08 October, 2010

တောင်တန်းပေါ်မှာ ခရီးသွားခြင်း (သို့) Shimla


ပြီးခဲ့တဲ့ အပတ် စနေ နေ့ကတော့ Chandigarh ကနေ 104 km လောက် ဝေးတဲ့ Shimla တောင်ကို တက္ကစီနဲ့ သွားခဲ့ပါတယ်။ အားလုံးပေါင်း ခုနှစ်ယောက်ပါ။ ကိုယ်နဲ့ အတူတက်နေတဲ့ မြန်မာ တစ်ယောက်ကလည်း မလိုက်ပါဘူး။ တစ်ချို့ သူငယ်ချင်း မိန်းကလေးတွေကလည်း ဝေးတယ်.. မနက်စောစော ထရမှာ ဘာညာနဲ့ မလိုက်ကြပါဘူး။ (အစက ၆ နာရီ ခွဲ သွားဖို့ စီစဉ်ထားတာ ကားက မလာတာနဲ့ ၈ နာရီခွဲမှ သွားဖြစ်ပါတယ်)။ ယောက်ျားလေး လေးယောက် (မွန်ဂိုလီးယား  ၁၊ အီဂျစ် ၂၊ နမီးဘီးယား ၁)၊ မိန်းကလေးက ကိုယ်ရယ်၊ ကျူးဘားက ၁ ယောက်၊ ဆူဒန်က ၁ ယောက် သုံးယောက်ပါ။

Shimla တောင်ဟာ အမြင့်ပေ နှစ်ထောင်ကျော်လောက် မြင့်ပြီး အိန္ဒိယ ရဲ့ နွေရာသီ အပန်းဖြေစခန်း တစ်ခုပါ။


Chandigarh ကနေ မနက် ၈ နာရီ ခွဲလောက် ထွက်ခဲ့တာ တောင်ခြေကို ၁၂ ခွဲလောက်မှ ရောက်ပါတယ်။ အဲဒီနောက် တောင်တက်လမ်းကို နောက်ထပ် ၃ နာရီလောက် ထပ်တက်ရပါတယ်။ ရာသီဥတုကတော့ မန္တလေးနဲ့ ပြင်ဦးလွင် ကွာသလိုပဲ ကွာပါတယ်။ နေ့ခင်းနေပူကျဲကျဲထဲမှာကို ရာသီဥတုက သိသိသာသာ အေးလာပါတယ်။ နေပူရှိန်ကြောင့် အနွေးထည် ဝတ်ရလောက်အောင် မဟုတ်ပေမယ့် မြေပြန့်နဲ့ မတူတာတော့ သိသာပါတယ်။


တောင်တက်လမ်းမှာ သွားနေတော့ မြန်မာနိုင်ငံက တောင်ကြီး၊ ပြင်ဦးလွင် သွားတဲ့ လမ်းတွေကို သတိရမိပါတယ်။ တောင်နံရံ တစ်ဖက်၊ ချောက်ကမ်းပါး တစ်ဖက် နဲ့ လမ်းကလည်း တစ်လမ်းသွားပဲ ရှိပါတယ်။ အဲဒီလမ်းမှာ ကုန်ကား အလတ်စားတွေလည်း သွားလာနေကြပါတယ်။ တစ်ချို့နေရာတွေလည်း ပြင်နေတုန်းပါ။ လမ်းက သိပ်မမတ်ပေမယ့် ကြောက်တတ်ရင်တော့ ကြောက်စရာ နည်းနည်း ကောင်းပါတယ်။
 

Shimla မြို့ရဲ့ ထူးခြားချက်က တောင်စောင်းတွေမှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ လူနေအိမ်တွေ ဆောက်ထားတာပါ။ ကိုယ်တော့ အဲဒီလို ရှုခင်းမျိုး ခုမှ မြင်ဖူးတာပါ။ ဆောက်ထားတာကလည်း တစ်ထပ် နှစ်ထပ်တင် မကပါဘူး၊ အထပ်မြင့် တိုက်ခန်းတွေပါ။ အခုလည်း ဆောက်လက်စ တွေက ဆောက်နေဆဲပါပဲ။
တောင်တစ်ထပ် တက်လိုက်တိုင်း အပေါ်ဘက် တောင်စောင်းက တိုက်တွေ၊ တစ်ဖက်ခြမ်း တောင်စောင်းက တိုက်တွေကို မြင်နေရပါတယ်။ 


