19 January, 2011

ချယ်ရီပွင့်ချိန်


ပြင်ဦးလွင်မှာ ချယ်ရီပွင့်တဲ့ ရာသီကို ရောက်နေပြီလေ...။ ချယ်ရီပန်းတွေ ကို တဝ ကြည့်ချင်တာနဲ့ (ဓါတ်ပုံရိုက်ချင်တာလည်း ပါတာပေါ့.. :D) ကန်တော်ကြီးကို တစ်ခေါက်သွားဖြစ်ပါတယ်။ ကိုယ်ရိုက်ခဲ့တဲ့ ချယ်ရီ ရှုခင်းလေးတွေကို မျှဝေ လိုက်ပါတယ်...။














ဒီနေရာက ချယ်ရီပွင့်ချိန်နဲ့ ပတ်သက်တဲ့ ဟိုက္ကုကဗျာတိုလေး တစ်ပုဒ်လည်း ဘာသာပြန်ပြီး တင်လိုက်ပါတယ်။

ချယ်ရီပန်းပွင့်

လတ်ဆတ်တဲ့ ပန်းပွင့်တွေ
ကြွေကျဖို့ကို တွေးထားပုံမရ
ပိတ်ထားတဲ့ မျက်ခွံတွေနောက်မှာ
မီးခိုးငွေ့တွေ...။

သိင်္ဂါကျော်
 

13 January, 2011

မနေ့က နဲ့ ဒီနေ့






*             ဒီနေ့ မြင်တဲ့ မိုးတိမ်ဟာ
မနေ့က မိုးတိမ် မဟုတ်နိုင်သလို၊
မနေ့က မြူနှင်းတွေလည်း
ဒီနေ့ လွင့်ပြယ်လို့။

*             မနေ့က စိတ်ကူးအတွေးတွေလည်း
ဒီနေ့ မတွေးတော့သလို၊
မနေ့က စိတ်ညစ်ခဲ့ရတာလည်း
ဒီနေ့ထိ မကျန်ပါဘူး။

*             မနေ့က အဝါရောင် သစ်ရွက်တစ်ရွက်
ဒီနေ့ မရှိတော့တာ၊
မနေ့က မရှိတဲ့ စိမ်းနုရောင် သစ်ရွက်ကလေး
ဒီနေ့ ထွက်ပေါ်လာတာ၊
မနေ့က ပွင့်တဲ့ ပန်းတွေ ကြွေလို့...
ဒီနေ့ ပန်းအသစ်တွေ ဝေတာ၊
မင်း သတိမထားမိပေမယ့်
သဘာဝကြီးကတော့ လည်ပတ်နေဆဲပဲ။

*             မနေ့က ဖြစ်ခဲ့တဲ့
မင်းရင်ထဲက အကြိတ်အခဲကို
ဒီနေ့ထိ ချန်မထားနဲ့
သူငယ်ချင်း...။
မနေ့က အမုန်းတွေကို
ဒီနေ့ မေ့ပစ်လိုက်ပါ။

*             ဒီနေ့ မင်း
မနေ့ကထက်
တစ်ရက်ပို အသက်ကြီးသွားတယ်၊
မနေ့ကထက်
ဘာတွေ ပိုပြည့်ဝလာသလဲဆိုတာ
မင်းကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါ။

*             မနေ့ကထက် ဒီနေ့
ကမ္ဘာကြီးကတော့ ပိုပိုပြီး ပျက်စီးလာတယ်...
မင်းကော ဘယ်လိုလဲ
သူငယ်ချင်း။
မနေ့က အိပ်မက်တွေကို
ဒီနေ့ အကောင်အထည်ဖော်နိုင်ပြီလား။
မနေ့က အမှားတွေကို
ဒီနေ့ ပြင်နိုင်ပြီလား။
မနေ့က မှန်နေတာတွေကို
ဒီနေ့ မှားအောင် လုပ်လိုက်ပြီလား။
ဒါမှမဟုတ်
မနေ့က နေရာမှာပဲ
ဒီနေ့လည်း
ခြေစုံရပ်နေဆဲပဲလား။

သိင်္ဂါကျော်
13.1.2011
9:35 AM

12 January, 2011

ဟိုလျှောက် ဒီလျှောက်.. ဟိုရိုက် ဒီရိုက်..

