24 December, 2012

ခရစ္စမတ်ချစ်သူ (၃)


နှင်းသည်းသည်းထဲ
ခရစ္စမတ် မီးရောင်တွေ
လင်းလက်လှပတဲ့ ညတွေလည်း
ကောင်မလေးနဲ့ မတွေ့ခင်က
ကိုယ့်စိတ်ထဲ အေးစက်မှောင်မဲလို့။

ခရစ္စမတ်ညရဲ့ တစ်သက်မမေ့စရာ
နှင်းဝတ်စုံ ဖြူလွှလွှနဲ့ ချစ်စရာ ယုန်မလေးဟာ
ကိုယ်ရဲ့ ထာဝရကောင်မလေး ဖြစ်လာလိမ့်မယ်လို့
ကြိုမသိခဲ့ရိုးအမှန်ပါ။

ကောင်မလေးနဲ့ ချစ်ခြင်းထပ်တူကျပြီးတဲ့နောက်
ညတွေ ဘယ်လောက် ဆိုးနေနေ
ကိုယ့်စိတ်ထဲ လှပနွေးထွေးလို့။

နှင်းတွေမကျပေမယ့်
ခရစ္စမတ်ကတော့ အေးမြမြဲ
မီးရောင်စုံတွေ မခမ်းနားပေမယ့်
ခရစ္စမတ်ကတော့ လှပမြဲ။

ကောင်မလေးရေ
မင်းသာ ငါ့အနားမှာ ရှိနေပေးပါ
ခရစ္စမတ်တိုင်းလည်း လှနေမယ်။
နေ့တွေ ညတွေတိုင်းလည်း
လှနေမှာ အသေအချာ။

 (သိင်္ဂါကျော်)

ခရစ္စမတ်ချစ်သူ
ခရစ္စမတ်ချစ်သူ (၂)

18 December, 2012

မရွာတတ်သောမိုး

တစ်ခါတုန်းကပေါ့
Every Minute I Love You လို့
ပြောခဲ့ဖူးသူ တစ်ယောက်လည်း
ခုနေခါတော့ နှုတ်မဆက်ပဲ ပျောက်ကွယ်လို့
တစ်မိနစ်စာမှတောင် သတိရတော့မယ်မထင်။

တစ်ခါတုန်းကပေါ့
ကိုယ်မချစ်ရင်ပဲ သူ့ဘဝပျက်တော့မလို
လျှာအရိုးမရှိ ညာတတ်တာတွေကို
စိတ်ရင်းနဲ့လို့ထင်ပြီး
ကိုယ့်စိတ်ရင်းကိုပါ ပြမိတော့မလိုနဲ့
တကယ်တမ်းတော့လည်း သူဟာ
ချစ်စကားပြောတမ်း ကစားရခြင်းမှာ
ပျော်မွေ့ချင်သူသာ ဖြစ်ရဲ့။
ခုနေခါတော့ သူရော ကိုယ်ပါ
ကစားပွဲက နှုတ်ထွက်ခဲ့ပြီးပေါ့။

ကိုယ့်ဘက်က ချစ်ခြင်းကတိကို
အတိအကျ မပေးဖြစ်ခဲ့သေးတဲ့အခါ
သူတို့ဟာ သစ္စာဖောက်သူမဟုတ်လို့ ငြင်းနိုင်ရဲ့။

ဘယ်လိုပဲဖြစ်ဖြစ်ပါ
မချစ်တတ် မမုန်းတတ်သူ ဖြစ်အောင်
ပါရမီဖြည့်တယ် ယူဆပြီး
အားလုံးကို နားလည် ပေးလိုက်ရင်း
အပေါင်းအသင်းတွေကို ကြေငြာထားတဲ့စကား
ခုထိ ကိုယ့်ကိုယ်ကို သတိထားနေတယ်
ဘယ်တော့မှ အသည်းမကွဲစေရဘူး လို့..။

