07 December, 2009

သစ်ခွ ဥယျာဉ် ထဲသို့ တစ်ခေါက်


ပြင်ဦးလွင် ကန်တော်ကြီးထဲက သစ်ခွ ဥယျာဉ်နဲ့ လိပ်ပြာ ပြတိုက်ထဲကို ဝင်ကြည့်ခဲ့ပါတယ်...။ လိပ်ပြာ ပြတိုက်ကတော့ မဖွင့်သေးပဲ ပိတ်ထားလို့ မကြည့်ခဲ့ရပါဘူး။ တစ်ခါ ရောက်ဖူးတဲ့ ကွာလာလမ်ပူ က Orchid Garden လောက် ပန်းမျိုးတွေ မစုံပေမယ့် တော်တော်များများ ကျေနပ်လောက်အောင် ဓါတ်ပုံရိုက်ခဲ့ရပါတယ်။














ဒီပန်းလေးတွေကတော့ ချောကလက်နံ မွှေးတယ်... 










သိင်္ဂါကျော်
5.12.2009

06 December, 2009

ပြင်ဦးလွင် ပန်းပွဲတော်


ရုံးက ဈေးပို့တဲ့ စနေနေ့မှာ ဈေးကားနဲ့လိုက်သွားပြီး ဈေးမဝယ်ပဲ ကန်တော်ကြီး ပန်းပွဲတော် ကြည့်ချင်တာနဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ အတူတူ သွားခဲ့ပါတယ်။

ဒါက အဝင်ဝက ပန်းမြို့ရိုးပါ။ ခြင်္သေ့နှစ်ကောင် ခြံရံထားတဲ့ နန်းမြို့ရိုးပါ။ ခုမှ စပြင်တုန်းမို့ ထင်ပါရဲ့ ကြိုးတွေ တားထားပြီး အထဲမဝင်ရဘူး ဆိုလို့ ဓါတ်ပုံလေးပဲ ရိုက်ခဲ့ရပါတယ်။ လီလီပန်းနံတွေ မွှေးနေလို့ လူပါ ဝင်ပြီး ဓါတ်ပုံရိုက်ချင်ပေမယ့် မရခဲ့ပါဘူး။ 





 


အတွင်းကို ဝင်ခဲ့တော့ သိပ်တော့ ထူးထူးခြားခြား ပြင်ဆင်ထားတာမျိုး မရှိပါဘူး...။ အနည်းအပါး ပါပဲ...။




အောက်ကပုံတွေကလည်း ပန်းအစစ်တွေနဲ့ လုပ်ထားတာတော့ မဟုတ်ပါဘူး။ အတုတွေပါ။ 










 ဆောင်းမှာ ပွင့်နေကြပန်းကလေးတွေကိုတော့ တိုးချဲ့ပြီး စိုက်ထားပါတယ်...။ အရင်တစ်ခေါက် မရှိတဲ့ ပန်းခင်းအသစ်လေးတွေတော့ အများကြီးပါပဲ။









အောက်က နှင်းဆီခင်းကတော့ အရင်ကတည်းက ရှိပါတယ်။ လှတာလေး တွေ့လို့ ရိုက်လာတာပါ။



ဒီအကောင်တွေလည်း အစက တစ်ကောင် နှစ်ကောင်ပဲ လွှတ်ထားတာ.. အခုတော့ အုပ်လိုက် အများကြီးပဲ လွှတ်ထားပါတယ်။






ပထမဆုံးပွင့်တဲ့ ချယ်ရီ တစ်ပင်အောက်မှာလည်း ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်...။



ဒီလို အရုပ်ကလေးတွေလည်း ရှိပါတယ်။




သိင်္ဂါကျော်
5.12.2009


03 December, 2009

အယ်လိဇဘက် ဘုရင်မကြီး (II)


ဗြိတိန် ဘုရင်မကြီး နဲ့ အစဉ်အဆက် အမေရိကန် သမ္မတများ တွေ့ဆုံခဲ့တဲ့ သမိုင်းဝင် ပုံလေးတွေကို mail ထဲမှာ တွေ့မိတာနဲ့ ဒီပိုစ့်ကို တင်လိုက်ပါတယ်။

အယ်လိဇဘက် ဘုရင်မကြီး ကို နောက်ပိုင်းမှာ ဂျော့ရှ် ဘုရင် (VI) ဖြစ်လာမယ့် ယော့ခ် မြို့စား မင်းသား အဲလ်ဘတ် နဲ့ ကြင်ယာတော် အယ်လိဇဘက် တို့က ဧပြီလ ၂၁ ရက် ၁၉၂၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

