30 August, 2010

သူစိမ်းပြင်ပြင်

အဲဒီအဖြစ်မှာ
ငါ့အပြစ်ရှိခဲ့တယ်ဆိုရင်တောင်
မင်းကို ချစ်မိတာတစ်ခုပဲ ဖြစ်မှာပါ၊
အစရဲ့အစမှာကတည်းက
ယုံကြည်လောက်တယ်လို့ထင်အောင်လည်း
မင်းကိုယ်တိုင်ပဲ ပြုစားခဲ့လေရဲ့။

ငါ့အတွက်တော့မင်းဟာ
နောက်ဆုံးအချစ်ရယ်လို့ သေချာနေတဲ့နောက်
မင်းအတွက်ငါဟာလည်း
နောက်ဆုံးပဲ ဖြစ်ချင်ခဲ့တာ
လောဘကြီးရာမကျပါဘူး။

အိပ်မက်ခြင်းတူမယ် မျှော်လင့်ရင်း
စိတ်ကူးထဲမှာ အရာရာရင်ဆိုင်လို့...
မင်းမကောင်းကြောင်း ပြောတယ်ဆိုရင်ပဲ
ငါ့အတွက် မခံမရပ်နိုင်ဖြစ်ရ နဲ့၊
မင်းဘက်က လျှို့ဝှက်ချက်တစ်စုံတစ်ရာ
ငါမသိတာ ရှိလိမ့်မယ် မထင်ခဲ့ဘူး။

သစ္စာကိုပဲ ကိုးကွယ်ချင်သူမို့
နောက်ကြောင်းမရှင်းတဲ့ ဇာတ်လမ်းတွေထဲက
မင်းသမီးလည်း မဖြစ်ချင်ခဲ့ဘူး။
မင်းဇာတ်လမ်းတွေ
သိသိကြီးနဲ့လည်း ဇွတ်မတိုးချင်ခဲ့ဘူး။
ဆက်ရန်မရှိသော ဇာတ်လမ်းမို့
ကိုယ့်လမ်းကိုယ် လျှောက်ကြရုံပါ
သူငယ်ချင်းလည်း မဖြစ်လိုပြီမို့
ခုတော့ ငါတို့က
သူစိမ်းပြင်ပြင်ပေါ့။

ငါ့သံယောဇဉ်တွေ
နောက်ထပ်တော့ လမ်းမှားအရောက်မခံနိုင်ဘူး၊
လမ်းတွေ့လည်း မခေါ်နဲ့တော့
ဖုန်းတွေလည်း မဆက်နဲ့တော့
Mail တွေလည်း block လုပ်လိုက်ပြီပဲ
ငါတို့က သူစိမ်းပြင်ပြင်ပါ။

သိင်္ဂါကျော်
26.8.2010
10:47 PM

(မည်သူ့ကိုမျှ မရည်ရွယ်ပါ၊ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ :P)

13 comments:

Crystal said...

ဇော်ဝင်းထွဋ်ဆိုခဲ့တဲ့ ဂန္တဝင်စိမ်း သီချင်းလေးကို အော်ဆိုမိတယ် ..... :P

Maung Myo said...

ဘာပြောရမှန်းမသိ ဖြစ်သွားတယ် အားလုံးအဆင်ပြေရင် ကောင်းမှာ။ အဆင်ပြေပါစေဗျာ။

နွေဆူးလင်္ကာ said...

အင်း တိုက်ဆိုင်စရာ မရှိပါဘူး :-) ခွင့်လွှတ်ပါတယ် ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟ.. ဟတ်ထိတယ်ကွ
(မည်သူ့ကိုမျှ မရည်ရွယ်ပါ၊ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ :P) ဆိုတာကိုက ဟင်းဟင်း
ရည်ရွယ်တယ်လို့ ပြောချင်သလိုလို ....??
သစ္စာကိုပဲ ကိုးကွယ်ချင်သူမို့
နောက်ကြောင်းမရှင်းတဲ့ ဇာတ်လမ်းတွေထဲက
မင်းသမီးလည်း မဖြစ်ချင်ခဲ့ဘူး။ ဆိုတာလေး သဘောကျတယ်...
မှန်တာပေါ့.. သစ္စာကို မကိုးကွယ်နိုင်မှတော့ ဘာလို့ ဒီဇာတ်လမ်းမှာ မင်းသမီး အဖြစ်ခံတော့မလဲ
အင်း ကောင်းပါတယ်.. ဖြတ်လိုက်ကြတာပေါ့.. စောစောစီးစီးး)

အဖြူရောင်နတ်သမီး said...

နောင်ဂျိမ်းနဲ့တော့ တိုးပြီ...
လစ်မှ...
နောက်မှပဲ ထပ်လာခဲ့ပါအုံးမယ်...

Anonymous said...

ကြည့်ရတာ တိုက်ဆိုင်မှု့ကတော့ သေချာ ရှိတယ်ထင်တယ်

ခင်တဲ့
ရွှေစင်ဦး

blackroze said...

ပြင်းထန်လှချည်လား
ခပ်စိမ်းစိမ်းဘဲနေပါ့မယ်ပေါ့....
အားလုံးအဆင်ပြေပါစေရှင်...

blackroze said...
This comment has been removed by a blog administrator.
flowerpoem said...

ခပ်စိမ်းစိမ်းပဲ နေပါ့မယ် ပေါ့ မသိင်္ဂါ

လင်းဒီပ said...

gtalk ထဲကလည်း block လိုက်
facebook ထဲကလည်း remove ပစ်လိုက် :P

ကိုကိုးအိမ်(မန္တလေး) said...

မမသိင်္ဂါရေ ကဗျာစာသားတွေကစိမ်းသက်သက် ဘေးမှာတင်ထားတဲ့ပုံကစိမ်းသက်သက်နဲ့
အစိမ်းရောင်ရဲ့ အလှတရားနဲ့ရက်စက်မှူ့ကို ခံစားသွားပါတယ်။

ခင်မင်လျှက်
ကိုကိုးအိမ်

မောင်သီဟ said...

ဟာာာဗျာ ဒီပို့စ်က
ကိုဇော်ပြောထားသလိုပဲ စာရေးသူနဲ့ စာမရောသွားဖူးဗျာ

Anonymous said...

လုပ်ပေါ့ဟာ...