05 October, 2012

အမေတင် စိတ်ပြတ်ပြီလား


အမေတင် တို့မှာ သားသမီး ငါးယောက်ရှိသည်။ သားကြီး၊ သားလတ် နှင့် သမီးငယ် သုံးယောက်တို့ ဖြစ်သည်။ သားကြီးနှင့် သားလတ်က သုံးနှစ် ကွာသည်။ သားလတ် နှင့် သမီးကြီးက တစ်နှစ်ပဲ ကွာပြီး သမီးကြီးနှင့် အလတ်မက နှစ်နှစ်၊ အလတ်မ နှင့် အငယ်မက လေးနှစ်ကွာသည်။ သားကြီးက ဘွဲ့တစ်ခု ရသော်လည်း အစိုးရအလုပ် ဝင်မလုပ်ပဲ သူ့အဖေနှင့် အတူ ဥယျာဉ်ခြံတွေကို ဦးစီး လုပ်ခဲ့သည်။ သားလတ်ကတော့ ဘွဲ့ရပြီးနောက် သစ်တော့ဘက်မှာ အလုပ်ဝင်လိုက်သည်။ သမီး သုံးယောက်ကတော့ ပညာပါရမီ မပါရှာ။ သမီးကြီးက ဆယ်တန်းကို B နှင့် အောင်ပြီးနောက် ဆက်မဖြေဖြစ်တော့။ အမျိုးနီးစပ်တော်သော ဦးလေး တစ်ယောက်က ရှမ်းပြည်နယ်ဘက်မှာ ပညာရေးဝန်ထမ်း ဝင်လုပ်ဖို့ ပြောသော်လည်း အမေတင်က အကြီးမကို စိတ်မချသဖြင့် မလွှတ်ချင်။ အကြီးမကလည်း ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်သဖြင့် အမေတင် သဘောအတိုင်း ဆရာမ ဝင်မလျှောက်ဖြစ်ခဲ့။ အဲဒီခေတ်က B နှင့် အောင်သူများလည်း မူလတန်းပြ ဆရာဝင်လုပ်ရင်း ဆယ်တန်းပြန်ဖြေရာမှ ဘွဲ့ရပြီး ရာထူးအဆင့်ဆင့် တက်သွားကြသူတွေလည်း ရှိသည်။ အကြီးမကတော့ အစိုးရဝန်ထမ်း ဇာတာ မပါတာ ဖြစ်နိုင်သည်။ အလတ်မက ဥာဏ်ကောင်းသော်လည်း ဆယ်တန်းနှစ်မှာ ကျန်းမာရေး အကြီးအကျယ် မကောင်းသဖြင့် မအောင်ခဲ့ပြန်ပါ။ အငယ်မကတော့ ပုံမှန် တစ်နှစ်တစ်တန်း အောင်ခဲ့သလို ဆယ်တန်းလည်း နှစ်ချင်းပေါက် အောင်ခဲ့ပြီး အဝေးသင်တက္ကသိုလ်ပဲ တက်နေရာ ခုတော့ ဒုတိယနှစ် ရှိပြီ။
***
သားလတ် အိမ်ထောင်ပြုပြီးတော့ သားသမီးတွေလည်း အရွယ်ရောက်ပြီ၊ စိတ်ချလက်ချ ရှိပြီ ဆိုပြီး ဆုံးဖြတ်ချက် ခိုင်မာသွားသည်ထင့် ၊ အမေတင့် အိမ်ထောင်ဖက်က ဘုန်းကြီးဝတ်ဖို့ ခွင့်တောင်းလာသည်။ သားကြီးကလည်း ဥယျာဉ်ခြံ အလုပ်များကို ဦးစီး လုပ်နိုင်နေလေပြီ။ သားကြီးက အိမ်ထောင်ပြုဖို့လည်း စိတ်ကူးရှိပုံမရပါ။ အမေတင်တို့ လင်မယား နှစ်ယောက်က အားလပ်ချိန်များမှာ မြို့ထဲက မိုးကုတ်ရိပ်သာမှာ ဝါတွင်းတိုင်း လုပ်နေကြ တရားပွဲများကို ညနေတိုင်း သွားရောက် နာနေကြ ဖြစ်သည်။ သူက လောကီကို အပြီးဖြတ်ချင်ပြီ ဆိုတော့လည်း အမေတင်က သာဓုခေါ်ပြီး ခွင့်ပြုပေးလိုက်ရသည်။ သူကသာ သံယောဇဉ် အပြီးဖြတ်ပြီး သာသနာ့ဘောင် ဝင်ဖို့ ဆုံးဖြတ်နိုင် သော်လည်း အမေတင်ကတော့ သမီးများကို စိတ်မချသောစိတ်နှင့် သာသနာ့ဘောင် အပြီးဝင်ဖို့ စိတ်ကူးကို မရှိနိုင်ပါ။ တရားကို သိသင့်သလောက် သိသော်လည်း အမေတင့်မှာ သံယောဇဉ်များကို မဖြတ်နိုင်သေးပါ။ တစ်နှစ်မှာ (၇) ရက် ရိပ်သာလောက် ဝင်ဖို့ကိုပင် မှာရ ကြားရနှင့် စိတ်များတတ်သော အမေတင်ပါ။

အိမ်ထောင်ဖက်က သူများတွေလို သစ္စာဖောက်ပြီး ထားသွားတာလည်း မဟုတ်သဖြင့် အမေတင့်မှာ ဘာမှတော့ စိတ်ဆင်းရဲစရာ မရှိပါ။ ဘုန်းဘုန်း ကျောင်းထိုင်သော ကျောင်းကို တစ်ခါတရံ သွားပြီး ဆွမ်းချိုင့်တော့ ပို့ဖြစ်သည်။ သားကြီး နှင့် သမီး သုံးယောက်ကလည်း ခုထိ အိမ်ထောင်ပြုဖို့ စိတ်ဝင်စားသူများ မဟုတ်ပဲ ဒိုးတူဘောင်ဖက် လုပ်ကိုင် စားသောက် နေကြရသဖြင့် အမေတင် စိတ်ချမ်းသာ ရသည်။ သားလတ် တစ်ယောက်သာ နည်းနည်း ဆိုးချင်သည်။ အမေဆီက မရှိရှိတာကို တောင်းချင်သည်။ သူ့ မင်္ဂလာဆောင်ကိုလည်း အမေတင် တို့မှာ မရှိရှိတာနှင့် တတ်နိုင်သမျှ တင့်တောင့် တင့်တယ် ဖြစ်အောင် လုပ်ပေးခဲ့ရပြီးပြီ။ သူ့စိတ်က တကိုယ်ကောင်းဆန်သည်။ သူတစ်ယောက် ကောင်းစားရင်ပြီးရော မောင်နှမ တွေ အပေါ်လည်း သံယောဇဉ် မရှိပဲ အနိုင်ကျင့်ချင်သည်။ သားကြီးကတော့ အဲလို မဟုတ် ညီ နှင့် ညီမ များကို ညှာတာ ရှာသည်။ ဒီအမေ နှင့် ညီမများကို ကောင်းကောင်းမွန်မွန် ထားချင်သဖြင့် အလုပ်လည်း ကြိုးစားရှာသည်။ အဲဒါကြောင့်လည်း အမေတင်က အမေတို့ ထုံးစံအတိုင်း သားကြီးကို ပိုချစ်ရသည်။ အလတ်မကဆို အမေတင်က သူ့သားကိုပဲ ဦးစားပေးသည်၊ ဂရုစိုက်သည် ဆိုပြီး အမြဲ စကားနာထိုးသည်။

အမေတင် အချစ်ဆုံး သားကြီးက ရုတ်တရက် အချိန်မတိုင်ခင် ဆုံးသွားတော့ အမေတင်မှာ ဖြေဆည်ရာမရ ဖြစ်ရသည်။ ဘယ်သူမှလည်း ထင်မထားခဲ့ဘူးလေ။ ရောဂါ တစ်စုံတရာတောင် ရှိခဲ့တာလည်း မဟုတ်။ ရုတ်တရက်ကြီး အပူရှပ်၊ အပျင်းဖျားပြီး ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ရောဂါစုံပြီး အလတ်မကလည်း သူတောင် ဘာမှ မဖြစ်ပဲ ကျန်းကျန်းမာမာ အစ်ကိုကြီးက ဖြစ်ရသဖြင့် တော်တော် စိတ်မကောင်း ဖြစ်ရှာသည်။ အမေတင် အတွက်တော့ တရားသဘောကို သိသော်လည်း မဖြေနိုင်ကတော့ မဖြေနိုင်တာပင်။ နေပူထဲမှာ ခြံအလုပ်တွေ လုပ်ပြီး ပြန်လာ ရေချိုးခြင်း ဖြစ်သောကြောင့်လည်း အမေတင်မှာ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရသည်။ ဘုန်းဘုန်းကတော့ သူ့တရားနဲ့ သူမို့ မျက်နှာ သိပ်မပျက်ပေမယ့် အမေတင် မှာတော့ လောကီသားမို့ ဘုန်းဘုန်း ရှေ့တောင် ငိုမိသေးသည်။
***
သားကြီး မရှိသည့်နောက်မှာ ခြံအလုပ်တွေ ဦးစီး လုပ်ဖို့ လူလိုလာသည်။ သားလတ်ကတော့ အစကတည်းက ဒီအလုပ်တွေ ဝါသနာမပါပါ ဆိုပြီး လခစားအလုပ် သွားလုပ်နေသူမို့ ဘယ်လိုမှ ပြန်လာလုပ်ခိုင်းလို့ ရမှာမဟုတ်ပါ။ ပထမပိုင်းတော့ အမေတင်နှင့် အကြီးမ နှစ်ယောက်သား ခြံထဲ ဆင်းကြသည်။ အလတ်မကတော့ ကျန်းမာရေး မကောင်းသူမို့ ခြံထဲ ခေါ်လို့မဖြစ်ပါ။ အငယ်မက အထည်တွေ ယူရောင်းသော အလုပ်နှင့် သူ့ဟာသူ အဆင်ပြေနေသူမို့ ခေါ်လို့ မဖြစ်နိုင်။ နောက်ဆုံးတော့ ခြံသုံးခြံ ရှိသည့် အနက် တစ်ခြံတော့ ရောင်းပစ်ဖို့ ဆုံးဖြတ်ပြီး ရောင်းလိုက်ရသည်။ ကိုယ်လည်း မလုပ်နိုင်သည့် အတူတူ ရောင်းပြီး အတိုးလေး ဘာလေး ပေးစားတာက စားဝတ်နေရေး ပိုအဆင်ပြေနိုင်သည် မဟုတ်ပါလား။

