ရွေးချယ်ခွင့် မရခဲ့တဲ့ ပုတ်အဲ့အဲ့ အသိုက်ထဲမှာ နေထိုင်ရင်း
အရာရာ အကောင်းမြင်နိုင်ဖို့ ကြိုးစားနေတယ်
အတ္တတွေ မာနတွေနဲ့ အထာကျပြီးသား သူတို့စိတ်ထဲ
ကိုယ်မှ ဝင်ပြုပြင်ခွင့် မရှိတာ
ပါးစပ်က တရားအကြောင်း ဘယ်လောက်ပြောပြော
သူတို့စိတ်ကို မပြုပြင်နိုင်သေးတာ သူတို့ကိုယ်သူတို့ မမြင်နိုင်ဘူး။
ဒီလိုပါပဲလေ..
ကိုယ့်စိတ်ကိုယ်တောင် ပြင်ဆင်မယ် ခဏခဏ ကြိမ်းဝါးရင်း
မပြင်ဆင်နိုင်သေးတာ ကိုယ်တိုင် သိချင်မှ သိမယ် မဟုတ်လား။
မွေးဖွားလာခြင်းကို မပြင်ဆင်နိုင်ဘူး
ဘာတွေပဲ မှားယွင်းနေပါစေ
ရွေးချယ်ခြင်းက ကိုယ်လုပ်ခဲ့တဲ့ အရာမဟုတ်ဘူး။
ကိုယ်လုပ်နိုင်တာ ဘာရှိမလဲ တွေးကြည့်ဖို့ တစ်ခုပဲ ရှိတယ်။
တစ်ခါပျက်ဖူးတဲ့ အသိုက်ကို ပြန်ဆက်ခဲ့ရင်
နေထိုင်သူတွေရဲ့ အမူအကျင့်တွေ မပြင်သရွေ့တော့
အက်ကြောင်းရာ မှေးမှိန်ဖို့က လွယ်ကူတဲ့ အရာ မဟုတ်ဘူး။
ဘာကြောင့် အဲလောက် ပုတ်အဲ့တဲ့ အသိုက်ထဲ
သေတဲ့အထိ နေထိုင်ဖို့ ရွေးချယ်နိုင်သလဲ
ကိုယ်မသိနိုင်တဲ့ အရာတွေ များတာပဲ ဖြစ်မှာပါ။
ကိုယ်ကိုယ်တိုင် အသိုက်တစ်ခု ဆောက်ဖို့ ကြောက်ရွံခဲ့တယ်
မှားယွင်းခြင်းက တစ်သက်တာအတွက် ဘယ်လောက် ခါးသီးစရာ ကောင်းသလဲဆိုတာ
မြင်နေတွေ့နေကြ ဖြစ်နေလို့လည်း ဖြစ်မယ်။
ခဏခဏ အသိုက်တွေ ပျက်နေကြတာ
မြင်နေတွေ့နေကြ ဖြစ်နေလို့လည်း ဖြစ်မယ်။
အပြင်ယံ ခိုင်မာဖို့ အတွင်းလှိုက် ပုတ်ဆွေးနေတဲ့ အသိုက်မျိုး
ရှင်းလင်း ခွဲခွာလိုက်ကြပြီးတဲ့ အသိုက်တစ်ခြမ်းဆိုလည်း
ဘယ်လောက်ပဲ ပြန်လည်တည်ဆောက်ပါစေ တစ်ခုလုံးအပြည့် ပြန်မဖြစ်နိုင်တော့တာမျိုး
မြင်နေတွေ့နေကြမို့ ကိုယ်တိုင်တည်ဆောက်ဖို့ ကြောက်ရွံခဲ့တာ
ကိုယ့်စိတ္တဇ သက်သက်လည်း ဖြစ်နိုင်ရဲ့။
အသိုက်ထဲမှာ တစ်သက်တာ လုံခြုံစိတ်ချရဖို့
မသေချာမှုတွေ များများလာတဲ့အခါ
ကိုယ်ဟာ
အသိုက်တစ်ခုအတွက် ယုံကြည်မှုမရှိတဲ့
ခရီးသွားငှက်တစ်ကောင် ဖြစ်လာခဲ့တယ်။
သိင်္ဂါကျော်

5 comments:
ငြိမ်းချမ်းအေးမြတဲ့ အသိုက်မြုံလေး တည်ဆောက်နိုင်ပါစေဗျားးး
ခရီးသွားငှက်ကလေးဘဝ တည်ငြိမ်အေးချမ်းစွာ နားနေနိုင်ဘို့ရာ မကြာခဏအသိုက်တွေပျက်လည်း လုံခြုံတဲ့အသိုက်လေး ဆောက်နိုင်ပါစေ ကျော်ရေ..
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အသိုက်အမြုံ လုံခြုံနွေးထွေးစွာ ခိုလှုံနိုင်ဖို့ ကာလ အချို့ကို ရင်းနှီးပါ ခိုင်မြဲပါ လိမ့်မယ်း))။
ဟိ.....
မရောက်တာ ကြာလို့ ကဗျာဖတ်ရင်း စသွားတယ်နော်။
အသိုက်တစ်ခု အတွက် ယုံကြည်မှု မရှိတဲ့ ခရီးသွားငှက်တစ်ကောင် အတွက် နွေးထွေးတဲ့ အသိုက်လေး တစ်ခု ရစေချင်မိတယ်..။
so good
Post a Comment