20 September, 2010

Walkins in Chandigarh (အိန္ဒိယ ၄)


ဒီတစ်ပတ်တော့ ဘာစာမှလည်း မရေးဖြစ်တာနဲ့ ရောက်တတ်ရာရာ ရိုက်ထားတဲ့ ပုံလေးတွေ တင်လိုက်တာပါ။ ပိတ်ရက်မှာ internet လည်း မရှိပဲနဲ့ အခန်းထဲမှာ နေရတာ ပျင်းစရာကောင်းလိုက်တာ လွန်ရော..။ အဲဒါနဲ့ စနေနေ့ကတော့ သူများမှာတဲ့ CMS စာအုပ်ရှာမယ် ဆိုပြီး Madagascar က အမျိုးသမီး နဲ့ နှစ်ယောက်သား sector 22 ကို သွားမယ်လို့ ထွက်လာတော့ အပေါက်ဝမှာ African အမျိုးသား နှစ်ယောက်နဲ့ တွေ့ပြီး သူတို့ပါ ပါလာပါတယ်။ စာအုပ်ဆိုင် တစ်ဆိုင်တွေ့ပေမယ့် computer နဲ့ ပတ်သက်တာ မရှိပါဘူး။ အဲဒါနဲ့ပဲ city mart လို ဆိုင်တစ်ဆိုင်က လိုအပ်တာလေးတွေ ဝယ်ပြီး sector 17 ကို စာအုပ်ရှာဖို့ ဆက်လာခဲ့ပါတယ်။ Capital Book Shop ဆိုတဲ့ ဆိုင်ကြီးတစ်ဆိုင်တွေ့ပါတယ်။ အပေါ်ထပ်မှာ computer စာအုပ်တွေလည်း တော်တော်များများ တွေ့ခဲ့ပေမယ့် ကိုယ် ရှာတဲ့ စာအုပ်ကိုတော့ မတွေ့ခဲ့ပါဘူး။ 


 
 
sector 15 မှာလည်း စာအုပ်ဆိုင်တွေ ရှိတယ် ဆိုလို့ ဖုန်းကတ်လည်း recharge လုပ်ရင်း ညနေဘက် တစ်ခေါက်ထွက်ပေမယ့် စာအုပ်တော့ မရခဲ့ပါဘူး။ ကိုယ်တို့ Park View ဟိုတယ်က sector 24 မှာ ရှိပြီး Sector 15 က ဈေးကိုတော့ လမ်းလျှောက်သွားရင် ရောက်ပါတယ်။ 

တနင်္ဂနွေ ကျတော့လည်း ဘယ်သူမှ ဘယ်မှ သွားမယ်လည်း ပြောသံမကြားရ။ ယောက်ျားလေးတွေကတော့ ဘောလုံးသွားကန်ကြတယ်။ ကိုယ်လည်း ဒီတစ်ပတ်အတွက် ဘာမှ ဓါတ်ပုံမရိုက်ရလို့ နေမထိ ထိုင်မသာ ဖြစ်လာတာနဲ့ တစ်ယောက်တည်း လမ်းလျှောက်ထွက်ခဲ့ပါတယ်။ Sector 14 မှာ Punjab University ဆိုတာ ရှိတယ်၊ စာအုပ်ဆိုင်တွေလည်း ရှိတယ် ဆိုတာနဲ့ အဲဒီကို သွားတာပါ။ 

အောက်ကပုံကတော့ ထူးထူးဆန်းဆန်း ပုံ အဆောက်အအုံမို့ ရိုက်လာခဲ့တာ...။ တကယ်တော့ Laboratory and ECG Center ဖြစ်နေပါတယ်။
 

