21 May, 2014

ကြာရှည် အောင်မြင်သော နှစ်ဦးဆက်ဆံရေး (သို့) လက်ထပ်ခြင်း ဖြစ်ရန်အတွက် လျှို့ ဝှက်ချက်


နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ မမှန်ကန်တဲ့ အယူအဆဟောင်းတွေကို ဖယ်ရှားပြီးတဲ့ အခါ ဆက်ဆံရေးဟာ လွယ်ကူလာမှာပါ။ အဲဒါဟာ ရိုးရိုးစင်းစင်းလေးပါ လို့ ပြောလို့တော့ မမှန်နိုင်ပါဘူး။ မြက်တွေဟာ တစ်ခြားလူတွေရဲ့ နေထိုင်မှုထဲမှာတော့ အမြဲတမ်း စိမ်းလန်း နေပုံပါပဲ။ ဘာကြောင့်လဲ ဆိုရင် လူအနည်းစုကသာ သူတို့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမှန်တရားတွေကို ထုတ်ဖော် မျှဝေလို့ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးသော ဆက်ဆံရေးတွေ (လက်ထပ်ခြင်း) တွေမှာ အမြဲတစေ အလေးထားမှုတွေ၊ ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ သင့်အနေနဲ့ ဆက်ဆံရေးတစ်ခု ရေရှည် တည်တံ့ဖို့ အတွက် ဂရုစိုက်အလေးထားမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ် ဆိုတာကို နားလည် လက်ခံနိုင်တယ် ဆိုရင် သင်ဟာ မှန်ကန်တဲ့ လမ်းပေါ် စတင်လျှောက်နေတာပါ။ 

၁။ ညှိနှိုင်းပါ 

နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတွေဟာ အယူချည်းပဲ မဟုတ်ပါဘူး။ ပေးဆပ်ရတာလည်း ရှိပါတယ်။ သင့်ကိုယ်သင် အများကြီး မပေးဆပ်နိုင်ဘူး ဆိုရင်၊ ဒါမှမဟုတ် သင့်ဘက်က ဘယ်လောက်များများ ပေးခဲ့ပြီး ပြန်ရတာကတော့ ဘယ်လောက် နည်းတယ် ဆိုပြီး မမျှတမှုကို ခံစားနေရရင် သင့်မှာ တစ်ဖက်ဖက်က ရတာထက် ပိုပေးဆပ်နေရတဲ့ မမျှတတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာ ဖြစ်နိုင်ပါတယ်။

 ဥပမာ စုံတွဲတွေဟာ အချစ် ဆိုတာကို ဘယ်အရာပဲ လာလာ ကောင်းအောင်လုပ်နိုင်တဲ့ အရာတစ်ခုအနေနဲ့ မှားယွင်း ယုံကြည်နေကြပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို အမှန်တကယ် ချစ်မြတ်နိုးရင် သူတို့က သင်တောင်းဆိုသမျှ အရာတိုင်းကို လုပ်ပေးလိမ့်မယ် လို့ ထင်နေကြပါတယ်။ ဒါပေမယ့် လူတွေမှာ သူတို့ ကိုယ်ပိုင် လိုအပ်ချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေ နဲ့ လွတ်လပ်စွာ ရှိနေကြပါတယ်။ ကျွန်မတို့ ရဲ့ ဘဝကို အတူကုန်ဆုံးချင်တဲ့ တစ်စုံတစ်ယောက် တွေ့ခဲ့တယ် ဆိုတာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဘဝကို ပေးဆပ်လိုက်ရမယ် ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ 

