25 September, 2008

ပထမဆုံးများ

Thesis အကြောင်းပဲ တွေးနေလို့ ခေါင်းထဲမှာ ဘာဇာတ်လမ်းမှ ထွက်မလာတဲ့ အချိန် blogger အစ်ကိုကြီး၊ အစ်မကြီး တွေက ပထမဆုံးတွေ အကြောင်းရေးတော့ ကိုယ်လည်း အရမ်း ရေးချင်လာတာနဲ့ ရေးလိုက်တာပါ၊ :D


ပထမဆုံး နေခဲ့တဲ့ကျောင်း ။ ဇရစ်ချောင် အ.မ.က ဆိုတဲ့ တောကျောင်းလေးမှာပါ။ ကိုယ့်အဒေါ်က ဆရာမ ဆိုတော့ သူတာဝန်ကျတဲ့ ကျောင်းမှာ ကိုယ့်ကိုထားတာ။ ငါးနှစ်ပြည့်ဖို့ ခြောက်လ လိုပေမယ့် သူငယ်တန်း တက်လို့ရခဲ့တယ်။


ပထမဆုံး ရခဲ့တဲ့ဆု။ ။ သူငယ်တန်းမှာ ပထမဆု ရခဲ့တယ်။ ၉တန်း အထိ ပထမပါပဲ။ တက္ကသိုလ် ရောက်မှသာ အလယ်အလတ်ထဲက နောက်မကျအောင် မနည်းလုပ်ရတာ…။


ပထမဆုံး ဆရာမ အဆူခံဖူးတာ။ ။ ၇တန်း တုန်းက အတန်းထဲမှာ သူငယ်ချင်းနဲ့ အတူ ကာတွန်းစာအုပ်ခိုးဖတ်လို့ ခုံပေါ်တက်ရပ်ခိုင်းပြီး ဒဏ်ပေးတာ ခံခဲ့ရတယ်။ ( အဲဒီ ဆရာမ အချိန်ပြီးတော့ ဆက်ဖတ်ကြ တာပေါ့ )


ပထမဆုံး ဖတ်တဲ့ ၀တ္တု ။ မင်းသိင်္ခ၊ အောင်ဇင်၊ မြတ်ထွန်းသစ် တို့ရဲ့ စုံထောက်ဝတ္တုတွေ။ အဒေါ်ဖတ်တာတွေ လိုက်ဖတ်တာ…။


ပထမဆုံး ဖတ်တဲ့ အချစ်ဝတ္တု ။ ၇တန်းတုန်းက ကားပေါ်မှာ ဆရာမ တစ်ယောက်ဖတ်တဲ့ ၀တ္တု၊ ဘာလဲတော့ မသိတော့ဘူး။ နောက် ဂျူး ရဲ့ ကြေမွသွားသော တိမ်တိုက်များ အကြောင်း ကို ကျောင်းမှာပဲ နှစ်အုပ်တွဲလုံး ကုန်အောင် ဖတ်ခဲ့တယ်။ အရင်ကတော့ စုံထောက်ဝတ္တုတွေပဲ ဖတ်ခဲ့တာ…။


ပထမဆုံး ရေးခဲ့တဲ့ကဗျာ ။ ၇တန်း တုန်းက မူးယစ်ဆေးဝါးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်မှာပါ။ အဲဒီတုန်းက ကဗျာတွေအများကြီး ရေးခဲ့ဖူးပါတယ်။ ခုဖတ်ကြည့်ရင်တော့ ရယ်စရာတွေ ဖြစ်မှာပါ။


ပထမဆုံး ရေးခဲ့တဲ့ဝတ္တု။ ။ ၇တန်းတုန်းကပဲ လျှို့ဝှက်ဆန်းကြယ် စုံထောက်ဝတ္တုလေး စရေးပြီး သူငယ်ချင်းတွေကို ပေးဖတ်ဖူးပါတယ်။ နည်းနည်းကြီးမှ ပြန်ဖတ်တော့ တော်တော် ရယ်စရာကောင်းတယ်။ ခုထိလည်း စုံထောက်ဝတ္တု ရေးချင်တဲ့ ပိုးက ရှိနေတုန်းပဲ၊ အချိန်မရလို့ မရေးဖြစ်သေးတာ…။


ပထမဆုံး ကြည့်တဲ့ အင်္ဂလိပ်ရုပ်ရှင်။ ။ တီဗွီက ပြတဲ့ The Guns of Neverone… မင်းသားကြီး ဂရေဂရီပက် ပါတဲ့ စစ်အတွင်းက စုံထောက်ကားပါ။ တော်တော်များများ ကြည့်ဖူးကြမှာပါ။


ပထမဆုံး ကြိုက်တဲ့ သီချင်းခွေ ။ ချစ်ကောင်းရဲ့ ကော်ဖီခါးခါး။


ပထမဆုံး သဘောကျမိတဲ့ ကောင်မလေး။ ။ ကိုယ့်ထက် တစ်တန်းကြီးတဲ့ ချစ်စရာ ကောင်မလေး တစ်ယောက်ကို သဘောကျဖူးပါတယ်။ အသားဖြူဖြူ innocent မျက်နှာလေးနဲ့၊ ဦးထုပ်အ၀ိုင်းလေးတွေ ဆောင်းတတ်တာကို မှတ်မိနေပါတယ်။


ပထမဆုံး နေခဲ့ဖူးတဲ့ အဆောင်။ ။ပထမနှစ် စတက်တော့ လှည်းတန်းနားက အမေ့ သူငယ်ချင်းရဲ့ အိမ်မှာ အဆောင်နေရပါတယ်။ ဘုရားစင်နဲ့ တွဲနေတဲ့ ၀ရံတာလိုနေရာမှာ…၊ ညဘက် အိမ်မကြီးက တံခါးပိတ်လိုက်ရင် သီးသန့်ဖြစ်သွားတယ်။ ကုတင်ကတော့ ကြီးတယ်။ ဒါပေမယ့် အဲဒီ ကုတင်က သေသွားတဲ့ အိမ်ရှင် အမျိုးသား အိပ်ခဲ့တဲ့ ကုတင်၊ အဲဒီကုတင် မှာပဲ အလောင်းပြင်ခဲ့တာ တဲ့။ ကိုယ်ကတော့ မကြောက်တတ်လို့ ဒီလိုပဲ နေခဲ့ပါတယ်။


ပထမဆုံး စီးတဲ့ ဘတ်စ်ကား ။ ပထမဆုံး နေခဲ့တဲ့ အဆောင် ကနေ ကျောင်းကို အမှတ် (၅၀) ဘတ်စ်ကား စီးရတာပါ။ ကျောင်းချိန် ကားကျပ်တော့ စိတ်ညစ်ခဲ့တာပေါ့။


ပထမဆုံး ခရီး (မိဘတွေ မပါပဲနဲ့) ။ ဒုတိယနှစ်တုန်းက သီတင်းကျွတ် ဆီမီး ကိုးထောင် ပူဇော်မယ့် အချိန်မှာ ကျိုက်ထီးရိုး ဘုရားဖူးသွားခဲ့တာပါ။ ကျိုက်ထီးရိုး တောင်ပေါ်ကိုတော့ ကားနဲ့တက်တာပါ၊ ဒါပေမယ့် အပြင်မြစိမ်း တို့ အတွင်းမြစိမ်း တို့ အနီးအနားက တောင်တွေ အများကြီးကို ပျော်ပျော်ကြီး တက်ခဲ့ကြတာပေါ့။

18 September, 2008

ကျိန်စာသင့်ဖူးစာ

(၁)

အိပ်ရာမှအထ မျက်စိပွင့်သည်မှစ၍ ဇေယျသူ၏ စိတ်တို့ လေးလံနေပါသည်။ ဒီနေ့ကိစ္စ ချောချောမောမော အောင်မြင်လိမ့်မည်ဟု သူ မထင်ပါ။ မေမေကတော့ သူ့ကို နှောက်ယှက်နေသည့် အနှောက်အယှက် အားလုံး ဖယ်ရှားပြီးပြီ ဟုဆိုသည်။ ဒီတစ်ခါ အလွဲအချော် မရှိ အဆင်ပြေလိမ့်မည်ဟု ဆရာများ အားကိုးနှင့် မေမေက ပြောသည်။ သူကတော့ သိပ်မထင်ပါ။ အရင်တစ်ခါကလည်း ဒီလိုပဲ ဗေဒင်ဆရာများစွာနှင့် မေးပြီး နေ့နံ သင့်မသင့် ကြည့်ပြီးမှ အခါကောင်း ရက်ကောင်း ရွေး၍ လုပ်ခဲ့ကြတာပါပဲ။ ဒါပေမယ့် နောက်ဆုံးတော့…။

***

သူတို့၏ မင်္ဂလာပွဲကို သတို့သမီး နေထိုင်ရာ ခြံဝန်းကျယ်ကြီးမှာပဲ လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အဓိက ကတော့ မေ့မေ့ အစီအစဉ် ဖြစ်သည်။ အခုလည်း သူ့ကို ဖေဖေနှင့် တခြား လူကြီးများနှင့် အတူလာရန် စီစဉ်ပြီး မေမေကတော့ အစောကြီးကပင် သွားနှင့်ပြီ ဖြစ်သည်။ သတို့သမီးကို စောင့်ကြည့် ဂရုစိုက်လိုသောကြောင့်ပင်။