တနင်္ဂနွေနေ့က မြေနီလမ်းကို လျှောက်ဖြစ်တယ်..။ မြေနီလမ်း ဆိုတာ ကိုယ်တို့ အဆောင်ဘေးကနေ ပြင်ဇာ ရွာထိပ်ကို ထွက်တဲ့ လမ်းပေါ့။ ဈေးကားက တစ်ပတ်တစ်ခါကို မှန်မှန် မထွက်ဖြစ်ဘူး။ မောင်းမယ့်သူ မရှိတာနဲ့..။ ကားပျက်နေတာနဲ့...။ ထွက်ရင်လည်း လူနဲ့ မမျှတော့ အပတ်တိုင်း လိုက်ဖို့ မဖြစ်နိုင်ဘူး။ ခုတစ်ပတ်အတွက် အိမ်ကပါလာတဲ့ အခြောက်အခြမ်းလေးတော့ ရှိသေးပေမယ့် အသီးအရွက်က မရှိတော့ဘူး။ ဈေးဝယ်မှ ဖြစ်တော့မှာမို့ လမ်းထိပ်ကို ထွက်မှ ဖြစ်တော့မှာ...။ ပိတ်ရက် သွားထားတာက ပိုကောင်းမယ်လေ။ ဖွင့်ရက် ကျရင်လည်း ဖယ်ရီက အချိန်တိုင်း ရှိတာမဟုတ်ဘူး...။ ကိုယ့်ခြေထောက် ကိုယ်သုံးရတာက များတယ်။ အပြန် အဆင်းလမ်းလေးဆို ကိစ္စ မရှိဘူး။ ကုန်းတက်လမ်း သွားရရင်တော့ မစားသာဘူး...။ အသွားအပြန် လျှောက်ပြီးရင် ဘယ်မှ ထပ်မလျှောက်ချင်တော့ဘူးလေ..။

အဲဒီနေ့ကတော့ လျှောက်ဖြစ်တယ်။ လမ်းမှာ ရေတံခွန်လေး တစ်ခုလည်း ရှိတော့ ရိုက်ရအောင်ဆိုပြီး ကင်မရာလေး ယူလာတာနဲ့ ရေတံခွန်ကို တစ်ပုံလှမ်းရိုက်တယ်..၊ သိပ်ကောင်းကောင်း မမြင်ရဘူး။ ခုတလော Zoom အများကြီး ဆွဲရိုက်လို့ ရတဲ့ ကင်မရာ ကြီးကြီး ကောင်းကောင်း တစ်ခုလောက် လိုချင်နေတယ်။ အဲဒီ ရေတံခွန် အနီးအနား အထိရောက်အောင်တော့ ခုထိ မဆင်း ဘူး သေးဘူး...။ တစ်ရက်လောက်တော့ ဆင်းရဦးမယ်။

တောပန်းလေးတွေ တွေ့တော့ ရိုက်တယ်။ အနံလေးကလည်း မွှေးနေတာပဲ။


မြေနီလမ်းက လမ်းထိပ်ထွက်ဖို့ နီးတယ် ဆိုပေမယ့်လည်း ခပ်မြန်မြန်လျှောက်တောင် နာရီဝက်လောက်တော့ အနည်းဆုံး လျှောက်ရတယ်။ လမ်းကလည်း ပြေပြေပြစ်ပြစ်တော့ မဟုတ်ဘူး။ ကုန်းတက် ကုန်းဆင်းတွေက ပါသေးတယ်။ အပေါက်ဝ ရောက်တော့ မန္တလေး အဆင်းလမ်း ဘက်ကနေ ပြင်ဦးလွင် အဆင်းလမ်း ဘက်ရောက်အောင် ကျွန်းတောထဲက ဖြတ်သွားတဲ့ နွားလမ်းကြောင်းကနေ သွားရသေးတာ...။ ကိုယ်ကလည်း ပိန်ချင်တယ် သာ ပါးစပ်က အော်နေပေမယ့် ဒီမြေနီလမ်းကို နေ့တိုင်းလျှောက်ရအောင်ဆို လျှောက်ကို မလျှောက်ချင်ဘူး။

ကျွန်းတောထဲက အဖြတ်မှာ နောက်က သုံးယောက်က ဓါတ်ပုံရိုက်ပြီး နောက်ကျနေရစ်တာ... ရှေ့က နှစ်ယောက်ကတော့ ကော့ကော့ ကော့ကော့နဲ့ မသိဘူး ရှေ့ဆက်လျှောက်သွားကြတယ်။ ကျွန်းတောကိုပဲ ဖြတ်တင်လိုက်တယ်။ လူပုံပါပါရင် ကိုယ့်ကို သတ်ကြမှာ...။


