26 December, 2014

စားပွဲထိုးဘဝမှ ရုပ်ရှင်မင်းသမီး နှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဖြစ်လာသူ အမျိုးသမီး စွမ်းဆောင်ရှင်




Smriti Irani ကို ၁၉၇၆ မတ်လတွင် ဒေလီမြို့၌ ပန်ဂျပ်ဖခင်နှင့် ဘင်င်္ဂလီမိခင် တို့မှ မွေးဖွားခဲ့ပါသည်။ သူမသည် ညီအစ်မ သုံးယောက်တွင် အကြီးဆုံး ဖြစ်သောကြောင့် ၁၂ တန်းအထိသာ တက်ခဲ့ပြီးနောက် ကျောင်းထွက်ကာ အလှကုန်ပစ္စည်း အရောင်းမြှင့်တင်ရေး ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ရသည်။ စတိုးဆိုင်တွင် လုပ်ကိုင်နေရသော်လည်း သူမ၏ ရည်မှန်းချက်ကတော့ တစ်မျိုးတစ်ဖုံဖြစ်သည်။ မက်မောဖွယ် ကမ္ဘာကြီး၏ ဆွဲဆောင်မှုဖြင့် သူမသည် လူလတ်တန်းစား ဘဝမှ ထိုးဖောက်ထွက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ၁၉၉၈ တွင် Miss India ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့သော်လည်း နောက်ဆုံး အဆင့်အထိ မရောက်ရှိခဲ့ပါ။

နောက်ဆုံးတွင် သူမသည် သူမ၏ ကံကို စမ်းသပ်ရန် မွန်ဘိုင်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ အသက်မွေးဝမ်းကြောင်းမှု အနေနှင့် သူမသည် McDonald ဆိုင်တွင် စားပွဲထိုး လုပ်ခဲ့ရသည်။ ၁၉၉၈တွင် သူမသည် Mika Singh သီချင်းအယ်လ်ဘဏ် တစ်ခု တွင် သီချင်းတစ်ပုဒ် ဆိုခဲ့ဖူးသည်။

၂၀၀၁ ခုနှစ်တွင် Zubin Irani နှင့် လက်ထပ်ခဲ့ပြီး သားနှစ်ယောက် မွေးဖွားခဲ့သည်။

Smriti သည် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပြီးနောက် ကံကောင်းထောက်မစွာနှင့် ‘Ooh La La La’ ဇာတ်လမ်းတွဲ တွင် ပါဝင်ခွင့် ရရှိခဲ့ပြီး နာမည်ကြီး မင်းသမီး နေရာတွင် အစားထိုး သရုပ်ဆောင်ခွင့် ရခဲ့သည်။ ထုတ်လုပ်ရေး များစွာက သူမကို မလိုချင်ခဲ့သော်လည်း တစ်ယောက်သော ထုတ်လုပ်သူ၏ ယုံကြည်မှုဖြင့် သူမသည် ‘Kyunki Saas Bhi Kabhi Bahu Thi’ တီဗွီ ဇာတ်လမ်းတွဲတွင် Tulsi ဆိုသော အဓိက ဇာတ်ကောင် နေရာတွင် လုပ်ဆောင်ခွင့် ရခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သည်။ Tulsi ဇာတ်ရုပ်ဖြင့် အချိန်အတော်ကြာ သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင် ဆုများစွာလည်း ရရှိခဲ့သည်။ ထို ဇာတ်လမ်းတွဲသည် ၂၀၀၀ မှ ၂၀၀၈ ခုနှစ်အထိ ရှည်ကြာခဲ့သည်။ သူမသည် ၂၀၀ရ တွင် ထို ဇာတ်လမ်းမှ ထွက်ခဲ့ပြီး ၂၀၀၈တွင် ပြန်ဝင်လာခဲ့သည်။ Irani သည် သူမ ကိုယ်ပိုင် ထုတ်လုပ်ရေး ကုမ္ပဏီ Ugraya Entertainment ကို တည်ထောင်၍ ဇာတ်လမ်းများ ထုတ်လုပ်ခဲ့သည်။

သူမသည် ‘Maniben.com’ တီဗွီ ဇာတ်လမ်းတွင် ဟာသ သရုပ်ဆောင် အနေနှင့် သူမ၏ သရုပ်ဆောင် စွမ်းရည်ကို ပြသခဲ့သည်။ ဘင်္ဂလီသွေးပါသော သူမသည် ဘင်္ဂလီ ရုပ်ရှင်များတွင်လည်း သရုပ်ဆောင်ခဲ့သည်။ ‘All is Well’ ရုပ်ရှင်ဖြင့် ဘောလီဝုဒ်တွင် နေရာတစ်နေရာ ရခဲ့သည်။ သူမသည် Indian Television Academy Awards for Best Actress (Popular) ဆုကို ငါးနှစ်ဆက်တိုက်, Indian Telly Awards ဆို လေးခု, Star Parivaar Awards ရှစ်ခု စသည့် ရုပ်ရှင် ထူးချွန်ဆု များစွာ ရရှိခဲ့သည်။ ထို့နောက် သူမသည် နိုင်ငံရေး လောကတွင် အောင်မြင်အောင် ကြိုးစားရန် ဆုံးဖြတ်ခဲ့သည်။

သူမ၏ နိုင်ငံရေး လောကမှ ခရီးရှည်သည်လည်း စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်။ သူမသည် ၂၀၀၃ ခုနှစ်ကတည်းက Bharatiya Janata Party (BJP) ပါတီဝင် ဖြစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် Maharashtra Youth Wing ၏ ဒုဥက္ကဌ ဖြစ်ခဲ့သည်။ သူမ ကိုယ်ပိုင် ထူထောင်သော People For Change ပရဟိတ လုပ်ငန်းသည် ကျေးရွာများ သောက်ရေသန့် ရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။ သူမသည် ဆင်းရဲသော ကလေး ၁၅ ယောက်ကို မွေးစား၍ ပညာရေး အထောက်အပံ့များ ပေးခဲ့သည်။

၂၀၁၀ တွင် သူမသည် ပါတီ၏ နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Rajya Sabha ပါလီမန် အမတ် ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် BJP ပါတီ၏ ဒုဥက္ကဌ ဖြစ်လာခဲ့သည်။ Smriti သည် လူမှုရေးနှင့်  ပတ်သက်သော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ အမျိုးသမီးများ လုံခြုံမှု နှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ခဲ့သည်။ အဓမ္မ ကျင့်သူများကို ပြင်းထန်သော ပြစ်ဒဏ် ချမှတ်ရေးအတွက် အကြံပြုခဲ့သည်။

BJP ပါတီသည် ၂၀၁၄ ရွေးကောက်ပွဲတွင် Smriti ကို Amethi ပြည်နယ် ကိုယ်စားပြု အဖြစ် Rahul Gandhi နှင့် ယှဉ်ပြိုင်၍ အရွေးခံရန် စာရင်းသွင်းခဲ့သည်။ သူမသည် Rahul Gandhi ကို မဲအနည်းငယ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သူမ၏ ခေါင်းဆောင်မှု အရည်အသွေးကြောင့် Smriti သည် ၂၀၁၄ မေလက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး  ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ခန့်အပ် ခံခဲ့ရသည်။ သူမသည် ကက်ဘိနက်တွင် အသက်အငယ်ဆုံး အဖွဲ့ ဝင်ဖြစ်သည်။


မှီငြမ်း:

http://www.elections.in/political-leaders/smriti-irani.html
http://www.filmyfolks.com/celebrity/tellywood/smriti-irani.php
http://en.wikipedia.org/wiki/Smriti_Irani
http://www.firstpost.com/politics/smriti-irani-from-model-to-tvs-favourite-bahu-to-cabinet-minister-1542563.html

05 November, 2014

ကျေးလက်နေ အမျိုးသမီးတစ်ယောက်ဘဝမှ Keys Software Solutions ကုမ္ပဏီ CEO တစ်ယောက် ဘဝသို့ အရောက်လှမ်းနိုင်ခဲ့သူ

“အောင်မြင်တဲ့ ဇာတ်လမ်းတိုင်းမှာ နာကျင်စရာနဲ့ အစပြုခဲ့ရပြီး နာကျင်ပင်ပန်းတဲ့ အစပြုမှုတိုင်းမှာလည်း အောင်မြင်တဲ့ အဆုံးသတ်တစ်ခုတော့ ရှိပါတယ်။” (Dr. APJ Abdul Kalam)

 “သင့်က ဆင်းဆင်းရဲရဲ မွေးဖွားလာတယ် ဆိုရင် အဲဒါ သင့် အမှား မဟုတ်ပါဘူး၊ ဒါပေမယ့် သင် ဆင်းဆင်းရဲရဲ နဲ့ပဲ သေဆုံးသွားမယ် ဆိုရင်တော့ အဲဒါ သင့်အမှားပါ” (Bill Gates)

သာမာန် ရွာသူ အမျိုးသမီး တစ်ယောက်ဘဝကနေ Keys Software Solutions ကုမ္ပဏီ CEO တစ်ယောက် အဖြစ်သို့  အရောက်လှမ်းနိုင်ခဲ့သူကတော့ အိန္ဒိယအမျိုးသမီး Mrs. D. Anil Jyothi Reddy (ဒီ အနေးလ် ဂျော့သီ ရက်ဒ်ဒီ) ဖြစ်ပါသည်။


Anil Jyothi Reddy ကို ၁၉၇၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဆင်းရဲသား မိသားစုတစ်စုမှ မွေးဖွားခဲ့ပြီး မွေးချင်း လေးယောက် ရှိခဲ့သည်။ သူမ ငယ်စဉ်မှာပင် မိခင် ဆုံးပါးသွားခဲ့ပြီးနောက် ဖခင်က အလုပ်အကိုင်မဲ့ကာ စစ်တပ်သို့ ဝင်ခဲ့သည်။ ဆက်လက် မစောင့်ရှောက်နိုင်တော့သည့်အတွက် သူမကို အစိုးရ မိဘမဲ့ကျောင်းကို ပို့ခဲ့သည်။ Jyothi Reddy သည် ၅ တန်းမှ ၁၀ တန်းအထိ မိဘမဲ့ ကျောင်းတွင် ချို့တဲ့စွာ နေထိုင်ရင်း တက်ရောက်ခဲ့သည်။ နွေကျောင်းပိတ်ရက်များမှာပင် သူမသည် အိမ်သို့ မပြန်ရပဲ အုပ်ချုပ်ရေးမှူး၏ အိမ်တွင် နေထိုင်ရင်း အိမ်အလုပ်များကို ကူလုပ်ပေးခဲ့ရသည်။ သူမ၏ ခါးသီးစရာ ကိုယ်ပိုင် ခံစားချက်များကြောင့် ယခုအခါတွင် မိဘမဲ့ ကလေးများ၏ လိုအပ်ချက်များကို တတ်နိုင်သလောက် ထောက်ပံ့ပေးနေခဲ့ခြင်း ဖြစ်သည်။

Jyothi Reddy သည် ဆယ်တန်းကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ပြီး ရှေ့ဆက်ရန် အိပ်မက်များ ရှိခဲ့သော်လည်း မဆက်နိုင်ခဲ့ပါ။ သူမ၏ မိဘများ အတင်းအကျပ် တိုက်တွန်းမှုဖြင့် အသက် ၁၆ နှစ် အရွယ်မှာပင် Mr. SangiReddy နှင့် လက်ထပ်ခဲ့ရသည်။ အိန္ဒိယ ကျေးလက်များမှာ မိန်းကလေးငယ်များ၏ မိဘများက တတ်နိုင်သမျှ မြန်မြန် သမီးများကို စွန့်လွှတ်ချင်နေသောကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပင် အိမ်ထောင်ချပေးလေ့ ရှိကြပါသည်။ သူမသည် အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ဘာမှ မသိနားမလည်သေးသော အရွယ် ဖြစ်သော်လည်း နောက် ၂ နှစ်အကြာ၌ ကလေးနှစ်ယောက်၏ မိခင် ဖြစ်ခဲ့ရသည်။ သူမ၏ ကလေးများကို ကျွေးမွေးပြုစုရန်၊ ကြည့်ရှုစောင့်ရှောက်ရန် အခြေခံလိုအပ်ချက်များ ပြည့်စုံဖို့ရန် ခက်ခဲသော ဘဝ ဖြစ်ခဲ့ရသည်။

သူမသည် ပိုက်ဆံရရန်အတွက် ယောက္ခမနှင့် အမျိုးသား ကို ခွင့်တောင်းကာ လယ်ထဲဆင်း၍ တစ်ရက်လျှင် ၅ ရူပီးမျှ ရသော အလုပ်ကို လုပ်ခဲ့ရသည်။ သူမသည် ၁၉၈၆ မှ ၈၉  ခုနှစ်အထိ ထိုအလုပ်ကို လုပ်ခဲ့ပြီးနောက် ၁၉၈၉  ခုနှစ်တွင် သူမအတွက် အလှည့်အပြောင်းတစ်ခု ကြုံခဲ့သည်။ ရွာတွင် အသက်ကြီးသူများအတွက် မူလတန်းပညာသင်ပေးရန် ညကျောင်း တစ်ခု ဖွင့်ရာ ထိုကျောင်းတွင် တစ်လလျှင် ရူပီး ၁၂၀ နှင့် အလုပ်ရခဲ့သည်။ အဆင့်မြင့်ပညာ မပြီးလျှင် နောက်ထပ် ရာထူးတက်ရန်မှာ မဖြစ်နိုင်သည့်အတွက် သူမသည် အဝေးသင်ဖြင့် ဘွဲ့ရအောင် ယူခဲ့သည်။ သူမသည် အန်နာ တက္ကသိုလ်မှ B.Ed ဘွဲ့ ရပြီး နောက် အစိုးရဝန်ထမ်း Volunteer ဆရာမ တစ်ယောက် ဖြစ်လာပြီး တစ်လလျှင် ရူပီး ၂၀၀ ရခဲ့သည်။

သူမ၏ အမျိုးသားကလည်း မကန့်ကွက်သည့်အတွက် သူတို့မိသားစုသည် ရွာမှ သူမ အလုပ်ရှိရာ မြို့သို့ ပြောင်းလာခဲ့ကြသည်။ မြို့ရောက်သော အခါ၌လည်း မိသားစုနှင့် အလုပ်ကို ညှိယူရခြင်း၊ ပိုက်ဆံရှာရန် အစွမ်းကုန် ကြိုးစားသော်လည်း လစာ မလုံလောက်ခြင်း စသည့် ကျေးလက်နေ အိန္ဒိယအမျိုးသမီးများထက် ပိုများသော ပြဿနာများနှင့် တွေ့ကြုံကြရပြန်သည်။ သူမသည် အလုပ်အမျိုးမျိုး လုပ်ခဲ့သည်။ ၁၉၉၂ တွင် သူမ နေသော နေရာနှင့် ၇၀ ကီလိုမီတာ ဝေးသော ကျောင်းတွင် ဆရာမ အလုပ်ရသည်။ ခရီးစားရိတ် ရရန်အတွက် သူမသည် ရထားပေါ်မှာ ဆာရီများ ရောင်းခဲ့ရသည်။ နောက်ဆုံး ၁၉၉၄ ခုနှစ်တွင် တစ်လလျှင် ရူပီး ၂၇၅၀ ရသော ပုံမှန် အလုပ်တစ်ခု ရခဲ့သည်။ အမျိုးသမီးငယ်များ ဖွံဖြိုးတိုးတက်ရေး အရာရှိအနေနှင့် ကျောင်းများကို စစ်ဆေးရသော အလုပ်ဖြစ်သည်။

ရည်မှန်းချက်ကြီးသော အမျိုးသမီး တစ်ယောက် အနေနှင့် သူမ၏ ကလေးနှစ်ယောက်ကို လုံလောက်ရုံမျှသာ ကျွေးမွေးနိုင်သည်ကို မကျေနပ်နိုင်သေးပါ။ ၁၉၉၈ တွင် အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်ရာမှ အလည်လာသော သူမ၏ ဝမ်းကွဲဆွေမျိုး တစ်ယောက်နှင့် တွေ့ ခဲ့သည်။ သူမတို့နှင့် ကွာခြားလှသော ထိုဆွေမျိုး၏ ပိုက်ဆံ သုံးနိုင်မှု၊ ဘဝအဆင့်အတန်းနှင့် ပတ်သက်ပြီး အားကျခဲ့သည်။ သူမ၏ ဝမ်းကွဲအစ်ကို ကဲ့သို့  computer software နှင့်ပတ်သက်ပြီး သင်ယူချင်စိတ် ဖြစ်လာခဲ့သည်။ သူမသည် အမေရိကား သွားရန် စိတ်ပိုင်းဖြတ်ပြီး computer သင်တန်းတက်ကာ ပတ်စ်ပို့ နှင့် ဗီဇာအတွက် ပိုက်ဆံစုခဲ့သည်။ ထို့နောက် သူမ၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် သမီးနှစ်ယောက်ကို အဆောင်တွင် အပ်ထားခဲ့ပြီး အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။

Jyothi Reddy သည် အမေရိကန်နိုင်ငံသို့ ရောက်ကာစတွင် ထိုနိုင်ငံတွင် အခြေချ နေထိုင်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်မှန်း သိလာရသည်။ စစချင်း လစာနည်းသော အရောင်းစာရေး အလုပ်များ လုပ်ခဲ့ရပြီး သူများအိမ်တွင် ကပ်နေခဲ့ရသည်။ အတော်ကြာမှ ကုမ္ပဏီတစ်ခုတွင် လစာကောင်းကောင်း အလုပ်ရခဲ့သည်။ သို့သော်လည်း မကြာခင် သူမ၏ ဗီဇာ ပြဿနာကြောင့် အလုပ်မှ ထွက်ခဲ့ရပြီး ဗီဇာ မရခင် ကာလအတွင်း ရရာ အလုပ်များကို ပြန်လုပ်ခဲ့ရပြန်သည်။ ဗီဇာအတွက် မက္ကစီကို သို့ သွားရင်း ဗီဇာရရန် လုပ်ဆောင်ရသည့် ခက်ခဲမှုများအတွက် အကြံပေးကုမ္ပဏီတစ်ခု ထောင်ရန် စဉ်းစားခဲ့မိသည်။ ထို့ကြောင့် Keys software solutions ကို စတင်ခဲ့သည်။ ထို့နောက် software များ ရေးသားခြင်းနှင့် အခြားအလုပ်အကိုင် ရှာဖွေခြင်း လုပ်ငန်းများကို ချဲ့ထွင် လုပ်ကိုင်ခဲ့သည်။ Jyothi Reddy သည် ၂၀၀၀ ခုနှစ် တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ အစ်ကို ဝမ်းကွဲကိုပါ အလုပ်အတူတွဲလုပ်ရန် ခေါ်ခဲ့ပြီး လုပ်ငန်းများကို ထပ်ချဲ့ခဲ့သည်။ သူမ၏ သမီးများကို ခေါ်ယူပြီး အမေရိကန်တွင် ကျောင်းဆက်တက်စေသည်။

သူမ၏ ကြိုးစားအားထုတ်မှု၊ ရည်မှန်းချက် ချမှတ် လုပ်ဆောင်နိုင်မှုတို့ကြောင့်  သူမ၏ အိပ်မက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ သူမ၏ သမီးများကို အဆင့်အတန်းမြင့်မြင့် နေစေချင်သော သူမ၏ အိပ်မက်အတိုင်း ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ သူမ၏ ဆွေမျိုးနီးစပ်များကို ကောင်းကောင်း ထောက်ပံ့နိုင်ခဲ့သည်။ သူမ၏ သမီးများသည် ယခုအခါ အင်ဂျင်နီယာ ဘွဲ့များရကာ လက်ထပ်ပြီး US မှာပင် အခြေချ နေကြပြီ ဖြစ်သည်။

Jyothi Reddy သည် သူမကို အစစအရာရာ ကူညီ ထောက်ပံ့ ပေးခဲ့သူများကို အမြဲတမ်း ကျေးဇူးတင်လျက်ရှိသည်။ သူမသည် သူမ နာကျင်ခဲ့ရသော ကျပ်တည်းသော ဘဝကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပဲ အကူအညီ လိုအပ်သူများကို ကူညီထောက်ပံ့ရန် ဆုံးဖြတ်ခဲ့သည်။ မပြည့်စုံမှုများ၏ ရိုက်ခတ်ခြင်းကို ခံခဲ့ကြရသော မိဘမဲ့ ကလေးများ၏ မျက်ရည်ကို သုတ်ပေးချင်ခဲ့သည်။ သူမသည် အများအကျိုးဆောင် စီမံကိန်းများစွာ လုပ်ဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ လာရောက် အခြေချချင်သော အိန္ဒိယလူမျိုးများကို အကူအညီများ ပေးခဲ့သည်။

“ကျွန်မ ဒီထက်ပိုပြီး အများကြီး လုပ်ချင်ပါသေးတယ်။ အလုပ်ကြိုးစားပြီး ဉာဏ်ထက်မြက်တဲ့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး စီးပွားရေးသမားကောင်းတွေ ဖြစ်နိုင်ပါတယ်” လို့ သူမက ပြောခဲ့သည်။

“ကျွန်မက အမျိုးသမီးတွေကို အရွယ်အလိုက်ပေါ့ သူတို့ရဲ့  အဖေတွေ၊ အမျိုးသားတွေ၊ သားတွေ အပေါ် မမှီခိုပဲ အလွတ်လွတ်လပ်လပ် စီးပွားရေး လုပ်စေချင်ပါတယ်၊ ပညာရေးမှာလည်း ဘွဲ့တွေ ဒီပလိုမာတွေ ရတဲ့အထိ ဆက်သင်စေချင်ပါတယ်။ လက်ထပ်ပြီးနောက်ပိုင်း အလုပ်မလုပ်တော့တာ မျိုးတွေလည်း မဖြစ်စေချင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် တည်ဆောက်ပါ။ သားသမီးတွေကို ဂရုစိုက်တာဟာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပေမယ့်လို့  အဲဒါနဲ့ ချည်းပဲ တစ်ဘဝလုံး မကုန်ဆုံးသင့်ပါဘူး” လို့ သူမက ပြောခဲ့ပါသည်။

