24 November, 2011

Groningen နေ့ရက်များ



စံဇာဏီဘို ရဲ့ ဗေဒင် စာအုပ်ထဲမှာ ဒီနှစ် နိုဝင်ဘာလ အတွက် နိုင်ငံခြား ခရီးကံ သိပ်မကောင်းဘူးလို့ ပြထားတယ်။ ဟုတ်များ နေမလားပဲ။ တစ်ခါမှ မကြုံစဖူး ၇ ရက်နေ့ မနက် ဘန်ကောက် သွားမယ့် MAI လေယာဉ်က cancel လုပ်လိုက်တာနဲ့ ကြုံရတယ်။ လေယာဉ် လက်မှတ်က ဟိုဘက် တက္ကသိုလ်က လုပ်ပေးထားတဲ့ E-ticket ဆိုတော့ ကိုယ့်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ် မပါလို့ ဆိုပြီး MAI က ဘာမှ အကြောင်းမကြားဘူး။ ကိုယ်သွားပြောတော့မှ ညနေ လေယာဉ်နဲ့ change ပေးထားတယ် ပြောတယ်။ အဲဒါနဲ့ မရဘူး၊ မနက် သွားရမှ ဖြစ်မှာ၊ ဘန်ကောက်မှာ ဗီဇာ ယူဖို့ ရှိလို့ပါ လို့ ပြောတော့မှ TG နဲ့ change ပေးမယ် ပြောတယ်။ အစကတည်းက TG နဲ့ ဆို ပြီးရော၊ MAI က အချိန်နည်းနည်း စောတာနဲ့ ဘန်ကောက်ကို စောရောက်လေ ကောင်းလေ ဆိုပြီး လုပ်ပေးထားကာမှ အခုတော့ ဒုက္ခရောက်နေပြီ။ TG မှာ နေရာကျန်မှ ရမယ် ဆိုလို့ ရင်တထိတ်ထိတ်နဲ့ စိတ်မောလိုက်ရတာ ပြောမနေပါနဲ့တော့။ တကယ်တန်းကျတော့ TG မှာ အလယ် တစ် Roll လုံးတောင် လူမရှိပါဘူး။

ဘန်ကောက်ကို ၁၁ နာရီကျော်မှ ရောက်ပါတယ်။ သူငယ်ချင်းကနေ တစ်ဆင့် သိရတဲ့ အစ်မကြီး လင်မယားဆီ ဖုန်းငှားဆက်တော့ Gate 3 ကနေ စောင့်၊ လာကြိုမယ် လို့ ပြောတယ်။ ပစ္စည်း ရွေးပြီးတော့ Left Baggage ကို ရှာပြီး အပ်ခဲ့ရတယ်။ အိတ်က သုံးလုံး ဆိုတော့ ဘတ် ၃၀၀ ပေးရတယ်။ ပထမတော့ တစ်ယောက်တည်း သွားဖို့ပါပဲ၊ ဘန်ကောက်မှာ ရေကြီးတာကလည်း သိထားတော့ အိမ်ကလည်း စိတ်မချတာနဲ့ သူငယ်ချင်းက တစ်ဆင့် အသိရှာထား ရတာပါ။ ရှိတဲ့ သူငယ်ချင်းတွေကလည်း ရေကြီးတာနဲ့ မြန်မာနိုင်ငံ ပြန်ရောက်နေကြတယ်လေ။

အဲဒီ အစ်မကြီး လင်မယားနဲ့ တွေ့တော့ ကြိုမပြောလို့ ဆိုပြီး ဆူပါတယ်။ ဒီမနက်မှ မြန်မာနိုင်ငံကနေ ဖုန်းဆက်ထားတာလေ။ ကံကောင်းလို့ တွေ့တာတဲ့။ သူတို့ နယ်သွားနေရင် တွေ့မှာ မဟုတ်ဘူး ပြောတယ်။ မနက်ဖြန်တောင် သွားမှာတဲ့။ လာကြိုရတာ ကိစ္စ မရှိပါဘူး၊ နောက်တစ်ခါ ကြိုပြောပါတဲ့။ တိုက်ရိုက်သိတာ မဟုတ်ပဲသူတို့ မို့လို့သာ ကူညီတာပါ။ သူတို့က မြန်မာဘုန်းကြီးတွေ ဘန်ကောက်မှာ ဆေးလာကုရင်လည်း အမြဲ ကူညီနေကြလို့ ပြောပါတယ်။

နယ်သာလန် သံရုံး ဆိုတာကလည်း ရှာလိုက်ရတာ အဲဒီလမ်းမှာ နှစ်ပတ်လောက် ပတ်ပြီးမှ ရောက်ပါတယ်။ ဟိုရောက်တော့ ၂ နာရီ သံရုံးဖွင့်တာနဲ့ အတော်ဖြစ်ပြီး ကိုယ့် Application form ကို တင်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကတည်းက passport မိတ္တူပို့ပြီး ဒီနေ့ လာမယ့် အကြောင်း appointment လုပ်ပြီးသားပါ။ ပုံမှန်ဆို ၂ ၇က် ၃ ရက် ကြာမှ ရတယ် ဆိုပေမယ့် အရေးကြီးရင်တော့ တစ်ရက်တည်း ရအောင် လုပ်ပေးမယ်လို့ သံရုံးက ပြောထားပါတယ်။ အခုကျတော့ မနက်ဖြန်လောက်မှ ရမယ် ဆိုလို့ ဒီနေ့ ညနေ မရလို့ မဖြစ်တဲ့ အကြောင်း၊ ဒီည လေယာဉ်နဲ့ Amsterdam ကို ဆက်သွားရမှာ ဆိုတဲ့ အကြောင်း၊ လေယာဉ် လက်မှတ်က ဟိုဘက် တက္ကသိုလ်က စီစဉ်ပေးတဲ့ အတွက် ကိုယ့်ဟာကိုယ် လဲလို့ မရဘူး ဆိုတဲ့ အကြောင်း နှစ်ခါ သုံးခါလောက် သနားအောင် ပြောယူရပါတယ်။ ဗီဇာ မရရင် လေယာဉ် လက်မှတ်ကလည်း လဲလို့ ရတော့မှာ မဟုတ်ပါဘူး။ ဘုရားစာ ရွတ်ပြီး စောင့်နေရင်း ညနေ ၄ နာရီ ရုံးပိတ်ကာနီး မှာမှ MVV ဗီဇာ ရလာပါတယ်။ မြန်မာနိုင်ငံမှာ သံရုံး မရှိတဲ့ နိုင်ငံကိုမှ ကျောင်းတက်ဖို့ လျှောက်မိလို့ ခုလိုတွေ ဖြစ်ရတာပါ။ ကိုယ်က ၁၀ ကြာမှာမို့ long stay visa ကို ဒတ်ခ်ျ သံရုံး ရှိတဲ့ ဘန်ကောက်မှာ လာယူရတာပါ။ ရက် ၉၀ မကျော်ရင်တော့ မြန်မာနိုင်ငံက ဂျာမနီ သံရုံးကပဲ ဗီဇာ ထုတ်ပေးလို့ ရပါတယ်။

လိုက်ပို့ပေးတဲ့ အစ်မကြီး နဲ့ ၄ နှစ် အရွယ်လောက် သူ့သားကလေး  လည်း ကိုယ့်ကို နှစ်နာရီလောက် စောင့်နေရပါတယ်။ ဗီဇာ ရပြီးတော့ အစ်မကြီးက သူ့ဆိုင် ခဏ ဝင်ပြီးရင် လေဆိပ်ကို ပြန်လိုက်ပို့ပေးမယ် ပြောပါတယ်။ အစ်မကြီး ဆိုင်တွေ ရှိတဲ့ MBK ကုန်တိုက်ကို ခဏ ဖြတ်လျှောက်ပြီး အဲဒီမှာပဲ ထမင်းကျွေးပါတယ်။ ပြီး လေဆိပ်ကို ပြန်ပို့တော့ ၆နာရီ ခွဲလောက် ရောက်ပါတယ်။ လေယာဉ်က ည ၁၁ နာရီ ကျော်မှ ထွက်မှာပါ။ အဝေးကြီး လိုသေးတယ် ဆိုပြီး Check in ဝင်ပြီး အေးအေး ဆေးဆေး ထိုင်ငိုက်နေမိတာ Final Call နဲ့မှ လေယာဉ်ပေါ်ကို တက်ရတဲ့ အဆင့်ကို ရောက်သွားပါတယ်။

Amsterdam Airport ကို နောက်တစ်နေ့ မနက် ၅နာရီ ခွဲလောက်မှာ ရောက်ပါတယ်။ Luggage တွေ ယူပြီး Exchange ကို ရှာ ငွေလဲပြီးမှ ရထားလက်မှတ် ဝယ်ရပါတယ်။ Groningen ကို သွားမယ့် တိုက်ရိုက် ရထား မရှိတော့လို့ အနီးဆုံး အချိန် ရထားလက်မှတ် ဖြတ်ပေးလိုက်ပါတယ်။ ကိုယ်က မသိဘူး။ ကံကောင်းလို့ ရထားပေါ်က ဦးလေးကြီးကို မေးမှ ပြောင်းစီးရမယ်မှန်း သိရပါတယ်။ တော်သေးလို့ သူနဲ့ အတူတူပဲ ရထား ပြောင်းစီးရမှာမို့ အတူတူ ဆင်းပြီး နောက်ရထား ပြောင်းစီးရပါတယ်။ သူက ကိုယ်မဆင်းခင် Assen မှာ ဆင်းသွားပါတယ်။ ကိုယ်က Groningen မှာ ဆင်းပြီး ဘူတာရုံကနေ တက္ကစီနဲ့ပဲ ငှားထားတဲ့ Plutolaan 329 က Student House ကို သွားလိုက်ပါတယ်။ အိတ်သုံးအိတ် သယ်လာမိတဲ့ ကိုယ့်မှာ ဒုက္ခတွေ များလိုက်တာ မပြောပါနဲ့တော့။

ကိုယ်ငှားထားတာက တစ်ယောက်ခန်းပေမယ့် လောလောဆယ် နှစ်ယောက်ခန်း တစ်ခန်းမှာ မိန်းကလေး နဲ့ ယောက်ျားလေး ကျနေတာ အဆင်မပြေလို့ အဲဒီအခန်းမှာ ဒီတစ်လ နေပေးပါလို့ ပြောတယ်။ ကိုယ့် အခန်းဖော်က အီရတ်က လာတဲ့ အမျိုးသမီး တစ်ယောက်ပါ။ သူက တစ်လ Research လာလုပ်တာလို့ ပြောပါတယ်။ သူ ပြန်သွားရင် ကိုယ်က ကိုယ့်ရဲ့ မူလ တစ်ယောက်ခန်းကို ပြောင်းရဦးမှာပါ။ ကိုယ့် Professor ကလည်း ကိုယ့် အတွက် အခန်း စီစဉ်ထားတဲ့ အကြောင်း၊ အခု နှစ်လ မှာတော့ ဘယ်အခန်း၊ နောက်လ ကြရင် နောက် အခန်း ပြောင်းရမယ် ဆိုလား၊ mail ထဲမှာ ပို့ထားပါသေးတယ်။ ကိုယ့်မှာ အဲဒီလို နေရာတွေ ရွေ့ရ ပြောင်းရမယ့် ကံ သိပ်ပါတာပါ။ အရင်ကတည်းက အဆောင် ဟိုနေရာက ဒီနေရာ ပြောင်းလိုက်ရ၊ အဆောင်တစ်ဆောင် အတွင်းမှာကိုပဲ အခန်း ပြောင်းလိုက်ရ ဆိုတာမျိုးတွေလည်း ခဏခဏ ကြုံခဲ့ပါတယ်။ နယ်ပြောင်းရတာတွေလည်း ပြောမနေပါနဲ့တော့။ အပြောင်းအရွှေ့ ကံက သိပ်ပါတာပါ။ ကိုယ်ကလည်း တစ်နေရာတည်း ထိုင်နေရတာနဲ့ စာရင်တော့ အပြောင်းအလဲကို သဘောကျတတ်ပါတယ်။

အခန်းထဲမှာ အထုပ်အပိုးတွေ နေရာချ၊ ခဏနား ပြီးတော့ လိုအပ်တာတွေ ဝယ်ဖို့ အပြင်ထွက်ခဲ့ပါတယ်။ (အဓိက ကိုယ့် laptop ရဲ့ ပလပ်ခေါင်းက အခန်းထဲက ပလပ်ပေါက်နဲ့ မတူလို့။ ကြားခံခေါင်းလေး ထည့်လာဖို့ မေ့သွားခဲ့တယ်လေ။)  အသွားတုန်းကတော့ အဆင်ပြေပြေပဲ သူများတွေ သွားတဲ့ နောက်က လိုက်သွားတာ Paddepoel Super Market ကို ရောက်သွားပါတယ်။ အဲဒီနားမှာ ခပ်နီးနီးပါပဲ။ ပြန်လာတော့ ဝင်တဲ့ အပေါက်က မထွက်ပဲ တစ်ခြား အပေါက်က ထွက်ခဲ့မိတယ် ထင်ပါတယ်။ ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတော့ပါဘူး။ အလာတုန်းက နီးနီးလေးနဲ့ အပြန်ကျတော့ မရောက်နိုင်ဘူး ဖြစ်နေပါတယ်။ ကိုယ့်ရဲ့ လမ်းမမှတ်မိတတ်တဲ့ ရောဂါက အတော်ဆိုးနေမှန်း ခုမှ သိရပါတယ်။ ကိုယ်က မြန်မာနိုင်ငံမှာတောင် သွားနေကျ မဟုတ်ရင် တည့်တည့်မတ်မတ် ရောက်အောင် သွားတတ်တဲ့ လူ မဟုတ်ပါဘူး။ ခုတော့ အဆောက်အအုံတွေကလည်း အတူတူ တွေလို ဖြစ်ပြီး Plutolaan 329 ဘယ်နားမှာလဲ ဆိုတာ တွေ့တဲ့လူတိုင်းကို မေးရပါတော့တယ်။ တော်တော်များများကလည်း မသိကြပါဘူး။ အံသြစရာ ကောင်းတာ အဲဒီနားက တကယ်တော့ အဝေးကြီးလည်း မဟုတ်ပါဘူး။ နောက်ဆုံးတော့ အလာက ထွက်ခဲ့တဲ့ လမ်းက မဟုတ်ပဲ တစ်ဘက်လမ်းပေါက်ကနေ ပြန်ရောက် လာပါခဲ့တယ်။

နောက်တစ်နေ့ မနက်ကျတော့ ကိုယ်သွားရမယ့် Groningen University ကို မြေပုံကြည့်ပြီး သွားတာ ဘတ်စ်ကား နှစ်ခါ ပြောင်းစီး ပြီးမှ ရောက်သွားပါတယ်။ တကယ်တော့ ၁၅ မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ရောက်တာပါ။ အပြန်ကျတော့ ထုံးစံအတိုင်း လမ်းထိပ်က ဈေးဆိုင်မှာ ဝင်ဝယ်ပြီး ပြန်အလာမှာ လမ်းပျောက် ပြန်ပါတယ်။ ဒီမှာက ကိုယ်ပြန်လာတဲ့ ၅ နာရီ လောက်ဆို မြူတွေ ဆိုင်းပြီး မှောင်နေပြီမို့ ကိုယ့်အဆောင်ကို မမှတ်မိတော့တာပါ။ ခုတော့ ကောင်းကောင်း သိသွားပြီပေါ့လေ။ အဆောင် နဲ့ ကျောင်းနဲ့က အဲဒီလောက် နီးတာပဲ ကံကောင်းလှပြီ။ စက်ဘီး နဲ့ သာ တက်ရမယ်ဆို ကိုယ်က စက်ဘီးလည်း မဖြစ်မနေ ဆိုရင်တော့ စီးလို့ရပေမယ့် ကောင်းကောင်း စီးတတ်တာ မဟုတ်ဘူး။