Punjab University ဟာ Chandigarh မြို့ရဲ့ sector 14 နဲ့ 25 အတွင်းမှာ တည်ရှိပါတယ်။ Punjab University ကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Campus area က ၃၁၆ ခက ရှိပါတယ်။ Teaching နဲ့ Research Department ပေါင်း ၅၅ ခုရှိပြီး Humanities နဲ့ Science ရယ်လို့ ခွဲထားတဲ့ အထဲမှာ Computer Science, Fine Art, Business Management စတာတွေ ပါဝင်ပါတယ်။ မကြာသေးကတော့ Engineering College ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Punjab University ဝင်းကြီးကတော့ တော်တော် ကျယ်ပါတယ်။ ဝင်ပေါက် တစ်ခုက ဝင်ခဲ့ပေမယ့် ဆိုင်းဘုတ်တော့ မတွေ့လို့ မရိုက်ခဲ့ရပါဘူး။ University ဝင်းထဲမှာ စာအုပ်ဆိုင်တွေ ရှိတယ်လို့ ပြောပေမယ့် တနင်္ဂနွေ နေ့မို့ ပိတ်နေပါတယ်။ အဲဒါနဲ့ ကိုယ်လည်း တက္ကသိုလ် ဝင်းထဲမှာ တစ်ယောက်တည်း လျှောက်သွားတာ.. ဘောလုံးကွင်းထဲနား ရောက်လို့ အထဲကို ကြည့်လိုက်တော့ ကိုယ်တို့ အဖွဲ့သားတွေ ဖြစ်နေပါတယ်။ အဲဒီကနေမှ ဆက်လျှောက်လာတော့ မိုးလေးကလည်း ရွာမလိုလိုနဲ့ မရွာလို့ တော်ပါသေးတယ်။ တွေ့ရာမြင်ရာ ရိုက်လာတာလေးတွေပါ...။

 
 
 
 
 
 


Punjab University ထဲက Rose Garden လေးထဲမှာ ရိုက်လာတဲ့ နှင်းဆီပန်းတွေပါ။ 
 
 
 
 
 
 

အောက်ကပုံကတော့ Gandhi Bhawan ဆိုတဲ့ လှပတဲ့ အဆောက်အအုံပါ။ Pierre Jeanneret ဆိုသူက Design ဆွဲခဲ့တာပါ။ Gandhian Studies ဌာန အနေနဲ့ ၁၉၆၅ ကတည်းက တည်ရှိခဲ့ပါတယ်။ အခုအခါ ဒီဌာနမှာ Gandhian Studies and National Freedom နဲ့ ပတ်သက်တဲ့ သီးသန့် library တစ်ခုလည်း ထားရှိပါတယ်။ ဒီအဆောက်အအုံရဲ့ ထူးခြားတဲ့ လက်ရာနဲ့ ပတ်သက်ပြီးတော့ Tourist attraction တစ်ခုအနေနဲ့ တည်ရှိပါတယ်။ တနင်္ဂနွေနေ့ ဆိုတော့ ပိတ်ထားတယ် ထင်ပါရဲ့ ဘယ်သူမှလည်း မတွေ့တာနဲ့ ဝင်တော့ မကြည့်ခဲ့ရပါဘူး။ အပြင်ကပဲ လမ်းလျှောက်ရင်း ဓါတ်ပုံရိုက်ခဲ့ရပါတယ်။

 

ဆက်လျှောက်လာတော့ Fine Art Museum ဆိုတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။
 

ပြန်တော့မယ် ဆိုပြီး ထွက်ပေါက် တစ်ခုက ထွက်လိုက်တော့ ဝင်လာတဲ့ အပေါက် မဟုတ်ပါဘူး။ ဝင်လာတဲ့ အပေါက်နဲ့ တော်တော် ဝေးနေပါပြီ။ အဲဒါနဲ့ပဲ သုံးဘီး တက္ကစီ တစ်စီး ငှားပြီး ပြန်ခဲ့ရပါတယ်။

