20 August, 2009

ဗိုင်းရပ်စ်



(၁)
ကူးစက်ရောဂါ ဟူသမျှကို ကာကွယ်နိုင်ခဲ့ပြီးဖြစ်သော ၂၀၂၅ ခုနှစ်။
ဒီဇင်ဘာ ၃၊ ည ၁၁ နာရီ။

ဒေါက်တာသက်ထားသည် ကူးစက်ရောဂါ ဆိုင်ရာ ပါရဂူဘွဲ့ကို မကြာသေးခင်ကမှ နိုင်ငံရပ်ခြား တိုင်းပြည်က ရယူလာသူ ဖြစ်သည်။ သူမသည် သူမ၏ စာတမ်းတစ်ခု အတွက် ပြင်ဆင်နေခိုက် ပါရဂူဘွဲ့ အတူတက်ခဲ့သော သူငယ်ချင်း ဆရာဝန် ဒေါက်တာ ဆူထရာဆင်း ထံမှ Message တစ်ခု ဝင်လာသည်ကို ဖတ်လိုက်ရသည်။ သူမတို့ နှစ်ယောက်သည် တိရိစ္ဆာန်မှ တစ်ဆင့် စတင်ခဲ့သော ကူးစက်ရောဂါများ၏ ဆင့်ပွားပြောင်းလဲ ဖြစ်စဉ်များကို အတူတူ သုတေသန ပြုခဲ့ကြသည်။ ယခု မိခင်နိုင်ငံများသို့ ပြန်ရောက်တော့လည်း ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။ သူ့Message ပါ အကြောင်းအရာမှာ သူ့ဆီမှ နမူနာ ဗိုင်းရပ်စ် နှင့် ဖြေဆေးများကို ခိုးယူသွားခြင်း ခံရကြောင်း ပင်။ Message က တစ်ဝက်တစ်ပျက်နှင့် ရပ်သွားခဲ့သည်။ အကျိုးအကြောင်း ဘာမှ ပြန်မေးလို့မရ။ သူကိုယ်တိုင် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ပြီ ထင်သည်။
*****

ဒီဇင်ဘာ ၄၊ နံနက် ၈ နာရီ ၄၅။

အဆိုးဝါးဆုံး ကူးစက်ရောဂါ တစ်ခု ကူးစက်ခံထားရသော မိန်းကလေး တစ်ယောက် TG 5431 နှစ်ထပ်လေယာဉ် ကြီးပေါ်တွင် ပါလာသည်ကို ဘယ်သူမှ သတိမထားမိကြ။ သူမကိုယ် သူမလည်း မသိ။ သူမ စီးလာသော လေယာဉ်ပေါ်တွင် လူပေါင်း ၄၀၀ ကျော် ပါလာခဲ့သည်။ လေယာဉ်ပေါ်တွင် အအေးမိသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်လာသော်လည်း ရိုးရိုးတန်းတန်း ဟုပင်ထင်သည်။ လေယာဉ်ပေါ်မှ ဆင်း၍ အိမ်သို့ ပြန်လာခဲ့သည်။ အအေးမိပျောက်ဆေး သောက်သော်လည်း မသက်သာပါ။
*****

ဒီဇင်ဘာ ၄၊ နံနက် ၁၀ နာရီ။

ဒေါက်တာသက်ထားသည် ညက ဒေါက်တာ ဆူထရာဆင်း ထံမှ Message နှင့် ပတ်သက်ပြီး စဉ်းစားရင်း စိတ်ရှုပ်ခဲ့သောကြောင့် အိပ်ရာဝင်နောက်ကျခဲ့ရသည်။ အိပ်ရာထလည်း နောက်ကျသွားသောကြောင့် သုတေသနဌာနသို့ သွားရန် အချိန်နောက်ကျနေသဖြင့် အရင်လိုနေခဲ့သည်။ ဟိုရောက်မှ သူမ၏ လုပ်ဖော်ကိုင်ဖက် ဒေါက်တာရဲစိုးထက် ကို ပြောပြရမည် ဟု စဉ်းစားရင်း သူမ၏ Sport ကားအနီလေးကို လမ်းမကြီးပေါ်သို့ အတက်မှာပင် ကုန်တင်ကား တစ်စီးက ဖြတ်တိုက်သွားသည်။ ဒေါက်တာသက်ထားသည် ပွဲချင်းပြီး ဆုံးသွားခဲ့သည်။
*****

ဒီဇင်ဘာ ၄၊ နေ့လည် ၁ နာရီ။

National Security Agency (NSA) ရှိ Server Computer သို့ Firewall များကို ကျော်ဖြတ်၍ Message တစ်စောင် ရောက်လာခဲ့သည်။ ပြီးခဲ့သော တစ်နှစ်က အကြမ်းဖက်မှုနှင့် ဖမ်းဆီးထားခဲ့သော ဒေးဗစ်ကျော်ဇော ကို ဒေါ်လာငွေ သန်း ၃၀၀ နှင့် အတူ လွှတ်ပေးရန် နှင့် ထိုကဲ့သို့ မလုပ်ပါက မြို့တော် တစ်ခုလုံးကို ဗိုင်းရပ်စ် ပြန့်ပွားစေမည် ဟူသော ခြိမ်းခြောက်စာ ဖြစ်သည်။ ထိုစာနှင့် ပတ်သက်၍ အားလုံး အလုပ်ရှုပ်သွားသည်။ ဘယ်ကပို့သလဲ။ တမင်သက်သက် နောက်ပြောင်သော စာလား။ အမှန်တကယ် ခြိမ်းခြောက်ခြင်းလား ဆိုသည်ကို သိအောင် လုပ်ရတော့မည်။ Agent စိမ်းဝတီ အတွက် ဒေးဗစ်ကျော်ဇောနှင့် ပတ်သက်၍ အရင်ဆုံး သိအောင် စုံစမ်းရမည်။ သူမ ကွန်ပျူတာလေး နှင့် Central Database ကို ချိတ်ဆက်ကာ သံသယရှိသူများ စာရင်းကို ရှာဖွေရသည်။ ဒေးဗစ်ကျော်ဇော ၏ ဇာတိရုပ် အစစ်အမှန်နှင့် သူ့ အဆက်အသွယ်များ...။ သူသည် နောက်ပြောင်ရုံသက်သက်တော့ ခြိမ်းခြောက်မည့်သူ မဟုတ်။
*****

ဒီဇင်ဘာ ၄၊ ည ၉ နာရီ။

ရောဂါ တစ်ခု ကူးစက်ခံထားရသော ထိုမိန်းကလေးသည် အအေးမိ ရောဂါလက္ခဏာများ ပိုပြင်းထန်လာသည်။ သူမကိုယ် သူမ ဘာဖြစ်မှန်း မသိခင်မှာပင် ဆုံးသွားသည်။ သူမ အဖေက ဆေးရုံအုပ်ကြီးတစ်ယောက်။ သေဆုံးပြီးနောက်မှ ဘာရောဂါဆိုတာ သေချာစမ်းသပ် စစ်ဆေးသည်။ နောက်တစ်နေ့ နံနက် ၁၀ နာရီမှာ သူမ၏ ရောဂါသည် ၂၀၀၉ ခုနှစ်က ဖြစ်ပေါ်ခဲ့ဖူးသော ဗိုင်းရပ်စ် တစ်ခုထက် ပို၍ ပြင်းထန်သော မူကွဲ ဗိုင်းရပ်စ် တစ်မျိုး ဖြစ်နေကြောင်း တွေ့ရှိရသည်။

TG 5431 နှင့် ပြန်လာသူ တစ်ယောက်ဖြစ်သော ဒေါက်တာဒေါ်လွင်လွင်သည် တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်ပြီး ပြန်လာသော နေ့မှာပင် ကျောင်းသို့သွားခဲ့သည်။ စာသင်ခန်းသုံးခန်းမှာ စာဝင်သင်ခဲ့သည်။ ဆရာမ နားနေခန်းတွင် အခြားဆရာမများနှင့် ထမင်း အတူစားခဲ့သည်။ သူမနေမကောင်း ဖြစ်ချင်နေသဖြင့် ကျောင်းမဆင်းခင်မှာပင် ပြန်လာခဲ့သည်။ ထိုနေ့ညပိုင်းမှာပင် သူမ ဆုံးသွားသည်။

TG 5431 နှင့် ပြန်လာသော အသည်းအထူးကု ဒေါက်တာသူရ သည်လည်း မနက်ပိုင်း ဆေးရုံသို့ သွား၍ လူနာကြည့်ခဲ့သည်။ နေ့လည်ဘက် ဆေးခန်းထိုင်ရင်း အအေးမိချင် သလို ဖြစ်လာသည်။ လူနာတွေကို စောစော ဖြတ်၍ ပြန်လာခဲ့သည်။ ညနက်ပိုင်းမှာ ရုတ်တရက် ဖောက်လာပြီး ဆုံးသွားသည်။

သူတို့ နှစ်ယောက်သည် ဗိုင်းရပ်စ်ကူးစက်ခံလာသူ မိန်းကလေး၏ ဘယ်နှင့် ညာတွင် ထိုင်ခဲ့သူများဖြစ်သည်။

ဝတ်မှုံသည် ဒေါ်လွင်လွင် သင်သော အတန်းတစ်တန်းတွင် ရှေ့ဆုံးတန်းမှ ထိုင်သော ကျောင်းသူ တစ်ယောက် ဖြစ်သည်။ သူမတွင် အထက်တန်း အရွယ်နှင့် အလယ်တန်း အရွယ် ညီမ နှစ်ယောက်ရှိသည်။ ကျောင်းမှ ပြန်လာပြီး ညပိုင်းတွင် နေထိုင်မကောင်း စဖြစ်လာသည်။ ဆေးခန်းသွားပြသော အခါ ကူးစက်ရောဂါ ဟု သံသယရှိသဖြင့် ဆေးရုံတင်ခိုင်းသည်။
*****

(၂)

ကေသရီ ဆိုသော နာမည်ကို အမေက ပေးခဲ့ခြင်း ဖြစ်သည်။ အဖေ ပေးထားသော နာမည်က တစ်ခုရှိသည်။ တကယ်က ကေသရီ အဖေကလည်း လမ်းဘေး လူမိုက်တစ်ယောက်ပင် ဖြစ်သည်။ အမေကတော့ ရောင်းစားခံရ၍ အဖေတို့ နိုင်ငံကို ရောက်လာသူ ဖြစ်သည်။ အမေက ရောင်းစားသူတို့ လက်မှ ထွက်ပြေးလာစဉ် အဖေနှင့် တွေ့ခြင်းဖြစ်သည်။ အဖေကလည်း အမေ့ကိုတော့ တကယ်ချစ်ခဲ့သည်။ သူတို့နှစ်ယောက် အတူနေခဲ့ကြသည်။ ကေသရီကို မွေးသည်။ တစ်နှစ်လောက် အကြာမှာတော့ အမေ့မိဘများ က စုံစမ်းရှာဖွေ တွေ့ရှိ၍ ခေါ်ယူသွားသည်။ တစ်နှစ်သား ကေသရီကို ထားခဲ့ပြီး အဖေ မသိအောင် လိုက်ပါသွားခြင်း ဖြစ်သည်။

