05 November, 2014

ကျေးလက်နေ အမျိုးသမီးတစ်ယောက်ဘဝမှ Keys Software Solutions ကုမ္ပဏီ CEO တစ်ယောက် ဘဝသို့ အရောက်လှမ်းနိုင်ခဲ့သူ

“အောင်မြင်တဲ့ ဇာတ်လမ်းတိုင်းမှာ နာကျင်စရာနဲ့ အစပြုခဲ့ရပြီး နာကျင်ပင်ပန်းတဲ့ အစပြုမှုတိုင်းမှာလည်း အောင်မြင်တဲ့ အဆုံးသတ်တစ်ခုတော့ ရှိပါတယ်။” (Dr. APJ Abdul Kalam)

 “သင့်က ဆင်းဆင်းရဲရဲ မွေးဖွားလာတယ် ဆိုရင် အဲဒါ သင့် အမှား မဟုတ်ပါဘူး၊ ဒါပေမယ့် သင် ဆင်းဆင်းရဲရဲ နဲ့ပဲ သေဆုံးသွားမယ် ဆိုရင်တော့ အဲဒါ သင့်အမှားပါ” (Bill Gates)

သာမာန် ရွာသူ အမျိုးသမီး တစ်ယောက်ဘဝကနေ Keys Software Solutions ကုမ္ပဏီ CEO တစ်ယောက် အဖြစ်သို့  အရောက်လှမ်းနိုင်ခဲ့သူကတော့ အိန္ဒိယအမျိုးသမီး Mrs. D. Anil Jyothi Reddy (ဒီ အနေးလ် ဂျော့သီ ရက်ဒ်ဒီ) ဖြစ်ပါသည်။


Anil Jyothi Reddy ကို ၁၉၇၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဆင်းရဲသား မိသားစုတစ်စုမှ မွေးဖွားခဲ့ပြီး မွေးချင်း လေးယောက် ရှိခဲ့သည်။ သူမ ငယ်စဉ်မှာပင် မိခင် ဆုံးပါးသွားခဲ့ပြီးနောက် ဖခင်က အလုပ်အကိုင်မဲ့ကာ စစ်တပ်သို့ ဝင်ခဲ့သည်။ ဆက်လက် မစောင့်ရှောက်နိုင်တော့သည့်အတွက် သူမကို အစိုးရ မိဘမဲ့ကျောင်းကို ပို့ခဲ့သည်။ Jyothi Reddy သည် ၅ တန်းမှ ၁၀ တန်းအထိ မိဘမဲ့ ကျောင်းတွင် ချို့တဲ့စွာ နေထိုင်ရင်း တက်ရောက်ခဲ့သည်။ နွေကျောင်းပိတ်ရက်များမှာပင် သူမသည် အိမ်သို့ မပြန်ရပဲ အုပ်ချုပ်ရေးမှူး၏ အိမ်တွင် နေထိုင်ရင်း အိမ်အလုပ်များကို ကူလုပ်ပေးခဲ့ရသည်။ သူမ၏ ခါးသီးစရာ ကိုယ်ပိုင် ခံစားချက်များကြောင့် ယခုအခါတွင် မိဘမဲ့ ကလေးများ၏ လိုအပ်ချက်များကို တတ်နိုင်သလောက် ထောက်ပံ့ပေးနေခဲ့ခြင်း ဖြစ်သည်။

Jyothi Reddy သည် ဆယ်တန်းကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ပြီး ရှေ့ဆက်ရန် အိပ်မက်များ ရှိခဲ့သော်လည်း မဆက်နိုင်ခဲ့ပါ။ သူမ၏ မိဘများ အတင်းအကျပ် တိုက်တွန်းမှုဖြင့် အသက် ၁၆ နှစ် အရွယ်မှာပင် Mr. SangiReddy နှင့် လက်ထပ်ခဲ့ရသည်။ အိန္ဒိယ ကျေးလက်များမှာ မိန်းကလေးငယ်များ၏ မိဘများက တတ်နိုင်သမျှ မြန်မြန် သမီးများကို စွန့်လွှတ်ချင်နေသောကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပင် အိမ်ထောင်ချပေးလေ့ ရှိကြပါသည်။ သူမသည် အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ဘာမှ မသိနားမလည်သေးသော အရွယ် ဖြစ်သော်လည်း နောက် ၂ နှစ်အကြာ၌ ကလေးနှစ်ယောက်၏ မိခင် ဖြစ်ခဲ့ရသည်။ သူမ၏ ကလေးများကို ကျွေးမွေးပြုစုရန်၊ ကြည့်ရှုစောင့်ရှောက်ရန် အခြေခံလိုအပ်ချက်များ ပြည့်စုံဖို့ရန် ခက်ခဲသော ဘဝ ဖြစ်ခဲ့ရသည်။

