14 September, 2011

အားနဲ့ မာန်နဲ့ မြစ်တစ်စင်း


အဲဒီမြစ်ဟာ
လယ်ကွင်းတွေကို စိမ်းလန်းစေခဲ့၊
အဲဒီမြစ်ဟာ
ဆာလောင်သူတွေကို ငြိမ်းအေးစေခဲ့၊
အဲဒီမြစ်ဟာ
သွားလိုသူတွေကို ပို့ဆောင်ပေးခဲ့၊
အဲဒီမြစ်ဟာ
နေလိုသူတွေကို
ရင်ခွင်အေးရိပ် ချွေးသိပ်စေခဲ့၊

အဲဒီမြစ်ဟာ
သူရဲ့ နှလုံးသွေးကိုမှ
သောက်ချင်တယ် ဆိုလာသူတိုင်းအတွက်
သူ့ရင်ဘတ်ကိုဖောက်
လိုသလောက် သောက်ခွင့်ပေးခဲ့။

အဲဒီမြစ်က မငြိုငြင်တိုင်း
ရလေလိုလေ အိုတစ္ဆေ ဆိုသလို
အညှာအတာ ကင်းကင်း ယူနေလေတော့
အဆီခဲနေတဲ့ သွှေးလွှတ်ကြောလို
အပိတ်အဆို့တွေ ကြားကပဲ
တစ်စစ်စစ် နာကျင်လျှက်
စီးမြဲ စီးနေလျှက်။

အဲဒီမြစ်ဟာ
သူ့တာဝန်သူ ကျေချင်တဲ့ မိခင်တစ်ယောက်လို
အသက်ငွေ့ငွေ့ ကျန်တဲ့အထိ
အားနဲ့ မာန်နဲ့ စီးဆင်းမယ့်သူ ဖြစ်ရဲ့။

တစ်နေ့ ရွှေဥ တစ်လုံး ဥတဲ့ ငန်းကို
သတ်လိုက်တဲ့ အချိန်မှာ
ဘာမှ မရတော့တဲ့ ပုံပြင်ကို သိကြရဲ့နဲ့ပဲ
အဲဒီမြစ်ကို
အပြီးတိုင် သေစေညွှန်းလို့
လိုရာယူဖို့ အတွက်များ
ကြံစည်သူတွေက ကြံစည်ရက်ပ။

အဲဒီမြစ်ဟာ
သူ့လည်မျိုကို ဖောက်ပြီး
တစ်စက်မကျန်တဲ့ အထိ
သွေးစုပ်ခံခဲ့ရရင်တောင်
သူ့ကို ချစ်မြတ်နိုးသူတွေရဲ့
မျက်ရည်စက်တွေနဲ့
အသက်ဆက်နေမယ့်
မြစ်တစ်စင်းဖြစ်ရဲ့။

သိင်္ဂါကျော်


20 comments:

Anonymous said...

စိတ်မကောင်းဖြစ်နေတဲ့အချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင် ဒီကဗျာလေးကိုဖတ်ရပြန်တော့ ဧရာဝတီအတွက်ဝမ်းနည်းစို့နင့်သွားတယ်....။
ဘာပဲဖြစ်ဖြစ် ဧရာဝတီကိုကယ်တင်ဖို့ ကျွန်မတို့မှာတာဝန်ရှိတယ်....။

ခင်တဲ့
မိုးငွေ့

sosegado said...

ကလေးတွေက ပြောနေကြတယ်
မီးယူမလား၊ မြစ်ယူမလား
ကလေး တစ်ယောက်က ဖြေလိုက်တယ်
မိန်းမပဲ ယူမယ်တဲ့
ကလေး တစ်ယောက်က ပြန်ပြောလိုက်တယ်
ဟိုက မီးရော မြစ်ရော မိန်းမရော အကုန်ယူတာတဲ့……
ကဲ ဘာကျန်သေးသလဲ?

SHWE ZIN U said...

ကဗျာလေး ကကောင်းလိုက်တာ
အားလုံးနဲ့ ထပ်တူ ဧရာဝတီ အတွက် ဝမ်းနဲရပါတယ်ဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတစ်ချို့က ဘနဖူးသိုက်တူးတတ်ကြတယ်
ကိုယ့်တိုင်းပြည်ကိုတောင် ရောင်းစားဖို့ကြံစည်ကြတာ
ဧရာဝတီလောက်တော့ သူတို့အတွက် ပျင်းတောင်ပျင်းသေးတယ်
ဧရာဝတီအတွက် လူတကာက စိတ်ပူနေကြတာကို ရောဂါဆန်းလို့ သုံးနှုန်းသွားတယ်
အတော် ယဉ်ကျေးတဲ့ လူကြီး

Anonymous said...

