06 July, 2012

ချစ်သော အေသီနာ (Athena)

 
သူမက
ဂရိ ရာဇဝင်ထဲက
နတ်ဖုရားမ အေသီနာကို သဘောကျသတဲ့
ဇု (Zeus) နတ်မင်းကတောင် အကြံဥာဏ် တောင်းရတတ်ခဲ့တဲ့
ပညာရှိ သခင်မ ရယ်ပေါ့၊
ဘဝမှာ ဘယ်သောအခါကမှ အချစ်မှာ မကျဆုံးဖူးသူ၊
လက်ထပ်ခြင်း ကိုမပြုဖူးသူ
အပျိုစင် နတ်ဖုရားမ တစ်ပါးပေါ့။

သူမ လောဘတကြီး ရှာဖွေခဲ့တဲ့
ပညာရပ်တွေဟာ
နာမည်နောက်မှာ တပ်ရမယ့်
ဘွဲ့နောက်မြီးတွေ ဖြစ်တာကလွဲပြီး
အဲဒီထက် ပိုအသုံးမကျဘူး လို့ ကျွန်တော် ပြောဖြစ်ရင်
သူမ အမုန်းကို ခံရနိုင်တယ်။

သူမရဲ့ မာနတွေကို
ဘယ်သူ့အပေါ်မှ ဖြန့်ချ မပြပါဘူး
သူမ ကိုယ် သူမ မြှင့်တင်ဖို့အတွက်ပဲ
သိမ်းဆည်းထားတာပါတဲ့
အဲဒါဟာ
ကျွန်တော့်ကိုတော့ အနှောက်အယှက် ဖြစ်စေတယ်။

အေသီနာဟာ စစ်နတ်သမီး တစ်ပါးလည်း ဖြစ်တယ်
ကျွန်တော့်ရဲ့ သူမကတော့
ဘယ်တော့မှ ငြင်းခုန် ရန်ဖြစ်လေ့ မရှိသူပါ။

အပေါ်ယံမှာ
ဘယ်သူနဲ့မှ ပြိုင်မငြင်းပဲ အရှုံးပေးချင် ပေးလိုက်မယ်
အတွင်းထဲမှာတော့
သူမရဲ့ ယုံကြည်မှုက
ခေါင်းမာစွာ ဆက်လက် ရှိနေဆဲ ဖြစ်နိုင်တယ်။

ဘဝမှာ ဘယ်သူ့ကိုမှ မမုန်းဖူးသလို
ဘယ်သူ့ကိုမှ မချစ်ဖူးဘူးလို့
သူမက ပြောတယ်။
သူမက
ဘဝကို နောက်ဆုံးအချိန်ထိ
ကိုယ့်လက်နဲ့ကိုယ် ထုဆစ်ချင်တဲ့သူတဲ့။

အမြဲတမ်း ပြုံးနေတတ်တဲ့
သူမ ရဲ့ အတွင်းစိတ်ထဲက
ကိုယ့်ဘဝကိုယ် မကျေနပ်နိုင်သေးတဲ့
အလိုမကျမှု တစ်ချို့ကို ကျွန်တော် မြင်မိသလိုပဲ။

မျက်မှန်ထူထူအောက်က
ချစ်စရာ တောက်ပတဲ့ မျက်ဝန်းတစ်စုံကို
ကျွန်တော် ချစ်တဲ့ အကြောင်း ပြောတဲ့ အချိန်က
သူမ ပြုံးနေခဲ့တယ်။
ခက်တာက
အချစ်ကို ယုံကြည်လာအောင်
သူမကို ကျွန်တော် သင်မပေးနိုင်တာပဲ။

သူမက
အပျိုစင် နတ်ဖုရားမ အေသီနာကိုမှ
အားကျ သတဲ့လေ။

သိင်္ဂါကျော်

17 comments:

ချစ်စံအိမ် said...

ဖတ်သွားပါတယ် ရှင့်

လင်းခေတ်ဒီနို said...

သိပ်လှတဲ့ ကဗျာစာစုလေးပဲ . . . . နှစ်ခြိုက်စွာ ဖတ်မိသွားတယ် . . အေးအေးလေးနဲ့ မျောလွင့်အောင် ဆွဲခေါ်သွားတယ် . . .

ခင်မင်စွာဖြင့်
ဗညားရှိန်(ခ)လင်းခေတ်ဒီနို

သိ င်္ဂါ ရ said...

ကံ ပဲ ... သူမ သာ အေသီနာ (Athena) ကို အားကျတယ် ဆိုရင်တော့ ... သွား ... ပြီ :)

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကလှလိုက်တာ။

Angelhlaing(May everybody be happy and healthy! said...

အဲ့လို မိန်းခလေးမျိုး နှစ်သက်မိတယ်မမ..:):)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အေသီနာ ကို အားကျတဲ့ ကောင်မလေးအကြောင်း လာဖတ်သွားတယ်.. အဲ့လို မိန်းကလေးမျိုးကို သဘောကျ တယ်ကွယ်

Cameron said...

ဝသုံပြောသလိုပဲ တို့လဲ အေသီနာကို သဘောကျ အားကျမိတယ်..။

ချော (အစိမ်းရောင်လင်ပြင်) said...

ကဗျာလေး ကောင်းတယ် ..
အေသီနာနတ်သမီးကိုသဘောကျလို့ နာမည်ကို ယူသုံးခဲ့ဖူးသေးတယ်။ ;)

စံပယ်ချို said...

သူမရဲ့ မာနတွေ
ဘယ်သူ့ပေါ်မှ ဖြန့်ချမပြဘူး
သူမ ကိုယ် သူမ မြင့်တင်ဖို့
သိမ်းဆည်းထားတာပါ
(အရမ်းကောင်းတဲ့ကျင့်စဉ်လေးပဲ)

မောင်သီဟ said...

ကဗျာတွေပျိုးလှပါလားအစ်မတော်း)

ဖတ်သွားတယ်ဗျာ

AH said...

ဒီကဗျာကို အတော်ကြိုက်၏... အင်း အေသီနာ.. အေသီနာ.. အေသီနာ

သွေးသစ်မင်း said...

ယဉ်ယဉ်လေးနဲ့ လှတဲ့ကဗျာလေးပါ့လား..

Moe Myint Tane said...

လူအမျိုးမျိုး စိတ်အထွေထွေပေါ့။

မိုးမြင့်တိမ်

Latt Latt said...

အားပေးသွားတယ်ကဗျာအရေးကောင်းတယ်

htawoo said...

အေသီနာ အေသီနာ...
ကဗျာလေးတွေ အမြဲဝေဆာနေပါစေလို့ 
ဆုတောင်းပေးလိုက်မိပါကြောင်း...
(အစ်မကျော်ရေ...ဖောင့်မပြောင်းထားပါဘူး...
ဖတ်လို့ မရတာ ဘာကြောင့်များပါလိမ့်လို့  တွေးနေမိကြောင်း...)

San San Htun said...

အေသီနာကို သဘောကျတဲ့ ကောင်မလေးတယောက်ရဲ့  ကဗျာကို နှစ်သက်တယ်..

KOTHIHA said...

ကောင်းတယ်