11 January, 2013

လွမ်းတတ်တဲ့သူ


ဖြူဖြူကျော်သိန်းအသံကို သိပ်မကြိုက်ဘူး
ဒါပေမယ့် 
ချယ်ရီလမ်း သီချင်းကို နားထောင်ရင်း
တစ်ယောက်သောသူကို သတိရနေတယ်...
ချယ်ရီတွေက အိမ်ရှေ့မှာတော့ ကြွေမနေပါဘူး...
ကန်တော်ကြီးမှာတော့ ဝေနေရောပေါ့...
ကုန်ကြမ်း ရှာတာလို့ ယူဆပြီး မယုံပဲ နေချင်လည်း နေနိုင်ပါတယ်
လွမ်းတတ်ဖူးတယ် ဆိုတာ ကောင်းတဲ့ အတွေ့အကြုံတော့ မဟုတ်ဘူးနော့..။

စစ်ပွဲသံတွေ အငြင်းပွားသံတွေ ကြားမှာ
အလွမ်းအကြောင်း စာဖွဲ့ရတာ တစ်ကိုယ်ကောင်းဆန်ရာများ ကျနေလေသလား၊
ကျွန်တော်က သတင်းတွေ အတင်းတွေ နဲ့ သိပ် သဟဇတ မဖြစ်တဲ့လူမို့ပါ
အပြင်မှာ ကမ္ဘာပျက်ကာနီးရင်တောင်
အခန်းတံခါးပိတ်ပြီး ကိုယ့်သီချင်းကိုယ် ညည်းရင်း
ကိုယ့်ကဗျာကိုယ် ဆက်ရေးနေမယ့်လူပေါ့။

အဲဒီလူက လွမ်းတတ်သလား လို့
အတင်း ပြောဖို့ မကြံပါနဲ့
ကျွန်တော့် အလွမ်းစာအုပ်ကို ခင်ဗျား မမြင်ဖူးသေးဘူး
ခင်ဗျားကို ဖွင့်ပြဖို့လည်း စိတ်ကူးတော့ မရှိသေးဘူး။
ကျွန်တော့် ကဗျာတွေ ခင်ဗျား ရင်ဘတ်နဲ့ ခံစားရင်
နည်းနည်းတော့ လွမ်းတတ်လာလိမ့်မယ်။

ခင်ဗျား မသိလို့ပါ
ကျွန်တော်က လွမ်းတတ်တဲ့သူ
ချစ်တတ်သလား မချစ်တတ်ဘူးလား မသေချာပေမယ့်
လွမ်းတတ်တာတော့ သေချာတယ်...
သင်ပေးတဲ့လူက သင်ပေးခဲ့လို့ပါ၊
စောင့်ရမလား မစောင့်ရမလား မသေမချာနဲ့
တွေ့နေကြ  လိမ္မော်ရောင် ညနေတိုင်း လွမ်းတယ်၊
ဖုန်းနဲ့ နှုတ်ဆက်နေကြ ပန်းနုရောင် မနက်တိုင်း လွမ်းတယ်၊
ဘာမှ ထူးထူးခြားခြား မရှိဘူး ဆိုပေမယ့်
သူ တစ်စွန်းတစမှ ရှင်းမပြခဲ့ဖူးဘူး
ဘာကြောင့် ထားခဲ့လဲ ဆိုတာ....။
သူ ပြန်မလာလို့ ရာခိုင်နှုန်း များပါတယ်
ဒါပေမယ့်လည်း
ကျွန်တော်ကိုယ် ကျွန်တော် ကျန်နေခဲ့သူ မဟုတ်ဘူးလို့ ယူဆပြီး
အလွမ်းစာအုပ်ကို ဆက်ရေးနေတယ်...။

(သိင်္ဂါကျော်)
 

8 comments:

မဒမ်ကိုး said...

ကိုယ်ဟာလွမ်းတတ်သူမို့ သိပ်ကိုခက်နေတယ်
ချယ်ရီကိုလဲလွမ်းတယ်
မြင်မြင်သမျှဟာ လွမ်းစရာတွေဖြစ်ဖြစ်နေတတ်တယ်

ချစ်တဲ့

ဒိုးကန်

စံပယ်ချို said...

