27 February, 2012

လွမ်းလို့

လွမ်းလို့ လွမ်းတာပေါ့
မင်း မသိနိုင်ပေမယ့်
ငါ့ကိုယ်ငါ နားလည်ခဲ့ရပြီ
တွယ်ငြိမှုရဲ့ သိပ်သည်းဆတွေ
အုံဖွဲ့ များပြားလာပြီ ဆိုတာ...။

လွမ်းလို့ လွမ်းတာပေါ့
ရှင်းပြလို့ မရနိုင်တဲ့
တစ်စုံတစ်ရာ
နှလုံးသားမှာ လစ်ဟာနေသလို...။

လွမ်းလို့ လွမ်းတာပေါ့
သက်သေပြချက် မတောင်းပါနဲ့၊
အလွမ်းကို သင်္ချာလို တွက်လို့မရနိုင်ဘူး
ထပ်တူညီတဲ့ နှလုံးသားနဲ့မှ
နားလည်နိုင်မယ့် အရာ။

လွမ်းလို့ လွမ်းတာပေါ့
ဒါလောက်ပါပဲ
အကြောင်းပြချက် မပေးနိုင်ဘူး၊
ဘာမှ ဆက်ပြီးလည်း ဝန်ခံစရာ မရှိဘူး၊
လွမ်းရတဲ့ အရသာကို ကြိုက်လို့
လွမ်းတယ်...။
လွမ်းရတဲ့ အရသာကို ခါးသီး သွားချိန်မှာလည်း
လွမ်းနေရတုန်းပဲ...။

သိင်္ဂါကျော်
 

21 February, 2012

ရပ်တန့်နေတဲ့ နေ့တွေ


သွားတော့ သွားနေပါရဲ့
ရောက်ကို မရောက်နိုင်တာ...။

ဦးနှောက်ထဲမှာလည်း
သုံးလို့ စားလို့ ရတာ တစ်ခုမှ ထွက်မလာအောင်
အသုံးမကျတာတွေပဲ ပြည့်နှက်နေသလား။
Intel ရေ
ငါ့ ဦးနှောက်ကို
မြန်မြန် မှန်မှန် process လုပ်ဖို့
processor တစ်ခု လောက် ထွင်ပေးပါဦး။

ငါ့ကိုယ်ငါ မတော်မှန်းလည်း သိပါရဲ့
မပြည့်စုံမှုထဲက ပျော်ရွှင်မှုကို ရှာရင်းနဲ့
ပျင်းပျင်း လာသလား...
အိပ်မက်တောင် မမက်ချင်လောက်အောင်
ပျင်းနေသူ ဖြစ်မှန်းမသိ ဖြစ်နေပေါ့။

ကြီးကြီးကျယ်ကျယ် ပြောဖို့တောင်
ခါတိုင်းလို စကားလုံးတွေ မရှာချင်တော့ဘူး။
ဘယ်အရာကိုမှ သိမ်းပိုက်မထားပါပဲ
နှလုံးသားလည်း အမှိုက်တွေ ပြည့်နေဆဲ။

အစ တစ်ခု စ စ ပြီး
အဆုံးမသတ်ချင်တဲ့ အကျင့်ဆိုးတွေ
မကောင်းမှန်းသိရက် အဖယ်ခက် နေတုန်းပေါ့။

ငါ့ရဲ့ guardian angel လေး ရေ..
ငါ့ရဲ့ ခြေလှမ်းတွေ တည့်မတ်ပေးဖို့
နင်ကိုယ်တိုင်တောင် ပျင်းနေပြီလား..။

ဘာပဲဖြစ်ဖြစ်ပါ
ငါက ရပ်နေလိုသူ မဟုတ်ဘူး
သွားတော့ သွားနေတာပါပဲ
ရောက်ကို မရောက်နိုင်တာ...။

သိင်္ဂါကျော်


(ဘာရယ် မဟုတ်ပါဘူး... ရုံးမှာ ပျင်းပျင်းနဲ့ ပြန်ကာနီး ရေးတဲ့ ကဗျာ။ ကိုယ့်ကိုယ့်ကို အားမရလို့ ရေးဖြစ်တဲ့ ကဗျာပါ။)
 

18 February, 2012

ရွှေ နဲ့ ငွေ ဘယ်ဟာ ပို တန်ဖိုး ရှိသလဲ


တစ်ခါက ရွာတစ်ရွာမှာ သင်္ချာပညာရှင် တစ်ယောက် နေထိုင်ခဲ့ပါတယ်။ အဲဒီနယ်ရဲ့ အကြီးအကဲ ဘုရင် ကိုယ်တိုင် သူ့ကို မကြာခဏ ခေါ်ပြီး စီးပွားရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေမှာ အကြံဉာဏ် တောင်းတတ်ပါတယ်။ သူ့ရဲ့ နာမည် ဂုဏ်သတင်းက အရပ်လေးမျက်နှာထိ ပြန့်နှံ ကျော်ဇော နေပါတယ်။ အဲဒါကြောင့်ပဲ ရွာ အကြီးအကဲ က သူ့ကို ပြောတဲ့ စကားတစ်ခွန်းက သူ့ကို အတော် ထိခိုက် နာကျင်စေပါတယ်။  “ခင်ဗျားကသာ ဘုရင်ကြီးရဲ့ စီးပွားရေး အတိုင်ပင်ခံ ဖြစ်နေတာ၊ ခင်ဗျား သားကတော့ ရွှေ နဲ့ ငွေ မှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိတယ် ဆိုတာကိုတောင် မသိဘူးနော်”

