08 August, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၄ (Berlin)

ဘာလင်ကို သွားမယ် သွားမယ် ဆိုပြီး မသွားဖြစ်ပဲ ဖြစ်နေရာက ပြီးခဲ့တဲ့ အပတ်ကတော့ သူငယ်ချင်း မိန်းကလေး တစ်ယောက်နဲ့ အတူ သွားဖြစ်ခဲ့ပါတယ်။ Euroline bus နဲ့ပါ။ နယ်သာလန်က ညဘက် ထွက်ရင် ဘာလင်ကို မနက်စောစော ရောက်ပါတယ်။ ဘာလင်ကို ရောက်တော့ မိုးတွေ အုံ့နေပါတယ်။ တကယ်ပါပဲ..။ ကိုယ်က သွားရ လာရမယ့် အချိန်မှာ မိုးရွာတာကို အလွန်မုန်းပါတယ်။ ပဲရစ် သွားတဲ့ အခေါက်တုန်းကလည်း ပထမနေ့ မနက်ပိုင်းမှာ အဲလိုပဲ မိုးတွေ အုံ့ပြီး ရွာနေခဲ့တာပါ။ ဒီတစ်ခါတော့ မိုးလေဝသ ကို ကြည့်ခဲ့တယ်။ Cloudy ပဲ ဆိုတော့ မိုးမရွာဘူးလို့ မျှော်လင့်ပြီး လာတာပါ။ 

ဒီလိုနဲ့ပဲ ကားဂိတ် ကနေ မြို့ထဲကို စပြီး လမ်းလျှောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း တွေ့တာမြင်တာတွေ အကုန် ဓါတ်ပုံ ရိုက်ရင်း လမ်းလျှောက်တာပေါ့နော်..။ မိုးကလည်း အုံ့နေ... ခါတိုင်းလို တစ်ယောက်တည်း မဟုတ်ပဲ အဖော်နဲ့ဆိုတော့ ဓါတ်ပုံတစ်ပုံအတွက် အချိန်ကြာကြာလည်း ယူမနေချင်တာနဲ့ ဖြတ်ခနဲ၊ ဖြတ်ခနဲ ရိုက်လာကြတာ မို့လို့ ပုံတွေက သိပ်တော့ မကောင်းပါဘူး။ အပိုပြောတာ မဟုတ်ပါဘူး။ ဘာလင်က ပုံတွေကို သိပ် စိတ်တိုင်းမကျလို့ပါ။ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် တင်လိုက်ပါတယ်.. :D






 ဒါကတော့ စစ်အတွင်းတုန်းက ဂျူးလူမျိုးတွေ အသတ်ခံခဲ့ရတဲ့ အမှတ်တရနေရာပါ။


ဘာလင် ဂိတ်ကို ရောက်တော့ မိုးတွေ တော်တော် အုံနေပါပြီ။ 


အဲဒီက ပြန်အထွက်မှာပဲ မိုးတွေ သည်းလာတာနဲ့ နီးရာ အဆောက်အအုံကြီး တစ်ခုရဲ့ အမိုးစွန်းမှာ နှစ်ယောက်သား ခိုနေလိုက်ရပါသေးတယ်။ ဒီလောက် မိုးတွေ အချိန်မရွေး ရွာနေတဲ့ နေရာမှာ နေနေပြီး ထီးကိုတော့ တမင် မယူလာ၊ မိုးကာကတော့ မေ့ကျန်နေခဲ့တဲ့ ကိုယ့်အပြစ်ပါပဲ..။ တော်တော်လေး စောင့်နေလို့ မတိတ်တာနဲ့ ဘာလင်ဂိတ် ဘက် ပြန်သွားပြီး အမှတ်တရ ဆိုင်ကနေ ဘာလင် ဆိုတဲ့ စာတမ်းတွေ ပါတဲ့ ထီးတစ်ချောင်း ဝယ်ဆောင်းပြီး ဆက်လျှောက် ခဲ့ပါတယ်။




နောက်တော့ လမ်းလျှောက်ရင်းနဲ့ပဲ တဖြည်းဖြည်း မိုးစဲ လာပြီး နေ့လည်ဘက်ရောက်တော့
 နေပူလာလို့ တော်ပါသေးတယ်။







 မြို့ကို ပတ်လျှောက်ရင်း ဘာလင် ဂိတ် ဘက်ကို တစ်ခါ ပြန်ရောက်သွားလို့ နေပူထဲမှာ တစ်ခါ ပြန်ရိုက်ခဲ့တာပါ။






