06 May, 2011

သံသယ အကျဉ်းစံ


သံသယတွေ အစီအရီ သီကုံးထားတဲ့
အဲဒီ လိုက်ကာစကိုပဲ အမြဲ ချရင်း
အခန်းကျဉ်းထဲက လှမ်းကြည့်နေသူပေါ့၊
လေစိမ်း တစ်ချက် ဝင်ရင်တောင်မှ
အဆိပ်ငွေ့တွေလို့ ထင်ချင်သေးရဲ့.. ။

မယုံသင်္ကာမှုဆိုတာ
မယုံကြည်နိုင်မှုတွေ များလာရာက မြစ်ဖျားခံခဲ့တာပါ၊
ကိုယ့်ဟာကိုယ် စွဲချက်တွေ တင် တင်ပြီး
ကိုယ့်ဟာကိုယ် သက်သေ ပြ ပြနေသူပေါ့..။

အဲဒီလိုနဲ့ပဲ
လတ်လတ်ဆတ်ဆတ် ခူးဆွတ်နေမိတာက
ဒေါသ သစ်သီးတွေပဲ ဖြစ်ဖြစ် နေပါရော..။
ဈေးကြီး ပေးပြီး ဝယ်မိတာကလည်း
လောဘသီးတွေပဲပေါ့။

ပေးသင့်တာလည်း ပေးခဲ့ပြီး
ယူသင့်တာလည်း ယူခဲ့ပြီးပါလျက်
ဝဋ်ကြွေးက မကုန်နိုင်လေလျော့သလား၊
သံသယ လိုက်ကာကြားက ထွက်ပြီး
တောရိပ်ကိုလည်း မခိုနိုင်သူပါ။

ကိုယ့်ဟာကိုယ် ဖျော်ထားတဲ့
မောဟ ဖျော်ရည်တွေ သောက်သောက်နေရင်း
မကြည်လင်တဲ့ အမြင်ကိုမှ အမှန်လို့ ထင်ချင်နေပြီး
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ် မွန်းကျပ်၊
သံသယရဲ့ အကျဉ်းတိုက်ထဲ
ကိုယ့်ကိုယ်ကိုပဲ ပိတ်လှောင် ထားသူရယ်ပေါ့..။

သိင်္ဂါကျော်

6 comments:

မိုးယံ said...

သံသယ ဟာ... အသင်းအဖွဲ့ကို တောင် ပြိုကွဲစေနိုင်တယ်..

သံသယ ဟာ ယုံကြည်မှုကို ခပ်ပြင်းပြင်း နင်းချေခဲ့တာ...

မောဟ ဖျော်ရည်တွေ သောက်ပြီး မိုက်ခနဲ ဖြစ်သွားချိန်မှာ သတိပြန်လည်လာတော့ သံသယ အကျဉ်းခန်းထဲမှာပေါ့။

လင်းခေတ်ဒီနို said...

ကိုယ့်ဟာကိုယ် ဆွဲချက်တင်တင်ပြီး ကိုယ့်ဟာကိုယ် သက်သေပြနေသူပေါ့ ......

အရမ်းကောင်းတယ်း)

flowerpoem said...

သံသယ က မရှိမကောင်း ရှိမကောင်းပါ အရမ်းကို ပူလောင်ပါတယ်..

အလင်းသစ် said...

ကဗျာကောင်းလေးတစ်ပုဒ်ကို ဖတ်ရှုခွင့်အတွက်
ကျေးဇူးတင်သွားပါ၏။။။

Angelhlaing(May everybody be happy and healthy! said...

ခံစားမှု ထဲမှာ အမုန်းထပ် သံသယကို ပိုကြောက်တယ်...မမ..။ သင်တန်းလေးကြောင့် မှန်မှန်မရောက် ဖြစ်ပေမယ့် သတိတရ အမြဲရှိနေပါတယ်မမရေ..။ ကောင်းသောနေ့လေးဖြစ်ပါစေ။

sosegado said...

ဖတ်လည်းဖတ်သွားတယ်၊ ရက်လိုလဲဆိုကြည့်သွားတယ်ဒေါသသံလေးထည့်ပြီး