03 April, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၂ (အမ်စတာဒမ်)

Erasmus Student Network (ESN) က စီစဉ်တဲ့ Excursion လက်မှတ် တစ်စောင် ဝယ်ပြီး မတ်လ ၂၄ ရက်၊ စနေနေ့က Amsterdam ကို သွားဖြစ်ခဲ့ပါတယ်။ Groningen ကနေ Amsterdam ကို ၂ နာရီလောက် သွားရပါတယ်။

သွားတဲ့လမ်းမှာ ဘတ်စ်ကားပေါ်က လမ်းရိုက်ထားတာပါ။


ရောက်သွားတော့ ထုံးစံအတိုင်း ဥရောပ ရှေးဟောင်း အဆောက်အအုံတွေကို တွေ့သမျှ စရိုက်ပါတော့တယ်။  ပြီးတော့ မြို့ကို ဖြတ်စီးနေတဲ့ တူးမြောင်းတွေနဲ့ ကမ်းဘေးက အဆောက်အအုံတွေ..။ ကိုယ်နေတဲ့ မြို့ကလေးနဲ့ မတူပဲ နယ်သာလန်ရဲ့ မြို့တော်ပီပီ စနေနေ့မှာ ကိုယ်တို့လိုပဲ တစ်မြို့လုံး လမ်းလျှောက် ပတ်နေတဲ့ Tourist တွေနဲ့ တစ်မြို့လုံး စည်ကားနေပါတယ်။


Dam Square








ဒတ်ခ်ျ ပန်းချီဆရာ Rembrandt ရဲ့ ရုပ်ထုပါ။

ရုပ်ရှင်ရုံပါ။



မနက် ၁၀ နာရီခွဲ စရောက်ကတည်းက မြို့ကို တစ်ပတ်ပတ်ကြည့်တာ စုံသလောက်ရှိတော့ ဗန်ဂိုးပြတိုက်ကို သွားကြပါတယ်။ လက်မှတ်ထဲမှာ ဗန်ဂိုး ပြတိုက် ဝင်ကြေးလည်း ပါပြီးသားပါ။ ပြတိုက်ထဲမှာတော့ ဓါတ်ပုံမရိုက်ရတော့ အပြင်မှာပဲ တစ်ပုံ နှစ်ပုံ ရိုက်ခဲ့ပါတယ်။

တကယ်တော့ အတွင်းမှာ တယ်လီဖုန်းနဲ့ ခိုးရိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကိုယ့်ဖုန်းက iphone လည်းမဟုတ် လက်ကလည်း မငြိမ်တော့ ဝါးတားတားတွေ များပြီး သိပ်ကောင်းကောင်း မရခဲ့ပါဘူး။ ဘာရယ်တော့ မဟုတ်ဘူး၊ အမှတ်တရ ရိုက်ချင်လို့ပါ။ နာမည်ကျော် အာလူးစားသူများ ပန်ချီကားကိုတော့ ရိုက်ခဲ့တာ ဝါးသွားလို့.. နောက်တစ်ခါ ထပ်ရိုက်ဖို့လည်း အဲဒီရှေ့မှာ ကြည့်တဲ့သူတွေ များနေတာနဲ့ ရိုက်ဖို့ မရဲတော့လို့ မရိုက်ခဲ့ရတော့ဘူး.. ဟီးး။







ဗန်ဂိုးပြတိုက်က ထွက်ပြီးတော့ အဖွဲ့နဲ့ မဟုတ်ပဲ ကိုယ်ပိုင် သွားချင်ရာ သွားဖို့ အချိန်ရပါတယ်။ ကိုယ်က ပန်းခြံ တစ်ခုနဲ့ အမ်စတာဒမ်က မဒမ်တူးဆော့ ပြတိုက်ထဲ ဝင်ကြည့်ခဲ့ပါတယ်။
ညနေ ၆ နာရီခွဲ Dam Square မှာ အဖွဲ့ ပြန်ဆုံပြီး Pizza & Pasta ဆိုင်တစ်ဆိုင်ကို သွားပြီး ညနေစာ စားကြပါတယ်။ ပြီးတော့ Groningen ကို ပြန်လာကြတာ ည ၁၀ နာရီခွဲလောက်မှာ ပြန်ရောက်ခဲ့ပါတယ်။


