဝါးပြတ်ကြီးကို လှုပ်ရှားခိုင်းခြင်း ဖြစ်မည်။

ဦးစိုးမြတ်တို့ ဖြစ်သော အချိန်က စိမ်းတို့ထက် စောသောကြောင့် စိမ်းတွေ့ခဲ့သော လက်ပြတ်ကြီးမှာ ယခု ပျက်စီးသွားသော လက် မဟုတ်နိုင်ပါ။ အနည်းဆုံးတော့ လက်ဝါး နှစ်ခု ရှိရမည်။ တစ်ချိန်တည်း တစ်နေရာစီမှာ တွေ့ခြင်းဖြင့် သို့လော သို့လော ဖြစ်အောင် လုပ်ခြင်းလည်း ဖြစ်နိုင်သည်။ ယခင်က သွေးလက်ဝါးရာကိုသာ တွေ့စေပြီး ယခု အိပ်ဆေး မသုံးပဲ လက်ဝါးပြတ်ကိုပါ တွေ့စေပြီး စိတ်ချောက်ခြားအောင် လုပ်ခြင်း ဖြစ်မည်။ မကြောက်တတ်သော ဦးစိုးမြတ်နှင့် တွေ့မှ ဒုက္ခရောက်သွားခြင်း ဖြစ်သည်။ ကြံစည်သူကို အမြန်ဆုံး ဖော်ထုတ်နိုင်မှ ဖြစ်မည်။ ကလေးများ ကစားသော ဂိမ်းစက်သည် အရုပ်တစ်ခု အတွက် ရီမုတ်ကွန်ထရိုး မဖြစ်နိုင်ဘူးလား…။

“ကျွန်တော်တို့ နားတော့မယ်” ဟုပြောကာ နေဇာမင်းက သူ့အခန်းဆီသို့ သွားရန်ပြင်သည်။ သူ့ပုံစံက မင်သေသည်။ စိမ်းဝတီတို့ သုံးယောက်စလုံး အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်၍ ဦးစိုးမြတ် ပြောသည်ကို နားထောင်နေကြခြင်း ဖြစ်သည်။ “ကိုနေဇာ ခဏနေဦး ခင်ဗျား အိတ်ကို ရှာဦးမယ်”  စိမ်းကပြောတော့… “တည်းခိုခန်းတုန်းကလည်း ခင်ဗျား ရှာပြီးပြီပဲ မစိမ်းဝတီရာ၊ ကျွန်တော့ကို ဘာဖြစ်လို့ သက်သက်မဲ့ မသင်္ကာဖြစ်နေတာလဲ၊ အဝတ်အစားကလွဲလို့ ဘာမှ မပါဘူး၊ ကျွန်တော် အရှာမခံနိုင်ဘူး” ဟု သူကငြင်းသည်။

“မရဘူး၊ ခင်ဗျားအိတ်ကို အခု ဖွင့်ပြပါ ကိုနေဇာ” ။ စိမ်းဝတီက သူ့ကျောပိုးအိတ်ကို ဆွဲယူလိုက်ပြီး ဖွင့်နေစဉ်မှာပင် နေဇာမင်းက ထွက်ပြေးသွားပါတော့သည်။ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်က သူ့နောက်သို့ လိုက်သွားသည်။ အိတ်ပွင့်သွားပြီးနောက် လက်ပြတ်ကြီး ထွက်လာပြီး စိမ်းလည်ပင်းကို တွယ်ကပ် ဖျစ်ညှစ်သည်ကို ရုတ်တရက် ခံလိုက်ရသည်။ လက်ပြတ်ကြီး၏ အားက တော်တော်ကြီးသည်။ စိမ်းဝတီမှာ မျက်လုံးများ ပြာဝေပြီး အသက်ရှူမရအောင် ခံစားရသည်။ အားကုန်သုံးပြီး လက်ချောင်းများကို ဆွဲခွာရသည်။ လက်ကြီး စိမ်းဝတီ၏ လည်ပင်းမှ ကွာကွာခြင်း ဦးစိုးမြတ်က သေနတ်နှင့် အချက်ပေါင်းများစွာ ပစ်ထည့်လိုက်သည်။ လက်ပြတ်ကြီးကိစ္စ ပြီးတော့မှ နေဇာမင်း နောက်သို့ လိုက်သောအခါ မမီတော့ပါ။ ချက်ချင်း လိုက်သွားသော ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကို မျက်ခြေဖျတ်ကာ ပြေးသွားပြီ ဖြစ်သည်။ နေဇာမင်း ထွက်ပြေးစဉ်က လက်ထဲတွင် ဘာမှ ပါမသွားပါ။ သူ့ကို ဒီလို ရှာလိမ့်မည် ထင်မထား၍ လက်ပြတ်ကြီးကို ဒီအတိုင်းထည့်လာခဲ့သည်။ စိမ်းဝတီက ရီမု ဟုထင်ထားသော ဂိမ်းစက်ကလေးမှာလည်း အိတ်ထဲတွင် ကျန်ခဲ့ပါသည်။ လက်ပြတ်ကြီးက သူ့ဟာသူ လှုပ်ရှားနိုင်ပါသလား…။ ထိုကဲ့သို့ မဟုတ်လျှင် ယခုတစ်ကြိမ် လက်ပြတ်ကြီးကို လှုပ်ရှားစေသူမှာ နေဇာမင်း မဖြစ်နိုင်။ သို့သော် အချိန်ကိုက် လှုပ်ရှားနိုင်ရန် အတွက် အပြင်မှ တစ်စုံတစ်ယောက်သည် ဤအခန်းထဲရှိ မြင်ကွင်းကို မြင်နေမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

***

ဆရာဦးစိုးမြတ်က နေဇာမင်းကို ဖမ်းဆီးရန် အတွက် တစ်မြို့လုံးအနှံ ရှာဖွေရန်နှင့် မြို့ဝင်ပေါက်၊ ထွက်ပေါက် များတွင် ပိတ်ဆို့တားဆီးထားရန် စီမံနေသည်။ ဦးမင်းကို ကလည်း ကြော်ငြာထုတ်လိုက်သော ဓါတ်ပုံကို တွေ့ပြီး နေဇာမင်းသည် ခန့်ကြီး၏ ညီ ခန့်လေး ဖြစ်ကြောင်း အတည်ပြုသည်။ ၇တန်း အရွယ်က ခန့်လေးကို သူမြင်ဖူးခဲ့သည် မဟုတ်လား။

နေမဝင်ခင်မှာပင် နေဇာမင်း ခေါ် ခန့်လေးကို အဝေးပြေးကား တစ်စီးပေါ်တွင် ဖမ်းမိသွားသည်။ သူက သူတစ်ယောက်တည်း လုပ်ခြင်း ဖြစ်ကြောင်း ဝန်ခံသည်။ သူ့တွင် အပေါင်းအဖော် မရှိကြောင်း ငြင်းသည်။ လက်ပြတ်ကြီး နှစ်ခုနှင့် ပတ်သက်၍ အသေးစိတ် ပြောဆိုရန် ငြင်းဆန်သည်။ ခန့်ကြီး အလောင်းကို သူ့ဦးလေး တစ်ယောက် အကူအညီနှင့် နေရာရွှေ့ခဲ့ပြီး လက်ဗွေရာများလည်း ယူခဲ့ကြောင်း ဝန်ခံသည်။ ထိုဦးလေးမှာ ယခုတော့ ဆုံးသွားပြီ ဟုဆိုသည်။ နေဇာမင်းမှာ အပေါင်းအသင်း တစ်ယောက်ရှိရမည် ဟု ထင်ထားသော်လည်း သူက မဖော်သဖြင့် ဘယ်လိုရုပ်၊ ဘယ်လို ပုံစံမှန်းမသိပဲ ရှာဖို့ရန် ခဲယဉ်းလှသည်။

ရဲစွမ်းနိုင် ဆီမှ အဆက်အသွယ်ရတော့ ညမိုးချုပ်နေပြီ။ ဒီနေ့တစ်နေ့လုံး နေဇာမင်း အကြောင်းတွေ စုံစမ်းပြီး mail ပို့လိုက်ခြင်းဖြစ်သည်။ နေဇာမင်းသည် (…….) ဘော်ဒါကျောင်းမှ ဆယ်တန်းအောင်ခဲ့သည်။ သူနှင့် အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်ရှိခဲ့သည်။ ထိုသူငယ်ချင်း၏ အဖေကလည်း သူ့ကို မွေးစားသားလို ချစ်ခဲ့သည်။ ဆယ်တန်းအောင်ပြီးနောက် သူတို့ နှစ်ယောက်စလုံး သူ့သူငယ်ချင်း အဖေ၏ အဆက်အသွယ်ဖြင့် ဂျပန်နိုင်ငံတွင် အလုပ်သွားလုပ်ခဲ့ကြသည်။ သူတို့ လုပ်ရသော နေရာက အရုပ်စက်ရုံ ဖြစ်သည်။ လှုပ်ရှား သွားလာနိုင်သော စက်ရုပ်အသေးလေးများ၊ ပျံသန်းမောင်းနှင်နိုင်သော လေယာဉ်ငယ်၊ ကားငယ်လေးများ ထုတ်လုပ်သော စက်ရုံ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ထိုစက်ရုံမှ လေ့ကျင့်သင်ကြားပေးသော သင်တန်း အဆင့်ဆင့်ကို ထူးချွန်စွာ အောင်မြင်၍ ရာထူးများလည်း တိုးလာခဲ့သည်။ ယခု သူတို့နှစ်ယောက်လုံး ခွင့်နှင့် မြန်မာနိုင်ငံသို့ ပြန်လာကြခြင်း ဖြစ်သည်။ ရဲစွမ်းနိုင်က ထိုလူ၏ ဓါတ်ပုံကိုပါ ရှာဖွေလာနိုင်ခဲ့သည်။ ထိုဓါတ်ပုံဖြင့် ဦးစိုးမြတ်တို့က ရှာဖွေရေးလုပ်ငန်း စတော့သည်။

နောက်တစ်နေ့တွင် ထိုလူကို ဖမ်းဆီးနိုင်ခဲ့သည်။ ထိုလူက သူ့ကို ဘယ်သူမှ မသိနိုင် ဟုထင်ပြီး ဤမြို့မှ ထွက်ခွာမသွားသေးပဲ ဦးဘသောင်းထိုက်တို့ အိမ်နှင့် တစ်အိမ်ကျော်က အိမ်တွင် ဒရိုင်ဘာ လုပ်နေသည်။ သူ့ကို ဖမ်းမိပြီးနောက် နှစ်ယောက်စလုံးက သူတို့လုပ်ခဲ့သမျှကို ဝန်ခံကြသည်။ လက်ပြတ်ကြီး နှစ်ဘက်ကို လက်စားချေရန် အကြံအစည်ဖြင့် လုပ်ခဲ့ကြကြောင်း၊ အစောကတည်းက ဖြူဖြူထိုက်နှင့် online တွင် ရင်းနှီးစေရန် နေဇာမင်းက ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ခွင့်ရသည်နှင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြောင်း ထိုလူ့ဆီမှ သိရသည်။ ဦးဘသောင်းထိုက်၏ သားကြီးကို သတ်ခဲ့သူမှာ ထိုလူ ဖြစ်သည်။ ရဲအုပ် ဇော်မင်းသိုက်ကို သတ်ခဲ့ပြီး ဦးဘသောင်းထိုက် အိမ်မှာ ဖြစ်သမျှ အဖြစ်အပျက်တို့ကို နေဇာမင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူတို့ အစီအစဉ်မှာ ဦးဘသောင်းထိုက် တစ်အိမ်သားလုံး ပြီးလျှင် ဦးမင်းကို တစ်အိမ်သားလုံးကိုပါ လက်စားချေရန် စီစဉ်ထားသည်။

ထိုအိမ်၏ ဧည့်ခန်းမှာ ကင်မရာလေး တစ်လုံးလည်း တပ်ထားခဲ့ပြီး နေဇာမင်း ပြေးသောနေ့က ထိုလူက တစ်ဖက်အိမ်မှ ကြည့်ကာ သူ့ဆီမှ ရီမု နှင့် လက်ကြီးကို လှုပ်ရှားစေခဲ့ခြင်းပင် ဖြစ်သည်။ နေဇာမင်းကို မိသွားသော်လည်း သူက ငြိမ်နေပြီး အချိန်တန်လျှင် ဂျပန်နိုင်ငံ ပြန်သွားမည်။ အခွင့်သင့်လျှင် ပြန်လာပြီး နေဇာမင်း၏ မပြီးသေးသော လက်စားချေသည့် လုပ်ငန်းကို ဆက်လုပ်ပေးရန် ရည်ရွယ်ထားသည်။ ထိုလူသည် မြန်မာနိုင်ငံသို့ မလာခင်မှာလည်း သူနှင့် မတည့်သော အထက်အရာရှိ တစ်ယောက်ကို ထိုနည်းနှင့်ပင် သတ်ပစ်ခဲ့ဖူးသည်။ ယခုတော့ သူတို့ နှစ်ယောက်လုံး တရားဥပဒေ၏ အဆုံးအမကို ခံယူရတော့မည်။ ဘယ်လောက်ပဲ ဆန်းသစ်သော နည်းကို သုံးပါစေ၊ ရာဇဝတ်ဘေးကတော့ ပြေးမလွတ်ပါချေ။