သိင်္ဂါကျော်

17 September, 2010

၃၀၉၆ ရကျ


၁၉၉၈ ရဲ့ တစ်ခုသော ညနေခင်း။

နာတာရှာ ကမ်ပွတ်ရှ် သည် ထုံးစံအတိုင်း ကျောင်းဆင်းတော့ အိမ်ကို လမ်းလျှောက်ပြန်လာသည်။ သူမ ကျောင်းနှင့် အိမ်က သိပ်မဝေး။ နှစ်လမ်းကျော်လောက် လျှောက်လိုက်လျှင် ရောက်ပြီဖြစ်သည်။ ကမ်ပွတ်ရှ် အသက်က ၁၀ နှစ်ပဲ ရှိသေးသည်။ သို့သော် သူမက အသက်အရွယ်ထက် ပိုထွားသူမို့ လှသွေးကြွယ်စ ပြုနေလေပြီ။ သို့သော် သူမ စိတ်ကတော့ ကလေးစိတ် သက်သက်ပါ။ သူမက လမ်းလျှောက်ရင်း လမ်းပေါ်မှာ တွေ့သော ကျောက်ခဲလေးများကို ကန်ရင်း ဆော့ကစားနေသည်။ အရင်နေ့တွေကတော့ သူမ သူငယ်ချင်း တစ်ယောက်လည်း အတူပါနေကြဖြစ်သည်။ ယနေ့တော့ သူက ဖျားနေသဖြင့် ကျောင်းမလာနိုင်သောကြောင့် သူမ တစ်ယောက်တည်း ပြန်လာရခြင်း ဖြစ်သည်။

ကမ်ပွတ်ရှ်သည် အိမ်ပြန်ရောက်လျှင် မာမီက ဘာစားစရာ လုပ်ထားမလဲ ဆိုတာ တွေးနေသည်။ သူမ ဆာနေပြီ။ မာမီက သူမကို အစားပုတ်ကလေး ဟု အမြဲတမ်း စတတ်သည်။ ဒီနေ့အဖို့ အိမ်ပြန်မရောက်နိုင်တော့ဘူး ဆိုသည်ကိုတော့ ကမ်ပူး ဘယ်လိုမှ ကြိုမမြင်နိုင်ပါ။ အစားအကြောင်းပြီးတော့ ဆရာမ ပေးလိုက်သော အိမ်စာတွေ တွေးမိသွားသည်။ ဒီနေ့ အိမ်စာကတော့ နည်းနည်းများ ခက်မလား မသိပါ။ သူမက သင်္ချာကို သိပ်မလိုက်နိုင်။ ဉာဏ်စမ်းတွေ ဆို ပိုဆိုးသည်။ ဂျွန့်ဆီက အနည်းနှင့် အများတော့ ကြည့်ရတတ်သည်။ သူတို့ အိမ်နှင့် သူမတို့ အိမ်က သုံးအိမ်သာ ခြားသည်။ ခုတော့ သူက ဖျားနေသဖြင့် သူမကို သင်္ချာ ကူတွက်ပေးနိုင်မည် မဟုတ်ပါ။

နောက်ဘက်မှ ကားသံကြားသဖြင့် ကမ်ပွတ်ရှ်က ဘေးဘက်သို့ ပိုကပ်ပေးလိုက်သည်။ သို့သော် ကားက သူမကို ကျော်မသွား။ ဗင်ကား အဖြူရောင်တစ်စီးက သူမဘေးသို့ ရပ်လာသည်။ သူမက အံသြပြီး ကြည့်လိုက်သော အချိန်မှာပဲ သူမ ခါးကို တစ်စုံတစ်ယောက်က ဆွဲယူပွေ့ပြီး ကားပေါ်တင်ခြင်းကို ခံလိုက်ရသည်။ သူမ အတွက် အော်ချိန်ပင် မရလိုက်ပါ။ အဖြူရောင် အဝတ်စက သူမ ပါးစပ်ထဲ ရောက်လာပြီး ပိတ်ထားသည်။ လက်နှစ်ဘက်ကိုလည်း ပလတ်စတစ် ကြိုးနှင့် ချည်လိုက်သည်ကို သိလိုက်သည်။ သူမ ဘယ်လိုမှ မလှုပ်နိုင်တော့ပါ။ သူ့ကားပေါ်တွင် ပါသွားရသည်။ ထို့နောက် သူမကို မြေအောက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် ပိတ်ထားခြင်း ခံရသည်။
*******

