05 December, 2010

နှစ်သိမ့်သူ


(ခုတလော ကိုယ်ကြိုက်နေတဲ့ The Best of Melody World 2009 Vol 1 ထဲက နှစ်သိမ့်ဆု သီချင်းလေးကို ခံစားပြီး သရုပ်ဖော်ထားတာပါ။ ကိုယ်သွားခဲ့တဲ့ ပုဂံ ရှုခင်းပုံလေးတွေလည်း တင်ချင်တာနဲ့ ပုဂံခရီးနဲ့ ရောပစ်လိုက်ပါတယ်။ ခရီးသွားမှတ်တမ်းလို ဖြစ်သွားရင်တော့ သည်းခံကြပါနော်..။)




“ငါစိတ်ညစ်နေတယ် ကိုခန့်၊ ဒီတစ်ပတ် ပိတ်ရက် ခရီးတစ်ခုခု သွားရအောင် စီစဉ်ပေးစမ်းပါဟာ”
“ခရီးသွားတာတော့ ဟုတ်ပါပြီ၊ နင်က ဘာအကြောင်းနဲ့ စိတ်ညစ်နေရတာလဲ၊ ဘာကိစ္စ ဖြစ်လို့တုန်း ပြောစမ်းပါဦး”
“ငါ ကိုကို နဲ့ ပြတ်သွားပြီ၊ စိတ်လေတယ်ဟ၊ ခရီးသွားမှ ဖြစ်မယ်၊ နင် ဖြစ်အောင်လုပ်ပေး၊ သောကြာည ထွက်ချင်တယ်၊ ရထားနဲ့သွားရင် ပိုကောင်းမယ်၊ ဆိုင်ကယ်တွေ တင်သွားမယ်လေ၊ ငါ့မှာ ပိုက်ဆံလည်း သိပ်မရှိဘူးနော်.. ခရီးစားရိတ် သက်သက်သာသာနဲ့ သွားရအောင် လုပ်ပေး”
“ဘယ်နှယောက် သွားမှာလဲ”
“ငါ့သူငယ်ချင်း သုံးလေးယောက်လောက် ခေါ်ခဲ့မယ်”
ပွင့်သစ် ပြောသောအချိန်မှာ ကြာသပတေးနေ့ ညဘက်။ ရထားလက်မှတ် ဝယ်ပေးသာ ပြောသည်။ မှတ်ပုံတင်လည်း ပို့မပေး။ ဒီအချိန်ကျမှ ရထားလက်မှတ်ကလည်း ဘယ်လိုမှ ရနိုင်စရာ လမ်းမမြင်။ နောက်ဆုံးတော့ ခန့်သူမှာ သူ့ LiteAce ကားကိုပဲ သေချာစစ်ပြီး သွားကြဖို့ ဖြစ်လာရသည်။ ကားမောင်းဖို့ သူ့သူငယ်ချင်း တစ်ယောက်ကိုပါ ခေါ်လာရသည်။

ခန့်သူ အတွက်တော့ ပွင့်သစ် ဒုက္ခပေးတာကို ခံရပေါင်း များနေတာမို့ ထူးပြီး မဆန်းတော့ပါ။ ပွင့်သစ် စိတ်ညစ်တိုင်း၊ စိတ်လေတိုင်း နှစ်သိမ့်အားပေးဖို့ သူ အမြဲတမ်း အနားမှာ ရှိခဲ့သည်။
****

ခန့်သူ နှင့် ပွင့်သစ် က မူလတန်း ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့သည်။ ပွင့်သစ် ရဲ့ အချစ်ဇာတ်လမ်းတွေကတော့ အထက်တန်း အရောက်မှာပင် စတင်ခဲ့သည်။ သူတို့ ကိုးတန်းနှစ်မှာ ဆယ်တန်းကို ကျောင်းသားသစ် တစ်ယောက် ပြောင်းလာသည်။ ရုပ်က ခပ်ချောချော၊ စာကလည်း တော်သည်။ ပွင့်သစ်က ထိုကောင်လေးကို အသေအလဲ ကြိုက်သွားသည်။ ပွင့်သစ် အတွက် သူကပါ ထိုကောင်လေးနှင့် မိတ်ဆွေ ဖွဲ့ခဲ့ရသေးသည်။ ပွင့်သစ်နှင့် ထို တစ်ယောက်ကို အောင်သွယ် လုပ်ပေးခဲ့ရသည်။ ထို ကောင်လေးက ခရစ်ယာန်မို့ ပွင့်သစ်က ခရစ်မတ်စ် လက်ဆောင်တွေ ပေးသည်။ ထိုကောင်လေး မွေးနေ့ကို သိအောင် လုပ်ကာ မွေးနေ့ လက်ဆောင်တွေ ပေးသည်။ သို့သော် ထိုကောင်လေးက ဆယ်တန်းလို အရေးကြီးသော အတန်းမှာ စာကိုပဲ ကြိုးစားဖို့ ဆုံးဖြတ်ထားပုံရသည်။ ပွင့်သစ်ကို လုံးလုံးမှ အရေးမစိုက်ပါ။ နောက်ဆုံးတော့ ပွင့်သစ်ကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား သူ့ကို လိုက်မနှောက်ယှက်ဖို့ ပြောပစ်လိုက်ပုံရသည်။ ပွင့်သစ် အသည်းကွဲလာသည်။ ကိုးတန်း စာမေးပွဲကို မဖြေတော့ဘူး လုပ်သောကြောင့် ခန့်သူ မှာ အတော်ကြီးကို ချော့မော့ နှစ်သိမ့်ပေးခဲ့ရသည်။ သူ့အတွက်တော့ ပွင့်သစ်က သူအခင်ဆုံး သူငယ်ချင်း။ ပွင့်သစ် ငိုမှာကို သူမကြည့်ချင်။ ပွင့်သစ် စိတ်ဆင်းရဲနေတာကို သူမမြင်ချင်ပါ။

ဘယ်လိုပဲ အချစ်ရေး ရှုပ်ထွေးထွေး ပွင့်သစ်က ဥာဏ်ကောင်းသူမို့ ကိုးတန်း ကိုလည်း ကောင်းကောင်း အောင်မြင် ခဲ့ပါသည်။ ဆယ်တန်း ရောက်လာတော့ အဲဒီလောက် အရေးကြီးသော အတန်းမှာတောင်မှ ပွင့်သစ်က သူမကို ကိုးတန်းကတည်းက ကြိုက်သယောင်ပြခဲ့သော တစ်ခြား တန်းခွဲထဲက ကောင်လေး တစ်ယောက်ကို အဖြေပြန်ပေးခဲ့သည်။ ငါအခု သူချစ်ကိုပဲ ရှာတော့မယ် လို့လည်း ပြောသေးသည်။ ခန့်သူ ကတော့ ဘာကိုမှလည်း မတားမြစ်၊ မကန့်ကွက်ခဲ့ပါ။ သူပြောလျှင်လည်း ပွင့်သစ်က နားထောင်သူမှ မဟုတ်ပဲ။ ဆယ်တန်း စာမေးပွဲက အရေးကြီးကြောင်း၊ စာကြိုးစားဖို့ အကြောင်းလောက်တော့ သူပြောဖြစ်ခဲ့သေးသည်။ ပွင့်သစ်ကတော့ သူမ အမြဲပြောနေကြ ငါသိပါတယ်၊ နင် ဆရာ မလုပ်ပါနဲ့ ဆိုတာမျိုးနဲ့ ပဲ တုံ့ပြန်သည်။

အဲဒီတစ်ယောက်နှင့်တော့ ဆယ်တန်း တစ်နှစ်လုံး မြဲနေသည်။ ခန့်သူ နှင့်လည်း အသွားအလာမပျက်။ ပွင့်သစ်က ချစ်တော့လည်း ထိုတစ်ယောက်ကို ခန့်သူကလည်း သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့ရတာပါပဲ။ သူတို့ သုံးယောက်သား ကျူရှင် အတူတက်၊ စာအတူ ကျက်ရင်း ဆယ်တန်း စာမေးပွဲကို ဖြေခဲ့ကြသည်။ ကျောင်းပိတ်ရက်များ မှာလည်း သူတို့ ပွင့်သစ်တို့ နှစ်ယောက်က တစ်တွဲတွဲပါပဲ။ သူတို့ကို ကြည့်ပြီး ခန့်သူ စိတ်တွေကသာ ပြောင်းလဲလာသည်။ ဘာကြောင့်မှန်း သေချာမသိသော်လည်း ပွင့်သစ်ကို သူမဟုတ်သော တစ်ခြားတစ်ယောက်နှင့် တွဲသွားတွဲလာ လုပ်နေခြင်းအပေါ် မနာလို မကျေမနပ် ဖြစ်မိသည်။ သို့သော် သူ့ ခံစားချက်ကို ပွင့်သစ် သိအောင် မပြချင်ခဲ့ပါ။

တက္ကသိုလ်တွေ ဖွင့်တော့... ပွင့်သစ် ကောင်လေးက နည်းပညာတက္ကသိုလ်၊ သူနှင့် ပွင့်သစ်က ကွန်ပျူတာတက္ကသိုလ် တက်ခွင့်ရကြသည်။ ကျောင်းချင်း မတူတော့ မတွေ့တာကြာလာသည်။ နောက် သုံးလေး လလောက်ကြာတော့ ပွင့်သစ် ကောင်လေးမှာ အသစ်တစ်ယောက် တွဲနေသည့် အကြောင်း ကြားလာရသည်။ ပွင့်သစ်က တငိုငို တရယ်ရယ် နှင့်မို့ ဟုတ်မဟုတ် သူ့မှာ စုံစမ်းပေးရသေးသည်။ ပွင့်သစ် ကိုယ်တိုင် မျက်မြင် တွေ့သွားတော့ သူတို့နှစ်ယောက် အပြီးပြတ်သွားကြသည်။ ပွင့်သစ်က မစားမသောက် စိတ်ညစ်နေသည်မို့ စိတ်ပြေလက်ပျောက် ဆိုပြီး ပြင်ဦးလွင် နှစ်ယောက်သား တက်ပြီး လည်ပတ်ခဲ့ကြသေးသည်။ ပွင့်သစ် အသည်းက အနာကျက်တော့ မြန်ပါသည်။ တစ်လ လောက် ပါပဲ။ ပြီးတော့လည်း ပြီးသွားတာပါပဲ။

နောက်တစ်ယောက်ကတော့ ထိပ်ထိပ်ကျဲ သဌေးသား။ သူက ကျောင်းပိတ်ရက် သင်တန်းတက်ရင်း အလုပ်ရှုပ်နေခိုက်မို့ ပွင့်သစ် ထိုလူနှင့် ဘယ်လိုတွေ့ပြီး ကြိုက်သွားသည်ကိုပင် သေချာမသိလိုက်ပါ။ သူ့အတွက် ထူးပြီးလည်း မနာကျင်တော့ပါ။ ပွင့်သစ်ကို ယောက်ျားလေး သူငယ်ချင်းဘေးနားမှာ မမြင်ချင်သော်လည်း ပွင့်သစ်အတွက် အဲလို အဖော်ရှိမှ ပျော်မယ် ဆိုလည်း သူ က ဘာမှမပြောသာပါ။ ခန့်သူအဖို့ သူ နာကျင်ရပေမယ့် ပွင့်သစ်ကို ချစ်သောသူနှင့် ပျော်ရွှင်နေလျှင် ကျေနပ်ပါသည်။ သို့သော် သူ ဆုတောင် ပေးချင်သလို မဟုတ်ခဲ့ပြန်ပါ။ ထိုလူ၏ အမေက ထိုလူမှာ စေ့စပ်ထားသူ ရှိ၍ ပွင့်သစ်နှင့် ထိုလူကို သဘောမတူနိုင်ပါ တဲ့။ အဲဒီမှာတင် မာနခဲ ပွင့်သစ်က ထိုလူကို သူမက အရင် အဆက်ဖြတ်လိုက်သည်။ ထိုလူက လိုက်တောင်းပန်သေးသော်လည်း တကယ်တမ်း သူ့အမေကို လွန်ဆန်နိုင်ပုံမရပါ။ အဲလိုနှင့် ပွင့်သစ်မှာ တစ်ခါ အသည်းကွဲရပြန်သည်။ ဒီတစ်ခါတော့ ဒဏ်ရာက အတော်ပြင်းသည်ဟု ဆိုရမည်။ နောက်ထပ် ချစ်ရမှာ ကြောက်သွားပြီ လို့ပင် ပြောသေးသည်။ ထို စကားက အမှန်တကယ် ဖြစ်ပါစေလို့ ခန့်သူ ဆုတောင်းမိပါသေးသည်။

သို့သော် နောက်ထပ် လ အနည်းငယ် ကြာသောအခါမှာ ပွင့်သစ်က အချစ်ကို ထပ်မံတွေ့ရှိခဲ့ပြန်သည်။ ဒီတစ်ယောက်ကတော့ သူတို့ထက် လေးနှစ်လောက်ငယ်သည်။ မောင်လေး ဆိုပါတော့။ ပွင့်သစ်ရဲ့ မောင်လေးက စိတ်သဘောထား လေး ကောင်းရှာပါသည်။ ပွင့်သစ်ကိုလည်း အမှန်တကယ် ချစ်ရှာကြောင်း သူသိလာသောအခါ ပွင့်သစ် အတွက် စိတ်ချမိသည်။ သူနှင့် ပွင့်သစ်လည်း အခု နောက်ပိုင်းမှာ သိပ်မတွေ့ဖြစ်တော့ပါ။ သူက ပထမဘွဲ့ ပြီးနောက် ကျောင်းဆက်မတက်ပဲ စီးပွားရေးပဲ လုပ်နေသည်။ ပွင့်သစ်ကတော့ Master ဆက်တက်သည်။ ကောင်လေးက ပွင့်သစ်ထက် အတန်းငယ်သည်။ ခန့်သူကတော့ ပွင့်သစ်ကို မေ့ထားလိုက်သည်။ ပွင့်သစ် တစ်ယောက်တည်း ဖြစ်နေရင်တောင် သူ့ခံစားချက်ကိုတော့ သူဖွင့်မပြောချင်ပါ။ ပွင့်သစ် ၏ မြောက်မြားစွာသော ချစ်သူတွေထဲက တစ်ယောက်တော့ မဖြစ်ချင်ပါ။

ဒီတစ်ခါတော့ ပွင့်သစ်က ကျန်ရစ်ခဲ့ရသူ မဟုတ်ပဲ ချန်ထားသူ ဖြစ်သွားပြန်သည်။ သူမ ချစ်သူ ကောင်လေး ရှိလျှက်နှင့် နောက်တစ်ယောက် ပြောင်းချစ်သွားခြင်း ဖြစ်သည်။ ဒီတစ်ခါတော့ Computer master နှင့် ကျောင်းပြီးခဲ့ပြီး လောလောဆယ် DSA မှာ သင်တန်းတစ်ခု လာတက်နေသော ဗိုလ်ကြီး တစ်ယောက်နှင့် ဖြစ်သည်။ ပွင့်သစ်နှင့် မာစတာ တက်မှ ခင်ခဲ့သော သူမ သူငယ်ချင်းတစ်ယောက် အိမ်ကို အလည်သွားခြင်း တွေ့ခဲ့ခြင်း ဖြစ်သည်။ “ငါ ဒီတစ်ယောက်ကိုတော့ တကယ် ချစ်သွားတာ ကိုခန့်၊ အဲလို ပြောင်းလဲတာ မကောင်းမှန်း ငါသိရက်နဲ့ ဘယ်လိုမှ မထိန်းနိုင်ဘူး၊ ကောင်လေးကို သနားတယ်၊ ဒါပေမယ့် ကောင်လေးကို ငါ မချစ်တော့ဘူးလို့ ထင်တယ်၊ ဒီတစ်ယောက်ကိုမှ တကယ် ချစ်တာဟ”  ခန့်သူကို တော့ ရင်ဖွင့်မြဲအတိုင်း ရင်ဖွင့်ခဲ့သေးသည်။ ခန့်သူကတော့ ကောင်လေးကို ဖြတ်လိုက်သည့် ကိစ္စအတွက် ပွင့်သစ်ကို အပြစ်တင်ခဲ့သည်။ နောက်တစ်ယောက် အကြောင်းကိုတော့ သူသိပ်မသိ။ ပွင့်သစ်က တစ်ခါတော့ သူ့လူနှင့် မိတ်ဆက်ပေးသည်။ ဘာကြောင့်မှန်းမသိ ခန့်သူက ထိုလူကို သိပ်သဘောမတွေ့မိပါ။ မိန်းကလေးတွေနှင့် ပတ်သက်ပြီး ကျမ်းကျေနေသူ ဟု ထင်သည်။ သို့သော် ပွင့်သစ်ကို တော့ သူဘာမှ မပြောခဲ့ပါ။ ပြောလို့လည်း မရမှန်း သိနေသည်။

