04 November, 2009

သူမ



သူမဟာ…
ဘဝဆိုတာ
တည်ငြိမ်နေရင် ပျင်းစရာကောင်းမယ်လို့
ထင်နေတဲ့သူ…။

တစ်နေရာတည်းမှာလည်း
ထိုင်မနေချင်ဘူး။
စိန်ခေါ်မှုတွေမရှိပဲနဲ့လည်း
မနေချင်ခဲ့ဘူး။

အပြောင်းအလဲနဲ့
အသစ်သစ်ကို မျှော်လင့်ခဲ့တဲ့သူမို့
တသမတ်တည်း ဘဝကိုလည်း
မလိုချင်ခဲ့ဘူး။

တစ်ယောက်တည်းလည်း
ပျော်အောင်နေတတ်တဲ့သူမို့
အထီးကျန်မှာ ကြောက်ရွံမှုနဲ့
တစ်စုံတစ်ယောက်ကိုလည်း
ဖမ်းဆွဲမထားချင်ခဲ့ဘူး။

ရှုံးနိမ့်နောက်ချန်တတ်သူမဟုတ်ပေမယ့်လည်း
ထင်ပေါ်တတ်သူလည်း မဟုတ်ပြန်ဘူးဆိုတော့
လက်တွဲချင်သူ မရှိခဲ့တာလည်း
အဆန်းတော့ မဟုတ်ပါဘူး။

အများမယုံကြည်ချင်မယ့်
အိပ်မက်အထူးအဆန်းတွေကို မက်မောတတ်သူ၊
ကိုယ့်ကိုကိုယ်ကလွဲလို့
ဘယ်သူ့ကိုမှ အားမကိုးချင်တဲ့သူ၊
ဘေးပတ်ဝန်းကျင်က
သရုပ်မှန်ပုံပြင်တွေ ဖတ်လို့
အချစ်ကို မယုံကြည်ချင်တဲ့သူ။

စိတ်အားငယ်ပြရမှာလည်းမုန်း
မိန်းမပီသရမှာလည်း မုန်းတဲ့သူမို့
ခရီးရှည်လမ်း အတွက်လည်း
တစ်ယောက်စာ လက်မှတ်တော့
ဖြတ်ပြီးသားပေါ့။

တစ်ခါတစ်ရံတော့လည်း
မမက်ဖူးတဲ့အိပ်မက်ကို
မက်ကြည့်ချင်စိတ်နဲ့
ခရီးဖော်တစ်စုံတစ်ယောက်ကို
စိတ်ကူးနဲ့ ပုံဖော်ကြည့်မိ။

ဘာပဲဖြစ်ဖြစ်လေ
ဘဝဆိုတာတော့
မှန်းဆမရတဲ့
ပုစ္ဆာတစ်ပုဒ်ပါ။

(သိင်္ဂါကျော်)

(ကိုယ့်ခံစားချက် ကိုယ်လည်း ရေးပါဦးလို့ ပြောကြလို့လေ... :D)

16 comments:

စည်သူ said...

စိတ်အားငယ်ပြရမှာလည်းမုန်း
မိန်းမပီသရမှာလည်း မုန်းတဲ့သူမို့
ခရီးရှည်လမ်း အတွက်လည်း
တစ်ယောက်စာ လက်မှတ်တော့
ဖြတ်ပြီးသားပေါ့။

တွေးခေါ်ရေးသားပုံကို သဘောကျတယ်ဟ..။

ဘာပဲဖြစ်ဖြစ်လေ
ဘဝဆိုတာတော့
မှန်းဆမရတဲ့
ပုစ္ဆာတစ်ပုဒ်ပါ။

ဟုတ်ပါတယ်..
ဘဝဆိုတာကလည်း စကားလုံးနှစ်လုံးတည်း ရှိပေလို့သာပေါ့.. ရှုပ်ထွေးလိုက်မယ့်ဖြစ်ခြင်း..

ကဗျာလေး ရေးထားတာ အရမ်းကို ဖတ်လို့ကောင်းပါတယ်.. မရေးတော့ မရေးတတ်ပါဘူး..

ဒီထက်မက တွေးခေါ်ရေးသားနိုင်ပါစေလို့ပဲ ထပ်မံအားပေးပါတယ်..

ခင်မင်စွာဖြင့်
စည်သူ။

လင်းဒီပ said...