“မှတ်ထား၊ ငါ့နာမည် ပရစ်လိုပေးလ် တဲ့၊ မင်း ဒီမှာပဲ နေရတော့မယ် နားလည်လား”
သူကပြောသည်။ ထိုလူသည် အသက် ၃၀ ကျော်လောက်ရှိမည်။ သူမကို စူးစူးရှရှ ကြည့်နေသော သူ့မျက်လုံးများမှာ မူမမှန်ပဲ ဘလာသက်သက် ဖြစ်နေပုံနှင့်။ သူ့ကို ကြည့်ရသည်မှာ အရာရာ ပျောက်ဆုံးပြီး အားငယ်နေသူ ပုံစံမျိုး။

သူက သူမကို ဘာမှတော့ မလုပ်သေး။ အစားအသောက်ကိုလည်း ပုံမှန်ကျွေးထားသည်။ သတ်တော့မည့် ဝက်ကို ကျွေးထားသလိုမျိုး ကျွေးနေသည်ဟု သူမက ထင်သည်။ အစားအသောက် လာကျွေးတိုင်းမှာ သူက သူမကို ပွတ်သီး ပွတ်သတ် လာလုပ်လေ့ ရှိသည်။ ကမ်ပွတ်ရှ် အတွက် တစ်ခါမှ မကြုံဖူးသော အရာ ဖြစ်သဖြင့် ကြောက်၍ တုန်နေသည်။ နောက်ထပ် ဒီထက် ဆိုးသော အရာများ လာတော့မည်ကိုလည်း ကလေးသာသာမို့ မမျှော်မှန်းမိပါ။ မြေတိုက်ထဲမှ ထွက်ပြေးရန်ကြိုးစား ကြည့်သော်လည်း လုံးဝ ထွက်ပေါက်မရှိပါ။ သူဝင်လာပြီး ပြန်လျှင် အပြင်မှ သော့ခတ်သွားသော အပေါက် တစ်ခုသာ ရှိသည်။
မာမီ နှင့် ဒက်ဒီကို တပြီး ကမ်ပွတ်ရှ် ငိုမိသည်။ ငိုရလွန်းသဖြင့် မျက်ရည်တွေတောင် ခမ်းသွားတော့မလား ဟု ထင်ရသည်။ သို့ပေမယ့် ဘာမှ ဖြစ်မလာပါ။ တစ်နေ့ပြီး တစ်နေ့သာ ကုန်ဆုံးသွားခဲ့သည်။ ကမ်ပွတ်ရှ်ကို ရှာဖွေတွေ့ရှိသူ တစ်ယောက်မှ ရောက်မလာခဲ့ပါ။

*******

သူမ အသက် ၁၄ နှစ်ရောက်တော့ သူက သူမကို မြေတိုက်ခန်းထဲ အမြဲမထားတော့ပဲ သူ့အိပ်ယာထဲသို့ ခေါ်ထားသည်။ ကမ်ပွတ်ရှ် အတွက် ငရဲနေ့များပင် ဖြစ်သည်။ ကမ်ပွတ်ရှ်သည် သူ့အိပ်ရာပေါ်တွင် ထိတ်လန့် ချောက်ချားစွာနှင့် တောင့်တောင့်ကြီး လှဲနေရသည်။ သူမဘေးမှာ သူလှဲနေပြီး သူမ၏ လက်ကောက်ဝတ်နှင့် သူ့လက်ကောက်ဝတ်ကို ပလတ်စတစ်ကြိုးနှင့် ပူးချည်ထားသည်။ သူမကို အသံတစ်ချက်မှပင် ထွက်ခွင့် မပြုပါ။ အော်ညည်းမိလျှင်.. သူလုပ်ခိုင်းသည်ကို ငြင်းဆန်လျှင် သူမကို ရိုက်နှက်တတ်သဖြင့် ကမ်ပွတ်ရှ်မှာ အသံမထွက်ရဲပဲ သူခိုင်းသမျှ လုပ်ပေးရမြဲ ဖြစ်သည်။ သူသည် သူ စိတ်မကျေနပ်တိုင်း သူမကို ရိုက်နှက်လေ့ရှိရာ တစ်ပတ်လျှင် အကြိမ် ၂၀၀ လောက် အရိုက်ခံခဲ့ရသည်။