အခုတော့ ပွင့်သစ်က သူမ ကိုကို နှင့် ပြတ်သွားပြီ ဟု ဆိုပြန်လေပြီ။ သူမ အသည်းကွဲတိုင်းမှာ သူပဲ နှစ်သိမ့်ပေးနေရခြင်း သည်လည်း သူ့ ဝဋ်ကြွေးပဲလား မသိပါ။
*****

ခန့်သူ နှင့် ဇော်လွင်က တစ်ယောက်တစ်လှည့်စီ ကားမောင်းသည်။ ပွင့်သစ် တို့ လေးယောက်ကတော့ နောက်ခန်းမှာ စောင်တွေ ခြုံပြီး အိပ်လိုက်လာသည်။ မန္တလေးမှ ည ၁၁ နာရီ ကျော်လောက် ထွက်လာသည်။ ထို လမ်းသစ်မှ ပုဂံသို့ သွားဖူးသော်လည်း အခုလို ညကြီးမင်းကြီး မဟုတ်၍ သိပ်မမှတ်မိပါ။ လမ်းခွဲတွေ ရောက်လျှင် မေးစမ်း၍ သွားရသည်။ လမ်းကလည်း ကောင်းသည့်နေရာ ကောင်း၍ ဆိုးသည့် နေရာက တော်တော်ဆိုးသည်။ ပုဂံသို့ မနက် ၅ နာရီ ကျော်ကျော် လောက် ရောက်သွားသည်။ ဘာမှ မစီစဉ်ပဲ ချက်ချင်း ထလာသလို ဖြစ်သောကြောင့် ဘယ် တည်းခိုခန်းမှာ တည်းရမှန်းလည်း မသိသေးပါ။ သူက ရွှေစည်းခုံ ဘုရားရှေ့ ထိုးရပ်လိုက်သောကြောင့် ကောင်မလေးတွေလည်း ကားပေါ်က ဆင်းပြီး ဘုရားပေါ်တက်ကြသည်။ ဘယ်သူမှတော့ မျက်နှာမသစ်ရသေး။ ဘုရားပေါ်က ပြန်ဆင်းလာတော့ အနီးအနားက ဆိုင်တစ်ဆိုင်မှာ မနက်စာ ဝင်စားကြသည်။ နောက်တော့ သင့်တော်မည့် တည်းခိုခန်း လိုက်ရှာရင်း မိုးလင်းသွားသည်။ သူတို့ တည်းချင်သည့် ဟိုတယ်ကလည်း လူပြည့်နေသည်။ မနူဟာ ဘုရားအနီး ရောက်သွားတော့ မျက်နှာအဟောင်းတွေနဲ့ပဲ ဘုရားဖူးလိုက်ကြသေးသည်။ 


နောက်တော့ တစ်ညတလေပဲ ဆိုပြီး ပုဂံဂေါက်ကွင်း အနီးက ဟိုတယ်လေးမှာ ဝင်တည်းကြသည်။ ခဏတဖြုတ် အိပ်ပြီးနောက် သူတို့ ပြန်ထွက်ကြသည်။
ပထမဆုံး ဝင်ဖူးဖြစ်တာက ထီးလိုမင်းလိုဂူဘုရား။ ပွင့်သစ်ကတော့ ကင်မရာတစ်လုံးနှင့် မြင်မြင်မျှကို စတင်ပြီး ရိုက်နေလေပြီ။ ခန့်သူအတွက်တော့ သူမလေးကို ခုလိုပဲ အမြဲတမ်း ပျော်နေတာကို မြင်ချင်ပါသည်။ ထီးလိုမင်းလို ဘုရား အနီးက ဇေယျာသီရိ ဆုတောင်းပြည့်ဘုရား အတွင်းကို ဝင်ရောက်ဖူးမြှော်ရင်း ဓါတ်ပုံရိုက်ခဲ့ကြသေးသည်။



ထီးလိုမင်းလို စေတီတော်ကတော့ အပေါ်ထပ်အထိ တက်ခွင့်မရှိပါ။ အဲဒီက ထွက်လာကြပြီးနောက် လမ်းတွင်တွေ့သော စေတီတော် တစ်ဆူမှာ သူ ရပ်ပေးလိုက်သည်။ ထိုစေတီတော်ကတော့ အပေါ်ထပ်အထိ တက်၍ရသည်။ မှောင်မှောင်မည်းမည်း အုတ်လှေကား ကျဉ်းကျဉ်းမှ တက်ပြီးနောက် အပေါ်ရောက်သွားသည်။ ဤပုဂံရှုခင်းကို အပေါ်စီးမှ ကြည့်ရသော မြင်ကွင်းလောက် သာယာရှုမောဖွယ် ကောင်းတာ မရှိပါ။ ဓါတ်ပုံကြိုက်သော မိန်းကလေးများပီပီ တစ်ယောက်ပြီး တစ်ယောက် ရိုက်ကြသည်။ ခန့်သူကတော့ သူတို့အတွက် ဓါတ်ပုံဆရာပေါ့။



နောက်ထပ်သွားဖြစ်သော ဘုရားကတော့ ထုမှာ ဓမ္မရံကြီး ဟု ဆိုစမှတ်ပြုကြသော ဓမ္မံရံကြီး ဂူဘုရား။ ပထမဆုံး အကြိမ် ရောက်ကတည်းက ခန့်သူက ဤဘုရားကြီးကို ကြည်ညိုသဘောကျသည်။ ထုနှင့် ထည်နှင့် ပုံသဏ္ဍန်ကို သူအမြဲ အမှတ်ရနေခဲ့သည်။  နေက တော်တော် ပူနေပြီ ဖြစ်သောကြောင့် ဓါတ်ပုံကို auto ပဲ ရိုက်တတ်သော ပွင့်သစ် နှင့် သူမ သူငယ်ချင်း က ပုံကောင်းကောင်း မရ၍ သိပ်စိတ်မကြည်။ အဝင်မှာပင် ကားရပ်ပြီး ဘုရားကြီး တစ်ခုလုံးကို နောက်ခံထားပြီး ရိုက်ခဲ့ကြသေးသည်။ လူငယ်တွေမို့ ခန့်သူတို့ နှစ်ယောက်နှင့် ပွင့်သစ်တို့ သူငယ်ချင်းတစ်စု မြန်မြန်ဆန်ဆန်ပင် ခင်မင်သွားကြသည်။


အားလုံးပဲ ဗိုက်လည်း ဆာနေကြလေပြီ။ သို့သော် အနီးသို့ ရောက်နေပြီ ဖြစ်သော အာနန္ဒာဘုရားကို တော့ ဖူးလိုက်ကြသေးသည်။ အနုလက်ရာမှာ အာနန္ဒာ ဆိုသည့် စကားအတိုင်း ကျော်ကြားသော ဘုရားတစ်ဆူ ဖြစ်သည်။ သူတို့ကတော့ ဘာကိုမှ အသေးစိတ် နှံနှံစပ်စပ် လေ့လာဖြစ်ကြသည် မဟုတ်ပါ။ နှစ်ရက်အတွင်း ပုဂံဘုရားအစုံ ဖူးနိုင်ဖို့သာ ရည်ရွယ်သည်။ အတွင်းဘက် လေးမျက်နှာမှ ရပ်တော်မူ ရုပ်ပွားတော်ကြီးများကတော့ တော်တော်လေး ကြည်ညိုဖွယ်ရာ ကောင်းပါသည်။


အာနန္ဒာဘုရားမှ ထွက်လာခဲ့ကြပြီးနောက် ထမင်းဆိုင်သို့ ချီတက်ကြသည်။ မျိုးမျိုး ထမင်းဆိုင်။ နာမည်ကြီးသော ဆိုင်ပီပီ လူတော်တော် စည်သည်။ ဟင်းခွက်တွေ အစုံ လာချပေးပြီး ကိုယ်စားသော ဟင်းခွက်အရေအတွက်အလိုက် ရှင်းပေးရသည်။ ချဉ်ပေါင်ကြော်၊ ပုစွန်ချဉ်ကြော်၊ မှိုနှင့် မုံလာဥနီကြော်၊ ပြောင်းဖူးကြော်၊ ချဉ်ပေါင်ဖူးထောင်း၊ ဆိတ်သားခြောက်ကြော်၊ ကြက်ဟင်းခါးသီးချက်၊ ခရမ်းချဉ်သီးချက် စသည့် အရံဟင်းများကို ကြက်သား၊ ဆိတ်သား အဖြူထည်ဆီပြန်များထက် သူတို့အဖွဲ့က ပိုကြိုက်ကြသည်။


ထမင်းဆိုင်မှ ထွက်ပြီးနောက် ငှက်ပစ်တောင်ကို သွားကြသည်။ ကလေးများက ဘုရားသမိုင်း ရှင်းပြချင်သဖြင့် တကောက်ကောက် လိုက်ကြသော်လည်း သူတို့ အဖွဲ့ ဘယ်သူမှ နားမထောင်ချင်။ အနည်းငယ်တော့လည်း သိကြသူချည်းပင်။ ငှက်ကြီး ရန်ကို ကြောက်၍ အပျိုတွေ ပုန်းသော ဂူများကိုလည်း တွေ့ခဲ့ရသည်။ အနီးရှိ ရှင်အရဟံအုတ်ကျောင်းကိုလည်း ဝင်ခဲ့ကြပါသေးသည်။





ခန့်သူအတွက်တော့ ပတ်ဝန်းကျင်ကို ကြည့်ဖို့အပြင် ပွင့်သစ် မျက်နှာကို အရိပ်လို ကြည့်ဖို့ လိုက်ပါလာခြင်းသာ ဖြစ်ပါသည်။ ပွင့်သစ် မျက်နှာညိုလျှင် သူမနေတတ်။ ပွင့်သစ် ပင်ပန်းနေသည်ဟု ထင်လျှင် သူ စိတ်မကောင်း။ သူက သူမအတွက် အမြဲတမ်း နှစ်သိမ့်သူ သာ ဖြစ်ပါသည်။ သူမတို့လေးတွေ ပင်ပန်းပြီး အိပ်ချင်နေလေပြီ။ ညက တစ်ညလုံး မအိပ်ခဲ့ရသော ခန့်သူတို့ နှစ်ယောက်လည်း ခဏလောက်တော့ အိပ်လိုက်ဖို့ လိုနေတာအမှန်မို့ ဟိုတယ်ပြန်ပြီး အိပ်လိုက်ကြသည်။ ညနေဘက်ကျမှပင် ဆည်းဆာကြည့်ရင်း တစ်နေရာရာ သွားကြဖို့ စီစဉ်လိုက်သည်။

*****

ရွှေဆံတော် ဘုရားတွင် ညနေဆည်းဆာ ကြည့်ဖို့ စောင့်နေကြသည့် လူတွေနှင့် ပြည့်ကျပ်နေသည်။ ဘုရား၏ အလယ် ပစ္စယံနှင့် အထက် ပစ္စယံတွင် ထိုင်နေသော လူတွေကို မြင်ရတာပင် ကြည့်၍ လှသေးသည်။ သူတို့ကတော့ ဤဘုရားမှာ ဆည်းဆာ စောင့်ကြည့်ဖို့အထိ မရည်ရွယ်ပါ။ ဆည်းဆာကို ဘူး ဘုရားမှာ ကြည့်ဖို့ စီစဉ်ထားသည်။ ဘုရားပေါ်မှ အောက်ဘက် ရှုခင်း တော်တော်များများ ရိုက်၍ ရခဲ့သည်။ ရွှေဆံတော် ဘုရားပြီးနောက် သဗ္ဗညုဘုရားသို့ ဝင်ရောက်ဖူးမျှော်သည်။



သဗ္ဗညုဘုရားမှ ထွက်တော့ ဘူးဘုရား သွားသည့်လမ်းကို မှားသွားသဖြင့် ဘူးဘုရား ရောက်သည့်အချိန်မှာ နေလုံးကြီးကတော့ ဝင်ပြီး ဖြစ်နေလေပြီ။

သူငယ်ချင်းတွေ ဓါတ်ပုံရိုက်နေခိုက် ဘူးဘုရား အောက်ဘက် မြစ်ကမ်းနားဘေးမှာ နှစ်ယောက်သား ထိုင်ရင်း စကားပြောဖြစ်ကြသည်။
“နင့်ကိုကိုနဲ့ ဘယ်လို ဖြစ်တာလဲ ဆိုတာ ငါ့ကို ပြောဦး ပွင့်သစ်၊ နင့်ကြောင့်ပြတ်တာလား၊ သူ့ကြောင့်ပြတ်တာလား”
“နင့်မေးခွန်းကြီးက ဘာလဲ ဘာလို့ ငါ့ကြောင့် ဖြစ်ရမှာလဲ၊ ငါ ကိုကို့ကို ဘယ်လောက် ချစ်တယ် ဆိုတာ နင် သိပါတယ်၊ ခုဟာက ဘယ်လိုမှ မဖြစ်နိုင်တော့လို့ ငါက စဖြတ်လိုက်တာ၊ ကိုကို့မှာ ငါ့အပြင် နောက်ထပ် ကောင်မလေးတစ်ယောက် ရှိနေတယ်”

“နင်ကလည်းဟာ ဒါကတော့ ယောက်ျားလေးပဲ အရင် ရည်းစား ဆိုတာတော့ ရှိမယ့်သူချည်းပဲ၊ လိုက်ပြီး သဝန်တိုနေလို့တော့ ဘယ်ရပါ့မလဲ၊ နင်တို့ လက်ထပ်ဖို့တောင် ဆုံးဖြတ်ထားကြပြီးပြီဆို ဘယ်လို ဖြစ်တာလဲ”

“နင်ကလည်း ငါ့စကားကို ဆုံးအောင် နားထောင်စမ်းပါဦး၊ အဲဒီ ကောင်မလေးက အရင် ကောင်မလေး မဟုတ်ဘူး၊ ခုထိ အဆက်အသွယ်ရှိနေတာ၊ ကိုကို့အိမ်ကလည်း သိတယ်၊ ကိုကို့သူငယ်ချင်းတွေ အားလုံးလည်း သိတယ်၊ ကိုကို့ တိုက်ခန်းကိုလည်း အမြဲတမ်း လာနေကြတဲ့။ ငါနဲ့က ကိုကို သင်တန်းလာတက်တော့မှ တွေ့ရတာလေ၊ အဲဒီ သင်တန်း တက်နေတဲ့ အချိန်လေးမှာပဲ အဲဒီကောင်မလေးက မလာတာတဲ့၊ ဟိုတစ်နေ့က အဲဒီ ကောင်မလေးက ငါ့ကို ဖုန်းဆက်ပြီး ပြောတာ၊ ငါ ဘယ်လို နေမလဲ နင် စဉ်းစားကြည့်စမ်းပါ၊ ငါမယုံချင်ပါဘူး၊ ကိုကို့ ဘက်က မဟုတ်ပါဘူး၊ လျှောက်ပြောနေတာပါ လို့ ငြင်းဖို့ကို ငါ အရမ်း မျှော်လင့်ခဲ့တယ်၊ ဒါပေမယ့် ငါ ထင်သလို မဟုတ်ဘူး၊ သူ ဝန်ခံတယ် ကိုခန့်၊ ဟုတ်တယ်တဲ့ အခု အဲဒီ ကောင်မလေးကို ဖြတ်ဖို့ ကြိုးစားနေပါတယ် တဲ့၊ ငါ ဘယ်လို လက်ခံ ရမလဲ၊ သူက ချစ်သူ အပြိုင်ထားနေတာ၊ အဲဒါကို ငါက ကြည်ကြည်ဖြူဖြူ သဘောထားရမှာလား၊ မထားနိုင်ဘူး ကိုခန့်၊ ဘယ်လိုမှ မထားနိုင်ဘူး၊ အချစ်ကို မုန့်လို ဝေမစားနိုင်ဘူး၊ ငါ ကိုကို့ကို ဖြတ်လိုက်ပြီ၊ သူ့ဖုန်းတွေကိုလည်း block ထားလိုက်ပြီ”

