24 December, 2010

ထူးမခြားနား ဒီဇင်ဘာ



ဒီဇင်ဘာတွေသာ အများကြီး ဖြတ်ဖြတ်သွားတယ်

ငါ့ဘဝထဲ ဘာမှလည်း မည်မည်ရရ မရှိခဲ့ပါဘူး။

Sweet December မှာ ငါ့ကိုမွေးလို့ ဒီဇင်ဘာကို ငါချစ်တယ်၊
ဒီတစ်ခုကလွဲရင်
လွမ်းစရာ အမှတ်တရလည်း မရှိ၊
ပျော်စရာ အမှတ်တရလည်း မရှိ၊
ဒီဇင်ဘာ.. ဒီဇင်ဘာ.. မြည်တမ်းနေရင်းလည်း
ငါ့ရင်ထဲမှာတော့ ဘလာဟင်းလင်း သက်သက်ပါ။

ခရစ္စမတ် ကို စိတ်ကူးနဲ့ရူး
အနားမှာ ရှိစေချင်တဲ့သူ ကလည်း
ဘယ်တော့မှ လာမှာမဟုတ်ခဲ့ဘူး။

ရေခဲမှုန်တွေ ကြဲပက်သလို
အေးစက် ကြမ်းရှ လေပြည်ထဲ
ငါတစ်ယောက်တည်း လမ်းလျှောက်လို့...။

“ဘဝကို ပျော်သလိုပဲနေတယ်”
အမြဲတမ်း ကြွေးကြော်နေရင်းလည်း
အထီးကျန်မှုက တစ်ထောင့်တစ်နေရာက တိုးထွက်လာလိုက်...
ကိုယ့်ဘဝကို မနှစ်သိမ့်နိုင်မှုက တစ်ထောင့်တစ်နေရာက တိုးထွက်လာလိုက်...နဲ့
အတွင်းလှိုက်စားဆဲ ဒဏ်ရာတွေလည်း မပျောက်နိုင်ဘူး။

ဒီလိုနဲ့ပဲ
ဒီဇင်ဘာက ထုံးစံအတိုင်း
၃၁ ရက်မှာ ပစ်ဖို့ အဟောင်းတွေ စုထား တဲ့
ငါ့ကို သတိပေးရင်း ဖြတ်လျှောက်သွားတယ်။
အသစ်က ဘာလဲ၊ အဟောင်းက ဘာလဲ၊
ငါကိုယ်တိုင်လည်း ကွဲကွဲပြားပြား မသိပါဘူး...
New Year ဆိုလည်း ကြိုလိုက်ရုံပေါ့။
မပြည့်နိုင်တဲ့ ဆုတောင်းတွေလည်း တောင်းဆဲပဲ။

၂၀၁၀ က တာဝန်က အနားယူပြီး
၂၀၁၁ က ခြေလှမ်းအသစ် စတော့မယ်၊
ငါ့ကိုယ်ငါတော့
ထူးမခြားနားတွေထဲက ခုထိ ဆွဲမထုတ်နိုင်သေးဘူး။

သိင်္ဂါကျော်
23.12.2010

16 comments:

မေဓာဝီ said...

ကဗျာလေး ကောင်းတယ် မသိင်္ဂါရေ
အတူတူပဲ ... နှစ်အသစ်တွေ တနှစ်ပြီးတနှစ် ပြောင်းသွားလဲ ကိုယ်ကတော့ ထူးမခြားနားပါပဲ ... ။

Anonymous said...