သိင်္ဂါကျော်

27 March, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၁

စာမရေးဖြစ်တာလည်း အတော်ကြာသွားပါတယ်..။ လောလောဆယ်လည်း မရေးနိုင်သေးတာမို့ ဘလော့ကို ပစ်ထားရာမကျအောင် ရိုက်ခဲ့သမျှ ပုံလေးတွေ တင်လိုက်ပါတယ်။

Netherland က Groningen မြို့လေးကို ရောက်ကတည်းက လျှောက်ထားတဲ့ resident permit က တလောကမှ (ရောက်တာ သုံးလကျော်လောက် ရှိမှ) ကျလာတာမို့ Dutch Immigration and Naturalisation Service (IND) ရှိတဲ့ တစ်ခြားမြို့ကို သွားယူခဲ့ရပါတယ်။ Groningen ကနေ ရထားနဲ့ ၁ နာရီခွဲလောက် သွားရတဲ့ Zwolle မြို့ပါ။ သွားတဲ့ နေ့က နေသာမယ်လို့ မျှော်လင့်ထားပေမယ့် တစ်နေကုန် တိမ်ထူနေလို့ ဓါတ်ပုံတွေလည်း သိပ်မကောင်းခဲ့ပါဘူး။ ဒီအနီးအနား မြို့တွေမှာတော့ ရှေးကျတဲ့ Church ကျောင်းတွေ၊ နာရီစင်တွေကပဲ တစ်မျိုးတစ်ဖုံ ပုံစံတွေနဲ့ အဲဒီမြို့တွေရဲ့ Tourist attraction နေရာတွေ ဖြစ်နေပါတယ်။ Zwolle မြို့ထဲမှာ လျှောက်သွားပြီး ရိုက်ခဲ့တဲ့ ပုံတစ်ချို့ပါ။

ECO Drome (amusement park and zoo) က အဲဒီနေ့က ပိတ်တယ် ဆိုတာနဲ့ အထဲကိုတော့ မဝင်ခဲ့ရပါဘူး။




   Sassenpoort






   The Pepperbus


    Zwolle Station

အောက်က ပုံတွေကတော့ Groningen မြို့နယ်ထဲမှာ ရှိတဲ့ Slochteren ရွာက Fraeylemaborg ဆိုတဲ့ အဆောက်အအုံပါ။ Groningen Central Station ကနေ bus ကားစီးသွားရင် ၄၅ မိနစ်လောက် စီးရပါတယ်။




 



Fraeylemaborg ကအပြန် ကားစောင့်တဲ့ နေရာနားမှာ ရိုက်လာတာတွေပါ။

သိင်္ဂါကျော်

22 March, 2012

ကဗျာနတ်သမီး


ကဗျာမဖတ်တဲ့လူတွေ တိုးချင်တိုး လျှော့ချင်လျှော့၊
ကဗျာ ကတော့ နေရာတိုင်းမှာ ရှိနေလေရဲ့။
ကဗျာမရှိတဲ့ မြို့
ကဗျာမရှိတဲ့ ရွာ
ကဗျာမရှိတဲ့ နိုင်ငံ
ခင်ဗျားတို့ ရှာပြစမ်းပါ၊
အနည်းဆုံး
ကဗျာကို ပွေ့ဖက်သူ
တစ်ယောက်တလေတော့..
ရှိခဲ့တယ်၊ ရှိနေတယ်၊
ထွက်ပေါ်လာဦးမှာပဲ။
ကဗျာကို ချစ်မြတ်နိုးသူတွေ ရဲ့
နှလုံးသားထဲက ပွင့်လာတဲ့ ပန်း
ဘယ်တော့မှ မညှိုးနွမ်းဘူး။

