17 July, 2010

ခရမ်းရင့်နှလုံးသား

မယုံကြည်တတ်ဘူးလို့ပြောတိုင်းလည်း
ခဲမှန်ဖူးတဲ့ စာသူငယ်လို့ မထင်စေချင်ဘူး။
ငါက လေ့လာသူ သက်သက်ပါ၊
Interview လုပ်ဖို့
ဝေးဝေးလံလံတောင် သွားရှာစရာ မလိုဘူး၊
အသည်းကွဲဖူးသူတွေ
လမ်းသွားရင်းတောင် ခလုတ်တိုက်မိလောက်တယ်။

အစစ်အမှန်အချစ်နဲ့ သစ္စာဘာသာစကားကို
လေ့လာချင်ပေမယ့်လည်း
ငါမသိနိုင်လောက်အောင်
ဝေးလို့နေဆဲပါပဲ...။

လောကကြီးကိုက အရောင်တွေစုံနေမှတော့
နှလုံးသားတစ်ခုတည်း တစ်သမတ်တည်းရှိကြေးဆို
မတရားရာများ ကျနေလေမလား...။
ငါကလည်း
အကောင်းမြင်ဝါဒကို အားပေးသူလေ။

ဧည့်သည်လာချင်လာပါ...
မတွေ့ဆုံလိုလို့ တံခါးပိတ်ထားတာလည်း မဟုတ်ဘူး၊
Welcome လုပ်ပြီး ဖွင့်ထားချင်တဲ့သူလည်း မဟုတ်ဘူး၊
ပုံမှန်ပါပဲ...
စေ့ရုံစေ့ထားတာပါ။
တံခါးလာခေါက်ရင်တော့
အလာပ သလာပ ပြောဖို့ အဆင်သင့်ရှိပါရဲ့။
နှလုံးသွေးတွေ ပူနွေး ဆူပွက်လောက်အောင် ဖြစ်ဖို့တော့
ခဲယဉ်းကောင်း ခဲယဉ်းလိမ့်မယ်။
ငါ့နှလုံးသားကိုက
ခရမ်းရင့်ရောင်သမ်းနေပြီးသားမို့ပဲ။

အဲဒါကြောင့်ပဲလားမသိ
ဆဌမအာရုံရှိသူတွေကလည်း
တံခါးလာမခေါက်ကြလေဘူး။

သိင်္ဂါကျော်

19 comments:

Cameron said...

ဒီနေ့ဖတ်သမျှကဗျာတွေက တံခါးစေ့ထားတာတွေချည်းပါလား ... ညလင်းအိမ်ကလဲ ပိတ်မထားတဲ့ တံခါးတစ်ချပ် ခပ်တင်းတင်းစေ့လိုက်တော့မယ်တဲ့...။
ညီမသိင်္ဂါကျော် ကျတော့လဲ “ဧည့်သည်လာချင်လာပါ...
မတွေ့ဆုံလိုလို့ တံခါးပိတ်ထားတာလည်း မဟုတ်ဘူး၊
Welcome လုပ်ပြီး ဖွင့်ထားချင်တဲ့သူလည်း မဟုတ်ဘူး၊
ပုံမှန်ပါပဲ...
စေ့ရုံစေ့ထားတာပါ” တဲ့...။

ခင်မင်စွာဖြင့်
မိုးငွေ့

sosegado said...

တစ်ချို့ကအဝကပဲ ကြည့်သွားကြတယ်၊ ပုံကိုလည်းကြိုက်တယ်၊ ကဗျာလည်းမိတယ်၊

နေ၀သန် said...

အားပါး... စားတယ်ဗျာ... စကားလုံးတွေက.. ဘာတဲ့ အသည်းကွဲဖူးသူတွေ လမ်းသွားရင်တောင် ခလုတ်တိုက်မိလောက်တယ်တဲ့လား... ကြိုက်တယ်ဗျို့.. အရေးအသားကတော့...း)))


ခင်မင်တဲ့
နေ၀သန်

ကိုဇော် said...

ဒီကဗျာလေး တော်တော်ကြိုက်တယ်။

ကျနော်က သေချာ မဖတ်ပဲ ၊ အရမ်းကောင်းပါတယ်။ ခံစားရပါတယ် ဆိုပြီး ပြောတတ်တာ မဟုတ်ဘူးနော်။ တကယ်ကို ကြိုက်လို့ တကယ်ကို ပြောသွားတာ။

စကားလုံးလေးတွေလည်း အချိတ်အဆက်မိတယ်။

Maung Myo said...