လမ်းကလည်း သွားရင်း သွားရင်းနဲ့ ဆုံးကို မဆုံးနိုင်တော့ သလိုပါပဲ။ မနက်ကတည်းက ထွက်လာကြတာမို့ နေ့ခင်းလောက်မှာ ရေချိုးခန်း ဝင်ချင်တဲ့ ပြဿနာကလည်း စလာပါတယ်။ ဆူဒန် မိန်းကလေးက အရေးပေါ်နေပြီ၊ Bath Room ရှာပေးလို့ အော်ပေမယ့် ဒရိုင်ဘာက ရပ်မပေးပါဘူး။ အနီးအနားမှာလည်း ဘာဆိုင်မှ မရှိတဲ့ နေရာ ရောက်နေပြန်ရော...။ Kufri ရောက်တော့မှာ ရောက်တော့မှာ ဆိုပြီး တကယ်တမ်းကျ ဝေးနေသေးပြန်ရော။ အဲဒါနဲ့ပဲ စားသောက်ဆိုင် တစ်ခုကို တွေ့တော့ ဝမ်းသာအားရ ဝင်ကြရပါတယ်။ အဲဒီ ဆိုင်က အိမ်သာ ဆိုတာလည်း ညစ်ပတ်နေပြန်ရော...။
Shimla လမ်းဆုံးကို မရောက်ခင် Kufri Resort ကို ခဏ ဝင်ပါတယ်။ Nature Park တော့ ရှိပေမယ့် အတွင်းကိုတော့ မဝင်ခဲ့တော့ပါဘူး။ တစ်ခြားတော့ လက်ဆောင်ပစ္စည်း အရောင်းဆိုင် တစ်ချို့နဲ့ စားသောက်ဆိုင်တွေ လောက်ပဲ ရှိပါတယ်။


တိုက်ခန်းတွေ မရှိတဲ့ တစ်ချို့နေရာတွေမှာတော့ သဘာဝ ထင်ရှူးတောတွေပါ...။ တောင်အနိမ့်ပိုင်းတုန်းက ထင်ရှူးပင်တွေက တစ်မျိုး...။ တောင် အမြင့်ပိုင်းကျတော့ ထင်ရှူးပင်တွေက တစ်မျိုးပါ။ နှစ်ပေါင်းမနည်းတော့တဲ့ ထင်ရှူးပင် အကြီးကြီးတွေလည်း အများကြီးပါ။ Shimla တောင်ဟာ ဟိမဝန္တာတောင်ရဲ့ အနိမ့်ပိုင်း တောင်တန်း တစ်ခုပါ။


ကိုယ့်နိုင်ငံမှာလည်း တောင်တွေ များပေမယ့် ကိုယ်ကတော့ တောင်တွေကို ကြည့်ရတာ သဘောကျပါတယ်။ တောင်တန်းတွေဆီ သွားရတာကိုလည်း သဘောကျပါတယ်။ တစ်ချို့ကတော့ မျှော်လင့်သလောက်လည်း ရှုခင်းကောင်းကောင်း မတွေ့ရ၊ လျှောက်သွားစရာလည်း နေရာ သိပ်မရှိတော့ လာမိတာ မှားတယ်လို့တောင် ပြောကြပါတယ်။ ကိုယ်တို့ မျှော်လင့်တာက google မှာ ရှာကြည့်လို့ တွေ့ထားသလို အပေါ်ယံ တောင်ထိပ်ပိုင်းမှာ နှင်းဖုံးနေတဲ့ တောင်ကြီး တစ်ခု တွေ့ရမယ်လို့ ထင်ထားကြလို့ပါ။ အခုက ဆောင်းတွင်း မရောက်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်တို့ရောက်ခဲ့တာက ကားလမ်း ရှိတဲ့ နေရာလောက်ပဲမို့ တောင်လည်း မတက်ခဲ့ရတာနဲ့ သိပ်လှတဲ့ ရှုခင်းမျိုး မတွေ့ခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ 