အမကြီး..
ဒီနေ့ စာလိုက်ဖတ်ရတာ မကောင်းဘူးဗျာ
စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေကြည့်ပဲ တွေနေတယ်
အခုလေးတင် အမကြီး ရွှေစင်ဦး အိမ်ကပြန်လာတာ
ဒီကိုရောက်တော့လည်း ဒီလိုတွေရပြန်ပြီ။
ကဗျာလေးအတွက် ထပ်တူခံစားသွားပါတယ်။

ပေါ့ဆိမ့် said...

ပြောတတ်လိုက်တာ...
အားလုံးရဲ့ ကောင်းမွန်တဲ့ ဆန္ဒမှန်ကြောင့် အကောင်းဆုံးတွေ ဖြစ်လာပါစေ ...
ခင်တဲ့
ဆင်တဲကဖေး

blackroze said...

ဧရာဝတီအကြောင်းကတော့
ဘယ်မှာဘဲဖတ်ရဖတ်ရ
စိတ်မကောင်းဖြစ်မိတယ်..
နောက်ဆိုရင်
ဧရာဝတီဆိုတာတောင်ရှိပါတော့ဦးမလား..

စံပယ်ချို said...

ဖတ်ရတာဘယ်တော့မှ မရိုးတဲ့ကဗျာတွေထဲမှာပါတယ်
ချစ်သောဧရာဝတီပဲပေါ့.....ဖတ်ပြီးတိုင်းလဲခံစားရတယ်...
ခင်မင်တဲ့ jas

ညီရဲ said...

ဧရာဝတီက ခုဆို အသက်ငင်နေတဲ့ မြစ်တစ်စင်း ဖြစ်နေပြီလားလို့ တခါတခါ တွေးကြည့်မိတယ်...

လင်းခေတ်ဒီနို said...

ဖတ်လိုက်ရတာကိုက . . သူ့အသွေးကိုဖောက်တဲ့ . . သိပ်နာကျင်မိပါတယ် . . . .

အင်ကြင်းသန့် said...

ဒီအချိန်မှာမှ သူ့ကိုမကယ်တင်ရင် နောင်တတွေပဲရကြရလိမ့်မယ်။

မအိမ်သူ said...

မဟာနဒီကို မျက်ရည်မြစ်အဖြစ်နဲ့တော့ မကြွင်းစေချင်ပါဘူးကွယ်။ သူ့အသွေးအသားစစ်စစ်နဲ့သာ ထာဝရစီးဆင်းနေစေ့ချင်တာ......း((

ုမြသွေးနီ said...

မိခင်မြန်မာပြည်ကြီးက သူ့ရဲ့ အသွေးအသား ရင်နှစ်သည်းခြာဖြစ်တဲ့ ရာဇ၀င်များရဲ့ သတို့သမီး ဧရာဝတီတော့
ဘနဖူးသိုက်တူးနေသူတွေလက်ထဲမှာ ရေတိမ်နစ်ရတော့မှာကို မြင်နေရလို့ ပူဆွေးဝမ်းနည်းနေရတယ်။ အမိမြန်မာပြည်ကြီးနဲ့ ထပ်တူ မြန်မာပြည်သူ ပြည်သားတွေအားလုံး ကြေကွဲခံစားနေကြရတယ်..။

kokoseinygn said...

ကဗျာ လေးဖတ်ပြီးခံစားချက်တွေမြင့်သွား
ပါတယ်...ဓါတ်ပုံနဲ့ ကဗျာကတကယ်လိုက်ဖက်တယ်....

Anonymous said...

ဧရာဝတီမြစ်..အကြောင်း တွေးတိုင်း ရင်နာရပါတယ်။

လသာည

မောင်သီဟ said...

အသက်သွေးကြောကိုဖြတ်တောက်ကြတော့မှာပေါ့
ဖျက်ဆီးကြတော့မှာပေါ့

မိုးမြင့်တိမ် said...

ကဗျာလေးဖတ်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချသွားမိပါတယ်။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဝေလင်း said...

ကဗျာလေးတစ်ပုဒ် သွားသတိရတယ်..
`ငါတို့မပါပဲလည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်တဲ့´
အခုတော့ ကျွန်တော်တို့ကြောင့်ပဲ.....

ကိုရင် said...

အင်း..ဧရာဝတီရေ..

မြတ်မွန် said...

ဧရာဝတီမြစ်ကြီး ဘာမှ မဖြစ်ပါစေနဲ့။ ကမ္ဘာတည်သရွေ့ ထာဝရတည်ရှိနေပါစေလို့ ဆုတောင်းသမှု ပြုပါတယ်။