ဘာသာစကားတွေ
တင်စားချက်တွေ
စကားလုံးတွေ
အမည်တပ်ပုံကွဲလွဲတာတွေ
တိုတာ ရှည်တာ
ဘာညာသာရကာတွေ
ကဏ္ဍတွေ ခွဲချင်သလိုခွဲ
ကဗျာကတော့ ကဗျာပါပဲလေ။

စစ်မီးလျှံတွေထဲမှာ ရေစင်ဖြစ်တယ်
စနစ်ဆိုးတွေထဲမှာ ထွက်ပေါက်ဖြစ်တယ်
ခေတ်ရေစီးထဲမှာ အသာတကြည်မျောခဲ့တယ်
အချစ်အလွမ်းတွေနဲ့လည်း နုရွတတ်သူဖြစ်တယ်
ဝမ်းနည်းအားငယ်မှုတွေကိုလည်း ဖြေသာစေသူဖြစ်တယ်
လူတိုင်းအတွက် ထပ်တူညီတဲ့ကြယ် ဖြစ်တယ်
သူဟာ ငါတို့ အားလုံးရဲ့ နတ်သမီးဖြစ်တယ်။

သိင်္ဂါကျော်


(World Poetry Day မကုန်ခင်လေးမှာ ရေးဖြစ်လိုက်တဲ့ အမှတ်တရ ကဗျာပါ)
 

16 March, 2012

အညတြ အထီးကျန်ကြယ်


ကြယ်ကလေး တစ်လုံး
တိတ်တိတ်ဆိတ်ဆိတ် လင်းနေတယ်
ဟိုအဝေး ကောင်းကင်ယံမှာ။
လ သာခြင်း မသာခြင်း ရော၊
ကြယ်စုတွေ စကားတီးတိုးဆိုတာ မဆိုတာရော၊
သူနဲ့ မဆိုင်သလိုပ။
ဣနြေ္ဒကြီးတစ်ခွဲသားနဲ့
အထီးမကျန်ချင်ယောင်လို့။
တိမ်တစ်စကို တိတ်တခိုး စွဲလမ်းဖူးတာ
သူမဟုတ်သလို။
ဖြတ်လျှောက်ဖူးတဲ့ နတ်သားတစ်ပါးကို
မျှော်နေခဲ့ဖူးတာ သူမဟုတ်သလို။

ကြယ်ကလေး တစ်လုံး
သူကိုယ်တိုင် လောင်ကျွမ်းမှုကို မေ့လျော့လို့
အဝေးက ကြယ်ကလေးတွေရဲ့
လောင်ကျွမ်း ကြွေကျမှုကို သနားချင်ယောင်ဆောင်လို့။

ကြယ်ကလေး တစ်လုံး
သူ့ကိုယ်သူတော့
လောကကြီးကို အလင်းပေးနေတယ်လို့ အထင်တကြီးနဲ့
တကယ်တမ်းတော့လည်း
သူ့တည်ရှိမှုကို ဘယ်သူကမှ အထူးတလည်ဂရုပြုမနေ။

ကြယ်ကလေး တစ်လုံး
ဟိုအဝေး ကောင်းကင်ယံမှာ
မကြွေမချင်းတော့ လင်းနေဦးမယ်။

သိင်္ဂါကျော်

10 March, 2012

လက်ထပ်ခြင်း သို့ တံခါး


အဲဒီမှာ
နှစ်ယောက်အတူ ဖွင့်မှ ပွင့်မယ့်
တံခါးတစ်ချပ်ရှိလေရဲ့
လက်ကမ်းပြီး အတူ
ဖွင့်မယ့်သူ ရှိခဲ့ရင် ဝင်သွား
ချက်ချင်း ပြန်ထွက်သွားဖို့တော့
မစဉ်းစားလေနဲ့
တစ်စုံတစ်ခုတော့
ရောက်ခဲ့ကြောင်း အထိမ်းအမှတ်နဲ့
မင်း ထားခဲ့ရလိမ့်မယ်။
အပြင်က လူအားလုံး သိအောင်လည်း
အမှတ်အသားတစ်ခု မင်းကို
မှတ်ပေးလိုက်လိမ့်မယ်။