ကျနော့်ကို ခလုတ်လာမတိုက်နဲ့နော် လျှော်ကြေးတောင်းမှာ အသဲကွဲဖူုးလို့ပါး)

ကိုအောင် said...

ဆဋ္ဌမအာရုံရှိသူတွေ တံခါးလာခေါက်ခဲ့ရင် ဘာတွေ
ဆက်ဖြစ်မလဲဗျ၊ ကဗျာက ကောင်းပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း တိုက်ဆိုင်မှုရှိသလိုလိုဘဲ
ဒီကဗျာလေးက ဖတ်လိုက်တာနဲ့ ဟတ်ထိသွားတယ်..း)
တံခါးမခေါက်ကြတာ ပိုကောင်းတယ်လို့ ထင်နေသူလေ
ဘာဘဲဖြစ်ဖြစ် ခရမ်းရောင်သန်းနေတာက ရဲရဲနီနေတာထက်စာရင် ပိုကောင်းလိမ့်မယ်ထင်တယ်နော်..

အင်ကြင်းသန့် said...

တကယ်ကိုကောင်းတဲ့ကဗျာလေးပါလား...
အပေါ်မှာ မချောပြောသလိုပဲ ပြောလိုက်ဦးမယ်။ ဟတ်ထိသွားတယ်း))

သူကြီးမင်း (တုံးဖလား) said...

ခရမ်းရင့်ရောင်...
ဆဋ္ဌမအာရုံ...

ကောင်းတော့ကောင်းတယ်။ ဘာတွေကို ရည်ညွန်းမှန်းတော့ သိဘူး။


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

လသာည said...

ခရမ်းရင့်ရောင် နှလုံးသား..တဲ့..။ စကားလုံးလေးက ထိရှသွားတယ်။ “အသည်းကွဲဖူးသူတွေ လမ်းသွားရင်းတောင် ခလုတ်တိုက်မိလောက်တယ်”ဆိုတာကို အကြိုက်ဆုံးပဲ..

Anonymous said...

သိသလိုလို နဲ့ ဖတ်ပြီးတော့ ပြန်သွားပြီဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သော်ဇင်စိုး said...

တံခါးစေ့ နှလုံးသားစနစ်ပေါ့နော်.. ဆဌမအာရုံရှိတဲ့သူ တံခါးလာခေါက်ရင်တော့ အာလာပ သလာပလောက်ပဲ ပြောပြီးပြန်မလွှတ်လိုက်နဲ့နော်.. :P
လေးစားလျက်........

may16 said...

ကဗျာလာဖတ်ပါတယ် မသိင်္ဂါကျော်

ညလင်းအိမ် said...

ဒေါက် ဒေါက် ... အလာပ သလာပ လာပြောပါတယ် ...
ကဗျာလေး မိုက်တယ် .. :P

ညလေး said...

အရာအားလုံး ပျောက်ဆုံးသွားခဲ့ရင်တောင် ချစ်ခဲ့ဖူးတဲ့အတွက် ကျေနပ်နေမှာပါ....

linn said...

တံခါးလေး စေ့ (စိ) ရုံပဲလား ....ဆိုတဲ့ သီချင်းလေး ကြားယောင်ပြီး ဖတ်သွားတယ် ...
ခင်မင်စွာဖြင့်
လင်း

blackroze said...

အမရယ်...တနေ့မှာတော့
အဲဒီတံခါးလေးကိုခေါက်တောင်မခေါက်ဘဲနဲ့
တွန်းဖွင့်ပြီးဝင်လာတဲ့သူ..ရှိမှာပါ

ခိုင်နုငယ် said...

မယုံကြည်တတ်ဘူးလို့ပြောတိုင်းလည်း
ခဲမှန်ဖူးတဲ့ စာသူငယ်လို့ မထင်စေချင်ဘူး။
ငါက လေ့လာသူ သက်သက်ပါ၊
..
အပေါ်ကလူတွေလိုပဲ...ကဗျာလေးက
ဟတ်..ဟတ်ထိတယ်ဗျာ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

purplemay said...

အဟီးးး တကယ် တံခါးလာမခေါက်ကြဘူးလား အစ်မရဲ့...။
ယုံဝူးဗျ....:P