၁၉၄၇ နိုဝင်ဘာ ၂၀ မှာ လက်ဖတင်န်နင် ဖိလစ် မောင့်ဘက်တန် နဲ့ လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပွဲ မတိုင်မီမှာပဲ သူ့ကို အီဒင်ဘတ် မြို့စား အဖြစ် တင်မြှောက် ခံရပါတယ်။ ဘုရင်မကြီး နဲ့ မင်းသား တို့ဟာ ထီးနန်း မဆက်ခံခင်မှာ မင်းသား ချားလ်စ် နဲ့ မင်းသမီး အဲန်း တို့ ကို မွေးဖွားခဲ့ပြီး  ထီးနန်းဆက်ခံ အပြီးမှာ မင်းသား အဲန်ဒရူး နဲ့ အက်ဒ်ဝဒ် တို့ကို မွေးဖွားခဲ့ပါတယ်။

အယ်လိဇဘက်ဟာ ၁၉၅၁ နောက်ပိုင်းမှာ သူမရဲ့ ဖခင် ဂျော့ရှ်ဘုရင်ကြီး ကျန်းမာရေး မကောင်းတဲ့ အတွက် ပြည်သူလူထု နဲ့ ဆက်ဆံရတဲ့ ကိစ္စရပ်များကို စတင် တာဝန်ယူခဲ့ပါတယ်။ သူမရဲ့ ဖခင် နတ်ရွာစံ ပြီးတဲ့နောက် ဗြိတိန် ထီးနန်းကို ဆက်ခံခဲ့ပါတယ်။

ငယ်ရွယ်စဉ်က အယ်လိဇဘက် ဘုရင်မ ရဲ့ ပုံပါ။


ယနေ့အချိန် ဘုရင်မကြီး ရဲ့ ပုံပါ။


အမေရိကန် သမ္မတ ၁၁ ဆက် ပြောင်းသွားပေမယ့် အယ်လိဇဘက် ဘုရင်မကြီးကတော့ Queen နေရာမှာ ရှိနေတုန်းပါပဲ...။ ဒီနေရာ မှာလည်း ပုံလေးတွေ ရှိပါတယ်။

Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Barack Obama

 
Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ George W. Bush

 
Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Bill Clinton


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ George H. W. Bush


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Ronald Reagan


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Jimmy Carter


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Gerald Ford


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Richard Nixon


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ John F. Kennedy


 Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Dwight D. Eisenhower


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Harry S. Truman


Ref: http://en.wikipedia.org/wiki/Elizabeth_II_of_the_United_Kingdom
       http://www.royal.gov.uk/ThecurrentRoyalFamily/TheDukeofEdinburgh/Marriageandfamily.aspx 

သိင်္ဂါကျော်

01 December, 2009

ချိုသော မွေးနေ့ ဒီဇင်ဘာ



နှင်းမကျတဲ့ နေရာမှာ မွေးပေမယ့်
ဒီဇင်ဘာရဲ့ နှင်းတွေကို ငါချစ်တယ်
ခပ်ပြင်းပြင်း မတိုက်တဲ့ မြောက်လေထဲ
နှင်းရနံတွေ ဝေနေတာကို ကြိုက်တယ်။

တိတ်ဆိတ်တဲ့ တောအုပ်ထဲ
သစ်ပင်ထိပ်ဖျားမှာ အဖြူရောင်နှင်းတွေ
နေမပြင်းခင် ဝေနေတာကို သဘောကျတယ်၊
ခပ်ဖွဲဖွဲပဲပေါ့…
ဆောင်းဦးသစ်ရွက်တွေကိုတော့
မချွေစေချင်ပါဘူး။

လရောင်အောက်မှာ
ဦးထုပ်မဆောင်းပဲ လမ်းလျှောက်နေတုန်း
ပထမဆုံးနှင်းတွေ ကြွေတာမြင်လို့
ပျော်သလို အပျော်မျိုးက
ဒီဇင်ဘာရဲ့ အလှတရားပဲ။

တောင်ပေါ်သူ မဟုတ်ပေမယ့်
နှင်းမြူဆိုင်းတဲ့ တောင်တန်းတွေကိုလည်း
မက်မက်မောမော ကြည့်ချင်တယ်။
အဲဒီနှင်းစက်တွေကို တောင်းပန်ချင်တာ
မြက်ခင်းစိမ်းပေါ်ကိုတော့
ကြိုက်သလောက် ဖြန့်ကျဲလိုက်ပေါ့၊
ဆောင်းပန်းပွင့်တွေ အပေါ်တော့
ညင်ညင်သာသာလေးပဲ ကျပါနော..။