ဒီကြားထဲ အလတ်မက တော်တော် ကြီးကြီးကျယ်ကျယ် နေမကောင်းဖြစ်သဖြင့် ဆေးဖိုးလည်း အတော် ကုန်သွားခဲ့သည်။ ဒီကြားထဲ ဒီအမေအိုရဲ့ လုပ်စာကို သူပါ ဝင်မစားရရင် မနေထိုင်တဲ့ သားလတ်ကလည်း ဟိုအကြောင်း ဒီအကြောင်း ပြပြီး လာလာ တောင်းတာက ရှိသေးသည်။ သူတို့ လင်မယားကလည်း သိပ်အဆင်မပြေကြ။ ဘယ်ပြေပါ့မလဲ သူ့ မိန်းမ ဆိုတာကလည်း ငွေမက်မက် နှင့် ယောက်ျားလုပ်စာ ထိုင်စားနေသူ ဖြစ်ပြီး ယောက်ျားက အသုံးမကျသည့်အခါ တကျက်တကျက် ဖြစ်ကြတာကတော့ မဆန်းပါ။ အမေတင်ကတော့ ကိုယ့်မြေးမလေးကို သနားမိတာနှင့် တတ်နိုင်သလောက်တော့ တောင်းလျှင် ပေးလိုက်တာ ချည်းပါ။ ဒီ သားလတ်က ခုနောက်ပိုင်း အရက်ကလေးကလည်း သောက်ချင်သည်။ အိမ်လာလည်လျှင်လည်း သမီးတွေနှင့် ပြေလည်သည် မရှိပဲ သူကပဲ ပြဿနာ ရှာချင်သေးသည်။

အလတ်မက ဆေးရုံကဆင်းပြီး ကျန်းမာရေး နည်းနည်း ကောင်းသွားတော့ သီလရှင် အပြီး ဝတ်ချင်သည် ဟုဆိုလာပြန်သည်။ အဲဒါမျိုးကိုတော့ အမေတင်က စိတ်မချ မဖြစ်ပါ။ ကောင်းရာ ကောင်းကြောင်း အလုပ်ကိုတော့ အမေတင်က အားပေးပါသည်။ သူ့ဦးကြီး ဦးလေး၊ အစ်ကို၊ အစ်မ တွေကတော့ သိပ်သဘောမတူချင်ကြပါ။ အမေတင်ကတော့ ဘာမှ တားမနေပါ။ အလတ်မကို ရိပ်သာ ကျောင်းတစ်ခုမှာ အပ်ပေးထားပြီး သူ ပျော်သလောက် ဝတ်စေလိုက်သည်။ အလတ်မက တကယ်ကို ပြန်မထွက်တော့ပဲ နေတော့ ပထမ ဝတ်သည့် ကျောင်းကနေ အမေတင်တို့နှင့် နီးသော မိုးကုတ်ကျောင်းကို ပြောင်းနေစေလိုက်သည်။ အဲဒီကျောင်းမှာတော့ တရားစခန်း ရှိသည့် အချိန်သာ ကျောင်းက ဆွမ်းကျွေးပြီး ကျန်သည့် အချိန်များမှာ အမြဲနေ ယောဂီ နှင့် သီလရှင်များက ကိုယ့်ဘာသာကိုယ် ချက်ပြုတ် စားသောက်ကြရသည်။ အလတ်မ ဆိုတာက လူ ဘဝကပင် ယောက်ျားဆန်ပြီး ထမင်း၊ ဟင်း ကောင်းကောင်း ချက်တတ်သူ မဟုတ်သောကြောင့် တစ်ပါးတည်း ကျောင်းမှာ ချက်ပြုတ်စားသောက် ရမှာ အမေတင်က စိတ်မချနိုင်ပြန်ပါ။ အကြီးမက နား နည်းနည်းလေး သောကြောင့် အပြင်မှာ အလုပ်လုပ်လျှင်သာ စိတ်မချ ချင်စရာ ဖြစ်သော်လည်း အိမ်မှာတော့ ချက်တတ်၊ ပြုတ်တတ်မို့ အိမ်မှာ ကျန်သော ညီအစ်မ နှစ်ယောက် စားသောက်ဖို့က စိတ်ပူစရာမရှိပါ။ ဆရာလေး အတွက်သာ စားဖို့ သောက်ဖို့ စိတ်မချတာမို့ အမေတင်က များသောအားဖြင့် ဆရာလေး ကျောင်းမှာ အိပ်ပြီး မနက်မိုးလင်း ဘုရားဝတ်တက်ပြီးတာနှင့် အရုဏ်နှင့် နေ့လည်စာအတွက် ချက်ပြုတ်၊ ဆရာလေး ဆွမ်းသုံးတော့ အတူစားသောက်ပြီးမှ အိမ်ကို ပြန်ပြီး လုပ်စရာ ရှိတာလုပ်သည်။ ညနေ တရားပွဲ ရှိသည့်နေ့ဆို ပြန်လာသည်။ တစ်ခါတလေ တော့လည်း တစ်နေ့လုံး ဆရာလေး ကျောင်းမှပဲ နေပြီး တရားတက်ချိန်တိုင်း လိုက်တက်သည်။

တကယ်တော့ အမေတင် ဒီတရားကို လုပ်လာတာ နှစ်ပေါင်း အတော်ကြာပြီ ဆိုရမည်။ သို့ပေမယ့် သံယောဇဉ်တွေ မဖြတ်နိုင်သေးသဖြင့် သူများလို အရမ်းကြီး တိုးတက်လာတယ် ရယ်လို့တော့ ကိုယ့်ဟာကိုယ် မပြောရဲပါ။ ဆရာလေးကို ချက်ပြုတ်ကျွေးမွေး နေသည့်အပြင် ဆရာလေး ခမည်းတော် ဘုန်းဘုန်းကိုလည်း တစ်ပတ် နှစ်ရက်လောက်တော့ ဆွမ်းချိုင့်ပို့လိုက် သေးသည်။ ဆရာလေး နေသော ကျောင်းမှာလည်း တူ ဝမ်းကွဲ ဘုန်းဘုန်းပါ ရှိသောကြောင့် တစ်ပတ် သုံးရက်လောက် ဆွမ်းဟင်းချက်ပြီး ပို့တာမျိုးလည်း လုပ်တတ်သေးသည်။ တူ ဘုန်းဘုန်း ကလည်း ဆွမ်းချိုင့် ပိုလျှင် အမေတင် နှင့် ဆရာလေး အတွက် လာပို့တတ်သေးသည်။ အမေတင်ကလည်း နေ့စဉ် ဆိုသလို ကျောင်းမှာ တစ်နေကုန် တရားထိုင်ရမှာလည်း စိတ်မဖြောင့်ပြန်ပဲ နေ့ခင်းဘက် ခြံထဲပြန်ပြီး လုပ်စရာလေးတွေလည်း ပြေးလုပ်လိုက်သေးသည်။ အမေတင်ကတော့ အသက် ၆၅ ရှိနေပေမယ့် စိတ်သွားတိုင်း ကိုယ်ပါနိင်သေးသည်ဟု ဆိုရမည်။
***
အမေတင်တို့ သားအမိများက ကိုယ့်ဟာနဲ့ကိုယ် အေးချမ်းနေသော်လည်း မအေးချမ်းနိုင်သူက သားလတ် ဖြစ်သည်။ အလုပ်ထဲ ဘာအဆင်မပြေသလဲ အမေတင်လည်း သေချာမသိသော်လည်း အစိုးရအလုပ်က ထွက်လာခဲ့သည်။ မိန်းမကလည်း အလုပ်မရှိသဖြင့် သူ့မိဘအိမ် ပြန်သွားသည် ဆို၏။ ခြံအလုပ်ပဲ လုပ်တော့မည် ဆိုတော့ အမေတင်လည်း ဝမ်းသာအားရနှင့် ခြံတစ်ခြံ ပေးလုပ်ထားလိုက်သည်။ အစပိုင်းတော့ အလုပ်ကြိုးစား သယောင်ယောင်နှင့် တဖြည်းဖြည်း ပျက်လာသည်။ အလုပ်ကို ကောင်းကောင်းမလုပ်သဖြင့် ဘာအသီးအနှံမှ မဖြစ်ထွန်း။ အမေတင်တို့ သားအမိနှစ်ယောက် လုပ်နေသော ခြံလောက်ပင် သူ့ခြံက အလုပ်မဖြစ်။ ဘယ်ဖြစ်ပါ့မလဲ။ တစ်နေ့မှာ အလုပ်လုပ်သည့် အချိန်ထက် အရက်သောက်နေသည့် အချိန်က များနေသည်ကိုး။