အင်းပေါ့နော် အပေါ်ကရွှေဒိုးပြောသလိုပါပဲ
လွမ်းတတ်လွန်းလို့ခက်နေပါတယ် ဘာမြင်မြင်
ဘာတွေ့တွေ့ လွမ်းစရာတွေပဲထင်နေမိတယ်
အသည်းကွဲဖူးလားဆိုတော့လဲ မကွဲခဲ့ဖူးပါဘူး
လွမ်းတဲ့အရသာကိုချစ်တယ်....
ချစ်သူအနားမှာရှိလဲလွမ်းနေတယ်
(အတင်းပြောဖို့မကြံပါနဲ့ ကျွန်တော်အလွမ်းစာအုပ်
ခင်ဗျားမမြင်ဖူးသေးဘူး။ ကျွန်တော်ကဗျာတွေ ခင်ဗျားရင်ဘတ်နဲ့
ခံစားရင်နည်းနည်းတော့ လွမ်းတတ်လာလိမ့်မယ်။)
တကယ်ရှယ်ပါပဲကျော်ရေ
ဖတ်ရတာ အရသာကိုရှိနေတာပဲ....

Aunty Tint said...

ခံစားချက်ပြင်းထန်သူအတွက် အလွမ်းဟာနက်ရှိုင်းတယ် သိင်္ဂါကျော်ရေ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

လွမ်းတတ်တာတော့ပြောမနေနဲ့ ညီမရေ တွေ့ သမျှလွမ်းနေတော့တာ:) ရေးထားတာလေးကရသတစ်မျိုးမြောက်နေပြန်တယ်

မိစံ said...

အိမ်ပြင်မှာနှင်းစက်တွေတစ်ဖွဲဖွဲကျ
နှလုံးသားမှာမအေးစက်နိုင်
အလွမ်းရက်တွေမွန်းကျပ်လာလို့...
(ဆက်တိုက်ဆိုကြည့်တော့လည်း..မောသား)း)

လွမ်းတော့လွမ်းခဲတယ်။
လွမ်းတယ်ဆိုရင်လည်း လွမ်းတဲ့နေရာဆီ
ချက်ချင်း ထ လိုက်သွားတာဘဲ
(တစ်ချို့သူများ ပြောပါတယ်) :D

ဖြူဖြူ့သီချင်းတွေကိုလည်းကြိုက်တယ်။
ဒီကဗျာလေးကိုလည်းကြိုက်တယ်။
ဘလော့ပိုင်ရှင်ကလည်း ချစ်ဖို့ကောင်းလိုက်တာ..:D

Cameron said...

အလွမ်းဓါတ်ခံရှိသူမို့ ကဗျာလေးရဲ့အကြောင်းအရာက ကိုယ်နဲ့လာတိုက်ဆိုင်နေသလိုပဲ ကြိုက်တယ်...။

Anonymous said...

ကဗျာဖတ်သူရဲ့ ရင်ကိုတောင် လေးပင်သွားစေသလိုဘဲဗျာ
ကျန်နေခဲ့တာနေမှာပါ ချန်ထားခဲ့တာမဖြစ်နိုင်ပါဘူး
နှင်းရည်လူးလို့ ဖူးခဲ့သော ချယ်ရီတွေနဲ့ နေ့ရက်ရှည်တွေကို
ဆက်ပါဦး ကဗျာတွေသီကုံးရင်းပေါ့။


( မင်းဧရာ )

kokoseinygn said...

ကဗျာရှည်ရှည် စာရှည်ရှည်တွေ ဖတ်သွားတယ်
( ကျွန်တော်ကဗျာတွေ ခင်ဗျားရင်ဘတ်နဲ့ခံစားရင်
နည်းနည်းတော့လွမ်းတတ်လာလိမ့်မယ်)

စာသားတွေအေ၇ာင်ရင့်တယ် သိင်္ဂါကျော်