“ပြည်မှာဆောင်း” ဆိုတဲ့
ခင်ဝမ်း သီချင်းကို ကြားရင်
ဘယ်နေရာ ရောက်ရောက်
မွေးရပ်ကို လွမ်းတယ်။

1st December ရဲ့ နံနက်ခင်း မှာ
ဒီလောကထဲကို စရောက်ခဲ့တယ်
ချမ်းသာ ဆင်းရဲ ဘယ်လိုပဲ ဖြစ်ဖြစ်
ဘုရားအလို အတိုင်းပဲလို့
ပျော်ပျော်နေခဲ့ပါတယ်၊
သမီးကို ခေါ်ဆောင်ခဲ့လို့
ကျေးဇူးပါပဲ မေမေ…။

ချမ်းအေးတဲ့ ဟေမန်ဆောင်းကို ချစ်တယ်…
Sweet December ကို ချစ်တယ်…
ငါ့ကို ချစ်တဲ့
သူငယ်ချင်းတွေ အားလုံးကို ချစ်တယ်…
ခရစ်ယာန် မဟုတ်ပေမယ့်
ခရစ္စမတ်စ် ကိုလည်း ချစ်တယ်…
ဒီဇင်ဘာရေ…
ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
ခွန်အားပေးပါနော်…။

သိင်္ဂါကျော်
1.12.2009
2:11 PM

23 November, 2009

ငါ့ကို သွားခွင့် မပြုပါနဲ့



ငါ အဝေးကို ထွက်ပြေးချင်တယ်..
ငါကိုယ်တိုင်ဆီက...
မင်းဆီက...
တို့နှစ်ယောက်လုံးဆီက..
ငါ အဝေးကို ထွက်ပြေးချင်တယ်။
ငါတို့ အတူရှိခဲ့ဖူးတဲ့ အချိန်များဆီက
အဝေးကို ထွက်ပြေးချင်တယ်။
ငါတို့ အတူမျှဝေခဲ့ဖူးတဲ့ အမှတ်တရများဆီက
အဝေးကို ထွက်ပြေးချင်တယ်။
မင်းကို တခြားသူတွေနဲ့ အတူ
မြင်နေရရင်
ငါ့ကို အတွင်းလှိုက်ပြီး သတ်နေသလို
ကဲ အဲဒီတော့
ငါ အဝေးကို ပြေးဖို့လိုအပ်တယ်။
ဒါပေမယ့်
မင်း ငါ့ကို သွားဖို့ ခွင့်မပြုစေချင်ဘူး။
ငါ့အတွက်နဲ့
တခြားလူတွေကိုပဲ မင်းထားခဲ့စေချင်တယ်။
သေချာတာက
မင်းမရှိရင် ငါသေလိမ့်မယ်။
ကျေးဇူးပြုပြီး
ငါ့ကို ဘယ်တော့မှ သွားခွင့်မပြုပါနဲ့။

(သိင်္ဂါကျော်)

Sakina ၏ Don't let me go ကိုပြန်ဆိုပါသည်။

22 November, 2009

မနေ့က


 
ငါတို့ ပြောခဲ့တဲ့
မုန်းစရာ စကားတွေ
ပြီးတော့
အခု တို့သွားရမယ်
ငါတို့ရဲ့ သီးခြားလမ်းတွေ...
ဘာလို့ဆို
မနေ့က အချစ်က
ဘယ်တော့မှ မတူညီနိုင်။

အချိန်တွေ အချိန်တွေ
ထပ်ကာ ထပ်ကာ
ဂရုမစိုက်ပဲ ပေးတဲ့ ကတိ
ငါ လိမ်ပြီး
သွားတော့မယ်လို့ ပြော
ဒါ မင်း ပိုကံကောင်းဖို့
ငါ ဆန္ဒရှိတာ
ဒါပေမယ့်
မင်းကိုရော ငါ့ကိုယ်ငါပါ လိမ်မိ
ဘယ်လိုပဲ ဖြစ်စေပေါ့
ဒီလို ရာသီမျိုးတော့ တို့မှာ မရှိစေချင်တာ
ကိုယ့်ဆန္ဒပါ။

(သိင်္ဂါကျော်)