ကေသရီ ကြီးလာတော့ အဖေက လူမိုက် မလုပ်တော့ပဲ မူးယစ်ဆေး အရောင်းအဝယ် လုပ်သည်။ အမေတို့ နိုင်ငံဘက်ထိ သွားလုပ်ရသည်။ တစ်နေ့မှာ အဲဒီနိုင်ငံက စစ်တပ်နှင့် တိုးပြီး ပစ်ကြခတ်ကြရင်း အဖေ သေသွားသည်။ အဖေပါသွားသော ပစ္စည်းအားလုံးလည်း အသိမ်းခံလိုက်ရသည်။ ကေသရီမှာ တက္ကသိုလ်တက်ကာနီး အချိန်။ အဖေဆုံးသွားပြီးနောက် မတက်နိုင်တော့။ အဖေ့ပါတနာများကလည်း အဖေဆီပါသွားပြီး သိမ်းခံလိုက်ရသော ပစ္စည်းများနှင့် ပတ်သက်ပြီး ကေသရီကို ပြဿနာ ရှာချင်သည်။ အဲဒီလိုနဲ့ ကေသရီ ကိုယ်တိုင် အဖေ့နေရာမှာ လှုပ်ရှားရတော့သည်။ ကေသရီ့ကို စွန့်ပစ်သွားသော၊ အဖေ့ကို သေစေခဲ့သော အဲဒီနိုင်ငံကို ကေသရီ မုန်းသည်။

ကေသရီ့ နောက်ဆုံး အတွဲ ဒေါက်တာ ဆူထရာဆင်း ကတော့ ကေသရီ အကြောင်း ဘာမှမသိ။ မိဘမဲ့ အရောင်းစာရေးမလေး တစ်ယောက် အဖြစ်သာ သိသည်။ သူ နှင့် အတူနေရင်း သူ့အလုပ်အကြောင်း သိလာသည်။ အဲဒီမှာတင် ကေသရီ ဦးနှောက်ထဲသို့ ဆိုးညစ်သော အကြံအစည် တစ်ခု ဝင်လာခဲ့ခြင်း ဖြစ်သည်။ ကေသရီ ၏ တိုက်ခန်းမှာ ငှားနေသော မိန်းကလေးကလည်း ကေသရီ မုန်းသော နိုင်ငံကပင် ဖြစ်သည်။ သူမက မကြာခင် သူမ၏ နိုင်ငံသို့ ကျောင်းပိတ်ရက် ပြန်လိမ့်မည်။

ဒေါက်တာ ဆူထရာဆင်း ၏ ကိုယ်ပိုင် ဓါတ်ခွဲခန်းတွင် စမ်းသပ်ထား သော ဗိုင်းရပ်စ် နှင့် ဖြေဆေးများကို ခိုးယူရုံ မက သူ့ကိုပါ ဗိုင်းရပ်စ် များ ထိုးပေးခဲ့သည်။ ဗိုင်းရပ်စ် ပြန့်ချင် ပြန့်ပါစေ။ ဒီနိုင်ငံကို လည်း ကေသရီက သိပ်ခင်တွယ်လှတာ မဟုတ်ပါ။ သို့သော် သူမသေခင်မှာ Message တစ်စောင်ပို့ခဲ့တာ ကေသရီ သိသွားသည်။ ဘယ်သူ့ကို ပိုတယ် ဆိုတာ သိပြီးနောက်မှာတော့ ကေသရီ့ ဆီက ပစ္စည်းများကို ဝယ်နေကြ ဖောက်သည် ရစ်ချတ်ကျော်ဇော ဆီသို့ ဆက်သွယ်ရတော့သည်။ ရစ်ချတ်ကျော်ဇော၏ အဆက်အသွယ်များက အဲဒီ တစ်နိုင်ငံလုံးမှာ ရှိသည်။
*****

ဒေါက်တာရဲထက်စိုးသည် ဒေါက်တာသက်ထား၏ စီနီယာ ဖြစ်ပြီး သူတို့နှစ်ယောက်သည် ဓါတ်ခွဲခန်း တစ်ခုတည်းတွင် ကူးစက်ရောဂါ ဆိုင်ရာ ဗိုင်းရပ်စ်များကို အတူတူ သုတေသန ပြုနေသူ ဖြစ်သည်။ ဒေါက်တာသက်ထား ၏ မတော်တဆမှုကို ကြားရသောအခါ မယုံနိုင်အောင်ဖြစ်မိသည်။ သူမကို တိုက်သွားသော ကုန်တင်ကားကို အစအနပင် ရှာမရခဲ့။ အခင်းဖြစ်ပွားပုံကို မေးမြန်းသိရှိပြီးသောအခါ ကားတိုက်မှုကို တမင်ဖန်တီးခြင်း များလားဟု သူက ထင်လာသည်။ ဒေါက်တာသက်ထား ၏ Mobile Phone လေးမှာ ကွဲသွားသော်လည်း Memory card ကတော့ အကောင်းအတိုင်း ကျန်ရစ်သေးသည်။ သူ့ဖုန်းထဲသို့ ထည့်ကြည့်တော့ ညကပို့ထားသော Message ကို တွေ့ရသည်။ သူမ၏ laptop မှာတော့ ဘယ်လိုမှ recover ပြန်လုပ်လို့ မရလောက်အောင်ပင် ပျက်စီးသွားခဲ့သည်။ ဒေါက်တာသက်ထား သေဆုံးရခြင်းမှာ မတော်တဆ လုံးဝမဖြစ်နိုင်တော့။ သူမ နှင့် ဒေါက်တာ ဆူထရာဆင်းတို့ နောက်ဆုံးတွေ့ရှိထားသော ဗိုင်းရပ်စ်နှင့် ပတ်သက်မည်မှာ သေချာသည်။

သူသည် ဗိုင်းရပ်စ် နမူနာနှင့် ဖြေဆေး နမူနာကို ယူ၍ လုံခြုံသော နေရာမှာ ထားရန် စဉ်းစားမိသည်။ ဒီနိုင်ငံမှာ မဟုတ်သော်လည်း ဤကိစ္စက ပေါ့၍ မဖြစ်ပါ။ သို့သော် သူ စိုးရိမ်သည်မှာ နောက်ကျနေပါပြီ။ ဓါတ်ခွဲခန်းသို့ သူတို့လူတစ်ယောက် ရောက်နေပြီး ဖြစ်သည်။ သူက သတင်းပို့လိုက်သည်နှင့် သူ့အပေါင်းအပါများပါ ရောက်လာသည်။ လုံခြုံရေးဂိတ်ကို တစ်ပတ်ရိုက်၍ ကျော်ခဲ့ကြသည်။ သူတို့သည် အထဲရောက်သည်နှင့် ဒေါက်တာရဲထက်စိုး အပါအဝင် သူ့လက်ထောက် နှင့် လူတစ်ချို့ကို အချိန် အနည်းငယ် အတွင်းမှာပင် ထိန်းနိုင်ခဲ့သည်။ ဒေါက်တာရဲထက်စိုးနှင့်အတူ ဗိုင်းရပ်စ် နှင့် ဖြေဆေး နမူနာများကိုပါ ယူဆောင်၍ ပြန်ထွက်လာခဲ့ကြသည်။ ဓါတ်ခွဲခန်းထဲမှာလည်း ဗုံးတစ်လုံး လက်ဆောင်အဖြစ် ထားခဲ့သည်။
*****
(၃)
ဒီဇင်ဘာ ၅ ရက်

ရစ်ချတ်ကျော်ဇော မြို့တော်သို့ ရောက်လာသည်။ သူတို့၏ တောင်းဆိုချက်ကို တရားဝင် ထပ်ပို့သည်။ ကေသရီလည်း ရောက်လာသည်။ ကေသရီ၏ ရည်ရွယ်ချက်မှာ ဗိုင်းရပ်စ်ကို ပြန့်နိုင်သမျှ ပြန့်အောင် လုပ်ဖို့ပင် ဖြစ်သည်။ မြို့တော်၏ လူအစည်ကားဆုံး နေရာများကို သူမ ရွေးချယ်ပြီးဖြစ်သည်။ သူမ၏ အကြံအစည်ကို တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်ရမည်။ ထိုအကြံအစည်နှင့် ပတ်သက်၍ ရစ်ချတ်ကျော်ဇောပင် မသိပေ။ ကေသရီ တစ်ယောက်တည်းသာ လုပ်ရမည် ဖြစ်သည်။ သူမကိုယ် သူမ ကာကွယ်ရန် အတွက် ဖြေဆေးလည်း ရှိထားသည် မဟုတ်ပါလား။ ထိုနေ့အဖို့ သူမသည် ပစ်မှတ် နေရာများကို သွားရောက် ကြည့်ရှု၍ အစီစဉ်များ အသေးစိတ် ရေးဆွဲရမည် ဖြစ်သည်။
*****

ဝတ်မှုံ ဆိုသော ကျောင်းသူလေး ဆေးရုံပေါ်မှာ ဆုံးသွားသည်။ ဆရာဝန်များ အံသြတကြီးနှင့် ရောဂါ ရှာဖွေသော အခါမှ ကူးစက်ရောဂါ ဖြစ်ကြောင်း သိသွားကြသည်။ သူမ၏ ညီမ နှစ်ယောက်မှာ ဘာမှ မဖြစ်သေးပဲ ကျောင်းသို့ သွားကြသည်။

ထို့နောက် ဆေးရုံများသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။
*****

စိမ်းဝတီသည် ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးခဲ့ရသော မိန်းကလေးကို သွားရောက်စစ်ဆေးခဲ့သည်။ သူမ၏ လက်မောင်းမှ ဆေးထိုးအပ်ရာကို တွေ့ခဲ့သဖြင့် တမင်သက်သက် လုပ်ကြံခြင်း ဖြစ်သည်မှာ သေချာသည်။ ထိုမိန်းကလေး၏ ကိုယ်ရေးရာဇဝင်ကို နောက်ကြောင်းပြန်လိုက် ကြည့်ရသည်။ သူမ တက်ခဲ့သောကျောင်း၊ အတူနေခဲ့သူများ…။ စုံစမ်းရင်းနှင့် သူမ ငှားနေသော အိမ်ရှင်မိန်းကလေး၏ ကိုယ်ရေးရာဇဝင်ကိုလည်း သိလာသည်။ ယခု လောလောဆယ်သူမ၏ နေအိမ်တွင် မရှိပါ။ သူမ နယ်စပ်သို့ သွားသည်ဟု ယူဆရသည်။ သူမကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်မည်။ ဤဇာတ်လမ်း၏ တရားခံ အရင်းအမြစ်မှာ သူမပင် ဖြစ်နိုင်သည်။ သူမတွင် ဗိုင်းရပ်စ်များ ရှိနေသည် ဆိုပါက ပိုမို ပြန့်နှံအောင် လုပ်ကောင်းလုပ်နိုင်သည်။ ဒေါက်တာရဲထက်စိုး ကို ခေါ်ဆောင်၍ ဗိုင်းရပ်စ်များ ခိုးယူသွားသူတို့နှင့် လည်း အဆက်အစပ် ရှိနိုင်သည်။ ထိုလူများမှာ ရစ်ချတ်ကျော်ဇော၏ အဖွဲ့ ဖြစ်နိုင်သည်။ သူတို့က သူတို့ တောင်းဆိုချက် ရလျှင် ဗိုင်းရပ်စ်ကို ဖြန့်ချင်မှ ဖြန့်မည်။ သို့သော် ကေသရီ ဆိုသော မိန်းကလေးကတော့ အကြောင်းမဲ့ ဖြန့်နိုင်သည်။

စိမ်းဝတီသည် လူစည်ကားရာ အရပ်များနှင့် ကူးစက်ရောဂါ ပြန့်နှံလွယ်သော အထင်ကရ နေရာများသို့ လုံခြုံရေးများ လွှတ်၍ အခြေအနေကို စောင့်ကြည့်ခိုင်းလိုက်သည်။ စိမ်းကိုယ်တိုင်ကတော့ Satellite နှင့် သာမက နေရာအနှံရှိ CCTV ကင်မရာများနှင့် ချိတ်ဆက်ထားသော Face Tracking System အတွင်းသို့ ဝင်ရောက်၍ ကေသရီ၏ ဓါတ်ပုံကို ထည့် ၍ ရှာခိုင်းလိုက်သည်။ ချက်ချင်းတော့ တွေ့မှာ မဟုတ်။ ရှာရသော အချိန်ကတော့ ကြာနိုင်ပေမယ့် သူမ ဤနိုင်ငံ အတွင်းသို့ ရောက်နေတာ သေချာလျှင်တော့ တစ်ချိန်ချိန် တွေ့မှာ သေချာသည်။
*****