၃ နာရီခွဲလောက် မှာ Shimla ဟာ ဒါပဲ လို့ တက္ကစီသမားက ပြောတော့ လမ်းပေါ်မှာပဲ ခဏရပ်၊ ဓါတ်ပုံလေး ဘာလေး ရိုက်ပြီး ပြန်လာခဲ့ကြရတာပါ။ ညအိပ်ဖို့ အစီအစဉ်မရှိပဲ နေ့ချင်းပြန်မှာမို့ ဘယ်မှ လျှောက်သွားဖို့လည်း အချိန်မရှိတော့ပါဘူး။ အဲလို ချက်ချင်းပြန်တာတောင် ဟိုတယ်ကို ည ၉ နာရီ ထိုးကာနီးမှ ပြန်ရောက်ပါတယ်။ ညစာကိုတော့ လမ်းက Macdonald မှာ စားခဲ့လို့ တော်ပါသေးရဲ့။ ဟိုတယ်ပြန်ရောက်တော့ ညစာမရှိတော့ပေမယ့် Ice Cream လေးတော့ စားလိုက်ကြပါသေးတယ်။

ရိုက်ခဲ့တဲ့ ရှုခင်းပုံ အများစုကလည်း ကားပေါ်ကနေ လှမ်းရိုက်တာပါ။ တစ်ချို့နေရာတွေမှာတော့ ဓါတ်ပုံရိုက်ဖို့ ကားခဏရပ်ပြီး ဆင်းရိုက်ကြပါတယ်။  Google မှာ ရှာကြည့်ထားသလောက်တော့ ပုံကောင်းကောင်း မရခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ တောင်တန်းပေါ်မှာ ခရီးသွားရတာကိုပဲ တော်တော် သဘောကျခဲ့ပါတယ်။


သိင်္ဂါကျော်

05 October, 2010

ကြယ်ကြွေကောင်းကင်

ဒီသီချင်းလေးကို ကြိုက်လို့ ကိုယ့်ဟာကိုယ် လက်တဲ့ စမ်းထားတဲ့ flash file လေးပါ။ သိပ်တော့ လက်ရာမမြောက်သေးတာလည်း ကိုယ့်ဟာကိုယ် သိပါတယ်...။ သည်းခံပြီးတော့ ကြည့်ပေးပေါ့နော်..။


သိင်္ဂါကျော်

04 October, 2010

ကောင်မလေး အတွက် ၃

 
မင်းရဲ့နူးညံမှုနဲ့ ငြိမ်သက်မှုက

ဖမ်းစားခဲ့တာပါ၊
ငါ့ကို အံသြစေတယ်၊
ငါ့ကို စိတ်ဝင်စားစေတယ်၊

မင်းစကားတစ်ခွန်းကြားရင်ပဲ
ငါ့မှာ ပျော်ရွှင်နေတယ်၊
မင်းမျက်လွှာတစ်ချက်အပင့်ကို မျှော်တယ်၊
မင်းအပြုံးတစ်ချက်မှာ ပျော်ဝင်တယ်။

ကောင်မလေးရေ..
ငါတော့ တဖြည်းဖြည်း
အခြေအနေဆိုးတော့မယ် ထင်ရဲ့။

ခဏတာတွေ့ဆုံမှု အဆုံးသတ်ရင်
တစ်ဘဝလုံးမတွေ့တော့မယ့် ဝေးခြင်းမျိုးနဲ့
ဝေးမယ်ဆိုတာလည်း သိရက်နဲ့
သူငယ်ချင်းထက် ပိုချင်မိတယ်။

မင်းနဲ့စကားလက်ဆုံကျလို့
ငါ့နေ့ရက်တွေ လှပနေရင်
မဖြစ်နိုင်မှန်းသိရက်နဲ့
တစ်သက်လုံးအတွက် စိတ်ကူးယဉ်ချင်မိတယ်။

ကောင်မလေးရေ...
မင်းနဲ့ငါက
မတူညီမှု တံတိုင်းအထပ်ထပ်နဲ့
မတူညီတဲ့ အိပ်မက်တွေ မက်ခဲ့သူတွေပါ။
ဘာသာချင်းခြားလို့
နိုင်ငံချင်း ဝေးလွန်းနေလည်း
ရင်ကို သိမ်မွေ့စွာတိုးဝင်တဲ့
အချစ်တစ်ခုအတွက်တော့
ပြောခွင့် ရှိပါရစေ။

ကောင်မလေးရေ..
လူချင်းဝေးရင်တောင်
နှလုံးသားချင်းတော့ နီးချင်ရဲ့
မင်းကြိုးစားပေးဖို့
ငါမျှော်လင့်ခွင့်ရှိပါရစေ။