University of Groningen ဆိုတာကလည်း တစ်မြို့လုံးမှာ ဖြန့်ထားသလားတောင် အောက်မေ့ရပါတယ်။ International Service Department ရှိတဲ့ Acedamic Building က မြို့ အလယ်ပိုင်းမှာပါ။ (ကိုယ် အမြဲသွားရတဲ့ Department ရှိတဲ့ နေရာက ကိုယ့် အဆောင်နဲ့နီးတဲ့ တောင်ပိုင်းမှာပါ။) အဲဒီကို သွားတော့လည်း ဘတ်စ် ကား ပြောင်းမစီးတတ်တာနဲ့ တက္ကစီနဲ့ သွားလိုက်ရတယ်။ ပြီးတော့ resident permit အတွက် လိုအပ်တာတွေ လုပ်ဖို့ City Hall ကို သွားတော့လည်း သူတို့က မြေပုံပေးလိုက်ပြီး နီးနီးလေးပဲ ဆယ်မိနစ်လောက် လျှောက်ရင် ရောက်ပါတယ် ဆိုပေမယ့် ကိုယ်ကတော့ သိတဲ့ အတိုင်း မြေပုံလည်း ကောင်းကောင်း မကြည့်တတ်ပဲ ဟိုလျှောက် ဒီလျှောက်နဲ့ တော်တော် ရှာပြီးမှ ရောက်သွားခဲ့ပါတယ်။ နောက်တစ်ခါ co supervisor က သူ့ရဲ့ presentation ကို တက်ဖို့ ဆိုပြီး Philosophy department ကို လာခိုင်းတော့ သူက သေချာ ညွှန်ပေးလိုက်တော့ သိပ်မရှာရပဲ ရောက်သွားပါတယ်။ မနေ့ကတော့ tuberculosis test လုပ်ဖို့ Health department ကို ကားနှစ်ဆင့် ပြောင်းစီးပြီး တည့်တည့် ရောက်သွားပါတယ်။ ရောက်မှာပေါ့၊ Google Map မှာ သေချာ ရှာထားခဲ့တယ်လေ။ တကယ်တော့ ဒီမြို့လေးက သေးသေးလေးပါ။ ခုတော့ သွားရင်းသွားရင်းနဲ့ ဒီနေရာတွေကလွဲပြီး တစ်ခြား မရှိဘူး ဆိုတာ သိလာပါတယ်။

ဒီမြို့မှာ လည်စရာနေရာလည်း သိပ်မရှိလှဘူးလို့ ထင်ပါတယ်။ လည်စရာ ရှာဖို့ အသာထားပြီး နှစ်ပတ်အတွင်း ပြီးရမယ့် အလုပ်ကို စလုပ်နေရလို့ စိတ်ထဲမှာလည်း ပေါ့ပေါ့ပါးပါး မရှိသေးပါဘူး။ တစ်ညနေကတော့ နေကလည်း သာနေတာနဲ့ အခန်းဖော်နဲ့ နှစ်ယောက်သား ကိုယ့် တက္ကသိုလ် ရှိတဲ့ဘက်ကို လမ်းလျှောက်ရင်း ဓါတ်ပုံလေး ဘာလေး ရိုက်လာကြပါတယ်။ တစ်ချို့နေတွေဆို တစ်နေကုန် နေမမြင်ရအောင် မြူတွေ ဆိုင်းနေတာပါ။ သင်တန်းရယ်လို့ မဟုတ်တော့လည်း ကိုယ့်လို အသစ်ရောက်တဲ့သူ အချင်းချင်း အပေါင်းအသင်း လုပ်စရာလည်း မတွေ့သေးပါဘူး။ ကျောင်းက လူတွေ ဆိုတာကလည်း အမျိုးသားတွေ များပြီး နေတာ ကြာနေတဲ့ student တွေ၊ professor တွေ ဆိုတော့ ကိုယ့်မှာ တစ်ယောက်တည်းလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲ တစ်ခုအတွက် ကြိုးစားပမ်းစား လာခဲ့တာ ဆိုတော့ ကိုယ့်ဟာကိုယ် ကျေနပ်ပါတယ်။

ဒီပို့စ်က ကိုယ့် အကြောင်းကိုယ် ရေးမိတာ ဖြစ်နေတဲ့ အတွက် စာဖတ်သူတွေကိုတော့ တောင်းပန်ပါတယ်။ ကိုယ့် သူငယ်ချင်းတွေ အတွက်ရယ်၊ ခရီးသွား မှတ်တမ်း အနေနဲ့ ရယ် ရေးထားလိုက်တာပါ။ ဒါကိုတောင် ရောက်ကတည်းက မရိုက်နိုင်ပဲ စိတ်တွေ ရှုပ်၊ အလုပ်တွေ ရှုပ်နေခဲ့လို့ပါ။ လောလောဆယ်ဆယ် အနီးအနား ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း တင်လိုက်ပါတယ်။

ကိုယ်နေတဲ့ Plutolaan Student house ပါ။ 

အဆောင်ဘေးနားက ရေကန်ပါ။ မနက် ကျောင်းသွားတဲ့ အချိန် ရိုက်တာ အလင်းရောင် ကောင်းကောင်း မရဘူး ဖြစ်နေပါတယ်။

ကိုယ် နေ့တိုင်း ကျောင်းသွားနေတဲ့ လမ်းမကြီးပါ။

အနီးဆုံး food shop ပါ။

ကိုယ့် Institute ရှိတဲ့ အဆောက်အအုံပါ။

ညနေခင်း အခန်းဖော် နဲ့ ကျောင်းဘက်ကို လမ်းလျှောက်ရင်း ကျောင်း အနီးအနား ဟိုဟို ဒီဒီ ရိုက်ခဲ့တာလေးတွေပါ။









သိင်္ဂါကျော်

18 November, 2011

နေရောင်မလင်းတဲ့ နေ့တွေ


နေရောင်ကို မျှော်ရင်း
နှင်းရည်သောက်လို့ ပွင့်တဲ့ပန်းတွေ
ချိုမြစွာ လန်းပလို့။

တနေကုန် မြူမှုံသိုင်းလို့
နေမင်း ပုန်းရှောင်တဲ့နေ့တွေမှာ
အပူပိုင်းက ဆူးချုံကလေးရော
ပြုံးမြစွာ ရှင်သန်နိုင်ပါ့မလား။

နှင်းရည် တပေါက်ပေါက်အောက်
ကုတ်အင်္ကျီမရှိတဲ့ ငှက်တွေတောင်
ကျိုးကျိုးကျီကျီ အစာရှာထွက်လို့။

နေ့တဓူက ဒါပါပဲ
အစိမ်းရင့်ရင့် လမ်းထဲ
သွားသာသွားနေရတယ်
ရောက်မှရောက်ပါ့မလားလည်း
မသေမချာနဲ့။

ဘယ်တော့မှ မညီးတွားတတ်တဲ့
ယုန်ကလေးလည်း
ချမ်းချမ်းစီးစီး မကွေးနိုင်ရှာပဲ
လမ်းသစ် ရှာနေရလေရဲ့။

ခက်ခဲခြင်းတွေက လွယ်ကူခြင်းရဲ့အစပေါ့
ဘယ်အရာမှတော့ အလကား မရနိုင်လေဘူး
မြူတွေ ဘယ်လောက်ပဲပိတ်ပိတ်
နေမင်းကတော့
အခွင့်အခါသင့်တိုင်း
သူ့ရောင်စဉ်တွေ လင်းပဖို့
အဆင်သင့်ရှိသလိုပ။

(သိင်္ဂါကျော်) 


လောလောဆယ် နယ်သာလန်က Groningen မြို့လေးကို ရောက်နေပါတယ်။ ၁၀ လ ကြာမှာပါ။ အိမ်က internet က ဘာဖြစ်မှန်းမသိ ကိုယ့် laptop ပဲ ခုချိန်ထိ မရပဲ ဖြစ်နေလို့ပါ။ ကျောင်းက internet ကလည်း ဒီနေ့မှပဲ ကိုယ့် laptop နဲ့ ကိုယ် အဆင်ပြေသွားပါတယ်။ အရင်နေ့တွေကတော့ ကျောင်းက စက်မှာ မြန်မာစာလည်း တင်လို့မရ ဖြစ်နေလို့ပါ။ စတဲ့ နေ့ကတည်းက လုပ်စရာတွေ တန်းစီနေလို့ ခရီးသွားမှတ်တမ်း လေးတောင် ရိုက်ဖို့ အချိန်မပေးနိုင်လို့၊ ရာသီဥတုကလည်း နေသိပ် မသာတာနဲ့၊ ဓါတ်ပုံလည်း တစ်ပုံမှ မရိုက်ဖြစ်သေးပါဘူး။ ဘာပဲ ဖြစ်ဖြစ် ဘလော့ကို ပစ်မထားချင်တာနဲ့ ကဗျာလေး တစ်ပုဒ်နဲ့ လာနှုတ်ဆက်ပါတယ်။

19 October, 2011

ဇုံအပြင်ဘက်သို့ လှမ်းကြည့်ခြင်း


နေရောင်ကိုက နွေးထွေးနေခဲ့တာ
ချစ်သောသူများ ရှိရာမို့ပါ၊
အမြဲ လက်ဖြန့်တောင်းလို့ရတဲ့
အမေရင်ခွင်လည်း လက်လှမ်းမီတယ်၊
အေးအတူ ပူအမျှ မျှဝေနေကျ
သူငယ်ချင်းတွေလည်း အနီးအနားရှိတယ်၊
ကိုယ့်ကိုယ်ကို လုံခြုံနေတယ် ထင်ရတဲ့ စိတ်နဲ့
နေသာသလို နေနေတဲ့ ဇုံထဲက
အပြင်ထွက်ဖို့ မစဉ်းစားချင်ခဲ့သူပေါ့။

တစ်လှမ်း ထွက်လိုက်တာနဲ့
မသိနားမလည်မှုတွေက
ကိုယ့်ကိုယ်ကို သိမ်ငယ်စေမယ်၊
ပုံမှန် နေထိုင်နေသူတွေ အပေါ်လည်း
ကိုယ့်ကို စိမ်းကားနေတယ် ခံစားချက်မျိုးနဲ့
တွေးရင်း တွေးရင်း
ဇုံအပြင်ကို လှမ်းထွက်ဖို့ ဝန်လေးနေသူပေါ့။

နေထိုင် ရှင်သန်မှု အစ အဆုံး
အားလုံးပဲ ကိုယ့်အားကိုယ်ကိုး ရလိမ့်မယ်
အပြင်မှာ မိုးတွေ ရွာနေသလို
အေးစက် စိုစွတ်တဲ့ ခံစားမှုတွေ ထွေးပိုက်ရင်း
အိမ်ပြန်မယ့် နေ့ကို စောင့်စား နေရလိမ့်မယ်။

အဲဒီ ဇုံအပြင်မှာ
ဖော်ရွေစွာ ကြိုဆိုကြရင်တောင်
အားလုံးက သူစိမ်းတွေပဲ ဖြစ်ရဲ့။
ကိုယ့်မိခင်ဘာသာစကားနဲ့တောင်
စကားစမြည် ပြောဖော် မရှိမယ့် နေရာတဲ့၊
အထီးကျန်မှုကို မကြောက်ရွံဘူး ပြောဖူးတဲ့သူတောင်
ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မတဲ့လဲ။

ဘယ်တော့မှ မသုံးဖူးတဲ့
သတ္တိတွေ ထုတ်သုံးလိုက်ပါ၊
ကိုယ့်လုပ်ဆောင်နိုင်စွမ်း ကိုယ်
ယုံကြည်နေရင်းနဲ့ပဲ
နေသာသလို မနေရတော့မှာ စိုးရိမ်စိတ်နဲ့
ရုံးကန်လှုပ်ရှားဖို့ အားအင်မပြည့်မှာ စိုးရိမ်စိတ်နဲ့
အဲဒီ ဇုံအပြင်ဘက်ကို
လှမ်းကြည့်ရင်း တွေဝေနေသူပေါ့။

သိင်္ဂါကျော်


(နောက်လမှာ သင်တန်းတစ်ခု တက်ဖို့ရှိလို့ အိမ်ကိုလည်း တစ်ပတ်ပြန်မယ်၊ လုပ်စရာလေးတွေလည်း ရှိနေလို့ ဘလော့ကို ပစ်ထားပါဦးမယ်နော်။ ရေးလက်စ ဝတ္တုလေး ပြီးရင်တော့ သင်တန်းမသွားခင် တင်လိုက်ပါဦးမယ်။ မဟုတ်ရင်တော့ နေရာသစ်မှာ stable ဖြစ်မှပဲ ဘလော့ပေါ် ပြန်လာဖြစ်မယ် ထင်ပါတယ်။)

28 September, 2011

ကောင်မလေး အတွက် ၎


ကောင်မလေးရေ
မင်းဟာ
ငါ့ စိတ်ကူးယဉ်တွေထဲက မိန်းကလေးလို
အပြစ်ကင်းတဲ့ အလှမျိုး မပိုင်ဆိုင်ဘူး၊
ပြီးပြည့်စုံတဲ့ အရည်အချင်းမျိုး မပိုင်ဆိုင်ဘူး၊
ငါ သဘောကျတဲ့ အရာတွေ အားလုံးလည်း
မင်းမှာ မရှိဘူး။
ငါ သဘောကျတဲ့ ပုံစံမျိုးလည်း
မင်း မဟုတ်ခဲ့ဘူး။

ဒါပေမယ့်လည်း
ကောင်မလေးရေ
ငါ့ ရင်ခုန်သံတွေတောင်
နရီ စည်းချက်ပျက်သွားအောင်
မင်း ပြုစားနိုင်ပါပေတယ်၊

ကောင်မလေးရေ
ထူးထူးခြားခြား ပေါ်လွင်တာ
မင်းမှာ ဘာတစ်ခုမှ မရှိပေမယ့်
အဲဒီ ရိုးသားမှုကိုပဲ
ငါက စိတ်ဝင်စားမိရဲ့။

သဘောကျမှုတွေကို
ငါ့ကိုယ်ငါ မသေချာတော့လို့
ရုန်းထွက်ခဲ့တာတွေ များများနေ၊
ကိုယ့်အချစ်ကို ကိုယ်တိုင်ပဲ
မယုံမကြည် ဖြစ်ဖြစ်နေတတ်တဲ့ သူမို့
ထင်ယောင်ထင်မှားတွေပဲလို့
စာရင်းထဲ မထည့်ချင်လည်း မရလောက်အောင်
ကောင်မလေးရေ
မင်းက ငါ့ အတွင်းစိတ်ထိ
နှောက်ယှက်လာနိုင်သူပါ။

ကောင်မလေးရေ
မင်းအသည်းနှလုံးကို
ပိုင်ရှင် ရှိနေမှာ စိုးတယ်၊
ဒါမှမဟုတ်
ဘယ်သူ့မှ မပေးဘူး ဆုံးဖြတ်ပြီး
သိမ်းဆည်း ထားမှာလည်း စိုးတယ်။

ကောင်မလေးရေ
မင်းက
အမြဲတမ်း လန်းနေမယ့်
ပန်းတစ်ပွင့်ဆိုလည်း
ငါ့ ဥယျာဉ်ထဲမှာပဲ
ပွင့်လန်းခွင့် ပေးစေချင်ရဲ့။

မင်း သိစေချင်ပါတယ်
မင်း အပြုံးပွင့်တွေ မြင်ရင်
ငါဘယ်လောက်ထိ ရင်ခုန်မိသလဲ ဆိုတာ...
မင်း ငါ့ကို ဂရုမစိုက်ပဲ
တစ်ခြားသူတွေကို ဂရုစိုက် ပြုံးရယ်ပြတဲ့အခါ
ငါ့ဘဝ တစ်ခုလုံး သွေ့ခြောက်သွားသလို
ခံစားလိုက်မိတယ် ဆိုတာ...
ကောင်မလေးရေ
ယုံချင်လည်း ယုံ
မယုံလည်း နေနိုင်ပါတယ်၊
ငါ့ အသည်းနှလုံးထဲမှာ
မင်းအကြောင်း အတွေးတွေပဲ
ပြည့်နှက်နေပြီ ဆိုတာ....။