သိင်္ဂါကျော်

19 October, 2009

သွေးစွန်းလက်ဝါး (၁)



အငြိမ်းစား ရဲမှုးကြီး ဦးဘသောင်းထိုက် သည် တိကျ မှန်ကန်ပြီး အရည်အချင်းရှိသူ ဖြစ်သည်။ သူ ကိုင်တွယ်ခဲ့သမျှ အမှုတိုင်းသည်လည်း မပေါ်ပေါက်သော အမှုဟူ၍မရှိခဲ့ပေ။ ငယ်ရွယ်စဉ်ကဆိုလျှင် အဆိုးဆုံး၊ အမိုက်ဆုံး ဟုဆိုနိုင်သော လူဆိုး လူမိုက်များ နှင့် လက်ရုံးချင်း ယှဉ်၍ ဖမ်းဆီးခဲ့သည်မှာ အများအပြားပင်။ သဲလွန်စ မကျန်အောင် အကွက်ကျကျ စီမံ ကျူးလွန်ခဲ့သော အမှုများကိုလည်း ရှင်းလင်း ဖော်ထုတ်ကာ တရားခံ အစစ်ကို ရအောင် ဖမ်းဆီး၍ အရေးယူ စေခဲ့ရသည်မှာလည်း အကြိမ်ပေါင်း မနည်းခဲ့။ ထိုသို့သော ရဲဝန်ထမ်း တစ်ဦးအတွက် ရန်သူ အများအပြား ရှိနေသည်မှာ အဆန်းမဟုတ်ပါ။ ယခုအချိန်မှာတော့ သက်ပြည့်ပင်စင် ယူပြီးနောက် မကြာမီပင် လေဖြတ်သွားခဲ့သောကြောင့် နေကောင်းနေပြီ ဖြစ်သော်လည်း သွက်သွက်လက်လက် မသွားလာ မလှုပ်ရှားနိုင်သေး၊ အသိဥာဏ်များ ယခင်ကကဲ့သို့ မထက်မြက်သေးသော အခြေအနေဖြစ်သည်။

ဦးဘသောင်းထိုက်သည် စိမ်းဝတီ၏ လက်ဦးဆရာ တစ်ယောက် ဖြစ်သည်။ သူ့လက်အောက်တွင် တာဝန်ကျဖူးသည့်ပြင် စိမ်းဝတီကို ကိုယ်ခံပညာ သင်ပေးသော ဆရာတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ဦးဘသောင်းထိုက်၏ သမီး ဖြူဖြူထိုက်သည်လည်း စိမ်းဝတီနှင့် အလွန်ရင်းနှီးသော သူငယ်ချင်း ဖြစ်သည်။ ထိုမြို့မှ ထွက်ခွာခဲ့ပြီးနောက် မရောက်ဖြစ်တော့သည်မှာ ကြာပြီ ဖြစ်သော ဆရာ့အိမ်သို့ ဖြူဖြူထိုက်၏ ဖုန်းဆက်ခေါ်မှုကြောင့် တစ်ခေါက် ရောက်ခဲ့ရတော့သည်။

ပြဿနာမှာ သွေးစွန်းလက်ဝါးရာ တစ်ဖက်ကြောင့်ပင် ဖြစ်သည်။ လွန်ခဲ့သော သုံးရက်က အိမ် မျက်နှာစာ နံရံတွင် သွေးစွန်းလက်ဝါးရာ တစ်ဖက်ကို မနက်မိုးအလင်းတွင် တွေ့ခဲ့ကြသည်။ ဦးဘသောင်းထိုက်၏ ရန်သူတစ်ယောက်ယောက်က ခြိမ်းခြောက်ခြင်း ဖြစ်လိမ့်မည် ဟု ထင်ခဲ့ကြပြီး ရေစို အဝတ်နှင့် လက်ရာကို ဖျက်လိုက်ကြသည်။ ရဲတပ်ကြပ်ကလေး တစ်ယောက်ကို အကူအညီတောင်း၍ သူ့ဆရာအိပ်ခန်းတွင် အတူ အိပ်စေခဲ့သည်။ နောက်တစ်နေ့ မနက်မှာတော့ အိမ်ရှေ့မျက်နှာစာသာမက အိမ်ဘေး နံရံများမှာပါ လက်ဝါးရာများ တွေ့ရပြီး ခြံထဲတွင် လွှတ်ထားသော အင်းခွေးကြီးမှာ သွေးထွက်သံယို ဒဏ်ရာ မပေါ်ပဲ သေနေသည်ကို တွေ့ရသည်။ ဤအခြေအနေမှာတော့ နယ်မြေ ရဲတပ်ဖွဲ့ကို အကြောင်းကြားရတော့သည်။ ရဲများက လက်ဝါးရာများကို လက်ဗွေစစ်ဆေးရန် ယူသွားကြသည်။ ညဘက်တွင် လုံခြုံရေး အတွက် ရဲ အစောင့်အရှောက် နှစ်ယောက် ပို့ပေးထားသည်။ ရဲသားလေး နှစ်ယောက်မှာ မအိပ်ပဲ စောင့်နေရာမှ ညလယ်လောက်တွင် ဘာကြောင့်မှန်းမသိပဲ ရုတ်တရက် အိပ်ချင်လာကာ အိပ်ပျော်သွားသည် ဟု ဆိုသည်။ မနက်မိုးလင်းသော အခါ အိမ်အပြင် နံရံ သာမက အတွင်းဘက် ဧည့်ခန်းနံရံ ပေါ်မှာပါ လက်ဝါးရာများ တွေ့ရသည့်ပြင် အိမ်မှာ မွေးထားသော ကြောင်ကလေးမှာ လည်ပင်းညစ်သတ်ခံရသလို လျှာထွက်ကာ သေဆုံးနေသည်ကို တွေ့ရသည် ဟု ဆိုသည်။

အဲသည့်နေ့ မနက်မှာပင် စိမ်းဝတီကို ဖုန်းဆက်သဖြင့် လိုက်လာခဲ့ရခြင်းဖြစ်သည်။ ရောက်ရောက်ချင်း ညနေမှာပင် ဤအမှုကို တာဝန်ယူထားသော ရဲအရာရှိနှင့် သွားတွေ့လိုက်သည်။ စခန်းမှူး နှင့် အဖွဲ့တစ်ဖွဲ့ မှာလည်း အရေးကြီးသော အမှုကြီးတစ်မှုကို လိုက်နေရသဖြင့် စခန်းတွင် မရှိပါ။ ဦးဘသောင်းထိုက် ၏ အိမ်မှ လက်ဗွေရာများကို ယူကာ စစ်ဆေးခဲ့သော ရဲအုပ် ဇော်မင်းသိုက်မှာ ကွန်ပျူတာ မှတ်တမ်းထဲရှိ လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးချက် အရ ထွက်လာသော အဖြေကို ကြည့်၍ ရူးချင်သလို ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ထို လက်ဗွေရာ များမှာ လွန်ခဲ့သော ၁၅ နှစ်က သေဒဏ် ကျခံ ၍ သေဆုံးသွားပြီ ဖြစ်သော ခန့်ကြီး (ခေါ်) တေဇာ ၏ လက်ဗွေရာများနှင့် ထပ်တူညီ နေသောကြောင့်ပင် ဖြစ်သည်။ မှတ်တမ်းအရ ခန့်ကြီး သည် ဘယ်သန်ဖြစ်ပြီး ယခု လက်ဝါးရာမှာလည်း ဘယ်လက်ဝါးရာ ဖြစ်သည်။ လက်တစ်ချောင်းချင်းစီ ၏ လက်ဗွေရာများ အားလုံးပင် ထပ်တူညီလျက် ရှိသည်ကို တွေ့ရသည်။ သူက ထိုအကြောင်းကို စိမ်းဝတီကို ပြောပြသည်။

ဦးဘသောင်းထိုက်၏ အိမ်တွင် သူ၏ဇနီး၊ သမီး ဖြူဖြူထိုက် နှင့် နှစ်ပေါင်းများစွာ အတူနေလာခဲ့သော အိမ်ဖော် အဒေါ်ကြီး လင်မယား အပြင် ဖြူဖြူထိုက်နှင့် စေ့စပ်ထားသော နေဇာမင်း ဆိုသူပါ ရောက်လျက်ရှိသည်။ ဦးဘသောင်းထိုက်၏ သားအကြီးမှာမူ ဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် အနီးအနား မြို့တစ်မြို့ တွင် တာဝန်ကျ လျက်ရှိသည်။ အိမ်ကြီးမှာ နှစ်ပေါင်း မနည်းတော့ပြီ ဖြစ်သော နှစ်ထပ်တိုက်ကြီး ဖြစ်သည်။ ဆေးဖြူများ ပြန်သုတ်ထားသည်မှာ မကြာသေးသောကြောင့် သစ်လွင်သယောင် ထင်ရသည်။ စိမ်းဝတီ ထိုမြို့မှာ တာဝန်ကျစဉ်က ဤတိုက်ကြီးကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထား၍ ဝင်ထွက်သွားလာနေကြ ဖြစ်သည်။

ခန့်ကြီး ၏ အမှု အကြောင်းကို ဆရာပြောပြသဖြင့် ကြားခဲ့ဖူးသည်။ ခန့်ကြီးဆိုသူသည် လူသတ်၊ ဓားပြတိုက်မှု ပေါင်းများစွာကို ကျူးလွန်ခဲ့သူ ဖြစ်သည်။ ဖျက်ဆီးခဲ့သော မိန်းကလေးပေါင်းလည်း မနည်းပေ။ ထိုအချိန်က ထိုလူ၏ အသက်မှာ ၃၀ ခန့် ပင် ရှိသေးသည်။ ကမ်းကုန်အောင် မိုက်ရိုင်း ဆိုးသွမ်းခဲ့သူ ဖြစ်သည်။ ဦးဘသောင်းထိုက် နှင့် သူ့လက်ထောက် ဦးမင်းကို တို့၏ ရေဆုံးရေဖျား စုံစမ်းထောက်လှမ်းမှုဖြင့် ခန့်ကြီး၏ နောက်ဆုံး မိန်းမကို တွေ့ရှိ စည်းရုံးနိုင်ကာ ခန့်ကြီးကို ဖမ်းဆီး နိုင်ခဲ့ကြသည်။ ထို့နောက် သေဒဏ် အပေးခဲ့ခဲ့ရကာ ထိုမြို့ကလေး၏ သင်းချိုင်း မှာပင် မြှုပ်နှံခဲ့ကြသည်။

ရဲအုပ် ဇော်မင်းသိုက်နှင့် တိုင်ပင်၍ ခန့်ကြီး၏ သချိုင်းဂူကို ပြန်လည် တူးဖော်ခွင့် ရရန် စီစဉ်ထားသည်။ ခန့်ကြီး အမှုတွင် ဦးဘသောင်းထိုက်နှင့် အတူ ပါဝင်ခဲ့သူ ဦးမင်းကို နှင့်လည်း ဆက်သွယ်ရန် ကြိုးစားခဲ့ကြသည်။ ယခုထိတော့ ဆက်သွယ်၍ မရသေးပါ။ ခန့်ကြီး၏ ကျန်ရစ်သူ ဆွေမျိုးများ၊ တပည့်တပန်းများ နှင့် ပတ်သက်၍လည်း တတ်နိုင်သမျှ ရှာဖွေခဲ့ကြသည်။ နှစ်ပေါင်းကြာခဲ့ပြီ ဖြစ်သဖြင့် ကျေနပ်လောက်သော အချက်အလက် ဘာမှ ရှာမတွေ့ပါ။ ညနေစောင်းပြီး အမှောင်ရိပ်သမ်းလာတော့မှ စိမ်းဝတီ အိမ်ပြန်ခဲ့သည်။ ဇော်မင်းသိုက်က မပြန်သေးပဲ စခန်းမှာ ကျန်နေခဲ့သည်။ မနက်ဖြန်တော့ ခန့်ကြီး၏ သင်္ချီုင်းဂူ ရှိရာ သို့ သွားကြည့်မည်ဟု စိတ်ကူးထားသည်။ ဤကိစ္စ မပြတ်ခင် စိမ်းဝတီ၏ မိခင်ဌာန၊ ထောက်လှမ်းရေးဗဟိုမှ အရေးတကြီး ကိစ္စဖြင့် ပြန်မခေါ်ရန်သာ ဆုတောင်းရမည်။

***

ညနေစာ စားပြီးချိန်တွင် ကိုနေဇာမင်း ပြန်လာသည်။ သူ့အပေါင်းအသင်းများ နှင့် တွေ့နေ၍ဟု ဆိုသည်။ ကိုနေဇာမင်း နှင့် ဖြူဖြူထိုက်သည် ဒေသကောလိပ်တွင် အတူတူ တက်ခဲ့ကြသူများ ဖြစ်သည်။ နေဇာမင်းသည် ဖြူဖြူနွဲ့နွဲ့ နှင့် ခပ်ပျော့ပျော့ ပုံစံ ပေါက်သည်။ သူနှင့် မရှေးမနှောင်းမှာပင် ရဲဝန်ထမ်း နှစ်ယောက် ရောက်လာသည်။ ယခုညမှာတော့ စိမ်းဝတီနှင့် အတူ ရဲတပ်ကြပ် တစ်ယောက်၊ ရဲတပ်သား တစ်ယောက် ပါ ရှိနေသောကြောင့် အိမ်တွင် စုစုပေါင်း လူကိုးယောက် ရှိနေသည်။ စိမ်းဝတီသည် ခရီးပန်းလာသော်လည်း တစ်ညလုံး မအိပ်ရန် ဆုံးဖြတ်ထားသည်။ ယခင်နေ့များက အစောင့်များသည် ညလယ်လောက်တွင် ရုတ်တရက် အိပ်ပျော်သွားသည် ဆိုသောကြောင့် အိပ်ဆေးငွေ့ သုံးခြင်းလည်း ဖြစ်နိုင်သည်။

