07 March, 2010

ဓါတ်တော်ချိုင့် သို့ တစ်ခေါက်


ကိုယ်တို့ ဓါတ်တော်ချိုင့် ကို သွားချင်နေတာ ကြာပါပြီ။ အိမ်ပြန်နေကြတာနဲ့၊ အလုပ်ကိစ္စနဲ့ ခရီးထွက်နေကြတာနဲ့ လူမစုံ ဖြစ်ပြီး မသွားဖြစ်တာပါ။ တစ်ခါ သွားမယ်လို့ စီစဉ်လိုက်ပြန်တော့လည်း ဓါတ်တော်ချိုင့် မှာ လူငါးယောက် ပျောက်သွားတယ် ဆိုတဲ့ သတင်း ထွက်လာလို့ တစ်ချို့  ကမသွားရဲတော့တာနဲ့  အစီအစဉ်ပျက်သွားပြန်ပါတယ်..။ ကောလဟာလ သတင်းဆို တော်ရုံနဲ့ မယုံကြည်တတ်တဲ့ ကိုယ်လည်း ပြင်ဦးလွင် ရဲစခန်းကို ဖုန်းဆက်ပြီး မေးကြည့်တော့ သူတို့က လုံးဝ မသိပါဘူးလို့ ပြောတော့ ကိုယ်တို့လည်း ကောလဟာလ သက်သက်ပဲလို့ ထင်ခဲ့ပါတယ်။ သွားတော့ မသွားဖြစ်တော့ပါဘူး။ ဒီတစ်ပတ် စနေတော့ တကယ် သွားဖြစ်သွားပါတယ်။

လမ်းပြ အဒေါ်ကြီး ပြောပြမှ အရင်က ကောလဟာလရဲ့  ဖြစ်ရပ်မှန်ကို သိခဲ့ရပါတယ်။ လူ ခုနစ်ယောက် လာခဲ့ပြီး ငါးယောက် တကယ် သေခဲ့တာပါ။ သတင်းကြားသလို ဘာမှန်းမသိ ပျောက်သွားတာတော့ မဟုတ်ခဲ့ပါဘူး။ အဲဒီမှာ ဘာမှမဆိုင်ပဲ ကိုယ်က Jaws ဇာတ်ကားတွေထဲက တာဝန်ရှိသူတွေက ခရီးသွားတွေ မလာမှာစိုးလို့ အန္တရယ်ရှိတဲ့ အဖြစ်မှန်ကို ဖုံးထားတာကို သွားသတိရမိပါတယ်။

အဲဒီခရီးသွား အဖွဲ့မှာ မိန်းကလေး တစ်ယောက် ယောက်ျားလေး ခြောက်ယောက်ပါပါတယ်။ သူတို့က စားဖို့ သောက်ဖို့ သယ်လာကြတဲ့အထဲမှာ အမဲသားတွေတောင် ပါလာခဲ့ပါတယ်။ သောက်စရာတွေလည်း ပါတာပေါ့။ မိန်းကလေး နဲ့ ယောက်ျားလေး အတွဲကလည်း အမှားအယွင်း ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီတောတောင်က အဲဒါမျိုးတွေ မကြိုက်ပါဘူး တဲ့။ သူတို့ အဖွဲ့က လမ်းပြလည်း မခေါ်ပဲ ကိုယ့်ဟာကို လျှောက်သွားရင်း လမ်းမှားသွားခဲ့တာပါ။ လျှိုထဲ ရောက်ပြီး ပဒူအုံ နဲ့ တိုးသွားပါတယ်။ သူတို့က လောက်လေးနဲ့ သွားပစ်တာလို့လည်း ပြောပါတယ်။ အဲဒီမှာပဲ ပဒူတွေ ဝိုင်းတုတ်ပြီး တစ်ချို့လည်း ချောက်ထဲခုန်ချပြီး ခေါင်းနဲ့ ခိုက်မိသွားပါတယ်။ မပြေးနိုင်တဲ့လူတွေကတော့ မျက်နှာ နဲ့  ခေါင်းတွေမှာ အတုပ်ခံရပြီး အခြေအနေဆိုးခဲ့ပါတယ်။ လမ်းပြတွေပဲ သူတို့ကို ရှာဖွေပြီး ဓါတ်တော်ချိုင် အပေါက်ဝကို သယ်လာ၊ ချထားတာပါ။ ဆေးရုံခေါ်သွားဖို့ စောင့်နေတုန်းမှာပဲ မိန်းကလေးကတော့ ဆုံးသွားတယ်လို့ ပြောပါတယ်။ ခေါင်းက ဆံပင်တွေထဲမှာကို ပဒူကောင်တွေပါလာပြီး ဆွဲထုတ်လိုက်တဲ့ အချိန်မှာ ပဒူကောင်တွေရဲ့  ပါးစပ်ထဲမှာ အသားစတွေ ပါလာတာ တွေ့  ရတယ်လို့  ပြောပါတယ်။ တစ်ယောက်ကိုတော့ အကြာကြီး ရှာမတွေ့  ပဲ ဖြစ်နေတာ တကယ်တော့ သူက  ပဒူကောင်ရန်က ပြေးရင်းနဲ့ ရေတံခွန်နားရောက်သွားပြီး ခုန်ချလို့  နစ်သေရတာပါ။ ဆေးရုံရောက်တာလည်း တကယ်တော့ အချိန်မကြာခဲ့ပါဘူး။ အချိန်မီနိုင်ပါရဲ့  နဲ့  သေသွားကြတာ တောထဲမှာ မယူသင့်တဲ့ အသားတွေယူလာ၊ မလုပ်သင့် မပြောသင့်တာတွေ လုပ်လို့  ပြောလို့  ဖြစ်ရတာလို့  လမ်းပြအဒေါ်ကြီးကတော့ ပြောတာပဲ။ ဆေးရုံရောက်ပြီး အသက်ရှင်သွားတဲ့ နှစ်ယောက်ကတော့ အိမ်ထောင်သည်တွေ ဖြစ်ပြီး အရက်လည်း မသောက်ခဲ့ဘူး လို့  ပြောပါတယ်။

