16 May, 2011

ဘယ်အတိတ်ဝဋ်ကြွေး မကုန်လေတယ်...


သီဟနိုင် နှင့် ဆွေဆွေခင် တို့က တက္ကသိုလ်မှာ တွေ့ခဲ့ကြခြင်း ဖြစ်သည်။ မြင်မြင်ချင်းပဲ နှလုံးသားချင်း နားလည်ခဲ့သည်ဟု ပြောရမည်လား မသိပေ။ သူငယ်ချင်းလို ခင်မင်ပြီး သိပ်မကြာခင်မှာပင် ချစ်သူများ ဖြစ်ခဲ့ကြသည်။ ခပ်အေးအေး နေတတ်သော သီဟနိုင်ကလည်း မိန်းကလေးတွေ ကြားထဲ ပေါ်ပြူလာ ဖြစ်သူ မဟုတ်သလို ဆွေဆွေခင်ကလည်း လှပသော ကိုယ်လုံးလေး ရှိတာကလွဲလို့ ရုပ်ရည်ကတော့ ရွက်ကြမ်းရေကြိုသာ ဖြစ်သောကြောင့် ချစ်သူကြိုက်သူ ဝိုင်းဝိုင်းလည် နေတာမျိုး မရှိခဲ့ပါ။ ဆွေဆွေခင် ဘက်ကတော့ သီဟနိုင် မိန်းကလေးတွေနှင့် ရောရောနှောနှော မရှိပဲ အေးအေး နေတတ်တာရော၊ အချောကြီး မဟုတ်ပေမယ့် တည်ကြည်ပြီး ယောက်ျားပီသသော ရုပ်ရည်ကိုရော သဘောကျမိခဲ့ခြင်း ဖြစ်သည်။ သူ့ဘက်ကတော့ ဆွေဆွေခင်ကို ဘာအကြောင်းကြောင့် သဘောကျတယ် ဆိုတာမျိုး မပြောခဲ့ဖူးပါ။

“မဆွေကို ကျွန်တော် သဘောကျတယ်၊ လက်ထပ်ပါရစေ” လို့ သူပြောပြီး ဘာမှ သိပ်မကြာခင်မှာ ဆွေဆွေခင်က ခေါင်းညိတ်ခဲ့ခြင်း ဖြစ်သည်။ သူက ဆွေဆွေခင်ကို ချစ်ကြောင်း ကြိုက်ကြောင်းတွေ ဖွဲ့နွဲ့ပြီးလည်း မပြောဖူးပါ။ ဆွေဆွေခင်ကသာ  “ကိုသီဟကို ဆွေလည်း ချစ်ပါတယ်” လို့ အဖြေပြန်ပေးခဲ့ခြင်း ဖြစ်သည်။ အဲဒီစကား ကြားရတော့လည်း သူက အပိုလုပ်ပြတာ မျိုးပဲ ဖြစ်ဖြစ် တစ်ခြား ယောက်ျားလေးတွေလို ဝမ်းသာအားရကြီး ဖြစ်သွားပုံလည်း မပြပါ။ ဖြစ်ရိုးဖြစ်စဉ် အလုပ်တစ်ခုလိုပင် “ဝမ်းသာလိုက်တာဗျာ” ဆိုတာလောက်သာ ပြောခဲ့သူ ဖြစ်သည်။ ဆွေဆွေခင်ကတော့ သူက ခပ်အေးအေး နေတတ်သူမို့ အပိုတွေ မပြောပေမယ့် ဆွေဆွေခင်ကိုတော့ တကယ်ချစ်တာ ဟု တကယ်ပင် ယုံခဲ့ပါသည်။

ဆွေဆွေခင်တို့ ချစ်သက်တမ်း တလျှောက်မှာ တစ်ခါမှ စကားများ ရန်ဖြစ်တာမျိုး မရှိခဲ့ဖူးပါ။ သူက ဆွေဆွေခင်ကို သဝန်တို တတ်သူလည်း မဟုတ်ပါ။ တစ်ခါတုန်းက အတန်းငယ်က ကျောင်းသား တစ်ယောက်က ဆွေဆွေခင်ကို မမ မမ ဆိုပြီး လိုက်နေခဲ့သည်။ ဆွေဆွေခင်က ချစ်သူရှိကြောင်း ပြောပြခဲ့ပြီးသော်လည်း လက်မလျှော့ပါ။ ဆွေဆွေခင် ကျောင်းသွားတိုင်း နောက်က လိုက်သည်။ ပန်းတွေ လိုက်ပေးသည်။ ညဘက် ညဘက် အဆောင်ရှေ့လာပြီး သီချင်းဆိုသည်။ အဲဒီအကြောင်း သူ့ကို ပြောတော့ သူက ရယ်ပြီး “မဆွေ မကြိုက်ဘူး မဟုတ်လား၊ မကြိုက်ရင် မကြိုက်ဘူး ပြောလိုက်ပေါ့၊ ကြာတော့ လက်လျှော့သွားမှာပေါ့” တဲ့..။ ဆွေဆွေခင်ကို ယုံကြည်နိုင်လွန်းတာပဲလား မသိပါ။ နည်းနည်းလေးမှ စိတ်ပူတာမျိုး၊ သဝန်တိုတာမျိုး မရှိပါ။ သူ့ စိတ်ကို ဆွချင်တာနှင့်ပင် ထိုကောင်လေးနှင့် တွဲကြည့်ရ ကောင်းမလား လို့ပင် စဉ်းစားမိသေးသည်။ သို့ပေမယ့် ထိုကောင်ကလေး ဘက်က ပိုဆိုးပြီး ဖြတ်မရ ပြုမရ ဖြစ်မှာ စိုးတာနှင့်ပင် အဲဒီလို မလုပ်ခဲ့တော့တာပါ။ သူ့ကိုတော့ နည်းနည်း ပိုပိုသာသာနှင့်  ကောင်ကလေးကို သနားသည့် အကြောင်း၊ ကောင်ကလေးက တကယ်ချစ်ရှာတာ၊ ရုပ်ကလေးကလည်း သနားကမား ချစ်စရာလေး ဘာညာ ပြောသော်လည်း ကျောက်ဆစ်ရုပ် နှလုံးသား ပိုင်ရှင်ကတော့ ဘာမှ တုန်လှုပ် မလာခဲ့ပါ။

သူ့ဘက်ကို ကျတော့လည်း သဝန်တိုဖို့ နေနေသာသာ သူ့မှာ မိန်းကလေး သူငယ်ချင်းပင် အရင်ကတည်းက ဆွေဆွေခင်က လွဲ၍ မရှိခဲ့ပါ။ သူ နှင့် ဆွေဆွေခင်ပင် နှစ်ယောက်လုံး နှင့် ခင်သော သူငယ်ချင်းက မိတ်ဆက်ပေးသဖြင့် သိခဲ့ရခြင်း ဖြစ်သည်။ အဲဒီ သူငယ်ချင်း ကောင်လေး နှင့်တော့ သူက တော်တော်ခင်သည်။ သူ့ သူငယ်ချင်းတွေနှင့် ပတ်သက်လျှင်တော့ သူက ဆွေဆွေခင် ထက်ပင် ပို ဦးစားပေးသေးသည် ဟု ထင်ရသည်။ သူများအတွဲတွေ ဆိုလျှင် ချစ်သူချင်း နှစ်ယောက်တည်း တွေ့ချိန်မှာ ချစ်စကား ကြိုက်စကားပဲ ဖြစ်ဖြစ်၊ ဟိုဟိုသည်သည် စပ်မိစပ်ရာပဲ ဖြစ်ဖြစ် ပြောမကုန်နိုင်အောင် ရှိတာကြ တွေ့ဖူးပါသည်။ သူ နှင့် ဆွေဆွေခင်ကတော့ အဲလောက် မဟုတ်ပါ။ နှစ်ယောက် တွေ့လျှင် ဆွေဆွေခင် ဘက်ကပဲ အိမ်က အကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ ကျောင်းစာ အကြောင်း စသည်ဖြင့် ပြောစရာတွေ ရှိနေတတ်ပြီး သူ့ဘက်ကတော့ နားထောင်သမား သက်သက်သာ။ သို့ပေမယ့် သူ့ သူငယ်ချင်းတွေနှင့် တွေ့လျှင်တော့ သူ့မှာ ပြောစရာတွေ ရှိနေတတ်သည်။ အဲဒါကို လိုက်လံ တွက်ကပ်ပြီး ပြောနေလည်း ဆွေဆွေခင်သာ စိတ်ဓါတ် သေးသိမ်ရာ ကျမှာမို့ ပြောမနေချင်ပါ။

သူ သူ့သူငယ်ချင်းတွေ အပေါ် ချစ်ပုံကတော့ ပြောမနေချင်တော့ပါ။ ဆွေဆွေခင်က သွားစရာ ရှိလို့ လာခေါ်ခိုင်းထားကို မေ့ပြီး သူငယ်ချင်း ခေါ်ရာ ပါသွားတတ်တာကလည်း ခဏ ခဏပင်။ ဆွေဆွေခင်က စိတ်ကောက်တတ်သူ မဟုတ်သောကြောင့် စိတ်ဆိုးပြီး တစ်ခွန်း နှစ်ခွန်း ပြောပြီးတာနှင့် ပြီးခဲ့သူပါ။ သူငယ်ချင်း အမေ နေမကောင်းတာတို့ သူငယ်ချင်း အဖေ လေဖြတ်တာတို့ ဘာတို့ အတွက်လည်း ကိုယ်ဖိ ရင်ဖိ ကူညီတတ်သည်။ အထူးသဖြင့် ဆွေဆွေခင်နှင့်လည်း စတိတ်တုန်းက ကျောင်းနေဘက် ဖြစ်ဖူးသော သူငယ်ချင်း ကောင်းသစ်နှင့် သူက ပိုတွဲကြသည်။ ကောင်းသစ်က ကောင်မလေး တစ်ယောက်ကို လိုက်တော့လည်း သူက သူ့ ကိစ္စလိုပင် အကြံဥာဏ် တွေ ပေးပြီး စိတ်ပါ လက်ပါ ကူညီခဲ့သည်။ ကောင်းသစ်နှင့် ကောင်မလေး ပြေလည်သွားပြန်တော့ သူ့မှာ တစ်ယောက်တည်း ကျန်ခဲ့သလို ဖြစ်ပြီး ငေးနေ ငိုင်နေ သေးသည်။ အဲဒီနောက် ထူးဆန်းတာ တစ်ခုက ဆွေဆွေခင်ကို လိုက်ခဲ့ဖူးသော ကောင်လေး နှင့် သူနှင့် သူငယ်ချင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ထို ကောင်လေးက ဆွေဆွေခင်ကို လုံးဝ လက်လျော့ လိုက်ပါပြီ။ သူနှင့်တော့ တော်တော်ခင်သွားပြီး သွားအတူ လာအတူ ဖြစ်သွားခြင်း ဖြစ်သည်။

ချစ်သူချင်း နှစ်ကိုယ်ကြား ခဏခဏ တွေ့ဖြစ်ပေမယ့် အဲဒီလို ဆွေဆွေခင် စကားပြောတာကို သူက ထိုင်နားထောင် နေတာကလွဲလို့ သူများ စုံတွဲတွေလို လက်ကလေး ကိုင်တာ၊ ပခုံးလေး ဖက်တာမျိုး ယုယုယယ လည်း မရှိခဲ့ပါ။ ဆွေဆွေခင်ကလည်း အဲလို နေချင်လှချည်ရဲ့ မဟုတ်ပေမယ့် သူ့ကို တော့ အတော်ကို အံ့သြမိခဲ့ရပါသည်။ ဘယ်လို ယောက်ျားမျိုး ပါလိမ့်မလဲ...။ စောင့်စည်း ထိန်းသိမ်း နိုင်စွမ်း ကြီးမားတာလား..။ ဆွေဆွေခင်ကို စိတ်ကို မဝင်စားတာလား..။ ဘာပဲဖြစ်ဖြစ် သူ့ဘက်က အဲလို နေတယ် ဆိုတာကပင် ဆွေဆွေခင် အတွက် လုံခြုံ စိတ်ချရဖို့ပဲ မဟုတ်လား။ သူ့ကိုလည်း ကျေးဇူးတင်ပါသည်။ သို့ပေမယ့် သူက ကားလမ်းကူးလျှင် လက်ဆွဲကူးတာ လောက်က လွဲပြီး ဆွေဆွေခင် အသားကိုပင် သိပ်မထိချင် သလို ဆိုတော့လည်း စိတ်ထဲ တစ်မျိုးတော့ ဖြစ်မိတာပင်။ ဆွေဆွေခင်တို့ နှစ်ယောက်က တကယ်ပင် ရှေးခတ်က စုံတွဲတွေလို ပဝါတစ်ကမ်း၊ လက်တစ်လှမ်း နေကြတာပါ။ ချစ်သူ ဖြစ်နေတာပေမယ့် သူငယ်ချင်းနှစ်ယောက် သွားလာနေတာနှင့် ဘာမှ မခြားခဲ့ပါ။
#######

နောက်ဆုံးနှစ် ရောက်တော့ သူက ပြောလာသည်။ သူ့ဘက်ကတော့ သူ့အမေကို ပြောပြီးသားမို့ မဆွေ မိဘတွေကို ဖွင့်ပြောပါတော့ တဲ့။ ဆွေဆွေခင်လည်း မိဘတွေကို အရိပ်အမြွက် လောက်တော့ ပြောထားပြီးသား၊ ဘာမှလည်း မကန့်ကွက်ကြတာမို့ စိတ်ပူစရာတော့ မရှိပါ။ သူ့မှာ အဖေ မရှိတော့ပဲ အမေ သာ ရှိတော့သည်။ သူ့အမေက စီးပွားရေး လုပ်ငန်း တစ်ခုကို ဦးဆောင်လုပ်ကိုင်နေသော ထက်ထက်မြက်မြက် အမေမျိုး ဖြစ်သည်။ သူ့ အမေကို လိုက်တွေ့ပါ ဆိုတော့ သဘောတူတယ် ဆိုတာ သူပြောလို့ ကြားထားရပေမယ့် ဆွေဆွေခင် ဘက်က နည်းနည်းတော့ စိုးရိမ် မိတာပင်။

တကယ် တွေ့ကြည့်တော့ သူ့ အမေက သူပြောထား သလိုပင် တကယ်ကို သဘောကောင်းပါသည်။ လူလတ်တန်းစားလောက်သာ ဖြစ်သော အစိုးရအရာရှိ များဖြစ်ကြသည့် ဆွေဆွေခင် မိဘတွေထက် ပို ချမ်းသာပေမယ့် ဆွေဆွေခင်ကို အထက်ဆီးက ဆက်ဆံတာမျိုး မရှိပါ။ “သားကို လက်ခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် သမီးရယ်၊ သား အကြောင်း သမီးလည်း သိတယ် မဟုတ်လား၊ သူက ရေခဲတုံး ပဲ၊ စကားလည်း သူ စိတ်ဝင်စားမှ ပြောတာ၊ မိန်းကလေးတွေ အကြိုက်လည်း သိပ်သိတာ မဟုတ်ဘူး၊ အန်တီက သူ့ကို ရည်းစားမှ ရပါတော့ မလားလို့ စိုးရိမ် နေရတာ၊ သမီး နဲ့ ချစ်သူတွေ ဖြစ်နေပြီ ဆိုတော့ ဝမ်းသာ လိုက်ရတာ”  သူ့အမေက ပြောတော့ သူက “အမေကလည်း ဗျာ..” ဆိုပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူ့အမေက မာနလည်း မကြီး၊ ဟန်ဆောင် ပန်ဆောင်လည်း မရှိပဲ စကားပြောလည်း ဖော်ရွေပါသည်။ ပထမ တစ်ခါ တွေ့တာနှင့်ပင် ဆွေဆွေခင်က သူ့အမေကို ခင်မင် သွားခဲ့ပါသည်။

သူ့ကို ဆွေဆွေခင် တို့ အိမ်သို့ ခေါ်သွားတော့ သူလည်း ထုံးစံအတိုင်း စိတ်လှုပ်ရှား နေခဲ့သည်။ သူ အဲလို စိတ်လှုပ်ရှား တတ်တာကို ဆွေဆွေခင် အရင်က တစ်ခါမှတောင် မမြင်ဖူးပါ။ သူက ဆွေဆွေခင် ရှေ့မှာဆို အမြဲတစေ ရေခဲတုံးပဲ မဟုတ်လား..။ ဆွေဆွေခင့် အိမ်မှာ စကားပြောဆို ကြတော့ သူ့နဂို ပုံစံကိုက ရည်မွန် အေးဆေး သူမို့ ဖေဖေတို့ မေမေတို့ကလည်း သဘောကျကြပါသည်။ သူကလည်း ဆွေဆွေခင်ထက် ဖေဖေတို့ မေမေတို့နဲ့တောင် ပို အဖွဲ့ကျသေးသည်။ ဆွေဆွေခင်တို့ အချစ်ခရီးလမ်းကတော့ အများ အားကျရလောက် အောင်ပင် အတားအဆီး အနှောက်အယှက် မရှိခဲ့ပါ။

အဲဒီနောက် သူ့အမေက ဆွေဆွေခင်တို့ အိမ်ကို လာပြီး နှစ်ဖက် မိဘ တွေ့ဆုံခဲ့ကြသည်။ ကျောင်းပြီးလျှင် လက်ထပ်ပေးဖို့ နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်။ တကယ်တော့ ဆွေဆွေခင်က ကျောင်းပြီးတာနှင့် ချက်ချင်း လက်မထပ်ချင်သေးပါ။ ဘွဲ့လွန် ဆက်တက်ပြီး ဆရာမ လုပ်ဖို့ စိတ်ကူးထားသည်မို့ ဘွဲ့လွန်ပြီးမှ လက်ထပ်ချင်သည်။ သူ့ဘက်ကလည်း ဆွေဆွေခင့် သဘောအတိုင်း သိပ်မလောနှင့် ဆိုလည်း ပြဿနာ မရှိကြောင်း ပြောသည်။ သို့သော် သူ့အမေက သူ့ကို မြန်မြန် လက်ထပ်စေချင်သည်။ ဆွေဆွေခင့် မိဘတွေကလည်း နှစ်ဦးနှစ်ဘက် ပြေလည်နေမှတော့ အချိန်ဆွဲနေဖို့ အကြောင်းမရှိ ဆိုပြီး သူ့အမေ ဆန္ဒကို သဘောတူကြသည်။ နှစ်ယောက်လုံး ကျောင်း ဆက်တက်ချင်လျှင်လည်း လက်ထပ်ပြီးမှ ဆက်တက်လို့ ရသည်ဟု တစ်ညီတညွတ်တည်း ပြောနေကြသောကြောင့် နောက်ဆုံးတော့ ဆွေဆွေခင်တို့ ဘက်က လျော့ပေးလိုက်ရသည်။
#######

လက်ထပ်ပွဲ အတွက်လည်း ဆွေဆွေခင် တို့ နှစ်ယောက်က ဘာမှကို မစီစဉ်လိုက်ရပဲ နှစ်ဖက်မိဘက အားလုံး အဆင်သင့် ဖြစ်အောင် စီစဉ်ပေးထားခဲ့သည်။ အထူးသဖြင့် သူ့အမေက အစစ အားလုံး စီစဉ်သည်။ ဆွေဆွေခင်တို့ နှစ်ယောက်ကတော့ လက်စွပ်ဒီဇိုင်း ရွေးတာနှင့် အင်္ကျီသွားတိုင်းတာ လောက်သာ လုပ်ခဲ့ရသည်။ ဆွေဆွေခင့်ဘက်က မြန်မြန် ဆန်ဆန် အိမ်ထောင်သည် ဖြစ်ရမှာကို ကြောက်လန့်သလိုလို နှင့် မပျော်နိုင်ဖြစ်နေသလို သူ့ဘက်ကလည်း မျက်နှာ မရွှင်မလန်းနှင့် တစ်မျိုး ဖြစ်နေသည်။ သူလည်း တကယ်တမ်း အိမ်ထောင့် တာဝန်ကို ယူရတော့မယ် ဆိုတော့ လန့်နေတာ ဖြစ်နိုင်သည်။ ဘေးလူတွေက ကြည့်လျှင် ဆွေဆွေခင်တို့ နှစ်ယောက်က မိဘ ပေးစားလို့ မကြိုက်ပဲ ယူရတော့မယ့် စုံတွဲလိုတောင် ဖြစ်နေသည်။ တက်ကြွနေသူတွေက နှစ်ဖက်မိဘတွေ ဖြစ်နေပြီး ကာယကံရှင်တွေကတော့ ခပ်ငြိမ်ငြိမ် ဖြစ်နေသည်။