စိမ်းသည် တစ်ညလုံး မအိပ်ပဲ ခြံထဲမှာ နေခဲ့သည်။ ခြံစောင့်ဦးကြီး ကိုတော့ အန္တရာယ် ဖြစ်မှာ စိုးသဖြင့် အိမ်ထဲ ပို့ထားလိုက်သည်။ တစ်ညလုံး ဘာမှ မထူးခြားပါ။ မနက်ခင်း လင်းအားကြီး ကျမှ အိမ်ကို တစ်ပတ်ပတ် ကြည့်ပြီး ဘာလက်ဝါးရာမှ မတွေ့ရသည်နှင့် အိမ်ပေါ်တက်ကာ ကိုယ့်အခန်းကိုယ် ဝင်အိပ်လိုက်သည်။ အိမ်ရှေ့ဧည့်ခန်းမှာလည်း ဘာလက်ဝါးရာမှ မရှိခဲ့။

သုံးနာရီလောက် အိပ်အပြီးမှာ ဖြူဖြူထိုက် လာနှိုး၍ နိုးခဲ့ရသည်။ အိမ်ရှေ့မျက်နှာစာ နှင့် ဧည့်ခန်းနံရံတွင် လက်ဝါးရာများ ပေါ်နေသည်ကို ကိုနေဇာက စတွေ့ခဲ့သည် ဟု ဆိုသည်။ ဖြစ်နိုင်သည်မှာ စိမ်း အိပ်ခန်းထဲ ဝင်သွားပြီးမှ လာလုပ်ခြင်း ဖြစ်ပေမည်။ မနက်မိုးလင်း နေပြီ ဖြစ်သဖြင့် ဘယ်သူ့ကိုမှတော့ အန္တရယ်မပေးနိုင်တော့။ အိမ်ရှေ့ဧည့်ခန်းနံရံတွင် လက်ဝါးရာ တွေ့ရသော်လည်း တံခါးများ၊ ပြတင်းပေါက်များမှာ ခြေရာလက်ရာ မပျက်ပါ။ ကိုနေဇာက စတွေ့၍ ဖြူဖြူ့ကို ပြချိန်တွင် အိမ်ရှေ့တံခါးမကြီးမှာ ပိတ်လျက်သား ဖြစ်သည်။ အဲဒီနောက်မှ သူတို့ အိမ်ရှေ့ထွက်ကြည့်တော့ မျက်နှာစာမှ လက်ရာများကို မြင်ရခြင်းဖြစ်သည်။ လက်ဝါးရာ ထားသွားသူသည် ဘယ်လိုလာ၍ ဘယ်လို ပြန်ထွက်သွားသည်ကို စဉ်းစား၍ မရနိုင်။ အိမ်အတွင်းရှိလူများကိုပင် မသင်္ကာစရာ ဖြစ်လာသည်။ သို့သော် လူစိမ်း ဆို၍ စိမ်း၊ နေဇာမင်း နှင့် ရဲဝန်ထမ်း နှစ်ဦးသာ ရှိသည်။ ဦးကြီးမောင်မှာ အသက်ကြီးပြီ ဖြစ်သည့်ပြင် နှစ်ပေါင်းများစွာ သစ္စာရှိလာသော လူယုံတော်ကြီး ဖြစ်သည်။ လက်ဝါးရာမှာ သာမန်ထက်ကြီးသောကြောင့် ဤအိမ်မှာ ရှိသော လူများ၏ လက်ရာ လုံးဝ မဖြစ်နိုင်။ သို့သော် တစ်ယောက်ယောက်နှင့် တစ်နည်းနည်းတော့ ပတ်သက်ကောင်း ပတ်သက်နိုင်သည်။ အထူးသဖြင့် နေဇာမင်း။ သူ့မျက်လုံးများမှာ လျှို့လျှို့ဝှက်ဝှက် နိုင်သည် ဟု စိမ်းဝတီ ထင်သည်။

အဲဒီနောက်မှာ သတင်းဆိုး တစ်ခု ဝင်လာသည်။ မနေ့ကညနေ စိမ်း ပြန်လာတော့ စခန်းမှာ ကျန်နေခဲ့သော ရဲအုပ် ဇော်မင်းသိုက် အသတ်ခံလိုက်ရသည်။ နံရံတွင် လက်ဝါးရာ တစ်ခု ချန်ထားခဲ့သည်။ ခန့်ကြီးနှင့် ပတ်သက်ပြီး သူ တစ်ခုခုကို သိသွားသလား ဟု စိမ်းတွေးနေသည်။ ဖျတ်ခနဲ သတိရမိသည်က နေဇာမင်း မနေ့ညနေက စိမ်းထက် နောက်ကျမှ အိမ်ကို ပြန်လာသည်။ သူ ဘယ်နေရာမှာ ရှိနေသည်ကို မှန်မှန်ကန်ကန် သိရမှ ဖြစ်မည်။ နေဇာမင်းကို မေးတော့ သူငယ်ချင်း တစ်ယောက်နှင့် စားသောက်ဆိုင်တွင် အလုပ်ကိစ္စ ဆွေးနွေး နေသည် ဟုဆိုသည်။

စိမ်းဝတီသည် ရဲစခန်းသို့ သွားကာ ကိုဇော်မင်းသိုက် ရှာခဲ့သော ကွန်ပျူတာ တွင် သဲလွန်စ ရလိုရငြား ရှာကြည့်မိသည်။ ခန့်ကြီး၏ ကိုယ်ရေးရာဇဝင်ထဲတွင် ဘာမှ ပြည့်ပြည့်စုံစုံ မပါပါ။ အမှုကြီး တစ်မှု အပြီးသတ်၍ တရားခံများကို ဖမ်းလာခဲ့သော စခန်းမှုးနှင့် အဖွဲ့ကို နောက်ထပ် အမှုကြီး တစ်မှုက ဆီးကြိုနေခဲ့သည်။ အရေးမကြီး ဟုထင်ထားသော သွေးလက်ဝါးရာ ကိစ္စမှာ ယခုတော့ လူသတ်မှုပင် ဖြစ်ခဲ့ပြီ ဖြစ်၍ ဖိဖိစီးစီး လိုက်ရတော့မည် ဖြစ်သည်။ စိမ်းဝတီကတော့ ခန့်ကြီး ၏ သင်္ချီုင်းဂူ ရှိရာသို့သွားမည်။ တစ်ခုခု ထူးခြားမည် ဟုထင်သည်။

***

စိမ်းဝတီ ပြန်လာသောအခါ ထူးထူးခြားခြား သတင်း ပြောစရာ ပါလာသည်။ ခန့်ကြီး၏ အုတ်ဂူထဲတွင် ခန့်ကြီး၏ ရုပ်အလောင်း မရှိပါ။ ခေါင်းအလွတ်ကြီးသာ ရှိပါသည်။ နှစ်ပေါင်းကြာ၍ အမှုန့်ဖြစ်သွားခြင်း မဟုတ်ပါ။ အစကတည်းက မရှိခြင်းဖြစ်ပါသည်။ ခန့်ကြီး တစ်ယောက် တကယ်မသေခဲ့ပဲ လက်စားချေနေခြင်း ဟု တွေးစရာ ဖြစ်လာသည်။ ဦးဘသောင်းထိုက်အိမ်တွင် ညအိပ်စောင့်ဖူးသော ရဲတပ်ဖွဲ့ဝင် အချို့ကတော့ လက်ဝါးရာ ထားသူ ခန့်ကြီးမှာ လူအစစ် မဖြစ်နိုင်ဟု ဆိုကြသည်။ နောက်ထပ် ညအိပ်စောင့်ရန်ပင် ကြောက်လန့်နေကြသည်။ နောက်တစ်ခါ အလှည့်ကျသူမှာ ညစောင့်များထဲမှ တစ်ယောက်ယောက်လည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

စခန်းမှူး ဦးစိုးမြတ်ကလည်း သူ ရထားသော သတင်းတစ်ခုကို စိမ်းကို ပြသည်။ ဦးဘသောင်းထိုက်၏ လက်ထောက် ဖြစ်ခဲ့ဖူးသော ဦးမင်းကို ထံမှ email တစ်စောင်ရောက်နေခြင်းပင်။ ကိုဇော်မင်းသိုက် မသေခင် ဦးမင်းကို ၏ mail လိပ်စာကို ရ၍ ဆက်သွယ်ခဲ့ခြင်း ဖြစ်လိမ့်မည်။ ခန့်ကြီး နှင့်ပတ်သတ်၍ စိမ်းတို့ မသိသေးသော အချက်တစ်ခု ပါလာသည်။ ခန့်ကြီးတွင် ခန့်လေး ခေါ် နေဇာ ဆိုသော ညီအစ်ကို တစ်ယောက် ရှိသည် ဆိုခြင်းပင်။ ခန့်ကြီးသည် သူ့ညီကို သူ့ဘဝနှင့် မပတ်သက်အောင် ထားခဲ့ပြီး လိုအပ်သော ငွေကြေးကို ထောက်ပံ ခဲ့သည် ဟု ဆိုသည်။ ဦးဘသောင်းထိုက် နှင့် ဦးမင်းကို တို့ ထိုအမှုကို လိုက်ခဲ့စဉ်က သူ့ညီကို ရန်ကုန်မြို့၊ (……..) ယောင်္ကျားလေး ဘော်ဒါဆောင်တွင် ထားခဲ့ပြီး ထိုစဉ်က ၇ တန်း ကျောင်းသား ဖြစ်သည်။ ဦးမင်းကိုက ဤမြို့သို့ လာခဲ့ဦးမည် ဟုဆိုသည်။

စိမ်းသည် ချက်ချင်းပင် ရန်ကုန်မှ အပေါင်းအသင်းများကို ဆက်သွယ်ရာ ရဲစွမ်းနိုင် အားနေသဖြင့် သူ့ကိုပင် ထိုယောင်္ကျားလေး ကျောင်းသို့ သွားပြီး စုံစမ်းခိုင်းရသည်။ ရဲစွမ်းနိုင် သတင်းပြန်ပို့မည်ကို စောင့်နေဆဲမှာပင် ဖြူဖြူထိုက် ဖုန်းဆက်လာသည်။ သူ့အစ်ကိုကြီး ဆုံးသွားပြီ ဖြစ်ကြောင်း၊ အသတ်ခံရခြင်း ဖြစ်ကြောင်း အတူနေ သူငယ်ချင်းက ဖုန်းဆက်သည် ဟု ဆိုသည်။ စိုးရိမ် ကြောက်လန့်နေသော ဖြူဖြူထိုက်ကို နှစ်သိမ့်ကာ ဖုန်းချပြီးပြီးချင်း ဦးစိုးထိုက် ကို အကျိုးအကြောင်းပြောရသည်။

ဦးဘသောင်းထိုက်၏ သားကြီးသည် သူ့သူငယ်ချင်း တစ်ယာက်နှင့် အတူ ဝန်ထမ်းအိမ်ရာ တစ်ခုတွင် နေသူ ဖြစ်သည်။ ဦးစိုးမြတ်က ထိုမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းကြည့်သောအခါမှ အကြောင်းစုံကို သိရသည်။ ထိုသူ အသတ်မခံရမီ နှစ်ရက် သုံးရက်လောက်တွင် အိမ်အပြင်နံရံများ၌ လက်ဝါးရာများ တွေ့ရပြီး ဦးဘသောင်းထိုက်၏သား သတိထား ဆိုသော သွေးဖြင့် ရေးသည့် စာတန်းကိုလည်း တွေ့ခဲ့ရကြောင်း၊ တစ်ယောက်ယောက် နောက်ပြောင်သည် ထင်မှတ်၍ သူငယ်ချင်း နှစ်ယောက်လုံး အလေးမထားခဲ့ကြောင်း၊ ယနေ့နံနက်တွင် ဦးဘသောင်းထိုက်၏သား သေဆုံးနေသည်ကို သူ့သူငယ်ချင်းကပင် စတင်တွေ့ရှိခဲ့ကြောင်း၊ လည်ပင်းညစ်၍ အသတ်ခံရခြင်း ဖြစ်သည် ဟု ဆရာဝန်က ထင်မြင်ယူဆကြောင်း… သိရသည်။

