28 November, 2011

မေ သို့ လွမ်းချင်း


ဘယ်တုန်းက နမ်းသွားမှန်းမသိတဲ့
နှင်းစက်တွေကြောင့်
လမ်းမကြီးက စိုစွတ်နေပေမယ့်
ငါ့နှလုံးသားကတော့ ခြောက်သွေ့နေဆဲပဲ မေ။


ဘယ်တုန်းကမှ မကြည့်ချင်ခဲ့တဲ့
ငါ့ အထီးကျန်ဘဝလို ရွက်ကြွေပင်တွေ
တစ်လမ်းလုံး ပြန့်ကျဲလို့
ပန်းချီတစ်ချပ် မဟုတ်ခဲ့တော့လည်း
ငါ မသာယာနိုင်ဘူး မေ။


တစ်နေ့ ပြန်တွေ့ကြမယ်လို့ ပြောခဲ့ဖူးတာ
အားနာပါးနာ စကား ဆိုတာလည်း သိပါရဲ့နဲ့
မျှော်လင့်ချက်ကတော့ ရင့်နေဆဲပဲ မေ။


အေးစက်တဲ့ လမ်းမတလျှောက်
တွဲလက်တွေနဲ့ နွေးခဲ့ဖူးချိန်တွေ
ဆန့်ကျင်ဘက်တွေ တွေးဆလို့
အတူသုံးခဲ့ဖူးတဲ့ ကော်ဖီချိန်တွေ
မနေ့တစ်နေ့ကလို ကျန်နေဆဲပါ မေ။


ငါပြန်မလာနိုင်ခဲ့တာ သိပါရဲ့နဲ့
ထားသွားရက်တော့လည်း
နှင်းတွေ အုပ်မိုးထားတဲ့ ဘူတာရုံထဲ
ငါ့နှလုံးသား ရေခဲစစ်စစ် ဖြစ်လို့ နေခဲ့ရုံအပြင်
အတ္တဝတ်ရုံတွေ မခွာချချင်ခဲ့တဲ့
မင်း အမှားတွေလို့ ငါ မတွေးချင်ခဲ့ဘူး မေ။


နှင်းတွေ ပိုစိပ်လာတဲ့ နေ့တွေ
တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းရင်း
ဘယ်တော့မှ နွေးမှာ မဟုတ်တော့တဲ့
နှလုံးသား တစ်စုံနဲ့ လူတစ်ယောက်
ဒီမြို့လေးရဲ့ တစ်နေရာမှာ ကျန်နေခဲ့တာ
မင်း ဘယ်အချိန်ထိ သတိရနေမလဲ မေ။


ငါပြန်လာနိုင်မယ့် တစ်နေ့ကျရင်
မင်း နှလုံးသားမှာ နေရာလွတ်ပါဦးမလားလည်း
မပေးခဲ့တဲ့ ကတိတွေကို သိမ်းပိုက်ရင်း
အရူးတစ်ယောက်လို သိချင်နေသေးရဲ့ မေ။


(သိင်္ဂါကျော်)

9 comments:

Cameron said...

အမ ကဗျာတွေက မိန်းကလေးတွေကို ရည်ညွှန်းရေးတာများတယ်နော်... ဒီတစ်ပုဒ်လဲ ဆွေးဆွေးလးနဲ့ကောင်းတယ်...။

မဒမ်ကိုး said...

နေရာလွတ်နေမှာပါလေး)

kokoseinygn said...

ဆောင်းတွင်းအငွေ့အသက်အခြေခံတဲ့
လွမ်းကဗျာလေးကိုဖတ်သွားပါတယ်။

စံပယ်ချို said...

နှင်းဆီတစ်ခင်းအတွက်တော့
နေရာလွတ်ထားပါတယ်နော်
ချစ်ချစ်ခင်ခင် jasmine

blackroze said...

အမရေ..
ကဗျာလေးကလွမ်းစရာလေးပါလားနော်

mstint said...

လွမ်းချင်းလေးကို ခံစားဖတ်သွားတယ် သိင်္ဂါကျော်ရေ။
နေရာလွတ်လေးတစ်နေရာ တစ်ထောင့် တစ်နေရာမှာတော့ ရှိနေအုံးမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

နိုဝင်ဘာမှာ ရေးထားတဲ့ မေလွမ်းချင်းလေးက ဆွေးဆွေးမြေ့မြေ့ရယ်...

မိုးဇက် said...

သိပ်ကောင်းတဲ့ကဗျာပဲ စကားလုံးသုံးထားတာလေးတွေ ဆန်းတယ် ............

Anonymous said...

အမရေးထားတဲ့ကဗျာကိုခံစားချက်အပြည့်အဝနဲ့ဖတ်ရှုအားပေးသွားပါတယ်။လိုရာဆန္ဒပြည့်စုံနိုင်ပါစေသာ။