27 June, 2012

အဖြူရောင် ရှင်းတမ်း

မင်းအပေါ် ထားတဲ့ သံယောဇဉ်က
စကတည်းက အဖြူသက်သက်ပါပဲ
မင်းဆိုးစေချင်တဲ့ အရောင်လည်း
ငါဘယ်တုန်းကမှ မပြောင်းခဲ့ရိုး အမှန်ပါ။

မင်းကသာ
စကားတွေကို လွယ်လွယ် နှုတ်ကျွံခဲ့လေရဲ့၊
မင်းရဲ့  အညှာချွေ စကားတွေကို
မင်းယုံစေချင်သလိုသာ ယုံခဲ့မိရင်
ခုလောက်ရှိ
ငါ့နှလုံးသားလည်း အမာရွတ်တစ်ခု ရနေပေါ့။

မင်းအပေါ် ထားတဲ့ ခင်မင်ခြင်း
အမြဲတမ်းအတွက် အဖြူသက်သက်ပါ၊
မင်း အလွယ်ပေးမိတဲ့ ကတိတွေကို
အားမနာတမ်း ပြန်နှုတ်ယူနိုင်ပါတယ်။
ငါလည်း ကတိမှ မပေးခဲ့မိပဲ။
ငါမနာကျင်ရင်
မင်းမှာ အပြစ်ရှိတယ်လို့ မမှတ်နိုင်ပါဘူး။
တိတ်တဆိတ် ရှောင်ပြေးခြင်းကသာ
ငါ့အလွမ်းတွေကို အလွဲသုံးစားလုပ်ရာကျတာပါ။

ငါ့အားနည်းချက်က တစ်ခုပဲရှိတယ်
ဝတ်ဆင်ခဲ့ဖူးတဲ့ သံယောဇဉ်တွေကို
လွယ်လွယ်နဲ့ မပစ်ရက်ခဲ့တာပဲ။

မင်းအပေါ် ခံစားတဲ့ အလွမ်းများကလည်း
အဖြူသက်သက် လို့ ယုံပေးပါ၊
တစ်ခုလေးပါပဲ
ငါနဲ့ ပတ်သက်မှုကို အပြီးတိုင် စွန့်လွှတ်ချင်တယ်ဆိုလည်း
နှုတ်ဆက်ပြီးမှ ထွက်သွားလိုက်ပါ ၊
ဘယ်တော့မှ ဖွင့်မရမယ့်
သော့ခလောက်တစ်ခုနဲ့
ငါ့အလွမ်းတွေကို သိမ်းဆည်းလိုက်ချင်လို့ပါ။

သိင်္ဂါကျော်

15 comments:

စံပယ်ချို said...

အလွမ်းတွေကိုသိမ်းဆည်းချင်တဲ့
အဖြူရောင်ရှင်းတမ်းလေးကိုလာဖတ်နေပါတယ်ရှင်

Angelhlaing(May everybody be happy and healthy! said...

ငါ့ အားနည်းချက် တစ်ခုပဲ ရှိတယ်
ဝတ်ဆင်ခဲ့ဖူးတဲ့ သံယောဇဉ်တွေကို လွယ်လွယ်နဲ့
မပစ်ရက်ခဲ့တာပဲ...

ကြိုက်တယ်မမရေ....

ချစ်စံအိမ် said...

ကဗျာလေးကြိုက်တယ် မမရေ

mstint said...

အလွမ်းလေးတွေ အမြဲတန်းသိမ်းဆည်းထားဘို့ ခံနိုင်ရည်စွမ်းရှိဘို့တော့လိုမယ် ကျော်ရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအရမ်းကောင်းတယ်။အလွမ်းတွေသိမ်းထားရင်
ရင်ဘတ်က ခဏခဏအောင့်မယ်ထင်တယ်နော်။

ဟန်ကြည် said...

အလွမ်းတွေကို စမ်းရေနဲ့မမျှောဘဲ ရင်ထဲမှာ သိမ်းထားမယ်ဆိုတာ အတော်လှတဲ့ စိတ်ကူး...အလွမ်းထဲမှာ အဖြူရောင်အလွမ်းကတော့ သိမ်မွေ့ကြည်နူးစရာကောင်းမယ်လို့ ခံစားမိတာပဲ...

ခိုင်နုငယ် said...

မင်းအပေါ် ခံစားတဲ့ အလွမ်းများကလည်း
အဖြူသက်သက် လို့ ယုံပေးပါ။

မြတ်ပန်းနွယ် said...

ကဗျာလေး အသံထွက်ပြီး ရွတ်ကြည့်လိုက်တယ်။ အရမ်းကို လှတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

သိ င်္ဂါ ရ said...

အဖြူရောင် ရှင်းတမ်း ...

အဖြူရောင် အလွမ်း ...

အဖြူရောင် သံယောဇဉ်တွေ ...

မောင်သီဟ said...

ဖြူဖြူစင်စင်လွမ်းဖြစ်သွားတယ်
အလွမ်းဆိုတာ အရက်နာလိုပဲ ချိတယ်း)

ချော (အစိမ်းရောင်လင်ပြင်) said...

အလွမ်းတွေကို သော့နဲ့ ခတ်ပြီးသိမ်းလို့ရရင် တကယ်ကို သိမ်းထားလိုက်ချင်တယ်။
း)
အင်း အဖြူရောင်အလွမ်းလေးက လှမယ်ထင်တယ်နော်..
မွှေးလည်း မွှေးသေးလား မသိ.

နွေတေးရှင် (မင်းဧရာ) said...

အဖြူရောင်ရှင်းတမ်း....
အမျှင်တန်းနေတဲ့ အလွမ်းတစ်ချို့
တိတ်တိတ်လေးပျို့လာတဲ့ မျက်ရည်း)။

ကဗျာလေးအရမ်းကောင်းလို့
ကျွန်တော်လည်း လိုက်ဖမ်းနေမိတာပါ။

Unknown said...

ကောင်းပါတယ်။

Unknown said...

အဖြူရောင်ရှင်းတမ်း ကဗျာလေးကို အရမ်းကြိုက်ပါတယ်။

San San Htun said...

ကဗျာလေးက ချစ်ဖို့ ကောင်းတယ်..