သူနှင့် ဖေဖေက ကားတစ်စီး၊ အခြား ဆွေမျိုးများက ကားနှစ်စင်း နှင့် သတို့သမီး အိမ်သို့ ထွက်လာခဲ့ကြသည်။ သူ့စိတ်ထဲတွင် သတို့သမီးကို ကျန်းမာ ချမ်းသာစေရန် မေတ္တာပို့နေမိသည်။ တခြားလူ သိလျှင်တော့ ရယ်ချင်စရာပါ။ သူ့အတွက်ကတော့ နှစ်ကြိမ် နှစ်ခါ သေခဲ့ဖူးပြီးမှ ပျဉ်ဖိုးကို နားမလည်ချင် လို့လည်း မရပါ။ အိမ်မှ မထွက်ခင် ဘုရားရှေ့မှာလည်း ဆုတောင်းခဲ့ပါသေးသည်။ သူ့မှာ မေတ္တာပို့လို့သာ ပို့ရသည်။ သတို့သမီး မျက်နှာကိုပင် ကောင်းကောင်း မမှတ်မိ ချင်ပါ။ သူတို့ အချင်းချင်း နှစ်ခါပဲ တွေ့ဖူးပါသည်။ ဒုတိယ အကြိမ်မှာ သူက သူ့အကြောင်းတွေ အားလုံးပြောပြလိုက်ပါသည်။ သူနှင့် ပတ်သက်ခဲ့သမျှ မိန်းကလေးတိုင်း တစ်ခုခု ဖြစ်ရသည်ကို သူမက တိုက်ဆိုင်မှု ဟုသာ သဘောထား ပါသတဲ့။ သူမက ပညာတတ် ရိုးရိုးအေးအေး တက္ကသိုလ် ဆရာမလေး တစ်ယောက် ဖြစ်သည်။ ဒီထက်ပိုပြီး သူဘာမှ မသိ။ နှစ်ယောက်လုံးက မိဘတွေ ဆန္နကို လိုက်လျောရခြင်းသာ ဖြစ်သည်။

ကျယ်လောင်သော အသံကြီးနှင့်အတူ သူ့ဘေးကို အရှိန်ပြင်းသော အရာတစ်ခု လာဆောင့်သလို ထင်လိုက်ရပြီး ဘာဆိုဘာမှ မသိတော့ အမှောင်ထုထဲသို့ ကျရောက်သွားခဲ့သည်။

***

ကားအက်ဆီးဒင့် ဖြစ်ပြီးနောက် သူ ဆေးရုံတွင် တစ်လနီးပါး နေခဲ့ရသည်။ ဆေးရုံမှ ဆင်းပြီး နောက်လည်း သူ့ခြေထောက်များမှာ ပြန်ကောင်းမလာခဲ့ပဲ ဘီးတပ်ကုလားထိုင်ဖြင့် တစ်သက်လုံး နေရတော့မလို ဖြစ်ခဲ့ရသည်။ သူ့ လက်ထပ်ပွဲ မှာလည်း ပျက်သွားခဲ့ရပြီး မိန်းကလေး ဘက်မှ မိဘများက ဒုက္ခိတ ဘ၀ ရောက်သွားသော သူနှင့် လုံးဝ သဘောမတူတော့ပဲ လက်ထပ်ပွဲကို အပြီး ဖျက်သိမ်းလိုက်သည်။ အဲဒီအတွက်တော့ သူ့အနေနှင့် ဘာမှမခံစားရပါ။ တစ်ဖက်မိန်းကလေးကို မထိခိုက်ပဲ လက်ထပ်ပွဲ ပျက်သွားခဲ့ရသည့်အတွက် ၀မ်းသာမိပါသည်။ ထိုအမျိုးသမီးကလေးမှာ ဘာသာတရား အတော်ပင် ကိုင်းရှိုင်းသူ ဖြစ်သည့်အတွက် သူသာလျှင် ထိခိုက်ခဲ့ရခြင်း ဖြစ်နိုင်သည်။

ပထမဆုံး တစ်ခေါက်ကတော့ သူ့ချစ်သူ မိန်းကလေးနှင့် ပျော်ပျော် ရွှင်ရွှင် လက်ထပ်ပွဲ ဆင်နွဲကြဖို့ ဖြစ်သည်။ လက်ထပ်ဖို့ စီစဉ် နေကြသည့် တစ်လျှောက်လုံး သူတို့နှစ်ယောက်မှာ အိပ်မက်ဆိုးများနှင့် ညဘက်တိုင်း လန့်လန့်နိုးခဲ့ရသည်။ အိပ်မက်ထဲတွင် အဘွားကြီး တစ်ယောက်က မင်္ဂလာပွဲကို ဖျက်သိမ်း ရမည်၊ မဖျက်ပါက ဒုက္ခ တွေ့လိမ့်မည်ဟု ခြိမ်းခြောက်သည်။ မင်္ဂလာပွဲ ကျင်းပမည့် မနက်ခင်း မှာတော့ သတို့သမီးလောင်း သည် စိတ်ရူးပေါက်၍ ၀ရံတာမှ ခုန်ချသွားခဲ့လေသည်။

အဲဒီနောက် သူ နှစ်နှစ်ကျော်လောက် လေလွင့်နေခဲ့သည်။ သူ့အဖြစ်ကို မကြည့်ရက်သော သူ့အမေက သင့်တော်သော မိန်းကလေး တစ်ယောက်နှင့် စပ်ဟပ် ပေးစားရန် စီစဉ်လေတော့သည်။ သူ အကြောက်အကန် ငြင်းခဲ့သည်။ သူ့အိပ်မက်များ အကြောင်းကို ပြောပြခဲ့သည်။ သူ့မိဘ အသိုင်းအ၀န်းများက မယုံကြည်ခဲ့ကြပါ။ သူနှင့် သဘောတူထားသော မိန်းကလေးကို ပြောတော့လည်း မယုံကြည်။ အဲဒီထက် ထပ်ပြောလျှင်လည်း သူ့ကိုသာ စိတ်အခြေအနေ မမှန်ဟုထင်ကြတော့မည်။ အဲဒီလိုနှင့်ပင် ဖိတ်စာရိုက်ပြီးသည် အထိဖြစ်ခဲ့ရသည်။ မင်္ဂလာပွဲ မတိုင်ခင် နှစ်ရက် အလိုတွင် ဆိုင်တစ်ဆိုင်မှ ထွက်ပြီး ကားရပ်ထားရာသို့ အကူး မူးရူးပြီး မောင်းလာသော ကားတစ်စီးက ၀င်တိုက်ခြင်းကို ခံခဲ့ရသည်။ အဲဒီတုန်းက သူက သူမနှင့် အတူပါမသွားခဲ့။ သတင်းကြားမှ ဆေးရုံသို့ အပြေးအလွှား သွားခဲ့သော်လည်း သူမက သတိပင် ပြန်လည်မလာခဲ့တောပါ့။

သူနှင့် ပတ်သက်သော မိန်းကလေး နှစ်ယောက် သေဆုံးပြီး လက်ထပ်ပွဲ ပျက်သွားခဲ့တာ နှစ်ကြိမ် ရှိခဲ့ပြီ ဖြစ်သော်လည်း သူ့မိဘများက ကျိန်စာ ဆိုသော အယူအဆကို လက်မခံချင်ကြပါ။ အဲဒါကြောင့်သာ ယခုတစ်ခါကို စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ သူ့ကို ရူးတယ်ပြောချင်ပြောပါစေ၊ နောက်တစ်ခါဆိုတာတော့ လုံးဝမရှိစေရတော့ပါ။ သူ အက်ဆီးဒင့်ကြောင့် သတိလစ်နေစဉ် အကြိမ်များစွာ မက်ဖူးသော အိပ်မက်ကို မက်နေသေးသည်။ သူမှတ်မိသော အိပ်မက် အပိုင်းအစများကို ဆက်စပ်လိုက်လျှင် သူကိုယ်တိုင် ပါဝင်နေသော အတိတ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်နေသည်။

***

(၂)

သမိုင်းစာမျက်နှာများ ပေါ်တွင် မှတ်တမ်းတင် မခံရသေးမီ ခေတ်တစ်ခေတ်။ တိုင်းနိုင်ငံငယ် များစွာ ကွဲပြားနေသည့် အထဲတွင် သိန္ဓရပူရ တိုင်းပြည်သည် အင်အား အကြီးမားဆုံးဖြစ်သည်။ သိန္ဓရပူရ နှင့် ဆက်စပ်နေသော နိုင်ငံငယ်နှစ်ခုမှာ ဣသိနာဂရ နှင့် ရမ္မာပူရ တို့ဖြစ်သည်။ သူသည် ရမ္မာပူရနိုင်ငံမှ အိမ်ရှေ့မင်းသား ဖြစ်သည်။ ဣသိနာဂရ တွင် တစ်နှစ်တစ်ခါ ကျင်းပသော နဂါးမင်းကို ပူဇော်သည့် ပွဲတော်တစ်ခု သို့ သွားရောက်လည်ပတ်ရာမှ ရုပ်ဖျက်ကာ ပွဲတော်လည်သော ဣသိနာဂရ မင်းသမီးလေးနှင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြသည်။

ဣသိနာဂရ နှင့် ရမ္မာပူရ ဘုရင်နှစ်ပါးမှာ ငယ်စဉ်ကပင် မတည့်ခဲ့ကြသော ညှိးသူရန်ဘက်များ ဖြစ်ကြသည်။ သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းကို သိသွားကြသော အခါ နှစ်ဖက်စလုံးက သဘောမတူနိုင်ပဲ ခါးခါးသီးသီး ဖြစ်ခဲ့ကြသည်။ ဣသိနာဂရ ဘုရင် အနေဖြင့် သမီးတော်ကို သိန္ဓရပူရ မင်း၏ သားတော်ကြီးနှင့် လက်ဆက်ပေးရန် ရည်ရွယ်ထားခဲ့သည်။ သို့မှသာ သိန္ဓရပူရ က ကျူးကျော်မည့် ရန်ကို စိုးရိမ်စရာမလိုပဲ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်လာလိမ့်မည် ဟုယူဆသည်။ ထို့နောက် ရမ္မာပူရကို သိမ်းပိုက်ရန် သိန္ဓရပူရ မင်းကို အားပေးကူညီမည်ဟု မှန်းထားသည်။ သူ့အကြံအစည် အောင်မြင်ရန် အတွက် ဣသိနာဂရ ဘုရင်သည် သမီးတော်ကို အကျယ်ချုပ်ဖြင့်ထားကာ ရမ္မာပူရ မင်းသားနှင့် အဆက်ဖြတ်ထားလိုက်သည်။ သမီးတော်က ချစ်သူနှင့်မှ မပေါင်းရလျှင် ကိုယ့်ကိုယ်ကို သတ်သေမည်ဟု အကျပ်ကိုင်သော အခါ သမီးကို ချစ်သော မယ်တော်က ခမည်းတော်ကို ဆန့်ကျင်၍ ကူညီရန် ဆုံးဖြတ်သည်။

