စိတ်ဓာတ် ပျက်ပြားခြင်း ဆိုသော စကားတွင် အဓိပ္ပါယ် မြောက်မြား ရှိနေပါသည်။ အများစုက ပုံမှန် ရိုးရိုးဟု ယူဆကြသော မပျော်ရွှင်ခြင်း နှင့်လည်း နက်ရှိုင်းစွာ ပတ်သက်နေပါသည်။ စိတ် ဆိုသည်မှာ ကျွန်တော်တို့၏ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်ပြီး သင့်ကိုယ်ပိုင် တန်ဖိုး၊ အရည်အသွေး နှင့် ဆက်စပ်နေသည်သာမက အခြားသော သက်ရှိအားလုံး၏ တန်ဖိုး၊ အရည်အသွေးများနှင့်လည်း ဆက်စပ်နေပါသည်။ စိတ် လေလွင့်ခြင်း၊ စိတ်ကျခြင်း၊ စိတ်ဓာတ် ပျက်ပြားခြင်းသည် နူးညံသလို အန္တရာယ်ရှိသော အခြေအနေဖြစ်ပြီး အလွန်နည်းသော လူအချို့ သာ ထိုသို့ ဖြစ်ပျက်ကြောင်း သတိထားမိကြပါသည်။ အောက်တွင် ဖော်ပြထားသော အချက်များသည် စိတ်ဓာတ် ပျက်ပြား နေပြီ ဖြစ်ကြောင်း သိနိုင်သော အချက် (၂၀) ပင်ဖြစ်ပါသည်။
သင်က သူများတွေ ကောင်းသလို မကောင်းဘူးလို့ သင် ခံစားရတယ်။
သင် တစ်ခုခု လုပ်ချင်နေတယ်၊ ဒါပေမယ့် အောင်မြင်အောင် ဘာကို ဘယ်လို လုပ်ရမယ်၊ ဘာက ပြဿနာတွေ ဖြစ်စေသလဲ ဆိုတဲ့ စိတ်ကူး စိတ်သန်းက မရှိဘူး။
သင့်ကိုယ်သင် ရှာဖွေ တွေ့ ရှိထားတာက ပြီးပြည့်စုံတဲ့ အောင်မြင်မှုမျိုး ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် လုပ်နိုင်တဲ့ စွမ်းအင်ကို ငတ်မွတ်နေတယ်။
သင်ဟာ သင့်ကိုယ်သင် ကောင်းသင့်သလောက် မကောင်းဘူး၊ စမတ် မဖြစ်ဘူး၊ မပိန်ဘူး၊ မငယ်တော့ဘူး၊ စသဖြင့် မကြာခဏ စိုးရိမ်ကြောင့်ကြ နေတယ်။
သင် မထိန်းချုပ်နိုင်တဲ့ ပတ်ဝန်းကျင် အနေအထားရဲ့ သားကောင် ဖြစ်နေတယ်လို့ ခံစားရတယ်။
သင့်ရဲ့ နေ့စဉ်ဘဝဟာ အလုပ်တွေပဲ လုပ်နေရပြီး အဓိပ္ပါယ် မရှိဘူးလို့ ခံစားရတယ်။
သင်ဟာ မကြာခဏ အကူအညီမဲ့၊ မျှော်လင့်ချက်မဲ့ နေတယ်လို့ အဆိုးမြင်နဲ့ ခံစားရတယ်။
သင့် အသည်းနှလုံးကို သံမဏိနံရံ တွေနဲ့ ကာရံထားတယ်။
သင်ဟာ ဘာမှ အရေးမကြီးဘူး၊ သင့် အချစ်ဟာလည်း ဘာမှ ကွဲပြားခြားနားမှု မရှိဘူးလို့ မကြာခဏ ခံစားရတယ်။
သင် ပိုင်ဆိုင်သလောက် နဲ့ အံဝင်ဂွင်ကျ ဖြစ်ဖို့ အမြဲတမ်း ကြိုးစားနေတယ်။ ဒါပေမယ့် အဲသလို ခံစားရခဲတယ်။
ဘဝမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကြောင့် သင် လဲကျ သွားတော့မယ် လို့ ခံစားရတယ်။
သင်ဟာ မသေချာ မရေရာမှုတွေရဲ့ ဖိစီးနှိပ်စက်မှုကို ခံနေရတယ်။ မောပန်းတာ၊ နာကျင်တာ၊ ကိုယ်အလေးချိန်တက်တာ၊ ကျတာ၊ စိတ်ကစဉ့်ကလျားဖြစ်တာ၊ အရေပြား အလာ့ဂျစ်ဖြစ်တာ၊ အစာအိမ်ရောဂါ လက္ခဏာတွေ စတဲ့ ကုသဖို့ ခက်ခဲတဲ့ ကိုယ်ခန္ဓာပေါ်က ရောဂါလက္ခဏာတွေ ဖြစ်တတ်တယ်။
ချစ်ခြင်းနဲ့ ပြုစုပျိုးထောင်ဖို့ မြေတောင်မြှောက် အားပေးထောက်ပံ့ဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လက်ခံနိုင်ဖို့ ကြိုးစား ရုန်းကန် နေရတယ်။