သိင်္ဂါကျော်

01 October, 2010

မိုးနှောင်းအချစ်

မိုးဦးကလည်း ရွာဖူးပါတယ်
ခပ်ဖွဲဖွဲနဲ့ မည်မည်ရရမဟုတ်ပဲ
နောက်တော့လည်း စဲသွားခဲ့။

ဒီလိုနဲ့ မိုးခေါင်လာတာ
အနှောင်းကြီးတောင် နှောင်းခဲ့ပြီ။
ရွာစရာ တစ်စက်မှ မကျန်ဘူးလို့
ထင်ရလောက်အောင်ကို ခြောက်သွေ့ခဲ့။

မင်းကို တွေ့လိုက်တဲ့ ခဏမှာပဲ
ငါ့ကိုယ်ငါတောင် မသိလိုက်ပဲ
မုတ်သုံတွေ အုံဖွဲ့လာတယ်။

မင်းနှလုံးသားက
မိုးခေါင်ရေရှားရပ်ဝန်း မဟုတ်မှန်းလည်း
ငါအသိပါ ဘေဘီ၊

လျှံထွက်သွားမယ်မှန်း သိရဲ့နဲ့
ငါကိုယ်တိုင်ကိုက
ရွာချချင်နေတာ တစ်ခုပါပဲ။


နောက်ဆုံးမိုးမို့
တစ်စက်မှမကျန်အောင် ရွာချခဲ့ပါရဲ့၊
မာနတွေဖြိုချပြီး
တစ်ဘဝလုံး အရှုံးပေးဖို့
အသင့်ရှိခဲ့သူပါ။

ငါ့ဘဝအဓိပ္ပါယ်ကို
မင်းရေးပေးဖို့ မျှော်လင့်တာကလွဲရင်
ဘေဘီ
မင်းအလိုတော်အတိုင်းပဲ
အလွမ်းတွေ သိမ်းထားဆိုလည်း
သိမ်းထားရုံပါ။

သိင်္ဂါကျော်

29 September, 2010

အိန္ဒိယ ၅ (ဒေလီ ၊ အဂါရာ)


ခုတလော စာရေးရမှာ ပျင်းနေပါတယ်..။ ပြီးခဲ့တဲ့ ပိတ်ရက်က ခရီးသွားနေလို့ မရေးဖြစ်တာလည်း ပါပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က မနက်စောစော ၆ နာရီခွဲလောက် Express Bus နှစ်စီးနဲ့ Delhi ကိုထွက်ခဲ့ကြပါတယ်။ CDAC က စီစဉ်ပေးတဲ့ Trip ပါ။ ၁၀ နာရီ ခွဲလောက်ကျတော့ လမ်းမှာ တွေ့တဲ့ Macdonald ဆိုင်မှာ ရပ်ပေးပါတယ်။ ဆိုင်နေရာလေးက သာသာယာယာနဲ့ စားလို့လည်း မဆိုးပါဘူး။


အဲဒီနောက် ဆက်ထွက်လာတာ ဒေလီ ကို ရောက်ဖို့ တော်တော်ကြာပါတယ်။ ဒေလီ က အိန္ဒိယရဲ့ မြို့တော် ဖြစ်ပေမယ့် မြို့စွန်ဘက်မှာတော့ တော်တော်ကို သားသားနားနား မရှိပဲ ညစ်ပတ်နေတာကို တွေ့ရပါတယ်။ မြို့ထဲကို စဝင်လာတာနဲ့ လမ်းဘေးမှာ တဲထိုးနေတဲ့ လူတွေကို တွေ့ရတာပါပဲ။ လမ်းတွေ၊ ရေပိုက်လိုင်းတွေ.. တစ်မြို့လုံးမှာလည်း ပြင်နေတဲ့ နေရာတွေချည်းပါပဲ...။ ဆောက်နေတာတွေလည်း အများကြီးပါပဲ။ ကိုယ်တို့ အခုနေနေတဲ့ Chandigarh မှာတော့ အဲလိုမရှိပဲ နေရာတိုင်း သပ်ရပ် သန့်ရှင်းနေတာ ဆိုတော့ အားလုံးက ပြောကြတော့တာပေါ့...။ ဒေလီက ညစ်ပတ်တယ် လို့..။

Traffic ကလည်း ရှုပ်လိုက်တာ မပြောပါနဲ့တော့။ တချို့နေရာတွေများဆို တရွေ့ရွေ့ သွားနေရတာပါ။ အဲလို နဲ့ပဲ Indian Gate ကို ရောက်တော့ ၂ နာရီ ကျော်နေပါပြီ။ 




