29 March, 2010

တိတ်တဆိတ်ချစ်ခြင်း


စကြဝဠာ ထဲက ဂြိုဟ်ငယ်တစ်လုံးကို
ကမ္ဘာသားတွေ မသိသလိုမျိုး
တိတ်တဆိတ် ချစ်မိတဲ့ အကြောင်း
ချစ်သူတင် မဟုတ်ဘူး
ငါ့ကိုယ်ငါတောင် မသိခဲ့တာ...။

မစားကောင်းတဲ့ အသီးလည်း မဟုတ်ပါပဲ
မစားသင့်တဲ့ အသီးလို့
ကိုယ့်ဟာကိုယ် သတ်မှတ်ခဲ့တာ
ကိုယ့်ကိုယ်ကို ချစ်တဲ့ အတ္တ တစ်ခုတလေကများ
ဦးဆောင်ခဲ့သလားတောင် မသိရ။

အတွေးတွေ တိမ်လိုပုံတဲ့ အထဲမှာ
မင်းက ရေခိုးရေငွေ့လို ပါဝင်နေတာတောင်
ငါက ငါ့ကိုယ်ငါ ငြင်းချင်သေးတယ်...။

ဒါပါပဲ
မင်းကလည်း ရှုံးနိမ့်ခြင်းကို မုန်းတယ်
ငါကလည်း ရှုံးနိမ့်ခြင်းကို မုန်းတယ်
မပြိုင်ချင်ပါပဲနဲ့လည်း
နှစ်ယောက်လုံး ရှုံးနေကြတယ်။

အချစ်အတွက် မရူးသွပ်ဘူး လို့ ပြောထားဖူးတယ်
အချစ်ကို မယုံကြည်ဘူး လို့လည်း ပြောထားဖူးတယ်
စိတ်ကူး ဆိုတာလည်း တကယ်မဟုတ်ဘူးလို့ ထင်မြင်နေတုန်းပဲ။

ဒါပေမယ့်လေ...
တစ်ကြိမ်တစ်ခါမှာတော့
မှန်းဆမထားပေမယ့်လည်း
ဖြစ်တတ်တာ တစ်ခုတစ်လေတော့
ရှိတတ်တာပဲ၊
ငါ့ကိုယ်ငါ ဝန်ခံဖို့ပဲ အရေးကြီးပါတယ်...။

သူနဲ့ငါကြားမှာ
ထူးဆန်းတဲ့ ဆက်နွယ်မှုမျိုး
စိတ်ထဲမှာတောင်မှ  ရှိမနေခဲ့ရင်
တစ်သက်လုံးလည်း သူမသိပါစေတော့နဲ့ပေါ့၊
ငါ့ကိုယ်ငါ ကျေနပ်ရင်လည်း
ပြီးတာပါပဲ...။

သိင်္ဂါကျော်
29.3.2010
3း42 pm

20 comments:

မြတ်မွန် said...

အတွေးတွေ တိမ်လိုပုံတဲ့ အထဲမှာ
မင်းက ရေခိုးရေငွေ့လို ပါဝင်နေတာတောင်
ငါက ငါ့ကိုယ်ငါ ငြင်းချင်သေးတယ်...။
တစ်ခါတစ်လေ ဟန်ဆောင်ချင်ပါသေးတယ်။

Unknown said...

ကိုယ်ပိုင်ခံစားချက် (or) အငှားခံစားချက်

ဒဏ္ဍာရီ said...

စာအရေးကောင်းသလို ကဗျာရေးလည်း တော်လိုက်တာ သူငယ်ချင်းရယ်..။ အော် စုံထောက်ဝထ္ထုတွေ ရေးတုန်းက ယောကျာင်္းဆန်တယ် ပြောကြတာ။ အခုကဗျာလေးကြတော့လည်း နှုးညံ့လိုက်တာ။ အနုပညာဆိုတာ အဲဒါပဲနော်။

ခင်မင်လေးစားလျှက်

မြစ်ကျိုးအင်း said...

ကဗျာ တပုဒ်လုံး ဖတ်ပြီးတော့ ခေါင်းစဉ်လေး ပြန်ဖတ်ကြည့်ဖြစ်တယ်။ သိပ်ကောင်းတဲ့ အဖွဲ့အနွဲ့လေး ဖြစ်မှန်း သိလိုက်ရတယ်။

ဆောင်းနှင်းရွက် said...