ဘဝရဲ့ အခက်အခဲ အကျပ်အတည်းများက လူတွေရဲ့ စွမ်းဆောင်ရည် မြင့်တက်ဖို့ တွန်းအားပေးပါသည်။ သူမ ပြင်းပြစွာ ခံစားမိတာကတော့ လူတိုင်းလူတိုင်း ပတ်ဝန်းကျင်ကို အပြစ်တင်တာတွေ ရပ်ပြီး ကိုယ့်ကိုယ့်ကိုယ် ကူညီဖို့ စတင်သင့်တယ် ဆိုတာပါပဲ။ ကျွန်မတို့ဟာ နောက်ပြန်လှည့်မကြည့်ပဲ ကျွန်မတို့ရဲ့ ဘဝ တိုးတက်မြင့်မားဖို့ ကျွန်မတို့မှာပဲ တာဝန်ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်သင့်ပါသည်။

မှီငြမ်း
http://www.jyothireddy.com/story.php
http://www.indiaonrent.com/view/f/from-a-labour-to-ceo-jyothi-reddy-great-inspiration.html
http://timesofindia.indiatimes.com/city/visakhapatnam/D-Anila-Jyothi-Reddy-A-journey-from-farm-labourer-to-IT-firms-CEO/articleshow/18857681.cms

(တစ်ခြားမှာ ပြန်ဆိုထားတာ၊ ရှိချင်လည်း ရှိမှာပါ။ ကိုယ်တိုင် ဖတ်ဖို့  ကိုယ်တိုင် စိတ်ခွန်အားတိုးဖို့ အတွက် လေးစားအားကျဖွယ်ရာ အမျိုးသမီးတစ်ယောက် အကြောင်းကို ရေးဖြစ်တာပါ။)

သိင်္ဂါကျော်

25 October, 2014

ဖက်တစ်ရွက် ပုံပြင်


ဆောင်းဦးက မြမြ အေးစ ပြုနေလေပြီ။ မြောက်လေက ပြတင်းပေါက်ကြားက တစ်ကြော့ တစ်ကြော့ တိုးဝင် လာတတ်သေးသည်။ အိမ်မှာ တုန်းကတော့ ဆောင်းဝင်စ ပြုတာကပဲ မသိသာလှ။ အနွေးထည်လည်း မဝတ်ခဲ့ရသေး။ Final စာမေးပွဲကြီးပြီး၍ တစ်လကျော် ကျောင်းပိတ်ထားရာမှ ခက် တို့ ကျောင်းကြီးလည်း ပြန်ဖွင့်နေပြီ ဖြစ်ရာ ခက်တစ်ယောက် အဆောင် ပြန်ရောက်နေလေပြီ။ အိမ်မှာ နေတာ ကြာလာတော့လည်း မလွတ်မလပ် ခံစားရပြီမို့ အဆောင်ပြန်ချင်လှပြီ ဖြစ်ရာ ကျောင်းစ ဖွင့်သော အပတ်မှာပင် ခက်ကတော့ ကျောင်းကို ရောက်နေခဲ့ပြီ။ ကျောင်းဖွင့်မှပင် ချစ်သူ နှင့်လည်း တွေ့ရမည် မဟုတ်လား။ အိမ်မှာ နေရသော တစ်လ ကျော်ကျော်မှာ အိမ်က မသိအောင် ခိုးဝှက် ပြောရသောကြောင့် သူ့ကို မဆက်ခိုင်းပဲ ခက်ကချည်းပဲ ဆက်ရသည် ဖြစ်ရာ ဖုန်းဖိုးကလည်း ကုန်လှပြီ။ ကျောင်းမှာလို အဆောင်မှာလို wifi free မရသဖြင့် အိမ်မှာ နေသမျှ ဖုန်း ဘေလ်ထဲကပဲ အင်တာနက် သုံးနေသောကြောင့် ဖုန်းတစ်ကဒ်က သိပ်ကြာကြာ မခံချင်သလိုပင်။ ကျောင်းမှာ စာ များများ မသင်သေးသော အပတ်မို့  ချစ်သူနှင့် သာသာယာယာ တွေ့နေရသောကြောင့် စိတ်ချမ်းသာသည်။ တစ်ခုပဲ ပြောစရာရှိသည်။ ယခုစာသင်နှစ်မှာ တစ်ခန်းထဲနေ သူငယ်ချင်းမ ဖြူ ကတော့ ပြန်မလာခဲ့ပါ။ မေဂျာမတူသော်လည်း ၃ နှစ်တာ အတူနေ အခန်းဖော်မို့ ခင်မင်နေရာ သူမ မလာသောအခါ တစ်ခုခု လိုနေသလိုလိုပင်။ ဖြူ ဘာကြောင့် ဒီတစ်နှစ် ပြန်မလာသေးသလဲ ဆိုတာ ခက် သိပါသည်။ အိမ်မှာတုန်းက သူမ နှင့် စကားပြောဖြစ်ခဲ့သေးသည်။
#######

ခက်တို့ ပါမောက္ခ ချောချောလှလှ စကားပြောကောင်းကောင်း ကို အားကျပြီး စာမှ စာ တစ်စာစာ လုပ်နေသူများထဲတွင် ခက်မပါပါ။ ပါမောက္ခကို စော်ကားလိုသည် မဟုတ်သော်လည်း သူမသည် ခက်သိချင်သော ပညာရပ်ပိုင်း ဆိုင်ရာများထက် သူမ နိုင်ငံခြားမှာ ဒေါက်တာ ဘွဲ့ရခဲ့သည့် အကြောင်းများကိုသာ အကျယ်ချဲ့ ကြွားလွန်းသည်ဟု ခက်က မြင်သည်။ သူမ စာသင်သည်က နည်းနည်းလေး မျှသာ။ ခက်သည် ငယ်စဉ်ကတည်းက စာသင်သည်ထက် အပိုစကား များများ ပြောတတ်သော မြန်မာစာ၊ သမိုင်း ဆရာ၊ ဆရာမများကို သိပ်မဘောမတွေ့တတ်ခဲ့သူ ဖြစ်သည်။ သို့အတွက် ခက်သည် ခက်တို့ မေဂျာမှာ အတော်ဆုံးတွေထဲ မပါသလို အညံဆုံးတွေ ထဲမှာလည်း မပါပါ။ ဒုတိယတန်းစား စာလုပ်သူတွေထဲတော့ ပါလောက်သည်။

ဒုတိယနှစ်မှာတော့ ခက်သည် အစီအစဉ် မရှိပဲ ရည်းစား ရဖြစ်ခဲ့သည်။ ဖြူကတော့ ပထမနှစ် ကုန်ကာနီးကတည်းက ရည်းစားရခဲ့သည်။ သန့်စင်ထက်ကို ဖြူကတော့ ယောက်ျား မပီသသည့် ဂေါက်တောက်တောက်ကောင် ဟု ပစ်ပစ်ခါခါ ပြောဖူးသည်။ ခက်ကတော့ ကိုယ့်ချစ်သူမို့ ပြောတာမဟုတ်။ သန့်စင်ထက်က ရိုးသားဖြူစင်သည် ဟုမြင်သည်။ သူက စိတ်အားငယ် တတ်သည်။ သူက ပထမနှစ်ကတည်းက ခက်ကို လိုက်ခဲ့သော်လည်း ခက်က ငြင်းခဲ့သည်။ ခက်ကြောင့်ချည်းပဲ မဟုတ်သော်လည်း ပထမနှစ်မှာ သူ ခြေချော် လက်ချော် ဖြစ်ပြီး စာမေးပွဲ ကျသည်။ နဂိုကတည်းက စိတ်အားငယ်တတ်သူ ဖြစ်သော်ကြောင့် ပထမနှစ် ပြန်တက်စဉ် သူ တော်တော် စိတ်ဓါတ်ကျပြီး တစ်မျိုး ဖြစ်သွားသေးသည်။ အဲဒီမှာ ကယ်တင်ရှင် ခက်က သူ့ကို အဖြေ ပြန်ပေးမိခဲ့ခြင်း ဖြစ်သည်။

ဖြူက ခက် လူကို ကြည့်မရသလို ခက်ကလည်း ဖြူ့ လူကို သိပ်ကြည့်ရလှသည်တော့ မဟုတ်ပါ။ ဖြူ့ လူ ဇော်လေးက မျက်စိလေး တစ်ဖက် အားနည်းချက် ရှိသောကြောင့် မိဘများက အစစ အလိုလိုက်ထားသူ ဖြစ်သည်။ ဆိုးလှသူ မဟုတ်ဟု ဆိုနိုင်သော်လည်း ကျောင်းပြေး စာမကြည့် နေချင်သလို နေသူ တစ်ယောက်ဖြစ်သောကြောင့် ပထမနှစ်က ကျခဲ့သည်။ ထို့ကြောင့် ယောက်ျားလေး နှစ်ယောက်က ခက်တို့ နှစ်ယောက် ထက် တစ်တန်း နောက်ကျနေသည်။ နောက်တစ်နှစ်မှာတော့ သန့်စင်ထက်ကလည်း ခက်၏ အားပေးမှုနှင့် အောင်လာသလို ဇော်လေးကလည်း စာမေးပွဲ နီးမှ မိဘ နှစ်ပါးက ဆရာမတွေဆီ လိုက်လံ အပ်ကာ စာမေးခြင်း စသည်ဖြင့် အတင်းအကျပ် ကြိုးစားခိုင်းခြင်းဖြင့် စာမေးပွဲ အောင်လာခဲ့သည်။

ဇော်လေး မိဘများက ပြည့်စုံသူများမို့ ဇော်လေးကလည်း အသုံးအစွဲ ကြီးသူ ဖြစ်ရာ ဖြူ့ကိုလည်း ဇော်လေးက အတော်လေး ထောက်ပံ့သည်။ ဖြူ့ မိဘများ၊ ခက်မိဘများကတော့ ဝန်ထမ်းများ၊ လူလတ်တန်းစားများ ဖြစ်ကြသည်။ ဖြူသည် ဇော်လေးထံက တန်ဖိုးကြီး လက်ဆောင်များလည်း မကြာခဏ ရလေ့ရှိသည်။ ခက် ချစ်သူ သန့်စင်ထက် မိဘများကလည်း ပြည့်စုံသူများမို့  သူလည်း စိတ်တိုင်းကျ သုံးလိုက သုံးနိုင်သော်လည်း သူက စိစစ်သူ ဖြစ်သည်။ ဖြူကတော့ ကပ်စေးနဲသူဟု ပြောသည်။ သန့်စင်ထက် ဆီက ခက်မွေးနေ့ အတွက် လက်ဆောင် အရုပ်ကလေး တစ်ရုပ်မှလွဲ၍ တန်ဖိုးကြီး လက်ဆောင် တစ်ခုမှ ခက် မရဖူးပါ။ ပေးဖို့ရန်လည်း ခက်က တစ်ခါမှ မတောင်းဆိုဖူးပါ။ ခက်အတွက် ချစ်သူထားခြင်းသည် သူတကာအတွဲများကို အားကျ ပြိုင်ဆိုင်လို၍လည်း မဟုတ်၊ ဆန္ဒတစ်စုံတစ်ရာ အတွက်လည်း မဟုတ်၊ သူငယ်ချင်းကောင်းထက် အနည်းငယ် ပိုခြင်းမျှသာတည်း။

ခက်သည် ဘဝမှာ ဘာဖြစ်ချင်သည်ရယ်လို့ တိတိကျကျ မရှိခဲ့စဖူးပါ။ ဤကျောင်းကို တက်ဖြစ်ခဲ့ခြင်းသည်လည်း အမှတ်မီတာရယ်၊ မိဘတွေ တိုက်တွန်းတာရယ်ကြောင့်သာ တက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အမှတ်အမြင့်ဆုံး ဘာသာကို မရခဲ့ပဲ တတိယ ဦးစားပေးကိုသာ ရခဲ့သော်လည်း စိတ်ပျက်သွားသည်၊ စိတ်မဝင်စားတော့ဘူး ရယ်လည်း မဟုတ်ပါ။ ခက်သည် အတန်းတစ်ခုကို တက်၍ နှစ်ကုန်လျှင် အောင်ရမည်ပဲ စိတ်ထဲ စွဲထားသည်။ ကျသည် ဆိုတာ ခက်ရဲ့  ဘဝမှာ တစ်ခါမှ မရှိခဲ့။ လုပ်သင့်သည့် အလုပ်တစ်ခုကို လုပ်ရမည်ဆိုတာ ခက်အတွက် ဘာမှ ခက်ခက်ခဲခဲ စဉ်းစားစရာ မလိုသည့် ကိစ္စသာ ဖြစ်သည်။ ခက်မှာ ပြင်းပြသော ဆန္ဒများ မရှိဟု ပြောမိသောအခါ ဖြူက ခက်သည် ရေစုန်ထဲတွင် အလွယ်မျောလိုသူ ဟု ဝေဖန်ဖူးသည်။ ခက်ကတော့ ရေစုန်မှာ မျောသည်ပဲ ဖြစ်စေ ပုံမှန် စီးမျောခြင်းဖြင့် ခရီးတစ်ခုခု ရောက်သည်ဆိုလျှင် ဘဝသည် အဓိပ္ပါယ်မမဲ့တော့ ဟု ထင်သည်။
#######

ခက်သည် အများသတ်မှတ်ထားသော စည်းကမ်းချက် တစ်ခုခုကို ချိုးဖောက်လိုသော ဆန္ဒတစ်စုံတစ်ရာ မပေါ်ပေါက်ဖူးသူ ဖြစ်သည်။ ခက်အတွက် ပျင်းရိစရာ ကောင်းသော၊ အိပ်ငိုက်တတ်သော ဘာသာရပ် သင်ချိန်များ ရှိသော်လည်း နေမကောင်းချိန်မှ လွဲ၍ ကျောင်းပြေးခြင်းသည် မလုပ်သင့်သော အလုပ်ဖြစ်သည်ဟု အလွယ်တကူ လက်ခံနိုင်သူ ဖြစ်သောကြောင့် ခက်၏ ကျောင်းခေါ်ချိန်များသည် အမြဲတမ်း ၈၀ ကျော်နေလေ့ ရှိသည်။ သန့်စင်ထက်ကိုလည်း ခက်က ကျောင်းမပြေးဖို့ ရန် ဆွဲဆောင် စည်းရုံး နိုင်ခဲ့သော်လည်း ဖြူ့ကိုတော့မူ ပြောမရခဲ့ပါ။ ဖြူက ကျောင်းပြေးတတ်သော်လည်း ၇၅ ရာခိုင်နှုန်း မပြည့်သည် အထိတော့ မဖြစ်ခဲ့၍ တော်သေးသည် ဆိုရမည်။

ဖြူ နှင့် ဇော်လေးကတော့ လူတကာသိအောင် အတွဲများသော အတွဲတစ်တွဲ အဖြစ် ကျောင်းမှာ နာမည်ကြီးပါသည်။ သန့်စင်ထက်နှင့် ခက်တို့ကိုလည်း ပတ်ဝန်းကျင်က တော်တော်များများက စုံတွဲအဖြစ် သိကြပါသည်။ ခက်တို့ နေ့တိုင်းလို တွေ့ ကြသည်။ မနက် ကျောင်းမတက်ခင် သို့မဟုတ် နေ့လည် ထမင်းစားဆင်းချိန်တွင် ကင်တင်းတွင် အတူတူ စားလေ့ရှိပါသည်။ ကျောင်းဆင်းချိန်ကြလျှင်တော့ များသောအားဖြင့် နှစ်ယောက်သားက အိမ်ပြန်ချင်စိတ် များနေသောကြောင့် မပြန်ခင် မတွေ့ဖြစ်တာ များပါသည်။ ခက်က ကျောင်းကားနှင့် ပြန်ပြီး သူကတော့ ဆိုင်ကယ်နှင့် ပြန်သူ ဖြစ်သည်။ တစ်ခါတစ်ရံ ဘာမဟုတ်သော ကိစ္စလေးများနှင့် ခက်တို့ ရန်ဖြစ်လေ့ ရှိပါသည်။ ကျောင်းဆောင် ရှေ့ နားမှာ ဖြစ်စေ၊ ကင်တင်းက အတက်လမ်းမှာ ဖြစ်စေ နေရာမရွေးလည်း ဖြစ်လေ့ ရှိပါသည်။ သန့်စင်ထက်ရော ခက်ရော က ဟန်မဆောင်တတ်သူများ၊ ပွင့်ပွင့်လင်းလင်း ပြောတတ်သူများ ဖြစ်သောကြောင့် နှစ်ယောက်သား မတူညီသော အမြင်များကို ငြင်းရင်း ခုန်ရင်း ရန်ဖြစ်ကြပါသည်။ တစ်ခါတစ်လေလည်း ခက်က စိတ်ဆိုးပြီး ၂ ရက် သုံးရက် စကားမပြောတာမျိုးလည်း ရှိသည်။ များသောအားဖြင့် ခက် စိတ်ဆိုးလျှင် မနေတတ် မထိုင်တတ် ဖြစ်တတ်သော သန့်စင်ထက်က ပြန်ချော့ခြင်းဖြင့် ပြေလည်လေ့ ရှိပြီး သူပါ စိတ်ဆိုးသွားလျှင်တော့ ခက်ကပဲ message ပို့ခြင်းဖြင့် မသိမသာ ပြန်ခေါ်လေ့ ရှိသည်။

ကျောင်းပိတ်ရက် နှစ်ရက်မှာလည်း တစ်ခါလောက်တော့ အနည်းဆုံး တွေ့လေ့ရှိပါသည်။ ခက်တို့ အဆောင်ကို သူက ဆိုင်ကယ်နှင့် လာခေါ်ပြီး အနီးအနားက မုန့်ဆိုင်မှာ မုန့်စားရင်း စကားပြောကြသည်။ နင်တို့ ဘယ်သွားကြလဲ ဟု ဖြူ မေးလာလျှင် ခက်ကလည်း အမှန်အတိုင်းပင် ဖြေလေ့ ရှိရာ ဖြူက “နင်တို့ အတွဲက ပျင်းစရာ ကောင်းတယ်” ဟု ဆိုလေ့ ရှိသည်။ သူတို့ အတွဲ ဘာတွေ လုပ်ကြသည်ကိုတော့ ခက်က မေးချင်စိတ်မရှိ၍ မမေးဖြစ်ပါ။ သူတို့ ကျောင်းပြေးပြီး မြို့ထဲက တည်းခိုခန်းမှာ ချိန်းတွေ့ကြသည်ကို သူများပြော၍ ခက် ကြားဖူးပါသည်။ ခက်သည် ဖြူ အစ်မလည်း မဟုတ်၊ အမေ လည်း မဟုတ်သဖြင့် ဖြူ့ကို တားမြစ်ရန်လည်း မဖြစ်နိုင်ပါ။ ဖြူသည် မျက်နှာများခြင်း မဟုတ်ပဲ သူ့ရည်းစားနှင့်သူ တွဲခြင်းသာ ဖြစ်ရာ ဖြူ့ကို မကောင်းပါ ဟု ပြောဖို့လည်း ခက်လှသည်။ ဇော်လေးကလည်း ဆိုးသွမ်းလှသူ မဟုတ်သဖြင့် ခက်သည် သူတို့နှစ်ယောက်ကိစ္စကို တတ်နိုင်သမျှ မမြင်ယောင်၊ မကြားယောင်သာ ဆောင်လေ့ရှိခဲ့သည်။ သို့သော် ကျောင်းပိတ်ရက် ဆက်သဖြင့် ခက် အိမ်ခဏ ပြန်ခိုက် ဇော်လေးက မိန်းကလေး ယောင်ဆောင်ပြီး ဖြူ့အခန်းကို ခိုးဝင်သဖြင့် အဆောင်မှူး မိသွားသည့် သတင်းကို ကြားသောအခါ မှာတော့ သူတို့နှစ်ယောက်ကို တော်တော်လေး စိတ်ပျက်မိပြန်သည်။ ခက်တို့အဆောင်သည် စည်းကမ်းကြီးသော မိန်းကလေး အဆောင် ဖြစ်ရာ အတွင်းဘက်သို့ ယောက်ျားလေး ဝင်ခွင့်မရှိပါ။ ထိုကိစ္စအတွက် အဆောင်က နှင်ထုတ်မခံရဖို့ ဖြူ တော်တော်လေး တောင်းပန်လိုက်ရသည်။

ချစ်သူတိုင်း လက်ထပ်လိုကြသည်ကတော့ သဘာဝ ဖြစ်သော်လည်း ခက်တို့ အရွယ်ကတော့ အိမ်ထောင်ပြုရန် အဆင်သင့် မဖြစ်သေးသည့် အရွယ်ဟု ခက်က ထင်သည်။ သို့သော်လည်း ချစ်သူငယ်ချင်းမ ဖြူနှင့် ဇော်လေးတို့  နှစ်ဦးသဘောတူ လက်ထပ်စာချုပ် လက်မှတ်ထိုးတော့ ခက်လည်း မတတ်သာပဲ အသိသက်သေ လက်မှတ် ထိုးပေးခဲ့ရသေးသည်။ သူတို့က လက်မှတ်ထိုးပြီးလျှင် မိဘတွေကိုပါ အသိပေးတော့မည်ဟု ဆိုသဖြင့် သူငယ်ချင်းများကလည်း သူတို့ ကျွေးသည့် အထိမ်းအမှတ်ပွဲမှာ သူတို့ အချစ်ကို ဂုဏ်ပြုခဲ့ကြရသည်။ ခက်လည်း အပါအဝင်ပေါ့…။

သန့်စင်ထက်ကလည်း ထိုအကြောင်းကို သိတော့ အားကျသည်။ တစ်ခါတုန်းကတော့ သူလည်း ခက်ကို ကြံစည်ဖို့ ကြိုးစားဖူးသေးသည်။ ကပ်စေးနဲသော သန့်စင်ထက်က ဟိုတယ်ခန်း ငှားဖို့တော့ စဉ်းစားတာတော့ မဟုတ်ပါ။ လူရှင်းသော လမ်းတစ်နေရာကို ခေါ်သွားခြင်းသာ ဖြစ်သည်။ ခက်တို့ ကျောင်းနှင့် အဆောင်များ အနီးမှာ စက်ရုံများနှင့် လူမနေသော အိမ်ရာများ ဆောက်နေသော ကွန်ကရစ်လမ်းခင်းသည့် ဝင်းကြီး တစ်ခု ရှိသည် မဟုတ်လား။ ထိုဝင်းကြီး ထဲမှ လူရှင်းသော တောချုံကြား များသည် ခက်တို့ ကျောင်းမှ အတွဲ တော်တော်များများ၏ ခိုနားရာများ ဖြစ်ကြသည်။