သိင်္ဂါကျော်


ကောင်မလေး အတွက်
ကောင်မလေး အတွက် ၂
ကောင်မလေး အတွက် ၃

14 September, 2011

အားနဲ့ မာန်နဲ့ မြစ်တစ်စင်း


အဲဒီမြစ်ဟာ
လယ်ကွင်းတွေကို စိမ်းလန်းစေခဲ့၊
အဲဒီမြစ်ဟာ
ဆာလောင်သူတွေကို ငြိမ်းအေးစေခဲ့၊
အဲဒီမြစ်ဟာ
သွားလိုသူတွေကို ပို့ဆောင်ပေးခဲ့၊
အဲဒီမြစ်ဟာ
နေလိုသူတွေကို
ရင်ခွင်အေးရိပ် ချွေးသိပ်စေခဲ့၊

အဲဒီမြစ်ဟာ
သူရဲ့ နှလုံးသွေးကိုမှ
သောက်ချင်တယ် ဆိုလာသူတိုင်းအတွက်
သူ့ရင်ဘတ်ကိုဖောက်
လိုသလောက် သောက်ခွင့်ပေးခဲ့။

အဲဒီမြစ်က မငြိုငြင်တိုင်း
ရလေလိုလေ အိုတစ္ဆေ ဆိုသလို
အညှာအတာ ကင်းကင်း ယူနေလေတော့
အဆီခဲနေတဲ့ သွှေးလွှတ်ကြောလို
အပိတ်အဆို့တွေ ကြားကပဲ
တစ်စစ်စစ် နာကျင်လျှက်
စီးမြဲ စီးနေလျှက်။

အဲဒီမြစ်ဟာ
သူ့တာဝန်သူ ကျေချင်တဲ့ မိခင်တစ်ယောက်လို
အသက်ငွေ့ငွေ့ ကျန်တဲ့အထိ
အားနဲ့ မာန်နဲ့ စီးဆင်းမယ့်သူ ဖြစ်ရဲ့။

တစ်နေ့ ရွှေဥ တစ်လုံး ဥတဲ့ ငန်းကို
သတ်လိုက်တဲ့ အချိန်မှာ
ဘာမှ မရတော့တဲ့ ပုံပြင်ကို သိကြရဲ့နဲ့ပဲ
အဲဒီမြစ်ကို
အပြီးတိုင် သေစေညွှန်းလို့
လိုရာယူဖို့ အတွက်များ
ကြံစည်သူတွေက ကြံစည်ရက်ပ။

အဲဒီမြစ်ဟာ
သူ့လည်မျိုကို ဖောက်ပြီး
တစ်စက်မကျန်တဲ့ အထိ
သွေးစုပ်ခံခဲ့ရရင်တောင်
သူ့ကို ချစ်မြတ်နိုးသူတွေရဲ့
မျက်ရည်စက်တွေနဲ့
အသက်ဆက်နေမယ့်
မြစ်တစ်စင်းဖြစ်ရဲ့။

သိင်္ဂါကျော်


09 September, 2011

ဘလော့ဂါ ဆိုသည်မှာ ဘလော့ ရေးသောသူကို ခေါ်၏


ဘလော့ဂါ ဆိုတာ ဘာလဲ ဆိုပြီး တော်တော်များများလည်း ရေးပြီး ခဲ့ကြပါပြီ။ ကိုယ့်မှာလည်း ထူးထူးခြားခြား ရေးစရာ အတွေးလည်း သိပ်မရှိလှပါဘူး။ ဒါပေမယ့် မင်းဧရာ က တဂ် ထားတာနဲ့ ရေးရမယ့် ဝတ္တရား ရှိတဲ့ အတိုင်း ရေးလိုက်ရတာပါ။ ခုတလော အနီးအနားက ရိပ်သာမှာ တရားပွဲ ရှိတာနဲ့ ၄ ရက်လောက် သွားနေဖြစ်လိုက်တာ ပြန်လာတော့လည်း လုပ်စရာ ရှိတာလေးတွေ လုပ်နေရတာနဲ့ ဘလော့ ဘက်ကို မလှည့်နိုင် ဖြစ်နေပါတယ်။ နောက်တစ်ပတ်လည်း သွားဦးမှာ မို့လို့ စထားမိတဲ့ ဝတ္တု နှစ်ပုဒ်လည်း ခုထိ ဇာတ်မသိမ်း နိုင်သေးဘူး ဖြစ်နေပါတယ်။ အဲဒါနဲ့ ခုတော့ ဘလော့ကနေ တအားပျောက်နေမှာ စိုးတာနဲ့ တဂ် ပို့စ်လေး ကောက် ရေးလိုက်တာပါ။

Blogger ကို ဆန်ဖရန်စစ္စကိုက ကုမ္ပဏီအသေးလေး ဖြစ်တဲ့ Pyra Labs က ၁၉၉၉ သြဂုတ်လ မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီလေးကို Google က ၂၀၀၃ မှာ ဝယ်လိုက်ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ Features အသစ်တွေ ထည့်ထည့်လာပြီး အခုလို ကိုယ်တို့ သုံးနေတဲ့ blogger.com ဖြစ်လာပါတယ်။ ဘလော့ ဆိုတာ ဘာလဲ ဆိုတာ blogger.com ရဲ့ tour-start မှာ ဒီလို ပြောထားပါတယ်။

A blog is a personal diary. A daily pulpit. A collaborative space. A political soapbox. A breaking-news outlet. A collection of links. Your own private thoughts. Memos to the world.

Your blog is whatever you want it to be. There are millions of them, in all shapes and sizes, and there are no real rules.

In simple terms, a blog is a web site, where you write stuff on an ongoing basis. New stuff shows up at the top, so your visitors can read what's new. Then they comment on it or link to it or email you. Or not.

အရင်တုန်းကတော့ ဒိုင်ယာရီ ရေးတာ ဝါသနာ ပါတဲ့ လူတွေက ကိုယ့်ဘဝရဲ့ အမှတ်ရ စရာလေးတွေကို ဒိုင်ယာရီထဲမှာ ရေးပြီး မှတ်တမ်း တင်ထားလေ့ ရှိပါတယ်။ အခုခေတ်မှာတော့ ကွန်ပျူတာ၊ အင်တာနက် နဲ့ အကျွမ်းဝင်တဲ့ လူများက ကိုယ် မှတ်တမ်း တင်ချင်တာလေးတွေကို ကိုယ့် ရဲ့ သီးသန့် စာမျက်နှာလေး ပေါ်မှာ မှတ်တမ်း တင်ကြပါတယ်။ တစ်ချို့တွေက ကိုယ့်ဘာသာ private လုပ်ပြီး ကိုယ် ခံစားချက်လေးတွေ ကိုယ် ရေးထားကြတယ်။ တစ်ချို့လည်း သူငယ်ချင်း အနည်းငယ်လောက်ကိုသာ share လုပ်ပြီး ဖတ်ခွင့်ပေးတာလည်း ရှိပါတယ်။ တစ်ချို့ကတော့ ကိုယ့်ရဲ့ ခံစားချက်၊ ကိုယ် မျှဝေချင်တာလေးတွေကို အားလုံးကို publish လုပ်ပြီး blog ပေါ်မှာ တင်ကြပါတယ်။

Blogger service ဟာ လူတိုင်း အတွက် free ရတဲ့ service ဖြစ်တဲ့ အပြင် automated template နဲ့ အလွယ်တကူ သုံးလို့ ရတဲ့ အတွက် web development ကို ဘာမှ မသိတဲ့ လူတွေလည်း web page တစ်ခု တင်နိုင်တော့ တော်တော်များများက သုံးစွဲလာကြပါတယ်။ တစ်ချို့ကတော့ blogger.com ကို ပိတ်ထားတဲ့ နိုင်ငံတွေမှာ ကိုယ့် ဘလော့ကို ဖတ်မရမှာ စိုးတာရယ်၊ ကိုယ်ပိုင် .com တစ်ခု ရှိရင် ဘာပဲဖြစ်ဖြစ် ကိုယ့် နာမည်လေး တစ်ခု permanent တည်တံ့ပြီး ကောင်းတဲ့ အချက်တွေ အများကြီး ရှိတာရယ်ကြောင့် blogger ကနေ .com ၊ .net  စသည် ပြောင်းရေးကြတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် blog ပေါ်မှာ စာတွေ ရေးတင်တယ် ဆိုကတည်းက စာရေး ဝါသနာပါတဲ့ သူတွေမို့လိွု့ပါ။ တစ်ချို့  အတွေ့အကြုံတွေ၊ ရေးစရာ အကြောင်းအရာတွေ အများကြီး ရှိပေမယ့် စာရေးတဲ့ ပါရမီ မပါလို့ (စာရေးပျင်းလို့) မရေးဖြစ်တဲ့ သူတွေ အများကြီး ရှိပါတယ်။ ဘလော့ဂါ တွေကတော့ မအားမလပ်ရင်တောင် အချိန်ကို ကုတ်ကပ် ရှာကြံယူပြီး ရေးချင်လို့ကို ရေးနေကြတဲ့ သူတွေပါ။ သူတို့ အားလုံးလိုလိုဟာ စာဖတ်တာကိုလည်း အရင်တည်းက ဝါသနာ ပါကြတဲ့သူတွေ မို့ သူများ ရေးထားတာတွေလည်း သွားဖတ်၊ comment ပေး၊ နှုတ်ဆက် စသည် လုပ်ကြတာပါ။

ဘလော့ဂါတွေ တစ်ဝက်ကျော်ကျော် လောက်ဟာ နိုင်ငံရပ်ခြားမှာ နေထိုင်ကြတဲ့ မြန်မာတွေ ဖြစ်ကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ထဲက ရေးကြတဲ့ သူတွေ နည်းတယ် လို့ ထင်ပါတယ်။ သိကြတဲ့ အတိုင်း မြန်မာနိုင်ငံမှာ တော်ရုံလူက တနေကုန် အင်တာနက် မသုံးနိုင်တာလည်း ပါမယ်လို့ ထင်ပါတယ်။ မြန်မာဘလော့ တွေ တိုးတက်လာတဲ့ အကြောင်းရင်းထဲမှာ စာပေ မြတ်နိုးတဲ့ အဝေးရောက် မြန်မာတွေကြောင့် အများကြီး ပါမယ် ထင်ပါတယ်။ ကိုယ့် နိုင်ငံမှာ ကိုယ်တော့ စာဖတ်ချင်ရင် ဝတ္တုဖြစ်ဖြစ်၊ မဂ္ဂဇင်း ဖြစ်ဖြစ် အလွယ်တကူ ဝယ်ဖတ်၊ ငှားဖတ်လို့ ရပါတယ်။ တစ်ခြားနိုင်ငံမှာ ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် မြန်မာပုံနှိပ်စာလုံး ဖတ်ရဖို့ ဆိုတာ ခက်ခဲ ရှားပါးလိမ့်မယ် လို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း ဘလော့ တွေပေါ်မှာ ရေးတဲ့ လူကရေး ဖတ်တဲ့လူက ဖတ် လာကြတာပါ။

မြန်မာနိုင်ငံက ရေးတဲ့ လူတွေ အတွက်ကြတော့လည်း ကိုယ်ရေးချင်တဲ့ ကဗျာလေးတွေ၊ ဝတ္တုလေးတွေကို မဂ္ဂဇင်း စာမျက်နှာများပေါ်မှာ ပါဖို့ ဆိုတာ လွယ်တဲ့ အလုပ် မဟုတ်လေတော့ ဖတ်တဲ့သူ တစ်ယောက်ပဲ ရှိရှိ၊ နှစ်ယောက်ပဲ ရှိရှိ ဆိုပြီး ဘလော့ စာမျက်နှာပေါ် တင်ဖြစ်သွားတယ် ထင်ပါတယ်။ အဲဒါကတော့ ကိုယ် လုပ်ဖြစ်သွားပုံကို ပြောတာပါ။ ကိုယ့် ဘလော့မှာကိုယ်တော့ ရေးချင်ရာ ရေးပြီး တင်လို့ ရတာကိုး။ မကောင်းရင်လည်း မကောင်းတဲ့ အကြောင်း၊ ကောင်းရင်လည်း ကောင်းတဲ့ အကြောင်း၊ လိုရင်လည်း လိုတဲ့ အကြောင်း လာဖတ်တဲ့ သူတွေ ဆီက comment တွေကိုလည်း ကြည့်လို့ ရတဲ့ အတွက် အဆင်ပြေတယ်လေ။

မဂ္ဂဇင်း ဆိုတာကလည်း သူ့ theme နဲ့ သူ ဆိုတော့ သူ့ theme နဲ့ ကိုက်ညီမှ၊ အရေးအသား၊ အကြောင်းအရာ ကောင်းမှ ရွေးကြမှာလေ။ ကြုံလို့ ပြောရရင် ခုခေတ်မှာ ဝတ္တုကောင်းကောင်း၊ ကဗျာကောင်းကောင်း ဖော်ပြတဲ့ မဂ္ဂဇင်း ဆိုတာ အရေအတွက် ရှားပါး နေပါပြီ။ ခုခေတ် လူတွေကလည်း စာဖတ်ဖို့ထက် တီဗွီ ဇာတ်လမ်းတွဲ ကြည့်ဖို့လောက်သာ စိတ်ဝင်စား ကြတော့တာ ကလား။ မဂ္ဂဇင်း ဆိုလည်း မင်းသား ၊ မင်းသမီး အကြောင်း၊ ဖက်ရှင် အကြောင်း ပုံတွေ ဝေဝေဆာဆာနဲ့ ဖော်ပြထားတာလောက်ပဲ အပျင်းပြေ ကြည့်ကြတော့တာပါ။ ချွင်းချက် တစ်ခုတော့ ရှိသေးတယ်။ ဂမ္လီရ မဂ္ဂဇင်းတွေပါ။ ခုထက်ထိ အငှားဆိုင် တွေမှာ ငှားကောင်းနေတုန်းပါပဲ။ ကိုယ် အိမ်ပြန်လို့ စာအုပ်ဆိုင် သွားငှားရင် မဂ္ဂဇင်း အသစ်ဆို အဲဒါတွေပဲ ရှိပါတယ်။ အရင် ခပ်ငယ်ငယ်က ရှိဖူးတဲ့ တစ်ချို့ မဂ္ဂဇင်းတွေဆို အငှားဆိုင် အများစုမှာ မတင်ကြတော့ပါဘူး။ တစ်ချို့ စာပေ အသားပေး မဂ္ဂဇင်းတွေ ဆိုရင်လည်း အရှုံးနဲ့ ထုတ်နေရတာတို့၊ ရှုံးလို့ မထုတ်နိုင်တော့တာ တို့ အဲဒီလိုတွေ ဖြစ်နေပါတယ်။ အခု ကိုယ်ဆိုရင် အလုပ်နဲ့ အနီးအနားမှာလည်း စာအုပ်ငှားဆိုင် မရှိတော့ ပုံနှိပ် စာမျက်နှာ ဆိုတာ မဖတ်ဖြစ်တာ ကြာပါပြီ။ ဘလော့တွေ ပေါ်မှာ ရေးတဲ့ လူတွေ ရှိနေလို့သာ ဆောင်းပါးကောင်းလေးတွေ၊ ဝတ္တုကောင်းလေးတွေ၊ ကဗျာကောင်းလေးတွေ ဖတ်နေရပါတယ်။

ရေးတဲ့လူအနေနဲ့ ပြောရရင်တော့ ဘလော့ပေါ်မှာ ဝတ္တုရယ်၊ ကဗျာရယ်၊ ဆောင်းပါးရယ် သတ်သတ်မှတ်မှတ် ပုံစံ မဟုတ်လည်း ကိုယ်ကြိုက်ရာ label တပ်ပြီး ရေးနိုင်တော့ ရေးချင်တဲ့ အကြောင်းအရာလေး ပေါ်လာရင် ကြိုက်သလို ရေးနိုင်လို့ ရေးဖြစ်တာပါ။ ကိုယ် ဝါသနာ ပါရာ အကြောင်းအရာလေးတွေကို တင်နိုင်ကြတယ်လေ။