MaRia ၏ Yesterday ကို ပြန်ဆိုပါသည်။
 

16 November, 2009

သူငယ်ချင်းလို့ ဆက်မခေါ်ချင်



သူမနှင့်ကိုယ် တွေ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီမှာက သူငယ်ချင်းလည်း သိပ်မရှိ၊ အပြင်လည်း သိပ်မထွက်ဖြစ်တော့ ကျောင်း မသွားရသည့် နေ့များမှာ online မှာသာ တစ်နေကုန် ရှိနေဖြစ်သည်။ Course Subject တွေကုန်အောင် ဖြေနေစဉ် ကတည်းက သူမနှင့် သိခဲ့ခြင်းဖြစ်သည်။ အစပိုင်းကတော့ Internet ပေါ်မှာ စာနှင့် ပတ်သက်တာပဲ ရှာဖြစ်သည်။ Chatting လည်း မရိုက်တတ်။ မြန်မာ သူငယ်ချင်း တစ်ချို့၏ အကြံဥာဏ်ပေးမှု နှင့် Personal Websites များမှာ ၀င်သည်။ သူငယ်ချင်းတွေ ရလာသည်။ Chatting လုပ်ရခြင်း ကို ပျော်မွေ့လာသည်။ အားသည့် အချိန်များမှာ လေ့လာရင်းနှင့် Computer ၊ Internet တို့နှင့် အကျွမ်းဝင်လာသည်။ Thesis သက်သက် လုပ်နေရချိန်ကျတော့ အချိန်ပိုရလာသည်။

Online Friend တွေ အများကြီး ရှိသော်လည်း တချို့က ၀ါသနာမတူ၊ အသက်အရွယ် အတွေးအခေါ် အတော် ကွာခြားသူတွေ ပါသည်။ အမှန်မပြောပဲ အလိမ်အညာ တွေနှင့် အပျော်သဘော Chat ကြသူတွေများသည်။ နိုင်ငံခြားသား တွေလည်း ပါသည်။ အဲဒီလို အများကြီး ထဲကမှ သူမတစ်ယောက်ကတော့ မှတ်မှတ်ထင်ထင် နှင့် အချိန်အတော်ကြာ သူငယ်ချင်း ဖြစ်နေခဲ့သည်။

(သူငယ်ချင်း အရင်း တွေကတော့ ဟိုးအရင် တင်တုန်းက ဖတ်ပြီးသား ဖြစ်မှာပါ။ မဖတ်ရသေးတဲ့ သူငယ်ချင်းများ အခုလထုတ် သံလွင်အိပ်မက် မှာ သွားဖတ်လိုက်ပါနော်...)



15 November, 2009

နတ်သမီးလေးများ


Faerie လို့ခေါ်တဲ့ နတ်သမီးလေးတွေကို သဘာဝလွန် ဝိညာဉ်တွေ အနေနဲ့ ယုံကြည်ကြပြီး ပုံပြင်ဆန်၊ မှော်ဆန်တဲ့ သက်ရှိမျိုးနွယ် အနေနဲ့ ရှိနေဆဲပါ။ Faerie တွေဟာ လူပုံစံနဲ့ ရှိကြပြီး နတ်သားပုံစံရော၊ နတ်သမီးပုံစံရော ရှိကြပြီး လူတွေလိုပဲ နတ်ကောင်း၊ နတ်ဆိုး ရယ်လို့ သူတို့ စိတ်ဓါတ်ပေါ်မူတည်ပြီး ကွဲပြားကြတယ်လို့ ဆိုပါတယ်။ အဲဒီလို နတ်သေးသေးလေးတွေကို သစ်တောအုပ်တွေ၊ စမ်းချောင်းတွေ အနီးနဲ့ ပန်းဥယျာဉ်တွေထဲမှာ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ သူတို့နဲ့ နီးလာပြီ ဆိုရင် … တစ်စုံတစ်ယောက်က ကိုယ့်ကို စောင့်ကြည့်နေသလို ခံစားရပြီး ပတ်ဝန်းကျင်မှာလည်း ဘယ်သူ့မှ မတွေ့ရတာမျိုး၊ ပိုးကောင်လေး တစ်ကောင် ကိုယ့်ကို လာထိသလို ခံစားရပြီး ကြည့်တော့လည်း ဘာမှမရှိတာမျိုး၊ ထူးခြားဆန်းကြယ်တဲ့ မွှေးရနံ ရတာမျိုး တွေ ကြုံရတတ်ပါတယ်။ 