တစ်ရံတစ်ခါ
သတိရခြင်းတွေ ငွေ့ရည်ဖွဲ့လာတာကို
မတားနိုင်ပေမယ့်လည်း
ရွာတော့မချစေရပါလေ..။

သိင်္ဂါကျော်
(ဘာရယ် မဟုတ်ပါဘူး..။ ခရီးသွားရင်း ကားပေါ်မှာ တရေးနိုး ရေးမိတဲ့ ကဗျာလေးပါ။ ခုတလော မအားတာရယ်၊ စာရေးဖို့ စိတ်မပါတာရယ်ကြောင့် ပျောက်နေပါဦးမယ်။)

01 December, 2012

ချိုသော ချစ်သော ဒီဇင်ဘာ


ဒီဇင်ဘာက
တိတ်တိတ်ဆိတ်ဆိတ်လေး လှမ်းလာ…
နှင်းတစ်ပွင့်မှ မဝေတဲ့ နေရာမှာ နေထိုင်သူအတွက်
ရောက်နေမှန်းတောင် မသိလိုက်ရ။

အောက်တိုဘာတွေရော နိုဝင်ဘာတွေရော
နေ့တဓူဝထဲမှာပဲ မျောနေလေတော့
အမှတ်ရစရာ ဘာမှ မရှိတဲ့ နေ့တွေ
အကုန်လွယ်သွားတာ မသိလိုက်ဘူးပေါ့။

“Happy Birthday” တဲ့
Sweet December က တံခါးလာခေါက်မှ
ဖြတ်ခနဲဆို သတိရသွားတယ်
အသက်တစ်နှစ်တောင် ကြီးလာပြန်ပေါ့လား။

ဂါဝန်လှလှ ဝတ်ပြီး
ဆုတောင်းသံတွေကြားမှာ မွေးနေ့ကိတ်မှုတ်နေကြ
အလွှာထဲကလည်း မဟုတ်ဘူး။
မွေးနေ့ အလှူမင်္ဂလာ ခြိမ့်ခြိမ့်သဲ လုပ်နိုင်ကြတဲ့
အလွှာထဲကလည်း မဟုတ်ဘူး။
ရုံးကန်နေရတဲ့ ဘဝတွေအတွက်
အသက်တစ်နှစ်ကြီးလာတာဟာ
ဘာများ ဂုဏ်ယူစရာ ကောင်းသလဲကွယ်။

မသိလိုက်မသိဘာသာ မိုက်မဲ တွေဝေမှုတွေနဲ့
ဖြတ်သန်းခဲ့တဲ့ နေ့တွေထဲ
စိတ်တွင်းက အညစ်အကြေးတွေ
ဘယ်လောက်တောင်မှ များခဲ့သလဲ ဆိုတာ
ဘယ်နှခါများ ပြန်ဆန်းစစ်ဖူးကြသလဲ။

Sweet December ရေ
ကျေးဇူးတင်ပါရဲ့နော်..
သေဖို့ တစ်ရက်နီးလာတာကို သတိပေးတဲ့ အတွက်…။
ငါ့ကိုယ်ငါ ဆုံးမချင်တာလေးတွေ သတိရစေတဲ့ အတွက်..။

ငါတို့က ဧည့်သည်တွေပဲလေ…
ဘာကြောင့်များ အငြင်းပွားတိုက်ခိုက်မှုတွေနဲ့
နေ့ရက်တွေ အရုပ်ဆိုးအောင် လုပ်နေမလဲကွယ်။
တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးလိုက်ကြပါ..
ကိုယ်မကြိုက်တာကို လုပ်တာဟာ သူ့စိတ်ချမ်းသာမှုနဲ့ သူ့ဗီဇပဲ ဆိုရင်
ငါက ဥပေက္ခာပြုလိုက်ပါ့မယ်။
ချစ်ခြင်း မုန်းခြင်းတွေနဲ့ လောင်မြိုက်စေမယ့် နေ့ရက်တွေကို
ငါ့အပေါ် မသက်ရောက်စေအောင်
တတ်နိုင်သမျှ ကြိုးစားချင်တယ်။

