18 November, 2011

နေရောင်မလင်းတဲ့ နေ့တွေ


နေရောင်ကို မျှော်ရင်း
နှင်းရည်သောက်လို့ ပွင့်တဲ့ပန်းတွေ
ချိုမြစွာ လန်းပလို့။

တနေကုန် မြူမှုံသိုင်းလို့
နေမင်း ပုန်းရှောင်တဲ့နေ့တွေမှာ
အပူပိုင်းက ဆူးချုံကလေးရော
ပြုံးမြစွာ ရှင်သန်နိုင်ပါ့မလား။

နှင်းရည် တပေါက်ပေါက်အောက်
ကုတ်အင်္ကျီမရှိတဲ့ ငှက်တွေတောင်
ကျိုးကျိုးကျီကျီ အစာရှာထွက်လို့။

နေ့တဓူက ဒါပါပဲ
အစိမ်းရင့်ရင့် လမ်းထဲ
သွားသာသွားနေရတယ်
ရောက်မှရောက်ပါ့မလားလည်း
မသေမချာနဲ့။

ဘယ်တော့မှ မညီးတွားတတ်တဲ့
ယုန်ကလေးလည်း
ချမ်းချမ်းစီးစီး မကွေးနိုင်ရှာပဲ
လမ်းသစ် ရှာနေရလေရဲ့။

ခက်ခဲခြင်းတွေက လွယ်ကူခြင်းရဲ့အစပေါ့
ဘယ်အရာမှတော့ အလကား မရနိုင်လေဘူး
မြူတွေ ဘယ်လောက်ပဲပိတ်ပိတ်
နေမင်းကတော့
အခွင့်အခါသင့်တိုင်း
သူ့ရောင်စဉ်တွေ လင်းပဖို့
အဆင်သင့်ရှိသလိုပ။

(သိင်္ဂါကျော်) 


လောလောဆယ် နယ်သာလန်က Groningen မြို့လေးကို ရောက်နေပါတယ်။ ၁၀ လ ကြာမှာပါ။ အိမ်က internet က ဘာဖြစ်မှန်းမသိ ကိုယ့် laptop ပဲ ခုချိန်ထိ မရပဲ ဖြစ်နေလို့ပါ။ ကျောင်းက internet ကလည်း ဒီနေ့မှပဲ ကိုယ့် laptop နဲ့ ကိုယ် အဆင်ပြေသွားပါတယ်။ အရင်နေ့တွေကတော့ ကျောင်းက စက်မှာ မြန်မာစာလည်း တင်လို့မရ ဖြစ်နေလို့ပါ။ စတဲ့ နေ့ကတည်းက လုပ်စရာတွေ တန်းစီနေလို့ ခရီးသွားမှတ်တမ်း လေးတောင် ရိုက်ဖို့ အချိန်မပေးနိုင်လို့၊ ရာသီဥတုကလည်း နေသိပ် မသာတာနဲ့၊ ဓါတ်ပုံလည်း တစ်ပုံမှ မရိုက်ဖြစ်သေးပါဘူး။ ဘာပဲ ဖြစ်ဖြစ် ဘလော့ကို ပစ်မထားချင်တာနဲ့ ကဗျာလေး တစ်ပုဒ်နဲ့ လာနှုတ်ဆက်ပါတယ်။

10 comments:

စံပယ်ချို said...

မြူမှုန်တွေသိမ်းပြီး နေမင်းပုန်းရှောင်တဲ့
နေရာကိုရောက်နေပြီလား
စကားလုံး လှလှလေးတွေသုံးပြီးရေးထားတဲ့ ကဗျာလေးဖတ်ရတာပဲကျေနပ်ပါတယ်
အားတဲ့အခါလဲ ကဗျာတွေ စာတွေ မှတ်တမ်းလေးတွေ
ဆက်လက်ရေးသားနိုင်ပါစေလို့
ချစ်ချစ်ခင်ခင် jasmine

kokoseinygn said...

ခက်ခဲစွာတင်ထားတဲ့ကဗျာလေးကို
လာဖတ်သွားပါတယ်...။
ကျန်းမာေ၇းဂရုစိုက်ပါဗျာ.....
အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။

ညီရဲ said...

ကဗျာလေးကို ခံစားအားပေးသွားပါတယ်ဗျာ...

ချော(အစိမ်းရောင်လွင်ပြင်) said...

အေးတဲ့အရပ်မှာ ရောက်နေတာကိုး..
ဒါကြောင့် ကဗျာလေးမှာ နှင်းရည်စိုရွှဲပြီး ချမ်းသံလေးတွေစွက်နေတာ
နေရာသစ်ကျောင်းသစ်မှာ အစစအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်..
နောင်များမှာ နယ်သာလန်ရဲ့ ရှုခင်းပုံရိပ်တွေ အတွေ့အကြုံတွေ ဖတ်ရဖို့ မျှော်လင့်နေတယ်နော်

sosegado said...

ရောက်တဲ့နေရာမှာ ပျော်ရွှင်အေးဆေးမှုများရရှိပါစေ၊

jr said...

ဟုတ်တယ် မသိဂါင်္ရေ ..
ဘ၀မှာ ဘယ်အရာမှ အလကားမရဘူးနော် ..

x-mas ရောက်ပြီး မကြာခင် နှစ်ကူးတော့မယ်နော်။
နေရာသစ်မှာ ပျော်ရွှင်ပါစေ ..

ခင်မင်လျှက်

ပန်းချီ said...

အစ်မရေ..ပျောက်ချက်သားကောင်းလှချည်လားမှတ်တယ်...း) ကဗျာနဲ့ပုံလေး တကယ်လှတယ်..ချမ်းတောင်ချမ်းသွားပြီ..

မဒမ်ကိုး said...

ပန်းကလေးတွေမြင်ပြီး စိတ်ထဲလန်းဆန်းသွားပါတယ်
နှင်းတွေနဲ့အတူ ချစ်မကြီးတစ်ယောက် အေးချမ်းပျော်ရွှင်နိုင်ပါစေကြောင်း

အင်ကြင်းသန့် said...

မသိဂါင်္ရေ ..ရောက်တဲ့နေရာကနေ ကဗျာလှလှလေးတွေတော့ တင်ပါနော်....း)


ခင်တဲ့

မြသွေးနီ said...

ညီမရေ... ကဗျာလေးဖတ်သွားပါတယ်...။စာအရေးတော့မပျက်နဲ့နော်..ကျန်းမာရေးလည်း ဂရုစိုက်ဦး..။