“အေးလေ၊ နင့်စိတ်က ပြတ်ပြီဆို ပြီးတာပဲ၊ နင့်ကို မပြောချင်လို့သာ နေတာ၊ ငါ အစတည်းက ဒီကောင် ဒီလို လူမျိုး ဆိုတာ ထင်နေတယ်၊ ယောက်ျား အချင်းချင်း သိနေတယ်၊ နင့်မှာ ကောင်လေး ရှိရဲ့သားနဲ့ နင့်ကို ရအောင်လိုက်နိုင်တာလည်း ငါမကြိုက်ဘူး၊ ဒါပေမယ့် နင့်စိတ်က မပြတ်ဘူး ဆိုရင်တော့ သူ့ကို တွေ့ပြီ သေချာ ကျေလည်အောင် ရှင်းဦးပေါ့၊ အဲဒီ ကောင်မလေးကို ဖြတ်မှာ သေချာတယ်၊ နင့်ကိုပဲ လက်ထပ်မယ် ဆိုရင်တော့ နင်လည်း သေချာ ပြန်စဉ်းစားဦးပေါ့”

“တော်ပြီ ငါ့ကို ဘာမှ ပြန်မစဉ်းစားခိုင်းနဲ့၊ အဲဒီ ကောင်မလေး နဲ့ သူနဲ့ အတူ နေနေတာ တစ်နှစ်ကျော်လောက် ရှိပြီ နင်သိလား၊ သူ ငါ့ကို အဲဒီ အကြောင်း တစ်စွန်းတစ်စတောင် မပြောခဲ့ဖူးဘူး”

ပွင့်သစ်က ပြောရင်း မျက်ရည်ကျလာသည်။ ခန့်သူ ရင်ထဲမှာတော့ မကောင်း။ သူမ ရဲ့ အချစ်ကံက ဘာကြောင့် အဲလောက် ဆိုးရသလဲ မသိပါ။ သူမကို စွန့်လွှတ်ရသည့် အတွက် သူတစ်ယောက်တည်းသာ အသည်းကွဲပြီး နာကျင်ရင် နာကျင်ပါစေ။ သူမကိုတော့ ချစ်သူကို စွန့်လွှတ်ရသော ခံစားမှုမျိုးကို မခံစားစေလိုပါ။

“မငိုပါနဲ့ဟာ တိတ်၊ တိတ်၊ သူ မကောင်းဘူး ဆိုတာ သိရင်လည်း နင့်စိတ်နင် ဖြေမှပေါ့၊ ဘဝ ဆိုတာ ဒီလိုပါပဲဟာ၊ ပျော်တလှည့် ငိုတလှည့်ပေါ့၊ ဘာမှ ခံစားမနေနဲ့တော့၊ သူ့အကြောင်းလည်း မတွေးနဲ့ ပျော်အောင်နေ၊ ဟိုမှာ နင့်သူငယ်ချင်းတွေ ဆင်းလာပြီ၊ တိတ်တော့နော်”

နင်လည်း အသည်းမကွဲဖူးတာမှ မဟုတ်ပဲ လို့ ဆက်ပြောချင်သော်လည်း ဒီအချိန်မှာ ပြောလို့မကောင်းပါ။ နင်က ယောက်ျားတွေနဲ့ မပတ်သက်ပဲမှ မနေနိုင်ပဲ အသည်းကွဲတာ နည်းတောင် နည်းသေးတယ် လို့လည်း  သူ မပြောရက်ပါ။
*****

တနင်္ဂနွေနေ့ မနက်စောစောမှာတော့ တန့်ကြည့်တောင်ကို တက်ဖို့ စီစဉ်လိုက်သည်။ နံနက် ၅ နာရီခွဲလောက်မှာ ဘူးဘုရား ဆိပ်ကမ်းမှ စက်လှေငှား၍ တန့်ကြည်တောင် ရှိရာ တစ်ဖက်ကမ်းသို့ လာခဲ့သည်။ ကားကိုတော့ ဘူးဘုရား ဘက်ကမ်းမှာ ထားခဲ့ရသည်။ တစ်ဖက်ကမ်းရောက်တော့ ကားဂိတ်မှ ဂျစ်ကားတစ်စီး ငှား၍ တက်ရသည်။ ပုဂံကို ရောက်ဖူးသူတွေချည်း ဖြစ်သော်လည်း တန့်ကြည်တောင်ကိုတော့ မရောက်ဖူးသူက များသည်။ မနက်အရုဏ်မှာ ဘုရားဖူးရတာ အတော်ကြည်နူးဖို့ ကောင်းသည်။ တောင်ပေါ်ကနေ အရုဏ်တက်စ နေမင်း ကို မြင်တွေ့ရသည်မှာ ပန်းချီကားတစ်ချပ်လို လှပသည်။





တန့်ကြည်တောင် စွယ်တော်ရှင် ဘုရားကို ဖူးမြှော်ပြီးနောက် စွယ်တော်ရှင်တစ်ဆူ ဖြစ်သည့် လောကနန္ဒာ စွယ်တော်ရှင်စေတီသို့ သွားခဲ့ကြသည်။ 


အထူးတလည် အဓိဌာန်ပြု ကပ်လှူ ပူဇော်တာမျိုးတွေ မရှိသော်လည်း ပွင့်သစ်တို့ကို ဒီနေ့ မွန်းမလွဲခင်မှာတော့ စွယ်တော် လေးဆူကို ပြည့်အောင် ဖူးစေချင်သည်။ ဒီဘဝမှာ နောက်ထပ်အသည်းမကွဲ ပါစေနဲ့လို့ ဆုတောင်းချင်လည်း ဆုတောင်းပေါ့ ပွင့်သစ်ရယ် ဟု တန့်ကြည့်တောင် မတက်ခင်ကတော့ နောက်သလို ပြောင်သလို ပြောခဲ့မိသေးသည်။ ပွင့်သစ်ကလည်း စိတ်ကြည်နေလို့ ပဲလားမသိ သူ့ကို စိတ်မဆိုး၊ မျက်စောင်း တစ်ချက်တော့ ထိုးသွားသည်။

ရွှေစည်းခုံကို မနေ့က ဖူးပြီးပြီ ဖြစ်သော်လည်း ဒီနေ့မနက်မှာ စွယ်တော် လေးဆူ ပြည့်အောင် ဖူးဖို့အတွက် ရွှေစည်းခုံဘုရားကို ဝင်၍ ခဏ ဖူးသည်။ ဆုတောင်းသည်။ မနေ့က မှောင်ကြီးထဲ ဓါတ်ပုံမရိုက်ခဲ့ရသောကြောင့် အုပ်စုလိုက် ဓါတ်ပုံ ထပ်ရိုက်သည်။


နောက်ဆုံး တစ်ဆူကတော့ တုရင်တောင် စွယ်တော်ရှင် ဘုရားပင် ဖြစ်သည်။ ဘုရား ကန်တော့ကြပြီးနောက် ဘုရားပေါ်မှာလည်း ဓါတ်ပုံရိုက်ကြသည်။ ဘုရားမှ အဆင်း တောင်ပေါ်မှာလည်း ဓါတ်ပုံရိုက်ကြသည်။ 




ပွင့်သစ်မျက်နှာလေး ဓါတ်ပုံတိုင်းမှာ ပြုံးနေတာကို မြင်ရတော့ ခန့်သူ စိတ်ချမ်းသာသည်။ ခရီးသွားခြင်းက လူကို စိတ်လက်ပေါ့ပါး လန်းဆန်းစေသည်မှာ အမှန်ပင်။ တုရင်တောင်ပေါ်မှ ဆင်းလာကြပြီး အဝင်ဝ ဆိုင်းဘုတ်ကို မကျန်အောင် ဓါတ်ပုံရိုက်လိုက်ကြသေးသည်။ အားလုံးလည်း ဗိုက်ဆာနေကြပြီ။ ဇော်လွင်ကလည်း ဗိုက်ဆာ၍ ထင်သည်။ ကားကို အမြန်မောင်းနေလေပြီ။ ထမင်းဆိုင်သို့ တန်းသွား၍ မရသေး။ ဟိုတယ် အချိန်မီ ပြန်၍ check out လုပ်ဖို့ အထုပ်အပိုး သိမ်းရဦးမည်။

ဟိုတယ်ရောက်တော့ အနည်းငယ် အနားယူပြီး ရေချိုးချင်သူက ရေမိုးချိုး၊ ပြန်မည့် အဝတ်အစား တစ်ခါတည်း လဲကာ အထုပ်အပိုးသိမ်း၍ check out လုပ်ကြရသည်။ ပြီးတော့ စားနေကျ ထမင်းဆိုင်ကို ဦးတည်သည်။ စားသောက်ပြီးနောက် မဖူးရသေးပဲ ကျန်နေသည့် နာမည်ကြီး ဘုရားများကို မကျန်အောင် ဖူးကြမည်ဟု အားလုံးက ကြွေးကြော်သည်။

ပထမဆုံး အပယ်ရတနာဘုရား။


နောက်...  မြစေတီ နှင့် ဂူပြောက်ကြီး။





ရှေးဟောင်းသုတေသန ပြတိုက် ဆိုင်းဘုတ်ရှေ့မှာလည်း ဆင်းပြီး ဓါတ်ပုံရိုက်ခဲ့ကြသေးသည်။ ဝင်ခ ဈေးကြီးလို့ ဆိုပြီး အားလုံး သဘောတူစွာ အတွင်းကို မဝင်ပဲ ကားပေါ်ပြန်တက်ကြသည်။ ခန့်သူကတော့ ပထမတစ်ခေါက်က သေချာ ဝင်ကြည့်ပြီးသားမို့ သူတို့ မဝင်ချင်တာကို ဘာမှ မပြောတော့ပဲ ကားကိုပဲ မောင်းခဲ့လိုက်သည်။


နောက်တစ်နေရာက... ကန်တော့ပလ္လင်ဘုရား။


ပြီးတော့ ရွှေဂူကြီး။

ပုဂံမျှော်စင်ကိုတော့ အပေါ်ထိ မတက်တော့ပဲ ဥယျာဉ်ဝင်းထဲမှာပဲ ဓါတ်ပုံလိုက်ရိုက်ကြသည်။ နေကလည်း မွန်းလွဲမို့ အတော်ပူနေသည်။ သို့သော် ဓါတ်ပုံဝါသနာအိုးများကတော့ နေပူပူမှာပင် ရိုက်ဖြစ်အောင် ရိုက်လိုက်ကြသေးသည်။

နောက်တော့ ပုဂံမျှော်စင်ကိုပါ လှမ်းမြင်ရသည့် ရှုခင်းကောင်းသော ဘုရားအမှတ် ၆၅၉ သို့ ဝင်ပြီး ဘုရားလည်းဖူး၊ ဓါတ်ပုံလည်း ရိုက်ကြသည်။


မနေ့က မနက်ပိုင်းက ဘယ်သွားရမယ်ဆိုတာ သေချာ လမ်းမသိခဲ့သောကြောင့် အဲဒီ မနက်မှာတင် ခန့်သူက ပုဂံလမ်းညွှန် စာအုပ်တစ်အုပ်ဝယ်ဖြစ်ခဲ့သည်။ ဒီနေ့ ထိုစာအုပ်ကို ကြည့်ပြီး သူတို့ကို လိုက်ပို့ပေးနေခြင်း ဖြစ်သည်။

ဆင်များရှင်ဘုရားမှာ ရပ်ပေးပြီး ဖူးမြှော်စေသောအခါ၌လည်း စက္ကူပန်းပင်ပါ မကျန် ဓါတ်ပုံရိုက်ကြပြန်သည်။ တက်လို့ရသည့် အုတ်နံရံမှန်သမျှ တက်ရပ်ကာ ဓါတ်ပုံရိုက်ကြသည်။ ပြန်ထွက်လာတော့ လမ်းမကြီး ပေါ်မှာပါမကျန် မှတ်တမ်း တင်ခဲ့ကြသည်။

မီးငြိမ်းကုန်း ဘုရားကြီးကိုရောက်တော့ အပေါ်ကို တက်လို့ရတာနှင့် တက်ခဲ့ကြသည်။ မီးငြိမ်းကုန်း ဘုရားပေါ်မှာ တစ်ယောက်တစ်နေရာစီ ထိုင်ရင်း ဆည်းဆာ ကြည့်နေချိန်မှာ ခန့်သူနှင့် ပွင့်သစ်က တစ်တွဲ ဖြစ်သွားသည်။
“ကိုခန့် နင်လည်း မငယ်တော့ဘူးနော်၊ နင်ကြိုက်တဲ့ ကောင်မလေး ခုထိ မတွေ့သေးဘူးလား၊ ငါ့သူငယ်ချင်းလေးတွေရော ဘယ်လိုလဲ၊ ဟိုနှစ်ယောက်က နံပါတ် မရှိသေးဘူးနော်… နင်စဉ်းစားလို့ ရတယ်”
“တော်စမ်းပါဟာ၊ ငါ စိတ်မဝင်စားဘူး၊ ငါ စီးပွားရေးပဲ လုပ်ချင်တယ်၊ အချစ်အကြောင်းမစဉ်းစားချင်ဘူး”
ပွင့်သစ်က သူ့စိတ်ကို တကယ်ပင် မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလားတော့ မသိပါ။ ပွင့်သစ် စကားများက သူ့ရင်ကို နာကျင်စေသော်လည်း မသိချင်ယောင်ပင် ဆောင်နေလိုက်ပါသည်။
“နင့် အသည်းကွဲဒဏ်ရာရော သက်သာရဲ့လား၊ မိပွင့်သစ်”
“မေ့တော့ ဘယ်မေ့ဦးမလဲ ဟဲ့၊ ဒီလိုပဲ ကြိုးစားရမှာပေါ့၊ လျှောက်လည်နေတုန်းတော့ ကိုကို့ကို သတိမရတာ အမှန်ပဲ၊ အဲဒါကြောင့် ငါ ခရီးထွက်ချင်တာပေါ့၊ အခု ခရီးကို ငါ အရမ်းပျော်တယ်၊ အားလုံးကို မေ့ထားလိုက်တယ်”




ရွှေဆံတော် ဘုရားလောက် လူမများသော်လည်း ဆည်းဆာကို စောင့်ကြည့်သူ နိုင်ငံခြားသားတစ်ချို့တော့ ရှိသည်။ ခန့်သူတို့ အုပ်စုလည်း ထိုဘုရားကြီး ပေါ်မှာ ပုဂံဆည်းဆာ အလှကို ခံစားခဲ့ကြသည်။ ပုဂံ လမ်းမကြီးပေါ်မှာ မြင်လှည်းလေးတွေ သွားနေတာက အစ မြင်နေရသည်။ ပုဂံပြတိုက်ကြီးကိုလည်း အပေါ်စီးမှ မြင်ရသည်။ ပုဂံဆည်းဆာကို မလွတ်တမ်း မှတ်တမ်းတင် ထားနိုင်ခဲ့သည်။
နောက်ဆုံး တစ်ဆူ အနေနှင့် မဟာဗောဓိဘုရားကို ဝင်ရောက်ဖူးမျှော်တော့ နေဝင် သွားပြီး မှောင်ရီဖြိုးဖြ အချိန် ဖြစ်နေလေပြီ။ ဓါတ်ပုံ ရိုက်မကောင်းတော့သော်လည်း မရမက Flash ထည့်၍ Group ပုံများ ရိုက်ခဲ့သေးသည်။ ပုဂံကို နှုတ်ဆက်ရတော့ အချိန်လည်း နီးလာလေပြီ။

စားနေကျ ထမင်းဆိုင်လေးမှာ ညနေစာ သွားစားကြသေးသည်။ ထုံးစံအတိုင်း ဘဲဥချက်၊ ဆိတ်သားခြောက်ကြော်၊ ဆိတ်သားတစ်ခွက် နှင့် အရံဟင်းကိုတော့ အစုံအလင်မှာပြီး စားကြသည်။ မျိုးမျိုး ထမင်းဆိုင်မှ ထွက်တော့ ၇ နာရီပင် ထိုးကာနီး နေလေပြီ။ ပုဂံကို နှုတ်ဆက်ထွက်ခွာခဲ့ပါပြီ။ လွမ်းသလို ဆွေးသလိုပင် ဖြစ်မိသေးတော့သည်။ ဇော်လွင်က အစောပိုင်း တစ်ဝက် သူမောင်းမည် ဆိုသဖြင့် ခန့်သူက နောက်ခန်းသို့ လာအိပ်လိုက်သည်။ ပွင့်သစ် သူငယ်ချင်းတစ်ယောက်က ရှေ့ခန်းမှာ ခဏ သွားစောင့်ပေးသည်။ အိပ်လို့တော့ သိပ်မပျော်ပါ။ ဟိုဟိုသည်သည် တွေးရင်း သူ့စိတ်တွေ ယောက်ယက်ခပ်နေသေးသည်။