ငါက ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး ဧည့်သည်ပါ
ချစ်သောသူများရဲ့ မေတ္တာနဲ့
ခါးသော နေ့ရက်တွေကိုတောင် ချိုသယောင်ပြုနိုင်ပါတယ်။
မမြဲတဲ့ သဘောတရားတွေထဲ
ဒုက္ခဆိုတာ ရှိခဲ့လည်း ခဏပဲပေါ့ မဟုတ်လား။
သူငယ်ချင်းများရေ…
ချိုသော ချစ်သော ဒီဇင်ဘာက စတင်ပြီး
ပျော်ရွှင်သော လှပသော ချိုမြိန်သော ချစ်ခြင်းပြည့်သော
နေ့ရက်များသာ အမြဲတမ်း ဖြစ်စေနော်…။

သိင်္ဂါကျော်
1.12.2012
10: 20 AM

25 November, 2012

နိုဝင်ဘာ ကောင်မလေး



ကောင်မလေးရေ..
မင်းနဲ့ငါ ခုထက်ထိ
မျက်နှာချင်းဆိုင် မတွေ့ဖူးပါသေးဘူး။

မင်းကို နိုဝင်ဘာ မွေးနေ့ရှင်ကလေးမှန်း သိတယ်။
ဝိုးတိုးဝါးတား ဓါတ်ပုံတွေထဲက အပြုံးမျက်နှာလေးကို
စိတ်ကူးထဲအထိ စွဲလမ်းနေတယ်။
ယဉ်ယဉ်ကျေးကျေး နှိမ့်ချ ပြောတတ်တာလေးကို
လေးစားခဲ့တယ်။
စိတ်မဆိုးတတ်တာလေးကို
သဘောကျမိတယ်။
လေလှိုင်းထဲက မချို့တချို အသံလေးကို
နှစ်သက်မိတယ်။
မင်းရယ်သံတွေ လွမ်းလွန်းလို့
ငါ့အိပ်မက်တွေတောင် သံသရာ ရှည်ခဲ့ရပါတယ်။

နိုဝင်ဘာမလေးရေ..
မင်းနာမည်ရင်းကို ငါမသိပါဘူး။
မင်း ဘယ်နေရာမှာနေပြီး ဘာလုပ်တယ်
အတိအကျ မသိရပါဘူး။
ငါ အသေအချာသိတာ
တစ်ခုသာ ရှိပါတယ်။
ငါ့နှလုံးသားကို မင်းအပိုင်သိမ်းခဲ့တာပါ။

နိုဝင်ဘာတွေမှာ မိုးမရွာတတ်တာကို ငါသိပါတယ်..။
မင်းနှလုံးသားကတော့ ခြောက်သွေ့မနေဖို့ မျှော်လင့်နေတုန်းပါ။
နိုဝင်ဘာတွေမှာ
တစ်ချို့နေရာတွေက နေပြင်းလို့ကောင်းတုန်း
တစ်ချို့နေရာတွေမှာတွေမှာတော့ နိုဝင်ဘာ ပီပီသသ
အအေးဓါတ် စိမ့်ဝင်စပြုလာ။
ကောင်မလေးရေ..
မင်းကတော့ နေရာလိုက်ပြီး ဆက်ဆံရေး ပြောင်းတတ်သူလို့
ငါဘယ်တော့မှ ထင်မှာ မဟုတ်ပါဘူး။

သူငယ်ချင်းတိုင်းကို
ချိုသာစွာ ရိုးသားတတ်သတဲ့
ငါ့ရဲ့ ဆောင်းဦးမလေး ရေ…
မင်းရဲ့ အပျော်တမ်း စကားပြောဖော်သက်သက်တော့
ငါမဖြစ်ရလိုပါ။
ငါ့ရဲ့ အစစ်အမှန် ကမ္ဘာမှာသာ
ထာဝရ သာစေချင်တဲ့ လမင်းတစ်စင်းဟာ
မင်းတစ်ယောက်သာ…။

သိင်္ဂါကျော်

22 November, 2012

ငှက်ကလေးရေ..

