31 May, 2011

တစ်ခုခု


တစ်ခုခုတော့ တစ်ခုခုပေါ့
ဘဝမှာ အရေးပါမှုတစ်ခုတော့ ရှိသင့်ရဲ့
ကိုယ်တိုင် တန်ဖိုးထားတဲ့ အရာမျိုး
အများလည်း လက်ခံတဲ့ အရာမျိုး
ကဲ ပြောတာတော့ ဟုတ်ပါပြီ၊
ဒါကို ဘယ်သူ သတ်မှတ်ပေးမလဲ။

ငါရော.. မင်းရော
အသက်ရှင်သန်ဖို့အတွက်
အလုပ်တော့ လုပ်နေပါရဲ့
မင်းရဲ့ နေရေးထိုင်ရေး
မင်းရဲ့ စားရေးဝတ်ရေး
မင်းရဲ့ မိသားစုအပေါ် တာဝန်ကျေရေး
ဒီအရေးတွေ
အဆင်ပြေနိုင်ရဲ့လား။

ငါရော.. မင်းရော
ပိုက်ဆံ များများရတဲ့
အလုပ်တော့ လုပ်နေပါရဲ့
မင်း တန်ဖိုးထားပြီး ပျော်နေရဲ့လား၊
မင်းရဲ့ ချစ်သောသူတွေနဲ့
ခံစားမှုတွေ မျှဝေဖို့ အချိန်ရှိရဲ့လား၊
မင်းဘဝ နောက်ဆုံးချိန်ထိ
လုပ်နိုင်မယ် သေချာရဲ့လား။

ဝါသနာနဲ့ ပျော်ရွှင်မှုလည်း ရှားပါး
မိသားစုကိုမှ မထောက်နိုင်လောက်တဲ့
မလောက်မငမှုနဲ့
လူရိုသေ ရှင်ရိုသေ ခေါင်းစဉ်တစ်ခုအောက်မှာ
လုပ်နေရုံနဲ့
တစ်ဘဝစာလုံး ကျေနပ်နိုင်ရဲ့လား။

ငါ့ကိုယ်ငါပဲ မေးမေး နေတာပါ
ငါလိုချင်တဲ့ တစ်ခုခုကို
ဘာကြောင့် ရအောင် မလုပ်နိုင်သလဲ
အောင်မြင်ကြီးပွားကြောင်း စာအုပ်တွေလည်း
မရေနိုင်အောင် ဖတ်ပြီးလျှက်နဲ့။
တစ်ခုခုတော့ ရှိနေမှာပါ
ငါ့အတွက် သင့်တော်တယ်လို့
ငါ့စိတ်က သတ်မှတ်ပေးတဲ့အရာ၊
တစ်ချိန်ချိန်မှာ
ဖမ်းဆုပ်နိုင်ရမယ်လို့
ပိုင်းဖြတ်တဲ့ စိတ်တစ်ခုသာ ရှိပါစေပေါ့။
အဲဒီတစ်ခုခုက
မင်းဆီကို ရောက်အောင်လာမှာ အသေချာ။

သိင်္ဂါကျော်


7 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

တခါတလေကျတော့ ကိုယ်လိုချင်တဲ့တစ်ခုခုက ဘာမှန်းကိုကိုယ်တိုင်က မသိသလိုဖြစ်နေတယ်
ငွေလား ရာထူးလား အေးချမ်းမှုလား ရောင့်ရဲမှုလား
လိုချင်တာတွေ များနေပြန်တဲ့အခါလည်း ရှိရဲ့
အသက်ကြီးရင်တော့ အေးအေးချမ်းချမ်းနဲ့ ရောင့်ရဲစွာ နေနိုင်လာမယ်ထင်ပါတယ်

ခရစ္စတလ် said...

ချော ပြောသလို နေချင်ပြီ :)

Anonymous said...

ကိုယ်ပြောချင်တာတွေနဲ့ ထပ်တူပဲ၊

ချစ်ကြည်အေး said...

အနတ္တသဘောကို ကိုယ်တွေ့မြင်ပြီး သုညတကို လက်ခံနိုင်လာတဲ့အခါ....တခုခုမကတဲ့ အရာရာဟာ...အေးချမ်းကုန်ဆုံးသွားမှာ အသေအချာ.....

Angelhlaing(May everybody be happy and healthy! said...

ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးပါမမရေ... ကောင်းသောနေ့လေး ဖြစ်ပါစေ။

sosegado said...

တစ်ခုမကလို့ ခက်နေတယ်

သံယောဇဉ် said...

ထိမိတဲ့ ကဗျာရှည်တစ်ပုဒ်ကို
လာဖတ်သွားပါတယ်...
ထပ်တူအားပေးနေပါတယ်ခင်ဗျာ။