မနက်ပိုင်း မင်္ဂလာဧည့်ခံပွဲ နှင့် ညပိုင်း Dinner နှစ်ခုစလုံး ခမ်းခမ်းနားနား နှင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။ သူ့သူငယ်ချင်းတွေရော ဆွေဆွေခင့် သူငယ်ချင်းမတွေရော အားလုံး ပျော်ပျော်ပါးပါး တက်ရောက်ခဲ့ကြပါသည်။ ကောင်းသစ် နှင့် ကောင်မလေး လည်း မကြာခင် လက်ထပ်ကြတော့မည်ဟု ကြားသည်။ ဆွေဆွေခင်ကို ကြိုက်ဖူးသော သူ့သူငယ်ချင်း ကောင်လေးလည်း လာသည်။ သူ့သူငယ်ချင်းတွေက ဒီတစ်ညတော့ သူ့ကို နှိပ်စက်ရဦးမည်ဟု ဆွေဆွေခင်ကို ခွင့်တောင်းတော့ ဆွေဆွေခင် ကလည်း ပြုံးပြုံးလေး ခွင့်ပြုခဲ့ပါသည်။ သူ့ကို သူ့သူငယ်ချင်းတွေနှင့် ပတ်သက်ပြီး ဘယ်သောအခါကမှ ဆွေဆွေခင် ပြောမရ၊ တားမရခဲ့ပါ။

မင်္ဂလာဦးညက သူ ဘယ်အချိန် ပြန်ရောက်လာသည်ကို ဆွေဆွေခင် မသိတော့ပါ။ မနက် အစောကြီးကတည်းက အလှတွေ ပြင်နေရပြီး ပွဲကလည်း နှစ်ပွဲ ဆက်တိုက်မို့ လူကလည်း ပင်ပန်းနေတော့ ဝတ်စုံတွေ ဘာတွေ လဲပြီးသည်နှင့် မင်္ဂလာ အိပ်ရာ ပေါ်မှာ လှဲချလိုက်သည်နှင့် အိပ်ပျော်သွားခဲ့သည်။ အမှန်တကယ်တော့ သူကလည်း မနက်မိုးလင်းကာနီးမှ ပြန်ရောက်လာခြင်း ဖြစ်သည်။ ကောင်းသစ်က ဖုန်းဆက်ပြီး တောင်းပန်သောကြောင့် သိခြင်း ဖြစ်သည်။ အဲဒါနှင့် ပတ်သက်လို့တော့ ဆွေဆွေခင်က ဘာမှ ပြောနေဖို့ မရှိပါ။ ပြောဖို့ အချိန်လည်း မရှိတော့ပါ။ ဒီနေ့မနက်မှာ ဟန်နီးမွန်း အဖြစ် ချောင်းသာ သွားဖို့ စီစဉ်ထားသောကြောင့် နှစ်ယောက်သား ပစ္စည်းတွေ ပြင်ဆင်ပြီး ကားနှင့် ထွက်ခဲ့ကြသည်။ မနက်စာကိုလည်း လမ်းမှာပဲ ဝင်စားလိုက်ကြသည်။

အဲဒီတုန်းက ချောင်းသာ ဆိုတာ အခုလောက်အထိတော့ မစည်ကားသေး။ ဖွင့်ကာစသာ ရှိသေးသည်။ သို့ပေမယ့် ဆွေဆွေခင်တို့ သွားသည့် အချိန်မှာ လာသည့်သူ တော်တော်များသည့် အချိန် ဖြစ်နေသည်။ ဆွေဆွေခင့်ကို ဧည့်ခန်းမှာ ထိုင်ခိုင်းပြီး သူက အခန်းသွားယူသည်။ ကြိုမှာထားသည်ဟု ထင်သော်လည်း အခုတော့ မဟုတ်ပါ။ လူများနေသောကြောင့် နှစ်ယောက်ခန်းမရတော့ပဲ တစ်ယောက်ခန်း နှစ်ခန်းသာ ရသည်ဟု သူကပြောသည်ကို ဆွေဆွေခင်လည်း ဘာမှ မစဉ်းစားတော့ပဲ မြန်မြန် နားချင်တာနဲ့ပဲ ကိုယ့်အခန်းထဲကိုယ် ဝင်နေလိုက်သည်။ ခဏနေမှ ကမ်းခြေကို ဆင်းဖို့ သူက လာခေါ်သည်။ နောက်တော့ နှစ်ယောက်သား အပျော်ကြီး ပျော်ပြီး ရေထဲ ဆင်းလိုက်ကြ၊ ဓါတ်ပုံရိုက်လိုက်ကြနှင့် မင်္ဂလာဦးညက သူ ပြန်မလာတာ အတွက် ရော၊ နှစ်ယောက်ခန်း ကြိုမှာ မထားတာအတွက် ရော ဆွေဆွေခင် စိတ်ဆိုးဖို့ မေ့သွားပါသည်။

အံ့သြစရာကောင်းသော ဟန်းနီးမွန်း ခရီး ဖြစ်ခဲ့ပါသည်။ သူသည် ဆွေဆွေခင့် အခန်းထဲသို့ တစ်ခါမှ ဝင်မလာခဲ့ပါ။ ဆွေဆွေခင်ကလည်း ဒါကို ထူးဆန်းသည်ဟု မထင်ခဲ့ပါ။ နည်းနည်းတော့ အံ့သြပါသည်။ သူအမေ ဖုန်းဆက်သော အခါမှာ မေးသော စကားကြောင့် ပို၍ အံ့သြရပါသည်။ “အဆင်ပြေရဲ့လား သမီး၊ သားက သမီး အခန်းထဲကို ဝင်ရဲ့လား”  တဲ့။ ဒါက ဘယ်လို စကားမျိုးပါလဲ။ မင်္ဂလာဦးညက ပြန်မလာတာကိုလည်း သူ့အမေ သိသည်။ အခု တစ်ယောက်တစ်ခန်း နေတာကို လည်း သူ့အမေ သိနေပါသည်။ “အမေ့ သားက သမီးကို အခုထိ ထိကို မထိသေးတာ အမေ” လို့ ဆွေဆွေခင်က ပြန်ပြောရမှာလား...။ မကောင်းဘူး ထင်သည်။ အဆင်ပြေအောင် ပြန်ပြောလိုက် ပြီးမှ မူမမှန်တာ တစ်ခုခုကို ခံစားမိသလို ဖြစ်လာသည်။ ဘာကြောင့်လဲ...။ သီဟနိုင်က မိန်းမ တစ်ယောက်ကို ထိဖို့ ဒီလောက် ကြောက်ရွံတတ်သူ တစ်ယောက်လား။ သူ့မှာ စိတ္တဇ တစ်ခုခု ရှိတာလား...။ ဘာများလဲ...။ ဆွေဆွေခင် အတွက် တွေးစရာတွေ ဖြစ်လာသည်။

ဆွေဆွေခင်တို့ ချောင်းသာမှာ ငါးရက် နေပြီး ပြန်ခဲ့ကြသည်အထိ တစ်ယောက် တစ်ခန်းသာ နေခဲ့ပါသည်။ တကယ်တော့ ဟိုတယ်မှာ နှစ်ယောက်ခန်းတွေ အများကြီး ကျန်ပါသည်။ ဆွေဆွေခင်က ဟိုတယ်မှာ မေးကြည့်တော့မှ သိရခြင်းဖြစ်သည်။ သူ့ကိုတော့ ဘာမှ ပြောမနေတော့ပါ။ သောင်ပြင်ပေါ်မှာ လက်တွဲပြီး လျှောက်သွားတာက လွဲပြီး သူက ချစ်သူဘဝကလိုပင် စောင့်ထိန်းနေဆဲ။ သူ့ကို ကြည့်ရတာလည်း ဆွေဆွေခင် ပျော်သလို ပျော်ချင်ဟန် ဆောင်နေပြီး စိတ်ထဲမှာတော့ အကြောင်းတစ်ခုခု ကြောင့် စိတ်ညစ်နေသလိုပင်။ ဆွေဆွေခင် သူ့ကိုလည်း ဖွင့်မမေးချင်ပါ။ သူက မပြောချင်သော အကြောင်းအရာကို ဆွေဆွေခင်က မစပ်စုချင်ပါ။ ဆွေဆွေခင်က ပုံစံက မိန်းမ ပီသသော်လည်း စိတ်က ယောက်ျားလေးဆန်သောကြောင့် မိန်းမဆန်သော စိတ်ဓါတ်တွေ သိပ်မထားချင်ပါ။ သူ ဘာကြောင့် ဆွေဆွေခင်နှင့် တစ်ခန်းထဲ မနေချင်ရသလဲ ဆိုတဲ့ အကြောင်း သူ့ကို မေးဖို့ ကျတော့လည်း တစ်မျိုး ဖြစ်နေသည်။ ဆွေဆွေခင်ကပဲ ဒီကိစ္စကို စတင်ရမည့်သူ လို ဖြစ်နေသောကြောင့် မမေးဖို့ ဆုံးဖြတ်လိုက်သည်။
#######

ဆွေဆွေခင် ကျောင်းဆက်တက်ခွင့် ရသောကြောင့် ကျောင်းဆက်တက်ရသည်။ ကျောင်းတက်နေတုန်း ကလေးတွေ ဘာတွေ မရှိတာလည်း ကောင်းတာမို့ ဆွေဆွေခင်တို့ နှစ်ယောက် အခြေအနေကို ဘယ်သူ့ကိုမှ ဘာမှ ပြောမပြခဲ့ပါ။ ရှက်စရာလည်း ကောင်းသည် မဟုတ်လား။ သူကတော့ ကျောင်းဆက်မတက်တော့ပဲ သူ့အမေ အလုပ်မှာပဲ ဝင်လုပ်နေသည်။ သူ့အမေကြီးကတော့ မကြာခဏ ဖုန်းဆက်ပြီး ဂရုစိုက်ရှာသည်။ သူ့အမေက အတူနေစေချင်သော်လည်း သူက မနေချင်သောကြောင့် ခုလို တိုက်ခန်း တစ်ခန်း ဝယ်ပေးပြီး ဆွေဆွေခင်တို့ နှစ်ယောက်ကို သပ်သပ်နေခွင့် ပြုလိုက်ရခြင်း ဖြစ်သည်။ အခုမှ ဆွေဆွေခင် တွေးမိသည်က သူက သူ့အကြောင်း သိမှာစိုးသောကြောင့် ခွဲနေခြင်း ဖြစ်လိမ့်မည် ထင်သည်။ မိန်းမ တစ်ယောက် အတွက် အိပ်ရာထဲက ကိစ္စက အရေးမကြီးပါ။ ကိုယ် ချစ်သောသူ နှင့် အတူတကွ နေရခြင်းကပင် နှစ်သိမ့် ကျေနပ်စရာ ဖြစ်နေပါပြီ။ သူက သူ့အတွက် အခန်းငယ် တစ်ခန်းပြင်ပြီး အိပ်သည်ကို ဆွေဆွေခင်ကလည်း ဘာမှ မပြောပါ။ နှစ်ယောက် အိပ်ခန်းမှာ တစ်ယောက်တည်း ကျယ်ကျယ်ဝန်းဝန်း နေသည်။ ဆွေဆွေခင်က ညနက်သည်အထိ တီဗွီကြည့်၊ စာဖတ်တတ်သူမို့၊ စောစောအိပ်တတ်သော သူ့ကိုလည်း အားနာစရာ မလိုဟု တွေးသည်။ သူ့ကိုလည်း ပြဿနာ မရှာပါ။

သို့သော် သူ့အမေက အဲဒီအကြောင်းကို ဆွေဆွေခင်တို့အိမ် လာလည်ရင်းနှင့် ရိပ်မိသွားပါသည်။ ဘာမှတော့ ပြောမသွားပါ။ နောက်နေ့မှ သူ့ကို အိမ်ခေါ်ပြီး ဆူပုံရပါသည်။ သူ အတော် စိတ်ညစ် လက်ညစ်နှင့် ပြန်လာတာကို သိလိုက်ပါသည်။ ဆွေဆွေခင်ကိုလည်း ကော်ဖီဆိုင် တစ်ဆိုင်မှာ ချိန်းပြီး သူ့အမေက တောင်းပန်ပါသည်။ သူ့သားမှာ ပုံမှန် မဟုတ်တဲ့ စိတ်မျိုး ရှိနေတဲ့ အကြောင်း၊ ခြောက်နေတာတော့ မဟုတ်ကြောင်း၊ အခု ဆရာဝန်ဆီ ခေါ်သွားပြပြီး ဆေးသောက်ခိုင်းထားကြောင်း၊ သူ့သားကိုလည်း အဲလို မနေဖို့ ဆူထားပြီးပြီ ဖြစ်ကြောင်း၊ သမီးက ခဏလောက် သည်းခံ နေပေးဖို့ စသည်ဖြင့် သူပြောချင်တာတွေ တရစပ်ပြောပြီး တောင်းပန်တော့ ဆွေဆွေခင်က ကိစ္စမရှိသည့် အကြောင်း ပြန်ပြောရသည်။ ပြောရင်း ပြောရင်းနှင့် သိလာရသည်မှာ သူ့အမေက သူ ငယ်ငယ်ကပင် ရိပ်မိသိရှိပြီး ချော့တလှည့် ခြောက်တလှည့်နှင့် ယောက်ျားပီသအောင် ပြောင်းလဲပေးထားရခြင်း ဖြစ်သည်။ နာမည်ကိုပင် ယောက်ျားဆန်သော သီဟနိုင် ဆိုသော နာမည်ကို ပေးထားခြင်း ဖြစ်သည်။ အဲဒါကြောင့်လည်း သူ့မှာ ယောက်ျားမပီသ သော လေသံ အမူအယာ တစ်ခုမှ မရှိခြင်း ဖြစ်သည်။

သူ့အကြောင်းကို ခုတော့ ဆွေဆွေခင် ကကြီး ကနေ အ အထိ သိပါပြီ။ အခုမှပဲ အရင်က မစဉ်းစားချင်သဖြင့် မစဉ်းစားပဲ ထားသည်များကို စဉ်းစားမိခြင်း ဖြစ်သည်။ သူက သူ့အမေ စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲပြီး နေခဲ့သော်လည်း သူ့စိတ်ကတော့ ဘယ်လိုမှ မပြောင်းခဲ့ပါ။ သူ့အမေကလည်း မသင်္ကာ သဖြင့် သူ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။ သူ့အမေက သူ့ကို ချစ်သူ ရည်းစား ထားစေချင်နေသောအခါ သူက အနီးအနားတွင် ရှိသော ဆွေဆွေခင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ့မှာ ချစ်သူ ကောင်မလေး ရှိနေပြီ ဆိုတာ သိသောအခါမှ သူ့အမေက စိတ်ဒုန်းဒုန်း ချလိုက်နိုင်ခဲ့သည်။ တကယ်တမ်းတော့ သူက ဆွေဆွေခင်ကို ချစ်သူ ထားလိုက်ခြင်းမှာ သူ့အမေ စိတ်ချအောင်၊ ပတ်ဝန်းကျင်မှာ အမြင်ကောင်းအောင်၊ သူ့ မူရင်းစိတ်ကို ဖုံးကွယ်ဖို့ သက်သက် ထားခဲ့ခြင်းသာ ဖြစ်သည်။ သူ ဆွေဆွေခင်ကို ဘယ်သော အခါကမှ မချစ်ခဲ့ပါ။ သူ စိတ်ဝင်စားသည်မှာ ကောင်းသစ်တို့၊ သူ့ သူငယ်ချင်း ဆိုသော ကောင်လေး တို့ သာ ဖြစ်သည်ကို အခုတော့ ဆွေဆွေခင် သိပါပြီ။

အခုမှတော့ ဆွေဆွေခင် ဘာတွေ ပြင်ဆင်လို့ ရနိုင်ပါဦး မလဲ။ သူ့အမေ ပြောသလိုပဲ သူ့စိတ်ပြောင်းလာမှာကို ဆက်စောင့်ရမှာလား။ ကျွန်မ လက်ထပ်မိတာ အခြောက် တစ်ယောက် ဖြစ်နေလို့ပါ ဆိုပြီးတော့ ကွာရှင်းလိုက်ရမှာလား..။ ဆွေဆွေခင့် စိတ်ထဲ တစ်မျိုးတမည်တော့ မကျေမနပ် ဖြစ်မိပေမယ့် ခုအတိုင်း နေသွားဆိုလည်း နေသွားနိုင်ပါသည်။ သူ့ဘက်က ဘယ်လိုစိတ်နဲ့ လက်ထပ်ခဲ့သည် ဖြစ်စေ ဆွေဆွေခင့် ဘက်ကတော့ သူ့အပေါ် အစကတည်းက စိတ်ရင်းနဲ့ ချစ်ခဲ့ခြင်းသာ။ သူ့ကို တွေ့ကတည်းက သတ်မှတ် ပြဌာန်းပြီး ဖြစ်ခဲ့သော အဲဒီ ချစ်ခြင်း တစ်ခုဟာ လွယ်လွယ်နဲ့လည်း ပျောက်ကွယ် သွားနိုင်မှာ မဟုတ်ပါ။ သူကလည်း သူ့စိတ်သူ မနိုင်ပေမယ့် သူများတွေလို အများအမြင် သိသာသည် အထိ သူချစ်သော ယောက်ျားများနှင့်လည်း ပြောဆို နေထိုင်တတ်သူ မဟုတ်ပါ။ ရိုးရိုးတန်းတန်း သူငယ်ချင်း အချင်းချင်းလိုပင် ပြောဆို ဆက်ဆံကြခြင်း ဖြစ်သည်။ သူ့သူငယ်ချင်း များရော အဲဒီအကြောင်းကို သိသလား၊ မသိသလား ဆိုတာလည်း ဆွေဆွေခင် မသိပါ။ ကိုယ့်ယောက်ျားနှင့် ပတ်သက်ပြီး အဲလို ကိစ္စမျိုးကို မေးမြန်းကြည့် လို့လည်း ကောင်းသော အရာ မဟုတ်ပါ။

စာမေးပွဲနီးတော့ စာမေးပွဲကို အကြောင်းပြပြီး ဆွေဆွေခင် ကျောင်းဆောင်ကို ပြောင်းနေခဲ့သည်။ သူလည်း စိတ်လွတ်ကိုယ်လွတ် ရှိအောင်လို့ပါ။ မဟုတ်လျှင် သူ့ကြည့်ရတာ အမြဲတမ်း စိတ်ကျဉ်းကျပ် နေသလို ထင်ရသည်။ သူ့ပါးစပ်က ဖွင့် မတောင်းပန်သော်လည်း သူ ဆွေဆွေခင်ကို အားနာနေသည်ကို ဆွေဆွေခင် သိပါသည်။ စာမေးပွဲပြီးတော့ ခဏ အိမ်ပြန်နေလိုက်ပြီး သီးစစ် လုပ်သည့်အချိန်ကျတော့လည်း အကြောင်းပြကာ အဆောင်သွားနေလိုက်သည်။ သူ့အမေကတော့ အိမ်မှာပဲ နေပါဆိုပြီး လိုက်ခေါ်သေးသည်။ သို့သော် စာတမ်းပြုစုဖို့ အရေးကြီးကြောင်း အကြောင်းပြလိုက်တော့ ထပ်မပြောတော့ပါ။ သူက သူ့အမေအိမ် ခဏပြန်နေသည်။

