28 December, 2008

ဒီဇင်ဘာခရီးသည်(၂)


ဒီဇင်ဘာလထဲမှာ အလုပ်တွေရှုပ်နေတဲ့ ကြားထဲက ခရီးတစ်ခုတော့ ထွက်ဖြစ်ခဲ့ပါသေးတယ်။ ပီနန် မှာ စာတမ်း သွားဖတ်ရင်း ကွာလာလမ်ပူ ကို ဖြတ်ပြီး စင်ကာပူမှာပါ လည်ပြီးမှ ပြန်လာခဲ့တဲ့ ခရီးစဉ်ပါ။ ရိုက်ခဲ့တဲ့ ရှုခင်းပုံလေးတွေ ကို အမှတ်တရ တင်လိုက်ပါတယ်။ လူပုံ ကြီးကြီး ရိုက်ထားတဲ့ ပုံတွေကိုတော့ ဘလော့ ကို လာလည်တဲ့သူတွေ လန့်သွားမှာစိုးလို့ မတင်တော့ဘူးနော် :D အောက်ကပုံက ပီနန်ရောက်ကာနီး လေယာဉ်ပေါ်က ရိုက်ထားတဲ့ပုံပါ။

မသွားခင်ရက်တွေက မအားတာနဲ့ ဘယ်ဟိုတယ်ကိုမှ သေချာ Reserve လုပ်မထားတဲ့ ကိုယ်တို့ လေးယောက်သားဟာ ၁၀ ရက်နေ့ ညနေ ပီနန် လေဆိပ်ရောက်တော့မှ Information ကောင်တာ က အမျိုးသမီးလေးတွေ လမ်းညွှန်ပေးတဲ့ Hutton Lodge ဟိုတယ်ကို တက္ကစီငှား သွားကြတာပါ။ အဲဒီညကတော့ ခရီးပန်းတာနဲ့ အိပ်လိုက်ကြပြီး နောက်တစ်ရက်ကျမှ လေဆိပ်က ယူလာတဲ့ မြေပုံတွေ ကြည့်ပြီး ဘတ်စ်ကားနဲ့ပဲ City Tour ကိုစကြပါတော့တယ်။ အောက်ကပုံက ကားမှတ်တိုင်ရှေ့က အဆောက်အဦကို ကားစောင့်ရင်းရိုက်ခဲ့တာပါ။

ပီနန်တောင်ကို ရောက်တော့ ပိတ်ထားတာနဲ့ပဲ မတက်ခဲ့ရပါဘူး။ အနီးအနား လမ်းလျှောက်ရင်း လင်းနို့ဂူကို ၀င်ခဲ့ကြပါတယ်။ ဂူထဲမှာ တကယ့်ကို လင်းနို့လေးတွေ အများကြီးပါ။



အဲဒီနောက်တော့ Kek Lok Si Temple ကို ကားပြန်စီးပြီး သွားကြပါတယ်။ Chinese temple တစ်ခုပါ။ အဲဒီ ဘုရားစောင်းတန်းမှာပဲ အမှတ်တရပစ္စည်း တွေလည်း ဝယ်ခဲ့ကြပါတယ်။

နေ့လည်စာ စားရင်းနဲ့ မြေပုံကြည့်ပြီး မြန်မာဘုရားကျောင်းကို သွားဖို့ပြင်ကြပါတယ်။ ဘတ်စ်ဒရိုင်ဘာကို မေးကြည့်တော့ ဂိတ်ကိုပြန်စီးရမယ်ဆိုလို့ ပြန်စီးခဲ့ကြပါတယ်။ ပီနန်မြို့လေးက သိပ်မကျယ်ပေမယ့် တစ်လမ်းမောင်းတွေ များတာကြောင့် ဘတ်စ်ကားနဲ့ တစ်ပတ်ပတ် ကားပြောင်းစီးပြီးမှ ဘုရားကို ရောက်ပါတယ်။

ဘုရားရိပ်က အေးချမ်းတာနဲ့ ရေသောက်၊ မုန့်စား၊ ဓာတ်ပုံရိုက် လုပ်လိုက်ကြတာ မျက်နှာချင်းဆိုင်က ထိုင်းလက်ရာ Sleeping Buddha ကိုရောက်တော့ ပိတ်သွားတာနဲ့ မဝင်လိုက်ရတော့ပါဘူး။ အဝ မှာပဲ ဓာတ်ပုံ ရိုက်ပြီး ပြန်လာရပါတယ်။