သူ့ဟာသူ အလုပ်မလုပ်သဖြင့် စီးပွားမဖြစ်တာကိုပင် မကျေမနပ် ဖြစ်ပြီး အမေတင်တို့ အိမ်ကို လာလာ ရစ်သေးသည်။ သူ့ကို တစ်ခြံလုံး ဦးစီး လုပ်ခွင့် ပေးပြီးသားမို့ အမေတင်တို့က သူ့ကို တစ်ခြား အသုံးစားရိတ်တော့ မပေးနိုင်တော့ ဟု ဆုံးဖြတ်ထားကြသည်။ အငယ်မကလည်း သူ့အလုပ်နှင့်သူ စုထား ဆောင်းထား တာလေးတွေ ရှိသည်။ အဲဒါကိုသိတော့ အလတ်ကောင်က တောင်းသည်။ အငယ်မကလည်း မပေးနိုင်။ မပေးဘူး ဆိုတော့ အရက်သမား ပီပီ ရိုက်တာ နှက်တာ လုပ်လာတော့ အမေတင်က စိတ်ဆိုးသည်။ အမေတင် ကိုယ်တိုင်ပင် ဘယ်သားသမီးကိုမှ နာကျင်အောင် ငယ်ငယ်ကတည်းက မရိုက်နှက်ခဲ့ဖူးသောကြောင့် ဒီလို မောင်နှမ အချင်းချင်း ယောက်ျားသား အကြီးက မညှာသည့်အပြင် ရိုက်နှက်လာတော့ အရမ်း စိတ်ဆိုးသွားပြီး သားလတ်ကို အိမ်ကို နောက်တစ်ခါ မလာဖို့ နှင်ချလိုက်သည်။ သားလတ် မိသားစု တစ်ခြားမြို့မှာ နေသောအချိန်က ပြဿနာမရှိခဲ့သော်လည်း ခုလို တစ်မြို့တည်း လာနေချိန်မှာ ပြဿနာ တက်နေရခြင်း ဖြစ်သည်။

အရင်က အမေတင် ကိုယ့်သားကိုယ် ဒီလောက် ဆိုးသည်လို့ မထင်ထားခဲ့မိသော်လည်း ယခုတော့ တဖြည်းဖြည်း သားဆိုး ဖြစ်တာ ထင်ရှားအောင် ပြနေသည်။ သူ့ဟာသူ နှစ်လုံး ထိုးသလား၊ သုံးလုံး ထိုးသလား မသိ။ အကြွေးတွေ အများကြီး တင်တော့မှ အမေတင့် ဆီက ကြွေးဆပ်ဖို့ ပိုက်ဆံ လာတောင်းတော့ အမေတင်က မပေးနိုင်ကြောင်း အပြတ်ပြောသည်။ တကယ်လည်း သူလိုသလောက် ပေးဖို့ အမေတင့်မှာ ပိုက်ဆံ ရှိသည် မဟုတ်။ အမေတင်က မပေးဘူး ဆိုပြီး အိမ်က နှင်ချလည်း မရပဲ သူ့ကို မလာစေချင်လျှင် တစ်ခါတည်း အမွေခွဲပေးဖို့ တောင်းပြန်သည်။ အမေတင် ဆရာလေး ကျောင်း သွားနေပြီး အိမ်မှာ မရှိသည့် အခိုက်မှာ အငယ်မကို ရိုက်နှက်ပြီး ပိုက်ဆံတောင်းသည်။ အမေတင် ရှိသည့် အချိန်တွေမှာလည်း မူးလာပြီး ရစ်သည်။ ကြာတော့ မခံနိုင်ကြတော့။ နောက်ဆုံး မှာတော့ သားလတ်ကို အမွေပေးပြီး သေခန်းဖြတ်လိုက်ကြဖို့ သားအမိတွေ ဆုံးဖြတ်လိုက်ကြသည်။ လမ်းတွေ့တောင် အမေ လို့ မခေါ်နဲ့ လို့ သူ့ကို အမေတင် အပြတ် ပြောခဲ့သည်။

သားလတ် လုပ်နေသော ခြံကို သူ့ကိုပဲ စာချုပ်စာတမ်းနှင့် အပိုင်ပေးလိုက်ပြီး သတင်းစာထဲကနေ သားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေငြာလိုက်သည်။ အသိမိတ်ဆွေ အားလုံးကိုလည်း သူ့အကြောင်း လာမပြောဖို့ ကြေငြာထားသည်။ အမေတင် ကိုယ်တိုင်လည်း မပတ်သက်ဖို့ ကိုယ့်ကိုယ်ကို ကတိပေးပြီး သမီးတွေ အားလုံးကိုလည်း မပတ်သက်ဖို့ ပြောထားသည်။ သမီးများက သူတို့ အစ်ကိုကို ပိုတောင် စိတ်နာသေးသည်။ လုံးဝ အခေါ်အပြော မလုပ်ကြတော့။ ရှင်းရှင်း ပြတ်ပြတ် နေလိုက်ကြသည်။ သို့ပေမယ့် လူသတင်း လူချင်းဆောင် ဆိုသလို သူ့သတင်းကတော့ ကြားနေရသေးသည်။ အမေတင့် ဆီက အမွေ ရပြီးနောက် သူ့မိန်းမ နှင့် ပြန်ပေါင်း နေသည်ဟု ကြားတော့ မြေးမလေး အတွက် ၀မ်းသာရပြန်သည်။ မြေးမလေး ကို ချစ်ပေမယ့် မပတ်သက်မိအောင် အမေတင် ကြိုးစားပါသည်။ တစ်ခါတလေ သားလတ် မရှိတုန်း မုန့်လေး ပဲလေး မြေးမလေး ဖို့ သွားပို့ချင်ကြောင်း ပြောမိတော့ သမီးသုံးယောက်က အမေတင်ကို အမှတ်မရှိ သွားမပတ်သက်နဲ့ ဟု ခဏ ခဏ သတိပေးရသည်။

နောက်တော့ ခြံကို ရောင်းဖို့ ကြေငြာထားတာ အမေတင်တို့ သိသည်။ ခဏကြာတော့ မအောင့်နိုင် မအည်းနိုင် လျှော့ဈေးနှင့် ရောင်းပစ်လိုက်သည် ကိုလည်း ကြားသည်။ မတတ်နိုင်။ ဒီခြံကို သူ့အပိုင် ပေးပြီးသားမို့ သူ့ထိုက်နဲ့ သူ့ကံသာ။ ဘာမှ အတွက်အချက် မရှိ၊ ရှေ့နောက် မစဉ်းစားသူမို့ အကြွေးမြန်မြန် ဆပ်ရဖို့ လုပ်လိုက်သည် ထင်သည်။  ဘာပဲဖြစ်ဖြစ် သူလည်း အမေတင့် သားပဲမို့ ခြံကို ပေါက်ဈေးထက် လေးပုံတစ်ပုံ တောင် မရှိသော ဈေးနှင့် ရောင်းပစ်လိုက်တာကို ကြားတော့ သူ့အတွက် စိတ်မကောင်းဖြစ်မိသေးသည်။ အရင်က ကိုယ့်အိမ်ထောင်ဖက် နှင့် ကိုယ့်သားကြီး ဒိုးတူဘောင်ဘက် ပင်ပင်ပန်းပန်း လုပ်ကိုင်လာခဲ့သည့် ခြံတစ်ခြံ သူများ လက်ကို မတန်မရာ ဈေးနှင့် ထိုးအပ် လိုက်ရသလို ဖြစ်တာကို အမေတင် စိတ်ထဲ မကောင်း ဖြစ်တာက ပိုသည်။ အမေတင့်မှာ သမီး သုံးယောက်ပဲ ရှိသည်လို့ ကိုယ့်စိတ်ကိုယ် ပိုင်းဖြတ်ထားလိုက်သည်။
***
အမေတင့်မှာ ကျန်သော အိမ်နှင့် ကပ်လျှက် ခြံကွက်ကလေး တစ်ကွက်ကို စီးပွားဖြစ် မစိုက်ပဲ တစ်နိုင် စားဖို့ လောက်ပဲ စိုက်တော့ ဘာမှ နောက်ဆံ တင်းစရာလည်း မရှိ။ အကြီးမ နှင့် အငယ်မကလည်း သူ့အလုပ်ကလေးတွေ နှင့် သူ အိမ် စားဖို့ သောက်ဖို့ ရှာနိုင်နေတော့ အမေတင်လည်း ဆရာလေး ကျောင်းမှာ အချိန်ကြာကြာ နေနိုင်လာသည်။ အိမ်ကို နေ့တိုင်း မပြန်ဖြစ်တော့ပဲ တစ်ပတ် နှစ်ရက်လောက်ပဲ ပြန်ပြီး ကျောင်းမှာ အမြဲနေ ယောဂီတွေလို အချိန်မှန် တရား တက်ဖြစ်သည်။