(၄)
ဒီဇင်ဘာ ၆ ရက်

NSA မှ မုန်းအောင်သည် ကေသရီကို စုံစမ်းရန် တာဝန်ပေးခံရသူများမှာ တစ်ယောက် အပါအဝင် ဖြစ်သည်။ လူများများကို အချိန်တို အတွင်း ကူးဖို့ဆိုလျှင် ရေသန့်စက်ရုံများက အကောင်းဆုံး ဟု သူက စိတ်ကူးမိသည်။ တစ်နိုင်လုံး အသောက် အများဆုံး ရေသန့် စက်ရုံတစ်ခု သို့ သူသွားခဲ့သည်။ သူ့ကတ်ကို ပြ၍ စက်ရုံ အတွင်းအပြင် လှည့်လည်နေခဲ့သည်။ သူက ပင်မ ရေလှောင်ကန်ကို ဦးတည်၍ စောင့် ကြပ်နေခဲ့သည်။ ဘာရယ်တော့မဟုတ်... သူ့စိတ်ထဲ ထင်မိ၍ လာစောင့်ကြည့်ခြင်းသာ ဖြစ်သည်။ စက်ရုံ၏ လုံခြုံရေးက စိတ်ချရဖွယ် ရှိသည်။ သူစိတ်ချသွားသည်။ ဤနေရာမှာ အချိန်မဖြုန်းပဲ တခြားနေရာသွားလျှင် ကောင်းမည်ဟု တွေးလိုက်သည်။ ထိုအချိန်မှာပင် remote control နှင့်သွားသော ကားလေးတစ်စီးသည် ပင်မ ရေလှောင်ကန်ပေါ်သို့ တက်သွားသည်ကို တွေ့လိုက်ရသည်။ ကလေး တစ်ယောက်ယောက် ဆော့နေခြင်း ဖြစ်နိုင်သည်။ သို့သော် အနီးအနားမှာ ကလေး တစ်ယောက်မှ မမြင်ရပါ။ ကားကလေးက ထရပ်ကား ပုံစံ ဖြစ်ပြီး နောက်တွဲကို လှန်၍ရသော ပုံစံ ဖြစ်သည်။ ရေလှောင်ကန်၏ တစ်ခုတည်းသော အဆက်နေရာ။ အနည်းငယ်မျှသော လေဟာနယ် တစ်ခု ရှိနေသည်။ ကားကလေးက ထိုနေရာသို့ ဦးတည် သွားနေခြင်း ဖြစ်သည်။ မုန်းအောင် ရိပ်မိသွားသည့် အချိန်မှာ နောက်ကျသွားလေပြီ။ ကားကလေးက နောက်တွဲကို လှန်ချလိုက်သည်။ တစ်စုံတစ်ရာက ရေလှောင်ကန်ထဲသို့ ပြန့်နှံသွားပြီ ဖြစ်သည်။

Remote control ကိုင်သူကို ရှာဖို့ကြိုးစားရာသော်လည်း ဘယ်သူမှ မရှိ။ ဝန်းအပြင်တွင် ရပ်ထားသော ကားတစ်စီးကို သတိထားမိချိန်မှာ ကားက မောင်းထွက်သွားပြီ ဖြစ်သည်။ ဌာနချုပ်ကို ချက်ချင်း အကြောင်းကြားလိုက်သည်။ စက်ရုံ တာဝန်ရှိသူများကို ပြောဆိုရာတွင် သူတို့က မယုံကြည်ကြ။ သက်သေ အဖြစ် ကစားစရာ ကားကလေးကတော့ ကျန်ခဲ့သည်။ စက်ရုံ ခေတ္တ ပိတ်ဖို့ကိုတော့ အထက်မှ အမိန့်နှင့်မှ ဖြစ်မည်။ မုန်းအောင်ကတော့ နောက်ထပ် အစားအသောက် စက်ရုံ များကို စောင့်ကြည့်ရန် ကားကို မောင်းထွက်ခဲ့သည်။
*****

ကေသရီသည် ကားတစ်စီး ငှား၍ သူမ၏ အစီအစဉ်ကို အကောင်အထည် ဖော်နေသည်။ ရေသန့်စက်ရုံမှာ လူသိသွားသော်လည်း နောက်ထပ် သုံးနေရာကို တော့ ဘာမှ အနှောက်အယှက် မရှိပဲ ဖြန့်ဝေနိုင်ခဲ့သည်။ နိုင်ငံတကာ လေဆိပ်မှ ပင်မ အဲကွန်းကြီး တစ်ခု၊ လူစည်ကားရာ ဈေးကြီး တစ်ဈေးနှင့် Shopping Mall ကြီး တစ်ခု ဖြစ်သည်။ နောက်ထပ် လူကြိုက်အများဆုံး အချိုရည် စက်ရုံတစ်ခုနှင့် ရေသန့် စက်ရုံကြီး တစ်ခုသို့ သွားရန် စီစဉ်ထားသည်။

ကေသရီ ရွေးထားသော အချိုရည် စက်ရုံက လုံခြုံရေး မတင်းကျပ်လှ။ သူမ မှာ ဝင်ခွင့်ကတ် မရှိသော်လည်း ဝတ်စုံ တစ်စုံ ရှိထားသည်။ လူရှင်းသော ဘေးဘက် အုတ်တံတိုင်းကို ကျော်ဝင်ခဲ့သည်။ remote control ကားကို မသုံးပဲ သူမ ကိုယ်တိုင် သွား၍ သေချာအောင် လုပ်မည် ဖြစ်သည်။ အနှောက်အယှက် မရှိ လုပ်နိုင်ခဲ့ပြီးနောက် အထွက်ကိုတော့ ဝင်ပေါက်မှပင် ထွက်ရန် ဆုံးဖြတ်သည်။ အထွက်မှာ ကတ်ကို မစစ်။ အဝင်မှာသာ စစ်သည်။

ထိုအချိန်မှာပင် မုန်းအောင် ရောက်လာသည်။ စက်ရုံထဲ မဝင်ခင် လမ်းဘေးမှ ကားတစ်စီးကို သတိထားမိသွားသည်။ ထိုကားသည် ရေသန့် စက်ရုံမှ မောင်းပြေးသွားသော ကားနှင့် အတော်ဆင်သည်။ ထိုကားသာ ဆိုလျှင်တော့ အတော်ကို အတင့်ရဲသည် ဟု ဆိုရမည်။ သူကြည့်နေဆဲမှာပင် စက်ရုံထဲမှ ဝန်ထမ်း အမျိုးသမီး တစ်ယောက် ထွက်လာသည်။ ထမင်းချိုင့်၊ ခြင်း စသည်ဖြင့် ဘာမှ မပါ။ သူမက ဝင်ပေါက်နှင့် အတော်ဝေးသေးသော ထိုကားဆီသို့ လျှောက်လာသည်။ မုန်းအောင် ခေါင်းထဲတွင် အချက်ပေးသံများ မည်သွားသည်။ သူက စိမ်းဝတီကို သတင်းပို့လိုက်ပြီး ထိုကားဆီသို့ သွားသည်။ ဒီတစ်ခါတော့ အလွတ်ခံ၍ မဖြစ်။
*****

Face Tracking System ကို စောင့်ကြည့်နေသော ကွန်ပျူတာ ကျွမ်းကျင် မာမာစိုး က Shopping Mall တစ်ခုမှ CCTV ကင်မရာတွင် ကေသရီ၏ ပုံရိပ်ကို တွေ့သည် ဟု system က ပြကြောင်း သတင်းပို့လာသည်။ တစ်ချိန်တည်းမှာပင် မုန်းအောင်ကလည်း ကေသရီကို တွေ့ပြီဟု သတင်းပို့ပြီး ချက်ချင်းချသွားသည်။ စိမ်းဝတီလည်း ချက်ချင်းပင် သူမ၏ sport ကားကလေးပေါ် တက်ပြီး မုန်းအောင်၏ ဖုန်း တည်နေရာကို ကားထဲရှိ GPS system မှ ရှာပြီး လိုက်သွားသည်။

စိမ်း ရောက်သွားချိန်တွင် လမ်းဘေးတွင် လဲကျနေသော မုန်းအောင်မှ အပ ဘယ်သူ့ကိုမှ မတွေ့ရတော့ပါ။ မုန်းအောင်သည် ဓားဒဏ်ရာ ကြောင့် သေရခြင်းဖြစ်သည်။ သူ့ကို ပွေ့မည်ပြုပြီးမှ သူ့ လက်အနေအထားကို သတိထားမိသွားသည်။ စိမ်းတို့၏ လျို့ဝှက် ခြေဟန် လက်ဟန် တစ်ခု။ သူ့အနား မကပ်ပါနှင့် ဆိုသည့် အဓိပ္ပါယ်။ စိမ်း လက်တွန့်သွားသည်။ ဘာကြောင့် သူ့အနားမကပ်ဖို့ သတိပေးသွားရသလဲ။ ဖြစ်နိုင်သည်မှာ သူ့လည်း ဗိုင်းရပ်စ် ကူးစက် ခံခဲ့ရတာ ဖြစ်နိုင်သည်။ စိမ်း လည်း သူ့ကို မကိုင်တော့ပဲ လူနာတင်ကားနှင့် ဌာနချုပ်ကို သတင်းပေးရသည်။ နေရာကို ကြည့်လိုက်တော့ အချိုရည် စက်ရုံ တစ်ခု အနီးမှာ ဖြစ်နေသည်။ နောက်ဆက်တွဲ ထိန်းချုပ်ရမည့် နေရာတစ်နေရာ ရှိနေပြန်ပြီ။ စိမ်းဝတီ မရောက်သေးခင်လေး မှာပင် လတ်လတ်ဆတ်ဆတ် ထည့်သွင်း ပက်ကင်ပိတ်ပြီးသော အချိုရည်ဗူးများကို တင်ထားသော ဖြန့်ဝေရေး ကားတစ်စီး ထွက်သွားခဲ့သည်ကိုတော့ စိမ်းဝတီလည်း မသိလိုက်ပါ။

ကေသရီ ၏ ကားနှင့် ပတ်သက်ပြီး အနီးအနား ပတ်ဝန်းကျင်မှာ သိနိုင်သလောက်မေးသည်။ ထိုကားကို တွေ့လိုက်သူ တစ်ယောက် နှစ်ယောက် ရှိသော်လည်း ကားနံပါတ်ကို မမှတ်မိကြ။ ဘာမှ အတိအကျ မပြောနိုင်ကြ။ မီးပွိုင့်များရှိ ကင်မရာများမှ ပုံရိပ်များကို သိမ်းဆည်းထားသော central database နှင့် ချိတ်ဆက်၍ စုံစမ်းသော်လည်း ကိုယ့်ဘက်က ကားနှင့် ပတ်သက်၍ တိကျသော အချက်အလက် မရှိသောကြောင့် ဘာမှ မထူးခြား။

စိမ်းဝတီလည်း တတ်နိုင်သလောက် ရေသန့်စက်ရုံတွေ၊ အချိုရည် စက်ရုံတွေ ဘက်သို့ ကားပတ်မောင်းရင်း စုံစမ်းသော်လည်း ထိုနေ့အဖို့ ထူးခြားမှု တစ်စုံတစ်ရာ ရှိမလာခဲ့ပါ။

မုန်းအောင်ကို ဆေးရုံမှာ စစ်ဆေးရင်း သိရှိရသည်မှာ ထင်သည့် အတိုင်းပင် ဓားဖြင့် အထိုးခံရပြီးမှ ဗိုင်းရပ်စ်ကို လက်မောင်းရင်းတွင် ဆေးထိုးအပ်ဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်။
*****