စိမ်းဝတီ တို့မှာ ဦးနှောက်ခြောက်သွားရသည်။ တစ်နေရာက အမှုကိုပင် မဖော်ရသေးမီ နောက်တစ်နေရာမှာ ဖြစ်ပြန်လေရာ ဤအမှုကို ကြံစည်နေသူမှာ တစ်ယောက်တည်း မဟုတ်ပဲ အပေါင်းအပါ တစ်ယောက်တော့ အနည်းဆုံး ရှိရမည်။ ခန့်ကြီးနှင့် သူ့ညီ ပူးပေါင်း လက်စားချေခြင်းလည်း ဖြစ်နိုင်သည်။ ခန့်ကြီး ၏ ညီနာမည်မှာ နေဇာ။ ဖြူဖြူထိုက်၏ ချစ်သူမှာလည်း နေဇာမင်း။ ဖြူဖြူထိုက်တို့အိမ်မှာ ရောက်နေသည့် တစ်ဦးတည်းသော လူစိမ်း။ ဤအဖြစ်အပျက်များ မဖြစ်မီလေးကမှ လာရောက်တည်းခိုသူ။ ရဲစွမ်းနိုင် ဆီမှ ခန့်လေး၏ ဓါတ်ပုံ တစ်ပုံတစ်လေ ပို့ပေးနိုင်ခဲ့လျှင်တော့ နေဇာမင်းသည် ခန့်လေး ဟုတ်မဟုတ် ခန့်မှန်းနိုင်လိမ့်မည်ဟု ထင်သည်။

ရဲစွမ်းနိုင် ဆီမှ ပြန်လာသော သတင်းကတော့ အားတက်စရာ မရှိပါ။ ခန့်လေး ကျောင်းတက်သော ကာလ တစ်လျှောက်မှာ သူနှင့် ပတ်သက်သော စာရွက်စာတမ်းများ ထိုကျောင်းမှာ တစ်ခုမှ မရှိတော့ပါ။ အားလုံးကို ခိုးယူဖျောက်ဖျက်ပြီး ဖြစ်ပါလိမ့်မည်။ ရဲစွမ်းနိုင်ကို နေဇာမင်း အကြောင်း စုံစမ်းပေးဖို့ ပြောလိုက်သည်။ စိမ်းဝတီ အိမ်ပြန်ရောက်တော့ ဖြူဖြူထိုက်နှင့် နေဇာမင်းမှာ ဖြူဖြူထိုက်၏ အစ်ကိုကြီး အသုဘကိစ္စ စီစဉ်ရန် ထိုမြို့သို့ သွားကြပြီ ဖြစ်သည်။ သူတို့ အမေကတော့ မနက်ဖြန် မနက်မှ လိုက်သွားလိမ့်မည်။

ထိုညနေမှာပင် ဦးမင်းကို ရောက်လာသည်။ ဦးမင်းကိုက ခန့်ကြီး မသေပဲ ပြန်ရှင်လာသည်မှာ လုံးဝ မဖြစ်နိုင် ဟု ဆိုသည်။ သူတို့ ကိုယ်တိုင်ပင် ထောင်မှူးကြီး နှင့် အတူ သေချာစစ်ဆေးပြီးမှ အခေါင်းသွင်းခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ ထိုအတိုင်းသာ မှန်လျှင် ခန့်ကြီး ၏ ဝိညာဉ်က လက်စားချေခြင်း ဟုပင် ယူဆရတော့မလား မသိပါ။

***

17 October, 2009

တမ်းတသူ



အချစ်ဆိုတာနဲ့
အတိတ်တွေမှာတောင် မဆုံဖူးခဲ့…
နေညိုရင်လည်း လွမ်းစရာ မရှိ
မိုးရွာရင်လည်း လွမ်းစရာ မရှိတဲ့သူ ဆိုတာ…
မယုံနိုင်ဘူးလား ကောင်မလေးရေ…။

ဘဝက ပဲ့ကိုင်တဲ့အတိုင်း
ရွက်လွှင့်ခဲ့တဲ့
အနှစ်သုံးဆယ်မှာ
တစ်ယောက်တည်း
အထီးကျန်မှုက
လုံလောက်သလို ရှိခဲ့ပြီ။

ငါ့ကို အားကိုးလို့
လက်တွဲခေါ်ရမယ့်သူ
ရှိချင်တယ်။
ငါအိမ်ပြန်ရင်
ဆီးကြို နှုတ်ဆက်မယ့်သူ
ရှိချင်တယ်။
ဒါပေမယ့်
အချစ်ဆိုတာ ဘာလဲ
ငါခုထိ နားမလည်သေးဘူး။

တစ်နေရာရာမှာတော့
တံလျှပ်မဟုတ်တဲ့ သက်တန့်ကို
တွေ့သလိုမျိုး
ငါ့ကို ဖမ်းစားမယ့်
ဖူးစာရှင်အစစ်ကို
ရှာတွေ့ဖို့ မျှော်လင့်တယ်။

ဘဝအမောတွေနဲ့ ကြုံတဲ့အခါတိုင်း
ကောင်မလေးရေ… လို့
ဘယ်ဆီမှန်း မသိတဲ့ ချစ်သူကို
တိုင်တည် တမ်းတချင်ရဲ့…။

စိတ်ကူးထဲက နတ်သမီးပေါ့
Innocent မျက်နှာနဲ့
ငါ့အနာဂါတ်ကို ယုံကြည်မယ့်သူမျိုး…။
ဘဝမှာ…ငါ လဲကျတဲ့ အခါ
တွဲထူမယ့် သူမျိုး…။
လိုချင်ပါရဲ့။

ဒါပေမယ့်
ဘဝနှစ်ခု ပေါင်းဖို့ရာ
နှစ်ကိုယ်ချစ် မဖြစ်ပဲ
မဖြစ်မနေ တာဝန်တစ်ခု အနေနဲ့တော့
မဖြစ်သင့်တာပါ။

ကောင်မလေးရေ…
ဒီကမ္ဘာရဲ့ တစ်နေရာရာမှာ
မင်းရှိလိမ့်မယ်…
ငါယုံကြည်ပါရစေ၊
မင်းကို စောင့်ဖို့ စွမ်းအားတွေ
ငါ့ကို ပေးသနားပါ…။
မင်းနဲ့ တွေ့တဲ့အချိန်မှာ
ငါ့ဘဝ ပြည့်စုံနေစေဖို့
ခွန်အားတွေ ပေးသနားပါ။

ကောင်မလေးရေ…
တို့နှစ်ယောက် ဆုံတဲ့
တစ်နေ့မှာ…
မင်းကို ချစ်ဖို့ နှလုံးသား
ငါ့မှာ ရှိပါစေ…
ငါ့ကို ချစ်ဖို့ နှလုံးသားလည်း
မင်းမှာ ရှိပါစေ…။

သိင်္ဂါကျော်

(လူပျိုကြီး တွေကိုယ်စား ခံစားပေးတာပါ :P)

16 October, 2009

ထိုတစ်ည



ကျွန်မဟာ ကိတ်ရဲ့ အိမ်မှာ ညဘက် သွားနေခဲ့စဉ်ကပါ။ ဖုန်းသံ မြည်လာတဲ့ အချိန်မှာ ကျွန်မတို့ တီဗွီ ကြည့်နေခဲ့ပါတယ်။ ကျွန်မ ဖုန်းကိုင်လိုက်ပေမယ့် တစ်ဖက်က တဂျိ ဂျိ မြည်သံက လွဲလို့ ဘာမှ မကြားရပါဘူး။ ကျွန်မတို့ လည်း အရေးမထားပဲ နေခဲ့ရာက နောက် နာရီဝက် ညလည်လောက်ရောက်တော့ တစ်ခါမြည်ပြန်ပါရော။ ကိတ်က ဖုန်းကိုင်လိုက်တော့ အသံရှုသံ ပြင်းပြင်းက လွဲပြီး ဘာမှ မကြားရပြန်ပါဘူး။ ကျွန်မတို့ နှစ်ယောက်လုံး စောင့်ကြည့် ခံနေရသလို ခံစားရလို့ သူငယ်ချင်းတွေ နောက်တာ မဟုတ်ဘူး ဆိုတာ သိခဲ့ပါတယ်။

အဲဒီနောက် ကိတ်ရဲ့ အိပ်ခန်းတံခါးကို ခေါက်တဲ့အသံကို ကြားရပါတယ်။ ကျွန်မတို့ နှစ်ယောက်လုံး ထင်လိုက်တာက သူ့ အဘိုး အဘွားတွေ အိပ်ကြတော့ လို့ လာပြောတယ် လို့ ထင်ပြီး တံခါး ထမဖွင့် တော့ပဲ တီဗွီ ပိတ်ပြီး အိပ်ချင်ဟန် ဆောင်နေလိုက်ကြပါတယ်။ တံခါးက ဖြည်းဖြည်းလေး ပွင့်သွားတယ်… ဒါပေမယ့် ကိတ်ရဲ့ အဘိုး အဘွား တွေ မဟုတ်ဘူး။ ကျွန်မတို့လည်း ချောင်းကြည့်ပြီး တံခါးကို ပြန်ပိတ်လိုက်တယ်။ အိပ်ရာထဲ ပြန်ဝင်လိုက်ပေမယ့် အအေးဓါတ်က ကျောရိုးထဲထိ စိမ့်သွားသလိုပဲ။ အခန်းထဲမှာ ပိုပြီးအေးလာတာကို ခံစားရတယ်။ ရုတ်တရက် ပြတင်းပေါက်တွေနဲ့ တံခါးပေါက်က ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတယ်။ ကျွန်မတို့လည်း မအိပ်ရဲတော့တာနဲ့ တခြား အခန်းကို ပြောင်းအိပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် အဲဒီ အရာက ကျွန်မတို့ နောက် လိုက်လာခဲ့တယ်။

ကျွန်မတို့ ကြောက်ရွံစပြုလာပါတယ်။ ဒါကြောင့် တစ်ခြား မိန်းကလေးတွေကို နှိုးမယ် ဆိုပြီး သွားတော့ အဲဒီမှာ ဘယ်သူမှ မရှိပါဘူး။ တစ်အိမ်လုံးလျှောက်ကြည့်တယ်… ဒါပေမယ့် မီးဖိုခန်း စားပွဲပေါ်က လတ်လတ်ဆတ်ဆတ် သွေးစက်တွေကလွဲပြီး ဘာမှ မတွေ့ပါဘူး။

ကြောက်စရာ ရွံစရာ အောက်အောက်သိုးသိုး နံစော်တဲ့ အနံ တစ်ခုက လေထဲမှာ ပြန့်နေပါသေးတယ်။ အသားပုပ်နံ့ လိုပါပဲ။ ကျွန်မတို့ကလွဲလို့ ဘယ်သူမှမရှိတာ… ဘယ်လောက်ဆိုးတဲ့ အဖြစ်ပါလဲ။ အဲဒီညက အဖြစ်ဟာ တကယ့် အဖြစ်အပျက်လား … အာရုံမှား… အမြင်မှား ခဲ့တာလား ဆိုတာ.. ကျွန်မတို့ ဘယ်တော့မှ သိနိုင်မှာ မဟုတ်တော့ပါ။

Claudia and Katie ရဲ့ The Stranger ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်


15 October, 2009

နေရာသစ်မှာ...


တစ်နေရာတည်းမှာ အတည်တကျ မနေရတတ်တဲ့ ဇာတာပါတဲ့ ကိုယ် ခုလည်း အိမ်နဲ့ အဝေးတစ်နေရာကို လာခဲ့ရပြန်ပါပြီ။ ကိုယ်ဟာကိုယ် မငြင်းမဆန် ဝန်ထမ်းကောင်းလုပ်ပြီး ကျရာသွားမယ်ဆိုတဲ့ စိတ်နဲ့ လာခဲ့တဲ့သူ ဖြစ်ပေမယ့် ကိုယ့်ကို ခုချိန် အသက် ၃၀ ထိ ကလေးတစ်ယောက်လို မြင်ပြီး အရာရာ စိတ်မချတတ်တဲ့ မိဘတွေက အဲဒီ နေရာကို မရောက်ခင်ကတည်းက ပူညံပူညံ လုပ်ပြီး မကြိုက်ကြပါဘူး။ ဒါပေမယ့်လည်း ကိုယ်ကတော့ ကိုယ့်စိတ်ကူးနဲ့ ကိုယ် အပြောင်းအလဲကို လိုလားခဲ့ပေမယ့် အခုတော့ ကိုယ်မှားပြီလားလို့တောင် ထင်ချင်လာပါတယ်။

ရန်ကုန်ကနေ မန္တလေးကို ၁၂ နာရီ ရထား upper တန်းက သားအမိ သုံးယောက် လာခဲ့ကြပါတယ်။ အဲဒီမတိုင်ခင် တစ်ညက ပြည်က ညကားစီးပြီး လာကြတာပါ။ အရင်တာဝန်ကျတဲ့ ပုသိမ်က ပစ္စည်းတွေက သင်တန်းတက်နေတဲ့ ရန်ကုန်မှာပဲ ထားထားတော့ ပြည်ပြန်မသယ်တော့ပဲ ရန်ကုန်ကပဲ သွားလိုက်တာပါ။ လိုက်မပို့နဲ့လို့ ပြောလည်း ဘယ်လိုမှ မရပဲ အဖေ နဲ့ အမေက လိုက်ပို့ပါတယ်။ အိမ်က အဒေါ်ကလည်း အဲလို လိုက်ပို့ဖို့ ညွှန်ကြားထားတာပါ။ ကိုယ်က မန္တလေးကို တစ်ခါမှ မရောက်ဖူးပါဘူး။ ခုလို ရထားကြီးနဲ့ ဆိုတော့ ပိုပြီးတော့ အကြာကြီး ပျင်းလောက်အောင် စီးရပါတယ်။ (ရထားစီးမိတဲ့ အကျိုးအနေနဲ့ ဘေဇင် နားမှာ ပစ္စည်းတွေ ထားမိလို့ သေတ္တာ တစ်ဝက်လောက် အဝတ်တွေ ရေစိုခဲ့ရပါတယ်။) မနက် ၄ နာရီလောက် ရောက်ပြီး ဆန်နီ ပစ်ကပ် ကားတစ်စီး ငှားပြီးတော့ ရတနာပုံမြို့သစ် ရှိတဲ့နေရာကို လာခဲ့ရပါတယ်။