ဆွေဆွေခင် မာစတာ ပြီးတော့ ကံကောင်းထောက်မပြီး ဆရာမ အလုပ် တန်းရသွားသည်။ သူများတွေက နယ်မသွားချင်ပေမယ့် ဆွေဆွေခင်ကတော့ နယ် သွားချင်သည်။ သို့သော် နယ်သွားချင်ပါသည် ဆိုမှ မသွားရသေးပဲ ရန်ကုန်မှာပဲ နေနေရသည်။ အကြောင်းပြစရာလည်း မရှိတော့ချိန်မှာ နှစ်ယောက်သား အိမ်မှာ ပြန်နေကြမယ် လုပ်တော့ သူ့အမေက သူ့အိမ်မှာပဲ လာနေဖို့ ပြောသဖြင့် ဟိုအိမ်ကို အငှားထားလိုက်ပြီး သူ့အမေအိမ် ပြောင်းနေဖြစ်ကြသည်။ သူ့အမေကလည်း တစ်ယောက်တည်း နေသူမို့ တကယ်တော့ အစကတည်းက အတူနေချင်ခဲ့သည်။ အဲဒီမှာ နှစ်ယောက်သား မောင်နှမ တွေလို နေကြသည်။ သူ့အမေကလည်း မသိချင်ယောင်ဆောင်နေသည်။ ဘာမှ ပြဿနာ မရှိဟု ဆွေဆွေခင် ထင်ခဲ့သည်။

သို့သော် သူ့ ရင်ထဲက အကြိတ်အခဲက ဘယ်တော့မှ မပြေပျောက်နိုင်သည့် အကြောင်း ဆွေဆွေခင် မသိခဲ့ပါ။ သူက သူ့စိတ်ကို သူလည်း မုန်းနေခဲ့သည်။ သူ မဖြစ်ချင်သည့်စိတ်ကို မဖြစ်အောင် မထိန်းနိုင်ပဲ သူလိုချင်သော ပုံမှန်ဘဝကိုလည်း ရအောင် မကြိုးစားနိုင်ပဲ ဖြစ်နေသည်။ သူ့ အသိစိတ်က ဆွေဆွေခင်နှင့် ပုံမှန် နေထိုင်ချင်သော်လည်း အတွင်းစိတ်က လက်မခံနိုင်ပဲ ဖြစ်နေသည်။ သူ့အတွင်းစိတ် သဘာဝကို ပွင့်ထွက်မလာအောင် တစ်သက်လုံး ထိန်းသိမ်းနေရသည့် သူ့စိတ်၏ ပဋိပက္ခကို ကြာတော့ သူ မခံနိုင် ဖြစ်လာသည်။ ဆွေဆွေခင်၏ မိဘတွေနှင့် တွေ့တိုင်းလည်း ဘာလို့ ကလေး မယူကြသေးတာလဲလို့ မေးကြတာကို ပြန်မဖြေနိုင်။ ကောင်းသစ်နှင့် သူ့ကောင်မလေးတောင် လက်ထပ်ပြီးလို့ ကောင်မလေးမှာ နေ့စေ့လစေ့ ကိုယ်ဝန်နှင့် ဖြစ်နေတာကို ဈေးဝယ်ထွက်ရင်း သူတို့ နှစ်ယောက် တွေ့ခဲ့ရသေးသည်။ အဲဒါကို မြင်ပြီးတော့ သူ့စိတ်ထဲမှာ သူ့အပြစ်ကို သူ ပိုခံစားလာရသည်။
#######

တစ်နေ့တော့ သီဟနိုင် အိမ်က ထွက်သွားခဲ့သည်။ ခါတိုင်းလိုပဲ ညစာစားပွဲ ရှိလို့ နောက်ကျပြီး သူငယ်ချင်းတွေ အိမ် ပါသွားသလား ထင်ပေမယ့် ဖုန်းဆက်ကြည့်တော့ မဟုတ်ပါ။ သူ့အမေနှင့် ဆွေဆွေခင်တို့ နှစ်ယောက်သား သူ သွားမည် ထင်သည့် နေရာတွေမှာ လိုက်ရှာရသည်။ သို့သော် အရိပ်အရောင်မှ မတွေ့ပါ။ ခရီးဆောင်အိတ် ယူသွားတာ သိတော့မှ စိတ်ညစ်စရာ ရှိလို့ စိတ်ပြေလက်ပျောက် ခရီးများ ထွက်သွားသလား ဆိုပြီး မရှာတော့ပဲ ထားလိုက်ကြသည်။ သူ့အခန်းထဲမှာ သေချာရှာကြည့်တော့မှ ဆွေဆွေခင် အတွက် စာတစ်စောင်နှင့် အတူ သူ လက်မှတ်ထိုးထားသော ကွာရှင်းစာချုပ် ကို တွေ့ရသည်။
“ဒီအချိန်ထိ ကိုယ့်ကို သည်းခံပေးခဲ့တဲ့ မဆွေကို ကျေးဇူးတင်ပါတယ်။ မဆွေနဲ့ ဆိုရင် သာယာပျော်ရွှင်တဲ့ ဘဝ တစ်ခု တည်ထောင်နိုင်မယ်လို့ ယုံကြည်ပြီး လက်ထပ်ခဲ့တာပါ။ ခုတော့ မဆွေကို ဒုက္ခ ပေးသလို ဖြစ်ခဲ့ရလို့ တောင်းပန်ပါတယ်။
ကိုယ်လည်း မဆွေကို ချစ်ဖို့ အများကြီး အချိန်ယူ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မရခဲ့ပါဘူး။ ကိုယ့်ရဲ့ အတိတ်ဘဝ ဝဋ်ကြွေးက အတော်ကြီးတယ် ထင်ပါရဲ့၊ ဘဝ အဆက်ဆက်က အပြစ်တွေ ရှိခဲ့ရင်လည်း ကြေပါစေတော့လို့ ဆုတောင်းပါတယ်။ မဆွေ ဘေးမှာ ရှိနေရင် ကိုယ်လည်း စိတ်ဆင်းရဲ၊ မဆွေလည်း စိတ်ဆင်းရဲ နေရမှာမို့ ကွာရှင်း စာချုပ်မှာ လက်မှတ်ထိုးပေးထားခဲ့ပါတယ်။ ကိုယ် အဝေးကို ထွက်သွားပါပြီ။ မဆွေလည်း နောက်ထပ် ချစ်နိုင်မယ့်သူ တွေ့ရင် အိမ်ထောင်ပြုလိုက်ပါ...။”

နောက် ငါးရက်လောက်နေမှ သူ့အမေဆီ ဖုန်းဆက်သည်။ သူ ဘုန်းကြီး ဝတ်လိုက်ပြီ  ဆိုသည့် အကြောင်း လှမ်းပြောခြင်း ဖြစ်သည်။

အဲဒီနောက်တော့ ဆွေဆွေခင့် အိမ်ကလည်း အားလုံး သိသွားသည်။ သူက ကွာရှင်းစာချုပ် ထားခဲ့တယ် ဆိုပေမယ့် ဆွေဆွေခင် လက်မှတ်မထိုးဖြစ်သေးပါ။ အဲဒါက အရေးမကြီး ဟုထင်သည်။ အဲဒီအိမ်မှာပဲ ဆွေဆွေခင် ဆက်နေဖြစ်ခဲ့သည်။ သူ့အမေကလည်း သူ့သားအတွက် အားနာကာ ဆွေဆွေခင် အပေါ် သမီး အရင်းထက်ပင် ပိုကောင်း ခဲ့သည်။ အေးအေး ဆေးဆေး ဖြစ်သွားချိန်မှာ သူ ဘုန်းကြီး ဝတ်နှင့် အိမ်ကို ကြွကြွလာသည်။ ဆွေဆွေခင် တို့လည်း ဆွမ်းတွေ ဘာတွေ ကပ်လိုက်ကြသည်။ စိတ်ထဲမှာလည်း ဘယ်လိုမှ မနေတော့။ ဆွေဆွေခင်လည်း ကျောင်းမှာ ဆရာမ လုပ်နေတော့ ရန်ကုန်မှာ အမြဲ မနေနိုင်ပဲ နယ်ပြောင်းရသည်။ ဌာနက ဆရာမတွေက ဆွေဆွေခင်ကို အပျိုကြီး လို့ပဲ ထင်ကြသည်။ ဆွေဆွေခင်ကတော့ ဘာမှ ဖုံးကွယ် မထားပါ။ ကိုယ်ရေးရာဇဝင်ထဲမှာလည်း အိမ်ထောင်ရှိလို့ပဲ အမြဲ ဖြည့်သည်။ အမျိုးသားက ဘုန်းကြီးဝတ်သွားသည် ဆိုတော့ သူတို့ အားလုံးက အံ့သြကြသည်။ ခုချိန်ထိ အပျိုကြီး ဘဝမှာသာ ရှိနေသေးသော တခုလပ် ဆွေဆွေခင်၏ အကြောင်းကိုသာ သူတို့ သိလျှင် ဘာပြောကြမလဲ မသိပါ။

(မေမေ တို့ ဌာနကို ပြောင်းလာဖူးတဲ့ ဆရာမ တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပါတယ်။)

သိင်္ဂါကျော်

စာသင်ခန်းနံပါတ် ၆၀၈


ကျွန်မ သူငယ်ချင်း ဂျေးလ် နဲ့ ကျွန်မ ဟာ အခန်းနံပါတ် ၆၀၈ ရဲ့ ရှေ့မှာ ကစားနေတုန်း သူ့ ဆရာမ တစ်ယောက် ဖြတ်လျှောက်လာခဲ့ပါတယ်။ သူမက ကျွန်မ နဲ့ ဂျေးလ်ကို သမီးရည်းစားတွေလို့ ထင်ပြီး မှတ်ချက်ချ သွားလို့ ကျွန်မ ရှက်သွားပါတယ်။ အဲဒီနောက်တော့ ဆရာမရဲ့ မျက်လုံးတွေမှာ ကြောက်ရွံ ထိတ်လန့်မှု ပြည့်သွားပြီး ကျွန်မကို အထူးအဆန်း မြင်ရသလို စိုက်ကြည့်ခဲ့ပါတယ်။ ကျွန်မ စိတ်ထဲမှာလည်း မသက်မသာ ဖြစ်သွားပါတယ်။ ဒါပေမယ့် သူမက ဆရာမမို့ ကျွန်မ ခံစားချက်ကို ဘာမှ မပြောလိုက်တော့ပါဘူး။

သူမ ထွက်သွားပြီးတော့ ကျွန်မ ဂျေးလ်ကို တစ်ခုခု ပြောဖို့ လှည့်လိုက်တော့ သူက အရင် ကျွန်မကို ပြောပါတယ်။ “ငါလည်း ဒါကို သတိထားမိပါတယ်၊ သူက အရင်က ဒီလို မထူးဆန်းပါဘူး၊ လူတွေကိုလည်း ဒီလို စိုက်မကြည့်တတ်ဘူး”

အဲဒီည ၁၁ နာရီ ခွဲ လောက်မှာ ကျွန်မဟာ အိပ်ရာ ပေါ်မှာ လဲလျောင်းရင်း မျက်နှာကြက် ကို စိုက်ကြည့် နေတုန်း အသံတစ်ခု ကို ကြားခဲ့ပါတယ်။ “ဒီမှာ အချစ်ကလေး၊ ဒီကို လာပါလား”

ကျွန်မ တကိုယ်လုံး အေးခဲသွားပြီး ပတ်ဝန်းကျင်ကို ထိတ်ထိတ်ပြာပြာ လိုက်ရှာတော့ အနီးအနားမှာ ဘယ်သူမှ မရှိပါဘူး။ အဲဒီ အသံက ဘီဒို အနီးအနားက ထွက်ပေါ်လာတယ်လို့ ထင်ရပါတယ်။ ကျွန်မ အိပ်ရာပေါ်က အမြန် ခုန်ထပြီး ဧည့်ခန်းကို ပြေးခဲ့ပါတယ်။ ကုလားထိုင်ပေါ်မှာ ထိုင်ပြီး တံခါးပေါက်တွေ အားလုံးကို စောင့်ကြည့်နေခဲ့ပါတယ်။ ခဏလောက်နေတော့ ကြောက်စိတ်တွေ လျော့သွားပြီး အိပ်ပျော်သွားပါတယ်။

နောက်တစ်နေ့ မနက် ၅နာရီ ၄၀ မှာ ကျွန်မ နိုးလာပါတယ်။ ကျွန်မ ကွန်ပျူတာကို သုံးနေတုန်း အဲဒီ အသံကို ထပ်ကြားရပြန်ပါတယ်။ ဒီတစ်ကြိမ်တော့ အသံက ပြောနေတာ မသဲကွဲပါဘူး။ “ မင်း..  သေခြင်း...  ကျောင်း ” သူပြောတဲ့အထဲမှာ တစ်ခြား စကားလုံးတွေလည်း ပါပေမယ့် ကျွန်မက သေချာ မကြားလိုက်ပါဘူး။ အဲဒီဟာက ဘာပဲဖြစ်ဖြစ် ကျွန်မ မူမမှန်တဲ့ ပုံစံနဲ့ အပြင်ကို ပြေးထွက်ပြီး မိဘတွေကို ပြောခဲ့ပေမယ့် သူတို့က ကျွန်မကို မယုံကြပါဘူး။ ကျွန်မ ကျောင်းမသွားခင်မှာ သူတို့နဲ့ပဲ အတူတူ နေနေ ခဲ့ပါတယ်။ သူတို့က ကျွန်မကို ဘာမှတော့ မှတ်ချက် မပေးကြတော့ပါဘူး။

ကျွန်မ ဂျေးလ်ကို ထူးဆန်းတဲ့ နေရာက ထွက်ပေါ်လာတဲ့ အဲဒီ အသံနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ သူက ယုံကြည်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြခဲ့ပါတယ်။ သူက ကျွန်မစကားကို ရယ်မပစ်တာကပဲ ကျွန်မကို စိတ်သက်သာရာ ရစေပါတယ်။ အဲဒီနောက် သူ့ဆရာမက စာသင်ခန်း ထဲကို ဝင်လာခဲ့ပါတယ်။ သူက ကျွန်မကို သူ့နောက်ကို လိုက်ခဲ့ဖို့ ပြောပါတယ်။ သူက ကျွန်မကို စာသင်ခန်း ၆၀၈ ထဲကို ခေါ်သွားတာပါ။ ရောက်တော့ သူက “မင်း မနေ့ညက အသံတွေ ကြားခဲ့သလား” လို့ ကျွန်မကို မေးခဲ့ပါတယ်။

ကျွန်မ အံ့သြပြီး သူ့ကို စိုက်ကြည့်မိပါတယ်။ ကျွန်မ မနေ့ညက အသံ ကြားတဲ့ အကြောင်း သူ ဘယ်လို သိခဲ့ပါသလဲ..။
“ဘာဖြစ်လို့ ကျွန်မကို အဲဒီလို မေးတာလဲ” လို့ ကျွန်မက မေးတော့
“ဘာလို့မှ မဟုတ်ပါဘူး၊ ဒီလိုပါပဲ မေးကြည့်တာပါ” လို့ သူက ပြန်ပြောပါတယ်။

အဲဒီညကလည်း အသံကို ထပ်ကြားခဲ့ရပါတယ်။ အခုတော့ ကျွန်မ စိတ်ညစ်နေပါပြီ။ အဲဒီအသံကနေ ရုံးထွက်ချင်ပါတယ်။ အဲဒါကြောင့် ကျွန်မ ရူးချင်သလို ဖြစ်ပြီး အကျယ်ကြီး အော်ပြောလိုက်မိပါတယ်။
“မင်း အဲဒါကို ရပ်လို့ မရဘူးလား”
“မင်း ဘယ်သူပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ တစ္ဆေပဲ ဖြစ်ဖြစ်၊ မကောင်းဆိုးဝါးပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ပျောက်သွားစမ်းပါ။ ငါ့ကို လာ မနှောက်ယှက်နဲ့တော့”

အဲဒီညက တစ်ခြား အသံ ထပ်မကြားတော့ပါဘူး။

နောက်တစ်နေ့ကျ အဲဒီအကြောင်းကို ပြန်ပြောပြပြီး ဂျေးလ်ရဲ့ ဆရာမကို အဲဒီ အသံအကြောင်း မေးခဲ့ပါတယ်။ နောက်ဆုံးတော့ သူက သက်ပြင်းရှည်ကြီး ချပြီး  ပုံပြင် တစ်ပုဒ်လုံး ကို ပြန်ပြောပြခဲ့ပါတယ်။

ကျွန်မတို့ ကျောင်းကို မဆောက်ခင်က ဒီနေရာက သင်္ချီုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်မ ကြားနေတဲ့ အသံက ကျွန်မထက် သုံးနှစ်လောက် ကြီးတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အသံပါ။ ဆရာမရဲ့ အပြောအရ အဲဒီ မိန်းကလေးဟာ မြို့မှာ အချောဆုံး မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ ကား အက်ဆီးဒင့် ဖြစ်ပြီးနောက် သူမရဲ့ အလှတရားတွေ ပြောင်းလဲသွားခဲ့ပါတယ်။ မိန်းကလေးဟာ အရမ်း စိတ်ပျက်ပြီး သူ့ကိုယ်သူ ဓါးနဲ့ ထိုးပြီး သတ်သေ သွားပါတယ်။ ဆရာမ ပြောတာတော့ ဒီမိန်းကလေးရဲ့ ဝိညာဉ်ကို ပထမနေ့ မှာကတည်းက ကျွန်မ နောက်မှာ မြင်ခဲ့ပြီး သူမက ကျွန်မ ခန္ဓာကိုယ်နဲ့ မျက်နှာကို သူမကိုယ်ပိုင် ဖြစ်စေချင်တဲ့ ဆန္ဒ ရှိနေခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီစကားကို ကြားရတော့ ကျွန်မ အေးစိမ့်ပြီး ကြက်သီးထသွားပါတယ်။ ကျွန်မဟာ တစ်ခြား ကမ္ဘာက အရာတွေကို မြင်နေခဲ့တာပါလား။

အဲဒါက ဘယ်အချိန်မှာများ အဆုံးသတ်ပါ့မလဲ...။

Ting Ting ရဲ့ Classroom 608 ကို ပြန်ဆိုပါတယ်။

သိင်္ဂါကျော်

06 May, 2011

သံသယ အကျဉ်းစံ


သံသယတွေ အစီအရီ သီကုံးထားတဲ့
အဲဒီ လိုက်ကာစကိုပဲ အမြဲ ချရင်း
အခန်းကျဉ်းထဲက လှမ်းကြည့်နေသူပေါ့၊
လေစိမ်း တစ်ချက် ဝင်ရင်တောင်မှ
အဆိပ်ငွေ့တွေလို့ ထင်ချင်သေးရဲ့.. ။

မယုံသင်္ကာမှုဆိုတာ
မယုံကြည်နိုင်မှုတွေ များလာရာက မြစ်ဖျားခံခဲ့တာပါ၊
ကိုယ့်ဟာကိုယ် စွဲချက်တွေ တင် တင်ပြီး
ကိုယ့်ဟာကိုယ် သက်သေ ပြ ပြနေသူပေါ့..။

အဲဒီလိုနဲ့ပဲ
လတ်လတ်ဆတ်ဆတ် ခူးဆွတ်နေမိတာက
ဒေါသ သစ်သီးတွေပဲ ဖြစ်ဖြစ် နေပါရော..။
ဈေးကြီး ပေးပြီး ဝယ်မိတာကလည်း
လောဘသီးတွေပဲပေါ့။

ပေးသင့်တာလည်း ပေးခဲ့ပြီး
ယူသင့်တာလည်း ယူခဲ့ပြီးပါလျက်
ဝဋ်ကြွေးက မကုန်နိုင်လေလျော့သလား၊
သံသယ လိုက်ကာကြားက ထွက်ပြီး
တောရိပ်ကိုလည်း မခိုနိုင်သူပါ။

ကိုယ့်ဟာကိုယ် ဖျော်ထားတဲ့
မောဟ ဖျော်ရည်တွေ သောက်သောက်နေရင်း
မကြည်လင်တဲ့ အမြင်ကိုမှ အမှန်လို့ ထင်ချင်နေပြီး
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ် မွန်းကျပ်၊
သံသယရဲ့ အကျဉ်းတိုက်ထဲ
ကိုယ့်ကိုယ်ကိုပဲ ပိတ်လှောင် ထားသူရယ်ပေါ့..။