Indian Gate ဘေးက ရေကန်ထဲမှာ အပျော်စီး လှေလေးတွေလည်း စီးလို့ရပါတယ်။ နေပူကျဲကျဲ အချိန်မို့ ကိုယ်တို့ကတော့ လမ်းဘေး အရိပ်ထဲက ပလက်ဖောင်းမှာပဲ ထိုင်နေပြီး ပြောထားတဲ့ အချိန် ၃ နာရီ ခွဲကာနီးကျတော့ ကားဆီကို ပြန်ခဲ့ပါတယ်။ အားလုံး ဗိုက်တွေလည်း ဆာနေကြပါပြီ။ အနီးအနားမှာလည်း ဘာမှ ဝယ်စားစရာ မရှိပါဘူး။ အဲဒီမှာ လေ့လာရေးလာတဲ့ အိန္ဒိယ အဖွဲ့တစ်ဖွဲ့က ထမင်းတွေ စားနေကြတာကိုကြည့်ပြီး ပိုဆာလာပါတယ်။

Indian Gate က ထွက်လာပြီး တည်းမယ့် ဟိုတယ်ကို တော်တော် ရှာလိုက်ရပါတယ်။ Haryana Tourism ဟိုတယ် (Hermitage Surajkund) ကို ၇ နာရီလောက်မှ ရောက်ပါတယ်။ 

နောက်တစ်နေ့ကျတော့ Agra က Tajmahar ကို သွားပါတယ်။ လမ်းမှာတော့ ထုံးစံအတိုင်း Macdonald ဆိုင်တစ်ဆိုင်မှာ ရပ်ပါတယ်။ အောက်ကပုံကတော့ လမ်းမှာ ဖြတ်ခဲ့ရတဲ့ ယမုန်နာ မြစ်ပါ။

Tajmahar ကိုရောက်ဖို့အတွက် အပေါက်ဝမှာ စီးလာတဲ့ ကားကြီးတွေကို ရပ်ပြီး Battery သုံး ကားလတ် တွေနဲ့ ဆက်သွားရပါတယ်။ ကုလားအုတ်တွေ ဆွဲတဲ့ လှည်းတွေလည်း ရှိပါတယ်။ လက်ဆောင်ပစ္စည်း ရောင်းတဲ့ ဆိုင်တွေလည်း အများကြီးပဲမို့ အားလုံးလိုလိုပဲ အပြန်မှာ လက်ဆောင်ပေးဖို့ ပစ္စည်းလေးတွေ ဝယ်ခဲ့ကြပါတယ်။


Tajmahar အထဲကို ဝင်ဖို့အတွက် တန်းစီနေတဲ့ သူတွေပါ။ အပေါက်ဝမှာ အိတ်တွေကိုလည်း စစ်ပါသေးတယ်။ စားစရာတွေနဲ့ တစ်ချို့ လက်ဆောင်ပစ္စည်းတွေကို အတွင်းကို ယူလို့ မရပဲ Locker ထဲမှာ ထားခဲ့ရပါတယ်။




နောက်တစ်နေ့ကျတော့ Qutub Minar ကိုသွားပါတယ်။ အုတ်နဲ့ ဆောက်ထားတဲ့ အမြင့်ဆုံး အဆောက်အအုံ ဖြစ်ပါတယ်။ ၂၃၇.၈ ပေ မြင့်ပါတယ်။ လေယာဉ်တွေကလည်း ခဏ ခဏ ဖြတ်သွားနေတာနဲ့ ဓါတ်ပုံ ရိုက်ဖြစ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာတော့ အရမ်းကောင်းတဲ့ ရှေးဟောင်း လက်ရာအဆောက်အအုံ အပြိုအပျက်တွေ ရှိပါတယ်။

 
 
 
 


အဲဒီနောက်တော့ Lotus Temple ကို သွားကြပါတယ်။ ဘာသာတိုင်းအတွက် ဝတ်ပြုဖို့ လုပ်ထားတဲ့ အဆောက်အအုံပါ။
အချိန်ကလည်း သိပ်မရတာနဲ့ ကိုယ်တို့ကတော့ ဝတ်ပြုတဲ့ အခန်းထဲ မဝင်တော့ပဲ အောက်ဘက်က ရေကူးကန်နားမှာပဲ ဓါတ်ပုံသွားရိုက်ပြီး လျှောက်ကြည့်လို့ ပြန်ခဲ့ကြပါတယ်။

