29 October, 2008

ဂျစ်ပစီအဘိုးကြီးအို…အချိန်















ဟို အပတ်တုန်းက

ဘေဘီလုံမှာ၊

ကုန်ဆုံးသွားတဲ့ညက

ရောမဆီမှာ၊

ဒီမနက်ကျတော့

တဒင်္ဂတပ်မက်ဇောနဲ့

ပေါလ် ရဲ့ အမိုးခုံးခုံးလုံးလုံးကြီးနဲ့

ပေါလ် ရဲ့ နာရီဒိုင်ခွက်ကြီးအောက်မှာ

ခဏလေးလောက်ပါ

အသာမြင်းဇက်ဆွဲသတ်လိုက်ပြီးနောက်…

မရပ်မနား သင်သွားပြန်လေတယ်။

မနားတမ်းမြို့တစ်မြို့ဆီကိုပေါ့နော်၊

သြော် မမြင်မစမ်းနဲ့

ဝမ်းဗိုက်တစ်ခုတည်းတွင်သာ

ရှိနေရှာသေးတဲ့မြို့…။

အဲဒီမြို့…

သချိုင်းဂူမို့မို့တွင်းမရောက်ခင်

သင်မနားတမ်း

နောက်ထပ်တစ်မြို့၊ တစ်စခန်းဆီ

ကြွလို့မြန်းပြန်ပေါ့။

အချိန်ဆိုတဲ့

အဘိုးအိုဂျစ်ပစီကြီးရယ်

သင့်ခရီးဖော်နောက်ပါများနဲ့

တစ်ထောက်ကလေး နားမနေနိုင်ဘူးလား

များများမဟုတ်ဘူးလေ တစ်ရက်၊

တစ်ရက်တည်းပါ။


ဟော့ဂျဆင် ရဲ့ Time: You Old Gypsy Man ကို တက္ကသိုလ်ဘုန်းနိုင် မြန်မာပြန်ထားတာပါ။ အလုပ်တွေ မပြီးသေးပဲ အချိန်တွေကုန်တာ မြန်တယ်ထင်လို့ ဒီကဗျာလေးကို သတိရမိတာနဲ့ တင်လိုက်တာပါ။


ဗုဒ္ဓ၏ဒဿန(၁)


* ပျော်ရွှင်ချမ်းမြေ့မှုသည် ဤလောကတွင် သံယောဇဉ် မရှိခြင်းပင်ဖြစ်ပါသည်။


* ငါဟူသော မာနကို ပယ်သတ်နိုင်ခြင်းသည် အမြင့်မြတ်ဆုံးသော ပျော်ရွှင်ချမ်းမြေ့မှု ဖြစ်ပါသည်။


* မိမိသာလျှင် ကံကောင်းအောင် လုပ်နိုင်သည်။

မိမိသာလျှင် ကံဆိုးအောင် ပြုလုပ်နိုင်ပါသည်။


* မိမိကိုယ်ကို ညစ်နွမ်းစေသည်မှာလည်း မိမိပင်ဖြစ်ပါသည်။

မိမိကိုယ်ကို သန့်ရှင်းဖြူစင်စေသည်မှာလည်း မိမိပင်ဖြစ်ပါသည်။

ညစ်နွမ်းမှု၊ သန့်ရှင်းဖြူစင်မှုတို့သည် မိမိ အပေါ်မှာသာ တည်ပါသည်။


* ဤ ကိုယ်ခန္ဓာကို ငါမပိုင်ပါ။ ငါလည်းမဟုတ်ပါ။ ငါ၏ ဝိညာဉ်လည်း မဟုတ်ပါ။


* မိမိကိုယ်ကို အောင်နိုင်ခြင်းသည် အကောင်းဆုံး အောင်နိုင်ခြင်းပင် ဖြစ်သည်။


Narada Thera ၏ Buddhism in a Nutshell မှ အကိုးအကားများ၊ Dr သိန်းလွင် မြန်မာပြန်၊ မြတ်မင်္ဂလာ၊ Aug 1997.