၂။ ဆက်သွယ်ပါ 

နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတွေ ဆက်လက် ရှင်သန်နေတယ်၊ ပြတ်တောက်သွားတယ် ဆိုတာ ဓားတစ်လက်နဲ့ လုပ်လို့ရတဲ့ အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြန်အလှန် ပြောဆို စကားများမှု တွေကနေပဲ ဖြစ်နိုင်တာပါ။ လူနှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် သူတို့ရဲ့ လိုအပ်ချက်တွေ၊ ခံစားချက်တွေ နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောဆို ဆွေးနွေးမှုသာ မရှိဘူး ဆိုရင် သူတို့ရဲ့ ဆက်ဆံရေး ဟာလည်း အရှည် တည်တံ့ဖို့ မဖြစ်နိုင်ပါဘူး။ စုံတွဲတွေဟာ ပုံမှန်အားဖြင့် ပွင့်လင်းတဲ့ တိုက်ရိုက် ကျတဲ့ ပြောဆို ဆက်ဆံရေး တစ်ခုတော့ ရှိကို ရှိရပါမယ်။ 

အဲဒါဟာ သူ့အပြုအမူနဲ့ ပတ်သက်ပြီး သင့်ရဲ့ အသေးအဖွဲ မကျေနပ်မှုတွေအတွက် သူ့ကို ဘယ်လောက် စိတ်ကုန်တဲ့ အကြောင်း စကားများခိုင်းတာ မဟုတ်ပါဘူး။ သင် လိုအပ်တယ်၊ သူ့ကို ပြောဖို့ လိုတယ် ဆိုတဲ့ ကိစ္စမျိုးကို သူ့ကို ပြောတဲ့အခါ လေးစားတဲ့ အမူအယာ မပျက်ပဲ သင့်ပြောဆိုမှုအပေါ် သင်ကိုယ်တိုင် ယုံကြည်မှု အပြည့်နဲ့ ပြောဆိုဖို့ပါပဲ။ 

 ၃။ သင့်ရဲ့ စစ်ပွဲကို သေချာ ဂရုစိုက်ပြီး ရွေးပါ 

လက်ထပ်ပြီးတဲ့ အခါ လူနှစ်ယောက် အတူနေကြတဲ့ အချိန်..၊ ဘယ်လို လူတွေပဲ ဖြစ်ဖြစ် အတူတူ ရှာဖွေတွေ့ ရှိကြတဲ့ အချက်ကတော့ မတူညီတဲ့ လူနှစ်ယောက် အတူတူ နေထိုင်ကြတာဟာ (အရင်က တစ်စုံတစ်ယောက်က သူတို့ကို ပြောခဲ့ဖူးတာတွေထက် ပိုပြီး) ခက်ခဲတယ်ဆိုတာပါ။ အချစ်က ကိစ္စတော်တော်များများကို ကျော်လွှားနိုင်တယ် ဆိုပေမယ့် နေ့စဉ် နေ့တိုင်း တစ်ခြားလူတစ်ယောက်နဲ့ အတူ နေထိုင်မှုဘဝမှာ ကိုက်ညီမှုတွေကို ရှာဖို့ ခက်ခဲမှာ အမှန်ပါ။ အထူးသဖြင့် သင်ကလည်း သင့်တစ်ယောက်တည်း ဘဝကို အချိန်တော်တော်ကြာကြာ ဖြတ်သန်းခဲ့ပြီးလို့ပါ။ 

သင့်ရဲ့ ပေါက်ကွဲချင်နေတဲ့ စိတ်တွေကို ဘာ အငြင်းပွားတဲ့ကိစ္စ နဲ့ ဖြစ်ရမလဲ ဆိုတာကို ပြင်ဆင်ရပါမယ်။ ဥပမာ သင်တကယ်ပဲ အသေးအဖွဲ သွားတိုက်ဆေး အဖုံးကိစ္စ၊ ရေချိုးတဲ့ကိစ္စ စတာတွေနဲ့ အငြင်းပွားချင်တာလား။ သင့်ရဲ့ အားအင်တွေကို ငွေကြေးကိစ္စ၊ ကလေး ကိစ္စ၊ အလုပ်အကိုင်ကိစ္စ စတဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေမှာ သုံးရဦးမှာ ဖြစ်ပါတယ်။ သင်သိထားတဲ့အတိုင်း အဲဒီကိစ္စတွေကမှ လူတစ်ယောက်အတွက် အမှန်တကယ် အရေးပါတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ စုံတွဲ အများစုဟာ အရေးမပါတဲ့ အသေးအမွှား ကိစ္စလေးတွေအတွက်နဲ့ အငြင်းပွားနေကြတာ များပါတယ်။

