01 December, 2012

ချိုသော ချစ်သော ဒီဇင်ဘာ


ဒီဇင်ဘာက
တိတ်တိတ်ဆိတ်ဆိတ်လေး လှမ်းလာ…
နှင်းတစ်ပွင့်မှ မဝေတဲ့ နေရာမှာ နေထိုင်သူအတွက်
ရောက်နေမှန်းတောင် မသိလိုက်ရ။

အောက်တိုဘာတွေရော နိုဝင်ဘာတွေရော
နေ့တဓူဝထဲမှာပဲ မျောနေလေတော့
အမှတ်ရစရာ ဘာမှ မရှိတဲ့ နေ့တွေ
အကုန်လွယ်သွားတာ မသိလိုက်ဘူးပေါ့။

“Happy Birthday” တဲ့
Sweet December က တံခါးလာခေါက်မှ
ဖြတ်ခနဲဆို သတိရသွားတယ်
အသက်တစ်နှစ်တောင် ကြီးလာပြန်ပေါ့လား။

ဂါဝန်လှလှ ဝတ်ပြီး
ဆုတောင်းသံတွေကြားမှာ မွေးနေ့ကိတ်မှုတ်နေကြ
အလွှာထဲကလည်း မဟုတ်ဘူး။
မွေးနေ့ အလှူမင်္ဂလာ ခြိမ့်ခြိမ့်သဲ လုပ်နိုင်ကြတဲ့
အလွှာထဲကလည်း မဟုတ်ဘူး။
ရုံးကန်နေရတဲ့ ဘဝတွေအတွက်
အသက်တစ်နှစ်ကြီးလာတာဟာ
ဘာများ ဂုဏ်ယူစရာ ကောင်းသလဲကွယ်။

မသိလိုက်မသိဘာသာ မိုက်မဲ တွေဝေမှုတွေနဲ့
ဖြတ်သန်းခဲ့တဲ့ နေ့တွေထဲ
စိတ်တွင်းက အညစ်အကြေးတွေ
ဘယ်လောက်တောင်မှ များခဲ့သလဲ ဆိုတာ
ဘယ်နှခါများ ပြန်ဆန်းစစ်ဖူးကြသလဲ။

Sweet December ရေ
ကျေးဇူးတင်ပါရဲ့နော်..
သေဖို့ တစ်ရက်နီးလာတာကို သတိပေးတဲ့ အတွက်…။
ငါ့ကိုယ်ငါ ဆုံးမချင်တာလေးတွေ သတိရစေတဲ့ အတွက်..။

ငါတို့က ဧည့်သည်တွေပဲလေ…
ဘာကြောင့်များ အငြင်းပွားတိုက်ခိုက်မှုတွေနဲ့
နေ့ရက်တွေ အရုပ်ဆိုးအောင် လုပ်နေမလဲကွယ်။
တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးလိုက်ကြပါ..
ကိုယ်မကြိုက်တာကို လုပ်တာဟာ သူ့စိတ်ချမ်းသာမှုနဲ့ သူ့ဗီဇပဲ ဆိုရင်
ငါက ဥပေက္ခာပြုလိုက်ပါ့မယ်။
ချစ်ခြင်း မုန်းခြင်းတွေနဲ့ လောင်မြိုက်စေမယ့် နေ့ရက်တွေကို
ငါ့အပေါ် မသက်ရောက်စေအောင်
တတ်နိုင်သမျှ ကြိုးစားချင်တယ်။

ငါက ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး ဧည့်သည်ပါ
ချစ်သောသူများရဲ့ မေတ္တာနဲ့
ခါးသော နေ့ရက်တွေကိုတောင် ချိုသယောင်ပြုနိုင်ပါတယ်။
မမြဲတဲ့ သဘောတရားတွေထဲ
ဒုက္ခဆိုတာ ရှိခဲ့လည်း ခဏပဲပေါ့ မဟုတ်လား။
သူငယ်ချင်းများရေ…
ချိုသော ချစ်သော ဒီဇင်ဘာက စတင်ပြီး
ပျော်ရွှင်သော လှပသော ချိုမြိန်သော ချစ်ခြင်းပြည့်သော
နေ့ရက်များသာ အမြဲတမ်း ဖြစ်စေနော်…။

သိင်္ဂါကျော်
1.12.2012
10: 20 AM

10 comments:

လွင်ပြင်လှိုင်းငယ် said...

ချစ်စရာကောင်းသော ဒီဇင်ဘာကဗျာလေးအားပေးသွားပါတယ်

Cameron said...

ဆွိဒီဇင်ဘာပါ..သိဂါင်္... ဒီဇင်ဘာတစ်ရက်နေ့မှာမွေးတဲ့ ညီမလေး...ချိုမြိန်လှပသော အချိန်များကို ပိုင်ဆိုင်နိုင်ပါစေ...း)

စံပယ်ချို said...

ကျော်ရေ
ဂျက်က ဒီဇင်ဘာ ၂၈ မွေးနေ့လေ
ဒီဇင်ဘာဆိုရင် ပျော်လဲပျော်တယ်
အိမ်ကိုလဲလွမ်းတယ် သူငယ်ချင်းတွေကိုလဲသတိရမိတယ်
မွေးလချင်းတူတယ်နော်
ဖြစ်ချင်တဲ့ဆန္ဒတွေအားလုံးပြည့်ပါစေလို့

မိုးနတ်ကြယ်စင် said...

ဟယ်..မမက ဒီဇင်ဘာမှာမွေးတာလား..
အားကျထှာ....မိုးနတ်က အောက်တိုဘာမှာမွေးတာလေ
ဆောင်းကို သိပ်ချစ်တော့...ဒီဇင်ဘာမှာမွေးတဲ့လူ
ဖြစ်ချင်တာ...မမက ကံကောင်းလိုက်တာ...

Anonymous said...

မွေးနေ့ အမှတ်တရ ကဗျာဖြစ်ပေမယ့်လို့
ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ
ဘ၀ ဆိုတာဒီလိုဘဲပေါ့ ။

ရှေ့လျှောက်ပျော်ရွှင်ပါစေဗျာ ။


( မင်းဧရာ )

Aunty Tint said...

ပျော်ရွှင်အေးချမ်းဖွယ်ရာ ဒီဇင်ဘာလေးကို ကြိုဆိုတဲ့ ကဗျာကောင်းလေးပါလား ကျော်ရေ။
ဒီဇင်ဘာနဲ့အတူ ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးချမ်းပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Crystal said...

ချစ်သော သူငယ်ချင်းများနှင့် ချိုသော ဒီဇင်ဘာ :)

blackroze said...

ဟုတ်တယ် အမရေ
ဒီဇင်ဘာရောက်ပြီဆိုတာနဲ့
ပစ်ပစ်လည်း အသက်တနှစ်
ပိုကြီးတော့တာပါဘဲ

Anonymous said...

ပျော်ရွှင်ဖွယ်သော မွေးနေ့နဲ့ ချိုမြိန်သော ဒီဇင်ဘာပါ။

kokoseinygn said...

ပထမဆုံးအပိုဒ်နဲ့နောက်ဆုံးအပိုဒ်
အရမ်းကောင်းတယ်
မွေးရပ်မြေမှာပျော်ရွှင်ပါစေ