သူသည်လည်း သူ့ကို ကူညီသော ရမ္မာပူရ နန်းတော်မှ သူ့လူများ၏ အကူအညီဖြင့် ရမ္မာပူရ နန်းထဲတွင် အကျယ်ချုပ်ထားရာမှ လွတ်လာခဲ့သည်။ သူတို့နှစ်ဦး သည် သုံးနိုင်ငံ နယ်နမိတ်မှ လွတ်ကင်းရာ အထိ ထွက်ပြေးကြရန် ရည်ရွယ်ခဲ့ကြသည်။ သူတို့နှစ်ယောက်တွေ့ဆုံရာအထိ မင်းသမီး၏ မယ်တော်ကြီးက ရုပ်ဖျက်ကာ လိုက်ပို့ပေးခဲ့သည်။ မယ်တော်ကြီးသည် မှော်ပညာကို အဆင့်မြင့်မြင့် တတ်ကျွမ်းသည် လူအများက ဆိုကြသည်။ မယ်တော်ကြီး ကူညီ၍သာ သူတို့ ထွက်ပြေးသည့် အဆင့်ကို ရောက်ခြင်း ဖြစ်သည်။ အတန်ငယ် လှမ်းသော နေရာတွင် နိုင်ငံ နှစ်နိုင်ငံမှ စစ်တပ်များ ကလည်း သူတို့ကို ပြန်လည် ဖမ်းဆီးရန် ချီတက်လာနေ ကြပြီ ဖြစ်သည်။ မယ်တော်ကြီးက မပြန်ခင် သူတို့နှစ်ဦးကို သွေးဖောက်၍ သစ္စာပြုခိုင်းသည်။

“ကျွန်ုပ်သည် ယခုဘ၀ မှစ၍ ဘ၀ဆက်တိုင်း ဟေမမာလာ မင်းသမီး မှလွဲ၍ အခြားသူ တစ်စုံတစ်ဦး နှင့်မျှ လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲ၍ မရပါစေသား၊ အိမ်ထောင်ပြု၍ မရပါစေသား၊ အကယ်၍ ကြံစည်မိပါက ဘေးဒုက္ခဆိုး ကြုံ၍ လွဲပါစေသား”

မယ်တော်ကြီး ပြောသည့်အတိုင်း သူလိုက်ဆိုခဲ့ရသည်။ မင်းသမီးလေးလည်း ထိုကဲ့သို့ပင် ဆိုခဲ့ရသည်။ ထို့နောက် မယ်တော်ကြီး ပြန်သွားသည်။ သူတို့နှစ်ယောက်တည်း ဆက်သွားခဲ့သည်။ နှစ်ရက်ခန့် အကြာတွင် တောနင်း၍ လိုက်လာသော တပ်များက မီသွားကာ ပြန်ခေါ်သွားခဲ့ကြသည်။

သူ့ကို ဝေးကွာသော တစ်ပြည်တစ်ရွာမှ မင်းသမီး တစ်ပါးနှင့် လက်ဆက်ပေးရန် အမြန်ဆုံး စီစဉ်ကြသလို ဟေမမာလာ မင်းသမီးလေးကိုလည်း သိန္ဓရပူရ အိမ်ရှေ့မင်းသား နှင့် လက်ဆက်ရန် စီစဉ်နေသည်ဟု ကြားရသည်။ တိုက်ဆိုင်စွာပင် လက်ထပ်မင်္ဂလာပွဲ ဆင်နွဲမည့်ရက်မှာ တစ်ရက်တည်း ဖြစ်နေသည်။ ကျပ်တည်းစွာ ကြည့်ရှုထားသောကြောင့် ထွက်ပြေးရန် လုံးဝ အခွင့်မသာပါချေ။ လက်ထပ်ပွဲ မတိုင်ခင် တစ်ရက်အလိုတွင် သူ နှင့် လက်ထပ်မည့် မင်းသမီးလေးမှာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့သည်။ သိန္ဓရပူရ အိမ်ရှေ့မင်းသားကို ညီတော်က လုပ်ကြံပြီး ဟေမမာလာ မင်းသမီး နှင့် လက်ဆက်ရန် ကြံသည်။ လက်ထပ်ပွဲ ရက်တွင် အိမ်ရှေ့မင်းသား၏ သစ္စာရှိ လူယုံများက ညီတော်ကို လုပ်ကြံကြသည်။ သိန္ဓရပူရ ဘုရင်သည် သူ၏ အမတ်များနှင့် တိုင်ပင်၍ မင်းသမီးလေးမှာ ခိုက်သည်ဟု ယူဆကာ ချက်ချင်း ကွပ်မျက်ပစ်လိုက်သည်။

ဟေမမာလာ မင်းသမီးလေး၏ သတင်းကို ကြားသည်နှင့် သူသည် နန်းတွင်းမှ ထွက်ပြေးကာ မြို့အစွန်ရှိ ချောက်ကမ်းပါးထိပ်မှ ခုန်ချကာ ကိုယ့်ကိုကိုယ်ကို အဆုံးစီရင်ခဲ့သည်။ လူအများကတော့ ဟေမမာလာ မင်းသမီး ၏ မယ်တော်က သမီးသေသလို သူ့ကိုပါ သေစေရန် ဖန်တီးခဲ့သည် ဟုပြောကြသည်။

***

(၃)

သုံးနှစ်ဆိုသော အချိန်ကာလသည် လဲ့ဝတ်ရည် အတွက် အတိတ်မှ အနာတရများကို ပြေပျောက်စေဖို့ရာ သိပ်တော့ မလုံလောက်ချင်သေးပါ။ နိုင်ငံရပ်ခြားမှာ ဒီပလိုမာ တစ်နှစ်၊ မာစတာ နှစ်နှစ် ပြင်းပြင်းထန်ထန် စာကြိုးစားခဲ့သည်။ အဲဒီနောက်တော့ မေမေကလည်း ကျန်းမာရေးမကောင်း ဟုဆိုပြီး ပြန်ခေါ်သဖြင့် မြန်မာနိုင်ငံ ပြန်ခဲ့ရသည်။ တကယ်တော့ မေမေက သမီးကို လွမ်းပြီး ပြန်ခေါ်ခြင်းသာ ဖြစ်သည်။

ကြာခဲ့ပြီ ဆိုပေမယ့်လည်း အတိတ်နှင့် ဝေးရာမှာသာ နေချင်သောကြောင့် မွေးရပ်မြေမှာ မနေပဲ ရန်ကုန်မှာ အလုပ်ဝင်လုပ်ခဲ့သည်။ လစာကောင်း သော်လည်း ဘာကိုမှ မတွေးနိုင် မငေးနိုင် လောက်အောင် အလုပ်များလှသည်။ ဘော့စ် ကိုယ်တိုင်က အလွန်အလုပ်လုပ်သူ ဖြစ်သောကြောင့် သူ့အတွင်းရေးမှုး လဲ့ဝတ်ရည် မှာလည်း ပင်ပန်းလှသည်။ သူမ၏ ဘော့စ်သည် အသက် သိပ်မကြီးသေး သော်လည်း တော်တော်လေး တည်ကြည်သည်။ အမျိုးသမီး ၀န်ထမ်းများနှင့် လုံးဝ အပို စကား မပြော။ သူ့ကို မျှော်လင့်နေသော ဂုဏ်ကြီးရှင် အမျိုးသမီးများ ကိုလည်း လုံးဝ မပတ်သက်မိအောင် ရှောင်သည် ဟု သတင်းတွေ ဖြစ်နေသည်။ သူ့ အတိတ်က အသည်းကွဲဒဏ်ရာ ကြောင့် ဖြစ်နိုင်သည် ဟု ခန့်မှန်းကြသည်။ တစ်ချို့ အမျိုးသမီးများကလည်း မာနကြီးပြီး ဘ၀င်ကိုင်သည် ဟုထင်ကြသည်။ သူမ အတွက်တော့ သူ့ကို စမြင်လိုက်စဉ်ကပင် ရင်းနှီးခင်မင် သလို ခံစားရသည်။ သို့သော် တကယ်တမ်းတော့ ငါးလကျော် အလုပ်ဝင်ပြီးသည့် ခုချိန်တိုင်အောင်ပင် မရင်းနှီးသေးပါ။ သူကလည်း သူမကို ဆိုလျှင် အတွင်းရေးမှုး ဖြစ်လျှက်နှင့် အခြားဝန်ထမ်းများ ထက်ပင် ခပ်တည်တည် ဆက်ဆံသည် ဟု ထင်ရသည်။