 
ငှက်ကလေးရေ..
မင်းအတွက်တော့
ခြေချစရာ မြေမလိုပေဘူးပေါ့။
ခြေနှစ်ချောင်းချင်း အတူတူပေမယ့်
မြေကို တပ်မက်လို့ လောဘတက်နေတဲ့လူတွေ
နောက်ဆုံးတစ်နေ့တော့လည်း
ကံကောင်းမှ ၆ပေ ၄ပေ တစ်ကွက်ထဲမှာ အခြေချရမှာကို
မသိသလို မေ့ရင်း
အငြင်းပွား တိုက်ခိုက်သူတွေ၊
မသိမသာ ခိုးဝှက်လုယူသူတွေ
တစ်ပုံတစ်ပင် ရှိနေလေရဲ့။

ငှက်ကလေးရေ..
မင်းအတွက်တော့
သဘာဝကပေးတဲ့ မြက်ခြောက် ရွက်ခြောက်နဲ့ပဲ
မင်းအိမ်ထောင်စုကို နှစ်သိမ့်နိုင်ပေမယ့်
အဲဒီ ခြေနှစ်ချောင်းသားတွေကတော့
အိမ်တစ်လုံးအတွက် လောဘတက်နေကြရ၊
ဒေါသသင့်နေကြရ
နေစရာတစ်နေရာ အတွက် ဘဝပျက်ကြရသူတွေလည်း
တစ်ပုံတစ်ပင် ရှိနေလေရဲ့။

ငှက်ကလေးရေ..
မင်းတို့ အမျိုးအဆွေအချင်းချင်း
အညှိုးဖွဲ့ သတ်ဖြတ်ကြဖူးသလား
အဲဒီ ခြေနှစ်ချောင်းသား တွေကတော့
ဟိုဟိုဒီဒီ အကြောင်းပြပေမယ့်
နောက်ဆုံးကျတော့လည်း
အတ္တ လောဘ မှိုင်းတွေ ဝဝနေတဲ့ အကြောင်းရင်းနဲ့ပေါ့
အသက်တွေ ကြွေကြ၊ ချွေကြသူတွေလည်း
တစ်ပုံတစ်ပင် ရှိနေလေရဲ့။

ငှက်ကလေးရေ..
မင်းအတွက်
သဘာဝက ပေးတဲ့ အမွေးအတောင်တစ်စုံနဲ့
အဲဒီ ခြေနှစ်ချောင်းတွေနဲ့ ဝေးရာမှာသာ
အိမ်မပြန်နိုင်သူတွေ အားကျအောင်
ပျံသန်းနေလိုက်ပါ။
စာနာစိတ် တစ်စိမရှိသူတွေရဲ့ ဝမ်းစာ ဖြစ်သွားမှာလည်း
စိုးရိမ်ရလို့ပါ။

သိင်္ဂါကျော်

15 November, 2012

ဒေါသစိတ်ကလေး စက္ကန့်၆၀

သူငယ်ချင်း တစ်ယောက် ပြောပြလို့ သိရတဲ့ ဖြစ်ရပ်မှန်လေးကို အခြေခံပြီး ရေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။ 
******************