တစ်နေ့တော့ ကျောင်းရှိ တူ ဘုန်းဘုန်းဆီကို သားလတ်က ဖုန်းဆက်သည် ဆို၏။ ဘုန်းဘုန်းက ပြန်ပြောသဖြင့် သားက `ဒေါ်တင် နေကောင်းရဲ့လား´ မေးသည်ဟု သိရသည်။ သားလတ်ဆီက သတင်းစကား ကြားရ တော့လည်း အမေတင် စိတ်က သားလတ်တို့ မိသားစုဆီ ရောက်သွားပြန်သည်။ သားလတ် တစ်ယောက် မိန်းမ နှင့်မှ အဆင်ပြေရဲ့လား မသိပါ။ မြေးမလေးကို မတွေ့ရတာလည်း ကြာလှလေပြီ။ ခြံရောင်းထားသော ပိုက်ဆံရော ဘယ်လောက် ကျန်သေးလဲ မသိ။ ရှိတာလေး နှင့် ကြိုးကြိုးစားစား လုပ်ကိုင် စားဖို့ ကောင်းသည်။ ကိုယ့်မှာလည်း သမီးလေး တစ်ယောက် ရှိတာ နောင် ကြီးပြင်းအောင် မွေးဖို့ အများကြီးလိုသေးသည်။ ဒါကြောင့်လည်း ဆရာလေးက ပြောလေတာ..။ အမေတင် ဟာ သူ့သားကို စိတ်ကို မပြတ်နိုင်ဘူးတဲ့လေ။ သူ့သားက သူ့ကို အမေတောင် မခေါ်ပဲ ဒေါ်တင် နေကောင်းလား မေးရုံနဲ့တင် စိတ်က ပါနေပြီ တဲ့။ အဲသလိုတော့လည်း မဟုတ်လေပါ။ အမေတင် စိတ်ပြတ်ပါသည်။ သား တင်မဟုတ်၊ သမီးတွေကိုလည်း စိတ်ဖြတ်ပြီး လောကုတ္တရာ အလုပ်ပဲ ကြိုးစား လုပ်တော့မှာပါ။

အဲသလို တွေးတုန်းပဲ အကြီးမက အူးယားဖားယား ကျောင်းကို ရောက်လာသည်။ အငယ်မက စက်ဘီးနှင့် လမ်းဘေးမှာ ရပ်နေတုန်း ဆိုင်ကယ်က ၀င်တိုက်သွားလို့ ဆေးခန်း ရောက်နေသတဲ့။ သိပ်အများကြီးတော့ မဟုတ်ပေမယ့် ခါးရိုး နည်းနည်း ထိသွားသတဲ့။ တိုက်သည့် ဆိုင်ကယ်ကလည်း တာဝန် မယူပဲ ပြေးသွား သတဲ့။ အဲဒါနဲ့ပဲ အမေတင်နဲ့ ဆရာလေးလည်း လိုက်သွားရပြန်ပါတော့သည်။

သိင်္ဂါကျော်

28 September, 2012

ကောင်မလေး အတွက် ၆

ကောင်မလေးရေ..
သတိရတယ် 
ပြောပြခွင့်မသာခဲ့တာပါ၊
မေ့နေပြီလို့တော့ မထင်စေချင်ဘူး။
ကတိတွေ မတည်နိုင်သေးလို့
မင်းအနား လာချင်ရဲ့ မလာနိုင်ခဲ့တာ၊
တစ်ယောက်တည်းပဲ ရူးရူးသွပ်သွပ်နဲ့
ပန်းနုရောင် တိမ်တွေဆီ ပျံချင်လျှက်
မပျံနိုင်ခဲ့တဲ့ ငှက်တစ်ကောင်လို...
ဆက်သွယ်မှု ဧရိယာ ပြင်ပမှာ
တစ်ယောက်တည်း အထီးကျန်ဆဲပေါ့။

ကောင်မလေးရေ..
မင်းက မချစ်တတ်သူလို့ ဆိုခဲ့တာကို
ခုထိ မယုံချင်သေးပါဘူး၊
လွမ်းဆွတ်ခြင်းတွေ ထပ်တူညီမယ်လို့
နှလုံးသားက နားလည်နေချင်တယ်။
မင်းက မချစ်ဘူး ပြောပေမယ့်
ကိုယ့်အတွက် ချစ်သူဟာ
မင်းတစ်ယောက်လို့ သတ်မှတ်ပြီးဖြစ်နေခဲ့တယ်။

ကောင်မလေးရေ..
မင်းဘက်က ကတိတွေ မပေးခဲ့ပေမယ့်
မင်း စောင့်နေမယ်လို့ ယုံကြည်နေရင်း
မင်းချစ်ခြင်းတွေဆီ အရောက်
ပျံသန်းဖို့ ကြိုးစားနေတဲ့ ငှက်တစ်ကောင်ဟာ ကိုယ်ပါ။

ကောင်မလေးရေ..
မင်းက လွတ်လပ်စွာ ပျံသန်းနေတဲ့
ပျော်ရွှင်ခြင်း ငှက်ငယ်တစ်ကောင်ပါ၊
ကောင်းကင် တစ်ခုတည်း အောက်မှာ
အတူရှိရခြင်းကိုသာ နှစ်သိမ့်လျှက်
မင်းနဲ့ အတူပျံသန်းနိုင်မယ့်
ချစ်ခြင်းရဲ့ ဆုံမှတ်ဆီ ဦးတည်လို့
လောကဓံများကို အံတုဆဲ
မျှော်လင့်ခြင်း ငှက်တစ်ကောင်ဟာ
ကိုယ်ပါ...။

သိင်္ဂါကျော်

07 September, 2012

ဓနုရာသီဖွား



ကဗျာထဲ ထည့်ရေးစရာ
ဘယ်နာမည်ကြီးရဲ့ အင်္ဂလိပ်နာမည်ကိုမှ
ရေရေရာရာ မသိသူ တစ်ယောက်က ကဗျာဆရာ ဖြစ်နိုင်ရဲ့လား။
စကားလုံးတွေ ကြီးကြီးကျယ်ကျယ် ချပြစရာ မရှိဘူး
ခံစားမှုတွေပဲ နင့်နေအောင် ရှိရုံနဲ့
ကဗျာဆရာ ဖြစ်နိုင်ရဲ့လား။

ရှေးနည်း ထုံးတမ်း ကာရံ တွေ သိသလားဆို မသိဘူး
လူနားမလည်အောင် ရေးတတ်လား ဆို ရေးမပြတတ်ဘူး
ဒါနဲ့များ ကဗျာဆရာ ဖြစ်ချင်နေသေးသတဲ့လေ။
အဲဒီ ဓနုရာသီဖွားပေါ့..
ဘာမှ ရေရေရာရာ မရှိချက်ကတော့…။

ဗေဒင်စာအုပ်ထဲက အကောင်းတွေပဲ
အမြဲ ရှာရှာဖတ်ပြီး
ကိုယ့်ကိုယ်ကို အထင်မသေးမိအောင် ကြံဖန်နေနေရတယ်
ဇုနတ်မင်း နဲ့ သူနဲ့တော့ ဘာမှ မဆိုင်တာ အသိသားပါ။

ကမ္ဘာကျော်တွေတော့ အားကျတတ်ပါတယ်.
သူတို့အကြောင်း ဖတ်နေတုန်း ခဏပေါ့
ဘယ် ပန်းတိုင် ကိုများ
ကိုယ်တိုင် သတ်သတ်မှတ်မှတ် ထားခဲ့ဖူး ပါသလဲ၊
သာမန်ကာ လျှံကာတွေနဲ့ ပြီးနေတဲ့ ဘဝထဲ
ဘယ်အရာမှာမှ သူတပါးထက် မသာခဲ့ဖူးသူ တစ်ယောက်သာဖြစ်ရဲ့။

ဓနုရာသီဖွားရေ
ကြီးကျယ်သော ဘဝကိုပဲ အိပ်မက်မနေပါနဲ့
သားသမီး ဝတ္တရားလောက်တောင်မှ
ကောင်းကောင်းကျေသူ ဖြစ်ရဲ့လားပဲ စဉ်းစားပါဦး။

ဘဝက ဘာဖြစ် ညာဖြစ် တော့ ကောင်းကောင်း ညည်းပြတတ်သူပေါ့
ခေတ်က ဘာဖြစ် ညာဖြစ် ဆိုပြီးလည်း ပြောတတ်သေး။
မင်း အရည်အချင်း တိုးတက်ဖို့ကို
စွမ်းနိုင်သလောက် အပြည့်အဝတောင် မင်းလုပ်ဖူးရဲ့လား..။
အိပ်မက်ပြဿာဒ်တွေပဲ အထပ်ထပ် စိတ်ကူးတတ်ရုံနဲ့
ဘဝက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။
ဓနုရာသီဖွားရေ..
တစ်ခုခုကို မစွန့်စားပဲနဲ့တော့
အနည်ထိုင်မှုက အလိုလို ရွေ့လျား ပြောင်းလဲမယ်ထင်ရင်
မင်း အတွေးမှားပြီ။

ဓနုရာသီဖွားက အချစ်များတတ်တယ်ဆိုတာ
သူနဲ့ မဆိုင်သလို အမြဲ နေနေရာကနေ
အချစ်မရှိ အမုန်းမရှိ ငြိမ်းချမ်းနေရတာ
တစ်ရံတစ်ခါတော့ ငြီးငွေ့လာတယ်လို့လည်း ဆိုပြန်သေးရဲ့။
ဓနုရာသီဖွားရေ
အတုအယောင်များတဲ့ လောကထဲက
မစစ်မှန်တာ မင်းကိုယ်တိုင် နားလည်ပြီးသား အချစ်တွေက
မင်းကို ပျော်ရွှင် ရင်ခုန်စေနိုင်မယ် ထင်ရင်
မင်း အတွေးမှားပြီ။
 