နှစ်သစ်ရင် စိတ်သစ်လူသစ်ဖြစ်တယ်ဖို့လိုတယ်လို့
ပြောကြတယ်၊အသက်တွေကြီးလာတာကို
သစ်တာလို့ ပြောရမလား....
၂၀၁၀ ကနေ ၂၀၁၁ ထဲဝင်တော့
ကိုယ်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိတယ်
အသက်က ၁နှစ်ပိုကြီးသွားပြီ
အိုးမရှိ၊အိမ်မရှိ၊တိုက်မရှိ၊ကားမရှိ၊မိန်းမ မရှိ
လက်တော့ပ်မရှိ၊ဖုန်းမရှိ၊ဆိုရှယ်မရှိ၊နိုင်ငံခြားထွက်စရာပိုက်ဆံမရှိ၊ပညာသင်စရာအချိန်မရှိ၊နေ့မသိညမရှိ၊နာမည်မရှိ၊တီဗွီမရှိ၊ဒီဗီဒီမရှိ၊ အပေါင်းအသင်းမရှိ၊အို.....
မရှိခြင်းများစွာ....ရေးရင်ဆုံးနိုင်မှာမဟုတ်ပေါင်ဗျာ.
ဒီသံသရာမှာလည်နေတာကြာလာတော့ မရှိခြင်းနဲ့ယဉ်ပါးပြီး အသစ်အသစ်သောမရှိခြင်းတွေသာ တိုးလာပြီး
နှစ်တွေကူးပြောင်းသွားတာကို လည်စင်းခံနေရတဲ့
ဘ၀ကို ပျော်ရွှင်ပါတယ်လို့ပြောပြီးကြိုဆိုရမှာကိုတော့
လုံးဝဘ၀င်မကျမိပါဗျား.....

Anonymous said...

နှစ်သစ်ကိုကြိုနိုင်ပါစေ.....
နှစ်သစ်ရင် စိတ်သစ်လူသစ်ဖြစ်တယ်ဖို့လိုတယ်လို့
ပြောကြတယ်၊အသက်တွေကြီးလာတာကို
သစ်တာလို့ ပြောရမလား....
၂၀၁၀ ကနေ ၂၀၁၁ ထဲဝင်တော့
ကိုယ်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိတယ်
အသက်က ၁နှစ်ပိုကြီးသွားပြီ
အိုးမရှိ၊အိမ်မရှိ၊တိုက်မရှိ၊ကားမရှိ၊မိန်းမ မရှိ
လက်တော့ပ်မရှိ၊ဖုန်းမရှိ၊ဆိုရှယ်မရှိ၊နိုင်ငံခြားထွက်စရာပိုက်ဆံမရှိ၊ပညာသင်စရာအချိန်မရှိ၊နေ့မသိညမရှိ၊နာမည်မရှိ၊တီဗွီမရှိ၊ဒီဗီဒီမရှိ၊ အပေါင်းအသင်းမရှိ၊အို.....
မရှိခြင်းများစွာ....ရေးရင်ဆုံးနိုင်မှာမဟုတ်ပေါင်ဗျာ.
ဒီသံသရာမှာလည်နေတာကြာလာတော့ မရှိခြင်းနဲ့ယဉ်ပါးပြီး အသစ်အသစ်သောမရှိခြင်းတွေသာ တိုးလာပြီး
နှစ်တွေကူးပြောင်းသွားတာကို လည်စင်းခံနေရတဲ့
ဘ၀ကို ပျော်ရွှင်ပါတယ်လို့ပြောပြီးကြိုဆိုရမှာကိုတော့
လုံးဝဘ၀င်မကျမိပါဗျား.....

rose said...

အစ်မ သိင်္ဂါကျော် ကဗျာလေး လာဖတ်သွားပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေရှင်။

မယ့်ကိုး said...

မမရေးတဲ့ ကဗျာတိုင်းလိုလိုကို ကြိုက်တယ်။ ကိုယ့်အဖြစ်နဲ့ တူလို့။ အခုကဗျာလေးရောပဲ အရမ်းကြိုက်တယ်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးက ရင်ဘတ်နဲ့ငြိသွားတယ်..
ကိုယ်တိုင်လည်း ဆွဲမထုတ်နိုင်သေးဘူး နှစ်ဟောင်းက အကြောင်းတွေ နှစ်သစ်ကို ယူဆောင်သွားရဦးမယ်
ပျော်စရာ ခရစ္စမတ်နဲ့ နှစ်သစ်ဖြစ်ပါစေ သိင်္ဂါရေ

ကိုဇော် said...

ဟုတ်ပါ့...
ကျနော့်အတွက်လည်း ဘာမှ မထူးပါဘူး။
လ တစ်လပါပဲ..