ညနေစောင်းတော့မှ ဘူတာရုံကို ရောက်ပါတော့တယ်။ ညရထားက လက်မှတ် ကုန်နိုင်တယ် ဆိုတာကို သတိထားသင့်ပေမယ့် အမှတ်တမဲ့ ဖြစ်သွားပြီး မနက်ကတည်းက ကြိုမဝယ်မိပဲ ညကျမှ တစ်ခါတည်း ဝယ်မယ် လုပ်တော့ ကိုယ်တို့ သွားချင်တဲ့ ညရထား လက်မှတ်က လုံးဝ ကုန်သွားပါပြီ။ အစီအစဉ်က ည ၁၂ ခွဲ ရထား နဲ့ Koln ကို သွား၊ မနက် ၆ နာရီကျော်လောက် ရောက်ဖို့ပါ။ Koln ကို မနက် ၂ နာရီ ရောက်မယ့် ရထားမှာ လက်မှတ် ကျန်သေးပေမယ့် အဲဒီ ရထား ထွက်ဖို့က ပြောရင်း ဆိုရင်းနဲ့ပဲ ၃ မိနစ်ပဲ လိုတော့တာမို့ မဖြစ်တော့ပါဘူး။ ဒါနဲ့ပဲ မနက် အစောဆုံး ၅နာရီခွဲ ရထား လက်မှတ်ကိုပဲ ယူလိုက်ရပါတယ်။ ဘာလင်မှာ ညအိပ်ဖို့ အစီအစဉ် မရှိတာကြောင့် ဟိုတယ်လည်း ဘွတ်ကင် လုပ်မထား ပါဘူး။ ခုနေမှ ရှာမယ် လုပ်တော့ ညက ၁၀ နာရီ ကျော်နေပါပြီ။ မနက်ကျတော့လည်း ၅ နာရီခွဲ အမှီ ပြန်လာရမှာဆိုတော့ မထူးပါဘူး ဆိုပြီး နှစ်ယောက်သား ဘူတာရုံမှာပဲ ဖြစ်သလို ငိုက်လိုက်ကြပါတယ်။ တကယ့် အပေအတေ တွေပဲ ဆိုပါတော့။ တော်ရုံ မိန်းကလေးတွေတော့ တနေကုန် လမ်းလျှောက်.. ဘူတာရုံမှာ အိပ် ဆိုတာမျိုး လုပ်မယ် မထင်ပါဘူး.. :D


မနက် ရထားနဲ့ သွားတော့ Koln ကို မှန်းထားသလို မနက် စောစော မရောက်တော့ပဲ မနက် ၁၀ နာရီခွဲမှ ရောက်သွားပါတော့တယ်။ အဲဒီက ပုံတွေကိုတော့ နောက်နေ့မှပဲ ဆက်တင်ပါတော့မယ်..။

သိင်္ဂါကျော်

5 comments:

စံပယ်ချို said...

ကိုယ်သွားရမယ့်အချိန်မိုးရွာရင်မုန်းတာတူတယ်
ပုံတွေကိုjas ကတော့စိတ်တိုင်းကျနေတယ် ဘာလင်ကို
ရောက်ပြီးကြည့်နေသလိုပါပဲ
မြို့ကသန့်ပြီးလှတယ်နော်
နောက်တင်မယ့်ပုံတွေကိုစောင့်နေတဲ့
jas

ချစ်စံအိမ် said...

ရိုက်ခဲ့သမျှတွေလာကြည့်သွားပါတယ်ရှင်..

Anonymous said...

ဘာလင်ကို စိတ်ကူးနဲ့ ညွှတ်မိရဲ့
ဓာတ်ပုံလေးတွေ လှပါတယ် မမရဲ့

~ Kk ~

Angelhlaing(May everybody be happy and healthy! said...

သိပ်လှတဲ့မြို့..အစိမ်းရောင်မြို့တော်လို့ဥရောပမှာ နာမည်ရသလို ထင်ရှားတဲ့မြို့...နောက်တစ်ခေါက် ထပ်ရောက်ချင်သေးတဲ့ မြို့ပဲ..မမ :):)

mstint said...

ပီပြင်တဲ့ ရိုက်ချက်တွေနဲ့တင် ဘာလင်ကိုရောက်သွားသလိုပဲ ကျော်ရေ၊ ငွေကုန်ကြေးကျ သက်သာစွာနဲ့ တစ်ညတာခရီး ဖြတ်သန်းခဲ့တာပေါ့နော်း)
ဆက်တင်မဲ့ပုံတွေကို စောင့်မျှော်နေပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်