သင်ဟာ စိတ်ဓါတ်ကျ၊ ဒေါသထွက်၊ ရေရှည် စိုးရိမ်သောက ဖြစ်နေတတ်တယ်။
သင့်ကို လုံလုံလောက်လောက် အသိအမှတ်ပြု မခံရဘူး လို့ ခံစားနေရတယ်။
သူတစ်ပါးပေးတဲ့ မှတ်ချက်တွေကနေ သင့်ကိုယ်သင် ရှာဖွေနေတယ်။
မကြာခဏ အရက်၊ မူးယစ်ဆေး၊ sex၊ TV ကြည့်တာ၊ မရပ်မနား အလုပ်လုပ်တာတွေနဲ့ မခံစားရအောင် လုပ်တတ်တယ်။
သင့် ဘဝနဲ့ ပတ်သက်ပြီး စိတ်ပျက်မှုကို ခံစားနေရတယ်။
ဘယ်လို အိပ်မက် မက်ရမယ် ဆိုတာကို သင် မေ့နေတတ်တယ်။
စာရေးသူသည် ဆရာဝန် တစ်ယောက် အနေနှင့် စိတ်ဓာတ် ပျက်ပြားနေသော လူနာများကို တွေ့ကြုံခဲ့ရဖူးသော်လည်း ထိုသို့သော အဖြစ်မျိုးအတွက် ကုသနိုင်သော အနောက်တိုင်း ဆေးပညာသည် တကယ်တော့ မရှိပါ။ စိတ်ဓာတ် ပျက်ပြား ပျောက်ဆုံး နေသူ တစ်ယောက် အတွက် ကုသရမည့် ဆေးသည် သူ့ စိတ်ဝိညာဉ်နှင့် ပြန်လည် ဆက်သွယ်ပေးဖို့ပင် ဖြစ်ပါသည်။
တစ်ခါတရံ စိတ်ဝိညာဉ် သည် ကုစားဖို့ရန် နေရာလွတ် လိုအပ်သည်ဖြစ်ရာ ထို့အတွက် သင့် ဘဝတွင် တစ်ချို့ သော ပြင်ပ အပြောင်းအလဲ များ ဖြစ်ပေါ်လာဖို့ လည်း လိုအပ်နိုင်ပါသည်။ သင့် စိတ်ကို အသက်ရှူခွင့် ပိုရနိုင်ဖို့ အလုပ်အကိုင် ပြောင်းလဲပေးဖို့လည်း လိုအပ်ပါသည်။ မပြေလည်သော (ချစ်သူ၊ အိမ်ထောင်ဖက်နှင့်) ဆက်ဆံရေး သည်လည်း စိတ်ကို တင်းကျပ်စေသော အရာပင် ဖြစ်ရာ ကုစားပေးဖို့ လိုအပ်သလို ဆက်ဆံရေးကို ဖြတ်သင့်လျှင်လည်း ဖြတ်တောက် ပစ်သင့် ပါသည်။ သင့်ကို ချစ်နိုင်မည့် လူများကို ရှာဖွေ ဆက်ဆံခြင်း၊ နေရာသစ်တွင် အခြေချခြင်းတို့သည်လည်း သင့် စိတ်ဝိညာဉ်ကို ရှင်သန်လာအောင် အကူအညီ ပေးနိုင်ပါသည်။
သင့် စိတ်ကို ပိုပြီး တီထွင်ဖန်တီးနိုင်သည့် လှုပ်ရှားမှှုများတွင် ပါဝင် ပတ်သက်ခွင့် ပေးဖို့လည်း လိုပါသည်။ ထိုသို့သော အဆုံးမရှိသည့် ပြောင်းလဲမှုများသည် သင့် စိတ် အတွက် ကုစားဖို့ နည်းလမ်းများ မှန်သော်လည်း အမြဲတမ်းတော့ ထို့သို့ ဘဝ၏ အဓိကကျသော အရာများကို ပြောင်းလဲ ပစ်ဖို့ မလိုအပ်ပါ။ သင့် စိတ်ဝိညာဉ်နှင့် ပြန်လည် ဆက်သွယ်ခြင်းသည် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းကို သင် ထင်ထားသည်ထက် ပိုပြီး နက်နဲ သိမ်မွေ့သော၊ ရိုးစင်းသော နည်းလမ်းများဖြင့် ရှာဖွေခြင်းပင် ဖြစ်သည်။ ပျော်ရွှင်ခြင်းကို နေရာအမှားများတွင် ရှာနေမည့်အစား သင် နေထိုင် အသက်ရှင်နေသော ဘဝကို ပုံစံတစ်မျိုးဖြင့် မြင်ကြည့်ဖို့ ပင် ဖြစ်ပါသည်။
20 Sign Your'e Unhappy (But Don't Even Realize It) By Dr. Lissa Rankin မှ ကောက်နုတ် ပြန်ဆိုပါသည်။
သိင်္ဂါကျော်
29.12.2016