အဲဒီတံခါးရဲ့ အတွင်းမှာ
ပျော်နေတဲ့ သူတွေက
ဝင်ခွင့်မရသေးတဲ့ သူတွေကို
သနားစရာ ရယ်လို့ ထင်။
အဲဒီတံခါးရဲ့ အတွင်းမှာ
မပျော်နိုင် သူတွေက
အပြင်လူတွေရဲ့ လွတ်လပ်မှုကို အားကျလို့။

လက်တစ်စုံ တွဲထားပြီးသားသူတွေက
အဲဒီ တံခါးအတွင်း ဝင်ခွင့်ရဖို့
အခွင့်အရေးကို စောင့်မျှော်လို့...။

အဲဒီ တံခါး အတွင်းက
ကျေနပ်နှစ်သိမ့်စရာတွေကို
သိမ်းပိုက်ဖို့ မျှော်လင့်ချက်နဲ့
ဖွင့်နိုင်ဖို့ရာ လက်တစ်စုံကို
ရှာနေဆဲသူတွေလည်း ရှိ။

အဲဒီ တံခါး အတွင်းက
ပုတ်အဲ့အဲ့ ဇာတ်လမ်းတွေကို
ကြိမ်ဖန်တစ်ရာ ကြားနေကျမို့
အပြင်မှာပဲ ပျော်တော့မယ်ရယ်လို့
တွဲလက်တစ်စုံ မရှာလိုသူတွေလည်း ရှိ။

အဲဒီ တံခါးရဲ့ အတွင်းမှာ
မင်းအတွက် အမှန်တကယ်
ဘာရှိမယ်ဆိုတာ
မင်း ဝင်ကြည့်မှသာ သိနိုင်မယ်။

အဲဒီ တံခါးရဲ့ အတွင်းဘက်ကို
လျှောက်လှမ်းနိုင်ဖို့ အတွက်လည်း
မင်း အတွက် ကမ်းတဲ့လက်ကို
ယုံကြည်မှသာ ဖြစ်လိမ့်မယ်။


သိင်္ဂါကျော်

05 March, 2012

မှောင်သွားတဲ့ နေ့


ထားခဲ့ရက်တာ ကျွန်တော့်အပြစ်လို့ပဲ
ဆိုပါတော့ မ ရယ်..
တကယ်တော့
မ အတွက် နန်းတော်တစ်ခု
ဖန်တီးနိုင်စွမ်း မရှိတဲ့
ကျွန်တော့်အားနည်းချက်က
ကျွန်တော့်ကို ပြန်သတ်ခဲ့တာပါ။

မ မရှိတဲ့ နေ့ရက်တွေမှာ
အသားကျနေပြီ လို့
ကိုယ့်ကိုယ်ကို လိမ်ညာရင်း...
ပျော်မယ် ထင်လို့ စကြည့်ခဲ့တဲ့
ထင်ယောင်ထင်မှား အချစ်တွေနဲ့
ပျော်ဟန် ဆောင်ကြည့်ဖူးပါရဲ့။
ကျွန်တော့် ဆဲလ်တိုင်းကကို ငြင်းဆန်
ဘယ်တော့မှ ပြောင်းပြန်လှန်လို့ မရတဲ့ အဖြစ်။

အစားထိုး မရနိုင်တဲ့ အချစ်တစ်ခု ဟာ
တစ်သက်မှာ မ အတွက် တစ်ခါသာ လို့
ပြောခွင့် မရှိတော့ပေမယ့် ပြောချင်သေးရဲ့။
တမြေ့မြေ့ လှိုက်စားတဲ့ ဒဏ်ရာတွေနဲ့
ကျွန်တော့် နှလုံးသားလည်း
အကောင်းပကတိ မဟုတ်တော့တာ ကြာခဲ့ပေါ့။