ကိုယ့်တို့က အဖွဲ့လိုက် စုချက်စားတာဆိုတော့ သူများတွေ ဘာအရွက် ဝယ်ရမလဲ ကြည့်နေကြတုန်း ကိုယ်က ဟိုရိုက် ဒီရိုက်၊ ရိုက်စရာ မရှိ စက္ကူပန်းပင်ကိုရိုက်၊ ကောင်းကင်ကို ရိုက် လုပ်နေလိုက်တယ်။


အဲဒီနေ့က တိမ်တွေကလည်း အရမ်းလှတယ်။

( အမှန်တော့ စာမရေးဖြစ်လို့ ဟိုရောက် သည်ရောက် လျှောက်ရေးတာ.. )

သိင်္ဂါကျော်

10 January, 2011

9th Myanmar ICT Week မြင်ကွင်း


ခုတလော စာရေးဖို့လည်း စိတ်မပါ.. အလုပ်လည်း သိပ်မအားလို့ မရေးဖြစ်တာ ကြာပါပြီ။
စနေနေ့ကတော့ ICTပြပွဲကို ဖွင့်ပွဲအပြီး နေ့ခင်းဘက် တစ်ခေါက် သွားရင်း ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးတွေပါ။
မနက်ဘက်က ဝိုင်းစုခိုင်သိန်း သီချင်းဆိုတယ်လို့ သိရပေမယ့် ကိုယ်တို့ သွားတဲ့ အချိန်မှာတော့ ဇင်းဇင်း နဲ့ Tiger Girls အဖွဲ့ရဲ့ သီဆိုဖျော်ဖြေမှုကိုပဲ တွေ့ခဲ့ရပါတယ်။ အရမ်းကြီး မစည်ကားပေမယ့်လို့ မနှစ်ကထက် စာရင်တော့ လာရောက်ကြည့်ရှုသူတွေကို နည်းနည်း များလာတာ တွေ့ရပါတယ်။






















ဒီနှစ် လူတွေရဲ့ စိတ်ဝင်စားမှုက ကွန်ပျူတာနဲ့ အပိုပစ္စည်းတွေ မဟုတ်တော့ပဲ အင်တာနက် ရရှိနိုင်မှုကိုပဲ ပိုစိတ်ဝင်စား လာကြပါတယ်။ Alpha, MMG, Fortune နဲ့ Yatanarpon Teleport စတဲ့ ကုမ္ပဏီများက FFTx (Fiber To The Home) ကို Promotion လုပ်တဲ့ အပေါ်မှာ စိတ်ဝင်စားသူ များကြပါတယ်။ သို့ပေမယ့် ဒီစနစ်က ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင် မြို့နယ်များ မှာသာ ဖြစ်ပြီး တစ်နိုင်လုံး မရရှိနိုင်သေးပါဘူး။ 

CDMA 800 MHz ဖုန်းများမှာ ကျပ် သုံးသောင်း ကနဦး သွင်းပြီး ရရှိနိုင်ပြီ ဖြစ်တဲ့ Internet Access ကလည်း စိတ်ဝင်စားစရာပါ။ နယ်မြို့က Internet ဆိုင်များမှာ တောင်မှ များသောအားဖြင့် နှေးနေသေးတဲ့ internet ဟာ ဖုန်းပေါ်မှာ ဘယ်လို အခြေအနေ ရှိမယ် ဆိုတာတော့ မသိနိုင်ပါ။ Internet ရရှိနိုင်ပြီ လို့ ကြော်ငြာထားတဲ့ Mc Will ကျပ် ငါးသိန်းတန် ဖုန်းကိုလည်း စိတ်ဝင်စားသူ များပါတယ်။ သူကတော့ Internet သုံးနေတဲ့ အချိန်မှာ ဖုန်းပြောလို့ လုံးဝ မရဘူး လို့ သိရပါတယ်။ Internet သုံးဖို့ အတွက် modem တစ်ခုကိုလည်း အထိုင်အနေနဲ့ ထားဖို့ လိုအပ်ပါတယ်။