သူမသည် ပိုက်ဆံရရန်အတွက် ယောက္ခမနှင့် အမျိုးသား ကို ခွင့်တောင်းကာ လယ်ထဲဆင်း၍ တစ်ရက်လျှင် ၅ ရူပီးမျှ ရသော အလုပ်ကို လုပ်ခဲ့ရသည်။ သူမသည် ၁၉၈၆ မှ ၈၉  ခုနှစ်အထိ ထိုအလုပ်ကို လုပ်ခဲ့ပြီးနောက် ၁၉၈၉  ခုနှစ်တွင် သူမအတွက် အလှည့်အပြောင်းတစ်ခု ကြုံခဲ့သည်။ ရွာတွင် အသက်ကြီးသူများအတွက် မူလတန်းပညာသင်ပေးရန် ညကျောင်း တစ်ခု ဖွင့်ရာ ထိုကျောင်းတွင် တစ်လလျှင် ရူပီး ၁၂၀ နှင့် အလုပ်ရခဲ့သည်။ အဆင့်မြင့်ပညာ မပြီးလျှင် နောက်ထပ် ရာထူးတက်ရန်မှာ မဖြစ်နိုင်သည့်အတွက် သူမသည် အဝေးသင်ဖြင့် ဘွဲ့ရအောင် ယူခဲ့သည်။ သူမသည် အန်နာ တက္ကသိုလ်မှ B.Ed ဘွဲ့ ရပြီး နောက် အစိုးရဝန်ထမ်း Volunteer ဆရာမ တစ်ယောက် ဖြစ်လာပြီး တစ်လလျှင် ရူပီး ၂၀၀ ရခဲ့သည်။

သူမ၏ အမျိုးသားကလည်း မကန့်ကွက်သည့်အတွက် သူတို့မိသားစုသည် ရွာမှ သူမ အလုပ်ရှိရာ မြို့သို့ ပြောင်းလာခဲ့ကြသည်။ မြို့ရောက်သော အခါ၌လည်း မိသားစုနှင့် အလုပ်ကို ညှိယူရခြင်း၊ ပိုက်ဆံရှာရန် အစွမ်းကုန် ကြိုးစားသော်လည်း လစာ မလုံလောက်ခြင်း စသည့် ကျေးလက်နေ အိန္ဒိယအမျိုးသမီးများထက် ပိုများသော ပြဿနာများနှင့် တွေ့ကြုံကြရပြန်သည်။ သူမသည် အလုပ်အမျိုးမျိုး လုပ်ခဲ့သည်။ ၁၉၉၂ တွင် သူမ နေသော နေရာနှင့် ၇၀ ကီလိုမီတာ ဝေးသော ကျောင်းတွင် ဆရာမ အလုပ်ရသည်။ ခရီးစားရိတ် ရရန်အတွက် သူမသည် ရထားပေါ်မှာ ဆာရီများ ရောင်းခဲ့ရသည်။ နောက်ဆုံး ၁၉၉၄ ခုနှစ်တွင် တစ်လလျှင် ရူပီး ၂၇၅၀ ရသော ပုံမှန် အလုပ်တစ်ခု ရခဲ့သည်။ အမျိုးသမီးငယ်များ ဖွံဖြိုးတိုးတက်ရေး အရာရှိအနေနှင့် ကျောင်းများကို စစ်ဆေးရသော အလုပ်ဖြစ်သည်။