ဘာပဲဖြစ်ဖြစ်ပါ
ဓနုရာသီဖွားက
အကောင်းမြင်တတ်သူပေါ့..
သူ့ဘဝကို နှစ်သိမ့်နိုင်ဖို့ အမြဲကြိုးစားတယ်
သာမန်တွေထဲမှာ အသားတကျ ပျော်ပျော်မနေနိုင်ရင်
အမြဲတမ်း စိတ်ညစ်နေရမယ် ဆိုတာ သူကောင်းကောင်း နားလည်တယ်။
မျှော်လင့်ချက်ကြီးပြီး ရင်မောနေရမှာထက် စာရင်
လောဘကြီးပြီး စက်ရုပ်တစ်ရုပ် ဖြစ်ရမှာထက် စာရင်
ပစ္စုပ္ဗန်တွေကိုပဲ ကျေကျေနပ်နပ် ယူဆောင်တာ အကောင်းဆုံးဆိုတာ
နားလည်တတ်သူပါ။
ဓနုရာသီဖွားက
အချစ်မရှိ အမုန်းမရှိတဲ့
အကောင်းမြင်သမား ဖြစ်ဖို့ကိုသာ
အမြဲ တောင့်တသူပါ။


သိင်္ဂါကျော်

22 August, 2012

ဒေလီယာရေ..



ဒေလီယာရေ..
မိုးတွေ သည်းသည်းရွာတဲ့အခါ
မင်းရဲ့ တန်ဖိုးကြီးကားလေး ရွံ့ပေမှာ စိုးနေတဲ့အချိန်
တစ်ချို့နေရာတွေမှာ
နေစရာ၊ စားစရာ မရှိလောက်အောင်
ရေလွှမ်းမိုးတဲ့ အဖြစ်တွေ ရှိနေတယ်ဆိုတာ
မင်းကတော့ သတိထားမိချင်မှ သတိထားမိမယ်ပေါ့။

ဒေလီယာရေ..
မင်းရဲ့ တောက်ပတဲ့ မနက်ခင်းတွေမှာ
လှပတဲ့ ဖက်ရှင်အသစ် အသစ်တွေ ဝတ်ဖို့ စိတ်ကူးနေတဲ့အချိန်
တစ်ချို့နေရာတွေမှာ
အခွင့်အရေးဆုံးရှုံးနေတဲ့ အဖိနှိပ်ခံ မိန်းမတွေ ရှိနေဆဲ ဆိုတာ
မင်းကတော့ သိချင်မှ သိနိုင်မယ်ပေါ့။

ဒေလီယာရေ..
မင်းကို ချစ်သောစိတ်နဲ့
မျက်ခြေမပြတ် ချုပ်ချယ်တတ်တဲ့ မိဘနှစ်ပါးကို
တစ်ခါတစ်လေ ငြီးငွေ့ကောင်း ငြီးငွေ့မိမယ်။
တစ်ချို့တလေမှာတော့
စွန့်ပစ်ခံမှုနဲ့ အကြင်နာကင်းမှုအောက်မှာ
ဘဝတွေ ပျက်လို့…
ဂရုစိုက်မယ့် အမိအဘကို တောင်းတသော်လည်း
မရနိုင်တော့တာမျိုးနဲ့။

ဒေလီယာရေ..
ဘဝတစ်ခု မရပ်တည်နိုင်အောင် မလောက်မငရှိတယ်လို့
မင်းအလုပ်အပေါ် မနှစ်သိမ့်နိုင်ဖြစ်နေတဲ့ အချိန်မှာ
တစ်ချို့တလေက
အလုပ်လက်မဲ့လို့ ငတ်လု ပြတ်လု ဖြစ်နေကြတာ
မင်းကတော့ သိချင်မှ သိနိုင်မယ်ပေါ့။

ဒေလီယာရေ..
မင်းတို့သူငယ်ချင်းတသိုက်
touch screen phone တို့ laptop တို့
အပြန်အလှန် လက်ဆောင် ပေးနေတဲ့ အချိန်
တစ်ချို့တလေမှာတော့
ဘောလ်ပင်တစ်ချောင်း၊ ဗလာစာအုပ် တစ်အုပ် အတွက်တောင်
ကြိုးစားပမ်းစား ရှာဖွေနေရတယ် ဆိုတာ
မင်း တွေးကြည့်ဖူးမယ် မထင်ပါဘူးနော်။

ဒေလီယာရေ..
မင်းက iphone 5 ကို မျှော်တယ်
internet connection မြန်လာဖို့ မျှော်တယ်
နိုင်ငံရပ်ခြား အလည်အပတ် သွားရဖို့ မျှော်တယ်
တိုက်အသစ်တစ်လုံး မွေးနေ့လက်ဆောင်ရဖို့ မျှော်တယ်
တစ်ချို့တလေကတော့
အကြွေးမြန်မြန် ကင်းဖို့ မျှော်တယ်
တစ်လတစ်လ အလျှင်မီအောင် မိသားစုကို ကျွေးမွေးနိုင်ဖို့ မျှော်တယ်
ဖုန်းကဒ်တစ်ခု အလကားနီးပါး ရဖို့ မျှော်တယ်
တိုက်ခန်း စုတ်စုတ်တစ်ခု ဝယ်နိုင်လေမလားလို့ မျှော်တယ်
စသဖြင့်.. စသဖြင့်ပေါ့။

ဒေလီယာရေ..
မင်းက ဈေးကြီးကြီး စားသောက်ဆိုင် တွေမှာ
menu အသစ် အသစ်တွေ မြည်းစမ်းနေတုန်း
ဈေးကြီးကြီး ကော်ဖီတစ်ခွက် သောက်ရင်း
ဖုန်းထဲက wifi ကို စမ်းနေတုန်း
တစ်ချို့နေရာတွေမှာ
နံရိုးပိန် ကလေးလေးတွေကစလို့  အိုကြီးအိုမအဆုံး
နပ်မမှန်တာကြာလို့ ချိနဲ့နေကြပြီဆိုတာ
မင်း စဉ်းစားဖို့ အကြောင်းတော့ မဟုတ်ပါဘူးလေ။

ဒေလီယာရေ..
မင်းက aircon လေး အေးအေးနဲ့ TV channel ပြောင်းကြည့်နေတုန်း
ခပ်မွှေးမွှေး အခန်းလေးထဲ ကွေးလို့ကောင်းနေတုန်း
တစ်ချို့နေရာတွေမှာတော့
ကျည်ဆံသံတွေ မိုးမွှန်နေတုန်း..
ကျီးလန့်စာစား နဲ့ အိပ်ကောင်းခြင်း မအိပ်ရတဲ့ သူတွေ ရှိနေတုန်း
နိုင်ငံကို ကာကွယ်ရင်း ကျဆုံးရသူတွေ ရှိနေတုန်း။

ဒေလီယာရေ..
လောကကြီး ကို ညီမျှအောင်
မင်းလည်း မလုပ်နိုင်သလို ငါလည်း မလုပ်နိုင်ပါဘူးလေ။
ငါက ဘာသာမဲ့တစ်ယောက်ပဲ ဆိုပါတော့
ကြားဖူးနားဝနဲ့ တစ်ခုတော့ မေးချင်သေးတယ်
ထာဝရဘုရားသခင်က လူသားတွေကို ဖန်ဆင်းတယ်ဆို
ဘာကြောင့်များ
သာတူညီမျှ ဘဝတွေ ဖန်ဆင်း မပေးခဲ့လဲ ဆိုတာပါ။

သိင်္ဂါကျော်

19 August, 2012

မရှိတာထက်..

 
သူတို့ သားအမိတွေက ကျွန်တော်တို့ အိမ်ရှေ့က တောတန်းဈေးမှာ ဈေးရောင်းကြတော့ မျက်မှန်းတမ်းမိနေတယ်လေ။ ယောက်ျားက ကျွန်တော်တို့ ငှားထားတဲ့ ဘေးခန်းက ပွဲရုံမှာလည်း အလုပ်သမားလည်း လုပ်တယ်။ မိန်းမကတော့ ပျံကျဈေးမှာ ကြက်သွန်တို့ ငရုတ်သီးတော့ ရောင်းတယ်။ ယောက်ျားနာမည်က ကိုချိုတဲ့။ မိန်းမ နာမည်တော့ မသိတော့ဘူး။ သူတို့လင်မယားကို စတွေ့တော့ ရကာစ လို့ သိရတယ်။ ကိုချိုက ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်။ တစ်ခြား အလုပ်သမား အများစုလို အလုပ်ပြီးတာနဲ့ အရက်သောက်တာမျိုး မရှိဘူး။ တစ်ခြား အလုပ်သမားတွေက ကျွန်တော်တို့ မောင်နှမဟာ စီးပွားရေး မည်မည်ရရ မရှိပဲ တိုက်ကြီးမှာ နေတယ်ဆိုပြီး မလေးစားချင်ကြဘူး။ အကြောင်းမဲ့ အမြင်ကပ်ပြီး မထီမဲ့မြင် လုပ်ချင်ကြတယ်။ ကျွန်တော် အိမ်ထဲမှာ ထိုင်ပြီး စာရေးတာကို ဘယ်သူမှ မသိကြပဲ အလုပ်မရှိပဲ ဘာနဲ့ စားနေသလဲလို့ ထင်ကြတယ်ပေါ့ဗျာ။ ကျွန်တော့် အစ်မ အလယ်တန်းပြ ဆရာမ အပျိုကြီး ကျတော့လည်း စရ နောက်ရမယ့် ငယ်ငယ် ရွယ်ရွယ် မဟုတ်တော့ပေမယ့်လို့ အပျိုကြီး ဆိုပြီး မလေးမစား ပြောချင် ဆိုချင် ကြတယ်။ (ကျွန်တော်တို့ မိဘများကတော့ လွန်ခဲ့တဲ့ နှစ်တွေကပဲ လူကြီး ရောဂါတွေနဲ့ ဆုံးသွားကြပြီလေ။)