တစ်နေ့မှာတော့ အမြဲတမ်း အေးစက်ခဲ့သော သူ့ဆီမှ အလေးထားမှု တစ်ခု ကို ရခဲ့ပါသည်။ အဲဒီနေ့က သူမမွေးနေ့ ဆိုတာကို တကယ်ပင် မေ့နေခဲ့ပါသည်။ ပြန်ကာနီးတော့ သူက ခေါ်ပြီး “’ဒီနေ့ မင်းမွေးနေ့ မဟုတ်လား လဲ့ဝတ်ရည်” ဟု ပုံမှန် အသံနှင့် မေးပြီး “ရော့ မွေးနေ့ လက်ဆောင်” ဆိုပြီး ဘူးလေးတစ်ဘူး ပေးသည်။ အဲဒီတော့မှပဲ ကိုယ့်မွေးနေ့ကိုယ် သတိရတော့တာပင်။ သူကတော့ ပေးပြီးတာနှင့် “စောစော ပြန်ချင်လည်း ပြန်တော့လေ” ဆိုပြီး သူ့အလုပ်သူ ဆက်လုပ်နေတော့သည်။ ဆရာ့ကို တစ်ခုခုကျွေးပါရစေ လို့လည်း မပြောရဲတော့ပဲ ယူပြီး ပြန်ခဲ့ရသည်။

သူ့မွေးနေ့ လက်ဆောင်က စိန်ပွင့် ကလေးနှင့် ခရမ်းစွဲကျောက်လေး စပ်ထားသော ဆွဲသီး ပိစိလေးနှင့် ချစ်စရာကောင်းသော ပလက်တီနန် ဆွဲကြိုးကလေး တစ်ကုံးပါ။ ဒီလို တန်ဖိုးကြီးတာကို သူက သာမန် လက်ဆောင်လို၊ ဘောနပ်စ် ပေးသလို ပေးခဲ့သည်။ ဒီလောက် တန်ဖိုးကြီးတာကြီး မပေးပါနဲ့လို့လည်း မပြောရဲပါဘူး။ သူမ မွေးနေ့ကိုတော့ ကိုယ်ရေးရာဇ၀င်ထဲက သိထားပဲ ဖြစ်မည်။ သူက သူ့အတွင်းရေးမှုးတိုင်းကို ဒီလိုပဲ ဘောနပ်စ် အနေနှင့် တန်ဖိုးကြီးကြီး မွေးနေ့လက်ဆောင် ပေးတတ်သလားပဲ။ သူမ အတွက် ရည်ရွယ်ပြီး သတိတရ ၀ယ်ထားတာမျိုး ဖြစ်စေချင်ပေမယ့်လည်း ဟုတ်မယ်မထင်ပါ။ ဘာပဲဖြစ်ဖြစ် သူမကတော့ ဆွဲကြိုးလေးကို သဘောကျသည်။ ဒီလိုပဲ ဆွဲကြိုး လက်ဆောင်ပေးခဲ့ဖူးသော တစ်စုံတစ်ယောက် ကိုလည်း သတိရမိသွားသည်။ အခုတော့လည်း အရင်လို မခံစားရတော့ပဲ ပြန်တွေးနိုင်နေပါပြီ။

***

ကိုကို နှင့် လဲ့ဝတ်ရည်က ငယ်ငယ်ကတည်းက ခြံချင်းကပ်ရက် နေလာခဲ့ကြပြီး မောင်နှမလို ခင်ခဲ့ကြသည်။ ကြီးလာတော့လည်း သဘာဝအတိုင်း အရောင်ပြောင်း ခဲ့ကြသည်။ တက္ကသိုလ် ဒုတိယနှစ်မှာ နောက်ထပ် သူမ အချစ်ကို ရယူလိုသူ တစ်ယောက် ပေါ်လာသည်။ သူ့ကို သူမက သူငယ်ချင်းလိုတော့ ခင်ခဲ့ပါသည်။ သူမမှာ ကိုကို ရှိပြီးသား ဖြစ်သည့် အကြောင်းလည်း သူ့ကို ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား။ သို့ပေမယ့် သူက စိတ်မလျှော့ခဲ့။ သူမကို အနှောက်အယှက် ဖြစ်ရလောက်အောင် မဟုတ်ပေမယ့် သူ့အချစ်ကို သိအောင်တော့ စိတ်ကူးယဉ်ဆန်သော လုပ်ရပ်များနှင့် အမြဲပြတတ်သည်။ နှင်းဆီပန်း စည်းတွေကို အကြောင်းအမျိုးမျိုးနှင့် ပေးတတ်သည်။ သူ့ခံစားချက်နှင့် ဆင်တူသည့် သီချင်းတွေပါ ဆိုပြီး အင်္ဂလိပ်သီချင်းရော မြန်မာသီချင်းတွေပါ selection သွင်းထားသော Mp3 player တစ်ခုလည်း ပေးဖူးသေးသည်။ သီချင်းကြိုက်သော သူမက အဲဒါလေးကို ကိုကို မသိအောင် ယူထားပြီး ကိုကို မြင်တော့ ကိုယ်ဟာကိုယ် ၀ယ်တာပါလို့ ညာခဲ့သေးသည်။ ကိုကို ကတော့ အင်ဂျင်နီယာ ပီပီ လက်တွေ့သမား၊ စိတ်ကူးယဉ်ဆန်တာမျိုး ဘယ်တော့မှ မလုပ်တတ်။ သူမက ကိုကို့ တကယ်ချစ်သော်လည်း သူ့ အပြော နှင့် သူ့ဂရုစိုက်မှုများမှာ သာယာချင်မိသည်။ သူငယ်ချင်းတွေပဲ ဆိုပြီး ခါတိုင်းလိုပဲ ပုံမှန် ရင်းရင်းနှီးနှီး နေမိတာ သူ့ကို မျှော်လင့်ချက် ပေးမိသလို ဖြစ်နေတာကို သတိမထားမိခဲ့။

သူမ မွေးနေ့မှာ သူက ပလက်တီနန် ဆွဲကြိုးလေး တစ်ကုံး လက်ဆောင် ပေးတော့လည်း ငြင်းဆန် မရပဲ ယူလိုက်ရတာပင်။ ကိုကို ကတော့ လက်စွပ်ကလေး ပေးပြီး လက်ထပ်ရအောင်ဟု ဆိုလာသည်။ အဲဒီနှစ်က ကိုကို က ကျောင်းပြီးပြီ။ သူမက နောက်ဆုံးနှစ် တက်နေတုန်း။ နှစ်ဖက်မိဘ ကလည်း သဘောတူပြီးသားမို့ နောက်ဆုံးနှစ် စာမေးပွဲ ဖြေအပြီးမှာ ကိုကို နှင့် သူမ လက်ထပ်ကြရန် စီစဉ်ထားသည်။ သူအရမ်းခံစား နေရသည် ဟု သူငယ်ချင်းများက သတင်းပေးကြသည်။ သူမ ဘာမှ မတတ်နိုင်ပါ။ သူ့ကို အရင်ကတည်းက သူမ လက်ထပ်မည့်သူ အဖြစ် ကိုကို ကို့ မိတ်ဆက် ပေးထားပြီးသားပဲလေ။ သူ့ကို သူငယ်ချင်းလိုပဲ သဘာထားတယ် ဆိုတာလည်း အကြိမ်ကြိမ် ပြောခဲ့ပြီးသားပဲ။ သို့ပေမယ့် သူ့ဘက်မှာ အကြံအစည် ရှိနေတာကို သူမ လုံးဝ မရိပ်မိခဲ့ပါ။

စာမေးပွဲ နောက်ဆုံးနေ့မှာ သူက သူမကို ညာခေါ်ပြီး ကားတင် ပြေးခဲ့ပါသည်။ မြို့အထွက်မှာ သူမက ရုန်းကန်ပြီး စတီရာရင်ကို အတင်းဆွဲလှည့်ရာမှ ကုန်ကားကြီး တစ်စင်းနှင့် တိုက်မိပြီး သူက ဆေးရုံအရောက်မှာ ဆုံးသွားခဲ့သည်။ သူမကတော့ နှစ်ရက် သတိမေ့နေပြီးနောက် အကောင်းပကတိ ပြန်လည် ကျန်းမာလာခဲ့သည်။ သူသေကာနီးတွင် အိပ်မက်ထဲက အဘွားကြီး ငါ့ကို လာခေါ်နေပြီ ဟု ကယောင်ကတမ်း ပြောခဲ့သည်ဟု ဆိုကြသည်။ ကိုကို နှင့် လက်ထပ်ဖို့ နှစ်ဖက်မိဘ ညှိနှိုင်းကြသည့် ရက်က သူမလည်း အဘွားကြီး တစ်ယောက်ကို အိပ်မက်မက်ဖူးသည်။ ကိုကို က သူမရဲ့ ဖူးစာရှင် မဟုတ်သည့် အတွက် လက်ထပ်လို့ မရပါ ဟု ဆိုသည်။ သမီး ရဲ့ ဖူးစာရှင် မဟုတ်ပဲ သမီးကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ရင် အဲဒီလူ ဒုက္ခရောက်လိမ့်မယ် ဟု ပြောသွားသည်။ ကိုကို့ ကို ပြန်ပြောပြတော့ ဆောင်းတွင်းအိပ်မက် ကယောက်ကယက် ဆိုပြီး ရယ်ခဲ့သေးသည်။ အခုလည်း သူက သူမကို အတင်းအဓမ္မ ပိုင်ဆိုင်ဖို့ ကြိုးစားသူ ဆိုတော့ အိပ်မက်ထဲက အဘွားကြီး ပြောသလိုများ ဖြစ်သလား။ သူ့ အိပ်မက်တွေမှာ ရော အဲဒီလိုများ မက်ဖူးခဲ့သလား။ သူမ မသိနိုင်ပါ။