သိင်္ဂါကျော်

05 May, 2011

ထောင်မတ်နေဆဲ မြက်ရိုင်းတစ်ပင်


အေးမြဖြူဆိုသော နာမည်ကို အဖေ ပေးခဲ့ခြင်းဖြစ်သည်။ အေးမြဖြူက ဒီဇင်ဘာလမှာ မွေးသည်။ အေးမြဖြူကို မွေးသည့်အချိန်မှာ အိမ်ဘေးက သရက်ပင်ကြီးမှာ နွယ်တက်နေသော ဒီဇင်ဘာပန်းဖြူဖြူလေးတွေကလည်း ဖွေးနေအောင် ပွင့်နေသေကြောင့် အေးမြဖြူ ဟု ပေးခဲ့ခြင်း ဖြစ်သည်ဟု အဖေက ပြောပြဖူးသည်။ အေးမြဖြူ တို့ အဖေ ဆုံးတော့ အေးမြဖြူက ၉တန်း၊ ညီမလေးက ၇တန်း၊ မောင်လေးက ၅ တန်းသာ ရှိသေးသည်။ အမေ ဆိုတာကလည်း ချက်ဖို့ ပြုတ်ဖို့ လျှော်ဖို့ ဖွတ်ဖို့ကလွဲပြီး အပြင်လောကအကြောင်း ဘာမှ မသိသည့် တောသူ အရိုးအအ ဖြစ်သည်။ အဖေက ပန်းရန်ဆရာ လုပ်ပြီး ပေးသမျှကို အမေက စစ်စစ်စီစီနှင့် လောက်ငအောင် သုံးပြီး သားသမီးတွေ အားလုံးကို ကျောင်းထားပေးခဲ့သည်။ အသားဟင်း နေ့တိုင်း မစားရသော်လည်း ဖွယ်ဖွယ်ရာရာ စီစဉ်ပြီး နေ့စဉ် ထမင်းဘူး ထည့်ပေးနိုင်သည်။ ကျောင်းလခ ဘာညာ ပေးစရာ ရှိတိုင်းလည်း သူများ တန်းတူ ပေးနိုင်ခဲ့သည်သာ။ အဖေကလည်း သူများတွေလို အလုပ်ပင်ပန်းတယ် ဆိုပြီး အသောက်အစား ရှိသူမဟုတ်ပဲ ရသမျှ မိန်းမကိုသာ အပ်သူ ဖြစ်သောကြောင့် အေးမြဖြူတို့ သားအမိတတွေ လူတန်းစေ့လောက် နေနိုင် စားနိုင် ခဲ့ကြသည်။

လွန်ခဲ့သော တစ်လကတော့ အဖေ နေပူထဲကပြန်လာပြီး ရေချိုးရင်း ဦးနှောက်သွေးကြောပြတ်ကာ ဆုံးပါးသွားခဲ့သည်။ အေးမြဖြူတို့ မောင်နှမ တတွေ နွေကျောင်းပိတ်ရက်မို့ အိမ်မှာ ရှိနေခိုက် အချိန် အဖေက ရုတ်တရက်ကြီး ခုလိုဖြစ်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ရသည်။ ရက်လည်ပြီးသည်အထိ အမေက ငိုလို့ မဆုံး ဖြစ်နေရုံကလွဲလို့ ရှေ့ရေးအတွက် ဘာမှ မစီစဉ်တတ်ပါ။ အေးမြဖြူတို့မှာ ဆွေမျိုး ရင်းချာ ရယ်လို့လည်း အဖေ့ဘက်ကရော၊ အမေ့ ဘက်ကပါ မရှိပါ။ အဖေက နာမည်ရှိ ပန်းရန်ဆရာမို့ အလုပ်ကောင်းခဲ့သော်ငြား အေးမြဖြူတို့ ကျောင်းစားရိတ်၊ မိသားစု စားစရိတ် နှင့်၊ လောက်ငရုံလောက်သာ ရှိခဲ့ပြီး ဘာမှ ပိုပိုလျှံလျှံ စုစုဆောင်းဆောင်း မရှိခဲ့ပါ။ ခုလို အဖေ မရှိတော့သော အချိန်မှာ မိသားစု စားဝတ်နေရေးအတွက် တာဝန်က အမေ နှင့် အေးမြဖြူ အပေါ် ကျရောက်လို့ လာသည်။ အမေက ကုန်စိမ်းလေး ကောက်ပြီး ရောင်းဖို့ လုပ်သည်။ သို့ပေမယ့် ကုန်စိမ်းသည် စွာကျယ် အာကျယ် များကို မယှဉ်နိုင်တာလည်း ပါသည်။ အမေ မလုပ်တတ်တာလည်း ပါသည်။ အဆင်က သိပ်မပြေပဲ တစ်ရက်စာ ဈေးဖိုးတောင် အနိုင်နိုင် ဖြစ်လာသည်။

အေးမြဖြူတို့ အိမ်ရှေ့မှာ စံပယ်ရုံအကြီးကြီး တစ်ခု ရှိသည်။ အဖေနဲ့ အမေ အိမ်ထောင်ကျစကတည်းက စိုက်ထားခြင်းဖြစ်သည်။ နွေရာသီပေမယ့် ရေနိုင်နိုင်လောင်းပေးတော့ အပွင့်တွေ ဝေနေလေရာ ညီမလေးနဲ့ အေးမြဖြူ နှစ်ယောက်သား သီပြီး အမေ ရောင်းသော ဈေးမှာ သွားရောင်းကြသည်။ ပန်းခူးတဲ့အထဲတော့ မောင်လေးလည်း ပါသည်။ အဲဒါနဲ့တင် အားမရပဲ လမ်းထိပ်က ခရေပင်အောက် စောစောသွားကောက်ပြီး ညီအစ်မနှစ်ယောက် သီကာ မောင်လေးက ဈေးမှာ လျှောက်ရောင်းသည်။ ကျောင်းဖွင့်လျှင် တက်ဖို့ ကိုယ့်ကျောင်းစားရိတ်ကိုယ် ရှာကြခြင်း ဖြစ်သည်။ အေးမြဖြူ အတွက်တော့ ကျောင်းဆက်တက်ဖို့ သိပ်မဖြစ်နိုင်တော့တာ သိနေပေမယ့် ဖြစ်နိုင်လျှင် မေ့ထားလိုက်ချင်သည်။ အရင်နှစ်တွေကတော့ ကျောင်းပိတ်ရက်တွေမှာ မဂ္ဂဇင်းစာအုပ်လေး၊ ဝတ္တုစာအုပ်လေး ငှားဖတ်ရင်း အေးအေးလူလူ နေနိုင်သော်လည်း ဒီနှစ်တော့ စာအုပ်ငှားဖတ်နိုင်ဖို့ နေနေသာသာ စားဖို့ သောက်ဖို့ ပိုက်ဆံ ဘယ်ကရမလဲ ဆိုတာကစပြီး စိတ်ပူနေရသည်။ အေးမြဖြူက စာဖတ်ဝါသနာပါသည်။ စာတွေထဲကနေ လူ့လောကကြီး အကြောင်း ကိုယ်မသိသေးတာတွေ သိရတာကို သဘောကျသည်။

တစ်ရက်တော့ အမေ ကုန်စိမ်းကောက်ဖို့ ဈေးသွားရင်း အခါမဲ့ရွာသော မိုးမိကာ အကြီးအကျယ်ဖျား သွားသည်။ ဆရာဝန်သွားပြသဖြင့် သက်သာလာသော်လည်း အားနည်းနေသေးသဖြင့် ဈေးမရောင်းဖြစ်တော့ပါ။ အေးမြဖြူပဲ အမေ့နေရာ ဝင်လိုက်ရသည်။ အေးမြဖြူကမှ အမေ့ထက်စာရင် သွက်သွက်လက်လက်နဲ့မို့ ပိုတောင်မှ ရောင်းကောင်းသေးသည်။ ညီမလေးကလည်း အတူတူ လိုက်လာပြီး ပန်းရောင်းဖို့ တာဝန်ယူသည်။ ဈေးဖိုးအပြင် ကျောင်းတက်လျှင် ပေးရမည့် စာအုပ်ဖိုး ဘာညာ အတွက်လည်း နည်းနည်းစီ စုထားသည်။ ဈေးက ရောင်းကောင်းသော်လည်း အေးမြဖြူတို့ ရောင်းသော နေရာက တရားမဝင်ရောင်းနေသော ဗျတ်ထိုး ဈေးတန်းလေး ဖြစ်သောကြောင့် ခဏ ခဏ အဖယ်ခံရသည်။ ဝီစီ မှုတ်လျှင် ပစ္စည်းတွေ တောင်းထဲထည့် သိမ်းပြီး ပြေးရသည်။ အဲဒါကို မြင်တော့ ရပ်ကွက်ထဲက အေးမြဖြူတို့ အမေနှင့် ခင်နေသော အဒေါ်ကြီးက အေးမြဖြူကို ကျောင်းထွက်ပြီး မြို့ကြီးမှာ အလုပ်သွားလုပ်ဖို့ ပြောသည်။ အေးမြဖြူလို ရုပ်ရည် သန့်သန့်လေးနှင့် ကုန်စိမ်းတောင်းကြီး ပင်ပင်ပန်းပန်း ရွက်ပြီး ပြေးလွှား ဈေးရောင်းနေတာနှင့် စာလျှင် မြို့ကြီးမှာ အိမ်အကူ သွားလုပ်တာကမှ ပိုပြီးတော့ သက်သာလိမ့်ဦးမည် ဖြစ်ကြောင်း၊ လခလည်း ကောင်းသည့်အပြင် ကောင်းကောင်း နေရ စားရ မည် ဖြစ်ကြောင်း စသည်ဖြင့် ပြောသော်လည်း အေးမြဖြူကတော့ အမေတို့ မောင်လေး ညီမလေး တို့နှင့် ခွဲကာ သွားမနေချင်ပါ။ သို့သော် မသွားမဖြစ်သော အကြောင်းက ပေါ်လာသည်။ အေးမြဖြူတို့ ဈေးရောင်းနေသော ဗျတ်ထိုးဈေးကွက် ကလေးကို အပြီးဖျက်သိမ်းပြီး ဈေးဆိုင်ခန်းများ ဆောက်ဖို့ အစီအစဉ် ဖြစ်လာသည်။ တစ်ချို့ ဈေးသည်များကလည်း တစ်ခြားဈေးလေးများသို့ ပြောင်းသွားကြသည်။ ဆိုင်ခန်းဝယ်နိုင်သူတွေကတော့ ဆိုင်ခန်း ဝယ်ဖို့ ဆိုင်းပြင်းနေကြသည်။ အဲလိုနဲ့ပဲ အေးမြဖြူဘဝ တစ်ဆစ်ချိုး ပြောင်းခဲ့ရသည်။ အဖြူအစိမ်းကျောင်းသူ အေးမြဖြူကနေ အိမ်ဖော်မလေး အေးမြဖြူ ဘဝသို့ ရောက်ခဲ့ရသည်။
#####

ပွဲစားအဒေါ်ကြီးက တစ်ဆင့် အေးမြဖြူ မြို့ကြီးရှိ အိမ်တစ်အိမ်သို့ အိမ်အကူ လုပ်ဖို့ ရောက်ခဲ့ရသည်။ အိမ်ရှင်ယောက်ျားကြီးက စီပွားရေးသမားဖြစ်ပြီး တစ်ချိန်လုံး အပြင်ထွက်နေသလို မိန်းမကလည်း ဆရာဝန်မမို့ အိမ်မှာ နေသည် ရယ်လို့ မရှိလှ။ သူတို့၏ သမီးလေးက အေးမြဖြူ ညီမလေးထက် ငယ်သည်။ ခုမှ ခြောက်တန်း တက်ခြင်း ဖြစ်သည်။ သားလေးကတော့ လေးတန်း တက်ရသည်။ ထမင်းဟင်းချက် အပြင် သူတို့ နှစ်ယောက်၏  တာဝန်ကိုပါ အေးမြဖြူ ယူရသည်။ ထမင်းဘူးထည့်တာ၊ မုန့်ဘူးထည့်တာ အပြင် ကျောင်းသွားဖို့ အိပ်ရာနှိုးတာကအစ အေးမြဖြူ လုပ်ရသည်။ တစ်ခြား တစ်ခြားသော အိမ်တွေလို အိမ်ရှင်မက လိုက်ကြည့်ပြီး နေရာတကာ ပြောဆိုတာ၊ ဇီဇာကြောင်တာမျိုးတော့ ဒီအိမ်မှာ သိပ်မရှိပါ။ အိမ်ရှင် ဆရာဝန်မက မီးဖိုဆောင် အရေးနှင့် ပတ်သက်ပြီး သိပ်စိတ်ဝင်စားသူ မဟုတ်သဖြင့် အေးမြဖြူ ကံကောင်းသည်ဟု ထင်ခဲ့သည်။ အမှန်တကယ်တော့ အဲလို အိမ်ရှင်မက အိမ်မှာ အမြဲနေပြီး မီးဖိုချောင်ကို စိတ်ဝင်စားနေတာကမှ အေးမြဖြူအတွက် ပိုပြီး လုံခြုံ စိတ်ချရမည်ကို နောင်မှ တွေးမိသည်။

အေးမြဖြူ ရောက်စကတော့ အိမ်ရှင်ယောက်ျားကလည်း အိမ်မှာ သိပ်မနေပဲ အေးမြဖြူကို သတိမထားမိပါ။ ကလေးနှစ်ယောက် တာဝန် ဆိုတာကလည်း အေးမြဖြူကိုယ်တိုင် မောင်လေး နဲ့ ညီမလေး ရှိသူ ဖြစ်သောကြောင့် ကိုယ့်မောင်ညီမ လို သဘောထားပြီး လုပ်ကိုင်ပေးနိုင်သည်မို့ ဘာမှ တာဝန်ကြီးသည် မထင်မိပါ။ အစားအသောက်ကလည်း သူတို့ စားသလိုပင် အေးမြဖြူကို ကျွေးသောကြောင့် ပွဲစားကပေးသည့် သုံးလစာကိုလည်း အိမ်ကိုပဲ ပေးခိုင်းလိုက်သည်။ ညီမလေးနှင့် မောင်လေးအတွက် ကျောင်းစားရိတ် ဖူလုံသွားသောကြောင့် အေးမြဖြူလည်း ဝမ်းသာသည်။ အမေကတော့ ခုထိ တရှောင်ရှောင် ဖြစ်နေသောကြောင့် အပြင်ထွက် ဈေးရောင်းဖို့ မဖြစ်နိုင်သေးပါ။ အေးမြဖြူတို့ မောင်နှမတွေ အတွက် စိတ်တင်းထားသော်လည်း အဖေ ဆုံးပြီး ကတည်းက အမေက တော်တော် စိတ်ဓါတ်ကျပြီး ကျန်းမာရေး ချူချာချင်နေပြီ။

နောက်တစ်လလောက်နေတော့ အိမ်ရှင်ယောက်ျားက ဇာတိပြလာသည်။ ပတ်ဝန်းကျင်မှ ပြောစကားအရ မိန်းမက ဆရာဝန်မမို့ အလုပ်ရှုပ်ပြီး ယောက်ျားကို ဂရုမစိုက်နိုင်သောကြောင့် ထို ယောက်ျားက အပြင်တွင် ပွေရှုပ်သည်ဟု သိရသည်။ အေးမြဖြူကတော့ ကိုယ့်အလုပ်မဟုတ်သောကြောင့် ဘာမှပြောစရာမရှိပါ။ အိမ်ထဲမှာတော့ ထိုယောက်ျားက မိန်းမကို တော်တော် ချစ်သည့်ပုံဖမ်းသည်။ အေးမြဖြူ အဖေထက်တော့ လေးငါးနှစ် ငယ်နိုင်သည်။ သူတို့ လင်မယား ကြည်နူးနေကြသည်ကို ကြည့်ပြီး အေးမြဖြူက အဖေနှင့် အမေကို သတိရမိသေးသည်။ အေးမြဖြူ တစ်သက်လုံးမှာ အဖေ နှင့် အမေ ရန်ဖြစ်သည်ကို တစ်ခါမှ မမြင်ဖူးပါ။ တစ်ယောက်နှင့် တစ်ယောက် ညှာတာကာ ဦးစားပေးသည်၊ ကြင်နာကြသည်ကို မြင်နေရသဖြင့် အေးမြဖြူက ကိုယ့်အလှည့်ကျရင်လည်း အဖေ့လို ယောက်ျားမျိုးကိုပဲ လိုချင်မိပါသည်။

အေးမြဖြူက ကိုယ့်အဖေ အရွယ်၊ ဦးလေး အရွယ်ပဲလို့ ထိုလူကြီးကို ခင်ခင်မင်မင် ဆက်ဆံမိသော်လည်း ထိုလူကြီး၏ အကြည့်တွေက မူမမှန်တော့တာကို ကြာတော့ သတိထားမိလာသည်။ သူ့အခန်းထဲကို သူ့မိန်းမ မရှိခိုက် တမင်သက်သက် အအေးပို့ခိုင်း၊ ကော်ဖီပို့ခိုင်းလုပ်ရင်း အေးမြဖြူ လက်ကို ကိုင်တတ်သည်။ တစ်ခါတရံကို တင်ပါးကို မတော်တဆလိုလို နှင့် ထိတတ်သည်။ ကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ်ပါ။ အေးမြဖြူက အတန်းထဲမှာဆို အချောဆုံး ကောင်မလေး သုံးယောက်ထဲမှာ ပါသည်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ဖြောင့်သည်ဟု သူများတွေက ပြောကြသည်။ အေးမြဖြူကတော့ အဲဒီလို ကိုယ်ခန္ဓာကို စိတ်ဝင်စားသော ယောက်ျားတွေကို ရွံသည်။ တစိမ်းယောက်ျားတစ်ယောက်က အေးမြဖြူ အသားကို ထိတာ အေးမြဖြူ မကြိုက်ပါ။ အမေကလည်း ဘယ်ယောက်ျားကိုမှ မယုံရဘူးလို့ ငယ်ငယ်တည်းက အမြဲတမ်း ဆုံးမထားဖူးသည်။ အဲဒါကြောင့် အိမ်ရှင်ယောက်ျား အခန်းကို သူ့မိန်းမ မရှိလျှင် အေးမြဖြူ မသွားချင်ပါ။ သို့သော် ဒီအိမ်မှာ ခိုင်းသည့်လူက အေးမြဖြူအပြင် မရှိသောကြောင့် သူခိုင်းလျှင် လုပ်ပေးရတာပဲ ဖြစ်သည်။ သူ့အခန်းသို့ ပို့ခိုင်းလျှင် အေးမြဖြူက ခုံပေါ်မှာ မြန်မြန်ချပြီး မြန်မြန် ပြန်လာလေ့ရှိသည်။
#####

ဘာပဲဖြစ်ဖြစ် အေးမြဖြူ အဲဒီအိမ်မှာ သုံးလကျော် ရှိခဲ့ပြီ။ နောက် သုံးလစာကိုပင် အိမ်ကို ထပ်ပို့ပြီးသွားပြီ။ အိမ်ရှင် ယောက်ျားက အေးမြဖြူကို ရိတိတိ လုပ်တာ၊ လက်ကိုင်တာလောက် အပြင် ပိုမလာသောကြောင့် အစစ အဆင်ပြေနေသော ဤအိမ်မှ အေးမြဖြူ မပြောင်းဖြစ်တော့ပါ။ သို့သော် အိမ်ရှင်မက နိုင်ငံခြားသို့ စာတမ်းဖတ်ဖို့ ဆိုလား ဘာလား တစ်ပတ်လောက်သွားမည် ဟု ကြားရသောအခါမှာတော့ အေးမြဖြူ စိတ်ထဲ နည်းနည်းတော့ ထင့်မိသည်။ သို့သော် သိတတ်သော အရွယ် ကလေးနှစ်ယောက်လည်း ရှိနေသောကြောင့် သိပ်တော့ စိတ်မပူမိပါ။