ကိုချိုကတော့ အဲလိုလူတွေထဲမှာ မပါပါဘူး။ သူက ကျွန်တော်တို့ မောင်နှမကိုလည်း ခင်တယ်။ ကျွန်တော်တို့ကလည်း သူ့မိန်းမ ရောင်းတဲ့ ကြက်သွန်တွေ ငရုတ်သီးတွေ အမြဲ အားပေးပါတယ်။ သူ့မိန်းမကလည်း ဈေးသည်ပီပီ နည်းနည်း နှုတ်ကြမ်း လျှာကြမ်းတော့ ရှိပေမယ့် ရိုင်းရိုင်းစိုင်းစိုင်း မဟုတ်ရှာပါဘူး။ ကျွန်တော်တို့ကိုဆို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အမြဲတမ်း သူရောင်းတဲ့ ပစ္စည်းတွေ ဘာတွေလည်း ပိုပေးလေ့ရှိပါတယ်။

အဲလိုနဲ့ မျက်စိအောက်မှာပဲ ကိုချို့ မိန်းမ ကိုယ်ဝန်ရှိလာတယ်။ သမီးလေး တစ်ယောက်မွေးတယ်။ ကိုချိုကတော့ သူ့အဆင့်အတန်းထဲမှာ ရုပ်သန့်တဲ့ အထဲပါပေမယ့် အသားကတော့ နေလောင်လို့ မည်းတဲ့ဘက်ပါတယ်။ သူ့မိန်းမကတော့ ရုပ်အဆိုးကြီး မဟုတ်ပေမယ့်လို့ အသားနည်းနည်း မည်းတယ်။ ဒီတော့ သူတို့ သမီးလေးလည်း ဘယ်ဖြူနိုင်ပါ့မလဲ။ မည်းမည်းလေး ပဲပေါ့။ ဒါပေမယ့် ရုပ်ကလေးက ချစ်စရာနဲ့ ဝဝကစ်ကစ်လေးပါ။ ကျွန်တော်တို့ မောင်နှမလည်း ချစ်လို့ အိမ်ထဲကနေ လှမ်းလှမ်း ကြည့်ဖြစ်တယ်။ သူတို့က ဆိုင်ကို ဖြစ်သလို မိုးပြီး တနေကုန် ထွက်လေ့ရှိတာကိုး။ ကျွန်တော်တို့အိမ်ထဲက လှမ်းကြည့်ရင် မြင်နေရတယ်လေ။ ကျွန်တော်တို့ အိမ်ရှေ့ တစ်လျှောက်မှာက တောတန်းဈေးကိုး။

ကြည့်ရင်းကြည့်ရင်းနဲ့ ကလေးက တဖြည်းဖြည်းကြီးလာပြီး တောက်တောက် အရွယ်ရောက်လာတယ်။ ကိုချိုတို့ လင်မယားကလည်း သူတို့ သမီးလေးကို ချစ်လိုက်တာ တုန်လို့။ အစားဆိုလည်း ဘာစားချင်လည်း ချက်ချင်း။ အဝတ်ဆိုလည်း သူတို့ သမီးကို ဂါဝန် လှလှပပ လေးတွေ ဆင်ရှာတယ်။ လမ်းဘေးက လူတွေ ဆိုပေမယ့် ကိုချိုကလည်း အသောက်အစားကင်း၊ သူ့မိန်းမကလည်း ရောင်းတတ် ဝယ်တတ်တော့ သူတို့က သူများထက် အဆင်ပြေကြပါတယ်။ စုမိ ဆောင်းမိလည်း ရှိကြပုံ ရတယ်။ အလိုလိုက်ထားတော့ ကလေးက နည်းနည်းတော့ ဆိုးပုံရတယ်။ အလိုလိုက်ခံရတဲ့ ကလေးတိုင်း ဒီလို အနည်းအများတော့ ဆိုးတာပဲ မဟုတ်လားဗျ။

ကိုချိုတို့ လင်မယားကလည်း တစ်ခြား သူတို့ အဆင့်အတန်းကလူတွေလို ကလေးတွေ တပြွတ်ပြွတ် မွေးမနေဘူးဗျ။ ဒီကလေးမလေး ကျောင်းနေရတဲ့ အရွယ်လောက် ရောက်တဲ့အထိ နောက်တစ်ယောက် မရှိသေးဘူး။ ဒီကလေးမ ကံကောင်းတာပေါ့ဗျာ။ အဖေ အမေက တစ်ယောက်တည်း ဆိုပြီး မျက်နှာ မညိုအောင် ထားထားတာကိုး။ တစ်ခါမှလည်း ရိုက်တာ မတွေ့ဖူးဘူး။ တစ်ချို့ ဒီလို အဆင့်အတန်းက ကလေးတွေ ဆိုတာ စိတ်ထား ကြမ်းကြမ်း မိဘတွေက ရိုက်တာ နှက်တာ ခံရတတ်တယ် မဟုတ်လား။ ဒီကလေးမကိုတော့ သူ့အဖေ အမေက အငိုကို မခံတာ။ သူတို့ တတ်နိုင်သလောက် ဖြည့်ဆည်းပေးကြတာပဲ။

ကျောင်းစတက်ရမယ့် အရွယ်ရောက်တော့ သူတို့ ကြည့်ရတာ ကျောင်းထားဖို့ ပြင်ဆင်ပုံ မရသေးတာနဲ့ ကျွန်တော်လည်း မနေနိုင် မထိုင်နိုင် သွားသတိပေးရတာပေါ့ဗျာ။ ဘယ်နှယ့် သူတို့ ကျောင်းမထားနိုင်တာမှ မဟုတ်ပဲ။ လမ်းဘေး ဈေးသည်နဲ့ အလုပ်သမားပေမယ့် ဒီကလေးတစ်ယောက် ကျောင်းစားရိတ်လောက်တော့ သူတို့ တတ်နိုင်ပါတယ်။ ဒါနဲ့ ပြောတော့ ကိုချိုက ထားမှာပါတဲ့။ ကလေးက ပျင်းလို့ ကျောင်းမတက်ချင်ဘူး ဆိုတာနဲ့ ချော့ပြောနေတာပါလို့ ဆိုတယ်။

ကျောင်းဖွင့်ပြီး ခဏကြာတော့ ကလေးမကို အဖြူအစိမ်း ဂါဝန်လေးနဲ့ လွယ်အိတ်လေးနဲ့ မြင်တော့ ကျွန်တော်လည်း ဘဝင်ကျသွားတယ်။ သူ့အဖေကို မေးကြည့်တော့ နေ့တိုင်းလိုပဲ ကျောင်းမသွားချင်လို့ ချော့မော့ပြီး ပို့နေရတယ်လို့ ပြောတယ်။ ဒါတော့ ကလေးတိုင်း အစမှာ ဒီလိုပါပဲလေ။ နောက်တော့လည်း ကျောင်းမှာ ပျော်သွားကြတာပဲ မဟုတ်လား။ နောက်ပိုင်း ကျောင်းမှန်မှန် သွားနေတာ မြင်နေရတော့ ကျွန်တော်လည်း သဘောတွေ ကျလို့ပေါ့။

အဲဒီနောက်တော့ ကျွန်တော့်အစ်မက ရန်ကုန်မှာ ဘီအီးဒီ သင်တန်း သွားတက်တော့ အိမ်မှာ ကျွန်တော်တစ်ယောက်တည်း နေရမှာလည်း ပျင်းတာနဲ့ ရန်ကုန်က သူငယ်ချင်းတစ်ယောက် နေတဲ့ အဆောင်မှာ  လုံးချင်းတစ်ပုဒ် ပြီးအောင် ရေးမယ် စိတ်ကူးနဲ့ သွားနေဖြစ်တယ်။ ပြည်က တိုက်ကိုတော့ သော့ခတ် ပိတ်ခဲ့တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မောင်နှမ နေတာက နှစ်ခန်းတွဲ တစ်ခန်းပဲ ကျန်တော့တာလေ။ ကျန်တဲ့ နှစ်ခန်းတွဲ နှစ်ခန်းကိုတော့ တစ်ခြားလူကို ရောင်းထားလိုက်ပြီးပြီ။ အဲဒီရောင်းရတာလေးကို အတိုးလေး ပေးပြီး မောင်နှမ နှစ်ယောက် စားစားရိတ် ဖြည့်နေရတာကိုး။ ကျူရှင်မပြတဲ့ အလယ်တန်းပြ လခက ဘယ်လောက်များ ရလို့လဲ။ ကျွန်တော်ကလည်း နာမည်ကျော် စာရေးဆရာ မဟုတ်သေးတော့ စာမူခ ဆိုတာ ဘယ်မှာ မည်မည်ရရ ရှိလို့လဲ။ အဲဒါတွေကြောင့်လည်း ကျွန်တော်တို့ နှစ်ယောက်လုံးက အပျိုကြီး၊ လူပျိုကြီး လုပ်ဖြစ်နေတာ ထင်ပါရဲ့။ ထားပါတော့လေ။ ပြောချင်တာက ပြည်အိမ်ကို ခဏတဖြုတ် ပြန်ကြည့်ဖြစ်ပေမယ့် ပတ်ဝန်းကျင်လည်း မစပ်စုဖြစ်ပဲ ရန်ကုန်မှာပဲ နေနေတာ တစ်နှစ်ကျော်လောက် ကြာသွားတယ် ဆိုပါတော့။