ကိုယ်က ငယ်ငယ်တည်းက အဒေါ်နဲ့ အတူလိုက်ပြီး စုံထောက် ဝတ္တုတွေ ဖတ်လာခဲ့တော့ အဲဒီလိုင်းကို စိတ်ဝင်စားပါတယ်။ မင်းသိင်္ခ ရဲ့ ဆားပုလင်းနှင်းမောင်၊ အောင်ဇင် ရဲ့ အိုင်အိုမင်းအောင်၊ မြတ်ထွန်းသစ် ရဲ့ ဆပ်ကလေး ဘကျော် တို့လို ရှေးခေတ်စုံထောက် တွေနဲ့ ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မင်းမြတ်သူရရဲ့ ဆားပုလင်းမင်းအောင် ပေါ့။ ခေတ်သစ် စုံထောက် အနေနဲ့တော့ ဇော်ထက်အောင်၊ ဇော်ဇော်အောင် ရဲ့ စိုးအောင် တို့ စဝ်ရန်နိုင် တို့ပါ။ အမျိုးသမီး စုံထောက် အနေနဲ့တော့ ငယ်ငယ်က ဖတ်ဖူးတဲ့ ရုပ်ပြထဲက ဝင့်ရွှေစင် နဲ့ မာမာဝေ အတွဲပါ။ အဲဒါတွေ ဖတ်ပြီး action ရုပ်ရှင်တွေ ကြည့်ပြီး ကိုယ်တိုင် ရေးချင်လာပါတယ်။ ၇တန်း နှစ်က စပြီး စုံထောက် ဝတ္တု အတိုလေး တစ်ပုဒ် စရေးဖူးပါတယ်။ ခုတော့ ဘယ်ရောက်သွားပြီလဲ မသိဘူး။ ခုဖတ်ရင်တော့ ရယ်စရာ ကောင်းမှာပါ။ ဆယ်တန်းအောင်ပြီးတော့ ဝတ္တုရှည် စရေးကြည့်ပါတယ်။ လုံးချင်း ဖြစ်လောက်တဲ့ သုံးအုပ်လောက်တော့ ရေးပြီးသွားတယ်။ အဲဒီတုန်းကတော့ ကွန်ပျူတာလည်း မရှိသေးတော့ ဗလာစာအုပ်မှာ လက်ရေးနဲ့ ရေးတာပေါ့ နော်။ ခုထိ သိမ်းထားပါသေးတယ်။ ဝတ္တုစာအုပ် ထုတ်ဖို့တော့ အိမ်ကို ပိုက်ဆံ မတောင်းရဲဘူး ။ နောက်ပိုင်း ကျောင်းတက်တာ၊ အလုပ်လုပ်တာနဲ့ ဝတ္တုရှည် ဆက်မရေးဖြစ်ဘူး။ စထားတဲ့ တစ်အုပ်လည်း ဘယ်တော့မှ အဆုံးသတ် ဖြစ်တော့မယ် မထင်ဘူး။ ဘလော့တစ်ခု လုပ်ဖြစ်သွားတော့ ဘာနေနေ ကိုယ် စိတ်ဝင်စားတာလေး ကိုယ်ရေးပြီး တင်မယ် ဆိုပြီး စုံထောက် ဝတ္တုတိုလေးတွေ ရေးပြီး တင်ဖြစ် သွားပါတယ်။ ခုတလောတော့ မရေးဖြစ်ပြန်ဘူး။ :D

အရင်တုန်းက အိမ်မှာ စာရေးတုန်းက အိမ်ကလူတွေ မသိအောင် ခိုးခိုး ရေးရတာပါ။ စာဖတ်တာ ဘာမှ မပြောပေမယ့် စာရေးတာတော့ မကြိုက်လို့ သူတို့ မသိအောင် ခိုးခိုး ရေးရတာပါ။ ကိုယ် ရေးရေး နေတာ ရိပ်တော့ ရိပ်မိပေမယ့် သိသာသိစေ မမြင်စေနဲ့ လုပ်ခဲ့ရတာပါ။ နောက်ပိုင်း အဆောင်နေမှ၊ ကွန်ပျူတာ ရှိလာမှ ကိုယ့်ဟာကိုယ် အေးအေး ရေးနိုင်တာပါ။ ဒါတောင် သူငယ်ချင်းတွေကို publish မလုပ်ခင် မမြင်စေချင်လို့ သူတို့ မမြင်အောင် ခိုးခိုး ရေးနေပါသေးတယ်။ ဟိုတစ်ခေါက် ပြန်တုန်းကတော့ သည်းထိတ်ဖို မဂ္ဂဇင်း နှစ်အုပ်မှာ ပါတဲ့ သွေးစွန်းလက်ဝါး နဲ့ ဗိုင်းရပ်စ်ကို အိမ်ကို ပြလိုက်တယ်။ ဂမ္ဘီရဆန်းကြယ်ထဲက ကျိန်စာသင့်ဖူးစာ ကိုတော့ ငှားဖတ်တုန်းက တွေ့လိုက်ပေမယ့် စာအုပ်က ပို့မပေးတော့ ခုထိ မယူဖြစ်ပါဘူး။ အဲဒါပြောတော့ ဒါတွေပဲ ရေးနေတာလား တဲ့၊ ပါတာ ဒါအကုန်ပဲလားတဲ့ ပြောသေးတယ်။ သူတို့ နားလည်လား မလည်လား မသိပေမယ့် internet ပေါ်မှာလေ၊ blog ပေါ်မှာတော့ အများကြီး ရေးတယ်လို့ ပြောလိုက်တယ်။ 


အမှန်တော့ ကိုယ့်အနေနဲ့ ဘလော့ကို စလုပ်ဖြစ်တဲ့ အချိန်က ကြည့်ရင် ရေးဖြစ်တာတော့ အတော်ကြီးကို နည်းပါသေးတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုတော့ ဘလော့ဂါ ရယ်လို့လည်း မခံယူသေးပါဘူး။ တစ်ခါတလေ အတွေးတွေ အများကြီး တွေးဖြစ်ပေမယ့်လည်း စာတစ်ပုဒ် ဖြစ်လောက်တဲ့ အထိ ရောက်မလာဘူး။ တစ်ခါတလေ သူများလို ဘဝသရုပ်ဖော် ရေးကြည့်ချင်ပေမယ့် တစ်သက်လုံး ကျောင်းနဲ့ အိမ်ကလွဲရင် ဘာမှ မသိတဲ့လူ ဆိုတော့ အတွေ့အကြုံ၊ အကြောင်းအရာလည်း ရှားပါး နေပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ပုံနှိပ်စာလုံး အနေနဲ့ မထုတ်ဝေနိုင်သေးလည်း ကိုယ့်ရဲ့ ကလောင်ကို သွေးလို့ ရနေတဲ့ ဒီ blogger.com ရှိနေတာ ကျေးဇူးတင် စရာပါ။ အဲဒါကြောင့်လည်း Blog တွေပေါ်မှာ စာရေးသူ စစ်စစ်တွေ အပြင် ကိုယ့်လို ကလောင်သွေးချင်တဲ့ သူတွေ၊ စာရေးချင်တဲ့ သူတွေပါ ဘလော့ဂါ ဖြစ်လာကြတာပါ။ ကိုယ် လျှောက်လျှောက် ရေးတဲ့ ကဗျာတွေဆို မဂ္ဂဇင်းတိုက် ပို့ရင် ဘယ်မဂ္ဂဇင်းက မှလည်း ရွေးမယ် မထင်ပါဘူး။ ဒါပေမယ့် ကဗျာရေးသူ ဘလော့ဂါ အနေနဲ့တော့ ဘလော့ဂါ အချင်းချင်းက အသိအမှတ်ပြုကြတယ်လေ။

ရသစာပေ အပြင် တရားဘက် လိုက်သူကလိုက်၊ အချက်အပြုတ်ဘက် လိုက်သူကလိုက်၊ နည်းပညာဘက် လိုက်သူက လိုက်၊ အစုံပလုံ လုပ်သူလည်း လုပ်ပေါ့၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေ၊ ကိုယ်ရိုက်တဲ့ ဓါတ်ပုံတွေ တင်ချင်လည်း တင်ပေါ့။ နိုင်ငံရေးဘက် ဝါသနာပါသူများကလည်း အဲဒါနဲ့ ပတ်သက်တဲ့ သတင်း ပလင်းတွေ စုစည်းကြပေါ့။ လွတ်လပ်တဲ့ စာမျက်နှာမှာ တင်ချင်ရာ တင်လို့ ရပါတယ်။ comment တွေ cbox တွေ မှာလည်း ရေးချင်ရာ ရေးလို့ ရပါတယ်။ ဒါပေမယ့်လည်း ဘလော့ဂါတွေ အနေနဲ့တော့ ကိုယ့် သိက္ခာကိုယ် စောင့်စည်းပြီး သူတစ်ပါးကို အကြောင်းမဲ့ ပုတ်ခတ်တဲ့ စာတွေ မရေးမိဖို့၊ ကိုယ်ဟာကိုယ် တာဝန်ယူနိုင်တဲ့ စာတွေပဲ ရေးသားကြဖို့တော့ လိုပါတယ်။ တကယ်တမ်း စာရေး ဝါသနာပါလို့ ရေးသားနေတဲ့ ဘလော့ဂါ စစ်စစ်များကတော့ အဲဒီလို ပုတ်ခတ်စာတွေ၊ မှီငြမ်း မဟုတ်တဲ့ ကူးချ စာတွေ မရေးကြပါဘူး။ ပွဲဆူအောင် တမင် လုပ်ချင်သူများသာ ရေးကြတာပါ။

Online ပေါ်မှာ အချိန်ကုန်ဖြစ်ကြတယ် ဆိုရင် talk ပေါ်မှာ chat ပေါ်မှာ ဟိုဟိုဒီဒီ ပလီပလာတွေ ပြောနေတာထက် စာရင် blog လည်ပြီး စာဖတ်၊ ဘလော့ဂါ အချင်းချင်း ရင်းနှီးကြတာက ပိုပြီး ကောင်းမွန် အကျိုးရှိတယ်လို့ ထင်ပါတယ်။ ဘလော့ဂါ ဆိုတာ အနည်းဆုံးတော့ စာပေမြတ်နိုးသူတွေမို့ အချင်းချင်း ကောင်းရာ မွန်ရာလေးတွေ မျှဝေရင်း စိတ်ချင်း ဆက်သွယ်နေသူတွေပါ။ ဟင်းချက်ကောင်းသူတွေကလည်း ကိုယ်ချက်တဲ့ ဟင်းလေးတွေ စားစေချင်တယ်၊ ဘာသာပြန် ကောင်းသူတွေကလည်း ကိုယ်ဖတ်မိ ကြိုက်မိ တာလေးတွေ မျှဝေချင်တယ်။ ခရီးသွားဖြစ်ရင်လည်း ကိုယ်သွားတဲ့ နေရာလေးတွေ ပြချင်တယ်။ ကိုယ် သဘောကျတဲ့ နည်းပညာလေးတွေ တွေ့ရင်၊ အထူးအဆန်း အဖြစ်အပျက်၊ သတင်း အပိုင်းအစ၊ ပုံလေးများ တွေ့ရင် မျှဝေချင်တယ်။ အဲဒါ ဘလော့ဂါ တွေပါ။

ဘလော့ဂါ ဦးရေ တိုးပွားပြီး ဘလော့ရွာကြီး ကျယ်ပြန့်ပါစေ...။

သိင်္ဂါကျော်

31 August, 2011

နှင်းဆီခင်းကို ပျိုးခွင့်ပေးခဲ့တဲ့ နေရာ (Blog Day အမှတ်တရ)


လွန်ခဲ့တဲ့ ၅ နှစ်လောက်၊ တစ်နေကုန် ကျောင်း စက်ခန်းထဲမှာ နေနေရတဲ့ အချိန်လောက်က စပြီး Blog တွေနဲ့ မိတ်ဆက်မိပါတယ်။ ကျောင်းသားတို့ ထုံးစံ အတိုင်း အမြဲတမ်း စာချည်းပဲလည်း လုပ်မနေနိုင်တော့ internet မှာ ဟိုဟိုသည်သည် လျှောက်ကြည့်မိပါတယ်။ Planet.com, popularmagazine, people magazine က စပြီး စာဖတ်လို့ ရမယ့် site တွေ လိုက်ရှာပြီး ဖတ်ဖြစ်ပါတယ်။ Cherrythitsar.org ကနေ ဝတ္တုတွေ တော်တော်များများလည်း download လုပ်ပြီး ဖတ်ဖြစ်ပါတယ်။ နောက်တော့ အစ်မ တစ်ယောက်က ပြောလို့ နိုင်းနိုင်းစနေ blog က စပြီး blogspot တွေကို စိတ်ဝင်စား လာပါတယ်။ ဝတ္တုတို လှလှလေးတွေ ရေးတတ်တဲ့ ရွှေပြည်သူ ၊ ရေခဲပြင်ထဲက ပန်းကလေး ခွန်မြလှိုင်၊ စာရေးဆရာမ မေငြိမ်း၊ စာရေးဆရာမ မိုးချိုသင်း၊ WeSheMe စသည်ဖြင့် တော်တော်များများကို စဖတ်ဖြစ်ပါတယ်။ တစ်ချို့တွေလည်း နာမည် မေ့သွားပါပြီ။ ခုနောက်ပိုင်း မရေးတော့တဲ့ blog တွေလည်း ပါပါတယ်။

သူငယ်ချင်းတွေ စက်ခန်းထဲမှာ အတူထိုင်ကြရတာ ဆိုတော့ ကောင်းတဲ့ blog လေးတွေ တွေ့ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ညွှန်းရင်းနဲ့ blog တွေ အတူ ဖတ်ဖြစ်ကြပါတယ်။ တစ်ချို့ blog တွေက သတင်း၊ တစ်ချို့ blog တွေက နိုင်ငံရေး၊ တစ်ချို့က နည်းပညာ၊ ဘာသာရေး၊ ချက်နည်းပြုတ်နည်း စသဖြင့် လိုင်း ပေါင်းစုံ တွေ့လာရပါတယ်။ တကယ်တော့ အဲဒီတုန်းက blog ကို ခိုးကြောင်ခိုးဝှက် ဖတ်ရတာပါ။ ဘာလို့လဲ ဆိုတော့ ကိုယ်တို့ ဆရာမကြီးက စက်ခန်းထဲမှာ စာကလွဲပြီး ဘာမှ မကြည့်ရဘူးလို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားလို့ပါ။ Google ထဲမှာ စာ ရှာချင်ရှာ၊ ဒါမှမဟုတ် pdf file ဖွင့်ပြီး paper ဖတ်ချင်ဖတ်။ အဲဒါကလွဲပြီး တစ်ခြား စာဖတ်နေတာ၊ Game ဆော့နေတာ၊ ရုပ်ရှင်ကြည့်နေတာ မြင်လို့ကတော့ ပက်ပက်စက်စက် အဆူခံရပြီး ရုံးခန်းထဲမှာ လက်မှတ် လိုက်ထိုးရပါလိမ့်မယ်။ ဒါပေမယ့်လည်း သိတဲ့အတိုင်း ဆရာမကြီးကလည်း အမြဲလာကြည့်နေနိုင်တာ မဟုတ်တော့ ကိုယ်တို့ကလည်း blog တွေ ဖတ်မြဲ ဖတ်လျက်ပေါ့။