၂၁ မိုင်စခန်း ထက် ၂မိုင်လောက် အကျော်မှာ Yatanarpon City ဆိုတဲ့ ဆိုင်းဘုတ် အမှတ်အသားကို တွေ့ရပြီးတော့ အထဲကို တမျှော်တခေါ် ဝင်ခဲ့ရပါတယ်။ ပထမဆုံး Yatanarpon Teleport ကိုရောက်သွားပါတယ်။ အဲဒီတစ်ခုတည်း ထီးထီးကြီး.. အနီးအနား လည်း ဘာမှ မမြင်ရ… မေးစရာလူလည်း တစ်ယောက်မှ မတွေ့ပါဘူး။ နောက်မှ အစောင့် တစ်ယောက်တွေ့လို့ မေးပြီး Building 6 ဘက်ကို လာခဲ့ရပါတယ်။


လှေကားအမြင့်ကြီးနဲ့ လူတစ်ယောက်မှလည်း မတွေ့ရတော့ ဟုတ်မှဟုတ်ပါ့မလားနဲ့ တက်သွားကြည့်တော့ တံခါးကလည်း ပိတ်ထားတယ်။ နောက်မှ ထွက်လာပြီး ဖွင့်ပေးပါတယ်။ ကွင်းပြင်ထဲ …တောထဲ လာရလို့ ဆိုပြီး အဖေ နဲ့ အမေက ဆူဆူပူပူ လုပ်ချင်နေတာ နေရမယ့် အခန်းကို တွေ့တော့ ပိုဆိုးသွားပါရော..။ သုံးယောက်ခန်း ရဲ့ အလယ်ခေါင် ကုတင် … အပေါက်ဝတည့်တည့် ဖြစ်နေပါရော..။လူမလာသေးတဲ့ နှစ်ယောက်ခန်း နှစ်ခန်း ကျန်ပါရဲ့ နေလို့ မရဘူးလို့ ပြောတယ်။ တခြား လာမယ့် ရာထူးကြီးတဲ့ လူတွေ အတွက် ဆိုပဲ။ တကယ်တော့ ကိုယ်လည်း ရာထူး အတူတူပါပဲ။ update မဖြစ်တဲ့ အခြေအနေကြောင့် order ထဲမှာ ကိုယ်က ရာထူး တစ်ဆင့် နိမ့်နေရလို့ပါ။ (နောက်သုံးရက်လောက် အထိ အဲဒီ ရာထူးကိစ္စကလည်း update မဖြစ်နိုင်လွန်းစွာပဲ ကိုယ်ရေးရာဇဝင်ထဲ ဖြည့်ထားတာကို မယုံကြည်နိုင်စွာနဲ့ လစာရဖို့အရေးကို ရာထူးတိုးထားတဲ့ order စာရွက် ပြန်ရှာပေးခဲ့ရပါတယ်။) နောက်နေ့ ကျတော့မှ တစ်ယောက်က သင်တန်းတစ်ခုကြောင့် မလာနိုင်သေးဘူး ဆိုလို့ အပေါက်နဲ့ မတည့်တဲ့ နှစ်ယောက်ခန်းကို ပြောင်းချင်ပြောင်းနေဆိုလို့ ပြောင်းနေလိုက်ပါတယ်။ သေတ္တာနဲ့ ပစ္စည်းတွေ ကုတင်နောက်မှာ ပုံထားလို့ ရတာ တော်သေးတာပေါ့။ ပထမ အခန်းတုန်းကဆို ထားစရာကို နေရာ မရှိတာ..။

အမှန်တကယ်က ရုံးခန်းတွေလုပ်ရမယ့် အခန်းကျယ်ကြီးကို ဖြစ်သလို ကန့်ပြီး မိန်းကလေး ၁၃ ယောက်ကို ထားမှာပါ။ လောလောဆယ်တော့ ၇ ယောက်ပဲ ရှိပါသေးတယ်။ အရင်ရောက်နှင့်နေသူတွေက ပြောတာကတော့ သူတို့ ရောက်စက ကောင်းနေတဲ့ အိမ်သာတွေ က အကုန်ပျက်ကုန်ပြီး တစ်ခုပဲ ကောင်းတော့တယ်တဲ့။ ဘေဇင်တွေလည်း ဒီလိုပဲ။ မီးချောင်းတွေလည်း ဒီလိုပဲ။ အဆောက်အအုံအသစ်ကြီး ဖြစ်ပါလျက်နဲ့ ဘာမှ မသုံးရသေးပဲ သူ့အလိုလို ပျက်နေကြတယ်။ မိုးရေတွေကလည်း မီးဖိုဆောင်တို့ ရှေ့ဆင်ဝင်ပေါက် တို့မှာ ယိုသေးသတဲ့။ မီးပလပ်ပေါက်တွေကလည်း အကုန်သုံးလို့ မရသေးဘူး။ ထရန်စဖော်မာ မပြီးသေးလို့ ဆိုပဲ။ အဝတ်လှမ်းဖို့ ကြိုးကို ဘယ်မှ တန်းစရာ မရှိတာနဲ့ အဝတ်လှမ်းစင် ဝယ်ခိုင်းလိုက်ရတယ် (အဖေ့ကိုပဲလေ…) ။ မီးဖိုခန်းကို ယောင်္ကျားလေးရော မိန်းကလေးရော ရောသုံးရတယ်။  မိန်းကလေးရေချိုးခန်း နဲ့တော့ ကပ်လျက်ပဲ။ တော်သေးတာပေါ့ ယောင်္ကျားလေးတွေနဲ့ ရေချိုးခန်း မတူလို့။

ဝန်ထမ်းအိမ်ရာက တော်တော်ဝေးဝေးမှာ ဆောက်နေပြီလို့ ပြောပါတယ်။ ဘယ်အချိန်မှ ပြီးမယ်တော့ မသိပါ။ ပြီးသွားလို့ ပြောင်းရရင်လည်း သွားဖို့ လာဖို့ ပြဿနာက ရှိပြန်ရော။ လမ်းလျှောက်လို့ မရလောက်အောင် ဝေးပါတယ် တဲ့။ အဖေက မန္တလေး ပြန်အိပ်ပြီး အမေ ကတော့ နှစ်ည ကိုယ်နဲ့ အတူတူ အိပ်သွားပါတယ်။ ပြန်မယ့်နေ့ကျ အဖေက လာခေါ်ပြီး သူတို့ နှစ်ယောက် တော်တော်ဝေးတဲ့ ကားလမ်းပေါ်က အပေါက်ဝကို လမ်းလျှောက်ပြန်ရတာပါ။ လိုက်ပို့မယ့် ကားလည်း မရှိပါဘူး။ ကိုယ်က မိဘကို တော်တော် ဒုက္ခပေးတဲ့ သမီးပါ။

ကွင်းပြင်ခေါင်ခေါ်င်က အဆောက်အအုံ တစ်ခုစီ သီခြား ရှိနေတဲ့ နေရာမှာ လူလည်းသိပ်မရှိသေးတော့ ဘာမှ စားသောက်စရာဆိုင် ဆိုတာလည်း မရှိပါဘူ။ ဟိုးရှေ့အဝင်ဝမှာသာ ရေသန့် တို့ ဟင်းရွက်ဆိုင်တို့ ရှိပါတယ်။ ဈေးကားက စနေဆို ပြင်ဦးလွင်ဈေး၊  ဗုဒ္ဓဟူးဆို အနီးစခန်းဈေး နှစ်ရက်ထွက်မယ်လို့ ဆိုပါတယ်။ (အနီးစခန်းဈေးကိုတော့ ရောက်ပြီးပါပြီ၊ ဘာမှသိပ်မရှိတဲ့ ဈေးကလေးပါ၊) ဈေးကားမထွက်ခင် ကိုယ့်မှာ သောက်စရာရေသန့် မရှိတော့လို့ ထုံးဓာတ်ပါတဲ့ ပိုက်က ရေတွေကိုပဲ ရေနွေးကြိုသောက်နေရပါတယ်။ အဲဒီရေတွေ ချိုးပြီး နဂိုကတည်းက မဖြူတဲ့ ကိုယ်တော့ အသားမည်းတော့မှာ မြင်ယောင်ပါသေးတယ်။ ဘယ်တတ်နိုင်ပါ့မလဲ နော..။

စရောက်ရောက်ချင်းတော့ စက်လည်းမရှိ ၊ internet လည်း မရ။ နောက်နေ့ ကျတော့မှ လုပ်ပေးပါတယ်။ သိကြတဲ့အတိုင်းပဲ internet ရနေရင်တော့ အလုပ်မရှိသေးလည်း ကိုယ်ကတော့ ပျော်နေမှာပဲ…။ အလုပ်ကတော့ ကိုယ် တွေးထားတဲ့ အတိုင်း (သူတို့ Plan ထဲက အတိုင်း) မဟုတ်ပဲ အပြကောင်း အလုပ်တစ်ခု လုပ်ရလိမ့်ဦးမယ်။ ဘာပဲဖြစ်ဖြစ် အလုပ်မရှိပဲနေရတာနဲ့ စာရင်တော့ ကိုယ်တို့က ပေးသမျှတာဝန် ဝမ်းသာအားရ လုပ်မှာပါပဲ။ 

အဆောက်အအုံ ပုံစံက အဝိုင်းကြီးပါ။ အလယ်မှာ ကွင်းပြင်ကြီးနဲ့ ကောင်းကင်ကို မြင်နေရတဲ့ အပေါက်ကြီးရှိပါတယ်။ ညဆိုရင် ကော်ရစ်တာ အဝိုင်း တလျှောက် မီးလင်းနေလို့ တော်ပါသေးတယ်။



ခုလောလောဆယ်မှာတော့ Blog လေးလည်လိုက်၊ အခြေအနေလှမ်းမေးတဲ့ သူငယ်ချင်း အရင်းကြီးတွေနဲ့ Chat လိုက်နဲ့ အဆင်တော့ ပြေနေတာပါပဲ။ စက်ခန်းကို ညဘက် ၁၂ နာရီ နောက်ဆုံးထားပြီး သုံးခွင့်ပေးထားပါတယ်။ ဒီမှာ ဒါတစ်ခုပဲ စိတ်ဖြေစရာ ရှိတာမဟုတ်လား။ Chat ဝါသနာပါသူများကတော့ နေ့ ည အဆင်ကို ပြေလို့…။ ကိုယ်က အဲဒါကို ဒီလောက် ဝါသနာပါသူမဟုတ်တော့ ၁၉ လက်မ Monitor နဲ့ ရုပ်ရှင်လေးကြည့်လိုက်၊ blog လေး ဖတ်လိုက်နဲ့တင် ကျေနပ်ပါပြီ။ မသိ မကျွမ်း မမြင်ဘူးတဲ့ သူတွေနဲ့လည်း စကားသိပ်မပြောတတ်ပါဘူး။ အရင်က invite လုပ်တဲ့သူ တစ်ချို့ကို လက်ခံထားမိပေမယ့် နည်းနည်းပါးပါး နှုတ်ဆက်ပြီးရင် ကိုယ့်မှာ ပြောစရာ စကားကို မရှိတော့လို့ နောက်တော့ ကိုယ့်ကိုလည်း ဘယ်သူမှ မပြောကြတော့ဘူး။ ပလီပလာ မဟုတ်မဟတ်တွေလည်း လုပ်ဇာတ်ခင်းပြီး မပြောတတ်တော့ ခုနောက်ပိုင်း မသိတဲ့လူတွေ လက်မခံ ဖြစ်ဘူး။

ကိုယ့် laptop ကိုတော့ ကုတင်အောက်ထိုးထားတယ်…။ အခန်းထဲ ပလပ်ပေါက်လည်း မရှိဘူးလေ။ မီးပူတောင် မနည်းတိုက်ရမှာ..။ အဲဒီ အခန်းထဲမှာ internet ရရင်တောင် မသုံးရဘူး ဆိုပဲ။ အကြောင်းပြချက်ကတော့ ရုံးမတက်မှာစိုးလို့ တဲ့။ ရယ်စရာကောင်းပါတယ်။ wireless လည်း teleport မှာသာရတာ.. ဒီမှာ ဘယ်နေမှန်း မသိပါဘူး။ စားပွဲ မရှိ၊ ကုလားထိုင်မထိုင် အလင်းရောင်ကောင်းကောင်း မရတဲ့ အိပ်ခန်းထဲမှာ နေပါ ဆိုရင်တောင်မှ ဘယ်သူမှ နေမယ် မထင်ပါဘူး။ စက်သုံးချင်ရင် ကုတင်ပေါ်တင်ပြီး ကြမ်းပြင်မှာ ထိုင် သုံးရမှာပါ။ နောက်ပြီး ကိုယ်တို့ အားလုံးက စည်းကမ်းတင်းကျပ်တဲ့ ကျောင်းက လာသူတွေမို့ အလုပ်မရှိလို့ ရုံးမတက်ပဲ အိပ်ခန်းထဲ ထိုင် chat နေဖို့ စိတ်ကူးကို မရှိပါဘူး။ 