ရည်မှန်းချက်ကြီးသော အမျိုးသမီး တစ်ယောက် အနေနှင့် သူမ၏ ကလေးနှစ်ယောက်ကို လုံလောက်ရုံမျှသာ ကျွေးမွေးနိုင်သည်ကို မကျေနပ်နိုင်သေးပါ။ ၁၉၉၈ တွင် အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်ရာမှ အလည်လာသော သူမ၏ ဝမ်းကွဲဆွေမျိုး တစ်ယောက်နှင့် တွေ့ ခဲ့သည်။ သူမတို့နှင့် ကွာခြားလှသော ထိုဆွေမျိုး၏ ပိုက်ဆံ သုံးနိုင်မှု၊ ဘဝအဆင့်အတန်းနှင့် ပတ်သက်ပြီး အားကျခဲ့သည်။ သူမ၏ ဝမ်းကွဲအစ်ကို ကဲ့သို့  computer software နှင့်ပတ်သက်ပြီး သင်ယူချင်စိတ် ဖြစ်လာခဲ့သည်။ သူမသည် အမေရိကား သွားရန် စိတ်ပိုင်းဖြတ်ပြီး computer သင်တန်းတက်ကာ ပတ်စ်ပို့ နှင့် ဗီဇာအတွက် ပိုက်ဆံစုခဲ့သည်။ ထို့နောက် သူမ၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် သမီးနှစ်ယောက်ကို အဆောင်တွင် အပ်ထားခဲ့ပြီး အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။

Jyothi Reddy သည် အမေရိကန်နိုင်ငံသို့ ရောက်ကာစတွင် ထိုနိုင်ငံတွင် အခြေချ နေထိုင်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်မှန်း သိလာရသည်။ စစချင်း လစာနည်းသော အရောင်းစာရေး အလုပ်များ လုပ်ခဲ့ရပြီး သူများအိမ်တွင် ကပ်နေခဲ့ရသည်။ အတော်ကြာမှ ကုမ္ပဏီတစ်ခုတွင် လစာကောင်းကောင်း အလုပ်ရခဲ့သည်။ သို့သော်လည်း မကြာခင် သူမ၏ ဗီဇာ ပြဿနာကြောင့် အလုပ်မှ ထွက်ခဲ့ရပြီး ဗီဇာ မရခင် ကာလအတွင်း ရရာ အလုပ်များကို ပြန်လုပ်ခဲ့ရပြန်သည်။ ဗီဇာအတွက် မက္ကစီကို သို့ သွားရင်း ဗီဇာရရန် လုပ်ဆောင်ရသည့် ခက်ခဲမှုများအတွက် အကြံပေးကုမ္ပဏီတစ်ခု ထောင်ရန် စဉ်းစားခဲ့မိသည်။ ထို့ကြောင့် Keys software solutions ကို စတင်ခဲ့သည်။ ထို့နောက် software များ ရေးသားခြင်းနှင့် အခြားအလုပ်အကိုင် ရှာဖွေခြင်း လုပ်ငန်းများကို ချဲ့ထွင် လုပ်ကိုင်ခဲ့သည်။ Jyothi Reddy သည် ၂၀၀၀ ခုနှစ် တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ အစ်ကို ဝမ်းကွဲကိုပါ အလုပ်အတူတွဲလုပ်ရန် ခေါ်ခဲ့ပြီး လုပ်ငန်းများကို ထပ်ချဲ့ခဲ့သည်။ သူမ၏ သမီးများကို ခေါ်ယူပြီး အမေရိကန်တွင် ကျောင်းဆက်တက်စေသည်။

သူမ၏ ကြိုးစားအားထုတ်မှု၊ ရည်မှန်းချက် ချမှတ် လုပ်ဆောင်နိုင်မှုတို့ကြောင့်  သူမ၏ အိပ်မက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ သူမ၏ သမီးများကို အဆင့်အတန်းမြင့်မြင့် နေစေချင်သော သူမ၏ အိပ်မက်အတိုင်း ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ သူမ၏ ဆွေမျိုးနီးစပ်များကို ကောင်းကောင်း ထောက်ပံ့နိုင်ခဲ့သည်။ သူမ၏ သမီးများသည် ယခုအခါ အင်ဂျင်နီယာ ဘွဲ့များရကာ လက်ထပ်ပြီး US မှာပင် အခြေချ နေကြပြီ ဖြစ်သည်။

Jyothi Reddy သည် သူမကို အစစအရာရာ ကူညီ ထောက်ပံ့ ပေးခဲ့သူများကို အမြဲတမ်း ကျေးဇူးတင်လျက်ရှိသည်။ သူမသည် သူမ နာကျင်ခဲ့ရသော ကျပ်တည်းသော ဘဝကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပဲ အကူအညီ လိုအပ်သူများကို ကူညီထောက်ပံ့ရန် ဆုံးဖြတ်ခဲ့သည်။ မပြည့်စုံမှုများ၏ ရိုက်ခတ်ခြင်းကို ခံခဲ့ကြရသော မိဘမဲ့ ကလေးများ၏ မျက်ရည်ကို သုတ်ပေးချင်ခဲ့သည်။ သူမသည် အများအကျိုးဆောင် စီမံကိန်းများစွာ လုပ်ဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ လာရောက် အခြေချချင်သော အိန္ဒိယလူမျိုးများကို အကူအညီများ ပေးခဲ့သည်။