Lotus Temple ကပြန်တော့ Delhi ရဲ့ နာမည်ကြီးတဲ့ ဈေး Palika Bazaar ကို ဝင်ပါတယ်။ ဈေးက မြေအောက်ထပ်မှာ ဆောက်ထားတာပါ။ တနင်္ဂနွေနေ့လည်း ဖြစ်နေတော့ ဈေးထဲမှာတော့ တော်တော်ကို စည်ကားနေပါတယ်။ ဆိုင်ရှင်တွေ ဆိုတာလည်း တအားကို လက်ဆွဲ ခေါ်မတတ်ပါပဲ။ ပစ္စည်းတစ်ခုကို ကိုင်ကြည့်မိရင်ကိုပဲ မရောင်းရမချင်း အတင်း ပြောတော့တာပါပဲ။ တကယ်မလိုချင်တဲ့ ပစ္စည်းဆိုရင် မြန်မြန်ပဲ ထွက်လာရပါတယ်။ ဈေးကလည်း ထက်ဝက်လောက် ခွာစစ်မှ အဆင်ပြေတာပါ။ ပစ္စည်းတွေကတော့ တော်တော် ပေါပါတယ်။

 
 

ဈေးထဲကနေ ၃နာရီ၄၅ ပြန်ထွက်မယ်လို့ ပြောထားပေမယ့် ထုံးစံအတိုင်း တစ်ယောက်စောင့် တစ်ယောက်စောင့်နဲ့မို့ ၄နာရီခွဲလောက်မှပဲ ထွက်လာနိုင်ပါတယ်။  Chandigarh က ဟိုတယ်ကို တန်းပြန်တာတောင် ည ၉နာရီခွဲ ၁၀လောက်မှ ပြန်ရောက်ပါတယ်။ အားလုံးပဲ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်သလို ပျော်သွားကြပါတယ်။ Delhi နဲ့ ယှဉ်တော့မှ Chandigarh က ဘယ်လောက် ငြိမ်းချမ်းပြီး သန့်ရှင်း သာယာတယ်ဆိုတာ သိလိုက်ရသလိုပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ခရီးထွက်ရတယ် ဆိုရင်တော့ ဘယ်ကိုပဲ ဖြစ်ဖြစ် ဘယ်သူတွေနဲ့ပဲ ဖြစ်ဖြစ် ကိုယ်ကတော့ ပျော်တာပါပဲ...။ 

သိင်္ဂါကျော်

22 September, 2010

သုံးကြိုးတပ် တယော

                                                                                                                                                   
နိုဝင်ဘာ ၁၈ ရက် ၁၉၉၅။ တယောဆရာ Itzhak Perlman ဟာ နယူးရော့ခ်မြို့ လင်ကွန်း Center က Avery Fisher Hall က စတိတ်ခ်ျ ပေါ်ကို လာခဲ့ပါတယ်။


ခင်ဗျား ပါးလ်မန်း ရဲ့ ပွဲကို ကြည့်ဖူးရင် စတိတ်ခ်ျ ပေါ်ကို သူရောက်လာတာ သူ့အတွက် နည်းနည်းနောနော အောင်မြင်မှု မဟုတ်ဘူးဆိုတာ ခင်ဗျား သိမှာပါ။ သူဟာ ကလေးဘဝတုန်းက ပိုလီယို ဖြစ်ခဲ့ဖူးလို့ ခြေနှစ်ဖက် စလုံး မသန်စွမ်းပဲ ချိုင်းထောက်နဲ့ သွားလာရသူပါ။ သူ စင်မြင့် ပေါ်ကို တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လာတာကို မြင်ရတာ နာနာကျင်ကျင် နှေးနှေးကွေးကွေးနဲ့ပါ။

သူ့ရဲ့ ထိုင်ခုံကို ရောက်တဲ့အထိ နာကျင်စွာနဲ့ လျှောက်လာပါတယ်။ အဲဒီနောက် ချိုင်းထောက်နှစ်ခုကို အောက်ချပြီး သူ ဖြည်းဖြည်းပဲ ထိုင်လိုက်ပါတယ်။ သူ့ခြေထောက်နှစ်ချောင်းကို အဆင်ပြေပြေဖြစ်အောင် နေရာချပါတယ်။ အဲဒီနောက် တယောကို ကောက်ကိုင်၊ ပခုံးပေါ်မှေးလို့ သူ့မေးအောက်နားမှာ ချလိုက်ပြီး တီးဝိုင်းခေါင်းဆောင်ကို ခေါင်းညိတ်ပြလို့ တီးခတ်ဖို့ ပြင်ပါတယ်။