ကိုယ်ကတော့ FFTx ကို စိတ်ဝင်စားပေမယ့် ရန်ကုန်မှာလည်း အိမ်ပိုင်ယာပိုင် မရှိ၊ ကိုယ်တိုင်ကလည်း အိမ်မှာ မနေနိုင်သေးတဲ့ ဘဝမို့ ဝယ်ဖို့တော့ အဝေးကြီးပါ။ ကိုယ်ကိုင်တဲ့ GSM ဖုန်းကလည်း Internet ရတဲ့ အမျိုးအစားထဲမှာ မပါတော့ ပြပွဲကနေ ဝယ်စရာ ဘာမှ မရှိပါ။ ဒါ့အပြင် ဒီလို Product တွေ ကြော်ငြာနေတဲ့ ရတနာပုံမြို့သစ် ဝင်းကြီး ထဲမှာ နေပြီး နေတဲ့ အဆောင်မှာ FFTx ဝေးလို့ TV လိုင်းလေးမှ ကောင်းကောင်း ဖမ်းလို့ မမိ။ Internet ဆိုတာ ဝေလာဝေး ဖြစ်နေတာကတော့ တကယ့်ကို ရင်နာစရာပါ။

သိင်္ဂါကျော်

03 January, 2011

ဆောင်းသစ်ရွက်



ဆောင်းဦးသစ်ရွက်တွေ
ပွင့်သစ်စနေရောင်ထဲ လှပနေသလိုမျိုး
မင်း အစွမ်းကုန် ချစ်ခဲ့တဲ့ ရာသီကတည်းက
ငါက မယုံဘူးလို့ ငြင်းခဲ့ပြီးသား။

မင်းတောင်းတဲ့ အကြောင်းပြချက်ကို
ပြေလည်အောင် မပေးနိုင်တာကလွဲရင်
မယုံကြည်ခြင်းက သေချာနေလေတော့
ငါ့ကိုယ်ငါတောင်
နှလုံးသားကို ဖုံးဖိထားခဲ့သယောင်
အထင်အမြင်မှားချင်သေးရဲ့။

တလောကလုံးရဲ့အဝေးကို
ထွက်ပြေးရှင်သန်ဖို့
မင်းက စိန်ခေါ်ခဲ့ပေမယ့်
ငါကတော့
ပတ်ဝန်းကျင်ရဲ့ အဝေးမှာ
မရှင်သန်နိုင်သူပါကွယ့်။

ဆောင်းသစ်ပင်တွေ အမြဲမလှနိုင်တာ
ကြိုသိခဲ့သူ ဆိုပေမယ့်
မင်းဘက်က အစိမ်းရောင်ပြောင်းပုံက
အံသြလောက်အောင် ပိုစောခဲ့ပါရဲ့။

ငါက ရှေ့ဖြစ်ကို ကြိုသိသူမို့
နှလုံးသားကို
ကျောက်သားသွန်းထားတယ်
အတွင်းဘက်မှာ အက်ရာရှိခဲ့တောင်
ငါကိုယ်တိုင်အပါအဝင်
ဘယ်သူတစ်ယောက်မှ
မမြင်ရစေဖို့ပေါ့။


ဘာပဲဖြစ်ဖြစ်
ငါကတော့
ဆောင်းဦးသစ်ရွက်တွေ
လှနေချိန်ကို
ချစ်တတ်မြဲပဲ။


သိင်္ဂါကျော်
(အပေါ်ကပုံကတော့ ဂျပန်က ချစ်သူငယ်ချင်းလေး facebook မှာ တင်ထားတဲ့ ပုံကို ခွင့်တောင်းပြီး ယူသုံးပါတယ်)

31 December, 2010

မင်္ဂလာပါ ၂၀၁၁

၂၀၁၁ နှစ်သစ်ကို Happy New Year သီချင်းလေးနဲ့ ကြိုလိုက်ပါတယ်...။







In the New Year,
we wish you the best year you’ve ever had,
and that each New Year
will be better than the last.
May you realize your fondest dreams
and take time to recognize and enjoy
each and every blessing.





Happy New Year,
And many more!
 



By Joanna Fuchs
 

ဘလော့ဂါ သူငယ်ချင်းများ၊ စာလာဖတ်နေကြ သူငယ်ချင်းများနဲ့ စာဖတ်သူ အားလုံး နှစ်ဟောင်းတုန်းက ကိုယ်ထားခဲ့ချင်တဲ့ မကောင်းတဲ့ အရာ အားလုံး ၂၀၁၀ မှာ ထားခဲ့နိုင်ပြီး ၂၀၁၁ ကစလို့ ပျော်ရွှင်စရာ အိပ်မက်အသစ်များကို အကောင်အထည် ဖော်နိုင်ပါစေ...။