ပွင့်သစ်ကို အမြဲတမ်းပဲ ဒီအတိုင်း ရှိနေစေချင်သည်။ သူ့နံဘေးမှာ သူ့ချစ်သူလေး အနေနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းမလေး အနေနဲ့ပဲ ဖြစ်ဖြစ်ပါ။ သူတို့ နှစ်ယောက်ကြားကို တစ်စိမ်းယောက်ျားတစ်ယောက် နောက်ထပ် ဝင်မလာစေချင်တော့ပါ။ နှစ်သိမ့်ဆု သိမ်းပိုက်ရသည့် အဖြစ်မှ ခန့်သူ လွတ်ချင်လေပြီ။ သို့သော် သူ့ ခံစားချက်ကို ပွင့်သစ်ကို ဖွင့်မပြောချင်ပါ။ ဖွင့်မပြောရပဲနှင့် ပွင့်သစ် သိသွားဖို့ကို သူလိုလားသည်။ သို့သော် အဲဒါက သူ့အိပ်မက်သာ ဖြစ်ပါသည်။ လက်တွေ့ ဖြစ်လာဖို့ကတော့ မလွယ်ကူနိုင်ပါ။ ဘာပဲဖြစ်ဖြစ် နှစ်သိမ့်ဆုနှင့်လည်း သူကျေနပ်ရမည်သာ။ ပွင့်သစ် အသည်းကွဲတိုင်း သူ့ကို သတိရတာကိုပင် ကျေးဇူးတင်ရသေးသည်။ ပွင့်သစ်ဘေးမှာ နှစ်သိမ့်ပေးနိုင်သူ တစ်ယောက်အဖြစ် ရှိနေခွင့်ရတာကိုပင် သူလက်ခံနိုင်ပါသည်။ ပွင့်သစ်တစ်ယောက် အနီးဆုံးကလူကို မြင်နိုင်သည့်တစ်နေ့ သူ့နံဘေးက ထာဝရထွက်ခွာမသွားမည့် အဖြစ်ကို သူစောင့်နေပါသည်။ ဘယ်လောက်ပဲ ကြာကြာ ပွင့်သစ်နှင့် နှလုံးသားချင်း နီးနိုင်မည့် တစ်နေ့ကို နှစ်သိမ့်သူ အဖြစ်နှင့်ပင် သူစောင့်နေပါမည်။

သိင်္ဂါကျော်

01 December, 2010

ကြယ်ကြွေည


ပြတင်းပေါက်ကနေ
မင်း ကြည့်လိုက်တဲ့ အခါ
မျှော်လင့်မထားတဲ့ အံ့စရာ
ကောင်းကင်ပေါ်က ကြယ်တစ်လုံး
ကြွေကျလာတာမြင်တဲ့အခါ
တောင်းဆု တစ်ခု ပြုလိုက်ပါ၊
အဲဒါ အမှန်တကယ် ဖြစ်လာလိမ့်မယ်..
ငါ့ကို ယုံလိုက်ပါ..
ဘာလို့ဆို ..
ငါလုပ်ခဲ့ဖူးတယ်..
ပြီးတော့..
မင်းကို ငါတွေ့ခဲ့တယ်...။ 


ဘာသာပြန်ထားတဲ့ ကဗျာလေးကို တွေ့လို့ တင်လိုက်တာပါ။ link ကိုလည်း မှတ်မထားဘူး။ ခုပြန်ရှာတာ ဘယ်လိုမှကို ရှာမတွေ့တော့လို့..။ မနက်က တင်ထားတဲ့ ခရီးသွား ဆောင်းပါးက သူများတွေဆီမှာ update မဖြစ်လို့... ဘာဖြစ်မှန်းမသိဘူး။ အဲဒါကြောင့် ဒါလေး ထပ်တင်ကြည့်တာပါ။


သိင်္ဂါကျော်


ဗုဒ္ဓဂါယာ


ဗုဒ္ဓဂါယာ ခရီး ဆိုတာကလည်း လူတိုင်းက ရေးဖူးပြီးသားမို့ ဘာမှ ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ဘလော့ထဲမှာ ခရီးသွားတိုင်း တင်နေကြ ဆိုတော့ ဒီခရီးကိုလည်း ကိုယ့်ခရီးသွား မှတ်တမ်း အနေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ တင်လိုက်ပါတယ်။

ပြန်ရောက်နေတာတော့ ကြာပါပြီ။ မပြန်ခင် အိန္ဒိယ နောက်ဆုံး ခရီး အနေနဲ့ ဂါယာကိုတော့ မသွားလို့ မဖြစ်ဘူး ဆိုပြီး ရောက်အောင်သွားခဲ့ပါတယ်။ သုံးရက်ထဲပါပဲ။ တကယ် သွားမယ်ဆိုတော့ ကိုးလ်ကတ္တားကနေ ဂါယာသွားဖို့ ရထားလက်မှတ်ကလည်း မရတော့ဘူး။ ကိုးလ်ကတ္တားမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်း ရဲ့ သူငယ်ချင်းကိုပဲ အကူအညီ တောင်းထားရတာပါ။ ကံကောင်းလို့ အန်တီကြီး တစ်ယောက်ရဲ့ ကားနဲ့ ၁၅၀၀ ပေးပြီး အကြုံလိုက်ခဲ့ရပါတယ်။ ဟိုရောက်တော့ မြန်မာကျောင်းမှာပဲ တည်းပါတယ်။ အဲဒီ သူငယ်ချင်းကပဲ အဲဒီ ကျောင်းက ဦးပဉ္ဖင်းလေးကို ဖုန်းဆက်ထားပေးပြီး နေဖို့ အခန်းတွေ ဘာတွေ စီစဉ်ပေးထားပါတယ်။ အဲဒီ အန်တီကြီးကလည်း နီလာအေး ခရီးသွားလုပ်ငန်းက ဆိုတော့ အဲဒီကျောင်းမှာပဲ တည်းနေကျမို့ အဆင်ပြေသွားပါတယ်။

မနက်အစောကြီးရောက်တော့ ခဏ အိပ်ပြီး မနက်စာစားပြီးတာနဲ့ မဟာဗောဓိစေတီတော်ကြီး ကို ဦးပဉ္ဇင်း တစ်ပါးက လိုက်ပို့ပြီး သတ္တဌာန နေရာတွေကို ရှင်းပြပါတယ်။ အောက်ကပုံတွေက အဲဒီ ပထမနေ့က ရိုက်ခဲ့တဲ့ ပုံတွေပါ။








 ကျောက်စာနှစ်ချပ် ရှိတဲ့ နေရာပါ။

နေ့ခင်းဘက် နေ့လည်စာ စားပြီးတော့ တရေးတမော အိပ်ပြီး ညနေဘက်ကျတော့ သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူတဲ့ နေရာကို သွားခဲ့ပါတယ်။ (ဟိုတယ်က အစားအသောက်တွေကို ငြီးငွေ့လာခဲ့တဲ့ ကိုယ်တော့ မြန်မာ ဘုန်းကြီးကျောင်းက ကျွေးတဲ့ ငါးပိရည် နဲ့ ကြက်သားဟင်း ကို တွေ့တော့ အတော် သဘောကျသွားပါတယ်။ နောက်နေ့ကျတော့လည်း အလှူရှိတာနဲ့ မနက်စာ မုန့်ဟင်းခါးကလည်း ကောင်းမှကောင်း၊ နေ့လည်စာကလည်း ကြက်သားဆီပြန်ရော၊ ဆိတ်သား ဆီပြန်ရော ဆိုတော့ မြန်မာအစာ ငတ်နေတဲ့ ကိုယ်တို့အတွက် စားကောင်းလိုက်တာ မပြောပါနဲ့တော့..။)



  ကြည်ညိုဖွယ်ရာ ကမာကူရ ပုံတူ ဂျပန် ဘုရားကြီးပါ။



ဒုတိယ နေ့ကျတော့ လာခဲ့တဲ့ အန်တီကြီး ကားကိုပဲ ငှားပြီး ဦးပဉ္ဇင်းနဲ့ ကိုယ်တို့ နှစ်ယောက်နဲ့ ရာဇဂြိုဟ်ဘက်ကို သွားခဲ့ပါတယ်။ 
ဘုရားရှင် ဒုက္ကရစရိယာ ကျင့်ကြံတော်မူခဲ့တဲ့ တောင်တော်ကို အရင်သွားခဲ့ပါတယ်။


အဲဒီက ပြန်ဆင်းလာပြီးတော့မှ ရာဇဂြိုဟ် ကို သွားခဲ့ပါတယ်။





ဘဏ္ဍာတော်တိုက် လို့ ပြောပါတယ်။

 နလန္ဒာ တက္ကသိုလ် ဟောင်း နေရာပါ။



နလန္ဒာ တက္ကသိုလ် အသစ်ပါ။ လိုက်ပို့တဲ့ ဘုန်းဘုန်း ရဲ့ သူငယ်ချင်း အဲဒီ အဆောင်မှာ နေတဲ့ ဘုန်းဘုန်း ဆီ ဝင်ပြီး ဘုန်းဘုန်း ကျွေးတဲ့ လက်ဖက်သုပ်နဲ့ ငါးမုန့်ကြော်တွေ စားခဲ့ရပါသေးတယ်။

တတိယ နေ့မှာ ပြန်ရတော့မှာပါ။ ဒါပေမယ့် အပြန်လည်း ရထားလက်မှတ် မရတော့ပါဘူး။ မတတ်နိုင်တော့ဘူး... နှစ်ယောက်တည်းပဲ ကားငှားပြန်ရလည်း ပြန်ရတော့မှာပဲ လို့ စီစဉ်နေတုန်း (စီစဉ်တာက ကျောင်းက ဦးပဉ္ဇင်းပါ) နောက်တော့ ကိုယ်တို့လိုပဲ လာတဲ့ မြန်မာမိန်းကလေး နှစ်ယောက်ကလည်း အဲဒီနေ့ပဲ ပြန်မယ် ဆိုတာနဲ့ ဦးပဉ္ဇင်း က ချိတ်ပေးလို့ အဆင်ပြေသွားပါတယ်။ သူတို့က နှစ်ရက်ပဲ ရလို့ မနေ့ကမှ ရောက်ပြီး ဒီနေ့မှ ရာဇဂြိုဟ်ကို သွားမှာပါ။ ကိုယ်တို့နဲ့ နည်းနည်း အချိတ်အဆက် လွဲသွားတာပါ။ မနေ့တည်းကသာ သိရင် ကိုယ်တို့က မနေ့က ဗာရာဏသီ သွားပြီး ဒီနေ့မှ ရာဇဂြိုဟ်ကို သူတို့ နဲ့ အတူတူ သွားလို့ ရပါတယ်။ ခုတော့ တတိယနေ့မှာ ပြန်ရမှာမို့ ဗာရာဏသီ သွားဖို့ မမှီလောက်တော့ဘူး ဆိုတာနဲ့ မသွားခဲ့ရတော့ပါဘူး။

မဟာဗောဓိ ဘုရားကြီးကိုပဲ အစောကြီး တစ်ခေါက်၊ နေ့ခင်းဘက် တစ်ခေါက် ပြန်သွားပြီး အေးအေး ဆေးဆေး ဘုရားကန်တော့၊ ဗောဓိ ညောင်ရွက် အကြွေကို ထိုင်စောင့် ကောက်ပြီး တစ်နေကုန် သွားပါတယ်။



တိဘက် ဘုန်းတော်ကြီးတွေ ပူဇော်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြတာပါ။



 ဗုဒ္ဓဂါယာ နေရာစုံကို ရောက်အောင် နောက်ထပ် တစ်ခေါက်လောက်တော့ သွားချင်ပါသေးတယ်။

(အမှန်တော့ ဒီနေ့က ကိုယ့်မွေးနေ့ပါ။ ကဗျာလည်း မတင်ချင်၊ စားစရာတွေလည်း မတင်ချင်၊ ဘာမှ စိတ်မပါတာနဲ့... အကြွေးကျန်နေတဲ့ ခရီးသွား ပို့စ်လေးပဲ တင်လိုက်ပါတယ်။)

သိင်္ဂါကျော်

23 November, 2010

တစ်ပြည်သူ အချစ်ဦး


သူမကို ပထမဆုံး ကျောင်းစတက်သည့် နေ့ကတည်းက သူ စတင် သတိထားမိခြင်း ဖြစ်သည်။ သူတို့ အုပ်စုမှာ ယောက်ျားလေးတွေက များပြီး မိန်းကလေးက နည်းသည်။ ယောက်ျားလေး အယောက် ၄၀ ကြားထဲ မိန်းကလေး ၁၁ ယောက်ပဲ ရှိသည့်အနက် အာဖရိကန် မိန်းကလေးတွေကလည်း များသည်။ သူမကတော့ အများထဲမှာ နည်းနည်း ထူးခြားနေသည်။ အသားနက်နက် အရပ်ရှည်ရှည်တွေ ကြားထဲက ဖြူဖြူပုပုကလေး...။ ဆံပင်ညိုညို ပျော့ပျော့တွေနှင့် မျက်ဝန်းနက်နက်တွေက သူ့ကို ဖမ်းစားသွားသည်။

သူမက လမ်းသွားလျှင်လည်း ဘေးဘီ ဝဲယာ ဘယ်ကိုမှ မကြည့်ပဲ ရှေ့တည့်တည့်ကိုပဲ ကြည့်လျှောက်တတ်သည်။ သူက မနက် ကျောင်းသွားလျှင်လည်း အိပ်ယာထ နောက်ကျ၍ ဖယ်ရီကားပေါ်သို့ အမြဲ နောက်ကျပြီး တက်တတ်သူ ဖြစ်သည်။ သူ ကားပေါ်တက်သည့် အချိန်မှာ သူမက ဒုတိယတန်း ပြတင်းပေါက်ဘေးက ခုံမှာ ထိုင်ပြီး ပြတင်းပေါက်ကနေ ငေးမောနေတတ်မြဲ။ ကားပေါ်တက်လာသည့် ဘယ်သူ့ကိုမှ နှုတ်ဆက်ဖို့ စိတ်ကူး ရှိပုံမရ။

သူတို့ နေရသော ဟိုတယ်မှာ မနက်စာနှင့် ညစာ ကျွေးပြီး နေ့လည်စာကတော့ ကိုယ့်အစီအစဉ်နှင့် ကိုယ်စားရသည်။ သူမက စားသောက်ခန်းသို့ လာလျှင်လည်း အစားအသောက်မှလွဲ၍ ဘယ်သူ့ကိုမှ ကြည့်သူမဟုတ်ပါ။ လူခပ်များများ ဝိုင်းထိုင်နေလျှင် ထိုစားပွဲကို ငဲ့စောင်း၍မှ မကြည့်။ ဘယ်သူမှ မရှိသည့် စားပွဲကိုမှ ရွေးထိုင်တတ်သည်။ စားတာကလည်း တကယ့်ကိုနည်းနည်းလေး။ ဟိုတယ်က အစားအသောက်များကို သူမ ကြိုက်ပုံမရ။ ညစာမှာ ကျွေးသည့် အိုက်စကရင်ကိုတော့ ကြိုက်ပုံရသည်။ သို့သော် တစ်ချို့တွေလို တအားအများကြီးတော့ ဘယ်တော့မှ မစား။ ဝမှာစိုးလို့ ထိန်းတာပဲလားတော့ မသိ။ သူကတော့ စားသောက်ခန်းကို ခပ်စောစောပဲ ရောက်နေလေ့ရှိပြီး သူမကို စောင့်ကြည့်နေတတ်ခဲ့သည်။ သူမကတော့ သူ့ကို မသိပါ။ တစ်ခါတလေ တည့်တည့်တွေ့လို့ သူက လိုက်နှုတ်ဆက်ရင်တောင် မျက်နှာကို သေချာမကြည့်ပဲ ပြုံးရုံလောက်သာ ပြုံးပြလေ့ ရှိသည်။ သူမက သူမနိုင်ငံကနေ တစ်ယောက်တည်း လာခဲ့သူမို့ ဘာသာတူ စကားပြောစရာလူလည်း မရှိသောကြောင့် ပိုပြီး တစ်ယောက်တည်း ဖြစ်နေသလိုပင်။ သူတို့နိုင်ငံကတော့ စုစုပေါင်း ၈ ယောက်လာခဲ့သည်။ ကိုယ့်နိုင်ငံအတွင်းတုန်းက တစ်ယောက်နှင့် တစ်ယောက် မသိခဲ့သော်လည်း အခုတော့ တစ်နိုင်ငံတည်းသားတွေမို့ စားသောက်ခန်းမှာ ဆိုလည်း စားသောက်ပြီးသည်နှင့် ချက်ချင်းမပြန်ဖြစ်ကြသေးပဲ ရောက်တတ်ရာရာ စကားပြောတတ်ကြသည်။ နိုင်ငံမတူပဲ အာဖရိကတိုက်ရှိ တစ်ခြားနိုင်ငံတော်တော်များများမှ လာသူတွေလည်း ရှိရာ သူတို့အချင်းချင်းက အလွယ်တကူ သူငယ်ချင်းဖြစ်သွားကြသော်လည်း အရှေ့တိုင်းသူ သူမကတော့ အဲလို မဟုတ်။ ဘယ်သူနှင့်မှ စကားလက်ဆုံ မကျတတ်ပဲ စားသောက်ပြီးသည်နှင့် ချက်ချင်းပင် အခန်းကို ပြန်တတ်သည်။