အခုတော့ ပရိတ်သတ်တွေဟာ ဒီလို ပြင်ဆင်မှုမျိုးနဲ့ အသားကျသွားပါပြီ။ စင်မြင့်ပေါ်ကို သူ လျှောက်လာတုန်းကလည်း သူတို့ဟာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေခဲ့ပါတယ်။ သူ့ခြေထောက်နှစ်ချောင်းကို အဆင်ပြေအောင် ထိုင်တုန်းကလည်း သူတို့ တိတ်ဆိတ်နေခဲ့ပါတယ်။ သူတို့ဟာ သူ တီးခတ်ဖို့ အဆင်သင့် ဖြစ်တဲ့ အထိ စောင့်နေကြပါတယ်။

ဒီအချိန်မှာတော့ တစ်ခုခု မှားယွင်းသွားပါပြီ။ သူ နည်းနည်းလောက် အသံစမ်းပြီးချိန်မှာ တယောကြိုးတစ်ချောင်းဟာ ပြတ်သွားပါတော့တယ်။ အခန်းထဲမှာ သေနတ်သံလို ကျယ်လောင်သွားတဲ့ အဲဒီ အသံကို ခင်ဗျား ကြားနိုင်မှာပါ။ ဒီ အသံရဲ့ အဓိပ္ပါယ်က အမှားတစ်ခု မဟုတ်ခဲ့ပါဘူး။ သူလုပ်ခဲ့တဲ့ အရာဟာ အမှားတစ်ခု မဟုတ်ခဲ့ပါဘူး။

သူထသွားပြီး  စင်မြင့်ပေါ်က ဆင်းမယ်၊ တစ်ခြား တယောတစ်ခု ဒါမှမဟုတ် ကြိုးတစ်ချောင်းရှာလိမ့်မယ် လို့ ကျွန်တော်တို့က ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူ အဲဒီလို မလုပ်ခဲ့ပါဘူး။ သူ့မျက်လုံးတွေကို မှိတ်ပြီး ခဏလောက် စောင့်တယ်။  နောက် တီးဝိုင်းခေါင်းဆောင်ကို စဖို့ အချက်ပြလိုက်ပါတယ်။

တီးဝိုင်း စတင်ပါပြီ။ သူက သူ့မှာ ကျန်သလောက်နဲ့ပဲ တီးခတ်ခဲ့ပါတယ်။ အဲဒီနောက် သူတီးခဲ့သမျှဟာ သူတို့ အရင်က မကြားဖူးခဲ့တဲ့ စိတ်လှုပ်ရှားစရာကောင်းပြီး တန်ခိုးရှိတဲ့ သန့်စင်တဲ့ တေးသွားများ ဖြစ်ခဲ့ပါတယ်။

တယောကို ကြိုးသုံးချောင်းတည်းနဲ့ တီးခတ်ဖို့ မဖြစ်နိုင်ဘူးလို့ လူတွေ သိထားကြတာပါ။ ခင်ဗျားလည်း သိတယ်။ ကျွန်တော်လည်း သိတယ်။ ဒါပေမယ့် ဒီညတော့ ပါးလ်မန်း က ဒါကို မသိဘူးလို့ ငြင်းဆန်လိုက်ပါပြီ။

ခင်ဗျား သူ့ကို မြင်နိုင်ပါတယ်… ပြောင်းလဲနေတဲ့… အသစ်ဖွဲ့စည်း ပေါင်းစပ်ထားတဲ့… သူ့ခေါင်းထဲက အရာတွေကိုလေ။ ဒီအရာကတော့ သူတို့တစ်ခါမှ မကြားဖူးတဲ့ အသံအသစ်တွေ ရအောင် ကြိုးတွေကို ပြန်ညှိထားတဲ့ ပုံပါပဲ။

သူ ပြီးသွားတဲ့ အခါမှာ အခန်းထဲမှာ တိတ်ဆိတ်သွားတယ်။ အဲဒီနောက်တော့ လူတွေဆီက ချီးကျူးသံတွေ ညံသွားတယ်။ အခါတိုင်းနဲ့ မတူတဲ့ လက်ခုပ်သံတွေ သောင်းသောင်းဖြဖြ ထွက်လာတယ်။ ကျွန်တော်တို့ အားလုံး ထရပ်ကြပြီး သူလုပ်သွားတာကို သြဘာပေးဖို့ လုပ်လို့ ရတာ မှန်သမျှ လုပ်ကြတော့တယ်။