သူနဲ့ငါကြားမှာ
ထူးဆန်းတဲ့ ဆက်နွယ်မှုမျိုး
စိတ်ထဲမှာတောင်မှ ရှိမနေခဲ့ရင်
တစ်သက်လုံးလည်း သူမသိပါစေတော့နဲ့ပေါ့၊
ငါ့ကိုယ်ငါ ကျေနပ်ရင်လည်း
ပြီးတာပါပဲ...။

အဲ့လို မသိကျိုးကျွံ ပြုလိုက်ရတာ
ပိုခံစားတယ် ထင်တယ် နော် ...

Anonymous said...

ကဗျာလေးဖတ်ပြီး ဟိုး ၈နှစ်လောက်က လူတယောက်ကို သတိရမိပါတယ်။

ဂျူ

Flower said...

အချစ်မှာ မာနတွေပါနေရင်လဲရှုံးတယ်
ဒါပေမဲ့ လူတစ်ချို့က ရှုံးမှန်းသိရက်နဲ့ မာနကို ဖက်တွယ်ထားချင်ကြတယ်
ကိုယ့်ကိုယ်ကို နာကျင်မှန်းလဲသိတယ်
ဒါပေမဲ့ မာနကိုဖက်တွယ်ပြီး နာကျင်ခြင်းကိုပွေ့ပိုက်လို့
ကျေနပ်စွာရှုံးနေတတ်ကြတာမျိုးလဲ ရှိနေသေးတယ်
ဒီကဗျာလေးကို ကြိုက်တယ် သိင်္ဂါ...

Nge Naing said...

ကဗျာလေးက သိပ်ကောင်းတာပဲ။ စိတ်ကူးယဉ် ရေးဖွဲ့ထားတာ မဟုတ်ဘဲ တကယ်ခံစားချက်ဖြစ်ရင်တော့ တော်တော် ခံစားရမှာပဲနော့်။ ညီမရေ တသက်လုံး မခံစားရပါဘူး ဖြစ်ပြီးရင် ဘာမဆို ပျက်တာပါပဲ။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ။

TZA said...

ကောင်းတယ်ဗျာ။

ရွှေရတုမှတ်တမ်း said...

လှို့ဝှက်သဲဖိုဆရာမကြီး သိတ်နုမနေနဲ့..

မိုးဦးစံပယ် said...

ဝန်မခံခဲ့တဲ့ တိတ်တဆိတ်ချစ်ခြင်းတွေကြောင့် နာကျင်ရတဲ့ နှလုံးသားတွေ ဘယ်လောက်တောင်များခဲ့ပြီလဲ။

ဏီလင်းညို said...

မသိင်္ဂါကျော်ရေ......
စိတ်မဆိုးနဲ့နော်......
နေတတ်ရင်ကျေနပ်စရာပဲပေါ့ဗျာ.....။
ကိုယ်စီဘ၀တစ်ခု ပိုင်ဆိုင်ခဲ့ရပြီးသားပဲလေ.......။
ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ကဗျာလေးက အရမ်းကို မိုက်တယ်ဗျာ ...
ကဗျာ အရေးကောင်းတယ် ...

လသာည said...

စုံထောက်ဝတ္တုတွေတင်မကဘူး ကဗျာရေးလည်း တအားတော်တယ်နော်။ စွယ်စုံရ ဘလော့ဂါလေးကို ချီးကျူးပါတယ်။

ShwunMi- said...

ပြတင်းပေါက်သေးသေးလေးထဲကနေ ဟိုးအဝေးကြီးက ကြယ်လေးတစ်စင်းကို အချိန်မှန်မှန် လှမ်းလှမ်းငေးနေရသလိုမျိုး ခံစားလိုက်ရတယ်..
အစ်မက သိပ်ရေးတတ်တာပဲနော်။

Angel Shaper said...

လှို့ဝှက်သည်းဖိုဇာတ်လမ်းရေးလည်းကောင်းတယ်...ကဗျာလေးကို အရမ်းကြိုက်တယ်။ အစ်မရေ အရမ်းတော်တာပဲနော်။ ပျော်ရွှင်ပါစေ။

မယ့်ကိုး said...

ကဗျာလေး အရမ်းကြိုက်တယ် မရယ်။

အားပေးလျက်

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာလေးကို ထပ်တူခံစားမိပါတယ် အစ်မသိင်္ဂါကျော်ရယ်...

purplemay said...

ဟုတ်တယ်နော်အစ်မ ....ကိုယ့်ကိုကိုယ်ကျေနပ်နေရင် ပြီးတာပဲနော.....ကဗျာလေးတွေက အမြဲတမ်း ဖတ်လို့ကောင်းနေတာပဲ....း)

thaingarra said...

တစ်ဖက်သတ် အချစ် ဟာ ဆိုးပါတယ် ဆိုတဲ့

ကလီရှေး ကြီးပဲ ထပ်ပြောရမလိုလို ... :D