ကေသရီကတော့ သူမ အစီအစဉ် အတိုင်း နောက်ဆုံးပိတ် အဖြစ် ရေသန့် စက်ရုံ တစ်ခုအနီးသို့ သွားပြီး remote control ကားလေး တစ်စီးနှင့် အရင်လိုပင် အစီအစဉ်ကို အကောင်အထည် ဖော်လိုက်သည်။ ထို့နောက် သူမ တည်းခိုသော ရစ်ချတ်ကျော်ဇော တို့ စခန်းသို့ ပြန်လာခဲ့သည်။
*****
မာမာ ကတော့ Shopping Mall မှ ထွက်ခွာသွားသော ပုံရိပ်ကို recognize လုပ်နိုင်ပြီ ဖြစ်သောကြောင့် tracking လိုက်ဖို့ကြိုးစားနေသည်။ သို့သော် ထိုအဆင့်မှာ မလွယ်လှပါ။

(၄)
ဒီဇင်ဘာ ၇ ရက်

ဗိုင်းရပ်စ် မှာ စတင်ပြန့်နှံနေပြီ ဖြစ်သည်။ တစ်မြို့လုံး လည်း ဗိုင်းရပ်စ် အကြောင်း သိရှိသွားပြီ။ လူတိုင်း လူတိုင်း Mask များနှင့် ဖြစ်ကုန်ပြီ။ လူစည်ကားရာနေရာများလည်း ခါတိုင်းလောက် မစည်ကားတော့။ တစ်ချို့က အပြင်ထွက်ရမှာကိုပင် ကြောက်လာကြပြီ။ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများရော၊ နိုင်ငံတော် အကြီးအကဲ များလည်း အခြေအနေကို သိကုန်သည်။ နိုင်ငံတော် ဆေးဝါးသုတေသနဌာနကို ဖြေဆေး အမြန်ဆုံး ထုတ်ခိုင်းသော်လည်း ဘယ်ကစလို့ စရမှန်းမသိ ဖြစ်နေသည်။ ရုပ်မြင်သံကြား ဌာနများကလည်း ဗိုင်းရပ်စ် မကူးစက်အောင် ဘယ်လို နေရထိုင်ရမည် ဆိုတာ ထုတ်လွှင့် ပေးနေသည်။

ရစ်ချတ်ကျော်ဇော ၏ ခြိမ်းခြောက်မှုသည် အမှန်ဖြစ်ကြောင်း သိသာနေပြီ။ တာဝန်ရှိသူများက ညှိနှိုင်းရန် ကြိုးစားနေကြပြီ။ သူ့ဆီမှာ ဖြေဆေး အမှန်တကယ် ရှိမရှိ သေချာရန် ဆောင်ရွက်နေကြသည်။ သူတို့ကလည်း ဒေါက်တာရဲထက်စိုးနှင့်အတူ ဗိုင်းရပ်စ်ရော ဖြေဆေးပါ ရှိကြောင်း ဗီဒီယို Message နှင့် သက်သေပြသည်။
*****

ရစ်ချတ်ကျော်ဇောက ဒေါက်တာရဲထက်စိုးကို ဖမ်းဆီးလာခဲ့ခြင်းမှာ ခြိမ်းခြောက်ရန် သက်သက် သာ ဖြစ်သော်လည်း ကေသရီ ရောက်လာသောအခါ ဖြေဆေး နှင့် ဗိုင်းရပ်စ်ကို ထပ်မံ ပွားများအောင် ထုတ်လုပ်ခိုင်းသည်။ ဒေါက်တာရဲထက်စိုး ကတော့ ငြင်းဆန်နိုင်ဆဲ ဖြစ်သည်။ သူမက သွေးအေးအေးနှင့် ရက်ရက်စက်စက် နှိပ်စက်၍ မရရအောင် လုပ်ခိုင်းရန် ဆုံးဖြတ်ထားသည်။ သူမမှာ ရှိသော ဗိုင်းရပ်စ်က ကုန်သွားပြီ ဖြစ်သည်။ တစ်နိုင်ငံလုံး ပြန့်ပွားစေဖို့ဆိုလျှင် နောက်ထပ် ထပ်လိုဦးမည်။ ထိုကိစ္စတွင် ရစ်ချတ်နှင့် သဘောထားခြင်း မတိုက်ဆိုင်။ ရစ်ချတ်က ဗိုင်းရပ်စ်ကို မပြန့်ပွားစေချင်။ သူ့အစ်ကို လွတ်လာလျှင် ဗိုင်းရပ်စ်နှင့် ဖြေဆေးကို ပြန်ပေးလိုက်ချင်သည်။ သူတို့ ဖျက်ဆီးခဲ့သဖြင့် ဖြေဆေးနှင့် ပတ်သက်သော မှတ်တမ်း မှတ်ရာ လည်း ဘာမှ မကျန်တော့ပါ။ သူတို့ဆီမှာပဲ နမူနာက ရှိတော့သည်။

ကေသရီ့မှာ နောက်ထပ် အကြံအစည်တွေ ရှိသေးသည်။ သူမ၏ အဆက်အသွယ် ဗုံးလုပ်ခြင်းနှင့် ဖောက်ခွဲခြင်း ကျွမ်းကျင်သူ တစ်ယောက်၏ အကူအညီဖြင့် ဗိုင်းရပ်စ် ထည့်ထားသော ဗုံးများကို ကောင်းကင်ပေါ်မှ ကြဲချရန်ှ စဉ်းစားထားသည်။ ထိုအကြံအစည် အထမြောက်ရန် အတွက် ဗိုင်းရပ်စ်များကို အပြင်မှာ မပွားခင် ဓါတ်ခွဲခန်းတွင် ပွားများရန် အရေးကြီးသည်။ သူမကိုယ် သူမ ကာကွယ်ရန် အတွက်လည်း ဖြေဆေး ထပ်လိုသည်။ ထိုအလုပ်ကို သူမ မလုပ်တတ်သဖြင့် ဒေါက်တာရဲထက်စိုး ကို အတင်းအကျပ် လုပ်ခိုင်းနေရခြင်းပင် ဖြစ်သည်။ သူတို့ နေသော နေရာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သော ဓါတ်ခွဲခန်း တစ်ခုလည်း အဆင်သင့် ရှိနေသည်။ ဓါတ်ခွဲခန်းခြင်း မတူညီသော်လည်း လုပ်၍ ဖြစ်နိုင်သည်။

ဗိုင်းရပ်စ် အကြောင်းကို သေချာ ဃဃနန သိရှိထာားသော ဒေါက်တာ ရဲထက်စိုးမှာတော့ အခြေအနေကို အလွန်အမင်း စိုးရိမ် နေရပါပြီ။ သူ့ကို ခုံတစ်လုံးပေါ်တွင် လက်ပြန်ကြိုးတုပ်ပြီး ခြေထောက်ကိုလည်း ခုံနှင့် တုပ်ထားသည့်ပြင် တစ်ချိန်လုံး စောင့်ကြည့်နေကြသဖြင့် ဘယ်လိုမှလည်း လွတ်မြောက်လမ်း မမြင်ပါ။ ညနေမှ ပြန်ရောက်လာသော ကေသရီ ဆိုသော မိန်းကလေးက သူ့ကို နှိပ်စက်လို့ အားရသွားသောကြောင့် သူမ အိပ်ခန်းထဲသို့ ဝင်သွားချိန်မှာပင် သူ့ကို စောင့်ရသော အစောင့်ထံသို့ ဖုန်းဝင်လာသဖြင့် ပြောသည်။ ပြောအပြီးမှာပင် သူ့ဆရာက ခေါ်သောကြောင့် ဖုန်းကို ချပြီး ဧည့်ခန်းထဲ သွားသည်။ ရဲထက်စိုးလည်း အခွင့်အရေးကို လက်လွတ်မခံပဲ လက်ပြန်ကြိုးတုပ်ထားသော သူ့လက်ကို စားပွဲပေါ်သို့ မရောက်ရောက်အောင် ဆွဲယူ၍ အရေးပေါ် message တစ်ခု ပို့လိုက်သည်။ အစောင့် ပြန်လာသောအခါ နေမြဲအတိုင်း ဖြစ်အောင် မနည်းကြိုးစားလိုက်ရသည်။
*****

ဒေါက်တာရဲထက်စိုး ပို့သည်ဟု ယူဆရသော message တစ်ခု ဝင်သည်ကို စိမ်းဝတီတို့ သိသိချင်း နေရာကို trace လိုက်ပြီး ချက်ချင်း ထွက်ခဲ့ကြသည်။ ပေါ်ပေါ်တင်တင် ဝင်တိုက်ဖို့တော့ မဖြစ်နိုင်ပါ။ သူတို့ဆီမှာ ဓားစာခံက ရှိနေသည် မဟုတ်ပါလား။ သူတို့နေရာ အသေးစိတ်ကို ကားပေါ်က screen မှာပင် ကြည့်ရှု၍ အစီအစဉ် ဆွဲသွားရသည်။ ခြံဝင်းထဲမှ အစောင့် နှစ်ယောက်ကို အသံတိတ် ရှင်းလိုက်ကြသည်။ ဧည့်ခန်းထဲမှာ ဝိုင်းဖွဲ့နေသူများထဲတွင် ရစ်ချတ်ကျော်ဇောလည်း ပါသည်။ စိမ်းဝတီကတော့ နောက်ဘက်မှ ဝင်သည်။ ဒေါက်တာရဲထက်စိုး ကို ထားသည်ဟု မှန်းထားသော အခန်းသို့သာ ဦးတည်သည်။ မီးဖိုခန်းထဲမှ ထွက်လာသူ တစ်ယောက်ကိုတော့ သိပ်လိုက်ရသေးသည်။ ဒေါက်တာရဲထက်စိုးကို စောင့်နေသော အစောင့်မှာလည်း သူ့သေနတ်ကို ထုတ်ချိန် မရလိုက်ပဲ စိမ်းလက်ချက်မိသွားရသည်။ ထိုအချိန်မှာပင် ပါးနပ်သော ကေသရီက အခြေအနေကို သိသွားပြီး ခေါင်မိုးထပ်ကို တက်သွားသည်။ တိုက် ဘေးနံရံမှ ဆင်းချိန်တွင် လာရောက်ဖမ်းဆီးသော တပ်ဖွဲ့ဝင်များ အားလုံးက အိမ်ထဲသို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူမ ထွက်ဖို့ အခွင့်သာသွားသည်။ ဧည့်ခန်းထဲမှ ထွက်ပြေးလာသော ရစ်ချတ်ကလည်း အချိန်မီ ကေသရီ့ ကားအနီးသို့ ရောက်လာသည်။ ဒေါက်တာရဲထက်စိုးကို ကြိုးဖြေပေးပြီးနောက် ပြေးထွက်လာသော စိမ်းဝတီမှာ ကေသရီတို့ ကားကို မမှီလိုက်တော့ပါ။ ဗိုင်းရပ်စ် နှင့် ဖြေဆေးမှာ ကေသရီ နောက် ပါသွားသည်မှာ သေချာသည်။