သူ ပြုံးလိုက်တယ်။ ကျွန်တော်တို့ကို ငြိမ်အောင် အချက်ပြတယ်၊ ပြီးတော့ သူက ပြောတယ်။ အကျယ်ကြီး မဟုတ်ပေမယ့် တည်ငြိမ်ပြီး ရင်ထဲက နက်နက်ရှိုင်းရှိုင်း လာတဲ့ အသံမျိုးနဲ့…။
“ခင်ဗျားတို့ သိလား၊ တစ်ခါတလေမှာ ဂီတပညာရှင် တစ်ယောက်ရဲ့ အလုပ်က ခင်ဗျားမှာ ကျန်သလောက်ကလေးနဲ့ တေးဂီတတွေ ဘယ်လောက်များများ ဖန်တီးနိုင်မလဲ ဆိုတာကို ရှာဖွေဖို့ပဲဗျ”

ဘယ်လောက်ကောင်းတဲ့ စကားပါလဲ။ အဲဒီလို ကြားရတဲ့ အချိန်ကစပြီးတော့ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း ရှိနေခဲ့တယ်။ ဘယ်သူ သိနိုင်မှာလဲ။ အဲဒါ ဘဝရဲ့ အဓိပ္ပါယ်ပဲ။ ဂီတပညာရှင် တစ်ယောက် အတွက်မှ မဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးအတွက်ပါပဲ။

ဒီလူဟာ သူ့ဘဝ တစ်လျှောက်လုံး ကြိုးလေးကြိုး ရှိတဲ့ တယောနဲ့ ဂီတတွေ ဖန်တီးခဲ့တယ်။ ခုတော့ ရုတ်တရက် ပွဲတစ်ပွဲရဲ့ အလယ်ကျမှ ကြိုးသုံးကြိုးတည်းနဲ့ ဘယ်လို ဂီတမျိုး ဖန်တီးရမလဲ ဆိုတာ သူ့ဟာသူ ရှာတွေ့ခဲ့တယ်။ ဒီည ကြိုးသုံးကြိုးတည်းနဲ့ သူဖန်တီးခဲ့တဲ့ ဂီတက ကြိုးလေးကြိုး နဲ့တုန်းက သူလုပ်ခဲ့ဖူးသမျှထက် ပိုပြီး လှပတယ်။ ပိုပြီး ကြောက်မက်ဖွယ်ကောင်းတယ်။ ပိုပြီး အမှတ်ရစရာ ဖြစ်စေတယ်။

အဲဒါကြောင့်.. ကျွန်တော်တို့ နေထိုင်တဲ့ ဒီလို မတည်ငြိမ်တဲ့ အပြောင်းအလဲမြန်လှတဲ့ ရှုပ်ထွေးတဲ့ လောကကြီးထဲမှာ ကျွန်တော်တို့ရဲ့ အလုပ်ကလည်း တေးဂီတ ဖန်တီးသလိုပါပဲ။ ပထမဆုံး ကျွန်တော်တို့မှာ ရှိသမျှနဲ့ တေးဂီတဖန်တီးကြတယ်…၊ အဲဒီနောက်.. ရှိတာတွေက ကြာကြာမတည်မြဲနိုင်တဲ့အခါ ကျွန်တော်တို့မှာ ကျန်သမျှနဲ့ပဲ တေးဂီတ ဖန်တီးကြဖို့ပဲပေါ့။

Three Stringed Violin by Author Unknown
Itzhak Perlman ရဲ့ ပုံတွေကိုတော့ Google ကနေ ရှာပြီး ထည့်ထားပါတယ်။

သိင်္ဂါကျော်



21 September, 2010

အိပ်မက်များ



အိပ်မက်တွေကို မြန်မြန် ဆုပ်ကိုင်လိုက်
အိပ်မက်တွေ သေဆုံးရင်
ဘဝဟာ အတောင်ကျိုးငှက်တစ်ကောင်လို
မပျံနိုင် ဖြစ်လိမ့်မယ်။

အိပ်မက်တွေကို မြန်မြန် ဆုပ်ကိုင်လိုက်
အိပ်မက်တွေသာ သွားပြီ ဆိုရင်
ဘဝဟာ စိုက်လို့ပျိုးလို့မရတဲ့ကွင်းပြင်လို
နှင်းတွေနဲ့ အေးခဲသွားလိမ့်မယ်။

Dreams by Langston Hughes