ခက်သည် စည်းကမ်းကြီးသော ဘိုးဘွားမိဘများ လက်ထဲမှာ ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ ခက်အတွက် လူတိုင်း လိုက်နာနိုင်သော စည်းကမ်း ဟူသည် အချုပ်အနှောင် အကျဉ်းအကျပ် မလွတ်လပ်ခြင်းရယ်လို့ ဘယ်တုန်းကမှ မမြင်တတ်ခဲ့ပါ။ ခက်သည် သိက္ခာကို တန်ဖိုးထားသော မိန်းကလေး ဖြစ်သည်။ မလိမ်မိုး မလိမ္မာ အရွယ်ဟု ကင်ပွန်းတပ်ကြမည့် အရွယ်ပင် ဖြစ်သော်လည်း ခက် ဖတ်ဖူးသော စာများ၏ အသိ၊ လူကြီးသူမများထံမှ ကြားဖူးနားဝ အသိတရားများဖြင့် မလုပ်သင့်သည်ကို ကောင်းကောင်း သိသူ ဖြစ်သည်။

ခက် သန့်စင်ထက်ကို ချစ်ပါသည်။ သို့သော် သူ့သူငယ်ချင်းများ မြှောက်ပေးမှုဖြင့် ကြံစည်ခဲ့သောအရာကို ခက် မလိုက်လျောနိုင်ခဲ့ပါ။ သူ့ကို တစ်ပတ်တိတိ မခေါ်ပဲ နေခဲ့သည်။ သူကလည်း ခက်ကို စိတ်ခုသွားပုံရသည်။ သုံးရက်လောက်နေမှ လာချော့သည်။ နောက်ထပ် သူ ဘယ်တော့မှ ခက်ကို ထိုကိစ္စမျိုး မတောင်းဆိုရဲတော့ပါ။ သန့်စင်ထက်သည်လည်း စည်းစနစ်ကျသော မိသားစု၏ စည်းကမ်းတကျ ချစ်ခင်ခြင်းဖြင့် ကြီးပြင်းလာရသော ယောက်ျားလေး တစ်ယောက် ဖြစ်သည်။ သူ့ကို နားလည်အောင် ပြောတော့ သူ့အမှားကို တောင်းပန်ပြီး ခက်တို့ အရင်လို သန့်စင်သော ချစ်ခြင်းဖြင့် ပြန်ချစ်ကြသည်။ ခက်တို့ အချစ်စစ်ခဲ့လျှင် ဘွဲ့တစ်ခုရ အလုပ်တစ်ခုရပြီးမှ နှစ်ဦးအတူ ဘဝကို ထူထောင်ခြင်းကသာ မှန်ကန်သင့်မြတ်သော လမ်းဖြစ်သည်ကို သူရော ခက်ရော နားလည်ထားသည်။
#####


အလိုဆန္ဒကြီးသော ချစ်ခြင်းတစ်ခုကို မက်မောကြသော ဖြူနှင့် ဇော်လေးကတော့ ထုံးစံအတိုင်း တစ်တွဲတွဲ။ သူတို့ နှင့် အတော်လေး ခင်မင်သော ဆရာ၊ ဆရာမများလည်း သူတို့ အကြောင်းကို သိကြသည်။ သူငယ်ချင်း အသိုင်းအဝန်းမှာတော့ ဖြူနှင့် ဇော်လေးက လက်ထပ်ပြီးသား ဖြစ်သဖြင့် တရားဝင် အတူမနေတာက လွဲလျှင် တည်းခိုခန်း မကြာခဏသွားတာကိုတော့ ခက်တို့က အပြစ်ရှိသော ကိစ္စတစ်ခုအနေနှင့် ယူဆမနေတော့ပါပေ။ မဖြစ်သင့်သေးတာ မဖြစ်ရအောင် ဆင်ခြင်သင့်တာကိုတော့ သူတို့ ဆင်ခြင်ကြလိမ့်မည်ဟု ခက်က ထင်ခဲ့သည်။ ထိန်းချုပ်သင့်သည်ကို မထိန်းချုပ်နိုင်ခဲ့လျှင် မလိုလားအပ်သော တစ်စုံတစ်ရာ ဖြစ်လာလျှင်လည်း တာဝန်ယူရတော့မည်သာ။

ဖြူသည် ငယ်ရွယ်ကျန်းမာသော မိန်းကလေး တစ်ယောက် ဖြစ်သောကြောင့် အခြေအနေ ပြောင်းလာခြင်းဖြင့် ထူးခြားမှု တစ်စုံတစ်ရာ မဖြစ်ခဲ့ပေ။ အတူတူနေသော ခက်ပင် အတော်ကြာကြာ မသိခဲ့ပါ။ နှစ်ဖက်မိဘများကို အသိမပေး မဖြစ်တော့သဖြင့် အသိပေးပြီး တရားဝင် ခွင့်ပြုပေးလိုက်ကြပြီ ဖြစ်ကြောင်း ဖြူက ခက်ကို ပြောပြသဖြင့် ဘာပဲ ဖြစ်ဖြစ် ဝမ်းသာခဲ့ရသည်။ မနှစ်က စာမေးပွဲ ဖြေချိန်မှာ ဖြူ့ ကိုယ်ဝန်က ငါးလခန့် ရှိနေခဲ့ပြီ။ သို့သော် ခက်အပါအဝင် ဘယ်သူကမှတော့ မသိခဲ့ကြပါ။ Final စာမေးပွဲကို ခက်ရော ဖြူပါ ကောင်းကောင်း ဖြေနိုင်ခဲ့ကြသလို အောင်စာရင်း ထွက်တော့လည်း နှစ်ယောက်လုံး အောင်ခဲ့ကြသည်။ ဇော်လေးနှင့် သန့်စင်ထက်လည်း စာမေးပွဲ အောင်ခဲ့သည်။ သူတို့ နှစ်ယောက်ကတော့ ပထမနှစ်က ကျခဲ့ကြသောကြောင့် ခက်တို့ထက် တစ်တန်းငယ်သည်။

ယခုနှစ် ကျောင်းအဖွင့်မှာ ဖြူ ပြန်မလာနိုင်ပါ။ ကျောင်းတစ်နှစ် နားလိုက်ရသည်။ ဇော်လေး၏ ရင်သွေးကို မွေးဖွားနေရသောကြောင့် ဖြစ်သည်။ ထိုအပြင် သူတို့ နှစ်ယောက် အရင်လို အဆင်မပြေကြကြောင်း ခက်ဖုန်းဆက်တုန်းက ပြောသည်။ ဘာအကြောင်းကြောင့်ရယ်တော့ ခက်လည်း ရေရေရာရာ မသိပါ။ တကယ်တော့ ဖြူ့ မိဘများဘက်က ဇော်လေးကို သဘောမကျသလို၊ ဇော်လေး မိဘများကလည်း သားဆန္ဒမို့သာ လိုက်လျောခဲ့ရသော်လည်း ဖြူ့ မိဘများ အခြေအနေကို သိပ်သဘော မကျကြပါ။ ဖြူက မိဘများ သဘောအတိုင်း ဇော်လေးကို ဖြတ်မည်ဟု ပြောသည်လား မသိပါ။ ဇော်လေး ဘက်က မဖြတ်နိုင် ဆိုပြီး ပြောကြ ဆိုကြရာတွင် ဇော်လေးကလည်း ဖုန်းထဲမှာ ကောင်းကောင်းမွန်မွန် မပြောပဲ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောသည် ဆို၏။ ဖုန်းလက်ခံ မပြောသောအခါ မိုက်မိုက်ရိုင်းရိုင်း message တွေ ပို့သည် ဆို၏။ ကျောင်းအုပ်ကြီး ကိုယ်တိုင် ဌာနမှူးနှင့် အတူ ဇော်လေး မိဘများကို ခေါ်ပြီး သတိပေးရသည် အထိ ဖြစ်သွားသည်။ သူတို့ နှစ်ယောက် ဘာဖြစ်သွားကြသည်ကို ခက်လည်း သေချာတော့ နားမလည်နိုင်ပါ။ လက်ထပ်ခြင်းသည် ချစ်ခြင်း၏ အဆုံးသတ်ရာ ဟု တစ်ချို့သော စာရေးဆရာများ ရေးကြသည်က ဖြူတို့ အတွက်တော့ မှန်နေပြီလား မသိပါ။

အခုတော့ ဖြူ့ မိဘဘက်ကလား  ဖြူကိုယ်တိုင်ပဲလားတော့ မသေချာပေမယ့် ဇော်လေးတို့ဘက်ကို တော်တော့်ကို ခါးခါးသီးသီး ဖြစ်နေခဲ့ပြီဟု သိရသည်။ ဇော်လေး မိဘများကလည်း စေ့စပ်ညှိနှိုင်းပေးခြင်း၊ တောင်းပန်ခြင်း လုံးဝမရှိခဲ့ပါ။ နောက်တစ်နှစ် ကျောင်းမှာ ပြန်လာတက်ဖို့တောင် စဉ်းစားနေရတယ် ဟု ဖြူက ပြောသောအခါ ခက်မှာလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်ရသည်။ ခက်သည် သူတို့နှစ်ယောက်ကို ကျောင်းမပြီးခင်မှာ အဆုံးစွန်ထိ မဖြစ်စေချင်ခဲ့သော်လည်း သူတို့နှစ်ယောက်ကို ခုလိုမျိုး အခြေအနေ ဖြစ်သွားလိမ့်မည် လို့တော့ နည်းနည်းလေးမှ ထင်မထားမိခဲ့ပါ။ ဒီလိုပဲ အိမ်ထောင်နှင့် ကျောင်းတက်နေသူများလည်း ရှိကြသည်ပဲ၊ နောက်နှစ်တော့ အေးအေးလူလူ ကျောင်းပြန်တက်လိမ့်မည် လို့  ခက်က ထင်ထားခဲ့သည်။ ဇော်လေးဘက်ကလည်း ပုံမှန်အတိုင်း ပြေပြေလည်လည် ဖြူနှင့် အဆက်အသွယ် ရှိနေသည်ဟု ခက်အပါအဝင် အားလုံးက ထင်ထားကြရာမှ ခုလို ဖြစ်ပျက်ကြသည် ဆိုသောအခါ အားလုံးပင် အံသြကြရသည်။ ဖြူ့ အတွက် စိတ်မကောင်း ဖြစ်ကြရသည်။ ဖြူ ကျောင်းတစ်နှစ် နစ်နာရခြင်းကို နှမျောရသည်။

သူတို့ နှစ်ယောက် ကွာရှင်းစာချုပ်မှာ လက်မှတ် ထိုးကြတော့မည်ဟု ဆိုသည်။ ယခုထိတော့ မထိုးဖြစ်ကြသေးပါ။ နှစ်ဦးသားလည်း မျက်နှာချင်း မဆိုင်ချင်ကြသည်အထိ ဖြစ်နေကြသည်။ ဇော်လေးက ဖြူ့ကို နာမည်ပျက်အောင် လုပ်မည် ကျောင်းမှာ မတက်နိုင်အောင် ဘာညာ စသဖြင့်ပါ ခြိမ်းခြောက်သည် ဆို၏။ သူတို့နှစ်ယောက်၏ နေထိုင်မှု မှတ်တမ်းမှတ်ရာ ဓါတ်ပုံ၊ ဗီဒီယို စသည်လည်း ဇော်လေးမှာ ရှိနိုင်သည်။ ဇော်လေးကို နဂိုကတည်းက သဘောမကျခဲ့သော်လည်း ဤမျှ မိုက်ရိုင်းလိမ့်မည်ဟု ခက်ထင်မထားမိပါ။ ဇော်လေး တစ်ယောက် တာဝန်မဲ့သူတစ်ယောက်လို ကျောင်းမှာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နှင့် တက်နေသည်ကို မြင်ရသည်ကပင် ခက်အတွက် မျက်စိစပါးမွှေး စူးလှပြီ။ ယောက်ျားများကို မနှစ်မြို့ခြင်းသည် ခက်ရင်ထဲ နေရာတော်တော် ဝင်ယူ၏။
#####

မှားယွင်းသည်က နှစ်ဦးသဘောတူ ဆိုသော်လည်း နစ်နာမှုခြင်းက မတူညီပါ။ ဒါကြောင့်လည်း ရှေုးစကားတစ်ခုက “ဆူးပေါ် ဖက်ကျလည်း ဖက်ရွက်ပဲ ပေါက်၊ ဖက်ပေါ် ဆူးကျလည်း ဖက်ရွက်ပဲ ပေါက်သည်” ဟု ဆိုခြင်း ဖြစ်ဟန်တူသည်။ မှားယွင်းမှု တစ်ခု အတွက် တာဝန်ရှိသည်မှာ အတူတူ ဆိုသော်လည်း မိန်းကလေး ဘက်ကသာ ကျောင်းတစ်နှစ် အနစ်နာခံလိုက်ရပြီး ပြန်မရနိုင်တော့သော သန့်စင်မှု တစ်ခုနှင့် မွေးလာသည့် ကလေးကို ကျွေးမွေးပြုစုရန် တာဝန်ကလည်း မိန်းကလေး ဘက်မှာသာ ရှိနေမြဲ မဟုတ်ပါလား။ ယောက်ျားတစ်ယောက် အတွက်တော့ အချိန်မရွေး လူပျို ပြန်လုပ်လို့ ရပါသည်။

အချိန်မတိုင်ခင် မလုပ်သင့်သည်များကို လုပ်မိခဲ့လျှင် နောင်သွားရမည့် လမ်းကြောင်းရှည်မှာ နောင်တမဲ့ခြင်းများ ရှိနိုင်တော့မည် မဟုတ်ပါချေ။ ငယ်ရွယ်၍ အသိဥာဏ် မရင့်ကျက်သေးချိန်မှာ ဘဝတစ်ခုလုံးစာ အတွက် မှားယွင်းနိုင်သော ဆုံးဖြတ်ချက်ကြီးကြီးကို မချသင့်ဟူသော သင်ခန်းစာကို ခက် ရမိ၏။ လွတ်လပ်ခြင်းကို မြတ်နိုးသော ခေတ်သစ် လူငယ်များ၏ ဖောက်ထွက်လိုခြင်းတိုင်းသည်လည်း ကောင်းသည်ဟု မဆိုသာပါ။ အများချမှတ်ထားသော ယဉ်ကျေးမှု၏ ထုံးတမ်းစဉ်လာများကို မချိုးဖောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်ကို တစ်ခြား မိန်းကလေး သူငယ်ချင်းများလည်း သိစေချင်လှသည်။ စောင့်ထိန်းသင့်သော သိက္ခာသည် မိန်းကလေးတစ်ယောက်၏ ဘဝအတွက် ဆူးခြစ်ရာ မခံရစေမည့် အပင်ပေါ်က ဖက်စိမ်းတစ်ရွက်လို ကြာရှည် တင့်တယ်မှု အတွက်ပင်။  ဘဝတစ်သက်တာ အတူမရှိနိုင်တော့သော ဆူးတစ်ခက်နှင့် ဖက်တစ်ရွက် ပတ်သက်မိခြင်း၌ အနည်းဆုံး ဖက်ရွက်ပေါ်မှာ ဆူးခြစ်ရာ လောက်တော့ ကျန်ရစ်မြဲ ဖြစ်သည်သာ။
#####
သိင်္ဂါကျော်

14 September, 2014

နေ့ တစ်နေ့ ကို ရှင်သန်ခွင့်ရခြင်းသည် သင့်ဘဝ၏ လက်ဆောင်တစ်ခု


တစ်ခုသော မနက်ခင်း ၈နာရီ လောက်မှာ အသက် ၉၂ နှစ် အရွယ် ကိုယ်လုံးကိုယ်ထည် သေးသေး၊ အဝတ်အစားကို သေသပ်ကောင်းမွန်စွာ ဝတ်စားထားသော၊ ဆံပင်ကိုလည်း ပုံကျကျ ဖြီးသင်ထားပြီး မိတ်ကပ်ပါးပါး လိမ်းထားသော ကျက်သရေ ရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပုံပေါ်တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ဘိုးဘွားရိပ်သာတစ်ခုသို့  ယနေ့ ပြောင်းရွှေ့ လာခြင်းပင် ဖြစ်ပါသည်။ သူမဟာ မျက်စိအမြင်အာရုံ မကောင်းသူ တစ်ယောက် ဖြစ်ပြီး နှစ်ပေါင်း ၇၀ ပေါင်းသင်းလာသည့် လင်ယောကျ်ား မကြာသေးခင်က ဆုံးပါးသွားပြီးသည့်နောက် ယခုကဲ့သို့  ပြောင်းရွှေ့ နေထိုင်ရန် လိုအပ်လာခြင်းကြောင့် ဖြစ်ပါသည်။

ဘိုးဘွားရိပ်သာ ဧည့်ခန်းတွင် နာရီပေါင်းကြာအောင် စိတ်ရှည် သည်းခံ စောင့်ဆိုင်းပြီးသည့်နောက် သူမ၏ အခန်း အဆင်သင့်ဖြစ်ကြောင်း လာပြောသည့်အခါ ချိုမြသော အပြုံးတစ်ခုဖြင့် တုံ့ပြန်ခဲ့ပါသည်။ ကျင့်သားရနေပုံနှင့် သူမ၏ လမ်းလျှောက် တုတ် အကူအညီနှင့် ဓါတ်လှေကားသို့ လျှောက်လာကြစဉ် လိုက်ပို့သူ အမျိုးသမီးက သူမ၏ အခန်းကျဉ်းလေး အကြောင်း ရှင်းလင်း ပြောပြပါသည်။ သူမ အခန်း ပြတင်းပေါက်မှ ခန်းစည်းများ ချထားပုံ စသည့် မြင်ကွင်းတစ်ချို့ကို ပြောသည့်အခါ သူမက “ကျွန်မ သဘောကျတယ်” ဟု ရှစ်နှစ်အရွယ် ကလေးတစ်ယောက် ခွေးအသစ်ကလေး တစ်ကောင် လက်ဆောင်ရသည့် အခါ ပြောသည့် အသံမျိုးနှင့် စိတ်အားတက်ကြွစွာ ပြောပါသည်။

“မစ္စက်ဂျုံး ရှင့် အခန်းကိုမှ မမြင်ရသေးပါပဲနဲ့  နေပါဦး”
“အဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခု ရှိတာမှ မဟုတ်ပဲ၊  ပျော်ရွှင်မှု ဆိုတာ ကြိုပြီး ဆုံးဖြတ်လို့ ရတဲ့ အရာပဲ၊ ကျွန်မ အခန်းကို ကြိုက်မကြိုက် ဆိုတာ ပရိဘောဂတွေ  ဘယ်လို နေရာချထားတယ် ဆိုတာ အပေါ် မမူတည်ဘူး၊ ကျွန်မ စိတ်ကို ဘယ်လို ပြင်ဆင်ထားတယ် ဆိုတဲ့ အပေါ်ပဲ မူတည်တယ်လေ၊  ကျွန်မက ဒါကို ကြိုက်ဖို့  ကြိုတင် ဆုံးဖြတ်ထားပြီးသားပါ။ ကျွန်မ မနက်တိုင်း အိပ်ရာထတဲ့ အချိန်မှာ ဆုံးဖြတ်ချက် တစ်ခု ချလေ့ ရှိတယ်။ ကျွန်မမှာ ရွေးချယ်စရာ တစ်ခု ရှိတယ်၊ အမြဲ ရှိနေမှာ မဟုတ်တဲ့ ဒီ ခန္ဓာကိုယ်ကြီး ရဲ့  အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး ပြန်ပြော ငြီးတွားပြီး အိပ်ရာထဲမှာ အချိန်ဖြုန်းနိုင်တယ်၊ ဒါမှ မဟုတ် အိပ်ရာက ထလာခွင့်ရတဲ့အတွက် ကျေးဇူးတင်စိတ်နဲ့လည်း အချိန်ဖြုန်းနိုင်တယ်၊ နေ့ရက်တိုင်းဟာ လက်ဆောင်တစ်ခုပဲ၊  ကျွန်မ မျက်စိတွေ ဖွင့်လာနိုင်သမျှ ပျော်ရွှင်စရာ အမှတ်တရတွေ အားလုံးနဲ့  နေ့ သစ်တစ်ရက်ကို အာရုံစိုက်မှာပါ၊ ကျွန်မ ဘဝရဲ့  ဒီအချိန် အခိုက်အတန့် လေးကိုပဲပေါ့။”
ဟု သူမက ပြန်ပြောပါသည်။

“အသက်ကြီးလာတယ် ဆိုတာ ဘဏ်အကောင့် တစ်ခုလိုပဲလေ၊ ရှင် သွင်းထားတာတွေကို ပြန်ထုတ်လို့ရတယ်။ အဲဒီတော့ ကျွန်မ အကြံပေးချင်တာက အမှတ်တရ ဘဏ်ထဲမှာ ပျော်စရာ အမှတ်တရတွေ အများကြီး သွင်းထားဖို့ပါပဲ၊ ကျွန်မရဲ့  အမှတ်တရ ဘဏ်မှာ ဖြည့်ဖို့အတွက် ရှင်နဲ့ ပတ်သက်တဲ့ အပိုင်းအတွက်လည်း ကျေးဇူးပဲ၊ ကျွန်မကတော့ ခုထက်ထိ ဖြည့်နေတုန်းပါပဲ” ဟု သူမက ဆက်လက် ရှင်းပြသည်။