အရင်ရက်ကို နောက်ရွှေ့လိုက်ရပြီး လေးလလောက်ကြာတော့မှ သူမတို့ မင်္ဂလာပွဲကို ကျင်းပဖို့ စီစဉ်ခဲ့သည်။ အဲဒီအချိန်တွေမှာ သူမ အရင်မက်ဖူးသည့် အိပ်မက်ကို မက်ပြန်သည်။ သူမက ကိုကို့ အတွက် စိုးရိမ်ခဲ့ပြီး မိဘတွေကိုပါ ပြောပြခဲ့မိသည်။ အားလုံးက မယုံကြည်ကြပဲ အစွဲအလမ်း မထားဖို့ ဖြောင်းဖြ ကြသည်။ အဲဒီရက်တွေမှာ အိပ်မက်ဆိုးတွေ အမျိုးမျိုးမက်သည်။ အဘွားကြီးရဲ့ ခြိမ်းခြောက်သော အိပ်မက်များ အပြင် ရာဇ၀င် ဇာတ်လမ်း ကြည့်ရသလို အိပ်မက်မျိုးလည်း မက်သေးသည်။

မင်္ဂလာပွဲ မတိုင်ခင် နှစ်ရက်အလိုသို့ ရောက်လာသည်။ ကိုကို က သူအလုပ်လုပ်ရာ ဆိုက်ထဲသို့ ခဏဆိုပြီး သွားသည်။ သူမက မျက်နှာနှင့် ဆံပင် ပေါင်းတင်ဖို့ အလှပြင်ဆိုင်ကို သွားသည်။ အိမ်ပြန်ရောက်တော့မှ ကိုကို အလုပ်ခွင်မှာ ထိခိုက်ကြောင်း ကြားရသည်။ ဘယ်တုန်းကမှ ပြုတ်မကျဖူးတဲ့ ကျောက်ပြားတစ်ချပ် ပြုတ်ကျပြီး ကိုကို့ကို ထိသွားခြင်းဖြစ်သည်။ ဆေးရုံကို လိုက်သွားတော့ ကိုကိုက သတိပြန်လည် မလာတော့ပဲ သူမကို ထားသွားခဲ့သည်။ သူမ ဖြေဆည်ရာ မရနိုင်အောင် ခံစားနာကျင်ခဲ့ရသည်။ သူမကြောင့် ကိုကို့ကို ခိုက်တာ ဟုလည်း ထင်ပြီး ယူကျုံးမရ ဖြစ်ခဲ့ရသည်။

***

(၄)

သူငယ်ချင်းတစ်ယောက်၏ မင်္ဂလာဆောင် မှာ လဲ့ဝတ်ရည်တို့ မတွေ့တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေ အတော်များများနှင့် တွေ့ကြသည်။ သူမ အကြောင်း အတွင်းသိ အစင်းသိတွေလည်း ပါသည်။ အဲဒီမှာ သူမ ရဲ့ ဘော့စ် အကြောင်းကို မသိသေးတာတွေ ကြားလာရသည်။ သူမတို့ တစ်ဖွဲ့တည်း သူငယ်ချင်း မေ၏ အမျိုးသားက ဘော့စ် ရဲ့သူငယ်ချင်း ဖြစ်နေသည်။ မေ က သူ့ယောင်္ကျားထံမှ သိထားခြင်း ဖြစ်သည်။ ဘော့စ် မှာလည်း သူမလိုပင် မေ့ထားချင်သည့် အတိတ်ဆိုး တစ်ခု ရှိနေသည့် အကြောင်းပင်။ မေ က လဲ့ဝတ်ရည်၏ နောက်ကြောင်း အားလုံးသိသူတွေ ထဲမှာ ပါသည်။ မျက်ရည်ခံမှဲ့ မရှိပါပဲ သူမနှင့် ပတ်သတ်သူ နှစ်ယောက်လုံး အဖြစ်ဆိုးနှင့် သေဆုံးခဲ့ရသည်မှာ တိုက်ဆိုင်မှု မဟုတ်နိုင်ဟု မေက အရင်ကတည်းက ထင်မြင် ခဲ့သည်။ အခု အဲဒီအဖြစ်အပျက်မျိုး နောက်ထပ် သိလာရသော အခါ မေက လဲ့ဝတ်ရည်ကို ပြောပြချင်ခဲ့တာ ကြာလှချေပြီ။ မေက အဲဒီ အိပ်မက်များရဲ့ နောက်ကြောင်း ရာဇ၀င်ကို အသေအချာ သိလိုလှသည်။ သို့သော် လဲ့ဝတ်ရည် ကိုယ်တိုင်ကလည်း သေချာမသိပါ။ (သူ့ အမျိုးသား ပြောသော ဇာတ်လမ်းမှာလည်း အိပ်မက် ထဲက ဇာတ်လမ်းတော့ မပါဝင်ပါ။)

ပတ်သက်သူတိုင်း ခိုက်တတ်သည် ဆိုသောသူ နှစ်ယောက်သာ ပတ်သက်မိလျှင် ဘယ်သူ့ကို ခိုက်မလဲ ဆိုတာကို မေက သိချင်လှသည်။ သို့သော် ဒီလိုတော့ ပြောလို့မကောင်းပါ။ ပြောလို့ကောင်းတာက သူတို့ကို အိပ်မွေ့ချ စစ်ဆေး စေချင်သည်။ မေ ကိုယ်တိုင်က စိတ်ရောဂါ အထူးကု ဖြစ်ဖို့ တက်နေသူ ဖြစ်သောကြောင့် မေ့ ဆရာကြီးများ ဆီမှာ စစ်ဆေးစေချင်သည်။ သို့ပေမယ့် ဘယ်လိုစပြော ရမှန်းမသိ ဖြစ်နေသည်။ အမျိုးသား ကိုလည်း သူ့သူငယ်ချင်းကို ပြောဖို့ ပြောထားသည်။ သူလည်း ပြောရသေးဟန် မတူပါ။ မေသိရသလောက် သူတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ အိပ်မက်တွေထဲမှာ အဘွားကြီး တစ်ယောက်ပါတာလည်း တူနေသည်။ တစ်ခြားလူနှင့် ဖူးစာဖက် မဟုတ်ဟု ပြောတာချင်းလည်း တူနေသည်။ ဇာတ်လမ်း အတိအကျကို မသိရပေမယ့် သူတို့နှစ်ယောက် ပတ်သက်နိုင်သည်ဟု မေက ထင်နေသည်။

မေက တိုက်တွန်းသော်လည်း လဲ့ဝတ်ရည်က အတိတ်အကြောင်းတွေ လုံးဝမသိချင်ပါ ဆိုပြီး အိပ်မွေ့ချ စစ်ဆေးရန် သဘောမတူပါ။ သူမက တစ်ခါမှ အိပ်မက်ထဲက ဇာတ်လမ်းကို ပြီးဆုံးအောင် မမက်ဖူးပေမယ့် ဇာတ်သိမ်း မကောင်းမှာကို ခံစားမိသဖြင့် ဇာတ်သိမ်းကို သိချင်စိတ်လည်း မရှိတော့ပါ။

***

(၅)

ဇေယျသူ သည် အရင်ကတည်းက မိန်းကလေးများနှင့် ရောနှောတတ်သူ မဟုတ်သော်လည်း တတိယအကြိမ်မြောက် အဖြစ်အပျက် အပြီးမှာတော့ မိန်းကလေးများနှင့် ပို၍ ခပ်ကင်းကင်း နေခဲ့သည် မှာ တစ်ချို့က မာနကြီးသည် ဟု အထင်အမြင်လွဲခံရသည် အထိပင်။ သူဘက်ကလည်း ဘယ်သူ့ကိုမှ သံယောဇဉ် မဖြစ်ချင်။ သူ့ကိုလည်း ဘယ်သူကမှ မတွယ်ငြိစေချင်ပါ။ သူခြေထောက် မကောင်းတုန်းကပင် အမျိုးသား သူနာပြုသာ ငှားခဲ့သည်။ သူ့ အတွင်းရေးမှုး အနေနှင့်လည်း အမျိုးသားနှင့် အသက်ကြီးကြီး အမျိုးသမီးကြီး များကိုသာ ထားချင်ခဲ့သော်လည်း အဆင်မပြေ သဖြင့် မလွှဲသာပဲ အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်ကို ထားခဲ့ရသည်။ ထို အတွင်းရေးမှုး အပါအ၀င် သူ့ရုံးက တစ်ခြားအမျိုးသမီး ၀န်ထမ်းများကိုလည်း ဘယ်တော့မဆို တည်တည် မှန်မှန်သာ ဆက်ဆံခဲ့သည်။ အတိတ်ဆိုး များကို မေ့နိုင်ဖို့ အလုပ်ကိုသာ ဖိလုပ်ခဲ့ပါသည်။

သူ့ဘ၀မှာ အချစ်ဆိုတာ နောက်တစ်ကြိမ် ရှိလာလိမ့်ဦးမယ် လို့လည်း မထင်ခဲ့မိပါ။ သို့ပေမယ့်လည်း သူ မသိလိုက်ခင် မှာပင် အချစ်က နောက်တစ်ကြိမ် နေရာယူ ပြီးနေလေပြီ။ ဒါကို သူမတော့ ဘယ်တော့မှ မသိစေရ ဟု သူဆုံးဖြတ် ထားပါသည်။ သူ့ဘ၀ရဲ့ ကျိန်စာဆိုးထဲ သူမကို မပါစေချင်ပါ။