စိမ်းက သူမ ကားပေါ်တက်ပြီး စက်နှိုးစဉ်မှာပင် ရဲထက်စိုးကလည်း ကားပေါ်တက်လာသည်။ သူတို့ ကေသရီတို့ ကားနောက်သို့ လိုက်ခဲ့ကြသည်။ အားလုံးကိုလည်း အကြောင်းကြားလိုက်သည်။ ကင်းလှည့် ရဲကားတွေလည်း ထိုလမ်းကြောကို ဦးတည်၍ လိုက်လာကြသည်။ ရုပ်ရှင်တွေထဲကလိုပင် သူတို့ ကားချင်း လိုက်တမ်း ပြေးတမ်း ကစားကြသည်မှာ အချိန်အတော်ကြာသည် အထိပင်။ မီလုမီခင် ဖြစ်လာသော်လည်း ကွန်တိန်နာ ကားကြီး တစ်စီး၏ အပိတ်ကို ခေတ္တခံလိုက်ရပြီးနောက် ကေသရီတို့ ကားကို မျက်ခြေပြတ်သွားသည်။ ဘယ်လိုမှ မတတ်နိုင်။
*****
ရစ်ချတ် ဆီမှ ခြိမ်းခြောက်သော message ထပ်ရောက်လာသည်။ သူ့ဆီတွင် ဗိုင်းရပ်စ် ရှိနေတုန်းပဲ ဆိုသည်ကို မမေ့အောင် ပို့ခြင်း ဖြစ်ပါသည်။ ဒေါက်တာရဲထက်စိုးကို ဖြေဆေးထုတ်ရန် ပြောသော အခါ သူ့တို့ စမ်းသပ်ခဲ့သော မှတ်တမ်းအားလုံး ဖျက်ဆီးခံလိုက်ရ ကြောင်း ပြောသည်။ သူရုံးမှာ သုံးနေကျ laptop မှာလည်း ဖျက်ဆီးခံရသည့် အထဲ ပါသွားပြီ။ ဖြေဆေး formula ကို ပြန်မရပဲနှင့် သူဘယ်လိုမှ အချိန်တိုအတွင်း ပြန်မဖော်နိုင်။ တစ်ခုတော့ ရှိသည်။ သူ့ အိမ်မှ laptop မှာတော့ နောက်ဆုံး update မဟုတ်သော formula file တစ်ခု ရှိနေနိုင်သည်။

စိမ်းတို့ နှစ်ယောက် သူ့ laptop ကို ပြန်ယူရန် ဒေါက်တာရဲထက်စိုးအိမ် သို့ သွားကြသော်လည်း နောက်ကျသွားခဲ့သည်။ သူတို့ မလာခင်မှာပင် သူ့အိမ်ကို ဝင်မွှေ သွားကြသည်။ laptop ကိုလည်း ယူသွားကြသည်။ ဤ ဖော်မြူလာများမှာ ဒေါက်တာရဲထက်စိုး ထက်ပင် တန်ဖိုးရှိပါသည်။ အခြေအနေမှာ ဆိုးနေဆဲ ပင် ဖြစ်ပါသည်။

ဗိုင်းရပ်စ် ကူးစက်ခံရသော လူနာများမှာလည်း ဆေးရုံများသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာနေကြသည်။ ဆေးရုံမှာလည်း ထိန်းထားရုံကလွဲပြီး ပျောက်ကင်းအောင် ကုသမပေးနိုင်ပါ။
*****

(၅)
ဒီဇင်ဘာ ၈ ရက်

ရစ်ချတ် Warning ပေးထားသော နောက်ဆုံးနေ့ ဖြစ်သည်။ လဲလှယ်ရန် အစီအစဉ် အားလုံး လုပ်ပြီးပြီ။ ၅၅ ထပ် ဟိုတယ်၏ ခေါင်မိုးထပ်တွင် ရဟတ်ယာဉ်၊ ဒေးဗစ်နှင့် ဒေါ်လာ သန်း ၃၀၀ အလဲအလှယ်လုပ်ရန်စီစဉ်ထားသည်။ အချိန်က နံနက် ၁၀ နာရီ။ လိုလိုမည်မည် စနိုက်ပါ သမားများလည်း အားလုံး စီစဉ်ပြီးသွားပြီ။ ဒေးဗစ်ကျော်ဇော ကျခံနေရသော အကျဉ်းထောင်မှ ထောင်မှုးကြီး တစ်ယောက်တည်း လာရောက်၍ အလဲအလှယ် လုပ်ရမည် ဖြစ်သည်။

ကေသရီ တို့ဘက်ကလည်း ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားသည်။ နာရီဝက် အလိုကျမှ သူတို့ ပြင်ဆင်ထားသော အလဲအလှယ် နေရာကို ပြောင်းခိုင်းလိုက်သည်။ တစ်ဖက်က မပြောင်းချင် သော်လည်း မတတ်သာ သဖြင့် သဘောတူလိုက်ရသည်။ စောင့်ကြည့်သူများ မထားရန် သူတို့က တောင်းဆိုသည်။

သတ်မှတ်ထားသော အချိန်အတွင်း နှစ်ဖက်စလုံး လဲလှယ်ရန် အသင့်ဖြစ်နေပြီ။ ခြောက်လမ်းသွား လမ်းဆုံ တစ်နေရာ။ ရဟတ်ယာဉ်ကို မယူတော့ ဟု ပြန်ပြောလိုက်သည်။ ထိုအပြောင်းအလဲကို ရစ်ချတ်က သိပ်သဘောမတူချင်သော်လည်း ကေသရီ အပြောကောင်းသဖြင့် လက်ခံလိုက်ရသည်။ ထောင်မှုးကြီးက ဒေးဗစ် နှင့် သန်း ၃၀၀ ကို ယူလာသည်။ ရစ်ချတ်က ဗိုင်းရပ်စ် နှင့် ဖြေဆေးကို အသင့်ပြင်ထားသည်။ (ဒေါက်တာရဲထက်စိုး ၏ laptop ကို ယူသွားသည်ကိုတော့ ရစ်ချတ် တို့က ဝန်မခံပါ၊ ဝန်မခံ သဖြင့် အလဲအလှယ် လုပ်ရန်လည်း ပြော၍ မရနိုင်ပါ။ ထိုကိစ္စကလည်း တကယ်တော့ ကေသရီ တစ်ယောက်တည်း လုပ်ခဲ့တာသာ ဖြစ်သည်။) အခု အချိန်းအချက်မှာ ကေသရီက ကားမောင်းဖို့ တာဝန်ယူထားသည်။

စိမ်းဝတီက ထောင်မှုးကြီးကို ကားမောင်းပို့သည်။ ကားဒရိုင်ဘာ တစ်ယောက်နှင့် အလဲအလှယ်လုပ်မည့်သူ တစ်ယောက်စီသာ ပါရမည်ဟု သူတို့ သဘောတူထားကြသည်။ ထောင်မှုးကြီး က ဒေးဗစ်ကို ခေါ်လာ၍ လက်ထိတ်ဖြုတ်ပေးပြီး ဒေါ်လာ သန်း ၃၀၀ သေတ္တာနှင့် အတူ ပေးအပ်သည်။ ရစ်ချတ် က ဗိုင်းရပ်စ်နှင့် ဖြေဆေး သေတ္တာကို ဖွင့်ပြသည်။ အစစ်အမှန် ဖြစ်အောင် ဘယ်လိုကြည့်ရမည် ဆိုသည်ကို ထောင်မှုးကြီးကို ရဲထက်စိုးက ပြောပြထားပြီးသား။ စိမ်းဝတီ ကလည်း ကားထဲမှ စောင့်ကြည့်နေသည်။

ဖြစ်ပျက်သွားသော အဖြစ်အပျက်က မြန်ဆန်လှသည်။ ကေသရီက ကားအနားမှာပင် ရှိသေးသော ရစ်ချတ်ဆီမှ သေတ္တာကို ယူ၍ ပစ္စတိုကို ထုတ်ကာ ဒေးဗစ်နှင့် ထောင်မှုးကြီးကို ပစ်လိုက်သည်။ တစ်ဆက်တည်းပင် ကြောင်ကြည့်နေသော ရစ်ချတ်ကို ပစ်လိုက်သည်။ သူမသည် အစကတည်းကပင် ဤ အလဲအလှယ်ကို လုပ်ရန် ရည်ရွယ်ချက် မရှိပါ။ ထို့နောက် ချက်ချင်းပင် ကားကို တရကြမ်း မောင်းထွက်သွားသည်။ ကေသရီ အဲလို လုပ်မည်ဟု ထင်မထားသော စိမ်းဝတီ မှာလည်း ဘယ်လိုမှ မတားဆီးလိုက်နိုင်ပါ။ ကေသရီ ကားနောက်က လိုက်ရုံပင် ရှိတော့သည်။

စိမ်းဝတီ အချက်ပေးလိုက်သဖြင့် အသင့်စောင့်နေသော ကင်းလှည့် ရဲကားများ စုရောက်လာသည်။ ကေသရီ က ကားမောင်းကျွမ်းသည်။ သူမ ကားထဲမှ ကွန်ပျူတာ စနစ်ကလည်း လမ်းကြောင်းမှန်ကို ရှာဖွေ၍ အတားအဆီးများကို ဖြတ်ကျော်ရန် အကူအညီပေးသည်။ သူမ အကူအညီ တောင်းထားသော ကွန်တိန်နာ ကား သုံးစီးကလည်း ရဲကားများကို အနှောက်အယှက်ပေးသည်။ နောက်ဆုံးတော့ ရဲကားများ အားလုံး ကျန်ခဲ့ပြီး စိမ်းဝတီ၏ ကားတစ်စီးသာ ကျန်တော့သည်။ နှစ်စီး စလုံးက sport ကားတွေမို့ ကားပြိုင်ပွဲ ဝင်နေသလောက်ကို မောင်းကြသည်။

ကေသရီက ကုန်တိုက်ကြီး တစ်ခု၏ မြေညီထပ်ထဲသို့ မောင်းဝင်သွားတော့ လူတွေ အားလုံးက ရုတ်ရုတ်သဲသဲ ရှောင်ကြသည်။ သူမက ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ တိုးဝင်သွားသည်။ စိမ်းဝတီက လိုက်ဝင်သော်လည်း လူတွေကို ရှောင်နေရသဖြင့် ခရီးမတွင်ပဲ ဖြစ်နေသည်။ ကေသရီကတော့ ကားတွေတက်၍ ရသော ပထမထပ် ကားရပ်နားစခန်း သို့ပင် ရောက်သွားပြီ။ ဆိုင်ခန်း မှန်များကိုလည်း တိုက်ခွဲပစ်ခဲ့သည်။ ကေသရီက တစ်ဖက် အဆောက်အအုံသို့ ဒုတိယထပ်မှ ကူးရန် ရည်ရွယ်ချက်နှင့် သူမကားကို ကားတက်သော ဓာတ်လှေကားထဲသို့ မောင်းဝင်သွားလိုက်သည်။ စိမ်းဝတီ ရောက်လာတော့ မမှီုတော့။ ထိုနေရာက ကုန်တိုက်ကြီးများ အတွဲလိုက် ဆက်စပ်နေသော နေရာ။ ပထမထပ်မှာ တစ်တိုက်နှင့် တစ်တိုက် အလှအပ အနေနှင့် ဆက်ထားသော အင်္ဂတေလမ်းများ ရှိပြီး ဒုတိယထပ်မှာမှ ကားကူးနိုင်သော မိုးပျံလမ်း ရှိသည်။ စိမ်းဝတီက ကေသရီ့ အကြံကို သိသော်လည်း ဓါတ်လှေကား မမှီတော့ သဖြင့် ပထမထပ် စင်္ကြန်လမ်းမှ ကူးရန် ပြင်သည်။ စိမ်းကားက သိပ်အလေးချိန် မရှိလောက် ဟု မျှော်လင့်ရပါသည်။ စိမ်းက အရှိန်မြှင့်၍ အကာအရံ အုတ်တံတိုင်းကို ဝင်တိုက်ပြီး လမ်းကျဉ်းကျဉ်းကို အရှိန်နှင့် ဖြတ်လိုက်သည်။ လမ်းက သိပ်တော့ မရှည်သဖြင့် အဆင်ပြေပြေနှင့် တစ်ဖက်သို့ ရောက်သွားသည်။ ထိုအချိန်တွင် ကေသရီကလည်း ဒုတိယထပ် ကားကူးလမ်းမှ ဖြတ်လာနေပြီ။ ကေသရီ အောက်သို့ ဆင်းလာလိမ့်မည် ဟု စိမ်းကထင်သဖြင့် ဒုတိယထပ်သို့ တက်မလိုက်ပဲ ပထမထပ်မှ စောင့်နေသည်။ ထင်သည့်အတိုင်း ကေသရီ၏ ကားအနီရောင်လေး ပေါ်လာသည်။ စိမ်းက သူမကားကို ရှေ့မှ ဖြတ်ပိတ်လိုက်သည်။ သို့သော် ကားအနီကို မောင်းလာသော မိန်းကလေးမှာ ကေသရီ မဟုတ်ပါ။ ကြောက်လန့်နေသော ဈေးဝယ်တစ်ယောက်သာ ဖြစ်သည်။ ထိုမိန်းကလေးကို စစ်မေးနေစဉ်မှာပင် ကေသရီက စက်လှေကားမှ ခပ်တည်တည် ဆင်းသွားလေပြီ။