မောင်နှမ နှစ်ယောက် အိမ်မှာ ပြန်နေဖြစ်တဲ့ အချိန်ကျတော့ ထုံးစံအတိုင်း အိမ်ရှေ့ကို စပ်စုလိုက်တော့ တော်တော်ကြီး ပြောင်းလဲနေတာကိုးဗျ။ ခါတိုင်းတော့ ဖြစ်သလို မိုးထားတဲ့ အမိုးလေးတွေနဲ့ ဆိုင်လေးတွေ ကမ်းနားမှာ ရှိပေမယ့် သူတို့ သိမ်းသွားတဲ့ အခါကျရင်တော့ ဟိုဘက်ကမ်းက ရွှေဘုံသာ ဘုရားကို လှမ်းမြင်ရသေးတယ်ဗျ။ မြစ်နဲ့ တောင်တန်းနဲ့ ဆည်းဆာလေး ဘာလေးလည်း ခံစားလို့ ရသေးတယ်။ ခုတော့ဗျာ။ ကမ်းနားဘက်ခြမ်းမှာ တိုက်ဆောက်တဲ့ လူကဆောက်၊ ဆိုင်ဆောက်တဲ့ လူက ဆောက်နဲ့ ဖြစ်နေပါရော။ ရွှေဘုံသာ ဘုရား မပြောနဲ့ မြစ်နဲ့ တောင်တန်းကိုတောင် အိမ်ရှေ့ကနေ မမြင်နိုင်တော့ဘူးဗျ။ ကိုချိုတို့ လင်မယားလည်း ဆိုင်နေရာ ပြောင်းသွားတာရပေါ့ဗျာ။ ကိုချိုကလည်း တစ်ခြားပွဲရုံမှာ အလုပ်သမား ခေါင်းဆောင်လို နေရာမျိုး လုပ်နေတယ်။ သူ့မိန်းမကလည်း ဆိုင်ကို နည်းနည်းပါးပါး စုံစုံလင်လင် ဖြစ်အောင် တင်ပြီး ရောင်းနေတယ်။ သူတို့ ဆိုင်က ကျွန်တော်တို့ အိမ်ရှေ့ဘက်မှာ မဟုတ်တော့ပဲ တစ်ခြားနေရာ ရောက်သွားလို့ အိမ်က လှမ်းကြည့်ရင်တော့ မမြင်ရတော့ဘူးပေါ့။

သူ့သမီးလေး ကလည်း တော်တော် ထွားနေပြီဗျ။  ဒီနှစ်ဆို တစ်တန်း တက်နေပြီ ထင်လို့ ကျွန်တော်လည်း မေးကြည့်တာပေါ့။ ဒီတော့ ကိုချိုတို့ လင်မယားက ဘာပြောတယ် မှတ်တုန်းဗျ။ ကလေးကို ကျောင်းထုတ်လိုက်ပြီ တဲ့။ ဟာ ဘာလို့တုန်း ဆိုတော့ ကျောင်းက ဆရာမက ခဏ ခဏ ရိုက်လို့ ကလေးမှာ အရှိုးရာတွေနဲ့ ပြန်ပြန် လာရသတဲ့။ ဘာဖြစ်လို့ ရိုက်တာလဲ ဆိုတော့ စာမရလို့ တဲ့။ ဒါနဲ့ ကျွန်တော်လည်း ကလေးကို နည်းနည်း စာကြည့်ဖို့ တိုက်တွန်းပေါ့၊ စာရရင် နောက်တစ်ခါ အရိုက်ခံရမှာ မဟုတ်တော့ဘူး.. စသဖြင့် ပြောကြည့်ပါသေးတယ်။ သူတို့ ပြန်ပြောတာ ကြားရတော့ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ဆရာမက စာကို သေချာမသင်ရသေးပဲနဲ့ ပြန်မေးပြီး မရတော့ ရိုက်သတဲ့။ တစ်ခြားကလေးတွေကတော့ အဲလို မေးလည်း ရကြသတဲ့။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း သေချာမသိဘူးပေါ့ဗျာ။ သူတို့ ပြောတာပဲ။ စာ မရတာတင် မဟုတ်ပဲ တစ်ခြား အကြောင်းပြချက်တွေ အတော်များများနဲ့လည်း ကလေးကို ရိုက်သေး သတဲ့။

ကလေးကလည်း ကျောင်းဆို လုံးဝကို မသွားချင်တော့ဘူး ဆိုတော့ သူတို့ လင်မယားလည်း တစ်သက်လုံး လက်ဖျားနဲ့တောင် မရွယ်ခဲ့တဲ့ သူတို့ သမီးလေး ဒီလောက် အရိုက်ခံရနေတာ မကြည့်ရက်လို့ ကျောင်းမပို့တော့ဘူး တဲ့ဗျာ။ စာမတတ်ချင်လည်း နေပါစေတော့ တဲ့။ သူတို့လည်း စာမတတ်ပေမယ့် ဒီလိုပဲ လုပ်ကိုင် စားသောက်လို့ ရတာပဲ တဲ့။ ကျွန်တော့် ရင်ထဲ တစ်မျိုးကြီး ဖြစ်သွားတယ်။ ဘယ်နှယ့်.. မဖြစ်သင့်တာဗျာ။ ခုမှ ကလေးက ပထမတန်းပဲ ရှိသေးတာကို ကျောင်းဆက်မထားတော့ဘူး ဆိုတော့ ဘယ်လို ဖြစ်သွားမလဲ။ သူ့မိန်းမမှာလည်း ခုထိ နောက်ထပ် ကလေးမရတော့ ဒီသမီး တစ်ယောက်ပဲ သူတို့မှာ ကျွေးမွေးဖို့ ရှိတာလေ။ ကျောင်းလည်း ကောင်းကောင်း ထားနိုင်ရဲ့သားနဲ့ မဖြစ်သင့်တာ။

“အဲဒီကျောင်းမှာ မထားချင်တော့ရင်လည်း တစ်ခြားကျောင်းမှာ ထားပါလား” ဆိုတော့ ကိုချိုက ပြန်ပြောတယ်။
“ဒီကျောင်းတစ်ခုပဲ အနီးအနားမှာ ရှိတာ အစ်ကိုရာ၊ ဟို နာမည်ကြီး မူလတန်း ကျောင်းမှာလည်း မထားနိုင်ဘူးဗျ၊ ကျောင်းဝင်ခွင့် ရဖို့ တော်တော် ပေးရသေးတာလို့ ကြားတယ်၊ တစ်ခြား ကျောင်းတွေကျပြန်တော့ အဝေးကြီးတွေမှာလေ၊ ကျွန်တော်လည်း နေ့တိုင်း အသွားအပြန် အပို့အကြို ဘယ်လို လုပ်ပေးနိုင်မှာလဲ၊ တော်ပါပြီ အစ်ကိုရာ၊ တစ်ခြားကျောင်းတွေမှာလည်း ကျွန်တော် သမီးလေး အရိုက်မခံရဘူးလို့ မသေချာပါဘူး၊ ဆရာ၊ ဆရာမတွေက ကျွန်တော်တို့လို အဆင့်အတန်းမျိုးကို အရိုင်းအစိုင်း အောက်တန်းစားတွေလို့ သတ်မှတ်ချင်ကြတာဗျ”

ကလေးကို ကျောင်းဆက်ထားဖို့ ကျွန်တော် ဘယ်လို ဆက်တိုက်တွန်းရမလဲ ဗျာ။ ကျွန်တော်က သူတို့ လင်မယားနဲ့လည်း အမျိုးမတော်၊ သူတို့ အပေါ် သြဇာညောင်းတဲ့ အလုပ်ရှင်လည်း မဟုတ်။ တကယ်လို့ သူ့ကျောင်းက ဆရာမကသာ ကျောင်းမတက်လို့ လိုက်လာပြီး နားချ ပြောပြရင် ရကောင်း ရမလား စဉ်းစားမိသေးတယ်။ ကျွန်တော်က စာရေးဆရာပီပီ စိတ်ကူးယဉ်တာ များသွားပြီ ထင်တယ်။ တစ်ချို့ ဝတ္တုတွေ ထဲမှာတော့ ဆင်းရဲတဲ့ ကလေးတွေ ကျောင်းမလာတာ ကြာရင် ဘာများဖြစ်နေပါလိမ့် ဆိုပြီး အတန်းပိုင် ဆရာ (သို့) ဆရာမ က လိုက်လာပြီး ကြည့်လေ့ရှိတယ် မဟုတ်လား။ ဒါနဲ့ ကလေး ကျောင်းမသွားတာ ဘယ်နှရက် ရှိပြီလဲ မေးကြည့်တော့ တစ်လနီးပါးတောင် ရှိတော့မယ် တဲ့။ ကျောင်းက ဘယ်သူမှ လိုက်လာ မမေးဘူးလား ဆိုတော့ မမေးပါဘူးတဲ့။ ကလေး တစ်ယောက် ခွင့်မတိုင်ပဲ အကြာကြီး ပျောက်နေတာ ဘာကြောင့်လဲ လို့ ဘယ်ဆရာ မှလည်း စိတ်ဝင်စားကြပုံ မရဘူး ထင်ပါရဲ့။ ကြည့်ရတာတော့ ဒီလို အဆင့်အတန်းက ကလေးတွေ ကျောင်း တစ်ဝက် တပျက်နဲ့ ထွက်ကြတာ ဘာမှ မထူးဆန်းဘူးလို့ ကျောင်းက ထင်ပုံပဲဗျ။ ကျွန်တော် ဘာများ တတ်နိုင်မှာလဲ။

