24 May, 2017

ဆေးစက် ကျရာ

နွေဦးပန်းတွေ ပွင့်ရာ ဝေရာမှာ
သာသာယာယာ ကျေနပ်နေသူတွေ ရှိသလို
နွေရဲ့ ရက်စက်မှု အောက်မှာ
ပူလောင် ပင်ပန်း နေရသူတွေလည်း ရှိရဲ့ ။

မျှော်လင့်ချက်၊ ရည်ရွယ်ချက်နဲ့
ဦးတည်ရာ တစ်ခု အတွက်
သည်းခံ နေထိုင်နေသူတွေ၊
ရည်ရွယ်ရာ တစ်ခု အတွက်
ကြိုးစား နေထိုင်သူတွေ၊
ရပ်တည်ချက် ကောင်းတစ်ခုနဲ့
ခေါင်းမော့ နေထိုင်သူတွေ၊
ရည်ရွယ်ချက်မဲ့
အသက်ရှင်မှု တစ်ခုအတွက်
ဝမ်းစာရှာ နေထိုင်သူတွေ၊
မိသားစု အရိပ်အောက်
သက်တောင့်သက်သာ နေထိုင်သူတွေ၊
တောင့်တမှုတွေကို ကြောင့်ကြစရာ မလိုပဲ
ပေါ့ပေါ့ပါးပါး နေထိုင်သူတွေ၊
ဘဝကို မနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးလို
ထမ်းပိုးပြီး နေထိုင်သူတွေ
နွေနေ အောက်မှာ...။

ဘဝ ဆိုတာ
ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ
ကံမကုန်မခြင်း ထမ်းဆောင်ရတဲ့ တာဝန်တစ်ရပ်ပေပဲ။

ဗလာရောင် သက်သက်ဟာ ပန်းချီကား မဟုတ်ပေမယ့်
ကမ္ဘာဟာ ပန်းချီကားတစ်ချပ်ပဲ
ဆေးစက်ကျရာတိုင်းဟာ
ဘဝတွေရဲ့  ပုံရိပ်သာ ဖြစ်လေတယ်။

တစ်ချို့ ဆေးစက်တွေက အရောင်မမှန်
တစ်ချို့ က အရောင်စပ်
တစ်ချို့က အရောင်တောက်တောက်
တစ်ချို့ က အရောင်မှိန်မှိန်
တစ်ချို့က တစ်ချို့ကို လှတယ် ထင်ပေမယ့်
ကိုယ်တိုင်ကိုက မကျေမနပ် ဖြစ်နေတတ်တာမျိုး။

သိင်္ဂါကျော်