02 July, 2012

နတ်သမီးပုံပြင်ထဲ သွားချင်နေတဲ့သူ


မသေချာချင်လို့
အကြောင်းအရာတွေ ပြောင်းပြောင်းတွေးတယ်
လူတကာ စိတ်ဝင်စားတဲ့ အရာတွေထဲ
စိတ်ဝင်စားချင်ယောင် ဆောင်ဆောင်ကြည့်တယ်
အကျိုးမရှိပါဘူး။
ဦးနှောက်တစ်ခြမ်းမကတောင် ပျက်နေပြီ ထင်ရဲ့
ဘာမှ ထပ်သွင်းမရအောင်
ပုံရိပ်တွေ ပြည့်နေတာလည်း ဖြစ်နိုင်တယ်။

မ ကတော့ မပြုစားဘူး ငြင်းကောင်းငြင်းနိုင်တယ်
ကျွန်တော့်ကိုယ် ကျွန်တော် ကျိန်စာ စူးစေတာ သက်သက်ပါပဲ။
နှုတ်မရ ပြုမရ အဲဒီ အပြုံးတွေအောက်မှာ အမိခံလိုက်ရတယ်။

တစ်ခါ နှစ်ခါ သုံးခါ
မသေချာသင့်သေးတဲ့ တွေ့ဆုံချိန်များ ဖြစ်ရက်နဲ့
ကိုယ်ရေးရာဇဝင် မသိရတဲ့ မျက်ဝန်းညိုတစ်စုံအောက်မှာ
ကျွန်တော့် နှလုံးသားကတော့ တိတိကျကျပဲ
အဓိပ္ဗါယ် သတ်မှတ်ပြီးခဲ့ပြီ။

မဖြစ်လောက်ဖူး ထင်ပေမယ့်လည်း
အဲဒီမီးက မရှို့ပဲ လောင်နှင့်နေခဲ့ပြီးပြီ။
မ မသိရင်သာနေမယ်
ကျွန်တော့် နွေရက်တွေက မိုးခေါင်နေခဲ့တာ အတော်ကြာပြီလေ။

တစ်ချို့အရပ်ကလူတွေ
နွေရက်တွေ မိုးစိုတဲ့ အကြောင်း ပြောတာကို
အားကျခဲ့ပေမယ့်လည်း
မိုးကို ဘယ်လို ခေါ်ရမလဲဆိုတာ မသိခဲ့ဘူးပြောရင်
ခင်ဗျားတို့ ရယ်နေမှာ သေချာတယ်။

ဣနြေ္ဒရှင်မ လှလှလေးမို့ စွဲလမ်းတာ မဟုတ်ရပါကြောင်း
ခင်ဗျားတို့ကို ကျိန်ပြောနိုင်ပါတယ်၊
ချစ်ခြင်းဆိုတာ စစ်မှန်တာနဲ့အမျှ
ဆန်းစစ်စရာ မလိုလောက်အောင် ခံစားမှုနဲ့ သိတတ်တဲ့ အရာပါ။

အချစ်ဆိုတာ အနီးကပ် ဓါတ်ပုံရိုက်ချက်ထဲက ပန်းတစ်ပွင့်ဆိုရင်
အကွာအဝေး အပိုင်းအခြား မတူညီမှုတွေဆိုတာ
နောက်ကွယ်မှာ ဝေဝါး ပျောက်ကွယ်မြဲပဲ မဟုတ်လား။

နတ်သမီးပုံပြင်တွေကို ကြိုက်နှစ်သက်တတ်သူလည်း မဟုတ်ရပါပဲ
ကျွန်တော်ဟာ အခုအခါမှာ
နတ်သမီးကလေး ချစ်မယ့်
ဆင်းရဲသား ဇာတ်လိုက်ကလေး ဖြစ်ချင်နေတယ်။

သိင်္ဂါကျော်

(ဝတ္တုရှည်ရှည် မရေးဖြစ်တာ အတော်ကြာနေပါပြီ၊ စုံထောက်ဝတ္တုဆို မရေးဖြစ်တာ တော်တော်ကြီး ကြာနေပြီ၊ ဘယ်လိုမှ စိတ်မပါ၊ စိတ်ကို သွင်းလို့မရ ဖြစ်နေတယ်၊ မအားတာလည်း ပါပါတယ်၊ ဒါနဲ့ပဲ ဘလော့ကို ပစ်ထားရာ ကျမှာစိုးတာနဲ့ ကဗျာတွေပဲ ရေးပြီးတင်ဖြစ်နေတယ်၊ ဒီဘလော့လည်း ကဗျာ ဘလော့ ဖြစ်မှန်းမသိ ဖြစ်နေပေါ့..)