သူတို့ရဲ့ နယ်မြေ အဝန်းအဝိုင်း ထဲမှာ မှိုပွင့်တွေ၊ ကျောက်ဆောင်တွေ ရှိတတ်ပါတယ်။ လူသား တစ်စုံတစ်ယောက် သူတို့ နယ်ထဲ ဝင်လာပြီ ဆိုရင် သူတို့နဲ့ အတူ က ရအောင် လုပ်ဆောင်တတ်ပါတယ်။ သူတို့ ဆီရောက်နေတဲ့ မိနစ်ပိုင်းလောက် ဟာ လူတွေရဲ့ အချိန်နဲ့ ဆိုရင် နှစ်နဲ့ ချီပြီး ကြာသွားတတ်ပါတယ်။ နတ်ကလေးတွေ ဟာ တခြား မှင်စာလို မျိုးနွယ်တွေထဲမှာတော့ အသိဥာဏ် အရှိဆုံး ဖြစ်ပြီး ပါဝါ စွမ်းအားလည်း ရှိကြပါတယ်။ သူတို့ရဲ့ အမြင့်ဆုံး အသုံးအကျဆုံး စွမ်းအားကတော့ ဆွဲဆောင် ညှို့ငင်အား ကြီးမားတာပဲ ဖြစ်ပါတယ်။

အောက်ကပုံလေးတွေကတော့ နတ်သမီးလေးတွေရဲ့ ရာသီအလိုက် နာမည် ပေးထားတဲ့ ပုံလေးတွေပါ။


 
 
 
 

Reference: http://www.dworldonline.com/FAERIE.HTM#BELIEVE

04 November, 2009

သူမ



သူမဟာ…
ဘဝဆိုတာ
တည်ငြိမ်နေရင် ပျင်းစရာကောင်းမယ်လို့
ထင်နေတဲ့သူ…။

တစ်နေရာတည်းမှာလည်း
ထိုင်မနေချင်ဘူး။
စိန်ခေါ်မှုတွေမရှိပဲနဲ့လည်း
မနေချင်ခဲ့ဘူး။

အပြောင်းအလဲနဲ့
အသစ်သစ်ကို မျှော်လင့်ခဲ့တဲ့သူမို့
တသမတ်တည်း ဘဝကိုလည်း
မလိုချင်ခဲ့ဘူး။

တစ်ယောက်တည်းလည်း
ပျော်အောင်နေတတ်တဲ့သူမို့
အထီးကျန်မှာ ကြောက်ရွံမှုနဲ့
တစ်စုံတစ်ယောက်ကိုလည်း
ဖမ်းဆွဲမထားချင်ခဲ့ဘူး။

ရှုံးနိမ့်နောက်ချန်တတ်သူမဟုတ်ပေမယ့်လည်း
ထင်ပေါ်တတ်သူလည်း မဟုတ်ပြန်ဘူးဆိုတော့
လက်တွဲချင်သူ မရှိခဲ့တာလည်း
အဆန်းတော့ မဟုတ်ပါဘူး။

အများမယုံကြည်ချင်မယ့်
အိပ်မက်အထူးအဆန်းတွေကို မက်မောတတ်သူ၊
ကိုယ့်ကိုကိုယ်ကလွဲလို့
ဘယ်သူ့ကိုမှ အားမကိုးချင်တဲ့သူ၊
ဘေးပတ်ဝန်းကျင်က
သရုပ်မှန်ပုံပြင်တွေ ဖတ်လို့
အချစ်ကို မယုံကြည်ချင်တဲ့သူ။

စိတ်အားငယ်ပြရမှာလည်းမုန်း
မိန်းမပီသရမှာလည်း မုန်းတဲ့သူမို့
ခရီးရှည်လမ်း အတွက်လည်း
တစ်ယောက်စာ လက်မှတ်တော့
ဖြတ်ပြီးသားပေါ့။

တစ်ခါတစ်ရံတော့လည်း
မမက်ဖူးတဲ့အိပ်မက်ကို
မက်ကြည့်ချင်စိတ်နဲ့
ခရီးဖော်တစ်စုံတစ်ယောက်ကို
စိတ်ကူးနဲ့ ပုံဖော်ကြည့်မိ။

ဘာပဲဖြစ်ဖြစ်လေ
ဘဝဆိုတာတော့
မှန်းဆမရတဲ့
ပုစ္ဆာတစ်ပုဒ်ပါ။

(သိင်္ဂါကျော်)

(ကိုယ့်ခံစားချက် ကိုယ်လည်း ရေးပါဦးလို့ ပြောကြလို့လေ... :D)