သူမက အပြုံးတစ်ခုနှင့် ပြောခဲ့သည်မှာ…
“ပျော်ရွှင်ဖို့အတွက် ရိုးစင်းတဲ့ နည်းလမ်း ငါးခုကိုပဲ မှတ်ထားပါ၊
၁။ ရှင့် အသည်းနှလုံးကို မနှစ်မြို့ခြင်းတွေထဲကနေ လွတ်ကင်းပါစေ။
၂။ ရှင့် စိတ်နှလုံးကို စိုးရိမ်ပူပန် ကြောင့်ကြခြင်းတွေကနေ လွတ်ကင်းပါစေ။
၃။ ရိုးစင်းစွာ နေထိုင်ပါ။
၄။ များများပေးပါ။
၅။ နည်းနည်းပဲ မျှော်လင့်ပါ။

Each day is a gift ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

19 August, 2014

တွယ်ငြိတတ်သူ


အမှတ်တမဲ့ ဆုံဆည်းခြင်း တစ်ခုကနေ
ယုံကြည်ခြင်း တည်ဆောက်ဖို့ရာ မလွယ်သည့်အဖြစ်မှာပဲ
မလိမ်တော့ပြီဟု ယုံကြည်ချင်သူ...။

သဘောကျမိစရာ
တစ်စုံတစ်ရာ ဘာမှ မရှိသည့်အဖြစ်မှာပဲ
သူ့ စကားသံ တစ်ချို့တစ်လေကိုသာ နှစ်သက်စွာ...။

တူညီခြင်း တစ်စုံတစ်ရာ
ဘာမှ မရှိသည့် အဖြစ်မှာပဲ
ချစ်ခြင်း တူသည်ဟု ကျေနပ်စွာ...။

မဖြစ်နိုင်ခြင်းကို
အတိအကျ မသိချင်တဲ့အခါ
ပွင့်လင်းဖွင့်ဟခြင်းကို မတောင်းဆိုခဲ့သူ...။

သတိရခြင်း စက္ကန့်တို့ တူညီခဲ့သော်လည်း
အိပ်မက်အတူမက်ခွင့်ကို နားလည်ခဲ့သော်လည်း
အတူလက်တွဲဖို့ရာ သတ္တိမရှိသူ...။

မျှော်လင့်ခြင်း တစ်စုံတစ်ရာ
မထားစေလိုသော်လည်း
ပြတ်သားစွာ မေ့ ခွင့်ကို ရင်မဆိုင်လိုသူ..။

ချစ်ခြင်းနှင့် အရာရာပြေလည်စေမည်ဟု
မိုက်ရူးရဲ မဆန်လိုသည့်အခါ
တစ်ယောက်တည်းလမ်းကိုသာ နှစ်သက်မြဲ ဖြစ်လျှက်
တွယ်ငြိခြင်းကို မပယ်သတ်နိုင်သူ...။

သိင်္ဂါကျော်

20 July, 2014

စိတ်အားထက်သန်ခြင်းသည် အောင်မြင်မှု၏ သော့ချက်

“စိတ်အားထက်သန်မှု မပါပဲ ကြီးကျယ်တဲ့ အောင်မြင်မှုကို မရရှိနိုင်ပါ”လို့  ၁၉ ရာစုက ကဗျာဆရာနဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ Ralph Waldo Emerson က ဆိုပါတယ်။ အောင်မြင်အောင် ကြိုးစားခဲ့ကြတယ် ဆိုတဲ့ ဖြစ်ရပ်မှန် တွေမှာပဲ ဖြစ်ဖြစ်၊ အောင်မြင်မှု လမ်းညွန် ဆောင်းပါးတွေ မှာပဲ ဖြစ်ဖြစ် စိတ်အားထက်သန်မှု ရှိဖို့  ဆိုတာ မပါမဖြစ်တဲ့ အချက်တစ်ခု အနေနဲ့ ပါလေ့ ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ လုံလောက်တဲ့ စိတ်အားထက်သန်မှု ဖြစ်အောင် တွန်းအား မပေးဖြစ်ကြပါဘူး။

စိတ်အားထက်သန်ခြင်းက ဘာကြောင့် အောင်မြင်မှုရဲ့  သော့ချက် ဖြစ်ရပါသလဲ။ အကြောင်းအချက် ၂ ခု ရှိပါတယ်။ ပထမ တစ်ခုက ပျော်ရွှင်မှု ပါ။ စိတ်အားထက်သန်နေတဲ့ လူတစ်ယောက်ဟာ ပျော်ရွှင်နေပါတယ်။ ပျော်ရွှင်နေတဲ့ လူတစ်ယောက်ဟာ ပြဿနာတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ဖြေရှင်း နိုင်ပါတယ်။ ပျော်ရွှင်နေတဲ့ လူတွေမှာ ထိုးထွင်းသိမြင်စိတ် ပိုရှိနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ အချိန်ပါ။ တစ်စုံတစ်ရာကို စိတ်အားထက်သန်ပြီး အဲဒီအပေါ်မှာ သုံးစွဲတဲ့ အချိန်ပမာဏပါ။ အဲဒီအချိန်ကလည်း နှစ်မျိုး ရှိပါတယ်။ သတိရှိနေတဲ့ အချိန်နဲ့  သတိမရှိတဲ့ အချိန် ပါ။ သတိရှိနေတဲ့ အချိန် (အသိစိတ်နဲ့ လုပ်တဲ့ အချိန်) ဆိုတာ ကျွန်မတို့  တကယ်တမ်း လက်ရှိ အလုပ်လုပ် နေတဲ့ အချိန်ပါ။ Facebook တို့  Twitter တို့ လို social website တွေမှာ ကျွန်မတို့  အချိန်အကြာကြီး ဖြုန်းနိုင်သလို စိတ်အားထက်သန်သူတွေကလည်း သူတို့ စိတ်အားထက်သန်တဲ့ အလုပ်ပေါ်မှာ အချိန်အကြာကြီး အာရုံစိုက် အလုပ်လုပ်နိုင်ကြပါတယ်။ သတိမရှိတဲ့ အချိန် ဆိုတာကတော့ ကျွန်မတို့  လုပ်ရမယ် ဆိုတဲ့ အသိစိတ်နဲ့ အလုပ်တစ်ခုခု လုပ်နေတဲ့ အချိန် မဟုတ်ပဲ အလိုအလျှောက် လုပ်နေမိတဲ့ ကိစ္စတွေကို ဆိုလိုတာပါ။ ကလေးတွေကို ဂရုစိုက်တာ၊ အားကစားလုပ်တာ၊ အိပ်တာ စတာတွေပါ။ စိတ်အားထက်သန်နေတဲ့ စိတ်က သူလုပ်နေတဲ့ အလုပ်အပေါ်မှာ အချိန်ပို လွတ်လပ်စွာ အလိုအလျှောက် အလုပ်လုပ်ပါတယ်။

အထက်ပါ အချက်နှစ်ချက်ကို ကြည့်ရင် ဘာကြောင့် စိတ်အားထက်သန်မှု ရှိအောင် တွန်းအားပေးသင့်တယ် ဆိုတာ ရှင်တို့ သဘောပေါက်မှာပါ။ စိတ်အားထက်သန်သူတွေဟာ သူတို့ လုပ်နေတဲ့ အလုပ်အပေါ်မှာ သူတို့ ရဲ့ ဦးနှောက်၊ သိစိတ်၊ မသိစိတ် အားလုံးကို အသုံးချပြီး လုပ်တဲ့ အတွက် ရလာဒ်ကောင်းတွေ ပိုရလာပါတယ်။ အဲဒါကြောင့် စုပေါင်း လုပ်ရတဲ့ အလုပ်တစ်ခု အောင်မြင်ဖို့ ဆိုရင်လည်း ကိုယ့်အဖွဲ့ ထဲမှာ ရှိတဲ့ လူတိုင်းကို စိတ်အားထက်သန်မှု ရှိလာအောင် တွန်းအားပေး ပေးဖို့ လည်း လိုပါတယ်။

စိတ်အားထက်သန်နေတဲ့ ရှင်ဟာ ပိုပြီး ပျော်ရွှင်တယ်၊ ပိုပြီး ပြုံးတယ်၊ အကောင်းမြင် အတွေးပဲ တွေးတယ်၊ ရှင်လုပ်နေတဲ့ အလုပ်ကို ရှင်နှစ်သက်နေတယ်။ အဲဒီအခါ ရှင်လုပ်နေတဲ့ အလုပ်ရဲ့ အောင်မြင်မှုဟာ မဝေးတော့ပါဘူး။ စိတ်အားထက်သန်မှုက ရှင့်ကို ကြိုးကြိုးစားစား အလုပ်လုပ်စေပြီး ရှင့် ရည်မှန်းချက် ပြီးမြောက်အောင် အထောက်အပံ့ကောင်း ပေးနေပါတယ်။ အဲဒီအလုပ်ဟာ ရှင့်အနေနဲ့ လုပ်ရမယ့် အလုပ်မို့ လုပ်နေတာ မဟုတ်ပဲနဲ့  ရှင်လုပ်ချင်လို့ကို လုပ်နေတဲ့ အလုပ် ဖြစ်နေလို့ပါ။

စိတ်အားထက်သန်မှုကို လျော့ပါးစေတဲ့ အရာတွေထဲက ၂ ခုကို ပြောပါရစေ။ တစ်ခုကတော့ မလိုအပ်တဲ့ အလုပ်ပါ။ ကျွန်မတို့  ပါးစပ်ကနေ ပြောမိတဲ့ စကားတစ်ခု ရှိပါတယ်။ မလိုအပ်တဲ့ အဆင့်ပဲ၊ အဲလောက်လည်း မလိုပဲနဲ့ လုပ်နေရတယ် စသဖြင့်ပါ။ မလိုအပ်ဘူး လို့ ကျွန်မတို့ ထင်တဲ့ အစိတ်အပိုင်း တစ်ခု ကို လုပ်ရတဲ့ အခါ ကျွန်မတို့ရဲ့  စိတ်အားထက်သန်မှုတွေ လျော့နည်း လာတတ်ပါတယ်။ နောက်တစ်ခုကတော့ Deadline (နောက်ဆုံးရက် သတ်မှတ်ပေးခြင်း) ပါ။ Deadline သတ်မှတ်ပေးခြင်းဟာ စိတ်အားထက်သန်မှုနဲ့  ကိုက်ညီမှု မရှိတဲ့ အရာပါ။ ကျွန်မကိုယ်တိုင်လည်း စာရေးတဲ့အခါ စိတ်ပါတဲ့ အချိန်များမှာ တစ်ဆက်တည်း ရေးလေ့ရှိပြီး ဘယ်နေ့  ပြီးရမယ်လို့ သတ်မှတ်မထားတဲ့ deadline ပေါ်မှာပဲ ရေးလေ့ ရှိပါတယ်။ ဘယ်အချိန် ပြီးရမယ် ဆိုတဲ့ deadline တွေ အပေါ်မှာ အလုပ်လုပ်ရတဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပြီး အဲဒီလို စိတ်ဖိစီးမှုတွေက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို ကျဆင်း စေပါတယ်။ Deadline သတ်မှတ်ထားတဲ့ အပေါ် လုပ်ရတဲ့အခါ ကိုယ့်ရဲ့  အကောင်းဆုံး လုပ်ဆောင်ချက် ရတဲ့အထိ မလုပ်နိုင်တော့ပဲ ဒီအချိန် ပြီးဖို့ အတွက်ဆို ဒီလောက်ပဲ ဆိုပြီး သတ်မှတ်ရက် ပြီးစီးရေး အဓိကထားပြီး တော်ရုံတန်ရုံသာ လုပ်တတ်ကြပါတယ်။

စိတ်အားထက်သန်မှု ရဲ့  စွမ်းအားကို ထုတ်ဖော်ဖို့ အတွက် အရေးကြီးတဲ့ အဆင့် သုံးဆင့် ရှိပါတယ်။ ပထမ အဆင့်က စိတ်ဝင်စားမှု (Interest) ပါ။ ကိစ္စရပ် တစ်ခုခုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု၊ သိချင်စိတ် ရှိရပါမယ်။ ရှင့် အလုပ် အပေါ်မှာ စိတ်အားထက်သန်ဖို့ ဆိုရင် အဲဒီအလုပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရှိရပါမယ်။ ရှင့် အလုပ်ရဲ့  အရာတိုင်းကို သိချင်စိတ် ရှိနေရပါမယ်။ အဲဒီအတွက် အလုပ်အားချိန် တွေမှာလည်း ရှင် သိချင်တာတွေကို ဖတ် မှတ်၊ လေ့လာ နေရပါမယ်။

ဒုတိယ အဆင့်က ဗဟုသုတ (Knowledge) ရှိရပါမယ်။ လူ အများစုက တစ်ချို့  ကိစ္စရပ်တွေမှာ စိတ်ဝင်စားမှုတော့ ရှိပါတယ်။ ဒါပေမယ့် လေ့လာဖို့ မကြိုးစားကြပါဘူး။ စိတ်အားထက်သန်မှု ဖြစ်လာအောင်အထိ ဗဟုသုတ ဖြစ်စရာတွေ ဘယ်အခါမှ ရမလာတတ်ကြပါဘူး။ ရှင် တစ်စုံတစ်ခုကို စိတ်ဝင်စားတယ် ဆိုရင် အဲဒါနဲ့ ပတ်သက်ပြီး ပိုသိလာစေမယ့် ဗဟုသုတ ဖြစ်စရာတွေကို ရှာဖွေ လေ့လာရပါမယ်။

တတိယအဆင့်က ယုံကြည်မှု (Belief) ပါ။ ယုံကြည်ချက်က သင့်ရဲ့  ရိုးရှင်းတဲ့ သတင်းအချက်အလက် တွေက လာတဲ့ ဗဟုသုတ အဆင့်ကနေ ခံစားချက်နဲ့ လုပ်ဆောင်မှု စတင်လာအောင် ပြောင်းလဲပေးနိုင်ပါတယ်။ အဲဒါဟာ စိတ်အားထက်သန်မှုကို မွေးဖွားလာစေတာပါ။  ကိစ္စရပ်တစ်ခုနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် မသိသေးပေမယ့် ရှင် ဒါကို ယုံကြည်တာမျိုး ရှိတတ်တယ်။  တစ်စုံတစ်ရာကို ယုံကြည်လာစေဖို့က ရှင့်မှာ ရှိတဲ့ ဗဟုသုတကို မှန်ကန်မှု ရှိမရှိ အဲဒီ အရာ အပေါ်မှာ စမ်းသပ်ကြည့်ဖို့ပါပဲ။ မှန်ကန်မှုကို တွေ့လာတဲ့အခါ ယုံကြည်လာမယ်။ အဲဒီ ယုံကြည်မှုက ရှင့်ကို စိတ်အားထက်သန်မှုကို တွန်းအားပေးတဲ့ ပြင်းပြတဲ့ ခံစားမှုနဲ့  လုပ်ဆောင်ချက်တစ်ခု ဖြစ်လာစေပါတယ်။

စိတ်အားထက်သန်ခြင်းက အောင်မြင်မှု ရလာဒ်ဆီ ရောက်ဖို့အတွက် အားဖြည့်ပေးတဲ့ စွမ်းအင် တစ်ခု ဖြစ်ပါတယ်။ ရှင့်မှာ ကြီးကျယ်တဲ့ စိတ်ကူးတွေ၊ ရည်မှန်းချက်တွေ အောင်မြင်ဖို့၊ ကြီးကျယ်တဲ့ ဘဝကို ရရှိဖို့ ဆိုရင် ရှင်လုပ်သမျှ အရာတိုင်းကို စိတ်အားထက်သန်စွာ အကောင်အထည်ဖော်ဖို့  လိုအပ်ပါတယ်။

လူအများစုက တစ်စုံတစ်ရာအပေါ်မှာ စိတ်အားထက်သန်မှု ဖြစ်လာဖို့ကို စောင့်စား နေကြပါတယ်။ ဒါပေမယ့် စိတ်အားထက်သန်မှုက သူတို့ ဆီ ရောက်မလာပါဘူး။ အဲဒါက ဖန်တီးယူမှ ရတဲ့ အရာပါ။ ကျွန်မတို့ရဲ့ ဘဝမှာ အဲဒီလို စိတ်အားထက်သန်မှုကို ဖန်တီးရယူဖို့ အတွက် ကျွန်မတို့မှာပဲ တာဝန်ရှိပါတယ်။ အဲဒါကသာ ကျွန်မတို့ရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးပြီး ကျွန်မတို့ရဲ့  အနာဂါတ်ကို ပြီးပြည့်စုံ စေနိုင်မှာပါ။


သိင်္ဂါကျော်

Reference:
http://www.ineedmotivation.com/blog/2007/10/enthusiasm-the-key-to-unlocking-great-success/
http://www.jayway.com/2012/09/17/enthusiasm-the-invisible-key-to-success/
Enthusiasm – The Sixth Key to a Successful Future - By Randy Slechta, Leadership Management International, Inc, www.lmi-inc.com.

29 June, 2014

သူမ ဖတ်ဖို့



အမှတ်တမဲ့ ဆုံမှတ်တစ်ခုကနေ
နှလုံးသားနဲ့ အနီးဆုံးကို ရောက်လာခဲ့တာ
မြန်လွန်းတယ်လို့ 
သူမ မယုံချင်တဲ့အခါ
ကျွန်တော် သက်သေမပြနိုင်ပါဘူး။

ကျွန်တော် ကိုယ်တိုင်က
မရိုးသားမှု တစ်ခုနဲ့ စတင်ခဲ့မိတဲ့အခါ
သူမ ဘက်က မရိုးသားမှု တစ်ခုတစ်လေ
ရှိနေမှာကို ကြောက်နေလေရဲ့ ..။

ကျွန်တော် ကိုယ်တိုင်
သူမကို လိမ်ညာဖူးတာတွေ ရှိခဲ့တဲ့အခါ
သူမက ကျွန်တော့်ကို 
တစ်ခုတစ်လေ လိမ်ညာမှာကိုတောင်
မခံစားနိုင်အောင် ဖြစ်နေလေရဲ့ ..။

ကျွန်တော့် message တစ်ခုတစ်လေ 
သူမ reply မပြန်တဲ့အခါ..
ကျွန်တော့် ဖုန်းသံကို သူမ မကြားလို့ မကိုင်တဲ့အခါ..
ညတိုင်း ဖုန်းမဆက်ပါနဲ့ လို့ သူမက ပြောတဲ့အခါ..
သူမက ဘယ်တော့မှ ကျွန်တော့်ဆီ စတင် ဖုန်းမခေါ်တဲ့အခါ
သူမရဲ့ ဂရုမစိုက်မှုအတွက် ဝမ်းနည်းရ။

သူမရဲ့ အစောဆုံး ပို့တဲ့ message တစ်ခုကို
လက်ခံရတဲ့အခါ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကို
သူမ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်။
ကျွန်တော့် နေ့ သစ်တစ်ခု အစတိုင်းမှာ
ကျွန်တော့် ဘေးနား သူမ မရှိနိုင်သေးတာ 
လွမ်းစရာ အကောင်းဆုံး အနေအထားလို့ ပြောတဲ့အခါ
သူမက လှောင်ပြောင် ပျက်ရယ်ပြုမှာ စိုးရိမ်ဆဲ။

အရိုင်းပန်းဝါဝါတွေ လေမှာ လွင့်နေတာ မြင်ပြန်တော့လည်း 
အဝါရောင် ဝတ်စုံလေးနဲ့ လှနေတဲ့ သူမပုံလေးကို မြင်ယောင်ရင်း
သူမကိုပဲ ကျွန်တော် သတိရ..။

သူမ ကြိုက်တဲ့ နှင်းဆီတွေ မြင်တိုင်းမှာ
ကျွန်တော့်လက်နဲ့ နှင်းဆီ တပွေ့တပိုက် ပေးခွင့်မရှိသေးတဲ့ အဖြစ်ကို
မချင့်မရဲ ဖြစ်ရင်း သူမကိုပဲ ကျွန်တော် သတိရ..။

ကျွန်တော့်လက်ကို တွဲပြီး တစ်လောကလုံးကို ရင်ဆိုင်ဖို့ အထိ
သူမ သတ္တိမရှိသေးတဲ့အခါ
သူမ ပေးအပ်တဲ့ စိတ်ကူးယဉ် အချစ်တစ်ခုနဲ့ပဲ နှစ်သိမ့်ရ..။

သူမက
ကျွန်တော့်အတွက် အမြတ်နိုးဆုံး ပန်းတစ်ပွင့် ဖြစ်လေတယ်။
သူမက
ကျွန်တော့်ကို အရာရာ ရင်ဆိုင်နိုင်ဖို့ ခွန်အားပေးသူ ဖြစ်လေတယ်။
သူမက
ကျွန်တော့်တစ်သက်တာ ပထမဆုံးနဲ့ နောက်ဆုံး အဖြစ်
အတူအရှိချင်ဆုံးသူ ဖြစ်လေတယ်။

(သိင်္ဂါကျော်)

08 June, 2014

ယုံကြည်ခြင်းငှာ မထိုက်တန်သော


 
(၁)

ဒုတိယအကြိမ်မြောက်သည်လည်း ကံမကောင်းခြင်း ဖြစ်ခဲ့ပြီလား ဟု သံသယတို့ဖြင့် မွန်းကြပ်နေခဲ့တာ လအနည်းငယ်လောက် တော့ ရှိလေပြီ။ သူနှင့် ကျွန်မ ဇာတ်လမ်း စတင်စဉ်က ချိုမြိန်နွေးထွေးခြင်း သူ့ကို ယုံကြည်အားကိုး ချစ်မြတ်နိုးလိုခြင်း များက ကျွန်မကိုယ်ကျွန်မ ထောင်ချောက်တစ်ခုထဲ သွင်းဖြစ်ခဲ့သော ဖြစ်စဉ်၏ အစတစ်ခု မျှသာ။