13 comments:

Angelhlaing(May everybody be happy and healthy! said...

အချစ်ဆိုတာ အနီးကပ် ဓါတ်ပုံရိုက်ချက်ထဲက ပန်းတစ်ပွင့်ဆိုရင်
အကွာအဝေး အပိုင်းအခြား မတူညီမှုတွေဆိုတာ
နောက်ကွယ်မှာ ဝေဝါး ပျောက်ကွယ်မြဲပဲ မဟုတ်လား။

လှလိုက်တဲ့ ဖွဲ့နွဲ့မှုလေးပဲမမ..

သိ င်္ဂါ ရ said...

သူများတွေ အတွက် တော့ ပြောမတတ်ဘူး ။

ကျွန်တော်တော့ ... မ သိ င်္ဂါ ကျော် ရဲ့

ကဗျာတွေ ဖတ်ရတာ အဆင်ပြေနေလို့ ...

ကဗျာ blog ဖြစ်နေလည်း ကောင်းတာပါပဲ လို့ ...

တွေးမိတယ် ... :)

mstint said...

ကဗျာလေးဖွဲ့နွဲ့ထားတာ နူးညံ့ပြတ်သားတယ် သိင်္ဂါကျော်ရေ။ ကဗျာ ဘလော့လေးကို အမြဲတန်း အားပေးနေပါတယ်။ မုဒ် မဝင်လို့ကတော့ ပို့စ်တစ်ပုဒ် ဖြစ်မလာတာကို တီတင့် ထပ်တူခံစားနားလည်ပါတယ်ကွယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင်(မင်းဧရာ) said...

အစ်မ...
အခုတလော ကဗျာလေးတွေက ဘာလိုလိုး)


ဘာလိုလိုဆိုတာက ခံစားလို့ကောင်းတယ်လို့ပြောချင်တာပါ...

ိနွေရက်တွေမိုးစိုတဲ့အခါ
လောကကြီးက သာယာလာတယ်လို့ ထင်မိတယ်

အဲသည်လိုပါဘဲ မရှို့ပဲလောင်တဲ့မီးတွေနဲ့
ပြာအတိလည်း ပြီးခဲ့ဘူးတာပေါ့လေ။

Cameron said...

သိဂါင်္ရေးတဲ့ ကဗျာလေးတွေအားလုံးကြိုက်တယ်

မြတ်မွန် said...

အမကဗျာလေးတွေကအတွေးလေးတွေပါနေတယ်။

မဒမ်ကိုး said...

မကြီး ခံစားချက်တွေပြောင်မြောက်နေပါလားဗျိုးးးးးး

မြသွေးနီ said...

အဲ့လိုလေးတွေ ရေးတော့
ဟိုးးးအရင် စစဖတ်တုန်းကဆို ယောကျာ်းလေးတောင် ထင်မိခဲ့တယ်။ ရေးစရာမရှိခင်စပ်ကြား ကြံဖန်ရေးစရာရှာပြီး တင်တတ်တဲ့ ကိုယ်တို့ ဘလော့ဂါများ..။

ချစ်စံအိမ် said...

အမရေ လာရောက်ဖတ်ခဲ့ပါကြောင်း

Latt Latt said...

ကဗျာရေးတာ ကောင်းတယ်...

မိုးမြင့်တိမ် said...

နောက်ဆုံးနှစ်ပိုဒ်က တစ်ပုဒ်လုံးကို သိမ်းပိုက်သွားတာပဲ။


မိုးမြင့်တိမ်

လသာည said...

ရေးသမျှ အားလုံးကြိုက်တာချည်းပဲ။ စုံထောက်ဝတ္တုလည်း ကြိုက်သလို အခုလို ကဗျာဆိုလည်း ကြိုက်တာပဲ။

မအားတာနဲ့မရောက်ဖြစ်တာ ကြာပြီ။

San San Htun said...

အမကတော့ စွယ်စုံရတယ်..