27 October, 2008

မျက်ဝန်းတစ်စုံ














အဲဒီမျက်ဝန်းတွေရဲ့

အကြည့်တစ်ချက်မှာ

ကိုယ့်အိပ်မက်တွေပြုတ်ကျသွားတာ

ပြန်ကောက်ယူပြီးဆက်စပ်ဖို့တောင်

မဝံ့ရဲလောက်အောင်ပဲ။


သစ္စာတရားတစ်ခုကိုပဲ အားကိုးပြုပြီး

အိပ်မက်တစ်ခု တည်ဆောက်ချင်ခဲ့တာ

အမှားတစ်ခုမဟုတ်တဲ့အကြောင်း

သက်သေပြနိုင်ဖို့လည်း သီအိုရီတစ်ခုမှမရှိခဲ့။


စိတ်ကူးထည်တွေဆိုတာ

ကောင်းကင်မကကျယ်ပြန့်နိုင်ရဲ့

ဒါပေမယ့်လေ

ဝတ်ဆင်နိုင်တဲ့အပိုင်းအစက

ကြယ်တစ်မှုံစာမှမရှိခဲ့ပဲ။


ပန်းတိုင်ကိုထိုင်စောင့်နေတဲ့

မျှော်လင့်ချက်တွေ ဖက်ပွေ့ထားဆဲ

ဝေဝါးဝါးအနာဂတ်တွေကို

မကြည့်ရဲသူတစ်ယောက်အတွက်

မင်းမျက်ဝန်းအကြည့်ဟာ

အမှန်တရားတစ်ခု ဖြစ်ပေမယ့်လည်း

ခါးသီးစရာပဲကွယ့်။


ကဗျာရေးရင်းဖတ်ရင်းနဲ့

အာဟာရသိဒ္ဓိပြီးနေတတ်တဲ့

ငါလိုကောင်မျိုးရဲ့ ရင်ဘတ်ထဲမှာလည်း

တစ်သက်တစ်ခါ ခုန်ချင်တဲ့

နှလုံးသားတစ်ခုရှိတယ်ဆိုတာ

ပြောပြခွင့်မရှိရဘူးတဲ့လား…။


မြေလွှာထဲနစ်ဝင်သွားချင်အောင်တောင်

ငါ့ကိုသိမ်ငယ်စေတဲ့

အဲဒီမျက်ဝန်းရဲ့ ခြောက်လှန့်မှုအောက်

နှလုံးသားတစ်ခုလည်း ကိုယ့်ကိုယ်ကိုသတ်သေသွားပေါ၊့

မာနပန်းဖူးတစ်ဖူးကတော့

မြေမှုန်ထဲကပဲ ထိုးထွက်ရှင်သန်လာလေတယ်။


သိင်္ဂါကျော်

16.7.2002.


20 October, 2008

နေ့လည်


ငယ်ငယ်က ကျောင်းစာသင်ခန်းထဲမှာ နေ့ခင်းဘက် ခိုးရေးထားတဲ့ ကဗျာလေးပါ။ အခုတလော ရာသီဥတုနဲ့ ကိုက်ညီနေလို့ နည်းနည်းပါးပါး ပြင်ပြီး တင်လိုက်တာပါ။ ကလေးဆန်တယ်လို့တော့ မပြောကြနဲ့နော်…။


ခြောက်သွေ့သွေ့နေ့ခင်းဟာ

လူတစ်ယောက်ကို

အပျင်းရောဂါစွဲကပ်စေတယ်၊

ဥာဏ်ခပ်ခပ်တုံးတုံး ဦးနှောက်ဟာ

လုံးဝပျက်စီးသွားလုမတတ်

ကောင်းကင်ဟာ

ပူပြင်းနေလေရဲ့။


အိုက်စ်ကော်ဖီတစ်ခွက်ထဲ ခြေထောက်တွေနှစ်ရင်း

စိတ်ကို ဆန့်ထုတ်ရမလား၊

ရူးသွပ်သွပ် နေဟာ

အသည်းနှလုံးကို အရည်ပျော်စေရဲ့။


ဒါဟာ

အမှန်တရားတစ်ခု မဟုတ်ဘူး၊

မိုးခါးရေသောက်တဲ့

လူတွေထဲက တစ်ယောက်အကြောင်းပါပဲ။


စူးရှရှမျက်လုံး

အေးစက်စက်အသည်းနှလုံးနဲ့

လူတစ်ယောက်၊

သူ့စိတ်ဓာတ်ဟာ

စိတ်မနှံတဲ့ နေ့လည်ခင်းတွေမှာ

အ၀ီစိအထိ ထိုးကျနေလေပြီလား။


အဖော်အပေါင်းမဲ့

ပြင်းရှရှနေ့ခင်းဟာ

ငါ့ကို ဖမ်းစားလွန်းနေလေရဲ့။


သင်းကွဲငှက်တစ်ကောင်ဟာ

ဒီလိုနေ့လည်တွေမှာ

နေကိုအန်တုပြီး

လေဆန်ပျံသန်းနေကြပေါ့၊

ဘယ်တော့မှလည်း

ဦးတည်ရာကို မရောက်နိုင်ပဲနဲ့လေ။


(သိင်္ဂါကျော်)