အခုတလောမှာ သူ့စိတ်တွေ ဖောက်ပြန်လို့လား မဆိုနိုင်၊ မမက်တာ ကြာပြီဖြစ်သော သူ့အတိတ်ဘ၀ဟု ထင်ရသည့် အိပ်မက်ကို မက်နေပြန်သည်။ ဇာတ်လမ်းထဲက မင်းသားဟာ သူပဲ ဆိုတာ စိတ်ထဲက သိနေသော်လည်း အိပ်မက်ထဲမှာတော့ ဘယ်သူ့မျက်နှာကိုမှ သဲသဲကွဲကွဲ မမြင်ရပါ။ သူ့သူငယ်ချင်း တစ်ယောက်ကတော့ သူ့အမျိုးသမီး၏ ဆရာ စိတ်ရောဂါ အထူးကု တစ်ယောက်ယောက် ဆီမှာ အိပ်မွေ့ချ စစ်ကြည့်ဖို့ ပြောနေသည်။ သူက အတိတ် ဇာတ်လမ်းကို အစအဆုံး သိပြီးသားမို့ လုပ်မကြည့်ချင်တော့ပါ။ အတိတ်က သစ္စာတစ်ခုက ဘ၀ဆက်တိုင်း လိုက်နေမည် ဆိုတာ… သူ့အတွက်တော့ မယုံလို့ မရသည့် အနေအထားကို ရောက်ခဲ့ပြီးပြီ မို့သာ ယုံရသည်။ တကယ်တန်းတော့ ယုံနိုင်စရာလည်း မဟုတ်ပါ။

သူနှင့် အရင်ကတည်းက အလုပ်တွဲ လုပ်ခဲ့ဖူးသူ ကပြား မိန်းကလေး ရှယ်ရီ ရောက်လာသဖြင့် ထမင်းလိုက်ကျွေးရ၊ လိုက်ပို့ရ နှင့် တတွဲတွဲလို ဖြစ်သွားသည်။ အမှန်တကယ်တော့ သူမက ပွင့်လင်းပြီး ယောင်္ကျားဆန် သဖြင့် သူကလည်း တခြား မိန်းကလေးတွေလို မဟုတ်ပဲ ပိုရင်းနှီးမိတာပင်။ သူမမှာလည်း အတူနေသူ ရှိပြီးသားဖြစ်ပြီး သူတို့ နှစ်ယောက် ကတော့ တကယ့်ကို ရိုးသားစွာ ခင်မင်ကြတာဖြစ်သည်။ သို့သော် သူ့စိတ်ထဲကိုတော့ အိပ်မက်များ ဖန်တီးရှင်က သိဟန်မတူပါ။

ထိုနေ့တွေမှာ အရင်ကနှင့် သိပ်မတူသော အိပ်မက်ကို မက်သည်။ အဘွားကြီး အသံက သူ့ဖူးစာရှင်သည် သူ့အနားသို့ ရောက်နေပြီ ဟု ဆိုသည်။ တစ်ခြား တစ်ယောက် အပေါ် စိတ်မကစား ပါနဲ့ ဒုက္ခတွေ့သွားမည် ဟု ခြိမ်းခြောက်သည်။ ရှယ်ရီ တစ်ခုခုဖြစ်မှာကိုတောင် စိုးရိမ်မိသည်။ ဘာမှမဖြစ်ပဲ ပြန်သွားမှပင် သူ့မှာ စိတ်အေးရသည်။

***

(၆)

နောက်သုံးပတ် အကြာမှာ သူတို့ ကုမ္ပဏီ နှစ်ပတ်လည်ပွဲ အချိန်သို့ ရောက်တော့မည်။ နှစ်ပတ်လည် အချိန်တိုင်း ၀န်ထမ်းတွေ စုပြီး ခရီးတစ်ခုခု သွားနေကြဖြစ်သည်။ ဒီနှစ်တော့ အရင်နှစ်တွေနှင့် မတူအောင် တောခရီးတစ်ခု တစ်ခုသွားဖို့ စီစဉ်ထားသည်။

အဲဒီခရီးက ဘယ်ကိုမှန်း သေချာ မသိသေးခင်မှာ လဲ့ဝတ်ရည် အိပ်မက် တစ်ခု မက်သည်။ စိမ်းလန်းသော တောခရီး တစ်ခု၊ ဘုရားလေးတစ်ဆူနှင့် ဇရပ်တစ်ဆောင်…။ အဲဒီနေရာကို ရောက်သွားခိုက်မှာ သူမစိတ်တွေ အေးချမ်းသွားသည်ဟု ခံစားရသည်။ အရင်ကတည်းက ရောက်ဖူးခဲ့သလိုလည်း စိတ်ကထင်မိသည်။

ဘောစ် အပါအ၀င် တစ်ဖွဲ့လုံး Express ကားကြီး တစ်စီး စီးလုံးငှားပြီး တောင်တက်ခရီး ထွက်ခဲ့ကြသည်။ ဟိုအရင် နှစ်တွေကတော့ ဘောစ်က ဘယ်တော့မှ မလိုက်ခဲ့ဖူးပဲ ဒီနှစ်မှ ထူးထူးခြားခြား လိုက်လာခြင်းဖြစ်သည်ဟု သိရသည်။ လဲ့ဝတ်ရည် အပါအ၀င် အားလုံးက အလုပ်ခွင်နှင့် ဝေးသဖြင့် စိတ်လက် ပေါ့ပါးပြီး ပျော်ရွှင်နေကြသည်။

ဇေယျသူ ကိုယ်တိုင်လည်း သူတို့နှင့် ရောပြီး ပျော်နေမိသည်။ ရင်းနှီး ကျွမ်းဝင်ဖူးသော နေရာတစ်နေရာကို သွားရသလိုလည်း ခံစားရသည်။ ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုကြောင့် အတိတ်က စိတ်ညစ်စရာ အားလုံးကိုလည်း အပြီးတိုင် လွှင့်ပစ်လိုက်မိသည်။ ခရီးလမ်း တစ်လျှောက်က ဘုရားတွေကိုလည်း ၀င်ဖူးခဲ့ကြသည်။ သူ့ကို လဲ့ဝတ်ရည်တို့ အုပ်စုက ခေါ်သဖြင့် သူက သူမတို့နှင့် တစ်အုပ်စုတည်း ဖြစ်သွားသည်။ သူ့ဘက်က တကူးတက မရှောင်တော့ သဖြင့် လဲ့ဝတ်ရည်နှင့် ပိုရင်းနှီးလာသည်။ တောင်တက်ကြတော့လည်း အတူတူပင်။ လဲ့ဝတ်ရည်ကလည်း အပင်ပန်းခံနိုင်သူ တစ်ယောက်မို့ တောင်ထိပ်ပေါ်က ဘုရားအပြင် တခြားတောင်ထွတ်တစ်ခု ကို သွားကြတော့လည်း ပါတာပင်။ တချို့ အပင်ပန်း မခံနိုင်သူများက တောင်ခြေက ဘုရားမှာတင် ကျန်ခဲ့ကြသည်။ တချို့ကလည်း တောင်ထိပ်ပေါ်က ဘုရားမှာ ကျန်ခဲ့ကြသည်။

ဒီဘက် တောင်ပေါ်ကို လာကြတာ ဇေယျသူနှင့် လဲ့ဝတ်ရည် အပါအ၀င် ငါးယောက်လောက်သာ ဖြစ်သည်။ ထိုလမ်းကလေး ကိုမြင်တော့မှ အိပ်မက်ထဲက လမ်းကလေးကို သတိရသည်။ ဒီတောအုပ် အစပ်ကို ရောက်လာ ကတည်းက သူတို့စိတ်ထဲ တမျိုးတမည် ခံစားလာရသည်။ ဟိုအရင် တချိန်ချိန်က ဒီနေရာ တ၀ိုက်ကို ရောက်ဖူးသလိုလို စိတ်ထဲ ထင်လာသည်။

ထိုတောင်စွယ် ထိပ်တွင် ဘုရားကလေး တစ်ဆူနှင့် ဇရပ်တစ်ဆောင် ရှိသည်။ ဇရပ်ထဲတွင် သီလရှင်ဆရာကြီး တစ်ဦးနှင့် ယောဂီ သုံးလေးယောက် ရှိသည်။ တရားအားထုတ်ဖို့ လာနေကြသူ တစ်ချို့လည်းရှိသည်။ သူတို့ ၀င်သွားတော့ သီလရှင် ဆရာကြီးက အသီးအနှံတွေ ချကျွေးပြီး သူတို့လာမှာကို သိနေသည် ဟုဆိုသည်။ ပြန်ကာနီး တခြားလူတွေက တောင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေကြတုန်း သီလရှင် ဆရာကြီးက သူတို့နှစ်ယောက်ကို ခဏလာပါဦးဟု ပြန်ခေါ်သည်။ လဲ့ဝတ်ရည် စိတ်ထဲတွင် သီလရှင်ကြီးကို ရင်းနှီးနေမိသည်။

“အရင် အတိတ်ဘ၀ တစ်ခုက ဆုတောင်း မှားခဲ့တဲ့ အဖြစ်အပျက်က အခု နှစ်ပေါင်းများစွာ ကြာတဲ့အထိ အကျိုးသက်ရောက် နေတုန်းပဲ၊ ဒီဘ၀မှာတော့ ဒါကို အဆုံးသတ်မှ ဖြစ်တော့မယ်ကွယ့်”

သီလရှင်ကြီး ရဲ့ စကားအဆုံးမှာ ဇေယျသူက အားလုံးကို ဆက်စပ် မိသွားသည်။ အိပ်မက်ထဲတွင် ၀ါးတားတား ဖြစ်နေသော မျက်နှာများကို စိတ်အာရုံထဲတွင် ထင်ထင်လင်းလင်း မြင်သွားသည်။ “မင်းဖူးစာရှင်က မင်းအနားမှာ ရောက်နေပြီ” ဆိုသော အဘွားကြီး စကားကို ကြားယောင်မိသည်။ သီလရှင်ကြီးက ဇာတ်ကြောင်းပြန် နေတာကိုပင် ကြားတစ်ချက် မကြားတစ်ချက်။