အဲဒီ ကွင်းပြင်ကျယ်ကြီးထဲမှာ Teleport အပြင် building ၇ခု ၈ခုလောက် ပြီးနေပါပြီ။ ဒါပေမယ့် ကိုယ်တို့လိုပါပဲ။ MCC တစ်ခုပဲ သင်တန်းတွေ ဖွင့် နေပါတယ်။ ဘာပဲဖြစ်ဖြစ် အစဆိုတော့ အခက်အခဲတွေတော့ ရှိစမြဲပါ။ နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တို့က အစမ်းသပ်ခံ၊ initiator လုပ်ရမယ့် သားကောင်တွေဖြစ်ရတာကို လက်မခံနိုင်ပါ။ အခြေအနေမှန်ကို မသိရပဲ အပို့ခံလိုက်ရသူတွေပါ။ ကံဆိုးမဲ ပေါက်သူတွေလို့လည်း ဆိုနိုင်ပါတယ်။ ဦးစီးဌာနပြောင်းသွားလို့ ကိုယ့် မိခင်ဌာန မဟုတ်တော့တာကိုလည်း ဝမ်းနည်းမိပါရဲ့။ ကိုယ့်မိခင် တက္ကသိုလ်၊ ကိုယ့် ဆရာမကြီးတွေ လက်အောက်မှာ ဆိုရင်တော့လည်း အခက်အခဲ ရှိပေမယ့် ပိုပြီးဖြေသာနိုင်မယ် ထင်ပါရဲ့။  နောက်ပိုင်းမှာတော့ ဒီပတ်ဝန်းကျင်ကြီးဟာ တိုးတက်ကောင်း တိုးတက် လာနိုင်ပါတယ်။ Plan တွေတော့ ရှိတာပဲလေ..။ နိုင်ငံတကာ အဆင့်မီ Cyber City ကြီးပေါ့။ ခုလောလောဆယ်တော့...။

 
(လက်ဝဲသုန္ဒရ အမတ်ကြီးကတော့ မဲဇာ အပို့ခံရတော့ “မဲဇာတောင်ခြေ စီးထွေထွေတည့် ” အစချီတဲ့ ရတု ကဗျာကောင်း တစ်ပုဒ်ကို စပ်နိုင်ခဲ့ပါတယ်။ ကိုယ်ကတော့ ဒီလို ပါရမီ မရှိသူမို့ လက်ဝဲသုန္ဒရ လိုတော့ မစပ်နိုင်ပေမယ့် ဒီလို သွားစရာ လာစရာ မရှိတဲ့ နေရာမှာ စာလေး ပေလေး ရေးဖြစ်ဖို့ မျှော်လင့်ပါတယ်။)

သိင်္ဂါကျော်
15. 10. 2009

14 October, 2009

အမှတ်တရ PM Course


တာဝန်ကျတဲ့ နေရာမှာ ငြီးငွေ့နေတုန်း ရန်ကုန်ကို သုံးလ သင်တန်း တက်စရာ ပေါ်လာတော့ ဝမ်းသာအားရ လာခဲ့လိုက်တယ်။ တက်ရမယ့် သင်တန်းက Project Management ပါ။ အခုမှ စဖွင့်တဲ့ Trial Course ပါတဲ့။ ဘာပဲ ဖြစ်ဖြစ် ကိုယ်ကတော့ ကျောင်းသား ပြန်လုပ်ရရင် ပျော်တာပဲ။ စုစုပေါင်း သင်တန်းသားက ဆယ်ယောက်ပါ။ အားလုံး ကိုယ့်ထက် Senior တွေချည်းပါပဲ။

ပထမဆုံး စသင်ရတဲ့ ဆရာကြီးက ဆရာ Kogure ပါ။ တစ်ရက်စာ share ထဲက download ချထားတဲ့ document တစ်ခု တစ်ခုမှာ စာမျက်နှာမနည်း ပါပါတယ်။ ပျင်းစရာကောင်းလောက်တဲ့ စာတွေ အများကြီးပေမယ့်လည်း ဆရာကြီးက စိတ်ဝင်စားအောင် သင်နိုင်ပါတယ်။   ဒါပေမယ့် ဘယ်လိုပဲ သင်သင် နေ့လည် နေ့ခင်း ကျတော့ ငိုက်ပြီး စိတ်က မဝင်စားတော့ဘူး။ Internet ကလေးကလည်း ရနေလေတော့ mail လေးဖွင့်လိုက် ဟိုဟို ဒီဒီ ဘလော့လေး ဖွင့်လိုက် နဲ့ ခိုးပြီး လုပ်တာပေါ့။ ဆရာကြီး သင်နေတဲ့ စာမျက်နှာကိုလည်း မလွတ်စေရပါဘူး။ ဖွင့်တော့ထားတယ်။ သေချာ မကြားလိုက်တာပဲ ရှိမယ်။ Exercise ဆိုမှ ပြူးပြဲ ဖတ်ပြီး ဖြေတော့ အဖြေတွေက များသောအားဖြင့်တော့ အလွဲတွေချည်းပဲ။ ဟား ဟား...။

ကိုယ်က တကယ့်လူဆိုး...။ Internet ရနေရင် တစ်ခုခုတော့ မဖွင့်ပဲ မနေနိုင်တဲ့လူ။ ကိုယ်နဲ့ (Batcher မှာ senior ပေမယ့် Post Graduate same batch မှာ ဖြစ်တဲ့) ကိုယ့်သူငယ်ချင်း နှစ်ယောက်သားက နောက်ဆုံးတန်း (အတန်းက နှစ်တန်းပဲ ရှိတာပါ) မှာ ထိုင်ပြီး အဲသလိုတွေ လုပ်ကြတာ ဆရာကြီးက ရိပ်တော့ရိပ်မိ နိုင်ပေမယ့် ဘာမှတော့ မပြောပါဘူး။ ကိုယ်တို့ကလည်း ရုပ်တည်ကြီးတွေနဲ့ Laptop ပေါ်မှာ သူသင်နေတဲ့ pdf file ကိုပဲ တအားကြီး စိတ်ဝင်တစား ဖတ်နေသယောင်နဲ့ မြန်မာ စာလုံးတွေ ဖတ်နေကြတာကိုး...။ ကိုယ်များ ဘယ်လောက် ဆိုးသလဲဆို... တစ်ခါတလေ ကိုယ့်စက်ပေါ် မဖွင့်ပေမယ့် ဘေးစက်က ဝတ္တုကို လှမ်းဖတ်ချင် ဖတ်နေသေးတာ...။

နောက်တော့ ဆရာမ တစ်ယောက် ထပ်ရောက်လာပါတယ်။ ဒီ PM သင်တန်း အတွက် သက်သက် ခေါ်ထားရတဲ့ ဆရာမပါ။ ဆရာမ Eguma က PM နဲ့ ပတ်သက်တဲ့ certificate ရထားပြီး တကယ် လက်တွေ့ လုပ်ကိုင်နေတဲ့ expert ပါ။ ဒါပေမယ့် သူက စာသင်တော့ သိပ်မကောင်းပါဘူး။ သူ တစ်ခါမှ မသင်ဖူးဘူးလို့ ပြောထားတယ်။ သူ စာသင်ရင် အင်္ဂလိပ်လို စကားလုံး ရွေးနေတာနဲ့ သူ့အစား မောလွန်းလို့ သူမပြောခင်ပဲ ကိုယ်တို့က ခေါင်းညိတ်ပြီး အတင်း သိပစ်လိုက်ကြတယ်။ သူကတော့ Gantt Chart တွေ ဘာတွေ ဆွဲဖို့ Grantt Project တို့ MS Project တို့နဲ့ လက်တွေ့ schedule ဆွဲဖို့ သင်ပါတယ်။ စာတွေဖတ်ရတာ ပျင်းပေမယ့်လည်း လက်တွေ့ လုပ်ဖို့ကိုတော့ ကိုယ်က စိတ်ဝင်စားတယ်။ အဲဒီ assignment တွေ လုပ်နေရရင်တော့ တစ်ခြား ဘာမှကို မဖွင့်နိုင်အားပါဘူး။

ဆရာမ သင်တဲ့ အထဲက နောက်ထပ် ကိုယ်စိတ်ဝင်စားတဲ့ topic တစ်ခု ရှိသေးတယ်။ စက္ကူ အရုပ်ခေါက်တာ...ဟီး ဟီး။ သူက ကိုယ်တို့ကို လက်တွေ့ ပစ္စည်းတွေနဲ့ ဥပမာပေးတယ်။ သူက ရောင်စုံ စက္ကူတွေ ပေးပြီး Tower တစ်ခုကို team work အနေနဲ့ design စဉ်းစားပြီး အချိန်တို အတွင်း ခေါက်ခိုင်းတော့ တစ်ခါမှ မခေါက်ဖူးတဲ့ Tower ကို ခေါက်ကြတာ Tower ပုံကို ထွက်မလာဘူး ဖြစ်သွားတယ်။ PM တွေမှာTower ခေါက်တာနဲ့ ပတ်သက်ပြီး technical skill မရှိလို့ပါလို့ ကိုယ်တို့ကလည်း ပြောကြတာပေါ့။ အဲဒီတော့ သူက အရုပ်တစ်ခု ခေါက်နည်း သင်ပြတယ်။ ကြိုးကြာရုပ် ပါ။ ဒါမျိုးကျ ကိုယ်တို့ကလည်း တအားစိတ်ဝင်စားကြပြီး လိုက်ခေါက်ကြတာပေါ့။ မနက်ပိုင်း အရုပ်ခေါက်တာ သင်ပြီးတော့ ညနေ စာဆက်သင်တော့ ကိုယ်တို့က သူမသိအောင် အရုပ်တွေ ခိုးခေါက်ကြသေးတာ...။ မှတ်မိအောင် ဆိုပြီးတော့...။

ပြန်ကာနီးတော့ ဆရာမက မြန်မာ ချည်ထည် အင်္ကျီနဲ့ လုံချည် နှစ်စုံ ဝယ်ထားပြီး ဝတ်ပါတယ်။ လုံချည်က ချိတ်နဲ့၊ အင်္ကျီကတော့ သူ့ကိုယ်နဲ့ ကွက်တိပဲ ဆိုတော့ တကယ့်ကို ချပ်ချပ်ရပ်ရပ်ပဲ။ သူက ကိုယ်တို့ ယူနီဖောင်းကိုများ သဘောကျသလား မသိဘူး။ ကိုယ်တို့ကတော့ သူအစက ဝတ်ဝတ်နေတဲ့ ဂါဝန်အတိုလေးတွေကို သဘောကျလို့...။ လွတ်လွတ်လပ်လပ် ရှိတယ်လေ ဟုတ်ဖူးလား။ သူက အဲလို လုံချည်ဝတ်ပြီးတော့ တစ်ခါ တစ်ခါ စိတ်ရှုပ်လာတယ် ထင်ပါရဲ့။ ထမီကို မပြီးတော့ သွာသေးတာ...။ ကိုယ်တို့ကို သင်ရမယ့် course တွေပြီးတော့ ဆရာကြီးရော ဆရာမရော ဂျပန် ပြန်သွားပါတယ်။ ဆရာမက မပြန်ခင် လက်ကိုင်ပဝါ တစ်ထည်စီ လက်ဆောင်ပေးသွားပါသေးတယ်။

စာမေးပွဲ မှာ multiple choice တွေကို online ကနေ ဖြေရပါတယ်။ သင်ထားတဲ့ စာတွေလည်း ကြည့်တော့ကြည့်သွားပေမယ့် ကိုယ့် အယူအဆနဲ့ကိုယ် ဖြေရမယ့် မေးခွန်း အများစုရဲ့ အဖြေကို မသေချာဘူးဖြစ်နေပါတယ်။ အချိန်စေ့လို့ အားလုံး ဖြေပြီးတာနဲ့ အမှတ်က တန်းထွက်ပါတယ်။ အောင်မှတ်ကျော်ပေမယ့်လို့ ကိုယ့်အမှတ်က အတော်နည်းလို့ မပြောတော့ပါဘူး။ :D

စာမေးပွဲပြီးတော့ Workshop စပါတယ်။ software သင်တန်းက သင်တန်းသားတွေက အသင်းတွေခွဲပြီး project တစ်ခု လုပ်ရတော့ ကိုယ်တို့က အဲဒီ အသင်း တစ်ခုစီမှာ project manager အဖြစ်လုပ်ရပါတယ်။ Workshop ကာလအတွင်းမှာတော့ ကိုယ်တို့ကို ကြီးကြပ်ဖို့ software workshop ကိုကြီးကြပ်နေကြ ဆရာတစ်ယောက် ပြန်ရောက်လာပြီး တာဝန်ယူပါတယ်။ သူက တကယ်တော့ PM expert မဟုတ်ပါဘူး။ ကိုယ်တို့က အရင် ဆရာတွေ သင်ခဲ့တဲ့ အတိုင်း လက်တွေ့ လုပ်တာကို သူက ကြည့်ပေးရုံပါ။ သူက java နဲ့ database field မှာ expert ပါ။