Anonymous said...

မရေ...... ဘယ်လိုပဲဖြစ်ဖြစ်ပေါ့..
မရိုးနိုင်တဲ့ စကားတစ်ခွန်းအနေနဲ့ ...
နှစ်သစ်မှာ စိတ်သစ်တွေနဲ့  လူသစ်၊
အရာအားလုံး အသစ်အသစ်ဆိုတာတွေနဲ့ 
ခြေလှမ်းသစ်တွေ စပါရစေပေါ့ ။။။ :)
သေချာတာက အဟောင်းတွေကို ဆေးသစ်သုတ်
လိုက်ခြင်းသာသာပါလေ။
" HAPPY MERRY CHRISTMAS "
အေးချမ်းပျော်ရွှင်ပါစေ ။ :)

ခင်မင်လျှက်...ခင်မာလာအောင် :)

ahphyulay said...

အင်း...
မှန်ပါတယ်ဗျာ.။
မထူးခြားတဲ့  ထူးခြားမှုတစ်ခုပါပဲလို့ ။
ထူး သွားတာက အရင်အချိန်မဟုတ်တော့ တာ..။
မထူးတာက အားလုံးဟာ အရင်အတိုင်းပဲ..။
အဲ ... ကိုယ့် ဝေစုထဲက တနှစ်တော့  ရော့ သွား
တာပေါ့ လေ..။

အုပ်ကြီး said...

ဒီဇင်ဘာရေ ..
နှစ်သစ်ရောက်ဖို့ အတွက်
မင်းကိုတော့ ပစ်လိုက်ရတော့မယ်နော် ..
ကျွန်တော်လည်း ထူးမခြားနား အရင်လိုဝါးတားတားပါပဲဗျာ

ပေါ့ဆိမ့် said...

ဟုတ်တယ် ကျွန်တော်လည်း ဒီဇင်ဘာမှာမွေးပေမယ့် ဒီနှစ်လည်း ဒီလိုနဲ့ ဆန်အိတ်တွေသာ ကုန်သွားတယ် ထူးခြားမူက ရေတွက်မရဘူး...
အသစ်က ဘာလဲ၊ အဟောင်းက ဘာလဲ၊
ငါကိုယ်တိုင်လည်း ကွဲကွဲပြားပြား မသိပါဘူး...

ပေါ့ဆိမ့် said...

ဟုတ်တယ် ကျွန်တော်လည်း ဒီဇင်ဘာမှာမွေးပေမယ့် ဒီနှစ်လည်း ဒီလိုနဲ့ ဆန်အိတ်တွေသာ ကုန်သွားတယ် ထူးခြားမူက ရေတွက်မရဘူး... ရေတွက်စရာ မရှိအောင် လက်ညိုးထိုးပြစရာ မရှိတာကြောင့်ပါ..
အသစ်က ဘာလဲ၊ အဟောင်းက ဘာလဲ၊
ငါကိုယ်တိုင်လည်း ကွဲကွဲပြားပြား မသိပါဘူး...

Anonymous said...

ဒို့လည်း ဒီဇင်ဘာကိုချစ်တယ်....
ကဗျာထဲက ခံစားချက်တွေ တူတာတော်တော်များတယ်

မြစ်ကျိုးအင်း said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေဗျာ
စိတ်အညစ်အနွမ်းတွေ ဖယ်ရှားပြီး စိတ်သစ်ဖြစ်လာမယ် နှစ်သစ်ဖြစ်ပါစေ။

အဖြူရောင်နတ်သမီး said...

သူများတွေများ ၂၀၁၁ ကို ခြေလှမ်းစဖို့ပြင်နေကြပြီ...
ဒီမှာတော့ အသွားမတော် တလှမ်း ဆိုသလို အသွားမတော်လို့ ခါးရိုးထိခိုက်မိပြီး အိပ်ယာထဲမှာ ပက်လက်လေး...
၂၀၁၀ကို ဖြတ်သန်းနေလေရဲ့...။
း(

Unknown said...

အရမ်းကောင်းပါတယ်....