နောက်တစ်နေ့မှာတော့ Butterworth မှာရှိတဲ့ Universiti Technologi ,Mara (UiTm) မှာ စာတမ်းဖတ်ဖို့ အတွက် မနက်စောစောထပြီး ဖယ်ရီဂိတ်ရောက်အောင် ဘတ်စ်ကား စီးသွားရပါတယ်။ ဖယ်ရီ နဲ့ တစ်ဖက်ကမ်း ရောက်တော့ ကျောင်းကို ရောက်ဖို့ ဘတ်စ်ကား ထပ်စီးရပါသေးတယ်။ ကိုယ်တို့နေတာက ဒီဘက်ကမ်း George Town မှာပါ။ ပီနန် တံတားကိုလည်း တက္ကစီဖိုး မတတ်နိုင်လို့ မဖြတ်ခဲ့ရပဲ အဝေးကပဲ ငေးခဲ့ရပါတယ်။ ဘတ်စ်ကားမှတ်တိုင်က ကျောင်းဝင်း အဝင်ဝ နားမှာပါပဲ။

Conference လုပ်တဲ့ Building ပါ။

Conference မှာ ကျွေးတဲ့ နေ့လည်စာပါ။ မြန်မာနဲ့နီးစပ်တော့ ကိုယ်တို့အားလုံး စားလို့ ကောင်းကြပါတယ်။ :D

စာတမ်းဖတ်ရမယ့် ရက်က လေးယောက်လုံး တစ်ရက်တည်း မကျတာမို့ Conference ရက်နှစ်ရက်လုံး ကျောင်းကို သွားရပါတယ်။ နောက်တစ်ရက်မှာတော့ မသွားခင် မနက်မှာပ မဝင်လိုက်ရတဲ့ Sleeping Buddha ကို ထပ်သွားကြပါတယ်။

KL သွားမယ့် ရထားဘူတာရုံက အဲဒီဘက်ကမ်းမှာ ရှိတာမို့ Luggage တွေပါသယ်ပြီး ကျောင်းကို သွားရတာပါ။ ကျောင်းရှေ့က လုံခြုံရေး ရုံးမှာ အပ်ထားခဲ့ပြီး ကျောင်းထဲကို ဝင်ကြတာပါ။ ပြန်တွေးကြည့်ရင် တော်တော် ရယ်စရာကောင်းတဲ့ အဖြစ်ပါ။ ဒင်နာတောင် မတက်နိုင်ပဲ ၉:၃၀ ရထားနဲ့ KL ကိုလာခဲ့ကြပါတယ်။ KL ရောက်တော့ ဆရာတို့ စုံတွဲရဲ့ကျေးဇူး နဲ့ လွတ်လပ်ရေးရင်ပြင်၊ သစ်ခွဥယျာဉ် နဲ့ KL Tower ကို ရောက်ဖြစ်ခဲ့ပါတယ်။

အောက်က ပုံက Asian နိုင်ငံတွေရဲ့ တိုးတက်မှု ပြယုဂ်လို့ ဆိုပါတယ်။

Twin Tower တက်ဖို့ကတော့ မနက် ၆ နာရီ မှာကိုပဲ Tower တက်ဖို့ တန်းစီနေတဲ့လူတန်းကြီးက တော်တော် ရှည်နေတာနဲ့ အောက်ကနေပဲ ဓာတ်ပုံရိုက်ပြီး ပြန်ခဲ့ရပါတော့တယ်။

အောက်ကပုံကတော့ KL Tower ပေါ်က ရိုက်ထားတဲ့ပုံပါ။

ည ၁၁ : ၃၀ ကားနဲ့ စင်ကာပူကို မသွားခင် နောက်ဆုံးအနေနဲ့ အောက်ပုံက ကုန်တိုက်မှာ ခြေဖဝါးတွေ ကျိန်းတဲ့ အထိ ပတ်ကြပါသေးတယ်။ ကားပေါ်မှာတော့ ဘာအိပ်ကောင်းသလဲ မမေးပါနဲ့။

Sg ကိုရောက်တော့ မနက် ၄ နာရီ။ စင်ကာပူ ဒေါ်လာ တစ်ပြားမှ မရှိပဲ တက္ကစီငှားပြီး တည်းမယ့် အိမ်ရောက်မှ တက်ယူပြီး ပေးလိုက်ရတယ်။ တော်သေးတယ် ကားသမား ဦးလေးကြီး သဘောကောင်းလို့။ :D ရောက်တဲ့ရက်မှာပဲ Marina Bay ကို သွားခဲ့တယ်။