ရဲကားများလည်း ကုန်တိုက် စကွဲယား သို့ ရောက်နေပြီ စိမ်းက သတင်းပို့သဖြင့် ကေသရီကို စောင့်ဖမ်းရန် ပြင်နေကြသည်။ သို့သော် ငွေရောင်ဆံပင်တိုနှင့် တရုတ်အဘွားကြီး တစ်ယောက်ကိုတော့ သူတို့ သတိထားမကြည့်မိလိုက်ကြပါ။ ထိုအဘွားကြီးမှာ ကေသရီ ရုပ်ဖျက်ထားခြင်း ဖြစ်သည်။ ကေသရီ တစ်ယောက် ရဲတွေအများကြီး ကြားမှ လွတ်မြောက် သွားပြန်လေပြီ။ ကားဂိတ်၊ လေဆိပ် အပါအဝင် နေရာအနှံ ကေသရီ၏ ပုံကို ပို့ပြီး စောင့်ကြည့်ခိုင်းထားသည်။ စိမ်းဝတီ လည်း ဖြစ်နိုင်မည့်် သတင်းရနိုင်မည့် နေရာများသို့ လိုက်လံ စုံစမ်းနေရသည်။
*****

ရောဂါ ကူးစက်မှုကလည်း လျှင်မြန်စွာ ပြန့်ပွားလာနေသည်။ တစ်ချို့က တစ်ခြားတစ်မြို့ တစ်ရွာသို့ပင် ပြောင်းရွှေ့၍ ရှောင်ကြသည်။ တစ်ချို့ကလည်း လူစည်ကားရာကို ကြောက်သဖြင့် ဘယ်မှ မသွားပဲ အိမ်တွင်းအောင်းနေသူများလည်း ရှိသည်။ ကျန်းမာရေး ဌာနကလည်း ကုသရန် ဖြေဆေးကို ခုထိ ရှာမတွေ့သေးပါ။ ကူးစက်နှုန်းမှာ ကြောက်ခမန်းလိလိ တိုးပွားလာနေပြီး အနီးအနား မြို့များသို့ပင် စတင်ရောက်ရှိ နေပေပြီ။

*****

(၆)
ဒီဇင်ဘာ ၉ ရက်

မာမာကတော့ Face Tracking system ကောင်းမွန်တိကျစွာ အလုပ်လုပ်နေသည် ကိုစောင့်ကြည့်နေသည်။ ကေသရီ နှင့် စိမ်းဝတီ လိုက်တန်းပြေးတန်း ကစားနေသည်ကိုလည်း သူမ၏ system က သိနေသည်။ ကေသရီ အနေနှင့် ဘယ်လောက်ပဲ ရုပ်ဖျက်ထားပါစေ တစ်ခါ recognize လုပ်ပြီးလျှင် ဘယ်လိုမှ ညာလို့ရမှာ မဟုတ်ပါ။ မာမာက စိမ်းဝတီ နှင့် ဆက်သွယ်ပြီး အခြေအနေကို ပြောသည်။ စိမ်းက သူပြောသည့်နေရာကို နောက်က လိုက်သည်။ သီသီကလေး လွဲလွဲသွားသည်။ စိမ်းနှင့် အတူ ရဲထက်စိုးလည်း ပါလာသည်။ သူ့ကို နေခဲ့ရန် ပြောသော်လည်း မရပဲ အတင်းလိုက်လာခြင်း ဖြစ်သည်။

ကေသရီသည် နယ်စပ်ကို ထွက်ဖို့ ကြံစည်နေသည် မဟုတ်။ အသစ်လဲထားသော ကားဖြင့် မြို့ထဲမှာ ပတ်မောင်းနေခြင်းသာ ဖြစ်သည်။ မြို့ထွက်ပေါက်များ ပိတ်ထားမှန်းသိ၍ အကြံအစည်ထုတ်ကာ လျှောက်သွားနေခြင်းလည်း ဖြစ်နိုင်သည်။ ကေသရီက နောက်ဆုံး အချီကြီး အနေဖြင့် နေရာ တစ်နေရာမှာ ဗိုင်းရပ်စ်ကို ပြန့်ပွားအောင် လုပ်ခဲ့ရန် ကြံစည်နေခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ကို ထပ်မံ ထုတ်လုပ်၍ နေရာအနှံအပြား ဗုံးဖြင့် ဖောက်ခွဲရန် အကြံအစည်ကို လက်လျော့လိုက်ပြီး လက်ကျန်ဗိုင်းရပ်စ် ကိုသာ တစ်နေရာမှာ ဖောက်ခွဲခဲ့ပြီးလျှင် နယ်စပ်သို့ ထွက်ပြေးရန် စီစဉ်ထားသည်။

ရဲကားများနှင့် စိမ်းဝတီ၏ ကားက လိုက်ရှာနေသလို ကင်းလှည့် ရဟတ်ယာဉ် နှစ်စီးကလည်း တစ်မြို့လုံးပတ်၍ ကေသရီ၏ ကားကို ရှာဖွေနေသည်။

မိုးလုံလေလုံ နိုင်ငံတကာ အဆင့်မီ အားကစားရုံကြီးတွင် Asian နိုင်ငံများ ဖိတ်ခေါ်ဘောလုံးပွဲ ရှိသည်ကို စိမ်းဝတီ သတိရသွားသည်။ မြန်မာက ဗိုလ်လုပွဲ တက်သည်မို့ ယနေ့အဖို့ ဤပွဲက လူအစည်ကားဆုံး ဖြစ်လိမ့်မည်။ အခြားမြို့ကြီးများမှ ဝါသနာရှင်များပါ လာကြည့်ကြလိမ့်မည်။ အကယ်၍များ ကေသရီက သူမမှာ ကျန်သော ဗိုင်းရပ်စ်ကို ပြန့်နှံစေချင်သည် ဆိုလျှင် အကောင်းဆုံး နေရာပင် ဖြစ်သည်။ စိမ်းဝတီသည် ထိုနေရာသို့ ကားကို မောင်းလာခဲ့သည်။ ပွဲစဖို့ နှစ်နာရီ လောက် လိုသေးသော်လည်း လူတော်တော်များမျာ ရောက်နေကြပြီ။ မြန်မာနိုင်ငံ အလံများ ကိုင်ဆောင်၍ စိတ်ဓာတ်တက်ကြွ နေသော လူများမှာ နှစ်နာရီ အလိုကပင် ရောက်ရှိ နေရာဦး ပြီးနေကြပြီ။ စိမ်းဝတီ နှင့် ရဲထက်စိုးသည် အားကစားရုံကြီး ထဲတွင် ပြေးလွှား ရှာဖွေရင်း စိတ်မောလာသည်။ တိတိကျကျ ဘာကို ရှာရမှန်းလည်း မသိသော အခြေအနေ ဖြစ်သည်။ မာမာ့ ဆီမှလည်း နောက်ထပ် အဆက်အသွယ် ဝင်မလာ။ စဉ်းစားရင်း ပြေးလွှားနေစဉ်မှာပင် မာမာ့ ဆီမှ ဖုန်းဝင်လာသည်။ ကေသရီ ဤ အားကစားရုံသို့ ရောက်နေသည်တဲ့။

မာမာစိုး သည် ဖြစ်ပျက်နေသော အခြေအနေကို ကောင်းကောင်းသိသည်။ ကေသရီ အားကစားရုံ ထဲမှာ ဆိုရုံနှင့် စိမ်းဝတီကို အထောက်အပံ့ သိပ်မပေးနိုင်ကြောင်း သူမ သိသည်။ Satellite ချိတ်ဆက်ထားသော Detail Tracking System ကို Run ကြည့်လိုက်သည်။ Google Earth ထက် အစပေါင်းများစွာ အသေးစိတ် ဆင်း၍ ကြည့်နိုင်သော စနစ် တစ်ခု ဖြစ်သည်။ ကေသရီ ၏ ဓါတ်ပုံ နှင့် အားကစားရုံ၏ တည်နေရာ လတ္တီကျု၊ လောင်ဂျီကျု စသည့် Parameter အများအပြား ထည့်သွင်းပေးရသည်။ ထိုမျှလောက် အသေးစိတ်ကို တစ်ခါမှ မရှာဖွေဖူးသေး သော်လည်း ဒီတစ်ခါတော့ အောင်မြင်အောင် စမ်းသပ်ရမည်။ ပုံရိပ်များ ရလာသော အခါတွင်လည်း ကြည်လင်သော အသေးစိတ် ပုံများ ဖြစ်အောင် ထပ်မံချဲ့ ကြည့်ရသည်။

ကေသရီကို အရိပ်အရောင်မျှ မမြင်ရသော်လည်း ပွဲစဖို့ အချိန်က တဖြည်းဖြည်း နီးလာပြီ။ စိမ်းဝတီ ခေါ်လိုက်သဖြင့် သူမ အဖွဲ့သားများ လည်း ရောက်လာပြီး ရှာဖွေနေပြီ။ ရဲထက်စိုးက ဘယ်လို နေရာမှာ မဆို ရှင်သန်နိုင်သော ဗိုင်းရပ်စ် ၏ ခံနိုင်ရည်အား အကြောင်း ပြောပြပြီး ဗိုင်းရပ်စ်ကို ဘယ်နေရာတွင် သွားထည့်ထားနိုင်မည်ကို စဉ်းစားကြည့်ကြသည်။ ထိုအချိန်မှာပင် မိုးပျံ ပူဖောင်းများက အမိုးပေါ်သို့ ထိအောင် တက်လာသည်။ မိုးပျံပူဖောင်းထဲထည့်သော ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ထဲတွင်လည်း ဗိုင်းရပ်စ်က ရှင်သန်ကောင်း ရှင်သန်နိုင်လိမ့်မည်။ ပူဖောင်းများကို ဘယ်သူ လွှတ်လိုက်သလဲ ဟု သွားမေးကြည့်ကြသော အခါ Happy Airbus ဆိုသော ပူဖောင်း ကုမ္ပဏီမှ ကားနှင့် လာသော ဆံပင်ရှည်ရှည်နှင့် လူတစ်ယောက် လာရောက် လုပ်ကိုင်သွားကြောင်း သိရသည်။ ထိုလူမှာ ရုပ်ဖျက်ထားသော ကေသရီ ဖြစ်နိုင်သည်။ သေချာသည်ထက် သေချာသွားသည်မှာ မာမာက ဖုန်းဆက်၍ Happy Airbus ဆိုသော ကားအနီးတွင် ကေသရီ ရှိနေကြောင်းပင်။ ထိုကားသည် ယခု အားကစားရုံ၏ နောက်ဘက် ဝင်ပေါက်တွင် ရပ်ထားဆဲ ဖြစ်ကြောင်းလည်း သိရသည်။