နောက်တော့ blogger.com ကနေ ကိုယ်ပိုင် blog တစ်ခု စမ်းလုပ်ကြည့်ချင်လာပါတယ်။ ကိုယ့်ဖာကိုယ် ရေးချင်ရာရေး လုပ်ချင်ရာ လုပ်ခွင့်ရှိတဲ့ web page တစ်ခု internet ပေါ်မှာ အလကား တင်ခွင့် ရှိမယ် ဆိုတော့ လုပ်ကြည့်တာပေါ့နော်။ စစချင်းတော့ blogger ကပေးတဲ့ template နဲ့ပဲ ဘလော့ အခွံလေး တစ်ခု ရလာတယ်။ ကိုယ့် blog ကို ဘယ်နေ့ စလုပ်မိတယ် ဆိုတာ သေချာ မမှတ်မိတော့လို့ Profile ကို ပြန်ကြည့်တော့မှ ကိုယ့်ရဲ့ blogger account ကို ၂၀၀ရ မှာ စလုပ်မိတယ် ဆိုတာ သတိထားမိပါတယ်။ Blog တစ်ခု ဆောက်ထားပေမယ့် အဲဒီနှစ်က ဘာမှ မတင်ဖြစ်သေးပဲ Post စ တင်ဖြစ်တာကတော့ ၂၀၀၈ ဇွန်လ မှပါ။ အရင်ရေးထားဖူးတဲ့ ကဗျာလေးတွေ စတင်ကြည့်ပါတယ်။ လောလောဆယ် ဘာရေးရမှန်း မသိသေးပဲ တင်ချင်တာပဲ များနေတော့ ချယ်ရီသစ္စာထဲက ဝတ္တုတိုလေးတစ်ပုဒ်ကို ကူးပြီး ကူးထားတဲ့ Link နဲ့ အတူ တင်လိုက်တယ်။ နောက်ထပ် ကဗျာတွေ ထပ်ရေးပြီး တင်တယ်။ အားပေးသူကတော့ blog တွေနဲ့ စပြီး မိတ်ဆက်ပေးတဲ့ အစ်မနဲ့ တစ်ခြား သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ပါ။

Blog ကို နာမည်ပေးဖို့ စဉ်းစားလိုက်တော့ ကိုယ်က ကဗျာရော၊ ဝတ္တုရော၊ ဟိုဟိုသည်သည် အကုန်လျှောက်ရေးချင်တယ်၊ ရသစုံ ရေးမယ် ဆိုပြီးတော့ နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း ဆိုပြီး အဲဒီ အချိန်က စိတ်ကူး ပေါ်လာတဲ့ အတိုင်း ပေးလိုက်တာပါ။  တစ်လ တစ်လကို ကဗျာလေး၊ ဝတ္တုလေး တစ်ပုဒ်စ၊ နှစ်ပုဒ်စ လောက်ပဲ ရေးဖြစ်ပါတယ်။ အားပေးသူကလည်း သူငယ်ချင်း နည်းနည်းနဲ့ မျက်စိလည် ရောက်လာတဲ့ တစ်ယောက် စ၊ နှစ်ယောက် စ လောက်ပဲ ရှိပါတယ်။ ခုနောက်ပိုင်းမှာ ကိုယ်လည်း Blog နဲ့ အရမ်းကြီး အဆက်ပြတ်မနေအောင် တတ်နိုင်သလောက် ကြိုးစားနေသလို ကိုယ့်နိုင်ငံတွင်းကရော၊ နိုင်ငံရပ်ခြားကနေရော အမြဲအားပေးနေတဲ့ သူငယ်ချင်းအရင်းတွေ နဲ့အတူ ဘလော့ကို လာလည်ရင်း သိကြတဲ့ blogger သူငယ်ချင်းများနှင့် blog ကိုအားပေးကြတဲ့ စာဖတ်သူအပေါင်း ကိုလည်း ကျေးဇူးတင်လျှက်ပါ။ 

မြန်မာနိုင်ငံမှာ နေပေမယ့် blogspot ကို proxy မကျော်ပဲ ဖွင့်လို့ရတဲ့ နေရာမှာ အလုပ်လုပ်ခွင့် ရတဲ့ အတွက်လည်း ကိုယ့်ကိုယ်ကို ဝမ်းသာမိပါတယ်။ တစ်ခါတုန်းကတော့ (ပုသိမ်မှာ) အလူးလူး အလိမ့်လိမ့် connection ထဲမှာ freedom နဲ့ကျော်ပြီး ခရီးသွား မှတ်တမ်းလေး တစ်ခု တင်ဖို့ အရေး တနေကုန်လောက် ကြိုးစားလိုက်ရတာကိုလည်း မှတ်မိနေပါသေးတယ်။ ဆိုင်က connection တွေက များသော အားဖြင့် မကောင်းတတ်တာကြောင့် အိမ်ပြန်တဲ့ အခါဆို blog ကို ဖွင့်ကို မကြည့်ပဲ ပစ်ထားမိတာပါ။ 

ကိုယ်တိုင် သိပ်မရေးဖြစ်ပေမယ့် ဖတ်ဖြစ်တဲ့ ဘလော့တွေကတော့ များများလာပါတယ်။ ခုတလော blog day အတွက် ရေးကြတာတွေထဲမှာ blog link တွေ အတော်များများ စုစည်းထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ကိုယ်ကတော့ ဖတ်ဖြစ်တဲ့ blog တွေ တော်တော် များများ မေ့ကျန်စရာ ရှိလို့ မပါခဲ့ရင် ခွင့်လွှတ်ပါလို့ ကြို တောင်းပန် ထားလိုက်ပါဦးမယ်။ စာရေးဆရာ နာမည်တွေလို့ သဘောထားပြီး ကိုတွေ မတွေ မတပ်ပဲ ရေးမိတာတွေကိုလည်း ဘယ်လိုမှ သဘောမထားပါနဲ့လို့။ Blog တွေထဲ သွားလည် စာဖတ်ရင်း တစ်ခါတလေ နှုတ်ဆက်ဖြစ်တယ်။ တစ်ခါတလေလည်း မအားလို့ပဲဖြစ်ဖြစ်၊ connection မကောင်းတာကြောင့်ပဲ ဖြစ်ဖြစ် ဖတ်ရုံပဲ ဖတ်ပြီး နှုတ်မဆက် ဖြစ်ပါဘူး။ တစ်ချို့လည်း ကိုယ်ဆီ အပြန်အလှန် လာလည်ရင်း ခြေရာချန်တတ်ခဲ့ကြတယ်။ များသောအားဖြင့်တော့ ကိုယ့်လို စိတ်ကူးပေါက်မှ စာရေး၊ အားမှ နှုတ်ဆက်တဲ့ blogger မပီမသ blogger ကို မသိတဲ့သူ များပါတယ်။ ကိုယ့်ကို မသိပေမယ့် ကိုယ်ကတော့ blog တော်တော်များများကို အမြဲမဟုတ်တောင် မကြာခဏတော့ ရောက်ဖြစ်ပါတယ်။

အသည်းကွဲ အက်ဆေး တွေကို လှလှပပ ဖွဲ့နွဲ့တတ်တဲ့ မယ်ကိုး၊ ရောက်တတ်ရာရာတွေ လျှောက်ရေးပေမယ့် ဖတ်လို့ကောင်းတဲ့ မမ ခင်ဦးခင်၊ ခုနောက်ပိုင်း blog ပေါ်က စွန့်ခွာသွားတဲ့၊ ဟာသတွေ အရေးကောင်းတဲ့ ဦးလူထွေး၊ ကိုယ်တို့ကို ကောင်းကင်ဘုံကနေ ကြည့်နေမယ့် ဘကျောက် (ရွှေရတုမှတ်တမ်း)၊ ကိုယ့် Blog ကို သူ့ဆီမှာ ပထမဆုံး link ထားပြီး တစ်ခြားသူတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဝက်ဝံကလေး (စက်တင်ဘာရဲ့ကောင်းကင်)၊ ဘဝထဲက အတွေ့အကြုံ အစုံကို စာတွေ ကောင်းကောင်း ဖွဲ့တတ်တဲ့ ကိုဇော်၊ ကိုမြစ်ကျိုးအင်း၊ ကိုအောင်(ပျူနိုင်ငံ)၊ ကဗျာ ကောင်းကောင်းလေးတွေ ရေးတတ်တဲ့ လင်းဒီပ၊ နတ်ဆိုးလေး (ဗညားရှိန်)၊ Craton၊ ကိုအောင်သာငယ်၊ ကိုဆောင်းယွန်းလ၊ မမသီရိ၊ ညလင်းအိမ်။ inspirational ဝတ္တုတိုကောင်းလေးတွေ ဘာသာပြန်တတ်တဲ့ မချော (အစိမ်းရောင်လွင်ပြင်)၊ ခံစားချက် ဝတ္တု လှလှလေးတွေ ရေးတတ်တဲ့ ဏီလင်းညို၊ sosegado (တည်ငြိမ်အေး)၊ ဂန္ဓဝင် ဝတ္တုကောင်းတွေ အမြဲတင်ပေးတတ်တဲ့ မမရွှေစင်ဦး၊ စုံထောက်ဝတ္တုရှည်တွေ ဘာသာပြန် တတ်တဲ့ ကိုသင့်လူ၊ ရုရှ ဝတ္တုတွေ ဘာသာပြန်တတ်တဲ့ ဝေလင်း (ဒဏ်ရာပြတိုက်)၊ ဂျပန်ဝတ္တုတွေ ဘာသာပြန်တတ်တဲ့ ဂျူလိယက်ရဲ့ ဝတ္တုတိုများ စုစည်းရာ၊ မှတ်စု ကောင်းကောင်းလေးတွေ စုစည်းပေးတတ်တဲ့ မီးပြတိုက်

ဘဝသရုပ်ဖော် ဝတ္တုကောင်းလေးတွေ ရေးတတ်တဲ့ သတိုး၊ မချစ်ကြည်အေး၊ မမြသွေးနီ၊ မမြတ်မွန်၊ အိမ့်ချမ်းမြေ့။ သိမှတ်စရာ ဆောင်းပါးတွေ ရေးတတ်တဲ့ ညလင်းဖြူ၊ မငယ်နိုင်၊ လသာည၊ အဖြူရောင်နတ်သမီး၊ မမေဓါဝီ၊ ဧရာဝတီ စာကြည့်တိုက်။ ကိုယ့်ရဲ့ စုံထောက်ဝတ္တုတွေကို စိတ်ဝင်တစား ဖတ်ပြီး ဝေဖန်တတ်တဲ့ လောရှည်။ ကမ္ဘာတလွှားက ထူးထူးခြားခြားတွေ အမြဲရှာဖွေ ဖော်ပြတတ်တဲ့ သက်တန့်ချို၊ ကိုပီတာ၊  ရေးချင်လို့ ရေးတာပါ ဆိုတဲ့ ခိုင်စိုးလင်းကိုယ့်ကိုမသိပေမယ့် တိတ်တိတ်ကလေး အမြဲသွားဖတ်တတ်တဲ့ စာရေးဆရာမ ခက်မာ၊ ပန်ဒိုရာ၊ မနော်ဟရီ၊ မိုးလှိုင်ည၊ ခင်အောင်အေး၊ အိုက်လွယ်ပန်၊ အိန္ဒြာ၊ July Dream။ ခုနောက်ပိုင်း ပျောက်နေတဲ့ ယုယ၊ ကိုရင်နော်ခင်လေးငယ်၊ ကြုံရသမျှ နဗနဘဝ၊ ဂျေဂျူဝိုင်၊ ရွာသားလေး YTU၊ ဖိုးစိန်၊ ကိုရင်စည်သူ၊ ချမ်းလင်းနေ၊ မဆုမွန်၊ ဒဏ္ဍာရီ၊ သစ်နက်ဆူး၊ လင်းကြယ်ဖြူ၊ လင်းကြယ်စင်၊ အင်ကြင်းသန့်၊ အညာမှ ခရေညို၊ မျက်မှန်လေး၊ အဖြူရောင်အိမ်လေးတစ်လုံး၊ ကေသရီ၊ ကြည်ဖြူပိုင်။ ခုနောက်ပိုင်း ကဗျာတွေ အရေးကောင်းလို့ သွားသွားဖတ်မိတဲ့ လရိပ်

ဦးမင်းဒင်၊ ဆရာဦးစိုးမြင့် (မေ့ဆေး)၊ ဆရာ အတ္တကျော်၊ ကိုဘကြိုင်၊ ဆင်တဲကဖေး၊ ကိုကိုမောင် (ပန်းရနံ့)၊ ဦးမောင်မောင်၊ ဆရာတော် မော်ကွန်းသစ်၊ ဆရာတော် တောက်ပကြယ်စင်၊ သက်ဝေ၊ အပြုံးပန်း၊ မော်စကွီးတိုး၊ ဂျူနီယာလွင်ဦး၊ မဗေဒါ၊ Rose of Sharon၊ Reenoemann၊ Rita၊ AngelHlaing၊ KiKi-Idiotlove၊ K၊ မဝါဝါခိုင်မင်း၊ မောင်မျိုး(ကျွန်တော့်ဘဝဇာတ်ခုံ) Pinkgold၊ မအိမ်သူ(ဝါခေါင်မိုး)၊ ဆောင်းနှင်းရွက်၊ သဒ္ဓာလှိုင်း၊  နှင်းနုလွင်၊ ဆွေလေးမွန်၊ ခံစားမှုသံစဉ်(Blackroze)၊ အန်တီတင့်၊ Jesmine(တောင်ကြီး)၊ မဒမ်ကိုး၊ ခိုင်နုငယ်၊ မေသိမ့်သိမ့်ကျော်၊ မိုးငွေ့နှင့်အတူ၊ ကိုကိုးအိမ်(မန္တလေး)၊ အဖြူလေး၊ ကျွန်တော်တို့အိမ်၊ ထာဝရကြယ်စင် (မိုးခါး)၊ ဒုတိယအရွယ်၏ ရှိသမျှဝေဒနာ၊ နှင်းနဲ့မာယာ၊ နှင်းဟေမာ၊ နေဝသန်ရဲ့ အိုအေစစ်၊ My Little World၊ Sonata-Cantata၊  လင်းဦး(စိတ်ပညာ)၊ ၊ သုနှင်းဆီ၊ ညီလင်းဆက်၊ ဂျစ်တူး (မုံရွာ)၊ စုံစီနဖာ စာမျက်နှာ (ရွှန်းမီ)၊ စုဘူးအိမ်၊ မိုးမြင့်တိမ်ဆူးရင့် (တန့်ဆည်)ပန်းခရမ်းပြာThe Starry NightMy Notebook နှလုံးသားရပ်ဝန်းမှ အသံများ

အရင် ထည့်ထားဖူးတဲ့ Link တွေကလည်း တစ်ခါတုန်းက malware ဆိုပြီးဖြုတ်လိုက်တုန်းက တစ်ချို့တွေ ပါသွားပြီး ပြန်မထည့်ဖြစ်သေးတာတွေ ရှိနိုင်ပါသေးတယ်။ အခု တွေ့မိသမျှ၊ ဖတ်မိသမျှတော့ Blog Day အမှတ်တရ အနေနဲ့ ကိုယ့် ရဲ့ Blog စာမျက်နှာပေါ်မှာ မှတ်တမ်းတင် ထားလိုက်ပါတယ်။ အမြဲမဟုတ်တောင် ကြုံကြိုက်လို့ သွားလိုက်တဲ့၊ ကိုယ့်ဆီလာလို့ ပြန်သွားလည် လိုက်တဲ့ Blog တွေလည်း အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါပြီနော်..။


Blogger အားလုံး စာကောင်းပေကောင်းတွေ များများကြီး ရေးနိုင်ကြပါစေ။


သိင်္ဂါကျော်

24 August, 2011

ဘဝ သို့ စိတ္တဇပန်းချီ


စစတုန်းကတော့
အဖြူရောင် စာရွက်တစ်ရွက်ပဲ
တဖြည်းဖြည်းနဲ့
ကိုယ့်ကိုယ်ကို ကောက်ကြောင်းဖော်ရင်း
ပန်းချီကား ဖြစ်ဖို့ မျှော်လင့်ရတယ်။