 ၄။ သင့်ရဲ့ လိုအပ်ချက်တွေကို ဖုံးကွယ်မထားပါနဲ့ 

တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ဆက်ဆံရေးတစ်ခု ကြာလာတဲ့အခါ (လက်ထပ်တာ ကြာလာတဲ့အခါ) ကျွန်မတို့ကိုယ် ကျွန်မတို့ တစ်ခြားသူတစ်ဦးရဲ့ လိုအပ်ချက်နဲ့ ဆန္ဒတွေ နောက်ကွယ်မှာ ဒုတိယနေရာ ထားတတ်လာပါတယ်။ ကလေးရှိလာတဲ့ အတွက် အလုပ်လုပ်ဖို့ကို စွန့်လွှတ်လိုက်ရတာ၊ အိမ်ထောင်ဖက်ရဲ့ အလုပ်အကိုင်နောက်ကို လိုက်ပြီး တစ်ခြား တစ်မြို့တစ်ရွာကို ပြောင်းရတာ မျိုးတွေ ရှိလာတတ်ပါတယ်။ အဲဒါက ပြဿနာမရှိပါဘူး။ သင့်ကိုယ်သင် ဆန်းစစ် ကြည့်တဲ့အခါ အဲဒီကိစ္စတွေက သင့်အပေါ် တကယ် ပြဿနာ ရှိသလား မရှိဘူးလား ဆိုတာ အစစ်အမှန် ခံစားချက်ကို သိဖို့ လိုအပ်ပါတယ်။ ရှိတယ် ဆိုရင်တော့ သင့်အိမ်ထောင်ဖက်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဖြစ်နိုင်သလောက် ညှိနှိုင်းကြည့်ရမှာ ဖြစ်ပါတယ်။ 

လူနှစ်ယောက် အတွက် လိုအပ်ချက်တွေ၊ ဆန္ဒတွေ တစ်ထပ်တည်း ကျဖို့ ဆိုတာ ရှားပါးလှပါတယ်။ အဲဒါဟာ စိတ်ကူးယဉ်မှု သက်သက်ပါပဲ။ အဲဒီအစား တစ်ခါတစ်ရံမှာ သင်တို့ နှစ်ယောက်ရဲ့ သွားရမယ့် လမ်းတွေကို ခွဲခြားရပါလိမ့်မယ်။ သင့် ဆန္ဒကို အရေးပါတဲ့ ကိစ္စတွေ ဖြစ်ပေါ်တဲ့ အချိန်မှာ ထုတ်ဖော်ပါ။ တစ်ယောက်နဲ့ တစ်ယောက် လေးစား ပွင့်လင်း တဲ့ စိတ်ထားနဲ့ ဖော်ပြနိုင်မယ့် နည်းလမ်းကို ရှာရမှာ ဖြစ်ပါတယ်။ 