သူ့ ဖုန်းထဲက ကောင်မလေး တစ်ယောက်၏ message ကို တွေ့စဉ်မှာ ကျွန်မ စိတ်ထဲ အရင်တုန်းကလောက် သွေးဆူတာမျိုး၊ သဝန်တိုတာမျိုး မရှိတော့တာ ကျွန်မကိုယ်ကျွန်မတောင် အံသြမိသည်။ ပထမဆုံး အကြိမ်မှ မဟုတ်တော့တာလေ။ သူ့ ဝါသနာကိုလည်း ကျွန်မ အသိအမှတ်ပြုပြီးနေပြီ။ ဒါတောင် ကောင်မလေး ဖုန်းနံပါတ်က တစ်မြို့ထဲနေ ကျွန်မ မိတ်ဆွေ တစ်ယောက်၏ ဖုန်းနံပါတ်နှင့် ဆင်တူနေ၍ ဟုတ်နေမလား ဆိုပြီး ဆက်ကြည့်မိသေးသည်။ ကျွန်မ မိတ်ဆွေ ဖြစ်နေလျှင် သူ့အကြောင်း သေချာသိရဲ့လား၊ ဘာကြောင့် ဖြစ်ရသလဲ ဆိုတာ ကျွန်မ မေးကြည့်ချင်သည်။ သူမက ဖုန်းမှားနေသည်ဟု ပြန်ဖြေသည်ကို မကျေနပ်သေး၍ message ပို့မိတော့ သူမကလည်း မှားနေသည့်အကြောင်း ပြန်ပို့ရှာသည်။ ကျွန်မကို သူမ သိလိမ့်မည် မထင်ပါ။ သူ့ဖုန်းနှင့် သူ့ရှေ့မှာပင် ကျွန်မ သူမကို ခေါ်ကြည့်သည်။ သူမက ကျွန်မကို ဘယ်သူမှန်း မသိ ဖြစ်နေသည်။ ကျွန်မ သူ့အပေါ် သဝန်တိုခြင်း မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် သေချာအောင် လုပ်သော်လည်း မရပါ။ သူမသည် မိန်းမကောင်းလေး တစ်ယောက် ဖြစ်နေလျှင် သူမကို ကျွန်မလို အဖြစ်မျိုး မဖြစ်အောင် တားဆီးဖို့ ကျွန်မမှာ တာဝန်ရှိသည်ဟု ထင်သည်။ သူမက “ဘယ်သူလဲ ဟင်” ဟု မေးနေစဉ်မှာပင် ကျွန်မ ဖုန်းကို ချလိုက်မိသည်။ သူမကို ရိုင်းရိုင်းပျပျ ပြောလိုစိတ်တွေ ရုတ်တရက် ကျွန်မမှာ ဝင်လာသောကြောင့် ဖြစ်သည်။ စကားမဆုံးသေးပဲ ဖုန်းကျသွား၍ထင့် သူမက ပြန်ခေါ်သည်။ သူ ကျွန်မ ရှေ့မှာတော့ မကိုင်ရဲပါ။

ကျွန်မ သူမကို ကောင်းကောင်းမွန်မွန်ပဲ sms message ပို့လိုက်ပါသည်။ ကျွန်မသည် သူ့ မိန်းမ ဖြစ်သည့်အကြောင်း ကျွန်မ သူငယ်ချင်း ဖုန်းနှင့် တူ၍ ခေါ်မိသည့်အကြောင်း…။ အဲဒီနောက် ဘာကြောင့်မှန်းမသိ၊ ကျွန်မသည် သူမကို ကျွန်မအကြောင်း ပြောချင်စိတ် ပေါက်လာ၍ ကျွန်မ ဘဝ ဆိုးသည့်အကြောင်း နောက် ကြုံလျှင် ပြောပြမည့် အကြောင်း ထည့်ရေးလိုက်မိသည်။ သူမ ဆီမှ အချိန် အတော်ကြာသည်အထိ message ပြန်မလာပါ။ မတွေ့သေးတာလည်း ဖြစ်နိုင်သည်။ သူမ က သူ့ကို တကယ်ချစ်နေသူ ဖြစ်ခဲ့လျှင် ခံစားသွားရလိမ့်မည်။ ကျွန်မ စိတ်မကောင်းပါ။ ရောဂါကို ကြိုတင် မကုလျှင် ပိုပြင်းထန်လာတတ်သည် မဟုတ်လား။ သူနှင့် ကျွန်မ အတူတူ ရှိနေစဉ်မှာပင် သူ့ ဖုန်းဝင်လာသဖြင့် အပြင်ထွက် ပြောသည်။ သူမ ဆက်ခြင်း ဖြစ်သည်။ သူမက သူ့ကို ဖုန်းဆက်ပြီး ကျွန်မက သူ့ မိန်းမဆိုတာကို သေချာအောင် မေး၍ သူက ဝန်ခံလိုက်သည် ဆို၏။ သူမက သူ့ကို “ယုတ်မာလှချည်လား” ဟု ပြောသွားသည် ဆို၏။ သူမထက် အရင် ကျွန်မ သူ့ဖုန်းမှာ တွေ့ မိသည့်၊ သူမလိုပဲ သူနှင့် viber မှာ ပြောကြသည့် ကောင်မလေး တစ်ယောက်ကိုလည်း ကျွန်မ ဆက်သွယ်ခဲ့ပြီးပြီ။ ထိုကောင်မလေးကလည်း သူ့ အကြောင်း ကောင်းကောင်း မသိသူပါ။ ကောင်မလေးမှာ ချစ်သူ ရှိသဖြင့် သူ အီတာကို မခံနိုင်၍၊ block ထားပြီး ဖြစ်ကြောင်း ကျွန်မကို ပြန်ပြောခဲ့ဖူးသည်။

ခဏနေတော့ သူမ ဆီမှ message ပြန်လာပါသည်။ သူ နှင့် သူမက online မှာ တွေ့ပြီး ဖုန်းပြောကြတာပါ၊ ဘာမှ မဟုတ်ပါဘူး။ သူ့ကို လူလွတ် အောက်မေ့လို့ပါ။ ခုလို သိလိုက်ရတော့ နောက် မဆက်သွယ်တော့ပါဘူး တဲ့။ ကျွန်မကိုလည်း သူမက သူငယ်ချင်းလိုပဲ သဘောထားပါသည်။ နောက် အချိန်ရလျှင် ကျွန်မ ရင်ဖွင့်တာကို သူမ နားထောင်ချင်ပါသည် တဲ့။ သူနှင့် အတူရှိနေသဖြင့် ချက်ချင်းတော့ သူမဆီ ဖုန်းပြန်မဆက်မိပါ။ တစ်ရက်တော့ သူမဆီ ဖုန်းဆက်ပြီး ကျွန်မအကြောင်း၊ သူ့အကြောင်း ပြောပြချင်ပါသေးသည်။
*****
(၂)
မောင် နှင့် ကျွန်မ

ကျွန်မ အရင်လူနှင့် လွန်ခဲ့သော နှစ် နှစ်ဆယ်ကျော်လောက်က နှစ်ဦးနှစ်ဖက် ချစ်မြတ်နိုးမှုကို အခြေခံ အိမ်ထောင်တစ်ခု ထူထောင်ခဲ့ပါသည်။ ကျွန်မ မွေးရပ်ဇာတိ မဟုတ်သော သူ့ အလုပ်တာဝန်ကျရာ မြို့တွေကို လိုက်ပြောင်းရင်း နေခဲ့ကြသည်။ ကျွန်မက သူ့ကို မောင်လို့ မြတ်မြတ်နိုးနိုး ခေါ်ခဲ့သည်။ ကျွန်မတို့ မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိလာသည်။ ကျွန်မ အိမ်ထောင်ဖက်ရယ်၊ ကလေးနှစ်ယောက်ရယ် အတူရှိနေရသည့် ကျွန်မ ဘဝသည် ဘာမှ မလိုအပ်တော့ပဲ ပြီးပြည့်စုံသည့် ဘဝတစ်ခု ဖြစ်ခဲ့ပါသည်။ စီးပွားရေးလည်း ကျွန်မတို့မှာ ဘာမှ ပူပန်စရာ မရှိပါ။ ကျွန်မက ပညာရေး အားနည်းခဲ့သူမို့  ဆယ်တန်းပင် မအောင်ခဲ့ပါ။ မောင်နှင့် အိမ်ထောင်ကျပြီးနောက် မောင့်နောက်ကို လိုက်ရသည်ဖြစ်၍ ဘာမှ အပြင်စီးပွားရေး မလုပ်ဖြစ်ခဲ့ပါ။ ကလေးတွေ ရလာပြီးနောက် အိမ်မှာပဲ အိမ်မှုကိစ္စ၊ ကလေးကိစ္စပဲ လုပ်ပြီး အိမ်မှာပဲ နေတာများခဲ့သည်။ မောင်တစ်ယောက်တည်း အပြင်မှာ ထွက်ပြီး အလုပ်လုပ်နေတာကိုလည်း ကျွန်မ နည်းနည်းလေးမှ စိတ်မချ မဖြစ်ခဲ့ပါ။ ကျွန်မ တစ်ယောက်တည်းကို စွဲစွဲမြဲမြဲ ချစ်ခဲ့ပြီး ကျွန်မ အချစ်ကို ရဖို့  နှစ်နှစ်လောက် လိုက်ခဲ့သော မောင့်ကိုမှ မယုံလျှင်၊ ကျွန်မ ချစ်မြတ်နိုးသော ကျွန်မ၏ အိမ်ဦးနတ် ကိုမှ မယုံလျှင် ကျွန်မဘဝမှာ ဘယ်သူ့ကို ယုံကြည်ရမည်လဲ..။

ကျွန်မတို့ ဘဝက လူတကာ အားကျရလောက်အောင်ပင် သာယာ ပျော်ရွှင်ခဲ့ပါသည်။ ကျွန်မတို့ နှစ်ယောက် ပြင်းပြင်းထန်ထန် နာနာကျည်းကျည်း စကားများ ရန်ဖြစ်သည် ဆိုတာ မရှိစဖူးပါ။ မောင်က သားနှင့် သမီးကိုလည်း ဖူးဖူးမှုတ် ချစ်သည်။ ဂရုစိုက်သည်။ လိုလေသေးမရှိအောင် တတ်နိုင်သမျှထားသည်။ ကျွန်မကိုလည်း ကြင်နာယုယသည်။ မောင့်အရိပ်အောက်မှာ ကျွန်မ တစ်သက်လုံး ဒီလိုပဲ နွေးထွေး လုံခြုံစွာ နေရလိမ့်မည် ဟု ယုံကြည် ထင်မှတ်ထားခဲ့သည်။ သားနှင့် သမီးကလည်း လိမ်လိမ်မာမာပင် ကြီးပြင်းလာကြပြီး အထက်တန်းကျောင်း တက်သော အရွယ်တွေ ရောက်လာကြသည်။ သားနှင့် သမီးတို့ အတောင်အလက် စုံ၍ အိမ်မှ ပျံသန်းထွက်ခွာကြသည့်အခါ မောင်နှင့် ကျွန်မ နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် အပြန် မှီခိုရင်း ကြီးရင့် သေဆုံးသည့်တိုင် နေထိုင်ကြဖို့  အကြောင်းမှာ ကျွန်မ လားလားမှ တစ်ခြား သံသယအတွေးမဝင်ခဲ့ဖူးပါ။

မြေလတ်မြို့ကလေးမှာ တော်တော်ကြာကြာ နေကြရပြီးနောက် မောင် တစ်ခြား မိန်းကလေး တစ်ယောက်နှင့် တွေ့နေသည့်အကြောင်း ပတ်ဝန်းကျင်က လူတွေ သိရှိပြီးမှ ကျွန်မ ကြားရပါသည်။  ကျွန်မ တော်တော်နှင့် မယုံနိုင်ခဲ့ပါ။ မလိုသူတွေ ပြောသည့် အတင်းစကားရယ်လို့ မျက်စိမှိတ် ငြင်းချင်မိသေးသည်။ မောင် ခြေလှမ်း ပျက်နေသည်ဟု ကျွန်မ အသိစိတ်က သတိထားမိခဲ့သော်လည်း သံသယကို ကျွန်မဘာသာ လက်မခံလိုပဲ ပုံမှန်ဖြစ်သည် ဟု ကျွန်မကိုယ်ကျွန်မ ညာထားခဲ့တာ ကျွန်မသာ သိသည် မဟုတ်လား။ မောင့်ကို ပထမဆုံး အကြိမ် မေးတော့ မောင်က ဘာမှမဟုတ်ပါ တဲ့။ အသိမိတ်ဆွေ၊ တစ်ယောက်တည်း ရုံးကန်နေရသော ကလေးအမေလေးမို့ ကူညီစောင့်ရှောက်တာပါ တဲ့။ မောင့်ပါးစပ်က အဖြေကို ယုံချင်သောစိတ်နှင့် ကျွန်မ ယုံလိုက်ပါသည်။ ကျွန်မ စိတ်ထဲမှာတော့ အသည်းနှလုံးတွေ လောင်ကျွမ်း မတတ် ပူလောင်စ ပြုနေပါပြီ။

ဟိုက သည်က မနေနိုင်သူ ကျွန်မ မိတ်ဆွေ သူငယ်ချင်းများက ပြောကြသော်လည်း ကျွန်မ ဘာမှ ထွက်မစုံစမ်း၊ ဘာမှ မလှုပ်ရှားပဲ မောင် အပြင်မှာ ခဏတာ အပျော်ရှာပြီး အချိန်တန်လျှင် ပြတ်သွားမှာပဲ ဟု ကျွန်မ၏ သဝန်တို ပူလောင်စိတ်များကို ထိန်းချုပ်ပြီး နေခဲ့ပါသေးသည်။ မောင် အိမ်ပြန်မလာသော ညတွေ များလာသည်မှာ သမီးကပင် သတိထားမိလောက်အောင် ဖြစ်လာသည်။ သားကြီးကတော့ ယောက်ျား အချင်းချင်းမို့ မောင့် အကြောင်းကို ရိပ်မိပုံ ရသည်။ ကျွန်မ ကိုယ်တိုင် မောင့်နောက် လိုက်ကြည့်တော့ ထိုမိန်းကလေးကို မောင်ဝယ်ပေးထားသော အိမ်ကို တွေ့ရသည်။ နှစ်ပေါင်း ၂၀လောက် ပေါင်းလာသော ဇနီးကို ထားခဲ့ရလောက်အောင် ဆွဲဆောင်မှုရှိပြီး ချောမောလှပသော မိန်းကလေးမျိုးတော့ မဟုတ်ပါ။ သာမန် ရွက်ကြမ်းရေကျိုပင် ဖြစ်သည်။ မောင်နှင့် ကျွန်မသည် အသက် တစ်နှစ်လောက်သာ ကွာသည်မို့  ၂၅ လောက်သာ ရှိသော မောင့်မိန်းကလေးသည် မောင့်ထက် ၁၄ နှစ်လောက် ငယ်ပါသည်။ သို့သော် သူမသည် မုဆိုးမလား တခုလပ်လား မသိသည့် ကလေးတစ်ယောက် အမေ ဖြစ်သည်။

မောင့်ကို ဒုတိယအကြိမ် မေးတော့လည်း မောင်က မျက်စိမှိတ် ငြင်းပြန်သည်။ မောင့်မိန်းကလေး အိမ်ကို တွေ့ ခဲ့ပြီးပြီ၊ မောင် ဝယ်ပေးထားသည် ဟု ကြားသည့် အကြောင်း ပြောတော့ မောင်က အေးအေးပင် နေစရာ အပိုင်မရှိလို့ အိမ်ဝယ်သည့် နေရာမှာ ကူညီခဲ့ကြောင်း၊ သူနှင့် ရိုးရိုးသားသား ပတ်သက်တာ ဖြစ်ကြောင်း ဗြောင်လိမ်သည်။ ကျွန်မ တစ်သက်လုံး ယုံကြည်ချင်သော ကျွန်မ၏ အိမ်ဦးနတ်သည် ကျွန်မကို မျက်တောင်တစ်ချက် မခတ်ပဲ အကြိမ်ကြိမ် လိမ်ညာနေပြီ ဖြစ်သည်။ ကျွန်မ ဘဝသည် ရှေ့ဆက် သူ့အပေါ် ဘယ်လို ယုံကြည်ချက်နှင့် အတူတူ နေထိုင်သွားရမည် မသိပါ။ ထိုအချိန်အထိ ကျွန်မသည် မောင်နှင့် အပြီးတိုင် ပြတ်စဲဖို့ အတွေးကို မတွေးခဲ့သေးပါ။ ကျွန်မ စိတ်ထဲမှာတော့ မောင့်ကို မမုန်းတီးနိုင်သော စိတ်နှင့် မောင့်ကို နာကျည်းသော စိတ်တို့  ရောထွေးကာ နာကျင်မှုတို့က နှိပ်စက်နေပါသည်။

သားနှင့် သမီးကို စိတ်ချ လက်ချ ထားရစ်ဖို့ ကြံစည်တာ မဟုတ်ပေမယ့် အိပ်ပျက်ညတွေ များလာသောကြောင့် အရာအားလုံးကို မေ့ပြီး ပြည့်ပြည့်ဝဝ အိပ်စက်လိုစိတ်ဖြင့် ကျွန်မ အိပ်ဆေးတွေ အများကြီး သောက်လိုက်မိသည်။ ကံကောင်း၍လား၊ ကံဆိုး၍လားတော့မသိ၊ ကျွန်မ အသက် ဝိညာဉ်က ထွက်ခွာမသွားနိုင်သေးပဲ ဆေးခန်းသို့ ရောက်ခဲ့ရသည်။ သမီးလေး ငိုနေတာ မြင်တော့ ကျွန်မ မဆင်မခြင် လုပ်မိမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသည်။ မောင် ဆေးခန်းကို ရောက်မလာပါ။ နောက်မှ သိရသည်မှာ မောင့်မိန်းကလေး၏ ကလေး နေမကောင်း၍ ဆေးခန်းတွင် စောင့်ပေးနေရသည် တဲ့။ နောက်နေ့ သိသွားတော့လည်း “မသေကောင်း မပျောက်ကောင်း ငြိမ်းရယ်” ဆိုတာကလွဲပြီး ကျွန်မ ဘာကြောင့် အဲဒီလို လုပ်သည် ဆိုတာ လုံးဝ မမေးပါ။

နောက် တစ်လလောက် နေတော့ မောင်က ထိုမိန်းကလေးနှင့် တရားဝင် လက်ထပ်လိုက်ပါသည်။ သားကြီးနှင့် သမီးရော၊ ကျွန်မတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းများရော မောင်နှင့် ထိုမိန်းကလေး အကြောင်းကို သိသွားကြပါပြီ။ သားကြီး၏ သတိပေးစကားများရော၊ သမီးငယ်၏ ငိုယို တားမြစ်မှုများရော မောင့်အတွက် အရာမထင်တော့ပါ။ ကျွန်မကတော့ ဘာဆို ဘာကိုမျှ ပြောမနေချင်တော့ပါ။ မောင့် စိတ်ထဲမှာ ထိုမိန်းကလေးမှ လွဲ၍ ဘယ်သူမှ မရှိတော့တာ သေချာနေလေပြီ။ မောင်က ထိုမိန်းကလေးကို အပျော်သာ သဘောထား၍ ဖြတ်လိုက်ပြီ ဆိုပြီး ကျွန်မဆီ ပြန်လာလျှင် ကျွန်မက လက်ခံထားမိဦးမည်သာ ဖြစ်သည်။ ယခုလို မောင်က ကျွန်မ ဂုဏ်သိက္ခာကို နင်းခြေ၍ ကျွန်မကို ဇနီးကြီး အရာ ထားလိုက်သည်ကတော့ ကျွန်မ ခွင့်လွှတ်နိုင်စွမ်းထက် ကျော်လွန်သော အရာ ဖြစ်ခဲ့လေပြီ။

 မောင်နှင့် တစ်သက်လုံး မက်ဖို့ စိတ်ကူးထားသည့် ကျွန်မ၏ အိပ်မက်သည် အိပ်မက် သက်သက်သာ ဖြစ်ခဲ့လေပြီ။ မောင်နှင့် ကျွန်မ၏ စိတ်တို့သည် ထပ်တူမကျနိုင်တော့..။ မောင်နှင့် ကျွန်မ၏ အချစ်တို့သည် ဘဝဆုံးသည်အထိ ထပ်တူညီသော အချစ် မဖြစ်နိုင်တော့ပြီ။ ကျွန်မ ဘဝမှာ ချစ်သူဆို၍ မောင် တစ်ယောက်သာ ထားဖူး၍ လက်ထပ်ခဲ့သည်ကလည်း သူတစ်ယောက်သာ။ မောင့်တစ်ယောက်ကိုသာ အသက်ထက်ဆုံး ကျွန်မ ဘဝကို လုံခြုံစေမည့်သူလို့ ကျွန်မ သဘောထားခဲ့သည်။ အခုချိန်မှာတော့ ကျွန်မ စိတ်ကူးအိပ်မက်များ အပြီးတိုင် ပျက်စီးသွားခဲ့ပြီ။

ထုံးစံအတိုင်း အိပ်မပျော်သော ညတွေကလည်း ကျွန်မကို နှိပ်စက်မြဲမို့ ကျွန်မ အတွေးတွေ ဆင်ခြင်ဥာဏ်တွေလည်း ပုံမှန် မဟုတ်တော့လောက်အောင် ပျက်ယွင်းနေခဲ့သည်။ ကျွန်မ အမေက ကျွန်မတို့ အကြောင်းတွေ ကြားပြီး ရောက်နေခဲ့သည်။ ကျွန်မ မရှိလျှင် ကျွန်မ သားသမီးတွေကို သူတို့ အဖေ ထောက်ပံ့လိမ့်မည်။ ကြည့်ရှု ဂရုစိုက်ဖို့ကတော့ ကျွန်မ အမေ သူတို့ အဘွား အရှိသားပဲလေ။ တစ်ယောက်တည်း မနေတတ်ခြင်းသည် ကျွန်မ စိတ်ဓာတ်အင်အား ပျော့ညံခြင်း ဖြစ်သည်ဟု ကျွန်မကိုယ် ကျွန်မလည်း သိပေမယ့် လူက ဘာခံစားချက်မှ မသိနိုင်လောက်အောင် ထုံပေနေသည်။ ကျွန်မ အသိစိတ်ထဲတွင် ငြိမ်းငြိမ်း ချမ်းချမ်း အိပ်စက်သွားလိုခြင်းသာ ရှိသည်။ ဘယ်လောက် ပမာဏက ဘာဖြစ်နိုင် ဆိုတာမျိုးလည်း တွေးမနေပဲ အိပ်ဆေးတွေ သောက်အိပ်ခဲ့သဖြင့် အပြင်ဆေးခန်းကြီးသို့ နောက်တစ်ကြိမ် ရောက်သွားရသည်။ ဆေးခန်းပေါ်မှာ သတိရလာတော့ ကျွန်မကိုယ်ကျွန်မ မုန်းမိသွားသည်။ ဘာကြောင့် ဒီလိုမျိုး အသိဥာဏ်မဲ့ပြီး အရှက်ရစေသော အလုပ်ကို လုပ်မိသလဲ မသိပါ။ မောင် ဆေးခန်းကို ရောက်မလာခဲ့ပါ။ မောင့် မျက်နှာကို တွေ့ချင်လှချည်ရဲ့ မဟုတ်တော့အောင် နာကျည်းလှပြီ ဖြစ်သော်လည်း မောင့်ကို တစ်ခါတော့ တွေ့ပြီး မေးစရာ ပြောစရာလေး ရှိသေးသည်။