စိမ်းဝတီက ကေသရီကို လွတ်မသွားအောင် အားကစားရုံ နောက်ဘက် အပေါက်သို့ အားသွန်၍ ပြေးသည်။ ရဲထက်စိုးကတော့ မိုးပျံပူဖောင်းများကို ဘယ်လိုလုပ်ရမလဲ ဟု စဉ်းစားရင်း ကျန်ခဲ့သည်။ သူသတိရသွားသည်မှာ ထိုအားကစားရုံ၏ ဖန်အမိုးအကြည် သည် နှစ်ခြမ်းခွဲပြီး ဖွင့်၍ ရကြောင်းပင်။ သူက တာဝန်ရှိ အစောင့်များကို မေးမြန်း၍ အမိုးကို ဖွင့်ပစ်ရန် သွားသည်။ သူ့ကို မသိသော လုံခြုံရေး အစောင့်များက တားသော်လည်း သူက အတင်း ထိုးကြိတ် ဖြတ်ပြေးရတော့သည်။ ဤအမျိုးအစား ပူဖောင်းများမှာ မဖောက်ပစ်ပါက တော်တော် မြင့်မြင့် အထိ တက်ရောက်နိုင်ပြီး အောက်သို့ တော်ရုံနှင့် ကျလာမည် မဟုတ်ပေ။

ကေသရီသည် သူမ၏ ကားပေါ်မှ ပွဲစမည့် အချိန်ကို စောင့်နေသည်။ သူမ လွှင့်တင်ခဲ့သော ပူဖောင်းများထဲသို့ ဗိုင်းရပ်စ် ပါသော ဓါတ်ငွေ့များ ထည့်ထားပြီး သုံးလုံး မှာတော့ ပူဖောင်းတွေကို ပေါက်ကွဲစေရုံ သက်သက်သာ အလွန်သေးငယ်သော ခဲစေ့ များ နှင့် ပြုလုပ်ထားသော ဗုံး ပိစိ လေးများ တပ်ဆင်ထားသည်။ ထို ဗုံးလေးများကို အဝေးထိန်းစနစ်နှင့် ဖောက်ခွဲရန် သူမ စောင့်နေခြင်း ဖြစ်သည်။ စိမ်းဝတီကို မြင်လိုက်သောအခါ အခြေအနေ မကောင်းတော့မှန်း သိသောကြောင့် ခလုတ်ကို နှိပ်ပြီး ကားကို မောင်းထွက်သည်။ ကေသရီ၏ မူလ အစီအစဉ်မှာ ရုပ်ဖျက်၍ အဝေးပြေးဂိတ်သို့သွားပြီး Asian လမ်းမကြီးမှသွားသော Express ကားတစ်စီးစီးကို စီးကာ သူမ နိုင်ငံသို့ ပြန်ရန်ပင် ဖြစ်သည်။

စိမ်းဝတီ၏ ကားက ရှေ့ပေါက်မှာ ရပ်ထားခဲ့သောကြောင့် အနီးအနားတွင် ရပ်ထားသော ဆိုင်ကယ်တစ်စီးပေါ် တက်၍ လိုက်သည်။ ရဲထက်စိုးက အားကစားရုံ ခေါင်မိုးကို ဖွင့်လိုက်ပြီး ပြန်လာသောအခါ စိမ်းဝတီက ကေသရီနောက်သို့ လိုက်နေမှန်း သိသွားသည်။ သူက စိမ်းဝတီ၏ ကားကို မောင်း၍ နောက်မှ လိုက်လာသည်။ မာမာ ကို ဆက်သွယ်ပြီး နေရာကို မေးရင်း လိုက်လာခြင်း ဖြစ်သည်။

လူရှင်းသော ကားလမ်းသို့ ရောက်လာကြသောအခါ ကေသရီက ကားပြတင်းမှ နောက်သို့လှည့်ပြီး စိမ်းဝတီကို ပစ်သည်။ စိမ်းကလည်း ကေသရီ၏ ကားဘီးကို ချိန်ရွယ်၍ ပစ်သည်။ အပြန်အလှန် ပစ်နေကြရင်းနှင့် ကေသရီ၏ ကားဘီးကိုလည်း တည့်တည့်မတ်မတ် နှစ်ချက်လောက်ထိပြီး ကားက တရွတ်ဆွဲကာ လမ်းဘေး အုတ်တိုင်ကို တိုက်မိပြီး တစ်စောင်းလဲသွားသည်။ ကေသရီ ပစ်သော ကျည်ဆံကလည်း စိမ်း၏ သေနတ်ကိုင်လက် ပခုံးကို ထိကာ သေနတ်လွတ်ကျရုံမျှမက ဆိုင်ကယ်ကြီးကိုပါ မထိန်းနိုင်တော့ပဲ ကားရှေ့ဘက်နား ထိ သွားပြီးမှ လဲကျသွားသည်။ ဆိုင်ကယ်ကြီးက ပိနေသဖြင့် ရုတ်တရက် ထမရသော စိမ်းအနားသို့ ကေသရီက အရင်ရောက်လာသည်။
“ငါ ဒီကို လာကတည်းက သေမှာ ရှင်မှာကို ဂရုမစိုက်ပဲ လာခဲ့တာ၊ မင်းက ငါ့ အကြံအစည်ကို ဖျက်ဆီးတယ်၊ မင်းကိုတော့ ငါ့လက်နဲ့ သတ်ရမှ ကျေနပ်မယ်” ကေသရီက ပြောသည်။
စိမ်း သေနတ်က အဝေးကို လွင့်စင်သွားပြီ ဖြစ်ပြီး နောက်ထပ် ခါးကြားမှ တစ်လက်ကလည်း မထုတ်ရသေး။ သူမသေနတ် ကတော့ အသင့် ချိန်ပြီးသား ဖြစ်နေပြီ။
“မင်း ငါ့ကို သတ်ရင်လည်း ပြေးလို့ လွတ်မယ်လို့ မထင်နဲ့၊ မင်းဘယ်လိုနည်းနဲ့မှ ပြေးလို့ မလွတ်တော့ဘူး၊ မင်းဇာတ်လမ်း ဆုံးနေပြီ”

ထိုအချိန်တွင် ရဲထက်စိုး ရောက်လာသည်။ ရှေ့မှာ လဲကျနေသော ကားမှာ ကေသရီ ၏ ကားဖြစ်ကြောင်း သိလိုက်သည်နှင့် သူ့ကားကို အနီးအထိ မသွားတော့ပဲ ရပ်လိုက်ပြီး ဒက်ရှ်ဘုတ်ထဲမှ သေနတ် တစ်လက်ကို ယူကာ ဆင်းလာခဲ့သည်။ ပူဖောင်း ကုမ္ပဏီ ကားထဲသို့ သေနတ်နှင့် ချိန်ပြီး ကြည့်တော့ ကေသရီကို မတွေ့ရပဲ သူ့ laptop လေးကိုသာ ရှေ့ခုံပေါ်မှာ တွေ့ရသောကြောင့် ဝမ်းသာအားရ ယူလိုက်သည်။ ကေသရီသည် ကွန်ပျူတာ ကျွမ်းကျင်သူ မဟုတ်သောကြောင့် ဗိုင်းရပ်စ် file ကို ကူးယူဖျက်ပစ်ဖို့ နေနေသာသာ security ကောင်းသော computer ကို ဖွင့်၍ပင် မရပါချေ။ ကျွမ်းကျင်သူ ရှာရန် အချိန်လည်း မရသောကြောင့် ဒီအတိုင်း သယ်လာခြင်း ဖြစ်သည်။

ရှေ့ဘက် နည်းနည်း ကျော်ကြည့်လိုက်တော့ ကေသရီ နှင့် စိမ်းဝတီကို တွေ့ရသည်။ သူ့ကို ဘယ်သူမှ သတိမထားမိကြ။ သူက ကေသရီကို သေနတ်နှင့် ချိန်ရင်း ရှေ့တိုးသွားသည်။
“ခင်ဗျား အကြံအစည်တွေ အကုန်ပျက်သွားပြီ ကေသရီ၊ ရပ်တန်းက ရပ်လိုက်ပါတော့”
သူက ပြောတော့မှ ကေသရီ၏ သေနတ်က သူ့ဘက်သို့ လှည့်လာသည်။
ကေသရီက ဟားတိုက်ရယ်ပြီး သူ့ အပေါ်ဝတ် ကုတ်အင်္ကျီကို ဖွင့်ပြသည်။ ရင်ဘတ်တွင် ဗုံးများ ကပ်ချည်ထားသည်ကို တွေ့ရသည်။ Remote ကိုပါ သေနတ်မကိုင်သော လက်တစ်ဖက်က ကိုင်ပြီး “ပစ်လိုက်လေ၊ သုံးယောက်စလုံး ဗိုင်းရပ်စ် ဖြေဆေးနဲ့ အတူတူ သွားကြမယ်” ဟု သူမက ခြိမ်းခြောက်သည်။

သူတို့ နှစ်ယောက် အခြေအတင် ပြောနေချိန်တွင် စိမ်းဝတီက သူ့သေနတ် တစ်လက်ကို ထုတ်ဖို့ အချိန်ရသွားသည်။ ရဲထက်စိုးက ကေသရီကို ချိန်ထားသော လက်ကို အောက်ပြန်ချလိုက်ချိန်မှာပဲ ကေသရီက သူ့ကို ပစ်ဖို့ပြင်သည်။ သို့သော် စိမ်းဝတီက လက်ဦးသွားသည်။ ကေသရီသည် Remote ကို နှိပ်ချိန် မရလိုက်ပဲ မိုက်ဇာတ်သိမ်းသွားရသည်။
*****

၇ ရက် ကြာပြီးနောက်

ဒေါက်တာရဲထက်စိုးက ဗိုင်းရပ်စ် ဖြေဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ အားကစားရုံမှ ပျံတက်စေခဲ့သော မိုးပျံပူဖောင်းများနှင့် ပတ်သက်၍လည်း ပတ်ဝန်းကျင် နေရာအနှံကို သတိပေး ကြေငြာကာ ကျလာသော ပူဖောင်းများအား သိမ်းဆည်းခြင်းဖြင့် ဗိုင်းရပ်စ် မပြန့်နှံအောင် ထိန်းသိမ်းနိုင်ခဲ့သည်။ ဗိုင်းရပ်စ် ကူးစက် ခံရသူများကိုလည်း ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့သည်။ နောက်ပိုင်းမှာ ကူးစက်ပြန့်နှံခြင်းကို အမြစ်ဖြတ် တားဆီးရန် လူထု အားလုံးကို ကာကွယ်ဆေး ထိုးပေးခြင်း အစီအစဉ်ကို ဆက်လက် အကောင်အထည် ဖော်လျက်ရှိသည်။

ပခုံးတွင် သေနတ်ဒဏ်ရာ ရပြီး ခြေထောက်ကတော့ ဆိုင်ကယ်ပိသဖြင့် အနည်းငယ်နာသွားသော စိမ်းဝတီမှာ ဆေးရုံ ခဏ တက်ခဲ့ရပြီး ဗိုင်းရပ်စ်ဖြေဆေး ထုတ်လုပ်ရန် အလုပ်ရှုပ်နေသော ရဲထက်စိုးမှာလည်း လာရောက် မကြည့်နိုင်ခဲ့ပါ။ ယခုတော့ ဆေးရုံမှ လွန်ခဲ့သော သုံးရက်ကပင် ဆင်းခဲ့ပြီးနောက် ခွင့်ရက်ကို ဆက်လက်ခံစားနေသည့် စိမ်းဝတီ နှင့် လွန်ခဲ့သော ၇ ရက်လုံး ပင်ပင်ပန်းပန်း လုပ်ခဲ့ရပြီး ယခုမှ နားရသော ရဲထက်စိုးတို့မှာ ချောင်းသာ ကမ်းခြေသို့ အပန်းဖြေရန် ရောက်ရှိနေခဲ့လေပြီ။

ယခုတော့လည်း လောကကြီးက ပြန်လည် သက်ဝင်၍ သာယာလှပ လာပြီ ဖြစ်ပေသည်။

သိင်္ဂါကျော်
25. 8. 2009
12:54 AM

(မည်သည့် နိုင်ငံခြား ရုပ်ရှင်ကို မှ မှီငြမ်းထားခြင်း မဟုတ်ပါ။ ကြည့်ခဲ့ဖူးသော၊ ဖတ်ခဲ့ဖူးသော ရုပ်ရှင်၊ ဝတ္တုတို့၏ သြဇာလွှမ်းမိုးမှု တော့ ပါကောင်း ပါနိုင်ပါသည်။)