ကိုယ်တို့ သင်တန်းကို trial course လို့ အစကတည်းက ပြောထားပြီးတော့ certificate ပေးဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။ နောက်တော့မှ certificate ပေးရမယ့် အခြေအနေ ဖြစ်လာတော့ ဆရာ Ono က မနက်ရုံးရောက်တာနဲ့ ကိုယ်တို့ အခန်းထဲကို တန်းလာပြီး ညနေ ပြန်မယ့် အချိန်မှပဲ အပြီးပြန်ပါတော့တယ်။ အပေါ်ထပ်က သူတို့ အားလုံးထိုင်တဲ့ ရုံးခန်းထဲကို လုံးဝကြာကြာမသွားတော့ပါဘူး။ ကိစ္စရှိမှပဲ သွားပါတော့တယ်။ အဲဒီလိုကို ကိုယ်တို့ကို ကြီးကြပ်တော့တာပါ။ ကိုယ်တို့နဲ့ တိုက်ရိုက် မဆိုင်တဲ့ နောက်ထပ် ဂျပန် ဆရာမတစ်ယောက်လည်း ရှိပါသေးတယ်။ သူမကတော့ ကိုယ်တို့ တစ်ပတ်တစ်ခါ presentation လုပ်တဲ့နေ့လောက်ပဲလာတာပါ။

Workshop ကာလမှာ တစ်ပတ်တစ်ခါ ကိုယ်အဖွဲ့ရဲ့ progress ကို report တင်ရပါတယ်။ ကိုယ်တို့တင်တဲ့ documents တွေကို ပြန်သွားတဲ့ PM ဆရာမ ဆီကို ဆရာ က တစ်ဆင့် ပို့ပြီးတော့ ဆရာမကမှ comments တွေပေးပြီး ပြန်ပို့ပါတယ်။ အစကတော့ အဲဒီကာလမှာ လွတ်လွတ်လပ်လပ် ကျောင်းနောက်ကျလို့ ရမယ်လို့ ကိုယ်တို့က မျှော်လင့်ထားတာ...။ ခုတော့ ဆရာကြီးက ၉ နာရီ မထိုးခင်ကတည်းက အခန်းထဲကို ရောက်နေပြီး ကိုယ်တို့ကတော့ ၉ နာရီ အတိ ရောက်အောင်ကို မနည်းကြိုးစားရတာ...။ တစ်ခါ တစ်လေလည်း ၅မိနစ် လောက် ကျော်သွား... တစ်ချို့က ၁၀ မိနစ်လောက်ကျော်မှ ရောက်နဲ့ ဆရာ့ကို အားနာရတော့တာပေါ့။

ကိုယ့်စက်ကလေးကိုယ် စဖွင့်တာနဲ့ gmail လေး စစစ်။ forward mail လေး ဘာလေးဖတ်။ ဟိုဟို ဒီဒီလျှောက်ကြည့်မလို့ ရှိသေးတယ်။ ဆရာကြီးက ကိုယ့်အသင်းကိုယ် သွားပြီး daily meeting လုပ်ရမယ် ဆိုပြီး မသွားမချင်း စောင့်ကြည့်နေတာပဲ။ တစ်ခါတစ်လေ meeting ဘယ်လို လုပ်သလဲ ဆိုတာ ဆရာက လိုက်ကြည့်တတ်သေးတယ်။ Team တွေက တစ်ခြားအခန်းမှာ သူ့အဖွဲ့နဲ့သူ လုပ်နေကြတယ်။ ကိုယ်တို့ PM တွေကတော့ ကိုယ်တို့ စာသင်ခန်းမှာပဲ နေကြပြီး အကြောင်းရှိမှ ကိုယ့်အသင်းကိုယ် သွားပြောတယ်လေ။ Team တစ်ခုမှာ Supervisor တစ်ယောက်စီ ပါပြီး team member တွေ program ရေးတဲ့နေရာမှာ အခက်အခဲ ရှိရင် ကူညီဖြေရှင်း ပေးဖို့ ပါ။ PM ကတော့ Plan ချဖို့နဲ့ ဘယ်နေ့ ဘာအပြီး.. ဘယ်သူတွေ ဘာလုပ်ရမယ်.. တစ်နေ့ ဘယ်အခြေအနေအထိ ပြီးသလဲ.. သတ်မှတ်ရက်မှာ ပြီးအောင်လုပ်ဖို့ စတာတွေကို ကြီးကြပ်ဖို့ပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျောင်းသားဘဝကို ပြန်ရောက်ရတာ တကယ်ကောင်းတယ်။ ကိုယ့်အလုပ်က ဘာတွေပဲ လုပ်နေရပါစေ ကျောင်းသားပြန်ဖြစ်သွားရင် ကျောင်းသားကျင့် ကျောင်းသားကြံ ပြန်ဖြစ်သွားတာပဲ။ Presentation လုပ်ရမှာကို သေချာ ပြည့်ပြည့်စုံစုံ မပြင်ဆင်ဖြစ်ခဲ့ရင် မလုပ်ရသေးခင် မနက်စောစောမှာ ကဗျာကရာပြင်ကြ… presentation ကို ပါးစပ်ထဲ တွေ့ရာ လျှောက်ပြောကြတာမျိုးလည်း လုပ်ကြသေးတာ…။ Presentation ကိုလည်း မကြောက်တော့ဘူး ကိုယ်လုပ်ထားတာတွေ ကိုယ် ဒီလိုပဲ ပြောပစ်လိုက်ကြတာပဲ…။ မေးတော့လည်း ဖြေလိုက်ကြတာပဲ…။ ဟုတ်ဟုတ် မဟုတ်ဟုတ်…။ :D

ဆရာကြီးက PM Expert မဟုတ်ပေမယ့် သူ expert ဖြစ်တဲ့ field တွေကို အရမ်း မျှဝေချင်တဲ့သူပါ။ သူနဲ့ စာရင် ကိုယ်တို့က အဲဒီလောက် ထဲထဲဝင်ဝင် မသိကြတော့ သူလည်း စိတ်ညစ်မှာပဲ။ သူက သင်ချင်တာရှိရင် projector ကြိုး ထိုးပြီး သင်တော့တာပဲ။ တစ်ခါတလေ ကြိုပြီး Local mail နဲ့ ပို့ထားပေမယ့် ကိုယ်တို့က ဖွင့်မကြည့်တော့ သူက ပါးစပ်နဲ့ ကြေငြာမှပဲ ဖွင့်ကြည့်ပြီး download လုပ်စရာရှိရင် လုပ်ကြတာ..။ သူပြောတဲ့ အတိုင်း Install တွေလုပ်၊ တစ်ဆင့်ပြီး တစ်ဆင့် အတူတူ လုပ်ကြပေမယ့် ၁၀ ယောက်ထဲမှာ တစ်ယောက်လောက်ကတော့ တစ်ခုခုမှားပြီး မရတာမျိုးလည်း အမြဲလိုလို ဖြစ်တတ်သေးရဲ့။ ဆရာက စိတ်ရှည်လက်ရှည်နဲ့ error ရှာပေးပါတယ်။ တစ်ခု ရှိတာ ဆရာက သူ့ကို မမေးပဲ အဲဒီ center မှာ စာပြန်သင်နေရတဲ့ ကိုယ်တို့ သူငယ်ချင်းတွေက သူတို့ သုံးတဲ့ framework ကို ကျွမ်းကျင်ပြီးသား ဆိုတော့ ကိုယ်တို့က မြန်မာလို မေးရတာ ပိုအားရလို့ (သူ့ကို မေးရမှာလည်း အားနာလို့) ခေါ်မေးမိရင် ဆရာက သိပ်မကြိုက်ချင်ဘူး။

တစ်ခါတလေတော့ မုန့်ကျွေးပြီး သင်ရသလိုပဲ ဆရာက သူ ဂျပန်က ယူလာတဲ့ မုန့်တွေ၊ ဒီမှာ ဝယ်တဲ့ သစ်သီးတွေ ကိုယ်တို့ကို ကျွေးတတ်သေးတယ်။ သူ့အရင် တပည့်ဟောင်းတွေ (ခု အဲဒီ center မှာ စာပြန်သင်နေရတဲ့ ကိုယ်တို့ သူငယ်ချင်းတွေ) က ဆရာက ကိုယ်တို့ PM သင်တန်းသူတွေကို ပိုချစ်သွားပြီး သူတို့တောင်မပါပဲ ကိုယ်တို့ကိုပဲ မုန့်တွေကျွေးတယ် လို့ ခနဲ့ကြသေးတယ်။ ကိုယ်တို့ကလည်း ညနေ ရောက်ရင် မုန့်စားချင်တယ်၊ ဆရာက အခန်းထဲက မပြန်သေးဘူး ဆိုတော့… သူ့ဖို့ပါ မုန့်မှာပြီး ကျွေးလိုက်ကြတယ်၊ ကိုယ်တို့လည်း မှာစားတယ်လေ… အဆင်ကို ပြေလို့။

တစ်နေ့ တစ်နေ့ ကိုယ်တို့ လုပ်နေတဲ့ web development project ကို real မှာ သုံးရင် ဘယ်လိုဖြစ်မလဲ ဆိုတာတွေ သူက တစ်ခုပြီး တစ်ခု လိုက်စဉ်းစားပြတယ်။ တစ်ချို့ကိစ္စတွေ ကိုယ်တို့လည်း စဉ်းစားမိပေမယ့် အချိန်အတိုင်းအတာကို လိုက်ပြီးတော့ perfect ဖြစ်အောင် လုပ်လို့မှ မရပဲလေ။ အဲဒါတွေကို ဆရာက လိုက်ပြောနေတော့လည်း ခက်သားပဲ။ နောက်ပြီး ကိုယ်တို့ အဖွဲ့တွေ လုပ်နေကြတာ online library management system project ပါ။ ဒါပေမယ့် ဒီ center မှာ စာကြည့်တိုက်တာဝန်ခံရယ်လို့ မရှိဘူး။ ဘီရိုထဲမှာ စာအုပ်တွေကို သော့ပိတ်ထားတယ်။ ဆရာမတွေ ငှားချင်ရင် တာဝန်ရှိတဲ့သူကို သော့ဖွင့်ခိုင်းပြီး ငှားရတယ်။ သင်တန်းသားတွေကို မငှားပါဘူး။ အဲဒါကို ဆရာက ဒီ system ကို ဒီမှာ သုံးကြည့်လို့ ဘယ်လိုဖြစ်မလဲ… ရနိုင်တဲ့ စာအုပ်တွေ့လို့ လာငှားတဲ့အခါ ငှားပေးမယ့်လူ မရှိရင် ဘယ်လိုလုပ်မလဲ… ဆိုတာမျိုးတွေနဲ့ ကိုယ်တို့ ခေါင်းစားအောင် လုပ်တတ်သေးတယ်။ Final Presentation နေ့မှာ အပြင်ကုမ္ပဏီတွေက ဧည့်သည်တွေက external အနေနဲ့ လာရင် ဘာတွေမေးမလဲ… အစစ ဆရာက စိုးရိမ်ပူပန်ပြီး အကွက်စေ့အောင် စဉ်းစားတတ်တဲ့သူပါ။ ဆရာနဲ့ နေရတာ တစ်ခါတလေတော့ လည်း စိတ်ညစ်ရပေမယ့် သူ့ဆီက knowledge တွေ အများကြီး ကိုယ်တို့ ရလိုက်ပါတယ်။ သူ့ကိုလည်း ကိုယ်တို့ရဲ့ PM ဆရာအစစ် နှစ်ယောက်ထက် ပိုခင်သွားတယ်။ ဆရာ့ အမျိုးသမီးက မလေးရှားကပါ။ သူ့အမျိုးသမီးရဲ့ မွေးနေ့ ဆိုပြီး တစ်ခါ ကိုယ်တို့ကို မုန့်ကျွေးပါသေးတယ်…။

Workshop ပြီးကာနီးတော့ ကိုယ်တို့ကို အရင်က သင်သွားတဲ့ ဆရာနဲ့ ဆရာမ ပြန်ရောက်လာပါတယ်။ Final Evaluation အနေနဲ့ ဆရာနှစ်ယောက်က ကိုယ်တို့ အသင်းသားတွေ လုပ်ထားတဲ့ project ကို testing အကြီးအကျယ် လုပ်ကြပါတယ်။ (Software သင်တန်းသားတွေက သူတို့ project အတွက် presentation လေးခါ ပေးရပါတယ်။ အကုန်လုံးကို အမှတ်ပေးတာပါ။ ကိုယ်တို့ PM သင်တန်းသားတွေလည်း ကိုယ့်အပိုင်းကိုယ် ပါဝင်ရတာပေါ့။ နောက်ဆုံး presentation အပြီးမှာ အပြင်လူတွေကို မပြခင် testing လုပ်ကြတာပါ။) အမှန်ပြောရရင် ကိုယ်ရေးဖူးတဲ့ program တွေအပေါ် ဒီလောက် ကတ်သီးကတ်သတ် တစ်ခါမှ မစစ်ခဲ့ဖူးပါဘူး။ ခုမှပဲ testing ဆိုတာ ဘာလဲ သေချာသိတော့တာပါ။ ဒီသင်တန်းတက်တာ တော်တော်တော့ ပညာရလိုက်ပါတယ်။