သင်္ချာပညာရှင်လည်း သူ့သားကို ခေါ်ပြီး မေးရတော့တယ်။ “ရွှေ နဲ့ ငွေ မှာ ဘယ်ဟာက ပိုပြီး တန်ဖိုး ရှိသလဲ သား” ဆိုတော့ “ရွှေ ပေါ့ အဖေရာ” လို့ သူ့သားက ချက်ချင်း ပြန်ပြောပါတယ်။
“ဒါ အမှန်ပဲလေ၊ ဘာဖြစ်လို့ ရွာသူကြီးက မင်းကို ရွှေနဲ့ ငွေရဲ့ တန်ဖိုးကိုတောင် မသိတဲ့လူလို့ ထင်ပြီး ရယ်စရာ ဖြစ်အောင် လုပ်နေရတာလဲ၊ သူက ငါ့ကို နေ့တိုင်း ရိ တယ်၊ တစ်ခြား ရွာလူကြီး တွေ ရှေ့မှာ ငါ့ကို ကိုယ့်သားကိုယ် ဂရုမစိုက်တဲ့လူလို့ မလေးမစား နောက်ပြောင်ချင်တယ်၊ ဒါက ငါ့ကို နာကျင်စေတာပေါ့၊ ငါ့သားက ရွှေ နဲ့ ငွေမှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိမှန်းတောင် မသိဘူး ဆိုပြီး ရွာက လူအားလုံးက ငါ့နောက်ကွယ်မှာ ပြောင်လှောင် နေကြတယ်လို့ ခံစားရတယ်၊ မင်း ဘာလို့ အဲလို လုပ်ရတယ် ဆိုတာ ငါ့ကို ရှင်းစမ်းပါဦး”

သင်္ချာပညာရှင်ရဲ့ သားက ရွာသူကြီး သူ့ကို အထင်အမြင်သေးအောင် လုပ်မိတဲ့ အကြောင်းပြချက်ကို ခုလို ပြောပြပါတယ်။
“နေ့တိုင်း ကျွန်တော် ကျောင်းသွားတဲ့လမ်းမှာ ရွာသူကြီးက သူ့အိမ်ကို ခေါ်တယ်။ ရွာက တစ်ခြား လူကြီးတွေရဲ့ ရှေ့မှာပဲ သူ့လက်ထဲမှာ ငွေပြား တစ်ပြား နဲ့ ရွှေပြား တစ်ပြား ကိုင်ထားပြီး ကျွန်တော့်ကို ဘယ်ဟာ ပိုပြီး တန်ဖိုးရှိသလဲ လို့ မေးတယ်လေ။ ကျွန်တော်က ငွေပြားကိုပဲ ကောက်လာတယ်။ သူက ရယ်တယ်။ တစ်ခြားလူတွေလည်း ရယ်ကြတယ်။ အဲလို နေ့တိုင်းပဲ...။ အဲဒါကြောင့် သူက အဖေ့ကို ကျွန်တော်က ငွေ နဲ့ ရွှေ ဘယ်ဟာ ပိုတန်ဖိုးကြီးမှန်းတောင် မသိဘူး လို့ ပြောတာပေါ့”
သူသားပြောတာကို ကြားတဲ့အခါ အဖေလည်း စိတ်ရှုပ်သွားပါတယ်။ သူ့သားဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကို သိရဲ့သားနဲ့ ဘာလို့ အမြဲတမ်း ငွေပြားကိုပဲ ကောက်လာရသလဲ ဆိုတာပဲ...။
“ဘာလို့ မင်းက ရွှေပြားကို မရွေးရတာလဲ” သူကမေးတော့ သူ့သားက အဖေကို အခန်းထဲ ခေါ်သွားပြီးတော့ သေတ္တာလေး တစ်လုံးကို ဖွင့်ပြပါတယ်။ သေတ္တာထဲမှာတော့ ငွေပြား တစ်ရာလောက် အနည်းဆုံး ရှိနေပါတယ်။  သူ့အဖေဘက် ပြန်လှည့်ပြီးတော့ သင်္ချာပညာရှင်ရဲ့ သားက ပြောပါတယ်။
“ကျွန်တော်က ရွှေပြားကို ရွေးလိုက်တဲ့ နေ့မှာ ကစားပွဲက ပြီးသွားမှာပေါ့ အဖေရဲ့၊ သူတို့က ကျွန်တော့်ကို ရယ်စရာ လုပ်နေတာ ရပ်သွားလိမ့်မယ်၊ ကျွန်တော်လည်း ပိုက်ဆံ မရတော့ပဲ နေမှာပေါ့”


တစ်ခါတရံ ဘဝမှာ ကျွန်တော်တို့ဟာ အရူးလိုပဲ ကစားရပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ Senior တွေ၊ Junior တွေ၊ ကြားမှာပေါ့...။ ဒါဟာ ဘဝရဲ့ ကစားပွဲမှာ ရှုံးနိမ့်တယ်လို့ မဆိုလိုပါဘူး။ ဒါက တစ်ခြား လူတွေကို ကစားပွဲရဲ့ နယ်ပယ် တစ်ခုမှာ အနိုင်ပေးလိုက်ပြီး ကျွန်တော်တို့က ကစားပွဲရဲ့ တစ်ခြား တစ်ဖက်မှာ အနိုင်ယူလိုက်တာပါပဲ။ ဘယ်လို နယ်ပယ် မျိုးမှာ အနိုင်ရအောင် လုပ်ပြီး ဘယ်လို နယ်ပယ် မျိုးမှာ မလုပ်ပဲနေမလဲ ဆိုတာတော့ ကျွန်တော်တို့ ရွေးချယ်ရမှာပါ။

သိင်္ဂါကျော်

The Smart Game - Gold or Silver? ကို ပြန်ဆိုပါသည်။