စောင့်ခဲ့ပါတယ် လို့
မ ကပြောရင်လည်း
ကျွန်တော့်မှာ
ပြောစရာ စကား တစ်ခွန်းတောင် မရှိတာပါ၊
ကျွန်တော့် ဘဝ မြေပြင်ထဲ
မ ဆင်းလာ လျှောက်ရဲမှာ မသေချာတဲ့ အဖြစ်အတွက်
လက်မကမ်းခဲ့တာ ကျွန်တော့်အပြစ်လို့ပဲ
ဆိုပါတော့ မ ရယ်..။

ကျွန်တော့်နှလုံးသား လျှို့ဝှက်ခန်းထဲ
မ ကို သိမ်းဆည်းထားဆဲမှာ...
၃၅၆ ရက် မှာ တစ်မိနစ်လောက်များ
မ ကျွန်တော့်ကို သတိရနေဦးမလားလို့
ထင်ခဲ့မိဆဲ နေ့တွေထဲမှာ...
ကျွန်တော် ရှင်သန်ရင်း။

အိပ်မက်တွေ အဆုံးသတ်ရမယ့် အချိန်က
ဖျတ်ခနဲ လှုပ်နှိုးလိုက်တဲ့အခါ
မ ကို ထားပြီး အဝေးထွက်ပြေးခဲ့တာ
မနေ့တစ်နေ့ကလို

ကျွန်တော့် နောင်တတွေက
တနင့်တပိုး ဖိစီးလို့ပေါ့။

ကျွန်တော် မဟုတ်တဲ့
တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ
မ က အပြီးခိုဝင်တော့မယ် တဲ့...။
အခန်းကျဉ်းထဲ ရုတ်တရက် မှောင်မိုက်သွားခဲ့
အချိန်မီ ပြင်ခွင့်ရှိရင်တောင် 

ပြင်နိုင်စွမ်း မရှိခဲ့တဲ့
ကျွန်တော့် အပြစ်လို့ပဲ ဆိုပါတော့ မ ရယ်..။

မ ဘဝ လှနေရင်ပဲ
ကျွန်တော့် နောင်တ တွေကို
သိမ်းထားရကြိုး နပ်ပါလိမ့်မယ်။
ကျွန်တော့် နှလုံးသား လျှို့ဝှက်ခန်းကို
အပြီးတိုင် ခတ်ဖို့
သော့ခလောက် တစ်လုံးလောက်တော့
နောက်ဆုံး လက်ဆောင်ပေးလိုက်ပါ။
“မ အချစ်တွေ ကျွန်တော့် အပေါ်က
ရုပ်သိမ်းလိုက်တာ
ရက်ပေါင်း ကြာလှပြီ” လို့ပဲ ဖြစ်ဖြစ်...။

သိင်္ဂါကျော်



(ဝတ္တု ရေးဖို့ရာ မအားလပ်သေးလို့ပါ။ နေ့လည်က မောင်ဝမ်းကွဲ တစ်ယောက်နဲ့ online မှာ တွေ့တော့ သူထားခဲ့တဲ့ ချစ်သူ မိန်းကလေး လက်ထပ်တော့မှာမို့ မခံစားနိုင်တော့ဘူး လို့ ပြောလို့ ကိုယ်က ပြောင် လိုက်သေးတယ်။ သူက ကိုယ့်ကို မချစ်တတ်တဲ့ အပျိုကြီး လို့ သြဘာ ပေးသွားတယ်။ ညကျတော့ သူ့ အကြောင်းကို ကဗျာ ရေးဖြစ်သွားပါတယ်။)

27 February, 2012

လွမ်းလို့

လွမ်းလို့ လွမ်းတာပေါ့
မင်း မသိနိုင်ပေမယ့်
ငါ့ကိုယ်ငါ နားလည်ခဲ့ရပြီ
တွယ်ငြိမှုရဲ့ သိပ်သည်းဆတွေ
အုံဖွဲ့ များပြားလာပြီ ဆိုတာ...။