မောင် ဘာကြောင့် ကျွန်မအပေါ် ပြောင်းလဲ သွားခဲ့သလဲ၊ မောင် ဘာကြောင့် ဒီမိန်းကလေးကို ကျွန်မ နေရာမှာ အစားထိုးချင်ရသလဲ၊ မေးကြည့်ဖို့ ကိုပင် ကျွန်မ အတော် အားယူရသည်။ မောင့်ကို စကားတစ်ခွန်း မပြောနိုင်လောက်အောင် ကျွန်မ စိတ်ဓါတ်တို့ ပျက်ယွင်းနေခဲ့သည်။ မောင်က ခုအခြေအနေကျမှတော့ အမှန်အတိုင်း ဝန်ခံတော့သည်ပေါ့။
“အဲဒီ မိန်းကလေးက သနားစရာကောင်းတယ်၊ အားကိုးစရာလည်း မရှိရှာဘူး၊ ကလေးတစ်ယောက်နဲ့ ဒုက္ခရောက်နေရှာတာ၊ အစကတော့ မောင်လည်း ဒီတိုင်း ရိုးရိုး ကူညီတာပဲ၊ နောက်တော့ သူ့ကို မောင် ချစ်သွားတယ်၊ သူ့ကို တစ်ယောက်တည်း မထားနိုင်တော့ဘူး၊ ငြိမ်းကို ချစ်သလိုပဲ သူ့ကိုလည်း မောင်ချစ်တယ်၊ ငြိမ်းအပေါ် သစ္စာဖောက်မိတဲ့ အတွက် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် မောင်လည်း ဘာမှ မတတ်နိုင်ဘူး၊ ငြိမ်းကိုလည်း ချစ်တုန်းပဲ၊ သူ့ကိုလည်း ချစ်တယ်”

အဲဒီမိန်းကလေးက သနားစရာ ကောင်းတယ် တဲ့။ မောင့်ရဲ့ သစ္စာမဲ့မှုမှာ တစ်ယောက်တည်း အသက်ရှင်ကျန်ဖို့ပင် အားမရှိတော့တဲ့ ကျွန်မကတော့ဖြင့် သနားစရာ ကောင်းတယ်လို့ မောင်မထင်ဘူးပေါ့။ ကျွန်မမှာ အထောက်အပံကောင်းပေးနိုင်သည့် မိဘတွေ ရှိသည့်အတွက် တစ်ယောက်တည်းလည်း ရပ်တည်နိုင်သည်ဟု မောင် ထင်သည်လား။ ကျွန်မကို ချစ်တုန်းပဲ ဆိုသည့်အတွက် ကျွန်မက ကျေနပ်နှစ်သိမ့် နေရဦးမည်လား။ ဘယ်မိန်းမကမှ အချစ်ကို ခွဲဝေ မစားသုံးချင်ဘူး ဆိုတာ မောင်လည်း သိမှာပါ။ မောင်က ဟိုအိမ်မှာ တစ်ရက်၊ ဒီအိမ်မှာ တစ်ရက် နေချင်သည်ကို ကျွန်မက ကျေနပ်ပြီး မယားပြိုင်အနေနှင့် လက်ခံ ပေးရမည်လား။ ဒီဘဝ အတွက်တော့ ကျွန်မ နှင့် မောင် ပတ်သက်မှုကို တော်သင့်ပြီ မောင်။

“ကျွန်မ ကို ကွာရှင်းပေးပါ မောင်၊ ကျွန်မ အိမ်ကိုလည်း လုံးဝ မလာပါနဲ့တော့၊ သားနဲ့ သမီးကိုလည်း ကျွန်မပဲ ကြည့်မယ်၊ ကလေးစားရိတ်တောင် ပေးစရာ မလိုပါဘူး၊ ဒီအိမ်ကိုတော့ ကျွန်မကို ပေးထားလိုက်ပေါ့၊ ရှင့်သားနဲ့ သမီးလည်း နေမှာပဲလေ၊ ရှင်သာ ဒီအိမ်ရိပ်ကို မနင်းပါနဲ့တော့၊ ကျွန်မတို့ ပြတ်ပြတ်သားသား လမ်းခွဲကြရအောင်၊ ကလေးတွေနဲ့ တွေ့ချင်ရင် အပြင်မှာ တွေ့ပေါ့”
အိမ်က မောင့်အလုပ်က ပေးထားသည့် အိမ်မဟုတ်။ ငှားနေသော အိမ် ဖြစ်သည်။ ဒီစကားကို ပြောဖို့  အတော် အားယူရတယ် ဆိုပေမယ့် ကျွန်မ စိတ်ထဲတော့ အခိုင်အမာ ဆုံးဖြတ်ပြီးသား ဖြစ်နေပါပြီ။ ကျွန်မ မောင့်ကို ချက်ချင်း မေ့ပစ်ဖို့  ဖြစ်နိုင်ချင်မှ ဖြစ်နိုင်မှာ ပေမယ့် မုန်းတီးခြင်းထက် ပိုတဲ့ စိတ်နာကျည်းမှုတို့က ကျွန်မ စိတ်ထဲ ပြည့်သိပ်နေခဲ့ပြီပဲ။
“မဟုတ်တာကွာ၊ မဖြစ်နိုင်တာ၊ မောင် ငြိမ်းကို ကွာရှင်းမပေးနိုင်ဘူး၊ မောင့် သားနဲ့ သမီးရဲ့ အမေပဲ၊ မောင့်ဇနီးပဲ၊ ကွာမပေးနိုင်ဘူး၊ ဒီအိမ်ကို မလာရဘူး ဆိုရင် မလာပါဘူး၊ ကွာတော့ မပေးဘူး”
မောင့်ရည်ရွယ်ချက်က ဘာမှန်း သေချာ မသိပေမယ့် သူ ကျွန်မကို ဒုက္ခပေးချင်သည်ဟု ကျွန်မ စိတ်ထဲ အတွေးပေါက်သည်။ ကျွန်မမှာ သူ့ ဝဋ်ကြွေး မကုန်သေးသဖြင့် စာချုပ်ဖြင့် တုပ်နှောင်ထားသော ဘဝက လွတ်မြောက်ခွင့် မရသေးပါလား ဟု တွေးမိသည်။
“ရှင့် မျက်နှာကို တော့ ကျွန်မ ရှေ့မှာ ထပ်လာ မပြပါနဲ့တော့၊ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးတဲ့ အချိန်ကျမှပဲ တွေ့ကြတော့မယ်၊ ဦးမောင်မောင်”

မောင်ကလည်း ကျွန်မ ဆန္ဒကို လက်ခံပြီး နှစ်ဦးသဘောတူ ကွာရှင်းကြမည်ဟု တရားရုံးကို သွားလိုက်ကြသေးသော်လည်း မောင့် မိဘတွေရော၊ ကျွန်မ မိဘတွေရော ရောက်လာကြပြီး ငိုယို တားဆီးကြသဖြင့် ကွာရှင်းကြဖို့ကိစ္စ ပျက်သွားခဲ့ပါသည်။

ကလေးတွေ ကျောင်းပိတ်ရက်နှင့် ကြုံသဖြင့် ကျွန်မတို့ ဇာတိမြို့လေးကို ပြန်ခဲ့သည်။ ကျွန်မအနေနှင့် အပြီးပြောင်းနေချင်သော်လည်း ကလေးတွေ ကျောင်းက မပြီးသေးသဖြင့် မြေလတ်မြို့လေးမှာပင် ပြန်နေဖို့ ဆုံးဖြတ်လိုက်သည်။ မောင့်ကို ရင်မဆိုင်ရဲသဖြင့် ထွက်ပြေးရာကျသည်။ မောင်လည်း သူ့ဘဝနှင့်သူ ပျော်နေချိန်မှာ ကျွန်မ လည်း ကျွန်မ သားသမီးတွေနှင့် ကောင်းကောင်းမွန်မွန် နေနိုင်ကြောင်း ပြသင့်သည် မဟုတ်လား။ ကျွန်မ ဇာတိမြို့ မှာ ကျွန်မနာမည်နှင့် ခြံတွေလည်း ရှိပြီးသားမို့ ဒီမှာ ဘာမှ သိပ်မလုပ်လျှင်ပင် ကျွန်မတို့ သားအမိတွေ စားဝတ်နေရေးက ပူစရာမလိုပါ။ မောင်နှင့် ကျွန်မ လုံးဝ ထပ်မတွေ့ ဖြစ်ကြပဲ အပြီး လမ်းခွဲခဲ့ကြပါပြီ။ ကြားလူက တစ်ဆင့် ထပ်တောင်းဆို ခဲ့သေးသော်လည်း မောင်က ကွာရှင်းစာချုပ်ကိုဖြင့် လုံးဝ လက်မှတ် ထိုးမပေးတော့ပါ။ ကျွန်မလည်း ထပ်မပြောတော့ပါ။ သားနှင့် သမီးက ပထမတော့ သူတို့ အဖေကို စိတ်နာပြီး သွားမတွေ့ကြပေမယ့် နောက်တော့ ဘယ်လိုတွေ သွေးဆောင်တာ ခံလိုက်ရသည်မသိ၊ သူတို့ အဖေ ပေးသည့် မုန့်ဖိုးတွေလည်း ယူသည်။ ကျွန်မ မသိအောင် တစ်ခါတစ်ရံလည်း တွေ့နေကြသည်ကို သိသော်လည်း ကျွန်မ မပြောတော့ပါ။ ကျွန်မ အတွက် မပတ်သက်၍ ရသော်လည်း သူတို့ က အဖေအရင်း တော်နေသဖြင့် မပတ်သက်ပဲ နေနိုင်မည် မဟုတ်သည်ကို ကျွန်မ နားလည်ပေး လိုက်ပါသည်။

မောင် မရှိသော ဘဝမှာ ကျွန်မ အသားကျခဲ့ပြီ ဆိုသော်လည်း တစ်ခါတစ်ရံတော့ စိတ်ကျရောဂါ ဟု ပြောရမလား မသိသည့် မျှော်လင့်ချက် ကင်းမဲ့သည့် မနေပျော်သော ခံစားချက်က နှိပ်စက်တတ်သည်။ သမီးက ကျွန်မ အဖော်မွန်လေး ဖြစ်သော်လည်း၊ ကျွန်မ စိတ်ကို ကျွန်မ ဘယ်လိုပင် ဆုံးမသော်လည်း အထီးကျန်သည့် စိတ်အစဉ်က မပြေလည်နိုင်အောင် ဖြစ်လာတတ်သည်။ ကျွန်မ ဘဝကို အမြဲ မှောင်မိုက်နေတော့မည့် ညတွေလို ထင်မိကာ ညဘက်တွေလည်း အိပ်ပျော်တစ်လှည့် မပျော်တစ်လှည့်ပင်။ အိပ်ပျော်ချင်စိတ်ဖြင့် အိပ်ဆေးတွေ သောက်မိပြန်တော့ နည်းနည်း များသွားကာ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် သတ်သေသည် ထင်ကြပြန်သည်။ ယောက်ျားတစ်ယောက်အတွက် ကျွန်မ ဘဝကို မစတေးသင့်ကြောင်း အသိစိတ်က သတိပေးသော်လည်း အသိလွတ်သွားခိုက်မှာ လုပ်မိသည်လား မပြောတတ်ပါ။ အဲဒီ တစ်ကြိမ်သည် နောက်ဆုံးပဲ ဖြစ်စေဖို့ စိတ်ဆုံးဖြတ်ပြီး ကျွန်မ အိပ်ခန်းထဲမှာလည်း အိပ်ဆေးပုလင်း လုံးဝ မထားတော့ပါ။
*****
(၃)
ကို နှင့် ကျွန်မ

ကျွန်မ ဘဝ၏ ညတာ အရှည်ဆုံး ညများထဲမှ သူ ဆွဲထုတ်ပေးခဲ့သည်ကို ကျွန်မ ကျေးဇူးတင်မဆုံး ရှိခဲ့ပါသည်။ မျှော်လင့်ချက် ကင်းမဲ့သော၊ မှောင်မိုက်၍ ဘယ်သောအခါမှ နေရောင်မမြင်ရတော့ဟု ထင်ခဲ့သော ကျွန်မနေ့ရက်များမှာ သူက တောက်ပသော နေမင်းတစ်စင်း အနေနှင့် ဝင်လာခဲ့သဖြင့် ကျွန်မ မငြင်းနိုင်ခဲ့ပါ။ နောက်ထပ် ယောက်ျားတစ်ယောက်ကို ထပ်မချစ်နိုင်တော့ ဟု ထင်ခဲ့ရာမှ သူနှင့်တွေ့တော့ ကျွန်မ မှာ အချစ်ရှိသေးသည်ဟု ကျွန်မကိုယ်ကျွန်မ ထင်မြင်လာအောင် သူက စွမ်းဆောင်နိုင်သူ ဖြစ်ခဲ့သည်။

ကျွန်မ အထီးကျန်စိတ်တွေ မပြေလည်နိုင်သေးသော်လည်း အများအမြင်မှာတော့ ကျွန်မဘဝ တည်တည်ငြိမ်ငြိမ် ဖြစ်စပြုနေသော အချိန်မှာ သူနှင့် စတွေ့ ခဲ့သည်။ မမျှော်လင့်ပဲ တစ်နေရာမှာ ဆုံခဲ့ပြီးနောက် သူက ကျွန်မ ဖုံးနံပါတ် တောင်းပြီး နေ့တိုင်းလို ဖုန်းဆက်သည်။ ကျွန်မ၏ အထီးကျန်ညတွေမှာ သူ့ဖုန်းကို စောင့်မျှော်ရခြင်းဖြင့် အဓိပ္ပါယ်ရှိလာသည်။ ဘာအတွက် အသက်ရှင်နေရမှန်း မသိအောင်ဖြစ်နေသည့် ကျွန်မ ဘဝက သူနှင့်တွေ့မှ သာယာနေပျော်ဖွယ် ဖြစ်လာသည်။ သူ့အကြောင်းကို ကျွန်မ ကောင်းကောင်း မသိသေးသော်လည်း သူက စကားပြောကောင်းသူ ဖြစ်သဖြင့် ခင်မင်မိသည်။ သူက ကြင်နာစွာ အားပေးတတ်သူ ဖြစ်သဖြင့် ကျွန်မ ခံစားချက်တွေကို ရင်ဖွင့်မိသည်။

သူနှင့် ကျွန်မ သက်တူ ရွယ်တူ သိပ်မကွာလှသဖြင့် သူငယ်ချင်းကောင်းတွေလို စကားပြောနိုင်သည်။ သူ့ မှာ မိန်းမ ရှိမရှိ  ဖွင့်မမေးမိပေမယ့် ကျွန်မကတော့ ကျွန်မ အရင်လူနှင့် ပတ်သက်သော ခံစားချက်များကို သူ့ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောမိသည်။ ကျွန်မမှာ ကလေးနှစ်ယောက် ရှိတာလည်း သူသိသည်ပင်။ သူက ကျွန်မ ဘဝ အကောင်းအဆိုး ခံစားချက်များ အားလုံးကို နားလည် ပေးနိုင်သူ၊ မျှဝေ ခံစားနိုင်သူ ဖြစ်လာသည်။

သူကလည်း အားရင် အားသလို ကျွန်မဆီ တစ်နေ့ သုံးခါလောက် ဖုန်းဆက်ရင် ဆက်တတ်သူ ဖြစ်သည်။ ညဘက်လည်း ဆက်တတ်သောကြောင့် သူ့ကို လူလွတ်တစ်ယောက်လို့တော့ သိထားသည်။ အပြင်မှာ တစ်ခါပဲ သူများ မိတ်ဆက်ပေးလို့ တွေ့ ဖူးခဲ့သော်လည်း ဖုန်းထဲမှာ စကားပြောခြင်းဖြင့် ကျွန်မတို့ နှစ်ယောက်က တော်တော်လေး ရင်းနှီးနေပြီ။ သူ့ဖုန်းလာလျှင် သားတို့ သမီးတို့ မသိအောင်လည်း လုပ်ရသေးသည်။ ကျွန်မသည် နှစ်ဆယ်ကျော် တစ်ယောက်လို လတ်ဆတ်သော ခံစားချက် ရှိနေဆဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိခဲ့ရသည်။

သူက မိန်းမတွေ ကြိုက်လောက်သော ခပ်ချောချော ယောက်ျား မဟုတ်ပါ။ အရပ်လည်း သိပ်မရှည်၊ အသားကလည်း မည်းသည်ဟုတောင် ပြော၍ရသော အသား၊ ကိုယ်လုံးကိုယ်ထည်ကလည်း ခပ်ဖြောင့်ဖြောင့် မဟုတ်ပဲ ခပ်ဖိုင့်ဖိုင့်ဟုတောင် ပြောရမလို ပုံစံမျိုးဖြစ်ပါသည်။ သို့ပေမယ့် သူက မိန်းမကျမ်း ကြေပုံရသည် ဟု ကျွန်မ နောက်မှ တွေးမိသည်။ သူ့အပြောများက ညက်သည်။ မိန်းမတစ်ယောက်ကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ သူနဲ့ သိပြီး တစ်လအတွင်းမှာ သူ့ ဆီက ချစ်သည် ဆိုသော စကား ကြားရတော့လည်း ကျွန်မ မအံသြမိခဲ့တော့ပါ။ အလွယ်တကူ ယုံကြည်ချင်မိသွားတာကလည်း သူ အပြောကောင်းသော အရည်အချင်း ကြောင့်ပင် ဖြစ်လိမ့်မည်။

သူက ကျွန်မကို တွေ့ချင်သည် ဆိုပြီး မနက်စောစောစီးစီး ကျွန်မ အိမ်ရှေ့ ရောက်လာတတ်သည်။ သားနှင့် သမီးက မနိုးသေးသဖြင့် အိမ်ရှေ့မှာ စကား တစ်ခွန်း နှစ်ခွန်းပြောပြီး သူပြန်သွားတတ်သည်။ အဲဒီနောက် သူက အပြင်မှာ တွေ့ရအောင် ဆိုပြီး ချိန်းလာပြန်သည်။ ကျွန်မ တစ်ခါ နှစ်ခါ ငြင်းသေးသော်လည်း နောက်တော့ သူ့ကို အားနာသဖြင့် သားတို့ မသိအောင် မနက်စောစော အကြောင်းပြ ထွက်ကာ သူနှင့် ဘုရားသို့ လိုက်သွားမိသည်။ နောက်တော့ သူအတင်းခေါ်သဖြင့် သူ့အိမ်ကို တစ်ခါ နှစ်ခါ လိုက်လည်မိသည်။ သူ့အိမ်က သူ့ ဝပ်ရှော့ရဲ့ နောက်ဘက်မှာပင် ဖြစ်ပြီး သူနှင့် သူ့တပည့်တစ်ယောက်ပဲ နေသည်။ ကျွန်မ စိတ်ထဲတွင် သူ့ မှာ မိန်းမ ရှိဖူးသလား၊ လူပျိုကြီးပဲလား ဆိုတာ သေချာအောင် မေးကြည့်ချင်သော်လည်း မေးမထွက်ခဲ့ပါ။

သူက ကျွန်မကို ချစ်သည့်အကြောင်း တွင်တွင်ပြောပြီး နေ့တိုင်းလို အဖြေတောင်းတတ်သည်။ ကျွန်မဘက်ကတော့ သူ့ကို သူငယ်ချင်းကောင်း တစ်ယောက်လို ခင်မင်မိတာ သက်သက်ပဲလား၊ သူ့ ကို ချစ်မိပြီလား ဆိုတာ သိပ်တော့ မသေချာပါ။ သူ့ကို ကျွန်မ တော်တော်ကြာသည်အထိ အဖြေ ပြန်မပေးခဲ့သေးပါ။ ကျွန်မ ဘဝက အချစ်သစ် ရှာရလောက်သည့် ဘဝမျိုးလည်း မဟုတ်ဘူး မဟုတ်လား။ ကျွန်မ အခြေအနေကို ကျွန်မ သိသော်လည်း ခဏခဏ အဖြေတောင်းသော သူ့ကို အားနာသည့်ပြင် သူ့ကို ကျွန်မ ချစ်မိသည်ကို ကျွန်မကိုယ်ကျွန် ထပ်မညာချင်သဖြင့် သူ့ကို ချစ်ကြောင်း ပြန်ဖြေလိုက်မိတော့သည်။ သူက ခေါ်ခိုင်းသဖြင့် သူ့ကို ကျွန်မ “ကို” ဟု ခေါ်သည်။