နောက်တစ်ရက်မှာ Sentosa ကို သွားခဲ့တယ်။ Underwater လည်း မဝင်ပဲ မနေပါဘူး။ Underwater ထဲမှာ ရိုက်တဲ့ ပုံတွေကတော့ မရိုက်တတ်လို့လား မသိဘူး၊ သိပ်မကောင်းလို့...။


ကုန်တိုက်တွေကို အချိန်ရသလိုဝင်ပြီး Vivo City ကိုလည်း ညဘက်တစ်ခါ မနက်တစ်ခါ ရောက်ဖြစ်တယ်။

Sg မှာ တစ်ညပဲ အိပ်ပြီး နောက်နေ့ ညမှာ ပြန်ခဲ့ကြတာပါ။ သူငယ်ချင်းကတောင် ကြာကြာမနေနိုင်လို့ ပြောနေပေမယ့် ကိုယ်တို့မှာလည်း ကြာကြာနေဖို့ အခြေအနေက မပေးတော့ မနေနိုင်ပါ။ ပြန်ရောက်ပြီး နှစ်ရက်ကြာရင် ဝန်ထမ်းတိုင်း ဖြေရမယ့် အင်္ဂလိပ်စာ နဲ့ ဘာသာရပ် စာမေးပွဲက ဖြေရဦးမှာလေ။ ရသလောက် အချိန်လေးမှာ မနားမနေသွားပြီး ပင်ပန်းနေကြလို့ ဟိုမှာ ပင်ပင်ပန်းပန်း ကျောင်းတက်၊ အလုပ်လုပ် နေရတဲ့ သူတွေကတောင် ကိုယ်တို့ကို ပြန်သနားရတဲ့ အထိပါပဲ။

Chinese Gargen ထဲဝင်ဖို့တော့ အချိန်မရခဲ့ဘူး။ MRT ဘူတာကပဲ လှမ်းမြင်ခဲ့ရတယ်။

အပြန်မှာ Air Asia က ဘယ် terminal မှာမှန်း မသိဘူးဆိုလို့ သူငယ်ချင်းတွေက အံသြတစ်ကြီး ဖြစ်ကျန်ခဲ့တယ်။ ကိုယ်တို့ အတွက်ကတော့ ခရီးတစ်လျှောက်လုံး ဒီလိုပဲ ဗြုတ်စဗျင်းတောင်းနဲ့ ပါးစပ်ပါ ရွာရောက် ဆိုသလို မေးမြန်း စုံစမ်းပြီး သွားခဲ့ကြမို့ ဘာမှမဆန်းပါဘူး :D ။ သုဝဏ္ဏဘူမိ လေဆိပ်ကို ညဘက်ကြီး ရောက်ပြီး မနက်လေယာဉ်ကို ချမ်းချမ်းစီးစီး စောင့်ကြရသေးတယ်။ မနက်ဘက် လေယာဉ်ပေါ်ရောက်တော့မှ စိတ်ချလက်ချ နဲ့ မှေးကနဲ အိပ်ပျော်ရာက နိုးလာတော့ လေယာဉ်ကြီးက ရပ်နေတာနဲ့ ရန်ကုန်ရောက်ပြီ ထင်လိုက်ပါတယ်၊ ဘယ်ဟုတ်မလဲ၊ စက်ချို့ယွင်းလို့ ပျံမတက်ရသေးတာပါတဲ့။ ပြန်ဆင်းပြီး နောက်တစ်စင်း ပြောင်းစီး လိုက်ရသေးတယ်။ ပုံမှန်ဘဝကို ပြန်ဖြတ်သန်းရတော့မယ် ဆိုတော့လည်း မပြန်ချင်သလိုပဲ။ :P


(သိင်္ဂါကျော်)

ဒီဇင်ဘာခရီးသည်(၁)

Christmas မှာလည်း ဘာမှ အမှတ်တရ မတင်ဖြစ်ခဲ့တဲ့ အပြင် မနှစ်က ဒီဇင်ဘာ မှာ သွားခဲ့တဲ့ ခရီးလေးကိုလည်း သတိရမိလို့ ဒီပို့စ်လေး တင်လိုက်တာပါ။