သူက လိင်ကိစ္စထက် သူမကို ပွတ်သပ်ရသည်ကိုပင် သာယာနေတတ်သူ ဖြစ်သည်။ ကမ်ပွတ်ရှ်သည် များသော အားဖြင့် သူ့အိပ်ရာပေါ်တွင် ဝတ်လစ်စလစ် လဲလျောင်းနေရလေ့ ရှိသည်။ သူအလုပ်သွားသည့် အခါမှာတော့ သူမကို မြေတိုက်ခန်းထဲမှာပင် သော့ခတ်ထားခဲ့လေ့ရှိသည်။ ကမ်ပွတ်ရှ်သည် သူမကိုယ်သူမ စက်ဆုပ်လာသည်။ သူမ အတွက် လွတ်လမ်း မရှိတော့ဟု ထင်လာသည်။ ထိုလူနှင့်ပင် တစ်သက်လုံးနေရတော့မလား ဟု သူမကိုယ်သူမ ပြန်မေးမိသည်။ ဘုရားသခင်ကို တိုင်တည်ပြီး ဆုတောင်းမိသော အကြိမ်ပေါင်းလည်း မရေနိုင်တော့ပါ။ သို့သော် ဘုရားသခင်ကလည်း သူမကို ခုထိမမြင်သေး။ သူမကို ဒုက္ခတွင်းထဲမှာ ဘယ်အထိ ဆက်ထားမှာလဲ။ သူမ ဆက်သည်းမခံနိုင်တော့ပါ။

သူမကို ရေတိုက်ထားခဲ့သော ခွက်က ဖန်ခွက်ဖြစ်နေသော တစ်နေ့မှာတော့ သူမက ထိုဖန်ခွက်ကို ခွဲ၍ လက်ကောက်ဝတ်ကို လှီးကာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားလိုက်သည်။ သို့သော် သူက အလုပ်က စောစောပြန်လာပြီး အချိန်မီ တွေ့သွားသဖြင့် များများစားစား သွေးထွက်ခွင့်ပင် မရလိုက်ပါ။ နောက်ထပ်လည်း အကြိမ်ပေါင်း များစွာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်ခဲ့သေးသော်လည်း အကြိမ်တိုင်းမှာ သူက လက်ဦးသွားသဖြင့် ကမ်ပွတ်ရှ် မှာ မအောင်မြင်ခဲ့ပါ။
*******

ပရစ်လိုပေးလ်သည် ကမ်ပွတ်ရှ်၏ ဆံပင်များနှင့် ပတ်သက်၍လည်း အတော်ပင် ဇီဇာကြောင်သူ ဖြစ်သည်။ သူသည် သူမ၏ ခေါင်းပေါ်မှာ ဆံပင် တစ်ပင်မှ ရှိနေသည်ကို မကြိုက်ပါ။ သူမကို ခေါင်းတုံးတုံးပေးထားခဲ့သည်။ နောက်ဆုံးတော့ ကမ်ပွတ်ရှ်သည် သူ့ကို ဘာတစ်ခုမှ အတိုက်အခံမလုပ်တော့ပဲ နေလိုက်သည်။ သူမ၏ သေခြင်း ရှင်ခြင်းကိုလည်း အလေးမထားတော့။ စိတ်ထဲမှာ ဗလာသက်သက်သာ ထားလိုက်သည်။ သူခိုင်းသမျှ မငြင်းမဆန်လုပ်ခြင်း အားဖြင့် အသားအနာလည်း သက်သာမည် မဟုတ်လား။ သူမ ဘဝက မျှော်လင့်ချက် ဆုံးနေပြီ ဖြစ်သော ဘဝ။ အားလုံး ဗလာသက်သက်။ 