၅။ ယုံကြည်မှု နဲ့ ရိုးသားမှုရဲ့ အရေးကြီးတဲ့ အချက်ကို လျှော့မတွက်မိပါစေနဲ့ 

 မတူညီတဲ့ လူတွေမှာ မတူညီတဲ့ ပတ်သက်မှုတွေ ရှိပေမယ့် လူတိုင်းလိုလိုပဲ သူတို့ရဲ့ တွဲဖက် (အိမ်ထောင်ဖက်) ဆီက ယုံကြည်ရမှုနဲ့ ရိုးသားမှုကိုတော့ အားလုံးထက် တန်ဖိုးထားကြပါတယ်။ ဘာကြောင့်ပါလဲ..။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ လက်တွဲဖော် ဆိုတာ အချိန်အကြာကြီး သံသယတွေ မေးခွန်းတွေ မရှိပဲ မှီခို နေထိုင်ချင်တဲ့လူ ဖြစ်နေတဲ့ အတွက်ကြောင့်ပါပဲ။ သင့် လက်တွဲဖော်ဟာ တစ်ချို့ အချက်ကလေးတွေမှာ သိပ်ပြီး မရိုးသားခဲ့တာကို သင် သတိထားမိပါလိမ့်မယ်။ လူတိုင်းဟာ အဖြူရောင် မုသားတွေ ပြောဖူးကြသူတွေ ချည်းပါပဲ။ အထူးသဖြင့် ပထမဆုံး ဒိတ်လုပ်တဲ့ အချိန်တွေမှာပါ။ 

ပိုပြီး ကြီးမားတဲ့ မရိုးသားမှုတွေကိုတော့ အာရုံစိုက်ဖို့ လိုပါလိမ့်ပါမယ်။ ဥပမာ သင့်လူက ရှေ့နေတစ်ယောက် လို့ ပြောပေမယ့် တစ်ခါမှ အမှုမလိုက်တာကို သင်တွေ့ရတာမျိုး၊ သူ ကလေး ချစ်တတ်တယ် လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ မဟုတ်တာကို တွေ့ရမျိုး ရှိတတ်ပါတယ်။ 


ခိုင်မာတဲ့ လက်ထပ်ခြင်း (သို့) ဆက်ဆံရေးများဟာ အမှန်တကယ်တော့ သင် လေးစား ယုံကြည် ချစ်ခင်ရတဲ့ လူတစ်ယောက်နဲ့ ကောင်းမွန်တဲ့ အပြန်အလှန် စကားပြောတစ်ခုလိုပါပဲ။ သူတို့ဟာ အမြဲတမ်း ပြောင်းလဲနေတယ်၊ စိတ်ဝင်စားစရာကောင်း နေတယ်၊ အံသြစရာကောင်းအောင် ရလာဒ်ကောင်းတွေ ရနေတယ်၊ တစ်ခါတရံ အံအားသင့်စရာတွေ ဖြစ်နေတယ်။ အဲဒီလိုလူနဲ့ စကားဆက်ပြောဖို့ ဆိုရင် အဲဒီလူ နောက်ဆက်ပြီး ဘာပြောမလဲ ဆိုတာကို သင်က ကြည့်ချင်စိတ်ရှိနေပြီး သင့်အနေနဲ့ သဘောမတူချင်တဲ့ အရာ ရှိရင်တောင်မှ သူ့ရဲ့ အယူအဆကို လေးစားရပါမယ်။

 ကောင်းမွန်တဲ့ အပြန်အလှန် စကားပြောဆိုမှု တစ်ခုမှာ အဆုံးသတ်ကိုလည်း ထိန်းသိမ်းထားနိုင်ဖို့ လိုသလို မျိုးပါပဲ။ သင့်ဘဝမှာ သင် ဂရုစိုက် တန်ဖိုးထားတဲ့ အရာတွေကို ဂရုစိုက်သလိုပဲ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ကိုလည်း ပုံမှန် ဂရုစိုက်ပြီး အလေးထားပေးဖို့ လိုအပ်ပါတယ်။ 
လူနှစ်ယောက် လက်ထပ်လိုက်တာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ လက်ထပ်ခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက် တလေးတစား ဂရုတစိုက် အပြုအမူမျိုးနဲ့ ပွင့်လင်း ရိုးသားစွာ ဆက်ဆံတတ်ဖို့ သင်ကြားလေ့လာရမယ့် လုပ်ငန်းစဉ်ရဲ့ အစတစ်ခုသာပဲ ဖြစ်ပါတယ်။ 

John M. Grohol ၏ "5 Secrets to a successful Long-Term Relationship or Marriage" ကို သင့်လျော်သလို ပြန်ဆိုပါသည်။ 

သိင်္ဂါကျော်