External တွေရှေ့မှာလည်း မျက်နှာပန်းလှခဲ့ပါတယ်။ Final Presentation နေ့ပြီးတော့ Closing မှာ Certificate တွေ ပေးပါတယ်။ ဆရာတွေနဲ့ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ခဲ့ကြတယ်။ သူတို့ကလည်း ပြန်ကြတော့မှာလေ...။ ကိုယ်တို့က ရွှေချည်ထိုး ဆင်ရုပ်ပုံ ကားချပ်တွေ လက်ဆောင်ပေးခဲ့ကြတယ်။ ဆရာနှစ်ယောက်ရဲ့ ဇနီးတွေ ဖို့နဲ့ ဆရာမ အတွက် ကြိမ် အိတ်ကလေးတွေလည်း အဆစ်ပေးလိုက်ကြသေးတယ်။ ဒီသင်တန်းလေး ပြီးသွားပြီ ဆိုတော့ ဝမ်းနည်းမိကြတယ်။ တက်ခဲ့တဲ့ အခန်းလေးကိုလည်း မခွဲချင်ကြဘူး။ ကိုယ့် အလုပ်တွေကိုယ် ပြန်လုပ်ရတော့မယ်လေ…။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှတ်တရ ဖြစ်ခဲ့ပါတယ်။ ဆရာတွေ၊ ဆရာမတွေ … သင်တန်းဖော်တွေကို သတိတရ ရှိနေဖြစ်မှာပါ…။

(တက်ခဲ့တဲ့ သင်တန်းလေး အမှတ်တရပါ။ လာရောက်ဖတ်ရှုသူတွေ ပျင်းသွားရင် sorry နော်…)

သိင်္ဂါကျော်


13 October, 2009

ပြည်ရှုခင်း


ပြည်မြို့က အထင်ရှားဆုံး ရွှေဆံတော် စေတီတော်မြတ်ကြီး


တလောတုန်းက ဟမ်းဖုန်းနဲ့ ရိုက်ထားတဲ့ video ထဲမှာ မျက်လုံးတော် နှုတ်ခမ်းတော် လှုပ်တယ် ဆိုပြီး တန်ခိုးပြခဲ့တဲ့ ဆယ်ထပ်ကြီးဘုရား။ အဲဒီဘုရားကြီးကို အမိုးမိုးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။





ဆယ်ထပ်ကြီး ဘုရားက ဘိုးသူတော် အရုပ်ကလေးတွေပါ။



မုနိ လေးဆူထဲမှာ တစ်ဆူ အပါအဝင်ဖြစ်တဲ့ ပြည်တစ်ဖက်ကမ်းက ရွှေဘုံသာ စေတီတော်မြတ်ကြီးပါ။ ရုပ်ပွားတော်မြတ် အစစ်ကတော့ အတွင်းမှာ ကိန်းအောင်း စံပယ်နေပါတယ်။



ငွေဘုံသာ စေတီတော်မြတ်ပါ။ လှေကားနည်းနည်းတက်ရပြီး တောင်ထိပ်မှာ တည်ထားတာပါ။ နဝဒေးတံတားနဲ့ ဧရာဝတီမြစ် ရှုခင်းကို တောင်ပေါ်ကနေ လှမ်းမြင်ရပါတယ်။


ငွေဘုံသာဘုရား ပေါ်က ရိုက်ထားတဲ့ ရှုခင်းပါ။



ရွှေတောင်မြို့ သမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီးပါ။ ဘုရားပေါ်က လှမ်းကြည့်ရင် စိမ်းစိမ်းစိုစို လယ်ကွင်းတွေကို လှမ်းမြင်ရပါတယ်။

 
 

ရှင်ကျော်မုနိ ရုပ်ရှင်တော်မြတ်ကြီးပါ။ တစ်ချို့က မုနိလေးဆူထဲက တစ်ဆူ အပါအဝင် ဖြစ်တယ်လို့ ပြောကြပါတယ်။


ဝန်ချတောင် စေတီတော်မြတ်ကြီးပါ။ မိဘ ဆရာသမားတွေကို ပြစ်မှားထားမိတာတွေကို ပြေပျောက်အောင် လာရောက်တောင်းပန်ကြပါတယ်။ အဝင်ဝက ရုပ်ပွားတော်ကတော့ တရုတ်လက်ရာ ဖြစ်နေပါတယ်။



သိင်္ဂါကျော်

02 October, 2009

သီချင်းခံစားမှု (၁)

သူမဆီက အဖြေတောင်းထားတာ ကြာခဲ့ပြီ။ အချင်းချင်းလည်းတစ်ယောက် အကြောင်း တစ်ယောက် သိနေကြပြီးသား...။ သူမ သူ့ကို ချစ်နေလိမ့်မယ် ဆိုတာလည်း နှလုံးသားချင်း နားလည်နေခဲ့သည်။ သို့ပေမယ့် သူမ ပါးစပ်က ချစ်စကား တစ်ခွန်းကို ခုထိ မကြားရသေး။ သူမက အေးဆေးပြီး ရှက်တတ်သည်။ သူ အဖြေတောင်းတိုင်း ထွက်ပြေးတတ်သည်။ ဘာပဲဖြစ်ဖြစ် သူမ နှုတ်ခမ်းက ထွက်တဲ့ ချစ်စကား တစ်ခွန်းကိုတော့ သူကြားချင်သေးသည်။ ဖိုးကာ ရဲ့ တိုးတိုးပြောပါ သီချင်းကို သူ ဆိုပြတော့ သူမက ရယ်နေသည်။


“သိပ်ချစ်တဲ့ အကြောင်းလေး ကြားချင်တယ်..
ငါ့ဘဝနဲ့ ရင်းပြီး တောင်းဆိုမယ်..
မင်းသိတဲ့ အတိုင်းပဲ ပြောပြလိုက်ပါ ချစ်သူရယ်...
တို့တစ်ယောက်ပဲ ကြားမယ့် စကားသံရယ်..
နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားရုံနဲ့
တိုးတိုးလေးပဲ မင်း ပြောပြလိုက်ပါ အချစ်ရယ်...”

***


အဲဒီလောက် ချစ်ခဲ့ကြတဲ့ သူမတို့ နှစ်ယောက် ဘာကြောင့် ဝေးခဲ့ကြတာလဲ...။ ခုတော့ နှစ်ယောက်အတူ လျှောက်နေကြ လမ်းမကြီးရဲ့ ဘေးမှာ သူမတစ်ယောက်တည်း..။ ဝိုင်းစုခိုင်သိန်း ရဲ့ လမ်းမကြီးရဲ့ ဘေး သီချင်းက သူ့ကို ပိုသတိရစေတယ်...။


“ဘာတွေဖြစ်ဖြစ် ရှိပါတယ် ဘယ်လိုဖြစ်ဖြစ် ရှိခဲ့တယ်
တို့နှစ်ယောက်လျှောက်သော ဒီလမ်းတစ်ခုသို့
ဒီလမ်းမကြီးက ဟောင်းနေလည်း ဒီလမ်းမကြီးကို ရောက်နေတယ်
မင်းချန်ခဲ့သော အပြုံးများ ကြွေရွက်တွေနဲ့ရောဆဲ
ဘာကြောင့်တို့တွေ ဝေးတာလဲ ကြေကွဲလို့ ဆို့နင့်လို့
မင်းကို ငါတမ်းတလို့ ဒီလမ်းမကြီးရဲ့ဘေး...“

***

“ငါ့ကို နင် ထားခဲ့တာ နင်တကယ် ကျေနပ်လား
နင့်ကိုငါ ထားခဲ့တာ ငါ တကယ်ပါ နောင်တရလို့

ငါ့ကို နင် ဖြတ်ခဲ့တာ နင်တကယ် ပျော်ရဲ့လား
နင့်ကိုငါ ဖြတ်ခဲ့တာ ငါ တကယ်ပါ ပြန်တမ်းတလို့...”


စိုင်းစိုင်း သီချင်းကို ကြားတော့ သူ့ဘက်ကရော အဲဒီလိုမျိုးများလားလို့ စိတ်ကူးယဉ်ချင် သေးတယ်။


(ကိုဆောင်းယွန်းလ တဂ်လို့ စဉ်းစားလိုက်တော့ ကိုယ် ကြိုက်တဲ့သီချင်းတွေကတော့ အများကြီး... အများကြီး...။ ဆိုနေမိတာတွေလည်း အများကြီး ..။ အခွေ တစ်ခွေ အသစ်ထွက်လို့ ကြိုက်တဲ့ သီချင်းပါရင် မရ တရနဲ့ ညည်းမိတာပဲ...။ ခုတလောမှာ internet လည်းမသုံးဖြစ်.. ရေးဖို့ရာ အချိန်ကလည်း လုံးဝ မရသေးလို့ လောလောဆယ် သတိတရ ညည်းမိတဲ့ သီချင်းလေး နည်းနည်းကို ဇာတ်လမ်းနည်းနည်း ဆင်ပြီး ရေးလိုက်တာပါ။)


(သိင်္ဂါကျော်)

24 September, 2009

မျှော်လင့်ချက်



မျှော်လင့်ချက်
မကြောက်မရွံ သိနေတာ...။

မှောင်မည်း နက်ရှိုင်း
ချောက်ကမ်းပါး ထဲမှာတောင်
ပန်းတွေ ပွင့်စေတာ...။

မျှော်လင့်ချက်က
ကတိစကားကို သန်မာစေအောင်
တိတ်တဆိတ် ထောက်ပံလေရဲ့။

Sri Chinmoy ၏ Hope ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

18 September, 2009

Happy Birthday ဝက်ဝံလေး



ဝက်ဝံလေး ... စက်တင်ဘာကောင်းကင်
(ဘယ်လို ခေါ်ရမှန်းတောင် မသိတော့ဘူး)
အတွက်
မွေးနေ့လက်ဆောင်
ပန်းစည်း နဲ့ ကိတ်မုန့်



ဘလော့ဂါ အသိုင်းအဝိုင်းမှာ ပထမဆုံး ခင်မင်ရတဲ့ ညီမလေး
မွေးနေ့မှာ ပျော်ရွှင်ပါစေ...

မမသိင်္ဂါကျော်

ဂမ္ဘီရမြင်းရိုင်း











သူ့ဇက်ကြိုးကို
လွှတ်ပေးလိုက်ရတာ
ငါမှမဟုတ်ပါဘူး။

ဘယ်တော့မှ မသေတဲ့
ပျံနေတဲ့ငှက်ဟာ
သူပဲပေါ့၊

မီးပုံထဲကလည်း
အနာတရနဲ့ ခုန်ထွက်
ရှင်သန်တတ်သေးရဲ့။

သစ္စာမရှိတဲ့
လိပ်ပြာတစ်ကောင်
သူဟာ
ဝတ်ရည်မစားပဲ
ပွင့်ဖတ်ခြွေတတ်သူပေါ့။

သူ့ခွာသံတွေအောက်မှာ
ရိုးစင်းအိပ်မက်ကြွေကျ
သူ့ပါးစပ်က
သွေးသံရဲရဲအာရုံတွေ
ဝါးစားဆဲ။

သူ့ပေါက်ကွဲသံစဉ်တွေ
ကောင်းကင်ထဲ
ပဲ့တင်ထပ်လို့။

တိမ်တွေကို ဥပေက္ခာပြု
အမှောင်ထုထဲဝင်တိုး
သက်ဆိုးရှည်နေတဲ့ မြင်းရိုင်း၊
ပဉ္စလက်အတတ်နဲ့
သားကောင်ကို ညှို့ယူ
အပိုင်းအစစ ဖြစ်သွားတာ
ဖြူစင်မှုတွေပေါ့။

လျှို့ဝှက်တတ်တဲ့
မီးခိုးငွေ့တွေထဲ
သူ ကခုန်ဖို့ကြိုးစားဆဲ။
ညတွေဟာ
မသိချင်ယောင်ဆောင်ပေးထား
သူ ကဆုန်စိုင်းလိုက်တော့
ကြယ်တွေငိုကြပေါ့။

စိတ်ကူးထည်တွေကို ဆုတ်ဖြဲ
တစ်ခါတစ်လေလည်း
သူ တဟဲဟဲ ရယ်နေတတ်၊
နေ့လည်နေ့ခင်းတွေတုန်းက
ရခဲ့တဲ့ ဒဏ်ရာတွေ အကြောင်း
မြည်တမ်းရင်း
သူ ဟစ်ကြွေးစဉ်မှာ
ကမ္ဘာကြီး တုန်ယင်သွားပေါ့။

သူ့ခြေထောက်တွေကို
ရိုက်ချိုးသိမ်းပြီး
ပုံစံခွက်ထဲ ပြန်နေရတဲ့အခါ
မြုံနေတဲ့ အနာတစ်ခုလို
လှိုက်စားလို့....။

(သိင်္ဂါကျော်)

(ရှစ်တန်း၊ ကိုးတန်း လောက်က ရေးထားတဲ့ ကဗျာလေးပါ။ စာအသစ် မရေးနိုင်သေးတာနဲ့ တင်လိုက်တာပါ။ ဘာအဓိပ္ပါယ်လည်းတော့ လာမမေးနဲ့နော်... သိတော့ဘူး :D)

ပုံလေးကို ဒီက ယူထားပါတယ်။