ကိုရီယား မှာ ၈ ရက် လောက် နေခဲ့ပေမယ့် ဘယ်ကိုမှ ကောင်းကောင်း မရောက်ခဲ့တဲ့ အပြင် ဘာရှုခင်း အလှအပမှလည်း ကောင်းကောင်း မတွေ့ခဲ့ရလို့ မေ့ထားချင်ခဲ့တဲ့ ခရီးပါ။ ရောက်ရောက်ချင်း မှာ နောက်တစ်နေ့ ဖတ်မယ့် စာတမ်းကို ဘာမှမပြင်ရပဲ တနင်္ဂနွေကျောင်းကို သွားတက်ခဲ့ရပါတယ်။ Chruch က နံရံကပ်ပုံလေးပါ။

ကိုယ်တို့အဖွဲ့ကို တာဝန်ယူ ဖိတ်ခေါ်ထားတဲ့ ကိုရီးယား ဆရာကြီးက အရမ်းကို သူ့ဘာသာထဲ သိမ်းသွင်းချင်သူ ဖြစ်နေသူမို့ ဘာမှမတတ်နိုင်ပဲ တစ်ခါမှ မမြင်တဲ့ ကျမ်းစာ ကိုလည်း မြင်ဖူး ဖတ်ဖူး သွားတဲ့ အပြင် Bible Study မှာ ပညတ်တော် ၁၀ ပါး ရုပ်ရှင်လည်း ကြည့်ဖူးသွားပါတယ်။ ထမင်းကျွေးပြီး တရားဟောတာလည်း ခံရပါရဲ့။ ဒါတစ်ခုကလွဲပြီး စိတ်သဘောထား ကောင်းရှာတဲ့ ကိုယ်တွေကိုလည်း အစစ ဂရုစိုက်စောင့်ရှောက်တဲ့ ဆရာကြီး ဆိုတော့လည်း ဘာမှပြန်မပြောရဲ။ ကိုယ်တို့ နိုင်ငံမှာ ဗုဒ္ဓဘာသာများလို့ပဲ ရောင့်ရဲတင်းတိမ်တတ် သူတွေမို့ ဆင်းရဲနေတယ်လို့ ပြောချင်တာကိုတော့ အကုန်လုံးက မခံချင်၊ ပြန်ပြောချင်ကြပေမယ့် သူ့ကိုနိုင်အောင် ဘယ်လို အချက်ကျကျ ပြောရမယ်မှန်း မသိတာနဲ့ပဲ ဘာမှပြန်မပြောခဲ့ရတာကို ခုထိ တနုံ့နုံ့ ဖြစ်နေတုန်း။ Aerospace University ကိုတော့ သုံးခေါက်လောက်ရောက်ပါတယ်။


ရှားရှားပါးပါး ဗုဒ္ဓဘာသာ ဘုရားကျောင်းပါ။

Seoul Tower ကိုလည်း မတတ်ခဲ့ရ၊ နန်းတော်ထဲလည်း မရောက်ဖြစ်ခဲ့ပေမယ့် ကိုယ့်အဖွဲ့ထဲက Senior တွေနဲ့ အပေါင်းအသင်း တစ်ချို့က ဈေးဝယ်ဝါသနာ ပါသူတွေမို့ နန်ဒေမွန် ဈေးထဲလည်း နှစ်ခေါက်၊ Shoping Mall တွေလည်း ခဏခဏ ရောက်ပါတယ်။ ကိုယ့်ဝါသနာကတော့ နေရာသစ်တစ်ခု ရောက်ရင် Natural Scene မှန်သမျှကို ရောက်ချင်တာပါပဲ။ ဈေးမဝယ်ရလည်း ကိစ္စမရှိ။ ခုတော့ City Tour ကားကို နောက်ဆုံးနေ့ ညနေမှ စီးဖြစ်တော့ ကားပေါ်ကပဲ ရှုခင်းကြည့်ခဲ့ရပါတော့တယ်။City Tour ကားပေါ်က အဆင်းမှာ ဒီနေရာကိုတော့ ရောက်ခဲ့ပါတယ်။ Soul of Asia ပါတဲ့။ Christmas နားနီးလို့ မီးတွေ အကြီးအကျယ်ထွန်းထားကြတယ်။


ညဦးပိုင်း နှင်းမဖြစ်ခင် မိုးရွာတာကိုပဲ သိလိုက်ပြီး ညဘက်နှင်းကျတာကို မသိလိုက်ကြပါ။ မနက်ကျတော့ ခုလိုလေးပဲ သဲလွန်စကျန်တော့တယ်။


ရောက်ရကြိုး မနပ်ဘူးလို့ စဉ်းစားးနေတုန်းမှာပဲ ပြန်ခဲ့ရပါတယ်။