လွမ်းလို့ လွမ်းတာပေါ့
ရှင်းပြလို့ မရနိုင်တဲ့
တစ်စုံတစ်ရာ
နှလုံးသားမှာ လစ်ဟာနေသလို...။

လွမ်းလို့ လွမ်းတာပေါ့
သက်သေပြချက် မတောင်းပါနဲ့၊
အလွမ်းကို သင်္ချာလို တွက်လို့မရနိုင်ဘူး
ထပ်တူညီတဲ့ နှလုံးသားနဲ့မှ
နားလည်နိုင်မယ့် အရာ။

လွမ်းလို့ လွမ်းတာပေါ့
ဒါလောက်ပါပဲ
အကြောင်းပြချက် မပေးနိုင်ဘူး၊
ဘာမှ ဆက်ပြီးလည်း ဝန်ခံစရာ မရှိဘူး၊
လွမ်းရတဲ့ အရသာကို ကြိုက်လို့
လွမ်းတယ်...။
လွမ်းရတဲ့ အရသာကို ခါးသီး သွားချိန်မှာလည်း
လွမ်းနေရတုန်းပဲ...။

သိင်္ဂါကျော်
 

21 February, 2012

ရပ်တန့်နေတဲ့ နေ့တွေ


သွားတော့ သွားနေပါရဲ့
ရောက်ကို မရောက်နိုင်တာ...။

ဦးနှောက်ထဲမှာလည်း
သုံးလို့ စားလို့ ရတာ တစ်ခုမှ ထွက်မလာအောင်
အသုံးမကျတာတွေပဲ ပြည့်နှက်နေသလား။
Intel ရေ
ငါ့ ဦးနှောက်ကို
မြန်မြန် မှန်မှန် process လုပ်ဖို့
processor တစ်ခု လောက် ထွင်ပေးပါဦး။

ငါ့ကိုယ်ငါ မတော်မှန်းလည်း သိပါရဲ့
မပြည့်စုံမှုထဲက ပျော်ရွှင်မှုကို ရှာရင်းနဲ့
ပျင်းပျင်း လာသလား...
အိပ်မက်တောင် မမက်ချင်လောက်အောင်
ပျင်းနေသူ ဖြစ်မှန်းမသိ ဖြစ်နေပေါ့။

ကြီးကြီးကျယ်ကျယ် ပြောဖို့တောင်
ခါတိုင်းလို စကားလုံးတွေ မရှာချင်တော့ဘူး။
ဘယ်အရာကိုမှ သိမ်းပိုက်မထားပါပဲ
နှလုံးသားလည်း အမှိုက်တွေ ပြည့်နေဆဲ။

အစ တစ်ခု စ စ ပြီး
အဆုံးမသတ်ချင်တဲ့ အကျင့်ဆိုးတွေ
မကောင်းမှန်းသိရက် အဖယ်ခက် နေတုန်းပေါ့။

ငါ့ရဲ့ guardian angel လေး ရေ..
ငါ့ရဲ့ ခြေလှမ်းတွေ တည့်မတ်ပေးဖို့
နင်ကိုယ်တိုင်တောင် ပျင်းနေပြီလား..။

ဘာပဲဖြစ်ဖြစ်ပါ
ငါက ရပ်နေလိုသူ မဟုတ်ဘူး
သွားတော့ သွားနေတာပါပဲ
ရောက်ကို မရောက်နိုင်တာ...။

သိင်္ဂါကျော်


(ဘာရယ် မဟုတ်ပါဘူး... ရုံးမှာ ပျင်းပျင်းနဲ့ ပြန်ကာနီး ရေးတဲ့ ကဗျာ။ ကိုယ့်ကိုယ့်ကို အားမရလို့ ရေးဖြစ်တဲ့ ကဗျာပါ။)