ပထမဆုံးစတွေ့သည့်နေ့ကတော့ ချစ်စရာလေးမို့ ချစ်သောမျက်စိနှင့် ကြည့်ခဲ့တာသာ ဖြစ်သော်လည်း တစ်နေ့ထက် တစ်နေ့မှာ သူမကို မတွေ့ရလျှင်ကိုပဲ သူ့မှာ မနေတတ်သလို ဖြစ်နေခဲ့ပြီ။ သူမ နှင့် သူက အတန်းမတူပါ။ သူက Network၊ သူမက Web Design။ သူမ မျက်နှာကို မြင်ရသော အချိန် ဆိုလို့ မနက် ကျောင်းကား ပေါ်မှာရယ်၊ ညနေ ဒင်နာမှာရယ်... ဒီနှစ်ချိန်ပဲ ရှိသည်။ မနက်ကျောင်းကားပေါ်မှ ဆင်းလျှင်လည်း သူမက ကျောင်းခန်းထဲ မြန်မြန်ရောက်ဖို့လောက်သာ စိတ်ကူးရှိသူ ဖြစ်သည်။ လမ်းသွားရင်း စကားပြောဆို နှုတ်ဆက်ဖို့ စိတ်ကူးသူ မဟုတ်။ သူကတော့ သူမနှင့် ပတ်သက်ပြီး အသေးစိတ်ကအစ မှတ်မိသည်။ ကားပေါ်မှာ ဘယ်နေရာထိုင်တာ၊ ဘယ်နေ့က အင်္ကျီ ဘာအရောင် ဝတ်တာ၊ ညစာ ဘယ်အချိန် လာစားတာ အားလုံး မှတ်မိနေသည်။ သူမကတော့ သူ့ကို မှတ်မိ သိရှိပုံမရပါ။ သူမက ဘယ်သူနှင့်မှ သိပ်ခင်မင်သူ မဟုတ်သူမို့ အပြင်သွားလျှင်လည်း တစ်ယောက်တည်း သွားတတ်သူ ဖြစ်သည်။

တစ်ခါတော့ ဟိုတယ်အနီးက လမ်းအနည်းငယ် လျှောက်သွားလျှင်ရောက်သော Sector 15 သို့ သူမက တစ်ယောက်တည်း အသွား၊ သူကလည်း တစ်ယောက်တည်း အသွားမှာ တစ်ခါ ဆုံသည်။ ရောက်ကာစ နှစ်ပတ်အကြာမှာ ဖြစ်သည်။ သူဝယ်ထားသော internet connection က မရသောကြောင့် ဝယ်ခဲ့သော ဆိုင်ကို ပြန်သွားပြောဖို့ သွားခြင်းဖြစ်သည်။ သူမကလည်း သူမ၏ ဖုန်းကတ်ဒ်က သူမနိုင်ငံကို ဆက်မရသော ပြဿနာနှင့် ထိုဆိုင်ကိုပင် သွားခြင်း ဖြစ်သည်။ သူမ နှင့် အတူတူ တွဲလျှောက်ရင်း သူမ နှင့် အမြဲတမ်း အတူသွားလာ နေချင်သော စိတ်က ရုတ်တရက် ဖြစ်ပေါ်လာသည်။ တစ်ချို့က ထင်နေသလို သူမက မာနကြီးသူ တစ်ယောက်တော့ မဟုတ်ပါ။ အတူတူ လမ်းလျှောက်ရင်း သူမေးသမျှကိုလည်း ကောင်းကောင်းပြန်ဖြေရှာပါသည်။ သို့ပေမယ့်လည်း များသောအားဖြင့်တော့ yes, no လောက်သာ ပြန်ဖြေချင်သူ ဖြစ်သည်။ သူမနှင့် စကားပြောကြည့်တော့ အင်္ဂလိပ်အသံထွက်နှင့် စကားပြော ကလည်း ဆိုးဆိုးဝါးဝါး နိမ့်ကျလှတာ မဟုတ်ပါ။ သူမကိုက သူများနှင့် စကားပြောချင်စိတ် မရှိတာသာ ဖြစ်ကြောင်း သူသိလာရသည်။ သူက shopping ထွက်ရတာကို ဘယ်သောအခါကမှ သဘောကျခဲ့သူ မဟုတ်သော်လည်း သူမကို တစ်ယောက်တည်း မထားခဲ့ချင်သောကြောင့် အတူတူ လိုက်သွားဖို့ စိတ်ကူးလိုက်သေးသည်။ သူမကတော့ သူ မပါလည်း သူမ ဟာသူမ ဈေးထဲမှာ လျှောက်သွားမယ့် သူမျိုးဖြစ်သည်။ နောက်တော့  သူတို့ အဖွဲ့ထဲက တစ်ခြား မိန်းကလေး သုံးယောက်နှင့် တွေ့၍ သူမကို ထားခဲ့ပြီး သူပြန်လာခဲ့လိုက်သည်။

သူမနှင့် စကားပြောကြည့်ပြီးတော့ သူ့စိတ်ကိုသူ ပိုသိလာသည်။ သူမကို သဘောကျရုံသက်သက်သာ မဟုတ်။ သူမကို ချစ်မိနေခဲ့ပြီ။ သူမမှာ လက်ထပ်ထားသူလည်း မရှိ၊ Boyfriend လည်း မရှိကြောင်း သိလိုက်ရတာကလည်း သူ့ကို စိတ်ချမ်းသာစေသည်။ သူမတို့ နိုင်ငံမှာ လက်မထပ်ခင် အတူနေခြင်းကို ခွင့်မပြုကြောင်းလည်း သိလိုက်ရသေးသည်။ သူမက အပျိုစင် စစ်စစ်ကလေးပေါ့။ သူတို့နိုင်ငံအနေနှင့် ဆို ဒီအသက်အရွယ် မိန်းကလေးတစ်ယောက်မှာ ဒီလို အခြေအနေ ဆိုတာက မယုံနိုင်စရာ ကောင်းလောက်အောင် တော်တော် ထူးဆန်းသည်ဟု ဆိုရမည် ဖြစ်သော်လည်း သူမတို့ နိုင်ငံ ယဉ်ကျေးမှုနှင့်တော့ အထူးအဆန်း ဟုတ်ဟန် မတူပါ။ ပညာတွေ တစ်ခုပြီးတစ်ခု သင်ယူနေရင်း၊ အလုပ်တွေ လုပ်နေရင်း အိမ်ထောင်ပြုဖို့ကို မေ့လျော့နေပုံရသည်။ ဒါကိုက သူ့အတွက် ကံကောင်းခြင်း တစ်ခု ဟု ထင်သည်။

အဲဒီနေ့ နောက်ပိုင်းမှာတော့ သူမက သူ့ကို မှတ်မိသွားပုံရသည်။ သူနှုတ်ဆက်လျှင် ပြန်လည် နှုတ်ဆက်ဖော်ရလာသည်။ သူ့အတွက်တော့ သူမနှင့် စကားပြောလိုက်ရသည့် နေ့က သာယာသော နေ့တစ်နေ့ ဖြစ်သွားခဲ့သည်။ ကျောင်းတက်နေသည့် အချိန်တွေကလွဲပြီး တစ်ယောက်တည်း ရှိနေချိန်များမှာ သူမအကြောင်းကို မတွေးမိပဲကို နေလို့မရ။ သူ့အာရုံမှာ သူမက တစ်နေ့ထက် တစ်နေ့ ပိုပြီး စိုးမိုးလာသည်။ သူမ သိအောင် ဘယ်လို စပြောရမလဲ ဆိုတာတော့ သူ မတွေးတတ်ပါ။ သူမက တကယ့်ကို အဖြူထည် သက်သက်ကလေး။ တည်တည်တံ့တံ့ကလေး။ သူမကို ဒီလို စကားမျိုး ပြောဖို့ ဆိုလျှင် သူ့အတွက်တော့ တော်တော်ကို သတ္တိ မွေးယူရလိမ့်မည်။ အသက် ၃၀ ကျော် ယောက်ျားတစ်ယောက် အနေနှင့် သူ့ဘဝမှာ မိန်းကလေး အတော်များများနှင့် တွေ့ဆုံခဲ့ဖူးပါသည်။ အိပ်ရာဝင်အဖော်အနေနဲ့လည်း ရှိခဲ့ဖူးတာပင်။ သို့သော် ဒီမိန်းကလေးတွေက သူ့ဘဝမှာ နည်းနည်းမှ အရေးမပါခဲ့ပါ။ ဘယ်သူ့ကိုမှလည်း တမ်းတမ်းတတ မရှိခဲ့ဖူး။ ဒီကို မလာခင် တွဲခဲ့သော မိန်းကလေးကိုပင် သူ့အတွေးထဲ လုံးဝ မရှိတော့။ ကြုံကြိုက်လို့ တွေ့ခဲ့ တွဲခဲ့တာက လွဲလို့ ဘယ်သူ့ကို မချစ်ခဲ့ဖူးပါ။ သူမကတော့ ယုံကြည်ဖို့ ခက်ခဲကောင်း ခက်ခဲလိမ့်မည် ဖြစ်သော်လည်း သူ့အတွက်တော့ သူမကသာ အချစ်ဦး ဖြစ်ပါသည်။ သူကလွဲလျှင် ဘုရားသခင်ကတော့ သူ့စိတ်ရင်းကို သိပါလိမ့်မည်။ ဒီကို သင်တန်းလာတက်၍ သူမနှင့် တွေ့ဆုံရခြင်းသည် ဘုရားသခင် အလိုတော် အတိုင်းပင် ဖြစ်သည်။ ဒီအတွက် ဘုရားသခင်ကိုလည်း ကျေးဇူးတင်မိသည်။ သူမနှင့် တွေ့ဆုံရခြင်းသည် ဒီသင်တန်းကို လာတက်၍ သူ ရရှိသော အကောင်းဆုံးသော ဆုလာဒ်ပင် ဖြစ်သည်။ အားလပ်ချိန်တိုင်းမှာ သူမနှင့် စကားပြောချင်မိသည်။ သူမနှင့် အတူရှိချင်မိသည်။ ဘုရားသခင် အလိုတော်အတိုင်း တွေ့ခဲ့ရသော သူတို့ နှစ်ယောက်ကို အချစ်ချင်းညီအောင် ဖန်ဆင်းပေးဖို့ သူမျှော်လင့်မိသည်။

ပထမဆုံး သင်တန်းက ပို့ပေးသော ခရီး။ အိန္ဒိယနိုင်ငံ၏ အထင်ကရ တပ်ခ်ျမဟာ နှင့် အိန္ဒိယန်းဂိတ်။ Express Bus ကားကြီး နှစ်စင်းနှင့် သွားကြခြင်း ဖြစ်သည်။ သူမက ထုံးစံအတိုင်း ကားအရှေ့ပိုင်းက ပြတင်းပေါက်ဘေး ခုံတစ်ခုံမှာ ထိုင်နေပြီးသား။ သူမဘေးက ခုံမှာ ဘယ်သူမှ မရှိသဖြင့် သူ ခဏ ထိုင်ဖြစ်သည်။ သို့သော် သူမက သူ့ကို စကားပြောချင်ပုံမရှိပဲ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ဖို့သာ အားသန်နေသည်။ ခရီးစဉ် တလျှောက်မှာ သူမ ဘေးက လိုက်ပါချင်မိသော်လည်း သူမ စိတ်အနှောက်အယှက် ဖြစ်မှာစိုးသဖြင့် လွတ်လွတ်လပ်လပ် နေရအောင် နောက်ခုံက သူ့အပေါင်းအသင်းများနားမှာပင် ပြန်ထိုင်ဖြစ်သည်။ ထို ခရီးတလျှောက်မှာ သူမ နောက်ကပင် သူ လိုက်နေဖြစ်သည်။ သူမကတော့ သူမ သူငယ်ချင်း အမျိုးသမီး တစ်ယောက်နှင့် အတူတူ သွားရင်း သူ့ကိုလည်း သတိထားမိပုံမပေါ်ပါ။ ဘာပဲဖြစ်ဖြစ် ထိုခရီးမှာ သူမနှင့် အတူတူ ဓါတ်ပုံရိုက်ဖြစ်ခဲ့သည်။ စကားပြောဖြစ်ခဲ့သည်။ သူမဘက်က သူ့ကို အမှတ်ထင်ထင် ရှိစေချင်သည်။

သူမ ကင်မရာထဲက သူ့ဓါတ်ပုံတွေ ပေးဖို့ တောင်းရင်း သူမ နားထောင်သည့် သီချင်းတွေပါ တောင်းတော့ memory stick နှင့် သူ့ကို ကူးပေးသည်။ သူကတော့ သူမနှင့် နှစ်ယောက်တည်း တွေ့ခွင့်ရမယ့် အခွင့်အရေးကို ဘယ်လို တောင်းဆိုရမလဲလို့ တစ်ချိန်လုံး စဉ်းစားနေမိသည်။ သူမ ရဲ့ flash ကို မပေးသေးပဲ ထားတော့လည်း သူမက တောင်းယူဖို့ကို စိတ်ကူးမရှိပါ။ အဲဒါကို အကြောင်းပြ၍ သူမရဲ့ ဖုန်းနံပါတ်ကိုတော့ တောင်းယူ၍ ရခဲ့သည်။ တနေရာရာ သွားဖို့ တောင်းဆိုတော့လည်း သူမက အင်းမလှုပ် အဲမလှုပ်။ ကျောင်းအားရက် ရောက်ပြန်တော့လည်း သူမက ဒီမြို့မှာ ရှိသည့် တစ်နေရာရာ သို့မဟုတ် အနီးအနား တစ်နေရာရာ ကို အမြဲ သွားနေတာနှင့် ပင် ဘယ်တော့မှ မအား။ သူမက တစ်ယောက်တည်း အခန်းအောင်းနေရတာ ကြိုက်သလို အပြင်ထွက် သွားလာဖို့ကိုလည်း သဘောကျသူ ဖြစ်ကြောင်း သူ သိလာရသည်။ သူမ ပေးထားသော သီချင်းတွေကလည်း သူမပုံစံ နှင့် မကိုက်ညီသလို ထင်ရသည်။ သူမက မြူးမြူးကြွကြွ hip hop လို pop လို သီချင်းမျိုးကို ကြိုက်သည်။ သူကတော့ ခပ်အေးအေး ခံစားချက်ပါသည့် သီချင်းမျိုးကိုသာ ကြိုက်သူ ဖြစ်သည်။

သူမက စကားပြောရမှာကို အတော်ဝန်လေးသူ ဖြစ်သော်လည်း သူ SMS ပို့သောအခါမှာတော့ ပြေပြေလည်လည် ပြန်ပို့တတ်သည်။ အခန်းထဲမှာ သူမ အကြောင်း စဉ်းစားရင်း တစ်ယောက်တည်း အထီးကျန်နေခိုက်မှာ သူမ နှင့် အပြန်အလှန် message ပို့ရတာက သူ့အတွက် ပျော်စရာ ဖြစ်လာသည်။ နောက်ဆုံးတော့ သူ့ခံစားချက်ကို message ပဲ ပို့လိုက်မိတော့သည်။ သူမနှင့် နှစ်ယောက်တည်း တွေ့ခွင့်ရဖို့က ဘယ်တော့မှန်း မသေချာသေးဘူး မဟုတ်လား။ I Love you so much လို့ သူ ပို့လိုက်မိတော့ သူမ ဘက်က ဘာမှ ပြန်မပို့တော့။ အတူတူ အချိန်ဖြုန်းရင်း သူ့အချစ်ကို ပိုသိအောင် ပြချင်သည် ဟု သူ ထပ်ပို့လိုက်သော်လည်း reply ပြန်မလာ။ သူမ စိတ်ဆိုးသွားမလား လို့ သူ စိုးရိမ်သွားသည်။ ချက်ချင်း ဖုန်းဆက်လိုက်မိတော့လည်း သူမက ပြေပြေလည်လည် ထူးပါသည်။ ထုံးစံအတိုင်း စကားကတော့ သိပ်မပြော။ သူပြောတာကိုပဲ နားထောင်နေသည်။ အားတဲ့ ရက် တစ်ရက်ရက်မှာ တစ်နေရာရာ သွားချင်သည် ဆိုတော့ သူမက သူ့သဘောပါ တဲ့။ သို့သော်လည်း သူတို့ မသွားဖြစ်ကြပါ။ ထုံးစံအတိုင်း သူမကတော့ ကျောင်းပိတ်ရက်မှာ အခန်းထဲမှာ နေသည် မရှိ။ shopping ပဲ ဖြစ်ဖြစ်၊ တစ်နေရာရာပဲ ဖြစ်ဖြစ် သွားနေမြဲ။ ညဘက်တော့ သူက message မှန်မှန်ပို့သည်။ အိပ်ကာနီးတိုင်း သူမ ဘက်က Good Night တို့ Sweet Dreams တို့ တစ်ခုခု ရပြီးမှ သူ ကောင်းကောင်း အိပ်ပျော်နိုင်သည်။ သူ့ကို ချစ်တယ်လို့ ပြောတာ ကြားချင်ပြီ ရယ်လို့ အရဲစွန့် ပြောမိတော့ သူမဘက်မှ ပြန်ပို့လာသည်က အဲဒီလောက် မလွယ်ပါဘူး.. တဲ့။ မလွယ်တာကိုတော့ သူ သိပါသည်။ သူမ ဆီက တုံ့ပြန်မှုကို ရဖို့ တော်တော် ခက်ခဲမယ် ဆိုတာ သူ သိနေပါသည်။

