03 March, 2017

နွေဦးစိတ်ကူး



အရိုးပြိုင်းပြိုင်း သစ်ပင်တွေကို ကြည့်ရင်း
မျှော်လင့်ချက် သစ်ရွက်တွေ
အားလုံးကြွေကျနေတဲ့
ငါ့ အိပ်မက် သစ်ပင်က
ဘယ်တော့မှ
ပြန်လည် စိမ်းလန်းမယ် မထင်တော့တဲ့ စိတ်နဲ့။

နွေနေ ပြင်းပြပြအောက်မှာ
ရေငတ်နေတဲ့ သစ်ပင်တွေ
ရွက်နုသစ်ထွက်ဖို့ ခဲခဲယဉ်းယဉ်း
ကြိုးစားနေရသလိုမျိုး၊
စိတ်ဖိစီးမှု နေရောင်အောက်
မလောက်မင အချိန်ရယ် ငွေရယ်
စိတ်ကူးသစ် ရွက်ညွန့်တွေ
ထွက်ပြူဖို့ ခက်ခဲလှတာ..။

တစ်ရံတစ်ဆစ်လေးမှ
ညစ်နွမ်းခြင်း မရှိဘူးတဲ့
အမြဲတမ်း စီးဆင်းနေချင်တဲ့
စမ်းချောင်းကလေးဟာ
ငါ ဖြစ်ခဲ့တယ်။

ခုရာသီတော့
စီးဆင်းဖို့ အားအင်လည်း ယုတ်လျှော့ပြီမို့
ကြည်ကြည်လင်လင် ရေအိုင်လေးလို
နောက်ကျိအောင်
ဘယ်သူမှ လာမနှောက်ယှက်ဖို့ မျှော်လင့်ရင်း
ငြိမ်ငြိမ်ကလေး နေပါရစေတော့။

သိင်္ဂါကျော်


2 comments:

Cameron said...

ကဗျာကောင်းလေးတွေမဖတ်ရတာကြာပေါ့....း)

Aunty Tint said...

သတိရတယ်