08 October, 2008

အိမ်ပြန်လိုက်ဦးမယ် :)




Thesis အတွက် Program ပြဖို့ deadline ကလည်းနီးလာပြီ။ ဒီသီတင်းကျွတ်မှာ vacation မရတော့ဘူး လို့တောင် ထင်တာ...။ ၁၀ ရက်ရတော့ ပျော်လိုက်တာ... အိမ်ကိုအရမ်းပြန်ချင်နေတာ ကြာလှပြီလေ။ ဖြစ်သလို ၀ယ်စားနေတာ တွေလည်း ငြီးငွေ့လှပြီ။ အိမ်ထမင်း၊ အိမ်ဟင်း ကို လွမ်းနေတာ ကြာလှပေါ့။

တကယ်တန်းတော့ ကိုယ့် Program ထဲမှာ error တွေက အများကြီးရယ်…။ နောက်မှ လုပ်မယ် နောက်မှ လုပ်မယ် ဆိုပြီး ထားခဲ့တာတွေ… ခုတော့ မနည်း ရှင်းရတော့မယ်… ဟီး ဟီး…။ ဒါပေမယ့် ဘာဖြစ်ဖြစ် ကိုယ်ကတော့ ပစ်ထားခဲ့ပြီး အိမ်ကို ပြန်တော့မယ်။ သူများတွေ ဘယ်လောက် ကြိုးစားနေတာ မြင်လည်း ကိုယ်ကတော့ အေးဆေးရယ်။ သူများတွေ စာမပြီးလို့ အိမ်မပြန်ကြဘူး ဆိုလည်း ကိုယ်ကတော့ မနေနိုင်ပါဘူး။ ပြန်ခွင့်ရတုန်း ပြန်ရတာ ပြန်မှာပဲ။ (သနားစရာ ကိုယ့်မှာ Laptop လေးလည်း မ၀ယ်ထား နိုင်လေတော့ Desktop Computer ကြီးထဲက Program ကတော့ အိပ်နေလိုက်ဦး ပေါ့… ဟိ)

သီတင်းကျွတ် ဆိုတော့ ကန်တော့ဖို့ရာ မုန့်လေး ပဲလေး လည်း ၀ယ်သွားရဦးမယ်။ အဲဒါမှ အပြန်ကျရင် မုန့်ဖိုး များများ တောင်းလို့ကောင်းမှာ…ဟဲ ဟဲ။

Internet နဲ့ တော့ ခဏဝေးနေရဦမယ်။ ဇာတိမြို့မှာ Internet ဆိုင်က တစ်ဆိုင်၊ နှစ်ဆိုင် ပဲရှိတာ။ ဘလော့ ကို ကျော်လွှား တင်ဖို့တော့ အဝေးကြီး။ ၁၀ ရက်ထဲပါ။ ၁၀ ရက် လောက် မသုံးရမှာ ကိုတောင် တမျိုးကြီးပဲ။ ပြန်ရောက်ရင်လည်း စာရေးဖြစ်ဖို့တော့ မလွယ်သေးပါဘူး။ ကိုယ့် ကိစ္စ ပြီးအောင် လုပ်ရဦးမယ်။ Program ပြပြီးတော့မှပဲ စာပြန်ရေး ဖြစ်လိမ့်မယ် ထင်တယ်။ အရင်ကတော့ သီတင်းကျွတ် မပြန်ခင် ပြီးလိမ့်မယ် ထင်ခဲ့တာ။ ခုမပြီးနိုင်တော့… မပြန်ခင်လည်း ပြာနေတယ်…။ (ဘယ်ပြီးပါ့မလဲ ကိုရီးယားကားတွေပဲ ကြည့်နေတာ :D အိမ်ကျရင်လည်း ကြည့်ဦးမှာပဲ)

အားလုံးကို နှုတ်ဆက်ပါတယ်။ ခဏတဖြုတ် ဘလော့နဲ့ ဝေးဝေး နေဦးမယ်နော်…။