အနီးအနား
ဖြတ်သွားဖြတ်လာတွေကလည်း
ဝင်ဝင် အကြံပေးကြသေးရဲ့။

ကိုယ်တိုင်ကိုက
တစ်ချိန်မှာ
ယုံကြည်မှုနဲ့ ရေးဆွဲ
နောင်တစ်ချိန်ကျတော့
မယုံမကြည်နဲ့ ဖျက်ချင်လာပါရော။

အဲဒီဆေးသားက
ဖျက်ရင် ဖျက်ရာ သိသာမှာနော့၊
ဘယ်လောက်ပဲ အဖြူအုပ်အုပ်
နဂိုတိုင်း ကောင်းဖို့
မဖြစ်နိုင်ဘူး။

ကြာတော့လည်း
ဖျက်ရာ ပြင်ရာတွေနဲ့
ပန်းချီကား ဆိုရင်တောင်
စိတ္တဇ ပန်းချီပဲ ဖြစ်နိုင်တော့မယ်။

ဘယ်သူကတော့
ကိုယ့်ပန်းချီကိုယ်
ပျက်စီးစေချင်ပါ့မလဲ
အများအမြင်ထဲ
လှလှပပ ကြွကြွရွရွ
အားကျစေချင်တာပေါ့။

ဒါပေမယ့်လည်း
မတူညီနိုင်မှုတွေနဲ့
ဖန်တီးဖြစ်တဲ့ လက်ရာတွေ
လှလှ မလှလှ
ကြွကြွ မကြွကြွ
ခဲတစ်ခြစ်က စခဲ့တဲ့ ကောက်ကြောင်း
သက်တမ်း မကုန်မချင်းတော့
ဆွဲနေရဦးမယ်။

သိင်္ဂါကျော်

10 August, 2011

မြစိမ်းရောင် ကမ်းရိုးတန်းသစ်ပင်




အမြဲတမ်းတော့လည်း
မုန်တိုင်းထန် မနေခဲ့ပါဘူး
အဲဒီ ကမ်းရိုးတန်းမှာ ...။

ငှက်တွေ တစ်အုပ်ပြီးတစ်အုပ်
မွေးရပ်မြေ စွန့်ခွာတာကို ငေးကြည့်ရင်း
အဲဒီမှာပဲ အမြစ်တွယ်နေခဲ့သူ။

နှစ်တွေ ကြာလာတော့
သက်တမ်းရင့်ပြီး အပင်မြင့်လာခဲ့တယ်
အဲဒီ ကမ်းရိုးတန်းမှာပဲ
နေဒဏ် လေဒဏ် ခံရင်း
တစ်ခါတရံလည်း
မုန်တိုင်းကို အံတုရင်းပေါ့။
အပင်မြင့်လာလေလေ
လေတိုက်ခံရလေလေနဲ့
မုန်တိုင်းတွေ ကြားထဲ
အကိုင်းအခက်တွေ ကျိုးတဲ့အခါကျိုး
အသီးအပွင့်တွေ ကြွေတဲ့ အခါ ကြွေနဲ့
နေသာလာတော့လည်း
ရွက်နုဖားဖား ပြန်ဝေလို့...။

အဲဒီ ကမ်းရိုးတန်းမှာပဲ
အမြင်မတော်တာတွေလည်း
မြင်ရဖူးတယ်။
အကြားမတော်တာတွေလည်း
ကြားရဖူးတတယ်။
အနိဌာရုံတွေလည်း
ခံစားရဖူးတယ်။
သံယောဇဉ်တွေလည်း များခဲ့ဖူးတယ်။
မုဒိတာတွေလည်း ပွားခဲ့ဖူးတယ်။
ဒီလိုနဲ့ပဲ
ဦးနှောက်လည်း အကြောတင်းလာတယ်။
နှလုံးသားလည်း အရောင်ရင့်လာတယ်။
ခံစားချက်တွေလည်း အေးစက်လာတယ်။

ဒီလိုနဲ့ပဲ
အတောင်မပါတဲ့ သစ်တစ်ပင်ဟာ
စိမ်းလန်းနေဆဲ
ခိုကိုးရာမဲ့နေဆဲ
အထီးကျန်နေဆဲ
ဘုရားပေးသနားမယ့်
အတောင်ပံတစ်စုံ အတွက်
အိပ်မက် မက်နေဆဲ...။

သိင်္ဂါကျော်

08 August, 2011

ကြားရ မြင်ရ သံဝေဂ ရစရာတွေ ...


ခုတလော အနီးအနားမှာ အက်ဆီးဒင့် ဖြစ်တဲ့ အကြောင်းတွေ ခဏ ခဏ မြင်နေ ကြားနေရတယ်။ စိတ်မချမ်းသာ စရာတွေပါပဲ။ လွန်ခဲ့တဲ့ သုံးပတ်လောက်ကပဲ ကိုယ်တို့ ဌာနမှူးရဲ့ အစ်ကို အရင်း တစ်ယောက် ဆုံးသွားတယ်။ သူတို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမှာ ခေါင်မိုး တက်ပြင်ပေးရာကနေ ပြုတ်ကျပြီး ဆုံးသွားတာပါ။ အသက်က ၄၀ လောက်ပဲ ရှိသေးတယ်။ မူကြိုအရွယ် သားလေး တစ်ယောက် ကျန်ခဲ့ပါတယ်။ သူ့ အမေ ခမျာလည်း ကြောင်တောင်တောင် ဖြစ်သွားတဲ့ အထိ ခံစားနေရရှာတယ်။ မိသားစု စီးပွားရေးကို ဦးဆောင်လုပ်နေတဲ့သူ၊ ညီအစ်မတွေ ကြားထဲ တစ်ဦးတည်းသော အစ်ကို မို့လို့ အားလုံးလည်း စိတ်မကောင်း ဖြစ်ကြရပါတယ်။ ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေကလည်း စိတ်မကောင်းဖြစ်ကြလို့ ကိစ္စ ဝိစ္စတွေ အားလုံး လိုက်ပြီး လုပ်ဆောင်ပေးကြပါတယ်။ သုဿာန် တစ်ခုလုံးလည်း ဘုန်းကြီးတွေနဲ့တင် စည်ကားနေတယ်လို့ ပြောပါတယ်။ ရန်ကုန်အိမ်မှာ ဖြစ်တာ ဆိုတော့ ကိုယ်တို့လည်း မသွားဖြစ်ခဲ့ပါဘူး။ ဒီကပဲ ရန်ကုန် ရောက်နေတဲ့ ဆရာမတစ်ယောက် ကပဲ အားလုံး ကိုယ်စား လိုအပ်တာ အကူအညီ ပေးခဲ့ပါတယ်။ အဲဒီကိစ္စ ပြီးတော့ နောက်ရက်မှာပဲ အဲဒီ ဘုန်းကြီးကျောင်းမှာ နဂါးနှစ်ကောင် ဘုရားလာဖူးတယ် ဆိုပြီး သတင်းကြီး လိုက်ပါသေးတယ်။ (http://www.themyanmarpost.com/?p=8894) ကိုယ်တို့ကတောင် သေသွားတဲ့ အစ်ကိုကြီး နဲ့များ ပတ်သက် မလားရယ်လို့ တွေးလိုက်ကြပါသေးတယ်။


စနေနေ့ကတော့ ဈေးသွားရင်းနဲ့ လမ်းမှာ အက်ဆီးဒင့်ဖြစ်ထားတာတွေ တွေ့ခဲ့ရပြန်ပါရော။ အသွားတုန်းက ကားညိထားလို့ ဆိုပြီး ပြင်ဦးလွင် အဝင်ဝမှာ ကားတွေ တစ်တန်းကြီး ခဏ ပိတ်နေတာနဲ့ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ စောင့်နေရပါတယ်။ အရှေ့မှာ ဘာဖြစ်သွားတယ် ဆိုတာတော့ သေချာ မမြင်လိုက်ရပါဘူး။ ကားထွက်လာတော့မှ အန်ဗျူးလင့်န် ကားတစ်စီး ထွက်သွားတာတော့ တွေ့လိုက်ရပါတယ်။ နောက်တစ်ခါ အပြန်ကျပြန်တော့လည်း .ပြင်ဦးလွင် အသွားလမ်းဘက်က ခပ်လတ်လတ် ကုန်ကားကြီး တစ်စီးက လမ်းဘေး ချောက်ထဲကို ကျပြီး ကားခေါင်းတစ်ခုလုံး နီးပါး ပျက်စီးနေတာကို တွေ့ရပါတယ်။ စိတ်မချမ်းသာစရာ မြင်ကွင်းတွေပါ။ 


မနေ့က၊ တနင်္ဂနွေ တုန်းကတော့ ပိုပြီး နီးနီးနားနားမှာပဲ သေခြင်းတရားတွေကို မြင်လိုက်ရ ပြန်ပါရော။ ကိုယ်တို့ အဆောင်ဘေးလမ်းက ကုန်းတက်ကြီးပါ။ ကားတွေ တော်တော်များများက အဆင်းဆိုရင် ဖရီး ရိုက်ပြီး ဆင်းကြပါတယ်။ သင်္ကြန်မတိုင်ခင်တုန်းကလည်း ဆိုင်ကယ်နောက်က ထိုင်လိုက်တဲ့ မိန်းကလေး တစ်ယောက် ပြုတ်ကျပြီး ဆုံးသွားဖူးတာ ကိုယ် ရေးဖူးပါတယ်။ ဒီလမ်းကြီး ပေါ်မှာပါပဲ။ အခုကတော့ မြေသယ်ကားကြီးပါ။ ရတနာပုံမြို့သစ် ဝင်းထဲမှာ ဆောက်လုပ်ရေးတွေက လုပ်နေဆဲ ဆိုတော့ မြေသယ်ကားတွေ မကြာခဏ ဟိုဟိုသည်သည် သွားလာနေကြပါ။ ကားကြီးတွေ ပုံကိုက ကြောက်စရာမို့ ကိုယ်တို့ကတော့ လမ်းလျှောက်နေတုန်း လာနေတာ ကြုံရင်တောင် ဝေးဝေးကနေ ရှောင်ပေးထားပါတယ်။


အဲဒီနေ့ကတော့ ကိုယ်တို့ကားက လမ်းထိပ်ကနေ ပြန်လာပြီး အဆောင်ရှေ့လမ်းကို ချိုးကွေ့ ရပ်လိုက်ပါတယ်။ အဆောင်ရှေ့မှာ ရေသန့်ကားကြီးကလည်း ရောက်နေတာမို့ သူတို့ကား ထွက်လို့ ရမရ မေးရင်းနဲ့ လွတ်တဲ့ နေရာမှာ ရပ်လိုက်တာပါ။ ကိုယ်တို့ကား ရပ်ပြီးပြီးချင်းလောက်ပဲ အဲဒီ မြေသယ်ကားကြီးက နောက်က တရှိန်ထိုး ဆင်းလာပြီး ရှေ့ဘက် ချောက်ထဲကို ပြုတ်ကျသွားတာပါ။ တစ်ဘက်မှာက ကွေ့ရမယ့် လမ်းရှိပါတယ်။ အရှိန်များတာလား၊ ဘရိတ်ပဲ ပြုတ်သွားတာလား သေချာတော့ မသိပါဘူး။ ကွေ့ရမယ့် လမ်းကို မကွေ့နိုင်တော့ပဲ ချောက်ထဲ ပြုတ်ကျသွားပါတယ်။ ကိုယ်တို့ကတော့ အဲဒီ ကားသံကိုတောင် မကြားလိုက်ကြပါဘူး။ သူများကလေး တစ်နှစ်သားလောက်လေးကို ကားပေါ် ခေါ်လာခဲ့မိတော့ အိပ်သွားတဲ့ ကလေးကို အာရုံစိုက်နေတာနဲ့ နောက်ကကားကိုလည်း သတိမထားမိပါဘူး။ အဲဒီနား ရပ်နေတဲ့လူတွေ ပြောတော့မှ “ကား ချောက်ထဲ ကျသွားပြီ” ဆိုလို့ ကြည့်မိတော့ မြင်ကွင်းထဲ ဘာမှ မမြင်ရတော့ပါဘူး။ ဘာကားလဲ မေးကြည့်တော့မှ မြေသယ်ကား အကြီးကြီးမှန်း သိရပါတယ်။ ကားတစ်စီးလုံး အောက်ကျသွားတာ အစအနတောင် မမြင်ရတော့ပါဘူး။ တကယ်လို့များ ကိုယ်တို့ကားသာ တစ်မိနစ်လောက် နောက်ကျပြီးမှ ကွေ့ခဲ့ရင် အဲဒီကားကြီးရဲ့ ဝင်တိုက်တာကိုတောင် ခံရနိုင်ပါတယ်။ ကိုယ်တို့မှာ အဲဒီလို ကံ မပါလို့ပဲလို့ တွေးရင်း ကျောချမ်းစရာ ဖြစ်ရပါတယ်။


အဲဒီနားကို ကိုယ်တို့ လမ်းလျှောက်နေကြပေမယ့် အဲဒီလောက်နက်တဲ့ ချောက် ရှိနေမှန်းတောင် သတိမထားမိပါဘူး။ သွားကြည့်ဖို့ရာတော့ စိတ်ဆင်းရဲကောင်းလို့ မကြည့်ဖြစ်ပါဘူး။ ဓါတ်ပုံတော့ ရိုက်ချင်စိတ်ရှိပေမယ့် လူတွေ ဝိုင်းကြည့်နေကြတာဆိုတော့ မသွားချင်တာနဲ့ပဲ ကိုယ့်အခန်း ပြတင်းပေါက်ကပဲ လှမ်းကြည့်မိပါတယ်။ သွားကြည့်တဲ့သူတွေ မေးကြည့်တော့ နှစ်ဦးက ပွဲချင်းပြီး ဆုံးသွားတယ် လို့ သိရပါတယ်။ ကားပေါ်မှာ ပါလာတာက စုစုပေါင်း ခြောက်ယောက်ပါ။ နာရီဝက်လောက် ကြာတော့မှ တာဝန်ရှိသူတွေ ရောက်လာကြတယ် ထင်ပါတယ်။ နောက်ထပ် တစ်နာရီခွဲလောက် ကြာတော့မှ (MCC က ကားထင်ပါရဲ့) ဒိုင်နာ ကား တစ်စီးနဲ့ မသေသေးတဲ့ လူတွေကို တင်သွားတာ တွေ့ရပါတယ်။ နောက်ခုံတွေမှာ ထိုင်သွားတဲ့ အလုပ်သမားတွေလည်း ပါသွားပါရဲ့။ ထိခိုက်မိသူတွေကိုတော့ ကြက်တွေ ဝက်တွေ တင်သလို နောက်ခန်း ကြမ်းပြင်မှာ ပစ်တင်သွားတာပါ။ (တစ်ခါတုန်းက ကလေးမလေးကို ဆေးရုံပို့တော့ ဆရာမတွေက သွေးထွက်လွန်နေမှန်းသိရဲ့ အင်္ကျီ လုံချည်တွေ ရွှဲအောင် ပွေ့ပိုက်သွားကြတာပါ။ ဘာပဲဖြစ်ဖြစ် ခံစားနာကျင်ရတာ သက်သာပါစေတော့ ဆိုတဲ့ စေတနာနဲ့ပါ။)