သူ့မိဘများက သူ တက္ကသိုလ် မပြီးခင် လွန်ခဲ့သော နှစ်များကပင် ဆုံးပါးခဲ့ပြီး အဒေါ်အပျိုကြီးက သူ့ကို ကျောင်း ဆက်ထားပေးခဲ့သည်။ သူက ကျောင်းတက်စဉ်ကလည်း ရန်ကုန်မှာ အဆောင်နေ၊ အလုပ်ရတော့လည်း တစ်ခြားမြို့သွားနေ၊ အဒေါ်ကလည်း တရားသမားဖြစ်သဖြင့် တရား ရိပ်သာများ လှည့်ဝင်နေသည်က များရာ သူ့ကို တစ်ကောင်ကြွက်သမားလို့လည်း ပြော၍ ရသည်။
သူ နှင့် သူ့မိန်းမ မရီတို့ လွန်ခဲ့သော ဆယ်နှစ်ခန့်က လက်ထပ်ခဲ့ကြသည်။ သူ ပထမဆုံး ပိုစတင် ကျသော မြို့က မရီ၏ ဇာတိမြို့ ဖြစ်ခဲ့သည်။ ဈေးထဲမှာ ဈေးဝယ်နေသော သူမ နှင့် စတွေ့ကာ စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ မရီက အဝေးသင်နှင့် ဘွဲ့တစ်ခု ရခဲ့သော်လည်း အလုပ်မလုပ်ပဲ အိမ်မှာပဲနေကာ သူမအမေ၏ ဆိုင်အလုပ်ကို ကူပေးနေခဲ့သည်။ သူနှင့် မေတ္တာမျှ ပြီးနောက် မကြာခင်မှာပဲ လက်ထပ်ဖြစ်ကြသည်။ သူ့အလုပ်ကပေးသော အိမ်ရာမှာ နှစ်ယောက်သား နေခဲ့ကြသည်။ အဲဒီနောက် သမီးကြီးကို မွေးသည်။ သူ့လခအပြင် မရီက အိမ်မှာ အိမ်ဆိုင်ငယ်လေး ဖွင့်လိုက်သဖြင့် စားဝတ်နေရေးက ပြေလည်ပါသည်။
အစိုးရဝန်ထမ်းပီပီ တစ်မြို့မှာ အခြေကျနေစဉ်မှာပင် နောက်တစ်မြို့သို့ ရာထူးတိုးပြီး ပြောင်းခဲ့ရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက အေးချမ်းသော မြို့ကလေး တစ်မြို့ ဖြစ်သည်။ သမီးကြီးက သုံးနှစ်ကျော်ကျော် ရှိပြီ။ အဲဒီမြို့ကို ရောက်မှ သားလတ် နှင့် သမီးငယ်ကို တစ်နှစ်ခြားပြီး မွေးသည်။ သူရောက်ပြီး တစ်နှစ် ကျော်ကျော်လောက်မှ အလုပ်နေရာက မြို့ပြင်နားက နေရာသစ်ကို ပြောင်းရွှေ့ခဲ့သဖြင့် မရီကို ဝန်ထမ်း အိမ်ရာသို့ မလိုက်စေပဲ မြို့ထဲမှာ ငှားထားသော အိမ်မှာပဲ နေစေခဲ့သည်။ သမီးကလည်း မွေးကာစပဲ ရှိသေးသဖြင့် ပြောင်းရရွှေ့ရမှာ အလုပ်ရှုပ်သဖြင့် သူပဲ မြို့ထဲက အလုပ်ကို ဖယ်ရီနှင့် သွားနေလိုက်သည်။