သိင်္ဂါကျော်

24 December, 2010

ထူးမခြားနား ဒီဇင်ဘာ



ဒီဇင်ဘာတွေသာ အများကြီး ဖြတ်ဖြတ်သွားတယ်

ငါ့ဘဝထဲ ဘာမှလည်း မည်မည်ရရ မရှိခဲ့ပါဘူး။

Sweet December မှာ ငါ့ကိုမွေးလို့ ဒီဇင်ဘာကို ငါချစ်တယ်၊
ဒီတစ်ခုကလွဲရင်
လွမ်းစရာ အမှတ်တရလည်း မရှိ၊
ပျော်စရာ အမှတ်တရလည်း မရှိ၊
ဒီဇင်ဘာ.. ဒီဇင်ဘာ.. မြည်တမ်းနေရင်းလည်း
ငါ့ရင်ထဲမှာတော့ ဘလာဟင်းလင်း သက်သက်ပါ။

ခရစ္စမတ် ကို စိတ်ကူးနဲ့ရူး
အနားမှာ ရှိစေချင်တဲ့သူ ကလည်း
ဘယ်တော့မှ လာမှာမဟုတ်ခဲ့ဘူး။

ရေခဲမှုန်တွေ ကြဲပက်သလို
အေးစက် ကြမ်းရှ လေပြည်ထဲ
ငါတစ်ယောက်တည်း လမ်းလျှောက်လို့...။

“ဘဝကို ပျော်သလိုပဲနေတယ်”
အမြဲတမ်း ကြွေးကြော်နေရင်းလည်း
အထီးကျန်မှုက တစ်ထောင့်တစ်နေရာက တိုးထွက်လာလိုက်...
ကိုယ့်ဘဝကို မနှစ်သိမ့်နိုင်မှုက တစ်ထောင့်တစ်နေရာက တိုးထွက်လာလိုက်...နဲ့
အတွင်းလှိုက်စားဆဲ ဒဏ်ရာတွေလည်း မပျောက်နိုင်ဘူး။

ဒီလိုနဲ့ပဲ
ဒီဇင်ဘာက ထုံးစံအတိုင်း
၃၁ ရက်မှာ ပစ်ဖို့ အဟောင်းတွေ စုထား တဲ့
ငါ့ကို သတိပေးရင်း ဖြတ်လျှောက်သွားတယ်။
အသစ်က ဘာလဲ၊ အဟောင်းက ဘာလဲ၊
ငါကိုယ်တိုင်လည်း ကွဲကွဲပြားပြား မသိပါဘူး...
New Year ဆိုလည်း ကြိုလိုက်ရုံပေါ့။
မပြည့်နိုင်တဲ့ ဆုတောင်းတွေလည်း တောင်းဆဲပဲ။

၂၀၁၀ က တာဝန်က အနားယူပြီး
၂၀၁၁ က ခြေလှမ်းအသစ် စတော့မယ်၊
ငါ့ကိုယ်ငါတော့
ထူးမခြားနားတွေထဲက ခုထိ ဆွဲမထုတ်နိုင်သေးဘူး။

သိင်္ဂါကျော်
23.12.2010

10 December, 2010

တိမ်တွေရဲ့ အိပ်မက်

တိမ်တိုက်နှစ်ခု ထိတွေ့သလိုမျိုး
ငါတို့နှစ်ယောက် အတူရှိခဲ့ချိန်က
အိပ်မက်တစ်ခုလို ပြီးဆုံးခဲ့လေရဲ့။

အမြဲရွေ့နေတဲ့ တိမ်တွေလို
လွင့်မျောရင်းနဲ့
ကမ္ဘာတစ်ခြမ်းစီမှာ
ဘဝကတော့
ရာသီပေါင်းများစွာ ရှည်လျားဆဲပေါ့။

မမေ့ဘူးပြောခဲ့ပေမယ့်
မင်းလည်း မေ့နိုင်ခဲ့ပါတယ်
အမြဲသတိရမယ်လို့
ကတိမပေးခဲ့ပေမယ့်
ငါနေ့တိုင်း သတိရနေပါတယ်။

အိပ်မက်ကိုဘဝအဖြစ်
မပြောင်းလဲနိုင်တာ
ငါတို့ရဲ့ချို့ယွင်းချက်လို့ ဆိုနိုင်ပေမယ့်
တွေ့ဆုံမှုကို ဖန်တီးသူဟာ
ဘုရားသခင်လို့ ဆိုရင်ဖြင့်
ဘုရားသခင်ကိုသာ
အပြစ်တင်လိုက်ချင်ပါရဲ့...
ငါဟာ
လွမ်းဆွတ်ခြင်းများကို မခံစားလိုသူမို့ပါ။

သိင်္ဂါကျော်