လဲ့ဝတ်ရည် ကတော့ သီလရှင်ကြီး ပြောပြမှပင် ဇာတ်ရည်လည်သွားသည်။ သူမက ဘယ်တုန်းကမှ ဒီဇာတ်လမ်းကို အစအဆုံး အိပ်မက် မမက်ဖူးခဲ့။ အပိုင်းပိုင်း အပြတ်ပြတ်သာ မက်ဖူးသည်။ သီလရှင်ကြီးမှာ တကယ်တော့ သူမ၏ အတိတ်ဘ၀က မယ်တော်ကြီး ဖြစ်နေသည်။ မယ်တော်ကြီး ကျိန်ဆိုစေခဲ့သော သစ္စာစကားကြောင့် သူတို့ လက်ထပ်ဖို့ စီစဉ်လိုက်တိုင်း အဖြစ်အပျက်ဆိုးနှင့် ကြုံတွေ့ရခြင်းပင်။ ဒီနေရာက သူတို့နှစ်ယောက် ထွက်ပြေးပြီး ပြန်ဖမ်းမိခဲ့သော တောအုပ် တစ်နေရာ ပင် ဖြစ်သည်။

“ဒီ ရုပ်ပွားတော်က ဆုတောင်းပြည့်တယ်ကွယ့်၊ အဲဒီတော့ ဒီကျိန်စာဆိုးကို နောက်ဘ၀တွေ အထိ မပါအောင် အသစ် ပြန်ဆိုကြ”

သီလရှင်ကြီးက ဘုရားခန်းထဲမှ ရုပ်ပွားတော်ကြီး ရှေ့တွင် ဆုတောင်းရန် စကားကို တိုင်ပေးသည်။

“ကျွန်တော်/ကျွန်မ တို့ အတိတ်ဘ၀က ဆိုခဲ့သော သစ္စာစကား သည် ယခုအချိန် မှစ၍ ပျက်ပြယ်ပါစေ သတည်း”

သုံးကြိမ် ဆိုခိုင်းသဖြင့် သူတို့ကလည်း ဆိုလိုက်ကြသည်။

“ကျွန်တော်/ကျွန်မ တို့ ၏ ဖူးစာရေစက်သည် ယခုဘ၀ မှစ၍ ပျက်ပြယ်ပါစေ သတည်း”

ဒါကိုတော့ သူတို့က မဆိုချင်ကြ သဖြင့် တိတ်သွားသည်။

“ကဲကဲ မဆိုချင်လည်း နေကြတော့၊ မင်းတို့က ဒီဘ၀မှာလည်း ရေစက်က ကျန်နေသေးတာကိုး…အင်းလေ ဖူးစာ ဆိုတာကလည်း လွယ်လွယ်ကူကူ မပျက်နိုင်တဲ့အရာပဲ”

နှစ်ယောက်သား စိတ်ထဲမှာ… နောက်ဘ၀မှာ ဆုံစည်းပါစေလို့လည်း ဆုမတောင်းလို၊ မဆုံစည်းပါစေနဲ့ လို့တော့ လုံးဝ ဆုမတောင်းချင်။ ဒီဘ၀ ဖူးစာရေစက် ကိုတော့ဖြင့် ထိန်းသိမ်းထားချင်ပါသေးသည်။

သိင်္ဂါကျော်

18.9.08. 11:35 pm.

(စာရွက်ပေါ်မှာ တစ်ပိုင်းတစ်စ ရေးပြီး အဆုံးမသတ်ပဲ ထားခဲ့မိတာ နှစ်နဲ့ချီပြီးကို ကြာနေပြီ ဖြစ်တဲ့ ၀တ္တုလေးကို ဆုံးအောင် ဆက်ရေးပြီး တင်လိုက်တာပါ။)


04 September, 2008

အသံတွေရဲ့အကြောင်း

အသံတွေနဲ့ ဆူညံနေတဲ့ ပတ်ဝန်းကျင်ကို သူမုန်းသည်။ သူမုန်းတဲ့ အသံ အမျိုးအစားတွေကလည်း တော်တော်များ သည်။ သူ့ အတွက် တိတ်ဆိတ်သော ပတ်ဝန်းကျင် တစ်ခုက ရွှေထက်ရှားနေသော အချိန်တွေ ကလည်း တော်တော် များခဲ့သည်။

ရန်ကုန်မှာ ကျောင်းလာနေရတယ် ဆိုကတည်းက ကိုယ်ပိုင်တိုက်ခန်း မရှိသူ အားလုံးအတွက် အဆောင်ရှာပြီး နေကြရတာ ထုံးစံပါ။ အဲဒီမှာ သူ့အတွက် ကျေနပ်လောက်သော နေရာကို မရခဲ့တာများသည်။

သူက သူကိုယ်သူ သိပ် ဥာဏ်မကောင်းလှသူ ဟုထင်သည်။ ဆူညံသော ပတ်ဝန်းကျင်မှာ စာကျက်လျှင် တော်တော်နှင့် စာမရတတ်။ တိတ်တိတ် ဆိတ်ဆိတ် ဆိုလျှင်တော့ ခဏလေးနှင့် ရလွယ်သည်။ အာရုံစူးစိုက်နိုင်စွမ်း သိပ်မရှိတာလည်း ဖြစ်နိုင်သည်။ သူ ဆိုတာကလည်း အတွေးများသူ၊ စိတ်ကူးယဉ်တတ်သူလည်း ဖြစ်သေးသည်။ သူစာကျက်ချင်သော အချိန်မှာ ကျက်မရသောအခါ… သူ တိတ်တဆိတ် တွေးနေ ဆွေးနေ တုံးမှာ အနှောက်အယှက် များလာသော အခါ… အသံတွေကို မုန်းလာသည်။

အပြင်ဆောင်မှာ အပြင်လူတွေနှင့် ရောနေရသော အခါက တခြားလူတွေက တီဗွီက ဇာတ်လမ်းတွေကို အကျယ်ကြီး ဖွင့်ကြသည်။ ဘောလုံးပွဲတွေကို အကျယ်ကြီး ဖွင့်ကြသည်။ ညနက်သန်းခေါင် အထိ စကားတွေများ ကြသည်။ အတူနေ သူငယ်ချင်းကလည်း သူများ ကို အားနာ သိတတ်ရမှန်း မသိ၊ အသံ အကျယ်ကြီး အော်၍ စာကျက်တတ်သည်။ သူ့အတွက်တော့ အဲဒီ အဆောင်မှာ နေရစဉ်အခါက ငရဲကျသလိုပင်။ ပိုင်ရှင်တွေ ကလည်း သဘောကောင်းကြပါသည်။ ဆိုင်မှာ ဖြစ်သလို ၀ယ်စားသော သူတို့နှစ်ယောက်ကို မကြာခဏလည်း အိမ်ထမင်း အိမ်ဟင်း ချက်ကျွေးတတ်သည်။ သူငယ်ချင်းကိုလည်း ခင်ပါသည်။ သို့ပေမယ့် စာမေးပွဲ နီးလာချိန်မှာတော့ သူ့အတွက် ဒုက္ခအကြီးအကျယ် ရောက်ပြီး စိတ်ဆင်းရဲရသည်။ အဆုံးသတ်တော့ တစ်နှစ်လုံး ရည်းစားနှင့် တွဲနေပြီး စာမေးပွဲနီးမှ အသံကျယ်ကြီးနှင့် စာကျက်တတ်သော သူငယ်ချင်းက Roll No ကောင်း၍ သူကတော့ Roll တော်တော် နောက်ရောက်သွားသည်။

အဲဒီ အဆောင်မှာ နှစ်နှစ်ပြီးတော့ နောက်နှစ်မှာ ထပ်မနေရဖို့ သူတော်တော် ဆုတောင်းလိုက်ရသည်။ နောက်တစ်နှစ် အဲဒီ ငရဲထဲမှာ ထပ်နေရလျှင် သူ စာမေးပွဲ ကျသွားနိုင်သည်။ နောက်နှစ်ကျတော့ အဆောင်ပြောင်းဖြစ်၍ တော်သေးသည်။ အစိုးရဆောင် တစ်ခုမှာ နားလည်မှုနှင့် နေရခြင်းဖြစ်သည်။ စရောက်သောနှစ်က ထိုအဆောင်မှာ ဘယ်သူမှ သိပ်မရှိ။ သူ့အတွက် တော်တော် အဆင်ပြေသည်။ နောက်တစ်နှစ်ကျတော့ သူ့လို နားလည်မှုနှင့် လခပေးနေသူတွေ ထပ်ရောက်လာသည်။ သိပ်တော့ မများသေး…။ သူကတော့ အသံတွေ မကြားရအောင် စောစောစီးစီးပဲ အခန်း တံခါးပိတ်ပြီးနေသည်။ အဲဒီနောက်တစ်နှစ်… သူThesis စလုပ်သည့်နှစ်မှာတော့ တရားဝင်နေသူ တွေရာ တရားမ၀င် နေသူတွေပါ အဆောင်မှာ အရမ်းများလာသည်။ တော်သေးတာက သူလည်း စာမေးပွဲ ဖြေစရာ မလိုတော့၍ပင်။

ကျောင်းပြီးတော့ သူ အစိုးရအလုပ် ၀င်သည်။ နယ်ပြောင်းရသည်။ အသံတွေက သူ့ကို သိပ်အနှောက်အယှက် ဖြစ်လှသည်ဟု မခံစားမိတော့။

ဘွဲ့လွန်ပြန်တက်ဖို့ စဉ်းစားပြီး တက်နေချိန် မှာတော့ အသံတွေကို မုန်းသည့် ခံစားချက်က ပြန်ရောက်လာပြန်သည်။ သူစာကြည့်ချင်သည့် အချိန်မှာ စကားတွေပြောကြ၊ ရယ်ကြ၊ သီချင်းတွေ အကျယ်ကြီးဖွင့်ကြ …။ အဲဒီ အသံတွေကို သူမုန်းသည်။