တစ်ညမှာတော့ ကလေးနှစ်ယောက်က သူတို့ အဘိုးအဘွားအိမ်သို့ သွားအိပ်ကြသည်။ ဟိုဘက်ကပဲ ခေါ်လို့လား၊ အိမ်ရှင်ယောက်ျားကပဲ အကွက်ဖန်ပြီး ပို့လိုက်တာလားတော့ အေးမြဖြူ မသိပါ။ ကလေးနှစ်ယောက် ပြန်မလာလို့ မေးကြည့်တော့မှ ဟိုဘက်အိမ် သွားအိပ်သည်ဟု ပြောသည်။ သူ့မိန်းမလည်း မရှိပဲနှင့် အိပ်ပြန်အိပ်ကတည်းက အေးမြဖြူ ရင်ထဲ တစ်ထိတ်ထိတ် ဖြစ်နေသည်။ နည်းနည်းလည်း မူးလာပုံရသည်။ အေးမြဖြူကို အမြည်းလုပ်ခိုင်းပြီး အခန်းထဲ သောက်မှာထက်စာလျှင်တော့ သူ့ဟာသူ အပြင်မှာ မူးလာပြီး အိပ်သွားတာက ပိုကောင်းပါသေးသည်။ အရင်ကတော့ သူ့မိန်းမ ဆေးရုံမှာ တာဝန်ကျသည့် ညတွေဆို သူလည်း အိမ်ပြန်လာတာမှ မဟုတ်ပဲ။ မနက်စောစော သူ့မိန်းမ ပြန်မလာခင်လောက်မှ ပြန်လာတတ်တာ။ သို့သော် အေးမြဖြူ ထင်သလိုလည်း ဟုတ်ချင်မှ ဟုတ်မည်။ အေးမြဖြူက ဝတ္တုဇာတ်လမ်းတွေ ဖတ်ပြီး စိတ်ပူလွန်းနေတာလည်း ဖြစ်နိုင်သည်။ သူ့ဟာသူ အပြင်မှာ ဘယ်မိန်းကလေးနှင့်ပဲ အိပ်အိပ် ကိုယ့်အိမ်က ကိုယ့်သမီးအရွယ် အိမ်ဖော်မကလေးကိုတော့ မကြံလောက်ဘူး မဟုတ်လား။

သို့သော် သူက အေးမြဖြူ ထင်သလို အိပ်မသွားသေးပါ။ ခေါင်းမူးလို့ သံပရာသီးနဲ့ ပျားရည်လေး ဖျော်ပြီး လာပို့ပါ ဆိုပြီး အခန်းထဲ ပြန်ဝင်သွားသည်။ ဒီအိမ်မှာ နှစ်ယောက်တည်း ရှိမနေချင်ရသည့်အထဲ သူ့အခန်းထဲအထိဆို အေးမြဖြူ ပိုလို့တောင် မဝင်ချင်ပါ။ ဒါပေမယ့် မတတ်နိုင်။ သူ့ဆန်စား ရဲရတော့မည်။ သံပရာရည် ဖျော်ပြီးတော့ သစ်သီးအခွံခွာသော ဓါးအသေးလေးကို အေးမြဖြူ အိပ်ကပ်ထဲ ထည့်လိုက်သည်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ ကော်လံအဝိုင်းလေးနှင့် အိပ်ကပ်ပါသော ကလေးအင်္ကျီ ဖားဖားလေးနှင့် တစ်ကိုယ်လုံး လုံလုံခြုံခြုံ ရှိနေပါသည်။ ဘာမှမဖြစ်သလို ပုံစံဖြင့် အိမ်ရှင် အခန်းကို ခွက်ကလေးကိုင်ပြီး သွားပို့လိုက်သည်။ အအေးခွက်ဗန်းလေးကို သူ့ စားပွဲပေါ်တင်ပြီး ပြန်ထွက်ဖို့ ပြင်တော့ ခေါင်းကိုက်နေလို့ ဇက်ကြောဆွဲပေးပါဦးဟု ဆိုလာပြန်သည်။ သူ့မိန်းမရှိတုန်းက သူ့မိန်းမက ပြောထားသဖြင့် အဲလိုမျိုး မခိုင်းရဲပါ။ ခုတော့ မိန်းမမရှိတုန်း အတင့်ရဲတော့မည်လား..။ သမီး မနှိပ်တတ်ဘူး ဦးဦး ဟု ငြင်းလိုက်သေးသော်လည်း အပိုပါပဲ။ အေးမြဖြူ အအေးဗန်းတင်နေတုန်း သူက တံခါးကို လော့ခ်ချလိုက်တာကိုလည်း မသိလိုက်ပါ။ အေးမြဖြူ တစ်ချက်လောက်ပဲ နှိပ်ရသေးသည်၊ သူက အေးမြဖြူလက်ကို ကိုင်ပြီး ဆွဲဆောင်သည့် စကားတွေ တရစပ်ပြောသည်။ အေးမြဖြူက အတင်းရုံးထွက်ပြီး တံခါးဆီ ပြေးတော့ ပိတ်ထားသော တံခါးရှေ့မှာ သူက အရင်ရောက်နေပြီး အေးမြဖြူ ကို ခုတင်ဆီသို့ အတင်းဆွဲခေါ်သွားသည်။ သူ့ ဇာတိရုပ်ကတော့ ဘွားဘွားကြီး ပေါ်လာလေပြီ။ စားနေကြ ကြောင်ဖားကြီး ဖြစ်သော သူ့အတွက် အေးမြဖြူက နည်းနည်း ခက်ခဲသည်ဟု ထင်နေမလား မသိပါ။ သူ အရက် သိပ်အများကြီး မူးမနေပါ။ ထို့ပြင် သူက သန်မာသော ယောက်ျားကြီး တစ်ယောက်လည်း ဖြစ်ပါသည်။ သို့ပေမယ့် အေးမြဖြူက အလွယ်တကူ အရှုံးမပေးချင်ပါ။ အိမ်ကပ်ထဲက ဓါးလေးကို ထုတ်ပြီး သူ့ ဗိုက်ကို ထိုးပစ်လိုက်တော့ သူ့ လက်တွေ ပြေလျော့သွားပြီး အေးမြဖြူ ရုံးထွက်လို့ ရသွားသည်။ ဓါးက သေးသောကြောင့် သူ့မှာ ဒဏ်ရာ ကြီးကြီး မရပဲ ဒေါသသာ ပေါက်ကွဲသွားပြီး အေးမြဖြူကို လှမ်းရိုက်သည်။ အေးမြဖြူက သူ့ကုတင်ဘေးက စားပွဲပေါ်မှာ တင်ထားသော သောက်လက်စ အရက်ပုလင်းကို မြင်သွားပြီး လက်မြန်မြန်နှင့် ဆွဲယူကာ သူ့ခေါင်းကို ရိုက်ပစ်လိုက်သည်။ ဓါးဒဏ်ရာ ကြောင့် အနည်းငယ် နာနေသော သူက အေးမြဖြူ၏ ရိုက်ချက်ကို မရှောင်နိုင်တော့ပါ။

အေးမြဖြူ ညတွင်းချင်း ထိုအိမ်က ထွက်ပြေးရတော့သည်။ အိမ်ပြန်မည့် ကားဂိတ်ကို အေးမြဖြူ သိသော်လည်း ညကြီး မှောင်မှောင်မှာတော့ မသွားတတ်ပါ။ ပွဲစား အဒေါ်ကြီး အိမ်ကတော့ တစ်ရပ်ကွက်လောက်ပဲ ခြားသည်မို့ အေးမြဖြူ သွားတတ်သည်။ ဒီမြို့ကြီးမှာ အေးမြဖြူ အလုပ်လုပ်သော အိမ်အပြင် တစ်ခြား သွားတတ်သော အိမ်မှာ အဲဒီ အဒေါ်ကြီး အိမ်ပဲ ရှိသည်။ အဲဒီ အိမ် ရောက်တော့ ပွဲစားအဒေါ်ကြီး အပြင် ဧည့်သည် အန်တီကြီး တစ်ယောက်ကိုပါ တွေ့ရသည်။ အေးမြဖြူကို နှစ်သိမ့်ပြီး အိမ်ရှေ့ ကြမ်းခင်းမှာ အိပ်ရာခင်းပေးပြီး အိပ်ခိုင်းသည်။ မနက်မှ ကားဂိတ်ပို့ပေးမည် ဟုဆိုသည်။ အိမ်ရှင်ယောက်ျား သေဆုံးသွားလျှင် အေးမြဖြူ ထောင်ကျ မှာမို့ ဒီမြို့ကြီးကနေ ထွက်သွားမှ ရမည်ဟု ဆိုသည်။ ဒါပေမယ့် သုံးလစာကြိုယူထားသော လစာတွေတော့ ပြန်ပေးရမည် ဟုလည်း ဆိုပြန်သည်။ ဧည့်သည် အန်တီကြီး က တစ်ခြား မြို့မှာ သူ အလုပ်ရှာပေးမည်၊ မနက်ကျလျှင် သူနှင့် လိုက်ခဲ့ ဟု ခေါ်သည်။ အဲဒါဆို သုံးလစာ ပြန်ပေးဖို့လည်း မလိုတော့ပဲ ခုထက်တောင် လစာ ပိုကောင်းနိုင်သည်ဟု ပြောသဖြင့် အေးမြဖြူ စိတ်ပါသွားသည်။ အိမ်ပြန်လိုက်လျှင် သုံးလစာကိုလည်း ပြန်ပေးဖို့ မလွယ်သလို ကြုံရာလုပ်ရင်းနဲ့လည်း ညီမလေး နှင့် မောင်လေး၏ ကျောင်းစားရိတ်ကို ပေးနိုင်ဖို့ မလွယ်ပါ။ အန်တီကြီး ပြောတာတော့ အဆင်ပြေလျှင် တစ်ခြားနိုင်ငံသို့ အလုပ်သွားလုပ်ဖို့ ပို့ပေးမည်ဟု ဆိုသည်။ အဲဒီနိုင်ငံမှာ ဆိုလျှင် လစာတွေ အများကြီး ရမည်ဆိုတော့ အေးမြဖြူလည်း စိတ်ဝင်စားသည်။
#####

လောလောဆယ်တော့ တစ်ခြားနိုင်ငံ မရောက်သေးပဲ နယ်စပ်မြို့တစ်မြို့က စားသောက်ဆိုင်မှာ လုပ်ရသည်။ အေးမြဖြူ နှင့် အတူတူ တစ်ခြား မိန်းကလေး သုံးယောက်လည်း ပါသည်။ သူတို့က အေးမြဖြူထက်တော့ သုံး လေး နှစ်လောက် ကြီးပုံ ပေါ်သည်။ အေးမြဖြူက ရိုးရိုးသားသား အလုပ်ပဲ လုပ်လိုသည့် အကြောင်း အန်တီကြီးကို ကြိုပြောပြီးသားမို့ သိပ်တော့ စိတ်မပူပါ။ သို့ပေမယ့် စလုပ်သည့် တစ်ရက်မှာပဲ အလုပ်၏ သဘောသဘာဝကို သိသွားသည်။ စားသောက်သူ ယောက်ျားကြီးတွေရဲ့ မူးယစ်ရီဝေသော အကြည့်များ၊ စည်းမရှိ ကမ်းမရှိ သရမ်းတတ်သော ပါးစပ်များနှင့် အသားယူတတ်သော လက်များကို အေးမြဖြူ မကြိုက်ပါ။ အေးမြဖြူ အသက်ငယ်ပေမယ့် ဒီလောက်တော့ သိပါသည်။ ဒီအလုပ်ကို မလုပ်ချင်တော့သည့် အကြောင်း အန်တီကြီးကို ပြောမည်ပြင်တော့ အန်တီကြီးက ပြန်သွားပြီဟု စားသောက်ဆိုင်က အေးမြဖြူ တို့ကို အုပ်ချုပ်သော အပေါက်ဆိုးဆိုး မိန်းမက ပြောသည်။ ပထမဆုံးည ကတည်းက ရင်တထိတ်ထိတ်နဲ့ အိပ်ရသည်။ အေးမြဖြူတို့ နောက်ရောက်သော မိန်းကလေးတွေ အားလုံး အတူတူ အိပ်ရသည်။ ဘယ်အချိန် တံခါးပွင့်လာပြီး ဘယ်သူ့ကို လာခေါ်မလဲဟု ကြောက်လန့်ရင်း အေးမြဖြူ အိပ်မပျော်နိုင်။ ကျန်တဲ့ အစ်မကြီးတွေကတော့ အဲလို မဟုတ်ပဲ ပျော်ပျော် နေနိုင်ကြသည်။

တတိယနေ့မှာတော့ အေးမြဖြူ သည်းမခံနိုင်တော့ပဲ အလုပ်လုပ်နေရင်းမှ လစ်ထွက်သွားဖို့ ကြိုးစားလိုက်သည်။ သို့သော် စားသောက်ဆိုင်မှ လူမိုက်ရုပ်နှင့် အစောင့်များက အေးမြဖြူကို ထွက်ခွင့်မပြုပေ။ အေးမြဖြူတို့ အသစ်တွေ ထွက်ပြေးမှာ စိုးသဖြင့် အချိန်ပြည့် စောင့်ကြည့်နေကြောင်း ခုမှ သိရသည်။ အန်တီကြီးက အေးမြဖြူတို့ကို ဒီနေရာမှာ ရောင်းစား၍ အေးအေးလူလူ ပြန်သွားတာ သေချာနေလေပြီ။ အေးမြဖြူက တော်ရုံနှင့်တော့ လက်လျှော့တတ်သူ မဟုတ်ပါ။ နောက်တစ်နေ့ တစ်နေ့လုံး အလစ်ချောင်းနေသော်လည်း မလစ်သဖြင့် ညဘက်အိပ်ချိန်ကျမှ ခိုးထွက်ဖို့ ကြိုးစားသော်လည်း အပြင်မှ သော့ခတ်ထားကြောင်း သိလိုက်ရသဖြင့် အေးမြဖြူ အတော်ကြောက်သွားသည်။ အဲဒီညက အေးမြဖြူတို့ထဲမှ အစ်မကြီး နှစ်ယောက်ကို ညဘက် အပြင်သို့ ခေါ်သွားပြီး မနက်မိုးလင်းမှ ပြန်ရောက်လာသည်။  ၆၇က်မြောက်နေ့မှာတော့ ညနေဘက်မှာ အေးမြဖြူ အပြင်ခိုးထွက်တာ အောင်မြင်သွားသည်။ သို့ပေမယ့် ဒီမြို့ထဲမှာ ဘယ်သွားလို့ ဘယ်လာရမယ်မှန်း အေးမြဖြူ မသိပါ။ ကားဂိတ် လိုက်ရှာနေတုန်းမှာပဲ စားသောက်ဆိုင်က လူမိုက်တွေက ပြန်မိသွားခဲ့သည်။

ဒီတစ်ခါတော့ အေးမြဖြူကို ဒီအတိုင်း လွှတ်မထားတော့ပဲ တစ်ယောက်တည်း အခန်းတစ်ခန်းမှာ သော့ပိတ်ထားသည်။ အပေါက်ဆိုးဆိုး မိန်းမ ရောက်လာပြီး အေးမြဖြူကို ပါးတွေ နားတွေ ရိုက်ပြီး ပက်ပက်စက်စက် ပြောသည်။ နင် ဒီည အကြောင်းသိရမယ် လို့လည်း ကြိမ်း သွားသေးသည်။ အေးမြဖြူ ကြောက်ပြီး တုန်နေသည်။ ညကျလျှင် ဘယ်လို ကံကြမ္မာနှင့် ကြုံရမည်ကိုလည်း သဘောပေါက်သလိုလို ရှိလာသည်။ အပေါက်ဆိုးဆိုးမိန်းမ ပြန်သွားတော့ ရသမျှ ဘုရားစာတွေ ရွတ်ပြီး အေးမြဖြူ ကြမ်းပေါ်မှာ ငုတ်တုပ်ကလေး ထိုင်နေမိသည်။ တံခါးပေါက်ကို သော့ခတ်သွားမှန်း သေချာနေသောကြောင့် ဖွင့်ဖို့လည်း မကြိုးစားမိတော့ပါ။ အချိန်ဘယ်လောက် ကြာသွားသည်မသိပါ။ တံခါးပွင့်လာပြီး လူတစ်ယောက် ဝင်လာသည်ကို အေးမြဖြူ ကြောင်ကြည့်နေမိသည်။
#####

ဘုရားတန်ခိုးကြောင့် အေးမြဖြူ ဘေးမသီ ရန်မခ လွတ်လာရသည် ဟု ယုံကြည်ပါသည်။ စားသောက်ဆိုင်က လူမိုက်တွေနှင့် အရင် လွှတ်မပေးပဲ တစ်ယောက်တည်းနှင့်ပဲ လွှတ်ပေးတာ အေးမြဖြူ ကံကောင်းသွားပါသည်။ ထိုလူက ယောက်ျားတို့ သဘာဝ ပျော်ချင်ပါးချင်သူ တစ်ယောက် ဖြစ်သော်လည်း လူကောင်းတစ်ယောက် ဖြစ်ပါသည်။ ထိုလူကြီးသည် အေးမြဖြူ အတွက် ကျေးဇူးရှင်တစ်ယောက် ဖြစ်ခဲ့ပါပြီ။

သူ အေးမြဖြူ အခန်းထဲ ဝင်လာတော့ ကြောက်လန့်နေသော မျက်လုံးများနှင့် အေးမြဖြူကို တွေ့တော့ အတော် အံသြသွားသည်။ အေးမြဖြူက ရှိခိုးတောင်းပန်တော့ သူ ကြောင်တောင်တောင် ဖြစ်ပြီး အမူးပြေသွားသည်။ နောက်တော့ သူ အခြေအနေကို နားလည်သွားသည်။ သူကလည်း ဒီလို နေရာမျိုးကို အမြဲလာနေတတ်သူ တစ်ယောက်တော့ မဟုတ်ပါ။ တစ်ခါတရံမှသာ အပေါင်းအသင်းများနှင့် သောက်ရင်း စားရင်း လာဖြစ်ခြင်း ဖြစ်သည်။ အေးမြဖြူကို မြင်တော့ ရှစ်တန်းအရွယ် သူ့သမီးကြီးကို သတိရသွားပါသည်။
“မင်းက ငါ့သမီးထက် နည်းနည်းလောက်ပဲ ကြီးမယ့်ပုံပဲ၊ မင်းကို ငါကူညီမယ် ကလေးမ၊ ဒီလောကမှာ မိန်းမတွေ ပေါပါတယ်ကွာ၊ အလိုမတူတဲ့ မိန်းကလေးကို ဖျက်ဆီးတတ်တဲ့ အထဲတော့ ငါမပါပါဘူး၊ ငါတို့ လိုချင်ရင် အလိုတူ အလိုပါ ဖြည့်ဆည်းမယ့် မိန်းကလေးတွေ အပုံကြီး ရှိနေသားပဲ”  ဟု သူက ပြောသည်။

သူက အေးမြဖြူကို မှန်ပြတင်းကို ကျော်ပြီး ကားရပ်နားရာဆီသို့ အရင်ပြေးခိုင်းသည်။ ခန်းဆီးနောက်ဘက်မှာ သံတိုင်မပါသော မှန်တံခါးချပ်များ ဖြစ်သည်ကို အေးမြဖြူက မသိခဲ့ပါ။ အခန်းက အောက်ထပ်မှာမို့ အေးမြဖြူ အလွယ်တကူပင် ဆင်းပြေးနိုင်ခဲ့ပြီး ကားများ ရပ်ထားသော နေရာ နောက်မှာ ပုန်းနေနိုင်ခဲ့သည်။ ခဏနေတော့ ထိုလူကြီး ဆင်းလာပြီး သူ့ကားနှင့် တင်ခေါ်သွားကာ အမျိုးသမီးရေးရာ အဖွဲ့ဝင် အမျိုးသမီး တစ်ယောက်၏ အိမ်ရှေ့မှာ အေးမြဖြူကို ချထားပေးခဲ့သည်။ အေးမြဖြူ အိမ်ထဲဝင်သွားတာကို စောင့်ကြည့်နေပြီးမှ သူပြန်သွားသည်။ သူ့ဂုဏ်သိက္ခာ အတွက်ကြောင့် ဒီကိစ္စကို အစအဆုံး မကူညီနိုင်သော်လည်း ထိုအိမ်ထဲမှ ကျောင်းဆရာမ အမျိုးသမီးက ဆက်လက် ကူညီလိမ့်မည် ဖြစ်ကြောင်း သိနေသောကြောင့် စိတ်ချ လက်ချ ထားခဲ့ခြင်း ဖြစ်သည်။

