14 October, 2012

ရက်လွန်ပန်း ရဲ့ သီအိုရီ


ဘယ်သူ့ကိုမှ လက်မကမ်းနိုင်လို့
ငါက ရပ်ကြည့်ပြုံးပြ လုပ်တယ်၊
လာချင်တယ် ဆိုသူကို လက်မကမ်းတော့
လမ်းတစ်ဝက်မှာတင် တုန့်ရပ်လို့၊
နားမလည်သလို ခေါင်းခါတယ်
ပြီးတော့ ပြန်လှည့်တယ်။
သူ့အားနည်းချက်သူ မမြင်နိုင်ရှာသူပါ
ငါက ပြုံးကြည့်နေဆဲပဲ၊
ဘယ်သူ့ကိုမှ အတင်းအကျပ် မနှင်လိုပါ။
လမ်းတစ်ဝက်မှာ ဘယ်သူမှ ကြာကြာမရပ်နိုင်တာ အသိသားလေ
ငါကတော့ ရပ်မြဲ ရပ်နေတယ်။

တစ်ချို့ကတော့
ငါမတောင်းရပဲ ကတိတွေ ပေးတယ်၊
ငါက လက်မခံတော့
ကြာကြာသိမ်းမထားနိုင်ပဲ ပြန်ရုတ်သိမ်းကြ။
ငါကတော့ ရပ်မြဲ ရပ်နေတယ်။

သံယောဇဉ် ဆိုတာ၊ အချစ်ဆိုတာ
မပုပ်မသိုး သစ်သီးလိုမျိုး
ထင်ယောင်ထင်မှား ပြောပြောပြီး
ငါ့နံဘေးနား ဖြတ်လျှောက်ကြသူတွေ ရှိသေးတယ်၊
ငါကတော့ ပြုံးကြည့်နေဆဲပဲ
မြင်ကွင်းက ပျောက်တာနဲ့ ဖြတ်ခနဲ ပုပ်သွားမယ့်
သစ်သီးတစ်လုံးဟာ
သူတို့ရဲ့ အချစ်၊ သူတို့ရဲ့ သံယောဇဉ်ဖြစ်တယ်။

ငါ့ဘာသာငါ
ရက်လွန်ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်မယ်၊
လက်ဆိပ်မသင့်လိုခြင်းကို
ဘယ်သူမှ ဝေဖန်စရာ မလိုပါ။
ကဲ့ရဲ့ စကားတွေကို မကြားယောင်ဆောင်ဖို့
အကျင့်ပါနေတယ်။
မြှောက်ပင့် မာယာတွေကို မယုံကြည်ဖို့
အကျင့်ပါနေတယ်။

ဘယ်တော့မှ မကြွေမယ့် သစ်ရွက်တစ်ရွက် ရှိမယ်လို့ မင်းယုံရင်
ပလေတိုးနစ် အချစ်ကို ယုံကောင်းယုံနိုင်တယ်၊
ဘယ်သူက ဘယ်လောက်ကြာကြာ
ရပ်ကြည့်ပြုံးပြနိုင်မလဲ
ငါ့သင်ခန်းစာ စာအုပ်မှာ
ဖြတ်လျှောက်သူတွေရဲ့ လက်မှတ်ကို သိမ်းထားတယ်၊
ငါ့သင်ခန်းစာ စာအုပ်မှာ
မကြည့်ချင်ပဲ ရပ်ကြည့်ခဲ့ရတဲ့
တစ်ပါးသူ့ ပုံပြင်တွေ သိမ်းထားတယ်၊
ငါကတော့ ရပ်မြဲ ရပ်နေတယ်။

သိင်္ဂါကျော်

8 comments:

စံပယ်ချို said...

အချစ်ဆိုတာ မပုပ်မသိုး သစ်သီးလိုမျိုး
ထင်ယောင်ထင်မှား
ပြောပြောပြီး
မြင်ကွင်းက ပျောက်တာနဲ့ ဖြတ်ကနဲ
ပုပ်သွားမယ့်သစ်သီးဟာ
သူတို့အချစ်--------
ငါကတော့ ရပ်မြဲ ရပ်နေတယ် ။

ဘယ်လိုများစဉ်းစားမိသလဲနော်
ကြိုက်တယ် အဲဒီလိုစာသားတွေကို
ချစ်တဲ့ jasmine

ချော (အစိမ်းရောင်လွင်ပြင်) said...

ငါ့ဘာသာငါ ရက်လွန်ပန်းတစ်ပွင့်ဖြစ်ချင်ဖြစ်မယ် တဲ့
သဘောကျတယ် ဟုတ်ပါ့..
မပုပ်မသိုးတဲ့ သစ်သီးမှ မရှိတာ သံယောဇဉ်ဆိုတာလဲ ကြာရင် ပျောက်ကွယ်သွားနိုင်တာဘဲနော်။
ကဗျာလေး သဘောကျသွားတယ်။

ချစ်စံအိမ် said...

ဘာသာငါ
ရက်လွန်ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်မယ်၊
လက်ဆိပ်မသင့်လိုခြင်းကို
ဘယ်သူမှ ဝေဖန်စရာ မလိုပါ။
ကဲ့ရဲ့ စကားတွေကို မကြားယောင်ဆောင်ဖို့
အကျင့်ပါနေတယ်။
မြှောက်ပင့် မာယာတွေကို မယုံကြည်ဖို့
အကျင့်ပါနေတယ်။

ညီလင်းနိုင် said...

ကဗျာလေးလန်းတယ် ။

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

San San Htun said...

ဒီကဗျာလေးက ကိုယ့်ကိုများ ပြောနေသလားလို့ ..ကြိုက်တယ် ..စကားလုံးတွေလည်း မိုက်တယ်..

မြသွေးနီ said...

ရေးတတ်လိုက်တာ..
ကဗျာတွေပဲ ရေးဖြစ်နေတယ်နော်...

kokoseinygn said...

တန်ဖိုးရှိနေတဲ့ ရက်လွန်ပန်းတပွင့်၇ဲ့
အကြောင်းကိုဖတ်သွားပါတယ်။

Latt Latt said...

ရေးတတ်လိုက်တာ