တကယ်တန်းတော့ သူက ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ပဲ တစ်ယောက်တည်း ခွဲပြီး သီခြား နေသည့် ခွကျကျ လူတစ်ယောက်တော့လည်း မဟုတ်ပြန်။ ပြောကြ ဆိုကြ ရယ်မောကြတဲ့ အထဲ သူလည်း မကြာခဏ ပါလေ့ရှိသည်။ သူ့ အာရုံတွေက အဲဒီလို ဖြန့်ကျက်တတ်လို့လည်း သူက ဒီလို ဆူညံတဲ့ ပတ်ဝန်းကျင် တွေကို မကြိုက်ခြင်း ဖြစ်သည်။

တစ်ယောက်တစ်ခန်း နေရတဲ့ အဆောင်ပြောင်းရ ပြန်တော့လည်း သီးသန့် ဖြစ်သွားတာသာ ရှိလျှက် တစ်ဆောင်လုံးမှ အသံ မျိုးစုံကိုတော့ ကြားနေရဆဲပင် ဖြစ်သည်။ ညည ဆိုလျှင် လက်ဖက်ရည်ဆိုင်တန်း အလား ထင်ရလောက်အောင်ပင် သီချင်းတွေကို တစ်ထပ်လုံး ကြားရလောက်အောင် ဖွင့်ကြသည်။ တစ်ခါတရံ အိမ်နီးနားချင်း အခန်းတွေက သီချင်း တစ်ခွေဆို တစ်ခွေ ကိုပဲ မရပ်မနား ဖွင့်ကြသေးသည်။ သူက သီချင်းတစ်ပုဒ်ကို ဘယ်လောက်ပဲ ကြိုက်ပါစေ ထပ်ကာ ထပ်ကာ ရစ်ပြီး နားမထောင်တတ်။ ပိတ်ရက် နေ့လည်တွေမှာ ဖွင့်တာက ကိစ္စမရှိဘူးလို့ ပြောနိုင်ပေမယ့် နေ့လည် တစ်ရေးတစ်မော အိပ်ချင်တဲ့နေ့ ကြပြန်တော့ စိတ်အနှောက်အယှက် ဖြစ်မိပြန်သည်။ ဒါပေမယ့်လည်း ထားပါတော့… နေ့လည် ဖွင့်တာကတော့…။ ညနက်တဲ့ အထိ ဖွင့်တာကသာ ပိုဆိုးတာ…။ သူကိုယ်တိုင်က သီချင်းကြိုက်တတ်သူ ဖြစ်ပါလျှက် တစ်ချို့သီချင်းတွေကို ထပ်ကာ ထပ်ကာ ကြားရပါများပြီး မုန်းတောင် မုန်းချင်သည်။ သူကိုယ်တိုင်က “I can’t live without music” ရယ်လို့ ကိုယ့်ကိုကိုယ် ပြောမိသူ ဖြစ်ပါလျှက် ဒီလို မဖြစ်သင့်မှန်းတော့ ကိုယ့်ကိုကိုယ် သိသည်။ ဒါပေမယ့်လည်း သူအခန်းထဲမှာ သူ့ဟာသူ ဖွင့်တာက ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်စေရအောင် ဖွင့်ခြင်းသာ ဖြစ်သည်။ သူ အမြဲတမ်း ဖွင့်ပေမယ့်လည်း ခပ်တိုးတိုးနှင့် သူ့အခန်းထဲ ကြားရရုံ လောက်သာ ဖြစ်သည်။ တစ်ချို့ကတော့ အဲဒီလို အလေးမထားတတ်။ သူတစ်ပါးဘက်က ထည့် မစဉ်းစားတတ်။ သူတစ်ပါး အနှောက်အယှက် ဖြစ်မဖြစ် ကိုလည်း မတွေး။ ကိုယ့် အခန်းထဲ ကိုယ့်ဟာကိုယ် ဘာလုပ်လုပ် ရသည်ဟု တစ်ကိုယ်ကောင်း ဆန်ဆန် ထင်ကြသည်။ တစ်ထပ်လုံး ကြားလောက်သည့် စကားပြောသံတွေနှင့် မိုးမှမလင်းသေးခင် ကြားရတတ်သော ရေချိုးခန်းပြန် တကျီကျီ ဖိနပ်သံတွေကို ပါ ထည့်ပြောနေလျှင်တော့ သူ လွန်ရာ ကျတော့မည်။ အချိန်တွေကြာလာလို့ ကျင့်သားရနေပြီ ဖြစ်ပေမယ့်လည်း အဲဒီအသံတွေကို မုန်းနေဆဲ..။ သူမုန်းတဲ့ အသံတွေကို စာရင်းလုပ်ရလျှင် အတော်တော့ ရှည်လျားလိမ့်မည်။ အဆောင်ကို မနက်အစောကြီး လာပြီး မုန့်အော်ရောင်းသည့် ဈေးသည်တွေရဲ့ အသံရော၊ စောစောစီးစီး သူ့အခန်းအောက်တည့်တည့်မှာ တွန်တတ်တဲ့ ကြက်ဖသံ ပါမကျန် ပါနိုင်သည်။

ကျောင်းပိတ်ရက် အိမ်ပြန်ရောက် ပြန်တော့လည်း ဟိုးငယ်ငယ် ကလို အိမ်ပတ်ဝန်းကျင်က မတိတ်ဆိတ်တော့။ မနက်မနက် အိမ်ရှေ့အထိ ရောက်နေသည့် ပျံကျ ဈေးသည် တွေရဲ့ အသံတွေက အစောကြီး ကတည်းက ဆူညံ ပွက်လောရိုက်နေသည်။

အဲဒီအပြင် ပိုဆိုးတာက… အိမ်ရှေ့ ကမ်းနားမှာ… မြစ်ကမ်းပါး ပြိုကျတာ ကာကွယ်ဖို့ လုပ်ရမည့် ကျောက်စီနံရံ ကတော့ ဘယ်တော့မှ မလုပ်ဖြစ်တော့ပဲ၊ ပြည်သူပိုင်မြေ ကို ကိုယ်ပိုင်မြေလုပ်ပြီး ရောင်းစားပစ်ကြသည့် ဆိုင်ရာပိုင်ရာတွေကြောင့်၊ အိမ်ရှေ့မှာ အရင်ကလို တစ်ဖက်ကမ်းက ရွှေဘုံသာ ဘုရားကိုလည်း လှမ်းမမြင်ရ၊ မြစ်ကြီး နဲ့ တောင်တန်းတွေနဲ့ သာသာယာယာ ရှုခင်း ကိုလည်း မမြင်ရတော့ပဲ လူနေနေသည့် တဲတွေနှင့် ပိတ်သွားပြီဖြစ်သည်။ တဲတွေ ဆိုပေမယ့်လည်း တီဗွီနဲ့ ဆောင်းဘောက်စ် နဲ့မို့ သူ အရမ်းမုန်းသည့် တောသီချင်း တွေကို ကျယ်ကျယ် လောင်လောင် ဖွင့်ကြပြန်သည်။

တစ်ချို့ ညနေတွေမှာ အရူးမ တစ်ယောက်က အိမ်ရှေ့လမ်းမမှာ တောင်စဉ်ရေမရ လျှောက်ပြောနေတာမျိုး ကလည်း ရှိသေးသည်။ သူက ဒါမျိုးတွေကိုလည်း မကြားချင်။ တခြား တခြားသော သူမုန်းသည့် အသံတွေလည်း အများကြီး ရှိသေးသည်။ ဥပမာ ရန်ဖြစ်တဲ့ အသံတွေ၊ မီးသတ်ကား ဥသြဆွဲသံတွေ… အများကြီး ရှိသေးသည်။

လူတွေထဲမှာ နေမှတော့ ပတ်ဝန်းကျင်က အသံတွေနှင့် မကင်းနိုင်ပါ။ မကြားချင်လျှင်တော့ (စကားများသော ဥပုသ်သည်တွေ မလာတတ်သော) တောရချောင် တစ်ခုခုမှာ သွားနေဖို့သာ ရှိသည်။ လောကီလူ့ဘောင်ကို အပြီးတိုင် စွန့်လျှင်တော့ ပိုကောင်းတာပေါ့ နော့။ ဒီလိုတော့လည်း သူက ပါရမီပြည့်သေးသူ မဟုတ်ပါ။ သူကိုက တရားမရှိတာ… သူကိုယ်တိုင်လည်း သိသားပင်။

အသံတွေနဲ့ ဝေးရာ သူကျေနပ်နိုင်မည့် သူပိုင် အိမ်နေရာ တစ်ခုလောက် ၀ယ်နိုင်ဖို့ ဆိုတာကလည်း (ဒီအသက်အရွယ် ရောက်နေပေမယ့်) သူနှင့် အဝေးကြီးပါ။ အဲဒီတော့လည်း သူမုန်းသည့် အသံတွေကြားထဲ နေနေရဆဲပင်…။

(သိင်္ဂါကျော်)

02 September, 2008

ထီပေါက်စေနိုင်သော(ကံစမ်းမဲပေါက်စေနိုင်သော)ဂါထာ


ဧတဒင်္ဂံ ဘိက္ခဝေ မမသာဝကာနံ

ဘိက္ခူနံ ပထမံ သလာကံ

ဂဏှံတာနံ ယဒိဒံ ကောဏဒါနော

သီဃံ သိဉ္စတု မေ ဓနံ

ဧတေန သစ္စ၀ဇ္ဇေန ဧ၀ံမေဟောတု။


အနည်းဆုံး တစ်နေ့လျှင် ၁၀၈ လုံး ပုတီးဖြင့် တစ်ပတ်၊ အနည်းဆုံး ၉ ရက် အဓိဌာန်၍ စိပ်ပါ။