သမီးကြီးလာတော့လည်း မြို့ထဲက အိမ်မှာက နေသားကျနေသည့် အပြင် အလုပ်က ပေးထားသော ကားနှင့် အသွားအလာကလည်း အဆင်ပြေနေသဖြင့် သူတို့ အိမ် မပြောင်းဖြစ်ခဲ့ပါ။ သူအတွက်တော့ ရာထူးကြီးပြီး တာဝန်တွေ များလာသဖြင့် အလုပ်က နောက်ကျမှ ပြန်ရတာတွေ များလာသည်။ တစ်ခါတလေ လူကြီး လာဖို့ ရှိလျှင် အလုပ်မှာပင် အိပ်လိုက်တာမျိုးတွေ ရှိလာသည်။ မရီကလည်း ကလေး သုံးယောက် ဖြစ်လာသဖြင့် လူခွဲမရှိတော့ အိမ်ဆိုင်တွေ ဘာတွေ ဖွင့်ရောင်းဖို့ အချိန်မရှိပါ။ အခု အလုပ်နေရာက အပို ဝင်ငွေလေး ဘာလေး ရ၍သာ တော်ပါသေးသည်။ အဲဒီအပြင် သူက တနင်္ဂနွေလို ပိတ်ရက်မျိုးမှာ ရွာနီးချုပ်စပ်သို့ သွားပြီး ဆန်လေး၊ ပဲလေး ဝယ်လှောင်တာ၊ ဝယ်ရောင်းတာမျိုးလည်း လုပ်လိုက်ပါသေးသည်။ အဲဒီတော့ သူတို့မှာ စားဝတ်နေရေးကတော့ ပူပင်စရာ မရှိပါ။ အဆင်ပြေနေပါသည်။
မရီဟာ သူ့အတွက် ပါရမီ ဖြည့်ဖက် စစ်စစ် ဖြစ်သည်ဟု သူယုံကြည်ပါသည်။ မရီ နှင့် သူ ဟာ နှစ်ယောက် တစ်ခြမ်းစီ ပေါင်းစပ်မှ ပြည့်စုံသော တစ်စုံတစ်ရာ ဖြစ်လာသည်ဟု သူ ခံစားမိသည်။ သူတို့ အိမ်ထောင်သက်တမ်း တစ်လျှောက်မှာ အခြေအတင် စကားများကြတယ် ဆိုတာ တစ်ခါမှ မရှိစဖူးပါ။ မရီက မိန်းမ ပီသသည်၊ အိမ်ထောင် ထိန်းသိမ်းမှု နိုင်နင်းသည်။ သူကလည်း မရီကလွဲပြီး တစ်ခြား ရှုပ်ရှုပ်ယှက်ယှက် မရှိ။ ရသမျှ မိန်းမကိုပဲ အပ်ပြီး အားသည့် အချိန်တိုင်းလည်း အိမ်ကို မှန်မှန် ပြန်သူ ဖြစ်သည်။ လင်မယား နှစ်ယောက်လုံးက ဟော့ဟော့ရမ်းရမ်း မရှိပဲ ရိုးသား ပွင့်လင်းသူများ ဖြစ်သောကြောင့် ပတ်ဝန်းကျင်က ချီးကျူးကြသည်။ ကလေး သုံးယောက် ရှိသော်လည်း အိမ်မှာ အိမ်ဖော်မထားပဲ မရီကပဲ အိမ်မှုကိစ္စတွေ အားလုံး နိုင်နင်းအောင် လုပ်သွားသည်။ သူကတော့ သူ့အလုပ်ကလွဲပြီး တစ်ချို့ ယောက်ျားလေး လုပ်မှ ဖြစ်သည့် မီးပြင်တာ၊ ရေပိုက်ပြင်တာ လိုမျိုးကိုပင် အဖြစ်ရှိအောင် မလုပ်တတ်သူ ဖြစ်သောကြောင့် သူ့တပည့်လေး တစ်ယောက်ယောက်ကို ခေါ်ခိုင်း ရသည်။ ဒါတွေ သူကိုယ်တိုင် မလုပ်တတ်တာကိုလည်း မရီက အပြစ်မြင်တတ်သူ မဟုတ်ပါ။