11 August, 2009

ဖတ္မိတဲ့ ဟာသ (၁)


စားသောက် ဆိုင် တစ်ဆိုင်မှာ လူတစ်ယောက်ဟာ အဲယားကွန်ဒီးရှင်း နှင့် ပတ်သက်ပြီး စားပွဲထိုးကို ဆက်တိုက် စိတ်အနှောက်အယှက် ပေးနေပါတယ်။ ပထမ အဲကွန်းကို မြှင့်လိုက်ဖို့ ပြောပါတယ်၊ ဘာလို့ဆို အရမ်းပူလို့ပါတဲ့။ နောက် နာရီ ဝက်လောက် ကြာတဲ့အခါ အဲကွန်းကို လျှော့လိုက်ဖို့ ပြောပြန်ပါရော။ တခြားစားသောက်သူတွေကလည်း အံသြလို့ပေါ့။ စားပွဲထိုးကလည်း တော်တော်ကို သည်းခံတတ်တယ်။ သွားလိုက် ပြန်လိုက်နဲ့ စိတ်ရှည် လက်ရှည်လုပ်ပေးပါတယ်။ နောက်ဆုံးမှာတော့ တစ်ယောက်က ပြောပါတော့တယ်။ “ဘာဖြစ်လို့ ဒီလို ဧည့်သည်ကို ဆွဲထုတ် မပစ်သေးတာလဲ” ပေါ့။ အဲတော့ စားပွဲထိုးက “ကိစ္စမရှိပါဘူး ကျွန်တော်တို့ ဆိုင်မှာ အဲကွန်းမှ မရှိပဲ” လို့ ပြောလိုက်ပါတယ်။

*************************************************

ဆရာဝန် တစ်ယောက်ဟာ သူ့ ရဲ့ လူနာ အသစ် တစ်ယောက်ရဲ့ ပုံမှန် မဟုတ်တဲ့ ရောဂါ အခြေအနေတစ်ခုကို သတိထားမိလို့ မေးတဲ့ အခါမှာ သူက ပြောပါတယ်။
“သွေးပေါင်ချိန် တိုးနေလို့ပါ ဒေါက်တာ၊ ကျွန်တော့် မိသားစု ကြောင့် ဖြစ်တာပါ”
“ခင်ဗျား အမေ ဘက်ကလား၊ အဖေ ဘက်ကလား” လို့ ဒေါက်တာက မေးပါတယ်။
“မဟုတ်ပါဘူး၊ ကျွန်တော့်မိန်းမ ရဲ့ မိသားစု ဘက်ကပါ” လို့ သူက ပြန်ပြောပါတယ်။
“မဟုတ်တာပဲဗျာ၊ ခင်ဗျား မိန်းမရဲ့ မိသားစု ဘက်က ခင်ဗျားကို ဘယ်လို မျိုးရိုးလိုက်နိုင်မှာလဲ” လို့ ဆရာဝန်က အံသြတကြီး ပြောတဲ့အခါ၊ သူက သက်ပြင်းချပြီး “ဒေါက်တာ သူတို့ကို တစ်ခါလောက် တွေ့ကြည့်သင့်တယ်” လို့ ပြောလိုက်ပါတယ်။


http://www.funny-games.biz/jokes မှ မှီငြမ်းပါသည်။

06 August, 2009

ဘုန်းကြီးနှစ်ပါး

တစ်နေ့တွင် ဘုန်းကြီး နှစ်ပါး သည် မြစ်ကမ်းနား တစ်ခုသို့ ရောက်လာကြသည်။ ထိုနေရာတွင် အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်ထားသော မိန်းကလေး တစ်ယောက်ကို တွေ့သည်။ သူမသည် သူမ၏ အဝတ်များကို ရေစိုမှာ စိုး၍ ရေထဲ ဖြတ်ကူးရန် မဝံမရဲ ဖြစ်နေသည်။ တစ်ပါးသော ဘုန်းကြီးသည် သူမကို သူ၏ ကျောတွင် ထမ်းပိုး၍ မြစ်ကို ဖြတ်ကူးလာခဲ့သည်။ တစ်ဖက်ကမ်းသို့ ရောက်သောအခါ ချထား၍ သူတို့ ခရီးကို ဆက်သွားကြသည်။

တစ်နာရီခန့်ကြာသောအခါ တစ်ခြားဘုန်းကြီးက “ဒီမယ် ငါ့ရှင် တကယ်တော့ မာတုဂါမကို မထိတွေ့ကောင်းဘူး မဟုတ်လား၊ ဒီလို ပြုမူတာဟာ ဝိနည်းကို ချိုးဖောက်တာပဲ” လို့ ထပ်ကာ ထပ်ကာ ပြောလာပါသည်။ ထိုအခါ မိန်းကလေးကို သယ်ဆောင်ခဲ့သော ဘုန်းကြီးက ပထမတော့ ဆိတ်ဆိတ်နေသေးသည်။ နောက်တော့ သူက “ငါက သူမကို မြစ်တစ်ဖက်ကမ်းမှာပဲ ချထားခဲ့ပါပြီ၊ ငါ့ရှင်က ဘာလို့များ ဒီအထိ သယ်လာရသေးတာတုန်း” လို့ ပြောလိုက်တော့သည်။


Chicken Soup for the Soul စာအုပ်မှ Irmgard Schloegl ၏ Two Monks ကိုမှီငြမ်းပါသည်။ ဒီလိုမျိုး ဆန်ဆန် ပုံပြင်မျိုး အရင်ကလည်း ဖတ်တော့ ဖတ်ဖူးပါလိမ့်မယ်။ စာရှည်ရှည် မရေးနိုင်သေးလို့ တင်လိုက်တာပါနော်...။

04 August, 2009

မြင်း ၁၉ ကောင်


သူဌေးကြီး တစ်ယောက် သေဆုံးသောအခါ သူပိုင်တဲ့ မြင်း ၁၉ ကောင် ကျန်ခဲ့ပါတယ်။ သူမသေခင် မှာခဲ့တာကတော့ သူပိုင်မြင်းတွေထဲက တစ်ဝက်ကို သူ့သားကို ပေးပါ၊ လေးပုံတစ်ပုံကို ရွာဦးကျောင်းကို လှူပါ၊ ငါးပုံတစ်ပုံကို တော့ သူ့ရဲ့ သစ္စာရှိ အစေခံကို ပေးပါ လို့ ပြောခဲ့ပါတယ်။

ရွာ အကြီးအကဲတွေက ခွဲဝေပေးဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ မဝေခွဲနိုင်ပဲ နှစ်ပတ်ခန့် ကြာသွားပါတယ်။ နောက်ဆုံးတော့ အနီးအနား ရွာတစ်ရွာက ပညာရှိတစ်ယောက်ကို ဖိတ်ခေါ်ပြီး မေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ပညာရှိပုဂ္ဂိုလ်ဟာ မြင်းတစ်ကောင်စီးပြီး လာရောက်ခဲ့ပါတယ်။ ရွာအကြီးအကဲများက သူဌေးကြီးရဲ့ အမွေ ပြဿနာကို မေးကြပါတယ်။ ပညာရှိဟာ လုံးဝ နှောင့်နှေးခြင်း မရှိပဲ ပြဿနာကို ချက်ချင်း ဖြေရှင်းပေးလိုက်ပါတယ်။

သူဟာ မြင်း ၁၉ ကောင်ကို စီထားလိုက်ပြီး သူပိုင် မြင်းတစ်ကောင်ကို ပေါင်းထည့်လိုက်တော့ မြင်းအကောင် ၂၀ ဖြစ်သွားပါတယ်။ အခုတော့ တစ်ဝက်ကို လွယ်လွယ်ကူကူ ခွဲလို့ ရသွားပါတယ်။ တစ်ဝက်ဖြစ်တဲ့ မြင်း ၁၀ ကောင်ကို သူဌေးကြီးရဲ့ သားကို ပေးလိုက်ပါတယ်။ အကောင် ၂၀ ရဲ့ လေးပုံတစ်ပုံ ဆိုရင် ၅ကောင်ပါ။ ရွာဦးကျောင်းက ဆရာတော်ကို မြင်း ၅ ကောင် လှူလိုက်ပါတယ်။ အကောင် ၂၀ ရဲ့ ငါးပုံတစ်ပုံက ၄ကောင်ပါ။ မြင်း ၄ကောင်ကို သူဌေးကြီးရဲ့ အစေခံကို ပေးလိုက်ပါတယ်။ ၁၀ ကောင် ရယ်၊ ၅ကောင်ရယ်၊ ၄ကောင်ရယ် ပေါင်းတော့ ၁၉ ကောင်ပါ။ ကျန်တဲ့ တစ်ကောင်ကတော့ ပညာရှိရဲ့ မြင်းပါ။

အဲဒီလို ခွဲပေးလိုက်တော့ ရွာသားတွေလည်း အံသြမင်တက်နေရာက ကျေနပ်နှစ်သိမ့်မှုနဲ့ နှစ်ထောင်းအားရ ဖြစ်သွားကြပါတယ်။

“ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ၊ နေ့စဉ် အဖြစ်အပျက်တွေမှာ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို မမေ့မလျော့ပဲနဲ့ နေ့စဉ် ဖြစ်ပျက်သမျှကို ရင်ဆိုင်ပါ။ မကျော်လွှားနိုင်ဘူးလို့ ထင်ရတဲ့ ဘဝရဲ့ ပြဿနာတွေကို အမြဲတမ်း ဖြေရှင်းနိုင်ပါလိမ့်မယ်” လို့ ပညာရှိက ပြောပါတယ်။

သူက ဆက်ပြောပါတယ်။
“ဘုရားရှင်ရဲ့ သြဝါဒတွေကို ပေါင်းစပ်ထည့်သွင်းလိုက်ရင် နေ့စဉ် လူနေမှုဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေဟာ ပေါ့ပါးပြီး ရေခဲဟာ နေရောင်အောက်မှာ အရည်ပျော်ကျ သလိုပဲ ပျောက်ကွယ် သွားပါလိမ့်မယ်။ လူတိုင်းအပေါ်မှာ စစ်မှန်သော မေတ္တာထားပါ။ ဘုရားသခင်ကို ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်ပါ။ စစ်မှန်တဲ့မေတ္တာ မထားနိုင်ခဲ့ရင်တော့ ရေမရှိတဲ နေရာမှာ လှေလှော်ရသလို ဖြစ်ပါလိမ့်မယ်။ ရေပေါ်မှာ လှေလှော် ရတာ လွယ်ကူသလောက် ခြောက်သွေ့တဲ့ မြေပေါ်မှာ လှေလှော်ရတာဟာ ခက်ခဲလှတယ် မဟုတ်ပါလား။”

“အဲဒီလိုပါပဲ ကျွန်တော်တို့ရဲ့ ဘဝလှေဟာ စစ်မှန်တဲ့ မေတ္တာတရား အပြည့်နဲ့ ရေပေါ်မှာ မျောနေခဲ့ရင်တော့ လွယ်လွယ်ကူကူ ရွက်လွှင့်နိုင်ပါလိမ့်မယ်။ သန့်စင်တဲ့ စိတ်ထဲမှာ ဘုရားရှင်ကိုယုံကြည်မှု သဒ္ဓါအပြည့်နဲ့ မြတ်စွာဘုရားရဲ့ သြဝါဒတော်တွေကို ပေါင်းစပ်ပြီး နေထိုင်သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘဝခရီးဟာ လွယ်ကူချောမွေ့ ပါလိမ့်မယ်”

သိင်္ဂါကျော်
3. 8. 2009, 9:50 pm.
www.mastimaza.jimdo.com မှ 19 Horses ကို မှီငြမ်းပါသည်။