သူမ အသက် ၁၆ နှစ်မှာတော့ သူမကို ကျွေးနေသော အစားအသောက်များကို လျှော့ချလိုက်သည်။ အရွယ်ရောက်သူ တစ်ယောက်အတွက် လိုအပ်သည်ထက် လေးပုံတစ်ပုံလောက်သာ ကျွေးတော့သည်။ သူမ၏ ကိုယ်အလေးချိန် တော်တော်လျော့သွားသည်။ အစာအိမ်ရောဂါပါ စွဲကပ်ပြီး တစ်ချိန်လုံး နာကျင်နေသည်။ ပရစ်လိုပေးလ်ကလည်း သူမကိုယ်သူမ မည်သူမည်ဝါမှန်း မသိတော့လောက်အောင် ဖြစ်ကာ နာမည်အသစ် တစ်ခုနှင့် နေသွားဖို့ တစ်ချိန်လုံး ဖိအားပေးနေသည်။

နာကျင်မှုက ကြီးစိုးနေသဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကိုတောင်မှ မလုပ်ဆောင်ပါ။ သူမက သေခြင်းကို တောင့်တနေပါသည်။ နာကျင်မှုကို ကြာရှည်မခံစားလိုပါ။ ထာဝရဘုရားသခင်က သူမကို ခေါ်ဆောင်ဖို့ကို မျှော်လင့်နေပါသည်။ သူမမှာ စိတ်ရော ကိုယ်ပါ နာကျင်မှုက ခံစားနိုင်သည်ထက် အစများစွာ ကျော်လွန်နေခဲ့ပါပြီ။
*******

၂၀၀၆၊ သြဂုတ်လ။

သူမ စိတ်လျော့လိုက်ပြီ ဖြစ်ကြောင်း ပရစ်လိုပေးလ်က သိသည်။ သူ့ကို ဘာမှ မဆန့်ကျင်၊ ခိုင်သမျှ လိုက်လုပ်ပြီး၊ အရင်လိုလည်း တအီအီ ငိုမနေတော့သဖြင့် သူ့ဘက်က နည်းနည်း လျှော့လာသည်။ သူမကို အစားလျော့ကျွေးထားသဖြင့် ထွက်မပြေးနိုင်လောက်အောင် အားနည်းနေတာကြောင့်လည်း ဖြစ်သည်။ သူမကို အရင်လို အမြဲတမ်း ကြိုးချည်မထားတော့။ အိပ်ခန်းထဲမှာ ဟိုဟို သည်သည် လွတ်လွတ်လပ် သွားခွင့်ပေးလာသည်။ သို့သော် သူ့မျက်စိအောက်မှာပင် ဖြစ်သည်။

တစ်နေ့တော့ သူက အခန်းထဲမှာ ဖုန်စုပ်စက်နှင့် ဖုန်ရှင်းဖို့ ပြောလာသည်။ ကမ်ပွတ်ရှ်လည်း ဖုန်စုပ်စက်ဖြင့် အလုပ်လုပ်နေရင်း သူ့ကို ကြည့်လိုက်တော့ သူက အိမ်ရှေ့ခန်းတွင် သတင်းစာ ဖတ်နေသည်။ သူမက ဖုန်စက်ကို တွန်းရင်း မီးဖိုဆောင် လမ်းကြားထဲသို့ ဝင်လိုက်သည်။ ထိုမီးဖိုဆောင်တွင် နောက်ဘက်သို့ ထွက်သော တံခါးတစ်ခု ရှိသည်ကို သူမ သိသည်။ သူက ဖုန်စုပ်သံကို နားစွင့်နေမည် ဖြစ်ကြောင်းလည်း သူမသိသည်။ သူမက သူ့မျက်ကွယ်ရာ ရောက်သည်နှင့် ဖုန်စုပ်စက်ကို ဒီအတိုင်းဖွင့်ထားပြီး နောက်ပေါက်မှ ထွက်ပြေးခဲ့သည်။ ဖုန်စုပ်စက်ကတော့ သူ့ဟာသူ အသံမြည်နေဆဲ။