ဘဝကို ဘယ်လိုခံစားမိတဲ့အကြောင်းကို ရိုးရိုးလေး ချရေးထားလို့ ရိုးရှင်းစွာ သစ်နေတဲ့ကဗျာလေးပါပဲ..။

တစ်ယောက်စာလက်မှတ် ဖြတ်နေရင်းကပဲ တခါတလေ ခရီးဖော်တစ်ယောက်ကို စိတ်ကူးနဲ့ ပုံဖော်ဖြစ်တာ လူ့ရဲ့သဘာဝပါပဲ..။

သေချာပါတယ် ဘဝဟာ မှန်းရခက်တဲ့ ပုစ္ဆာ...။

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ ....... ကဗျာလေးက မင်းရဲ့စိတ်ဓါတ်လေးကို အတိုင်းသား မြင်လိုက်ရသလိုပဲနော်။
မှန်တယ်သူငယ်ချင်း ဘ၀ဆိုတာ မှန်းဆမရတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။ ဘယ်တော့အဖြေထွက်မယ်ဆိုတာ မသိသလို ဘာအဖြေထွက်လာမလဲဆိုတာလဲ ကြိုတင်သိဖို့ ခက်တယ်ကွာ။ ဒါပေမယ့် "ခံနိုင်ရည်" ဆိုတဲ့ ပုံသေနည်းနဲ့ ဖြေရှင်းကြတာပေါ့။ အားပေးနေပါတယ်။

ခင်မင်လေးစားလျှက်

Nge Naing said...

ညီမလေးရေ ကဗျာလေး လာဖတ်သွားတယ်။ အဓိပ္ပါယ်တွေ အများကြီး ပါရှိတဲ့ ကဗျာလေးပါပဲ။

လသာည said...

ကဗျာလေးကို လာရောက်ခံစားသွားတယ်နော်။
“တစ်ယောက်တည်းလည်း
ပျော်အောင်နေတတ်တဲ့သူမို့
အထီးကျန်မှာ ကြောက်ရွံမှုနဲ့
တစ်စုံတစ်ယောက်ကိုလည်း
ဖမ်းဆွဲမထားချင်ခဲ့ဘူး။”

Heartထိသွားတယ်။

linn said...

ကဗျာလေးလာဖတ်သွားတယ် .. ကိုယ့်ခံစားချက်လေး ရေးထားတာ ဆိုတော့ ပိုပြီး အသက်ဝင်တာပေါ့ ..ဖတ်ရတာ ..

Anonymous said...

အရမ်းကောင်းတာဘဲ.........တကယ်ဘဲ ခရီးရှည်လမ်း အတွက်လည်း တစ်ယောက်စာ လက်မှတ်တော့ ဖြတ်ပြီးသားလား။ ငါမယုံဘူးနော်။ ဟဲ ဟဲ.............

မချစ်ရ said...

ကဗျာကောင်းလေးတစ်ပုဒ်ကိုဖတ်လိုက်ရလို့
ကျေနပ်အားကျမိပါရဲ့.........

purplemay said...

တစ်ယောက်တည်းလည်း
ပျော်အောင်နေတတ်တဲ့သူမို့
အထီးကျန်မှာ ကြောက်ရွံမှုနဲ့
တစ်စုံတစ်ယောက်ကိုလည်း
ဖမ်းဆွဲမထားချင်ခဲ့ဘူး။
အဲ့ဟာလေးအရမ်းကြိုက်တယ်အစ်မ...။
ကဗျာတွေက ထုံးစံအတိုင်း လန်းတယ်ဗျာ...:)

Anonymous said...

ခရီးဖော်တွေဘာတွေဆိုလာပြီပေါ့လေ...နင်တော့နော် မလွယ်တော့ဘူး..ခရီးဖော်ဆိုတာ ....ဘယ်သူ့ကိုရည်ညွှန်းတာလဲ ငါသိနေတယ်နော် :P

Anonymous said...

စိတ်ကူးထဲကခရီးဖော်ဆိုတာဘယ်သူလဲ..ငါထင်တာဘဲ:)

ဆောင်းယွန်းလ said...

ကဗျာထဲက သူမကို သေသေချာချာဖတ်ကြည့်လိုက်မိပါတယ် ....


ဘာပဲဖြစ်ဖြစ်လေ
ဘဝဆိုတာတော့
မှန်းဆမရတဲ့
ပုစ္ဆာတစ်ပုဒ်ပါ။

ဒီပုစ္ဆာကိုပဲတွက်ထုတ်အဇြေရှာနေကြရင်းပေါ့.ညီမရေ...


ခင်မင်လျက်
ဆောင်းယွန်းလ

Anonymous said...

when I read this poem.. I feel that someone has written about me.. how strange we don't even know each other yet our lookout on life is so similar...well... I wish you all the best and God bless..

ကိုလူထွေး said...

ပါစင်နယ်လ်တွေ ပါလာပြီ...
ဘာမှမပြောတော့ဘူး...

းP

Anonymous said...

ကဗျာလေး သဘောကျတယ်၊ စိတ်ချင်းဆင်ပါတယ်.. ရေးတတ်လိုက်တာ

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်... ပုစ္ဆာတွေထဲမှာ အဲဒီဘ၀ပုစ္ဆာက ခန့်မှန်းရ အခက်ဆုံးဘဲ။