ခဏနေတော့ သုံးတောင်နာရေးကူညီမှု အသင်းက ကားနှစ်စီး ရောက်လာပြီး ပွဲချင်းပြီး သေသူ နှစ်ယောက်ကို တင်သွားပါတယ်။ အဲဒီ နှစ်ယောက်က ကားပေါ်က ခုန်ချလိုက်တဲ့ နှစ်ယောက်လို့ သိရပါတယ်။ ခုန်ချတဲ့ နေရာမှာ အကျမတော်ပဲ မြေနီအမာနဲ့ ခေါင်းနဲ့ ကျပြီး ပွဲခြင်းပြီး ဖြစ်သွားပုံပါ။ သွေးတွေ ဘာတွေ သိပ်မထွက်ပဲ အတွင်းကြေ ဖြစ်သွားပုံ ရပါတယ်။ ဒရိုင်ဘာ အပါအဝင် လေးယောက်က ကားခေါင်းခန်းထဲမှာ အောက်အထိ ပါသွားခဲ့တာပါ။ ဒီနေ့ မနက် သိရတာကတော့ ဆေးရုံခေါ်သွားတဲ့ သုံးယောက် အနက် တစ်ယောက် ဆုံးသွားပြီလို့ သိရပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဒဏ်ရာပြင်းပြီး နောက်ထပ် တစ်ယောက်ကတော့ ခြေထောက်နည်းနည်း နာရုံကလွဲပြီး ဘာမှ မဖြစ်ခဲ့ဘူး လို့ သိရပါတယ်။ တော်တော် ကံကောင်းတဲ့ သူလို့ ပြောရမှာပါ။ ကားကြီးကိုတော့ ခုမနက် အထိ ဆွဲတင်တာ မတွေ့ရသေးပါဘူး။ 


အတိတ်ဘဝတုန်းက အကုသိုလ်ကံတွေကြောင့် ခုဘဝမှာ ဥပစ္ဆေဒကံနဲ့ သေဆုံးရတယ် ထင်ပါတယ်။ ဒီမြို့သစ်လမ်းမကြီးမှာ ဘာအခိုက်တွေ ရှိသလဲတော့ ကိုယ်လည်း မသိနိုင်ပါ။ ကလေးမလေး သေဆုံးပြီးတုန်းကတော့ ရက်လည်မှာ ဘုန်းကြီးဆွမ်းကပ်တာအပြင် အဆောင်တွေ ကျောင်းတွေ သာမက လမ်းမကြီးတစ်လျှောက်မှာပါ ပရိတ်ရွတ်ပြီး ကမ္မဝါဖတ်ခဲ့ပြီးဖြစ်ပါတယ်။ ခုတစ်ခါတော့ သူတို့ တာဝန်ရှိသူတွေက လုပ်ပေးမလား၊ အလုပ်သမားတွေမို့လို့ပဲ လျစ်လျှူရှုထားမလား မသိပါ။ ကိုယ်တို့လည်း တတ်နိုင်သလောက်တော့ ဒီဝင်းကြီးထဲက .မြင်အပ် မမြင်အပ်တွေ အားလုံးကို ညတိုင်း မေတ္တာပို့ အမျှဝေနေပါတယ်။ သက်တမ်းကုန်ဆုံးလို့ သေရတာ မဟုတ်ပဲ သေနေ့စေ့လို့ အသေဆိုးနဲ့ သေဆုံးရတာတွေကို မကြုံရ မဆုံရ ပါစေနဲ့ လို့ဆုတောင်းမိပါတယ်။ ရုတ်တရက် မမျှော်လင့်ပဲ ဝိညာဉ်နဲ့ ခန္ဓာ ခွာသွားရသူတွေမို့ ဘယ်လို ဘုံဘဝကို ရောက်မလဲ တော့မသိပါ။ စွဲလမ်းတွယ်ငြိစိတ်တွေနဲ့ လမ်းမကြီးပေါ်မှာ လျှောက်သွားနေရတဲ့ ဘဝကို မရောက်ပဲ ကောင်းသော ဘုံဘဝကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။


သိင်္ဂါကျော်


04 August, 2011

ကြိုက်တာ မကြိုက်တာ .. ရောက်တတ်ရာရာ ..


အဖြူရောင်နတ်သမီး ရဲ့ ကြိုက် မကြိုက် ပို့စ်ကို သွားဖတ်မိရာက သူက ကိုယ့်ကို သတိရသွားပြီး တဂ်ထားလိုက်တော့ ခက်သွားပါတယ်။ ကိုယ်က တကယ်တော့ အဲဒါမျိုး မရေးချင်ပါဘူး။ ကြိုက်တာ မကြိုက်တာကို အဲလောက် သတ်သတ်မှတ်မှတ်ကြီး မတွေးဖူးဘူးလေ။ ဘာပဲဖြစ်ဖြစ် တဂ်တဲ့လူက ခင်လို့ မင်လို့ တဂ်မှတော့ မရေးပဲ နေလို့ မကောင်းတာနဲ့ပဲ အနည်းအကျဉ်းလေးတော့ ရေးမှပဲလို့ စဉ်းစားပြီးတော့ ရောက်တတ်ရာရာလေး ရေးလိုက်ပါတယ်။

ကိုယ့်အကြောင်းကိုယ်တော့ သိပ်မပြောချင်ပါဘူး။ ပြောရလောက်အောင် ဘာမှလည်း ထူးထူးခြားခြား မရှိပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ကြည့်ရင်တော့ မကြိုက်တာတွေ များနေလိမ့်မယ် ထင်တယ်။ မျက်နှာက ယောက်ျားဆန်သလို အလှပြင်ဖို့လည်း စိတ်မဝင်စားတဲ့ သူမို့ ယောက်ျားလေးလို နေရတာကို သဘောကျတဲ့သူပါ။ ဆယ်တန်းလောက်အထိ ရှပ်အင်္ကျီလို စပို့ရှပ်လို ယောက်ျားလေးပုံစံတွေပဲ ဝတ်ပြီး နေလာခဲ့ရာက တက္ကသိုလ် တက်မှ နည်းနည်း ပြောင်းသွားတာပါ။ အင်္ကျီတွေဆိုလည်း ready made အင်္ကျီခပ်ပွပွတွေ ဝတ်ရတာ သဘောကျပါတယ်။ ခုနောက်ပိုင်းတော့ အင်္ကျီပွပွ ဝတ်ရင် ပိုပြီး ဝဝတုတ်တုတ် အဒေါ်ကြီး ပုံများ ပေါက်မလား ဆိုပြီး နည်းနည်းပါးပါး သပ်သပ်ရပ်ရပ် fit ဖြစ်တဲ့ အဝတ်အစားမျိုး ဝတ်ဖို့ ကြိုးစားနေပါတယ်။ အလုပ်မှာလည်း အလုပ်သဘာဝအရ မြန်မာအင်္ကျီတွေပဲ ဝတ်ရတာ ဆိုပေမယ့် သူများလို ကွက်တိ ကျပ်ထုပ်နေတဲ့ ပုံစံမျိုး မဝတ်တတ်ပါဘူး။ အသက်ရှူကျပ်တယ်လို့ ထင်လို့ပါ။ အဝတ်အစား အသုံးအဆောင် အရောင်ကိုတော့ ထင်းနေတဲ့ အရောင်ရင့်တွေထက် ခပ်ဖျော့ဖျော့တွေကို ပိုကြိုက်ပါတယ်။ မီးခိုးရောင်တို့၊ အပြာနုတို့၊ ပန်းရောင်အနုတို့ စသဖြင့်ပေါ့။ ဖိနပ်မြင့်မြင့် ထူထူတွေကိုတော့ သဘောကျတတ်တယ်။

တစ်ချို့တွေလို ယောက်ျားစိတ် ပေါက်နေတာမဟုတ်ပေမယ့် ယောက်ျားလေး ဖြစ်ခဲ့ရင် ကောင်းမှာပဲလို့တော့ အမြဲလိုလို တွေးမိပါတယ်။ ယောက်ျားလေး ဖြစ်ခဲ့ရင် မိန်းကလေးထက်ပိုပြီး လွတ်လပ်ခွင့် လုပ်ပိုင်ခွင့်တွေ များမယ်လို့ ထင်တယ်လေ။ ဥပမာ တစ်ယောက်တည်း ရုပ်ရှင်ရုံ သွားကြည့်တာမျိုး၊ တစ်ယောက်တည်း ညဘက် လျှောက်သွားတာမျိုး မှာ ယောက်ျားလေး ဆို သင့်တော်ပြီး မိန်းကလေးဆို မသင့်တော်ဘူးလေ။ အခု စင်ကာပူ ရောက်နေတဲ့ သူငယ်ချင်း (မိန်းကလေး) မသွားခင်က ကိုယ်တို့ နှစ်ယောက် အပတ်တိုင်း ရုပ်ရှင်ရုံ သွားကြည့်ဖြစ်ကြတယ်။ နိုင်ငံခြားကားတွေကို တစ်ခါတလေ အခွေ ကြည့်ပြီးတာတောင် ရုံမှာ ကြည့်ရတာ ပိုကောင်းတယ် ဆိုပြီး သွားသွားကြည့်တယ်။ နိုင်ငံခြား ကြည့်စရာ မရှိတော့ရင် ဗမာကား ကြည့်ပြန်ရော.. ကြည့်ပြီးရင် နှစ်ယောက်သား ဝေဖန်လို့ မဆုံးပြန်ဘူး။ ခု သူ အဖော်မရှိတော့ ကိုယ်လည်း ရုပ်ရှင်ရုံ မသွားဖြစ်တော့ဘူးလေ။ အခွေပဲ ဝယ်ကြည့်ဖြစ်တော့တယ်။ 

ကိုယ်က ရုပ်ရှင်ဆို နိုင်ငံခြားကား Action ကားတွေ ပိုကြိုက်တယ်။ ငယ်ငယ်တည်းက အိမ်က အဘိုးကစပြီး ဂျိန်းစဘွန်းကားတွေ ဘာတွေ ကြိုက်ခဲ့တာ ဆိုတော့ ခုထိ အဲဒါမျိုးပဲ ကြိုက်တယ်။ ငယ်ငယ်က တီဗွီကလာတဲ့ The Guns of Navarone ဆို ခုထိ မှတ်မိနေတယ်။ ခုနောက်ပိုင်း တီဗွီ ဇာတ်လမ်းတွဲ ဆိုလည်း 5 series ရတုန်းက  ကြည့်ဖြစ်တဲ့ CSI ဇာတ်လမ်းတွဲတွေ၊ 4400 တို့၊ Lost တို့ ကိုရီးယားရှေးဟောင်း အမှုဖော်တဲ့ ဇာတ်လမ်းတို့၊ အိန္ဒိယမှာ သင်တန်းတက်တုန်းက ကြည့်ဖြစ်တဲ့ Lies To me တို့လို ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်။ Action ကားတွေ ကြည့်စရာ မရှိတော့ရင် လူသတ်ကား၊ သရဲကားတွေ ကြည့်တယ်။ သွေးသံရဲရဲ အသားပေးတာထက် ကိုရီးယား သရဲကားတွေလို ကြောက်စရာ ကောင်းတာမျိုးကို ပိုကြိုက်တယ်။ တစ်ခါတလေတော့ အဖော်ကောင်းရင် Drama ကား ကောင်းကောင်းလေးတွေလည်း ကြည့်ဖြစ်တာပဲ။ ဗွီဒီယိုအခွေ ခေတ်ကတည်းက နိုင်ငံခြားကားတွေပဲ ငှားကြည့်ဖြစ်တာ... DVD ခေတ်ကျတော့လည်း အပတ်တိုင်း ဝယ်ဝယ် ကြည့်နေတာပါပဲ။ အဲဒါအပြင် မြဝတီ၊ MRTV၊ MRTV 4 တို့က လာတဲ့ ကိုရီးယား ကားတွေလည်း အလွတ်မပေးချင် ပြန်ဘူး။ မြဝတီက လာတဲ့ ဂျာမန်ရုပ်ရှင်လား မသိ၊ ဥရောပ စကားပြောနဲ့ ကားတွေလည်း အားပေးတာပဲ။ အချိန်ကုန် အကျိုးမရှိမှန်း သိပေမယ့်လည်း ကြည့်ဖြစ်နေတုန်းပဲ။ အဲဒါတွေ ကြည့်မယ့် အချိန် စာရေးဖြစ်ရင်ကောင်းမှာပဲလို့ စိတ်ထဲတွေးမိပေမယ့်လည်း တွေးတာလောက်နဲ့ပဲ ရပ်ထားလိုက်တာ။

လောလောဆယ် အဆောင်နားမှာ စာအုပ်အငှားဆိုင် မရှိလို့ ငှားမဖတ်ဖြစ်ပေမယ့် စာဖတ်ရတာလည်း သဘောကျပါတယ်။ အိမ်ပြန်ရင်တော့ ဂမ္ဘီရမဂ္ဂဇင်းတွေရော၊ ဘာရော အကုန် ငှားဖတ်ဖြစ်တယ်။ အဒေါ်က စာဖတ် ဝါသနာပါတော့ ငယ်ငယ်တည်းက သူဖတ်တာ လိုက်ဖတ်ရင်းနဲ့ စွဲသွားတာလေ။ အမေက မြန်မာစာဌာနက ဆိုပေမယ့် သူက စာဖတ်တာ ဒီလောက် ဝါသနာ ပါလှတာ မဟုတ်ဘူး။ ငယ်ငယ်ကဆို သူ့ တက္ကသိုလ် စာကြည့်တိုက်က ရှိသမျှ ဘာသာပြန် စုံထောက်ဝတ္တုတွေ ကိုယ် ဖတ်ဖူးတယ်။ မိုးအေးအေးလေးမှာ ဝတ္တုကောင်းကောင်းလေး တစ်အုပ် ဖတ်ပြီး နှပ်ရတာလောက် ကောင်းတဲ့ အရသာ မရှိဘူးလို့ ထင်တယ်။

ခုတလော ကြိုက်နေတာ တစ်ခုက ရှိနေသေးတယ်။ အဆောင်မှာက internet က မရတော့ဘူး ဆိုတော့ အရင်က Farmville ထဲမှာ စိုက်ခဲ့ဖူးတာကိုတော့ မေ့လိုက်ပါပြီ။ ဒါပေမယ့် Laptop လေး ဖွင့်ပြီးရင် အလုပ် လုပ်မလိုလို ဘာလိုလိုနဲ့ နောက်ဆုံးမှာ Game ထဲရောက်ရောက် သွားပြန်ပါရော။ ပေါ့ပေါ့ပါးပါး Zuma Revenge တို့ Zombie တို့ ဘာတို့ ပေါ့။ အဲဒါတွေ လုပ်လုပ်နေလို့ စာက မရေးဖြစ်တာ.. :D ။

အစားအသောက် အကြောင်း ပြောရရင် ကောင်းမလား ဆိုပြီး စဉ်းစားလိုက်တော့ အဲလောက်ကြီး ကြိုက်တာ မကြိုက်တာ မရှိလှဘူးလို့ ထင်တယ်။ ငယ်ငယ်က မကြိုက်တာတွေလည်းခု နောက်ပိုင်းတော့ စားလို့ ဖြစ်သွားတာတွေ ရှိတယ်။ မနက်စာ ဆိုရင်တော့ ကိုယ့် အရပ်ဒေသက အသုပ်တို့ မုန့်ဟင်းခါးတို့ ဘာတို့ကို ပိုကြိုက်တယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အိမ်ကိုယ် မနေရတာက များတော့ ရှိတဲ့ နေရာက အစားအသောက်တွေကိုပဲ စားဖြစ်တယ် ဆိုရင် စားလိုက်တာပါပဲ။ ရှမ်းစာတွေ ဘာတွေတော့ သိပ်မကြိုက်တတ်ဘူး။ မနက်စာ ဆိုရင် ကိုယ်သိပ်မကြိုက်တဲ့ လက်ရာနဲ့ အသုပ်တွေ မုန့်ဟင်းခါးတွေ စားတာထက် လက်ဖက်ရည်နဲ့ စားတဲ့ မုန့်မျိုးတွေ (နံပြားထောပတ်သုပ်၊ ပဲပလာတာ၊ အီကြာကွေး...) စားရရင် ပိုကြိုက်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် ကိုတော့ အအေးဘူးတွေ အအေးပုလင်း တွေထက် ပိုကြိုက်တယ် ပြောရမှာပဲ။ ပေါင်မုန့်လည်း ကြိုက်တယ်၊ ချိစ်လည်း ကြိုက်တယ်၊ ကွတ်ကီးတွေလည်း ကြိုက်တယ်။ ဝစေတဲ့ အစားအစာတွေ ပိုကြိုက်တတ်လို့ ခက်နေတယ်။