ဒီမြို့ကို ရောက်ကတည်းက ဆိုသလို သူတို့အိမ်မှာ လိုအပ်တာ ခေါ်ခိုင်းလေ့ ရှိသူက သူ့အလုပ်က ဝန်ထမ်းငယ် တစ်ဦး ဖြစ်သော မောင်ဝင်းထွတ် ဖြစ်သည်။ အစောပိုင်းကတော့ လိုတာရှိလျှင် သူကိုယ်တိုင် မောင်ဝင်းထွတ်ကို ဖုန်းဆက် ခေါ်လေ့ရှိသော်လည်း နောက်ပိုင်း သူကလည်း အလုပ်များလာပြီး အိမ်မှာ မရှိသည့် အချိန်က များလာသောအခါ မောင်ဝင်းထွတ်ကို သိနေပြီ ဖြစ်သော မရီက သူ့ဟာသူပင် ခေါ်ခိုင်းကာ မုန့်ဖိုးပေးလိုက်လေ့ ရှိသည်။ မောင်ဝင်းထွတ် အိမ်ကလည်း သူတို့အိမ်နှင့် သိပ်မဝေးသဖြင့် အဆင်ပြေသည်။ မရီက ကလေးတွေ တစ်ဖက်နှင့်မို့ အပြင်မထွက်နိုင်သည့်အခါ ဟိုနား ဒီနား ဝယ်စရာ ခြမ်းစရာ ရှိလျှင်လည်း မောင်ဝင်းထွတ်ကိုပင် ဝယ်ခိုင်းလေ့ ရှိသည်။ နှစ်ယောက်လုံးက မောင်ဝင်းထွတ်ကို ကိုယ့် ညီငယ်/မောင်ငယ် သားချင်း လိုပင် သဘောထားခဲ့သည်။ သူ အိမ်မရှိသည့် အခိုက် လိုအပ်သည့်အခါ အဖော်အလှော် ရသဖြင့် ကျေးဇူးလည်း တင်သည်။ မောင်ဝင်းထွတ်ကလည်း ရိုးသားပုံ ပေါက်သည်မို့သာ သူကလည်း စိတ်ချလက်ချ ဝင်ထွက်ခွင့် ပြုထားခြင်းဖြစ်သည်။
ဒီနှစ် သမီးကြီးက လေးတန်း ရောက်ပြီ။ သားလတ်က တစ်တန်း၊ သမီးငယ်က သူငယ်တန်း တက်နေပြီ။ ကလေး သုံးယောက်လုံးကလည်း ခုချိန်ထိ တစ်ယောက်မှ ဒုက္ခကြီးငယ် မပေးခဲ့ကြပါ။ ကျန်းမာရေး မကောင်းတာမျိုး၊ အော်ဟစ် ငိုယို ဂျီကျတာမျိုး တစ်ယောက်မှ မရှိပါ။ ကျောင်းနေတော့လည်း စာလိုက်နိုင်ကြသည်။ သူတို့ စီးပွားရေးကလည်း ကလေးတွေ လိုအပ်သလောက် အသင့်အတင့် ဝယ်ခြမ်းပေးနိုင်အောင် ပြေလည်သည်။ ဘာဆိုဘာမှ ပူပင်စရာရယ်လို့ မရှိပါ။
အစစ အရာရာ အဆင်ပြေနေသော အေးအေးချမ်းချမ်း သူတို့ မိသားစု ဘဝလေး ကို လေနီကြမ်းလို မွှေ့ရမ်းနိုင်သော အကြောင်းကိစ္စမျိုး ပေါ်ပေါက်လာလိမ့်မည် ဟု သူ အိပ်မက်မျှပင် မမက်ဖူးခဲ့ပါ။ သမီးတို့ သားတို့ ဘွဲ့အသီးသီးရ၊ လူလားမြောက်ကြချိန် အထိလည်း သူတို့ လင်မယားရဲ့ ချစ်လက်စသစ်ပင်မှာ အညွန့်အဖူး ဝေစည်နေဆဲ ဖြစ်လိမ့်မည်ဟု သူ့စိတ်ထဲ အကြောင့်အကြမဲ့ ရှိခဲ့သည်။ သို့သော်လည်း ဘဝ ဆိုသည်မှာ မျှော်လင့်မထားသည်များလည်း ဖြစ်တတ်သည်မှာ အမှန်ပင် ဖြစ်သည်။

*******

သံလွင်အိပ်မက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်နော်..။
http://www.thanlwin.com/beta/index.php/short-stories/243-2012-11-13-02-17-31


သိင်္ဂါကျော်