တစ်ညနေမှာတော့ သူ သိပ်မနေကောင်းသဖြင့် အပြင်မထွက်နိုင်သောကြောင့် ကျွန်မကို သူ့အိမ် ခဏ လာတွေ့ပါလား ဟု ဖုန်းဆက်သဖြင့် ကျွန်မ သွားမိသည်။ နေအပူဓာတ်ပင် မအေးသေးလောက်အောင် ညနေက စောလှပါသေးသည်။ သို့သော် သူ့ဆိုင်က စောစောစီးစီးပိတ်ပြီး သူ့ တပည့်များက ပြန်သွားကြလေပြီ။ သူ နေမကောင်းသဖြင့် ဆိုင်စောစောပိတ်သည်ဟုသာ တွေးလိုက်ပြီး ဘာမှ ထွေထွေထူးထူး မစဉ်းစားမိပါ။ ကို့ ကိုတွေ့တော့ အဲဒီလောက် နေမကောင်းတာ မဟုတ်ပဲ ကျွန်မကို တွေ့လိုသဖြင့် ဥာဏ်ဆင်ခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်မတို့  စကားထိုင်ပြောကြသည်။ ကျွန်မကိုယ်တိုင် ကော်ဖီ ထဖျော်ပြီး နှစ်ယောက်သား သောက်ကြသည်။ နောက်တော့ ကိုက ကျွန်မကို ချစ်သူလို ဖက်လား နမ်းလား လုပ်ချင်လာသည်။ အရင်ကတော့ ကျွန်မတို့ နှစ်ယောက် လူမြင်ကွင်းမှာသာ တွေ့ ကြသည် ဖြစ်သောကြောင့် ထိုအဖြစ်အပျက်မျိုး မရှိခဲ့စဖူး။ ချစ်သူတွေလို ပွေ့ဖက် နမ်းရှိုက်သည်ကို ချစ်သူမို့ သည်းခံကြည့်၍ ရသည် ဆိုသော်လည်း အဲဒီထက် အဆင့်တက်ဖို့ ကျွန်မဘက်က မလိုလားပါ။ ကျွန်မက ပြန်တော့မည် ပြင်သောအခါ ကိုက အိမ်ရှေ့ တံခါးကို ထပိတ်လိုက်ပြီး ပြန်ခွင့်မပေးပါ။ အဲဒီနောက်တော့ ကျွန်မ မလိုလားသော အခြေအနေမျိုးကို မလွှဲမရှောင်သာပဲ ဖြစ်သွားရသည်။ ကျွန်မက နဂိုကတည်းက ပိန်ပိန်ပါးပါး ပျော့ပျော့နွဲ့နွဲ့ လေး ဖြစ်ရာ သူလို လူကြမ်းတစ်ယောက် လက်ထဲက လွတ်အောင် ရှောင်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ခဲ့ပါ။ ချစ်ရသူမို့  ရက်ရက်စက်စက် နာကျင်အောင်လုပ်ပြီး မငြင်းဆန်ရက်တာလည်း ပါပါသည်။

ကျွန်မကိုယ်ကျွန်မ အရမ်းမှားခဲ့ပြီ ဆိုသည်ကို သိလိုက်ပြီးချိန်မှာ ပြန်ပြင်လို့ မရနိုင်တော့ပါ။ ငယ်ငယ်ရွယ်ရွယ် ဆယ်ကျော်သက်လည်း မဟုတ်ပါပဲ ယောက်ျားတစ်ယောက်ရဲ့  မာယာအောက်မှာ အမိခံလိုက်ရပါပြီ။ ကျွန်မ ဘာကြောင့် သူ့အပေါ် စိတ်ယိုင်ခဲ့ရပါလိမ့်။ ကျွန်မ အရမ်း အထီးကျန်နေခဲ့သည်။ သားနှင့် သမီးက သူတို့  အရွယ်နှင့် သူတို့ ၊ သူတို့ အပေါင်းအသင်းနှင့် သူတို့ မို့  ကျွန်မနှင့် သိပ် ပူးပူးကပ်ကပ် ရင်းရင်းနှီးနှီး မရှိ။ ကျွန်မကို ဂရုစိုက် ယုယမည့် တစ်စုံတစ်ယောက်ကို ကျွန်မ လိုအပ်နေသည့်အချိန်တွင် သူက တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာခဲ့သည်။ အခုတော့ သားနှင့် သမီးကိုရော၊ အမေ့ကိုပါ ဖွင့်ပြောရတော့မည့် အခြေအနေ ရောက်လေပြီ။ ကိုနှင့် ကျွန်မ အဆုံးစွန်အထိ ဖြစ်ခဲ့ပြီးမှတော့ ကို ကျွန်မကို လက်ထပ် ရပါမည်။ ကျွန်မသည် ပတ်ဝန်းကျင်တွင် ကိုယ့်ဂုဏ်သိက္ခာနှင့် ကိုယ် နေသူဖြစ်သည်။ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်လာခဲ့သော် ကို ကျွန်မနှင့်အတူ ရှိနေရပါမည်။

ကိုကလည်း ကျွန်မကို လက်ထပ်ပါမည် ဟု ပြောပါသည်။ သို့သော် ကျွန်မကို လက်မထပ်ခင် သူ့အကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြမည်၊ ကျွန်မကို လိမ်ညာ လက်မထပ်ပါ ဟု ဆိုခဲ့သည်။ သူက လူပျိုကြီး တစ်ယောက် မဟုတ်ပါ။ သူ့မှာ မိန်းမ ရှိသည့်ပြင် ကျွန်မလိုပင် အရွယ်ရောက်နေပြီဖြစ်သော သားသမီး နှစ်ယောက် ရှိသည်။ သူ့ အမျိုးသမီးက တစ်ဖက်ကမ်းက ရွာတွင် နေသည်။ သူ့အပြောအရတော့ သူတို့ နှစ်ယောက် ကွဲနေတာ၊ ခွဲခွာနေတာ ကြာပြီဟုဆိုသည်။ သူက ကျွန်မကို တကယ်ချစ်သဖြင့်၊ ကျွန်မကို ပိုင်ဆိုင်ချင်သဖြင့် စိတ်မထိန်းနိုင်ပဲ ဖြစ်သွားရခြင်း ဖြစ်ကြောင်း၊ သူ့ကို လက်ထပ်ဖို့  တောင်းပန်သည်။ ယခုအခြေအနေမှာတော့ သူ့ အခြေအနေ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မကတော့ လက်ထပ်ရတော့မည်သာ ဖြစ်ပါသည်။ ဒီ အသက်အရွယ်တွေမှာ ကျွန်မကိုယ်တိုင်လည်း အပျို မဟုတ်သည့် အခြေအနေမှာ သူ လူပျို မဟုတ်သည်ကို အကြောင်းပြပြီး ငြင်း၍လည်း မရတော့ပြီ။ ကျွန်မက အတ္တကြီးသည်ပဲ ဆိုဆို ပိုင်ရမှတော့ သူ့ကို တစ်ယောက်တည်း ပိုင်လိုသည်။ သူ့ ပထမ မိန်းမကို ကွာရှင်းဖို့ ပြောတော့ သူက ကျွန်မကို အရင် ကွာရှင်းခိုင်းသည်။ ဟုတ်သည်။ ကျွန်မက ကိုယ့်ဘဝကိုယ် ခဏ မေ့နေခဲ့မိသည်။

တစ်မြို့တစ်နယ်ရှိ သူ့မိဘများကလည်း သူ နောက်အိမ်ထောင်ပြုမည်ကို သဘောတူသည်ဟု သူက ဆိုပါသည်။ ကျွန်မအမေကလည်း ကျွန်မ အရင်လူကိုမေ့ပြီး ဘဝသစ် စနိုင်လျှင် သူ ဝမ်းသာသည်ဟု ဆိုကာ သဘောတူသည်။ သားနှင့် သမီးက သိပ်သဘောမတူလိုသော်လည်း အကြီးအကျယ်တော့ မကန့်ကွက်ကြပါ။ တစ်ခုပဲ ရှိပါသည်။ ကျွန်မသည် ယခုချိန်အထိ အရင်လူနှင့် စာချုပ်စာတမ်းနှင့် မကွာရှင်းရသေးခြင်းပင် ဖြစ်သည်။ ကျွန်မ အရင်လူကို ဖုန်းဆက်ပြီး ကျွန်မ နောက်အိမ်ထောင်ထူလိုသည်မို့  ကွာရှင်းစာချုပ် လက်မှတ်ထိုးပေးဖို့ တောင်းပန်ခဲ့သည်။ သို့သော် မောင်က လက်မှတ်တော့ ထိုးမပေးနိုင်၊ ကျွန်မ နောက်တစ်ယောက်နှင့် အတူနေလျှင်လည်း သူ့ဘက်ကတော့ နှောက်ယှက်ဖို့ မရှိပါ ဟု ဆိုသည်။

သို့သော် ဥပဒေ အရတော့ မြန်မာ အမျိုးသမီးတစ်ယောက်သည် အိမ်ထောင်ဖက်နှင့် တရားဝင် ကွာရှင်းထားခြင်း မရှိလျှင် နောက်ထပ် တစ်ယောက်နှင့် လက်ထပ်ခွင့် မရှိကြောင်း ကျွန်မ သိခဲ့ရသည်။ အကယ်၍ ပထမ အမျိုးသားက မကျေနပ်လျှင် ဒုတိယ အမျိုးသားကို မယားခိုး စွပ်စွဲခွင့် ရှိသည် ဟူ၏။ မြန်မာ အမျိုးသမီးတစ်ယောက်သည် မိမိ အိမ်ထောင်ဖက်က မယားငယ်၊ မယားပြိုင် ယူထားသည်ကို အကြောင်းပြပြီး ကွာရှင်းခွင့် တင်၍ မရပါ။ ရိုက်ပုတ် နှိပ်စက်တတ်သော ယောက်ျား ဆိုလျှင်တော့ ကွာရှင်းခွင့် တောင်း၍ ရကောင်းသည်။ တကယ်တော့ မြန်မာ ဗုဒ္ဓဘာသာတို့၏ ထိမ်းမြားလက်ထပ် ဥပဒေသည် တစ်လင် တစ်မယား စနစ် မဟုတ်ပါ။ ယောက်ျားတစ်ယောက်က မယားများစွာ ယူခွင့်ရှိသည်။ ကို့ဘက်ကလည်း သူ့ အမျိုးသမီးကို တရားဝင် မကွာရှင်းပဲနှင့် ကျွန်မကို တရားဝင် လက်ထပ်၍ ရပါသည်။ ကျွန်မ ဘက်ကသာ မရခြင်း ဖြစ်ပါသည်။

တကယ်တော့ ကို့ သားလေးက သူနှင့် အတူနေပါသည်။ ကျွန်မနှင့် ကိုတွေ့ကြသော အချိန်မှာသာ ရန်ကုန်ရှိ အဘိုးအဘွားများထံ နေပြီး တက္ကသိုလ် တက်နေသဖြင့် ကျွန်မနှင့် မတွေ့ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ကို့ သမီးလေးကတော့ အမေနှင့် အတူနေနေပါသည်။ ကို့ သားနှင့် သမီးကလည်း လိမ္မာပါသည်။ ကျွန်မအပေါ်ကိုလည်း ပုံမှန်ပင် ဆက်ဆံပါသည်။

ကိုသည် သူ့ ပထမ အမျိုးသမီးနှင့် တရားဝင် ကွာရှင်းထားခြင်း မရှိသည့်ပြင် အမှန်တကယ် ကွဲနေခြင်းပင် မဟုတ်ပဲ သူက အလုပ်လုပ်မည် ဆိုကာ ဒီမြို့မှာ လာနေခြင်းသာ ဖြစ်သည်။ ကို့ ပထမ အိမ်ထောင်ဖက်သည် ၈ တန်းပင် မအောင်သော ရိုးသားသော တောသူတစ်ယောက်ဖြစ်ကာ သူထားရာနေ စေရာသွားရသူ ဖြစ်သည်။ သူလှိမ့်တိုင်း ရသူပင် ဖြစ်သည်။ တစ်လတစ်ခါ၊ နှစ်လ တစ်ခါလောက်တော့ သူပြန်သည်ဟု သိရသည်။ သူပြန်သည် ဆိုသော်လည်း သူက ထောက်ပံ့ရသည် မဟုတ်ပါ။ ဟိုမှာက သူ့ဘာသာသူ ရွာအလျောက် လယ်တွေ ကိုင်းတွေနှင့် နေနိုင် စားနိုင်သူပင် ဖြစ်သည်။ သူပြသဖြင့် ထိုအမျိုးသမီး ဓာတ်ပုံကို ကျွန်မ မြင်ဖူးသည်။ တကယ်ကို ရိုးရိုးတုံးတုံး ပုံဖြစ်သည်။ “ကိုယ် ငယ်တုန်းက မှားမိတာပေါ့ကွာ၊ ကိုယ်က တုံးလွန်းတဲ့ မိန်းမတွေကိုလည်း မကြိုက်ဘူး၊ ထက်ထက်မြက်မြက် ရှိမှ ကြိုက်တာ” ဟု သူက ဆိုသည်။ “ကျွန်မက အဲလောက် မထက်မြက်ပါဘူး၊ ဆယ်တန်းတောင် မအောင်ခဲ့တာ” ဟု ကျွန်မက ပြောတော့ “ကိုယ်လည်း ဘွဲ့မရခဲ့ပါဘူး၊ ဒီပလိုမာလေး တစ်ခုပဲ ရခဲ့တာ၊ ပြီးတော့ မင်းကို ချစ်တယ်လေ ငြိမ်းရယ်၊ တကယ်ချစ်တာ၊ ချစ်လို့ လည်း ရအောင် ယူခဲ့တာပေါ့” ဟု သူက ဆိုတော့ ကျွန်မ ကျေနပ်ရပြန်သည်။

ကျွန်မတို့ နှစ်ယောက် အချင်းချင်းတာ့ သက်ဆိုင်သူတွေရယ်လို့ သတ်မှတ်ထားကြသော်လည်း တရားဝင်တော့ အတူမနေနိုင်ကြသေးပါ။ တရားဥပဒေအရ ကျွန်မသည် အရင်အိမ်ထောင်နှင့် မကွာရှင်းရသေးသောကြောင့် ဖြစ်သည်။ ကျွန်မတို့နှစ်ယောက် သူ့အိမ်မှာတော့ မကြာခဏ တွေ့လေ့ရှိပါသည်။ သူ့ဘက် ကျွန်မဘက် အခက်အခဲတွေ ရှိသော်လည်း ကျွန်မတို့ ကျော်လွှားနိုင်မည်ဟု ယုံကြည်သည်။ သူ့ စီးပွားရေးမှာ အရင်းအနှီးလိုသည် ဆို၍ ကျွန်မ သူ့ကို ချေးဖြစ်ခဲ့သည်မှာ သိန်း ၆၀ လောက်တောင် ရှိတော့မည်။ ကျွန်မတို့ နှစ်ယောက်က အရင်းနှီးဆုံး လူသားတွေ ဖြစ်နေသည့်အတွက် ကျွန်မ ဘာမှ တွက်မနေခဲ့ပါ။ သူ့ ဝင်ငွေက သူ့သားသမီးများကိုလည်း ထောက်ပံ့ရသေးသည် ဖြစ်ရာ ကျွန်မကို မပေးနိုင်လျှင်လည်း ကျွန်မ မတွက်ချက်ခဲ့ပါ။ ကျွန်မတို့ တစ်ယောက်နှင့် တစ်ယောက် အထီးကျန်ချိန်တွေ မေ့ပျောက်ပြီး အဖော်သဟဲ ဖြစ်ခဲ့ကြသည်။ ကျွန်မ နောက်ထပ်တစ်ကြိမ် သစ္စာဖောက် ခံရဦးမည်ဟု မတွေးဖြစ်ခဲ့ပါ။

သူက ကောင်မလေး တစ်ယောက်နဲ့ ဘယ်လို တွေ့သွားမှန်းမသိပဲ ရှုပ်ချင်သလို ဖြစ်ခဲ့သည်။ ကျွန်မ စိတ်ဆိုးပြီး ဇာတိမြေကို ပြန်နေသည်။ ကျွန်မကလည်း လွန်ခဲ့သော လအနည်းလောက်က စပြီး ကျွန်မ ကျန်းမာရေးကလည်း သိပ်မကောင်းသဖြင့် သူနှင့် အတူမနေဖြစ်တာ များခဲ့သည်။  သူက အလိုရမ္မက် ကြီးသူ တစ်ယောက် ဖြစ်ပြီး ကျွန်မမှာက သူ့လို စိတ်ဆန္ဒမျိုး မရှိသည်က များသည်။ ကျွန်မ ဆန္ဒမရှိပဲ သူလိုအပ်ခဲ့လျှင်လည်း ကျွန်မက ခွင့်မပြုပဲ ရန်ဖြစ်ခဲ့သည်က များသည်။ ကျွန်မ တစ်မြို့တည်းမှာ မရှိသည့်အခါ သူက နောက်ထပ် အသစ် အသစ်တို့  ရှာဖို့ ကြိုးစားသည်ကို ကျွန်မ ပြန်သိရသည်။ ဒေါသထွက်မိသော ကျွန်မကိုယ် ကျွန်မပဲ ပြန်တရားချရသည်။ သူ့မှာ အဲသလို အကျင့် ရှိခဲ့လို့ပဲ တစ်မြို့ တစ်ရွာက သူ့ မိန်းမကြီး ရှိလျှက် ကျွန်မနှင့် တွေ့ခဲ့သည် မဟုတ်လား။ ခုလည်း ကျွန်မ ရှိလျှက် သူ နောက်တစ်ယောက် တွေ့ဖို့ ကြိုးစားပြန်သည်။ ယောက်ျားဆိုသည်က ဖောက်ပြန်သော အမျိုးပဲ ဟု ကျွန်မက ကောက်ချက်ချရတော့မည်လား။ ကျွန်မ၏ ကံကြမ္မာကိုက သစ္စာဖောက် ခံရဖို့ ကံ ပါလာသည်လား။

ကျွန်မ မွေးရပ်မြေက ပြန်လာပြီး သူနှင့်တွေ့တော့ သူက ပုံစံမပျက် အလုပ်အရမ်း ကြိုးစားသူကြီးလို မအားမလပ် ပုံဖမ်းနေသည်။ တကယ်တော့ သူ ဒီမြို့က ကောင်မလေး တစ်ယောက်နှင့်  ဇာတ်လမ်း ဖြစ်နေသည်ကို ကျွန်မ သိပြီးပြီ။ သူ အဲလောက် အလုပ်မအားသည့်ကြားမှ ကြူနိုင်သည်ကို ကျွန်မ အံသြရသည်။ တစ်ယောက်နှင့် သူ အတူနေသည်အထိ ဖြစ်ခဲ့သည်ကို ကျွန်မသိသည်။ ကျွန်မသည် သူ့ မယားကြီးလို တုံးတုံးအအ သူထားရာနေမည့်သူ မဟုတ်ပါ။ သူ့ ဇာတ်လမ်းတွေကို ကျွန်မ သိကြောင်းတော့ ပြရမည်သာ။ ကျွန်မ သူ့ကို မေးကြည့်တော့ သူက ဝန်ခံသည်။ ပတ်သက်မှုတော့ ရှိသည် ဘာမှတော့ မဟုတ်သေးပါ ဆိုသည်။ ကျွန်မ အရင် ယောက်ျား တုန်းကလည်း အစကတော့ ဒီလိုပဲ ပြောခဲ့တာပဲ မဟုတ်လား။ “ကို အသစ်ရှာဖို့ စိတ်ကူး ရှိရင် ငြိမ်းကို လမ်းခွဲလိုက်တော့” ဟု ကျွန်မ ပြောတော့ သူက ကျွန်မကို လမ်းမခွဲနိုင်ပါ၊ နောက်တစ်ခါမဖြစ်စေရပါ ဟု ဆိုသဖြင့် ကျွန်မက စောင့်ကြည့်ဦးမည် ဟု ပြောလိုက်သည်။

ကျွန်မ ရှိနေတုန်း သူခြေငြိမ်နေသဖြင့် ကျွန်မလည်း သူနှင့် ပြေပြေလည်လည်နေပြီး စောင့်ကြည့်နေတုန်းမှာပင် သူက online ကတွေ့သော ကောင်မလေးနှင့်လည်း ဖုန်းဇာတ်လမ်း စနေတာကို သိလိုက်ရသည်။ နောက်တော့ ထိုကောင်မလေးက ချစ်သူ ရှိသည်ဟု ပြောကာ အဆက်ဖြတ်သွားသည် ဆို၏။ ကျွန်မ ထိုကောင်မလေးဆီ တစ်ခါ ဖုန်းဆက်ဖြစ်ခဲ့ကြောင်းတော့ သူ့ကို မပြောဖြစ်တော့။

သူနှင့် ကျွန်မ ရှေ့ဆက်၍ မဖြစ်နိုင်တော့ ဟု ကျွန်မ တွေးမိသည်။ သူက ကောင်မလေး တစ်ယောက်နှင့် အဆက်ဖြတ်ပြီ ဆိုလျှင်လည်း နောက်ထပ် တစ်ယောက် တွေ့သည်နှင့် အီစီကလီ လုပ်ဦးမည်ပဲ ဖြစ်သည်။ ကျွန်မကတော့ သူနှင့် အတူနေဖို့ကို ဘယ်လိုမှ စိတ်ကူးကြည့်လို့ မရတော့ပါ။ ကျွန်မ အသက်လည်း ကြီးလာပြီ။ သူ့ ဖောက်ပြန်ရေး ဇာတ်လမ်းတွေကိုလည်း လိုက် ဒေါသထွက် မနေချင်တော့ပါ။ သို့ပေမယ့် ကျွန်မ စိတ်က သိပ်တော့ မပြတ်ချင်သေးပါ။ ကျွန်မ သူ့ကို တကယ် ချစ်ခဲ့သည်ပဲ။  ကျွန်မကို အမေ့အိမ်မှာ ပျော်သလောက်နေပြီး ပြန်လာခဲ့ပါ၊ သူကတော့ ကျွန်မနှင့် လမ်းမခွဲဟု ဆိုသည်။ “အဲဒီကောင်မလေးတွေက အလကားပါကွာ၊ ကို ပျင်းလို့ အပျော်ရှာတာပါ၊ မင်းကိုပဲ ချစ်ခဲ့တာ သိရက်သားနဲ့ ငြိမ်း ရယ်” ဟု သူက ချော့သည်။ သို့ပေမယ့်လည်း သူ့ကို ကျွန်မက မယုံကြည်ထိုက်သူ ဟု သတ်မှတ်ပြီးပြီ။