အဆင်းတုန်းကတော့ ဓါတ်ပုံတွေ ရိုက်ပြီး  ပြုံးပြုံး ပြုံးပြုံးနဲ့  သွားခဲ့ကြတာ.. အတက်ကြတော့မှ တကယ့်ကို စကားတောင် မပြောနိုင်ကြတော့ပါဘူး။ ကိုယ်ကတော့ နောက်ဆုံးပဲ.. :D ကိုယ့်နောက်မှာ တစ်ယောက်ပဲ ကျန်တယ်။ ပင်ပန်းလွန်းလို့  နောက်တစ်ခေါက်သွားဖို့  တော့ တော်တော် စဉ်းစားရပါဦးမယ်။

ရေတံခွန်ကတော့ နွေဦးရောက်တော့မှာဆိုတော့ ရေသိပ်မများတော့ပဲ ကျောက်တုံးတွေ ပေါ်လောက်အောင် နည်းနေပါပြီ။ ထုံးစံအတိုင်း ကိုယ်လက်စွမ်းပြထားတဲ့ ပုံလေးတွေ တင်လိုက်ပါတယ်။

 
  


သိင်္ဂါကျော်

22 comments:

ဒဏ္ဍာရီ said...

လှလိုက်တာ သူငယ်ချင်းရယ်.... ကိုယ်တို့ မေမြို့ရောက်ပေမယ့် ဓါတ်တော်ချိုင့်ကို မရောက်ခဲ့ဘူး။ အချိန်မရတာနဲ့ တခုခု အကြောင်းမစုံတာနဲ့ပဲ မသွားခဲ့ရဘူး။ နောက်တခါ ပြန်ရင် ရောက်အောင်သွားမယ်။ ပုံတွေကြည့်ပြီး အားကျသွားတယ်။

ခင်မင်လေးစားလျှက်

သူကြီးမင်း (တုံးဖလား) said...

ဖြစ်ရပ်မှန်ဇာတ်ကွက်က ရင်နင့်ဖွယ်ဖြစ်ပေမဲ့ ရေတံခွန်အလှတွေကြောင့် ကျနော်လဲ တစ်ခေါက်လောက်တော့ သွားချင်မိပါရဲ့ ။

Anonymous said...

ဓါတ်တော်ချိုင့်ကို တစ်ခေါက်ရောက်ဖူးတယ်၊
လွမ်းသွားပြီ။ ဓါတ်ပုံကြည့်ရလို့ အလွမ်းပြေပါတယ်။

ကိုလူထွေး said...

ကိုယ်မကျွမ်းကျင်တဲ့ အရပ်ဒေသတခုလည်းဖြစ်... တောတောင်တွေရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတလည်းနည်း... အရက်သောက်ထားတဲ့ အရှိန်ကလည်း ရှိထားတော့ အရေးကြုံလာတဲ့အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မချနိုင်လို့သာ အသက်ဆုံးရှုံးကြရပုံ ပေါ်ပါတယ်။

အမည်းသားနဲ့တော့ မဆိုင်လောက်ပါဘူး...


သိင်္ဂါကျော်ကတော့ ပြန်ရောက်လာပြီး စာရေးနိုင်တယ်ဆိုတော့ စိတ်ချရပါပြီ...

းဝ)

ရွှေပြည်သူ (ShwePyiThu) said...

ခရီးသွားအဖွဲ့ရဲ့ အဖြစ်က ရင်နင့်စရာပါပဲ အစ်မသိင်္ဂါကျော်ရယ်။ ဖတ်ရင်း အသည်းတယားယား ဖြစ်မိပါတယ်။

ဓါတ်တော်ချိုင့်ကိုတစ်ခါမှ မရောက်ဖူးတော့ သွားတော့ သွားဖူးချင်ပါတယ်။

ShwunMi- said...

မရောက်ဖူးတဲ့နေရာတွေကို ကင်မရာနဲ့ခေါ်သွားလို့ ကျေးဇူးတင်ပါတယ် မသိင်္ဂါကျော်

ခြင် said...