အဲဒီနောက်တော့ အေးမြဖြူ အမေ့အိမ် ပြန်ရောက်သွားသည်။ အမေ့ကို စိတ်မကောင်းမှာစိုး၍ ဘာမှ ပြောမနေတော့ပါ။ အဆင်မပြေလို့ ပြန်လာတယ်ပဲ ပြောလိုက်သည်။ နောက်ထပ် အိမ်အကူပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင် စားပွဲထိုးပဲ ဖြစ်ဖြစ်၊ ဘာပဲပြောပြော အေးမြဖြူ ဘယ်တော့မှ လုပ်ဖို့ စိတ်မကူးတော့ပါ။ ကုန်စိမ်းတောင်း ရွက်ပြီး ရောင်းရတာပဲ ဖြစ်ဖြစ်၊ ဆောက်လုပ်ရေး အလုပ်မှာ အုတ်သည် ကျောက်သည် လုပ်ရတာပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်း အေးမြဖြူ လုပ်ပါတော့မည်။ အမေ နှင့် ညီမလေး၊ မောင်လေး တို့ကိုတော့ အေးမြဖြူ စိတ်ထဲကပဲ တောင်းပန်မိပါသည်။

“အမေ့ကို လည်း ချစ်ပါတယ်၊ ညီမလေးနဲ့ မောင်လေးကိုလည်း ပြည့်ပြည့်စုံစုံနဲ့ ကျောင်းထားပေးချင်ပါတယ်၊ ဒါပေမယ့် အဲဒီအတွက် သမီး ဘဝကို သမီး မစတေးနိုင်တာ ခွင့်လွှတ်ပါ။ သမီး ဘဝရဲ့ ဖြူစင်မှုကို သမီး ထိန်းသိမ်းပါရစေ အမေ၊ အဲဒီအစား နေပူစပ်ခါး ဘယ်လောက် ကြမ်းတမ်းတဲ့ အလုပ်ပဲ ဖြစ်ဖြစ် လုပ်ပြီး သမီး ရှာကျွေးပါ့မယ်”
#####

(ကံမကောင်း အကြောင်းမလှလို့ပါ လို့ ကံကို လွှဲချပြီး ဘဝပျက်ထဲမှာ ရေစုန်မျောနေကြတဲ့ မိန်းကလေးတွေ ဖြစ်မသွားစေချင်တဲ့ ဆန္ဒနဲ့ ဒီဝတ္တုကို ရေးပါတယ်။ လွတ်မြောက်စေလိုတဲ့ စိတ် ရှိတဲ့သူဟာ ဘယ်လို အခြေအနေပဲ ရောက်ရောက်၊ ဘဝပျက်ထဲကပဲ ဖြစ်စေ လွတ်မြောက်အောင် ကြိုးစားရမှာပါ။)

(ဒီစာကို ရေးရင်းနဲ့ ကိုယ်တို့ ဘွဲလွန်တက်တုန်းက အဆောင်ရှေ့ လမ်းပေါ်က မိန်းကလေးများကို သတိရမိပါတယ်။ သူတို့ကြောင့် ကိုယ်တို့ အဆောင်သူတွေမှာ တစ်ယောက်တည်း အပြင်ထွက်ရင်လည်း အထင်မှား အမြင်မှား ခံရမှာကြောက်၊ တက္ကစီ ငှားရင်လည်း အထင်မှား အမြင်မှား ခံရမှာကြောက် နဲ့ စိတ်ညစ်ခဲ့ရပါတယ်။ တစ်ခါတရံ သူတို့က ကိုယ်တို့ ယူနီဖောင်း လုံချည်နဲ့ ဆင်ဆင်တူတာမျိုး ဝတ်၊ ခြင်းလေးဆွဲ၊ ဖိုင်တွဲလေး ကိုင်ပြီး၊ ထီးလေးဆောင်းပြီး စောင့်နေတတ်သေးတော့ အတော် စိတ်ညစ်စရာ ကောင်းပါတယ်။ ကြာတော့ စောင့်နေကြ မိန်းကလေးတွေကို ကိုယ်တို့လည်း မျက်မှန်းတမ်းမိလာပါပြီ။ သူတို့ ဘာကြောင့် ဒီဘဝ ရောက်နေသလဲ၊ တစ်နေ့ ဘယ်လောက် ရသလဲ၊ ဒီဘဝမှာ ပျော်မွေ့နေသလား၊ မလုပ်ချင်ပဲ လုပ်နေရသလား ဆိုတာ အင်တာဗျူးချင်ပေမယ့် မဗျူးရဲခဲ့ပါဘူး။ သူတို့ကတော့ သနပ်ခါး အဖွေးသားနဲ့ ကြော့ကြော့မော့မော့ နေ့စဉ် စောင့်နေဆဲပါပဲ။)

သိင်္ဂါကျော်

29 April, 2011

ဤခရီး ဝေးသည် မထင်ပါနှင့်



ကျွန်တော်တို့ နိစ္စဓူဝ စားဝတ်နေရေး အတွက် အလုပ်တွေ လုပ်နေကြပါတယ်။ တကယ်တော့ တစ်နေ့ တစ်နေ့ လောဘ၊ ဒေါသ၊ မောဟတွေ ပွားများနေကြတာပါ။ အလုပ်ထဲမှာ လည်း အလုပ်ထဲမှာမို့ အထက်အရာရှိကို.. လုပ်ဖော်ကိုင်ဖက်တွေကို.. မကျေနပ်တာ၊ ဒေါသထွက်တာက တစ်မျိုး၊ ကိုယ့် အလုပ်ကို မကျေမနပ်နဲ့ ရတဲ့ လစာကို မရောင့်ရဲနိုင်တဲ့ လောဘစိတ်တွေက တစ်မျိုး၊ ဟိုပစ္စည်း အသစ်ကလေး လိုချင်လိုက်တာ၊ ဒီပစ္စည်း ကလေး လိုချင်လိုက်တာ ဆိုတဲ့ လောဘစိတ်တွေက တစ်မျိုး၊ အနားယူတဲ့ အချိန်မှာလည်း ကိုရီးယားကားလေး ကြည့်ရင်း ဟိုမင်းသားလေးကို ကြိုက်လိုက်တာ၊ ဒီမင်းသမီးလေးကို ကြိုက်လိုက်တာ ဆိုတာ လောဘ၊ ဟိုမင်းသား၊ ဟိုမင်းသမီး ကတော့ အမြင်ကပ်စရာ ကောင်းလိုက်တာ ဆိုတဲ့ ဒေါသစိတ်တွေကတစ်မျိုး၊ ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ်ထားနေတဲ့ စိတ်က မှန်သလား မှားသလား မသိတဲ့ မောဟ စိတ်တွေကတစ်မျိုးနဲ့ပဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ဖြတ်သန်း နေကြပါတယ်။ ကျွန်တော်တို့ စိတ်ထဲ ကိုယ့်အသက်က ဘယ်လောက်မှ မရှိသေးပါဘူး၊ ဒီအချိန်၊ ဒီအရွယ်ကတော့ ပညာရှာရမှာ..၊ စီးပွားရှာရမှာ.. ဆိုပြီး ပညာရဖို့ ဥစ္စာရဖို့ပဲ လုံးပန်းပြီး သေခြင်း တရားကို မေ့နေမိကြပါတယ်။ တစ်ချို့ကလည်း ဒီသံသရာကြီးက ရှည်တာ သိတယ်၊ တရားအားထုတ်ရဦးမယ်၊ ခုတော့ မလုပ်နိုင်သေးဘူး၊ ပင်စင်ယူမှပဲ လုပ်တော့မယ် ဆိုတာမျိုးလည်း ရှိကြပါတယ်။ ကျွန်တော်လည်း ဒီလိုလူတွေထဲက တစ်ယောက်ပါပဲ။ တစ်နေ့ လုပ်မယ်၊ လုပ်မယ် ဆိုပြီး နေ့ရွှေ့ ညရွှေ့နဲ့ နေလာခဲ့တာ ကြာပါပြီ။ ဒီအရွယ်နဲ့တော့ မသေနိုင်သေးဘူးလို့ သေမင်းအပေါ်လည်း ယုံကြည်မှု ကြီးကြီး ထားမိနေသလိုပါပဲ။

တစ်လောကတော့ သေခြင်းတရားကို နီးနီးကပ်ကပ် မျက်ဝါးထင်ထင် မြင်လိုက်ရတော့မှပဲ သံဝေဂ တော်တော် ရမိပါတယ်။ ရတနာပုံ မြို့သစ်ဝန်းထဲမှာပဲ Ph.D ကျောင်းသူလေး တစ်ယောက် ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားတာပါ။ Ph.D ကျောင်းသူ ကျောင်းသားတွေကို Camp သွင်းထားတဲ့ အတွက် ညအိပ်ညနေ အပြင်ထွက်ခွင့် မရှိပါဘူး။ အခု သင်္ကြန်တွင်းကိုတော့ တရားဝင် ပိတ်ရက် ရတဲ့ အတွက် အိမ်ပြန်ဖို့ရာ အားလုံးပဲ ပြင်ဆင်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ အခု ကျောင်းသူလေးကလည်း အိမ်ပြန်ဖို့ ကားလက်မှတ် လဲစရာ ရှိတဲ့ အတွက် နေ့လည် ထမင်းစားချိန် လမ်းထိပ် ထွက်ရာက ပြန်အလာမှာ ဖြစ်ရခြင်း ဖြစ်ပါတယ်။ ရန်ကုန်ဇာတိမို့ ဆိုင်ကယ် စီးနေကျလည်း မဟုတ်တော့ သတိလက်လွတ်စီးမိပါလိမ့်မယ်။ အပျော့သား ယူနီဖောင်း လုံချည်က ဆိုင်ကယ် နောက်ဘီးမှာ ညပ်သွားတာကို ရှေ့ကမောင်းသူကို မပြောပဲနဲ့ ကိုယ့်ဟာကိုယ် ဆွဲထုတ်ရင်း ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတာ ဖြစ်မယ်လို့ ယူဆကြပါတယ်။ အောက်ခံလမ်းက ကွန်ကရစ်လမ်း ဖြစ်တဲ့ အတွက် ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ ဦးခေါင်းနဲ့ ရိုက်မိရာမှာ ဘယ်လိုမှ သက်သာဖွယ်ရာ လမ်းမမြင်ပါ။ သွေးတွေ မြင်မကောင်းအောင် ထွက်နေပေမယ့် အသက်ရှင်လို ရှင်ငြား ဆရာ ဆရာမတွေ ဝိုင်းဝန်းပြီး ပြင်ဦးလွင် ဆေးရုံကို ကားနဲ့ သွားပို့ပေမယ့်လို့ On the Sport ဆုံးသွားတာပါလို့ ဆရာဝန်က ပြောပါတယ်။ ကလေးမလေးရဲ့ အမေကလည်း သွေးတိုး နှလုံး ရောဂါတွေ ရှိတယ် ဆိုလို့ ချက်ချင်း အကြောင်း မကြားရဲပဲ အဖေနဲ့ အစ်ကို ကိုပဲ ရအောင် ဖုန်းဆက်ပြီး အကြောင်းလှမ်းကြားတော့ သူတို့ လာမယ် ဆိုတာနဲ့ ရောက်အောင်စောင့်ပြီး သုံးရက်မြောက်နေ့မှာ ပြင်ဦးလွင်မှာပဲ သဂြိုံဟ် လိုက်ရပါတယ်။

ဆိုင်ကယ်ကို ရှေ့က မောင်းတဲ့ ကျောင်းသူလေးကလည်း စိတ္တဇတွေ ဖြစ်လို့... အတူပြန်မယ့် ကျောင်းသူလေးကလည်း သူမသွားမိပဲ သေသွားတဲ့ ကျောင်းသူလေးကို သွားခိုင်းမိလို့ပါ ဆိုပြီး စိတ္တဇတွေ ဖြစ်လို့...။ အဲဒီညမှာ သေဆုံးသူနဲ့ တစ်တန်းတည်းသားတွေူ အားလုံးလည်း စိတ်မကောင်းတွေဖြစ်၊ စိတ်တွေ ခြောက်ခြားပြီး နေမကောင်းတွေ ဖြစ်ကြလို့ ဆေးခန်းတောင် သွားပြကြရသေးရဲ့။ အားလုံးရဲ့စိတ်ထဲမှာ အိပ်မက်လိုလို ဖြစ်နေပါတယ်။ အသက် ၂၀ ကျော် အရွယ် တက်ကြွ လန်းဆန်းပြီး ဘွဲ့လွန်တက်နေတဲ့ ကျောင်းသူလေး တစ်ဦးကို ခုလို အဖြစ်ဆိုးမျိုးနဲ့ သေဆုံးလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့် မထားမိကြပါဘူး။ ဒီဝန်းထဲမှာ ဒီလိုပဲ ဆိုင်ကယ် ဦးထုပ်မဆောင်းပဲ သွားလာ နေကြတာပဲကို။ အခုတော့ ဝမ်းနည်းစရာ ကောင်းတဲ့ မတော်တဆမှု တစ်ခု ဖြစ်ခဲ့ရပါပြီ။ အားလုံးရဲ့ စိတ်ထဲမှာလည်း သေခြင်းတရား ဆိုတာ အချိန်မရွေး ရောက်လာနိုင်ပါလားလို့ သံဝေဂတွေလည်း ရလို့ ပေါ့။ ကိုယ်က ဝေးသေးတယ်လို့ မေ့ထားတဲ့ သေခြင်းတရားဆီ သွားရမယ့် ခရီးက တကယ်တော့ မျက်စိတမှိတ်၊ လျှပ်တပြက် အတွင်းလည်း ရောက်သွားနိုင်တဲ့ ခရီးပါ။ အဲဒါကြောင့် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ သေနိုင်တယ် လို့ ပြောကြတာပါ။

တစ်ချို့ကလည်း သေသွားရင် ပြီးသွားတာပါပဲ လို့ ပြောကြတယ်။ ဘဝတစ်ခု ချုပ်သွားတယ် ဆိုပေမယ့် သံသရာမှာ သွားရမယ့် ခရီးက အရှည်ကြီး ကျန်ပါသေးတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းက နောက်ဘဝ ရှိတယ် ဆိုတာကို ယုံကြည်ကြပါတယ်။ အဲဒီ နောက်ဘဝက ၃၁ ဘုံထဲက ဘယ်ဘုံ ဘယ်ဘဝမှာ ဖြစ်မယ် ဆိုတာတော့ ဘယ်သူမှ ကြို မသိနိုင်၊ ကြိုမပြောနိုင်တဲ့ အရာပါ။ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကယ် အပယ်လေးဘုံထဲ မရောက်ရအောင်တော့ ကိုယ်လုပ်တဲ့ ကံ အလုပ်တွေ ပေါ်မှာပဲ မူတည်မှာပါ။ သေဆုံးကာနီး စွဲလမ်းစိတ်တွေ ကလည်း မကောင်းတဲ့ ဘုံဘဝ ရောက်အောင် သတ်မှတ် ပြဌာန်းပေးတဲ့ အထဲမှာ ပါပါတယ်။ ကျွန်တော်လည်း ဒါမျိုးတွေ သိပ်မရေးတတ်ပါဘူး။

ပြည်မြို့ ကုဏ္ဍလာရာမ ဆရာတော်ကြီးရဲ့ တရားထဲမှာ ဟောကြားသလို ကျွန်တော်တို့ နေ့တဓူဝ တွေးနေ ကြံနေ လုပ်နေတာတွေ အားလုံးဟာ ငရဲမှာ ကိုယ်နဲ့ ပတ်သတ်တဲ့ ဒယ်အိုးကို တယ်နေသလိုပါပဲ တဲ့။ မကျေနပ်တဲ့ စိတ်ပေါ်တော့ ဒေါသ ဖြစ်တယ်၊ ကြိုက်တာ လိုချင်တာ ဖြစ်တော့ လောဘပါ၊ အဲဒီလို ဖြစ်နေတာကို မသိတာကလည်း မောဟ ပေါ့။ ဒီစိတ်တွေနဲ့ နေနေတဲ့ နောက်တော့ အကုသိုလ်တွေပဲ အမြဲ ဖြစ်နေတာပေါ့ တဲ့။ တစ်နေ့ တစ်နေ့မှာ ကိုယ်လုပ်တဲ့ (သူ့ အသတ် သတ်တာဖြတ်တာ မဟုတ်တာတောင်မှပဲ မသိမသာဖြစ်နေတဲ့) အကုသိုလ်တွေက တစ်ပိဿာ မက များပြားလှပါတယ်။ အဲဒီ အကုသိုလ်တွေ ပပျောက်ဖို့ ဆိုရင် တစ်နေ့မှာ အနည်းဆုံး တစ်နာရီ၊ နှစ်နာရီ လောက်ပဲ ဖြစ်ဖြစ် တရား ဘာဝနာ၊ ဝိပဿနာ တရား ပွားများကြဖို့ တိုက်တွန်းတာပါ။ အဲဒီလို တစ်နေ့ တစ်နေ့ မမေ့လျော့ပဲ ဝိပဿနာ ပွားများကြရင် ကိုယ်လုပ်မိတဲ့ အကုသိုလ် တရားတွေကို ပယ်သတ်နိုင်မှာပါ.. လို့ ဆရာတော်ကြီးက ဟောပါတယ်။

အခုခေတ်မှာ တရားကို သိပြီး တရား ဘာဝနာ ပွားများဖို့ စိတ်ပါဝင်စားကြတဲ့ သူတွေထဲမှာ အသက်ကြီးပိုင်းတွေသာ မကပဲ လူငယ် လူရွယ်တွေလည်း တော်တော်များများ ပါလာပါပြီ။ သင်္ကြန်တွင်းလို အစိုးရ ရုံးပိတ်ရက်မျိုးမှာ ဆိုရင် တရားရိပ်သာတွေမှာ စခန်းဝင်တဲ့ လူငယ် လူရွယ်တွေ တော်တော်လေး များပါတယ်။ ဒါပေမယ့်လည်း အပြင်မှာ သင်္ကြန်လည်ပြီး ပျော်ပါးနေတဲ့ သူတွေနဲ့ စာရင်တော့ ရာခိုင်နှုန်း အနည်းငယ်ကလေးမျှသာ ရှိတာပါ။

ပုထုဇဉ် လူသားတွေ ပီပီ ဘယ်သူမှတော့ ဒီ လောဘ ဒေါသ မောဟ၊ အကုသိုလ် တရားတွေကို ဆင်ခြင်နိုင်ကြဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်သွားရမယ့် သံသရာ ခရီးကြီးက အရှည်ကြီး ကျန်နေပါသေးသည်။ ဒီ သံသရာ ခရီးရဲ့ လမ်းခုလတ်မှာ အပယ်ငရဲကို ကျရောက်သွားလို့ကတော့ နှစ်ပေါင်း များစွာ အတွင်း လွတ်မြောက်ဖို့ လမ်းမမြင်ပဲ ဒုက္ခရောက်ကြရမှာပါ။ ဒီလို ဘဝ ကူးပြောင်းသွားရမယ့် သေခြင်းတရား ဆီ ရောက်ဖို့ရာကလည်း အဝေးကြီးပဲလို့ မထင်ကြစေချင်ပါဘူး။ အချိန်မရွေး ရောက်သွားနိုင်တာပါ။ အဲဒါလေးတွေ ဆင်ခြင်ပြီး ဒီဘဝ ခဏလေး နေရခိုက်မှာ အကုသိုလ် တရားတွေ တတ်နိုင်သလောက် နည်းနိုင်သလောက် နည်းအောင် ရှောင်ကြဉ်ပြီး ဒါန၊ သီလ စတဲ့ ကုသိုလ်တရားတွေ ဖြည့်နိုင်သလောက် ဖြည့်ဆည်းပြီး ဝိပဿနာ ဘာဝနာတရား ကိုလည်း တရားရိပ်သာ ဝင်တဲ့ အချိန်ကာလလေး မျှသာ မဟုတ်ပဲ အိမ်မှာ နေရင်းလည်း အိပ်ရာဝင် အိပ်ရာထလေး လောက်ပဲ ဖြစ်ဖြစ်၊ နာရီဝက်၊ တစ်နာရီလောက်တော့ မှန်မှန်ပွားများရင်းနဲ့ တစ်နေ့တစ်နေ့ ကိုယ်လုပ်ခဲ့မိတဲ့ အကုသိုလ်တရားများကို ပယ်သတ်နိုင်အောင် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီဘဝမှာ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရလောက်တဲ့ အဆင့် မဟုတ်ရင်တောင်မှပဲ ဝိပဿနာတရား ပွားများအားထုတ်ခဲ့တဲ့ ပါရမီကလေး ရှိခဲ့တယ် ဆိုရင် နောင် ကိုယ် ရောက်လေရာ ဘဝတွေမှာလည်း ဆက်လက် အားထုတ်ရင်းနဲ့ နိဗ္ဗာန် မဂ်ဖိုလ် ကို မျက်မှောက်ပြုရတဲ့ ဘဝကို ရောက်နိုင်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း တရားမရသေးပါဘူး။ ဆရာကြီး လုပ်တာလည်း မဟုတ်ပါဘူး။ တရားစခန်း တော့ တစ်ခါ နှစ်ခါ ရက်တို ဝင်ဖူးပေမယ့် အိမ်မှာလည်း မှန်မှန် မလုပ်ဖြစ်သေးပါဘူး။ ကိုယ်မလုပ်နိုင်ပေမယ့်လို့ လုပ်သင့်တဲ့ အလုပ်လို့ ထင်တဲ့ အတွက် အားလုံးကို သတိပေးတဲ့ အနေနဲ့ သေခြင်းတရားကို မမေ့လျော့ကြဖို့၊ ဘုရားအလုပ်၊ တရားအလုပ်ကို မမေ့ကြဖို့ ဒီစာကို ရေးဖြစ်တာပါ။