“ကျွန်မ ဒီထက်ပိုပြီး အများကြီး လုပ်ချင်ပါသေးတယ်။ အလုပ်ကြိုးစားပြီး ဉာဏ်ထက်မြက်တဲ့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး စီးပွားရေးသမားကောင်းတွေ ဖြစ်နိုင်ပါတယ်” လို့ သူမက ပြောခဲ့သည်။

“ကျွန်မက အမျိုးသမီးတွေကို အရွယ်အလိုက်ပေါ့ သူတို့ရဲ့  အဖေတွေ၊ အမျိုးသားတွေ၊ သားတွေ အပေါ် မမှီခိုပဲ အလွတ်လွတ်လပ်လပ် စီးပွားရေး လုပ်စေချင်ပါတယ်၊ ပညာရေးမှာလည်း ဘွဲ့တွေ ဒီပလိုမာတွေ ရတဲ့အထိ ဆက်သင်စေချင်ပါတယ်။ လက်ထပ်ပြီးနောက်ပိုင်း အလုပ်မလုပ်တော့တာ မျိုးတွေလည်း မဖြစ်စေချင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် တည်ဆောက်ပါ။ သားသမီးတွေကို ဂရုစိုက်တာဟာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပေမယ့်လို့  အဲဒါနဲ့ ချည်းပဲ တစ်ဘဝလုံး မကုန်ဆုံးသင့်ပါဘူး” လို့ သူမက ပြောခဲ့ပါသည်။

ဘဝရဲ့ အခက်အခဲ အကျပ်အတည်းများက လူတွေရဲ့ စွမ်းဆောင်ရည် မြင့်တက်ဖို့ တွန်းအားပေးပါသည်။ သူမ ပြင်းပြစွာ ခံစားမိတာကတော့ လူတိုင်းလူတိုင်း ပတ်ဝန်းကျင်ကို အပြစ်တင်တာတွေ ရပ်ပြီး ကိုယ့်ကိုယ့်ကိုယ် ကူညီဖို့ စတင်သင့်တယ် ဆိုတာပါပဲ။ ကျွန်မတို့ဟာ နောက်ပြန်လှည့်မကြည့်ပဲ ကျွန်မတို့ရဲ့ ဘဝ တိုးတက်မြင့်မားဖို့ ကျွန်မတို့မှာပဲ တာဝန်ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်သင့်ပါသည်။

မှီငြမ်း
http://www.jyothireddy.com/story.php
http://www.indiaonrent.com/view/f/from-a-labour-to-ceo-jyothi-reddy-great-inspiration.html
http://timesofindia.indiatimes.com/city/visakhapatnam/D-Anila-Jyothi-Reddy-A-journey-from-farm-labourer-to-IT-firms-CEO/articleshow/18857681.cms

(တစ်ခြားမှာ ပြန်ဆိုထားတာ၊ ရှိချင်လည်း ရှိမှာပါ။ ကိုယ်တိုင် ဖတ်ဖို့  ကိုယ်တိုင် စိတ်ခွန်အားတိုးဖို့ အတွက် လေးစားအားကျဖွယ်ရာ အမျိုးသမီးတစ်ယောက် အကြောင်းကို ရေးဖြစ်တာပါ။)

သိင်္ဂါကျော်

2 comments:

Aunty Tint said...

လေးစားအားကျစရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ ကျော်ရေ....
အထူးသဖြင့် ရှေးရိုးအစဉ်အလာအတိုင်း အိမ်ထောင်ဦးစီး ဒါမှမဟုတ် မိဘ မောင်နှမသားချင်းတို့ကို မှီခိုနေတဲ့သူများအတွက် အကောင်းဆုံးသော သင်္ခန်းစာပါပဲ။

Anonymous said...

အားကျလိုက်တာ..ဒီစာလေးဖတ်ပြီးခွန်အားတွေတကယ်ရပါတယ်..
@Ahthu