သူ့အတွက် လှပသော တစ်ညနေမှာတော့ ဟိုတယ် အနီးက သွားနေကြ ဈေးကို လမ်းလျှောက်သွားရင်း အပြန်မှာ ချက်ချင်း မပြန်သေးပဲ ပန်းခြံထဲက ခုံမှာ ထိုင်ဖြစ်ကြသည်။ ကိုယ်က သူမကို ကိုယ့်ထက် အတော်ငယ်မယ်လို့ ထင်ထားသော်လည်း တကယ်က တစ်နှစ်ကျော်လောက်သာ ငယ်သည်။ သူမ ဘဝမှာ တစ်ခါမှ Boyfriend မထားဖူးဘူး ဆိုတာက သူလို လူမျိုးတွေ အတွက်တော့ အံသြစရာ ကောင်းသော အခြေအနေ ဖြစ်သည်။ သူမက လက်ထပ်ဖို့လည်း စိတ်ကူး မရှိပါဘူး တဲ့။ ဒါကတော့ သူ့ရင်ကို ဆူးတစ်ချောင်း ထိုးသွင်းသလိုပင်။ သူ့ဘဝမှာလည်း အရှေ့တိုင်းသူတွေနှင့် တစ်ခါမှ နီးနီးကပ်ကပ် မတွေ့ခဲ့ဖူးတော့ သူမက တကယ်ကို ထူးထူးခြားခြား နတ်သမီးလေးပါ။ သူမ လက်ကလေးကို သူက ကိုင်ချင်တာကိုပင် သူမက အတော် တွန့်တိုသည်။ ပခုံးလေးကို ဖက်မိတော့လည်း မသိမသာ ရှောင်ဖယ်သွားသည်။ သူတို့အတွက်က သူငယ်ချင်း အချင်းချင်း လက်ကိုင်တာ၊ ပခုံးဖက်တာ လောက်က လုပ်နေကြ အပြုအမူတွေ ဖြစ်သော်လည်း သူမ အတွက်တော့ စိတ်ကျဉ်းကျပ်ပုံရသည်။ နောက်ပိုင်းတော့ သူမက သူမကို ထိတာ ကိုင်တာ မကြိုက်ပါ ဟု သူ့ကို ဖွင့်ကို ပြောခဲ့သည်။ သူနှင့် နီးကပ်မှာ စိုးသဖြင့် ခုံအစွန်းတစ်ဖက်ကို တိုးကပ်ထိုင်သည်မှာ ပြုတ်ကျတော့ မတတ်။ သူက ပြုတ်ကျတော့မယ် ပြောတော့ သူမက ရယ်နေသည်။

ပုံမှန်ဆို သူက သိပ် စကားပြောကောင်းသူ၊ စကားများသူ မဟုတ်ပါ။ သို့သော် သူမနှင့် တွေ့တော့ နှလုံးသားထဲက စကားတွေကို အလိုလို ပြောမိနေသည်။ သူမှ စကားမပြောလျှင်လည်း သူမကတော့ ဘာမှ ဖွယ်ဖွယ်ရာရာ ပြောမည့်သူ မဟုတ်။ ဒီအတိုင်း ထိုင်နေမည့်သူသာ ဖြစ်သည်။ သူ့ဘက်က တစ်တွတ်တွတ် ပြောနေသော်လည်း သူမကတော့ သူ့ကို မျက်နှာချင်းဆိုင်သည်မဟုတ်။ ငေးမိငေးရာ ကြည့်မိကြည့်ရာ ပန်းခြံ တစ်ဖက်ကိုသာ ကြည့်နေသည်။ ငါတို့က သူငယ်ချင်းတွေပါ တဲ့။ သူမဆီက တွန့်တွန့်တိုတို ထွက်လာသည့် စကားတစ်ခွန်း။  သူကတော့ သူငယ်ချင်းအနေလောက်နှင့် မနှစ်သိမ့်နိုင်ပါ။ သူ့ကို ချစ်သလား ဆိုတော့ No တဲ့။ အဲဒီ အချိန်က စပြီး ဆက်တိုက် ကြားရတော့မည့် စကားတစ်ခွန်းဖြစ်မှန်း သူမသိခဲ့။ သူနှင့် အတူရှိနေရကို စိတ်ညစ်နေပုံရသည့် သူမကလေး ကို သနားမိသည်နှင့် ဟိုတယ်သို့ ပြန်လာဖြစ်သည်။ သူ့သဘောအရ ဆိုလျှင်တော့ သူမနှင့် အတူရှိသည့် အချိန်တွေမှာ အချိန်နာရီ တွေကို မေ့ထားချင်သည်။

တစ်ညတော့ သူမ အခန်းကို သွားလည် ဖြစ်သည်။ ထုံးစံအတိုင်း သူ့ဘက်ကသာ သူ့ခံစားချက်တွေကို ပြောဖြစ်သည်။ သူ့ဘဝအကြောင်းတွေကို ပြောဖြစ်သော်လည်း သူမဘက်ကတော့ မေးတစ်ခွန်း ဖြေတစ်ခွန်းသာ။ သူ့အခန်းကို လာလည်ဖို့ ခေါ်တော့ သူမက နားမလည်ချင်သယောင်နှင့် လာမလည်။ တကယ်တော့ သူက သူမလို အားနေသူ မဟုတ်ပါ။ ညနေခင်း သင်တန်း တစ်ခု တက်နေဖြစ်ခဲ့ပြီး Microsoft exams တစ်ချို့လည်း ဖြေဖို့ ကြိုးစားနေခဲ့သည်။ အခုတော့ သူမအကြောင်းကို တွေးရင်းနှင့် စာကြည့်ရမှာလည်း စိတ်မပါသလို ဖြစ်နေသည်။ အဲဒါနဲ့ပဲ စာမေးပွဲ တစ်ခု ကျသည်။ သူ စိတ်လေသွားသည်။ အရင် ဖြေခဲ့သော စားမေးပွဲတွေတုန်းကလည်း တစ်ခါမှ မကျခဲ့ဖူးတော့ ပြန်ဖြေရမှာ တော်တော် စိတ်ညစ်သွားသည်။ ဘာမှမလုပ်ချင် မကိုင်ချင်အောင် စိတ်လေသွားသည့် အချိန်မှာလည်း သူမကို တွေ့ချင်သည်။ SMS ပို့လိုက်တော့ သူမက သူ့အခန်းသို့ တက်လာသည်။ သူမ အခန်းက ပထမ အထပ်မှာ ရှိပြီး သူ့အခန်းက တတိယအထပ်မှာ ရှိသည်။ ကျသည့် result စာရွက်ကို ပြတော့ သူမက နောက်တစ်ကြိမ်ပေါ့ လို့ ပေါ့ပေါ့ပါးပါး ပြောရင်း သူ့ကို အားပေးသည်။ သူမကို မြင်ရသည့် အခိုက်မှာ စိတ်ညစ်စရာတွေ ပျောက်သွားသည်။ သူ့ဘဝရဲ့ ပျော်ရွှင်တာ၊ ဝမ်းနည်းတာ အရာရာ တိုင်းကို သူမနှင့် အတူ မျှဝေ ခံစားချင်သည်။

အဲဒီနောက်တော့ အဲဒီ စာမေးပွဲ ပြန်ဖြေဖို့ စာပြန်ကြည့်နေရသဖြင့် သူမနှင့် မတွေ့ဖြစ်။ ညတိုင်းတော့ sms ပို့ဖြစ်သည်။ သူက စမပို့လျှင် သူမက စ နှုတ်ဆက်တတ်လာသည်။ သူက တမင်ပင် သတိရလျက်နှင့် သူမဘက်က စလာဖို့ကို မျှော်လင့်ရင်း စောင့်မိတာပင်။ စာမေးပွဲဖြေသည့် နေ့ကျတော့လည်း သူမက သူ့ကို အရေးတယူ မေးစေချင်သည်။ သူမက မမေးတော့ သူက စိတ်ကောက်ချင်သည်။ စိတ်ကောက်ပြီး သူမ ဆီ ဖုန်းလည်းမဆက်၊ sms လည်း မပို့ပဲ နေကြည့်သည်။ သူမဘက်ကလည်း ဖုန်း စမခေါ် သဖြင့် သူပဲ ခံစားရသည်။ သူမ ကတော့ နေနိုင်သူကြီးပါ။ နောက်တော့လည်း သူပဲ မနေနိုင်လွန်းသဖြင့် သူမ အခန်းသို့ သွားလိုက်ရသည်။

သူက အရင်တုန်းကတော့ အလုပ်ထဲမှာ ဘယ်တော့မှ chat တတ်သူ မဟုတ်။ facebook မှာ account ရှိပေမယ့်လည်း သိပ်မသုံးဖြစ်။ ခုတော့ ဒီက သူငယ်ချင်းတွေက အမြဲတမ်း ဒီ စာမျက်နှာပေါ် တက်နေသဖြင့် သူပါ အဲဒီအထဲ ပါလာသည်။ အဓိက ကတော့ သူမလေးကလည်း ဒီစာမျက်နှာ ကို အမြဲတမ်း သုံးလေ့ရှိသူ မို့ပင်။ ခရီးသွားတိုင်း ရိုက်ခဲ့သော ဓါတ်ပုံများကိုလည်း သူမက တင်တတ်သည်။ သူမ သူငယ်ချင်းတွေကလည်း comment ပေးကြသည်။ သူမက သူနှင့်နှစ်ယောက်တည်း ရိုက်ထားသော ပုံအပါအဝင် တစ်ခြား သူငယ်ချင်းတွေနှင့် နှစ်ယောက်တွဲပုံတွေ အားလုံးကို တင်တော့ သူမ သူငယ်ချင်းတွေက သူတို့ နှစ်ယောက်ကို လိုက်ဖက်သည် လို့ ရေးကြတော့ သူက ပျော်သွားသည်။ သူမ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်သည်။ သူမကို ပြောပြတော့ သူငယ်ချင်းတွေက နောက်တာပါ ဆိုပြီး ရယ်နေသည်။ facebook မှာ နှစ်ယောက်သား နေ့တိုင်း အပြန်အလှန် message ပို့ကြသည်။ အဲဒီအပြင် သူမက သူ့ကို မချစ်ကြောင်း အမျိုးမျိုးသော ကဗျာတွေ၊ သီချင်းတွေ တင်ပြီး share လုပ်သေးသည်။

သူ့ ဘက်က I love you ဆိုလျှင် သူမ ဘက်ကလည်း I love you too ဆိုတာကိုသာ ကြားချင်ခဲ့သော်လည်း ... သူမ ဘက်ကတော့ အမျိုးမျိုးသော အကြောင်းပြချက်တွေနှင့် သူ့ကို မချစ်ကြောင်း သက်သေပြသည်။ သူကတော့ သူမ စကားများက ရှေ့နောက် မညီဟုထင်သည်။ အဓိကတော့ လူမျိုးချင်း၊ ဘာသာချင်း မတူလို့ မဖြစ်နိုင်ပါတဲ့။ သူမ တို့ နိုင်ငံဟာ သေးသေးလေးမို့ အဲလို လူမျိုးချင်း ရောတာသာ များသွားရင် သူမတို့ လူမျိုးဆိုတာ ပျောက်သွားနိုင်ပါသတဲ့။ “ကလေးရယ်၊ မင်းတစ်ယောက်တည်းနဲ့ မင်းနိုင်ငံကို ကယ်တင်နိုင်မှာမို့လား” ဆိုတော့ သူမက ရယ်နေသည်။ တစ်ခါတရံတော့ သူမက အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိပဲ တစ်သက်လုံး အပျိုကြီး လုပ်သွားမှာ လို့လည်း ပြောသေးသည်။ အသက်ကြီးလာရင် သီလရှင်တောင် ဝတ်ချင် ဝတ်ဦးမှာ ဟုလည်း ဆိုသေးသည်။

သူ့ကို ချစ်သလားဆိုလျှင် အမြဲတမ်း No ဟု မဆိုင်းမတွ ပြန်ပြောတတ်သည်။ ဘာကြောင့်လဲ ဆိုလျှင်တော့ အကြောင်းပြချက် တစ်မျိုး ထွက်လာပါလိမ့်မည်။ ခုလို သုံးလလောက် အချိန်တို အတွင်းမှာ အချစ်စစ်ဆိုတာ မဖြစ်နိုင်ပါ ဆိုတာမျိုး။ “ဒါဆို ဒီမှာ တစ်နှစ်လောက်၊ နှစ်နှစ်လောက် တက်ရရင် မင်း ကိုယ့်ကို ချစ်မှာလား” ဆိုတော့ “ဒီမှာတော့ တစ်နှစ်၊ နှစ်နှစ်လောက် မနေပါရစေနဲ့” ဆိုပြီး ဝေ့လည်ကြောင်ပတ် ပြန်ဖြစ်သွားပြန်သည်။ သူမ သူ့ကို မယုံကြည်နိုင် ဖြစ်နေသည်ကို သူနားလည်နိုင်ပါသည်။ တစ်ခါတလေတော့လည်း သူ့အချစ်ကို သူမ ဘာကြောင့် မခံစား မသိရှိ နိုင်တာလဲ ဆိုပြီး စိတ်တိုချင်သည်။ သူ ဘယ်လောက်ပဲ သူမရဲ့ အကြောင်းပြချက်တွေကို ချေဖျက်ဖျက်၊ ပြုံးနေသော မျက်နှာပိုင်ရှင်ကလေး၏ ခေါင်းမာသည့် စိတ်ဓါတ်ကလေးကို ပြောင်းလဲပေးဖို့တော့ သူ့မှာ ခုထိတိုင်ပင် မစွမ်းနိုင်သေးပါ။

သူ့အတွက် နိုင်ငံတွေ၊ လူမျိုးတွေ ခြားနားတာက ပြဿနာ မရှိသော်လည်း သူမ အတွက်တော့ အကြီးမားဆုံး ပြဿနာ ဖြစ်နေပုံရသည်။ သူမကို သူ့ဇနီးလေး အဖြစ် တစ်သက်လုံး အနားမှာထားချင်သူမို့ သူမသာ သူ့အနားရှိနေလျှင် သူ့အတွက် ပြီးပြည့်စုံပါပြီ။ ဘယ်နိုင်ငံမှာ နေရပါစေ အကြောင်း မဟုတ်ပါ။ သူ့နိုင်ငံကို သူမ လိုက်လာ နေနိုင်လိမ့်မည် ဟု သူ မမျှော်လင့်ပါ။ သို့သော် သူမကသာ တောင်းဆိုလျှင် သူကတော့ သူမနိုင်ငံမှာလည်း သွားနေနိုင်ပါသည်။ နိုင်ငံတကာ အသိအမှတ်ပြု certificate တွေ ရထားသော သူ့အတွက် ဘယ်နိုင်ငံမှာဖြစ်ဖြစ် အလုပ်တစ်ခုတော့ ရနိုင်လိမ့်မည် လို့လည်း ယုံကြည်ပါသည်။ သူမကတော့ သူ ဘာပဲပြောပြော ဘာကိုမှန်းမသိ No လုပ်နေဆဲပင်။ တစ်ခုခု မေးလိုက်လျှင် သူမ နှုတ်ခမ်းက အမြဲတမ်း အကျင့်ပါနေသည်မှာ No ဆိုသော သူ အမုန်းဆုံး စကားလုံးပင်။ သူမ ကသာ လက်ခံမည် ဆိုလျှင် သင်တန်းပြီးသည့် နောက်ပိုင်းမှာ သူမ နိုင်ငံကို မဖြစ်ဖြစ်အောင် သွားပြီး သူမ မိဘတွေကို သွားရောက် တွေ့ဆုံဖို့ကိုပင် သူက စိတ်ကူးထားသူပါ။ သူ့ကို မယုံမကြည်နိုင် ဖြစ်နေသော သူမကို အဲဒီလို သက်သေပြလျှင်တော့ သူ့အချစ်ကို ယုံကြည်နိုင်မည်ဟု ထင်သည်။ သို့သော် သူမက သူ့ကို သူမ မိသားစုနှင့် တွေ့မပေးနိုင် ဟု ဆိုသည်။ “ကျွန်မက ရှင့်ရဲ့ girlfriend မဟုတ်ဘူးလေ၊ friend ပဲ၊ ကျွန်မနိုင်ငံကို လာလည်ရင်လည်း ရပါတယ်၊ ဟိုတယ်မှာတည်းပေါ့၊ ဟိုဟိုဒီဒီ ကျွန်မ လိုက်ပို့ပေးမှာပေါ့၊ အဲဒီထက်တော့ ပိုလို့ မရဘူးလေ” ဟု အားမနာ ပါးမနာ ပြောသည်။