ရောက်ဘို့ မလွယ်တဲ့နေရာက ပုံးလေးတွေမျှပေးလို့ ကျေးဇူးပါနော်..... ရှိသေးရင် ထပ်မျှပါဦး... :)

ကိုခိုင် said...

တခေါက်မှမရောက်ဖူးသေးပါ။
ဓါတ်ပုံတွေကြည့်ရတာကျေးဇူးပါ။
မိဘ ညီအစ်ကိုမောင်နှမတွေနဲ့
အတူတူခရီးသွားရတာ
အရမ်းပျော်ဖို့ကောင်းမှာပါ။

ကိုခိုင်

မြတ်မွန် said...

လှလိုက်တာ မမကျော်..

ရွှေရတုမှတ်တမ်း said...

ဘယ်ခြုံတွေသွားတိုးလို့သေမှန်းမသိပါဘူး..
field ဆင်းရင်းအဲဒီဖက်တွေအခေါက်ခေါက်ရောက်ဖူးပါတယ်..တောလဲဒီလောက်မထူပါဘူး..သူ့ထက်လှတဲ့ကမ္ဘာကျော်ရေတံခွန်ကြီးတွေရောက်ဖူးတော့.. ဓါတ်တော်ချိုင့်က စင်သာပူ bird park ကရေတံခွန်အတုသာသာလောက်ပဲထင်မိတော့တာပဲ

Anonymous said...

ကျနော်လည်း အဲဒီသတင်းကြားလိုက်တယ်ဗျ.. ကိုလူထွေးပြောသလို ဖြစ်နိုင်ပါတယ်

ခင်တဲ့

ရွှေစင်ဦး

ချစ်ကြည်အေး said...

ရေတံခွန်က လှပေမဲ့ ပဒူတွေက ကြောက်စရာနော်၊ ၉ ယောက်မသွားကောင်းဘူးလို့တော့ ပြောသံကြား ဖူးတယ်။ ဒါပေမဲ့ သောက်စားထားတာရယ်၊ ပဒူအုံ ကြောင့်ရယ် အဲလိုဖြစ်တာလို့ပဲ ကောက်ချက်ချ ရမယ်ထင်တယ်

မောင်သီဟ said...

ရောက်ဖူးချင်တယ်ဗျာ အားကျတယ် တခါမှရောက်ဖူးဘူး

Htar said...

ဓတ်တော်ချိုင့်မှာအားလုံးလုပ်လို့ရပါတယ်၊၊(ကိုယ်တွေ့) အရင်ကတော့ကျားသစ်တွေလဲရတက်တယ်၊ဒို့သုံးညလေးရက်သွားနေဖူးတယ်

Htar said...

ဓတ်တော်ချိုင့်မှာအားလုံးလုပ်လို့ရပါတယ်၊၊(ကိုယ်တွေ့) အရင်ကတော့ကျားသစ်တွေလဲရတက်တယ်၊ဒို့သုံးညလေးရက်သွားနေဖူးတယ်

မြစ်ကျိုးအင်း said...

ရေနည်းလို့နဲ့တူတယ် ရေတံခွန်က သိပ်မပြည့်စုံ ဘူးဖြစ်နေတယ်။ ကိုယ်မကျွမ်းကျင်တဲ့အရပ် တောတောင်တွေကို သွားရင် အစစအရာရာ ဂရုစိုက်သင့်ပါတယ်လေ။ အရက်သေစာ မသောက်စားတာဟာ အကောင်းဆုံးပါပဲ

Angel Shaper said...

ပုံလေးတွေကြည့်ရတာ ပျော်စရာကြီးနော်။
သွားချင်လိုက်တာ...

purplemay said...

ရောက်ဖူးချင်တယ် အစ်မရေ...ဓါတ်ပုံတွေအတွက်လည်း ကျေးဇူးတင်ပါတယ်...။ သွားနိုင်အောင်ကြိုးစားပါဦးမယ်...။

Crystal said...

ရောက်ဖူးခဲ့ပါတယ် ဓာတ်တော်ချိုင့်ကို။ လွမ်းသွားတယ်။ ကိုယ်တို့ သွားခဲ့တုန်းက မိန်းကလေးတွေ ချည်းပါပဲ။ ပျော်မောကြီးပေါ့။

ကိုဇော် said...

ရောက်ဖူးချင်တယ်ဗျာ။
အရမ်းဝါသနာပါတာ..အိမ်က ကြပ်တော့ မသွားရဘူး..
ရောက်တော့လည်း အဝေးကြီး..ဟီး။
ဗဟုသုတ ရပါတယ်..ကျေးဇူး။

Talkii said...

ငယ်ငယ်တုန်းက တစ်ခောက်ပဲ ရောက်ဖူးတဲ့ နေရာပော့။ တစ်ခောင်လောက်တော့ ထပ်ရောက်ဖူးချင်တယ်။

ဆောင်းနှင်းရွက် said...

မေမြို့ကို ရောက်ဖူးခဲ့ပေမယ့်
ဓာတ်တော်ချိုင့်ကို မရောက်ဖြစ်ခဲ့ဘူးး..
သွားချင်လိုက်တာ ....

ဓာတ်ပုံတွေလည်း
အရမ်းလှတာပဲ ...