************************
ပြည်မြို့  ကုဏ္ဍလာရာမ ကျောင်းတိုက်မှာ သင်္ကြန်ကာလ တရားဝင်သူများ ဓမ္မာရုံပေါ်မှာ တရားမထိုင်ခင်။

ဆွမ်းစားဆောင်မှာ။

နေ့  လည် တရားနားချိန် ဖျော်ရည် သောက်နေကြသော ယောဂီများ။

အမြဲနေ သံဃာများ၊ သီလရှင်များ၊ ယောဂီများ တရားထိုင်ရာ ပြင်ဦးလွင် ဖားအောက်တောရ ဓမ္မာရုံ။

သီလရှင်များ၊ ယောဂီများ နေထိုင်ရာ ကျောင်းဆောင်လေးများ။
 
 

ဆွမ်းစားဆောင်။

သင်္ကြန်တွင်း တရားစခန်းမှာ တရားထိုင်ရမယ့် ပြင်ဦးလွင် ဖားအောက်တောရ သုံးထပ် ဓမ္မာရုံအသစ်။

သိင်္ဂါကျော်

05 April, 2011

ပိတောက်တစ်မျက်နှာ အရာရာ



သူ သင်္ကြန် မလည်ဖြစ်တာ သုံး လေး နှစ်လောက် ရှိနေလေပြီ။ ဒီနှစ်တော့ နိုင်ငံခြားက အလည်ပြန်ရောက်နေသော သူငယ်ချင်း နှစ်ယောက် အပါအဝင် သူငယ်ချင်းတွေ ဆုံသဖြင့် သင်္ကြန်လည်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကိုယ့်အလုပ်ထဲမှာ ကိုယ်တော့ လူကြီး လုပ်နေရသော သူတို့ အာလုံး သင်္ကြန်ကားပေါ်မှာတော့ လူငယ်တွေ ပြန်ဖြစ်သွားကြသည်။ တကယ်တော့ သူတို့ အားလုံးက အသက် သုံးဆယ်တန်းကို ရောက်နေလေပြီ။ တစ်ချို့က အိမ်ထောင်သည်တွေ ဖြစ်ပြီး ကလေးရသူကလည်း ရနေကြလေပြီ။ ဘာပဲဖြစ်ဖြစ် သင်္ကြန်ရနံက သူတို့ စိတ်တွေကို ပျိုမျစ် လန်းဆန်းစေသည်။ ပိတောက် ရနံတို့ကလည်း နေရာအနှံ သင်းပျံပြီး သင်္ကြန်ကို ပိုအသက်ဝင်စေသည်။ သင်္ကြန်အကျနေ့မှာ ပိတောက်တွေ ကလည်း တစ်မြို့လုံး ပွင့်ဝေနေသည်။

ဖြူနီပြာဝါ မိန်းကလေးတွေက မဏ္ဍပ်တိုင်းမှာ အလှချင်း ပြိုင်နေသော်လည်း သူ့စိတ်ထဲမှာ ဘယ်လိုမှမနေ။ သူပဲ အသက်ကြီးနေပြီလား မသိ။ အပေါ်ဟိုက် အောက်တို ဖော်ချင်းတိုင်း ဖော်ပြီး ဝတ်နေကြသော မိန်းကလေးများကို သူ့စိတ်ထဲ သိပ်ကြည့်မရချင်။ တစ်နေရာ အရောက်မှာတော့ သူ့မျက်လုံးတွေက စိုက်စိုက်မြိုက်မြိုက် မခွာရက်နိုင်အောင် ဖြစ်သွားသည်။ ပိတောက်ပန်းတွေ ဝေနေအောင် ပန်ထားသော မိန်းကလေး တစ်ယောက်။ ညိုရောင်သမ်းသော အသားအရေက ပိတောက်ပန်းခက် အရောင်ဟပ်သောကြောင့် ဝင်းဝါနေသလိုပင်။ ဆံနွယ်နက်နက်များက ခါးအထိ ဖြောင့်ဖြောင့် စင်းစင်း ကျနေသည်။ အစိမ်းရင့်ပေါ်မှာ အဝါဖောက်ထားသော ချည်ထည် ဝမ်းဆက်ကလေးကို ဝတ်ဆင်ထားသောကြောင့် ပန်ဆင်ထားသော ပိတောက်ခက်တို့နှင့် လိုက်ဖက်နေသည်။ အခုခေတ်မှာ မြင်ရခဲသော ဒီဇိုင်းမျိုး။ စကတ်တို ဘောင်းဘီတို ခေတ်မှာ မြန်မာဆန်ဆန် ချည်ထည် လုံချည်ကလေးနှင့် မိန်းကလေးက တစ်မျိုးလေး ဆန်းနေသည်။ အသက်ကတော့ အတော်လေး ငယ်ပုံရသည်။ ၂၀ ပင် ပြည့်သေးပုံမပေါ်။ မြင်မြင်ချင်းမှာပင် ရင်ထဲကို အေးမြသွားစေသော အလှမျိုးပင်။

“ဟေ့ကောင် ဇော်မိုး စိတ်ထိန်းဦးဟေ့၊ မျက်လုံးကြီးလည်း ကျွတ်ကျ သွားဦးမယ်”
“ငါကတော့ အိအိကို တိုင်မှာနော်”
သူတို့က ပြောသာ ပြောကြသော်လည်း ထိုမဏ္ဍပ်မှာ ကားကို ရပ်လိုက်ကြသည်။
“မင်း ကံကောင်းတယ် ဟေ့ သူ့ဘေးက ကောင်မလေးတွေက ငါ့ရုံးက ကလေးမလေးတွေကွ၊ လာ သွားရောရအောင်”

“ဒါ ကျွန်တော့ သူငယ်ချင်းလေ ဇော်မိုးသစ်တဲ့။ ကွန်ပျူတာသင်တန်း ဖွင့်ထားတယ်လေ၊ သင်တန်း နာမည်က Nania တဲ့”

သူငယ်ချင်းက မိတ်ဆက်ပေးတော့ ကောင်မလေးတွေကလည်း သူတို့ နာမည်ကို ပြောကြသည်။ သူငယ်ချင်းများ၏ အတွန်းအပို့ ကောင်းမှုကြောင့် ပိတောက်ဝါမလေး၏ နာမည်ကို သူသိခဲ့ရသည်။ လူပုံစံလိုပင် နာမည်ကလည်း ရိုးရိုးကလေး။ မို့မို့ခင် တဲ့။ မူလတန်းပြ ဆရာမလေး တစ်ယောက်ဖြစ်ကြောင်း၊ ညီအစ်မ ဝမ်းကွဲများက အတင်းခေါ်သောကြောင့်သာ ပါလာရကြောင်း သိရသည်။ အခုမှ သိရသော်လည်း တစ်ယောက်နှင့် တစ်ယောက် ဟိုး အရင်ကပင် သိဖူးသူတွေလို ရင်းရင်း နှီးနှီး ဖြစ်သွားကြသည်။ သူမက သူ့ကို အစ်ကိုဇော်မိုး ခေါ်သည်။ လွန်ခဲ့သော နှစ်များက မင်း ဘယ်နေရာများ ရောက်နေသလဲ မိန်းကလေးရယ်။ ဘာကြောင့် တို့တွေ အခုမှ တွေ့ရတာလဲ။ သူ စိတ်ထဲမှ ပြောမိသည်။

သူတို့ ကား ဆက်ထွက်လာသော်လည်း သူ့စိတ်က ပိတောက်ဝါမလေး မို့မို့ခင် ရှိသော မဏ္ဍပ်မှာသာ ကျန်ခဲ့တော့သည်။ နှစ်ပေါင်း အတော်ကြာ နှေးကွေးနေသော သူ့ရင်ခုန်သံက အခုတော့ သူ့ကိုယ်သူ ပြန်ကြားနိုင်လောက်အောင်ပင် အခုန်မြန်နေသည်။
*****
သင်္ကြန်အကြတ်နေ့ကျတော့ သူမက အဖြူခံပေါ်မှာ စိမ်းပြာရောင် ပွင့်ရိုက် ချည်ထည် ဝမ်းဆက်ကလေးနှင့်။ ပိတောက်ပန်း မပွင့်တော့ စံပယ်ပန်းခက်ကလေးများကို လှလှပပ ပန်ဆင်ထားသည်က မဟာဆန်နေသည်။ မဏ္ဍပ်ပေါ်မှာမို့ ရေသိပ်မစိုသေးသော သူမကို သူက ဖလားလေးနှင့် ရေသွားလောင်းလိုက်သည်။ သူမက မျက်စောင်းလေး တစ်ချက်ထိုးပြီး ကိုင်ထားသောပိုက်နှင့် သူ့ကို လှည့်ပက်သည်။ သူမ မျက်စောင်းအောက်မှာ သူ့ အတိတ်တွေ အားလုံးကို မေ့သွားချင်မိသည်။
“ကိုယ် ဒီနေ့ ရေပက်ခံ မလိုက်ချင်တော့ဘူးကွာ၊ ဒီမဏ္ဍပ်မှာပဲ ရေပက်ချင်တယ်၊ ရမလား ဟင်”
“မို့ ကတော့ မသိဘူးလေ၊ မမစိုးကို မေးပေါ့”
သူမ ပြောသော မမစိုးက သူ့ သူငယ်ချင်း တိုးမြင့် ကုမ္ပဏီက အကောင့်တန့် ဖြစ်သောကြောင့် သူ့ကို သူမတို့ မဏ္ဍပ်မှာ ရေပက်ခွင့် ပေးသည်။ ရေပက်ခွင့် ပေးသည့်အပြင် သူမတို့ ညီအစ်မတွေက မဏ္ဍပ်နောက်ဘက်ရှိ ခြံထဲသို့ ခေါ်သွားပြီး မုန့်လုံးရေပေါ် ကျွေးကြသေးသည်။

သူမ ခေါင်းက စံပယ်ရနံ သင်းသင်းကို ရှုရှိုက်ရင်း ညိုချောမလေး ဘေးမှာ တစ်နေကုန် ရေပက်ရသော အချိန်တွေက သူ့အတွက် အိပ်မက်အလား။ တစ်ရက်တာကို ဆွဲဆန့်၍ ရလျှင် ဆွဲဆန့်လိုက်ချင်သည်။
“အစ်ကို ဇော်မိုးကို စတွေ့ကတည်းက ညီမရဲ့ အစ်ကိုရင်း တစ်ယောက်လိုပဲ သဘောထားမိတာ၊ အဲဒါကြောင့် ရင်းရင်းနှီးနှီး ခေါ်မိတာ၊ ညီမကို အထင်တော့ မသေးပါဘူးနော်
“ဘယ်ကသာ အထင်သေးရမှာလဲကွာ၊ ကိုယ်ကလည်း မြင်မြင်ချင်း ခင်မင်မိလို့ပါ”
ညီမအရင်းလို ဆိုသော စကားကို တမင်ပင် ထည့်မပြောပဲ ထားလိုက်သည်။ သူ့ဘက်ကတော့ သူမကို ညီမအရင်းလို ဘယ်လိုမှ သဘောမထားနိုင်ပါ။ သို့သော် သူ့စိတ်ရင်းကို ဖွင့်ဟပြောဖို့လည်း ဖြစ်နိုင်သော အခြေအနေ မဟုတ်ပါ။

ညဘက်ရောက်တော့ သူမအကြောင်း ပြန်တွေးပြီး ကြည်နူးနေဆဲ အိသက်လျာ ဆီက ဖုန်းဝင်လာသည်။ အိသက်လျာ ဆိုတာက သူရဲ့ ၈ နှစ်တာ သက်တမ်းကြာပြီ ဖြစ်သော ချစ်သူ မိန်းကလေး ဖြစ်သည်။ ဘာမှတော့ ထွေထွေထူးထူး မဟုတ်။ အိက သူမ အိမ်ရှိရာ နယ်ပြန်သွားသဖြင့် နေကောင်းလား၊ ဘာလုပ်နေလဲ ဆိုတာမျိုး မေးတာသာ ဖြစ်သည်။ ငါးမိနစ်လောက် ပြောပြီးနောက် ဖုန်းချလိုက်ကြသည်။

အိ နှင့် သူက တက္ကသိုလ်မှာ ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ အဲဒီတုန်းက သူတို့ တက္ကသိုလ်မှာက ယောက်ျားလေး နည်းပြီး မိန်းကလေးက များသည်။ ယောက်ျားလေး၊ မိန်းကလေး ရင်းရင်းနှီးနှီး သူငယ်ချင်းပေါင်း ပေါင်းကြရင်း ကြာတော့ စိတ်ထားတွေ ပြောင်းလာခဲ့ကြသည်။ သူငယ်ချင်း အချင်းချင်းကနေ အတွဲတွေ ဖြစ်လာကြသည်။ သူငယ်ချင်း အဖွဲ့ထဲမှ တင့်နိုင် နှင့် မေမျိုး ကတော့ ကျောင်းပြီးသည်နှင့် အိမ်ထောင်ပြုကြပြီး ကလေးနှစ်ယောက်ပင် အတော်ကြီးနေလေပြီ။ သူတို့ နှစ်ယောက်ကတော့ မာစတာ ဆက်တက်ကြသည်။ အဲဒီနောက် ကိုယ့်အလုပ်မှာကိုယ် အောင်မြင်အောင် ကြိုးစားကြဦးမည် ဆိုပြီး လက်ထပ်ဖို့ကို ရွှေ့ဆိုင်းကြသည်။ အိ အိမ်ကလည်း သူ့ကို သိပ်သဘောမတူချင်။ ဘာအကြောင်းကြောင့်မှတော့ မဟုတ်။ အိ အဖေကြီးက သူ့သမီးကို တော်ရုံလူနှင့် မပေးစားချင်ပဲ တိုခြင်း သက်သက်သာ ဖြစ်သည်။

သူတို့နှစ်ယောက်က သူငယ်ချင်းဘဝမှ ချစ်သူ ဖြစ်လာသူတွေမို့ သူများ ချစ်သူ စုံတွဲတွေလို နုနုရွရွ စကားလုံးတွေနှင့် ပြောလေ့ ပြောထလည်း မရှိ။ နှစ်ယောက်လုံးက လက်တွေ့ဆန်သူတွေမို့ ပလီပလာ တီတီတာတာ စကားတွေလည်း ဘယ်သူကမှ မပြောတတ်။ အိသက်လျာက မိန်းကလေး ဖြစ်သော်လည်း ချွဲနွဲ့သော အသံမျိုး ချိုသာသော အသံမျိုး နှင့် တစ်ခါမှသူ့ကို မပြောစဖူး။ နှစ်ယောက်သား နင် ငါ နှင့်ပင် ပြောကြသည်။ မောင်လည်း မခေါ်၊ ကို လည်း မခေါ်။ သူကလည်း သူငယ်ချင်းတွေ အားလုံး ခေါ်သလို အိအိပဲ ခေါ်သည်။ အခုနောက်ပိုင်းမှာတော့ တွေ့ဖြစ်ကြလျှင်ပင် အလုပ်အကြောင်း၊ ရုပ်ရှင်အကြောင်း၊ စာအုပ်အကြောင်း လောက်သာ ပြောဖြစ်ကြသည်။ မာစတာ ပြီးကာစ ကတော့ သူက အိအိကို လက်ထပ်ကြရအောင် ဟု တစ်ခါတော့ ပြောဖူးသည်။ အိက သူ့အဖေကို မပြောရဲသေးဟု အချိန်ဆွဲသဖြင့် သူ့ အစီအစဉ်က ဖြစ်မလာ။ နောက်ထပ် တစ်နှစ်လောက်ကြာတော့ အိက ဘွဲ့လွန် ထပ်တက်ပြန်သည်။ “ငါက မတက်ချင်ပါဘူး၊ အိမ်က တက်ခိုင်းလို့” ဆိုသော်လည်း အိ စိတ်မပါပဲ သူမ အိမ်က အတင်းအကျပ် တိုက်တွန်းလို့ ရမှာ မဟုတ်တာကို သိနေသည်။ သူ့ကို နောက်ထပ် သုံးနှစ် စောင့်ခိုင်းတော့ သူ့ စိတ်ထဲ တစ်မျိုး ဖြစ်တာ သူ့အပြစ်မဟုတ်ဘူး မဟုတ်လား။ “နင် ငါ့ကို လက်မထပ်ချင်လို့ အချိန်ဆွဲနေတာလား အိအိ” ဟု သူပြောတော့လည်း “မဟုတ်ပါဘူးဟာ၊ နင်ကလည်း ငါ အိမ်ကိုလည်း ပြောပြီးပြီလေ၊ ကျောင်းပြီးတာနဲ့ နင့်နဲ့ လက်ထပ်မှာပေါ့” ဟု ဆိုသည်။

အိအိ ဘက်ကတော့ ဘယ်လို နေတယ် မသိပေမယ့် သူ့ဘက်ကတော့ အိ နှင့် ပတ်သက်သည့် ရင်ခုန်သံတွေ နှေးကွေးလာတာ သေချာသည်။ သူက အိဆီကို သွားခေါ်တာ ဖြစ်ဖြစ်၊ အိက သူ့သင်တန်းကို လာတာပဲ ဖြစ်ဖြစ် သူတို့ တစ်ပတ်လျှင် တစ်ခါတော့ တွေ့ကြသည်။ သို့သော် အိက စာကြည့်စရာ ရှိလို့ ဆိုပြီး မလာလည်း သူ့ဘက်ကတော့ ဘယ်လိုမှ မနေ။ အိကို စကားနာလည်း ထိုးမနေ။ အိကတော့ သူ့ကို သဘောထားကြီးသူလို့ ထင်ချင်ထင်မည်။ သူကတော့ အဲလို မဟုတ်။ အိမလာတာကိုပဲ သူ့စိတ်ထဲမှာ သက်သာရာ ရသလို ဖြစ်နေသည်။

ဒီလို အခြေအနေနှင့် သူတို့ နှစ်ယောက် လက်ထပ်လို့ ဖြစ်ပါ့မလားလို့ တွေးမိသော အတွေးကို ပြန်ပြန် ဖျက်ပစ်ရသည်။ ဘာပဲဖြစ်ဖြစ် ခုနေမှာတော့ သူတို့ အကြောင်းကို နှစ်ဖက် မိဘလည်း သိနေကြပြီ။ ခွင့်လည်း ပြုပေးကြပြီးပြီ။ သူတို့ ချစ် သက်တမ်းကလည်း ၈ နှစ် ရှိတော့မည်။ ဒီအချိန်မှာတော့ ဘာကိုမှ ပြင်ဆင်လို့ မကောင်းတတ်တော့ပြီ။ ပြီးတော့ သူ အိကို မချစ်တော့တာတော့လည်း မဟုတ်ဟု ထင်သည်။ အရမ်းကြီး ချစ်သွေးကြွ မနေတော့တာက အသက်ကြီးလာလို့လည်း ဖြစ်နိုင်သည် မဟုတ်လား။