ဝတာကို မကြိုက်ပေမယ့် မဝအောင် အစားလျှော့စားရမှာကို ပိုပြီး မကြိုက်ဘူး... :D ။ ရုပ်ရှင်ကြည့်ရင်းလည်း ရှိတဲ့ သွားရေစာတွေ လျှောက်လျှောက်စားချင်နေတာပဲ။ သူငယ်ချင်းတွေက အပိန်အသေးလေးတွေ ဖြစ်နေတော့ ကိုယ်က အဝဆုံး ဖြစ်နေရတာပါ။ တကယ်တော့ အရပ် ၅ပေ ၂ခွဲ၊ ပေါင် ၁၂၀ ဆိုတာ ပုံမှန်လောက်ပဲ မဟုတ်လား :D ။ အဲဒီထက် ထပ်မဝအောင် ထိန်းဖို့တော့ ကြိုးစားနေပါတယ်...။ အမှန်တော့ ပေါင် ၁၁၀ အထိ ကျချင်တာ..၊ ဒါပေမယ့်.. မဖြစ်နိုင်သေးဘူး ဟီးးး

ကိုယ့်ကိုယ်ကို မကြိုက်တာ တစ်ခုက ပေါင်းသင်း ဆက်ဆံရေးပေါ့။ ဖွယ်ဖွယ်ရာရာ ပျူပျူငှာငှာ မပြောတတ်ဘူး။ တွေ့တွေ့ချင်း ငယ်ပေါင်း ကြီးဖော်လို ရင်းနှီး သွားတတ်တဲ့ သူမျိုး မဟုတ်ဘူး။ တစ်ခါတလေမှာ ဘယ်လို ပြောလိုက်သင့်တယ် ဆိုတာ သိပေမယ့်လည်း ပါးစပ်က ဖွင့်ပြောဖို့ကို ခက်နေတတ်တာပါ။ အထက်ကိုလည်း မဖားတတ်၊ အောက်ကိုလည်း အရမ်း မရောတတ်တဲ့ သူပါ။ ဒါပေမယ့် ကိုယ့်ကို မုန်းနေတဲ့လူလည်း တစ်ယောက်မှတော့ မရှိဘူးလို့ ထင်ပါတယ်။ လူတိုင်းနဲ့ အရမ်းကြီး မရင်းနှီးတောင်မှပဲ ပုံမှန် ခင်ခင်မင်မင်တော့ ရှိကြပါတယ်။ သိပ်မရင်းနှီးတဲ့ သူတွေက ကိုယ့်ကို အရမ်းအေးတာပဲ လို့ မှတ်ချက် ချတတ်တယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ အဲလောက် အေးတာ မဟုတ်ပါဘူးတဲ့။ တစ်ခွန်းမခံ ပြန်ပြောတတ်တာ သူတို့ မသိလို့တဲ့ ... ပြောကြတယ်။ တစ်ခွန်းဆို တစ်ခွန်း ထိအောင် ပြောတတ်တယ် တဲ့..။

သူငယ်ချင်းတွေနဲ့ အတူတူ လည်ပတ်၊ စားသောက်၊ ရုပ်ရှင် ကြည့်ရတာ ကြိုက်ပေမယ့် အမြဲတမ်း နေထိုင်မှု အတွက်တော့ လူအများကြီးနဲ့ အခန်းမှာ မနေချင်ဘူး။ ကိုယ့် Privacy နဲ့ကိုယ်၊ တစ်ယောက်ခန်းလေး ထဲမှာပဲ ကိုယ် လုပ်ချင်ရာ လုပ်နေချင်တယ်။ သီချင်းတွေ အမြဲတမ်း ဖွင့်ချင် ဖွင့်ထားမယ်။ အများနဲ့ နေတဲ့ အခန်းမှာဆို သူများ ဖွင့်တဲ့ သီချင်းတွေ နားထောင်နေရမှာမျိုးကို မကြိုက်ဘူး။ ကိုယ့်အခန်းထဲမှာ ကိုယ် ညနက်မှ မီးပိတ်ပြီး အိပ်ချင်တဲ့ အချိန်မှ အိပ်မယ်၊ သူများနဲ့ဆို အားနာနေရမယ်လေ။ အိမ် ဆိုရင်လည်း ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ နေရတာကို မကြိုက်ဘူး။ တိတ်ဆိတ်တဲ့ ရပ်ကွက်လိုမျိုးမှာပဲ နေချင်တယ်။

ကိုယ့်မှာ မိန်းမ မဆန်တဲ့ စရိုက်တွေ အများကြီး ရှိတယ်။ ဟင်းချက်ရတာလည်း မကြိုက်ဘူး။ တော်တော် ပျင်းစရာ ကောင်းတဲ့ အလုပ်လို့ ထင်တယ်။ ဒါပေမယ့်လည်း ဆယ်တန်းအောင်ပြီးကတည်းက တစ်ခြားမှာပဲ ကျောင်းတက်နေရတော့ ဘာပဲဖြစ်ဖြစ် ကိုယ်စားဖို့ ကိုယ် လုပ်နေရတာပါပဲ။ အဆင်ပြေရင်တော့ ဆိုင်က ဝယ်စားတယ်။ ထမင်းချိုင့်ဆွဲ စားတယ်။ အိမ်က ပို့တာတွေ စားတယ်။ နောက်ဆုံး ဘွဲ့လွန်ကျမှ ကိုယ့်ဟာကိုယ် စပြီး ချက်စား ဖြစ်တယ်။ ဒါပေမယ့် ဖွယ်ဖွယ်ရာရာတော့ မဟုတ်သေးပါဘူး။ ကြက်သား၊ ငါး၊ ပုစွန် အဆင်ပြေတာ ကြော်ပစ်လိုက်တာပဲ။ ပြီးတော့ ဟင်းသီး ဟင်းရွက် တစ်ခုခု ကြော်လိုက်တယ်။ ပြီးပြီပေါ့။ ထမင်းလေး တစ်နပ် စားဖို့ အရေး ဘယ်လောက်များ ပင်ပင်ပန်းပန်း လုပ်နေရဦးမလဲ လို့..။ ခုတော့ သူငယ်ချင်းတွေနဲ့ စုပြီး ချက်စားကြဆိုတော့ ကိုယ့် ဂျူတီ နေ့ကျရင်တော့ အားလုံး စားနိုင်အောင် ချက်ရတာပေါ့။ တစ်ယောက်တည်း တုန်းကလို ဖြစ်သလို လုပ်လို့ မဖြစ်တော့ဘူး။  ဟင်းချက်တယ် ဆိုတာ ဘာမှ မခက်ဘူး၊ မလုပ်ချင်လို့ နေတာ လို့ ကိုယ်ကလည်း အမြဲကြွေးကြော် လာခဲ့သူ ဆိုတော့ ဖြစ်အောင် လုပ်ရတာပေါ့။ 

အိမ်မှုကိစ္စတွေ လုပ်ရတာ ကြိုက်ကို မကြိုက်ဘူး။ မကြိုက်ပေမယ့်လည်း လုပ်နေရတာပဲလေ။ မိန်းမ ဖြစ်ရတာ မကြိုက်တဲ့ အထဲ အဲဒါလည်း ပါတယ်လေ။ မိန်းမ ဆိုတော့ တစ်ယောက်တည်း နေလည်း ကိုယ့်ဟာကိုယ် လုပ်၊ အိမ်ထောင် ကျတော့လည်း လုပ်ရဦးမှာ မဟုတ်လား။ တစ်ယောက်တည်း ကမှ ကိုယ်လုပ်ချင်တဲ့ အချိန်မှ ထလုပ်၊ မလုပ်ချင်ရင်လည်း ကိုယ့်ဟာကိုယ် စာပဲ ရေးနေနေ၊ ရုပ်ရှင်ပဲ ကြည့်နေနေ ဘယ်သူမှ ပြောမယ့်သူ မရှိဘူး။ အဲဒီ ဘဝက အကောင်းဆုံးနော်.. အပျိုကြီးတွေ စိတ်ကူးလွဲပြီး ဒုက္ခတွင်းထဲ ခုန်မဆင်းရလို့ ဆိုပြီး စိတ်မပျက်ပါနဲ့.. :P ။ ယောက်ျားလေး ဖြစ်ရမှာကို ကြိုက်တယ်.. ဆိုတာက... ယောက်ျားလေး ဆိုရင်တော့ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ချစ်လို့ရမယ်လေ..။ ခုခေတ်မှာ လှတ ပတ ကောင်မလေးတွေ ဒီလောက်များတာ...။ အိမ်ထောင်ပြုလိုက်ရင်လည်း အိမ်မှာ ကိုယ့်ကို ထမင်းဝိုင်း အဆင်သင့်နဲ့ အမောပြေမယ့် ရုပ်ကလေးနဲ့ ကြိုနေမယ့် မိန်းကလေးမျိုးကို ရှာယူလို့ ရနိုင်တယ်လေ...။ ဟဲဟဲ လျှောက်ပြောတာပါ။ တော်ကြာ တစ်မျိုး ထင်နေကြဦးမယ်။ ယောက်ျားလေး ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် မြင့်မြတ်တဲ့ ရဟန်းဘဝကို ရနိုင်တယ်လေ..။ ဒါကတော့ ငြင်းမရတဲ့အချက် မဟုတ်လား။ ကိုယ်ကတော့ နောင်ဘဝမှာလူဖြစ်ခဲ့ရင် စိတ်ထား မြင့်မြတ်တဲ့ ယောက်ျားပဲ ဖြစ်ချင်မိပါတယ်။ 

ရောက်တတ်ရာရာလျှောက်ရေးရင်းနဲ့ နည်းနည်းတောင် ရှည်သွားပါပြီ။ စာဖတ်သူ မျက်စိညောင်းအောင် နှိပ်စက်မိတယ် ဆိုရင်တော့ Sorry ပါ။ :)
သိင်္ဂါကျော်

03 August, 2011

ညနေခင်း အလွမ်း


ဟိုဝေးဝေးက တိမ်ခိုးတွေ
လေနဲ့အတူ မျောလွင့်ရင်း
ဖျတ်ခနဲ အနီးအနား ရောက်လာသလိုမျိုး
ငါ တမ်းတလိုက်ချိန်တိုင်းမှာ
မင်း အနီးအနား ရောက်လာရင်
ကောင်းမယ်ထင်ရဲ့။

တောင်ကုန်းတလျှောက်
တိမ်မြူတွေ ဝိုင်းချိန်ဆို
အနီးအနားကို မမြင်နိုင်သလိုမျိုး
ထင်ထင်ရှားရှား မင်းပြစ်ချက်တွေကိုတောင်
မမြင်နိုင်သူ ဖြစ်ချင်ရဲ့။

“နောင်တများနဲ့ တစ်စစီ ကွဲရှ၊
ငါ့ရဲ့ အသည်းကွဲ ညနေခင်းများ” လို့
ဟဲလေး သီချင်းလည်း
မညည်းချင်သူပါ။

ချိတ်ချိတ်ချင်းမှ ချိတ်သတဲ့
တစ်ရစ် တစ်ရစ်နဲ့
မပြီးနိုင် မစီးနိုင်
အရှည်ကို ဆွဲဆန့်ရရင်
အငြင်းပွားမှုတွေက
တစ်ကမ္ဘာမက ကြာသွားနိုင်ရဲ့။

ငါ့မာနကိုပဲ သိုဝှက်လိုက်ပါ့မယ်
ပျော့ကျချင်လွန်းလို့
မင်းချော့ဖို့ကို စောင့်နေသူပေါ့။

အဖြူရောင် လီလီတွေ အစွမ်းကုန်ပွင့်တဲ့
ညနေခင်းတွေထဲတောင်
မွှေးရနံ့က မချိုမြနိုင်တာ
မင်းကို လွမ်းစိတ် တစ်ခုတည်းကြောင့်ပါ၊
ငါ့ရဲ့ ညနေခင်း အလွမ်းတွေကို
သိမ်းဆည်းနိုင်သူက
မင်း တစ်ယောက်သာ။

သိင်္ဂါကျော်

27 July, 2011

ဇာတ်မျော



မရွာတော့ဘူးလိုလိုနဲ့ရွာချလိုက်တဲ့
ပြင်ဦးလွင်မိုးလိုပဲ
နောက်ထပ် မချစ်တော့ဘူးလိုလိုနဲ့
ချစ်မိပြန်ရောတဲ့။

ဖြတ်မယ် ဖြတ်မယ်နဲ့
ဖြတ်မိနေတာက
သံယောဇဉ်မဟုတ်ပဲ
ဆံပင်တွေပဲ ဖြစ်ဖြစ်နေပါရော။

ကိလေသာ ကိလေသာနဲ့
ဟိုဟိုဒီဒီ လက်ညှိုးထိုးပြီး
ရှောင်ရမလို ပယ်ရမလို လုပ်လုပ်နေပေမယ့်
နှလုံးသားကလည်း ကိလေသာ မစင်လေတော့
ပြတ်ပြီ ပြောပြောပြီးလည်း
မပြတ်နိုင်သူပေါ့။
မပြတ်ဘူး မဟုတ်လား ဆိုတော့လည်း
ပြတ်ပြီ လို့ ပြောချင်ပြန်ရော။

မင်းဘက်ကို ရှာရှာဖွေဖွေ ကြည့်လည်း
ဖြတ်သင့်တဲ့ အပြစ်က
လောက်လောက်လားလားမှ မရှိချင်ပဲ။
သတ္တိမရှိသူကြီးလို့
အပြစ်တင်ချင်လည်း တင်ပေါ့
တကယ်တန်းလည်း
မစွန့်စားဝံ့တာ မှန်ရဲ့။

နှစ်ပေါင်း ၃၀ ကျော် မှီခိုလာပြီးမှ
အမေ့ရင်ခွင်ကို ခြေစုံကန်ရမှာလည်း
မဖြစ်သင့်ဘူးလို့ ထင်လိုထင်။
ကိုယ့်အတ္တကိုယ် ကိုးကွယ်ရင်း
နေသားကျနေတာ ကြာပြီးမှ
ချနင်းရမယ်ဆိုလည်း
ပြေလည်ပါ့မလား ဆိုတာ စဉ်းစားစရာ။

ကြွေးဟောင်းတောင် ကြေအောင် မဆပ်နိုင်တဲ့ ဘဝထဲ
ကြွေးသစ်ချဖို့ရာတော့
မင်းကို ယုံကြည်မှုက 
လုံလုံလောက်လောက် မရှိရတဲ့အထဲ
ကိုယ့်ကိုယ်ကိုလည်း မယုံကြည်ချင်ဘူး။
တစ်ယောက်တည်းဘဝနဲ့
မရုံးမကန် ရေစုန် မျှောမျှောနေခဲ့တာကြာတော့လည်း
မင်းကို အားကိုးရဖို့ မသေချာတဲ့ဘဝမှာ
ကိုယ်တိုင် ရုံးကန်ပြီး ပင်ပန်းရမှာလည်း
ကြောက်နေသေးတယ်။

အဲလိုနဲ့ပဲ
လောကီကို စိတ်ကုန်ကုန် လာတယ်ဆိုပြီး
ရိပ်သာပဲ သွားနေဖို့ စိတ်ကူးပါရဲ့
အချိန်တန်တော့လည်း
မင်းစကားတစ်ခွန်းထဲ မျောပါမိပြန်ရော။
အပြီးသွားချင်သွားတော့လို့ မင်းကပြောလည်း
မင်းစိတ်မကုန်မချင်း
ငါကလည်း စိတ်မပြတ်နိုင်ခဲ့သူပါ။
ကိုယ့်ကိုယ်ကို ချစ်ရတဲ့အထဲ
မီးထဲ တိုးရဲတဲ့ ပိုးဖလံတစ်ကောင်လည်း မဟုတ်ခဲ့တာမို့
ဒီဇာတ်မျောထဲ မလွတ်မလပ်နဲ့
ယက်ကန်ယက်ကန် ဆက်နေတုန်းပဲ။

သိင်္ဂါကျော်