အိမ်မှာ အစ်မကို ပြန်ပြောတော့ “ဒီလို ဆရာမ မျိုးလည်း ရှိသေးသလို၊ ဒီလို မိဘမျိုးလဲ ရှိသေးသကိုး” လို့ အစ်မက အံသြ နေလေရဲ့။
“ငါကတော့ ဆရာမ တစ်သက်မှာ တစ်ခါမှ ကလေးတွေကို နာအောင် မရိုက်ဘူးပါဘူး ဟယ်၊ တစ်ခါတလေ တော်တော် ဆိုးဆိုးဝါးဝါး စာမရရင်တောင် သစ်သား ပေတံလေးနဲ့ လက်ဖြန့်ခိုင်းပြီး နာမှာစိုးလို့ ဖြေးဖြေးလေး ရိုက်တာ၊ ဒင်းတို့က ပန်းနဲ့ ပေါက်သလောက်ပဲ ထင်ကြပါတယ်” လို့ အစ်မက ပြောသေးတယ်။
“ငါ့ကျောင်းမှာ လာထားပါလား လို့လည်း ပြောလို့ မဖြစ်ဘူး၊ ငါ့ကျောင်းကလည်း ကားနှစ်ဆင့် စီးပြီး သွားရတာ အဝေးကြီးပဲလေ”
အစ်မက မကြာသေးခင်လေးကပဲ အထက်တန်းပြ ဖြစ်သွားတော့ ခပ်ဝေးဝေး မြို့နယ်က အထက်ကျောင်းကို ပြောင်းခဲ့ရတယ်လေ။

ဒီလိုနဲ့ပဲ ကျောင်းလခ မတတ်နိုင်လို့ မဟုတ်ပဲ မူလတန်း ကလေးတစ်ယောက် ကျောင်းထွက် သွားတာကို ကျွန်တော်တို့ ဒီတိုင်းပဲ ကြည့်နေခဲ့ရပါတော့တယ်။ ကလေး မိဘတွေမှာသာ နည်းနည်းလောက် အသိဥာဏ်လေး ပိုရှိခဲ့မယ် ဆိုရင်.. ကလေး ရိုက်ခံရတာကို အကျယ်ချဲ့မနေပဲ ကလေးကို ချော့မော့လို့ ကျောင်းဆက် ထားခဲ့မယ် ဆိုရင်… ကလေးရဲ့ ကျောင်းက ဆရာမ ကသာ ကလေးရဲ့ ခံစားချက်ကို နည်းနည်းလောက် စာနာ နားလည်မှုနဲ့ ကြည့်ရှု ပေးခဲ့မယ် ဆိုရင်… စာမတတ်တဲ့ ကလေး တစ်ယောက် တိုးလာမှာ မဟုတ်လောက်ဘူး။ ခုတော့.. ဒီ ကလေးမလည်း ဒီ အသိုင်းအဝိုင်းမှာ တစ်ခြား စာမတတ်တဲ့ ကလေးတွေလိုပဲ ကြီးပြင်းလာရတော့မယ်။ အရွယ် ရောက်တော့လည်း ဒီအဆင့်အတန်းက တစ်ယောက်ယောက် နဲ့ပဲ အိမ်ထောင်ပြု၊ ကလေးမွေး။ ဒီ အခြေအနေ၊ ဒီအသိဥာဏ် လောက်ကနေ တိုးတက်လာဖို့ ထွက်ပေါက် မရှိနိုင်လောက်တော့ဘူး..။ ဒီအတွက် ဘယ်သူ့ကို တကယ်တမ်း အပြစ်တင်ရမလဲ ကျွန်တော်လည်း မသိတော့ပါဘူး။ ဘာမှ ပြောင်းလဲအောင် လုပ်မပေးနိုင်တဲ့ ကျွန်တော့်မှာ တောင်မှ အပြစ်ရှိနေနိုင်ပါတယ်။

သိင်္ဂါကျော်

12 August, 2012

မှော်ဝင် ပန်းချီကား


ခပ်ဝေးဝေး­က လှမ်းကြည့်တဲ့ အခါ
အစစ်အမှန်လို ရုပ်လုံးကြွလို့...
အနီးကပ်လာတော့မှ
Velazquez ရဲ့ 3D ပန်းချီကား တစ်ချပ်ဖြစ်နေပါရော။
ဘာပဲဖြစ်ဖြစ်
စိတ်ကူးယဉ် မဟုတ်ကြောင်း သက်သေပြဖို့
ပန်းချီကားထဲမှာ ပန်းချီဆရာ ကိုယ်တိုင် ပါဝင်တယ်။

အခုတော့ ဘယ်နှယ့်
ကိုယ်တိုင် မပါဝင်ရတဲ့ အဖြစ်အပျက်တွေထဲ
ဝေဝေဝါးဝါး လှမ်းမြင်ရုံနဲ့
ဝေဖန်ချက်တွေ ပေးလို့
ကြိုက်တော့လည်း စွတ်ကောင်းကြ
မကြိုက်တော့လည်း ရက်ရက်စက်စက် ချိုးဖဲ့ကြ
မုသားနဲ့ အတုအယောင်တွေထဲ
ချာချာလည်တဲ့အခါ လည်လို့
အကုသိုလ်တွေများ ပွားများနေလိုက်ကြတာ။ 

သာမန် လူတစ်ယောက်ကတော့
အနိဌာရုံ ပန်းချီကားတွေကို
ကြည့်ချင်လှချည်ရဲ့ ဖြစ်မှာ မဟုတ်ဘူး။
ဒါပေမယ့်ပေါ့လေ
ဖြစ်ရပ်မှန်တိုင်းကို မှတ်တမ်းတင်ချင်တယ်ဆို
ပန်းချီကားတိုင်းဟာ
မြက်ခင်းစိမ်းနဲ့ ကောင်းကင်ပြာချည်းတော့ မဖြစ်နိုင်ဘူး။
တစ်ချို့တလေတော့ သွေးရောင်လွှမ်းနေမှာ ဓမ္မတာပဲ။

ကမ္ဘာကြီးက ပန်းချီကား တစ်ချပ်ဆို
အဲဒီအထဲမှာ ငါတို့လည်း ပါတယ်ပေါ့လေ။
အချိန်မတန်တဲ့ သေခြင်းတရားတွေကို များများတော့ မပြပါနဲ့
ငါ ပန်းချီကားတွေကို ချစ်တတ်ပါတယ်။

အရာရာတိုင်းက ဖြစ်ပျက်နေတဲ့ မမြဲ တရားတွေတဲ့
ခုထိ နှလုံးမသွင်းတတ်သေးတဲ့ လူဗာလလေးဟာ ငါပါပဲ
ဘယ်နှနှစ်တောင် ဖြတ်သန်းခဲ့ပြီးပြီလဲ
အဲဒီ ပန်းချီကားထဲမှာ ကြာရှည်မရှိနိုင်တော့မှာကို မေ့လျော့လို့
ပျော်များတောင်နေသေးရဲ့။
 
သိင်္ဂါကျော်

10 August, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၆

နေ့လည် ၂ နာရီ ရထားနဲ့ Koln မြို့က လာလိုက်တာ Luxembourg ကို ညနေ ၅ နာရီ လောက် ရောက်ခဲ့ပါတယ်။ ညအိပ်မယ့် ဟိုတယ်မှာ ကျောပိုးအိတ်ကိုချ ကင်မရာ တစ်လုံးယူပြီး မြို့ထဲကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ဒီမှာက ည ၉ နာရီ ၁၀ နာရီ လောက်မှ မှောင်တာ ဆိုတော့ မြို့ထဲ ပတ်ဖို့ အချိန် ရှိပါသေးတယ်။ ၉ နာရီ လောက်အထိ လျှောက်သွား ဓါတ်ပုံရိုက်ပြီး ညစာ စားပြီးမှ ဟိုတယ် ပြန်လာကြပါတယ်။ ဟိုတယ်ကလည်း ဘူတာရုံနဲ့ နီးနီးနားနားပါပဲ။ ဟိုတယ်ခန်းထဲမှာ wifi ရတာမို့ ဖုန်းလေးဖွင့် facebook လေး တစ်ချက်စစ်၊ တွေ့တာ အနည်းအပါး like လေး ဘာလေး လုပ်ပြီး မနက်ကျရင် ၆ နာရီ ၂၀ ရထားနဲ့ သွားမှာမို့ခပ်စောစောပဲ အိပ်လိုက်ကြပါတယ်။ 

 Luxembourg မြို့မှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ ခုတလော စာမရေးဖြစ်သေးလို့ ပုံလေးတွေပဲ ဆက်တင် နေတာပါ.. :D




























သိင်္ဂါကျော်