သူမမှာ ချစ်နေတဲ့ တစ်ခြားတစ်ယောက်ယောက် ရှိသလားဆိုတော့လည်း မရှိပါတဲ့။ သူမကို ချစ်ရေးဆိုတာ သူ တစ်ယောက်တည်းလား ဆိုတော့ ဒီသင်တန်းမှာ သူ့ထက် အရင်ဦးသူ တစ်ယောက် ရှိသည်၊ ထိုလူကိုလည်း သူငယ်ချင်းလိုပါပဲ တဲ့။ သူမက ဘယ်သူ့ကိုမှ မချစ်ချင်သူ၊ အချစ်နဲ့ မတွေ့ဆုံလိုသူပါတဲ့။ ဘာကြောင့်လဲ ဆိုတော့လည်း တိတိကျကျ အဖြေမပေးနိုင်ပါ။ သူမဘက်က အကြောင်းပြချက်ကို မည်မည်ရရ မပြနိုင်လေ... သူ့ကို မချစ်ဖူး ဆိုသည့် သူမ စကားကို သူကလည်း မယုံနိုင်လေ ပင်။ မင်း ကိုယ့်ကို ချစ်တယ် ဆိုတာ ကိုယ် သိပါတယ် ကလေးမလေးရယ်...။ အဲလို ပြောမိတော့ သူမက မဟုတ်ဖူး ဆိုတာကို ရအောင်ငြင်းသည်။ I don’t love you၊ I don’t love you ဟု သူ အမုန်းဆုံး စကားကို ရေရွတ်သည်။ လူတစ်ယောက်ကို တစ်ခါမှလည်း မချစ်ဖူး ပဲနှင့် ချစ်လား မချစ်လား ဘယ်လိုသိသလဲ ဆိုတော့ သူမ တွေဝေ သွားသည်။ တစ်ခါတလေ ပြတ်ပြတ်သားသား မဖြေချင်သည့် အခါမျိုးမှာ သုံးနေကျ သူမ လက်သုံးစကား ဖြစ်သည့် I don’t know ဆိုတာကို ပြန်ရောက်လာသည်။ အဲလိုနှင့်ပဲ ပတ်ချာလည်ပြီး သူ နှင့် သူမ တို့ကြားက ဆွေးနွေးမှုက ဘယ်တော့မှ အပြီးမပြတ်ခဲ့ပါ။

သူမကို ချစ်ကြောင်း မပြောလျှင် သူမနှင့် ပြေလည်သည်။ သူမက သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်း တစ်ယောက်ပင်။ တစ်ခုသော နေ့လည်မှာလည်း သူ့အခန်းကို ခေါ်တော့ သူမ ရောက်လာပြီး သူ့ Project Management Assignment ကိုပင် ကူလုပ်ပေးသည်။ သူမက တကယ့်ကို တော်သော IT ပညာရှင် တစ်ယောက်ပါ။ သူမလေးသာ အနားမှာ ရှိခဲ့လျှင် သူ့အတွက် အရာရာ အဆင်ပြေသလိုပင်။ သူမ ကူညီပေးခဲ့သော ထို Assignment ကလည်း သူတစ်ခါမှ မရဖူးသည့် အမှတ်များများရခဲ့သည်။ သူမနှင့် အတူရှိချင်မိသော သူ့အိပ်မက်ကို ပိုမျှော်လင့်မိသွားသည်။ သူမ က သူ့ထက် ဘွဲ့နှစ်ခု ပိုနေတာကိုလည်း သူက အားငယ်သလို ဖြစ်မိသည်။ သူမနှင့် အဆင့်တူအောင် Master ဆက်တက်ဖို့လည်း သူ စိတ်ကူးနေသည်။ ဖြစ်နိုင်လျှင် သူမ နှင့် နီးနီးနားနား အရှေ့တိုင်း နိုင်ငံ တစ်ခုခုမှာ တက်ဖို့ သူ စီစဉ်ထားသည်။

တစ်ညနေမှာတော့ Rose Garden ကို နှစ်ယောက်သား သွားဖြစ်ကြသည်။ ပန်းခြံဆိုတော့လည်း အတွဲတွေက ဟိုနေရာ သည်နေရာ မနာလိုစရာ ကောင်းလောက်အောင် တွေ့နေရသည်။ သူ့ဘဝကတော့ သူမနှင့် အတူသာ လာရသော်လည်း လက်ကလေးကိုမှ ကိုင်ခွင့်မရှိ။ သူမက friend ပါပဲ လို့ ခုထိ ကြွေးကြော်နေဆဲ မဟုတ်လား။ သူမ မကြိုက်တာ ဘာမှ မလုပ်ပါဘူး လို့လည်း သူက ကတိပေးထားပြီးသား။ သူမက အခန်းထဲမှာ ဆိုလျှင်သာ လက်ကလေးကိုင်တာ၊ ပခုံးလေးဖက်တာကို အားနာပါးနာ ခဏလောက် ငြိမ်နေချင် နေမည် ဖြစ်သော်လည်း အပြင်ထွက်လျှင်တော့ လက်ကလေးတွဲတာလောက်ကိုပင် သူမက ရှောင်ဖယ်ချင်သည်။ ဘေးလူတွေ အမြင်မှာ သူတို့နှစ်ယောက်ကို အတွဲရယ်လို့ မမြင်စေလိုတာပင်။ နှစ်ယောက်တည်း ဆိုလျှင်တောင် သူ ပွေ့ဖက်တာ ခံရမှာ စိုး၍ သူနှင့် ခပ်ဝေးဝေးမှာသာ အမြဲလိုထိုင်သည်။ မြက်ခင်းပေါ် နှစ်ယောက်သား နှစ်ပေလောက် ခွာထိုင်ပြီး စကားပြော ဖြစ်ကြသည်။ ထုံးစံအတိုင်း သူကသာ များများ ပြောပြီး သူမကတော့ နားထောင်သမား သက်သက်သာ ဖြစ်သည်။ နှစ်ယောက်သား တွဲလာခဲ့ပေမယ့် သူမက သူ့မိန်းကလေး မဟုတ်သေးတာကို စိတ်ထဲမှာ မကောင်းချင် သော်လည်း အတူတူ ရှိနေရတာကိုတော့ ကျေနပ်သည်။ သူမနှင့် အတူဆိုလျှင် အချိန်နာရီ တွေကို ရပ်တန့် ပစ်ချင်သည်။ သူမ ကို သူ့ ဇနီးကလေး အနေနှင့် သူ့နံဘေးမှာ အမြဲရှိစေချင်မိသည်။ သူ စိတ်ကူးယဉ်လွန်းရာများ ကျနေသလား။ သူမ ဘက်ကတော့ ခုလို အတူ သွားတာလည်း သူပျော်အောင် လိုက်လျောတာပါတဲ့၊ သူ့ကို ချစ်လို့ မဟုတ်ပါတဲ့။ သူ မယုံကြည်ချင်ပါ။ အမြဲတမ်း ပြုံးနေတတ်သော ကောင်မလေး မျက်နှာမှာ သူ့ကို ချစ်တဲ့ အရိပ်အရောင် တစ်ခုတလေ ရှိနေလေမလားလို့ ရှာကြည့်မိသော်လည်း မရေမရာပါ။ ကိုယ့်ဘက်က သေချာတယ်၊ မင်းလည်း ကိုယ့်ကို ချစ်နေပါတယ် လို့ ပြောမိလျှင် သူမက ဟာသ တစ်ခုကို ကြားရသလို ရယ်မော တတ်သည်။

တစ်နေ့ထက် တစ်နေ့ သူမ အပေါ် စွဲလမ်းစိတ်က တိုးလာနေသည်ကို သူဘယ်လိုမှ မထိန်းချုပ်နိုင်ပါ။ သူမ အခန်းကို တစ်ရက်ခြား တစ်ခါလောက် သွားလည်မိသည်။ သေးသေးကွေးကွေး သူမ ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ ထည့်ထားချင်သည်။ နှင်းဆီရောင် နှုတ်ခမ်းလေးကို တစ်ခါလောက် နမ်းချင်သည်။ သို့သော် သူမက ဘယ်သောအခါမှ မလိုက်လျောခဲ့ပါ။ သူကလည်း ချစ်သော ကောင်မလေး မကြိုက်သည်ကို အတင်းအကျပ် မလုပ်ရက်ပါ။ သူမကို ချစ်ခြင်းက အလှကြည့်နေရုံနှင့်လည်း ကျေနပ်နိုင်ပါသည်။ ချစ်သော ကောင်မလေး နှင့် အတူတူ ရှိနေရလျှင်ပင် သူ ကျေနပ်ပါသည်။ သူက သူမ မျက်နှာလေးကို ကြည့်ပြီး စကားပြောလိုသော်လည်း သူမကတော့ သူ့မျက်နှာကို မကြည့်လိုပဲ အခန်းထဲက တီဗွီကို သာ မျက်စိမခွာတန်း ကြည့်နေတတ်သည်။ တစ်ခါတလေ သူက စိတ်ပေါက်ပေါက်နှင့် တီဗွီကို ပိတ်ပစ်လိုက်တော့လည်း သူမ အကြည့်က သူ့အပေါ် ပြောင်းမလာပဲ ဘာမှ မရှိသည့် အခန်း ထောင့်စွန်းကိုသာ ကြည့်ချင် ကြည့်နေတတ်သည်။ သူ့ရုပ်က ဒီလောက်ပဲ ဆိုးလို့ မျက်လုံးချင်းတောင် ဆုံပြီး မကြည့်ချင်တာလား၊ သူမ မျက်လုံးထဲက အမှန်တရားကို သူသိသွားမှာ စိုးသလား မသိနိုင်ပေ။ သူ့ဘဝမှာ ကြုံဖူးခဲ့သမျှထဲက ချစ်စရာ အကောင်းဆုံး မိန်းကလေး။ သူက ဒီလို ပြောမိလျှင်တော့ သူမက သူမကိုယ် သူမ မလှပါဘူး ဟု ပြန်လည် ချေပလေ့ရှိသည်။ “ကျွန်မတို့ နိုင်ငံမှာဆို ကျွန်မက ရုပ်အဆိုးဆုံးပဲ၊ ကျွန်မ ထက် ပိုလှတဲ့ မိန်းကလေးတွေ အများကြီးပဲ သိလား” အဲဒီလိုလည်း စိတ်လို လက်ရ ပြောတတ်သေးသည်။

သူမ နှင့် တစ်နေ့လောက် မျက်လုံးခြင်း မဆုံလိုက်ရလျှင်ပင် သူ့တစ်နေ့တာက မပြည့်စုံသလို ခံစားရသည်။ အချိန်တိုင်းမှာ သူမ နှင့် အတူ ရှိနေချင်သည်။ ရထားနှင့် ခရီးသွားရင်ပဲ ဖြစ်ဖြစ်၊ ကားနှင့် ခရီးသွားလျှင်ပဲ ဖြစ်ဖြစ် သူမနှင့် အနီးဆုံးမှာ ရှိချင်သည်။ သို့သော် သူ့စိတ်အတိုင်းတော့ ဖြစ်မလာခဲ့ပါ။ သူမ မကြိုက်မှာစိုး၍ သူတို့နှစ်ယောက် အကြောင်း ကို လူတွေ သိလောက်အောင် သူ မကြိုးစားခဲ့ပါ။ အဖွဲ့လိုက် တစ်နေရာ၊ တစ်နေရာ သွားကြလျှင်လည်း သူ စိတ်အလို အတိုင်း ဆို သူမ နှင့် အတူတူ တွဲ သွားလိုသည်။ Jaipur ပဲဖြစ်ဖြစ်၊ Amritsar ပဲဖြစ်ဖြစ် အဲဒီမြို့တွေမှာရှိတဲ့ အိန္ဒိယ temple တွေက သူ့ကိုစိတ်ဝင်စားအောင် မစွဲဆောင်နိုင်ပါ။ သူမနှင့် အတူတူ သွားလာရသည်ကပင် သူ့အတွက် ပျော်စရာ ခရီးများ ဖြစ်စေပါသည်။ သို့သော် များသောအားဖြင့် သူမကတော့ သူမ၏ မိန်းကလေး သူငယ်ချင်းနှစ်ယောက် သုံးယောက်နှင့်သာ အတူသွားပြီး သူ့ကို ငဲ့စောင်း၍မှ မကြည့်ပါ။ တစ်ခါတရံတော့ သူ့ကိုယ်သူလည်း စိတ်တိုသည်။ သူမကိုလည်း စိတ်ကောက်ချင်သည်။ သို့သော် သူမဆီက message တစ်ကြောင်း စပို့လိုက်လျှင် သူ ဘယ်လိုမှ မနေနိုင်ပါ။

သူမက သူ့ကို မချစ်ဘူး ဟု အမြဲတမ်း ပြောနေသော်လည်း သူအလည်လာလျှင် လက်ခံပြီး သူပြောသော စကားတွေကိုလည်း ပြုံးပြုံးလေး နားထောင်တတ်သည်။ ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဒီနေရာမှာ နေရသရွေ့ အချိန်လေးမှာ သူမနှင့် ခုလို အတူတူ အချိန်ကုန်ခွင့် ရနိုင်သလောက် ရတာကိုပင် သူက ကျေနပ်မိသူ ဖြစ်ပါသည်။ သူမ ရဲ့ ယောက်ျားလေးများနှင့် ပတ်သက်သော ဖိုးဘီးယားကို သူ နားလည်နိုင်ပါသည်။ သူမက တကယ့်ကို သန့်သန့်စင်စင် ဘယ်ယောက်ျားနှင့်မှ မပတ်သက်ဖူးသူ ဆိုတာ သိသာလှပါသည်။ သို့အတွက်လည်း သူက သူမကို သူကြုံတွေ့ဖူးခဲ့သည့် တခြား မိန်းကလေးများနှင့် မတူအောင် တန်ဖိုးထား မြတ်နိုးမိတာပင်။ သူတို့ နိုင်ငံက မိန်းကလေးတွေ ဆိုလျှင် သူမအရွယ်မှာ အားလုံး Boyfriend တော့ ရှိသူတွေချည်း။ သူမ သူငယ်ချင်း သူ နှင့် နိုင်ငံတူ မိန်းကလေးမှာလည်း သမီးလေး တစ်ယောက်ပင် ရှိသည်။ အဲဒီအကြောင်းပြောမိတော့ သူမက သူ့မှာကော ဘာဖြစ်လို့ ကလေး မရှိတာလည်း လို့ မေးလာသည်။ သူ့မှာတော့ ကလေးရှိဖို့ နေနေသာသာ စွဲစွဲမြဲမြဲ တွဲသော မိန်းကလေးပင် မရှိတာ သူမ နားလည်အောင် ရှင်းပြဖို့ ခက်သည်။ သူ့အဖေ တုန်းကတော့ သူ့အရွယ်မှာ မိန်းမ သုံးယောက်လောက် ရှိခဲ့ပြီ။ ပြီးတော့ သူ့အဖေမှာ ကလေးတွေကလည်း အများကြီး။ သူ့အမေဆိုတာကလည်း သူ့အဖေနှင့် လက်ပင်မထပ်ခဲ့ရ။ သူ နှင့် သူ့ ညီမလေးကို ရအပြီးမှာ အဖေ နှင့် အမေ ကွဲသွားကြသည်။ သူ့ ငယ်ဘဝ တစ်လျှောက်မှာ အဖေ့ အရိပ် ဆိုတာ မရှိခဲ့ပါ။ ထို ခံစားချက်ကြောင့်ပင် သူ့အလှည့်မှာ သူ့အဖေလို မဖြစ်စေရဟု သူ တစ်ယောက်တည်း စိတ်ပိုင်းဖြတ်ထားခဲ့သည်။ လက်မထပ်ရသေးပဲနှင့် ကလေးလုံးဝ မယူ ဟု ဆုံးဖြတ်ထားခဲ့သည်။ သူမကို ပြောပြတော့ မှန်တာပေါ့ ဟု သူ့ကို ထောက်ခံသည်။ မိခင် တစ်ယောက် မဖြစ်ချင်ဘူးလား ဟု သူမကို စကားတောက်တော့ ထုံးစံအတိုင်း ခေါင်းခါသည်။

