22 November, 2012

ငှက်ကလေးရေ..

 
ငှက်ကလေးရေ..
မင်းအတွက်တော့
ခြေချစရာ မြေမလိုပေဘူးပေါ့။
ခြေနှစ်ချောင်းချင်း အတူတူပေမယ့်
မြေကို တပ်မက်လို့ လောဘတက်နေတဲ့လူတွေ
နောက်ဆုံးတစ်နေ့တော့လည်း
ကံကောင်းမှ ၆ပေ ၄ပေ တစ်ကွက်ထဲမှာ အခြေချရမှာကို
မသိသလို မေ့ရင်း
အငြင်းပွား တိုက်ခိုက်သူတွေ၊
မသိမသာ ခိုးဝှက်လုယူသူတွေ
တစ်ပုံတစ်ပင် ရှိနေလေရဲ့။

ငှက်ကလေးရေ..
မင်းအတွက်တော့
သဘာဝကပေးတဲ့ မြက်ခြောက် ရွက်ခြောက်နဲ့ပဲ
မင်းအိမ်ထောင်စုကို နှစ်သိမ့်နိုင်ပေမယ့်
အဲဒီ ခြေနှစ်ချောင်းသားတွေကတော့
အိမ်တစ်လုံးအတွက် လောဘတက်နေကြရ၊
ဒေါသသင့်နေကြရ
နေစရာတစ်နေရာ အတွက် ဘဝပျက်ကြရသူတွေလည်း
တစ်ပုံတစ်ပင် ရှိနေလေရဲ့။

ငှက်ကလေးရေ..
မင်းတို့ အမျိုးအဆွေအချင်းချင်း
အညှိုးဖွဲ့ သတ်ဖြတ်ကြဖူးသလား
အဲဒီ ခြေနှစ်ချောင်းသား တွေကတော့
ဟိုဟိုဒီဒီ အကြောင်းပြပေမယ့်
နောက်ဆုံးကျတော့လည်း
အတ္တ လောဘ မှိုင်းတွေ ဝဝနေတဲ့ အကြောင်းရင်းနဲ့ပေါ့
အသက်တွေ ကြွေကြ၊ ချွေကြသူတွေလည်း
တစ်ပုံတစ်ပင် ရှိနေလေရဲ့။

ငှက်ကလေးရေ..
မင်းအတွက်
သဘာဝက ပေးတဲ့ အမွေးအတောင်တစ်စုံနဲ့
အဲဒီ ခြေနှစ်ချောင်းတွေနဲ့ ဝေးရာမှာသာ
အိမ်မပြန်နိုင်သူတွေ အားကျအောင်
ပျံသန်းနေလိုက်ပါ။
စာနာစိတ် တစ်စိမရှိသူတွေရဲ့ ဝမ်းစာ ဖြစ်သွားမှာလည်း
စိုးရိမ်ရလို့ပါ။

သိင်္ဂါကျော်

5 comments:

Latt Latt said...

အိုး ... ကောင်းလိုက်တဲ့အတွေးလေး .... ရေးထားတာကောင်းလိုက်တာ

မိုးနတ်ကြယ်စင် said...

good tal ....
i like this poem very much....
ကောင်းလိုက်တဲ့ အတွေးနဲ့ အရေးလေး..
မိုးနတ် အရမ်းကြိုက်တယ်ဗျ...
ငှက်ကလေးကို တိုင်တည်ပြီး ပြောပြထားပုံက
ထူးခြားတဲ့အတွေးလေး...ပြီးတော့ တရားကျစရာ
အရေးလေးလဲပါသေး...မိုက်စ်ပါ..
ခင်တဲ့...မိုးနတ်

lwannaung said...

တစ်နေ့ကပဲ ဖတ်လိုက်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့စာထဲက စကားလေး သတိရမိတယ်။ အောက်မှာရှိနေတဲ့ လူတစ်ကိုယ်စာ မြေလေးတောင်မှ ငါမပိုင်ပါလားဆိုတာ

ချစ်စံအိမ် said...

ငှက်ကလေးရေ..
မင်းအတွက်
သဘာဝက ပေးတဲ့ အမွေးအတောင်တစ်စုံနဲ့
အဲဒီ ခြေနှစ်ချောင်းတွေနဲ့ ဝေးရာမှာသာ
အိမ်မပြန်နိုင်သူတွေ အားကျအောင်
ပျံသန်းနေလိုက်ပါ။
စာနာစိတ် တစ်စိမရှိသူတွေရဲ့ ဝမ်းစာ ဖြစ်သွားမှာလည်း
စိုးရိမ်ရလို့ပါ။

ဆန်းစနေ၀န်း said...

အရမ်းကောင်းတဲ့ ကဗျာလေးတပုဒ်!