အခုလို ပိတောက်ဝါမလေး၊ ညိုချောမလေးကို တွေ့လိုက်ရတော့မှ မလှုပ်ရှား တတ်တော့ဘူး ထင်သည့် သူ့ နှလုံးသွေးတို့ တက်ကြွလှုပ်ရှား လာရသည်။ အချစ် ဆိုတာ ပြောင်းလဲတတ်သည် ဆိုတာကို ယုံရတော့မည် ထင်သည်။ အချစ်က သူ့အလိုလို ပြောင်းလဲ ဖြစ်တည် လာသော်လည်း ကတိသစ္စာကတော့ ပြောင်းလဲလို့ မကောင်းတတ်သော အရာ ဆိုတာ သူ နားလည်ပါသည်။
*****
အတက်နေ့ မနက်စောစောမှာ မိုးတဖြိုက် နှစ်ဖြိုက် ကျတော့ လက်ကျန် ပိတောက် ဖူးလေးတွေက ပွင့်လာကြသည်။ နံဘေးခြံက ပိတောက်ပင်ကြီးက အကျနေ့က မပွင့်ခဲ့ပဲ ဒီနေ့ကျမှ အစွမ်းကုန်ပွင့်နေသည်။ အဲဒီခြံမှာက လူကြီးတွေချည်းပဲမို့ ပိတောက်ပန်းကို ဘယ်သူက ဂရုတစိုက် ခူးမနေ။ သူလည်း ခါတိုင်းတော့ ပိတောက်ပန်း ပွင့်တာ မပွင့်တာ သတိထားမိသူ မဟုတ်သော်လည်း အခုတော့ ပိတောက်ပန်းကြိုက်သူလေး တစ်ယောက်ကို သတိရပြီး ပိတောက်တွေ အခိုင်လိုက် ခွင့်တောင်းပြီး ခူးမိသည်။ သူမကို ပေးတော့ ဝမ်းသားအားရ ဖြစ်သွားပြီး ဟန်ဆောင်ပန်ဆောင် မရှိပဲ ပန်ဆင်သည်။ ဒီနေ့လည်း သူက သူမလေးတို့ မဏ္ဍပ်မှာပင် တစ်နေကုန် ရေပက်ဖြစ်သည်။ သင်္ကြန် နောက်ဆုံးနေ့မို့ နှုတ်ဆက်ရတော့မှာကို တွေးမိတော့ စိတ်ထဲမှာ မကောင်း။ သူမကို ဖုန်းနံပါတ်တောင်းတော့ အိမ်မှာ ဖုန်းမရှိဟု ဆိုသော်လည်း အိမ်ဘေးနားက ဖုန်းကိုတော့ ပေးရှာပါသည်။ E-mail ရှိလားဆိုတော့ ကွန်ပျူတာကို တစ်ခါမှ ကောင်းကောင်း မသုံးဖူးဘူး၊ အင်တာနက် ဆိုတာ ဘာမှန်းတောင် မသိဘူး ဟု ဆိုသဖြင့် သူ လက်လျော့လိုက်ရသည်။ သူက အရဲစွန့်ပြီး “ညီမမှာ ရည်ရွယ်ထားတဲ့သူ ရှိသလား” ဟု မေးမိသည်။ သူမက မျက်လွှာလေး ချပြီး မရှိသေးပါဘူး ဟု ဆိုတော့ သူရင်ထဲမှာ အတိုင်းမသိ ပျော်ရသည်။ သူ့ဖုန်းနံပါတ် နှင့် လိပ်စာကတ်ကို ပေးလိုက်ပြီး အားရင် ဖုန်းဆက်ပါ ဟု ပြောမိသည်။
အိမ်ပြန်ရောက်တော့ တစ်ခုခု လစ်ဟာနေသလို ခံစားရသည်။ ညိုချောမလေး မို့မို့ခင်ကို သူ့အနားမှာ ထာဝရ ရှိစေချင်မိသည်။ အိ အပေါ် သစ္စာဖောက်သလို ဖြစ်ရတာကိုလည်း အပြစ်ရှိသူလို ခံစားရသည်။ သို့ပေမယ့် သူ့စိတ်ကို သူ မထိန်းချုပ်နိုင်။ သင်္ကြန်အပျော် တစ်ခုအနေနှင့်ပဲ ထားပြီး မနက်ဖြန်ကစလို့ မို့မို့ခင်ကို မေ့ပစ်လိုက်ရတော့မှာလား...။ သူမကို သူ မေ့နိုင်ပါ့မလား။ အချစ်မရှိတော့သော အိမ်ထောင်တစ်ခုကို အိသက်လျာနှင့်ပဲ ထူထောင်လိုက်ရတော့မှာလား။ သူ ဘာမှ မတွေးချင်။ ဖြစ်နိုင်လျှင် ပုလင်းထဲက နတ်သမီး ဂျင်းနီ ဆီက ပါဝါတွေ ယူကာ သင်္ကြန်ရက်တွေကို နောက်ထပ်တိုးလိုက်ချင်သည်။
*****
“ဇော်မိုး၊ နင် သင်္ကြန်တုန်းက ကောင်မလေး တစ်ယောက်နဲ့ ငြိခဲ့တယ်ဆို”
အိသက်လျာ၏ အမေးကို သူမညာချင်။ အမှန်အတိုင်းပဲ ဖြေလိုက်သည်။
“ဟုတ်တယ် အိအိ၊ ငါတို့ထက်တော့ အတော်ငယ်တယ်၊ ၂၀ လောက်ပဲ ရှိဦးမယ်၊ မူလတန်းပြ ဆရာမလေး တဲ့”
“အဲဒီတော့...”
“အဲဒီတော့ ဆိုတာ ဘာလဲ”
“နင် အဲဒီ ကောင်မလေးကို ဘယ်လို ခံစားမိလို့လဲ၊ တင့်နိုင်တို့က ပြောတော့ နင် သူတို့နဲ့တောင် ရေပက်ခံ မလိုက်တော့ပဲ ကောင်မလေး ရှိတဲ့ မဏ္ဍပ်မှာပဲ ရေပက်ကျန်ခဲ့တယ်ဆို”
“ဟုတ်တယ်”
“ဘာ ဟုတ်တာလဲ၊ ငါမေးတာ ဖြေလေ၊ အဲဒီ ကောင်မလေးကို ဘယ်လို သဘောထားတာလဲလို့”
“အဲဒီ ကောင်မလေးကို ငါချစ်တယ်၊ သူ့ကို မြင်မြင်ချင်းပဲ ချစ်မိသွားတာ၊ ဘယ်လိုမှ ငါ့ကိုယ်ငါ တားလို့မရဘူး၊ အိ”

သူ အမှန်အတိုင်း ဝန်ခံလိုက်သည်။ သူ အိကို မညာချင်။ သူ့ စိတ်က အိအပေါ် သစ္စာ ဖောက်မိသော်လည်း သူ့ဘက်က စ၍ တရားဝင်တော့ အိကို မထားခဲ့ချင်။ အိ ဘက်က ထွက်ပေါက်တစ်ခု ဖွင့်ပေးလျှင်တော့ သူ အိကို ကျေးဇူးတင်မိလိမ့်မည်။ သူ အတ္တကြီးရာကျတာ ကိုလည်း သူ့ကိုယ်သူ သိပါသည်။ သို့သော်...။

အိသက်လျာ ငြိမ်ကျသွားသည်။ သူမ မမျှော်လင့်မိသော အဖြေ။ တစ်သက်တာ ရည်ရွယ်ထားသူ ဆီက တစ်ခြား မိန်းကလေး တစ်ယောက်ကို ချစ်မိနေပါပြီ ဟု ဝန်ခံစကားကို ကြားလိုက်ရသောအခါ သူမ ဘက်က ဘာဆက်ပြောရမှန်း မသိတော့။ သူမက ဟန်လည်း မဆောင်တတ်။ ဒီပြဿနာကိုလည်း ဘယ်လို ဖြေရှင်းရမှန်းမသိ။
“ငါ ပြန်တော့မယ်၊ ဒီကိစ္စကို နောက်မှပဲ ရှင်းမယ်”

အိ ပြန်သွားတော့ ဒီကိစ္စ ဖွင့်ပြောမိတာ မှားပြီလား ဟု သူတွေးသည်။ မပြောလျှင် သူ့တစ်သက်လုံး မျိုသိပ်ထားရတော့မည်။ သူမပြောပဲ သူများဆီက သိတယ် ဆိုရင်လည်း အိက သူ့ကို ယုံတော့မှာ မဟုတ်။ ဘာပဲဖြစ်ဖြစ် ဝန်ခံလိုက်ရတာကို သူ နောင်တမရ။ အိ ကိုတော့ သနားသည်။ သို့ပေမယ့် သူ့ကိုယ်သူလည်း သနားသေးသည်။
*****
“နင် အဲဒီကောင်မလေးကို စိတ်ပြတ်နိုင်တာ သေချာရဲ့လား၊ ဒါမှမဟုတ် ငါ့ကို ဖြတ်ချင်တာလား”
နောက်တစ်ပတ်ကျတော့ အိသက်လျာက ပွင့်ပွင့်လင်းလင်းပင် ဖွင့်မေးသည်။
“သူ့ကို ငါ ဘာမှ မပြောရသေးဘူး၊ ငါတို့ သင်္ကြန်တုန်းက တွေ့ခဲ့ကြတယ်၊ ရင်နှီးခဲ့ကြတယ် ဒါပဲလေ၊ ငါ လက်ထပ်မယ့် သူက နင်ပဲ၊ ဒါပေမယ့် ငါ နင့်ကို မချစ်တော့ဘူး အိ၊ အဲဒါ သေချာနေပြီ၊ အဲဒါကို နင် လက်ခံနိုင်တယ် ဆိုရင်တော့ ငါတို့ စီစဉ်ထားတဲ့ အတိုင်း လက်ထပ်ကြမယ်”
“နင် ငါ့ကို မချစ်တော့ဘူးလို့ ပြောတာလား၊ နင် ငါ့ကို မချစ်တော့ဘူးလို့ ပြောတယ်ပေါ့”
“ဟုတ်တယ် အိ၊ ငါတို့ နှစ်ယောက်စလုံး အေးစက် နေကြပြီပဲ၊ နင့်ဘက်ကတော့ မသိပေမယ့် ငါ့ဘက်ကတော့ နင့်အပေါ် အရင်လို ပြန်မဖြစ်နိုင်တော့ဘူး၊ ငါ သူ့ကို ပဲ ချစ်တယ်၊ အဲဒီ ကောင်မလေးကို ချစ်တယ်၊ ဒီရက်တွေမှာ ငါ့ကိုယ်ငါ သေချာ ဆန်းစစ်ကြည့်နေတယ်၊ အဲဒါ သေချာနေပြီ၊ အဲဒီတော့ ငါ့ဘက်ကတော့ နင့်အပေါ် ကတိ မဖျက်ချင်ဘူး၊ နင့်အပေါ် အချစ် မရှိတော့တဲ့ ငါ့ကို လက်ခံနိုင်မယ် ဆိုရင် လက်ထပ်ပါ။ ငါ နင့်အပေါ် သစ္စာ ရှိမှာပါ၊ အဲ ဒါပေမယ့် ငါ့စိတ်ကိုတော့ ငါမပိုင်ဘူးပေါ့၊ လူအနေနဲ့ကတော့ နင့် ခင်ပွန်းသည် တစ်ယောက်အဖြစ် ရှိနေမှာပါ”

အိသက်လျာလို မာနကြီးပြီး ပြတ်သားသူ တစ်ယောက်က ဒီ မေးခွန်းကို ဘယ်လို ဖြေမည် ဆိုတာ သူ မှန်းဆထား ပြီးသား။ သူ မှန်းဆတာ မမှားပါ။

“နင်က ငါ့ကို အကျပ်ကိုင်တာပေါ့၊ ငါ လက်မခံနိုင်လို့ လက်ထပ်ပွဲကိုဖျက်ရတယ်ပေါ့၊ နင် တော်တော် ယုတ်မာပြီး အတ္တကြီးတဲ့ ယောက်ျားပဲ ဇော်မိုးသစ်၊ ရတယ်လေ၊ ငါ နင့်ကို ချစ်လွန်းလို့ သေသွားပါစေ၊ ကိုယ့်ကို မချစ်တော့တဲ့ သူတစ်ယောက်ကိုတော့ လက်မထပ်နိုင်ဘူး၊ ငါတို့ လမ်းခွဲကြတာပေါ့၊ နင် ဒီစကားကို ကြားချင်တာ မဟုတ်လား။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ နှစ်ဖက် မိဘကိုတော့ ငါတို့ ဘာလို့ လမ်းခွဲရတယ် ဆိုတဲ့ အကြောင်းကို အမှန်အတိုင်းပဲ ပြောပြရလိမ့်မယ်၊ ငါက သစ္စာမဲ့တဲ့သူ မဟုတ်ဘူး၊ ကတိ ဖျက်တဲ့သူလည်း မဟုတ်ဘူးလေ။”

“ရပါတယ်၊ နင် ကြိုက်သလို ပြောပါ”

အိသက်လျာ ဆီက ထွက်ပေါက်ကို သူ ရခဲ့လေပြီ။ အိသက်လျာ ဘက်က လမ်းခွဲပြတ်စဲမှုကို ရလျှင် မို့မို့ခင် ဘက်ကို စဖို့က ဘာမှ မခဲယဉ်းပါ။ တစ်လ လောက် ကြိုးစား အပြီးမှာပဲ မို့မို့ခင် ဆီက သူ လိုချင်သော အဖြေကို ရခဲ့သည်။ သူတို့ နှစ်ယောက်မှာ ရှေးရေစက် ရှိသည်ဟု သူယုံကြည်သည်။ သို့သော် သူ့အိမ်ကတော့ အိသက်လျာ နှင့်မှ မဟုတ်လျှင် ဘယ်သူနဲ့မှ သဘောမတူပါဘူး ဆိုသော ပြင်းထန်သော ရာဇသံကို သူရင်ဆိုင်ရသည်။ အိသက်လျာနှင့် သူ့ကို သိသော သူငယ်ချင်းတွေ အားလုံးဆီက သစ္စာမဲ့သူ၊ ဦးနှောက် မရှိသူ ဆိုသော အထင်သေး ရှုတ်ချ အကြည့်တွေကို သူရင်ဆိုင်ရသည်။ ဘာတွေပဲ ရင်ဆိုင်ရပါစေ သူမမှုပါ။ အိ ကို စပြောကတည်းက ဒါတွေ ရင်ဆိုင်ဖို့ကို ကြိုတွေးပြီးသား ဖြစ်ပါသည်။

“အဲဒီကောင်မလေးက အိ ထက် ဘာတွေ သာလို့ နင်က ကြိုက်ရတာလဲ၊ အိလို လူကို ထားပြီး အဲဒီလို အဝေးသင်ဘွဲ့တောင် မရသေးတဲ့ မိသားစုများတဲ့ ကောင်မလေးကို ကြိုက်တာ နင် ရူးနေလို့လား”

အိသက်လျာရဲ့ သူငယ်ချင်းတွေ၊ ညီမတွေက သူ့ကို ရန်တွေ့ကြသည်။ သူ ရူးနေတာလည်း ဖြစ်ချင်ဖြစ်မည်။ သို့ပေမယ့် သူ့ ဆုံးဖြတ်ချက်အတွက် သူ နောင်တ မရပါ။ သူလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်သော အခြေအနေ ဖြစ်နေပါပြီ။ ကောင်မလေး ဘက်က ဘာတွေ မပြည့်စုံပါစေ၊ သူ ဂရုမစိုက်ပါ။ မိဘကို ဆန့်ကျင်သူ မဖြစ်ချင်၍သာ ဇွဲကောင်းကောင်းနှင့် ခွင့်တောင်းနေရခြင်း ဖြစ်ပါသည်။

ပိတောက်တစ်မျက်နှာ အတွက် သူ အရာရာ ရင်ဆိုင်ဝံ့ပါသည်။ အချစ်သည် အရာရာကို ရင်ဆိုင်စေနိုင်သော စွမ်းအားဖြစ်သည်ကို သူ ယုံကြည်ပါသည်။ သူ အိအပေါ်တွင် မကောင်းခဲ့သော အပြစ်ကို နောင်ဘဝကျမှ ဝဋ်လည်ချင် လည်ပါစေတော့။ အခုဘဝမှာတော့ အချိန်မသင့်ပဲ ပွင့်လာခဲ့သော ပိတောက်တစ်ခက်ကို ခူးဆွတ်နိုင်ဖို့ အရာအားလုံးကို စွန့်ရမယ် ဆိုလည်း သူ ဘက်ကတော့ နောက်တွန့်တော့မည် မဟုတ်ပါ။
*****

(ပုံကို http://www.myanmarchitchat.net/2009/04/happy-thingyan-2009-with-ong-seng-moe.html မှ ယူပါသည်။)
သင်္ကြန်တွင်း အိမ်ပြန်မှာမို့   နှုတ်ဆက်တဲ့ အနေနဲ့   သင်္ကြန်ဝတ္တုလေး တစ်ပုဒ် တင်လိုက်ပါတယ်။ သစ္စာဖောက်တတ်တဲ့ ယောက်ျားလေးတွေက သဘောကျပြီး သစ္စာကို ကိုးကွယ်တတ်တဲ့ မိန်းကလေး တွေကတော့ သဘောကျမယ် မထင်ပါဘူး  :D ။

သိင်္ဂါကျော်

22 March, 2011

မင်းမရှိတဲ့နွေ



တစ်ခါလောက် ချစ်ကြည့်ဖူးချင်ပေမယ့်
ယုံကြည်လောက်စရာ အချစ်က
တစ်ခါမှ နီးနီးနားနား မလာခဲ့ဖူးဘူး။

အိပ်မက်ဆန်တဲ့ အချစ်နဲ့
မင်းရောက်လာတဲ့ အချိန်မှာလည်း
ဒါ ငါ့အကြိုက် မဟုတ်ခဲ့ဘူး။
ဒါပေမယ့်
တစ်စုံတစ်ယောက်ရဲ့ မြတ်နိုးမှုကို ခံယူဖို့
ငါနှစ်ချိုက်ခဲ့ရဲ့။
အချစ်ခံဖို့ မထိုက်တန်သူလို့
ငါ့ကိုယ်ငါ တစ်ဘဝလုံး ထင်နေတဲ့ အထင်ကို
မင်း ရိုက်ချိုး ပေးခဲ့တာ
ကျေးဇူး အနန္တပါ။

မင်းသိနေတယ်လို့ ထင်တဲ့
ငါ့ခံစားချက်ကို ငါမသိခဲ့ပေမယ့်
အနှောင်အတွယ်မဲ့ စကားတစ်ခွန်းကို
ဖြစ်သလို မပြောတတ်တာ ငါ့အကျင့်ပါ။

မင်းနဲ့ အတူ ရှိခဲ့တဲ့ ဆောင်းရက်တွေ
အိပ်မက်လို ပျောက်ဆုံးသွားချိန်မှာ
သတိရခြင်းတွေ တနင့်တပိုးနဲ့
ငါ နေထိုင်ဖြစ်မယ် ဆိုတာ
မင်း သိနိုင်မှာ မဟုတ်ဘူး။

မင်းကို ငါ ချစ်ခဲ့မိတယ် ထင်ပေမယ့်
မင်းကို မပြောခဲ့မိတာလည်း
တစ်သက်လုံး နောင်တ ရဖို့ မရှိပါပဲ
ဒီနွေရက်တွေထဲကျမှ
မင်းရဲ့ ဥပေက္ခာကြောင့် အထီးကျန်နေသလို။

ဝေးကွာမှု တစ်ခုအတွက်
ဘယ်သူ့ကိုမှ အပြစ်မတင်ချင်သူပါ၊
ဖြစ်တည်ခဲ့ဖူးတဲ့ အချစ်တစ်ခုအတွက်
အမှတ်တရတွေ သိမ်းဆည်းရင်း
ပန်းနုရောင် နွေရက်တွေ
မင်းနဲ့ အတူ ဖြတ်သန်းဖို့
ယုံကြည်ချက် မရှိပေမယ့်
မျှော်နေခွင့်တော့ ရှိချင်ရဲ့။

သိင်္ဂါကျော်
22.3.2011
10:25 AM