အချိန်တွေ ကြာလာတော့ သူမ စိတ်ကို သူနားလည်သလို ရှိလာသည်။ အပြင်ပန်းက နူးညံသော မိန်းကလေး၊ သူ့အချစ်ကို လက်ခံလိုသော မိန်းကလေး ကို  အတွင်းက စိတ်ဓါတ် မာကြောသော၊ တစ်ယောက်တည်း နေလိုသော၊ နိုင်ငံ့ ဂုဏ်သိက္ခာကို ထိန်းလိုသော မိန်းကလေးက တားဆီးနေခြင်း ဖြစ်သည်။ သူမရဲ့ အတွင်းပိုင်းက မကောင်းမြင်တတ်တဲ့ တစ်စိတ်တစ်ပိုင်းကို ဖယ်ပစ်လိုက်ဖို့ သူမကို ပြောတော့ သူမက ထုံးစံအတိုင်း ရယ်မောနေသည်။ အဲလို ရယ်တတ်သော သူမ ပုံရိပ်ကလေးက သူ့နှလုံးသားအတွင်းပိုင်းထိ စွဲစွဲထင်ထင် ရှိစေသည်။ သူမက အချစ်ကို ကြောက်တတ်သော Phobia ရောဂါ ဖြစ်နေတာပါရယ်လို့ နောက်ထပ် အကြောင်းပြချက် တစ်ခု ကိုလည်း ပေးတတ်သေးသည်။ သို့ပေမယ့် မမြင်ရတဲ့ အရာတွေ၊ ကြိုမသိနိုင်တဲ့ အရာတွေ၊ မှောင်မှောင်မည်းမည်းထဲ တစ်ယောက်တည်း တိုးဝင်ရတာမျိုးကိုရော ကြောက်တတ်လား ဆိုတော့ မကြောက်တတ်ပါတဲ့။ ဒါဖြင့်ရင် ဘယ်သူမှ မသိနိုင်တဲ့ အနာဂါတ်ကို တွေးပြီး မကြောက်ပါနဲ့လား... သူနဲ့ အတူတူ စွန့်စားကြည့်ပါလား... ဆိုတော့ မဖြစ်နိုင်ပါတဲ့။

တစ်ညခင်းမှာတော့ ကျောင်းက အပြန် ညစာပါ အလွတ်ခံပြီး ပန်းခြံထဲမှာ နှစ်ယောက်သား ဆွေးနွေးဖြစ်ကြသည်။ သူမကတော့ သူ့ကို အားနားလို့ လိုက်လာခြင်းပဲပေါ့။ သူမပေးတဲ့ အကြောင်းပြချက်တွေကို လက်မခံနိုင်တဲ့ သူ့အတွက် သူမဆီက ပြတ်ပြတ်သားသား အဖြေတစ်ခုကို လိုချင်မိသည်။ သင်တန်း ပြီးမယ့် ရက်ကလည်း တဖြည်းဖြည်း နီးလာပြီ မဟုတ်လား။ ဆောင်းဝင်ပြီမို့ စောစောစီးစီး အမှောင်ဝင်လာသော ပန်းခြံထဲမှာ အအေးဓါတ်ကလည်း တဖြည်းဖြည်းတိုးလာသည်။ သူမကတော့ ထုံးစံအတိုင်း သူ့မျက်နှာကို မကြည့်ပဲ ပန်းခြံ အမှောင်ထုထဲကိုသာ ငေးကြည့်နေရင်း သူပြောတာကို နားထောင်သည်။ သူကလည်း I love you ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်တော့ သူမဘက်ကလည်း I don’t love you ဓါတ်ပြားဟောင်းကြီးနဲ့ပဲ တုံ့ပြန်သည်။ Why လို့ မေးတော့ I don’t know က စလာသည်။ အဲဒီနောက်တော့ သူမပေးတဲ့ ဆင်ခြေ တွေကို သူကလည်း တစ်ခုချင်း ပြန်ငြင်း။ သူမကလည်း မထပ်ရအောင် တစ်ခုပြီး တစ်ခု ပြော။ နောက်ဆုံးတော့ သူမ လက်သုံးစကား I don’t love you, I don’t know, No တွေ ကြားထဲပဲ ပြန်လည်ပြီး အဖြေတစ်ခုကတော့ ထွက်မလာပါ။ သူ့ကို စကားပြောကောင်းလို့ သူမက ခုလို အနီးဆုံး သူငယ်ချင်း အနေနဲ့ လက်ခံလိုက်မိတာပါ၊ ချစ်လို့မဟုတ်ပါဘူး ဆိုတော့ သူ့ရင်ထဲ စူးစူးနင့်နင့် နာသည်။ သူက စကားပြောကောင်းတာမဟုတ်ပါ၊ သူ့စကားတွေက နှလုံးသားထဲက လာတဲ့ စကားတွေပါ ဆိုတော့ သူမက မယုံချင့် ယုံချင်နှင့်...။

လူမျိုးခြား၊ ဘာသာခြား ဆို သူမ မိဘက သဘောတူမှာ မဟုတ်ဖူး ဆိုသော ဆင်ခြေမျိုးလည်း ပါသေးသည်။ ဒါတွေ နောက်မှ ထားလိုက်ပါ၊ စိတ်ထဲရှိတာပြောကြေး ဆိုတော့ သူမ စိတ်ထဲ သူနှင့် ပတ်သက်ပြီး ဘာမှမရှိ ဆိုတော့ သူ့ကိုယ်သူ သတ်သေချင်လောက်အောင် ဖြစ်သွားရသည်။ တကယ်လို့ မင်းချစ်တဲ့ လူနဲ့ မင်းမိဘက သဘောမတူရင် ဘယ်လိုလုပ်မလဲ ဆိုတော့ ထွက်ပြေးသင့် ပြေးမှာပေါ့ တဲ့။ စကားက ပြောပါများတော့ အမှားပါလာသည်။ သူမ၏ တစ်ခုသော အခြမ်းက အချစ်ကို စွန့်စားလိုသည်။ တစ်ခုသော အခြမ်းကတော့ စည်းမျဉ်း စည်းကမ်းတွေကို ထိန်းသိမ်းလိုသည်။ သူကတော့ အဲလိုပဲ ထင်သည်။ မိဘတွေ သဘောမတူရင် ဘယ်သူ့နိုင်ငံမှာမှ လိုက်မနေပဲနဲ့ တစ်ခြားတစ်နိုင်ငံမှာ နှစ်ယောက်သား ဘဝကို စကြရင် ဘယ်လိုလဲ ဆိုတော့လည်း သူမက သဘောမတူပါ။ သူမပြောသည့် သူတို့ နှစ်ယောက်ကြားက အတားအဆီး ဆိုတာတွေကို သူက တစ်ခုချင်း ဖြေရှင်းချက် ထုတ်ပေးလိုက်သည်။ အဲဒီတော့ သူမက ပြောလာပြန်သည်။ တကယ်လို့ သူ့ကို သာ ချစ်လျှင်တော့ အတားအဆီးတွေ ဘာပဲ ဖြစ်ဖြစ် ကျော်ဖြတ်နိုင်မှာပါ၊ ဒါပေမယ့် အခုက သူ့ကို ချစ်မှ မချစ်ပဲ တဲ့။ သူ ရင်နာမယ့် စကားမျိုးကိုမှ တမင် ရွေးပြောသလား ထင်ရသည်။ သူ့စိတ်ထဲမှာ ထင်ယောင် ထင်မှား သူ့စိတ်ကိုသူ လှည့်စားနေတာက မှန်ပုံမရပါ။ သူမက သူ့ကို တကယ်ပဲ မချစ်နိုင်ဘူး ထင်သည်။

သူမ အချစ်ကို ရဖို့ ကြိုးပမ်းနေတာကို စွန့်လွှတ်လိုက်ပါတော့ လို့ သူမက ပြောသည်။ သို့ပေမယ့် သူက ဘာကြောင့် စွန့်လွှတ်ရမလဲ။ သူမက တစ်ခြားတစ်ယောက်ကို ချစ်နေတာလည်း မဟုတ်။ တစ်ခြားတစ်ယောက်ကို လက်ထပ်တော့မှာလည်း မဟုတ်ပဲနဲ့ သူက ဘာကြောင့် လွယ်လွယ်ကူကူ စွန့်လွှတ်လိုက်ရမလဲ။ သူမက သူ့ကို မချစ်နိုင်ရင်တောင် သူ့အချစ်ကို လက်ခံပြီး အနားမှာ အတူရှိနေပေးလျှင် သူ့အတွက် ပြည့်စုံပြီ။ သူမကတော့ ဒီသင်တန်းပြီးလို့ ပြန်သွားရင် သူမကို မေ့သွားမှာပါလို့ သူ့ကို ပြောရက်သည်။ မင်းရဲ့ girlfriend နဲ့ ပျော်နေမှာပါ တဲ့။ သူ့စိတ်ထဲမှာ သူမကလွဲလို့ ဘယ်သူမှ မရှိတာ ယုံစေချင်သည်။

သူတို့ နှစ်ယောက်ရဲ့ အခြေအနေက တိုးတက်မလာပဲ ရပ်တန့် နေသော်လည်း အချိန်စက်ဝန်းကတော့ ရပ်တန့် မနေပါ။ ပြန်ရမည့် နေ့ရက်က တဖြည်းဖြည်း နီးကပ်လို့ လာနေသည်။ သူမ ဘက်ကတော့ Negative တွေ တုံ့ပြန်နေတုန်းပင်။ သူ ဘယ်လောက်ပဲ အပြောကောင်းပါစေ... သူမ စိတ်ကို ပြောင်းလဲအောင် လုပ်ဖို့တော့ မတတ်နိုင်ခဲ့ပါ။ မကောင်းမြင်ဝါဒတွေချည်းပဲ မတွေးပါနဲ့ baby လို့ ပြောမိတော့။ မကောင်းမြင်တာ မဟုတ်ပါဘူး၊ အမှန်တရားကိုပဲ ပြောတာပါတဲ့။ သူမ ပြောတဲ့ မချစ်နိုင်ဘူး၊ မသိဘူး၊ မဟုတ်ဘူး ဆိုတာမျိုးတွေ သူထပ်မံ မကြားလိုတော့ပါ။ သို့သော် သူ ကြားလိုသော စကားကိုလည်း သူမက မပြောနိုင်ခဲ့ပါ။ အဲလိုနဲ့ပဲ ဇာတ်မျောတစ်ခုမှာ သူတို့ ကပြနေခဲ့ရသည်။ သူ့ အချစ်စွမ်းအားကြောင့် သူမလည်း သူ့အပေါ် ပြန်ချစ်နေလိမ့်မည်ဟု စွဲစွဲမြဲမြဲ ယုံကြည်နေမိသော သူ့စိတ်ကို သူလည်း မသေချာတော့သလိုပင်။ သူမ သူ့ကို မချစ်တာ အမှန်တရား တစ်ခု ဖြစ်နေမည်ကို သူ ရင်မဆိုင်နိုင်ပါ။ ဒီသင်တန်း ပြီးလို့ ပြန်သွားပြီးရင် သူမကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး လို့ စဉ်းစားမိရင် သူ့ရင်တွေ နာလာသည်။ ထို အခြေအနေဆိုးကြီးကို မုန်းတီးမိသည်။ ဒီလိုနဲ့ ပြီးဆုံးသွားရလျှင် သူ့ဘဝက တစ်သက်လုံး အဓိပ္ပါယ်မဲ့ သွားရလိမ့်မည်။ သူမကို မျှော်လင့်ခွင့် မရှိသော သူ့ဘဝက ဘယ်လိုပုံမျိုးနှင့် အသက်ဆက်ရှင်သန်ရမလဲ။

နှစ်ဘက်နိုင်ငံ မိဘ အသိုင်းအဝိုင်းတွေကို မေ့ပြီး ဘယ်သူမှ မသိသော တစ်နေရာမှာ သူတို့ နှစ်ယောက်တည်း တစ်သက်လုံး အတူနေသွားချင်သည်။ သို့သော် သူမ ဘက်က အဲဒီလို စွန့်လွှတ်ဖို့ ဘယ်တော့မှ ဖြစ်နိုင်မည် မဟုတ်သည်ကိုလည်း သူသိနေပါသည်။ အမြဲတမ်း သူငယ်ချင်း ပဲရယ်လို့ သူမ ဘက်က ပြောလာတာကိုလည်း သူ့ဘက်က လုံးဝ လက်မခံနိုင်ပါ။ သူက အဲဒီလို တစ်ဝက်လောက်ကို မလိုချင်ပါ။ သူ ချစ်သလောက် အပြည့်အဝကိုပဲ သူ ပြန်လိုချင်တာပါ။ သူ့အိပ်မက်ကို သူမက မှားတဲ့ အိပ်မက်ရယ်လို့ ပြောခဲ့ဖူးသည်။ သူမ ဘဝ အတွက် သူနှင့် တွေ့ဆုံရခြင်းက မှားတဲ့အိပ်မက် တစ်ခု ဖြစ်ချင် ဖြစ်နေလိမ့်မည်။ သူ့အတွက်တော့ မမှားပါ။ သူမ ကို ချစ်သော အချစ်လောက် မှန်ကန်သော အမှန်တရား သူ့ဘဝမှာ တစ်ခါမှ မရှိစဖူး။

သူမက သူ့ထက် နှစ်ရက် စော၍ သူမ နိုင်ငံသို့ ပြန်သွားသည်။ ယောက်ျားတစ်ယောက် မာန နှင့် ဘာမှ မဖြစ်သလို ဟန်ဆောင် နေဖြစ်သော်လည်း သူ့ရင်ထဲမှာတော့ မခံစားနိုင်လောက်အောင် ငိုကြွေးနေမိပါသည်။ ဘယ်နှရက်လောက် လွမ်းမှာလဲ လို့ သူမက လမ်းကနေ message လှမ်းပို့တော့ သူ မခံမရပ်နိုင်အောင် ဖြစ်မိရင်း message ပြန်မပို့နိုင်ပဲ ချက်ချင်း ဖုန်းခေါ်မိသည်။ သူမက နောက်တာပါတဲ့။ ဘာပဲဖြစ်ဖြစ် သူမက I miss you too လို့ ပြန်ပြောရင်ပဲ စိတ်ရင်း ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့ဘက်က အကျေနပ်ကြီး ကျေနပ်သည်။ အခု အခိုက်အတန့် ဝေးရသော်လည်း သူ့ဘက်က လက်လျော့လိမ့်မည် မဟုတ်သေးပါ။ အခြေအနေပေးသော တစ်နေ့မှာ ပြန်တွေ့ကြဖို့ ကြိုးစားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူမကလည်း တစ်နေ့နေ့ ပြန်တွေ့မယ် လို့ message ပြန်ပို့ထားဖူးသည်။ သုံးလတည်းနှင့် ပြီးဆုံးသွားမည့် အချစ် မဟုတ်သည်ကို တပြည်သူ မိန်းကလေး ယုံကြည်အောင် သူ့ဘက်က ကြိုးစားရလိမ့်ဦးမည်။ ဝေးနေချိန်တွေမှာလည်း သူ့အတွေးထဲ သူမ အမြဲရှိနေမည် ဆိုတာ သူမ ယုံအောင် ပြောဖို့ခက်လှသည်။ သူမ အတွေးထဲလည်း သူပဲ အမြဲ ရှိနေချင်သည် ဆိုလျှင် သူ စိတ်ကူးယဉ်ရာများ ကျနေမလား..။ တပြည်သူ အတွက် ရင်နာရသည့် ခံစားချက်ကို ထွေးပိုက်ရင်း သူ့အိမ်ပြန်ခရီးကို စတင်ရပါတော့မည်။ သူမကို သူ မစွန့်လွှတ်သေးတာကိုလည်း သူမ သိအောင် ပြောပြရပါဦးမည်။
 
သိင်္ဂါကျော်