အမေ့အိမ်မှာ တစ်လလောက် နေပြီး သူ့ကို စိတ်မချသဖြင့် ကျွန်မ ပြန်လာခဲ့ပြန်သည်။ သူ့မှာ ပေါ်တင် ဇာတ်လမ်းတစ်ခုတစ်လေ သေချာ ရှိနေလျှင်လည်း ကျွန်မကို လမ်းခွဲဖို့ ပြောမည် ဆိုပြီး ပြန်ခဲ့ခြင်း ဖြစ်သည်။ သူက လမ်းခွဲစကားလည်း အပြောမခံပဲ ကျွန်မကို အတင်း ပြန်လွှတ်သည်။ သူ အလုပ်များနေသည့် အချိန်မို့ ကျွန်မကို ဂရုမစိုက်နိုင်သည့်အကြောင်း၊ ကျွန်မ အမေက အသက်ကြီးပြီ ဖြစ်သဖြင့် ဂရုစိုက်သင့်သည့် အကြောင်း စသည်ဖြင့် အကြောင်းပြကာ ပြန်လွှတ်သဖြင့် တစ်ရက်သာ နေပြီး ပြန်သွားခဲ့ရသည်။ တကယ်တော့ သူ့မှာ ဖုန်းဆက်ရမည့် ဇာတ်လမ်း အသစ် တစ်ခု ရှိနေပြန်သည်ကို ကျွန်မက မသိခဲ့သေးပါ။ သူက ကျွန်မကို လမ်းမခွဲချင်သည်ကလည်း အကြောင်းရှိသည်။ ကျွန်မဆီက ယူထားသော သိန်း ဆယ်ဂဏန်း တို့ကို သူပြန်ပေးနိုင်သေးသည် မဟုတ်သောကြောင့် ဆိုသည်ကို ကျွန်မကလည်း သိသည်။ ကျွန်မကလည်း သူ့ကို အပြီး မပြတ်သေးခြင်းမှာ ထိုငွေကြေးတို့ကိုပါ အဆုံးမခံလိုက်နိုင်သောကြောင့်လည်း တစ်ကြောင်း ဖြစ်သည်။

ဟိုအရင်ကတော့ သူက ကျွန်မဆီ ဖုန်းတွေ ခဏတိုင်း ဆက်တတ်ခဲ့သော်လည်း ခုနောက်ပိုင်းမှာ ကျွန်မတို့ နှစ်ယောက် တစ်နေရာစီ ရှိနေသောအခါ ကျွန်မကသာ စခေါ်ရတာ များပါသည်။ သူ ခေါ်ချင်လျှင်လည်း ကျွန်မကို miss call ပေးတာတို့ ၊ ပြန်ခေါ်ပါ ဆိုတာတို့သာ လုပ်တတ်သည်။ တစ်ညတော့ ကျွန်မ သူ့ကို စစ်ချင်သဖြင့် ဖုန်းခေါ်သည်ကို သူ လုံးဝ မကိုင်ပါ။ အသံပိတ်ပြီး သူ စောစောစီးစီး အိပ်ပျော်နေသည်လား ထင်လိုက်သေးသော်လည်း မဖြစ်နိုင်ပါ။ ခဏကြာတော့ သူ့ဖုန်းက ဧရိယာပြင်ပပါ ဖြစ်သွားသေးသည်။ တကယ်တော့ သူက ကောင်မလေး တစ်ယောက်နှင့် ခရီးသွားနေသည်ကို နောက်မှ သိရသည်။ သူပြောလို့တော့ မဟုတ်ပါ။ သူနှင့် စာရင်းရှင်းစရာ ရှိလျှင်လည်း ရှင်းရအောင်၊ သူ့ဇာတ်လမ်းတွေကိုလည်း ကျွန်မ သေချာအောင် သိချင်သေးသဖြင့် သူရှိရာမြို့ကို ကျွန်မ ပြန်လာ ဖြစ်ခဲ့ပြန်သည်။

ကျွန်မ ပြန်လာပြီးနောက် သူ့ကို မသင်္ကာသဖြင့် သူမရှိခိုက် သူ့ဖုန်းကို ဆက်ကြည့်ရာ ကောင်မလေး အသစ် တစ်ယောက်၏ message ကို တွေ့သည်။ သူ့ကို မေးကြည့်တော့ ကျွန်မ ထင်နေသော ကျွန်မအသိ ဒီမြို့က မိန်းကလေး မဟုတ်ကြောင်း၊ တစ်ခြားမြို့က ဆရာမလေး တစ်ယောက် ဖြစ်ကြောင်း၊ ရိုးရိုးသားသား online မှာ သိသော သူငယ်ချင်းပါဟု ပြောသည်။ ရိုးသားသော မိန်းကလေး ဆိုလျှင်လည်း သူ့အလိမ်အညာမှာ မမိအောင် သူ့အကြောင်း ပြောပြဖို့ ကျွန်မ ဆုံးဖြတ်ထားသည်။ သူ့အချစ်ကို ဘယ်သူနှင့်မှ ခွဲဝေမယူချင်သော ကျွန်မ သဝန်တိုမှုကိုတော့ ကျွန်မကိုယ်ကျွန်မလည်း မသိချင်ယောင် ဆောင်ထားသည်။
*****

(၄)
သူမ နှင့် ကျွန်မ

သူမဆီ ကျွန်မ ဖုန်းဆက်ဖြစ်တော့ နှစ်ခါလောက် miss call ဖြစ်ပြီးမှ သူမက ကိုင်ပါသည်။ “အတန်းဝင်နေလို့ မကြားတာ အစ်မ” ဟု သူမက ပြောသည်။ သူမသည် တကယ်ပင် ကွန်ပျူတာ သင်တန်းတစ်ခုမှ ဆရာမလေး တစ်ယောက် ဖြစ်ပါသည်။ သူမက ကျွန်မတို့ ထက် ၈ နှစ်လောက် ငယ်သူ ဖြစ်ပါသည်။ ပညာတတ်ကလေး ဖြစ်ရဲ့ သားနှင့် ဘာကြောင့်များ ကို့ လို လူနှင့် ပတ်သက်ရပါသလဲ။ ကျွန်မ သမီးလေးနှင့် ကိုယ်ချင်းစာမိ၍ သူမကို မမှားရအောင် ကျွန်မ အကြောင်းတွေ ပြောပြပြီး သတိပေးလိုခြင်း ဖြစ်သည်။

“အစ်မတို့မှာ ကလေး မရှိဘူးလား” ဟု သူမက မေးသဖြင့် ကျွန်မက ကျွန်မနှင့် သူ အိမ်ထောင် ကိုယ်စီ၊ ကလေးကိုယ်စီ ရှိခဲ့ကြကြောင်း ပြောလိုက်ရသည်။ ကျွန်မ အရင်ယောက်ျားကလည်း ကျွန်မကို ထား၍ နောက်အိမ်ထောင် ပြုသွားခဲ့သည့် အကြောင်း ပြောတော့ သူမက အံသြသွားပုံရသည်။ ကျွန်မ အရင်ယောက်ျား အတွက် သုံးခါ အိပ်ဆေး သောက်ဖူးကြောင်း ပြောတော့ “မကောင်းတဲ့ ယောက်ျား အတွက်များ အစ်မရယ် အဲသလို မလုပ်ပါနဲ့၊ ကိုယ့်ဘဝကိုယ် တစ်ယောက်တည်း အေးအေးဆေးဆေး နေလိုက်စမ်းပါ၊ ကိုယ့်သားသမီးတွေလည်း ရှိသားပဲ” ဟု ဆိုသည်။ သူမသည် ကျွန်မထက် သတ္တိရှိမည့်ပုံ ပေါ်သည်။
“သူ နဲ့ အစ်မ ဖြစ်သွားတာကလည်း မယူမဖြစ်တဲ့ အခြေအနေ တစ်ခု ဖြစ်သွားလို့ပါကွယ်၊ အစ်မက သူ့ကို အားကိုးချင်လို့လည်း မဟုတ်ဘူး၊ အစ်မ ပိုက်ဆံနဲ့ ပိုက်ဆံ စားနိုင်သောက်နိုင်ပါတယ်၊ သူ့ကိုတောင် ထောက်ပံ့ထားရသေးတယ်၊ အဲသလိုပဲ ဖြစ်သွားတာ၊ အခုလည်း ညီမ တစ်ယောက်တည်း မဟုတ်ပါဘူး၊ တစ်ခြားကောင်မလေးတွေလည်း ရှိခဲ့တာ၊  အစ်မသူ့ကို စိတ်ကုန်သွားပြီ၊ သူ့ကို လမ်းခွဲတော့မယ်လို့ ပြောခဲ့တယ်၊ သူ့ကို ပေးထားတဲ့ အကြွေးဆုံးမှာစိုးလို့ အစ်မ ပိုက်ဆံတော့ ပြန်ပေးလို့ ပြောထားတယ်”
ကျွန်မ စကားအဆုံးမှာ သူမက အခြေအနေတစ်ခုကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလာသည်။
“ခက်ကိုလည်း အဲဒီလူကြီးက အဲသလို ကြံခဲ့တယ် အစ်မ၊ ဒါပေမယ့် ဘာမှ မဖြစ်ခဲ့ဘူး၊ ခက် ရအောင် ရုံးထွက်ခဲ့တယ်၊ အစ်မကို သိစေချင်လို့ အမှန်အတိုင်း ဖွင့်ပြောတာပါ၊ ခက်က အဲသလောက်တော့ လုပ်မယ် မထင်လို့ သူ့ကားနဲ့ လိုက်သွားမိတာ၊ ခက် မှားသွားတာပါ၊ ခက် ဘယ်လို ဖြစ်လို့ လိုက်သွားမိမှန်း မသိဘူး”

သူမ စကားကို ကြားတော့ ကျွန်မပါ ဆွံအသွားသည်။ သူက online ရိုးရိုးသားသား သူငယ်ချင်းပါ၊ ဖုန်းပြောရုံပါ လို့ ကျွန်မကို ပြောခဲ့သည်လေ။ ကျွန်မ သူမကို အထင်မသေးပါ။ သူ့ကိုသာ အထင်သေးမိပါသည်။

သူမက တစ်ခြားမြို့မှာ အလုပ်လုပ်နေသော်လည်း ပိတ်ရက်မှာ ဇာတိမြို့ကို ပြန်လာရင်း သူနှင့် တွေ့သွားခြင်း ဖြစ်သည်။
“ခက်က အစကတော့ သူ့ကို တစ်ခြားမြို့ကလို့ ထင်နေတာ၊ နောက်မှ ဒီမြို့က ဖြစ်နေတာ၊ စကားဆိုတာ ပြောပါများတော့ အမှားပါတယ် ဆိုတာ၊ ခက်ကတော့ အမှန်တွေ ပြောမိသွားတာ၊ ခက် အိမ်ကိုပါ ပြောလိုက်မိတော့ သူသိသွားတယ်လေ၊ မနက်စောစော လမ်းလျှောက်ရင်းနဲ့ ခက်အိမ်ရှေ့ ရောက်တယ်၊ ခက် ပြန်မယ် ဆိုတော့ သူက အတင်း လိုက်ပို့ မယ် လုပ်တာနဲ့ ခက်လည်း အားနာပြီး မငြင်းမိဘူး၊ အိမ်က မသိအောင် သူ့ကားနဲ့ ပြန်လာမိတာလေ”

“ခက်လေ online မှာ အဲလိုပဲ စကားပြောဖူးတဲ့သူတွေ ရှိပေမယ့် တစ်ခါမှ အပြင်မှာ မတွေ့ဖူးပါဘူး၊ အကြောင်းအမျိုးမျိုးပြပြီး ငြင်းခဲ့တာချည်းပဲ၊ သူနဲ့ကျမှ ဘယ်လိုဖြစ်သွားမှန်း မသိဘူး၊ ကြိုက်လောက်စရာ ပုံလည်း မဟုတ်ပဲနဲ့၊  သူက အပြောကောင်းတော့ အားနာပြီး တွေ့မိတာ၊ လူလွတ်ပဲ အောက်မေ့တာလေ၊ သူက ညဘက်လည်း ဖုန်းဆက်တာကိုး”
“ညီမက လူလွတ် ထင်မှာပေါ့၊ အစ်မတို့က အတူမနေကြဘူးလေ”
“သြော်..”

“ယောက်ျားတစ်ယောက်နဲ့  ညဘက်မှာ ကားနဲ့ လိုက်မိတာ ခက် အပြစ်ပါ အစ်မရယ်၊ ခက် စိတ်ထဲမှာတော့ ဒီလိုပဲ စကားပြောရင်း သွားကြမယ်၊ ဟိုရောက်ရင်လည်း အတူတူ ဟိုနေရာ ဒီနေရာ လျှောက်သွားပြီး ခက် အဆောင်ပြန်မယ်၊ အဲလို ရိုးရိုးတွေးမိတာ၊ ခက် တော်တော် ကလေးဆန်တာပဲ၊ ဒါပေမယ့် သူ့ကိုလည်း ကျေးဇူးတင်ပါတယ်လေ.. ခက်ကို နာကျင်အောင် မလုပ်ခဲ့ဘူး၊ ခက်ကို ဒီတိုင်း ပြန်လွှတ်ပေးခဲ့လို့ပါ။ သူ နှစ်ကြိမ် သုံးကြိမ် ကြံတာ ခက်က နည်းအမျိုးမျိုးသုံးပြီး ငြင်းတော့ မရနိုင်ဘူးဆိုတာ သူသိပြီး ခက်ကို အမြန်လမ်းမပေါ်မှာ ချပေးခဲ့တယ်၊ Express ကား ပြန်စီးပြီး ခက်ပြန်လာခဲ့ရတယ်”
သူမ အသံက ငိုသံပါလာသည်။ ရိုးသားသော မိန်းမ တစ်ယောက်အတွက် လက်ထပ်ရန် ရည်ရွယ်ထားသူ မဟုတ်သော ယောက်ျား တစ်ယောက်၏ အဓမ္မ ကြံစည်မှုကို ခံရခြင်းသည် ထိတ်လန့်စရာ မဟုတ်လား..။ ယောက်ျားဆိုတာ ယုံကြည်မှုနှင့် ထိုက်တန်သူများ မဟုတ်ကြောင်း သူမလည်း သိသွားပြီ ထင်သည်။

“ဖြစ်မှ ဖြစ်ရလေ ညီမရယ်၊ ကံသီလို့ပေါ့ကွယ်၊ အစ်မတုန်းကလည်း သူ အဲဒီလိုပဲ လုပ်ခဲ့တာပဲ”
“ဟုတ်ပါတယ် အစ်မရယ် ခက်လေ ပြန်ကို တွေးမကြည့်ချင်ဘူး၊ ဘာလို့ စိတ်ရူးပေါက်ပြီး သူ့ကားပေါ် လိုက်မိသလဲ မသိပါဘူး၊ သူ့ကားပေါ်မှာ ဘုရားစာတွေ ရွတ်ပြီး အဲဒီအခြေအနေ လွတ်မြောက်ဖို့ ဆုတောင်းလိုက်ရတာ..၊ ခက်က အဲလို လုပ်နေကျ လူမျိုးလည်း မဟုတ်ပါဘူး၊ တော်ပါပြီ အစ်မရယ်၊ နောက်ဆို online ကနေ မသိတဲ့ လူတွေနဲ့  ဖုန်းလည်း မပြောတော့ပါဘူး၊ တွေ့လည်း မတွေ့တော့ပါဘူး”

သူမ ပြောသည်များကို နားထောင်ရင်း ကျွန်မ သမီးလေးသာ သူမလို မလွတ်မလပ်လူတစ်ယောက် နှင့် တွေ့ခဲ့လျှင် ကျွန်မ ဘယ်လောက် ရင်ကျိုးရမည်လဲ ဟု စိုးရိမ်စိတ်ဝင်မိသည်။ ကျွန်မ သမီးလေးကိုလည်း internet သုံးလျှင် သတိထားဖို့ ပြောရဦးမည်။ သူကတော့ သမီးလေး တစ်ယောက် ရှိလျှက်နှင့် သမီးချင်း မစာနာသူ ဖြစ်သည်။ သူမ ပြောသည်ကို ကျွန်မ ယုံသည်။ သူမသည် ကျွန်မလို ပညာမတတ်သူမဟုတ်။ ဘွဲ့ နှစ်ဘွဲ့ ရထားသူ ဖြစ်လျှက်နှင့် သူ့ ကျော့ကွင်းထဲ ဆင်းမိဖို့ သီသီကလေးသာ လိုခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူမ သူ့လက်ထဲမှာ မှည့်တစ်ပေါက်မှ မစွန်းထင်း ခဲ့ခြင်း အတွက် ဝမ်းသာပါသည်။ သူမလို ရုံးမထွက်နိုင်သူ ဖြစ်ခဲ့လျှင်၊ သို့မဟုတ် ရုံးမထွက်ချင်သူ ဖြစ်ခဲ့လျှင် သူ့လက်ထဲမှာ အစွန်းအထင်း တစ်ခု အလွယ်တကူ ဖြစ်နိုင်မည်သာ ဖြစ်သည်။

ကျွန်မ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည်။ ဤကဲ့သို့ အကျင့် ရှိသူ တစ်ယောက်နှင့် ကျွန်မ ဆက်လက် ပတ်သက်ဖို့ မသင့်ဘူးထင်သည်။ သူ့ကိုလည်း ကျွန်မ သူနှင့် လမ်းခွဲချင်သည့် ကျွန်မစိတ်ကို ပြောဖြစ်ခဲ့သည်။ သူမကို ကျွန်မ ဖုန်းဆက်တော့ ကျွန်မမြို့ကို ကျွန်မ ပြန်ရောက်နေပါပြီ။ အဖေ နှင့် အမေက အသက်ကြီးပြီဖို့  အိမ်က ခြံလုပ်ငန်းများကိုလည်း ကျွန်မပဲ ဦးစီးပြီး လုပ်မယ့်သူ ရှိသည်။ ကျွန်မ သားနှင့် သမီးကို စောင့်ရှောက်ရဦးမည်။ ဘယ်ယောက်ျားနှင့်မှ ကျွန်မ မပတ်သက်လိုတော့ပါ။ ဒုတိယအကြိမ်မြောက် ကံမကောင်းခြင်း အတွက် ကျွန်မ မငိုတတ်တော့ပါ။ ကျွန်မ ယောက်ျားတွေ အကြောင်းကို ပိုသိသွားသည်ဟုပင် တွေးလိုက်ရပါသည်။ ကျွန်မ သူ့ဆီ မပြန်တော့ပါ။ ကျွန်မ အကြွေးတွေ ပြန်ဆပ်ဖို့ အဆင်သင့်ဖြစ်လျှင်၊ ကျွန်မကို ကွာရှင်းပေးဖို့ အဆင်သင့် ဖြစ်လျှင် ကျွန်မကို ဖုန်းဆက် ခေါ်ဖို့ သူ့ကို ပြောထားသည်။ သို့ပေမယ့် ကို့ကို ကျွန်မ ဘဝထဲက အပြီး ထုတ်ပစ်နိုင်ပြီလား ဆိုတာ သိပ်တော့ မသေချာသေးပါ။ မောင့်ကိုတော့ သားသမီးတွေ ကြောင့်သာ အခေါ်အပြော ရှိသည် ဆိုသော်လည်း သံယောဇဉ်ကတော့ လုံးဝ ပြတ်ခဲ့ပါပြီ။ ကို့ ကိုတော့…။ မောင့်ကို ကွာရှင်းပြီး ကို့ကို လက်ထပ်ခွင့်ရဖို့ ကျွန်မ ဆက်ကြိုးစားသင့်ရဲ့လား ကျွန်မ မတွေးချင်တော့ပါ။

သူမ အကြောင်း ကျွန်မ ကို့ကို ပြန်မမေးခဲ့ပါ။ သူမက ကျွန်မကို ယုံကြည်၍ ပြောထားသော ကိစ္စကို သူမ ဂုဏ်သိက္ခာ ကျအောင် ကျွန်မ မလုပ်တော့ပါ။ သူမကို ကျွန်မ နောက်ထပ် နှစ်ခါ သုံးခါ လောက် ဖုန်းဆက်ဖြစ်သည်။ miss call ဖြစ်သွားလျှင် သူမကလည်း ပြန်ဆက်တတ်သည်။ ကျွန်မ အကြောင်းတွေ သူမကို ပြောပြမိသည်။ သူမကို ကျွန်မ ညီမ တစ်ယောက်လို ခင်မင်မိသည်။ သူမ စကားများကို နားထောင်ရသည်မှာ ရိုးသား ပွင့်လင်းသော မိန်းကလေး တစ်ယောက် ဆိုတာ သိသာသည်။ သူမက အိမ်ထောင်ပြုရန် ရည်ရွယ်ချက် မရှိသေးသော အပျိုကြီးလေး ဖြစ်သည်။ လူဆိုတာ တစ်ခါတော့ မှားတတ်ကြတာပါပဲလေ။ အဲဒီအမှားထဲမှာ ဘဝ မပျက်ခဲ့တာ မြတ်စွာဘုရား စောင့်ရှောက်ခဲ့ခြင်းလို့ သာ ယုံလိုက်ပါတော့ ညီမလေးရေ..။

မယုံကြည်ထိုက်သော ယောက်ျားများနှင့် တွေ့ဆုံခဲ့ရခြင်းသည် ကျွန်မ ဘဝ၏ အတိတ်ဝဋ်ကြွေးသာ ဖြစ်ပါသည်။ အဖြစ်အပျက်များသည် ဖြစ်ချိန်တန်၍ ဖြစ်ပျက်ခြင်းသာ ဖြစ်သည်။ အရင်လူနှင့်ရော၊ နောက်လူနှင့်ရော နှစ်ဦးအတူ ပျော်ခဲ့သော ရက်များလည်း ကျွန်မဘဝတွင် ရှိခဲ့ဖူးသည်ပဲ။ ယခုအချိန်မှာတော့ ဘယ်သူ့ အတွက်မှ ကျွန်မ ပူလောင်မသေင့်တာ့ပြီ။ ကျွန်မ ဘဝကို ကျွန်မဘာသာ တစ်ယောက်တည်းပဲ ပျော်ပျော်ရွှင်ရွှင် ရပ်တည်နိုင်အောင် ကြိုးစားတော့မည်ဟု ဆုံးဖြတ်လိုက်ပါပီ။

သိင်္ဂါကျော်