ကမ်ပွတ်ရှ်သည် အနီးရှိ အိမ်တစ်အိမ်သို့ သွား၍ လူခေါ်ဘဲလ်ကို သွားတီးသည်။ သိပ်မကြာလိုက်ပါ။ တံခါးပွင့်လာပြီး အိမ်ရှင်များက သူမကို အံသြစွာ ကြည့်ကြသည်။ ထို့နောက် ကမ်ပွတ်ရှ်တစ်ယောက် ၈နှစ်ကြာ ဝေးကွာခဲ့ရသော မိဘများ အိမ်သို့ ပြန်ရောက်သွားသည်။ သူမ ထွက်ပြေးသွားမှန်း သိတော့ ပရစ်လိုပေးလ်လည်း သူ့အိမ်မှ ထွက်ပြေးသွားသည်။ ရဲများ ရောက်လာသောအခါကို သူ့ကို အိမ်မှာ မတွေ့ရတော့ပါ။
*******

နောက်တစ်ပတ်အကြာ။
ဝုဖ်ဂန် ပရစ်လိုပေးလ်၊ ၄၄ နှစ် သည် ရဲများလက်မှ ထွက်ပြေးရင်း ရထားရှေ့သို့ ခုန်ချ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြောင်း သိရသည်။
********

Sep 7. 2010, The Indian Express တွင် ဖတ်လိုက်ရသော ဆောင်းပါးတိုလေး တစ်ပုဒ်ကို ဖတ်၍ ဝတ္တုအနေနှင့် ဖြည့်စွက် ရေးသားပါသည်။ ယခုအခါ အသက် ၂၂နှစ် ရှိပြီ ဖြစ်သော Austrian မိန်းကလေး Kampush သည် သူမ၏ ၈နှစ်ကြာ အတွေ့အကြုံကို 3096 Days အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပါသည်။

P.S နာတားရှားက အဲ့နေ့ကရော နောက်ပိုင်းရော ခုရော သူ့မိဘ အိမ်ကို မပြန်ဘူး။ အစက ရဲစခန်း၊ ဆေးပညာရှင်တွေ ရှေ့နေတွေနဲ့ လူမူ့ဌာနက စောင့်ရှောက်ထားပြီးခုတော့ တယောက်တည်း နေတယ်။ လို့ မအယ်က ပြောထားပါတယ်..။


သိင်္ဂါကျော်

16 September, 2010

အေရာင္မထြက္တဲ့လူ


ငါအမြဲတမ်း ဝါးစားနေရတယ်
ပြောချင်တဲ့ စကားလုံးတွေ..
နှုတ်ခမ်းဖျားက ထွက်ကျမလာအောင်။

ငါအမြဲတမ်း ဝါးစားနေရတယ်
အမှန်တရားတွေ...
ခါးသက်သက်နဲ့
အိပ်မက်တွေတောင် အရောင်မထွက်နိုင်အောင်ပဲ။

ငါ့ကိုယ်ငါလည်း ဘာကောင်မှန်းမသိဘူး၊
အသက်ရှင်နေတာ ဘာအတွက်လဲ...
ဘာအတွက် ဘယ်နေရာမှာ နေရမလဲ...
ငါ့ကိုယ်ငါလည်း မသိဘူး။

တစ်နေ့ပြီးတစ်နေ့
ခေါင်းညိတ်တတ်တဲ့
Robot ဖြစ်အောင် install လုပ်လုပ်နေရတာ
စိတ်ကုန်စရာ ကောင်းတယ် မဟုတ်လား။

ငှက်တောင်မှ အသိုက်ရှိသေးတယ်...
ပျံချင်ရာပျံဖို့ အတောင်တစ်စုံ ရှိသေးတယ်...
ငါက ဘာလဲ
ငှက်မဟုတ်တာတော့ သေချာတယ်၊
အသိုက်အတုထဲမှာနေထိုင်ရင်း
ပျံချင်ရာလည်း မပျံနိုင်။

သတ္တုလို အေးစက်စက်နံရံတစ်လျှောက်
ငါလမ်းဆုံးထိလျှောက်နေလေရဲ့
ထွက်ပေါက်က အဆုံးမှာပေါ့...
မျှော်လင့်ထားတဲ့ အတောင်ပံတစ်စုံနဲ့အတူလေ။

သိင်္ဂါကျော်
5.9.2010
10:19 PM